← Chapters

လေနှင့်မိုးကြိုး

Vol. 4 Ch. 341

လေနှင့်မိုးကြိုး

Vol. 4 Ch. 341

ဖန်းယန်ယင်းက ဖားဟိုင်ဆရာတော်၏ စကားကို လက်ခံ သဘောတူ လိုက်လေသည်။ ထို့နောက် ဖားဟိုင်ဆရာတော်သည် ဆန်းလျန် ရေးပေးလိုက်သည့် နှစ်ကြောင်း ကဗျာလေးကို အတန်ကြာ စိုက်ကြည့် နေလေသည်။

သူမက ဖားဟိုင်ဆရာတော် ဧည့်ခံသည့် မှော်ဝင် လက်ဖက်ရည်ကို သုံးခွက်ခန့် သောက်ပြီးသည့် အချိန်ကျမှ ဖားဟိုင်ဆရာတော်က သတိပြန်ဝင် လာလေသည်။

ထို့နောက် ငယ်ရွယ်သည့် ဘုန်းတော်ကြီး တစ်ပါးအား သူမကို လိုက်ပို့ရန် အမိန့်ပေး လိုက်သည်။

သူမသည် အမြန်ရောက်လာပြီး အမြန်ပင်ပြန်ရန် ပြင်ဆင် လိုက်လေသည်။ သူမက ဆန်းလျန်နှင့် ဖားဟိုင်ဆရာတော် ကြားတွင် သတင်းစကား ပို့ဆောင် ပေးသူမျှသာ ဖြစ်သည် မဟုတ်ပါလား။

သို့သော် ဖန်းယန်ယင်း နားမလည်နိုင်သည့် အချက်မှာ သူမ၏ ဆရာဦးလေးဖြစ်သူ ဆန်းလျန်နှင့် ဖားဟိုင်ဆရာတော်တို့မှာ တန်ခိုးစွမ်းအား မြင့်မားသူများ ဖြစ်ကြသည့် အတွက် မိုင်ပေါင်း ထောင်ချီဝေးနေပါစေ တစ်ယောက်နှင့် တစ်ယောက် အဆက်အသွယ် ပြုလုပ် နိုင်ကြသူများ ဖြစ်လေသည်။ သူမအနေဖြင့် သတင်းစကား အပို့အယူ လုပ်ပေးရန် မလိုအပ်လှပေ။

နောက်ဆုံးတော့ နားမလည်သည့် ကိစ္စများကို မတွေးတောဘဲနေရန်သာ ဖန်းယန်ယင်း ဆုံးဖြတ် လိုက်လေတော့သည်။

အပြန်လမ်းတွင်တော့ သူမကို မည်သူမှ မတားဆီးရဲတော့ပေ။

သူမပြန်လာသည့် အချိန်တွင် အရှေ့ဆီမှ နေပင်ထွက်လာပြီ ဖြစ်လေသည်။ နံနက်ခင်း နေရောင်ခြည်သည် မြက်ပင်လေးများထက်မှ နှင်းစက်လေးများ ပေါ်တွင် ကျရောက်နေပြီး နှင်းစက်လေးများမှာ တောက်ပ နေလေသည်။ ငှက်လေးများ၏ ကျီကျီကျာကျာ အော်မြည်သံလေး များကိုလည်း ကြားနေ ရလေသည်။

ဖန်းယန်ယင်းသည် လျှို့ဝှက်ဓား အင်းချပ်ကို ဆရာဦးလေးထံသို့ ပြန်ပေးရန် ဆုံးဖြတ် လိုက်သည်။

သို့သော် ဓားအင်းချပ်၏ ကြီးမားလွန်းသည့် တန်ခိုးစွမ်းအားများကို စဉ်းစားလိုက်မိသည့် အခါတွင်တော့ ပြန်ပေးရန် တွန့်ဆုတ် သွားမိ ပြန်လေသည်။

ဓားအင်းချပ်၏ တန်ခိုးစွမ်းကိုသာ မီခိုနေလျှင် သူမသည် ကျင့်စဉ်လမ်းတွင် သက်သောင့်သက်သာ နေသွားမိမည် ဖြစ်လေသည်။ ထိုအခါ သူမ၏ ကျင့်စဉ်လမ်းသည် ရှေ့ဆက် အဆင့် တက်တော့မည် မဟုတ်ပေ။

ဆန်းလျန်သည် သေစေခြင်း ကျောင်းတော်တွင် ရှိနေလေသည်။ သူက ဒြပ်စင်စွမ်းအား ငါးမျိုးကို အသုံးပြုပြီး တန်ခိုးစွမ်းအား အနှစ်သာရ တစ်ခုကို ဖွဲ့စည်း လိုက်လေသည်။ ထိုအခါ ပတ်ဝန်းကျင် တစ်ခုလုံးမှ မြေကြီး စွမ်းအားများသည် သေစေခြင်း ကျောင်းတော်ဆီသို့ တဖြည်းဖြည်း စုစည်းလာကြလေသည်။ ထိုသို့ ဒြပ်စင်စွမ်းအားများ ပေါင်းစည်းနေမှုသည် နှေးကွေးစွာ ဖြစ်ပေါ်နေခြင်း ဖြစ်လေသည်။

သို့သော် ထိုသို့ ပေါင်းစည်းမှု အချိန်ကာလ ကြာမြင့်လာပါက သေစေခြင်း ကျောင်းတော်သည် ကျင့်ကြံသူများ အတွက် အလွန်သင့်တော်သည့် နေရာတစ်ခု ဖြစ်လာ ပေလိမ့်မည်။

ချင်းရွှမ်နတ်တံခါးမှ တောင်ထိပ်ငါးခုမှ မိုးမြေစွမ်းအားများနှင့် မယှဉ်နိုင်သည့်တိုင် ကျင့်ကြံသူ ဂိုဏ်းတစ်ခု အတွက်တော့ လုံလောက်သည့် မိုးမြေစွမ်းအားများ ပြည့်ဝလာမည် ဖြစ်လေသည်။

သို့သော် ဆန်းလျန် ပြုလုပ်ထားသည့် ဖွဲ့စည်းခြင်းကို မည်သူမျှ သတိမထားမိကြပေ။

သေစေခြင်း ကျောင်းတော်သို့ ပြန်ရောက်လာသည့် ဖန်းယန်ယင်းမှာ မည်သို့ဖြစ်သည်ကို နားမလည်သော်လည်း အသက်ဓာတ် စွမ်းအားများနှင့် မိုးမြေစွမ်းအားများ ယခင်ကထက် ပိုပြီး အားကောင်း နေသည်ကို ခံစား လိုက်မိလေသည်။ ထို့ကြောင့် သူမ၏ စိတ်များမှာလည်း ကြည်လင် လာရလေသည်။

သူမက ကျင်းကွမ်းဝတ် ကျောင်းတော်တွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ဆန်းလျန်ကို လေးလေးစားစားဖြင့် ပြန်ပြောပြ လိုက်လေသည်။ အမှန်တော့ ပြောစရာလည်း သိပ်ပြီး များများစားစား မရှိလှပေ။

"ဖားဟိုင်ဆရာတော်က သိပ်မကြာခင် လာတွေ့မည်"

ဆိုသည့်စကားသာ ပြောစရာရှိလေသည်။

ထိုစကားကို ကြားရသည့် အတွက်လည်း ဆန်းလျန်က အံ့သြသွားခြင်း မရှိပါ။

ဆန်းလျန်သည် အတိတ် တစ်ချိန်တုန်းကတော့ ဖားဟိုင် ဆရာတော် တစ်ဖြစ်လဲ ဟိုင်သခင်ကြီးထက် တန်ခိုးစွမ်းအား သာလွန်ခဲ့ခြင်း မရှိပါ။ သို့သော် ယခုအချိန်တွင်တော့ သူသည် ဖားဟိုင်ဆရာတော်နှင့် ကောင်းကောင်း ယှဉ်နိုင်နေပြီ ဖြစ်လေသည်။

ထို့ပြင် သူကလည်း ဖားဟိုင်ဆရာတော်၏ အကူအညီကို လိုအပ်နေသလို ဖားဟိုင် ဆရာတော် ကလည်း သူ၏ အကူအညီကို လိုအပ်နေသူ ဖြစ်လေသည်။

သူတို့ နှစ်ယောက်ကြားတွင် မည်သည့် အရာကိုမှ ဖုံးကွယ်ထားစရာ မလိုအပ်ပေ။

အဆင့်မြင့် ကျင့်ကြံသူများ အနေဖြင့် စကားများများ ပြောစရာမလိုဘဲ တစ်ယောက်၏ စိတ်သဘောကို တစ်ယောက်က နားလည်ကြစမြဲပင် ဖြစ်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း....

"မင်းလုပ်တာ တော်တယ်၊ လရောင်ဖြူနတ်မိစ္ဆာဘုရင်ကို မင်းသတ်လိုက်တာကိုလည်း ကျုပ်ကြည့်နေခဲ့တာ၊ မင်းရဲ့ ရင်ထဲက အကြောက်တရားကို အနိုင်ယူနိုင်ခဲ့တာ တကယ့်ကို အံ့သြစရာပါပဲ၊ မင်းရဲ့ဆရာက မင်းအပေါ် မျှော်လင့်ချက် ကြီးကြီးထားတာ ကျုပ် မအံ့သြတော့ပါဘူး၊ လူတစ်ယောက်ဟာ မွေးရာပါ အရည်အချင်းတွေ ရှိကောင်း ရှိလိမ့်မယ်၊ ဒါပေမဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုနဲ့ ကြိုးစားမှုမရှိရင် ဘယ်အရာမှ မအောင်မြင်နိုင်ဘူး၊ ကျင့်စဉ်လမ်းဆိုတာက ဆယ်နှစ်ကျော်လည်း ကြာနိုင်သလို နှစ်တစ်ရာလည်း ကြာသွားနိုင်တယ်၊ ဒါပေမဲ့ မင်းဘက်က လက်မလျှော့သရွေ့ တစ်ချိန်မှာ နတ်ဘုရားတစ်ပါး ဖြစ်လာမှာပဲ၊ ဒီတော့ ကျုပ်ရဲ့ တန်ခိုးစွမ်းအား ဖြည့်ပေးထားတဲ့ လျှို့ဝှက် ဓားအင်းချပ်ကို သိမ်းထား စေချင်တယ်၊ အဲဒီ ဓားအင်းချပ်အပေါ် အရမ်းမီခိုလွန်းတဲ့ စိတ်ဝင် သွားမှာကို စိတ်မပူနဲ့၊ ဘာလို့လဲဆိုတော့ ဓားအင်းချပ်အပေါ် အရမ်းမှီခို သွားမလားလို့ မင်းတွေးနေတဲ့ အတွေးတွေကိုသာ ရပ်တန့်ပစ်ဖို့ လိုတယ်"

ဆန်းလျန်က အေးဆေးစွာပင် ပြောလိုက်ခြင်း ဖြစ်သော်လည်း ဖန်းယန်ယင်းမှာ အံ့သြ သွားရသည်။ ဆန်းလျန်က သူမ၏ စိတ်ထဲရှိ အတွေးများကိုပင် သိနေသည် မဟုတ်ပါလား။ ထို့ပြင် ဆန်းလျန်၏ စကားများသည် သူမအတွက် စဉ်းစားစရာများ ဖြစ်လောလေသည်။

ဖန်းယန်ယင်းက တစ်ချက်မျှ စဉ်းစားလိုက်ပြီး လျှို့ဝှက်ဓားအင်းချပ်ကို ဆန်းလျန်ကို ပြန်ပေး လိုက်လေသည်။

"ဆရာဦးလေး၊ ကျွန်မကို ဒီဓားအင်းချပ်ကို ပေးတာ ကျွန်မရဲ့ ကျင့်ကြံသူ စိတ်ထားကို စစ်ဆေးနေတာ မဟုတ်လား၊ ဒါပေမဲ့ ကျွန်မက သဏ္ဌာန်မဲ့ဓားသိုင်းပညာကို ကျင့်ကြံနေတာပါ၊ ဒီဓားသိုင်းက သဏ္ဌာန်မဲ့ဓားသိုင်းဆိုမှတော့ သဏ္ဌာန်ရှိတဲ့ ဓားအင်းချပ်ကို ကျွန်မ ဘာလို့ အသုံးပြု နေတော့မှာလဲ၊ အနာဂတ်မှာ ဘာပဲ ဖြစ်လာ ဖြစ်လာ ကျွန်မ ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ ဒီဓားအင်းချပ်ကို သိမ်းထားမိရင် ကျွန်မစိတ်က အမြဲတမ်း လေးလံ နေရလိမ့်မယ်၊ ဒါကြောင့် ဒီဓားအင်းချပ်ကို ဆရာဦးလေးကိုပဲ ပြန်ပေးခွင့်ပြုပါ"

ဖန်ယန်ယင်းသည် ဓားအင်းချပ်ကို ပြန်ပေးရန် အတွက် ဆုံးဖြတ်ချက် ချပြီးခဲ့ပြီ ဖြစ်လေသည်။

အမှန်တော့ ဆန်းလျန်က ဖန်းယန်ယင်းကို ဓားအင်းချပ် ပေးရသည့် အကြောင်းအရင်းမှာ "မှော်ဝင် ပစ္စည်းများ အပေါ်တွင် အရမ်းအားမကိုးမိစေရန်" သင်ပြပေးလိုသည့် အတွက် ဖြစ်လေသည်။

သို့သော် ဖန်းယန်ယင်းက သူမဘဝကို သူမ နားလည်သူ ဖြစ်လေသည်။

သူမသည် တာအိုကျင့်စဉ် လမ်းတွင် ပါရမီရှင်တစ်ယောက် မဟုတ်ပေ။ သူမသည် ကျင့်စဉ်လမ်းကို အခြေခံမှ စပြီး ကြိုးကြိုးစားစားနှင့် ကျင့်ကြံခဲ့ရသူ ဖြစ်လေသည်။

ထို့ပြင် သူမ၏ ဆရာဖြစ်သူက စိတ်မပျံ့လွင့်စေဘဲ သဏ္ဌာန်မဲ့ ဓားသိုင်းပညာကိုသာ တစိုက်မတ်မတ် လေ့ကျင့်ရန် မှာကြား ထားလေသည်။ ထို့ကြောင့် သူမက ဆရာဖြစ်သူ၏ စကားအတိုင်း တစ်သွေမတိမ်း လိုက်နာခဲ့လေသည်။

သူမသည် သူမ ရောက်ရှိနေသည့် အဆင့်အတန်းကို သိရှိသည့်တိုင် ရည်မှန်းချက်ကိုတော့ ကြီးကြီး ထားခဲ့လေသည်။

ဆန်းလျန်က ဖန်းယန်ယင်း ပြန်ပေးသော လျှို့ဝှက် ဓားအင်းချပ်ကို ပြန်ယူလိုက်သည်။

ထို့နောက် ဖန်းယန်ယင်းကို လေးစားသည့် အကြည့်ဖြင့် ကြည့်လိုက်ရင်း…

"ကျုပ်မင်းကို လျှော့တွက်ခဲ့မိတယ်၊ မင်းက ဂိုဏ်းတူအစ်ကို ချန်ကျန့်မေရဲ့ အတော်ဆုံး တပည့်ပါပဲ၊ သေစေခြင်း ကျောင်းတော်ဟာ မင်းကြောင့် အောင်မြင်မှုတွေ ရရှိလိမ့်ဦးမယ်"

ဖန်းယန်ယင်းသည် ကျင့်စဉ်လမ်းတွင် အလားအလာကောင်း ရှိသူ တစ်ယောက် မဟုတ်သလို ပါရမီရှိသူ တစ်ယောက်လည်း မဟုတ်ခဲ့ပေ။ ထို့ပြင် ဝိညာဉ်စွမ်းအားလည်း နည်းပါးလေသည်။ သို့သော် သူမ၏ ဖြောင့်မတ်သော အသွင်အပြင်နှင့် ခိုင်မာသော စိတ်ဓာတ်တို့ကြောင့် တစ်ချိန်တွင် ကျိန်းသေ အောင်မြင်မှု ရရှိနိုင်မည် ဖြစ်လေသည်။

ချန်ကျန့်မေသည် သူမ၏ စိတ်ဓာတ်ကို သိမြင်ခဲ့ပြီး သဏ္ဌာန်မဲ့ ဓားသိုင်းပညာကို အမွေပေးခဲ့ခြင်း ဖြစ်လေသည်။ အချိန်တန်သည့် အခါတွင် သူမသည် ကျင့်ကြံသူ လောကတွင် တောက်ပသည့် ကြယ်တစ်ပွင့် ဖြစ်လာမည်မှာ အသေအချာပင်။

မည်သည့်အချိန်တွင် တောက်ပလာနိုင်မည်လဲ ဆိုသည်ကတော့ ဆယ်နှစ်လား၊ အနှစ်တစ်ရာလား မသိနိုင်ပေ။ သို့သော် သူမ လက်မလျှော့သရွေ့ သူမ၏ အနာဂတ်သည် တောက်ပနေမည်ပဲ ဖြစ်လေသည်။

ဖန်းယန်ယင်းမှာ ဆန်းလျန်၏ စကားကြောင့် အံ့သြသွားရပြန်သည်။ ဆရာဦးလေးသည် သူမအပေါ်တွင် အဘယ့်ကြောင့် မျှော်လင့်ချက် ကြီးမားစွာ ထားနေရသည်ကို သူမ နားမလည်ခဲ့ပေ။

အမှန်တော့ သူမသည် သေစေခြင်း ကျောင်းတော်မှ တပည့်များထဲတွင် အလွန် ထက်မြက်သည့် တပည့်တစ်ယောက်တော့ မဟုတ်ခဲ့ပေ။ သူမက အခြားသူများထက် ပိုပြီး ကြိုးစားသောကြောင့် အခြေခံကောင်းများကို ရရှိခဲ့ခြင်းသာ ဖြစ်လေသည်။

ဆရာဖြစ်သူ ချန်ကျန့်မေနှင့် ဆရာ ဦးလေး ဆန်းလျန်တို့နှင့် ယှဉ်လျှင် သူမသည် မည်သည့် ပါရမီမှမရှိသည့် မြူမှုန်တစ်စမျှသာ ဖြစ်လေသည်။

ဆန်းလျန်က သူမ၏ မျက်နှာတွင် ထင်ဟပ်နေသည့် နားမလည်နိုင်ခြင်းများကို ရိပ်မိသည့်တိုင် အသေးစိတ်များကို ရှင်းပြမနေတော့ပေ။

"ကျုပ်အခု သွားစရာရှိလို့ ခဏ အပြင် သွားလိုက်ဦးမယ်၊ အော် … ဒါနဲ့ တောင်ပေါ်က မုန်ညင်းစိမ်းတွေက တော်တော် လတ်ဆတ်တဲ့ပုံပဲ၊ အရသာလည်း ရှိမယ်ထင်တယ်၊  ခဏနေရင် ကျုပ်ပြန်လာခဲ့မယ်၊ ကျုပ်အတွက် နည်းနည်းလောက် မင်းက ချက်ပြုတ် ထားပေးပါလား"

ဆန်းလျန်က ပြောလိုက်လေသည်။

ဖန်းယန်ယင်းမှာ ဆန်းလျန်၏ စကားကြောင့် အံ့သြရပြန်သည်။

နတ်ဘုရားတစ်ပါးသည် အစားအသောက် စားလိမ့်မည်ဟု သူမက မျှော်လင့် မထားခဲ့မိပေ။ သို့သော် ဆရာဦးလေး၏ အမိန့်ဖြစ်သည့် အတွက် သူမက ငြင်း၍လည်း မဖြစ်နိုင်ပေ။

တောင်ပေါ် လေနုအေးက တိုက်ခတ်နေလေသည်။ အသက်ဓာတ် စွမ်းအားများကလည်း ပြည့်ဝနေလေသည်။ တောင်ပေါ်တွင် မုန်ညင်းစိမ်းပင်များသည် အလေ့ကျ ဖွံ့ထွားစွာဖြင့် ပေါက်ရောက် နေလေသည်။ ထိုမုန်ညင်းစိမ်းများသည် အရာသာအလွန်ချိုပြီး ဝိညာဉ် စွမ်းအားနှင့်လည်း ပြည့်ဝလျက် ရှိလေသည်။ အစားအသောက် အတွက် သာမက ကျင့်စဉ်လမ်း အတွက်ပါ အထောက်အကူ ပြုနိုင်လေသည်။ ထို့ကြောင့် တစ်ခါတစ်ရံ သူမပင်လျှင် ထိုမုန်ညင်းစိမ်း များကို ခူးပြီး စားလေ့ရှိလေသည်။

သူမ တွေးတော နေရင်းဖြင့်ပင် ကောင်းကင်ထက်သို့ မော့ကြည့် လိုက်လေသည်။

ဆန်းလျန်သည် ခရမ်းရောင်နှင့် အစိမ်းရောင် အတောင်ပံတစ်စုံကို တဖျတ်ဖျတ် ခတ်ကာ ပျံသန်းသွားသည်ကို သူမ တွေ့လိုက်ရလေသည်။ ဆန်းလျန် အတောင်ပံ တစ်ချက် ခတ်လိုက်သည်နှင့် လျှပ်စီးများလက်ပြီး မိုးခြိမ်းသံများလည်း ထွက်ပေါ် လာလေသည်။ ထို့နောက်တွင်တော့ ဆန်းလျန်သည် သူမ၏ မျက်စိရှေ့မှ ပျောက်ကွယ် သွားလေတော့သည်။

သူမသည် ဆန်းလျန်နောက်သို့ပင် လိုက်ပြီး ကြည့်မိလေသည်။ "လေနှင့် လျှပ်စီးတောင်ပံ အသွင်ပြောင်းပညာ" သည် မည်မျှမြန်ကြောင်းကို သူမ နားလည်နိုင်ခြင်း မရှိခဲ့ပေ။ သူမစိတ်ဖြင့် တွေးတော နိုင်စွမ်း မရှိလောက်အောင် လျှင်မြန်လွန်းသည့် ပညာတစ်ခု ဖြစ်လေသည်။

တောင်ပင်လယ်၊ ကျိကျိုက်သီလရှင်ကျောင်း

ကျိကျိုက်သီလရှင် ကျောင်းသည် တောင်ပင်လယ်တွင် တည်ရှိလေသည်။ သို့သော် တောင်ပင်လယ် မည်သည့် နေရာတွင် တည်ရှိ သည်ဆိုသည်ကို မည်သူမျှ မသိကြပေ။ ကျိကျိုက်သီလရှင် ကျောင်း၏ တည်နေရာကို သိရှိခဲ့ရသည် ဆိုလျှင်တောင်မှ ထိုနေရာသို့ သွားနိုင်ရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

အချို့သော တံငါသည်များကတော့ ခရမ်းရောင်မြူခိုးများ ဝန်းရံနေသည့် ကျွန်းတစ်ကျွန်းကို သတိထားမိ ကြလေသည်။ ထိုကျွန်းပေါ်မှ ဗုဒ္ဓတရား စာပေ ရွတ်ဖတ်သံများကိုလည်း ရံဖန်ရံခါ ကြားရလေ့ ရှိတတ်သည်။

သို့သော် သူတို့က ထိုကျွန်းအနားသို့ သွားရန်ကြိုးစားသည်နှင့် ထိုကျွန်းပေါ်သို့ ရောက်နိုင်ခြင်း မရှိဘဲ ပို၍ဝေးကွာသည့် နေရာသို့ မျက်စိလည်ကာ ရောက်သွားကြရစမြဲ ဖြစ်လေသည်။

နောက်ဆုံးတွင်တော့ ထိုကျွန်းမှာ မှော်ဝင်ကျွန်း တစ်ကျွန်း ဖြစ်သည်ကို သိရှိသွားကြပြီး သွားရောက်ရန် မကြိုးစားကြတော့ပေ။

ခရမ်းရောင် မြူခိုးများဝန်းရံနေပြီး တရားစာရွတ်ဖတ်သံ များလည်း ကြားရလေ့ ရှိသည့်အတွက် "ကျီယင်းကျွန်း" ဟု ခေါ်ဆို ကြလေသည်။

ယနေ့တွင်တော့….

ကောင်းကင်ထက်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ကျီယင်းကျွန်း အတွင်းသို့ တစ်စုံတစ်ယောက်သည် ဝင်ရောက် လာလေတော့သည်။

***

All Chapters