← Chapters

အခန်း (၉၂၇-၉၂၈)

Vol. 78 Ch. 927-928

အခန်း (၉၂၇-၉၂၈)

Vol. 78 Ch. 927-928

အခန်း ၉၂၇ –

ကြီးကြပ်သူ ... ။

“ ထောင်ခြောက် ... ။ ”

ချက်ချင်း လော့ကျိဟုန်တစ်ယောက် မျက်နှာပျက်ယွင်းသွား၏။ သူတို့အားလုံးသည် တစ်ဖက်လူ၏ လှည့်ကွက်ထဲ ဝင်သွားချေပြီ။

“ အရမ်းကောက်ကျစ်တယ် ... ။ ”

လေးယောက်သား ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။ စုရီမှ ပြုံးလျက်၊

“ မစိုးရိမ်ကြနဲ့ ... ငါမင်းတို့ကိုဖိတ်ခဲ့တာ မျက်နှာချင်းဆိုင်တိုက်ချင်လို့ပါ ထောင်ချောက်နဲ့ သတ်ဖို့အစီအစဉ်မရှိပါဘူး ... ဒီဝင်္ကပါကလည်း မင်းတို့တွေမပြေးနိုင်အောင်ပါ။ ”

စုရီက လက်ဝှေ့ရမ်းလျက် လေထုအလယ် ဝင်္ကပါကြီးကို ထုတ်ပြလိုက်သည်။ အလင်းများ တောက်ပလျက် တာအိုသင်္ကေတအချို့ လေထဲယိမ်းနွဲ့နေချေပြီ။

“ ကဲ ... ဘယ်သူငါနဲ့ အားပါးတရ တိုက်ချင်လဲ တစ်ယောက်ချင်းလား ဒါမှမဟုတ် အားလုံးအတူလာမှာလား ... ငါ့ကိုသတ်နိုင်ခဲ့ရင် ဝင်စားခြင်းဥပဒေက မင်းတို့အပိုင်ပဲ။ ”

ထိုမြင်ကွင်းကြောင့် ပုန်းနေသော မုချန်းယွမ်ခမျာ တံတွေးများမျိုချလိုက်မိသည်။ ဤသည်မှာ မည်သို့သော ရဲရင့်မှုမည်နည်း။

ထုံရှောက်အဆင့် လေးဦးကို တပြိုင်နက်တည်း ရင်ဆိုင်လိုသည်လော။ မည်သို့သော ဧကရာဇ်သည် ထိုမျှ သတ္တိရှိမည်နည်း။

“ သတ် ... ။ ”

လော့ကျိဟုန်က အော်ဟစ်လျက် မြားတစ်စင်းကို စတင် ပစ်လွှတ်လိုက်တော့၏။ ရွေးချယ်စရာမရှိတော့သဖြင့် လက်ဦးမှု ရယူရန် ဆုံးဖြတ်လိုက်ခြင်းပေပင်။

ကျန်ရှိနေသော နယ်ပယ်ဘုရင်များက အရပ်လေးမျက်နှာသို့‌ရွေ့လျားကာ စုရီကို ဝိုင်းရံ တိုက်ခိုက်လိုက်တော့၏။

“ သတ် ... ။ ”

ချန်ချွမ်းထံမှ ရွှေလှံတို၊ ဝမ်မို၏ဓား၊ ယန်ဖုန်း၏ကြေးညိုရောင်နှင်တံ စသည်တို့သည် ဖြစ်စဉ်များခေါ်ဆောင်လျက် လေဟာနယ်ကို တုန်ခါသွားစေခဲ့သည်။

စုရီက စကြာဝဠာနှလုံးသားကို ထုတ်ယူလျက် ချက်ချင်းခုခံချေဖြတ်တော့၏။ နယ်ပယ်ဘုရင်လေးဦးခမျာ တိုက်ခိုက်မှုများကို ပေါင်းစပ်လိုက်သဖြင့် ပြင်းထန်လွန်းချေပြီ။

“ ဝုန်း ... ။ ”

“ ကလန် ... ကလန် ... ။ ”

စုရီက ငွေမြားကို ဝင်စားခြင်းဥပဒေဖြင့် ပျက်ပြယ်စေပြီး အခြားသောလက်နက်များထံ ချက်ချင်း တိုက်ခိုက်လိုက်၏။

“ ဒါ ... ။ ”

“ ဝုန်း ... ။ ”

ချန်ချွမ်း၏ ‌ရွှေလှံတိုမှာ အပိုင်းပိုင်း ပြတ်သွားပြီး ခန္ဓာကိုယ်သည် ဓားစွမ်းအင်တွင် ကြေမွပျောက်ကွယ်သွားခဲ့တော့သည်။

“ ဘယ်လောက်မြန်လိုက်လဲ ... ။ ”

ဝမ်မိုတစ်ယောက် အော်ဟစ်လျက် ခုခံကာကွယ်မှုရတနာများ အသက်သွင်းကာ ‌ရှောင်တိမ်းလိုက်၏။

“ ရွှပ် ... ။ ”

ချက်ချင်းဆိုသလိုပင် ရွံ့နွံ့အတွင်း ကျဆင်းသွားကဲ့သို့ တောက်ပသော ဓားအလင်း အောက်တွင် နှစ်ပိုင်း ပြတ်သွားတော့သည်။

ဤမြင်ကွင်းသည် ချောင်းကြည့်နေသော မုချန်းယွမ်ကို နှလုံးသားများ ပေါက်ကွဲလုမတတ် ထိတ်လန့်သွားစေ၏။ ဤသည်မှာ တိုက်ပွဲဟု မည်သို့ခေါ်ဆိုဝံ့သနည်း။

ကြက်ခြံအတွင်းမှ ကြက်များကို သတ်နေသည်နှင့်သာတူချေပြီ။ နယ်ပယ်ဘုရင် ဟူသည် မည်သည့်အချိန်မှစကာ ဤမျှသော အားနည်းနေရသနည်း။

“ ပြေး ... ။ ”

‌လော့ကျိဟုန်က အော်ဟစ်လိုက်သည်။ ယန်ဖုန်းသည်လည်း ထိုမတိုင်မီရှေးမစွတည်းက ထိတ်လန့်တကြားဖြင့် ဟင်းလင်းပြင်ကိုခွင်းကာ လှည့်ထွက်ပြေးနေပြီဖြစ်၏။

“ ဘန်း ... ။ ”

သို့သော် မလွတ်မြောက်ချေ။ ဓားအလင်းအောက်တွင် အသားစများအဖြစ် ကြေမွသွားရတော့၏။ အော်သံများပင် မပြုနိုင်ခဲ့ချေ။

လော့ကျိဟုန်တစ်ယောက် လှည့်မကြည့်တော့ဘဲ မှုန်နေအောင်လှည့်ပြေး တော့၏။ သူသည် မြားဖြင့်အဝေးမှသာ တိုက်ခိုက်ခဲ့သူဖြစ်ရာ ပို၍ အခွင့်အရေးရှိသည်။

“ ဘုန်း ... ။ ”

“ အား ... ။ ”

သို့သော် ခဏချင်းမှာပင် လော့ကျိဟုန်တစ်ယောက် လေဟာနယ်အတွင်း မူးဝေသွားသောအသွင်ဖြင့် ပြန်လည်ထွက်ပေါ် လာတော့၏။

စုရီသည် လိမ်ညာခြင်း မဟုတ်ကြောင်း သိရှိလိုက်သည်။ ဤပတ်ဝန်းကျင်တစ်ခုလုံးတွင် ထွက်ပြေး၍မရအောင် ဝင်္ကပါကြီးတစ်ခုဖြင့် လုံးဝပိတ်ဆို့ထားချေပြီ။

“ ချိုးဖြတ် ... ။ ”

“ ဘောင်း ... ။ ”

“ ဝုန်း ... ။ ”

အံကြိတ်လျက် အရိုးဖြူလေးဖြင့် ရှေ့မှ နံရံများကိုရိုက်ခွဲကာ အတင်းတိုးထွက်လိုက်၏။ သို့သော် ကိုးခုမြောက်နံရံကို ချိုးဖွင့်ပြီးနာက် မျက်ဝန်းများ ပြူးကျယ်သွားရသည်။

“ ပြန်ရောက်လာတာလား ... ။ ”

ရှိသမျှ စွမ်းအားဖြင့် ဖောက်ထွက်ခဲ့သော်လည်း ချော်ရည်အိုင်ထံသာ ပြန်လည်ရောက်ရှိလာ၏။

“ ဒါ ... ။ ”

လော့ကျိဟုန်တစ်ယောက် ထိတ်လန့်တကြားရှောင်တိမ်းရန် ပြင်လိုက်စဉ် ထက်ရှသောအလင်းကို မြင်လိုက်ရ၏။

“ ဝုန်း ... ။ ”

ထို့ကြောင့် အချိန်မရှိတော့ဘဲ အရိုးဖြူလေးကိုဝှေ့ရမ်းကာ ကာကွယ်လိုက်၏။ လှိုင်းလုံးကြီးအလား ပြင်းပြသောဥပဒေစွမ်းအား စည်းမျဉ်းတစ်ခုက အရိုးဖြူလေးကိုချိုးဖြတ်ကာ သူ့ကိုတစ်ပါတည်း သုတ်သင်သွားလေသည်။

“ ဟမ့် ... မင်းတို့သာ ထွက်မပြေးဘဲ နည်းနည်းတောင့်ခံနိုင်ရင် ဒီလောက်မြန်မြန်ကြီး သေရမှာ မဟုတ်ဘူး ... ။ ”

ဤနည်းဖြင့် နယ်ပယ်ဘုရင်လေးပါး သွေးမြူအဖြစ်ပြောင်းလဲသွား၏။ စုရီခမျာ သက်ပြင်းချလိုက်သည်။

ပြိုင်ဘက်များသည် သည့်ထက်ပို၍ ဖိအားပေးနိုင်ပါက ရွှမ်ဟဲအဆင့်နှောင်းပိုင်းထံ တတ်ရောက်နိုင်ပေမည်။ ယခုမူ အနည်းငယ် နိုးထခြင်း၌ ရပ်တန့်သွား၏။

“ အောင်ပွဲအတွက် ဂုဏ်ယူပါတယ် သခင်။ ”

ထိုစဉ် မုချန်းဟွမ်သည် ကျောက်တုံးအကွယ်မှ ချက်ချင်းထွက်လာပြီး စုရီအပေါ် ဂုဏ်ပြုစကားဆိုသည်။ စုရီက လှည့်ကြည့်ကာ ရုတ်တရက် အကြံရလာ၏။

“ မင်း ... ငါနဲ့တိုက်ပါ ... ။ ”

စကားဆုံးသည်နှင့် စုရီက မုချန်းယွမ်ထံ ပြေးဝင်သွားလေသည်။ မုချန်းယွမ်တစ်ယောက် မမျှော်လင့်ထားသဖြင့် မျက်ဝန်းများ ပြူးကျယ် သွားချေပြီ။

“ သခင် ... ဒါ ။ ”

“ ဘုန်း ... ။ ”

“ အား ... ။ ”

နာကျင်စွာအော်ဟစ်လျက် အဝေးသို့ လွင့်စဉ်သွားပြီး ဝင်္ကပါအတားအဆီးအလွှာဖြင့် တိုက်မိကာ နာကျင်စွာအော်ဟစ်လိုက်၏။

“ ငါ့ကိုတိုက် ... ။ ”

သို့တိုင် စုရီမှ အော်ဟစ်လျက် ပြေးဝင်လာပြန်လေသည်။ ဤတစ်ကြိမ်တွင် မုချန်းယွမ်သည် အံကြိတ်လျက် ကျင့်ကြံမှုကို အသက်သွင်းကာ တိုက်ခိုက်မှုကိုခံယူ၏။

“ ဘုန်း ... ။ ”

“ အား ... ။ ”

“ စိတ်ပျက်စရာပဲ ... ။ ”

“ သခင် ... မင်းပျော်သရွေ့ ဒီကျွန်အိုကြီး အဆင်ပြေပါတယ်။ ”

မုချန်းယွမ်က ချက်ချင်းထရပ်ကာ စုရီအပေါ်ရိုသေစွာ ဦးညွှတ်လိုက်လေသည်။ သူ့ မျက်နှာသည် နာကျင်သော်မှ ပြုံးနေဆဲဖြစ်၏။ စုရီမှ ခေါင်းရမ်းလျက်၊

“ မြေပြင်ရှင်းလင်းရေးလုပ်ပြီး ငါ့ဆီလာခဲ့။ ”

-ဟု ဆိုကာ ကျောက်ဆောင်ပေါ် ပြန်လည် ဆင်းသက်သွားတော့သည်။

သူသည် ပြိုင်ဘက်လိုခြင်းဖြစ်၏။ ဖွဲအိတ်တစ်လုံးကို ထိုးနှက်ရမည့် နယ်ပယ်မျိုး မဟုတ်ချေ။ စိတ်ပျက်စရာပေပင်။ အရှက်မဲ့ပြီး ကျောရိုးကင်းမဲ့လွန်းချေ၏။

“ ကျေးဇူးတင်ပါတယ် သခင်။ ”

မုချန်းယွမ်မှ နှုတ်ခမ်းမှ သွေးများပင် မသုတ်နိုင်တော့ဘဲ စိတ်သက်သာရဟန်ဖြင့် အလောင်းများထံမှ ကျန်ရစ်ပစ္စည်းများကို လိုက်လံကောက်ယူနေတော့၏။

“ မင်းတို့ဘယ်မှာလဲ ... ။ ” (မော့ရှုံရှန်း)

“ စုရီကို တွေ့ပြီလား ... ။ ” (မော့ရှုံရှန်း)

“ ဘာလို့ တစ်ယောက်မှ စကားမပြန်ရတာလဲ။ ” (မော့ရှုံရှန်း)

ထိုအချိန်တွင် မော့ရှုံရှန်းတစ်ယောက် ပျက်စီးနေသော ဘုံကျောင်းအဟောင်းတစ်ခု၏ ရှေ့တွင်ရပ်ကာ စာပို့နေသည်။

“ တစ်ခုခုတော့ မှားနေပြီ။ ”

တစ်ဖက်မှ လော့ကျိဟုန်နှင့်အဖွဲ့သည် ဝင်စားခြင်းဥပဒေကို ရရှိသွားပြီးနောက် သူ့ကို ဖယ်ကျဉ်ထားခဲ့ခြင်းပင်လော။ သို့မဟုတ် မတော်ဆမှုကြုံနေရခြင်းပင်လော။ သူ ဝေခွဲမရဖြစ်လာ၏။

အဆုံး၌ အံကြိတ်လိုက်ပြီး၊

“ စီနီယာ ... ဒီဂျူနီယာမှာ တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်တစ်ခု ရှိပါတယ် အဲဒါနဲ့ စီနီယာရဲ့ အသိအမှတ်ပြုမှုကို လဲလှယ်ခွင့်ပြုပါ။ ”

-ဟု အော်ဟစ်လျက် ဘုံကျောင်းပျက်ထံ ဦးညွှတ်လိုက်တော့၏။

“ ဟား ဟား ဟား ... ဒီလောကမှာ ငါစိတ်ဝင်စားနိုင်တဲ့ လျှို့ဝှက်ချက်ရှိနေတာလား မင်းသေချာလား။ ”

ဘုံကျောင်းပျက်အတွင်းမှ အေးစက်လှောင်ပြောင်လိုသော အသံတစ်သံ ထွက်ပေါ်လာသည်။

“ဒီလျှို့ဝှက်ချက်က ဝင်စားခြင်းသံသရာပါ စီနီယာ။ ”

“ ဟမ့် ... ။ ”

ရုတ်တရက် ဘုံကျောင်းကိုပိတ်ထားသော တံဆိပ်ပွင့်ထွက်လာပြီး ကြောက်မက်ဖွယ်ရာ ရောင်ဝါတစ်ခု တိုးထွက်လာတော့၏။

ကောင်းကင်တခွင် သွေးရောင် ပြောင်းလဲလာပြီးတံခါးဝ၌ လူငယ်တစ်ဦး ပေါ်လာသည်။

ဆီးနှင်းကဲ့သို့ ဖြူစင်သောဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်ခုံးနှစ်ဖက်ကြားနေရာတွင် သွေးကြာပန်း ပုံ တံဆိပ်တစ်ခုရှိ၏။

သူ လှမ်းထွက်လာသည်နှင့် ဖရိုဖရဥပဒေစည်းမျဉ်း နိယာမစွမ်းအားများမှာ ပတ်ဝန်းကျင်တွင် လှည့်ပတ်လာခဲ့သည်။

မော့ရှုံရှန်းတစ်ယောက် အသက်ရှူ ကြပ်သွားတော့၏။ စစ်မှန်သော နတ်ဘုရား တစ်ပါးရှေ့ရပ်နေရသလိုပေပင်။

“ ငါ အပြင်ကို ထွက်ဖို့ မရည်ရွယ်ဘူး ... ဒီနားတဝိုက်လမ်းလျှောက်ရုံပဲ ငါ့ကိုမတားနဲ့။ ”

ထိုအဖြူဝတ်လူငယ်က ကောင်းကင်ကို မော့ကြည့်ကာ လက်တစ်ချက် ခါယမ်းလိုက်၏။ ခဏချင်းမှာပင် သွေးရောင်ကောင်းကင်သည် လွင့်ပြယ်တိတ်ဆိတ်သွားတော့သည်။

ဤသည်မှာ ကြီးကြပ်သူတစ်ဦး၏ အာဏာစက်ပေပင်။ ဤရွှေဟွမ်ကြယ်စုသည် သူတို့ကဲ့သို့ ကြယ်လွင်ပြင်ဒေသကြီးမှ လူအများ ထင်ထားသည်ထက် များစွာ နက်နဲချေ၏။

“ ပြောစမ်း ဘယ်သူလဲ ... ။ ”

အဖြူဝတ်လူငယ်က မော့ရှုံရှန်းကို ပြန်ကြည့်လိုက်သည်။ မော့ရှုံရှန်းသည် စုရီ၏ အကြောင်းအရာအားလုံးကို အကုန်အစင် ပြန်ပြောပြလိုက်၏။

အဖြူဝတ်လူငယ်၏ မျက်လုံးများထဲတွင် ထူးဆန်းသောအလင်းများ ဖြတ်ပြေးသွားကာ နှုတ်ခမ်းများတွန့်ကွေးလာ၏။

“ ကမ္ဘာဦးခေတ်တည်းက စောင့်စားခဲ့ရတဲ့ အခွင့်အရေး ... တကယ်ပဲဒီနေ့ရောက်လာပြီ သူ အခုဘယ်မှာလဲ ငါ့ကိုလမ်းပြပါ။ ”

ထို့နောက် မော့ရှုံရှန်း၏ပုခုံးကိုကိုင်လျက် အဖြူဝတ်လူငယ်က လေထဲလှမ်းတက်လိုက်၏။ လေဟာနယ်တစ်ခုလုံးပြိုကျကာ နှစ်ဦးသား ရိပ်ခနဲ ပျောက်ကွယ်သွားတော့သည်။

***

အခန်း ၉၂၈ -

ပါးရိုက်ခြင်း ... ။

ချော်ရည်ကန်ဘေးရှိ ကျောက်တုံးကြီးပေါ်တွင် စုရီသည် တရားထိုင် နေတော့၏။ မုချန်းယွမ်က တိုက်ပွဲအတွင်း ကျန်ရှိပစ္စည်းများကို စုဆောင်းကာ ရေတွက်ကြည့်နေသည်။

ရွှမ်ဟွမ်မိခင်ချီပါရှိသောတံဆိပ် (၃၂)ခု၊ နယ်ပယ်ဘုရင်အဆင့်ဆေးပြား၊ ရတနာများနှင့် လျှို့ဝှက်နည်းစနစ် များစွာ တောင်ငယ်လေး တစ်ခုကဲ့သို့ စုပုံနေတော့၏။

“ ဟမ့် ... ဒီရတနာတွေကိုသာ ရတနာဝိညာဉ်ခန်းမမှာ ... လဲလှယ်လိုက်ရင် ကြယ်ဝိညာဉ်သွေးကျောက်တုံးတွေ မယုံနိုင် လောက်အောင်ရနိုင်တယ်။ ”

မုချန်းယွမ်တစ်ယောက် အနည်းငယ် မနာလိုဖြစ်ကာ ခက်ခက်ခဲခဲ တံတွေးမျိုချလိုက် လေသည်။

ကြယ်လွင်ပြင်ဒေသတွင် ရတနာဝိညာဉ်ခန်းမဟူသည် နံပါတ်တစ် ကုန်သွယ်ရေး ခန်းမဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော နောက်ခံရှိ၏။ ကြယ်လွင်ပြင်ရှိ ဧရာမဘီလူးကြီး များပင် ရတနာဝိညာဉ်ခန်းမနှင့် ကုန်သွယ်မှု ပြုလုပ်လိုကြသည်။

အကြောင်းရင်းမှာ ရိုးရှင်းချေ၏။ ထိုရတနာဝိညာဉ်ခန်းမတွင် ရှားပါးရတနာများ များပြားလွန်းသောကြောင့် ပေပင်။

ကြယ်ဝိညာဉ်သွေးကြောများဟု ခေါ်သောအရာများအတွက်မူ ကြယ်စုတစ်ခု၏ မဟာတာအိုမူလမှ မွေးဖွားလာသော တာအို ကျောက်တုံးများဟုလည်း လူသိများသည်။

၎င်းတို့သည် နယ်ပယ်ဘုရင်များအတွက် မရှိမဖြစ် ကျင့်ကြံမှုအရင်းအမြစ်များဖြစ်ချေ၏။ ဝိညာဉ်ကျောက်တုံးများလို ပေပင်။

ထိုကဲ့သို့သော နတ်ဘုရားဆန်သည့် အရာဝတ္ထုများသည် သာမန်ဆေးဝါးများနှင့် ဆေးဘက်ဝင်အပင်များထက် သာလွန်၏။

“ လူသတ်ပြီး လုယူတာက ချမ်းသာကြွယ်ဝမှုကို ယူဆောင်လာပေးပေမယ့် တံတားတွေဆောက်ပြီး လမ်းတွေပြင်တာက အကျိုးအမြတ်မရှိဘူး ...

... တကယ်တော့ လူတစ်ယောက်ဟာ ရိုးရိုးသားသားနဲ့ ချမ်းသာလာမှာ မဟုတ်သလို မြင်းတစ်ကောင်ကလည်း ညဘက်အစာ မစားရင် ဝလာမှာမဟုတ်ဘူး။ ”

မုချန်းယွမ်က သက်ပြင်းချလျက် တစ်ယောက်တည်း ညည်းတွားလိုက်တော့၏။ နတ်ဘုရားသင်္ချိုင်းတားမြစ်မြေ၏ ပြင်ပဒေသ၌ အခွင့်အလမ်းများ ရှိနေသော်လည်း အလွန် အန္တရာယ်များနေသေးသည်။

လူများကို သတ်ဖြတ်ကာ ရတနာများသိမ်းပိုက်သည့် ဤနည်းလမ်းကဲ့သို့ လုံခြုံမှုမရှိချေ။

“ ဟမ့် ... ။ ”

ရုတ်တရက် အဝေးတွင် ကောင်းကင်နှင့် မြေကြီးသည် ပြင်းစွာတုန်ခါသွားပြီး အာကာပြင် အက်ကွဲလာလေသည်။

မုချန်းယွမ်၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး ချက်ချင်းမော့ကြည့်လိုက် တော့၏။ တရားထိုင်နေသော စုရီသည်လည်း တိတ်ဆိတ်စွာ မျက်လုံးများဖွင့်လာသည်။

ဝေးလံသော အာကာသထဲတွင် မှုန်ဝါးပါးလွှာသော ပုံရိပ်နှစ်ခုပေါ်လာသည်ကို မြင်လိုက်ရသည်။ ကြီးကြပ်သူ အဖြူရောင်ဝတ် အမျိုးသားနှင့် မိုရွန်ရှန်မှတပါး အခြားမဟုတ်ချေ။

“ မော့ရှုံရှန်း ... ။”

မုချန်းယွမ်သည် မော့ရှုံရှန်းကိုမြင်ပြီးနောက် သူ့ဘေးမှလူထံ ကြည့်လိုက်သည်။ တစ်ဖက်လူမှ ဤမျှမြန်မြန် အောင်မြင်သွားလိမ့်မည်ဟု မထင်ထားချေ။

စုရီ၏အကြည့်များသည် အဖြူရောင် ဝတ်ရုံဝတ်ထားသူထံသာ ကျရောက်သွားသည်။ တစ်ဖက်လူရောင်ဝါသည် အလွန်ပင် အစွမ်းထက်၏။

သူ့တည်ရှိမှုသည် ကောင်းကင်နှင့် မြေကြီးကြား ဥပဒေစည်းမျဉ်းများဖြင့်မှေးမှိန်စွာ ဆက်သွယ်ထားနိုင်သည်။

“ မုချန်းယွမ် ... မင်းမသေသေးဘူးလား ... တခြားသူတွေ ဘယ်မှာလဲ။ ”

မော့ရှုံရှန်းသည်လည်း မုချန်းယွမ်ကို မြင်ပြီးနောက် အံ့အားသင့်စွာအော်ဟစ်မေးမြန်း လိုက်တော့၏။

“ ဖြန်း ... ။ ”

အဖြူရောင်ဝတ်လူသည် မျက်မှောင်ကြုတ်ကာ လေထဲသူ့လက်ကို ပေါ့ပေါ့တန်တန်ပုတ်လိုက်သည်။

မော့ရှုံရှန်တစ်ယောက် ပါးရိုက်ခံရပြီး သူ့ခန္ဓာကိုယ်သည် နောက်ပြန်လွင့်ကာ အဝေး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။

“ ကျင့်ဝတ်ရှိပါ ... ။ ”

သည့်နောက် အဖြူရောင် ဝတ်ရုံဝတ်ထားသောလူက မော့ရှုံရှန်းအပေါ် လျစ်လျူရှုကာ ဂရုမစိုက်သလို ပြောကြား လိုက်သည်။

မော့ရှုံရှန်းခမျာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အသံတစ်သံမျှပင် မထွက်ဝံ့ တော့ချေ။ ရှက်ရွံစွာခေါင်းငုံ့သွား၏။

“ ဒီလူ ... ။ ”

တစ်ဖက်တွင် မုချန်းယွမ်သည် ဆံပင်မွှေးများထောင်လာပြီး ထိတ်လန့်သွား၏။ အဖြူရောင်ဝတ်လူသည် နတ်ဘုရားတစ်ပါး ကဲ့သို့ လှုပ်ရှားမှုတိုင်းတွင် အထွတ်အထိပ် စွမ်းအားများ ပါရှိနေချေပြီ။

ယင်ကောင်တစ်ကောင်ကို ရိုက်ခတ်လိုက်သည့်အလား ပေါ့ပေါ့တန်တန် တိုက်ခိုက်မှုတစ်ခုသည် နယ်ပယ်ဘုရင် တစ်ပါးကို လွင့်စင်စေ၏။

ကမ္ဘာကြီးတစ်ခုလုံး ဖိနှိပ်ချုပ်ချယ်မှုများ ဆင်းသက်လာပြီး သေမင်တမန် တိတ်ဆိတ် သွားတော့သည်။

အဖြူရောင်ဝတ်လူ၏ မျက်လုံးများက နက်ရှိုင်းလာကာ တည်ငြိမ်နေသောအသွင်ဖြင့် မုချန်းယွမ်ထံ လှည့်ကြည့်၏။

မုချန်းယွမ်ခမျာ နယ်ပယ်ဘုရင်တစ်ပါး ဖြစ်သော်လည်း ထိုအကြည့်ကို ရင်ဆိုင်ရသော အခါတွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အရေးပါမှုမရှိဟု ခံစားလာရသည်။

ကံကောင်းထောက်မစွာဖြင့် ခဏလေးအတွင်းမှာပင် အဖြူရောင်ဝတ်လူ၏ အကြည့်သည် ချော်ရည်ကန်ဘေးရှိ စုရီထံ ရွေ့သွားသည်။

ထိုအချိန်တွင် စုရီသည်လည်း အလွန်အမင်းဖိအားတစ်ခုကို ခံစားလိုက်ရ၏။ အဆိုပါဖိအားသည် ရှေးဟောင်းတားမြစ်မြေ တစ်ခုလုံး ပြိုကျလာသည့်အလား အလွန်အမင်း ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေသည်။

အကြည့်တစ်ချက်အောက်တွင် အရာအားလုံးကို ကြေမွသွားစေပြီး စိတ်ဝိညာဉ် အကြီးအကျယ်တုန်လှုပ်လာ၏။

စုရီမှ မျက်ခုံးပင့်လိုက်သည်။ သူ တစ်ချက်ကြည့်ရုံဖြင့် တစ်ဖက်လူရောင်ဝါသည် ဤလောက၏ ကောင်းကင်ဘုံစည်းမျဉ်းများနှင့် ချိတ်ဆက်ထားကြောင်း သိနိုင်၏။

ထို့ကြောင့်ပင် ထိုသူ၏အကြည့်သည် ကောင်းကင်ကြီး တစ်ခုလုံး ပြိုကျလာသကဲ့သို့ ခံစားစေရခြင်း ဖြစ်သည်။

ဤအချက်သည် စုရီကိုတစ်စုံတစ်ရာ သတိပြုမိလာစေ၏။ ရှေ့မှလူသည် ကြီးကြပ်သူ တစ်ဦး ဖြစ်ပေလိမ့်မည်။

အကြောင်းမှာ နတ်ဘုရားသင်္ချိုင်း တားမြစ်နယ်မြေ၏ ပြင်ပရှိ ကြီးကြပ်သူများသာ ကောင်းကင်ဘုံ စည်းမျဉ်းများကို အသုံးချ နိုင်သောကြောင့်ပေပင်။

စုရီက ဝင်စားခြင်းဥပဒေကို တိတ်တဆိတ်လှည့်ပတ်လျက် ထိုဖိအားများ အပေါ် ပယ်ဖျက်လိုက်ရ၏။ ဝတ်လုံဖြူဝတ် အမျိုးသားမှာ အံ့အားသင့်သွားပြီး၊

“ ငါက ကြီးကြပ်သူတစ်ယောက်ပဲ ... ငါ့ကိုရှန်းနင်လို့ခေါ်နိုင်တယ် ဒီနေ့မင်းဆီကို ငါလာတာ ကိစ္စတစ်ခုအတွက်ပါ ...

... မင်းရဲ့ ဝင်စားခြင်းလျှို့ဝှက်ချက်သာ အပ်နှံလိုက်မယ်ဆိုရင် ငါ့ရဲ့အသိအမှတ်ပြုမှုကို မင်း ရလိမ့်မယ်။ ”

ရှန်းနင်က မောက်မာစွာ ဆိုသည်။ မုချန်းယွမ်တစ်ယောက် ထိတ်လန့်သွားပြီး မျက်နှာပျက်ယွင်းသွားတော့၏။

တားမြစ်မြေကို စောင့်ကြပ်ရသော ကြီးကြပ်သူတစ်ယောက်အနေဖြင့် စည်းမျဉ်း ချိုးဖောက်နိုင်သည်လော။ စမ်းသပ်ခံ၏ လျှို့ဝှက်ချက်ကို လုယူနိုင်သည်လော။ အဓိပ္ပါယ်မရှိချေ။

“ ဒါဆို ... မင်းလည်း ဝင်စားခြင်း လျှို့ဝှက်ချက်အတွက် လာတာပဲပေါ့ ... ။ ”

စုရီက တစ်ချက်ပြုံးလိုက်ပြီး၊

“ ဒါပေမယ့် ငါ့မှာရွှမ်ဟွမ်တံဆိပ်တွေ လုံလောက်အောင်ရှိနေပြီ မင်းရဲ့အသိအမှတ် ပြုမှုကို မလိုပါဘူး။ ”

-ဟု တုန့်ပြန်လိုက်သည်။ ထိုအဖြေကြောင့် ရှန်းနင်က အေးစက်စွာ နှာခေါင်းရှုံ့၏။

“ ဟမ့် ... မင်း မှားနေပြီ ... ငါ့ကို ဝင်စားခြင်းဥပဒေလျှို့ဝှက်ချက်ကိုသာ မပေးရင် တံဆိပ်ဘယ်လောက်ရှိရှိ အလကားပဲ။ ”

“ အိုး ... ဒါဆို မင်းက ဒီတားမြစ်နယ်မြေကြီးရဲ့ စည်းမျဉ်းတွေအပေါ် ဂရုမစိုက်တော့ဘူးပေါ့။ ”

“ မှားတယ် ... ငါ ပြောသမျှစကားတိုင်းက စည်းမျဉ်းပဲ။ ”

တစ်ဖက်တွင် အဝေးရှိ မော့ရှုံရှန်းသည် စုရီတို့စကားဝိုင်းကိုနားထောင်ကာ စိတ်ထဲမှ ကျေနပ်နေမိသည်။

ကြီးကြပ်သူသည်သာ ဤလူငယ်ကိုသတ်နိုင်သော် မစ်ရှင်အောင်မြင် ပေမည်။ တစ်ဖက်တွင် သူ့အကျိုးဆောင်မှုအရ ဗဟိုဒေသသို့ ဝင်ရောက်ကျင့်ကြံနိုင်၏။

“ ကောင်းပြီ ... ဒါဆို မင်းရဲ့စည်းမျဉ်းက ဘယ်လောက်ခိုင်မာလဲဆိုတာ ငါကြည့်ပါရစေ။ ”

စုရီ၏ အရှိန်အဝါမှာ ရုတ်ချည်းပင် မြင့်တက်လာပြီး ဝင်စားခြင်းသံသရာဥပဒေ စည်းမျဉ်းများသည် စက်ဝိုင်းအသွင် သူ့နောက်၌ ထွက်ပေါ်လာသည်။

ယင်းသည် မီးခိုးရောင်စက်ဝန်းကြီး တစ်ခုဖြစ်ကာ ကောင်းကင်တခွင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။

ထိုခဏ၌ စုရီသည် အင်မော်တယ် တစ်ပါးအလား သံသရာကိုကိုင်တွယ်သူအဖြစ် ပြောင်းလဲသွားချေပြီ။

“ ဟမ့် ... ။ ”

ရှန်းနင်သည် လက်ဝှေ့ယမ်းကာ တားမြစ်မြေကောင်းကင်ရှိ စည်းမျဉ်းများကို ချက်ချင်းစုစည်းကာ လှံတစ်စင်းဖန်တီးပြီး ထိုးသွင်းလိုက်တော့၏။

ထိုလှံသည် ကောင်းကင်ဘုံမှ စီရင်ချက်ချလိုက်သည့် လှံချက်တစ်ချက်အလား ပြင်းထန်လှချေပြီ။ စုရီမှ ဓားကိုဆွဲထုတ်ကာ ခုခံလိုက်ရတော့၏။

“ ကလန် ... ကလန် ... ။ ”

“ ဘုန်း ... ။ ”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပတ်ဝန်းကျင်တောင်တန်းများ ပြိုလဲလုနီးပါးပင် တုန်ခါသွား၏။ အကျိုးဆက်အနေဖြင့် စုရီသည် ပေတစ်ရာခန့် နောက်သို့လွင့်စင်သွားရ၏။

“ ဒါက ဝင်စားခြင်းရဲ့ စွမ်းအားလား ... ။ ”

ထိုမြင်ကွင်းသည် ရှန်းနင်၏ မျက်လုံးများ၌ရူးသွပ်သော လောဘစိတ်များဖြင့် တောက်ပလာစေသည်။ တစ်ဖက်တွင် စုရီသည် မျက်ဝန်းများ မှေးစင်းသွား၏။

သူ့ပြိုင်ဘက်သည် ကောင်းကင်ဘုံ စည်းမျဉ်းများကို အသုံးပြုနေသည်။ ထို့ကြောင့် ဤနယ်မြေ၌ ပြိုင်ဘက်ကင်းနတ်ဘုရား တစ်ပါးနှင့်တူနေတော့၏။

သည်လူကို ဖြုတ်ချလိုသော် ကောင်းကင်ဘုံစည်းမျဉ်းများနှင့် ထိုလူအကြား ဆက်သွယ်မှုအပေါ် ဦးစွာ ဖြတ်တောက် ရပေမည်။

“ ဟမ့် ... ။ ”

တွေးတောနေဆဲမှာပင် ရှန်းနင်က နောက်ထပ် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ပြင်လိုက်လာ၏။

ထို့ကြောင့် စုရီက စကြာဝဠာနှလုံးသား ဓားကိုထုတ်ပြီး ဓားရည်ရွယ်ချက်များ ထုတ်ဖော် လိုက်‌တော့သည်။

ယင်းသည် အရုဏ်ဦးအလင်းရောင်ကဲ့သို့ တောက်ပနေပြီး ရှေးဦးခေတ်အငွေ့အသက်များ ပါရှိနေ၏။

ဤဥပဒေသည် ကံကြမ္မာမြစ်မှ ဆင်းသက်လာသောဥပဒေပေပင်။ ဝင်စားခြင်း ဥပဒေထက် သာလွန်နက်နဲသည်။

“ ဝှစ် ... ။ ”

စုရီက ဓားကိုဝှေ့ယမ်းလိုက်သည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားတော့သည်။

“ သွား ... ။ ”

“ ဂျိန်း ... ။ ”

ရှန်းနင်က မိုးကြိုးလှံကြီးတစ်စင်းကို ဖန်တီးကာ ထိုဓားချက်ကို ထိုးသွင်းပယ်ဖျက် လိုက်၏။ ဤတစ်ကြိမ်တွင် မိုးကြိုးလှံအတွင်း ကောင်းကင်ကပ်ဘေးကြီး လိုက်ပါလာသည်။

သို့သော် စုရီ၏ဓားတွင် အရာခပ် ပျက်ပြယ်နေပြီး ကမ္ဘာကြီးတစ်ခုလုံး လွင့်ပြယ် လိုက်ပါနေ၏။

ကောင်းကင်ကြီးသေဆုံးကာ မြေပြင်များပဲ့ကြွေနေသည်။ ကြယ်တာရာများ မှိန်ဖျော့လျက် နဂါးငွေ့တန်းကြီး အော်ဟစ် ရုန်းကန်လာ၏။

ရှေ့ဦးခေတ်၊ သမိုင်းမတင်မီခေတ်၊ နတ်ဆိုးခေတ်စသည့် ခေတ်အသီးသီးတို့သည် ဓားချက်အတွင်း ပျက်သုန်းနေကာ အချိန်များ ပျောက်ကွယ်ကုန်သည်။

“ ဘယ်လိုဥပဒေကြီးလဲ ... ။ ”

ဖြစ်စဉ်များထံကြည့်ပြီး မော့ရှုံရှန်းနှင့် မုချန်းယွမ်မှာ မျက်လုံးပြူးသွား၏။ ထိုဓားသည် အရာရာကိုဖျက်ဆီးနိုင်နေသည်။

ဤသည်မှာ အရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေစွမ်းအားပင်။ ရှန်းနင် ထိန်းချုပ်ထားသော ကောင်းကင်ဘုံစည်းမျဉ်းသည် ထိုဓားအောက်၌ ချက်ချင်းဖုန်မှုန့်များအလား ပျက်ပြယ်သွား၏။

“ ဒါ ... ။ ”

ရှန်းနင်တစ်ယောက် မယုံနိုင်အောင် ဖြစ်သွားသည်။ သူ့တစ်သက် ဤကောင်းကင်ဘုံ စည်းမျဉ်းကို ဖြတ်တောက်နိုင်သည့် စွမ်းအားမျိုး မမြင်ဖူးခဲ့ချေ။

“ မင်းသေလိုက်တော့ ... ။ ”

တစ်ဖက်တွင် စုရီသည် ကောင်းကင်စည်းမျဉ်းများကို ဖြတ်တောက်ပြီး အခွင့်အရေးကို လက်လွတ်မခံတော့ဘဲ အရှိန်အဟုန်ဖြင့် တိုးဝင်လိုက်သည်။

ဤတစ်ကြိမ်တွင် အရာခပ်သိမ်း ဖျက်သိမ်းခြင်းဥပဒေအစား ဝင်စားခြင်းဥပဒေကို ပြန်လည်အသုံးချလိုက်တော့၏။

“ ဝှစ် ... ။ ”

ဓားရိပ်များသည် မှောင်မိုက်လှပြီး ဤလောကရှိအရာအားလုံးကို သံသရာထဲသို့ ဆွဲသွင်းရန် ကြိုးစားလာချေပြီ။

“ ဝေါ့ ... ။ ”

ရှန်းနင်တစ်ယောက် ချက်ချင်း တုန့်ပြန်လိုက်သော်လည်း ရေဝဲကြီးအတွင်း၌ ရုန်းကန်နေရသကဲ့သို့ ရင်ဘတ်၌ သွေးချင်းချင်း နီလာတော့၏။

“ ဟမ့် ... ငါဟာ ဒီတားမြစ်မြေရဲ့ ကြီးကြပ်သူပဲ ... ကောင်းကင်ဘုံဟာ ငါ့ရန်သူကို ကူညီနှိမ်နင်းမယ်။ ”

အဆုံး၌ အော်ဟစ်ကြွေးကြော်လျက် ကောင်းကင်ဘုံနှင့် ပြန်လည်ချိတ်ဆက်လိုက်ပြီး စည်းမျဉ်းများအသုံးပြုရန် ပြိုင်တော့၏။

“ ဂျိန်း ... ။ ”

ကောင်ကင်ဘုံသည် သူ့ခေါ်သံကို ကြားသည့်အလား မိုးခြိမ်းသံများမြည်ဟည်းကာ တုန့်ပြန်လာလေသည်။

“ ဝင်စားခြင်းသံသရာအောက်မှာ သက်ရှိတိုင်းရဲ့ဆန္ဒက အချည်းအနှီးပါပဲ။ ”

“ ရွှပ် ... ။ ”

သို့သော် စုရီသည် ဂရုစိုက်ခြင်းမရှိဘဲ နောက်ထပ် ဓားချက်ထုတ်လွှတ်လိုက်တော့၏။ ဝင်စားခြင်းသံသရာအတွင်း၌ ရုန်းကန်နေသော ရှန်းနင်သည် မျက်ခုံးပင့်လျက် ဘေးသို့ တိမ်းရှောင်လိုက်သည်။

“ အား ... ။ ”

သို့တိုင် အနည်းငယ် နောက်ကျနေပြီး သူ့လက်တစ်ဖက်ကို ဖြတ်တောက်ခြင်း ခံလိုက် ရတော့၏။ ပြတ်သွားသော ထိုလက်ကြီးသည် ဝင်စားခြင်းသံသရာအတွင်းတွင် အမှုန်အဖြစ် ပျက်ပြယ်သွားတော့သည်။

“ မင်း ... ။ ”

“ ဖြန်း ... ။ ”

နာကျင်မှုကြောင့် အော်ဟစ်လျက် ခေါင်းပြန်အမော့တွင် ဓားပြားတစ်ဖက်သည် သူ့ပါးပြင်ပေါ် ကျရောက်လာခဲ့၏။

ရိုက်ချက်သည် ပြင်းထန်လွန်းသောကြောင့် သွားများကျိုးပဲ့လျက် လွင့်ထွက်သွားလေသည်။ ယင်းသည် သူ့ကိုအလွန်ဒေါသထွက်လာစေကာ ပေါက်ကွဲသွားစေ၏။

“ အသက်ဝင် ... ။ ”

ကြေးညိုရောင် တံဆိပ်တစ်ခုကို ထုတ်ယူလျက် ချက်ချင်းအသက်သွင်းသည်။

“ မစဉ်းစားနဲ့ ... ။ ”

“ ခရစ် ... ။ ”

“ ဝုန်း ... ။ ”

သို့သော် ဝင်စားခြင်းဥပဒေသည် ဓားရောင်အဖြစ်ဝင်ရောက်လာပြီး ထိုတံဆိပ် အပေါ် ဝါးမြိုလျက် အက်ကွဲသွားစေ၏။

“ ဖြန်း ... ။”

“ မင်း ... ။ ”

“ ဖြန်း ... ။ ”

“ ငါ ... ။ ”

“ ဖြန်း ... ။ ”

“ ..... ။ ”

“ ဖြန်း ... ။ ”

တစ်ဆက်တည်းမှာပင် နောက်ထပ် ပါးရိုက်သံများ ထွက်ပေါ်လာသည်။ ရှန်းနင်ခမျာ မျက်ဝန်းများနီရဲလျက် ဝက်ခေါင်းတစ်ခုလို ယောင်ကိုင်းရူးသွပ်သွားတော့၏။

“ ဘုန်း ... ။ ”

အဆုံး၌ မြေကြီးပေါ် အရှိန်ပြင်းစွာ ပြုတ်ကျပြီး ပြန်မထနိုင်တော့ချေ။ ဤမတိုင်မီ ကြီးစိုးကာ မောက်မာလွန်းသောရောင်ဝါသည် လုံးဝချုပ်ငြိမ်းသွားရချေပြီ။

***

All Chapters