နတ်ဆိုးနဂါးလျှို့ဝှက်နယ်မြေ
Vol. 27 Ch. 267
မှောင်မိုက်ပြီး ကြက်သွေးရောင် လွှမ်းနေသော မြေပြင်ပေါ်တွင် လူတစ်စုသည် နတ်ဆိုးမြို့တော်အတွင်းသို့ အလျင်အမြန် ချီတက်နေကြ၏။
ဤလူစုမှာ တခြားသူများ မဟုတ်ဘဲ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ မျိုးနွယ်စုငါးစုပင်။
အနီရောင်နတ်ဆိုးမျိုးနွယ်၏ ခေါင်းဆောင်ချီဖန်းသည် တလိမ့်လိမ့်ထနေသော နတ်ဆိုးချီစွမ်းအင်များ အက်ကွဲနေသော မြေပြင်နှင့် လေဟာပြင်ထဲမှ တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်သော အဆုံးအစမရှိသည့် သတ်ဖြတ်လိုခြင်း အငွေ့အသက်များကို ကြည့်ကာ သူ၏ မျက်နှာအမူအယာ တည်ကြည်လေးနက်နေသည်။
နတ်ဆိုးမြို့တော်အတွင်းတွင် အခွင့်အရေးများနှင့်အန္တရာယ်များသည် ဒွန်တွဲနေပေ၏။
တစ်ချိန်က ဤနေရာတွင် လောကကြီးတခွင်လုံးကို ထိတ်လန့်တုန်လှုပ်စေသော အဆုံးအဖြတ် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။
ရလဒ်အနေဖြင့် မြို့တော်တစ်ခုလုံးမှာ ပျက်စီးယိုယွင်းနေပုံရသည်။
ထိုတိုက်ပွဲ၏ အဆင့်အတန်းမှာလည်း အလွန်အမင်း မြင့်မားခဲ့ရာ အကြွင်းအကျန်အဖြစ် ကျန်ရှိနေသော တိုက်ပွဲဝင်စိတ်ဆန္ဒတချို့ပင်လျှင် လက်ရှိလူများအတွက် အသက်အန္တရာယ်ရှိစေနိုင်သော အကျပ်အတည်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
ဤအချိန်တွင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ လူများသည် သူတို့၏ရှေ့ရှိ မြေပြင်ပေါ်မှ အဆုံးအစမရှိသော နတ်ဆိုးစွမ်းအင်များထဲတွင် စိုက်ဝင်နေသော ကျိုးပဲ့နေသည့် ဥပဒေသဓားတစ်လက်ကို မြင်တွေ့မိပေ၏။
လေဟာနယ်ထဲတွင် ပုန်းကွယ်နေသော ဓားချီစွမ်းအင်များမှာ ထိတ်လန့်ဖွယ်ကောင်းလှပြီး တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်သော ဓားချီအလင်းတန်းလေးကပင်လျှင် ကောင်းကင်ယံကို တုန်ခါသွားစေနိုင်ကာ တိမ်တိုက်ကို ထွင်းဖောက်သွားနိုင်စွမ်းရှိသည်။
ထို့ပြင် ဤဥပဒေသဓားမှာ ကြီးမားသော တောင်ကြီးတစ်လုံးကဲ့သို့ အလွန်အမင်း ရှည်လျားပြီး ရှေ့တွင် မားမားမတ်မတ် ရပ်တည်ကာ သူတို့၏လမ်းကို ပိတ်ဆို့ထားလေ၏။
ချီဖန်းက အချိန်တခဏတာမျှ လေ့လာကြည့်ရှုပြီးနောက် လူများအားလုံးကို ပြောဆိုလိုက်သည်။
"ဒီကျိုးပဲ့နေတဲ့ ဥပဒေသဓားက ငါ့ကို အရမ်းထိတ်လန့်ဖို့ကောင်းတဲ့ ခံစားချက်ကို ပေးတယ်...မင်းတို့ အားလုံး သတိထားကြစမ်း... မင်းတို့ရဲ့အရှိန်အဝါတွေကို လွယ်လွယ်ကူကူ မထုတ်လွှတ်နဲ့... တကယ်လို့ အဲ့ဒီဓားချီတွေသာ ထကြွသောင်းကျန်းလာခဲ့ရင် ဒီနေရာမှာရှိတဲ့ လူတွေအားလုံး ချွင်းချက်မရှိ သေရလိမ့်မယ်..."
ထိုစကားကိုကြားချိန်၌ လူများအားလုံး၏စိတ်နှလုံးသားများ မွန်းကြပ်သွားသည်။ သူတို့အားလုံးသည် သူတို့၏အရှိန်အဝါများကို ပြန်လည်၍ ရုပ်သိမ်းလိုက်ကြပြီး အလွန်အမင်း သတိထားလိုက်ကြသည်။
သူတို့သည် ဤအန္တရာယ်ရှိသော နေရာကို သတိကြီးစွာဖြင့် ကွေ့ရှောင်သွားပြီးနောက်...
ခရမ်းရောင်နတ်ဆိုးမျိုးနွယ်၏ခေါင်းဆောင်က တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။
"ဒီနေရာက ရှင်းပြလို့မရနိုင်လောက်အောင် အန္တရာယ်များလွန်းတယ်...အာရုံစိုက်မှု နည်းနည်းလေး လျော့သွားတာနဲ့ သေဆုံးတာနဲ့ ဝိညာဉ်ပျက်စီးတာဆိုတဲ့ ကြီးမားတဲ့ ဘေးဒုက္ခကြီးတွေဆီကို ဦးတည်သွားစေနိုင်တယ်...ဒါပေမဲ့ ငါတို့မှာ ဖြုန်းတီးပစ်စရာ အချိန် သိပ်မရှိဘူး..."
ဤစကားများက လူများအားလုံး၏စိတ်နှလုံးသားကို လေးလံသွားစေသည်။
ပိုင်လင်း၏သွေးမျိုးဆက်သည် ဘိုးဘေးအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခြင်းက အစစ်အမှန် နတ်ဆိုးအမွေအနှစ်နှင့် ပတ်သက်၍ သူမအား မွေးရာပါအားသာချက်တစ်ခုကို ပေးစွမ်းထားနိုင်သည်။
သူမသည် အစစ်အမှန် နတ်ဆိုးအမွေအနှစ်ကို ရရှိသွားသည်နှင့် တပြိုင်နက် ယခုလက်ရှိနေရာတွင် ရှိနေသော လူများအားလုံးသည် ရှင်းလင်းဖယ်ရှားခံရမည့် ကံကြမ္မာမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ချီဖန်းက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။
"ငါတို့ရဲ့ အမြန်နှုန်းက အရမ်းနှေးလွန်းနေတယ်... ငါတို့ အရှိန်တင်ဖို့ လိုအပ်မယ်ထင်တယ်..."
ခေါင်းဆောင်တစ်ဦးက ပြန်လည်၍ ချေပလိုက်သည်။
"ဒီနေရာက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ... ငါတို့ရဲ့ အမြန်နှုန်းကို မဆင်မခြင် မြှင့်တင်လိုက်တာက အကျပ်အတည်းတစ်ခုကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်တယ်... ဒီလုပ်ရပ်က အကြံကောင်းမဟုတ်ဘူးလို့ မင်း မထင်ဘူးလား..."
ချီဖန်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူက ခိုင်မာပြတ်သားစွာ ပြောဆိုသည်။
"ငါတို့မှာ စွန့်စားရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူး...အချိန်တွေ ကုန်လွန်သွားလေလေ ငါ ပိုပြီး စိတ်မအေးရလေလေပဲ..."
"အဲ့ဒီကောင်မလေး ပိုင်လင်းကို ငါတို့ စောစောရှာတွေ့လေလေ ဒီလေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကနေ ငါတို့ စောစောလွတ်မြောက်လေလေပဲ..."
"ဒါ့ပြင် ငါတို့ အချိန်မရွေး ပြန်သွားဖို့အတွက် နတ်ဆိုးမြို့တော်ရဲ့အပြင်ဘက်မှာ ကူးပြောင်းရေးဝင်္ကပါတစ်ခု ရှိနေတယ်..."
"ဒီကူးပြောင်းရေးဝင်္ကပါကို အစိမ်းရောင်နတ်ဆိုးမျိုးနွယ်က စောင့်ကြပ်နေတယ်ဆိုတော့ ငါ တော်တော်လေး စိတ်အေးမိတယ်..."
"ဒါကြောင့် ငါတို့က ခုခံလို့မရနိုင်တဲ့ အကျပ်အတည်းတစ်ခုနဲ့ ကြုံတွေ့ရရင်တောင်မှ အန္တရာယ်ရှိတဲ့နေရာကနေ ချက်ချင်း လွတ်မြောက်နိုင်တယ်..."
"အမှန်ပဲ... အစိမ်းရောင်နတ်ဆိုးမျိုးနွယ်က ပုံမှန်အနေနဲ့ အကြံအစည်တွေ များတတ်ပေမယ့် အရေးကြီးတဲ့ ကိစ္စတွေမှာတော့ သူတို့က ယုံကြည်နေရတုန်းပဲ..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူများအားလုံး သဘောတူညီကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
အားပေးစကားများ ပြောဆိုအပြီးတွင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ လူများ၏အမြန်နှုန်းမှာ ယခင်ကထက် သိသိသာသာ မြင့်တက်လာခဲ့သည်။
သို့သော် သူတို့ မသိရှိခဲ့ကြသည်မှာ....
နတ်ဆိုးမြို့တော်၏အပြင်ဘက်တွင် မည်သည့်ကူးပြောင်းရေးဝင်္ကပါမျှ မရှိသည့်အပြင် ထိုအရာကို စောင့်ကြပ်ရန် တာဝန်ယူထားသော အစိမ်းရောင်နတ်ဆိုးမျိုးနွယ်သည်လည်း လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ထွက်ပြေးသွားခဲ့ကြပြီ ဖြစ်ကြောင်းကိုပင်။
...
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ လူများ အလျင်အမြန် ချီတက်နေချိန်တွင်...
တခြားဂိုဏ်းတစ်ဂိုဏ်းသည် လျှို့ဝှက်နယ်မြေတစ်ခု၏ရှေ့၌ အခက်တွေ့နေသည်။
ဤဂိုဏ်းမှာ မြောက်ပိုင်းဒေသရှိ အင်အားစုကြီးတစ်စုဖြစ်သည့် ခုနစ်စင်ကြယ်ဓားဂိုဏ်းပင်။
မြောက်ပိုင်းဒေသတွင် အလွန်အင်အားကောင်းသော ထိပ်သီးအင်အားစုကြီးလေးစုရှိကြောင်း လူသိများကျော်ကြားပေ၏။
ထိုအရာများမှာ ဖူဝမ်နန်းတော် ကောင်းကင်နတ်ဘုရားနန်းတော် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းနှင့် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတို့ပင်။
ထိုထိပ်သီးအင်အားစုကြီးလေးခု၏အောက်တွင် ပထမတန်းစားအင်အားစုများ ရှိနေသည်။
ဤသည်မှာ ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းတို့ကဲ့သို့ ဖြစ်ပေ၏။
သို့သော် ဤပထမတန်းးအင်အားစုများနှင့် ထိပ်သီးအင်အားစုကြီးလေးစုတို့ကြားရှိ ကွာဟချက်မှာ သမုဒ္ဒရာနှင့်ရေတိမ်ပိုင်း ကမ်းခြေတစ်ခုကဲ့သို့ ကွာခြားလှပြီး နှိုင်းယှဉ်၍ မရနိုင်ပေ။
ထိုအရာနှစ်ခုကြားတွင် တည်ရှိနေသော အင်အားစု အမျိုးအစားတစ်ခုလည်း ရှိသေးပြီး ထိပ်သီးအင်အားစုများထက် နိမ့်ကျသည့်တိုင် ပထမတန်းစားအင်အားစုများနှင့်လည်း နှိုင်းယှဉ်၍မရနိုင်ချေ။
ဤသည်မှာ ထိပ်သီးတစ်ဝက်အဆင့် အင်အားစုများပင်။
ခုနစ်စင်ကြယ်ဓားဂိုဏ်းသည် ထိုကဲ့သို့ အင်အားစုတစ်စု ဖြစ်ပေ၏။
ထိုဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်ဖူနျန်သည် ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့်ရှိ ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။
သူသည် မြောက်ပိုင်းဒေသတွင် မြင့်မြတ်သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။
သို့သော် ယနေ့တွင် မြောက်ပိုင်းဒေသ၏ ထိပ်ဆုံးတွင် ရပ်တည်နေသော ဤတည်ရှိမှုကြီးသည် ခုနစ်စင်ကြယ်ဓားဂိုဏ်း၏ အကြီးအကဲများ အဆင့်မြင့်ခေါင်းဆောင်များနှင့်အတူ လျှို့ဝှက်နယ်မြေ၏ရှေ့တွင် ကူကယ်ရာမဲ့နေသည်။ သူတို့သည် ပြူးကျယ်သော မျက်လုံးများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြ၏။
ဤလျှို့ဝှက်နယ်မြေ၏တံခါးပေါက်မှာ ပေပေါင်းများစွာ မြင့်မားသည်။
အချိန်ကာလ၏အငွေ့အသက်များကို သယ်ဆောင်ထားသော ကြေးဝါရောင်တံခါးကြီးသည် ပုရွက်ဆိတ်တစ်ကောင်အလား သူတို့၏ရှေ့တွင် မားမားမတ်မတ် ရပ်တည်နေသည်။
ရှေးဟောင်းတံခါးကြီး၏ နောက်ကွယ်မှနေ၍ အံ့အားသင့်ဖွယ်ကောင်းသော စိတ်ဝိညာဉ်စွမ်းအားများ ရံဖန်ရံခါ ပျံ့လွင့်လာသည်။
သို့သော် တံခါးကြီး၏ ပတ်ဝန်းကျင်နေရာတဝိုက်ကို ရှေးဟောင်းဝင်္ကပါကြီးတစ်ခုက ပိတ်ဆို့ထားလေ၏။
မှောင်မိုက်ပြီး အုံ့မှိုင်းနေသော မြေပြင်ပေါ်တွင် ခုနစ်စင်ကြယ်ဓားဂိုဏ်းမှ လူများသည် တံခါးကြီး၏ရှေ့၌ မတ်တတ်ရပ်ပြီး လူတစ်ယောက်ကို စောင့်ဆိုင်းနေပုံရသည်။
မကြာမီမှာပင် လူတစ်ယောက်သည် အဝေးမှနေ၍ အလျင်အမြန် ရောက်ရှိလာခဲ့သည်။
ဤလူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်များ ဖြူဖွေးနေသော်လည်း အင်မော်တယ်တစ်ပါး၏အသွင်အပြင်နှင့် ငယ်ရွယ်နုပျိုသော မျက်နှာအဆင်းသဏ္ဌာန်ကို ပိုင်ဆိုင်ထားသည်။
သူသည် ခုနစ်စင်ကြယ်ဓားဂိုဏ်း၏ တတိယအကြီးအကဲပင်။
သူသည် နှစ်ပေါင်းများစွာကြာအောင် ဝင်္ကပါပညာရပ်များကို လေ့လာထားခဲ့ပြီး ဝင်္ကပါများကို တည်ဆောက်ခြင်းနှင့် ဖျက်ဆီးခြင်း နှစ်မျိုးလုံးတွင် ကျွမ်းကျင်ကာ မြောက်ပိုင်းဒေသတွင် ကျော်ကြားသော မဟာဝင်္ကပါသခင်ကြီးတစ်ဦးပင်။
"တတိယအကြီးအကဲ... ရောက်လာပြီပဲ...ကျေးဇူးပြုပြီးတော့ ဒီဝင်္ကပါကြီးကို မင်း ဖျက်ဆီးနိုင်ဖို့ ယုံကြည်ချက်ရှိမရှိ တစ်ချက်လောက် ကြည့်ပေးပါအုံး..."
ဂိုဏ်းချုပ်ဖူနျန်သည် သူ့ကို နှုတ်ဆက်ရန်အတွက် လူများကို သူကိုယ်တိုင် ဦးဆောင်လာခဲ့သည်။
"ဂိုဏ်းချုပ် စိတ်ချပါ... ဒီအဘိုးကြီးက သေချာပေါက် အစွမ်းကုန် ကြိုးစားပါ့မယ်..."
တတိယအကြီးအကဲက ယဉ်ကျေးစွာ ပြန်လည်ဖြေကြားလိုက်ပြီးနောက် သူ၏ရှေ့ရှိ လျှို့ဝှက်နယ်မြေကို စတင်၍ စစ်ဆေးကြည့်ရှုလေ၏။
"ဂိုဏ်းချုပ်... ဒီအဘိုးကြီးရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရဆိုရင် ဒီတံခါးကြီးရဲ့နောက်က လျှို့ဝှက်နယ်မြေက တော်တော်လေး ထူးခြားတယ်...သာမန် လျှို့ဝှက်နယ်မြေငယ်လေးတွေနဲ့ နှိုင်းယှဉ်လို့မရဘူး...တကယ်လို့ ငါတို့သာ အဲ့ဒါကို ရနိုင်မယ်ဆိုရင် ငါတို့ ခုနစ်စင်ကြယ်ဓားဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က သေချာပေါက် အဆင့်တွေအများကြီး မြင့်တက်သွားလိမ့်မယ်..."
ဤလျှို့ဝှက်နယ်မြေသည် ထူးခြားကြောင်း လူများအားလုံး သိရှိထားကြသည်။
မည်သို့ပင်ဆိုစေကာမူ တံခါးကြီးအတွင်းမှ ဝိုးတဝါးပျံ့လွင့်လာသော စိတ်ဝိညာဉ်စွမ်းအားများက ဤအချက်ကို သက်သေပြနေသည် မဟုတ်လော....
သို့သော် ယခုအချိန်၌ သူတို့ ပို၍စိုးရိမ်ပူပန်နေသည်မှာ ဤဝင်္ကပါကြီးကို သူတို့ ဖျက်ဆီးနိုင်ခြင်းရှိမရှိ ဆိုသည်ကိုပင်။
လူတစ်ယောက်က သူ၏စိတ်ထဲရှိ မေးခွန်းကို ချက်ချင်းထုတ်ဖော်မေးမြန်းလိုက်သည်။
"တတိယအကြီးအကဲ... ဒီဝင်္ကပါကြီးကို ဖျက်ဆီးနိုင်မယ်လို့ ယုံကြည်ချက်ရှိရဲ့လား..."
တတိယအကြီးအကဲက အချိန်တခဏကြာမျှ စဉ်းစားလိုက်၏။
"ငါ မမှားဘူးဆိုရင် ဒီဝင်္ကပါက ပိတ်လှောင်နဂါး ကောင်းကင်တက်လှမ်းခြင်း ဝင်္ကပါပဲ...ဒီဝင်္ကပါကို ဖျက်ဆီးရတာက ငါ့အတွက်တော့ သေးငယ်တဲ့ စိန်ခေါ်မှုတစ်ခု မဟုတ်ဘူး...ဒါပေမဲ့ ငါ ကြိုးစားကြည့်ချင်တယ်...အချိန်နည်းနည်းတော့ ယူရလိမ့်မယ်..."
ဖူနျန်က တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
"တတိယအကြီးအကဲ... အချိန်ဘယ်လောက်လိုမလဲ..."
"မြန်ရင် နေ့တစ်ဝက်...နှေးရင် သုံးရက်ကနေ ငါးရက်အတွင်း ရလဒ်ထွက်လာလိမ့်မယ်..."
ဖူနျန်က ခေါင်းညိတ်လိုက်၏။ ဤအချိန်ကာလသည် သူ လက်ခံနိုင်သော အတိုင်းအတာအတွင်း၌ ရှိနေသည်။
"အဲဒီလိုဆိုရင်တော့ တတိယအကြီးအကဲကို ဒုက္ခပေးရတော့မယ်..."
"ဂိုဏ်းချုပ်က သဘောကောင်းလွန်းနေပြီ...ငါက ခုနစ်စင်ကြယ်ဓားဂိုဏ်းရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ... ဒါက ငါ့ရဲ့ တာဝန်ပဲ... ဘာလို့ ဒုက္ခပေးတယ်လို့ ပြောနေရတာလဲ..."
သူသည် စကားပြောဆိုရင်း ဝင်္ကပါကြီး၏ ဖွဲ့စည်းပုံကို စတင်လေ့လာကာ ထိုအရာကို ဖျက်ဆီးနိုင်မည့်နည်းလမ်းကို ရှာဖွေနေလေ၏။
တတိယအကြီးအကဲ ဝင်္ကပါကို စတင်၍ ဖျက်ဆီးနေချိန်တွင် ..
တခြားတစ်ဖက်၌...
ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းတို့သည် နောက်တစ်ကြိမ် ထပ်မံ၍ လှုပ်ရှားလာကြလေပြီ။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း၌ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ ဆုချီးမြှင့်မှုများအောက်တွင် ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းတို့သည် ပေါများသော ရိတ်သိမ်းမှုများကို ရရှိခဲ့ကြသည်။
ဤသည်က သူတို့ကို နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးနှင့် စာခြောက်ရုပ်တို့အား ပို၍ပင် ပြင်းပြင်းထန်ထန် ဖားယားလာစေခဲ့ပေ၏။
သူတို့သည် တစ်နေ့လုံး ထိုအရှင်သခင်များ၏ နံဘေးပတ်လည်တွင်သာ လှည့်ပတ်နေကြတော့သည်။
နေ့စဉ်နေ့တိုင်း ထိုအရှင်သခင်များကို သူတို့၏ဖခင်အရင်းများကဲ့သို့ အလုပ်အကျွေးပြုနေကြသည်။
ယခုအချိန်၌ ကြက်ပေါက်စတစ်တို့အုပ်စုသည် စားသောက်ပြီးနောက် အလွန်ပျော်ရွှင်နေကြ၏။
ထိုကြောင့် သူတို့ကို ကြီးမားသော လျှို့ဝှက်နယ်မြေတစ်ခုဆီသို့ သူကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်သွားမည်ဟု ကြက်ပေါက်စတစ်က ပြောဆိုခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းမှ လူများအားလုံး စိတ်လှုပ်ရှားသွားကြသည်။
ယခင်က ကြက်ပေါက်စတစ်မှ သူတို့ကို ပေးအပ်ခဲ့သော လျှို့ဝှက်နယ်မြေများမှာ လျှို့ဝှက်နယ်မြေငယ်လေးများသာ ဖြစ်ပေ၏။
ထိုသို့ဆိုသည့်တိုင်အောင် သူတို့သည် ရတနာအမြောက်အများကို ရရှိခဲ့သည်။
အကယ်၍ ဤသည်က ကြီးမားသော လျှို့ဝှက်နယ်မြေတစ်ခုဖြစ်နေပါက သူတို့၏ဂိုဏ်းများသည် အလွန်မြင့်မားသောအဆင့်သို့ တိုက်ရိုက်တက်လှမ်းသွားမည် မဟုတ်လော...
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ ယိမ်းထိုးနေသော ဦးဆောင်မှုအောက်တွင် ထိုလူအုပ်စုသည် ရာသီလေးပါးဂိုဏ်းမှ ကြီးကျယ်ခမ်းနားစွာ ထွက်ခွာလာခဲ့ကြသည်။ ထိုနောက် သူတို့သည် လျှို့ဝှက်နယ်မြေဆီသို့ အလျင်အမြန် ဦးတည်၍ သွားကြလေ၏။
နတ်ဆိုးမြို့တော်အတွင်းတွင် အန္တရာယ်များ နေရာတိုင်း၌ ပုန်းကွယ်နေသည်။
ထို့ပြင် သေဆုံးခြင်းနှင့် စိတ်ဝိညာဉ်ပျက်စီးခြင်းကဲ့သို့သော ကြီးမားသော ဘေးဒုက္ခများ ရှိနေသည်။
နတ်ဆိုးမြို့တော်အတွင်း စူးစမ်းရှာဖွေနေကြသော လူအမြောက်အများသည် အလွန်အမင်း သတိထားပြီး အသေးစိတ်များကအစ ဂရုစိုက်ကြ၏။
သို့သော် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးဆိုသည်က မည်သူများ ဖြစ်သနည်း....
သူတို့သည် မူလက နတ်ဆိုးမြို့တော်၏ အစောင့်အရှောက်များ ဖြစ်ခဲ့ကြကာ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာသည်အထိ နတ်ဆိုးမြို့တော်အတွင်း၌ နေထိုင်ခဲ့ကြသည်။
သူတို့သည် နတ်ဆိုးမြို့တော်ရှိ မြက်ပင်တိုင်းနှင့် သစ်ပင်တိုင်းကို သူတို့၏လက်ဖမိုးကဲ့သို့ ကျွမ်းကျင်နေသည်ဟု ပြောလျှင် ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။
သူတို့ မျက်စိမှိတ်ထားလျှင်ပင် မည်သည့်တည်နေရာကိုမဆို ရှာတွေ့နိုင်သည်။
ထို့ကြောင့် ထိုလူအုပ်စု၏အမြန်နှုန်းမှာ အလွန်အမင်း မြန်ဆန်ပေ၏။
နေ့တစ်ဝက်အချိန်အတွင်းမှာပင် သူတို့သည် ခရီးလမ်းဆုံးသို့ ရောက်ရှိသွားခဲ့ကြသည်။
ဤသည်မှာ အမှန်အားဖြင့် မတူညီသော ကျင့်ကြံခြင်းဆင့်များရှိသည့် အနောက်မှလူများ လိုက်မီနိုင်မနိုင်စဉ်းစားကာ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးက တမင်သက်သက် အရှိန်လျှော့ပေးထားခြင်း၏ ရလဒ်ပင်။
ဤလျှို့ဝှက်နယ်မြေတွင် အလွန်ထူးခြားသော ဇာစ်မြစ်တစ်ခုရှိသည်ဟု ဆိုရပေမည်။
ဤသည်မှာ နတ်ဆိုးနဂါး လျှို့ဝှက်နယ်မြေပင်။
ထိုအရာကို တစ်ချိန်က နတ်ဆိုးမြို့တော်တွင် နေထိုင်ခဲ့သော နတ်ဆိုးနဂါးတစ်ကောင်က ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။