ဂိုဏ်းတူ အစ်ကိုချန်ကျန့်မေ ဘယ်များ ရောက်နေလဲ
Vol. 4 Ch. 344
အချိန်ခဏလေး အတွင်းမှာပင် ဆန်းလျန်သည် တောင်ပင်လယ်ကို ဖြတ်သန်းကာ ရှီးဟွမ်သို့ ပြန်ရောက် လာခဲ့လေသည်။
လျို့ချင်းရှင်းထိုင်၏ သတ္တဝါလေးမျိုး အရံအတားကို ချိုးဖျက်ပစ်နိုင်သည့် အတွက်လည်း သူ၏စိတ်ထဲတွင် ပျော်ရွှင်မှုကို မခံစားရပါ။ ထိုအရံအတားနှင့် ရင်ဆိုင်ရမှ သူ၏ ကျင့်စဉ်လမ်း အဆင့်မှာ အလွန်တိမ်သေးကြောင်း နားလည်လိုက်ရလေသည်။
ညနေခင်းပိုင်းတွင်တော့ ဆန်းလျန်သည် သေစေခြင်း ကျောင်းတော်ဆီသို့ ရောက်ရှိ လာခဲ့လေသည်။
ဆန်းလျန်က "သေစေခြင်း ကျောင်းတော်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကို မော့ကြည့် လိုက်သည်။ ကျောင်းတော်၏ ဆိုင်းဘုတ်မှ စာလုံးများမှာ သွေးထဲတွင် နစ်မြုပ်နေသကဲ့သို့ ခံစား လိုက်ရလေသည်။
လူသတ်လိုသည့် အငွေ့အသက်များသည် ဆန်းလျန်ထံသို့ အရှိန်ပြင်းစွာဖြင့် ဝင်ရောက် လာလေသည်။
ရုတ်တရက် သူ၏ စိတ်အာရုံထဲတွင် သွေးချောင်းစီး တိုက်ပွဲတစ်ခုကို မြင်ယောင် လာမိလေသည်။
ဆန်းလျန်က သေစေခြင်း ကျောင်းတော် အတွင်းသို့ ဝင်လိုက်လေသည်။
ကျောင်းတော်အတွင်းမှ တပည့်များ အားလုံးမှာ မာတောင့်တောင့်ကြီးများ ဖြစ်နေကြကာ အေးခဲနေသည်ကို တွေ့လိုက် ရလေသည်။ အချို့က ထိုင်လျှက်၊ အချို့က လဲလျောင်းနေပြီး အချို့မှာ ဓားကိုကိုင်ထားကြလေသည်။
သူတို့၏ မျက်လုံးများမှာ ပြူးကျယ် နေကြသည့်တိုင် သူတို့၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်မရှိတော့ပေ။ ဗလာကျင်းနေသည့် အခွံတစ်ခု ဖြစ်သွားပြီ ဖြစ်လေသည်။
အမှန်တော့ တပည့်များသည် သူတို့ကိုယ် သူတို့ သေပြီဆိုသည်ကိုပင် သိရှိခြင်း မရှိနိုင်ပေ။
ကျောင်းတော် ထောင့်တစ်နေရာတွင် အိမ်ဆောက်နေသည့် ပင့်ကူမှာလည်း သေဆုံးသွားပြီ ဖြစ်လေသည်။ ကျောင်းတော်ထဲတွင် ရွေ့လျားနေကြသည့် ပုရွက်ဆိတ်လေးများမှာလည်း ရပ်တန့် နေကြလေသည်။
သေစေခြင်း ကျောင်းတော်ထဲတွင် သက်ရှိသတ္တဝါ ဟူ၍ တစ်ယောက်မှ မရှိတော့ပေ။
ဂုဏ်သတင်း ကျော်ကြားလှသည့် သေစေခြင်း ကျောင်းတော်မှ လူအများကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ် ပစ်နိုင်သည့် တန်ခိုးစွမ်းအားမှာ ကြောက်မက်ဖွယ်ရာပင် ဖြစ်လေသည်။
ထို့ပြင် လူသတ်လိုသည့် အငွေ့အသက်များသည် ကျောင်းတော် အတွင်းရှိ အသေးဆုံး သတ္တဝါလေး တစ်ကောင်ကိုပင် မကျန်အောင် အာရုံခံ သတ်ဖြတ် ပစ်နိုင်စွမ်း ရှိလေသည်။
Top of Form
ဆန်းလျန်သည် ချန်ကျန့် မေနေထိုင်သည့် အခန်းရှေ့တွင် ရပ်နေလေသည်။ သူက အခန်းတံခါးကို အသာ တွန်းဖွင့်လိုက်လေသည်။
အခန်းထဲတွင် ချန်ကျန့်မေ ရှိမနေတော့ပေ။ ချန်ကျန့်မေသည် ပျောက်ချင်းမလှ ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။
သို့သော် အခန်းထဲတွင် တိုက်ခိုက်ထားသည့် အရိပ်အယောင်များ တစ်ခုမှ မတွေ့ရှိရပေ။
ဆန်းလျန်က သူ၏ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ကာ အခန်းတစ်ခုလုံးကို အာရုံခံကြည့် လိုက်သည်။ သို့သော် အခန်းထဲတွင် မည်သည့် အကြောင်းအရာများ ဖြစ်ပျက်ခဲ့သည်ကို အာရုံခံနိုင်ခဲ့ခြင်း မရှိပေ။
ထို့နောက် ဆန်းလျန်၏ လက်ထဲတွင် ရှေးဟောင်း ဒင်္ဂါးပြားလေးတစ်ခု ပေါ်လာလေသည်။ ဒင်္ဂါးပြားလေး၏ ခေါင်းဘက်ခြမ်းတွင် "ဘုရင်မင်းမြတ်" ဆိုသည့် စာလုံးပါရှိပြီး ပန်းဘက်ခြမ်းတွင် ကြယ်စင်များနှင့် ပြည့်နှက်နေသည့် ကောင်းကင်တစ်ခု၏ ပုံသဏ္ဌာန် ပါရှိလေသည်။
ဆန်းလျန်က ဒင်္ဂါးပြားလေးကို လက်ဖြင့် တစ်ချက်တောက်ကာ လှည့်လိုက်လေသည်။
သူ၏ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေ ပျောက်ဆုံး သွားခြင်းသည် သူ့အတွက် အိပ်မက်ဆိုးပင် ဖြစ်လေသည်။
ဒင်္ဂါးပြားလေးမှာ အဆက်မပြတ် လည်ပတ်နေပြီး ဆန်းလျန်ကလည်း လုံးဝ အလျှော့ပေးခြင်း မရှိပေ။
သို့သော် ခဏအကြာတွင် ချွင်ခနဲ မြည်သံ တစ်ချက် ထွက်ပေါ်လာပြီး ဒင်္ဂါးပြားလေးမှာ ထက်ခြမ်း ကွဲသွားလေသည်။ အကြွေစေ့လေးမှ တန်ခိုးစွမ်းအားများ ပျက်စီး သွားပြီး သာမန် ပစ္စည်းတစ်ခုမျှသာ ဖြစ်သွားပြီ ဖြစ်လေသည်။
ထိုဒင်္ဂါးပြားလေးမှာ သဲလွန်စများကို ရှာဖွေရာတွင် အလွန်ထိရောက်သည့် ပစ္စည်းတစ်ခု ဖြစ်လေသည်။ သို့သော် သေစေခြင်း ကျောင်းတော်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် များကိုတော့ ခြေရာခံနိုင်စွမ်း မရှိခဲ့ပေ။
ပိုပြီးအရေးကြီးသည့်အချက်မှာ ဆန်းလျန်သည် သေစေခြင်း ကျောင်းတော်မှ မထွက်ခွာမီ မည်သည့် အန္တရာယ် အငွေ့ အသက်ကိုမှ အာရုံမခံနိုင်ခဲ့ခြင်း ဖြစ်လေသည်။
ချန်ကျန့်မေ သေပြီလား၊ အသက်ရှင်နေသေးသလား၊ ဘယ်နေရာသို့ ရောက်ရှိသွားပြီလဲ ဆိုသည်ကို ဆန်းလျန် မည်သည့်နည်းနှင့်မျှ မသိရှိနိုင်ေတော့ပေ။
သူ့ကို ဂါရဝပြုခဲ့ကြပြီး သူက ကျင့်စဉ်ပညာများ သင်ကြားပေးလိုက်သည့် တပည့်များသည် ယခုတော့ သေဆုံးကုန်ကြပြီ ဖြစ်လေသည်။ ဤသည်မှာ ဘဝ၏ မတည်ငြိမ်မှုများပင် ဖြစ်လေသည်။
အနောက်ဘက်မှ အသံတစ်ခု ကြားရသည့် အတွက် ဆန်းလျန် ချက်ချင်း လှည့်ကြည့် လိုက်သည့် အခါတွင်တော့ ဖန်းယန်ယင်းကို တွေ့လိုက်ရလေသည်။
သူမ၏ မျက်ဝန်းများထဲတွင် စိတ်ရှုတ်ခြင်း၊ ကြောက်လန့်ခြင်းနှင့် ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေလေသည်။ သူမက ဆန်းလျန်ကို ကြည့်နေရင်းမှပင် ချောင်းများ ဆိုးလာလေသည်။
သူမက သွေးများ အန်ချလိုက်ပြီး ခြင်းတောင်းလေးထဲမှ မုန်ညင်းစိမ်းများထဲတွင် သူမ၏ သွေးများ ပေကျံကုန်လေသည်။
သူမ၏ ခြင်းတောင်းလေးထဲမှ လတ်ဆတ်ပြီး အသက်ဓာတ် စွမ်းအားနှင့် ပြည့်ဝသည့် မုန်ညင်းစိမ်းများမှာ ချက်ချင်းပင် ခြောက်သွေ့ သွားရလေသည်။
ဆန်းလျန်က ဖန်းယန်ယင်း အရှေ့သို့ လျှောက်သွားလိုက်ပြီး စန်းကွမ်းပရိတ်ရေ တစ်စက်ဖြင့် ဖန်းယန်ယင်းကို ပက်ဖျန်းလိုက်လေသည်။ စန်းကွမ်း ပရိတ်ရေက သူမ၏ ခန္ဓာကိုယ်တွင်းမှ အသက်ဓာတ် စွမ်းအားများကို ပြန်လည် နုပျို လာစေလေသည်။
လူသတ်လိုသည့် အငွေ့အသက်များသည် ဆန်းလျန်ကို ထိခိုက်မှု မရှိသည့်တိုင် ဖန်းယန်ယင်းကိုတော့ များစွာ ထိခိုက်မှု ရှိလေသည်။
သူမသည် မုန်ညင်းစိမ်းများ ခူးရာမှ ပြန်ရောက်လာသည့် အချိန်တွင် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို မြင်တွေ့လိုက်ရခြင်း ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် လူသတ်လိုသည့် အငွေ့အသက်များကြောင့် ဒဏ်ရာလည်း အပြင်းအထန် ရသွားခဲ့လေသည်။
ဆန်းလျန်သာ သေစေခြင်း ကျောင်းတော်တွင် ဒြပ်စင်စွမ်းအား ငါးမျိုးဖြင့် ဖွဲ့စည်းမှု မတည်ဆောက် ထားပါက ဖန်းယန်ယင်းသည် သေစေခြင်း ကျောင်းတော် အဝသို့ ဝင်ရောက် မိသည်နှင့်ပင် သေဆုံးသွားရမည် ဖြစ်လေသည်။
ဖန်းယန်ယင်းသည် ဆန်းလျန်၏ ရင်ခွင်ထဲသို့ သတိလစ် လဲကျ သွားလေတော့သည်။ ဆန်းလျန်က သက်ပြင်း တစ်ချက်ချလိုက်ပြီး မိန်းကလေးငယ်ကို ဒြပ်စင်စွမ်းအား ငါးမျိုးဖြင့် ကာကွယ် ပေးထားလိုက်လေသည်။
ထို့နောက် သူမကို ချန်ကျန့်မေ၏ အခန်းအတွင်းသို့ ခေါ်ဆောင်လာပြီး ကျောက်သလွန် ထက်တွင် အသာ ချထား ပေးလိုက်လေသည်။
လူသတ်လိုသည့် အငေါ့အသက်များသည် ချန်ကျန့်မေ၏ အခန်းတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိပေ။
မမြင်ရသည့် စွမ်းအားတစ်ခုက လူသတ်လိုသည့် အငွေ့အသက်များ အခန်းတွင်းသို့ ဝင်ရောက်လာခြင်းကို ကာကွယ် ပေးထားလေသည်။
ဆန်းလျန်မှာ အံ့သြသွားရလေသည်။ သေစေခြင်း ကျောင်းတော် တစ်ခုလုံးတွင် လူသတ်လိုသည့် အငွေ့အသက်များ ပျံ့နှံ့နေလေရာ ထိုအငွေ့အသက်များ ဝင်ရောက်နိုင်ခြင်း မရှိသည့် တစ်ခုတည်းသော နေရာမှာ ချန်ကျန့်မေ၏ အခန်းပင် ဖြစ်လေသည်။
ဆန်းလျန်၏ လက်ဖဝါးထက်တွင် ကြည်လင်သည့် ရေစက်လေးများ ထပ်မံ ပေါ်ပေါက် လာပြန်လေသည်။ ထိုရေများမှာ စန်းကွမ်း ပရိတ်ရေများပင် ဖြစ်လေသည်။
အဆုံးမရှိသည့် စမ်းချောင်းလေးအလား စန်းကွမ်း ပရိတ်ရေများသည် မြင့်တက် လာလေသည်။
နောက်တစ်နေ့တွင်တော့ သေစေခြင်း ကျောင်းတော်ဝင်း တစ်ခုလုံးသည် သန့်စင် သွားလေတော့သည်။
ဆန်းလျန်သည် သေစေခြင်း ကျောင်းတော် သန့်စင်သွားသည်နှင့် ကွယ်လွန်သွားပြီ ဖြစ်သည့် တပည့်များအားလုံးကို မြေမြှုပ် သင်္ဂြိုဟ်လိုက်ကာ ကဗျည်းတိုင်များ စိုက်ထူပေးလိုက်လေသည်။
ထို့နောက် ….
ဆန်းလျန်က ကောင်းကင်ထက်တွင် သာနေသည့်လမင်းကို တစ်ချက်မော့ကြည့်လိုက်ရင်း…
"ဂိုဏ်းတူ အစ်ကိုချန်ကျန့်မေ ဘယ်များရောက်နေလဲ"
***