ရွှေနှင့် ကျောက်စိမ်းများ ပြည့်နေသည့် အခန်းတစ်ခန်းကို ပိုင်ဆိုင်သူသည် အန္တရာယ်မကင်းနိုင်
Vol. 4 Ch. 340
ဖန်းယန်ယင်း လက်ထဲတွင် ကိုင်ထားသည့် ဓားဝိညာဉ်ထံမှ အေးစိမ့် ငြိမ်းချမ်းသည့် အငွေ့အသက်များ ထွက်ပေါ်နေ လေသည်။ ဓားဝိညာဉ်မှ ထွက်ပေါ်နေသည့် အလင်းတန်းသည် ဖန်းယန်ယင်း၏ မျက်နှာကို ရောင်ပြန်ဟပ်နေသည့် အတွက် သူမ၏ မျက်နှာမှာလည်း တောက်ပ နေလေသည်။
လရောင်ဖြူ နတ်မိစ္ဆာဘုရင်သည် သူရပ်နေသည့် နေရာတွင်ပင် အသက် ပျောက်သွားခဲ့ပြီ ဖြစ်လေသည်။
ဓားအင်းချပ်သည် ဟိုင်သန်းအဆင့် ကျင့်ကြံသူ တစ်ယောက်၏ တန်ခိုး စွမ်းအားဖြင့် ညီမျှသည့် လရောင်ဖြူ နတ်မိစ္ဆာ ဘုရင်၏ အသက်ကို နှုတ်ယူခဲ့ခြင်း ဖြစ်လေသည်။
ထိုညနေခင်းမှာပင် ကျင့်ကြံသူများနှင့် နတ်မိစ္ဆာ အများအပြားသည် တောက်ပ ထွန်းလင်းနေသည့် နဂါးငေါ့တန်း ဓားဝိညာဉ်ကို မျက်ဝန်းထင်ထင် မြင်တွေ့ခဲ့ကြရပြီး သေစေခြင်း ကျောင်းတော်ကို ပိုပြီးလေးစား လာမိကြလေသည်။
နဂါးငွေ့တန်း ဓားသိုင်းပညာကို ကျင့်ကြံထားသူမှာ ချင်းရွှမ်နတ်တံခါးမှ ဆန်းကျန်းရန် "ဆန်းလျန်" တစ်ယောက်တည်းသာလျှင် လောကတွင် ရှိသည့် အကြောင်းကို အချို့သော သူများက သိရှိထားကြလေသည်။ တစ်ခေတ်တစ်ခါ ပေါ်ထွက်လာသော ပါရမီရှင် လောကနတ်ဘုရား ဆန်းကျန်းရန်သည် ရှီးဟွမ်သို့ ရောက်ရှိနေသည်လားဟု သူတို့အားလုံး တွေးလိုက်မိကြလေသည်။
သို့သော် မည်သူမျှ ဖန်းယန်ယင်းကို တားဆီးပြီး သူတို့သိချင်နေသည့် သတင်းကို မမေးမြန်း ရဲကြတော့ပေ။
ဖန်းယန်ယင်းသည် လရောင်ဖြူ နတ်မိစ္ဆာဘုရင်ကို သတ်ဖြတ်လိုက်နိုင်သည့် အတွက် သူမကိုယ်သူမ အံ့သြနေခြင်းနှင့် စိတ်လှုပ်ရှား နေခြင်းများကို ထိန်းချုပ်ကာ ကျင်းကွမ်းဝတ် ကျောင်းတော် ရှိရာသို့ ခရီးဆက်ခဲ့လေသည်။
သူမ ကျင်းကွမ်းဝတ် ကျောင်းတော်ရှေ့သို့ ရောက်သည်နှင့် ဝတ်ကျောင်းတော် တံခါးပွင့်သွားပြီး ငယ်ရွယ်သည့် ဘုန်းတော်ကြီး တစ်ပါး ထွက်လာလေသည်။
ဘုန်းတော်ကြီးက လက်အုပ်ချီလိုက်ရင်း …
"ဧည့်သည်၊ ကျုပ်နောက်က လိုက်ခဲ့ပါ၊ ကျောင်းထိုင် ဆရာတော်က အတွင်းခန်းမထဲမှ စောင့်နေပါတယ်"
ငယ်ရွယ်သည့် ဘုန်းတော်ကြီး၏ စကားကြောင့် ဖန်းယန်ယင်းမှာ အံ့သြသွားခြင်းမရှိပါ။
ဖားဟိုင် ဆရာတော်သည် တန်ခိုးစွမ်းအား မြင့်မားပြီး ထူးခြားသူ တစ်ယောက် ဖြစ်သည့်အတွက် သူမ ရောက်ရှိလာမည်ကို ကြိုတင်ခန့်မှန်းနိုင်သည်မှာ ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ခဲ့ပေ။
သူမက ကျင်းကွမ်းဝတ် ကျောင်းတော် အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ထူးဆန်းသည့် ခံစားချက် တစ်ခုကို ခံစားလိုက်ရလေသည်။ ထိုခံစားချက်သည် ဓားအင်းချပ်ထံမှ ထွက်ပေါ်လာသည့် ခံစားချက် ဖြစ်လေသည်။
သူမသည် ကျယ်ကျီအိတ်လေး အတွင်းမှ ဓားဝိညာဉ်ကို ထုတ်ယူ အသုံးပြုပြီး ပြန်လည် သိမ်းဆည်းထားခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ဓားအင်းချပ်သည် သူမ၏ အသွေးအသားကဲ့သို့ ဖြစ်နေပြီး သူမကို အမြင်အသစ်များကို ပေးလေသည်။
သူမ၏ စိတ်ထဲတွင် ကျင်းကွမ်းဝတ် ကျောင်းတော်ကြီးမှာ သက်မဲ့ ဝတ်ကျောင်းတော်ကြီး တစ်ခုမဟုတ်ဘဲ အသက်ရှူနေသည့် အသွေးအသားဖြင့် တည်ရှိနေသည့် သတ္တဝါကြီး တစ်ကောင်အလား ခံစားနေရလေသည်။
သူမက ငယ်ရွယ်သည့် ဘုန်းတော်ကြီး နောက်သို့ လိုက်သွားပြီး ခန်းမ တစ်ခုဆီသို့ ရောက်လာလေသည်။ ခန်းမထဲတွင် ဖားဟိုင်ဆရာတော်ကို မြင်တွေ့ လိုက်ရလေသည်။ ဖားဟိုင် ဆရာတော်သည် အသက်ရှူနေသည့် သတ္တဝါကြီး တစ်ကောင်အလား ဖြစ်နေသည့် ကျင်းကွမ်းဝတ် ကျောင်းတော်၏ နှလုံးသားနေရာတွင် တည်ရှိလေသည်။
ဖားဟိုင်ဆရာတော်တွင် လှပထူထဲသည့် မျက်ခုံးများရှိပြီး အလွန်မှ ကြည်ညိုဖွယ်ရာ ကောင်းသူ တစ်ယောက် ဖြစ်လေသည်။ သင်္ကန်းဝတ်နှင့်မဟုတ်ဘဲ လူဝတ်သာ ဝတ်ထားပါက အလွန်ချောမော လှပသည်ဟု ဆိုနိုင်မည် ဖြစ်လေသည်။
သူ၏မျက်ဝန်းများက အသက်ဓာတ် စွမ်းအားများနှင့် ပြည့်နေပြီး ညအမှောင်တွင် ငြိမ်သက်နေသည့် ပင်လယ်ပြင်နှင့် ဆင်တူလေသည်။
ဖားဟိုင်ဆရာတော်က ရွှေရောင်သင်္ကန်းကို ဝတ်ဆင်ထားပြီး သူ့ဘေးနားရှိ တိုင်လုံးတစ်ခု အနားတွင် ပစ္စည်းတစ်ခုကို တွေ့ရလေသည်။ ထိုပစ္စည်းကို ပါးလွှာသည့် ပဝါတစ်ခုဖြင့် ဖုံးအုပ်ထားပြီး ပုတီးတစ်ကုံးဖြင့် ဆင်တူလေသည်။
သို့သော် ပုတီးစေ့များက တောက်ပနေခြင်း မရှိပါ။
"ဓာတ်တော်တွေပဲ"
ဖန်းယန်ယင်းက တွေးလိုက်မိလေသည်။
သာသနာ့ဘောင်သို့ဝင်ကာ ဘုန်းကြီးဝတ်ခဲ့ပြီ ဖြစ်သည့် ဟိုုင်သခင်ကြီး တစ်ဖြစ်လဲ ဖားဟိုင် ဆရာတော်သည် ဖန်းယန်ယင်းကို အေးဆေး တည်ငြိမ်စွာဖြင့် ကြည့်လိုက်ရင်း…
"ဒီဓာတ်တော်တွေက ပေါင်ယွဲ့ ဆရာတော်ကြီးရဲ့ ဓာတ်တော်တွေပါ"
သူမ၏ အတွေးများကို ဖားဟိုင်ဆရာတော်က သိရှိနေသည့် အတွက် ဖန်းယန်ယင်း အနည်းငယ် ရှက်သွားလေသည်။ သူမက ဖားဟိုင်ဆရာတော်ကို ဦးညွတ် ဂါရဝ ပြုလိုက်ရင်း….
"ကျွန်မက ဖန်းယန်ယင်းပါ၊ ချင်းရွှမ်နတ်တံခါးက ဆန်းကျန်းရန်ကိုယ်စား ပေါင်ယွဲ့ ဆရာတော်ကြီးအတွက် ဝမ်းနည်း ကြောင်းသဝဏ်လွှာ လာရောက် ပို့ဆောင်ပေးတာပါ၊ သဝဏ်လွှာထက်မှာ ရေးထားတဲ့ နှစ်ကြောင်း ကဗျာလေးဟာ ဆန်းကျန်းရန် ကိုယ်တိုင် ပေါင်ယွဲ့ ဆရာတော်ကြီးအတွက် သီကုံးဖွဲ့ဆိုထားတဲ့ ကဗျာလေးပါ"
သဝဏ်လွှာလေးတစ်ခု ဖန်းယန်ယင်း လက်ထဲတွင် ပေါ်လာလေသည်။
သူမက ဖားဟိုင်ဆရာတော်၏ လက်ထဲသို့ သဝဏ်လွှာလေးကို ရိုသေစွာ ဆက်သ လိုက်သည်။
ဖားဟိုင် ဆရာတော်သည် သဝဏ်လွှာလေးကို တိတ်ဆိတ်စွာဖြင့် စိုက်ကြည့် နေလေသည်။ ထို့နောက် သဝဏ်လွှာလေးသည် လေထဲသို့ ပျံတက်သွားပြီး နှစ်ကြောင်း ကဗျာလေး ထွက်ပေါ်လာလေသည်။
"ဗောဓိသစ်ပင်ကဲ့သို့ ရုပ်ခန္ဓာ…
ကြေးမုံမှန်ကဲ့သို့ ကြည်လင်သည့် စိတ်ခန္ဓာ…"
"ဗောဓိသစ်ပင်ကဲ့သို့ ရုပ်ခန္ဓာ" ဆိုသည့် စာကြောင်းလေးမှ "ရုပ်ခန္ဓာ" ဆိုသည့်စာလုံးမှာ တရား အလင်းရခြင်း၏ အခြေခံ ဒြပ်စင်စွမ်းအားကို ဆိုလိုခြင်းဖြစ်ပြီး "ဗောဓိသစ်ပင်" ဆိုသည့်စာလုံးမှာ တရားအလင်း ရခြင်းကို ဆိုလိုခြင်း ဖြစ်လေသည်။ ဗုဒ္ဓဘုရားသည် ဗောဓိပင်အောက်တွင် ထိုင်ကာ ဗုဒ္ဓအဖြစ် တရားအလင်း ရခဲ့သည် မဟုတ်ပါလား။
"မှန်သားပြင်ကဲ့သို့ ကြည်လင်သည့် စိတ်ခန္ဓာ" ဆိုသည် စာကြောင်းလေး၏ အဓိပ္ပာယ်မှာ -
"ကြေးမုံကဲ့သို့ ကြည်လင်သည့် စိတ်နှလုံးသည် လောကရှိ အရာအားလုံးကို ရောင်ပြန်ဟပ် နိုင်သည်"
ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်လေသည်။
ကြေးမုံမှန်ထဲတွင် ထင်ဟပ်သည့် ပုံသဏ္ဌာန်တိုင်းသည် မူလအရာနှင့် ပုံသဏ္ဌာန် အတူတူပင် ဖြစ်လေသည်။ ကြီးလည်း ကြီးမသွားသလို၊ သေးလည်း သေးမသွားပေ။ ကြေးမုံမှန်ထဲတွင် ပေါ်နေသည့်ပစ္စည်း အဝေးသို့ ရောက်သွားလျှင်လည်း ကြေးမုံမှန်သည် ယခင်အတိုင်းပင် ကြည်လင်စွာ ကျန်ရစ်လေသည်။
ဆန်းလျန်သည် ကဗျာ နှစ်ကြောင်းတည်းဖြင့်ပင် ပေါင်ယွဲ့ ဆရာတော်ကြီး၏ အခြေခံ အရည်အသွေးများကို ဖော်ပြနိုင်ခဲ့လေသည်။
"ဆန်းလျန်က တခြားရော ဘာများမှာလိုက်သေးလဲ"
ဖားဟိုင်ဆရာတော်က ဖန်းယန်ယင်းကို မျက်လုံးတစ်ချက် ဝေ့ကြည့်ပြီး မေးလိုက်သည်။
"ဆန်းကျန်းရန်က တခြား ဘာစကားမှ မမှာလိုက်ပါဘူး"
ဖန်းယန်ယင်းကလည်း ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်လေသည်။
ဖားဟိုင်ဆရာတော်သည် တစ်ခဏမျှ ငြိမ်သက်ပြီး စဉ်းစားနေလေသည်။ ဆန်းလျန်သည် ပေါင်ယွဲ့ ဆရာတော်ကြီး၏ အခြေခံစိတ်ထားနှင့် တရားအလင်းရမှုကို သိမြင်နေသည့် အတွက် အနည်းငယ်တော့ အံ့သြ သွားမိလေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်သည် ကျင့်စဉ်လမ်းတွင် အလွန် အဆင့်မြင့်နေပြီ ဖြစ်ကြောင်း သိရှိနိုင်လေသည်။
ထို့ပြင် ဆန်းလျန်၏ တန်ခိုးစွမ်းအားများသည် ရပ်တန့်သွားမည် မဟုတ်ဘဲ စဉ်ဆက်မပြတ် တိုးတက် နေဦးမည် ဖြစ်လေသည်။
ပေါင်ယွဲ့ဆရာတော်ကြီး၏ တပည့် ဖြစ်လာပြီးသည့် နောက်ပိုင်း နတ်မိစ္ဆာများနှင့် မကောင်းဆိုးဝါး များသည် မဟာတန်ခိုးရှင်များ ဖြစ်လာနိုင်သလို တာအိုဆရာများနှင့် ဘုန်းတော်ကြီး များမှာလည်း လောကကို ကျော်လွန်နိုင်သည့် သူများ အဘယ်ကြောင့် ဖြစ်လာကြသည်ကို သူနားလည်လာရသည်။
နတ်ဘုရားတစ်ပါးနှင့် ဗောဓိသကျ တစ်ပါးဖြစ်ခြင်းမှာ အလွန်မှ ထူးခြား လွန်းလှလေသည်။ သူတို့၏ တန်ခိုးစွမ်းအားများမှာလည်း အချိန်ပြည့် တိုးတက်နေမည် ဖြစ်လေသည်။
နတ်ဘုရားများနှင့် ရွှေခန္ဓာရထားသည့် တရားရှင်များသည် ရှေ့သို့ ခြေတစ်လှမ်း တက်နိုင်ရန်အတွက် နောက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်လေ့ ရှိစမြဲပင် ဖြစ်လေသည်။
သူတို့၏ တန်ခိုးစွမ်းအားများသည် အချိန်အတိုင်းအတာ တစ်ခုသို့ ရောက်သည့်အခါ သဘာဝတရားနှင့် အသားကျသွားမည် ဖြစ်လေသည်။ လမင်း၏ သဘောတရားနှင့် ဆင်တူလေသည်။ လဆန်းမှ လပြည့်ဖြစ်လာပြီး လပြည့်ပြီးသည်နှင့် လဆုတ်သို့ ရောက်သွားမည် ဖြစ်လေသည်။
ထို့အတူပင် ….
ဆန်းလျန်သည် နောက်ထပ် နှစ်ပေါင်းငါးရာ သို့မဟုတ် တစ်ထောင်အတွင်း မိုးကောင်းကင် နတ်ဘုရား တစ်ပါးအဖြစ် အဆင့် မတက်လှမ်းနိုင်ခဲ့လျှင် သူ၏ တန်ခိုးစွမ်းအားများမှာ တဖြည်းဖြည်း ပြန်လည် ကျဆင်းသွားမည် ဖြစ်လေသည်။ လက်ရှိအချိန်လောက်ပင် တန်ခိုးစွမ်းအား ကြီးမားတော့မည် မဟုတ်ပေ။
ထိုအချက်များက ဗုဒ္ဓဘာသာနှင့် တာအိုဝါဒ၏ ကြီးမားသည့် အားနည်းချက်များ ဖြစ်သည့်တိုင် စစ်မှန်သည့် ကျင့်စဉ်လမ်းကို ပြောပါဆိုလျှင် ဗုဒ္ဓဘာသာနှင့် တာအိုဝါဒသာလျှင် ရှိလေသည်။
မိုးနှင့်မြေ သဘာဝ တရားကြီးပင်လျှင် မစုံလင်ရကား သဘာဝတရားမှ ဖြစ်တည်လာသည့် လူသားတိုင်းသည် အဘယ်မှာလျှင် စုံလင်နိုင်ပါမည်နည်။
ထို့ကြောင့် တာအိုဆရာသခင်ထိုက်စန့်က ပြောခဲ့သည်မှာ -
" ရေပြည့်နေသော ဖလားကို သယ်ဆောင်ရန် ကြိုးစားခြင်းထက် ရေမဖြည့်ခဲ့ခြင်းက သာလျှင် ပိုကောင်းသေးသည်။ ချွန်ထက်သည့် ဓားဦးသည်လည်း အချိန်တန်လျှင် တုံးသွားမည်သာ ဖြစ်လေသည်။ ရွှေနှင့် ကျောက်စိမ်းများ ပြည့်နေသည့် အခန်းတစ်ခန်းကို ပိုင်ဆိုင်သူသည် အန္တရာယ်မကင်းနိုင်၊ ကြွယ်ဝမှုနှင့် ဂုဏ်သိက္ခာက မာန်မာနကို ထောင်လွှား စေပြီး မာန်မာနမှာ မကောင်းမှုဆီသို့ ဦးတည်လေသည်။ အလုပ်ပြီးသွားသည်နှင့် အလုပ်လုပ်သူ၏ အမည်မှာလည်း ပယ်ဖျက် ခံရလိမ့်မည်၊ အန္တရာယ် အကင်းဆုံးမှာ လွတ်မြောက်ရာ အမှန် သံသရာလည်ခြင်း ကင်းရာ လမ်းပင်ဖြစ်၏"
ဟူ၍ဖြစ်လေသည်။
အကယ်၍ ဖားဟိုင်ဆရာတော်သည် ပေါင်ယွဲ့ ဆရာတော်ကြီးထံတွင် တပည့်မခံခဲ့လျှင် ဤနိယာမများကို နားလည်ခဲ့မည် မဟုတ်ပေ။ ထိုသို့နားမလည်ပါက "မဟာတန်ခိုးရှင် တစ်ပါး" မည်သို့မျှ ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။
ထိုတရားများကို နားလည်ခဲ့သည့် အတွက်သာ မင်ဝမ်ဝတ် ကျောင်းတော်မှ ဒေါင်းစိမ်း မင်းကြီးသည် လောကကို ကျော်လွန်ကာ တရားအလင်း ရသွားခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်က ပေါင်ယွဲ့ ဆရာတော်ကြီးအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည့် ရည်ရွယ်ချက်သည် မည်သို့ပင်ဖြစ်ပါစေ ဖားဟိုင် ဆရာတော်ကတော့ ပေါင်ယွဲ့ ဆရာတော်ကြီး လူပြန်ဝင်စားပြီး ကျင်းကွမ်းဝတ် ကျောင်းတော်သို့ ပြန်ရောက်လာရန် ကိုသာ စိတ်စော နေမိလေသည်။
ဖားဟိုင်ဆရာတော်မှာ နတ်မိစ္ဆာဘုရင်တစ်ပါး ဖြစ်သည့်အတွက် တန်ခိုးစွမ်းအား ကြီးမားသည့်တိုင် သူလျှောက်သည့် ကျင့်စဉ်လမ်းသည် စစ်မှန်သည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးနှင့်လည်း မတူသလို တာအိုဝါဒ၏ လောကနတ်ဘုရား တစ်ပါးနှင့်လည်း မတူညီပေ။
ထို့ကြောင့် ပေါင်ယွဲ့ဆရာတော် လူပြန်ဝင်စားခြင်းကို တွက်ချက်နိုင်ရန် အတွက် တာအိုဆရာ တစ်ယောက်၏ အကူအညီကို လိုအပ်နေလေသည်။ ဆန်းလျန်သည် သူသိချင်နေသည့် အချက်များကို ပြောပြနိုင်သည့် အတော်ဆုံး တာအိုဆရာပင် ဖြစ်လေသည်။
သို့သော် ဆန်းလျန်က သူ့ကို မည်သည့် အမှာစကားမှ မပါးလိုက်ခြင်းမှာ ပေါင်ယွဲ့ ဆရာတော်ကြီး၏ လူပြန်ဝင်စားခြင်းအကြောင်းကို တွက်ချက် မထားရသေးသောကြောင့် ဖြစ်နိုင်သလို သူကိုယ်တိုင် လာမေးခြင်းကို စောင့်နေခြင်းလည်း ဖြစ်နိုင်လေသည်။
"ကျုပ် ဒီဝမ်းနည်းကြောင်း သဝဏ်လွှာကို လက်ခံပါတယ်၊ ပြီးတော့ သူ့ကို မကြာခင် လာတွေ့ပါဦးမယ်လို့ ဆန်းကျန်းရန်ကို ပြောပေးပါ"
ဖားဟိုင်ဆရာတော်က ဖန်းယန်ယင်းကို တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်လေသည်။
ဆန်းလျန်သည် သူ၏ အကူအညီကို လိုအပ်နေသည်ကို သူသိလေသည်။ ထို့ကြောင့် သူသိချင်သည့် အကြောင်းအရာများကို ပြောပြရန် ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
ပေါင်ယွဲ့ဆရာတော်ကြီးသည် ချန်ပေသို၏ ထိပ်တန်း အဆင့် မရဏဓားကို ရင်ဆိုင်ခဲ့သူ ဖြစ်ပြီး ဆရာတော်ကြီး၏ ဓာတ်တော်များတွင် ထိုမရဏဓားနှင့် ပတ်သက်သည့် သဲလွန်စများ ကျန်ရစ်ခဲ့လေသည်။
ထို့ပြင် ဖားဟိုင် ဆရာတော်မှာလည်း ချန်ပေသို၏ ဓားသိုင်းပညာကို မျက်ဝန်း ထင်ထင် တွေ့မြင်ခဲ့ရသူ ဖြစ်လေသည်။
ထို့ကြောင့် ဆန်းလျန်သည် ထိုအကြောင်း အရာများကို သိချင်နေမည်မှာ အသေအချာပင် ဖြစ်လေသည်။
***