ထူးခြားသော စွမ်းရည်များကို ပြသခြင်း
Vol. 27 Ch. 270
"ဝုန်း..."
နားကွဲလုမတတ် ကျယ်လောင်သော အသံကြီးတစ်သံက မှောင်မိုက်နေသော မြေပြင်တခွင်တွင် ပဲ့တင်ထပ်သွားပေ၏။
ဤသည်မှာ ခုနစ်စင်ကြယ်ဓားဂိုဏ်း၏ တတိယအကြီးအကဲက ဝင်္ကပါကို ဖျက်ဆီးလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အသံကြီးပင်။
ခုနစ်စင်ကြယ်ဓားဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်များသည် နံဘေးတစ်ဖက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ၏။
"တတိယအကြီးအကဲက မဟာဝင်္ကပါသခင်ဆိုတဲ့ နာမည်ဂုဏ်သတင်းနဲ့ တကယ့်ကို ထိုက်တန်တာပဲ... ငါကြည့်ရသလောက်ဆိုရင် ဒီဝင်္ကပါကြီးက နာရီဝက်တောင် မကြာခင်မှာ လုံးဝကို ကျိုးပျက်သွားတော့မယ်ထင်တယ်..."
အကြီးအကဲတစ်ဦးက တောက်ပသော မျက်လုံးများဖြင့် ဝင်္ကပါများကို စူးစိုက်ကြည့်ရင်း ပြောဆိုလိုက်သည်။
သူ ထိုစကားကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက် လက်ရှိနေရာတွင်ရှိသော လူများအားလုံး တက်ကြွလာကြ၏။
နတ်ဆိုးမြို့တော်အတွင်း၌ လျှို့ဝှက်နယ်မြေ အမြောက်အများ ရှိနေသော်လည်း...
ဤလျှို့ဝှက်နယ်မြေကမူ သူတို့အား ထူးခြားသော ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။
ကြေးဝါရောင်တံခါးကြီး၏ အပြင်ဘက်သို့ အဆက်မပြတ် ပျံ့လွင့်လာခဲ့သော စိတ်ဝိညာဉ်စွမ်းအားများက ရှင်းလင်းသော သက်သေအထောက်အထားများပင်။
ယေဘုယျအားဖြင့် ပြောဆိုရလျှင် လျှို့ဝှက်နယ်မြေများကို ချိတ်ပိတ်ထားပြီး အတွင်းပိုင်း၌ အခြေအနေများ မည်သို့ရှိသည်ကို မည်သူမျှ မသိနိုင်ကြချေ။
သို့သော် လျှို့ဝှက်နယ်မြေကို ရွှေမိုင်းတွင်းတစ်ခုနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက...
တခြားသော ရွှေမိုင်းတွင်းများ၏ ရွှေပါဝင်မှုမှာ မသေချာနိုင်ချေ။
သို့သော် ဤတစ်ခုမှာမူ အပြင်ဘက်တွင် ရွှေများကို ပြသနေပြီဖြစ်ရာ မိုင်းတွင်း၏ရွှေပါဝင်မှုမှာ အလိုအလျောက် သိသာထင်ရှားနေလေပြီ။
ထို့ကြောင့် ခုနစ်စင်ကြယ်ဓားဂိုဏ်းမှ လူများသည် လျှို့ဝှက်နယ်မြေအတွင်း၌ မည်သည့် ရတနာများ ရှိနေမည်ကို ကြည့်ရှုရန် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြခြင်းဖြစ်သည်။
သို့သော် တစ်စုံတစ်ယောက်က ပြဿနာတစ်ခုကို အလျင်အမြန် သတိပြုမိသွားပေ၏။
"ဒီလျှို့ဝှက်နယ်မြေမှာ တစ်ခုခု မှားယွင်းနေလို့လား...အရင်က ကြေးဝါရောင်တံခါးကြီးထဲကနေ စိတ်ဝိညာဉ်စွမ်းအားတွေ အဆက်မပြတ် ပျံ့လွင့်ပြီးထွက်ပေါ်နေခဲ့ပေမယ့် အခုကျတော့ ဘာလို့ ရပ်သွားတာလဲ..."
ထိုစကားကို ပြောဆိုလိုက်သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုနှင့်သံသယဖြစ်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
ယခင်က ပျံ့လွင့်ထွက်လာခဲ့သော စိတ်ဝိညာဉ်စွမ်းအားများသည် လျှို့ဝှက်နယ်မြေအတွင်း၌ စိတ်ဝိညာဉ်စွမ်းအင်များ ထူထပ်သိပ်သည်းစွာ စုစည်းနေခြင်းကြောင့်ပင်။
သို့သော် ယခုအချိန်၌ နတ်ဆိုးနဂါး လျှို့ဝှက်နယ်မြေတစ်ခုလုံး၏မြေပြင်သည်ရာသီလေးပါးဂိုဏ်းနှင့်ဓားတစ်သောင်းဂိုဏ်းမှ လူများ၏ တူးဖော်မှုကြောင့် ကုန်စင်လုနီးပါး ဖြစ်နေလေပြီ။
ဆေးပင်များနှင့် စိတ်ဝိညာဉ်စမ်းရေတွင်းများကဲ့သို့ တခြားအရာများကိုလည်း သူတို့သည် ချန်လှပ်ထားခဲ့ခြင်း မရှိချေ။
ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအားများ ဆက်လက်၍ ပျံ့လွင့်နေမည်ဆိုပါက ထိုအရာသည် သည် အမှန်တကယ်ကို ယုံကြည်နိုင်ဖွယ်ကောင်းမည် မဟုတ်ချေ။
ခုနစ်စင်ကြယ်ဓားဂိုဏ်းမှ လူများသည် လျှို့ဝှက်နယ်မြေအတွင်း၌ တစ်စုံတစ်ခု မှားယွင်းသွားသည်ကို မည်သို့ သိနိုင်မည်နည်း...
အသက်အိုမင်းသော အကြီးအကဲတစ်ဦးက ရှင်းပြလိုက်၏။
"ယေဘုယျအနေနဲ့ဆိုရင် ဝင်္ကပါတွေက လျှို့ဝှက်နယ်မြေတွေနဲ့ အနီးကပ် ဆက်စပ်နေတယ်..."
"ဝင်္ကပါရဲ့ပြောင်းလဲမှုတစ်ခုက စိတ်ဝိညာဉ်စွမ်းအားတွေကို ပျောက်ကွယ်သွားစေတာ ဖြစ်နိုင်တယ်..."
"ကိစ္စမရှိပါဘူး..."
"ဒါက ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါပဲ..."
ဤရှင်းပြချက်ကို ပေးလိုက်သည်နှင့်တပြိုင်နက်...
လူများအားလုံးသည် ချက်ချင်းဆိုသလိုပင် ဤသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားမိပေ၏။
စကားပြောဆိုခဲ့သော အကြီးအကဲသည် အသက်အရွယ်ကြီးရင့်သူဖြစ်ပြီး သက်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုဟုပင် ခေါ်ဆိုနိုင်သည်။
သူ၏စကားများသည် ယေဘုယျအားဖြင့် ယုံကြည်လက်ခံနိုင်သည်။
သူကိုယ်တိုင်ကပင်လျှင် ထိုသို့ပြောဆိုလာသဖြင့် ဤသည်က အမှန်တရား ဖြစ်ပေမည်။
လူများအားလုံးသည် စကားပြောဆိုခြင်းကို ရပ်တန့်လိုက်ပြီး တတိယအကြီးအကဲက ဝင်္ကပါကို မည်သို့ ဖျက်ဆီးနေသည်ကိုသာ တိတ်ဆိတ်စွာ အာရုံစိုက်နေကြ၏။
ဤဝင်္ကပါမှာ အလွန်အမင်း နက်နဲသိမ်မွေ့သည်။ ထိုအရာထံမှ လှည့်ကွက်တစ်ခု သို့မဟုတ် နှစ်ခုခန့်ကို သူတို့ သင်ယူနိုင်ပါက ဤသည်က သူတို့အတွက် အကျိုးအမြတ်တစ်ခု ဖြစ်လာပေလိမ့်မည်။
"ကောင်းကင်နဲ့မြေပြင်မှာ ကန့်သတ်ချက်မရှိ... ဒီဝင်္ကပါကို အလှည့်အပြောင်းကိုးကြိမ် ခွဲခြားထားတယ်... ပထမအလှည့်က ယင်နဲ့ ယန်ပဲ..."
ဤအချိန်တွင် တတိယအကြီးအကဲ၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်နေပေ၏။
သူသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေပြင်၏စွမ်းအားကို လှုံ့ဆော်လိုက်ကာ ယင်နှင့်ယန်ချီစွမ်းအာများကို ဝင်္ကပါကြီးအတွင်းသို့ ထည့်သွင်းလိုက်၏။
ယင်ချီသည် အလွန်အမင်း အေးစက်ကာ ယန်ချီကမူ ပူလောင်ပြင်းပြသည်။
ယင်နှင့်ယန်တို့ ပေါင်းဆုံသွားခြင်းသည် အချင်းချင်း ဖြတ်သန်းသွားသော နဂါးရှည်ကြီး နှစ်ကောင်နှင့် တူညီနေသည်။
ထိုစွမ်းအားနှစ်ရပ် ဝင်္ကပါကြီးအတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားသည့် အချိန်အခိုက်အတန့်တွင် နဂါးပိတ်လှောင်ခြင်း ဝင်္ကပါမှ တောက်ပသော နတ်ဘုရားအလင်းတန်းများ ပွင့်အံ့ထွက်လာသည်။ လူများအားလုံးသည် ဝင်္ကပါကြီး၏တုန်ခါမှုများကို နောက်တစ်ကြိမ် ခံစားမိလေ၏။
ထိုတုန်ခါမှုတိုင်းနှင့်အတူ...
ဝင်္ကပါကြီး၏ စွမ်းအားသည် တစတစ အားနည်းသွားတော့သည်။
ထိုကဲ့သို့ အံ့အားသင့်ဖွယ်ကောင်းသော လုပ်ဆောင်မှုက လူများအားလုံးကို အံ့အားသင့်သွားစေသည်။
ဤသို့ဖြင့် နာရီဝက်ပင်မပြည့်မီ အချိန်အနည်းငယ်အကြာတွင် ဝင်္ကပါကြီးတစ်ခုလုံးသည် ကွဲအက်သွားသော ကြေးမုံမှန်ကြီးအလား တုန်ခါသံကြီးနှင့်အတူ ကြေမွှပျက်စီးသွားတော့သည်။
ဤသည်က ဝင်္ကပါကြီး ကျိုးပျက်သွားပြီဖြစ်ကြောင်း အဓိပ္ပါယ်သက်ရောက်သည်။
"ဂိုဏ်းချုပ်... ကံကောင်းထောက်မစွာနဲ့ ကြိုးစားအားထုတ်မှုတွေက အလဟဿ မဖြစ်ခဲ့ဘူး..."
"အခု ဝင်္ကပါကြီး ကျိုးပျက်သွားပြီ..."
တတိယအကြီးအကဲက သက်ပြင်းရှည်ကြီးတစ်ချက်ချပြီး ပြုံးလိုက်၏။
ခုနစ်စင်ကြယ်ဓားဂိုဏ်း၏ဂိုဏ်းချုပ်ဖူနျန်သည် ရှေ့သို့တက်လာပြီး အပြုံးနှင့် ပြောဆိုလိုက်သည်။
"တတိယအကြီးအကဲက မြောက်ပိုင်းဒေသရဲ့ ဝင်္ကပါလောကမှာ ထိပ်သီးပညာရှင်တစ်ယောက်ဆိုတာ တကယ့်ကို မှန်တာပဲ..."
"ဒီလို နက်နဲသိမ်မွေ့တဲ့ ဝင်္ကပါကိုတောင်မှ သူက အချိန်တိုအတွင်းမှာ ဖျက်ဆီးနိုင်ခဲ့တယ်..."
"သူ့ရဲ့စွမ်းဆောင်ရည်တွေက အထွတ်အထိပ်ကို ရောက်နေပြီလို့ ပြောရင် ချဲ့ကားရာ မကျဘူး..."
ဖူနျန်၏ချီးကျူးမှုကို ရင်ဆိုင်ရာတွင် တတိယအကြီးအကဲက ခေါင်းခါယမ်းပြီး ပြောဆိုသည်။
"ဂိုဏ်းချုပ်... ခင်ဗျားက ကျွန်တော်ကို မြှောက်ပင့်လွန်းနေပြီ..."
"တကယ်လို့ ဒီဝင်္ကပါ တည်ရှိခဲ့တာသာ အချိန်အကြာကြီးရှိမနေခဲ့ဘူးဆိုရင်...ပြီးတော့ ဒီအရာရဲ့ စွမ်းအင်တွေ အားနည်းနေတာ မဟုတ်ခဲ့ရင်... ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်နဲ့ဒါကို ဖျက်ဆီးနိုင်ခဲ့မှာ မဟုတ်ပါဘူး..ရိုးရိုးသားသား ပြောရရင် ဒါက ကံကောင်းသွားလို့ပါ..."
သို့သော် ဖူနျန်ထံတွင် မတူညီသော အမြင်တစ်ခု ရှိနေသည်။
"တတိယအကြီးအကဲ... ဘာလို့ ဒီလောက်တောင် နှိမ့်ချနေရတာလဲ...ဒီဝင်္ကပါရဲ့စွမ်းအားတွေက လျော့နည်းကောင်း လျော့နည်းနေလိမ့်မယ်... ဒါပေမဲ့ အဲ့ဒါကို စီနီယာတွေက ခင်းကျင်းခဲ့တာပဲလေ... မင်းရဲ့ ဝင်္ကပါပညာရပ်မှာ စွမ်းဆောင်ရည်က တခြားဘယ်သူ့ထက်မှ မနိမ့်ကျဘူးလို့ ငါ ယုံကြည်တယ်..."
"တစ်နေ့ကျရင် မင်းက ဝင်္ကပါပညာရပ်ကနေတဆင့် တာအိုလမ်းစဉ်ကိုတောင် အောင်မြင်နိုင်ကောင်း အောင်မြင်နိုင်လိမ့်မယ်..."
တတိယအကြီးအကဲက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"ဂိုဏ်းချုပ်... ခင်ဗျား နောက်နေတာပဲ...ဝင်္ကပါ တာအိုလမ်းစဉ်မှာ ကျွန်တော်က အတိုင်းအတာတစ်ခုအထိ စွမ်းဆောင်နိုင်ခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ ဝင်္ကပါတွေကတစ်ဆင့် တာအိုလမ်းစဉ်ကို အောင်မြင်ဖို့ဆိုတာ လီတစ်သိန်း လီရှစ်သောင်းလောက် ဝေးနေပါသေးတယ်... ဒီဘဝမှာတော့ ကျွန်တော့်ရဲ့အောင်မြင်မှုတွေက ဒီလောက်ထိပဲ ရှိနိုင်ပါလိမ့်မယ်..."
သူတို့နှစ်ဦးသည် တခြားမည်သူမျှ မရှိသည့်အလား စကားပြောဆိုနေကြ၏။
တစ်ဦးက ချီးကျူးလိုက် တခြားတစ်ဦးက နှိမ့်ချလိုက်ဖြင့် အချိန်ကြာလာသဖြင့် သူတို့၏ နောက်မှ လူများကို စိုးရိမ်ပူပန်လာစေခဲ့သည်။
"ဂိုဏ်းချုပ်... အခု ဝင်္ကပါ ကျိုးပျက်သွားပြီဆိုတော့ ကျွန်တော်တို့က ဆုလာဘ်တွေကို ရယူရမယ့် အချိန်ရောက်ပြီ... နောက်ထပ် ရှုပ်ထွေးမှုတွေ မဖြစ်အောင် ရှောင်ရှားဖို့အတွက် နောက်မှ ဆက်ပြောကြတာပေါ့..."
ဖူနျန်က ဤစကားကို ကြားချိန်၌ မျက်မှောင်ကြုတ်လိုက်ပြီး မကျေနပ်သောလေသံဖြင့် ပြောဆိုလိုက်၏။
"ဘာတွေ လောနေတာလဲ...ကျက်ပြီးသား ဘဲက ပျံပြေးသွားနိုင်မှာ မလို့လား...မြောက်ပိုင်းဒေသမှာ အစွမ်းထက်ဆုံး ဂိုဏ်းတွေထဲက တစ်ဂိုဏ်းဖြစ်တဲ့ ငါတို့ ခုနစ်စင်ကြယ်ဓားဂိုဏ်းကို.... ထိပ်သီးအင်အားစုကြီးလေးစုကလွဲပြီး ငါတို့ဂိုဏ်းရဲ့ ကျားနှုတ်ခမ်းမွေးကို ဆွဲရဲလောက်တဲ့အထိ အဆင်အခြင်မဲ့တဲ့ မျက်ကန်းတွေ ရှိနေနိုင်လို့လား..."
သူ စကားပြောဆိုနေစဉ် သူ့ထံမှ ပြင်းထန်သော ယုံကြည်မှုအရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာပေ၏။
အချိန်တခဏကြာသည်အထိ မည်သူမျှ စကားမပြောရဲကြတော့ချေ။
သို့သော် ဤဖြစ်ရပ်အပြီးတွင် ဖူနျန်သည်လည်း တတိယအကြီးအကဲနှင့် စကားပြောချင်စိတ် ကုန်ဆုံးသွားသည်။
"တတိယအကြီးအကဲ... ဒီတစ်ခေါက် မင်း တော်တော်လေး ပင်ပန်းသွားပြီ...ဝင်္ကပါကို ဖျက်ဆီးရတာက စွမ်းအားတွေအများကြီး ကုန်ခမ်းစေတယ်... ဒါကြောင့် ဘေးမှာ အနားယူလိုက်ပါအုံး...ကျန်တဲ့ကိစ္စတွေကို ငါတို့နဲ့ လွှဲထားလိုက်တော့...ဒီတစ်ကြိမ်မှာ မင်းက ကြီးမားတဲ့ အကျိုးဆောင်မှုတစ်ခုကို လုပ်ခဲ့တယ်..."
တတိယအကြီးအကဲက ခေါင်းခါယမ်းလိုက်၏။
"ဒါက သေးငယ်တဲ့ အားထုတ်မှုလေးတစ်ခုပါ... ကျွန်တော်က ဂုဏ်ယူဝင့်ကြွားဖို့ မဝံ့ရဲပါဘူး...ဂိုဏ်းချုပ်... တခြားလူတွေကို အမြန်ခေါ်သွားလိုက်ပါတော့..."
ဖူနျန်က ခေါင်းညိတ်ပြပြီးနောက် ဂိုဏ်းသားများကို ပြောဆိုသည်။
"အားလုံးပဲ... အတွင်းကို ဝင်ကြစို့...ဝင်္ကပါ ကျိုးပျက်သွားပြီဆိုပေမယ့် သတိထားဖို့တော့ မမေ့ကြနဲ့..."
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်..."
သူတို့ စောင့်ဆိုင်းနေခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ယခုချိန်၌ ဂိုဏ်းချုပ်က စကားပြောဆိုလာပြီဖြစ်ရာ သူတို့သည် ပျားများအလား အုံ့လိုက်ကျင်းလိုက် အတွင်းသို့ ဝင်ရောက်သွားကြသည်။
"စိတ်ဝိညာဉ်ကျောက်တုံးတွေ... ဆေးလုံးတွေ... နတ်ဘုရားလက်နက်တွေ... ငါ လာပြီဟေ့..."
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ပြီး သူ၏မျက်နှာသည် နီမြန်းနေပေ၏။
တောက်ပနေသော စိတ်ဝိညာဉ်ကျောက်တုံးပုံများ ဆေးလုံးတောင်ကြီးများ မရေမတွက်နိုင်သော နတ်ဘုရားလက်နက်များနှင့် ရှားပါးရတနာများက သူ့ကို လက်ယပ်ခေါ်နေသည်အား သူ မြင်ယောင်နေပုံရသည်။
"စည်းကမ်းမဲ့လိုက်ကြတာ..."
ဖူနျန်က ထိုမြင်ကွင်းကို အနောက်မှကြည့်ကာ ခေါင်းခါယမ်းလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူ၏ခုနစ်စင်ကြယ်ဓားဂိုဏ်းသည် မြောက်ပိုင်းဒေသရှိ ထိပ်သီးတစ်ဝက်အဆင့် အင်အားစု အနည်းငယ်အနက်မှ တစ်ခုပင်။ အနာဂတ်တွင် သူ၏ဂိုဏ်းသည် ထိပ်သီးအင်အားစုကြီးလေးစုနှင့် တန်းတူ တည်ရှိမှုတစ်ခု ဖြစ်လာမည့် အလားအလာကို ပိုင်ဆိုင်ထားသည်။
ထိုကဲ့သို့ ဂိုဏ်းကြီးတစ်ဂိုဏ်းအတွက် ပြင်ပသို့ထွက်ချိန်တွင် ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရန်မှာ အလွန်အမင်း အရေးကြီးလှ၏။
သို့သော် ယခုအချိန်၌ ဤတပည့်များ၏ အပြုအမူများသည် ဓားပြများနှင့် မည်သည့် ကွာခြားချက် ရှိနေသနည်း။
မကြာမီမှာပင် လေးလံသော ကြေးဝါတံခါးကြီးသည် တိုက်ရိုက်တွန်းဖွင့်ခြင်း ခံလိုက်ရသည်။
သို့သော် တံခါးကြီး ပွင့်သွားသည့် အခိုက်အတန့်တွင် လူများအားလုံး၏မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားကြလေ၏။
သူတို့ မည်သည့်အရာကို မြင်တွေ့လိုက်ရသနည်း။
သူတို့ စိတ်ကူးယဉ်တွေးတောထားသော စိတ်ဝိညာဉ်ကျောက်တုံးတောင်ကြီးများ မရှိပေ။
နတ်ဘုရားလက်နက်များနှင့် ထက်ရှသော မှော်လက်နက်များ မရှိချေ။
အဆင့်မြင့်ဆေးလုံးများလည်း မရှိပေ။
ထိုနေရာတွင် ရှိနေသည်မှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ပုလင်းများနှင့် အိုးများသာ ဖြစ်သည်။
ဤသည်မှာ ခွေးများ တူးဆွထားသကဲ့သို့ ပျက်စီးနေသော မြေပြင်တစ်ခုဖြစ်ပြီး....
ထူးဆန်းသော သက်ရှိတစ်စုက ခန်းမကြီးထဲတွင် သီဆိုကခုန်နေကြသည်။
ခန်းမကြီးထဲရှိ အခြေအနေသည် အလွန်အမင်း စည်ကားသိုက်မြိုက်နေပေ၏။
ကြက်ပေါက်စတစ်သည် မောက်မာသော ကိုယ်နေဟန်ထားဖြင့် လျှောက်လှမ်းနေပြီး တခြား နတ်ဆိုးစစ်သူကြီး ဆယ့်တစ်ဦးကမူ သူတို့၏ ထူးခြားသော စွမ်းရည်များကို ပြသနေကြသည်။
ဂိုဏ်းကြီးနှစ်ဂိုဏ်းမှ လူများကမူ ခုန်ပေါက်၍ ကခုန်နေကြသည်။
ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့သည် သူတို့၏အပေါ်ပိုင်း အဝတ်အစားများကိုပင် ချွတ်လိုက်ကြပြီး လေထုထဲတွင် မတ်တတ်ရပ်ကာ ဗိုက်သားလှုပ်အကကို ကပြနေသည်။
ဤမြင်ကွင်းမှာ အလွန်အမင်း မျက်စိနောက်စရာ ကောင်းလှပြီး....
သီဆိုသံများမှာ အလွန်အမင်း နားကလော်စရာ ကောင်းလှသည်။
ခုနစ်စင်ကြယ်ဓားဂိုဏ်းမှလူများ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ယခင်က ဆူညံပြီး စည်ကားသိုက်မြိုက်နေသော မြင်ကွင်းသည် တိတ်ဆိတ်သွားပေ၏။
နှစ်ဖက်လုံးက တစ်ဖက်ကိုတစ်ဖက် စိုက်ကြည့်နေကြပြီး ဤရုတ်တရက် အခြေအနေကြောင့် သိသိသာသာ စိတ်ရှုပ်ထွေးသွားကြသည်။
အချိန်တခဏအကြာတွင် ခုနစ်စင်ကြယ်ဓားဂိုဏ်းမှ လူတစ်ယောက်က နောက်ဆုံးတွင် အသိဝင်လာခဲ့သည်။
သူတို့ဂိုဏ်းက မျက်စိကျနေခဲ့သော လျှို့ဝှက်နယ်မြေကို တခြားလူများက အရင်ဦးသွားခဲ့လေပြီ။
မျက်တောင်တစ်ခတ်စာ အချိနိအတွင်းမှာပင် ခုနစ်စင်ကြယ်ဓားဂိုဏ်းမှ လူများအားလုံး တည်ငြိမ်မှု ပျက်ပြားသွားကြတော့သည်။
Thank For Reading.