ဘယ်လက်သီးက ပိုကြီးလဲဆိုတာပဲ အဓိက။
Vol. 46 Ch. 510
မှန်ပေသည်၊ လမ်းမှန်ဂိုဏ်းများနှင့် မတူသည်မှာ မိစ္ဆာလမ်းစဉ်ဂိုဏ်းကြီးသုံးခုကမူ ဒေါသထွက်လွန်းသဖြင့် အံကြိတ်နေကြပြီး မကျေမနပ် ဖြစ်နေကြလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုကောင်းကင်အဆင့် ဝိညာဉ်ရတနာဖြစ်သည့် 'အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင်'ကို မိစ္ဆာလမ်းစဉ်ဂိုဏ်းကြီးသုံးခုက မိမိတို့၏ ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ထားခဲ့ကြသောကြောင့် ဖြစ်သည်။
ယခုမူ ကျိုးစွေ့၏ လုယူခြင်းကို ခံလိုက်ရလေသည်။
ဤခံစားချက်သည် မိမိ၏ ချောမောလှပသော ဇနီးမယားကို အခြားယောက်ျားတစ်ယောက်က လုယူသွားသကဲ့သို့ ဖြစ်ပြီး၊ မိမိခေါင်းပေါ်တွင် ဦးထုပ်စိမ်း ဆောင်းပေးလိုက်သကဲ့သို့ ခံစားရစေသည်။
မိစ္ဆာလမ်းစဉ်ဂိုဏ်းသားများအတွက် မည်မျှပင် နာကျည်းစရာကောင်းပြီး ဒေါသထွက်စရာ ကောင်းလိုက်ပါသနည်း။
"တောက်... နတ်ဆိုးသတ်လျှို့ဝှက်နယ်မြေရဲ့ အပြောင်းအလဲက ဒီခွေးကောင် ကျိုးစွေ့ရဲ့ လက်ချက်ပဲကိုး... ငါက ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတွေရဲ့ လျှိုဝှက်ကြံစည်မှုလို့ ထင်ပြီး ငါတို့ မိစ္ဆာလမ်းစဉ်ဂိုဏ်းကြီးသုံးခုကို ပင်လယ်မျိုးနွယ်စုတွေနဲ့ စစ်တိုက်ခိုင်းခဲ့တာ... အကျိုးဆက်အနေနဲ့ အများကြီး ဆုံးရှုံးခဲ့ရတယ်..."
ဟေးရှားနန်းတော်မှ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦးက အံကြိတ်လိုက်ပြီး ဒေါသထွက်လွန်းသဖြင့် ရူးသွပ်လုနီးပါး ဖြစ်နေလေသည်။
လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က နတ်ဆိုးသတ်လျှို့ဝှက်နယ်မြေတွင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအားလုံး လျှို့ဝှက်နယ်မြေထဲမှ နှင်ထုတ်ခံခဲ့ရသည်။
သူတို့က ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများ၏ လက်ချက်ဟု ထင်မှတ်ခဲ့ကြသည်။ သက်သေအထောက်အထား အားလုံးကလည်း ထိုအချက်ကိုသာ ညွှန်ပြနေခဲ့သည်။
ထို့ကြောင့် သူတို့သည် ပင်လယ်မျိုးနွယ်စုကို စစ်ကြေညာခဲ့ပြီး ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူအများအပြားကို သတ်ဖြတ်ခဲ့ကာ ပင်လယ်မျိုးနွယ်စု နတ်ဘုရားကျောင်းဆောင်အထိပင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။
သို့သော် နတ်ဆိုးသတ်လျှို့ဝှက်နယ်မြေ၏ အကြီးမားဆုံး ရတနာဖြစ်သည့် 'အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင်'သည် ရွှမ်ဟွမ်ဂိုဏ်း၏ဂိုဏ်းချုပ် ကျိုးစွေ့လက်ထဲသို့ တိတ်တဆိတ် ရောက်ရှိသွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ဆိုလိုသည်မှာ သူတို့ အသေအလဲ တိုက်ခိုက်နေချိန်တွင် အကြီးမားဆုံး အကျိုးကျေးဇူးကမူ ပြင်ပလူတစ်ယောက်၏ လက်ထဲသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
သူတို့၏ ရင်ထဲတွင် မည်မျှပင် နာကျည်းခံပြင်းနေမည်ကို ပြောနေစရာပင် မလိုတော့ချေ။
သူများအတွက် အလကားသက်သက် အလုပ်လုပ်ပေးလိုက်ရသကဲ့သို့ ဖြစ်နေသည်။
"ပြန်ယူမယ်... အဲ့ဒီ 'အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင်'ကို မဖြစ်မနေ ပြန်ယူရမယ်..."
"ဒါက ငါတို့ မိစ္ဆာလမ်းစဉ်ဂိုဏ်းကြီးသုံးခု ပိုင်ဆိုင်သင့်တဲ့ ရတနာလေ... ဒီကောင်က ဘယ်လိုလုပ် လုယူသွားရတာလဲ..."
လူတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အိပ်မက် မမက်ကြပါနဲ့တော့... ပြန်ယူဖို့ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး..."
"အစောကတင် ဒီကောင်က 'အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင်'ရဲ့ စွမ်းအားကို အသုံးပြုပြီး စတုတ္ထအဆင့် မိစ္ဆာကျင့်ကြံသူ (၁၀၀)ကျော်ကို သတ်ဖြတ်လိုက်တာ မြင်တယ်မလား..."
"ဆိုလိုတာက ငါတို့ မိစ္ဆာလမ်းစဉ်ဂိုဏ်းကြီးသုံးခုရဲ့ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေ အကုန်လုံး ပေါင်းတိုက်ရင်တောင် သူ့တစ်ယောက်တည်းကို နိုင်မှာ မဟုတ်ဘူး..."
"မင်း သေချင်ရင်တော့ သွားစမ်းကြည့်ပေါ့... ငါတော့ မလိုက်နိုင်ဘူး..."
ကောင်းကင်မိစ္ဆာလမ်းစဉ်ဂိုဏ်းမှ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦးက အေးဆေးစွာ ပြောလိုက်သည်။
"အဲ..."
ဤစကားကို ကြားသောအခါ မိစ္ဆာလမ်းစဉ်ဂိုဏ်းမှ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြား ဆွံ့အသွားကြပြီး၊ ဘာပြောရမှန်းမသိ ဖြစ်နေကြကာ ရင်ထဲတွင်မူ အလွန်တရာ မကျေမချမ်း ဖြစ်နေကြရသည်။
အဘယ်ကြောင့်ဆိုသော် အမှန်တရားမှာ ထိုအတိုင်း ဖြစ်နေသောကြောင့်ပင်။
ယခုတစ်ကြိမ် ရွှမ်ဟွမ်ဂိုဏ်း ဂိုဏ်းချုပ်၏ တိုက်ပွဲမှတ်တမ်းသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းပြီး ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်။
တိုက်ပွဲတစ်ပွဲတည်းဖြင့် စတုတ္ထအဆင့် မိစ္ဆာသားရဲ (၁၀၀)ကျော်နှင့် အဆင့်နိမ့်မိစ္ဆာသားရဲ သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။
ဤသည်မှာ ပြောင်မြောက်သော အောင်ပွဲတစ်ခု ဖြစ်သည်။
ဤတိုက်ပွဲကြောင့် မိစ္ဆာမျိုးနွယ်စုများကိုလည်း ကြောက်ရွံ့သွားစေခဲ့ပြီး သူတို့၏ တိုက်ခိုက်မှုအရှိန်ကို လျော့ကျသွားစေခဲ့သည်ဟု ဆိုကြသည်။
ယခင်ကကဲ့သို့ မောက်မာခြင်း မရှိကြတော့ပေ။
အကယ်၍ သူတို့သာ ရွှမ်ဟွမ်ဂိုဏ်းကို ဇွတ်တရွတ် တိုးတိုက်ခိုက်ပါက အလားတူ ကံကြမ္မာဆိုးနှင့် ကြုံတွေ့ရနိုင်ပေသည်။
"ဟူး... အခုတော့ သည်းခံရုံပဲ ရှိတော့တာပေါ့... 'အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင်'နဲ့ ငါတို့ ရေစက်မပါဘူးလို့ပဲ မှတ်ယူရမှာပဲ..."
"ငါတို့ နတ်ဆိုးသတ်လျှို့ဝှက်နယ်မြေကို ပိုင်ဆိုင်ခဲ့တာ နှစ်ပေါင်းထောင်ချီနေပြီ... ဒါပေမဲ့ 'အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင်'ကို မရခဲ့ဘူး... ဒီကောင်ပေါ်လာတာနဲ့ ချက်ချင်း ရသွားတယ်ဆိုတော့... ငါတို့ မိစ္ဆာလမ်းစဉ်ဂိုဏ်းတွေက ဒီကောင်းကင်အဆင့် ဝိညာဉ်ရတနာကို ပိုင်ဆိုင်ဖို့ ကံမပါဘူးလို့ပဲ ဆိုရမယ်..."
"ဟုတ်တယ်... အရင်တုန်းက ငါတို့ အစီအရင်အတားအဆီးကို ဖွင့်နိုင်ခဲ့ရင်တောင်မှ... ရတနာထိန်းချုပ်မန္တန် မရှိရင် ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို ဘယ်လိုမှ သန့်စင်နိုင်မှာ မဟုတ်ဘူး..."
"ဒီကောင့်ရဲ့ ကံတရားက ကောင်းကင်အထိကို ထိုးဖောက်နေတာပဲ... ခေတ်တစ်ခေတ်ရဲ့ သားတော်လိုမျိုးကို ဖြစ်နေတာ... သူနဲ့ ရန်သူမဖြစ်တာ အကောင်းဆုံးပဲ..."
"ဟုတ်တယ် အမှန်ပဲ... အခုတော့ ငါတို့က မိစ္ဆာသားရဲတွေရဲ့ ကျူးကျော်မှုကို ခုခံဖို့ပဲ အာရုံစိုက်သင့်တယ်... ရွှမ်ဟွမ်ဂိုဏ်းနဲ့ ယှဉ်ရင် မိစ္ဆာသားရဲတွေရဲ့ ခြိမ်းခြောက်မှုက ပိုကြီးတယ်... ဒီမိစ္ဆာသားရဲတွေကို မရှင်းလင်းရင် ငါတို့အားလုံး သေကုန်ကြမှာ..."
မိစ္ဆာလမ်းစဉ်ဂိုဏ်းမှ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြား ဆွေးနွေးငြင်းခုံနေကြသည်။
သူတို့သည် 'အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင်'ကို ပြန်လည်ရယူလိုကြသော်လည်း၊ နှစ်ဖက်အင်အားကို ချိန်ဆကြည့်ပြီးနောက် လက်လျှော့လိုက်ကြရသည်။
အတိတ်တွင် ရွှေခြင်္သေ့ဘုရင်တစ်ယောက် ရေခဲမီးကျွန်းမှာ ပုန်းအောင်းနေတုန်းက သိုင်းလောကသား များစွာသည် လိုက်လံသတ်ဖြတ်ပြီး နဂါးသတ်ဓားကို လုယူဖို့ ကြိုးစားခဲ့ကြသည်။
သို့သော်ငြား တိမ်လွှာဓားအား ဝူတန်ဂိုဏ်း၏ အမည်ပြားပေါ်တွင် ပေါ်တင်ထိုးစိုက်ထားသည့်တိုင် မည်သူမျှ မျက်စောင်းပင် မထိုးရဲချေ။
ဤသည်မှာ အင်အားကွာခြားချက်၏ ပြပုဂ်ပင် ဖြစ်၏။
လက်ရှိ ကျိုးစွေ့သည်လည်း ချန်လန်ပင်လယ်ဒေသ တစ်ခုလုံးကို ခြိမ်းခြောက်နိုင်သော အင်အားမျိုးအား ပိုင်ဆိုင်ထားလေသည်။
(စကားချပ် - မူရင်းစာရေးသူက မှားယွင်းရေးမိတာပဲ ဖြစ်ပါလိမ့်မယ်။ ဝူတန်ဂိုဏ်းမျက်နှာစာမှာ စိုက်ထားတဲ့ ဓားက တိမ်လွှာဓားမဟုတ်ပါဘူး။ တရားမျှတမှုကို ပြသတဲ့သဘောအနေနဲ့ အခြားသောဓားတစ်ချောင်းပါ။)
…………
ထိုအချိန်တွင် ရှေးဟောင်းမိစ္ဆာကမ္ဘာ၊ မိစ္ဆာမျိုးနွယ်စု၏ ဌာနချုပ်တစ်ခု၌...။
စတုတ္ထအဆင့် မိစ္ဆာသားရဲအများအပြား စုဝေးနေကြပြီး ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ် မိစ္ဆာချီများ ဖုံးလွှမ်းနေကာ ကောင်းကင်နှင့် နေကိုပင် ကွယ်ပျောက်စေသည်။
သူတို့၏ မျက်နှာအမူအရာများမှာ အလွန်ပင် လေးနက်နေကြသည်။
အဘယ်ကြောင့်ဆိုသော် မိုးကြိုးသိန်းငှက်မျိုးနွယ်စုစစ်တပ် အကြီးအကျယ် ရှုံးနိမ့်သွားပြီး စတုတ္ထအဆင့် မိစ္ဆာသားရဲ (၁၀၀)ကျော် သေဆုံးသွားသည့် သတင်းကို ယခုလေးတင် သူတို့ ရရှိလိုက်သောကြောင့် ဖြစ်သည်။
အရေအတွက် များပြားလှသော မိစ္ဆာသားရဲအုပ်စုအတွက်ပင်လျှင် ဤသည်မှာ အလွန်ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်။
အဓိကနေရာတွင် ထိုင်နေကြသူများမှာ ပဉ္စမအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ကြောက်မက်ဖွယ် နတ်ဘုရားအသွင်ပြောင်းနယ်ပယ် အရှိန်အဝါများ ပျံ့နှံ့နေပြီး၊ အားလုံးသည် မျိုးနွယ်စုတစ်ခုစီ၏ အရှင်သခင်များ ဖြစ်ကြကာ၊ ကျင့်ကြံခြင်းအဆင့်မှာ နက်ရှိုင်းလှပြီး ကြီးမားသော မိစ္ဆာစစ်တပ်များကို ကွပ်ကဲနေကြသူများ ဖြစ်သည်။ ဤကမ္ဘာလောက၏ ထိပ်ဆုံးတွင် ရပ်တည်နေကြသူများ ဖြစ်သည်။
"ဒီတစ်ခါ ငါတို့ ပေါ့ဆသွားမိတာ အမှန်ပဲ..."
"ချန်လန်ပင်လယ်ဒေသမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူမရှိပေမယ့် ကောင်းကင်အဆင့် ဝိညာဉ်ရတနာတော့ ရှိနေတယ်..."
"လူသား ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေက ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို ထိန်းချုပ်ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်ကြတယ်..."
"တစ်ချက်တည်း တိုက်ခိုက်ခွင့်ရရင်တောင်မှ ငါတို့ကို ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေနိုင်တယ်..."
"ကံကောင်းပြီး ဒီကိစ္စကို ငါတို့ အချိန်မီ သိလိုက်ရလို့... ပိုကြီးမားတဲ့ ဆုံးရှုံးမှုတွေ မဖြစ်အောင် တားဆီးနိုင်ခဲ့တယ်..."
ပဉ္စမအဆင့် မိစ္ဆာသားရဲကျင့်ကြံသူတစ်ဦးက တည်ငြိမ်စွာ ပြောလိုက်သည်။
သူသည် မိုးကြိုးသိန်းငှက်မျိုးနွယ်စု၏ ဘိုးဘေးဖြစ်ပြီး၊ မိုးကြိုးသိန်းငှက်မျိုးနွယ်စု၏ တစ်ဦးတည်းသော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူလည်း ဖြစ်ပေသည်။
ဤတစ်ခေါက် မိုးကြိုးသိန်းငှက်မျိုးနွယ်စု အကြီးအကျယ် ဆုံးရှုံးခဲ့ရခြင်းအတွက် သူ အလွန်တရာ ဒေါသထွက်နေခြင်းမှာ သဘာဝကျပေသည်။
"တောင်းပန်ပါတယ် အရှင်..."
"ဒီတစ်ခါ ကျွန်တော်တို့ ပေါ့ဆသွားမိပါတယ်..."
"ဒါပေမဲ့ စိတ်ချပါ... မကြာခင် ကျွန်တော်တို့ စစ်တပ်ကြီး စုဖွဲ့ပြီး ရွှမ်ဟွမ်ဂိုဏ်းကို ဝင်ရောက် တိုက်ခိုက်ပါ့မယ်..."
"ရွှမ်ဟွမ်ဂိုဏ်းကို ဖျက်ဆီးပြီး သေဆုံးသွားတဲ့ မိစ္ဆာကျင့်ကြံသူတွေအတွက် လက်စားချေပါ့မယ်..."
ထိုအချိန်တွင် စတုတ္ထအဆင့် မိစ္ဆာကျင့်ကြံသူ အများအပြားက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်ကြလေသည်။
"တော်ပြီ..."
"ဒီတစ်ခေါက် မိုးကြိုးသိန်းငှက်မျိုးနွယ်စု အကြီးအကျယ် ဆုံးရှုံးခဲ့ရပေမယ့်... မိစ္ဆာမျိုးနွယ်စုရဲ့ စီမံကိန်းကို ဖျက်ဆီးလို့ မဖြစ်ဘူး..."
"လက်စားချေဖို့ လိုအပ်ပေမယ့် သတိထားဖို့လည်း လိုတယ်..."
"ရန်သူ့အကြောင်း ကိုယ့်အကြောင်း သိမှ စစ်ပွဲတိုင်း နိုင်မှာပေါ့..."
"သိသာတာကတော့... အရင်က ငါတို့ ရထားတဲ့ သတင်းအချက်အလက်တွေက မပြည့်စုံလို့ ဒီလို ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတာပဲ..."
"ကျင့်ကြံခြင်းလောကဆိုတာ ဘာပဲပြောပြော လူသားတွေရဲ့ နယ်မြေပဲ... နှစ်တွေအကြာကြီး ကုန်ဆုံးသွားလို့ လူသားတွေ ယိုယွင်းပျက်စီးသွားပြီ ဆိုပေမယ့်..."
"လှေပျက်ရင်တောင် သံသုံးချောင်း ကျန်သေးတယ်လို့ ဆိုတယ်မလား..."
"ငါတို့ ပဉ္စမအဆင့် မိစ္ဆာသားရဲကျင့်ကြံသူတွေ ဝင်လို့မရနိုင်သေးတဲ့ အခြေအနေမှာ မင်းတို့ ဇွတ်တိုးလုပ်ရင် တပ်ဖွဲ့တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်..."
"ဒါကြောင့် နောက်တစ်ဆင့် မင်းတို့ လုပ်ရမယ့်အလုပ်က ချန်လန်ပင်လယ်ဒေသကို သိမ်းပိုက်ဖို့ မဟုတ်ဘူး... တည်ငြိမ်တဲ့ အခြေစိုက်စခန်းတစ်ခု တည်ဆောက်ဖို့ပဲ..."
"ငါတို့ မိစ္ဆာမျိုးနွယ်စုအတွက် ကျင့်ကြံခြင်းလောကမှာ တည်ငြိမ်တဲ့ နယ်မြေတစ်ခု တည်ဆောက်ရမယ်..."
"ကမ္ဘာ့တံခါးပေါက် ပိုကျယ်လာပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူတွေ ဝင်လို့ရတဲ့အထိ စောင့်ပြီးမှ ဒီကမ္ဘာကို အကုန်သိမ်းပိုက်ရင်လည်း နောက်မကျသေးဘူး..."
မိုးကြိုးသိန်းငှက်မျိုးနွယ်စု ဘိုးဘေးက ပြောလိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာကျင့်ကြံသူများကို ကြည့်လိုက်သည်။
သူသည် အလွန် ဒေါသထွက်နေသော်လည်း စိတ်လိုက်မာန်ပါ လုပ်ရမည့်အချိန် မဟုတ်ကြောင်း သိထားပေသည်။
အကယ်၍ ဤတစ်ကြိမ်သာ ထပ်မှားပါက စတုတ္ထအဆင့် မိစ္ဆာသားရဲ (၁၀၀)ကျော် သေဆုံးရုံနှင့် ပြီးဆုံးသွားမည် မဟုတ်ချေ။
ကျန်နေသော စတုတ္ထအဆင့် မိစ္ဆာသားရဲ နှစ်ထောင်၊သုံးထောင်လောက်ပါ ကျင့်ကြံခြင်းလောကထဲတွင် သေဆုံးကြရပေလိမ့်မည်။
ဤသည်မှာ သူတို့ လက်မခံနိုင်သော ဆုံးရှုံးမှုဖြစ်သကဲသို့၊ ထိုသို့သော အခြေအနေမျိုး ဖြစ်လာခွင့်လည်း ပေးခွင့် မပြုနိုင်ချေ။