← Chapters

အခန်း (၇၈-၇၉)

Vol. 8 Ch. 78-79

အခန်း (၇၈-၇၉)

Vol. 8 Ch. 78-79

အခန်း ၇၈- ကြေကွဲသွားသောအချစ်

ယန်းရူရွှယ်က သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကြည်လင်သော မျက်ရည်နှစ်ကြောင်းက သူမ၏ မှုန်ရီဝေနေသော မျက်လုံးများမှ သူ့လက်ကောက်ဝတ်ဆီသို့ ကျဆင်းလာခဲ့သည်။ သူမ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို အတင်းအကြပ် တွန်းထုတ်လိုက်လျှင် သူမ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားမည်ကို လို့ရှီးယန် စိုးရိမ်နေမိသည်။ သူက သက်ပြင်းချလိုက်ပြီးမှ သဘောတူလိုက်သည်။

“ကောင်းပြီ"

 သူ သဘောတူကြောင်း ကြားလိုက်ရသောကြောင့် ယန်းရူရွှယ် ဝမ်းသာသွားသော်လည်း မကြာမီ သူမ၏လှုပ်ရှားနေသော နှလုံးသားက နောက်တစ်ကြိမ် ထပ်၍ အေးခဲသွားရပြန်သည်။

"ကျွန်တော်မျိုး တံခါးအပြင်မှာ စောင့်နေပြီး မင်းသမီး မအိပ်ပျော်ခင်အထိ စောင့်ပေးပါ့မယ်"

သူ့အသံက ပျော့ပျောင်းနေသော်လည်း သူ ဖော်ပြနေသည့် အဓိပ္ပါယ်က ရက်စက်လွန်းနေသည်။ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ကြောင့် ယန်းရူရွှယ်က သူမ၏ စိတ်ခံစားချက်များကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သူမက သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူမ၏လက်သည်းများက သူ့အသားထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားသည်။ ယန်းရူရွှယ်က မကျေမနပ် မေးလာပြန်သည်။

"ရှင်က ဘာလို့ ကျွန်မအတွက် မနေပေးနိုင်ရတာလဲ? ကျွန်မကို စောင့်ရှောက်ဖို့ ကျွန်မနဲ့ နေပေးပါလို့ တောင်းဆိုတာက ရှင့်အတွက် တကယ်ကို ခက်ခဲနေတာလား? ရှင် တကယ်ပဲ သူ့(မ)ဆီကို ပြန်ချင်နေတာလား?!"

လို့ရှီးယန်က နာကျင်မှုကို ခံစားနေရသော်လည်း သူမကို တွန်းမထုတ်ဘဲ အနည်းငယ် မျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည်။

"မင်းသမီး..."

ထိုဘွဲ့ထူးတစ်ခုကပင် ယန်းရူရွှယ်ကို ထပ်မံ စိတ်အနှောင့်အယှက်ဖြစ်စေမည်ဟု သူလည်း မမျှော်လင့်ထားခဲ့ပေ။

"ကျွန်မကို မင်းသမီးလို့ မခေါ်နဲ့၊ ရှင် ငယ်ငယ်က ကျွန်မကို ရွှယ်အာလို့ ခေါ်ခဲ့တာ၊ ဘာလို့ အခုမှ ကျွန်မနဲ့ ပြတ်ပြတ်သားသား ခွဲခွာချင်နေရတာလဲ"

သူက သူမကို မင်းသမီးလို့ ခေါ်တိုင်း သူနဲ့ သူမ ဝေးကွာသွားတယ်လို့ ခံစားရတယ်။

လို့ရှီးယန်က သူမလက်ကို ညင်သာစွာ ဖယ်ရှားလိုက်ပြီး နောက်ပြန်ဆုတ်ကာ လေးလေးနက်နက် အသံဖြင့် ပြန်ဖြေသည်။

"‌တော်ဝင်မိသားစုက သခင် ဖြစ်ပြီး ဒီဝန်ကြီးက လက်အောက်ငယ်သားပါ၊ ဒါက ဝန်ကြီးတွေ လိုက်နာသင့်တဲ့ ကျင့်ဝတ်ပဲ"

သူမဘက်မှ အထင်အမြင်လွဲမှားမှုများ များလွန်းနေသောကြောင့် သူ တမင်တကာ အဝေး၌ နေခဲ့သည့်တိုင် ကံမကောင်းစွာဖြင့် သူမက သူ့ရည်ရွယ်ချက်ကို နားမလည်ခဲ့ပေ။

"ရှင် လိမ်နေတာ၊ အစ်ကိုတော်ဧကရာဇ်ရဲ့နာမည်ကို ရှင် ခေါ်နေတာ ကျွန်မ ရှင်းရှင်းလင်းလင်း ကြားဖူးတယ်၊ ကျွန်မနဲ့ကျမှ ဘာလို့ ကျင့်ဝတ်တွေ လိုက်နာရတာလဲ"

လို့ရှီးယန်၏တစိမ်းဆန်မှုနှင့် လျစ်လျူရှုမှုကြောင့် နောက်ဆုံးတွင် စိတ်အခြေအနေ ဆိုးရွားနေပြီဖြစ်သော ယန်းရူရွှယ်တစ်ယောက် လုံးဝပြိုလဲသွားရသည်။

“ရှင့်မှာ ကျွန်မအတွက် ခံစားချက်တွေ တကယ် မရှိဘူးလား ဒါမှမဟုတ် ရှင့်မှာ ခံစားချက်တွေရှိနေပေမယ့် ကျွန်မနှလုံးသားကို တမင်ခွဲပစ်ချင်နေတာလား"

ယန်းရူရွှယ်၏မျက်ရည်များ စွန်းထင်းနေသော မျက်လုံးများက ရူးသွပ်မှုများ ပြည့်နှက်နေပြီး လို့ရှီးယန်က ယခုအချိန်တွင် သူ ပြောသမျှကို သူမ နားမထောင်ကြောင်း နားလည်သွားခဲ့သည်။

 "ပြော"

လို့ရှီးယန်က သူမကို ထပ်ပြီး ဒေါသမထွက်စေချင်တော့သောကြောင့် နှုတ်ဆိတ်နေပြီး သူမကို ဖြည်းဖြည်းချင်း စိတ်တည်ငြိမ်အောင် လွှတ်ထားပေးလိုက်သည်။ ကံမကောင်းစွာဖြင့် အမြဲတမ်း သိက္ခာရှိပြီး ကြော့ရှင်းစွာ နေတတ်သည့် ယန်းရူရွှယ်က သူမကိုယ်ပိုင်ကမ္ဘာထဲသို့ ရောက်သွားခဲ့ပြီး သူမမျက်လုံးထဲတွင် လို့ရှီးယန်၏ တိတ်ဆိတ်မှုက သူမအပေါ် စိတ်မရှည်ခြင်းပင်။ ထိုအချိန်တွင် သူ၏လည်ပင်းမှ ပြိုးပြိုးပြက်ပြက် လက်နေသော အနီရောင်အမှတ်အသားက ချွန်ထက်သော အပ်တစ်ချောင်းကဲ့သို့ သူမ၏နှလုံးသားကို ထိုးဖောက်ဝင်ရောက်သွားလေသည်။

"ငါက သူ(မ)လောက်မတော်ဘူး မဟုတ်လား? သူ(မ)က ဘာတွေ ကောင်းနေလို့လဲ?! သူ(မ) ဘာတတ်နိုင်လဲ၊ သူ(မ)ပေးတာမှန်သမျှ ငါလည်း ပေးနိုင်တယ်!"

ယန်းရူရွှယ်က သူမ၏အနီရောင်နှုတ်ခမ်းများကို တင်းတင်းကျပ်ကျပ် ကိုက်လိုက်ပြီး လို့ရှီးယန်နှင့် ရှောင်လျန်တို့ မတုံ့ပြန်နိုင်ခင်မှာ သူမ ခန္ဓာကိုယ်ပေါ်မှ အင်္ကျီကို ဆွဲဖွင့်ကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

လို့ရှီးယန်က အံ့အားသင့်သွားပြီး ခန်းဆီးနောက်တွင် ရပ်နေကာ တွေဝေမှိန်းမောနေသေးသော နန်းတွင်းအစေခံကို ကြည့်လိုက်ပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။

"မင်းက ဘာလုပ်နေသေးတာလဲ၊ မင်းသမီးကို အိပ်ယာပေါ်မှာ အနားယူဖို့ ကူညီပေးလေ"

နောက်ဆုံးတွင် ရှောင်လျန်လည်း အသိစိတ် ပြန်ဝင်လာပြီး ကြမ်းပြင်ပေါ်ရှိ အဝတ်အစားများကို ကောက်ယူကာ ငိုနေပြီဖြစ်သော ယန်းရူရွှယ်၏ကိုယ်ပေါ်သို့ ပြန်တင်ပေးလိုက်သည်။

မင်းသမီးလေးက ဘာ့ကြောင့် စိတ်ရှုပ်နေရတာလဲ? သူမက မင်းသမီးလေးလေ... ဒီအရာသာ ပျံ့နှံ့သွားပြီး ဝန်ကြီးချုပ်နဲ့ အိမ်ထောင်မပြုနိုင်ရင် မင်းသမီး နာမည်ပျက်မှာကို စိုးမိပါရဲ့။

လို့ရှီးယန်က ဤအရာများ လက်ရှိအခြေအနေအထိ တိုးတက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ယန်းရူရွှယ်က ဂုဏ်သိက္ခာရှိပြီး ဆိတ်ငြိမ်သူ၊ ယဉ်ကျေးပြီး အရိပ်အကဲသိကာ ရှက်တတ်သူ ဖြစ်သည်။ ထိုကဲ့သို့ စည်းကျော်သော အရာမျိုးကို သူမက ဘာကြောင့် ရဲရဲဝင့်ဝင့် လုပ်လိုက်မှန်း သူလည်း မတွေးနိုင်တော့ပေ။

"ကျွန်​​တော်​မျိုး အရင် ထွက်သွားပါရစေ"

လို့ရှီးယန်​​က ​ထိုနေရာမှ ​ရှောင်​ထွက်​သွားခဲ့သည်။

ဒီအချိန်​မှာတော့ သူ ဒီအိမ်​ထဲမှ ဆက်ရှိနေဖို့ လုံးဝ မသင့်​​တော်တော့​ဘူး။

"ရပ်လိုက်၊ ဒီနေ့ ဒီတံခါးကနေ ထွက်သွားရင် ရှင် နောင်တရလိမ့်မယ်!"

ယန်းရူရွှယ်က ကျယ်လောင်စွာ အော်လိုက်သည်။ လို့ရှီးယန်၏ တုံ့ပြန်မှုက သူမကို နာကျင်စေခဲ့ပြီး သူမ၏ အရှက်တရားကြောင့် သူမ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။

သူမ သူ့ကို သွားခွင့်မပြုနိုင်ဘူးဆိုတာ သူ မသိဘူးလား???

လို့ရှီးယန်က ခေတ္တတုန့်ဆိုင်းနေပြီး နောက်ဆုံးတွင် လုံးဝရပ်တန့်သွားသည်။ သူ၏ မြင့်မားသော ကျောပြင်က မည်သူမျှ လျစ်လျူမရှုရဲလောက်သော အေးစက်မှုကို ထုတ်ဖော်ပြသလာခဲ့သည်။

သူ ဒေါသထွက်နေတယ်။

ယန်းရူရွှယ်က ထိတ်လန့်တုန်လှုပ်သွားပြီး သူမမျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ကာ တောင်းပန်လိုက်သည်။

"အစ်ကိုယန်၊ ကျွန်မကို စိတ်မဆိုးပါနဲ့၊ ရှင် အဆင်ပြေရဲ့လား? ရှင် ကျွန်မအနားမှာ နေဖို့ သဘောတူနေသရွေ့ ကျွန်မ ရှင် ပြောတာကို နားထောင်ပါ့မယ်"

"မင်းနဲ့ ဆက်နေရင်ရော ဘာဖြစ်သွားမှာလဲ... ငါ မင်းကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး"

အေးစက်စက်အသံက ပေါ့ပေါ့ပါးပါး ပြန်ဖြေလာပြီး ယန်းရူရွှယ်၏နှလုံးသားကို တင်းကျပ်သွားစေပြန်သည်။

ယန်းရူရွှယ်က အသက်ကို ပြင်းပြင်းရှူကာ သည်းမခံနိုင်သည့် ဝေဒနာကို ဖြေဖျောက်ရင်း ပြန်မေးလိုက်သည်။

"ဘာလို့လဲ?"

သူမ တကယ်ကို နားမလည်နိုင်ဘူး၊ သူမက အရမ်းဆိုးနေလို့လား? သူမရဲ့ နှစ်ပေါင်းများစွာ ပိုးပန်းမှုနဲ့ မြတ်နိုးမှုတွေက သူ့ကို လုံးဝ မဆွဲဆောင်နိုင်ခဲ့ဘူးလား?!

လို့ရှီးယန် မဖြေခင်မှာပင် ယန်းရူရွှယ်က ထပ်ပြောလာပြန်သည်။

"ရှင့်ကို လက်ထပ်ဖို့က ငယ်ငယ်ကတည်းကမက်ခဲ့တဲ့ ကျွန်မရဲ့အိမ်မက်ပဲ။ ရှင့်ကို စတွေ့တုန်းက ရှင်က ကျွန်မကို ဂရုတစိုက်ရှိတယ်၊ ထောက်ထားစာနာပြီး နူးညံ့သိမ်မွေ့တယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်မ ရှင့်ကို ကြိုက်ခဲ့တာ။ ကျွန်မကိုယ်ကျွန်မ ရှင်နဲ့ထိုက်တန်ဖို့ ရှင့်ရဲ့ ဇနီးဖြစ်ခွင့်ရဖို့ ကျွန်မကိုယ်ကျွန်မ လျစ်လျူရှုထားဖို့ မဝံ့မရဲ ဖြစ်ခဲ့ရတယ်။ ရှင်က ကျွန်မကို ဘာလို့ မကြည့်တာလဲ? ဘာလို့ ကျွန်မကို မမြင်နိုင်ရတာလဲ?"

အဲ့တော့ အဲ့လိုဖြစ်ခဲ့တာလား?

လို့ရှီးယန်အနေဖြင့် စောစောစီးစီး သူမ သူ့ကို လေးစားရသည့် အကြောင်းရင်းကို သိခဲ့ရမည်ဆိုလျှင် ယနေ့ ဤအချိန်၌ ယခုကဲ့သို့ ဖြစ်နေမည် မဟုတ်ပေ။ လို့ရှီးယန်က အေးစက်စက် တုံ့ပြန်လိုက်သည်။

"တကယ်တော့ အရင်က ငါ မင်းအတွက် လက်ကိုင်ပုဝါကို မယူပေးချင်ခဲ့ဘူး၊ အဲ့နေ့ မတိုင်ခင် တရက်မှာ ငါ ဒုတိယမင်းသားနဲ့ အငြင်းပွားခဲ့ပြီး သူ့ရဲ့မောက်မာတဲ့ အကြည့်ကို မခံမရပ်နိုင်ဖြစ်နေခဲ့တာကြောင့် သူ့ကို ဒေါသထွက်ချင်လို့ မင်းအတွက် လက်ကိုင်ပုဝါ ယူပေးခဲ့တာ၊ နှစ်တွေကြာလာတာနဲ့အမျှ ငါ့ဘဝထဲမှာ မင်းက ငါ့ညီမ ရှီးဝူလိုပဲ၊ မင်းအတွက် ငါမှာ ယောက်ျားနဲ့ မိန်းမကြားက ချစ်ခြင်းမေတ္တာမရှိဘူး"

အမှန်တရားက သူမကို နာကျင်စေသော်လည်း ၎င်းက သူမကို နိုးကြားစေမည်ဆိုလျှင် ဆိုးရွားသော အကြံတစ်ခုတော့ မဟုတ်ပေ။

"ညီမ...”

အခု သိလိုက်ရတာက သူမတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုက သူမရဲ့ဒုတိယအစ်ကိုတော်ကို ဒေါသထွက်စေချင်လို့တဲ့လား???

ညီမ...ညီမ...

သူမ၏မျက်နှာမှ အပြုံးက မပျက်သွားဘဲ သူမ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ထိန်းမရသော မျက်ရည်များက သူမမျက်လုံးများထဲမှ စီးကျလာပြန်သည်။

"မင်းသမီး!"

ရှောင်လျန်က ယန်းရှုရွှယ်၏ပခုံးကို အလျင်အမြန် ဆုပ်ကိုင်ပေးထားလိုက်သော်လည်း သူမ၏သေးသွယ်သောခန္ဓာကိုယ်ကလည်း ယန်းရှုရွှယ်ကို လုံးဝ ထိန်းထားနိုင်ခြင်း မရှိပေ။ သူမတို့ နှစ်ယောက်လုံး အတူတူ လဲကျသွားသည်။

ယန်းရူရွှယ်၏ မျက်လုံးများမှ စိတ်ပျက်အားငယ်မှုနှင့် ဝမ်းနည်းမှုက လို့ရှီးယန်၏နှလုံးသားကိုလည်း နာကျင်စေခဲ့သည်။ သူက ယန်းရူရွှယ်ကို သူ့ညီမအရင်းကဲ့သို့ အမှန်တကယ် ချစ်ခင်ခဲ့သည်။ ယနေ့ သူ ဤကဲ့သို့ နှလုံးသားမဲ့နိုင်ခြင်းအတွက် သူမ သူ့ကို အပြစ်တင်သွားခြင်းက ပိုကောင်းပေလိမ့်မည်။

ယခုအချိန်တွင် လို့ရှီးယန်က သူမကို ကူညီရန် ရှေ့မတိုးဝံ့တော့ဘဲ အမှန်တကယ် နှုတ်ဆက်လိုက်သည်။

"စောစောအိပ်ရာဝင်ပါ။ မနက်ဖြန်အိပ်ရာကနေ ထတဲ့အခါ မင်း ငါ့ကို မလိုအပ်တော့ဘူးဆိုတာ မင်း သိလာလိမ့်မယ်"

လို့ရှီးယန်က ကြမ်းပြင်ပေါ်ရှိ ရှောင်လျန်ကို ထပ်ညွှန်ကြားလိုက်သည်။

"မင်းသမီးကို ဂရုစိုက်လိုက်"

သူမရဲ့ရင်ခွင်ထဲက မင်းသမီးလေးက မငိုတော့ဘူး၊ ဒါပေမယ့် အေးစက်နေတဲ့ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်နေပြီး မျက်လုံးတွေက ကြောက်စရာကောင်းလောက်အောင် ဗလာကျင်းနေတယ်။

မင်းသမီးလေးက ဝန်ကြီးချုပ်အတွက် ဘယ်လောက်လုပ်ပေးခဲ့တာလဲဆိုတာ သူမ ကောင်းကောင်းသိတာပေါ့။ သူက သူမကို စကားတစ်ခွန်းပြောတာ ဒါမှမဟုတ် သူ့ဆီက ပြုံးပြရုံနဲ့  မင်းသမီးလေးက ရက်အတော်ကြာ ပျော်ရွှင်နေနိုင်တယ်။ သူ့အတွက်ဆိုရင် မင်းသမီးက သူမလက်ချောင်းလေးတွေမှာ အရည်ကြည်ဖုတွေ ဖုံးတဲ့အထိ ဗျပ်စောင်းတီးတာကို လေ့ကျင့်နိုင်ပြီး လက်ရေးလှလည်း လေ့ကျင့်နိုင်တယ်။ သူမ လက်ထဲမှာ ဘာကိုမှ မကိုင်နိုင်တဲ့အထိ လေ့ကျင့်ခဲ့ပေမယ့် ဒီနေ့မှာတော့ သူက မင်းသမီးလေးကို ဒီလို နာကျင်စေခဲ့တယ်!

ရှောင်လျန်က လို့ရှီးယန် ထွက်ခွာသွားသည့် လမ်းကြောင်းကို စူးစူးရဲရဲ စိုက်ကြည့်နေရင်း သူမမျက်လုံးထဲတွင် မကောင်းဆိုးဝါး အရိပ်အယောင်များ ပြည့်နှက်နေသည်။

ဒီလူက သွေးအေးပြီး ရက်စက်ကြမ်းကြုတ်တယ်။ သူက မင်းသမီးလေးနဲ့ လုံးဝ မထိုက်တန်ဘူး။ သူက သေသင့်တဲ့လူပဲ။

 ......။......။.....

“နင် ဘာလို့ ငိုင်နေတာလဲ? တစ်ခုခုဖြစ်နေလို့လား?"

ကုယွင်က တစ်နေ့လုံး စိတ်ရှုပ်နေသော ကျွော့ချင်းကို စိတ်ပူစွာ လှမ်းကြည့်နေသည်။ ယနေ့နံနက် အစောပိုင်းတွင် ကျွော့ချင်းက သူမကို ဖိတ်ခေါ်ရန် တစ်စုံတစ်ဦးကို စစ်သူကြီးအိမ်တော်သို့ စေလွှတ်ခဲ့ပြီး ထိုစာရွက်နှင့်ပတ်သတ်သောအကြောင်းကို ပြောပြခဲ့သည်။ သူမတို့ သဲလွန်စရှာရန် ထွက်လာခဲ့သည်မှာ နေ့တစ်ဝက်လောက် ရှိနေပြီ ဖြစ်သော်လည်း ကျွော့ချင်းက တလျှောက်လုံး စိတ်လွတ်နေပုံရသည်။

ချင်းကို ဒီလိုမျိုး လုံးလုံးလျားလျား တွေးနေစေခဲ့တာက ဘာဖြစ်နိုင်မလဲ??? 

ကျွော့ချင်းက ဘာမှ မဖြစ်သလို ပြန်ဖြေလာခဲ့သည်။

"ယန်းရူရွှယ်က ဒီ‌နေ့ မနက်အစောကြီး နန်းတော်ကို ပြန်သွားပြီ"

"အာ?"

ကုယွင်က ခဏလောက် အံ့အားသင့်နေပြီးမှ အပြုံးဖြင့် စနောက်လိုက်သည်။

"သူ(မ) မနေ့က လာပြီး ဒီနေ့ ပြန်ထွက်သွားပြီလား?! နင့်ရဲ့ နည်းစနစ်တွေက အဆင့်မြင့်လွန်းတယ်"

ကျွော့ချင်းက ဟာသလုပ်ရန် စိတ်မ၀င်စားဘဲ ပြန်ရှင်းပြလိုက်သည်။

"အဲဒါက ငါ မဟုတ်ဘူး၊ လို့ရှီးယန်ပဲ၊ မနေ့ညက သူ အဲ့အခန်းကို သွားခဲ့တယ်။ သူတို့ ဘာတွေပြောခဲ့ကြလဲတော့ ငါလည်း မသိဘူး၊ ဒါပေမယ့် ယန်းရူရွှယ်က ဒီမနက်အစောကြီး နန်းတော်ကို ပြန်သွားတယ်"

သူမက မနေ့က လို့ရှီးယန်ကို လက်ထပ်မယ်လို့ ကတိပြုခဲ့ပြီး ဒီမနက်တော့ အစောကြီး ရုတ်တရက် ပြန်ထွက်သွားခဲ့တယ်။ ဒါကိုမှ သူမ စိတ်ရှုပ်ရင် ဘာကိုသွားစိတ်ရှုပ်ရမှာလဲ? ရှီးယန်က သူမကို ဘာတွေပြောခဲ့တာလဲ?

ကုယွင်ထံတွင် သူမထက် ရိုးရှင်းသော အတွေးအမြင် ရှိနေပြီး အပြုံးလေးဖြင့် နှစ်သိမ့်ပေးလာခဲ့သည်။

"လို့ရှီးယန်က သူ(မ)နဲ့ စကားပြောခဲ့တာ ဖြစ်နိုင်တယ်၊ အဲ့တာကြောင့် သူမ နားလည်သွားပြီး ဒီအတိုင်း ထွက်သွားတာ ဖြစ်မှာပေါ့"

သူက သူမကို စိတ်မဝင်စားတာကို သိသွားလို့ ထွက်သွားတာက ပုံမှန်ပါပဲ။ အမှန်တော့၊ ဘယ်သူကမှ ဒီလိုမသက်ဆိုင်တဲ့လူတစ်ယာက် မဖြစ်ချင်ဘူးလေ။

"ပြဿနာက သူ(မ)က အဲ့လိုမျိုး လွယ်လွယ်ကူကူ ရှင်းထုတ်နိုင်တဲ့လူတစ်ယောက်လို့ ငါ မထင်ဘူး"

ကျွော့ချင်းက ယန်းရူရွှယ် နားလည်ပြီး ထွက်သွားသည်ဟု လုံးဝ မယုံနိုင်ပေ။

ယွင်က ယန်းရူရွှယ်ရဲ့တွေးခေါ်မှုပုံစံကို နားမလည်တာကြောင့် အခုလို တွေးနေခဲ့တာပါ။ မနေ့တုန်းက သူမ ယန်းရူရွှယ်နဲ့ စကားပြောနေချိန်မှာ ယန်းရူရွှယ်က ရှီးယန်ကို ချစ်နေပြီး လက်မလျှော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း နားလည်ခဲ့တယ်။ ဒါပေမယ့် သူမက အခု ချက်ချင်းထွက်သွားတယ်ပေါ့၊ ဘာတွေ ဖြစ်နေတာတုန်း?? တစ်ယောက်ယောက်က ပြောပြပေးနိုင်မလား??

ကုယွင်က ကျွော့ချင်း၏ပခုံးကို ပွတ်သပ်ပေးလိုက်ပြီး သူမ ဘာကိုမှ မစိုးရိမ်စေချင်ပုံဖြင့် ပြောလာပြန်သည်။

"ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူ(မ) ထွက်သွားပြီလေ၊ ကျန်တာတွေကို ဖြေရှင်းဖို့ လို့ရှီးယန် ရှိနေတာပဲ၊ မေ့လိုက်တော့"

ကျွော့ချင်းက သူမ၏မျက်လုံးများကို မှိတ်ချလိုက်သည်။ သူမနှင့် ကုယွင်တို့ စိတ်ခံစားမှုဆိုင်ရာ ကိစ္စရပ်များကို ဘယ်တော့မှ မဆွေးနွေးနိုင်ကြောင်း အဖြေတစ်ခု ထွက်ပေါ်လာသည်။

ကုယွင် ရုတ်တရက် ရပ်သွားသောကြောင့် ကျွော့ချင်းလည်း အလျင်အမြန် ရပ်တန့်လိုက်ရသည်။ သူမ မော့ကြည့်လိုက်ချိန်တွင် မျက်လုံးထဲ၌ စွဲမက်ဖွယ် အက္ခရာငါးလုံး(鎮國將軍府)ပါသော ကြေးဝါတံခါးကို တွေ့လိုက်ရသည်။

"တိုင်းပြည်ကိုကာကွယ်ပေးသော စစ်သေနာပတိချုပ်အိမ်တော်"

အနီရောင်တောက်တောက်နှင့် သန်မာသော စာလုံးများပါဝင်နေသော တံခါး၏ကမ္ပည်းပြားတစ်ခုကပင် လူများကို တုန်လှုပ်စေနိုင်သည်။ အိမ်ရှေ့တံခါးကို ကြက်သွေးရောင်သစ်သားဖြင့် ပြုလုပ်ထားပြီး အတိတ်နမိတ်ကောင်းစေသော တိရစ္ဆာန်နှစ်ကောင်၏ပုံကို သာလွန်ကောင်းမွန်သော မှင်ဖြင့် ရေးထိုးထားကာ ထွင်းထုမှုက အလွန်သိမ်မွေ့ပြီး အထူးကောင်းမွန်နေသည်။ အထူးသဖြင့် မျက်လုံးနှစ်စုံတွင် အဖိုးတန်ကျောက်မျက်ရတနာများကို မြှုပ်နှံထားပြီး လူအများကို စူးစူးရဲရဲ စိုက်ကြည့်နေသည်ဟု ထင်ရစေသည်။

လှံရှည်များကို ကိုင်ဆောင်ထားသော စစ်သည်ရှစ်ဦးက တံခါးတစ်ဖက်စီတွင် ခွဲရပ်နေပြီး စစ်သည်များ၏ ထူးခြားသော အသွင်အပြင်နှင့် စိတ်နေစိတ်ထားက သာမန်အစိုးရအရာရှိများ ယှဉ်နိုင်သော အရာမဟုတ်ပေ။ သူတို့၏တောင့်တင်းခိုင်မာသော ပုံစံနှင့် တင်းမာနေသော မျက်နှာထားများကြောင့် တံခါးကို ဒီတိုင်းဖွင့်ထားလျှင်ပင် မည်သူမျှ ရှောင်တခင် ဝင်လာရဲမည် မဟုတ်ချေ။

ကျွော့ချင်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်ပြန်သည်။

"ဒီမှာ ရှိမယ်ဆိုတာ သေချာလား?"

"ငါတို့ သူ့အိမ်နဲ့ သူ မကြာခဏ သွားတတ်တဲ့နေရာတွေကို စုံစမ်းစစ်ဆေးပြီးပြီ၊ ဒီနေရာက ရန်လွီ အလုပ်လုပ်တဲ့နေရာ၊ အဲဒါကို ဒီမှာ စမ်းဆေးကြည့်တာ အကောင်းဆုံးပဲ"

အဲဒီစာရွက်ပေါ်က စကားလုံးတွေက အထင်ရှားဆုံး အဓိပ္ပာယ်ဖြစ်တယ်ဆိုရင်၊ ပထမဆုံး သူမတို့ တွေးမိခဲ့တာက လမ်းညွှန်မြေပုံပါပဲ။

ကျွော့ချင်းက ပခုံးတွန့်ကာ အပြုံးလေးဖြင့် သဘောတူလိုက်သည်။

"ကောင်းပြီလေ"

သူမ ဝန်ကြီးချုပ်အိမ်တော်ကို မြင်ဖူးပြီးပြီဆိုတော့ အခု စစ်သူကြီးချုပ်အိမ်တော်က ဘယ်လိုပုံစံလဲဆိုတာကို ကြည့်ချင်နေပြီ။

စုလင်း‌ရော ဒီမှာ ရှိနေလားလို့တောင် တွေးနေမိသေးတယ်။

အခန်း ၇၉ စစ်သူကြီးချုပ်အိမ်တော်

ကျွော့ချင်းက ကုယွင်၏နောက်မှ လိုက်ပါလာပြီး နှစ်ယောက်သား စစ်သူကြီးအိမ်တော်ထဲသို့ ၀င်လိုက်ချိန်တွင် မူလက လှံများကို ရှေ့သို့ ထုတ်ထားသော စစ်သည်နှစ်တန်းက လှံများကို ဆုတ်ခွာကာ ဘေးနားတွင် ရပ်နေရင်း အလေးအနက် အော်ဟစ် အရိုအသေပေး လိုက်ကြသည်။

“သခင်မ”

ကျွော့ချင်းတစ်ယောက် လန့်သွားပြီး လဲကျလုနီးပါးဖြစ်သွားကာ ဘာမှ မကြားချင်ယောင်ဆောင်နေသည့် သူမဘေးနားမှ အမျိုးသမီးလေးကို ငုံ့ကြည့်ကာ အပြုံးလေးဖြင့် ပြန်မေးလိုက်သည်။

"သခင်မတဲ့လား?"

သူမက စစ်သူကြီးအိမ်တော်မှာနေ နေရတဲ့ ယွင့်ရဲ့အခြေအနေကို စိုးရိမ်နေခဲ့တာလေ။ တကယ်က သူမမှာ စိုးရိမ်နေဖို့တောင် အရည်အချင်း မရှိဘူး။ တကယ်က ဒီနေရာမှာ ယွင့်ရဲ့ အဆင့်အတန်းက နိမ့်ကျမနေဘူး။ တံခါးစောင့်တပ်သားတွေကတောင် သူမကို “သခင်မ”လို့ ခေါ်နေကြပြီ။ ဒါမှမဟုတ် စုလင်းရဲ့ ညွှန်ကြားချက်ကြောင့်လား? သူမ ပွဲကောင်းလေး တစ်ခုလောက်များလွဲချော်သွားပြီလား?!

ကုယွင်က နှစ်ကြိမ်လောက် ချောင်းဟန့်လိုက်ပြီး မကျေမလည်ဖြစ်နေသည့်ပုံစံဖြင့် တုံ့ပြန်လာသည်။

"စစ်သူကြီးချုပ်အိမ်တော်မှာ သခင်မ မရှိဘူးဆိုတာ နင် မသိဘူးလား၊ သူတို့က အခြေအမြစ်မရှိတဲ့ စကားတွေ လျောက်ပြောနေတာ"

 လျောက်ပြောနေတာလား?! အခု စစ်သူကြီးအိမ်တော်မှာ မိန်းမ မရှိဘူးလို့ ဆိုလိုတာလား?? အဲ့ဒါကြောင့် သူမကို သခင်မလို့ ခေါ်နေတယ်လို့ ဆိုလိုတာလား?? စစ်သူကြီးအိမ်တော်မှာ သခင်မ ဖြစ်ဖို့က မလွယ်ကူဘူးဆိုတာ အသိသာကြီးပါနော်...

ကျွော့ချင်းက သူမ၏မျက်လုံးများကို မှေးကျဥ်းလိုက်သည်။

သူမ ဒီခန္ဓာကိုယ်ထဲကို ကူးပြောင်းလာမိလို့ သူမရဲ့ IQက သူမရဲ့ရင်ဘတ်အရွယ်အစားနဲ့ ပြောင်းပြန်အချိုးကျသွားပြီလား?

ကျွော့ချင်းက သူမ၏ လှောင်ပြောင်မှုကို ရှင်းရှင်းလင်းလင်း ပြသလိုက်ပြီး ကုယွင်က သူမကို မမြင်ချင်ယောင်ဆောင်နေသောကြောင့် ကျွော့ချင်းက သူမ မေးခွန်းထုတ်နေခြင်းမှ ရပ်တန့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမ အိမ်တော်ထဲသို့ ရောက်လျှင် ပေါ့ပေါ့ဆဆ ခေါ်ဆိုနေခြင်း ဟုတ် မဟုတ် သိလာလိမ့်မည်ပင်။

“စလိုက်ကြရအောင်”

သူမတို့နှစ်ယောက်က ပင်မဝင်ပေါက်၌ ရပ်လိုက်ကြပြီး စာရွက်တစ်ရွက်ကို ထုတ်ယူကာ စာရွက်ထဲမှ ဖော်ပြထားသည့် လမ်းကြောင်းအတိုင်း မျက်နှာမူရင်း လျှောက်လှမ်းလိုက်ကြသည်။ ထောင့်အနည်းငယ်လောက် ချိုးကွေ့ လမ်းလျှောက်ပြီးနောက် သူမတို့နှစ်ယောက်စလုံး ယုံကြည်မှုပိုရှိလာသည်။ လမ်းညွှန်ချက်များက စစ်သူကြီးအိမ်တော်တွင် အမှန်တကယ် ရှိနေပုံရပြီး ယခင်လမ်းဆုံကဲ့သို့ပင် ညာဘက်ကွေ့ရန် လမ်းတစ်ခုသာ ရှိတော့သည်။ မျှော်လင့်ထားသည့်အတိုင်း စာရွက်က မှန်နေပြီး ဤအချိန်တွင် သူမတို့က လမ်းကြောင်းမှန်ကို လျောက်နေကြသည်။ (ပြောချင်တာက အရှေ့ လို့ ရေးထားရင် အရှေ့မှာ လမ်းရှိနေပြီး ညာလို့ရေးထားရင် ညာဘက်ကိုကွေ့ဖို့ လမ်းရှိနေတယ်လို့ပြောချင်တာပါ၊ အဲ့တာကို ကြည့်လိုက်ရင် ဒီနေရာ သေချာတယ်ပေါ့)

အိမ်တော်ကို ကင်းလှည့်နေသည့် နောက်ထပ် စစ်သည်နှစ်ယောက်က သူမတို့ဆီသို့ လျောက်လာကြပြီး ကုယွင်ကို တွေ့လိုက်သည်နှင့် ချက်ချင်း လေးလေးစားစား အော်ဟစ် အရိုအသေပေးလိုက်ကြသည်။

"သခင်မ"

ကုယွင်က အနည်းငယ် ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။

ဒါက ဘယ်အဖွဲ့လဲ??

ကျွော့ချင်းက ကုယွင်၏ပခုံးကို ဖွဖွလေးဖိလိုက်ကာ နောက်ပြောင်ချင်နေသော အပြုံးဖြင့် ပြောလိုက်ပြန်သည်။

"နင် ဒီကို ရောက်လာတာ မဆိုးပါဘူး"

စစ်သူကြီးအိမ်တော်က အစောင့်အကြပ် အလွန်တင်းကျပ်ပြီး ကျွော့ချင်းက သူတို့ကဲ့သို့ လူများကို တစ်ခါမှ မမြင်ဖူးသောကြောင့် ချီးမွမ်းနေမိသည်။

ဝန်ကြီးချုပ်အိမ်တော်မှာ ဒီလို ကင်းလှည့်နေတာကို သူမ တစ်ခါမှ မတွေ့ဖူးဘူးလေ။

ကုယွင်က ထောက်ခံသည့်အနေဖြင့် သူမ၏လက်သီးများကို ခါယမ်းရင်း ရှင်းပြလိုက်သည်။

"ငါက အဆင်ပြေတယ်လေ၊ ဒီလိုအင်အားသုံးရတဲ့ နေရာနဲ့ လိုက်လျောညီထွေဖြစ်အောင် လိုက်ဖို့က ငါ့အတွက် လွယ်ကူလွန်းတယ်"

ကျွော့ချင်းက သူမ၏မျက်နှာမှ မောက်မာမှုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး အံ့ဩတကြီး ‌ရေရွတ်လိုက်သည်။

"အဲ့လိုလား..."

သို့သော် ထင်းချောင်းထက်ပင် သေးသွယ်သည့် ကုယွင်၏လက်မောင်းများကို တစ်ချက်ကြည့်လိုက်ပြီး သူမ အရပ်ရှည်ပြီး သန်မာသောလူတစ်စုနှင့် တိုက်ခိုက်နေမည့်ပုံစံကို တွေးကြည့်မိချိန်တွင်တော့ ကျွော့ချင်းတစ်ယောက် မရယ်ဘဲ မနေနိုင်တော့ပေ။

မိုးနတ်မင်းရေ... အဲ့ဒါက ဟာသတစ်ခုပဲ! ဟားးးး .... ဟားးးး

ကုယွင်က သည်းမခံနိုင်တော့ဘဲ ခြေလှမ်းအနည်းငယ် ထပ်လှမ်းကာ ဤဥာဏ်ရည်ဥာဏ်သွေး ပျက်ပြားသွားသော အမျိုးသမီးနှင့် အတူ မနေရန် ဆုံးဖြတ်လိုက်သည်။

သူမတို့နှစ်ယောက် ထိုလမ်းအတိုင်း အချိန်အတော်ကြာ လျှောက်နေမိကြပြီး စစ်သူကြီးအိမ်တော်ကို လှည့်ပတ်နေမိကြသည်။ ကျွော့ချင်းက သက်ပြင်းချကာ ညည်းညူလိုက်ပြန်သည်။

"စစ်သူကြီးချုပ်အိမ်တော်က တော်တော်ကြီးတာပဲ"

စစ်သူကြီးချုပ်အိမ်တော်ကို ဘာလို့ ဒီလောက်ကြီးအောင် ဆောက်ထားတာလဲဆိုတာကို သူမ လုံးဝ နားမလည်နိုင်တော့ဘူး။

များလိုက်တဲ့ အကွေ့အကောက်တွေ၊ ပထမဆုံးအကြိမ် ဝင်ရောက်လာတဲ့သူတွေဆိုရင်တော့ လမ်းပျောက်သွားဖို့ သေချာနေပြီ။ ဘာလို့ လုံခြုံရေးကို ဒီလောက်တောင် မြှင့်တင်ထားရတာလဲ?!

"အင်း"

နောက်ထပ် ပြနေသည့် လမ်းညွှန်ချက်ကို ငုံ့ကြည့်ရင်း ကုယွင်က မျက်မှောင်ကြုတ်ကာ ထပ်ပြောလိုက်သည်။

"ငါတို့ ဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်နေမယ်ဆိုရင် အ‌ရှေ့နားဆိုရင် လေ့ကျင့်ရေးကွင်းကို ရောက်သွားလိမ့်မယ်" 

ဒါက ဘယ်လို အမူအရာမျိုးလဲ???

ကျွော့ချင်းက စပ်စုချင်နေတဲ့ အပြုံးဖြင့် မေးလိုက်ပြန်သည်။

"အဲဒီနေရာက ဘယ်မှာလဲ? နင့်မျက်နှာကို ဘာက တွန့်သွားစေတာလဲ"

ကုယွင်က သူမပခုံးကို တွန့်ရင်း ခပ်ပေါ့ပေါ့ တုံ့ပြန်လာသည်။

"အချိန်ကျရင် နင်ကိုယ်တိုင် မြင်ရလိမ့်မယ်"

ကုယွင်က ဘယ်ဘက်သို့ လှည့်သွားပြီး တံခါးငယ်တစ်ခုကို တွန်းဖွင့်လိုက်ရာ မြင်ကွင်းကျယ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ သို့သော် သူမရှေ့မှ မြင်ကွင်းက ကျွော့ချင်း၏မျက်လုံးများကို အမှတ်တမဲ့ သေချာဖွင့်ထားစေခဲ့သည်။ .

"မိုးနတ်မင်းရေ...ဒါက.... အရမ်းကို... သေလောက်အောင် မိုက်တယ်ဟ..."

မနီးမဝေးတွင် ဘောလုံးကွင်း လေးငါးကွင်းခန့် ကျယ်ဝန်းသည့် ကြီးမားကျယ်ပြန့်သော နေရာတစ်ခု ရှိနေပြီး လူများပြည့်ကျပ်နေသော်လည်း အလွန်သပ်ရပ်စွာ စီတန်းနေကြသည်။ အနည်းဆုံး လူနှစ်ထောင်ကျော် ရှိနိုင်ပြီး ထိုအရာက အဓိကအချက် မဟုတ်ပေ။

ဟိုးအဝေးကြီးက အပေါ်ပိုင်းအဝတ်မတတ်ထားတဲ့ လူတွေရဲ့မြင်ကွင်းကြီးက အဖြူပန်းခင်းကြီးလိုပါပဲ၊ မဟုတ်သေးဘူးဟ! တစ်နှစ်ပတ်လုံး နေလောင်ထားတာဆိုတော့ ကြေးနီရောင်ပေါ့...

သူမ အဝတ်မဝတ်ထားတဲ့ ‌‌‌ယောကျ်ားတွေကို တစ်ခါမှ မမြင်ဖူးတာတော့ မဟုတ်ပါဘူး၊ ပြောချင်တာက ဒီလို ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းမျိုးကိုပဲ တစ်ခါမှ မတွေ့ဖူးတာပါ၊ နေက အရမ်းပြင်းနေပြီး ဒီလိုမျိုး နေနဲ့ထိတွေ့နေရတာက သူတို့ကို စိတ်မသက်မသာ မဖြစ်စေဘူးလား?!

ကျွော့ချင်းက ကျင့်သားရနေပုံရသည့် ကုယွင်ကို ကြည့်ကာ ‌မေးလိုက်ပြန်သည်။

"သူတို့က စစ်ရေးလေ့ကျင့်နေတာလား၊ သူတို့က ဘာလို့ စစ်ရေးလေ့ကျင့်ဖို့ စစ်စခန်းကို သွားမနေရတာလဲ? ဘယ်သူက အိမ်တော်မှာ စစ်ရေးလေ့ကျင့်လို့လဲ?”

"ဒါတွေက စစ်သူကြီးစုရဲ့ လက်ရွေးစင် စစ်သည်တွေ၊ လေ့ကျင့်ရေးကွင်းက ရှေ့တန်းအတွက် စုလင်းရဲ့ လျှို့ဝှက်လေ့ကျင့်မှုနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ဗျူဟာတွေကို သုတေသနလုပ်ဖို့ပဲ၊ စစ်ရေးလေ့ကျင့်မှု အောင်မြင်ရင် စစ်သားတွေကို လေ့ကျင့်ဖို့ တပ်စခန်းကို ခေါ်သွားတယ်"

အစကတော့ သူမလည်း နားမလည်ခဲ့ဘူး။ စုယွိ ရှင်းပြပြီးနောက်မှာသာ စုလင်းရဲ့ရည်ရွယ်ချက်ကို နားလည်လာခဲ့တာ။

ကျွော့ချင်းက ရှင်းရှင်းလင်းလင်း နားလည်သွားပြီး ခေါင်းညိတ်ပြလိုက်ကာ "ဗိုလ်ချုပ်အိမ်တော်မှာ မိန်းမတွေ မရှိတာ အံ့သြစရာတော့ မရှိပါဘူး။ အဲ့တာကြောင့် စုလင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်ရဲ့ စစ်သေနာပတိချုပ်ဖြစ်လာနိုင်တာပေါ့၊ သူ့မှာ နည်းလမ်းတွေ တကယ်ရှိတယ်"

ဒီအိမ်တော်ထဲမှာ ဒီလိုလူတွေနဲ့ဆိုရင် မိန်းမတွေ မရှိတာ ပိုကောင်းတယ်!

"နင် သူ့ရဲ့အသွင်အပြင်ကို သဘောကျနေတာလား"

ချင်းက စုလင်းနဲ့ အကြိမ်အနည်းငယ်သာ တွေ့ဖူးပေမယ့် သူ့ကို အရမ်းချီးကျူးနေတယ်။ သူမကတော့ အဲ့ဒိရေခဲတုံးလူသားနဲ့ ပတ်သက်ပြီး ဘာကောင်းတာမှ ရှာမတွေ့နေဘူး!

ကျွော့ချင်းက ရက်ရောစွာ ပြန်ပြောလိုက်သည်။

"ငါ သူ့အပေါ် အထင်ကြီးနေတာကို ဝန်ခံတယ်၊ နောက်ပြီး သူက နင်နဲ့ အရမ်း လိုက်ဖက်တယ်လို့ ငါ ထင်တယ်။ နင် စဉ်းစားကြည့်၊ နင်လည်း တခြားသူတွေရဲ့ ကိုယ်လုပ်တော် မလုပ်နိုင်တာ သေချာတယ်။ ဇနီးမယား မရှိသေးတဲ့ သူလို ထူးချွန်တဲ့သူက အများကြီးရှိတာ မဟုတ်ဘူး”

နောက်တစ်ခါ ထပ်ပြောပြန်ပြီ! !

ကုယွင်က အေးစက်စွာ နှာမှုတ်လိုက်ပြီးမှ ပြန်မေးလိုက်သည်။

"နင် ဒီလောက် နုံအတာကို ငါ တစ်ခါမှ သတိမထားမိခဲ့ဘူး၊ အခုမှ ပို ပိုဆိုးလာတာလား?"

ကျွော့ချင်းက သူမ၏ ရင်ဘတ်ပေါ်သို့ လက်နှစ်ဖက်ကို အုပ်ကာ မသိမသာ ပြုံးနေရင်း ပြန်ဖြေလိုက်သည်။

"ငါလည်း ဘာမှ မတတ်နိုင်ဘူးလေ၊ ငါက အိမ်ထောင်သည် မိန်းခလေး ဖြစ်တော့မှာ၊ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို ငါ အာမမခံနိုင်ဘူး"

ချင်းနဲ့ အဲ့လိုအာဟာရ မဖြစ်စေတဲ့ အရာတွေ ဆက်ဆွေးနွေးနေရင် သူမ ရူးနေလို့ပဲ။

ကုယွင်က သူမလက်ထဲမှ မြေပုံကို ငုံ့ကြည့်ရင်း စကားလမ်းကြောင်းကို တိုက်ရိုက် ပြောင်းပစ်လိုက်သည်။

"ဝင်ကြရအောင်၊ ငါတို့ နေရာ မှားမသွားဘူးဆိုရင် ငါတို့ ရှာနေတဲ့အရာက အထဲမှာ ရှိသင့်တယ်"

ကျွော့ချင်းက သူမ၏မျက်လုံးများကို မှေးကျဥ်းပြီး လှမ်းကြည့်လိုက်ရာ အရပ်မြင့်မြင့် ယောက်ျားလေးတစ်ယောက် သူမတို့ဆီကို ဦးတည်ပြီး အလျင်အမြန် ပြေးလာနေသည်ကို သူမ တွေ့လိုက်ရသည်။ သိပ်မကြာခင်မှာပင် ကျွော့ချင်းက သူ ဘယ်သူမှန်း သိသွားပြီး ခပ်ဖျော့ဖျော့အပြုံးဖြင့် မှတ်ချက်ချလိုက်သည်။

"ဒီကြက်ကလေးက စစ်သူကြီးပုံစံနဲ့ဆိုရင် ကြည့်ကောင်းမယ်လို့ ငါ မထင်ခဲ့မိဘူး။ သူ့ရုပ်ရည်က တကယ်ကို အံ့သြစရာပဲ!”

သူ့မှာ မျက်လုံးတွေကို ဖမ်းစားနိုင်တဲ့ သန်မာတဲ့ ကြွက်သားတွေနဲ့ နက်မှောင်တဲ့ အသားအရည်ရှိတယ်။

ကုယွင်ကလည်း ခေါင်းကို မော့ကြည့်လိုက်ပြီး စုယွိ သူမတို့ ရှေ့ကို အပြေးရောက်လာသည်ကို တွေ့လိုက်ရသည်။

"ဘာလို့ ဒီကို ရောက်နေတာလဲ၊ မိန်းမတွေကို လေ့ကျင့်ရေးကွင်းထဲ ၀င်ခွင့်မပေးဘူး၊ မြန်မြန်ထွက်သွား!!"

(T/N: ဒီနားကနေစပြီး E-tran မှာ မပါလာဘူး၊ raw ကနေ ဘာသာပြန်ထားတာမို့ အမှားလေးတွေကို ခွင့်လွှတ်ပေးကြပါဦး)

ဒါက တကယ်ကို အဓိပ္ပာယ်မရှိဘူး၊ သူ ဒီလိုပြောတာ ဘယ်နှစ်ခါရှိပြီမှန်းတောင် မသိတော့ဘူး။

ကုယွင်က စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ဘယ်သူက နင့်ကို ကြည့်နေလို့လဲ? ငါ ဝင်သွားပြီး တစ်ခုခု ရှာချင်လို့"

စုယွိက သူမတို့ သွားရာလမ်းကို ပိတ်ဆို့ရန် သူ့လက်ကို ဆန့်တန်းလိုက်သည်။

"မင်း ဘာကို ရှာနေတာလဲ၊ ငါ မင်းအတွက် ရှာပေးမယ်"

ဒီနေ့ သူတို့လုပ်နေတာက အပူဒဏ်ခံနိုင်ဖို့ လေ့ကျင့်နေတာပါ။ အထဲက ယောက်ျားတွေက ဘာအဝတ်အစားမှ မဝတ်ထားဘူး။ ဒီကောင်မလေးနှစ်ယောက်က ဘာလာလုပ်တာတုန်း။

စုယွိ စိတ်ပူနေသော ပြဿနာက ကုယွင်နှင့် ကျွော့ချင်း၏အသိစိတ်တွင် ပြဿနာ မဟုတ်ပေ။ သူက လက်မလျှော့သောကြောင့် ကုယွင်က နည်းနည်း စိတ်မရှည်တော့ဘဲ အော်ဟစ်လိုက်သည်။

"နင် နားမလည်ဘူး၊ ထွက်သွား၊ မဟုတ်ရင် ငါ လုပ်မိတော့မယ်!"

နေရောင်ကြောင့် စိတ်တိုနေသည့် စုယွိကလည်း သည်းခံနိုင်ခြင်း မရှိပေ။

"လုပ်လိုက်လေ၊ ဘယ်သူမှ မင်းကို မကြောက်ဘူး!"

သူမက သူမကိုယ်သူမ အဲ့လောက် အစွမ်းထက်နေတယ်လို့ အမြဲထင်မနေသင့်ဘူး။ သူမက သူ့ကို အခု ကောင်းကောင်း ဆက်ဆံနေပေမယ့် စကားပြောနေရင်းနဲ့ သူတို့ နှစ်ယောက် တကယ်ရန်ဖြစ်နိုင်ကြတယ်။

စုယွိက တည့်တည့် ထိုးလိုက်သော်လည်း ကုယွင်က အလွယ်တကူ ရှောင်လိုက်ပြီး အနည်းငယ် သွက်သွက်လေး ပြန်လှည့်လိုက်သည်။ စုယွိက အရပ်ရှည်သော်လည်း ကုယွင်က သူ၏ လက်သီးနှင့် ကန်ချက်များကို တိုက်ရိုက်ရင်ဆိုင်ရန် မလုပ်ဆောင်ဘဲ သွက်သွက်လက်လက် ရှောင်ရှားနေခဲ့သည်။ ကုယွင်က တိုက်ခိုက်မှု၏လေးပုံတစ်ပုံကိုသာ အနီးကပ် ခုခံကာကွယ်နေခဲ့ပြီး စုယွိကလည်း သူ့၏ ထိုးနှက်ချက်တိုင်းတွင် သူ့၏ ခွန်အားအားလုံးကို အသုံးပြုထားခဲ့သည်။ ခဏအကြာတွင် ထိုးချက်များ၏အရှိန်က သိသာထင်ရှားစွာ နှေးကွေးလာသည်။ ကုယွင်က သူ့လက်ကောက်ဝတ်ကို သူမ၏လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး သူ့ရင်ဘတ်ကို လှမ်းထိုးလိုက်သည်။ စုယွိက နာကျင်မှုကို ခံစားလိုက်ရသောကြောင့် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။ သို့သော် သူက လက်မလျှော့ဘဲ ပိုပိုပြီး တိုးလာပြန်သည်။ သူက ကုယွင်ဆီသို့ ပြေးသွားပြီး သူ့၏ အထူးလှုပ်ရှားမှုများ တစ်ခုကို အသုံးပြုလိုက်သည်။

လက်ဝှေ့ထိုးဟန်က အလွန်လျင်မြန်စွာ ပြောင်းလဲသွားပြီး လက်သီးချက်တိုင်းက အလွန်အစွမ်းထက်နေသည်။ ကုယွင်က ချက်ချင်း နောက်ပြန်ဆုတ်ကာ ရှောင်ရန် ကြိုးစားသော်လည်း သူမမျက်လုံးထောင့်တွင် ကျွော့ချင်းက သူမနှင့် မနီးမဝေး၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ ရှောင်ထွက်သွားပြီး စုယွိက အချိန်မီ မရပ်တန့်နိုင်လျှင် ကျွော့ချင်းအနေဖြင့် ထိုလက်သီးချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူမ တွေးရန် အချိန်မရှိတော့သောကြောင့် ကုယွင်က ထိုလက်သီးချက်ကို ခုခံရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ သူမ တုန့်ပြန်ခါနီးတွင် လက်တံရှည်ကြီးတစ်ခုက ရုတ်တရက် ဝင်ရောက်စွက်ဖက်လာပြီး စုယွိကို ခွဲထုတ်လိုက်ကာ အနည်းငယ် ဒေါသထွက်နေသည့် အသံတစ်သံလည်း ရုတ်တရက် ထွက်ပေါ်လာသည်။

"တတိယညီလေး၊ မင်း ပြသနာရှာနေပြန်ပြီလား???"

"ငါ..."

သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရသောကြောင့် စုယွိ ဒေါသထွက်နေသေးသော်လည်း ယခုန သူ အမှန်တကယ် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့မှန်း သူ နားလည်သွားသည်။

ထိုလူက ကုယွင်ကို ပြန်လှည့်ကြည့်ကာ ယဉ်ယဥ်းကျေးကျေး ပြုံးပြလိုက်သည်။

"မရီး၊ မရီးက ဘာရှာနေတာလဲ?"

ကျွော့ချင်း၏ မျက်လုံးများက တောက်ပလာသည်။

ဒီလူကို ဘယ်လို ပြောရမလဲ? ပြောစရာ မလိုအောင် ချောမောလွန်းတယ်၊ စုမိသားစုထဲက လူတိုင်းက ရုပ်ရည်ချောမောပြီး လူတွေကို အထင်ကြီးစေတယ်။ ဟုတ်တယ်၊ သူကျတော့ နူးညံ့သိမ်မွေ့ပြီး စာပေပညာရှင်ပုံစံ ပေါက်နေတယ်၊။ နဖူးပေါ်က ချွေးပါးလွှာတွေ ထွက်နေတဲ့ စုယွိနဲ့ ယှဉ်ရင် သူ့ဆီမှာ ပိုလန်းဆန်းပြီး ကြည်နူးစရာကောင်းတဲ့ စိတ်ထားမျိုး ရှိတာ သိသာနေတယ်။

သူ့ကို မြင်လိုက်ချိန်တွင် ကုယွင်၏ လေသံကလည်း သိသိသာသာ ပြန်ကောင်းလာပြီး သူ့မေးခွန်းကို ပြန်ဖြေပေးလိုက်သည်။

"အခု ပြောဖို့ အဆင်မပြေသေးဘူး။ ကိစ္စတစ်ခုအတွက် အရေးကြီးတဲ့ သဲလွန်စတွေကို ရှာနေတာ၊ အဲ့ဒါက ကိုယ်ခံပညာ လေ့ကျင့်ရေးကွင်းမှာ ဖြစ်နိုင်တယ်"

ထိုလူက နူးညံ့စွာ ပြုံးလိုက်ပြီးမှ ကုယွင်ကို တောင်းဆိုလိုက်သည်။

"ကောင်းပြီလေ၊ ခဏတော့ စောင့်ပေးပါဦး"

စကားပြောပြီးနောက် ထိုအမျိုးသားက ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းဘက်သို့ လျောက်လှမ်းသွားကာ အမိန့်ပေးလိုက်သည်။

"ဒီနေ့ လေ့ကျင့်ရေးက ဒီလောက်ပဲ၊ လူစု ခွဲလို့ ရပြီ"

လူထောင်ပေါင်းများစွာက ကျယ်လောင်စွာ တုံ့ပြန်လိုက်ကြသည်။

“ဟုတ်ကဲ့”

အသံက ကျယ်လောင်လွန်းသဖြင့် ကျွော့ချင်းပင် နောက်ပြန်ဆုတ်မိသွားသည်။ ထို့နောက် လူထောင်ပေါင်းများစွာက အုပ်စုလိုက် စုရုံးကာ အရပ်လေးမျက်နှာဆီသို့ လျင်မြန်စွာ ပြေးသွားကြသည်။ ခဏအကြာတွင် မူလက လူများပြည့်နေသော ကိုယ်ခံပညာ လေ့ကျင့်ရေးကွင်းက အလွတ်ကြီးဖြစ်သွားသည်။ ကျွော့ချင်းက တိတ်တဆိတ် သက်ပြင်းချရင်း အမှန်ပင် စစ်စည်းကမ်း တင်းကြပ်သော စစ်သည်များ ဖြစ်သည်ဟု တွေးနေမိသည်။ သူမက မနေနိုင်ဘဲ ကုယွင်၏နားသို့ တိုးကပ်ကာ အသံတိုးတိုးဖြင့် မေးလိုက်ပြန်သည်။

"သူက ဘယ်သူလဲ"

ကုယွင်က သူမ၏အသံကို မလျှော့ဘဲ ပုံမှန်အတိုင်း ပြန်ပြောလာသည်။

"စစ်သူကြီးအိမ်တော်ရဲ့ ဒုတိယသခင်လေး”

"ဒီလူက ကြက်ကလေးထက် ဆက်ဆံရ ပိုခက်ခဲမယ့်ပုံပဲ"

သူပုံစံက ပညာရှင်တစ်ယောက်လို့ ထင်ရစေပေမယ့် စစ်တပ်မှာ သူ့ဂုဏ်သိက္ခာက မနိမ့်ကျမှန်း သိသာတယ်။ သူက ထိန်းထိန်းသိမ်းသိမ်း နေတတ်ပုံရပြီး အန္တရာယ်ကင်းပုံရပေမယ့် အဲ့လိုလူမျိုးက ဆက်ဆံရ ပိုခက်ခဲတယ်။

ကုယွင်က သူမကို မျက်လုံးပြူးဖြင့် ကြည့်ကာ ချီးကျူးလိုက်သည်။

"ကောင်းလိုက်တဲ့ မျက်လုံး"

စုရန်က သူမတို့ဆီ လှမ်းလာပြီး ဖိတ်ခေါ်လိုက်သည်။

"မရီး၊ ကျေးဇူးပြုပြီး ကြွပါ"

ဘာပဲဖြစ်ဖြစ်၊ သူက လူတွေကို ပြန်လွှတ်ပေးထားသောကြောင့် ယခုတစ်ကြိမ်တွင် စိတ်ပျက်စရာများ မဖြစ်စေရန် မျှော်လင့်ပြီး ဂရုတစိုက် ရှာဖွေရမည်ပင်။

သူမတို့က စာရွက်ကို ကိုင်ထားပြီး စာရွက်ပေါ်မှ ဦးတည်ချက်နှင့် အကွာအဝေးကို လိုက်နာကာ ကိုယ်ခံပညာလေ့ကျင့်ရေးကွင်း၏ ဘယ်ဘက်မှ ညာဘက်သို့ လျှောက်သွားပြီးနောက် ညာဘက်မှ အနောက်ဘက်သို့ လျှောက်ရပြန်ကြသည်။ စုယွိက သူမတို့ ရှာနေသည့်အရာကို သိချင်နေပြီး သူမတို့နောက်မှ လိုက်ပါလာခဲ့သည်။ သို့သော် ခဏလောက် လမ်းလျှောက်ပြီးနောက် သူ သည်းမခံနိုင်တော့ပေ။

"မင်းတို့ ဘာတွေ ‌ကွေ့ပတ်နေတာလဲ? နောက်မှာ တောတွေ တောင်တွေဘဲ ရှိတော့တယ်"

လမ်းညွှန်ချက်က အနည်းငယ်သာ ကျန်ရှိတော့သောကြောင့် ကုယွင်နှင့် ကျွော့ချင်းတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အဆုံးထိ သွားကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

လူအုပ်စုက ကိုယ်ခံပညာလေ့ကျင့်ရေးကွင်း ပတ်ပတ်လည်တွင် လမ်းလျှောက်နေကြပြီး တောအုပ်ထဲသို့ ရောက်သွားကြသည်။ ခဏကြာမျှ လမ်းလျှောက်လာပြီးနောက် နောက်ဆုံးတွင် သစ်ပင်ကြီးတစ်ပင်ရှေ့တွင် ရပ်သွားကြသည်။

ကျွော့ချင်းက သူမ၏မျက်နှာမှ ချွေးများကို သုတ်နေရင်း ကောက်ချက်ချလိုက်သည်။

"ဒီမှာ ရှိနိုင်တယ်"

ရန်လွီက ဒီစာကို ရေးထားချန်ထားခဲ့တာ အံ့သြစရာပဲ။ သစ်ပင်တွေ အများကြီးရှိတာကြောင့် ရှာရခက်နေတာကို သူက ဘာလို့ လှည့်ပတ်ပြီး လျောက်ရေးထားတာလဲ? အကြာကြီး ရှာစေချင်လို့လား?

ကျွော့ချင်းက သစ်ပင်၏ပင်စည်ကို မှီကာ အနားယူနေချိန်တွင် ကုယွင်က ငုတ်တုတ်ထိုင်ချလိုက်ပြီး အချိန်အတော်ကြာအောင် ကြည့်နေခဲ့သည်။ သို့သော်လည်း ထူးထူးခြားခြားဟူ၍ မည်သည့်အရာမှ မတွေ့ရသေးပေ။ ထို့ကြောင့် ရန်လွီက ထိုအရာ မြှုပ်နှံထားသည်မှာ ကြာမြင့်နေပြီဟု ခန့်မှန်းရသည်။ သူမက မြေပြင်မှ သင့်လျော်သော ကျောက်တုံးအချို့ကို ကောက်ယူပြီး သူမအနားရှိ ယောကျာ်းနှစ်ယောက်ထံ ပစ်ချပေးလိုက်သည်။

သူမ ဘာမှ မပြောရင်တောင် သူတို့ သိသင့်တယ်လေ။

ယောကျာ်းနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ငုံချလိုက်ပြီး သစ်ပင်တစ်ဝိုက် တူးကြတော့သည်။

ကျွော့ချင်းကတော့ ရယ်မောနေလေသည်။ ကုယွင်က နာမည်ကျော်စစ်သူကြီး နှစ်ယောက်ကို မြေပြင်ပေါ် ထိုင်ပြီး တစ်ခုခုတူးရန် သတ္တိရှိရှိ အကူအညီ တောင်းဝံ့သော တစ်ဦးတည်းသောသူ ဖြစ်ပေသည်။

ခဏအကြာတွင် စုယွိက ပထမဆုံး သတိပြုမိသွားပြီး အော်ပြောလိုက်သည်။

"တကယ် တစ်ခုခုရှိနေတယ်"

အကုန်လုံးက စုဝေးရောက်လာပြီး တစ်ပေအောက် နက်သော တွင်းထဲတွင် မြှုပ်ထားသည့် သစ်သားသေတ္တာကို တွေ့လိုက်ကြရသည်။ သေတ္တာ၏မျက်နှာပြင်က မြေဆီလွှာနှင့် ရေများ၏ တိုက်စားမှုကြောင့် အနည်းငယ် ဆွေးမြေ့ပျက်ဆီးနေပြီး သော့ခတ်ထားခြင်း မရှိပေ။ ကုယွင်က သစ်သားသေတ္တာကို ညင်သာစွာ ကောက်ယူပြီး ဖွင့်ကြည့်လိုက်ရာ အဝါရောင်စက္ကူတစ်ရွက်ကို တွေ့လိုက်ရသည်။ ၎င်းမှာ နားမလည်နိုင်သော နောက်ထပ်တစ်စုံတရာတော့ မဟုတ်ခဲ့ပေ။

ကုယွင်က စာရွက်ကို ဖွဖွလေး ကိုင်ထားသည်။ ကျန်လူများက ရှေ့သို့ လှမ်းလာပြီး စာရွက်ပေါ်တွင် ရေးထားသည့်စာကို ဖတ်လိုက်ကြသည်။ ထို့နောက် ခဏတာမျှ ငြိမ်သက်သွားကြသည်။

“ဒီကိစ္စကို စောစောဖြေရှင်းလိုက်တာ ပိုကောင်းလိမ့်မယ်”

****

စစ်သူကြီးချုပ်အိမ်တော်၏ ပင်မခန်းမတွင်...

ရှန်ယုလန်က သူ့လက်ထဲမှ စာရွက်ကို စိုက်ကြည့်နေသည်။ ရန်လွီက ရွှေအမှုကို သူ သိထားသည့် အသေးစိတ်အချက်များအတိုင်း မှတ်တမ်းတင်ထားခဲ့ပြီး နောက်ကွယ်မှ လူက ထိုစဥ်က တရားရေးဝန်ကြီးဖြစ်ခဲ့သည့် ဖျင်ရန် ဖြစ်သည်။ သူ အနောက်မြောက်ဘက်မှ သူခိုးများနှင့် ပတ်သက်နေသည်မှာ ကြာနေပြီဖြစ်ကာ ပြစ်မှုကျူးလွန်သည့်နည်းလမ်းက ချင်းမော့ မှန်းဆထားသည့်အတိုင်း အတိအကျဖြစ်သည်။

သူတို့က ချွီဇဲ့ကို အရင်ဆုံး သတိမေ့အောင်လုပ်ပြီးနောက် ရွှေများကို ဖုံးဖိနိုင်မည့် သဲနှင့် ကျောက်တုံးများကို ဂူထဲသို့ သယ်ယူခဲ့ကြခြင်း ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့ကို ရေထဲသို့ လောင်းထည့်ခဲ့ကြသည်။ စုံစမ်းမှုပြီးသွားချိန်တွင် မြေအောက်မြစ်အတွင်းမှ ရွှေများကို အသုတ်လိုက် ပြန်သယ်ထုတ်ကာ အနောက်မြောက်ဘက်သို့ ယူဆောင်သွားပြီး သူခိုးများကြားတွင် ဖွက်ထားခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့တွင် ရှန်ယုလန်က ဧကရာဇ်မင်းထံသို့ ရွှေအမှုကို တိုင်ကြားခဲ့ပြီး အမှုတွင် ပါဝင်ပတ်သက်နိုင်သည့် လူအများအပြားကို ပြန်စစ်ဆေးခဲ့သည်။ ဖျင်ရန် ပါဝင်ပတ်သတ်ခဲ့သော်လည်း လွန်ခဲ့သည့် သုံးနှစ်က သူ့၏တရားမျှတမှု၊ ကျော်ကြားမှုနှင့် သမာဓိရှိမှုတို့ကြောင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှာမတွေ့ခဲ့ပေ။

ရှန်ယုလန် သံသယများ ရှိနေခဲ့သည်ကတော့ အသေအချာပင်။

ကုယွင်က စပြောလိုက်သည်။

"ရန်လွီက ကွယ်လွန်သွားပြီ။ ဒီအထောက်အထားက ဖျင်ရန်ကို ဖမ်းဖို့ ခိုင်လုံတဲ့သက်သေအဖြစ် အသုံးမချနိုင်ပေမယ့် ပစ်မှတ်ကို ဖော်ထုတ်ဖို့တော့ ကူညီပေးခဲ့တယ်"

သဲလွန်စ မရှိတာထက်စာရင် သူ့အပြစ်ကို သက်သေပြဖို့ အထောက်အထားရှာရတာက ပိုကောင်းတာပေါ့။

သူမ ပြောနေသည့်စကားများက ယုတ္တိရှိနေသောကြောင့် ရှန်ယုလန်က မျက်မှောင်ကြုတ်လိုက်ကာ ပြန်ပြောလိုက်သည်။

"ဖျင်ရန်က အခု တတိယအဆင့်အရာရှိ ဖြစ်နေပြီ၊ ခိုင်လုံတဲ့ အထောက်အထား မရှိရင် သူ့ကို စစ်ဆေးမေးမြန်းဖို့အတွက် ဧကရာဇ်မင်းမြတ်ရဲ့ ခွင့်ပြုချက်လိုတယ်၊ ငါ ဧကရာဇ်မင်းကို တွေ့ဖို့ ချက်ချင်း နန်းတော်ကို သွားမယ်"

ခြေလှမ်းနှစ်လှမ်းလောက် လှမ်းအပြီးတွင် ရှန်ယုလန်က မဝံ့မရဲ ရပ်သွားပြန်သည်။ ဘေးနားတွင် ငြိမ်သက်စွာ ထိုင်နေသော စုရန်က နားလည်ဟန်ဖြင့် ပြုံးကာ သူ့ကို လှမ်းပြောလိုက်သည်။

"စိတ်မပူပါနဲ့ လူကြီးမင်းရန်၊ ဖျင်အိမ်တော်အပြင်ဘက်မှာ တိတ်တဆိတ် စောင့်ခိုင်းဖို့ ငါ စီစဉ်ထားပြီးပါပြီ။ ဖျင်ရန်က ထွက်ပြေးဖို့ အခွင့်အလမ်း မရှိတော့ပါဘူး"

ရှန်ယုလန်က အနည်းငယ် ထိတ်လန့်သွားသည်။

သူ ဘာမှ မပြောရသေးပေမယ့် စုရန်က သူ့ရဲ့စိုးရိမ်မှုတွေကို သိထားပြီးပြီ။ မျှော်လင့်ထားတဲ့အတိုင်း စုမိသားစုက လူတိုင်းက မရိုးရှင်းကြဘူး။

“အစီရင်ခံပါတယ်!”

စုယွိက တံခါးနှင့် အနီးဆုံးခုံတွင် ထိုင်နေသောကြောင့် အပြင်သို့ ပြန်လှမ်းမေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

စစ်သည်တစ်ဦးက တံခါးအပြင်ဘက်မှ ကျယ်လောင်စွာ ပြန်ဖြေလာသည်။

"ဖျင်အိမ်တော်မှာ ထူးဆန်းတဲ့ အရာတစ်ခု ဖြစ်ပွားခဲ့ပါတယ်၊ စုံစမ်းစစ်ဆေးမှုတွေအရ ဖျင်ရန်က အဆိပ်သောက်ပြီး သတ်သေသွားခဲ့ပါတယ်"

"သတ်သေတာလား"

အခန်းထဲမှ လူအားလုံးနီးပါး အံ့သြသွားကြရသည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

ကျွော့ချင်းက သူမဘာသာ တိုးတိုးလေး ရေရွက်လိုက်သည်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?? ဒါမှမဟုတ် ဖျင်ရန်က ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုး လုံးဝ မရှိခဲ့ဘူးလား?? သူက နောက်ကွယ်က လူတစ်ယောက် မဟုတ်ဘဲ သူက ဟန်ပြသက်သက်ပဲလား???

အားလုံးတွေးနေကြဆဲမှာပင် ကုယွင်က သက်ပြင်းချရင်း သုံးသပ်ပြလာပြန်သည်။

"ရှန်လူကြီးမင်း၊ ဧကရာဇ်မင်းကို ရွှေအမှုကို သတင်းပို့ဖို့ နန်းတော်ကို သွားရမယ်မလား? အခု သေဆုံးသွားတဲ့သူက တတိယအဆင့်အရာရှိဆိုတော့ ငါတို့က ဖျင်ရန်ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးဖို့ ဖျင်အိမ်တော်ကို သွားကြမယ်"

"အင်း"

****

စစ်သူကြီးအိမ်တော်၏ တူညီသော ခန်းမတွင်...

ခြားနားချက်မှာ ယခုတစ်ကြိမ်တွင် စုယွိက သူ့ရှေ့မှ တော်ဝင်အမိန့်တော်ကို စိုက်ကြည့်နေကာ သည်းညူနေလေသည်။

"ကောင်းချီးမင်္ဂလာပွဲမပြီးခင် ရွှေတွေ အကုန်ပြန်ယူရမှာလား?! အခု အခမ်းအနားစဖို့ နှစ်လပဲ လိုတော့တယ်၊ မြို့တော်ကနေ အနောက်မြောက်ဘက်ကို အပြန်ပြန် အလှန်လှန် သွားဖို့ ရက်၂၀ ကျော်ကြာမယ်၊ ဘုရင်မင်းမြတ်က ငါတို့ကို အနောက်မြောက်က ပုန်ကန်သူတွေကို တစ်လအတွင်း ကိုင်တွယ်စေချင်နေတာလား၊ ဒါက မဖြစ်နိုင်ဘူး”

ရှန်ယုလန်က နန်းတော်သို့ အစီရင်ခံရန် သွားခဲ့သော်လည်း သူ ပြန်လာသောအချိန်တွင် စစ်သူကြီးအိမ်တော်အတွက် နန်းတော်မှ အမိန့်တော်ကို ရရှိလာခဲ့သည်။ စုယွိက သူ့လက်ထဲမှ တောက်ပနေသည့် အဝါရောင် ပိုးထည်စကို စိုက်ကြည့်ရင်း သူ့မကျေနပ်မှုကို လျှို့ဝှက်မထားနိုင်ဘဲ ဖွင့်ဟပြောဆိုနေခြင်း ဖြစ်သည်။

"ဒီအချိန်မှာ ခရီးထွက်ဖို့က အရမ်းအရေးကြီးတယ်။ အဲဒီလိုမှ မဟုတ်ရင် ဧကရာဇ်က စုမိသားစုစစ်တပ်ကို အသုံးပြုမှာ မဟုတ်ဘူး။ ဧကရာဇ်က စစ်သူကြီးစုလင်းကို စစ်သူကြီးအဖြစ် ခန့်အပ်လိုက်တယ်"

ရှန်ယုလန်ထံတွင်လည်း အပြစ်မရှိပေ။ သူက အမှုကို အစီရင်ခံရန် နန်းတော်သို့ သွားခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင် စစ်သူကြီးကျန်းရှီ ဟု ဘွဲ့အပ်နှင်းခံထားရသည့် လို့မူဟိုင်က အနောက်မြောက် သူပုန်များ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း လက်နက်များ အကြီးအကျယ် ဝယ်ယူစုဆောင်းနေကြောင်း ဧကရာဇ်မင်းမြတ်ထံကို သတင်းပို့ခဲ့သည်။

အနောက်မြောက်သူပုန်များက ဘဏ္ဍာတိုက်မှ ရွှေများကို အနောက်မြောက်ဘက်သို့ အမှန်တကယ် သယ်ယူသွားကြောင်းနှင့် သူတို့က သူတို့၏အင်အားကို ချဲ့ထွင်ရန်အတွက် ဘဏ္ဍာတိုက်မှ ရွှေများကို အမှန်တကယ်အသုံးပြုနေခဲ့ပြီး လက်နက်များဝယ်နေကြောင်း သိရှိပြီးသည်နှင့် ဧကရာဇ်မင်းမြတ်က ဒေါသထွက်ကာ စုမိသားစုစစ်တပ်ကို ချက်ချင်းသွားနှိမ်နင်းရန် အမိန့်ပေးခဲ့သည်။ ရှန်ယုလန်လည်း ဓားပြများကို နှိမ်နှင်းရန် အမိန့်တော်ကို ပြန်ယူလာရုံမှတပါး ဘာမှ မတတ်နိုင်ခဲ့ပေ။

"စကားမစပ် စုလင်းက ဘယ်မှာလဲ"

ကျွော့ချင်းက မေးလိုက်ပြန်သည်။

သူမ ဒီနေရာကို ရောက်နေတာ ကြာပြီ၊ စုလင်းရဲ့အရိပ်ကိုတောင် မမြင်ရသေးဘူး။

စုယွိက ခေါင်းကို ခါယမ်းရင်း ရှင်းပြလာသည်။

“အစ်ကိုကြီးက သောက်ဖို့ ထွက်သွားတာ။ ဘာမှမဖြစ်ရင် သုံးလကနေ ငါးလအတွင်း ပြန်လာလေ့မရှိဘူး”

ဓားပြတွေကို နှိမ်နှင်းတဲ့ ကိစ္စသေးသေးလေးမှာတောင် အစ်ကိုအကြီးဆုံးကို သွားခိုင်းဖို့ လိုတယ်လား??? ဧကရာဇ်က ဘာတွေ တွေးနေတာလဲ??

တော်ဝင်အမိန့်စာတွင် စုလင်းကို စစ်သူကြီးအဖြစ် ခန့်အပ်သည်ဟု ဖော်ပြထားပြီး သူကိုယ်တိုင် မသွားလျှင် အာဏာဖီဆန်မှု ဖြစ်သွားပေလိမ့်မည်။

ရှန်ယုလန်က သူတို့ကို သတိပေးရန် ပြင်လိုက်သော်လည်း စုရန်က အရင် ပြောလာခဲ့သည်။

"ကိစ္စမရှိပါဘူး၊ မနက်ဖြန်ကျရင် အနောက်မြောက်ဘက်ကို ထိပ်တန်းစစ်သည် ၃သောင်း ပို့ဆောင်လိုက်မယ်။ ငါ အစ်ကိုကြီးကို အနောက်မြောက်ကို တိုက်ရိုက်လာပြီး ဖေးချန်မှာ တွေ့ဆုံဖို့ သတင်းပို့ခိုင်းလိုက်မယ်။ အဲ့တာဆိုရင် တော်ဝင်အမိန့်တော်ကို ချိုးဖောက်တယ်လို့ မယူဆနိုင်တော့ဘူး”

ရှန်ယုလန်က အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

တကယ်တော့ သူ့ရဲ့စိုးရိမ်ပူပန်မှုတွေက အခြေအမြစ် မရှိဘူး။ သူမှာ စုမိသားစုကို ပူပင်ပေးနိုင်တဲ့ အရည်အချင်း မရှိဘူးလေ။

"‌ရွှေကိစ္စ ဒီလိုနဲ့ ပြီးသွားတော့မှာလား?"

ကျွော့ချင်းက ပိုပြီး စိုးရိမ်နေမိသည်။

ဒီနေ့ သူမ အလောင်းကို သွားစစ်ဆေးခဲ့ပြီး တွေးစရာတွေက များပြားလွန်းနေတယ်။ သေဆုံးသူက သူ့ကိုယ်သူ သတ်သေသွားပေမယ့် ဘာကြောင့် ဒီလိုအချိန်မှာမှ သတ်သေ သွားရတာလဲ? သူ့ကို တစ်ယောက်ယောက်က သတင်းပေးခဲ့တာလား???

ရှန်ယုလန်၏တည်ငြိမ်သော မျက်နှာကလည်း ကူကယ်ရာမဲ့ ပုံပေါက်နေသည်။

"ဖျင်ရန်က သေသွားပြီ၊ ဒါပေမယ့် သူက ရွှေအမှုကို အကုန်အစင် ရှင်းပြပြီး အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သက်သေစာတစ်စောင် ချန်ထားခဲ့သေးတယ်။ ရွှေတွေက ဘယ်မှာလဲ ဆိုတာကိုလည်း သိသွားပြီ။ ဒီမှာပဲ အဆုံးသတ်ရတော့မယ်”

လက်ရှိတွင် ဧကရာဇ်မင်းမြတ်က ရွှေများကို ပြန်ရနိုင်ရန်နှင့် သူပုန်များကို ချေမှုန်းနိုင်ရန်သာ စိုးရိမ်မှုအရှိဆုံးဖြစ်နေသည်။

ကျွော့ချင်းက ကုယွင်ကို ကြည့်လိုက်သည်။ ကုယွင်က ဤကိစ္စတွင် လက်မလွှတ်နိုင်လောက်ဘူးဟု သူမ ထင်နေခဲ့သော်လည်း အထင်နှင့် အမြင်လွဲသွားရပြန်သည်။

"အထောက်အထားနဲ့ သဲလွန်စတွေ အားလုံးက အစပြတ်သွားပြီ၊ လက်ရှိ အထောက်အထားတွေက ပြည့်စုံတဲ့ သက်သေကွင်းဆက်တစ်ခု ဖြစ်နေတယ်။ ဒီအမှုက ဒီလိုမျိုးပဲ ဖြစ်နိုင်တော့မယ်”

သူမက အပေါ်ယံမှာ အရာအားလုံး ပြီးပြည့်စုံတယ်လို့ ထင်ရတဲ့ မရေမတွက်နိုင်တဲ့ အမှုအခင်းတွေကို ကြုံတွေ့ခဲ့ရပေမယ့် တကယ်တော့ ဒါမျိုးတွေက သံသယဖြစ်ဖို့အကောင်းဆုံးပဲ။ အခုလဲ အဲ့လို့ပါပဲ။ ဒါပေမယ့် အားလုံးက ခုလိုပဲ လက်လျော့ရတာပဲ။ အမှုအခင်းဆိုတာမျိုးက သက်သေအထောက်အထားတွေ အပေါ်မှာပဲ အခြေခံဖြေရှင်းရတာလေ။

စုံစမ်းစစ်ဆေးရန် ကိစ္စများစွာရှိနေသေးသောကြောင့် ရှန်ယုလန်က သူ့လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်သည်။

"နှုတ်ဆက်ပါတယ်"

ကျွော့ချင်းကလည်း သူမ၏ခါးကို ဆန့်ကာ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ ရွှေကိစ္စစုံစမ်းရန် ကုယွင်နောက်ကို လိုက်နေရသောကြောင့် သူမ အမှန်တကယ် ပင်ပန်းနေပြီ ဖြစ်သည်။ ကျွော့ချင်းက သူမ ပြန်တော့မည်ဟု ကုယွင်ကို ပြောခါနီးတွင် ကုယွင်က စုရန်ကို ရုတ်တရက် လှမ်းမေးလိုက်သည်။

"မနက်ဖြန် ထွက်ခွာမှာလား"

စုရန်က ခေတ္တရပ်လိုက်ပြီး သူမကို ချက်ချင်း ပြန်မဖြေပေ။ သူမ၏မေးခွန်းကို ကြားလိုက်သည့် စုယွိကတော့ စိုးရိမ်တကြီး ဝင်မေးလိုက်သည်။

"မင်းလည်း သွားချင်လို့လား?"

"ဟုတ်တယ်"

ကုယွင်က ရက်ရောစွာ ခေါင်းညိတ်ပြလိုက်သည်။

စုယွိက ချက်ချင်း ငြင်းဆန်လိုက်သည်။

"မရဘူး!"

ကုယွင်က သူ့ကို အေးစက်စက် ကြည့်ရင်း ပြန်မေးလိုက်သည်။

"နင်က ငါ့ကို တားနိုင်မယ် ထင်နေလား"

သူမ စစ်သူကြီးအိမ်တော်ရဲ့အနေအထားနဲ့ ကင်းလှည့်အစီအစဥ်တွေ အားလုံးကို စစ်ဆေးပြီးသွားပြီ။ ပြီးတော့ ဒီအချိန်မှာ စုရန်က အိမ်တော်ထဲမှာ ရှိနေမှာ မဟုတ်ဘူး၊ ဒါကြောင့် သူမ ထွက်သွားချင်ရင် သူမကို ဘယ်သူက တားနိုင်မှာလဲ?

စုယွိ ဝန်မခံချင်သော်လည်း သူမကို ထောင်ချောက်ဆင်ရန် မဖြစ်နိုင်မှန်း သူ့စိတ်ထဲမှ သေချာ သိနေသောကြောင့် ဆင်ခြေရှာလိုက်သည်။

"စစ်တပ်မှာ မိန်းမတွေ မရှိဘူး!"

ကုယွင်က ပခုံးတွန့်ရင်း ခပ်အေး‌အေး ပြန်ပြောလိုက်သည်။

"ဒါဆို ငါ စစ်စခန်းထဲကို မ၀င်ဘူး"

သူမ ဖေးချန်ကို သွားရတဲ့ ရည်ရွယ်ချက်က ရွှေကိစ္စ ပြီးသွားတော့ သူမ စစ်သူကြီးအိမ်တော်မှာ နေရတာ ငြီးငွေ့လာလို့လေ။ သူမလည်း အပြင်ထွက်ဖို့ အခွင့်အရေးတစ်ခုလောက် လိုချင်တာပေါ့။ ပြီးတော့ စုလင်းနဲ့ ပိုနီးစပ်လာရင် ပါကွာ့စက်ဝိုင်းက ဘယ်မှာလဲဆိုတာ ရှာကြည့်လို့ရနိုင်တယ်လေ။

"ချီတက်တာနဲ့ တိုက်ခိုက်တာက အရမ်းအန္တရာယ်များတယ်၊ အပျော်ခရီးထွက်တာ မဟုတ်ဘူး!"

သူမက ကိုယ်ခံပညာကို တတ်မြောက်ထားတဲ့ အမျိုးသမီးတစ်ဦး ဖြစ်နေတာနဲ့ အမြဲတမ်း အပျော်ဆော့ကစားချင်နေတာလား?

"ငါက ပျော်ဖို့ သွားမယ်လို့ နင့်ကို ပြောနေလို့လား?"

ကစားဖို့က သူမရဲ့အရေးကြီးဆုံး ရည်ရွယ်ချက်တွေထဲက တစ်ခုဆိုပေမယ့်ပေါ့လေ။

"မင်း!"

စုယွိတစ်ယောက် ဒေါသထွက်သွားရပြန်သည်။

"မရီး သွားမယ် ဆိုရင် မနက်ဖြန် စစ်တပ်နဲ့ အတူသွားရအောင်။ တစ်ယောက်တည်း သွားရင် အဆင်မပြေဘူး"

သူမရဲ့ ပင်ကိုယ်စရိုက်ကြောင့် သူမကို တစ်ယောက်တည်း လွှတ်လိုက်ဖို့က မဖြစ်နိုင်ပါဘူး။ ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာတစ်ခုအတွင်းမှာ ထားပြီး လုပ်ချင်တာ လုပ်ခွင့်ပေးလိုက်တာက ပိုလုံခြုံနိုင်လိမ့်မယ်။ .

ဖေးချန်ကို ရောက်တဲ့အထိ သူ သူမကို တာဝန်ယူလိုက်မယ်။ အဲ့ကို ရောက်သွားရင်တော့ သူမရဲ့ လုံခြုံရေးကို ဂရုစိုက်ဖို့က အစ်ကိုကြီးရဲ့တာဝန်ပဲ။

"ဒုတိယအစ်ကို!"

စုယွိက သူ့၏ဒုတိယအစ်ကိုကို စိုက်ကြည့်နေပြန်သည်။

"ကောင်းပြီလေ"

ကုယွင်က ကျေကျေနပ်နပ် လက်ခံလိုက်သည်။

ထိုကိစ္စ နိဂုံးချုပ်သွားသောကြောင့် စုယွိက စိတ်ကို ဒုံးဒုံးချကာ ထပ်ပြောလိုက်သည်။

"ဒါဆို ငါလည်း လိုက်မယ်!"

စုရန်က သူ့ပခုံးကို အသာအယာပုတ်လိုက် အပြုံးဖြင့် ထပ်ပြောလိုက်ပြန်သည်။

"ကောင်းချီးမင်္ဂလာပွဲက လာတော့မယ်၊ မင်း မနေခဲ့ရင် ဗိုလ်ချုပ်အိမ်တော်က သခင် မရှိဘဲ ဖြစ်နေလိမ့်မယ်!"

စုရန်၏အကြောင်းပြချက်က မှန်ကန်နေသောကြောင့် စုယွိလည်း ဘာမှ မပြောနိုင်တော့ဘဲ မကျေမနပ်ဖြင့် ဒေါသတကြီး ထွက်ခွာသွားတော့သည်။

စုရန်၏မျက်လုံးများထဲတွင် ထူးဆန်းသော အကြည့်တစ်ခု တောက်ပနေလေသည်။

သူရဲ့တတိယညီနဲ့ ချင်းမော့က နောက်ထပ် ရန်ထပ် မဖြစ်တော့ဘူးပေါ့။

"နင် တကယ် သွားမှာလား?"

ဓားပြများကို နှိမ်နှင်းခြင်းက ရာဇ၀တ်မှုများကို ဖြေရှင်းခြင်းထက် ပိုပြီးအန္တရာယ်ကြီးသည်ဟု ထင်နေသော ကျွော့ချင်းက ကုယွင်အတွက် အလွန်စိုးရိမ်နေမိသည်။

ကုယွင်က ခိုင်မာစွာ ခေါင်းညိတ်ပြလာခဲ့သည်။ သူမ၏ လက်ရှိ ကာယကြံ့ခိုင်မှုနှင့် ခန္ဓာကိုယ် ပေါင်းစပ်မှုက အခြေခံအားဖြင့် သူမ၏မူလအခြေအနေသို့ ပြန်ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် သူမက ပရော်ဖက်ရှင်နယ် SWAT လေ့ကျင့်မှု၊ အကြမ်းဖက်မှု ဆန့်ကျင်ရေး လေ့ကျင့်မှုတို့ကို ရရှိထားပြီး မရေမတွက်နိုင်သော စစ်မှန်သော တိုက်ပွဲများတွင် ပါဝင်ခဲ့သည်။ အတိအကျ ပြောရလျှင် ထိုအရာက အန္တရာယ်ရှိသည်ဟု ဆိုနိုင်သော်လည်း သူမအတွက်တော့ သူမကို ဆွဲဆောင်နိုင်သည့် အသစ်အဆန်းသာ ဖြစ်သည်။ ကုယွင်က ကျွော့ချင်း စိတ်မပူစေရန် ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။

"နင် စိတ်မပူပါနဲ့၊ အချိန်တန်ရင် နင်ရဲ့မင်္ဂလာသေရည်ကို သောက်ဖို့ ငါ ပြန်လာမှာပါ"

ကျွော့ချင်းက သူမကို မျက်စောင်း ထိုးလိုက်သည်။

တော်ပါပြီ၊ မေ့လိုက်တော့... ယွင်က အမြဲတမ်း သူမ တက်နိုင်တဲ့ အတိုင်းအတာတစ်ခုအတွင်းမှာပဲ လှုပ်ရှားတတ်တယ်။

"နင် ကြိုက်တာ နင်လုပ်တော့ ငါ ပြန်တော့​မယ်​"

ကုယွင်က ကောင်းကင်ကို မော့ကြည့်ပြီး ပြောလာပြန်သည်။

"ငါ နင့်ကို လိုက်ပို့ပေးမယ်"

"မပို့နဲ့တော့၊ အခု အရမ်း နောက်ကျနေပြီ၊ နင်က မနက်ဖြန် ခရီးဝေးသွားရမှာ၊ စောစောအိပ်"

ငါက သုံးနှစ်အရွယ် ကလေး မဟုတ်ဘူးလေ။

"လာကြစမ်း" စုရန်က တံခါးအပြင်ဘက်မှ စစ်သည်များကို ကျယ်ကျယ်လောင်လောင် လှမ်းခေါ်ကာ အမိန့်ပေးလိုက်သည်။

"ဝန်ကြီးချုပ်ရဲ့ဇနီးကို ဝန်ကြီးချုပ်အိမ်တော်ဆီ ပြန်ပို့ပေးလိုက်ကြ"

ဒီနေ့ ဒီမိန်းခလေး တစ်ခုခုဖြစ်သွားခဲ့ရင် လို့ရှီးယန်က သူတို့ကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး။

"ဟုတ်ကဲ့"

အရပ်ရှည်ရှည် စစ်သည်နှစ်ယောက်က တံခါးအပြင်ဘက်၌ အဆင်သင့် စောင့်နေကြသည်။

ကျွော့ချင်းက ငြင်းမနေတော့ဘဲ ပြုံးလိုက်ကာ ကုယွင်၏လက်မောင်းကို ပုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး သတိပေးလိုက်သည်။

"ဂရုစိုက်"

ကုယွင်က ခေါင်းပြန်ညိတ်ပြလာသည်။

"ကောင်းပြီ"

ကျွော့ချင်းက အခြားဘာမှမပြောတော့ဘဲ စစ်သူကြီးအိမ်တော်မှ ထွက်ခွာသွားသည်။

စုရန်က သူမတို့၏ ဆက်ဆံရေးကို စောင့်ကြည့်နေခဲ့သည်။ သူမတို့က ညီအစ်မများနှင့် လုံးဝ တူနေခြင်း မရှိဘဲ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုရှိရှိဖြင့် အရာရာတိုင်းကို ပြောဆိုနိုင်သော သူငယ်ချင်းများနှင့် ပိုတူနေလေသည်။

လက ရေကဲ့သို့ အေးမြပြီး ကြယ်များက နှင်းများကဲ့သို့ ဖြူဖွေးနေကာ လရောင်က ပြတင်းပေါက်စာရွက်မှတဆင့် လှပသော ခုတင်ကြီးထဲသို့ လင်းလက်နေပြီး ဖယောင်းတိုင်မီး မရှိသော အမှောင်ထဲတွင် လင်းထိန်နေပုံရသည်။ ပြတင်းပေါက်အပြင်ဘက်ရှိ ကမ္ဘာကြီးက အေးစက်တိတ်ဆိတ်နေသော်လည်း အိမ်အတွင်း၌ ခြားနားသော မြင်ကွင်းတစ်ခု ရှိနေသည်။ မရေမတွက်နိုင်သော တီးတိုးသံများက အခန်း၏ ကျက်သရေကို သယ်ဆောင်လာပေးသကဲ့သို့ ဖြစ်နေသည်။

ခုတင်ပေါ်၌ အမျိုးသားက အမျိုးသမီး၏ နူးညံ့သိမ်မွေ့လှပသော မျက်နှာကို ပွတ်သပ်ကာ လေးလေးနက်နက် အသံဖြင့် တိုးတိုးလေး ချီးမွမ်းလိုက်သည်။

“မင်းက အရမ်းလှတာပဲ”

အမျိုးသမီးက ကျေကျေနပ်နပ် ပြုံးနေပြီး အမျိုးသားက အမျိုးသမီး၏မေးစေ့ကို ညင်ညင်သာသာ ကိုက်ကာ တိုးတိုးလေး မေးနေလေသည်။

“မင်း ကိုယ့်ကို ချစ်လား”

“ချစ်တယ်”

အမျိုးသမီးက မဆိုင်းမတွ ပြန်ဖြေပြီးမှ ရှက်သွားပုံဖြင့် ခေါင်းငုံ့လိုက်သည်။

သွယ်လျသောလက်ဖြူဖြူတစ်ဖက်က အမျိုးသမီး၏ဘယ်ဘက်ရင်အုံကို လှမ်းထိလိုက်သည်။ အမျိုးသမီးက အနည်းငယ် တုန်လှုပ်သွားသော်လည်း အမျိုးသား၏ရင်ခွဲထဲတွင် ညင်သာစွာ လူးလွန့်နေဆဲပင်။

အမျိုးသားက အမျိုးသမီး၏ လှပသော နားရွက်ဖျားလေးကို လှမ်းကိုက်လိုက်ပြီး သူမ၏ ပါးကို ကိုင်ကာ အသံတိုးတိုးဖြင့် ပြောလာပြန်သည်။

“မင်းရဲ့ နှလုံးသားကို ကိုယ့်အတွက် ပေးချင်လား”

အမျိုးသား၏အသံက အနည်းငယ် အက်ရှနေပြီး တပ်မက်မှုများ စွန်းထင်းနေသောကြောင့် ပို၍ပင် စွဲမက်ဖွယ်ကောင်းနေသည်။ အမျိုးသမီးက ခေါင်းညိတ်ရင်း တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"အင်း၊ ကျွန်မရဲ့နှလုံးသားကို ရှင် ပိုင်နေတာ ကြာပါပြီ"

“ကောင်းလိုက်တာ”

အမျိုးသားက အမျိုးသမီးကို ခုတင်ပေါ်သို့ ညင်ညင်သာသာ လှဲချလိုက်ပြီး သူမ၏နဖူးကို ညင်သာစွာ ဖိကပ်နမ်းရှိုက်လိုက်သည်။ သူက သူ့လက်ကို အမျိုးသမီး၏ ခါးစည်းကြိုးဆီသို့ ဆန့်တန်းကာ လှပသောဖဲပြားပုံကြိုးလေးကို ဖြည်းညှင်းစွာ ဆွဲဖြည်လိုက်ပြီး သူမ၏အင်္ကျီကို ဖြည်းညှင်းစွာ ဖြည်ချလိုက်သည်။ အမျိုးသားက သူ အလွန်အဖိုးတန်သော အရာတစ်ခုကို ကိုင်တွယ်နေသလို ညင်သာနေပြီး နောက်ဆုံးတွင် အမျိုးသားက အမျိုးသမီး၏ ရင်ဘတ်ပေါ်ရှိ အတွင်းဝတ်ကြိုးကို ညင်သာစွာ ဖြည်လိုက်သည်။ သူမ၏ ရင်ဘတ်ပေါ်ရှိ လှပသော မြင်ကွင်းက အမျိုးသား၏မျက်လုံးများကို မှောင်ကျသွားစေပြီး အမျိုးသမီးကလည်း ရှက်ရွံ့စွာဖြင့် အကြည့်လွှဲသွားသည်။

သို့တိုင်အောင် အရေပြားချင်း ထိတွေ့မှု ဖြစ်မလာဘဲ သူမ၏ဘယ်ဘက်ရင်အုံမှ အေးစက်စက် အထိအတွေ့တစ်ခုကို ခံစားလိုက်ရသောကြောင့် အမျိုးသမီးက ထိတ်လန့်တုန်လှုပ်သွားပြီး အမြန်ငုံကြည့်လိုက်သည်။

အေးစက်သော ဓားမြှောင်တစ်ချောင်းက သူမ၏ရင်ဘတ်ပေါ်တွင် အသာအယာ ပွတ်သပ်နေပြီး အဖြူရောင်အအေးဓာတ်က အမျိုးသမီးကို ကြောက်လန့်စေသည်။ သူမက ကျယ်ကျယ်လောင်လောင် အော်ဟစ်အကူအညီတောင်းရန် ကြိုးစားလိုက်သော်လည်း သူမ လုံးဝ မအော်နိုင်တော့သည်ကို သူမ နားလည်လိုက်ရသည်။ သူမ ရုန်းကန်ချင်သော်လည်း လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

အမျိုးသား၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာပြီး သူက အမျိုးသမီးကို ညင်သာစွာ ပြုံးပြနှစ်သိမ့်နေသေးသည်။

“မကြောက်ပါနဲ့၊ မကြာခင် ဖြစ်လာတော့မှာပါ”

ဓားက သူမ၏ဘယ်ဘက်ရင်ဘတ်ကို ပြတ်ပြတ်သားသား ထိုးစိုက်သွားသည်။ ထိုဓားချက်က အလွန်မြန်ဆန်ပြီး တိကျလွန်းလှသည်။ အမျိုးသမီးအနေဖြင့် သူမ၏ ရင်ဘတ်ကို ဆွဲခွဲလိုက်သည့်ဓါး၏ အေးခဲမှုကိုပင် ခံစားလိုက်ရပြီး သူ့လက်က သူမ၏ရင်အုံထဲသို့ ဖြည်းညှင်းစွာ ရောက်ရှိလာသည်။ အမျိုးသမီးက သူမ၏နှလုံးဆီမှ ပြင်းထန်သော တင်းကျပ်မှုကို ခံစားလိုက်ရပြီး သူမ၏ရင်ဘတ်ထဲမှ ပူလောင်နွေးထွေးမှုမှုများ ထွက်ပေါ်လာသည်။ ခဏအကြာတွင် သူက ခုန်လှုပ်နေဆဲ နှလုံးတစ်ခုကို ဆုပ်ကိုင်ထားခဲ့သည်။

အမျိုးသားက သူ့လက်ထဲက နှလုံးကို အမျိုးသမီးဆီသို့ မြှောက်ပြလိုက်ပြီး ကျေနပ်နေသည့် အပြုံးဖြင့် ထပ်ပြောလေးလိုက်ပြန်သည်။

"အချစ်ကလေး၊ ငါ မင်းရဲ့နှလုံးကို လက်ခံပြီးပြီ"

သူ့လက်ချောင်းများမှ သွေးများ စီးကျနေပြီး အနီရောင် သွေးပူပူများက အမျိုးသမီး၏ မျက်နှာပေါ်သို့ တစ်စက်စက် စီးကျနေလေသည်။

ထိုအမျိုးသားက နှလုံးကို လက်ကိုင်ပုဝါဖြင့် သေသေချာချာ ထုပ်ပိုးရင်း ကျေကျေနပ်နပ် ပြန်ထွက်ခွာသွားတော့သည်။ လရောင်ဖြင့် ဖုံးအုပ်ထားသော သူ၏ နောက်ကျောက တစ္ဆေသရဲကဲ့သို့ ဖြစ်နေလေသည်။

ခုတင်ပေါ်ရှိ အမျိုးသမီး၏ မျက်လုံးများက အနက်ရှိုင်းဆုံးသော အကြောက်တရားများဖြင့် ပြည့်နှက်နေပြီး မျက်လုံးများက ပြူးကျယ်နေကာ ရှေ့တည့်တည့်ကို စိုက်ကြည့်နေသည်။ လွန်ခဲ့သည့် အခိုက်အတန့်တွင် သူ့လက်ချောင်းများမှ အပူချိန်နှင့် နှလုံးခုန်သံများကိုပင် သူမ ခံစားနိုင်ခဲ့သည်။ ယခုအချိန်တွင်တော့ အရိုးထိအောင် အေးစက်နေပြီး သူမရင်ဘတ်ရှိ အပေါက်ကြီးမှ သွေးများ ဖြည်းဖြည်းချင်း စီးကျနေကာ ခုတင်စွန်းမှ မြေပြင်အထိ ရွှဲစိုနေခဲ့သည်။ တိတ်ဆိတ်သော ညတွင် သွေးစက်ကျသံများ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ အမျိုးသမီး၏မျက်ဝန်းများက တဖြည်းဖြည်း ဗလာကျင်းသွားခဲ့သည်။

All Chapters