အခန်း (၂၉၃-၂၉၄)
Vol. 21 Ch. 293-294
အခန်း (၂၉၃) - ကြီးမားသော မင်္ဂလာနိမိတ်နှင့် ဘေးဒုက္ခကို ရှောင်လွှဲနိုင်ခြင်း။
ထင်ရှားသည်မှာ ဤသည်မှာလည်း အလွန် အရေးကြီးသော ရွေးချယ်မှုတစ်ခုပင် ဖြစ်ပေသည်။ ၎င်းသည် ကျန်းဖန်၏ အနာဂတ်အတွက် များစွာ အရေးပါလှသည်။
ပုံမှန်အားဖြင့်ဆိုလျှင် မရင်းနှီးသော အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူတစ်ဦးထံမှ ဖိတ်ခေါ်ချက်ကို၊ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို မသိရှိဘဲနှင့် ငြင်းပယ်လိုက်ခြင်းကသာ အကောင်းဆုံးနှင့် အသတိရှိဆုံးသော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။ "လူအကြောင်း ပေါင်းမှသိ၊ ကိုယ်အကြောင်း လှန်မှသိ" ဆိုသကဲ့သို့ပင် လူ၏ မျက်နှာကိုသာ မြင်ရပြီး စိတ်ကိုမူ မမြင်နိုင်ပေ။
ကျင့်စဉ်လောကကြီးမှာ လိမ်လည်လှည့်ဖြားတတ်သူများ၊ ကောက်ကျစ်သူများနှင့် ယုတ်မာသော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေလေသည်။ တစ်ဖက်လူက မိမိ၏ကျောကို မည်သည့်အချိန်တွင် ဓားဖြင့် ထိုးမည်ကို မည်သူမျှ မသိနိုင်ပေ။ အကျိုးစီးပွားအတွက်ဆိုလျှင် မရေမတွက်နိုင်သော လူတို့သည် တစ်ဦးနှင့်တစ်ဦး ဓားချင်းရင်ဆိုင်ရန် ဝန်လေးကြမည် မဟုတ်ပေ။
သို့သော်လည်း နိမိတ်ဖတ်အင်းထံမှ ရရှိသော သတင်းအချက်အလက်များအရ၊ မာကျန့်ရှန်းကို ငြင်းပယ်လိုက်မည်ဆိုပါက မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်သလို၊ မည်သည့် အကျိုးအမြတ် သို့မဟုတ် လျှို့ဝှက်အန္တရာယ်မျှလည်း ရှိလိမ့်မည် မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ထိုဖိတ်ခေါ်ချက်ကို လက်ခံလိုက်ခြင်းက ကြီးမားသော ဆုလာဘ်များကို ရရှိစေနိုင်ပေသည်။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ အလွန်ပင် မင်္ဂလာရှိသော နိမိတ်တစ်ခုပင် ဖြစ်လေသည်။
နိမိတ်ဖတ်အင်းသည် အလွန်အမင်း ကံကောင်းမည့် သတင်းအချက်အလက်မျိုးကို ခဲခဲယဉ်ယဉ်မှသာ ပေးလေ့ရှိလေသည်။ ဆိုလိုသည်မှာ ရွှေအမြုတေ ဂူဗိမာန်သို့ သွားမည့် ခရီးစဉ်တွင် သူ လိုအပ်နေသော ရတနာများ သေချာပေါက် ရှိနေမည် ဖြစ်ပေသည်။
တစ်ဖက်လူတွင် စေတနာကောင်း ရှိသည်ဖြစ်စေ၊ ယုတ်မာသော အကြံရှိသည်ဖြစ်စေ ဂရုစိုက်နေရန် မလိုတော့ပေ။ သူ့အတွက်မူ ဤသည်မှာ လက်လွတ်မခံသင့်သော အခွင့်အရေးတစ်ခုပင် ဖြစ်ချေသည်။
ရွှေအမြုတေ ဂူဗိမာန်သို့ သွားမည့်ခရီးမှာ ရင်ခုန်စရာ ကောင်းသော်လည်း ဘေးကင်းပေသည်။
၎င်းမှာ လမ်းခရီးတစ်လျှောက်တွင် အနှောင့်အယှက်အချို့ ရှိနိုင်သော်လည်း အသက်အန္တရာယ် မရှိနိုင်ကြောင်း ဆိုလိုခြင်း ဖြစ်ပေသည်။ ၎င်းမှာ စမ်းသပ်ကြည့်ရန် ထိုက်တန်လှပေသည်။
ဤသည်ကို တွေးတောရင်း ကျန်းဖန်သည် မာကျန့်ရှန်းကို ကြည့်လိုက်ကာ စကားစလိုက်လေသည်။
"မိတ်ဆွေမာ... ခင်ဗျားရဲ့ အဆိုပြုချက်ကို ကျွန်တော် တော်တော်လေး စိတ်ဝင်စားမိတယ်။ ဒါက ဘယ်လိုမျိုး ရွှေအမြုတေ ဂူဗိမာန်လဲဗျ"
သူသည် အမှန်တကယ်ပင် သတိကြီးလှသူ ဖြစ်သော်လည်း၊ ကျင့်ကြံခြင်းလမ်းခရီးတွင် ရံဖန်ရံခါ၌ ရဲရဲဝံ့ဝံ့ ရှေ့ဆက်တိုးရန် လိုအပ်လေသည်။ သတိထားသင့်သည့် အချိန်တွင် သတိထား၍၊ ရဲတင်းသင့်သည့် အချိန်တွင် ရဲတင်းရပေမည်။ ထိုသို့ဆိုမှသာ အတက်အဆုတ်ကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်မည် ဖြစ်ပေသည်။
"မိတ်ဆွေကျန်း... ခင်ဗျား စိတ်ဝင်စားတာလား"
ဤသည်ကို ကြားလိုက်ရသောအခါ မာကျန့်ရှန်း၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွားခဲ့လေသည်။ သူသည် အစကတည်းက ငြင်းပယ်ခံရမည်ကို ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ပေသည်။
အမှန်စင်စစ် သူသည် ခုနစ်စင်ကြယ် တောင်ထိပ်ရှိ အခြားသော အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူများကိုလည်း ပါဝင်ရန် ဖိတ်ခေါ်ခဲ့သေးသည်။
ကံဆိုးသည်မှာ အခြားသော ကျင့်ကြံသူများက အန္တရာယ်များလွန်းသည်ဟု ဆိုကာ သူ့ကို ငြင်းပယ်ခဲ့ကြခြင်းပင်။ သို့သော် ဤလူငယ် ကျင့်ကြံသူလေးက အတော်ပင် စိတ်ဝင်စားနေပုံရသည်ကို သူ လုံးဝ မထင်ထားခဲ့မိပေ။ သူ့အတွက်မူ ဤသည်မှာ သတင်းကောင်းပင် ဖြစ်လေသည်။
မာကျန့်ရှန်းက ချက်ချင်းပင် ပြောလိုက်လေသည်။
"ဒီ ရွှေအမြုတေ ဂူဗိမာန်က မြူခိုးတောင်တန်း မှာ ရှိတာပါ။ ကျွန်တော် တိုက်တိုက်ဆိုင်ဆိုင် ရှာတွေ့ခဲ့တာပေါ့။ အဲဒီ ရွှေအမြုတေ အရှင်သခင်က ဘယ်သူလဲဆိုတာ ကျွန်တော် မသိပေမဲ့၊ ဂူဗိမာန်ရဲ့ အစီရင်စု အတားအဆီးတွေကို ကြည့်ရသလောက်တော့ သူဟာ အသက်ရှင်စဉ်တုန်းက အတော်လေး ထူးခြားတဲ့သူ ဖြစ်ရမယ်။ အထဲက အစီရင်စုကိုသာ ငါတို့ ဖောက်ထွင်းနိုင်မယ်ဆိုရင်၊ ငါတို့ ရမယ့် အကျိုးအမြတ်က မနည်းလှဘူးဗျ။"
"အဲဒါအပြင် အမှားအယွင်း မရှိအောင်လို့ ကျွန်တော် ရွှမ်ကျန့်မြို့တော်က တခြား အုတ်မြစ်တည်ဆောက်ခြင်း မိတ်ဆွေ သုံးယောက်ကိုလည်း ဖိတ်ထားသေးတယ်။ အကယ်၍ မိတ်ဆွေကျန်းပါ ပါဝင်မယ်ဆိုရင်၊ ငါတို့ အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူ ငါးယောက် ဖြစ်သွားမှာဆိုတော့ ဘေးကင်းရေးအတွက်လည်း စိုးရိမ်စရာ မရှိတော့ဘူးပေါ့။"
"နားလည်ပါပြီ။ မိတ်ဆွေမာက ဒီလောက်အထိ အသေအချာ ပြင်ဆင်ထားတယ်ဆိုမှတော့ ကျွန်တော်လည်း ပါဝင်ဖို့ သဘောတူပါတယ်" ဟု ကျန်းဖန်က ပြန်ပြောလိုက်လေသည်။
ကျန်းဖန်သည် မြူခိုးတောင်တန်း မှာ နက်နဲကောင်းကင် ဓားဂိုဏ်း၏ နယ်မြေအတွင်းရှိ အလွန် ကျယ်ပြောလှသော တောင်တန်းကြီးတစ်ခု ဖြစ်ကြောင်း သိရှိထားလေသည်။
၎င်းသည် သားရဲတစ်သောင်း တောင်တန်းထက်ပင် များစွာ ပိုမိုကြီးမားလှပေသည်။
ထိုတောင်တန်းကြီးသည် ဖြူလွလွ မြူခိုးများဖြင့် အမြဲတမ်း ဖုံးလွှမ်းနေသဖြင့် ၎င်း၏ ပုံသဏ္ဌာန်အစစ်အမှန်ကို မြင်တွေ့ရန် ခက်ခဲလှသည်ဟု ဆိုကြလေသည်။ အထဲသို့ ရောက်သွားသည်နှင့် တောင်တန်းကြီး၏ နက်ရှိုင်းသော နေရာများတွင် လမ်းပျောက်သွားနိုင်ပေသည်။
ဤထူးခြားချက်များကြောင့် မိစ္ဆာသားရဲများနှင့် မိစ္ဆာကျင့်ကြံသူ အမြောက်အမြားမှာ မြူခိုးတောင်တန်း ၏ အနက်ရှိုင်းဆုံး နေရာများတွင် ပုန်းအောင်းနေတတ်ကြလေသည်။
အတိတ်ကာလတုန်းက နက်နဲကောင်းကင် ဓားဂိုဏ်းသည် ထိုမိစ္ဆာများကို သုတ်သင်ရန်အတွက် ကျင့်ကြံသူများကို မြူခိုးတောင်တန်း အတွင်းသို့ စေလွှတ်ခဲ့ဖူးလေသည်။ ကံဆိုးသည်မှာ ထိုသို့လုပ်ဆောင်ခြင်းမှာ အချည်းနှီးသာ ဖြစ်ခဲ့ရလေသည်။
အဘယ်ကြောင့်ဆိုသော် မြူခိုးတောင်တန်း မှာ အလွန် ကျယ်ပြောလှသည့်အပြင်၊ လမ်းပျောက်ရန်လည်း အလွန်လွယ်ကူသောကြောင့် ဖြစ်ပေသည်။ နောက်ဆုံးတွင် နက်နဲကောင်းကင် ဓားဂိုဏ်း သည် တမင်ပုန်းအောင်းနေသူများကို ရှာမတွေ့နိုင်ခဲ့သဖြင့် ထိုကိစ္စကို လက်လျှော့ခဲ့ရလေသည်။
ထို့ကြောင့် မြူခိုးတောင်တန်းသည် အတိုင်းအထက်အလွန် အန္တရာယ်များလှပေသည်။
အရေးကြီးသော ကိစ္စမရှိဘဲ သာမန် ကျင့်ကြံသူများသည် မြူခိုးတောင်တန်း အနီးသို့ မချဉ်းကပ်ရဲကြပေ။ သေချာသည်မှာ ထိုတောင်တန်း၏ ထူးခြားချက်များကြောင့် လူသူအရောက်အပေါက် နည်းပါးလှပေသည်။
ထို့ကြောင့် တောင်တန်းကြီး၏ နက်ရှိုင်းသော နေရာများတွင် ဝိညာဉ်ဆေးပင်များ၊ မိစ္ဆာသားရဲများနှင့် ရှားပါးလှသော သတ္တုကြောများစွာ ပုန်းကွယ်နေနိုင်ပေသည်။
ဤသည်မှာလည်း လေလွင့်ကျင့်ကြံသူ အမြောက်အမြားက ဝိညာဉ်ကျောက်တုံးများ ရှာဖွေရန်အတွက် မြူခိုးတောင်တန်း အတွင်းသို့ စွန့်စားဝင်ရောက်ရန် ရွေးချယ်ရသည့် အကြောင်းရင်းပင် ဖြစ်လေသည်။
"အရမ်းကောင်းတာပဲ။ ဒါဆိုရင်တော့ သဘောတူပြီနော်။ နောက်သုံးရက်နေရင် ငါတို့ မြူခိုးတောင်တန်း ကို အတူတူ သွားကြမယ်" ဟု မာကျန့်ရှန်းက အလွန်ပင် ဝမ်းသာအားရ ပြောလိုက်လေသည်။
ပြောပြီးသည်နှင့် သူသည် လျင်မြန်စွာ ထွက်ခွာသွားခဲ့လေတော့သည်။ သူ၏ဘေးရှိ သောင်းပြောင်းလဲခြင်း ဆေးပေါင်းဖို ကြီးမှာမူ ဘာပြောရမှန်းမသိအောင် ဆွံ့အသွားခဲ့ရလေသည်။
သူ၏သခင်က ဘယ်အချိန်ကစပြီး ဤမျှအထိ သတ္တိတွေကောင်းလာပြီး၊ စွန့်စားခန်းများကို တက်တက်ကြွကြွ ရှာဖွေလာရသနည်းဟု ၎င်းက နားမလည်နိုင် ဖြစ်နေတော့သည်။
အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်သို့ ရောက်သွားပြီးနောက်တွင်မှ ရဲဆေးတင်သွားခြင်းများလား။
"ဝေဝေ... ငါ ရက်အနည်းငယ်လောက် အပြင်သွားလိုက်ဦးမယ်။ မင်းကတော့ ခုနစ်စင်ကြယ်တောင်ထိပ် မှာပဲ နေခဲ့ပြီး ငါပြန်လာမှာကို စောင့်နေနော်" ဟု ကျန်းဖန်က စုဝေဝေကို ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ"
စုဝေဝေက ခေါင်းညိတ်လိုက်လေသည်။ သူမသည် ခင်ပွန်းသည်၏ ဘေးကင်းရေးအတွက် အနည်းငယ် စိုးရိမ်နေသော်လည်း၊ သူမ၏ ခင်ပွန်းသည်မှာ သတိကြီးသူဖြစ်သဖြင့် မည်သည့် ကြီးမားသော ပြဿနာမျှ ကြုံတွေ့ရမည် မဟုတ်ကြောင်း သူမ သိရှိထားလေသည်။
ဖြစ်နိုင်သည်မှာ ဤစွန့်စားခန်းသည် ဘာအနှောင့်အယှက်မျှမရှိဘဲ အေးအေးဆေးဆေးပင် ပြီးဆုံးသွားပေလိမ့်မည်။
သုံးရက်ကြာပြီးနောက် မာကျန့်ရှန်းသည် အချိန်တိကျစွာ ပေါ်လာခဲ့ပြီး၊ ကျန်းဖန်နှင့်အတူ ခုနစ်စင်ကြယ်တောင်ထိပ် မှ ထွက်ခွာကာ မြူခိုးတောင်တန်း ဆီသို့ ဦးတည်ခဲ့ကြလေသည်။
သေချာသည်မှာ ဤကိစ္စကို ခုနစ်စင်ကြယ်တောင်ထိပ် ရှိ အခြားသော အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူများလည်း သတိပြုမိသွားခဲ့ကြလေသည်။ ဘာပဲဖြစ်ဖြစ် ဤလောကကြီးတွင် အပေါက်မရှိသော နံရံဟူ၍ မရှိသည်မဟုတ်ပါလား။
"တောက် တောက်... မိတ်ဆွေကျန်းက ကြည့်ရတာ သတိကြီးတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ တူတာကို။ မာကျန့်ရှန်းနဲ့ အတူတူ သွားဖို့ သဘောတူလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ မာကျန့်ရှန်းက သူ့ကို ဘယ်လို စကားလုံးတွေနဲ့ ဖျောင်းဖျလိုက်တာလဲ မသိဘူးနော်"
ဖန့်ဝန်လီ က လျှာသပ်ရင်း ပြောလိုက်လေသည်။ သူသည် ကျန်းဖန်နှင့် မာကျန့်ရှန်းတို့၏ လုပ်ရပ်အပေါ် လုံးဝ အကောင်းမမြင်ဘဲ၊ သူတို့မှာ နိမိတ်မကောင်းသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဟုပင် ယုံကြည်နေလေသည်။
"အို... မိတ်ဆွေဖန့်က ရွှေအမြုတေ ဂူဗိမာန်ဆိုတာကြီးက အတုလို့ ထင်နေတာလား" ဟု ယွီခယ်လျန်က သူမ၏ လှပသော မျက်လုံးလေးများကို ဝိုင်းစက်လျက် စူးစမ်းစွာ မေးမြန်းလိုက်လေသည်။
"အတုလို့တော့ အပ်ချမပြောနိုင်ပါဘူး။ ဒါပေမဲ့ ရွှေအမြုတေ ဂူဗိမာန်တစ်ခုကို ရှာဖွေစူးစမ်းဖို့ဆိုတာ အဲလောက် မလွယ်ကူဘူးလေ။ မာကျန့်ရှန်း ကိုယ်တိုင်ကတော့ ဘာ ရန်ငြိုးရန်စမျှ မရှိနိုင်ပေမဲ့..."
…..
အခန်း (၂၉၄) - ကြီးမားသော မင်္ဂလာနိမိတ်နှင့် ဘေးဒုက္ခကို ရှောင်လွှဲနိုင်ခြင်း (အပိုင်း ၂)
"ဒါပေမယ့်လည်း အဲ့ဒါက ရွှေအမြုတေအဆင့် အရှင်သခင်တစ်ပါးရဲ့ ဂူဗိမာန်ဆိုတော့ အတွင်းက အကာအကွယ် အစီရင်စုတွေကလည်း အတော်လေး အစွမ်းထက်မှာလေ"
"အတွင်းထဲမှာ မသိနိုင်တဲ့ အန္တရာယ်တွေလည်း ရှိနေနိုင်သေးတယ်။"
"အနည်းငယ်မျှ မှားယွင်းလိုက်သည်နှင့် အထဲ၌ပင် အသက်ပျောက်သွားနိုင်ပေသည်။"
"ငါ ငယ်ငယ်တုန်းကလည်း အဲဒီလိုမျိုး မက်မောခဲ့ဖူးပေမဲ့ နောက်ဆုံးတော့ လက်လျှော့ဖို့ပဲ ရွေးချယ်ခဲ့ရတာပေါ့။"
"ငါတို့မျိုးဆက်ထဲက အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူ ဘယ်နှယောက်ကများ ရွှေအမြုတေ ဂူဗိမာန်တစ်ခုဆီကနေ အကျိုးအမြတ် ရခဲ့ဖူးလို့လဲ။"
"အများစုကတော့ အထဲမှာပဲ အသက်ပျောက်သွားခဲ့ကြရတာပါပဲ။"
ဖန့်ဝန်လီက တိုးတိုးတိတ်တိတ် ရေရွတ်လိုက်လေသည်။ အကယ်၍ ထိုရွှေအမြုတေ ဂူဗိမာန်၌ ရတနာများစွာ ရှိနေပြီး အန္တရာယ်လည်း ကင်းရှင်းနေမည်ဆိုပါက၊ မာကျန့်ရှန်းအနေဖြင့် ဘာကြောင့် အခြားသော အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူများကို ဖိတ်ခေါ်နေပါမည်နည်း။ ရတနာအားလုံးကို တစ်ယောက်တည်း သိမ်းပိုက်ခြင်းက ပို၍ မကောင်းပေဘူးလားဟု သူက အမြဲတမ်း ယုံကြည်နေခြင်း ဖြစ်ပေသည်။
"ဒါဆိုရင် မိတ်ဆွေကျန်းကတော့ အန္တရာယ်ကြီးနဲ့ ကြုံနေရပြီပေါ့ ဟုတ်လား။"
"သူ့ရဲ့ ကျင့်ကြံဖော်လေးကိုပဲ သနားမိပါတော့တယ်" လျန်မင်လန်က သက်ပြင်းချလိုက်လေသည်။
"ကြီးကြီးမားမား ပြဿနာ မရှိနိုင်ပါဘူးလေ။"
"ဖြစ်နိုင်တာက မိတ်ဆွေကျန်းမှာ နတ်ဘုရားတွေရဲ့ အကာအကွယ် ရှိနေတာလည်း ဖြစ်နိုင်တာပဲ။"
"အရာအားလုံး မပြီးဆုံးသေးသရွေ့ ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ" ဟု ဖန့်ဝန်လီက ဆိုလိုက်လေသည်။
သူသည် ကျန်းဖန်၏ ကံကြမ္မာကို အသေအချာ မသိရှိသော်လည်း၊ ကျန်းဖန်၏ ရလဒ်အပေါ်တွင် များစွာ မျှော်လင့်ချက် မထားသည်မှာ ထင်ရှားလှပေသည်။
သူသည် ဤကဲ့သို့သော လောဘဇောတိုက်နေသည့် လူငယ်ကျင့်ကြံသူများကို အမြောက်အမြား မြင်တွေ့ခဲ့ဖူးလေပြီ။ သို့သော် ထိုလူငယ်များထဲမှ မည်မျှကများ ထိုပိတ်ဆို့မှုများကို ဖောက်ထွက်နိုင်ခဲ့ကြပါသနည်း။
လေလွင့်ကျင့်ကြံသူများ အတွက် ကျင့်ကြံခြင်းလမ်းခရီးမှာ အလွန်ပင် ခက်ခဲလှပြီး ခြေတစ်လှမ်းချင်းစီတိုင်းမှာ စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေလေသည်။ အထူးသဖြင့် ကျင့်ကြံရေး အရင်းအမြစ်များ မရှိပါက ပို၍ပင် ခက်ခဲလှပေသည်။
ထို့ကြောင့်ပင် လေလွင့်ကျင့်ကြံသူတိုင်းမှာ သူတို့၏ အနာဂတ်အတွက် တိုက်ပွဲဝင်ရင်း အမြဲတမ်း အလုပ်ရှုပ်နေကြခြင်း ဖြစ်ပေသည်။
ရွှစ်…
ခဏချင်းမှာပင် မာကျန့်ရှန်း၏ လမ်းညွှန်မှုအောက်၌ သူတို့သည် အမည်မသိ တောင်ထိပ်တစ်ခုသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့ကြလေသည်။ ထိုနေရာတွင် အခြားသော အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူ သုံးဦးမှာ အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့ကြလေပြီ။
၎င်းတို့မှာ အုတ်မြစ်တည်ဆောက်ခြင်း ပဉ္စမအဆင့်ရှိသူ ချီယုံချင်း၊ ပဉ္စမအဆင့်ရှိသူ လျူဇီမို နှင့် အုတ်မြစ်တည်ဆောက်ခြင်း ဆဋ္ဌမအဆင့် ရှိသူ ပီယန်စီတီးတို့ ဖြစ်ကြလေသည်။
သူတို့မှာ အုတ်မြစ်တည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး မာကျန့်ရှန်းနှင့် ကျင့်စဉ်အဆင့် သိပ်မကွာခြားလှပေ။
ထို့အပြင် သူတို့အားလုံးမှာ ရွှမ်ကျန့်မြို့တော်၌ နေထိုင်ကြသူများ ဖြစ်ကြလေသည်။ သူတို့သည် မာကျန့်ရှန်းနှင့် သိကျွမ်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ သူတို့သည် အလွန်ရင်းနှီးသော မိတ်ဆွေများတော့ မဟုတ်သော်လည်း အနည်းဆုံးတော့ တစ်ဦးကိုတစ်ဦး သိကျွမ်းနေကြသူများ ဖြစ်ပေသည်။
"မိတ်ဆွေမာ... နောက်ဆုံးတော့ ရောက်လာပြီပေါ့။"
"မင်း ဒီလောက်အထိ နောက်ကျနေတာဆိုတော့ ငါတို့ကို ချိန်းချက်ပျက်ကွက်တော့မယ်လို့တောင် ထင်နေတာ" ဟု အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူ ချီယုံချင်းက မာကျန့်ရှန်းကို ချက်ချင်းပင် နှုတ်ဆက်လိုက်လေသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။"
"ဒီအခွင့်အလမ်းက ငါတို့အတွက် အရမ်းကို အရေးကြီးတာပဲဥစ္စာ။"
"ဒါကြောင့်လည်း ငါတို့နဲ့ ပူးပေါင်းဖို့အတွက် တခြား မိတ်ဆွေတစ်ယောက်ကိုပါ ဖိတ်ခေါ်လာခဲ့တာပါ။ အားလုံးပဲ စိတ်မရှိကြပါနဲ့ဦး" ဟု ဆိုကာ မာကျန့်ရှန်းက ကျန်းဖန်ကို အားလုံးနှင့် မိတ်ဆက်ပေးလိုက်လေသည်။
"အားလုံးပဲ မင်္ဂလာပါဗျာ။" ကျန်းဖန်က ခေါင်းညိတ်၍ အားလုံးကို နှုတ်ဆက်လိုက်လေသည်။
သူသည် စိတ်ကူးတစ်ချက်ဖြင့် သူ၏ သွေးသားတော်ဝင်စွမ်းရည် ဖြစ်သော ဧကရာဇ်အကြည့်ကို အသုံးပြုကာ မာကျန့်ရှန်းနှင့် အခြားသူများ၏ ကံဇာတာကို အကဲခတ်ကြည့်လိုက်လေသည်။
ရုတ်တရက်ဆိုသလိုပင် သူတို့၏ ဦးခေါင်းထက်၌ သွေးရောင်အရှိန်အဝါများ လွှမ်းခြုံနေသော မည်းနက်လှသည့် ဘေးဒုက္ခတိမ်တိုက်များကို သူ မြင်တွေ့လိုက်ရလေသည်။
သံသယဖြစ်စရာ မလိုပါ။ ဤလူများအားလုံးမှာ သေဘေးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပေသည်။ သူကိုယ်တိုင် ပါဝင်လာခဲ့ဦးတော့၊ သူတို့သည် ဤသေဘေးမှ လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။
"မဖြစ်နိုင်တာ... ဒီကောင်တွေ အားလုံး သေကြတော့မှာလား။"
"ဒီစစ်ဆင်ရေးက သူတို့အတွက် သေတွင်းကြီး ဖြစ်နေတာလား။"
"ဒါပေမဲ့ ငါ့အတွက်ကျတော့ ကြီးမားတဲ့ မင်္ဂလာနိမိတ် ဖြစ်နေတယ် ဟုတ်လား..."
ကျန်းဖန်၏ မျက်လုံးများမှာ လက်ခနဲ ဖြစ်သွားခဲ့လေသည်။ သူတို့၏ ရှောင်လွှဲ၍မရသော သေဆုံးခြင်းကို မြင်တွေ့လိုက်ရသဖြင့် သူ အံ့သြသွားမိလေသည်။
ဆိုလိုသည်မှာ သူ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဤလူများ၏ လုပ်ရပ်မှာ သေဆုံးခြင်းဆီသို့ ဦးတည်နေခြင်းပင် ဖြစ်ချေသည်။ ထင်ရှားသည်မှာ ထိုရွှေအမြုတေ ဂူဗိမာန်သည် ထင်ထားသည်ထက် ပိုမိုအန္တရာယ်များနေလေသည်။
သို့သော် မာကျန့်ရှန်းနှင့် အခြားသူများအတွက် အန္တရာယ်များလှသော်လည်း၊ သူ့အတွက်မူ ထိုသို့မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူ့တွင် အန္တရာယ်များကို ကာကွယ်ရန် နည်းလမ်းများစွာ ရှိနေသည်မဟုတ်ပါလား။
ထိုအချိန်တွင် ချီယုံချင်းနှင့် အခြားသူများသည် ဝိညာဉ်အာရုံကို အသုံးပြုကာ လျှို့ဝှက်စွာ စကားပြောဆိုနေကြလေသည်။ ထိုစကားသံများကို သူတို့အချင်းချင်းသာ ကြားနိုင်သဖြင့် အလွန်ပင် လျှို့ဝှက်လှပေသည်။
"မိတ်ဆွေမာ... ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ တခြား အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူ တစ်ယောက်ကိုပါ ဖိတ်လာရတာလဲ။"
"ဟုတ်တယ်... လူတစ်ယောက် တိုးလာလေလေ၊ ငါတို့ ရမယ့် ဝေစုက နည်းသွားလေလေ မဟုတ်လား။ ရွှေအမြုတေ ဂူဗိမာန်က ဘယ်လောက်ပဲ အကျိုးအမြတ်များများ၊ ဒီလောက်များတဲ့ အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူတွေကြားထဲ ခွဲဝေလိုက်ရင် ဘာမှ ကျန်မှာမဟုတ်တော့ဘူး။"
"ဒီကောင်လေးက မင်းရဲ့ ဆွေမျိုးများလား။ ငါတို့ရဲ့ အမြတ်တွေကို သူ့ကိုပါ ဝေပေးချင်နေတာလား" ဟု သူတို့က မေးမြန်းလိုက်ကြလေသည်။
မာကျန့်ရှန်းက ဝိညာဉ်အာရုံမှတစ်ဆင့် ချက်ချင်းပင် ပြန်လည်ရှင်းပြကာ ထိုအုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူများကို နှစ်သိမ့်လိုက်လေသည်။
"စိတ်အေးအေးထားကြပါ မိတ်ဆွေတို့ရာ၊ ငါက အဲဒီလိုလူမျိုး မဟုတ်ပါဘူး။"
"ငါက မိတ်ဆွေကျန်းကို အသေခံမြှားစာ အဖြစ် သုံးဖို့အတွက် ဖိတ်ခဲ့တာပါ။"
"ဘာပဲဖြစ်ဖြစ် ဒီရွှေအမြုတေ ဂူဗိမာန်က မရိုးရှင်းဘူးလေ။ ငါတို့ ဘယ်လို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲ ဘယ်သူ သိမှာလဲ။"
"အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူ တစ်ယောက် ပိုလာတာက ငါတို့အတွက် အကာအကွယ် တစ်ခု ပိုလာတာနဲ့ အတူတူပဲ။"
"အန္တရာယ်ရှိတဲ့ အချိန်ကျရင် သူက ငါတို့အစား စွန့်စားပေးလိမ့်မယ်။"
"အကယ်၍ အန္တရာယ် မရှိဘူးဆိုရင်တောင်မှ၊ ငါတို့ရဲ့ အဖွဲ့ထဲမှာ ရတနာတွေကို လုပ်အားအပေါ် မူတည်ပြီးတော့ပဲ ခွဲဝေမှာလေ။ အကယ်၍ သူ့ရဲ့ လုပ်အားက မရှိဘူးဆိုရင် သူ ရမယ့် အကျိုးအမြတ်ကလည်း မရှိသလောက်ပဲ ဖြစ်မှာပါ။"
"ဒါကြောင့် ဘယ်လိုပဲကြည့်ကြည့်၊ ဒီလူ ပါဝင်လာတာက ငါတို့အတွက် အကျိုးရှိရင် ရှိမယ်၊ အရှုံးတော့ မရှိပါဘူး" ဟု မာကျန့်ရှန်းက ရှင်းပြလိုက်လေသည်။
သူသည် ရွှေအမြုတေ ဂူဗိမာန်မှာ အလွန် အန္တရာယ်များလှသည်ဟု အမြဲခံစားနေရသဖြင့်၊ အန္တရာယ်ကို ခွဲဝေခံစားရန် အတွက် အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူ အမြောက်အမြားကို မသိစိတ်အရ ရှာဖွေခဲ့ခြင်း ဖြစ်လေသည်။ အကယ်၍ မမျှော်လင့်ထားသော ကိစ္စရပ်တစ်ခုခု ဖြစ်ပေါ်လာပါက သူသည် ပထမဦးဆုံး ထွက်ပြေးနိုင်ရန်အတွက်ပင် ဖြစ်လေသည်။
"ဪ... ဒီလိုကိုး။"
ချီယုံချင်းနှင့် အခြားသူများမှာ ခေါင်းညိတ်လိုက်ကြပြီး၊ ထိုရှင်းပြချက်အပေါ် များစွာ ကျေနပ်သွားခဲ့ကြလေသည်။ သူတို့သည် ကျန်းဖန်ကို ကြင်နာလှသော အကြည့်များဖြင့် ပြန်လည် ကြည့်လိုက်ကြလေသည်။
ဘာပဲဖြစ်ဖြစ် အရေးကြီးသော အချိန်တွင် ဤကောင်လေးမှာ သူတို့အတွက် အသက်ကယ်ပေးမည့်သူ မဟုတ်ပါလား။
"မိတ်ဆွေကျန်း... ငါတို့နဲ့ ပူးပေါင်းတာကို ကြိုဆိုပါတယ်ဗျာ။"
"မိတ်ဆွေကျန်း ပါဝင်လာတာကြောင့် ဒီခရီးစဉ်က ရင်ခုန်စရာ ကောင်းသလို ဘေးလည်း ကင်းမှာ သေချာပါတယ်။"
"အကယ်၍ ဒီတစ်ခါ ပူးပေါင်းဆောင်ရွက်မှုက အဆင်ပြေမယ်ဆိုရင်၊ နောက်တစ်ခါကျရင်လည်း ငါတို့တွေ အတူတူ ထပ်ပြီး အလုပ်လုပ်ကြတာပေါ့။"
"မှန်တာပေါ့... ကျင့်ကြံခြင်းလမ်းခရီးမှာ ရန်သူတစ်ယောက် တိုးတာထက် မိတ်ဆွေတစ်ယောက် တိုးတာက အများကြီး ပိုကောင်းတာပေါ့ဗျာ" ဟု ချီယုံချင်းနှင့် အခြားသူများက ကျန်းဖန်ကို နွေးထွေးစွာ နှုတ်ဆက်လိုက်ကြလေသည်။
"မပြောပါနဲ့ဗျာ။ ငါတို့အားလုံး နောင်မှာ မိတ်ဆွေတွေ ဖြစ်လာကြမှာပဲဥစ္စာ" ဟု ကျန်းဖန်က အသာအယာ ပြုံး၍ ပြန်ပြောလိုက်လေသည်။
သူသည် ထိုလူများ၏ မကောင်းသော ရည်ရွယ်ချက်များကို ဗီဇအရ အာရုံခံမိနေလေသည်။ သို့သော် သူ့အတွက်မူ ဤလူများမှာ သေဆုံးပြီးသား လူများကဲ့သို့ပင် ဖြစ်နေချေပြီ။
ထို့ကြောင့် သူတို့၏ ရည်ရွယ်ချက်မှာ မည်သို့ပင်ဖြစ်စေ သူ ဂရုမစိုက်တော့ပေ။ သူသည် ယခုတစ်ခေါက် ရွှေအမြုတေ ဂူဗိမာန် ခရီးစဉ်မှ ရရှိမည့် အကျိုးအမြတ်များကိုသာ မျှော်လင့်နေခဲ့လေတော့သည်။
ရက်အနည်းငယ် ကြာပြီးနောက်…
မာကျန့်ရှန်း၏ ဦးဆောင်မှုအောက်တွင် ထိုလူအုပ်စုသည် မြူခိုးတောင်တန်းဆီသို့ ပျံသန်းလာခဲ့ကြလေသည်။ မြူခိုးတောင်တန်းသို့ ရောက်ရှိသောအခါ ကျန်းဖန်သည် ဤနယ်မြေမှာ အမှန်တကယ်ပင် ထူးခြားလှကြောင်း ချက်ချင်း သတိပြုမိလိုက်လေသည်။
တောင်တန်းများအားလုံးမှာ ဖြူလွလွ မြူခိုးများဖြင့် ဖုံးလွှမ်းနေသဖြင့် ၎င်းတို့၏ ပုံသဏ္ဌာန် အစစ်အမှန်ကို မြင်တွေ့ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
အကယ်၍ ဤနယ်မြေကို မကျွမ်းကျင်သော ကျင့်ကြံသူများသာဆိုပါက အလွယ်တကူ လမ်းပျောက်သွားနိုင်ပေသည်။
ထို့အပြင် တောင်တန်းကြီး၏ နက်ရှိုင်းသော နေရာများ၌ ရက်စက်လှသော မိစ္ဆာသားရဲများမှာလည်း အချိန်မရွေး တိုက်ခိုက်ရန် ပုန်းအောင်းနေကြလေသည်။ အနည်းငယ်မျှ ပေါ့ဆလိုက်သည်နှင့် မြူခိုးတောင်တန်း အတွင်း၌ပင် အသက်ပျောက်သွားနိုင်ပေသည်။
သို့သော်လည်း ဤအဖွဲ့ရှိ အဖွဲ့ဝင်အားလုံးမှာ အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူများ ဖြစ်ကြသဖြင့် သာမန်မိစ္ဆာသားရဲများမှာ သူတို့၏ ပြိုင်ဘက် မဟုတ်ကြပေ။ ထို့ပြင် မာကျန့်ရှန်းနှင့် အခြားသူများမှာ ဤနယ်မြေကို အလွန်ပင် ကျွမ်းကျင်ကြသဖြင့် လမ်းခရီးတစ်လျှောက် လမ်းပျောက်ခြင်း မရှိဘဲ သွားလာနိုင်ခဲ့ကြလေသည်။
တောင်တန်းကြီး အတော်များများကို ဖြတ်ကျော်ပြီးနောက်၊ နောက်ဆုံးတွင် သူတို့သည် အမည်မသိ တောင်ထိပ်တစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကြလေသည်။
"ငါတို့ ရောက်ပြီ။"
"ဒါကတော့ ရွှေအမြုတေ ဂူဗိမာန် တည်ရှိရာ နေရာပဲ။"
"အဲဒီနေရာကို အဆင့် (၃) အစီရင်စု တစ်ခုက ဝန်းရံထားတာဗျ။ ဒါကြောင့်လည်း ငါ ဒီအစီရင်စုကို မဖောက်ထွင်းနိုင်ခဲ့ဘဲ လက်ချည်းဗလာနဲ့ ပြန်ခဲ့ရတာပေါ့" ဟု မာကျန့်ရှန်းက ရှေ့မှ တောင်တန်းကို ညွှန်ပြရင်း ပြောလိုက်လေသည်။
အားလုံးက လှမ်းကြည့်လိုက်ကြရာ ထိုတောင်၏ အပြင်ပန်းသဏ္ဌာန်မှာမူ ထူးခြားမှု မရှိဘဲ သာမန်အတိုင်းပင် ဖြစ်လေသည်။
သို့သော် သေသေချာချာ အကဲခတ်ကြည့်လိုက်သောအခါ၊ မမြင်နိုင်သော အကာအကွယ် အတားအဆီးတစ်ခုသည် တောင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်ထားကြောင်း အာရုံခံမိလိုက်ကြလေသည်။ ၎င်းမှာ အလွန်ပင် စေ့စပ်သေချာလှပြီး မည်သည့် ဟာကွက်မျှ ရှိမနေပုံရပေသည်။
"ငါ့အမြင်က မမှားဘူးဆိုရင်၊ ဒါဟာ အဆင့် (၃) အစီရင်စု ဖြစ်တဲ့ ပြောင်းပြန်ဓာတ်ကြီးငါးပါး အစီရင်စုပဲ ဖြစ်ရမယ်။"
"ဓာတ်ကြီးငါးပါးရဲ့ စွမ်းအားတွေကို အသုံးချပြီး စီရင်ထားတာပေါ့။"
"ဒါပေမဲ့ ဒါက ပြောင်းပြန် ဖြစ်နေတာကြောင့် အစီရင်စုရဲ့ ဟာကွက်ကို ရှာဖို့က မဖြစ်နိုင်သလောက်ပါပဲ။"
"ဓာတ်ကြီးငါးပါး စွမ်းအားတွေက အဆုံးမရှိ အဆက်မပြတ် လည်ပတ်နေတာ။"
"အကယ်၍ မင်းသာ အထဲကို ဝင်လိုက်မယ်ဆိုရင် ဓာတ်ကြီးငါးပါး စွမ်းအားတွေရဲ့ ဖိနှိပ်တာကို ခံရမှာဖြစ်ပြီး ဘယ်တော့မှ ပြန်ထွက်လာနိုင်မှာ မဟုတ်တော့ဘူး။"
"သံသယဖြစ်စရာ မလိုပါဘူး။ ဒီဂူဗိမာန်ရဲ့ ရွှေအမြုတေ အရှင်သခင်ဟာ အဆင့် (၃) အစီရင်စု ပညာရှင် တစ်ယောက် ဖြစ်ရမယ်" ဟု အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူ လျူဇီမို က စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
သူသည်လည်း အဆင့် (၂) အစီရင်စု ပညာရှင်တစ်ဦး ဖြစ်သဖြင့်၊ မာကျန့်ရှန်းက ဤအစီရင်စုကို ဖောက်ထွင်းရန်အတွက် သူ့ကို သီးသန့် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်လေသည်။
"အဲဒီလိုဆိုရင် အဆင့် (၃) အစီရင်စုကို ဖျက်ဆီးလို့ မရဘူးလို့ ဆိုလိုတာလား" ဟု မာကျန့်ရှန်းနှင့် အခြားသူများက မျက်နှာပျက်စွာဖြင့် မေးမြန်းလိုက်ကြလေသည်။
အကယ်၍ ၎င်းမှာ တကယ့် ပြည့်စုံလှသော အဆင့် (၃) အစီရင်စုသာ ဆိုပါက၊ သာမန် အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူများအနေဖြင့် ဖျက်ဆီးရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ မဆင်မခြင် တိုက်ခိုက်လိုက်ပါက အစီရင်စု၏ စွမ်းအားများ ပြန်လည် ရိုက်ခတ်မှုကိုသာ ခံရပေလိမ့်မည်။
"အကယ်၍ ဒါက ပြည့်စုံတဲ့ အဆင့် (၃) အစီရင်စုသာ ဆိုရင်တော့ ငါတို့တွေ ဖောက်ထွင်းနိုင်မှာ မဟုတ်ပါဘူး။"
"ဒါပေမဲ့ တကယ့် ပြည့်စုံတဲ့ အဆင့် (၃) အစီရင်စု ဆိုတာက အဆင့် (၃) ဝိညာဉ်ကြောကို အားကိုးရတာလေ။"
"အဆင့် (၃) ဝိညာဉ်ကြောကနေ စွမ်းအင်တွေ မရရှိဘူးဆိုရင်၊ အဆင့် (၃) အစီရင်စု တစ်ခုဟာ ထိရောက်စွာ အလုပ်မလုပ်နိုင်တော့ဘူး။"
"ဒီနေရာမှာတော့ အဆင့် (၃) ဝိညာဉ်ကြော မရှိပါဘူး။"
"ဒါကြောင့် ဒီအစီရင်စုရဲ့ စွမ်းအင်အရင်းအမြစ်ဟာ ဝိညာဉ်ကျောက်တုံးတွေဆီကပဲ လာရမှာပေါ့။"
"ဝိညာဉ်ကျောက်တုံးတွေရဲ့ စွမ်းအင် ကုန်ဆုံးသွားတာနဲ့၊ ဒီအစီရင်စုဟာလည်း အလိုအလျောက် ပြိုလဲသွားမှာပဲ ဖြစ်ပါတယ်" ဟု အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူ လျူဇီမိုက ရှင်းပြလိုက်လေတော့သည်။
……