သခင်ကြီး စိတ်ကျေနပ်တာက ကျွန်တော့်ရဲ့ ဂုဏ်ယူစရာပါပဲ
Vol. 27 Ch. 268
ရှေးခေတ်ကာလများတွင် နတ်ဆိုးမြို့တော်သည် အလွန်အမင်း ခမ်းနားကြီးကျယ်ခဲ့ပေ၏။
နတ်ဆိုးသခင်၏ ခေါင်းဆောင်မှုအောက်တွင် ဤမြို့သည် ကုန်းမြေတစ်ခုလုံးတွင်ပင် ကြီးမားသော နာမည်ဂုဏ်သတင်းကို ရရှိခဲ့ပြီး တစ်ချိန်က ဒေသတစ်ခုအတွင်းတွင် ပြိုင်ဘက်ကင်းတည်ရှိမှုကြီး ဖြစ်ခဲ့သည်။
နတ်ဆိုးသခင်၏လက်အောက်တွင် မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများနှင့် အစွမ်းထက်သော လက်အောက်ငယ်သားများ ရှိခဲ့သည်။
ဤနတ်ဆိုးနဂါးသည် နတ်ဆိုးသခင်၏ လက်အောက်ရှိ စွမ်းဆောင်ရည်ပြည့်ဝသော စစ်သူကြီးတစ်ဦးပင်။
သူသည် အစစ်အမှန် နဂါးတစ်ကောင် မဟုတ်သော်လည်း အစစ်အမှန် နဂါးတစ်ကောင်၏ သွေးမျိုးဆက်တချို့ ပါဝင်နေသည်။
နတ်ဆိုးနဂါး ချန်ထားခဲ့သော လျှို့ဝှက်နယ်မြေသည် နတ်ဆိုးမြို့တော် တစ်ခုလုံးအတွင်း၌ပင် အလွန်အဆင့်မြင့်သော တည်ရှိမှုတစ်ခုဟု ပြောနိုင်ပေ၏။
နတ်ဆိုးနဂါးလျှို့ဝှက်နယ်မြေမှာ အလွန်ကြီးမားသည်။
ဤနယ်မြေတွင် ကိုယ်ပိုင်လေဟာနယ် နယ်မြေငယ်လေးတစ်ခုကို ဖန်တီးထားသည်။
ထိုအရာသည် အလျားနှင့်အနံ မိုင်ဆယ်နှင့်ချီပြီး ကျယ်ဝန်းသည်။ ထိုနယ်မြေကို တလိမ့်လိမ့်ထနေသော နတ်ဆိုးစွမ်းအင်များဖြင့် ဖုံးလွှမ်းထားပေ၏။
ဤသည်မှာ ပုန်းကွယ်နေသော နတ်ဆိုးသားရဲကြီးတစ်ကောင်နှင့် တူညီနေသည်။
လျှို့ဝှက်နယ်မြေတစ်ခုလုံးရှိ နေရာများသည် အချင်းချင်း ချိတ်ဆက်နေကြပြီး ထိုအရာကို ပထမဆုံး တည်ဆောက်ခဲ့ချိန်က ဝင်ပေါက်တစ်ခုတည်းသာ ရှိခဲ့သည်။ သို့ရာတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် မြို့တော်ကို ဖြတ်သန်းသွားလာခဲ့ကြသော နတ်ဆိုးစစ်သူကြီးများက ဝင်္ကပါ၏သက်တမ်းရင့်လာမှုကြောင့် အက်ကွဲကြောင်းများ ပေါ်ပေါက်လာခဲ့ကာ ဖြစ်နိုင်ခြေရှိသော ဝင်ပေါက်များစွာကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိထားကြသည်။
ခုနစ်စင်ကြယ်ဓားဂိုဏ်းသည် အစစ်အမှန် ဝင်ပေါက်၏ရှေ့၌ ရောက်ရှိနေကြခြင်းပင်။
တစ်ချိန်တည်းမှာပင် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးက ဂိုဏ်းကြီးနှစ်ဂိုဏ်းမှ လူများကို ဦးဆောင်ကာ အက်ကွဲကြောင်းတစ်ခုကို ပေါ့ပေါ့ပါးပါး ရှာဖွေတွေ့ရှိခဲ့ကြသည်။
အကြောင်းအရင်းမှာ နတ်ဆိုးစွမ်းအင်များတွင် တခြားသူများ၏ နတ်ဘုရားစိတ်အာရုံကို သီးခြားခွဲထုတ်နိုင်သည့် အံ့အားသင့်ဖွယ်ကောင်းသောအာနိသင် ရှိနေသောကြောင့်ပင်။
ထို့ကြောင့် နှစ်ဖက်လုံးသည် တူညီသော လျှို့ဝှက်နယ်မြေကို ပစ်မှတ်ထားနေကြသော်လည်း မည်သူကမျှ အခြားတစ်ဖက်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိကြချေ။
လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်၌...
ခုနစ်စင်ကြယ်ဓားဂိုဏ်း၏ တတိယအကြီးအကဲသည် ဝင်္ကပါကြီးကို အပင်ပန်းခံ၍ ဖျက်ဆီးနေလေ၏။
သူသည် ပြင်းပြင်းထန်ထန် စဉ်းစားတွေးတောကာ ခေါင်းခါလိုက် စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်နှင့် ထပ်ခါတလဲလဲ ကြိုးစားနေသည်။
လျှို့ဝှက်နယ်မြေ၏ အက်ကွဲကြောင်း၌မူ...
ကြက်ပေါက်စတစ်၏ခြေသည်းများ လေထဲသို့ မြောက်တက်သွားပြီး ဘယ်နှင့်ညာ တစ်လှည့်စီ လှုပ်ရှားသွားကာ နက်နဲသိမ်မွေ့သည့် စွမ်းအင်များ ပွင့်အံ့ထွက်လာပြီး နောက်ဆုံးတွင် စင်္ကြာပုံစံ အမှတ်အသားတစ်ခုကို ပုံဖော်လိုက်သည်။
ထိုအမှတ်အသားသည် ဝင်္ကပါကြီးနှင့် ထိတွေ့သွားချိန်၌ ဝင်္ကပါကြီးရှိ အက်ကွဲကြောင်း တိုက်ရိုက်ဆုတ်ဖြဲခံလိုက်ရသည်။
ထို့နောက် ကြက်ပေါက်စတစ်က အရှေ့ဆုံးမှနေ၍ မောက်မာထောင်လွှားစွာ လျှောက်လှမ်းဝင်သွားလေ၏။
အနောက်မှ လူအုပ်ကြီးသည် ရေထဲသို့ ခုန်ဆင်းသွားသော ငါးများအလား သူ၏နောက်မှလိုက်ကာ အတွင်းသို့ ဝင်ရောက်သွားကြသည်။
ဤလုပ်ငန်းစဉ်တစ်ခုလုံးမှာ မယုံနိုင်လောက်အောင်ပင် ချောမွေ့နေပုံရသည်။
ဤသည်မှာ ကြက်ပေါက်စတစ်က သော့တစ်ချောင်းကို ထုတ်ယူကာ သူ၏ ကိုယ်ပိုင်အိမ်ရှေ့တံခါးကို အားစိုက်ထုတ်စရာမလိုဘဲ ဖွင့်လိုက်သည့်အလားပင်။
ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းမှ တပည့်များအားလုံး လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီးနောက် သူတို့အားလုံး ဆွံ့အသွားကြ၏။
လျှို့ဝှက်နယ်မြေအတွင်းရှိ စိတ်ဝိညာဉ်ချီများသည် အလွန်အမင်း သိပ်သည်းလှပြီး အသက်တစ်ချက် ရှူလိုက်ရုံဖြင့် စိတ်ဝိညာဉ် လန်းဆန်းသွားသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။
ထိုမျှသာမက...
သိပ်သည်းသော စိတ်ဝိညာဉ်ချီများ၏ ဖုံးလွှမ်းမှုအောက်တွင် တောင်ထိပ်မှ စီးဆင်းလာသော စမ်းချောင်းငယ်လေးတစ်ခု ရှိနေ၏။
ထိုစမ်းရေကို တစ်ငုံလောက် သောက်ကြည့်လိုက်လျှင် ဤသည်မှာ စမ်းချောင်းငယ်လေးတစ်ခု မဟုတ်ဘဲ စိတ်ဝိညာဉ်စမ်းရေတစ်ခု ဖြစ်ကြောင်း သိသာထင်ရှားသည်။
စိတ်ဝိညာဉ်စမ်းရေတွင်း၏ ပတ်လည်တွင် ပန်းများ ပွင့်လန်းနေပြီး အပင်များ ရှင်သန်ကြီးထွားနေကြသည်။
တောင်ပေါ်ရှိ မြက်ပင်များနှင့်သစ်ပင်များအားလုံးသည် တောက်ပနေသော စိတ်ဝိညာဉ်ချီများကို သယ်ဆောင်ထားကြ၏။
သူတို့၏ခြေထောက်အောက်ရှိ သတိမထားမိလောက်သော မြက်ပင်လေးတစ်ပင်ကပင်လျှင် အဆင့်မနိမ့်သော စိတ်ဝိညာဉ်ဆေးပင်တစ်ပင် ဖြစ်နေသည်။
တောင်ခြေတွင် ဆေးဥယျာဉ်တစ်ခုလည်း ရှိနေသည်။
ထိုဆေးဥယျာဥ်အတွင်း၌ ဘုရင်အဆင့်ရှိ ဆေးပင်အမြောက်အများ ရှိနေပေ၏။
ဧကရာဇ်တစ်ဝက်အဆင့် ဆေးပင်တချို့ပင် ရှိနေသည်။
ဤအခြေအနေက လူများအားလုံးကို အမှန်တကယ် ဆွံ့အသွားစေခဲ့သည်။
"ကောင်းမွန်တဲ့ ကံကြမ္မာပါလား..."
"ဒါက တကယ်ကို ကြီးမားကောင်းမွန်တဲ့ ကံကြမ္မာတစ်ခုပဲ..."
ရာသီလေးပါးဂိုဏ်း၏ဂိုဏ်းချုပ် ကျီးဝူချန်သည် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် သူကိုယ်သူပင် မထိန်းချုပ်နိုင်တော့ပေ။
သူတို့၏မျက်လုံးများထဲတွင် ဤလျှို့ဝှက်နယ်မြေကို ကောင်းချီးပေးခံရသော နယ်မြေတစ်ခုဟု လုံးလုံးလျားလျား ခေါ်ဆိုနိုင်သည်။
သူတို့သည် ပစ္စည်းကောင်းများအားလုံးကို စုဆောင်းချင်နေကြပြီး မြေပြင်ကိုပင်လျှင် ချန်မထားခဲ့ချင်ကြချေ။
ထို့ပြင် ဆေးဥယျာဉ်၏နံဘေးတွင် ရိုးရှင်းသော ရှေးဟောင်း အနက်ရောင် ခန်းမကြီးတစ်ခုလည်း ရှိနေသည်။
ထိုခန်းမကြီးသည် တောင်ကြီးတစ်လုံးကဲ့သို့ မြင့်မားပြီး လျှို့ဝှက်နယ်မြေတစ်ခုလုံး၏ သုံးပုံတစ်ပုံခန့်ကို နေရာယူထားသည်။
လူများအားလုံး ခန်းမကြီးကို ကြည့်နေကြပြီး သူတို့၏မျက်လုံးများတွင် ပြင်းပြသော စိတ်အားထက်သန်မှုများ တောက်လောင်နေကြ၏။
အကယ်၍ အပြင်ဘက်ရှိ စိတ်ဝိညာဉ်စမ်းရေတွင်းနှင့် ဆေးဥယျာဉ်တို့သည် ကောင်းမွန်သော ကံကြမ္မာ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ခဲ့လျှင်....
ဤခန်းမကြီးသည် ကောင်းမွန်သော ကံကြမ္မာ၏ အဓိကအချက်အချာနေရာ သေချာပေါက် ဖြစ်ရပေမည်။
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ခန်းမကြီးကို ကြည့်နေကြကာ သူတို့၏ မျက်လုံးများတွင် ပြင်းပြသော စိတ်အားထက်သန်မှုများ တောက်လောင်နေသည်။
သူတို့၏ပုံစံများသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆာလောင်နေသော အမျိုးသားများက အဝတ်မပါသော မိန်းမလှတစ်ဦးကို ကြည့်နေကြသည်နှင့် တူညီနေသည်။
သူတို့၏အသက်ရှူသံများ ပြင်းထန်လာကြ၏။
အချိန်တခဏတာအတွင်းတွင် ဂိုဏ်းကြီးနှစ်ဂိုဏ်းမှ လူများသည် အတွင်းသို့ အုံ့လိုက်ကျင်းလိုက် ဝင်ရောက်သွားကြပြီး ခန်းမကြီးတစ်ခုလုံးကို နှံ့နှံ့စပ်စပ် စတင်၍ ရှာဖွေကြတော့သည်။
ဤခန်းမကြီးတွင် အခန်းပေါင်းများစွာ ရှိနေသည်။
နတ်ဘုရားလက်နက်ခန်း ဆေးလုံးခန်းနှင့် ကျင့်ကြံခြင်းနည်းစနစ်ခန်းတို့ ရှိနေပေ၏။
ထိုအရာများမှာ အမျိုးအစား စုံလင်လှသည်။
ထို့ပြင် မည်သည့်အခန်းအတွင်းတွင်ဖြစ်စေ ပစ္စည်းများ၏အရည်အသွေးမှာ အလွန်အမင်း အထင်ကြီးလောက်ဖွယ်ကောင်းသည်။
မည်သည့် ပစ္စည်းတစ်ခုတည်းမဆို အပြင်ဘက်သို့ ရောက်ရှိသွားပါက အသေးအမွှားမဟုတ်သော လှုပ်ခတ်မှုတစ်ခုကို ဖြစ်ပေါ်စေမည်မှာ သေချာပေါက်ပင်။
ဤှသည်က မရေမတွက်နိုင်သော လူများကို အသေအကြေ တိုက်ခိုက်လာအောင်ပင် လှုံ့ဆော်ပေးနိုင်သည်။
နောက်ထပ်ဖြစ်လာသည်မှာ ကြီးကျယ်ခမ်းနားသော စားသောက်ပွဲကြီးတစ်ခုပင်။
ဤသည်မှာ ဂိုဏ်းကြီးနှစ်ဂိုဏ်းအတွက် ပွဲတော်ကြီးတစ်ခု ဖြစ်ပေ၏။
မရေမတွက်နိုင်သော တပည့်များကို စေလွှတ်ခဲ့ပြီး ကျိုင်းကောင်များကဲ့သို့ ကျူးကျော်ဝင်ရောက်သည့် အပြုအမူကို စတင်ခဲ့ကြသည်။
မည်မျှပင်သေးငယ်စေကာမူ တန်ဖိုးရှိသော မည်သည့်ပစ္စည်းကိုမဆို သူတို့က အကုန်အစင် ယူဆောင်သွားကြသည်။
ခန်းမကြီး၏အပြင်ဘက်ရှိ မြေပြင်ကိုပင် တူးဆွ၍ယူသွားရန် ချန်လှပ်မထားခဲ့ကြချေ။
သူတို့သည် ဖြတ်သွားသော ငန်းများဆီမှ အမွှေးများကို နှုတ်ယူခြင်းနှင့် မြေကြီးအောက် သုံးပေအထိ တူးဖော်ခြင်းဟူသော အတိုင်းအတာအထိ အမှန်တကယ်ကို စွမ်းဆောင်နိုင်ခဲ့သည်။
"ကြက်သခင်ကြီး... ဒါက ခန်းမကြီးထဲကနေ တူးဖော်လာတဲ့ ဝိုင်အရက်ကောင်းပါ..."
"ကြက်သခင်ကြီးက ကျေးဇူးပြုပြီးတော့ လက်ခံပေးပါ..."
"အရှင်စာခြောက်ရုပ်... ဒါတွေက လျှို့ဝှက်နယ်မြေထဲကနေ ရလာတဲ့ ရွှေဒင်္ဂါးတွေပါ..."
ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့သည် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးနှင့် စာခြောက်ရုပ်တို့ နှစ်သက်မည့် ပစ္စည်းအချို့ကို အရင်ဆက်သရန်အတွက် လူအများကို ဦးဆောင်လာခဲ့ကြ၏။
တစ်ချိန်တည်းမှာပင် သူတို့ကို ကြည့်နေသော လူများအားလုံး၏မျက်လုံးများထဲတွင် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေသည်။
ဤရိတ်သိမ်းမှုနှင့်အတူ သူတို့ဂိုဏ်းများ၏ အခြေခံအုတ်မြစ်သည် မသိနိုင်လောက်သော ပမာဏအထိ တဟုန်ထိုး မြင့်တက်သွားပေမည်။
ထို့ပြင် သူတို့ကိုယ်တိုင်ပင်လျှင် ဤအရာမှတဆင့် သူတို့၏စွမ်းအားများ နောက်ထပ်တစ်ဆင့်သို့ တက်လှမ်းသွားနိုင်ပေလိမ့်မည်။
လာမည့်အချိန်ကာလတွင် ဤရိတ်သိမ်းမှုမှ ရရှိလာသော အကျိုးအမြတ်များကို သူတို့ ချေဖျက်နိုင်သရွေ့....
ပိုင်ဝူရှားနှင့်ကျီးဝူချန်တို့သည် သူတို့၏ ရင်ဘတ်များကို ယုံကြည်မှုရှိရှိပုတ်ကာ သူတို့၏စွမ်းအား မြင့်တက်သွားမည်အား ထုတ်ပြန်ကြေငြာနိုင်ကြောင်း ကြိုတင်၍ မြင်တွေ့နိုင်သည်။
အလွန်မြင့်မြတ်သော ထိပ်သီးအင်အားစုကြီးလေးစုမှလွဲ၍ မြောက်ပိုင်းဒေသ တစ်ခုလုံးရှိ တခြားအင်အားစုများအားလုံးသည် သူတို့အတွက် အမှိုက်များသာ ဖြစ်သွားပေမည်။
ဤအရာအားလုံးကို သူတို့၏ရှေ့ရှိ ဤလေးစားအပ်သော သခင်များက ပေးသနားခဲ့ခြင်း ဖြစ်ပေ၏။
နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးနှင့် တွေ့ဆုံခဲ့ရသည့် ဖြစ်စဥ်ကို ပြန်လည်တွေးတောကြည့်ရင်း ပိုင်ဝူရှားနှင့်ကျီးဝူချန်တို့ နှစ်ယောက်သား အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ကြသည်။
ထိုအချိန်က ဂိုဏ်းနှစ်ဂိုဏ်းသည် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦး၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး သူတို့၏စိတ်ထဲတွင် မကျေနပ်မှုတချို့ ရှိနေခဲ့သည်။
သို့ရာတွင် ယခု၌မူ....
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ ခြေထောက်များကို နမ်းခွင့်ရရန်သာ သူတို့ ဆန္ဒရှိကြတော့သည်။
အကယ်၍ ဤသို့ဖြစ်မည်မှန်း သူတို့ သိခဲ့မည်ဆိုလျှင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး စောစီးစွာ ပေါ်လာစေရန် ကြယ်များနှင့် လများကို တိုင်တည်၍ ဆုတောင်းခဲ့မိပေမည်။
ဤသည်ကို တွေးတောမိသဖြင့် ပိုင်ဝူရှားက ကျေးဇူးတင်စွာဖြင့် ပြောဆိုလိုက်သည်။
"လေးစားအပ်တဲ့ သခင်တို့... ဓားတစ်သောင်းဂိုဏ်းအပေါ် သခင်တို့ ပြသခဲ့တဲ့ ကြီးမားတဲ့ ကြင်နာမှုနဲ့ကျေးဇူးတရားတွေကို ဓားတစ်သောင်းဂိုဏ်းက ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး..."
"အနာဂတ်မှာ လေးစားအပ်တဲ့ သခင်တို့က တစ်ခုခု လိုအပ်လာရင် အမိန့်သာ ပေးလိုက်ပါ... ဓားတစ်သောင်းဂိုဏ်းက မီးတွင်းကိုဖြတ်ပြီး ရေပြင်ထဲဆင်းဖို့ကိုတောင် နောက်တွန့်နေမှာ မဟုတ်ပါဘူး..."
ယခုအချိန်တွင် သူသည် ဤအရှင်သခင်များကို အမှန်တကယ် ကျေးဇူးတင်နေပြီး လုံးလုံးလျားလျား အညံ့ခံလိုက်လေပြီ။
ပိုင်ဝူရှားက သူ၏သစ္စာစောင့်သိမှုကို ဤမျှထိ ကြီးကျယ်ခမ်းနားစွာ ဖော်ပြနေသည်ကို မြင်တွေ့ချိန်၌...
ကျီးဝူချန်သည် မည်သည်ကြောင့် နောက်ကောက်ကျခံနိုင်မည်နည်း။
"ကြက်သခင်ကြီး... ဒီနေ့ ကျွန်တော်က တော်တော်လေး ပျော်နေတယ်...တိုက်တိုက်ဆိုင်ဆိုင်နဲ့ အခုတစ်ခေါက် ကျွန်တော်က အမျိုးသမီးတပည့်တွေကို ခေါ်လာခဲ့တယ်..."
"ကျွန်တော်က သူတို့ကို ခေါ်ပြီးတော့ လေးစားအပ်တဲ့ သခင်တို့အတွက် အကလေးတစ်ခုလောက် ကပြခိုင်းရင် ဘယ်လိုလဲ..."
ထိုစကားများကို ပြောပြီးနောက် သူက ပိုင်ဝူရှားကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်၏။
ထိုအရာ၏ သွယ်ဝိုက်သောအဓိပ္ပာယ်မှာ 'သစ္စာစောင့်သိကြောင်း ဖော်ပြရုံသက်သက်က ဘာအသုံးကျမှာလဲ'ဟု ပြောနေသည့်အလားပင်။
အဓိကကိစ္စမှာ လက်တွေ့လုပ်ဆောင်ရန်ပင်။
ထို့ပြင် သူသည် ဤလေးစားအပ်သော သခင်များကို အလုပ်အကျွေးပြုရာတွင် အမြဲတစေ ရှေ့တန်းမှ ပါဝင်နေပေလိမ့်မည်။
သူတို့၏ဆက်ဆံရေးမှာ ပုံမှန်အခြေအနေသို့ ပြန်လည်၍ ရောက်ရှိသွားပြီ ဖြစ်သော်လည်း...
သို့သော် ယောက်ျားများဆိုသည်မှာ အမြဲတစေ ကျိန်ဆဲချင်စရာကောင်းသော အနိုင်ယူလိုစိတ် ရှိနေတတ်ကြသည် မဟုတ်လော....
ယခုအချိန်၌ ထိုလူနှစ်ဦးသည် တခြားမည်သည့်အရာအတွက်မျှ ယှဉ်ပြိုင်နေကြခြင်း မဟုတ်ဘဲ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးနှင့် စာခြောက်ရုပ်တို့၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက်ကြောင့်သာ ဖြစ်ပေ၏။
စာခြောက်ရုပ်က အမြဲတစေ တိတ်ဆိတ်နေသော တည်ရှိမှုတစ်ခုပင်။
သူတို့သည် သူနှင့် ဆက်သွယ်၍ မရနိုင်ပေ။
ထိုကြောင့် သူတို့သည် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦး၏ရှေ့တွင်သာ ပို၍စွမ်းဆောင်ပြနိုင်ကြသည်။
ကျီးဝူချန်က ကချေသည်များကို စီစဉ်ထားပြီးဖြစ်ကြောင်း ကြားချိန်၌...
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် အနည်းငယ် စိတ်လှုပ်ရှားသွားကြ၏။
ကြက်ပေါက်စတစ်က သူ၏ ဘယ်ဘက်အတောင်ပံကို ဆန့်တန်းပြီး ကျီးဝူချန်၏ပခုံးကို ပုတ်ကာ ကျေနပ်အားရစွာဖြင့် ပြောဆိုလိုက်သည်။
"ကျီးလေး... မင်း အရမ်းတော်တယ်...မင်းနဲ့ ပတ်သက်ပြီး ငါ မျှော်လင့်ချက် ကြီးကြီးမားမား ထားထားတယ်...."
"ကြက်သခင်ကြီး စိတ်ကျေနပ်တာက ကျွန်တော့်ရဲ့ ဂုဏ်ယူစရာပါပဲ..."
ကျီးဝူချန်သည် ဝမ်းသာပီတိဖြစ်ကာ ပြုံးရွှင်နေလေ၏။
နံဘေးမှနေ၍ ဤမြင်ကွင်းကို မြင်နေရသော ပိုင်ဝူရှားကမူ တိတ်တဆိတ် ဒေါသထွက်နေမိသည်။
သောက်ချေးပဲ...
ခရီးမထွက်ခင်တုန်းက အမျိုးသမီးတပည့် နည်းနည်းလောက် ခေါ်ခဲ့ဖို့ကို ငါ ဘာလို့ မစဉ်းစားမိခဲ့တာလဲ....
အဲ့ဒါကြောင့် ဒီကောင်က အခွင့်အရေး အားလုံးကို ယူသွားတာပေါ့...
နောက်တစ်ကြိမ် ကြက်သခင်ကြီးတို့နဲ့အတူ ခရီးသွားလျှင် သူသည် အမျိုးသမီးတပည့်တချို့ကို အမြဲတစေ ခေါ်သွားရမည့်ပုံ ပေါက်နေသည်။
ထိုမျှသာမက သူ ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက်တွင်လည်း ထိုအမျိုးသမီးတပည့်အဖွဲ့၏ အရည်အချင်းများကို လေ့ကျင့်ပေးရပေမည်။
ကျီးဝူချန်သည် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးနှင့် တခြားသူများအတွက် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲကြီးတစ်ခုကို ကျင်းပရန်အတွက် လူအင်အားသုံး၍ စတင်စီစဉ်နေစဉ်တွင်...
ကြက်ပေါက်စတစ်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
ဤအချိန်အတောအတွင်းတွင် သူသည် ဆော့ကစားပြီး ပျော်ပါးနေခဲ့သော်လည်း ကျုံးချင်၏ အမိန့်များကို သူ မမေ့ခဲ့ပေ။
တခြားသူများ၏ နတ်ဘုရားစိတ်အာရုံကို ပိတ်ဆို့ထားနိုင်သော နတ်ဆိုးမြို့တော်အတွင်းရှိ နတ်ဆိုးစွမ်းအင်များသည် သူ့အပေါ်တွင် မည်သည့်ကန့်သတ်ချက်မျှ မရှိချေ။
ထို့ကြောင့် သူ၏နတ်ဘုရားစိတ်အာရုံကို အမြဲတစေ ထုတ်လွှတ်ထားပြီး ပိုင်လင်း၏ အခြေအနေကို အမြဲတစေ စောင့်ကြည့်နေခဲ့၏။
ယခုအချိန်၌ တစ်စုံတစ်ယောက်က ပိုင်လင်း၏ အနီးအနားသို့ ချဉ်းကပ်သွားတော့မည်ကို သူ ရှာဖွေတွေ့ရှိလိုက်သည်။