← Chapters

သိပ်တော်တယ်

Vol. 4 Ch. 343

သိပ်တော်တယ်

Vol. 4 Ch. 343

မိုးနှင့်မြေတွင် ပြည့်စုံသည့် အရာ မည်သည့်အရာမှ မရှိသလို မိုးနှင့်မြေတွင် ဖြစ်တည်လာသည့် လူသားများမှာလည်း စုံလင်မှု မရှိကြပေ။

ထို့ကြောင့် ဆန်းလျန် အတွက်တော့ အရံအတားကို ချိုးဖျက်ပြီး စန်းကွမ်း ပရိတ်ရေကို ရယူနိုင်မည့် နည်းလမ်း တစ်ခုတော့ ရှိရမည်ပင် ဖြစ်လေသည်။

"ဆရာလျို့ချင်း၊ ကျုပ်ရဲ့ ကျင့်စဉ်လမ်းအတွေ့အကြုံကို စစ်ဆေးချင်တာ ဆိုရင်တော့ ဆရာ့ရဲ့ ဆန္ဒကို ဖြည့်ပေးပါ့မယ်"

ဆန်းလျန်က တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်လေသည်။

"ဒီကောင်လေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တော်တော်ရှိတာပဲ"

ဝါးရုံတောထဲတွင် ထိုင်နေသည့် သီလရှင်တစ်ပါးက ပြောလိုက်လေသည်။

ထိုသီလရှင်မှာ အလွန်ကြည်ညိုဖွယ်ရာ ဖြစ်ပြီး အသက် နှစ်ဆယ်မျှသာ ရှိသေးသည်။ သူမ၏ မျက်နှာထားက ထက်မြက်ဟန်ရှိပြီး မျက်ဝန်းများက စမ်းချောင်းလေး အလား ကြည်လင် လှလေသည်။ သူမက သူမရှေ့ရှိ စစ်တုရင်ခုံမှ အဖြူရောင် စစ်တုရင် အရုပ်လေး တစ်ရုပ်ကို ရွှေ့လိုက်သည်။

သူမ၏နောက်တွင်တော့ အမည်နှင့် လိုက်အောင် လှပလွန်းသည့် သီလရှင်လေးတစ်ပါး ရပ်နေလေသည်။ အခြားသူ မဟုတ်ပေ။ ချီးရှိုးပင် ဖြစ်လေသည်။

လျို့ချင်းရှင်းထိုင်နှင့် မျက်နှာချင်းဆိုင်တွင်တော့ ဘုန်းတော်ကြီး တစ်ပါး ထိုင်နေလေသည်။ ထိုဘုန်းတော်ကြီးမှာ လက်တစ်ဖက်သာ ရှိလေသည်။

ဘုန်းတော်ကြီးက အနက်ရောင် စစ်တုရင် ရုပ်တစ်ရုပ်ကို ရွှေ့လိုက်ရင်း...

"သူ့လို အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ နတ်ဘုရားတစ်ပါး ဖြစ်လာတဲ့ သူက ဒီလို ယုံကြည်မှု အပြည့်ရှိတာ အဆန်းမှ မဟုတ်တာ၊ မင်းက ကျိလင်နတ်သမီးကိုယ်စား သူ့ကို ချန်ပေသိုရဲ့လက်ကနေ ကာကွယ်ပေးချင်တာ မဟုတ်လား၊ မင်းက သူနဲ့ချန်ပေသို့ ဆုံတဲ့အခါ သူ့ကို ကံဆိုးမိုးမှောင် မကျစေချင်ဘူး မဟုတ်လား၊ ဒါပေမဲ့ မင်း ကြည့်နေလိုက်၊ ဒီ သတ္တဝါလေးမျိုး အရံအတားက သူ့ကို ကြာကြာ တားဆီးထားနိုင်မှာ မဟုတ်ဘူး"

ဆရာတော်မှာ အခြားသူမဟုတ်။ ဟွေခဲ့ဆရာတော်ပင် ဖြစ်လေသည်။ ဟွေခဲ့ဆရာတော်မှာ မင်ဝမ်ဝတ် ကျောင်းတော် ပျက်စီးသွားပြီး နောက်ပိုင်း ကျိကျိုက်သီလရှင် ကျောင်းသို့ ရောက်ရှိ နေလိမ့်မည်ဟု မည်သူမှ ထင်မထားမိကြပေ။

အဘယ်ကြောင့်ဆိုသော် မင်ဝမ်ဝတ် ကျောင်းတော်နှင့် ကျိကျိုက်သီလရှင် ကျောင်းမှာ ပတ်သက်မှု မရှိသောကြောင့် ဖြစ်လေသည်။

လျို့ချင်းရှင်းထိုင်က....

"သူသာ အချိန်တိုတိုနဲ့ ဒီအရံအတားကို ကျော်ဖြတ်နိုင်ခဲ့ရင် ချန်ပေသိုရဲ့ ဓားကိုလည်း ခံနိုင်ရည်ရှိမှာပဲ၊ ပြီးတော့ သူ့ကို စန်းကွမ်းပရိတ်ရည် နည်းနည်း ပေးလိုက်ရလို့လည်း ဘာမှ ဖြစ်မသွားပါဘူးလေ"

ဟွေခဲ့ဆရာတော်က ခေါင်းတစ်ချက် ခါယမ်းလိုက်ရင်း....

"မင်းလည်း ချန်ပေသိုရဲ့ ဓားသိုင်းကို မတွေ့ဖူးလို့ပါ၊ အခု နတ်ဘုရား နှိမ်နင်းခြင်း အင်းကွက်ကို အသုံးပြု ကျင့်ကြံထားလို့ သူ့ရဲ့ဓားသိုင်းက အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ၊ သူ့ကို ယှဉ်နိုင်တဲ့လူ လောကမှာ မရှိသလောက် ရှားသွားပြီ"

"အရင်တုန်းက ဓားသူတော်စင်ကျီဝေး ကျွန်မဆီကိုရောက်လာပြီး ကျိကျိုက်ကျမ်းစာကို လေ့လာခဲ့တယ်၊ အဲဒီနောက် ကိုယ်ပျောက်ဓားဝိညာဉ်ကို ပိုပြီးပြည့်စုံအောင် တီထွင်နိုင်ခဲ့တယ်၊ အဲဒီနောက်မှာတော့ သူမဟာ လောကမှာ အတော်ဆုံး ဓားတန်ခိုးရှင် တစ်ယောက် ဖြစ်လာခဲ့တယ်၊ ချန်ပေသိုရဲ့ ဓားသိုင်းက ဓားသူတော်စင် ကျီဝေးကို ယှဉ်နိုင်ပါ့မလား"

လျို့ချင်းရှင်းထိုင်က ပြန်ပြောလိုက်သည်။

ဟွေခဲ့ဆရာတော်က...

"ချန်ပေသိုက သူ့ရဲ့ဓားသိုင်းပညာကို ပြည့်စုံစေဖို့အတွက် ကျုပ်တို့ မင်ဝမ်ဝတ် ကျောင်းတော်က နတ်ဘုရားနှိမ်နင်းခြင်း အင်းကွက်ကို ယူသွားတာ၊ ဒါပေမဲ့ ကျုပ်အထင်ပြောရရင် သူက ဓားသူတော်စင် ကျီဝေးကိုတော့ မမီနိုင်သေးဘူး၊ မဟုတ်ရင် သူက အခြားပြိုင်ဘက်တွေကို လိုက်ရှာမနေဘဲ ဓားသူတော်စင် ကျီဝေးဆီ တန်းသွားပြီး လက်စားချေမှာပေါ့၊ ဒါပေမဲ့ သူတို့ နှစ်ယောက်ရဲ့ ဓားသိုင်း အဆင့်က သိပ်တော့ မကွာလောက်တော့ဘူး"

စကားပြောရင်းနှင့်ပင် ဟွေခဲ့ ဆရာတော်သည် ချန်ပေသို၏ ကြောက်မက်ဖွယ်ရာ ဓားသိုင်းဖြင့် မင်ဝမ်ဝတ် ကျောင်းတော်ကြီး ပျက်စီးခဲ့ရသည့် နေ့ကို ပြန်လည် အမှတ်ရကာ စိတ်မကောင်း ဖြစ်သွားရလေသည်။

ထို့နောက် လျို့ချင်းရှင်းထိုင်နှင့် ဟွေခဲ့ ဆရာတော်တို့သည် စစ်တုရင်ကစားရင်း စကားစမြည် ပြောဆို နေကြလေသည်။

ချီးရှိုးမှာ စစ်တုရင် ကစားပွဲကို စိတ်မဝင်စားနိုင်ပေ။ သူမ ဆန်းလျန်ရှိရာအရပ်သို့ လှမ်းကြည့်နေပြီး ဆန်းလျန်အတွက် စိတ်ပူပန် နေမိလေသည်။

သူမက ဆန်းလျန် အရံအတားကို ချိုးဖျက်နိုင်ဖို့ မျှောင်လင့်နေမိသည်။ သို့သော်... အရံအတားထဲမှ လွတ်မြောက် သွားပြန်လျှင်လည်း ချန်ပေသိုနှင့် ရင်ဆိုင်ရမည်ကို စိတ်ပူ နေမိပြန်သည်။

သူမ၏ အတွေးများမှာ ရှုတ်ထွေးလျက် ရှိလေတော့သည်။

လျို့ချင်းရှင်းထိုင်သည် တပည့်ဖြစ်သူ၏ စိတ်အခြေအနေကို သိမြင်နေသည့်တိုင် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပါ။ ဆန်းလျန်ကို တားဆီးထားသည့် သူမ၏ သတ္တဝါလေးမျိုး အရံအတားကိုလည်း ဂရုမစိုက်တော့ပါ။ သူမက ဟွေခဲ့ဆရာတော်နှင့် ကစားနေသည့် စစ်တုရင်ပွဲကိုသာ အပြည့်အ၀ အာရုံထားနေလေသည်။

နေဝင်တော့မည် ဖြစ်လေသည်။

သတ္တဝါလေးမျိုး အရံအတားမှာ တိတ်ဆိတ် ငြိမ်သက်နေလေသည်။

ရုတ်တရက် အရံအတားဆီမှ တန်ခိုးစွမ်းအားများ လင်းလက် တောက်ပသွားလေသည်။

ယခုအခါတွင်တော့ လျို့ချင်းရှင်းထိုင်မှာ စစ်တုရင်ကွက် တစ်ကွက်ကို မှားပြီး ရွှေ့လိုက်မိသည့်တိုင် ကစားပွဲကို အာရုံ မစိုက်နိုင်တော့ပါ။ သူမက သတ္တဝါလေးမျိုး အရံအတားဆီသို့ အာရုံ ရောက်သွားပြီ ဖြစ်လေသည်။

သတ္တဝါလေးမျိုး အရံအတားမှာ အကန့်အသတ်မဲ့ တန်ခိုးစွမ်းအား တစ်ခုဖြင့် ဆွဲဆန့်ခြင်း ခံရသလို တဖြည်းဖြည်း ကျယ်ပြန့် လာခဲ့လေသည်။

ထို့နောက် အရံအတားအတွင်းမှ အဝါရောင် မြေမှုန့်များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

အဝါရောင်မြေမှုန့်များမှာ လေပွေမုန်တိုင်း တစ်ခုအလား အရှိန်အဟုန် ကြီးမားလာသည့် အတွက် မြေကြီး တစ်ခုလုံးပင်လျှင် တုန်ခါနေလေတော့သည်။

ချီးရှိုးမှာ မြင်ကွင်းကိုကြည့်ရင်း အံ့သြမှင်တက်နေလေသည်။

သူမက ဆရာဖြစ်သူကို လှမ်းကြည့်လိုက်လေသည်။

ဆရာသခင် လျို့ချင်းရှင်းထိုင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူလိုက်လေသည်။

လက်ကိုင်ပုဝါလေးသည် လေနှင့် ထိတွေ့မိသည်နှင့် ကြီးမားသည့် ပဝါတစ်ထည် အဖြစ် အသွင်ပြောင်းသွားပြီး ကြည်လင်သည့် မြူခိုးများကို ထုတ်လွှတ် လိုက်လေသည်။

ထိုလက်ကိုင်ပဝါမှာ ထူးခြားသည့် ပစ္စည်းတစ်ခုဖြစ်လေသည်။ ရသေ့ကြီးတစ်ပါး ထားခဲ့သည့် မှော်ဝင် ပစ္စည်းတစ်ခု ဖြစ်ပြီး ရူယိအသွင်ပြောင်း ပဝါဟု ခေါ်လေသည်။

ရူယိ အသွင်ပြောင်းပုဝါမှ ထုတ်လွှတ်လိုက်သည့် ကြည်လင်သည့် မြူခိုးများသည် အဝါရောင် သဲမှုန့်များဆီသို့ ဝင်ရောက် သွားလေသည်။

အဝါရောင်သဲသည် ကြည်လင်သည့် မြူခိုးနှင့် ထိတွေ့သွားသည့် အခါ အနည်းငယ် တန့်သွားလေသည်။

သို့သော် ကောင်းကင်ထက်တွင် မိုးခြိမ်းသံ တစ်ချက် ကြားလိုက်ရပြီး တိမ်တိုက်များ ပြိုကွဲသွားကာ လျှပ်တစ်ပြက် အတွင်းမှာပင် မိုးခြိမ်းသံများလည်း ပျောက်ကွယ် သွားလေသည်။

ဆန်းလျန်သည် အရံအတားကို ထိုးဖောက်ကာ စန်းကွမ်းပရိတ်ရေကိုလည်း ယူဆောင်သွားခဲ့ပြီ ဖြစ်လေသည်။

လျို့ချင်းရှင်းထိုင်က သက်ပြင်း တစ်ချက်ချလိုက်ရင်း....

"ဒီကောင်လေးကတော့လေ..."

ဟုသာ ပြောလိုက်နိုင်လေသည်။

ဟွေခဲ့ဆရာတော်မှာ စကားမပြောနိုင် ဖြစ်သွားပြီးမှာ တစ်လုံးတည်းသော စကားကို ပြောလိုက်လေသည်။

"သိပ်တော်တယ်...."

သူ့အမြင်တွင်တော့ သတ္တဝါလေးမျိုး အရံအတားကို ဆန်းလျန် ဖောက်ထွက်သွားပုံမှာ အလွန်မှသေသပ်ပြီး မယုံကြည်နိုင်စရာပင် ဖြစ်လေသည်။

ချီးရှိုးမှာ ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိလိုက်ပေ။

"ဆရာ... ဘာဖြစ်သွားတာလဲဟင်"

ဟု မေးလိုက်လေသည်။

လျို့ချင်းရှင်းထိုင်က မျက်မှောင် တစ်ချက် ကြုတ်လိုက်ရင်း...

"မိုးနဲ့မြေမှာ တစ်လုံးတစ်ဝတည်း ပေါင်းစည်းနေတဲ့ တန်ခိုးစွမ်းအားဆိုတာ ရှိတယ်၊ အဲဒီ တန်ခိုးစွမ်းအားဟာ ယင်နဲ့ယန်အဖြစ် နှစ်ပိုင်း ကွဲသွားတယ်၊ အဲဒီ ယင်နဲ့ယန်မှာ အကြီးနဲ့ အငယ်ဆိုပြီး ရှိတယ်၊ အဲဒီကနေ သတ္တဝါလေးမျိုးကွဲပြားသွားတာပဲ၊ အကြီးပိုင်းမှာ ယင်နဲ့ယန်က ပိုပြီး အင်အားကြီးတယ်၊ အငယ်ပိုင်းမှာ ယင်နဲ့ယန် အားနည်းတယ်၊ သတ္တဝါလေးမျိုးဆိုတာ ဒြပ်စင်စွမ်းအား ငါးမျိုးကနေ ဖြစ်တည်လာတာပဲ၊ ရေက ကြီးမားတဲ့ ယင်စွမ်းအား၊ မီးက ကြီးမားတဲ့ ယန်စွမ်းအား၊ သစ်သားက အားနည်းတဲ့ ယန်စွမ်းအား၊  သတ္တုက ယင်စွမ်းအား၊ မြေကြီး ဒြပ်စင်ကတော့ ယင်နှင့်ယန် နှစ်မျိုးစလုံးကို ပိုင်ဆိုင်ပြီး အကြီးရော အငယ်ရော နှစ်ခုလုံး အကျုံးဝင်တယ်၊ သစ်သား၊ မီး၊ သတ္တုနဲ့ ရေဆိုတဲ့ ဒြပ်စင်စွမ်းအားတွေက အချင်းချင်း တိုက်ခိုက်နေကြပေမယ့် အဲဒီစွမ်းအားတွေက ချိတ်ဆက်နေဆဲပဲ"

ဤသည် သတ္တဝါလေးမျိုးနှင့် ဒြပ်စင်ငါးခုအကြား ပတ်သက် ဆက်နွှယ်နေမှုကို ပညာရှင်တစ်ဦးက မှတ်ချက်ချ ဝေဖန်ခဲ့ခြင်း ဖြစ်လေသည်။ တစ်ဖက်မှ ပြောမည်ဆိုလျှင် သတ္တဝါလေးမျိုးသည် ဒြပ်စင် စွမ်းအားငါးမျိုး၏ နောက်ထပ် ပုံသဏ္ဌာန်တစ်မျိုး ဖြစ်လေသည်။

ဒြပ်စင်ငါးခုကို ယင်နှင့်ယန်တို့က ဖွဲ့စည်းခဲ့သည်။ ယင်နှင့်ယန်တို့ တည်ရှိမှုသည် ဒြပ်စင်စွမ်းအား ငါးမျိုးကို ဖြစ်ပေါ်စေသည်။

တနည်းအားဖြင့် ဒြပ်စင်ငါးခု၏ရွှေ၊ သစ်၊ ရေနှင့်မီးသည် အမှန်အားဖြင့် သတ္တဝါလေးခုဖြစ်သည်။

သစ်သား၊ မီး၊ ရွှေ နှင့် ရေတို့ဖြင့် သတ္တဝါလေးမျိုးက ပေါင်းစပ် ထားလေသည်။ သို့သော် သတ္တဝါလေးမျိုးတွင် မြေကြီး ဒြပ်စင်ပါဝင်ခြင်း မရှိပေ။

သို့သော် ဆန်းလျန်က အရံအတားကို ကျယ်ပြန့်သွားအောင် ဆွဲဆန့်လိုက်သည့် အတွက် အရံအတား အတွင်းမှ အဝါရောင်မြေမှုန့်များ ထွက်ပေါ်လာရခြင်း ဖြစ်လေသည်။

ထို့နောက် ဆန်းလျန်သည် သူ၏ တန်ခိုးစွမ်းအားများကို အသုံးပြုကာ အဝါရောင်သဲများကို အရံအတား တစ်ခုလုံး၏ ဗဟိုချက်သို့ ထိုးသွင်းလိုက်သည်။

အရံအတား နေရာ ကျယ့်ပြန့်လာသည့် အလျှောက် ဝါးပင်တစ်ပင်ချင်း တည်ရှိရာ ထောင့်လေးထောင့်တွင် စန်းကွမ်းပရိတ်ရေကို တွေ့မြင်ရလေသည်။

ထို့နောက် ဆန်းလျန်သည် စန်းကွမ်းပရိတ်ရေကို ယူကာ လျို့ချင်းရှင်းထိုင်၏ ရူယိ အသွင်ပြောင်း ပဝါကို လွတ်အောင်ရှောင်ကာ ထွက်ခွာသွားခြင်း ဖြစ်လေသည်။

ဆန်းလျန်က လျို့ချင်းရှင်းထိုင်ကိုပင် နှုတ်ဆက်စကား ပြောမနေတော့ပေ။

***

All Chapters