သတ္တဝါလေးမျိုးအရံအတား
Vol. 4 Ch. 342
ကျီယင်းကျွန်းသို့ ရောက်ရှိလာသူမှာ အခြားသူမဟုတ်ပေ။ ဆန်းလျန်သာလျှင် ဖြစ်လေသည်။
ဆန်းလျန်၏ လေနှင့်လျှပ်စီးတောင်ပံ အသွင်ပြောင်း ပညာမှာ အရူး တာအိုဆရာ၏ "နတ်ဘုရား အခိုးအငွေ့အသွင် ပြောင်းပညာ" လောက် လျှင်မြန်ခြင်း မရှိသည့်တိုင် အခြားသော ပညာရပ်များစွာ ထက်သာလွန်သည့် ပညာရပ်တစ်ခု ဖြစ်လေသည်။
ဆန်းလျန်က နတ်ဘုရား တစ်ပါး ဖြစ်လာသည့် အတွက်သာ လေနှင့်လျှပ်စီး တောင်ပံ အသွင်ပြောင်းပညာကို လျင်မြန်စွာ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ထိုပညာကို ကျင့်ကြံ အောင်မြင်ခဲ့သည့် အတွက်လည်း ဆန်းလျန်က သိပ်ပြီး စိတ်လှုပ်ရှားမိခြင်း မရှိပါ။
ကမ္ဘာ့ကပ်ဘေးကြီး ကျရောက်ပါက ရန်ဆိုင်နိုင်ရန် အတွက်သာ မဟုတ်ပါက သူက သဘာဝလွန် တန်ခိုးစွမ်းအားများကို လေ့လာ ဆည်းပူးလိုစိတ် လုံး၀ မရှိခဲ့ပေ။ ငယ်စဉ်ကတော့ တန်ခိုးစွမ်းအားများကို စိတ်ဝင်စားမိသည့်တိုင် နတ်ဘုရားတစ်ပါး ဖြစ်လာပြီးသည့် နောက်ပိုင်း တန်ခိုးစွမ်းအား ဆိုသည့်အရာများကို အာရုံ မစိုက်ချင်တော့ဘဲ ဘဝကို ရိုးရှင်းစွာပင် နေထိုင် သွားချင်မိလေသည်။
သို့သော် အချို့သော ကိစ္စများကတော့ သူ့တွင် ရွေးချယ်စရာမရှိပေ။
ကျိကျိုက်သီလရှင်ကျောင်းမှ အရံအတားသည် ဆန်းလျန်ကို တားဆီးနိုင်ခြင်း မရှိပေ။ ဆန်းလျန်သည် ခိုင်ခန့်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် အရံအတားကို ဖြတ်ကျော်ကာ ကျီယင်း ကျွန်းပေါ်သို့ ရောက်ရှိ လာခဲ့လေသည်။
ကျီယင်းကျွန်းတွင် အလွန်လှပသည့် တောင်များရှိပြီး စမ်းချောင်းလေးများကလည်း စီးဆင်းလျက် ရှိလေသည်။ နတ်ဘုရားတို့၏ တိုင်းပြည်လေးအလားပင် ထင်မှတ်ရလေသည်။ ကျီယင်းကျွန်းတွင်သာ အချိန်ကြာမြင့်စွာ နေထိုင်ပါက လူတစ်ယောက်၏ စိတ်ဝိညာဉ်သည် အလွန်မှပင် သန့်စင်လာမည် ဖြစ်လေသည်။
တောင်ကမ်းပါး တစ်ခုထက်တွင် ဆေးပင်များ ခူးဆွတ်နေကြသည့် သီလလေးနှစ်ပါးကို ဆန်းလျန် တွေ့မြင်လိုက်ရလေသည်။
ဆန်းလျန်ကိုတွေ့သည်နှင့် သီလရှင်လေး တစ်ပါးက ချက်ချင်းပင် မေးမြန်းလိုက်သည်။
"သင်က ဘယ်သူလဲ"
ဆန်းလျန်၏ ခြေဖဝါးအောက်တွင် မမြင်ရသည့် လှေကားထစ်များ ရှိနေသည့်အလား ဆန်းလျန်သည် လေထဲမှ တစ်လှမ်းချင်း ဆင်းသက် လာလေသည်။ သူ၏ ဝတ်ရုံသည် လေထဲတွင် လွင့်မျောနေပြီး သူ၏ပုံသဏ္ဌာန်မှာ မိုးကောင်းကင် နတ်ဘုရား မျိုးနွယ်တစ်ပါးနှင့်ပင် ဆင်တူ လွန်းလေသည်။
သီလရှင်လေး နှစ်ယောက်မှာ အသက် ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်ခန့်မျှသာ ထင်ရလေသည်။ ကျီယင်းကျွန်းမှာ မိုးမြေစွမ်းအားများ ကောင်းမွန်လွန်းသည့် အတွက် သူတို့၏ မူလအသက်ကို ခန့်မှန်းနိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ပြင် သူတို့၏ အသားအရေ များမှာလည်း နှင်းပွင့်ကဲ့သို့ ဖြူစင်နေကြပြီး အိုမင်းသည့် အရိပ်အယောင်ကို တစ်စက်ကလေးမှ မတွေ့မြင်ရချေ။
ဆန်းလျန်က ကောင်းကင်ထက်မှ ဆင်းသက်လာကာ သီလရှင်လေး နှစ်ပါးရှေ့သို့ ရောက်လာ လေသည်။
"ဆရာလေးတို့၊ ကျုပ်က ချင်းရွှမ်နတ်တံခါးက ဆန်းလျန်ပါ၊ ဆရာသခင် လျို့ချင်းရှင်းထိုင်နဲ့ တွေ့ချင်လို့ပါ"
သီလရှင်လေး နှစ်ပါးသည် လောကမှ အကြောင်းအရာများနှင့် ကင်းကွာသူများ ဖြစ်ကြသည့် အတွက် ဆန်းလျန်ဆိုသည်မှာ မည်သူမှန်း မသိကြပေ။ သို့သော် သူတို့က ဆန်းလျန်ဆိုသည်မှာ ထူးခြားသည့် လူတစ်ယောက်တော့ ဖြစ်ရမည်ဟု မှတ်ချက်ချလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် လေထဲတွင် လမ်းလျှောက်လာသည့် ဆန်းလျန်မှာ မည်သည့် နည်းနှင့်မျှ သာမန် ကျင့်ကြံသူ တစ်ယောက် မဟုတ်နိုင်သောကြောင့် ဖြစ်လေသည်။
သီလရှင် ဆရာလေး တစ်ပါးက…
"သင်က ကျွန်မတို့ဆရာနဲ့ တွေ့ချင်တာဆိုရင်တော့ ဒီတောင်ရဲ့ အနောက်ဘက် မိုင်ပေါင်း ငါးဆယ်လောက် လမ်းလျှောက် သွားရလိမ့်မယ်"
"ကျေးဇူး အများကြီး တင်ပါတယ်ဗျာ"
ဆန်းလျန်က ခေါင်းညိတ် လိုက်ရင်း သိမ်မွေ့စွာ ပြောလိုက်လေသည်။
ဆန်းလျန်၏ ထူးခြားသော ဆွဲဆောင်မှုနှင့် နူးညံ့သိမ်မွေ့သော အသံကြောင့် သီလရှင်လေး တစ်ပါးမှာ စိတ်လှုပ်ရှားသွားရပြီး ရှက်သွေး ဖြာသွားလေတော့သည်။ ဆန်းလျန်၏ အမေးကို ပြန်ဖြေလိုက်သည့် သီလရှင်လေးကတော့ ဆန်းလျန်ကို ပြုံးပြလိုက်လေသည်။
သို့သော် ဆန်းလျန်ကတော့ သီလရှင်နှစ်ပါးကို ဂရုမစိုက်တော့ပါ။ ချက်ချင်းပင် တောင်အနောက်ဘက်သို့ ထွက်ခွာ သွားလေတော့သည်။
ရှက်သွေး ဖြာသွားသည့် သီလရှင်လေးက …
"ဂိုဏ်းတူအစ်မ၊ ဒီဧည့်သည်ကို ကြည့်ရတာ လူဆိုးတစ်ယောက်တော့ ဟုတ်မယ် မထင်ပါဘူး၊ ဆရာက သူ့ကို ဘာလို့ မတွေ့ချင်ရတာလဲ မသိဘူး"
ထို့နောက် သူမက စကားဆက်ပြောလိုက်သည်။
"ပြီးတော့ ဒီဧည့်သည်က တော်တော်ရိုးတာပဲ၊ ဂိုဏ်းတူ အစ်မပြောတဲ့ စကားကို ချက်ချင်းကို ယုံသွားတာပဲ"
ဂိုဏ်းတူအစ်မ ဆိုသူက စကားများနေသည့် သီလရှင်လေး၏ ခေါင်းကို ဂေါက်ခနဲ တစ်ချက် ခေါက်လိုက်လေသည်။
"ဒါကြောင့် နင်က သူ့ကို စိတ်ဝင်စားနေပြီ ပေါ့လေ၊ ငါတို့သီလရှင်တွေက ယောကျ်ား တစ်ယောက်ကို ဘာလို့ အရေးလုပ်နေမလဲ၊ ပြီးတော့ ဆရာက အဲဒီလူကို မတွေ့ချင်တာ သူ့အကြောင်းနဲ့ သူရှိမှာပေါ့၊ အခု သူထွက်သွားပြီဆိုတော့ ဆရာ့ကို သတင်း သွားပို့ကြမယ်"
သီလရှင်လေး နှစ်ပါးသည် ဆေးပင်များကို သယ်ဆောင်ကာ တောင်အောက်သို့ ဆင်းသွား ကြလေသည်။
သီလရှင်လေးနှစ်ပါး ထွက်ခွာသွားသည်နှင့် ထိုနေရာတွင် ဆန်းလျန် ပေါ်လာလေသည်။ သူက ထွက်ခွာသွားသည့် သီလရှင်လေးများကို ငေးကြည့်ရင်း တွေးလိုက်မိသည်။
"ကြည့်ရတာ ဆရာသခင် လျို့ချင်းရှင်းထိုင်က ငါလာမယ် ဆိုတာကို ကြိုသိနေပုံရတယ်၊ ဒါကြောင့် ဒီဆရာလေး နှစ်ပါးကို ဒီနေရာမှာ ကြိုပြီး လွှတ်ထားတာ ဖြစ်ရမယ်၊ ဒါပေမဲ့ သူက အရာရာကို ကြိုသိနေတယ် ဆိုရင် ဆရာလေးနှစ်ပါးက ငါ့ကို မလှည့်စားနိုင်ဘူး ဆိုတာလည်း သူသိရမှာပေါ့၊ ကြည့်ရတာ သူက ငါ့ကိုမတွေ့ချင်ဘူး ဆိုတာကို သွယ်ဝိုက်တဲ့နည်းနဲ့ သတင်း ပေးလိုက်တာပဲ ဖြစ်ရမယ်"
ဆန်းလျန် ကျိကျိုက်သီလရှင် ကျောင်းသို့ လာရသည့် အဓိက အကြောင်းအရင်းမှာ စန်းကွမ်းပရိတ်ရေ အနည်းငယ် တောင်းယူရန် ဖြစ်လေသည်။
စန်းကွမ်းပရိတ်ရေမှာ ဒဏ်ရာမှန်သမျှကို ပျောက်ကင်းစေသည့် ထိပ်တန်း ပရိတ်ရေတစ်ခု ဖြစ်လေသည်။ ချန်ကျန့်မေမှာ သူ၏ရန်သူ၏ ဓားဝိညာဉ်ကို ကိုယ်တွင်းတွင် ထိန်းသိမ်းထားကာ ဓားဝိညာဉ်မှ ဓားသိုင်းပညာကို လေ့လာရန် ကြိုးစားနေသည့် အတွက် ဒဏ်ရာမှာ ပြင်းထန်သည်ထက် ပြင်းထန်လာလေသည်။ ဆန်းလျန်ကာကွယ်ပေးနေသည့်တိုင် သူ၏ ဒဏ်ရာမှာ ပြန်လည်ကောင်းမွန်လာရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင် သေးပေ။
ချင်းရွှမ် နတ်တံခါးတွင်လည်း ဒဏ်ရာ သက်သာ ပျောက်ကင်းစေသည့် ဆေးဝါးပေါင်း များစွာရှိသော်လည်း ချန်ကျန့်မေ၏ ဒဏ်ရာကို လုံး၀ ပျောက်ကင်း သက်သာ သွားနိုင်မည်ဟု အာမမခံနိုင်ပေ။
ဆန်းလျန်က အစ်ကိုဖြစ်သူ ချန်ကျန့်မေ၏ ဒဏ်ရာကို ကုသရန်အတွက် စန်းကွမ်း ပရိတ်ရေရှိအောင် ဆရာသခင် လျို့ချင်းရှင်းထိုင်ကို ဒူးထောက် တောင်းပန်ရလျှင်လည်း တောင်းပန်မည် ဖြစ်လေသည်။
သို့သော် ယခုတော့ ဆရာသခင်လျို့ချင်းရှင်းထိုင်က သူ့ကို တွေ့လိုစိတ်မရှိပေ။
ဆန်းလျန်က သူမကို စိတ်ဆိုး ဒေါသထွက်ခြင်း မဖြစ်မိပါ။ အမှန်တော့ လျို့ချင်းရှင်းထိုင်သည် စန်းကွမ်း ပရိတ်ရေ၏ မူလပိုင်ရှင် ဖြစ်သလို ဆန်းလျန်မှာလည်း သူမ၏ပိုင်နက် ကျိကျိုက် သီလရှင်ကျောင်း နယ်မြေထဲသို့ ရောက်ရှိနေသူ ဖြစ်လေသည်။
ဆန်းလျန်၏ ဆရာဘွားဘွားဖြစ်သူ ကျိလင်နတ်သမီးနှင့် ဆရာသခင် လျို့ချင်းရှင်းထိုင်မှာ မိတ်ဆွေများ ဖြစ်ကြသော်လည်း လျို့ချင်းရှင်းထိုင်က ဆန်းလျန်ကို မကူညီချင်လျှင် ဆန်းလျန်လည်း မည်သို့မျှ တတ်နိုင်မည် မဟုတ်တော့ပေ။
ဆန်းလျန်လည်း မည်သို့မျှ မတတ်သာတော့ဘဲ ပြန်ရန် ပြင်ဆင်လိုက်လေသည်။ သို့သော် လျို့ချင်းရှင်းထိုင်က တပည့်ဖြစ်သည့် သီလရှင် ဆရာလေးများကို တောင်အနောက်ဘက်သို့ မိုင်ငါးဆယ် လမ်းလျှောက်သွားရန် အဘယ်ကြောင့် လိမ်ပြောခိုင်း ရပါသနည်းဟု စဉ်းစား လိုက်မိလေသည်။
ထို့ကြောင့် ဆန်းလျန်က တောင်အနောက်ဘက်သို့ တစ်ချက်လောက် သွားကြည့်ရန် ဆုံးဖြတ် လိုက်လေသည်။ တောင်အနောက်ဘက်တွင် မည်သည့်အရာမှ မတွေ့ရလျှင်တော့ ပြန်ရုံသာ ရှိတော့သည်။
ထို့နောက် သူက လေအသွင် ပြောင်းလဲကာ တောင်အနောက်ဘက်သို့ သွားလိုက်လေသည်။ သို့သော် သူ့ကို မမြင်ရသည့် တစ်စုံတစ်ခုက တားဆီးထားပြီး ရှေ့ဆက် သွားနိုင်စွမ်း မရှိတော့ပေ။ သူ၏ ပတ်ဝန်ကျင်တွင် ဝိညာဉ်စွမ်းအား လှိုင်းလုံးကြီးများ တဖြည်းဖြည်း မြင့်တက်လာလေသည်။
ဆန်းလျန်က ပထမတော့ ထိုးဖောက်ထွက်ရန် ကြိုးစား လိုက်သော်လည်း ချက်ချင်းပင် မူလအတိုင်း ရပ်နေရန် ဆုံးဖြတ်လိုက်လေသည်။
ထို့နောက်တွင်တော့ မြေကြီးအတွင်းမှ ဝါးပင်လေးပင် ထွက်ပေါ်လာပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာတွင် ဆန်းလျန်ကို ပိတ်စို့ကာဆီး ထားလိုက်လေသည်။
ထိုဝါးပင်လေးပင်မှာ ဆန္ဒမဲ့ဝါးပင်များပင် ဖြစ်လေသည်။ ဆန္ဒမဲ့ဝါးပင်သည် ထူးခြားသည့် ဝါးပင်တစ်မျိုး ဖြစ်သည့်အပြင် လက်နက် အဖြစ်လည်း အသုံးပြုနိုင်လေသည်။
အချိန်ခဏလေး အတွင်းမှာပင် -
အရှေ့အရပ်မှ ဝါးပင်မှာ အစိမ်းရောင် နဂါးကြီးအသွင်…
အနောက်ဘက်မှ ဝါးပင်မှာ အဖြူရောင်ကျားကြီးတစ်ကောင်အသွင်…
တောင်ဘက်မှဝါးပင်မှာ ဇာမဏီ ငှက်တစ်ကောင်အသွင် …
မြောက်အရပ်မှ ဝါးပင်မှာ အနက်ရောင် လိပ်ကြီးအသွင် ပြောင်းလဲ သွားလေသည်။
ဝါးပင်များမှာ သတ္တဝါလေးမျိုး အရံအတားမှန်း ဆန်းလျန် ချက်ချင်းပင် သိရှိလိုက်လေသည်။
ကျိကျိုက်သီလရှင် ကျောင်းသည် တာအိုဝါဒနှင့် ဗုဒ္ဓဘာသာကို ပေါင်းစပ်ထားသည် ဆိုသည့်အချက်မှာ အမှန်တကယ်ပင် ဖြစ်လေသည်။
ဆန်းလျန်သည် အရံအတားကို ထိုးဖောက်ထွက်ရန် အတွက် သူ၏ တန်ခိုးစွမ်းအားကို အသုံးပြုမည်ဆိုလျှင် လဝက်ခန့်ပင် ကြာမြင့်နိုင်မည် ဖြစ်လေသည်။ ထိုအချိန်မှ စန်းကွမ်း ပရိတ်ရေ ရရှိလျှင်လည်း နောက်ကျသွားပြီ ဖြစ်လေသည်။
ထို့ပြင် သူ၏ စိတ်အာရုံထဲတွင် အရံအတား၏ မူလဖြစ်တည်ရာမှာ စန်းကွမ်း ပရိတ်ရေ ဖြစ်ကြောင်း သိရှိလေသည်။ စန်းကွမ်း ပရိတ်ရေရနံ့ကို ရရှိနေသည့် အတွက် ဆန်းလျန်သည် နေမြဲအတိုင်း ငြိမ်ငြိမ်လေးပင် ဆက်နေလိုက်လေသည်။
အရံအတားသည် စန်းကွမ်းပရိတ်ရေဖြင့် ချိတ်ဆက်ထားလေသည်။ ထိုအရံအတားကိုသာ တန်ခိုးစွမ်းအား အသုံးပြုပြီး ဖောက်ထွက်လိုက်လျှင် စန်းကွမ်း ပရိတ်ရေမှာလည်း ပျောက်ကွယ် သွားမည် ဖြစ်လေသည်။
ဆန်းလျန်၏ ခန္ဓာကိုယ်မှ ထိုက်ရွှီးတန်ခိုး စွမ်းအားများ ဖြစ်သည့် ဒြပ်စင်စွမ်းအား ရှစ်မျိုး ရောင်စဉ်တန်းများ ထွက်ပေါ်လာပြီး သတ္တဝါလေးမျိုး အရံအတားမှ ဆန်းလျန်ကို ကာကွယ် ပေးထားလေသည်။
စဉ်းစားကြည့်မည် ဆိုလျှင် ဆရာသခင် လျို့ချင်းရှင်းထိုင်သည် သူနှင့် တွေ့ဆုံလိုစိတ် မရှိသည့်တိုင် စန်းကွမ်းပရိတ်ရေကိုတော့ ပေးလိုသည့် ဆန္ဒရှိလေသည်။ သို့သော် ပရိတ်ရေကို ရယူနိုင်ခြင်း ရှိ မရှိကတော့ သူ၏ အရည်အချင်းပေါ်တွင် မူတည်လေသည်။
အကယ်၍ ဆန်းလျန်သာ ထူးဆန်းသော လှည့်ကွက်များကို အသုံးမပြုဘဲ ထိပ်တိုက် ရင်ဆိုင်မိပါက စန်းကွမ်း ပရိတ်ရေကို ရရှိတော့မည် မဟုတ်ပေ။
ဆန်းလျန်၏ စိတ်ထဲတွင် အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။
လောကကို ကျော်လွန်သွားနိုင်ခြင်း မရှိလျှင် လောကတွင် ပြီးပြည့်စုံသည့် အရာ မည်သည့် အရာမှ မရှိပေ။
***