အခန်း (၉၃၁-၉၃၂)
Vol. 78 Ch. 931-932
အခန်း ၉၃၁ –
မိုးတိမ်ကိုခွင်းသော ဓားတစ်လက်။
“ ဂျိန်း ... ။ ”
ဘုရားကျောင်းအပြင်ဘက်ဝယ် မိုးသည်းထန်စွာ ရွာသွန်းနေပြီး မိုးကြိုးများ တဂျိန်းဂျိန်းပစ်ခတ်နေ၏။
စုရီ လှမ်းထွက်လာသည်ကို မြင်သော် ဝေဟန်တို့အဖွဲ့သည် သတ်ဖြတ်လိုစိတ်များ မြင့်တက်လာသည်။
“ မင်းတို့ လေးယောက်ပဲလား။ ”
စုရီက အေးစက်စွာ မေးသည်။ မိုးစက်များကြားတွင် လျှောက်လှမ်းနေသော်မှ မိုးရေသည် သူ့ဝတ်ရုံကို မစိုစွတ်နိုင်ဖြစ်နေ၏။
“ ဟမ့် ... မင်းကိုသတ်ဖို့အတွက် လုံလောက်တာထက် ပိုတယ်။ ”
ပခုံးပေါ်တွင် သံတုတ်ကြီးကို ထမ်းထားပြီး သန်မာအားကောင်းသောရောင်ဝါဖြင့် မန့်ကျန့်မှ လှောင်ပြောင်လိုက်လေသည်။
“ သူက ဝင်စားခြင်းစွမ်းအားသုံးပြီး ရှန်းနင်ကိုသတ်နိုင်ခဲ့တာဆိုတော့ မာနကြီးဖို့ အရည်အချင်းရှိပါတယ် သတိထားပါ။ ”
ဘေးမှနေပြီး ဟွမ်ဆန်းကျားက သတိပေးစကားဆို၏။ သူ့စကားဆုံးသည်နှင့် စုရီပတ်ပတ်လည်ရှိ လေထုမှာ အက်ကွဲသွားပြီး သွေးနီရောင်နွယ်ပင်များ မရေမတွက်နိုင်အောင် ထွက်ပေါ်လာကာ ချက်ချင်းရစ်ပတ်လေသည်။
လက်ဦးမှု ရယူလိုက်ခြင်းဖြစ်၏။ ထိုမြင်ကွင်းကြောင့် အခြားလူများသည်လည်း တိုက်ခိုက်မှုစတင်ရန် ပြင်လိုက်ကြသည်။
“ သူ့ကို သတ် ... ။ ”
ဝေဟန်က လက်ဝှေ့ယမ်းပြီး ခရမ်းရောင် ကျောက်ပြားခြောက်ချပ်ကို လေထဲ ပျံတက်လာ စေခဲ့၏။ ထို့နောက် ကျောက်ပြားများသည် နွယ်ပင်များနှင့်အတူ စုရီကိုအရပ်မျက်နှာ အသီးသီးမှ ပိတ်ဆို့လိုက်တော့သည်။
“ လောင်မြိုက်ပစ်စမ်း ... ။ ”
ကျင်းဖန်းက ကြေးဝါမှန်ကို အသက်သွင်းလိုက်သည်။ နတ်ဘုရားမီးလျှံများ ပေါက်ကွဲထွက်လာပြီး စုရီရှိရာအရပ်သို့ ပြိုဆင်းသွားတော့၏။
“ သေလိုက်တော့ ... ။ ”
ထိုအချိန်တွင် မန့်ကျန့်တစ်ယောက် သံတုတ်ကြီးကိုဝှေ့ယမ်းလျက် စုရီဦးခေါင်းထံ ချက်ချင်းရိုက်ခွဲလာလေသည်။
ဤတိုက်ခိုက်မှုများအားလုံးသည် အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပေပင်။ ဘုံကျောင်းထဲရှိ ကောင်းကင်နတ်ဆိုးဧကရာဇ် ထျန်းယောင်းမှာ မျက်နှာပျက်သွားပြီး မုချန်းယွမ်သည်လည်း ထိတ်လန့်သွား၏။
ဤတစ်ကြိမ် ကြီးကြပ်သူလေးဦးသည် ကြိုတင်စီစဉ်ထားပုံရပြီး စုရီကိုလုံးဝပိတ်ဆို့ကာ အခွင့်အရေးမပေးချေ။ ကြိုးကြာနတ်သမီးမှ သက်ပြင်းချလိုက်သည်။
တစ်ဖက်လူလေးဦးသည် ရက်စက် ကြမ်းကြုတ်သောလှုပ်ရှားမှုများကို ပွဲစသည်နှင့် အသုံးပြုနေချေပြီ။ ဆိုလိုသည်မှာ သူတို့အားလုံး ဆုံးဖြတ်ချက်ချထားကြောင်း မြင်သာ၏။
“ ဝုန်း ... ။ ”
တားမြစ်နယ်မြေတစ်ခုလုံး တုန်ခါပြီး စုရီရှိရာအရပ်တွင် မီးလျှံများ၊ နွယ်ပင်များနှင့် ဖိအားများ ချက်ချင်းပြည့်နှက်ကုန်သည်။
“ ဘောင်း ... ဘောင်း ... ။ ”
“ သူ့ဝိညာဉ်ကိုချန်ထား လျှို့ဝှက်ချက်ကို မေးမြန်းရဦးမယ်။
ပေါက်ကွဲမှုများအတွင်း စုရီပုံရိပ် ပျောက်ကွယ်သွားသောကြောင့် ဝေဟန်သည် စိုးရိမ်တကြီး အော်ဟစ်သတိပေးလိုက်ရ၏။
သူ့အမြင်၌ နယ်ပယ်ဘုရင်လေးပါး၏ ပေါင်းစပ်တိုက်ခိုက်မှုအောက်တွင် စုရီသည် မည်မျှပင်အစွမ်းထက်နေပါစေ အမှုန့်ဖြစ်နိုင်၏။
သို့သော် ဤသည်မှာ သူ့အမြင်ဖြစ်သည်။ မည်သူမျှ မမျှော်လင့်ထားသော အေးစက်သည့် အသံတစ်သံသည် သူ့အမြင်ကို ပြောင်းပြန် လှန်ပစ်လာတော့၏။
“ ဟမ့် ... မင်းတို့မှာရှိတာ ဒါပဲလား။ ”
ဤမေးခွန်းတွင် လှောင်ပြောင် စိတ်ပျက်မှုများ ပြည့်လျှံနေချေပြီ။ ကြီးကြပ်သူ လေးယောက်သား မှင်သပ်သွားတော့၏။
ပေါက်ကွဲမှုများအတွင်းမှ ဓားအလင်းတစ်လက် ရုတ်ချည်းပင် တိုးထွက် လာတော့သည်။
ထိုဓားအလင်းသည် အလွန်တရာ တောက်ပနေပြီး ကောင်းကင်သို့တိုင်ထိုးတက် သွားချေ၏။
“ ဘောင်း ဘောင်း ... ။ ”
တစ်ဆက်တည်းမှာပင် စုရီကို ရစ်ပတ်ထားသော နွယ်ပင်များ ကြေမွသွားပြီး ခရမ်းရောင် ကျောက်ပြားကြီးများသည်လည်း အပိုင်းပိုင်း ပြတ်ထွက်ကုန်တော့သည်။
“ မြန်မြန် ဖိနှိမ် ... ။ ”
နတ်ဘုရားမီးလျှံများနှင့် အရိုးတောင်များ ချက်ချင်းပြိုကျလာ လေးယောက်သား ချွေးများ ရွဲနစ်လာ၏။ ဤဓားကို မည်သည့်အရာနှင့်မျှ တားဆီး၍မရဘဲ ပြိုင်ဘက်ကင်းနေသည်။
ကောင်းကင်ရှိ ထူထပ်သော မိုးကြိုးတိမ်တိုက်ကြီးသည်ပင် ကြီးမားလှသော အပေါက်ကြီးတစ်ခု ဖြစ်လာတော့၏။
ထိုအပေါက်ကြားမှ တောက်ပသော နေရောင်ခြည်များမှာ မြေပြင်သို့ ထိုးကျလာပြီး အမှောင်ထုကို ဖယ်ရှားပေးနေချေပြီ။
ထိုအလင်းရောင်အောက်တွင် လေထုအလယ်စုရီသည် ဝတ်ရုံများလွင့်ဝဲလျက် ခန့်ညားထည်ဝါစွာ ရပ်နေတော့၏။
သူ့ခန္ဓာကိုယ်တဝိုက်တွင် တောက်ပသော ဓားစွမ်းအင်သည် နေမင်းအလား လောင်မြိုက် လင်းထိန်နေခဲ့ချေပြီ။
ထိုမြင်ကွင်းကြောင့် ထျန်းယောင်းနှင့် မုချန်းယွမ်သည် မျက်လုံးများ ပြူးကျယ်သွား ကြတော့သည်။
သူတို့၏ မျက်နှာအမူအရာများမှာ မှိုင်းညို့နေပြီး မြင်တွေ့နေရသည်များအပေါ် ဝေခွဲမရဖြစ်နေကြ၏။
ကြိုးကြာနတ်သမီးမှာမူ ပြင်းစွာသော တုန်လှုပ်မှုကိုခံစားလိုက်ရပြီး အံ့အားသင့်နေ၏။ ဤကြီးကြပ်သူလေးယောက် ပေါင်းစပ်မှုသည် မည်မျှ ကြောက်စရာကောင်းသည်ကို သူမသာ အသိဆုံး ဖြစ်သည်။
ထိုစွမ်းအားသည် နယ်ပယ်ဘုရင် တစ်ပါးကိုပင် အလွယ်တကူ ချေမှုန်းပစ်နိုင်မည်။ သို့သော် ယခုမူ စုရီသည် ဓားတစ်ချက်တည်းဖြင့် ထိုဝိုင်းရံမှုကို အပိုင်းပိုင်း ဖြတ်တောက်ခဲ့ချေပြီ။ မည်မျှ ပြင်းထန်သနည်း။
ဝေဟန်၊ ကျင့်ဖုန်း၊ မုန့်ကျန့်နှင့် ဟွမ်ဆန်းကျားတို့လေးယောက်ခမျာ မျက်နှာ ပျက်ယွင်းသွားကြပြီး ထိတ်လန့်ကုန်၏။
“ ဒါက ဘယ်လို ... ဓားဥပဒေမျိုးလဲ ... ငါတို့ရဲ့ ကောင်းကင်စည်းမျဉ်းတွေကိုတောင် ဖြတ်တောက်နိုင်တယ်လား ... ။ ”
ဝေဟန်တစ်ယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။ ကြီးကြပ်သူများမှာ ဤတားမြစ်နယ်မြေရှိ ကောင်းကင်စည်းမျဉ်းကို အသုံးပြုနိုင်သဖြင့် အဆင့်တူအတွင်း သူတို့မှာ ပြိုင်ဘက်ကင်း၏။
သို့သော် ယခုမူ ဧကရာဇ်အဆင့် ကျင့်ကြံသူသည် ဓားချက်တစ်ချက်တည်းဖြင့် ပေါင်းစည်းထားသမျှ ထိုစည်းမျဉ်းများကို ချိုးဖျက်ခဲ့ခြင်းသည် မယုံနိုင်စရာပေပင်။
“ ဒါဝင်စားခြင်းဥပဒေမဟုတ်ဘူး။ ”
ကျန့်ဖုန်းက နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာဆိုလိုက်သည်။ တစ်ဖက်လူ၏ဓားမှာ နတ်ဘုရားမီးလျှံများကို ခွဲဖြတ်သွားသဖြင့် ပြင်းစွာသော တုံ့ပြန်မှု ခံစားခဲ့ရချေပြီ။
“ ရှန်းနင်က ဒီဥပဒေစွမ်းအားမျိုးနဲ့ အသတ်ခံခဲ့ရတာ ဖြစ်ရမယ်။ ”
မုန့်ကျန့်က လေးနက်သောအသံဖြင့် ဆိုသည်။
“ ဒီကောင်က ထူးကဲတယ်ဆိုတာ သိထားပေမဲ့ ... ဒီလောက်အထိ ကောင်းကင်ကို ဆန့်ကျင်နိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ”
ဟွမ်ဆန်းကျားသည်လည်း တုန်လှုပ်စွာ မှတ်ချက်ပေး၏။ တစ်ဖက်တွင် စုရီမှအပိုစကား မဆိုတော့ဘဲ ညာဘက်လက်ကိုဆန့်ထုတ်ကာ လေထဲသို့ လှမ်းဆွဲလိုက်တော့သည်။
“ ကလန့် ... ။ ”
ကောင်းကင်ထက်မှ ဓားစွမ်းအင်များက သုံးပေရှည်သော ဓားအဖြစ် ပြောင်းလဲသွားပြီး စုရီလက်ဖဝါးထဲသို့ ရောက်ရှိလာ၏။
ထိုမြင်ကွင်းသည် တောက်ပသော နေမင်းကြီးကို ဆုပ်ကိုင်ထားသကဲ့သို့ ထင်မှတ်ရချေပြီ။
“ သူ့ကို မြန်မြန်သတ် ... ။”
ဝေဟန်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ခရမ်းရောင်ကျောက်ပြား ငါးချပ်လုံးကို စုရီထံသို့ အရှိန်ပြင်းပြင်းဖြင့် လွှတ်တင်ပစ်လေသည်။
“ သတ် ... ။ ”
ကျန်သုံးဦးသည်လည်း တုန့်ဆိုင်းခြင်းမရှိ သူတို့၏တိုက်ခိုက်မှုများကို ပြုလုပ်ကြတော့၏။ တားမြစ်မြေတစ်ခုလုံး ဝုန်းဒိုင်းကျဲသွားသည်။
“ သွား ... ။ ”
စုရီက ထက်ထဲရှိ ဓားအလင်းကို ပစ်လွှတ်လိုက်တော့၏။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ခရမ်းရောင်ကျောက်ပြား ငါးချပ်မှာ အပိုင်းအစများအဖြစ် ပြောင်းလဲ လွင့်ပါးသွားလေသည်။
ယင်းသည် အဆုံးသတ် မဟုတ်ခဲ့ဘဲ ဝေဟန်၏ လက်မောင်းတစ်ဖက်ကို ဖြတ်သွား လေသည်။ ထို့ကြောင့် မျက်နှာ ဖြူဖျော့လျက် အသက်လုပြီး နောက်ဆုတ်လိုက်ရ၏။
ဤသို့ အချိန်မီ မရှောင်နိုင်ခဲ့လျှင် ထိုဓားတစ်ချက်သည် သူ့ကိုသတ်သွားမည်မှာ သေချာချေပြီ။
ထိုစဉ် စုရီသည် မရပ်တန့်ခဲ့ဘဲ ဓားကိုပြန်လှည့်ကာ ကျန်သုံးဦးထံသို့ တိုက်ခိုက် လိုက်တော့၏။
တောက်ပသော နေမင်းကြီးအလား ဓားစွမ်းအင်သည် ကျန်သောကြီးကြပ်သူများထံ ဝင်ရောက်သွားသည်။
“ မကောင်းတော့ဘူး ... ။ ”
“ အရမ်းပြင်းတယ် ... ။ ”
“ မြန်မြန်ရှောင် ... ။ ”
ကောင်းကင်နှင့် ဆက်သွယ်ထားသော ဥပဒေစည်းမျဉ်းများအာလုံး အလွယ်တကူပင် ပြတ်တောက်ကုန်ကြသဖြင့် အော်ဟစ် သတိပေးသံများ ညံကုန်တော့၏။
သို့တိုင် မုန့်ကျန့်ခမျာ သံတုတ်ကြီး နှစ်ခြမ်းကွဲသွားပြီး ခန္ဓာကိုယ်ကြီးသည် နှစ်ပိုင်း ပြတ်လုနီးပါး ဖြစ်သွားချေပြီ။
“ အဟွတ် ... အဟွတ် ... ။ ”
ကျင်းဖုန်း၏ ကြေးဝါမှန်မှာမူ အပိုင်းပိုင်းကွဲကြေသွားကာ ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ လွင့်ထွက်သွား၏။
ဟွမ်ဆန်းကျားသည် ပို၍ပင် အခြေအနေဆိုးကာ ခန္ဓာကိုယ်ပျက်စီးသွားပြီး ဝိညာဉ်သာလွတ်မြောက်ခဲ့ရ၏။
“ ဟမ့် ... သူ့ရဲ့ဓားပညာက အရမ်းနက်ရှိုင်းလွန်းတယ် ... ပြီးတော့ အဲဒီ ဥပဒေက တာမြစ်ဆန်လွန်းနေတယ်။ ”
ကြိုးကြာနတ်သမီးက အံ့အားသင့်မှုများဖြင့် ရေရွတ်လိုက်လေသည်။ စုရီမှာ ရပ်တန့်မရသော ရေစီးကြောင်းနှင့် တူနေသည်။ အသုံးပြုသော ဥပဒေများသည် သူမကို ထိတ်လန့်စေ၏။
အစွမ်းထက်လွန်းပြီး တားမြစ်ဆန်သည်။ ဤကမ္ဘာကြီးတွင် သူမ မမြင်ဖူးချေ။ ပထမတွင် ဝင်စားခြင်းဥပဒေ၊ ယခုအခါ အရာခပ်သိမ်း ဖျက်ဆီးနိုင်သော ဥပဒေတို့ဖြစ်သည်။
“ အားလုံး ဆုတ်ခွာပြီး ... ပထမကြီးကြပ်သူဆီ အကူအညီသွားတောင်းပါ ငါ သူ့ကို တားထားမယ်။ ”
အဆုံး၌ ဝေဟန်သည် ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် သူ့ခန္ဓာကိုယ်ကိုမီးလျှံအဖြစ် ပြောင်းလဲကာ စုရီကိုဟန့်တားရန်ပြင်သည်။
“ မင်းတို့ လွတ်မြောက်မယ်ထင်လား။ ”
“ တာအိုမိတ်ဆွေ ကျေးဇူးပြုပြီး ... ကရုဏာပြပါ။ ”
စုရီက လှောင်ပြုံးဖြင့် ဝေဟန်နှင့် ထိပ်တိုက်ရင်ဆိုင်ကာ သတ်ရန်ပြင်နေစဉ်မှာပင် ရုတ်တရက် ဟန့်တားသံထွက်ပေါ်လာ၏။
ဝေးလံလှသော ဟင်းလင်းပြင်တွင် လေဟာနယ်တုန်ခါသွားပြီး လူပုအဘိုးအိုနှင့် အနီဝတ်လူရွယ်တစ်ယောက် ပေါ်လာသည်။
“ ဝမ့်ထျန်းသော့နဲ့ ယွမ်မူ။ ”
ကြိုးကြာနတ်သမီးက မျက်ခုံးပင့် လိုက်တော့၏။ ဤသည်မှာ ပထမနှင့် တတိယ ကြီးကြပ်သူများပေပင်။
“ လူယုတ်မာတွေ ... အရှက်မဲ့လိုက်တာ။ ”
ဤမျှ ကြည့်ကောင်းနေသည့်အချိန်တွင် ထိုလူများရောက်ရှိလာြခင်းအပေါ် ကောင်းကင် နတ်ဆိုးဧကရာဇ်မှ မကျေမနပ်ဖြစ်သွား၏။ မုချန်းယွမ်သည်လည်း ချွင်းချက်မရှိချေ။
စုရီတစ်ယောက် ကြီးကြပ်သူလေးဦး၏ ဝိုင်းရံတိုက်ခိုက်ခံနေရစဉ် ဤကြီးကြပ်သူများမှာ မမြင်၊မကြားဖြစ်နေခဲ့ပြီး အသတ်ခံရတော့မည့် အချိန်၌ရောက်ရှိလာချေ၏။ အလွန်ပင် စက်ဆုပ်ဖွယ် ကောင်းချေပြီ။
ထိုစဉ် ဝမ်ထျန်းသော့သည် လူတိုင်း၏ အကြည့်များကိုလျစ်လျူရှုကာ စုရီရှေ့၌ပိတ်ရပ် လိုက်တော့၏။
“ တာအိုမိတ်ဆွေ ... ဒီနေ့ဖြစ်ပျက်သမျှ ငါနားလည်ပါပြီ စည်းမျဉ်းချိုးဖောက်သူတွေကို ငါတို့အပြစ်ပေးပါ့မယ် ... မင်း ဒီမှာတင် ရပ်ပေးဖို့ မျှော်လင့်ပါတယ်။ ”
“ မှန်ပါတယ် ... ငါတို့က ဘက်လိုက်မှုမရှိဘဲတရားမျှတမှု ဆောင်ကျဉ်း ပေးပါ့မယ်။ ”
ယွမ်မူသည်လည်း အဝေးမှ ကြိုးကြာနတ်သမီးထံ တစ်ဖက်လှမ်းကြည့်ပြီး ကတိပေး၏။
မုချန်းယွမ်က သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးဖြင့်၊
“ ဟမ့် ... ငါ့သခင်ကို အနိုင်ကျင့်နေကြတုန်းမှာ မင်းတို့နှစ်ယောက်က ဘယ်သွားသေနေကြတာလဲ အခုသခင်က ...
... ဒီခွေးလေးကောင်ကို သတ်မယ်လုပ်တော့မှ စည်းမျဉ်းတွေအကြောင်း ပြောပြီး မင်းတို့က ကယ်တင်ချင်နေတာလား ဘယ်လောက် ရွံ့စရာကောင်းလိုက်လဲ။ ”
-ဟု အော်ဟစ်လိုက်သည်။
သူ့စကားကြောင့် ဝမ့်ထျန်းသော့နှင့် ယွမ်မူသည် မျက်နှာပျက်ယွင်းသွားသော်လည်း သူတို့က စုရီကိုသာ စိုက်ကြည့်နေကြ၏။ စုရီက ဓားကိုမြှောက်ကာ ကျင်းဖုန်း၊ မုန့်ကျန့်နှင့် ဟွမ်ဆန်းကျားထံ ချိန်ရွယ်လျက်၊
“ ဒီနေ့သူတို့ကို အပြစ်ပေးမဲ့သူက ငါပဲ ... မင်းတို့မဟုတ်ဘူး။ ”
ထိုစကားကြောင့် ဝမ့်ထျန်းသော့မှ မျက်နှာမည်းမှောင်သွားပြီး၊
“ တာအိုမိတ်ဆွေ ... ဒီနယ်မြေရဲ့ စည်းမျဉ်းတွေအရ ကြီးကြပ်သူကို ... စီရင်သူပဲ အပြစ်ပေးနိုင်ပါတယ် ... မင်းခေါင်းမာနေမယ် ဆိုရင် ဒါဟာ ငါတို့ကြီးကြပ်သူအားလုံးနဲ့ စီရင်သူတွေကို စစ်ကြေညာတာပါ။ ”
-ဟု သတိပေးခြိမ်းခြောက်လိုက်၏။
“ ကောင်းပြီ ... မင်းတို့ကြီးကြပ်သူတွေနဲ့ စီရင်သူတွေ ဘယ်လောက် သန်မာနေလဲဆိုတာ ငါကြည့်ပါရစေ။ ”
စကားဆုံးသည်နှင့် စုရီက ဓားဖြင့် ခုတ်ချလိုက်တော့၏။ ဝမ်ထျန်းသော့နှင့်ယွမ်မူမှ မျက်နှာများ မည်းမှောင်သွားပြီး ချက်ချင်းခုခံရန် ပြင်လိုက်ကြသော်လည်း မျက်လုံးများ ပြူးကျယ်ကုန်တော့သည်။
“ မကောင်းတော့ဘူး ... ။ ”
စုရီ၏ဓားစွမ်းအားသည် ဤကမ္ဘာကြီး၏ စည်းမျဉ်းများကို ဟန့်တားနေချေပြီ။ သူတို့သည် ဤကမ္ဘာကြီးထံမှ စွမ်းအားများ ငှားယူရန် ပျက်ကွက်နေတော့၏။
ဓားစွမ်းအင်သည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ၎င်း၏အလင်းရောင်များသည် တားမြစ်နယ်မြေကြီးတစ်ခုလုံးကို ချက်ချင်းပင် လင်းထိန်သွားစေခဲ့ချေပြီ။
***
အခန်း ၉၃၂ -
စီရင်သူကျင်းချီနှင့် ... မြင့်မြတ်သူ၏ အမိန့်တော်။
ဝမ့်ထျန်းသော့သည် ပါးစပ်မှ သွေးများအန်ထုတ်လျက် မျက်နှာတစ်ပြင်လုံး ဖြူဖျော့နေတော့သည်။ ယွမ်မုသည်လည်း ဝတ်ရုံများစုတ်ပြဲကာ ဆံပင်ဖရိုဖရဲဖြစ်သွား၏။
ကြီးကြပ်သူနှစ်ဦးလုံးသည် စုရီ၏ ဓားချက်တစ်ချက်ကိုပင် မခုခံနိုင်ခဲ့ကြချေ။ ကောင်းကင်နတ်ဆိုးဧကရာဇ်နှင့် ကြိုးကြာ နတ်သမီးတို့မှာ မှင်သပ်သွားသည်။
သူတို့နှစ်ဦးစလုံးက စုရီအနေဖြင့် အခြေအနေများ မထိန်းနိုင်အောင် မဖြစ်စေရန် လိုက်လျောလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။
“ ငါ့အမှားပဲ... သူ့ရဲ့မာနကြီးတဲ့ စရိုက်နဲ့ဆိုရင် ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်တာကို ငါကြိုတွေးထားသင့်တယ် ... ။ ”
ကောင်းကင်နတ်ဆိုး ဧကရာဇ်က ခါးသီးစွာပြုံးပြီး ရေရွတ်လိုက်သည်။ မုချန်းယွမ် သည်လည်း နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ကျောရိုးများ စိမ့်တက်လာ၏။
သူ့အမြင်တွင် အကျိုးအမြတ်ကိုကြည့်ပြီး အလျှော့ပေးရန် စဉ်းစားမိပေမည်။ ယင်းသည် ကြောက်ရွံ့ခြင်းမည်၏။ သို့သော် တစ်စုံတစ်ဦး အနေဖြင့် လုံလောက်အောင် သန်မာနေပါက မည်သူ့ကို ကြောက်နေရမည်နည်း။
“ ဝုန်း ... ။ ”
လေဟာနယ်တစ်ခုလုံး တုန်ခါသွားကာ ဓားအလင်းများ လှည့်ပတ်သွား၏။ ယွမ်မုနှင့် ဝမ့်ထျန်းသော့တို့ကို ဓားဖြင့် ရိုက်ထုတ်လိုက် ပြီးနောက် စုရီက ထွက်ပြေးရန် ပြင်နေသော ကျင့်ဖုန်း၊ မုန့်ကျန့်နှင့် ဟွမ်ဆန်းကျားတို့ထံသို့ လျှပ်စီအလား ပြေးဝင်သွားသည်။
“ မြန်မြန် ... ။ ”
“ မင်းတို့ဝှက်ဖဲတွေကိုထုတ် ... ။ ”
“ ဟမ့် ... ရပ်လိုက်စမ်း ... ။ ”
အော်ဟစ်သံများ ဆူညံသွားသည်။ စုရီ၏ ဓားချက်အောက်တွင် ကျင့်ဖုန်းနှင့် မုန့်ကျန့်ခမျာ သွေးအိုင်ထဲ အသက်ပျောက်သွားကြတော့၏။
နောက်ဆုံးကျန်ရှိနေသော ဟွမ်ဆန်းကျားသည် ထူးခြားသည့်ရွေ့လျားမှု ပညာရပ်ဖြင့် အဝေးသို့ ထွက်ပြေးလွတ်မြောက် သွားချေ၏။
“ ဒီနေ့ မင်းတို့ဘယ်သူမှ မလွတ်မြောက်စေရဘူး။ ”
စုရီက ဓားရောင်ဝါကို လှံတစ်စင်းကဲ့သို့ စုစည်းကာ ပစ်ပေါက်လိုက်လေသည်။ မိုင်ပေါင်း သောင်းချီအကွာတွင် ဟွမ်ဆန်းကျားသည် သွေးမြူအဖြစ် ကြွေလွင့်သွားရတော့၏။
ယခုအခါတွင် ဝေဟန်အပါအဝင် ကြီးကြပ်သူလေးဦးစလုံးမှာ ထိုနေရာတင်၌ပင် ပွဲချင်းပြီး သေဆုံးသွားကြပြီ ဖြစ်သည်။ အဝေးမှ ဝမ့်ထျန်းသော့နှင့် ယွမ်မုတို့၏ မျက်နှာများမှာ ချက်ချင်းမည်းမှောင်သွားတော့သည်။
“ စုရီ ... မင်းက စမ်းသပ်ခံသူ တစ်ယောက်ဖြစ်ပြီး ဒီနယ်မြေရဲ့စည်းမျဉ်းကို မလိုက်နာဘူး အခုချိန်ကစပြီး မင်းဟာ ... ငါတို့ တားမြစ်နယ်မြေတစ်ခုလုံးရဲ့ ရန်သူပဲ။ ”
ယွမ်မုက သတ်ဖြတ်လိုစိတ်များဖြင့် အော်ဟစ်လိုက်၏။ သို့သော် စုရီမှ ဂရုမစိုက်ဘဲ လှောင်ပြုံးပြုံးပြကာ၊
“ မင်းတို့ ... ဟန်ဆောင်မနေနဲ့တော့ ... ဒါရလာဒ်ကို မင်းတို့နှစ်ယောက်မျှော်လင့်နေတာ မဟုတ်လား။ ”
- ဟု ပြောကြားလိုက်သည်။
“ ရွံ့စရာကောင်းတဲ့ အဘိုးကြီး ... မင်းက သိပ်ယုတ်မာတာပဲ ဝေဟန်တို့လေးယောက်က ငါ့သခင်ကိုသတ်ပြီး ဝင်စားခြင်းဥပဒေသကို လုယူနိုင်ခဲ့ရင် မင်းရဲ့သားရေကွင်းလို ...
... စည်းမျဉ်းတွေနဲ့အညီ သူတို့လေးယောက်ကိုအပြစ်ပေးပြီး သိမ်းယူချင် နေတာမဟုတ်လား ... အခုငါ့သခင်က သူတို့ကို သတ်လိုက်တော့ စည်းမျဉ်းချိုးဖောက်သူအဖြစ် သတ်မှတ်ပြီးကြေငြာပြီး ဝင်စားခြင်းဥပဒေကို လုယူချင်နေတယ် ... ။ ”
ထိုအချိန်တွင် မုချန်းယွမ်သည် စုရီ စကားများအဓိပ္ပါယ်ကို သဘောပေါက်သွားကာ ဝမ့်ထျန်းသော့ကို ကျိန်ဆဲတော့၏။
ဝမ့်ထျန်းသော့တစ်ယောက် မျက်နှာ ပျက်ယွင်းသွားသော်လည်း စကားမဆိုတော့ဘဲ တံဆိပ်တစ်ခုကို ထုတ်ယူကာ၊
“ ကြီးကြပ်သူဝမ့်ထျန်းသော့မှ ... စီရင်သူကိုသတင်းပို့ပါတယ် ပြစ်မှုကျူးလွန်သူ စုရီကိုသုတ်သင်ပြီး တားမြစ်မြေရဲ့စည်းမျဉ်းကို ကာကွယ်ပေးပါ ... ။ ”
-ဟု အော်ဟစ်လိုက်တော့၏။
“ ခရစ် ... ။ ”
များမကြာခင် လေဟာနယ်ကြီး ကွဲအက်သွားကာ ရွှေရောင်ဝတ်စုံနှင့် လူငယ် တစ်ဦး ထွက်ပေါ်လာသည်။
ဤသည်မှာ ကြီးကြပ်သူများကို အပြစ်ပေးသတ်ဖြတ်နိုင်သော အတွင်းဒေသမှ စီရင်သူတစ်ဦးဖြစ်၏။ အမည်မှာ ကျင်းချီပေပင်။ သူ့ကဲ့သို့ အခြားသော စီရင်သူ(၅)ဦးလည်း ရှိနေသေးသည်။
ကျင့်ကြံမှုအရ ကွေ့ယီအဆင့်ဖြစ်ပြီး၊ ကြီးကြပ်သူများထက် အဆပေါင်းများစွာပင် အစွမ်းထက်ချေပြီ။
ကျင်းချီလက်ထဲတွင် ရွှေအိုရောင် ဓားတစ်လက်ကို ကိုင်ထားချေ၏။ ထိုဓားသည် ရှေးဟောင်းဒဏ္ဍာရီပုဂ္ဂိုလ်ကြီး ဟုန်းထျန်းစွင်းမှ ချန်ထားရစ်ခဲ့သောရတနာဓား (၆)လက် အနက်မှ တစ်လက်ဖြစ်သည်။ နတ်ဘုရားနှင့် မိစ္ဆာများကိုပင် သတ်ဖြတ်နိုင်စွမ်းရှိ၏။
“ စီရင်သူ ကျင်းချီ ... ။ ”
ကြိုးကြာနတ်သမီးက တစ်ဖက်လူကို မြင်ပြီးနောက် အကြည့်များ လှုပ်ရှားသွားချေပြီ။ တစ်ဖက်တွင် စုရီမှ မျက်မှောင်ကြုတ် လိုက်မိလေသည်။
ထိုဓားပေါ်တွင်ပါရှိသော စည်းမျဉ်းများ၏စွမ်းအားမှာ ပြင်ပဒေသကြီးရှိ စည်းမျဉ်းများထက် များစွာပိုမိုနက်နဲနေချေပြီ။
လက်ရှိကျင့်ကြံမှုအဆင့်နှင့် ထုံရှောက် အဆင့်နယ်ပယ်ဘုရင်များကိုသာ သတ်ဖြတ် နိုင်စွမ်းရှိ၏။
ယခုကဲ့သို့ ထူးခြားသော လက်နက်ကို ကိုင်ဆောင်ထားသည့် ကွေ့ယွီအဆင့်နယ်ပယ် ဘုရင်တစ်ပါးနှင့်မူ ကွာခြားချက် ကြားမားနေသေးသည်။
သို့သော် ထိတ်လန့်ခြင်းမရှိချေ။ ယခုအချိန်တွင် လောကသခင်မှတ်ဉာဏ်များကို ပေါင်းစပ်ထားပြီဖြစ်၏။ ထို့ကြောင့် သူသည် အခြားသူများထက် ဘဝပေါင်းများစွာပို၍ပင် သေခြင်းနှင့် ရှင်ခြင်းကို ရင်ဆိုင်ခဲ့ဖူးသည်။
“ ဒီနေ့ ဝင်စားခြင်းလျှို့ဝှက်ချက်ကို အပ်နှံပြီးတော့ ဒူးထောက်တောင်းပန်ပါ ဒါဆို မင်းအတွက် အသက်ရှင်ခွင့်ရမယ်။ ”
ကျင်းချီက သူ ထွက်ပေါ်လာသည်နှင့် တပြိုက်နက် အေးစက်စွာကြည့်ရှုပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။
ဤစကားကြောင့် ထျန်းယောင်နှင့် မုချန်းယွမ်သည် ကူကယ်ရာမဲ့သွားကြတော့၏။ တစ်ဖက်လူသည်လည်း အခြားသူများကဲ့သို့ပင် ဝင်စားခြင်းလျှို့ဝှက်ချက်ကို လိုချင်နေချေပြီ။
စုရီကမူ လျစ်လျူရှုလျက်၊
“ ငါစုရီ ... တကယ်ပဲ ဒီနတ်ဘုရား သင်္ချိုင်းတားမြစ်နယ်မြေအတွက် စည်းမျဉ်းသစ် တစ်ခု ပြန်သတ်မှတ်ရတော့မယ် ထင်တယ်။ ”
-ဟု ညည်းတွားလိုက်တော့၏။
ထို့နောက် တိုက်ပွဲဝင်ဆန္ဒများ ပေါက်ကွဲလျက်ဖြင့် ကျင်းချီထံသို့ ပြန်ကြည့်ကာ၊
“ လာ ... မင်းရဲ့ဓားက မင်းရဲ့ပါးစပ်က စကားလုံးတွေလောက် ထက်ရှနိုင်မလားဆိုတာ ကြည့်ရအောင်။ ”
-ဟု ဖိတ်ခေါ်လိုက်တော့၏။
“ ဖရူး ... ။ ”
သူ့ခန္ဓာကိုယ်မှ ဓားရောင်ဝါများ ပွင့်ထွက်လာပြီး တိုက်ပွဲစရန်ပြင်နေစဉ်မှာပင် ကောင်းကင်ယံမှ ရောင်စုံအလင်းစက်များ ကျဆင်းလာပြီး လှပသောငှက်ကလေး တစ်ကောင် ထွက်ပေါ်လာတော့၏။
“ ကျင်းချီ ... အမိန့်ကို နာယူပါ။”
ငှက်ကလေးက အေးစက်စွာ အော်ဟစ်လိုက်သည်။ ယင်းကြောင့် ကျင်းချီမှ အံ့အားသင့်သွားပြီး၊
“ ဟမ့် ... မြင့်မြတ်သူရဲ့ အမိန့်လား။ ”
-ဟု ပြန်မေးလိုက်၏။
မြင့်မြတ်သူသည် ရှေးဦးခေတ်ကာလက ဟုန်ထျန်းကျွင်း၏ အစွမ်းထက်ဆုံးနောက်လိုက် တစ်ဦးလည်းဖြစ်၏။ အလွန်နက်နဲလွန်းသည့် ကျင့်ကြံမှုပိုင်ဆိုင်ကာ တန်ခိုးကြီးသည်။
ကျင်းချီမှ တုန့်ဆိုင်းနေစဉ်မှာပင် ငှက်ကလေးက အတောင်ပံများ ဝေ့ယမ်းပစ်ပြီး သူ့ကို ပါးရိုက်ချလာ၏။
“ ဖြန်း ... ။ ”
ကျင်းချီတစ်ယောက် လွင့်ထွက်မတတ် ဖြစ်သွားရကာ ပါးစပ်မှ သွေးများယိုစီးလာသည်။ လူတိုင်း အံ့အားသင့်မှင်သပ်သွား၏။ ကျင်းချီပင် ချွင်းချက်မရှိချေ။
“ ဒါက ... မြင့်မြတ်သူရဲ့ အမိန့်ပဲ မင်းကျေနပ်လား။ ”
ငှက်ကလေးက မေးမြန်းလိုက်သည်။ ကျင်းချီတစ်ယောက် ရှက်ဒေါသကြောင့်မျက်နှာ တစ်ပြင်လုံး နီမြန်းလာသော်လည်း ခေါင်းငုံ့ကာ၊
“ ကျေးဇူးတင်ပါတယ် ... ။ ”
-ဟု အံကြိတ်ကာ ပြန်ဖြေလိုက်ရ၏။
“ ဖြန်း ... ဖြန်း ဖြန်း။ ”
ထို့နောက် ငှက်ကလေးက နောက်ထပ် ပါးရိုက်ချက် သုံးလေးချက် ထပ်မံပေးအပ်ခဲ့၏။ ကျင်းချီခမျာ မျက်နှာတစ်ပြင်လုံးဖူးရောင်ကာ ဝက်ခေါင်းပမာ ဖြစ်သွားရရှာလေသည်။
“ ဒါက အခွင့်မရှိဘဲ ... အတွင်းဒေသကြီးကနေ ပြင်ပဒေသဆီကို ထွက်ခဲ့တဲ့ မင်းရဲ့အပြစ်တွေပဲ။ ”
“ ..... ။ ”
သူ့တစ်သက် ထိုမြင့်မြတ်သူသည် စည်းကမ်းဖောက်ဖျက်မှုနှင့် အာဏာပြမှုလိုမှု အတွက် ဤကဲ့သို့အရှက်ခွဲကာ အပြစ်ပေးလာ လိမ့်မည်ဟု မမျှော်လင့်ထားချေ။
“ မင်း ... ကျေနပ်လား ... ။ ”
“ ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ်။ ”
“ သွားတော့ မင်းနေရာကို ... ။ ”
“ ဟုတ်ကဲ့ ..... ။ ”
“ ခဏနေဦး ... ။ ”
“ ဟမ့် ... ။ ”
ကျင်းချီတစ်ယောက် ဤနေရာတွင် မနေလိုတော့ဘဲ ပြန်လှည့်အထွက်တွင် စုရီက သူ့ကိုလှမ်းတားလာတော့၏။
“ ငါမင်းကို သွားခွင့်ပြုလို့လား ... ကိုယ့်ပါးကိုယ် ပြန်ရိုက်ပြစမ်း .. ဒါဆိုရင်တော့ မင်းကိုသွားခွင့်ပြုမယ်။ ”
စုရီက လက်နှစ်ဖက် နောက်ပို့ကာ အမိန့်ပေးလိုက်တော့သည်။ ဝမ်ထျန်းသော့နှင့် မုယွမ်မှာ မျက်လုံးများ ပြူးကျယ်သွား၏။
ကျင်းချီအတွက်မူ ဆိုဖွယ်မရှိချေ။ ဒေါသတကြီးပြန်ကြည့်ကာ အံကြိတ်လျက် ငှက်ကလေးထံမော့ကြည့်၏။
“ ဖြန်း ... ။ ”
ငှက်ကလေးမှ တားဆီးခြင်းမရှိဘဲ စိုက်ကြည့်နေသဖြင့် အလွန်အမင်းနာကျည်းကာ သူ့ကိုယ်သူပါးရိုက်လျက်၊
“ မင်းကျေနပ်ပြီလား ... ။ ”
-ဟု ဆိုလျက် အမုန်းတရားများဖြင့် စုရီကိုစိုက်ကြည့်ပြီး ချက်ချင်း ထွက်ခွာသွား တော့သည်။
ထိုမြင်ကွင်းက စုရီကို စိတ်ပျက်သွားစေ၏။ ဤသို့သူ့စကားအတိုင်း တစ်ဖက်လူမှ လိုက်နာ မည်မှန်း သိရှိပါက ပါးရိုက်ခိုင်းမည်မဟုတ်ဘဲ လည်ပင်းကို လှီးဖြတ်ခိုင်းမိပေမည်။
ယခုမူ သူ့ကတိအတိုင်း ထွက်ခွာခွင့် ပြုလိုက်ရချေပြီ။ တစ်ဖက်တွင် ကျင်းချီထွက်ခွာ သွားပြီးနောက် ငှက်ကလေးက ဝမ့်ထျန်းသော့ နှင့် ယွမ်မုတို့ထံ လှည့်ကြည့်လိုက်တော့သည်။
***