အခန်း (၈၀-၈၁)
Vol. 8 Ch. 80-81
အခန်း ၈၀ မတော်တဆမှု
ချင်းရွှယ်နန်းတော်ခန်းမတွင်....
သစ်သားထွင်းထားသော ပြတင်းပေါက်၏အပြင်ဘက်၌ လှပသော သစ်တော်သီးပင်တန်းများ ရှိနေသည်။ ကံဆိုးစွာဖြင့် ပန်းပွင့်ချိန် ကျော်လွန်သွားသောကြောင့် လှပသည့်သစ်တော်ပွင့်များကို မမြင်နိုင်တော့ပေ။ သို့ပေသိ စိမ်းလန်းနေသော အရွက်များကြားထဲမှ မမှည့်သေးသော အသီးစိမ်းလေးများကို ဝိုးတဝါး မြင်နေရသည်။
ပြတင်းပေါက်အတွင်းတွင် လှပသောပုံရိပ်တစ်ခုက ခုတင်ပေါ်တွင် မတ်မတ်ထိုင်နေပြီး မျက်လုံးများက အပြင်ဘက်မှ သစ်တော်ပင်ကို စိုက်ကြည့်နေသည်။ သူမ၏လှပသော မျက်လုံးများထဲတွင် မရေရာမှုများ ရှိနေပြီး သူမ ဝမ်းနည်းနေလား၊ ဒေါသထွက်နေလား၊ သို့မဟုတ် စိတ်မကောင်းနေလား စသည်ဖြင့် ဘာကိုမှ မမြင်နိုင်ပေ။ အခန်းထဲမှ ပန်းနုရောင်ဖျော့ဖျော့ ကန့်လန့်ကာစများက လေနုအေးနှင့် အတူ ဆော့ကစားရင်း နူးညံ့စွာ ပျံလွင့်နေသော်လည်း မည်သူကမျှ ခံစားနိုင်ခြင်းမရှိပေ။
အခန်း၏ကြမ်းပြင်ပေါ်တွင် နေရာအနှံ ဒူးထောက်ထိုင်နေသည့် အစေခံများ၏ လက်နှစ်ဘက်ပေါ်တွင် အရသာမျိုးစုံလှသည့် အစားအသောက်များကို ကိုင်ဆောင်ထားသော်လည်း မိန်းခလေးကတော့ ပြတင်းပေါက်အပြင်ကိုသာ လှမ်းငေးကြည့်နေခဲ့သည်။
ဒါက ဘယ်နှစ်ရက်ရှိပြီလဲ?? မင်းသမီးလေးက ဝန်ကြီးချုပ်အိမ်တော်ကနေ ပြန်လာကတည်းက ဒီလိုမျိုးဖြစ်နေတာ။ သူမ ငိုယိုဆူညံတာမျိုး မရှိတော့ဘဲ စကားလည်း မပြောတော့ဘူး။ အစားအသောက်ကျွေးရင် ကျွေးသမျှကို စားနေရုံပဲ ရှိတော့တယ်။ တစ်ခါတရံ ဝါးတောင်မစားဘဲ မျိုချလုနီးပါး ဖြစ်နေတတ်သေးတယ်။
ရှောင်လျန်တစ်ယောက် သခင်မဖြစ်သူ၏အခြေအနေကြောင့် မာသောအစားအစာများကို မယူလာရဲဘဲ ဂျင်ဆင်းဟင်းချိုကိုသာ သူမပါးစပ်နားသို့ ကပ်ပေးလိုက်ရင်း ဝမ်းနည်းမှုကြောင့် စို့နင့်လာရသည်။
“မင်းသမီးလေး၊ ဂျင်ဆင်းဟင်းချိုလေး သောက်လိုက်ပါဦး”
ယန်းရူရွှယ်၏ မျက်လုံးများက ပြတင်းပေါက်ကိုသာ စိုက်ကြည့်နေပြီး သူမ၏ ပါးစပ်ကို မသိစိတ်ဖြင့် ဖွင့်ပေးလိုက်သည်။ ထို့နောက် သူမ ပါးစပ်ထဲသို့ ရောက်လာသော အရာကို မျိုချလိုက်သည်။ အချိန်အနည်းငယ် ကြာပြီးနောက် ရှောင်လျန်တစ်ယောက် နောက်ထပ် မကျွေးဝံ့တော့ပေ။
မင်းသမီးလေးက သူမ ကျွေးသလောက်ကို ဆက်စားနေခဲ့ရင် ခဏအကြာမှာ အန်ထွက်လာနိုင်တယ်။ အရင်က အရမ်း လှပတဲ့မျက်နှာလေးက အခုတော့ အရိုးနဲ့ အရေခွံပဲ ကျန်တော့တယ်။
ရှောင်လျန်က သူမလက်ထဲမှ ဂျင်ဆင်းဟင်းရည်ကို သူမ၏နောက်မှ နန်းတွင်းအစေခံငယ်လေးဆီ ပြန်ပေးလိုက်သည်။ ထိုအချိန်တွင် မယ်တော်မိဖုရားကြီး သူမတို့နောက်၌ ရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။ ရှောင်လျန်က အံ့သြသွားပြီး ဒူးထောက်အရိုအသေပေးလိုက်သည်။
“မယ်တော်မိဖုရားကြီး ဘေးကင်းပြီး ကျန်းမာပါစေ”
ယန်ကျီလန်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော အစေခံများကို လျစ်လျူရှုလိုက်ပြီး ယန်းရူရွှယ်၏ ဖြူဖျော့ဖျော့နှင့် ပါးလွှာသော မျက်နှာလေးကို ညင်သာစွာ ထိကြည့်နေသည်။ ဤအခိုက်အတန့်တွင် သူမ၏အသည်းနှလုံးများ နာကျင်နေသလို ခံစားနေရသည်။
သူမမှာ ဒီသမီးလေးတစ်ယောက်ပဲ ရှိခဲ့ပြီး သူမက သူမရဲ့သမီးလေးကို ဂရုတစိုက် ချစ်ခြင်းမေတ္တာ အပြည့်နဲ့ နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်လာခဲ့တယ်၊ ဒါပေမယ့် ဒီနေ့ သူမရဲ့သမီးလေးက ဒီလို ဖြစ်နေခဲ့ပြီ။ စိတ်တိုဖို့ ကောင်းလိုက်တာ!! မိခင်တစ်ယောက်အနေနဲ့ သူမက သူမရဲ့ကလေးကို ဘယ်လို နာကျင်မှုမျိုးကိုမှ မခံစားစေရဘူး။
ယန်ကျီလန်က ယန်းရူရွှယ်ကို သူမ၏ရင်ခွင်ထဲတွင် ပွေ့ဖက်ထားရင်း တိုးတိုးလေး ချော့မော့လိုက်သည်။
"ရွှယ်အာ ဘာကိုလိုချင်တာလဲ၊ မင်းက အဲ့ဒါကို ပြောပြမှ ဒီမယ်တော်က မင်းလိုချင်တာကို ရအောင်ယူနိုင်မယ့် နည်းလမ်းကို သေချာရှာပေးလို့ရမှာပေါ့!"
သူမက လို့ရှီးယန်ကို လက်ထပ်ချင်နေတာလား? တကယ်လို့ ဒီနည်းလမ်းတစ်ခုတည်းကပဲ သူမရဲ့သမီးလေး အသက်ရှင်နေထိုင်နိုင်မယ့် အရာဆိုရင် လို့ရှီးယန်ကို သူမရဲ့သမီးနဲ့ လက်ထပ်ပေးဖို့ အတင်းအကြပ် တောင်းဆိုလိုက်ရုံပါပဲ။
ယန်းရူရွှယ်က ဘာမှ မကြားရသလို ပုံစံဖြင့် မည်သူ့ကိုမျှ တုံ့ပြန်ခြင်း မပြုဘဲ ပြတင်းပေါက်ကိုသာ ကြောင်တောင်တောင် စိုက်ကြည့်နေသည်။
သူမကို ထိုသို့ မြင်နေရသည့် ယန်ကျီလန်က သည်းမခံနိုင်တော့ဘဲ သူမ၏ပုခုံးကို လှုပ်ခါလိုက်သည်။
"မင်း ဘာလို့ ဒီလောက်မိုက်မဲရတာတုန်း? မင်းကိုမင်း ဒီလို နှိပ်စက်နေရင်တောင် ဒီမယ်တော်ကပဲ တစ်ဦးတည်းသော နာကျင်ရတဲ့သူဖြစ်နေမှာ သေချာတယ်!"
သူမက လှုပ်ခါဆွဲယမ်းနေသော်လည်း ယန်းရူရွှယ်က ရုပ်သေးရုပ်လိုသာ တိတ်ဆိတ်နေသောကြောင့် ယန်ကျီလန်က သူမ၏သမီးလေးကို ပွေ့ဖက်ထားရင်း ပြာလဲ့လဲ့ကောင်းကင်ကြီးကို မော့ကြည့်ကာ မျက်ရည်များ တိတ်တဆိတ် စီးကျနေခဲ့သည်။
မိုးနတ်မင်းက ဘာလို့ ငါ့အပေါ် ဒီလို လုပ်နိုင်ရတာလဲ???!
ငါက သားတစ်ယောက် ဆုံးရှုံးပြီးပြီကို အခုသမီးကို ဆုံးရှုံးစေချင်လား?!
လို့မိသားစုနဲ့ ငါ့မှာ ဘယ်လို ရန်ငြိုးတွေ ရှိနေခဲ့လို့လဲ? ပထမတစ်ယောက်က လို့စုရှင်း..အခု လို့ရှီးယန်!! သူတို့အားလုံးကို ငါမုန်းတယ်..
…
ရှီးရှနန်းတော်ခန်းမတွင်...
ခန်းမထဲတွင် မည်သူမျှမရှိပေ၊ ပင်မထိုင်ခုံတွင် ယန်ကျီလန်သာထိုင်နေပြီး ရှောင်လျန်က ခေါင်းငုံ့ကာ ငြိမ်သက်စွာ ရပ်နေသည်။
"ဘာတွေဖြစ်နေတာလဲ၊ ရွှယ်အာက ဝန်ကြီးချုပ်အိမ်တော်ကို တစ်ရက်ပဲသွားခဲ့ပြီး ဒီလိုဖြစ်သွားတာလား"
ယန်ကျီလန်၏မျက်နှာက ညိုမှိုင်းအေးစက်နေပြီး သူမ၏ပုံမှန် ကြင်နာတတ်သော အသွင်အပြင်နှင့် အလွန်ကွာခြားနေသည်။ ရှောင်လျန်က ကြမ်းပြင်ပေါ်သို့ အလျင်အမြန် ဒူးထောက်လိုက်ပြီး ငိုယိုလျက် လျှောက်တင်လိုက်သည်။
"မယ်တော်မိဖုရားကြီးက မင်းသမီးအတွက် ဆုံးဖြတ်ချက်ချပေးပါ၊ ဝန်ကြီးချုပ်လို့က အရမ်းလွန်သွားပြီ!"
တကယ်ပဲ လို့ရှီးယန်ပေါ့လေ။
ယန်ကျီလန်တစ်ယောက် အံကြိတ်ထားသော်လည်း သူမ၏အသံကတော့ မူလနှင့် အတူတူသာ ဖြစ်နေဆဲပင်။
"ပြော မင်းတွေးမိတာကို ပြော... ကိစ္စမရှိဘူး"
ရှောင်လျန်က မင်းသမီးလေး ထိုပုံစံဖြစ်နေသည် လို့ရှီးယန်ကြောင့်ဟု တိတ်တဆိတ် တွေးနေပြီး သူ့ကို လွယ်လွယ်ကူကူ ဘာမှလုပ်နိုင်မည် မဟုတ်မှန်းကိုလည်း သေချာသိနေသည်။ သူက တိုင်းပြည်၏ ဝန်ကြီးချုပ်ဖြစ်ပြီး အရှေ့နန်းဆောင်မယ်တော်မိဖုရားကြီး၏ တူတော်ဖြစ်သောကြောင့် မယ်တော်မိဖုရားကြီးက ဧကရာဇ်ထံ သတင်းပို့လျှင်ပင် မယ်တော်မိဖုရားကြီးက သူ့ကို မည်သို့မျှ ကိုင်တွယ်ဆောင်ရွက်နိုင်မည် မဟုတ်ပေ။
သူက ချင်းလင်ကို အရမ်းတန်ဖိုးထားသောကြောင့် ရှောင်လန်က သူမကို သေစေချင်နေလေသည်။
အဲ့လိုနှလုံးသည်းပွတ်ကနေ နာကျင်ရတဲ့ ခံစားချက်ကို သူသိသွားပါစေလေ။
သူမစိတ်ထဲတွင် တွက်ချက်မှုတစ်ခု ပြုလုပ်လိုက်သည့် ရှောင်လျန်က ခေါင်းငုံ့ကာ ငိုရှိုက်ရင်း ပြောလာပြန်သည်။
"မယ်တော်မိဖုရားကြီး ပြန်ထွက်သွားပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်လို့က ချင်းလင်ကို လန်ယွဲ့အဆောင်ဆီ ပြန်ခေါ်သွားတယ်။ သူတို့က မင်းသမီးလေးက ကျိုက်ရှင်းအဆောင်မှာ ရှိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနေကြပြီး၊ မော့ကြည့်လိုက်တာနဲ့ လန်ယွဲ့အဆောင်ရှေ့က ကြာပန်းကန်ကို မြင်နိုင်တာကို သိနေရက်နဲ့ အိမ်ထဲကို မဝင်ကြပဲ ခြံဝင်းထဲမှာ နမ်းနေခဲ့ကြတယ်။ မင်းသမီးလေးက အဲ့အချိန်ထဲက အိမ်ခန်းထဲမှာ ငိုနေပြီ၊ နေ့ခင်းပိုင်းမှာတော့ မင်းသမီးလေးက ချင်းလင်နဲ့ စကားပြောချင်ပြီး သူမကိုယ်သူမ နှိမ်ချပြီး ပြောဆိုခဲ့ပေမယ့် အဲဒီမိန်းမရဲ့ သဘောထားနဲ့ အပြုအမူက တော်တော်ဆိုးပါတယ်”
ထို့သို့ပြောပြီးနောက် ရှောင်လျန်က စကားကို တမင်တကာ ရပ်ထားလိုက်ပြီး ခေါင်းကို မော့ကာ ယန်ကျီလန်၏မျက်နှာကို ကြည့်နေလေသည်။ သူမ၏မျက်နှာက မပျော်မရွှင် ဖြစ်နေသေးသော်လည်း ပိုဆိုးမလာသေးပေ။ သူမက အေးစက်စက် ပြောလာခဲ့သည်။
"ဆက်ပြော"
ရှောင်လျန်က အံကို တင်းတင်းကြိတ်လိုက်ပြန်သည်။
မယ်တော်မိဖုရားကြီးက ဒေါသမထွက်သေးဘူးလား?!
ရှောင်လျန်က ပိုမိုအားစိုက်ထုတ်လိုက်ပြီး အဖြစ်မှန်များကို ပို၍ပင် ပုံပျက်သွားအောင် စတင်ပြောဆိုတော့သည်။
"မင်းသမီးလေးက လို့လူကြီးမင်းနဲ့ လက်ထပ်ချင်တဲ့အကြောင်း ပြောတဲ့အခါ ချင်းလင်က ဆိုးသွမ်းတဲ့စကားတွေကို ချက်ခြင်း ပြောရုံသာမကဘဲ မင်းသမီးလေးနဲ့အတူ အတူတူ ခင်ပွန်းဖြစ်သူကို အလုပ်အကျွေးမပြုနိုင်ဘူးလို့ ပြန်ပြောခဲ့ပါတယ်။ သူမက လို့လူကြီးမင်းကို ဒီလိုလုပ်ဖို့ ခွင့်မပြုနိုင်ဘူးတဲ့၊ သူမက လို့လူကြီးမင်းရဲ့ ချစ်ခြင်းမေတ္တာကို အားကိုးပြီး ကိုယ်လုပ်တော် ယူမှာကို ခွင့်မပြုနိုင်ဘူးတဲ့၊ အရမ်းကို မောက်မာရိုင်းစိုင်းပါတယ်! ပြီးတော့ အဲ့ညမှာ မင်းသမီးလေးက အိပ်မက်ဆိုးတွေ မက်ပြီး နိုးလာတဲ့အခါ မရပ်မနား ငိုကြွေးနေခဲ့ပါတယ်၊ ဒီအစေခံက လန်ယွဲ့အဆောင်ကိုသွားပြီး လို့လူကြီးမင်းကို လာကြည့်ပေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ချင်းလင်က လို့လူကြီးမင်းကို လာခွင့်မပေးဘူးဆိုပြီး ငြင်းဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်လို့မလာခင် အချိန်အတော်ကြာအောင် စောင့်ခဲ့ရပါတယ်။ နောက်ဆုံးတော့ လို့လူကြီးမင်း ရောက်လာပြီး သူ မင်းသမီးလေးကို လက်ထက်မှာ မဟုတ်ဘူးဆိုတာနဲ့ ချင်းလင်ကိုပဲ နှစ်သက်ကြောင်း ပြောခဲ့ပါတယ်။ အဲ့တာက မင်းသမီးလေးရဲ့အသည်းနှလုံးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်စေခဲ့ပါတယ်၊ အရင်တုန်းက လို့လူကြီးမင်းက မင်းသမီးလေးကို ကြမ်းကြမ်းတမ်းတမ်း စကားဆိုလို့ တခွန်းတောင် မပြောခဲ့ဖူးပါဘူး"
အဆုံးတွင် ရှောင်လျန်က ကြမ်းပြင်ပေါ်သို့ ဝပ်တွားလိုက်ပြီး တောင်းဆိုလိုက်သည်။
“မယ်တော်မိဖုရားကြီး၊ အားလုံးက ဝန်ကြီးချုပ်ကို သွေးထိုးလှုံ့ဆော်ပြီး စိတ်ရှုပ်ထွေးစေတဲ့ အဲ့မိန်းမရဲ့အပြစ်တွေပါပဲ၊ သူမက မင်းသမီးလေးကို အခုထိ နှိပ်စက်ပြီး မင်းသမီးကို နာကျင်နေစေတုန်းပါပဲ။ ဒီမကျေနပ်ချက်အတွက် မင်းသမီးကို ကူညီပေးဖို့ မယ်တော်မိဖုရားကြီးကို တောင်းဆိုပါရစေ!!"
ယန်ကျီလန်က သူမ၏မျက်လုံးများကို အနည်းငယ် မှေးကျဥ်းလိုက်သည်။ သူမက ချင်းလင်ကို ဤမျှ မိုက်မဲသောလူဟု မထင်ထားခဲ့ပေ။
သူမ ဒီလူကို အထင်လွဲမိတာဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် လို့ရှီးယန်ရဲ့ချစ်ခြင်းမေတ္တာက သူမ တကယ် အသက်မရှင်သင့်တော့ဘူးဆိုတာကို ပြသနေပြီ။
သူမ၏စိတ်ထဲ၌ တွေးထားပြီးသား ရှိနေသောကြောင့် ယန်ကျီလန်က ခပ်ပေါ့ပေါ့ တုံ့ပြန်လိုက်သည်။
"သူ(မ)က လို့ရှီးယန်ရဲ့မျက်နှာသာကို အားကိုးပြီး ဘယ်သူ့ကိုမှ အလေးအနက် မထားဘူးလို့ မင်း ပြောတယ်ဆိုတော့ သူ(မ)တစ်ခုခုဖြစ်သွားရင် လို့ရှီးယန်က အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး၊ လွှတ်ထားပေးလိုက်"
ဒီကလေးမလေးက ရွှယ်အာကို သစ္စာစောင့်သိပေမယ့် သူမကို အသုံးချနိုင်မလား၊ ထက်မြက်မလားဆိုတာကိုတော့ သူမ သိချင်နေသေးတယ်။
မယ်တော်မိဖုရားကြီးဆိုလိုတဲ့ . . . စကားရဲ့အဓိပ္ပာယ်က....
ရှောင်လျန်က ဆက်ပြောလိုက်သည်။
“ဘယ်သူမှ သူ(မ)ကို သတ်ဖို့ မလိုပါဘူး ဒီကမ္ဘာကြီးမှာ မထင်မှတ်ထားတဲ့ မတော်တဆမှုတွေ အမြဲရှိနေတက်ပါတယ်”
နောက်ဆုံးတွင် ယန်ကျီလန်၏နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခုပေါ်လာပြီး ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ဟုတ်တယ်၊ မတော်တဆမှုတွေက အမြဲတမ်း မဖြစ်နိုင်ပေမယ့် ရှောင်နိုင်ဖို့လဲ ခက်ခဲလိမ့်မယ်"
…
ကျိုက်ရှင်းအဆောင်တွင်...
ယန်းရူရွှယ် ထွက်သွားပြီးကတည်းက ကျွော့ချင်းက ကျိုက်ရှင်းအဆောင်သို့ ပြန်ပြောင်းလာခဲ့သည်။ ပထမတစ်ချက်အနေဖြင့် လို့ရှီးယန်က တခြားသူများ သူမအား အတင်းအဖျင်းပြောမည်ကို မလိုလားသောကြောင့် ဖြစ်ပြီး၊ ဒုတိယတစ်ချက်အနေဖြင့် သူက အမြဲတမ်း နောက်ကျမှ ပြန်လာသောကြောင့် သူမ အိပ်ပျော်နေပြီး သူ့ကြောင့် မနှိုးသွားစေချင်သောကြောင့် ဖြစ်သည်။ ထို့အပြင် သူက ဘေးနားမှ ခုတင်သေးသေးနှင့် အိပ်ရပြီး ကျွော့ချင်းက ထိုမျှလောက်ခုတင်သေးသေးလေးတွင် လူအကြီးကြီးတစ်ယောက် အိပ်နေရသည်ကို မကြည့်ရက်တော့ပေ။ ထို့ကြောင့် သူမက သူမ၏အဆောင်သို့ ပြန်လာခဲ့လိုက်သည်။
ကုယွင်က ဓားပြများကို နှိမ်နှင်းရန် ထွက်ခွာသွားခဲ့ပြီး အမှုကလည်း ပိတ်သွားခဲ့သည်။ ကျွော့ချင်းလည်း သူမ၏ပျင်းစရာကောင်းသော ဘ၀သို့ ပြန်ရောက်သွားခဲ့သည်။ ရှေ့ရက်များတွင် သူမ နေ့တိုင်း ညသန်းခေါင်မှ အိပ်ခဲ့ရသောကြောင့် ယခု ပင်ပန်းခဲ့သည့်အချိန်များ ပြန်ကာမိအောင် အိပ်စက်မည်ဟု တွေးထားခဲ့သည်။ သို့သော်လည်း သူမကဲ့သို့ အလုပ်ကြိုးစားသူတစ်ယောက်အနေဖြင့် အကြာကြီး မအိပ်နေနိုင်ပြန်ပေ။ ယခုလည်း သူမ နိုးနေပြီး အိပ်ရာမှ မထချင်သေးသောကြောင့် ကန့်လန့်ကာကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေလိုက်သည်။
နောက်နေ့တွေမှာ ဘာတွေလုပ်ရမှာလဲ၊ တစ်နေကုန် ပန်းတွေ ကြည့်တာ၊ စစ်တုရင်ကစားတာ၊ လိပ်ပြာ ဖမ်းတာ၊ ကဗျာရွတ်တာတွေ လုပ်နေရမှာလား။
တွေးကြည့်ရုံဖြင့် ကျွော့ချင်းတစ်ယောက် မရယ်ဘဲမနေနိုင်တော့ပေ။ လူတိုင်းက ငယ်ရွယ်နုပျိုသည့် သခင်မလေးတစ်ယောက်၏ ဘဝကို ခံစားနိုင်ကြသော်လည်း သူမကတော့ အေးအေးဆေးဆေး မနေနိုင်ခဲ့ပေ။
သူမ၏စိတ်ထဲ၌ စိတ်ကူးများ ပြေးလွှားနေချိန်တွင် တံခါးခေါက်သံက သူမကို လန့်သွားစေခဲ့သည်။
ထိုတံခါးခေါက်သံက ကျွော့ချင်းကို မျက်မှောင်ကြုတ်သွားစေသည်။
သာမာန်အစေခံတွေက ဘယ်တော့မှ တံခါးကို ဒီလို ကြမ်းကြမ်းတမ်းတမ်း မခေါက်ရဲကြသလို လို့ရှီးယန်ကလည်း အဲ့လို လုပ်လေ့မရှိဘူး။
ကျွော့ချင်းက သူမ၏စောင်ကို ရုတ်သိမ်းလိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ပြတင်းပေါက်စက္ကူပါးပါးလေးမှတဆင့် ခြံအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ခြံဝင်းထဲတွင် အမျိုးသမီးတစ်စု ရပ်နေကြပြီး ရပ်နေကြသော အမျိုးသမီး အနည်းငယ်၏ လက်ထဲတွင် ဗန်းများကို ကိုင်ထားကြသည်။ သို့သော် မည်သည့်ပစ္စည်းများ ဖြစ်သည်ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ထို့အပြင် ခေါင်းဆောင်လာသူက လို့ရှီးဝူ ဖြစ်နေလေသည်။
ကျွော့ချင်းတစ်ယောက် အံ့ဩသွားသော်လည်း တံခါး ဖွင့်ပေးလိုက်သည်။
"မင်း မနက်အစောကြီး ဘာလာလုပ်တာလဲ?"
လို့ရှီးဝူက မောက်မာဝင့်ကြွားသော အမူအရာဖြင့် အိမ်ထဲသို့ ဝင်လာရာ သူမ၏နောက်မှ အစေခံအမျိုးသမီး တစ်ဒါဇင်ခန့်က အတူတကွလိုက်ပါလာကြသည်။ လို့ရှီးဝူက သူမ၏လက်ကို အနည်းငယ် မြှောက်ပြီး အချက်ပြလိုက်ရာ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးအချို့က ရှေ့သို့ တိုးလာပြီး ကျွော့ချင်း၏ အဝတ်အစားများကို ဝိုင်းဆွဲကြတော့သည်။
ကျွော့ချင်းက သူမ အိပ်နေချိန်ဖြစ်သောကြောင့် ပါးလွှာသည့်အဝတ်တစ်လွှာကိုသာ ၀တ်ဆင်ထားခဲ့ရာ ယခု သူမ၏အဝတ်တွေကို ဝိုင်းဆွဲနေကြသောကြောင့် ကျွော့ချင်းတစ်ယောက် ကိုယ်လုံးတီးဖြစ်လုနီးပါး ဖြစ်သွားရသည်။ ကျွော့ချင်းက သူမ၏အဝတ်များကို အတင်းပြန်လည် ဆုပ်ကိုင်ထားရင်း စိုးရိမ်တကြီးဖြင့် ဟန့်တားလိုက်သည်။
"ဟေး၊ နင်တို့ ဘာတွေလုပ်နေတာတုန်း"
အမျိုးသမီးများက သူမ၏အော်သံကို လျစ်လျူရှုကာ သူမ၏အဝတ်အစားများကို အတင်းအဓမ္မ ချွတ်ရန် ကြိုးစားနေကြဆဲပင်။ နောက်ဆုံးတွင် ကျွော့ချင်း သည်းမခံနိုင်တော့ဘဲ သူမ၏အဝတ်များအား ဆွဲနေသည့် အမျိုးသမီးနှစ်ဦး၏ လက်ကောက်ဝတ်ကို အားပြင်းပြင်းဖြင့် ဖမ်းဆုပ်လိုက်ပြီး အေးစက်စက် လေသံဖြင့် သတိပေးလိုက်သည်။
“နင်တို့ မရပ်ရင် ငါ နင်တို့ကို ရိုက်မိတော့မယ်!!"
လက်ကောက်ဝတ်ကို ဖမ်းဆုပ်ခံလိုက်ရသည့် အမျိုးသမီးနှစ်ဦးက နာကျင်စွာ အော်ဟစ်နေကြပြီး အခြားအမျိုးသမီးများကလည်း ဒေါသရိပ်သန်းနေသော ကျွော့ချင်း၏ အကြည့်ကြောင့် ဆက်မတိုးဝံ့တော့ဘဲ ကြောက်လန့်တကြား နောက်ဆုတ်သွားကြသည်။
ကျွော့ချင်းက ထိုမိန်းမနှစ်ယောက်၏လက်ကို ဆွဲကာ လို့ရှီးဝူဆီသို့ လျှောက်သွားလိုက်ပြီး သူမကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။
"လို့ရှီးဝူ၊ နင် ငါ့ကို သေသေချာချာ ရှင်းပြပေးတာ အကောင်းဆုံးပဲ၊ မဟုတ်ရင် ငါ မင်းကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း လုပ်မိတော့မယ်"
လို့ရှီးဝူက တံတွေးတစ်လုတ် မျိုချလိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သော်လည်း မာန်မလျှော့ချင်သေးပုံဖြင့် ပြန်ပြောလာပြန်သည်။
"ဒီနေ့ ငါ ဒီကို လာခဲ့တာက... ငါ့မှာ အကြောင်းနှစ်ခု ရှိတယ်၊ ပထမတစ်ခုက လွန်ခဲ့တဲ့ နှစ်ရက်က နင် အိမ်တော်မှာ ရှိမနေဘူး၊ ဒါပေမယ့် ငါ့အစ်ကိုကြီးက မင်းနဲ့လက်ထပ်မယ်လို့ ငါတို့အိမ်တော်မှာ လူသိရှင်ကြား ကြေငြာထားတယ်။ အခု သူ ဘာလောက်တောင် အလုပ်ရှုပ်နေလဲ၊ ဘာပဲဖြစ်ဖြစ် အချိန်က အရမ်းကပ်နေပြီ၊ နင့်အတွက် မင်္ဂလာဝတ်စုံပြင်ဆင်ဖို့ ငါ့အစ်ကိုအကြီးဆုံးက ငါ့ကို စီစဉ်ခိုင်းတယ်၊ ငါ တကယ် ကံမကောင်းတာပဲ"
သူမလည်း ကျွော့ချင်းနဲ့ ရန်ဖြစ်ဖို့ မလာချင်ပါဘူး။ ဒီလိုမျိုးလုပ်တာက ဒုတိယအမေအတွက် ပိုသင့်တော်နိုင်တယ်။ ဒါပေမယ့် အစ်ကိုအကြီးဆုံးက သူမကို ဒီလိုလုပ်ဖို့ တောင်းဆိုပြီး အချိန်တစ်လပဲ ပေးတယ်။
အဲ့တာက ကြက်မွေးကို မြှားအဖြစ်သုံးချင်နေတာမလား?? ချင်းလင်က ဒီလောက် ဒေါသကြီးမယ်လို့ ဘယ်သူက ကြိုသိပါ့မလဲ။
(ကြက်မွေးကို မြှားအဖြစ်သုံး- မနိုင်ဝန် ထမ်းခိုင်းခြင်း)
လို့ရှီးဝူက ယခုန အလွန်ထိတ်လန့်သွားပြီး ရှောင်ထွက်ချင်နေသည့် အမျိုးသမီးတွေကို လက်ညှိုးထိုးပြရင်း ဆက်ပြောနေသည်။
"သူတို့က ချုံယွဲ့ရဲ့အကောင်းဆုံး ပန်းထိုးအလုပ်ရုံဖြစ်တဲ့ ချမ်စစ်အဆောင်က သခင်မတွေပါ။ အခု သူတို့က နင့်ရဲ့ ခန္ဓာကိုယ်ကို တိုင်းတာပြီး တစ်လအတွင်း နင့်အတွက် မင်္ဂလာဝတ်စုံ ပြင်ဆင်ပေးရမှာ၊ ပြီးတော့ တော်ဝင်မင်္ဂလာပွဲတွေမှာ သုံးတဲ့ ၀တ်စုံထက် မနိမ့်ကျတဲ့ ၀တ်စုံကို ၀တ်ဆင်ရမှာဆိုတော့ နင်က ပူးပေါင်းဆောင်ရွက်ပေးရင် ပိုကောင်းမယ်၊ မဟုတ်ရင် အချိန်မီမပြီးလို့ လူတော်တော်များများ ကံမကောင်းဖြစ်သွားလိမ့်မယ်"
ကျွော့ချင်း အံ့အားသင့်သွားရပြန်သည်။ လွန်ခဲ့သည့်နှစ်ရက် လို့ရှီးယန်က သူမကို ချက်ချင်းလက်ထပ်ချင်နေသည်ဟု ပြောသည်ကို သူမ ကြားခဲ့ရပြီး သူမက သူ နောက်ပြောင်နေသည်ဟု ထင်နေခဲ့သည်။
အနည်းဆုံးတော့ ပြင်ဆင်မှုတွေ မစတင်မီ အခမ်းအနားပြီးလို့ သူ အားလပ်တဲ့အချိန်အထိ စောင့်သင့်တာ မဟုတ်ဘူးလား?? သူက ပွဲမစခင် လက်ထပ်ချင်နေခဲ့တာလား?!
ကျွော့ချင်း နှုတ်ဆိတ်နေသည်ကို မြင်ရချိန်တွင် လို့ရှီးဝူက ဒုတိယအချက်ကို ဆက်ပြောလိုက်သည်။
"ပြီးတော့ ဒီမှာ အဆင်သင့်ချုပ်ပြီးသား ဝတ်စုံတွေ အများကြီး ယူလာခဲ့တယ်။ အဲဒါတွေကို စမ်းဝတ်ကြည့်ပြီး တချို့ကို ရွေးချယ်ရမယ်။ နင် ဒီနေ့ နေ့ခင်း နန်းတော်ကို ပွဲတက်ဖို့ သွားရမယ်"
ဗန်းပေါ်တွင် အစီအရီ တင်ထားသော အထပ်ထပ်အလွှာလွှာဝတ်စုံများနှင့် ၎င်းတို့ဘေးရှိ ရောင်စုံလက်ဝတ်ရတနာများကို စိုက်ကြည့်ရင်း ကျွော့ချင်းတစ်ယောက် စိတ်ရှုပ်ထွေးစွာ မေးလိုက်မိပြန်သည်။
"ငါက ဘာလို့ နန်းတော်ထဲကို ဝင်ရမှာလဲ"
"မယ်တော်မိဖုရားကြီးရဲ့ အမိန့်တော်မှာ နင့်နာမည်ကို အတိအကျ ဖော်ပြထားတာဆိုတော့ နင်သွားမှ ဖြစ်မယ်"
တကယ်တော့ ဒုတိယအမေက ဒီကိစ္စကြောင့် အကြာကြီး ဒေါသထွက်နေခဲ့တာလေ၊ အကြောင်းကတော့ သူမက ဒီနေ့အထိ နန်းတော်ထဲကို ဝင်ဖို့ အခွင့်အရေး မရသေးဘူးလေ။
သူမတို့၏မိထွေးက ဒေါသတကြီးဖြင့် ခြေဆောင့်နင်းကာ ကျန်ရစ်ခဲ့သည်ကို မြင်ခဲ့ရသဖြင့် လို့ရှီးဝူတစ်ယောက် ကြိတ်ဝမ်းသာနေခြင်းပင်။
ကျွော့ချင်းကတော့ စိတ်မတင်မကျ ဖြစ်သွားပြီး စိတ်မသက်သာဖြစ်သွားသလို ခံစားလိုက်ရသည်။
မယ်တော်မိဖုရားက ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ငါ့ကို ဘာလို့ နန်းတော်ထဲကို လာခိုင်းရတာတုန်း၊ ယန်းရူရွှယ်နဲ့ ဆက်စပ်နေတာ ဖြစ်နိုင်လား၊ လို့ရှီးယန်က တစ်ခုခုကို ကြိုသိနေလို့ ငါ့နဲ့ လက်ထပ်ဖို့ စိတ်လောနေတာ ဖြစ်နိုင်လား?
ကျွော့ချင်းက သူမ၏ကိုယ်ပိုင် အတွေးကမ္ဘာထဲ၌ ခေတ္တနစ်မြုပ်နေခဲ့ပြီး သူမ သတိပြန်ဝင်လာချိန်တွင် အမျိုးသမီးများက သူမ၏ ကိုယ်တိုင်းကို အမြန်တိုင်းတာပေးနေကြပြီ ဖြစ်သည်။ လို့ရှီးဝူကလည်း အဝတ်အစားများနှင့် လက်ဝတ်ရတနာများကို ကောက်ယူကာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်တင်ရင်း နှိုင်းယှဥ်ကြည့်နေလေသည်။
သူမ ကောက်ကိုင်လိုက်စဥ်တွင် ကျွော့ချင်း သတိမထားမိခဲ့သော်လည်း ထိုဝတ်စုံ သူမ၏ခန္ဓာကိုယ်နှင့် ထိလိုက်မိချိန်တွင် ကျွော့ချင်းက လို့ရှီးဝူကို မျက်စောင်းထိုးလိုက်သည်။ ထိုဝတ်စုံက အပေါ်မှ အောက်အထိ အလွှာများစွာ ပါဝင်နေပြီး ဤမျှ ပူအိုက်သော ရာသီတွင် သူမအား အလွှာပေါင်းများစွာ ပါသည့် ဝတ်စုံကို ဝတ်ခိုင်းနေခြင်းမှာ သူမကို အသက်ရှင်ခွင့် မပေးချင်တော့ခြင်းပင်။
ထို့အပြင် ကြမ်းပြင်ပေါ်သို့ တရွတ်တိုက် ကျနေသော စကတ်ရှည်ကြီးက ကြမ်းပြင်ကိုပင် ဖုန်သုတ်၍ ရနေပြီ ဖြစ်သည်။
ကျွော့ချင်းက လို့ရှီးဝူကို ဘေးစောင်းထပ်ကြည့်လိုက်ရာ သူမ လက်ထဲတွင် ဆယ်ကစ်တီခန့်(တစ်ကစ်တီ-၅၀၀ဂရမ်)ရှိသော ရွှေဝါရောင် ကျောက်စိမ်းမြိတ်ဆံပင် အဆင်တန်ဆာများနှင့် အလွန်အမင်း တန်ဆာဆင်ထားသော ရွှေပြာရောင်၀တ်စုံတစ်စုံ ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ကျွော့ချင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ထပ်ပြောလိုက်သည်။
"ငါ နန်းတော်ထဲကို ဝင်ရုံနဲ့ ဘာလို့ ဒီလိုတွေ လုပ်နေရမှာလဲ၊ ဒါက ခရစ္စမတ်သစ်ပင်လား၊ ငါ နန်းတော်ထဲကို တစ်ခါမှ မရောက်ဖူးတာ မဟုတ်ဘူး၊ ဒါတွေအားလုံး ပြန်ယူသွားလိုက်၊ ငါ ဝတ်စရာ အဝတ်အစားတွေ ရှိတယ်"
လို့ရှီးဝူက ခရစ္စမတ်သစ်ပင်ဆိုသည့်စကားလုံးကို နားမလည်သော်လည်း ကျွော့ချင်းက သူမ ကိုင်ထားသည့်၀တ်စုံကို ကြည့်ကာ လှောင်ပြောင်နေမှန်းတော့ နားလည်နေသေးသည်။ သူမက သူမကိုင်ထားသော ရွှေရောင်အလန်းစား နတ်သမီးဝတ်စုံကို ကျွော့ချင်းလက်ထဲသို့ ထည့်ပေးလိုက်ရင်း အခိုင်အမာ ထပ်ပြောလာပြန်သည်။
"ဒီတစ်ခါ နန်းတော်ထဲကို ဝင်တာက ခါတိုင်း အချိန်တွေနဲ့ မတူတော့ဘူး၊ ငါ့အစ်ကိုနဲ့ ဝန်ကြီးချုပ်အိမ်တော်အတွက် နင် ဒါကို ဝတ်ရမယ်"
ယနေ့တွင် လို့ရှီးဝူ၏ အမူအရာက ထူးဆန်းနေသောကြောင့် ကျွော့ချင်းက သူမနှင့် ငြင်းခုံမနေတော့ဘဲ အနည်းငယ် စပ်စုလိုက်သည်။
"အဲ့ဒါဆို ငါ့ကို နည်းနည်းတော့ ရှင်းပြဦးလေ"
အနီးနားရှိ သစ်သားကုလားထိုင်ပေါ်တွင် ထိုင်နေသော လို့ရှီးဝူက စိတ်လှုပ်ရှားစွာ ပြောပြလာသည်။
"ချုံယွဲ့ရဲ့ သုံးနှစ်ပြည့် ကောင်းချီးမင်္ဂလာပွဲက ချုံယွဲ့အတွက် ခမ်းနားတဲ့ အခမ်းအနားတစ်ခုဖြစ်ရုံသာမက တိုင်းပြည်ခြောက်ခုလုံးအတွက် ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတစ်ခုလည်း ဆိုလည်း ဟုတ်တယ်။ အဲဒီအချိန်ကျရင် တိုင်းပြည်အသီးသီးက ကုန်သည်တွေ၊ ဂုဏ်သရေရှိ မှူးမတ်တွေ၊ နန်းတွင်းက အရေးပါတဲ့ အရာရှိတွေနဲ့ ဘုရင်တွေရဲ့တော်ဝင်မိသားစုတွေကတောင် ချီးကျူးဂုဏ်ပြုဖို့ ချုံယွဲ့ကို ရောက်လာကြလိမ့်မယ်၊ နင်တို့ဟောင်ယွဲ့က အသိမိတ်ဆွေတွေကိုတောင် နင် တွေ့နိုင်လိမ့်မယ်”
ကျွော့ချင်းက မျက်မှောင်ကြုတ်ကာ ဖြတ်ပြောလိုက်သည်။
"အရေးကြီးတဲ့အချက်ကို ပြော!"
သူမကို ဒီလို တောင်စဥ်ရေမရ စကားမျိုး ပြောခိုင်းနေရင် ဘယ်တော့ ပြောလို့ ပြီးဦးမှာလဲ။
"အဓိကပြောချင်တာက အခမ်းအနားမှာ ဖျော်ဖြေပွဲတွေက မရှိမဖြစ် လိုအပ်တယ်လေ။ ဆောင်းဦးပွဲတော်မှာတောင် တိုင်းပြည်အသီးသီးက စေလွှတ်တဲ့လူတွေက ရိုးရှင်းတဲ့ အသွင်အပြင်တွေ မဟုတ်ကြဘူး။ တိုင်းပြည်ခြောက်ခုရဲ့ ခေါင်းဆောင်အနေနဲ့ ချုံယွဲ့က အများရှေ့မှာ ရုပ်ဆိုးနေလို့ မဖြစ်ဘူး။ တိုင်းပြည်အတွင်းက အလှဆုံးနဲ့ အရည်အချင်းအရှိဆုံး မိန်းမပျိုတွေက ဖျော်ဖြေကြလိမ့်မယ်၊ နာမည်ကြီးမိသားစုတွေနဲ့ မင်းမျိုးမင်းနွယ်က သမီးတော်တွေက ပထမအဆင့် ရွေးချယ်မှုပဲ၊ ဖျော်ဖြေပွဲရဲ့ စွမ်းဆောင်ရည် ချို့ယွင်းချက် မရှိစေဖို့အတွက် ဧကရီမယ်တော်ကြီးနှစ်ယောက်က အရည်အချင်းနဲ့ အလှတရား နှစ်ခုလုံး ပြည့်စုံတဲ့ မိန်းမပျိုဆယ်ယောက်ကို ရွေးချယ်ကြလိမ့်မယ်"
အဲ့တော့ ဒီနေ့ နေ့လည်ခင်းက အရည်အချင်း ပြပွဲဖြစ်သွားတာပေါ့။
ကျွော့ချင်းက မိမိကိုယ်ကို လှောင်ပြောင် ရယ်မောရင်း ပြန်မေးလိုက်သည်။
"ဒါက ငါနဲ့ ဘာဆိုင်လို့လဲ"
ငါက ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး အရည်အချင်းအကြောင်းပြောရင်လည်း အလောင်းကို ဘယ်လို ခွဲရမလဲဆိုတာပဲ သိတာလေ။ ပွဲတော်အတွက် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းဆိုလို့ ဘာမှ မရှိတဲ့ ငါက ဘာသွားလုပ်ရမှာတုန်း?
မယ်တော်မိဖုရားကြီးက ချင်းလင်အား ဆင့်ခေါ်သည့်အတွက် လို့ရှီးဝူလည်း အံ့အားသင့်ခဲ့ရသည်။ သို့သော် အမိန့်ထုတ်ထားပြီးသား ဖြစ်နေသောကြောင့် ရွေးချယ်စရာ မရှိတော့ဘူးဟု ဆိုလိုသည်။ လို့ရှီဝူက ကျောက်စိမ်းပုလဲလည်ဆွဲကို ကျွော့ချင်း၏ လည်ပင်းပေါ် တင်နေရင်း အပြုံးဖြင့် ထပ်ပြောလိုက်သည်။
“နင်က လို့အိမ်တော်ရဲ့ သခင်မပဲ၊ နင်အနေနဲ့ နန်းတော်နဲ့ ပတ်သက်ရမှာတွေ ရှိတယ်၊ မယ်တော်မိဖုရားကြီးက နင့်ကို ခေါ်တယ်ဆိုမှတော့ နင် သွားဖို့ လိုတယ်"
"SH**!"
ကျွော့ချင်းက ကျိန်ဆဲလိုက်သည်။
"နင် ဘာကို ဆိုလိုတာလဲ?"
ကျွော့ချင်းက ယနေ့ သူမ နားမလည်သော စကားအနည်းငယ်ကို ပြောခဲ့ပြီး လို့ရှီးဝူက အလွန်သိချင်နေသည်။
ကျွော့ချင်းက သူမလက်ထဲမှ လေးလံတဲ့အဝတ်အစားများနှင့် လက်ဝတ်ရတနာများကို စိုက်ကြည့်နေရင်း ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။
"နင် မသိချင်နဲ့"
ငါ တကယ်ပဲ ခရစ္စမတ်သစ်ပင်လို ၀တ်ဆင်ရတော့မှာလား! မဝတ်ချင်ဘူးဟ!
ကျွော့ချင်းက အဝတ်အစားများကို လို့ရှီးဝူထံသို့ ပြန်ပစ်ပေးလိုက်ပြီး မျက်ခုံးပင့်ကာ ထပ်ပြောလိုက်သည်။
"ငါ ဒါတွေကို ဝတ်လို့ရတယ်၊ ဒါပေမယ့် ဘယ်လိုဝတ်မယ်ဆိုတာကိုတော့ ပြောစရာ ရှိသေးတယ်"
အခန်း ၈၁ အန္တရာယ်ရှိနေတယ်
တော်ဝင်ဥယျာဉ်...
တော်ဝင်ဥယျာဉ်အပေါ် ကျွော့ချင်း၏ပထမဆုံး အာရုံခံစားမှုမှာ စိမ်းလန်းစိုပြေသော သစ်ပင်များ၊ ချုံပုတ်များနှင့် ပန်းပွင့်များဖြစ်သည်။ သို့သော် ခဏအကြာတွင် သူမ အနည်းငယ်မူးဝေလာသလို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် လို့ရှီးဝူက သူမကို ခရစ္စမတ်သစ်ပင်ကဲ့သို့ အဘယ်ကြောင့် ၀တ်ဆင်စေသည်ကို သူမ သိလိုက်ရသောကြောင့်ဖြစ်သည်။ အကယ်၍ ယခုအချိန်တွင် သူမ သာမာန်ပိုးထည်ကို ဝတ်ဆင်ထားခဲ့မိလျှင် သူမ အမှန်တကယ် ကွဲပြားခြားနားနေလိမ့်မည် ဖြစ်သည်။
ကျွော့ချင်း စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာသွားမိသည်။ ကံကောင်းထောက်မစွာဖြင့် သူမ ကြမ်းပြင်အထိ ရှည်လျားလွန်းသော စကတ်ကို အနည်းငယ် ဖြတ်တောက်ခိုင်းခဲ့သည်။ မူလက ငါးလွှာဝတ်ရမည့် စကတ်ကို သုံးလွှာသာ ဝတ်ဆင်ခဲ့ပြီး ခေါင်းပေါ်ရှိ ရွှေဆံညှပ်တစ်ဝက်ခန့်ကို ဖြုတ်ပစ်ခဲ့သော်လည်း ကျောက်စိမ်းပန်းပွားများနှင့် ရွှေဆံညှပ်များ၏ အရှိန်အဝါကြောင့် သူမ၏ ရုပ်ရည်မှာ သာမန်ထက်တော့ ထူးကဲနေဆဲပင်။
သူမ ရှေ့သို့ လှမ်းလာလေလေ ပို၍ အံ့ဩရလေလေ ဖြစ်နေပြန်သည်။ ဥယျာဉ်တစ်ခုလုံးတွင် အဖိုးတန် ပိုးထည်ဝတ်စုံများ၊ ကျောက်မျက်စီခြယ်ထားသော လက်ဝတ်ရတနာများနှင့် ရွှေရောင်အဆင်တန်ဆာများ ဝေဆာနေလွန်းသောကြောင့် သူမကို မှင်သက်နေစေသည်။ သူမ၏မျက်လုံးများရှေ့တွင် တိမ်များကဲ့သို့ လှပသော သွယ်သွယ်လျလျ မိန်းခလေးများ ရှိနေသည်ဟု ဆိုနိုင်သည်။ တစ်ယောက်ချင်းဆီက ပန်းလေးတစ်ပွင့်ကဲ့သို့ နူးညံလှပသိမ်မွေ့နေသည်။ သို့သော် ကျွော့ချင်း၏အမြင်တွင်တော့ မတူညီသော ခံစားမှုမျိုးဖြစ်နေပြီး အလှတရား ထက်စာလျှင် အမြင်အာရုံကို ညှင်းပန်းနှိပ်စက်နေသလို ခံစားနေရသည်။
ရှုပ်ရှက်ခက်နေသော အဆင်တန်ဆာများကြားထဲတွင် သူမတို့၏ပုံသဏ္ဍာန်အမှန်ကို မြင်နိုင်ရန်ပင် ခဲယင်းလွန်းလှသည်။ သေချာသည်ကတော့ သူမကဲ့သို့ စိတ်မပါတပါဖြင့် ရောက်လာကြသော အမျိုးသမီးများလည်း ရှိနိုင်သေးသည်။
ကျွော့ချင်းက လို့ရှီးဝူ၏နောက်မှ ခေါင်းငုံ့ရင်း လိုက်ပါလာကာ သတ်မှတ်ထားသော နေရာသို့ ဖြည်းညှင်းစွာ ရွှေ့လျားနေခဲ့သည်။
ဥယျာဉ်အလယ်ရှိ ကွင်းပြင်တစ်ဖက်တစ်ချက်စီတွင် ထိုင်ခုံငါးတန်း၊ ခြောက်တန်းခန့် ရှိနေသည်။ ကျွော့ချင်းနှင့် လို့ရှီးဝူတို့က ညာဘက်ပထမတန်းတွင် ဝင်ထိုင်လိုက်ကြပြီး ကျွော့ချင်းက သူမ၏မျက်လုံးများကို မှိတ်ချထားလိုက်ကာ သူမ၏စိတ်ကို ငြိမ်သက်စေလိုက်သည်။ ကျွော့ချင်းက သူမနားထဲမှ အမျိုးသမီးတစ်စု၏ ရယ်မောသံနှင့် ရည်ရွယ်ချက်မဲ့ စကားစမြည်ပြောဆိုနေသံများကို အလိုအလျောက် လျစ်လျူရှုထားသည်။ ခဏအကြာတွင် ပတ်ဝန်းကျင်မှ အသံများ ရုတ်တရက် တိတ်ဆိတ်သွားသည်။ ကျွော့ချင်း မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ အရှေ့နန်းဆောင်နှင့် အနောက်နန်းဆောင် မယ်တော်မိဖုရားကြီးနှစ်ပါးက မိန်းမစိုးများနှင့် အစေခံများ ခြံရံပြီး သူမတို့ဆီသို့ လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။
ယခုကဲ့သို့ အချိန်အခါသမယတွင် သူမတို့နှစ်ဦးစလုံးလည်း ဂရုတစိုက် ဝတ်ဆင်ပြင်ဆင်ထားကြပြီး နှိုင်းယှဉ်ကြည့်လျှင် ယန်ကျီလန်၏ ၀တ်စားဆင်ယင်မှုက ရိုးရှင်းပြီး သူမ၏မျက်နှာပေါ်တွင် ကြင်နာတက်သောအပြုံးတစ်ခုရှိနေသည်။ လို့စုရှင်းကမူ အလွန်အမင်းတောက်ပသော အနီရင့်ရောင်ဝတ်စုံကို ပေါ်လွင်သော ရွှေပိုးထည်ခါးပတ်နှင့် တွဲ၍၀တ်ဆင်ထားသည်။ သူမက မာန်ပါသော အမူအရာရှိပြီး သူမ၏လည်ပင်းမှ မြစိမ်းရောင် ကျောက်စိမ်းပုတီးလည်ဆွဲက လူအများ သူမကို စေ့စေ့မကြည့်ဝံ့လောက်အောင် ဝင့်ဝါနေသည်။
မယ်တော်ကြီးနှစ်ပါး ဥယျာဉ်အတွင်းရှိ ပင်မထိုင်ခုံ၌ ဝင်ထိုင်လိုက်ကြပြီးနောက်တွင် အားလုံးက သပ်သပ်ရပ်ရပ် ဒူးထောက် အရိုအသေပေးလိုက်ကြသည်။
"နန်းတော်နှစ်ဆောင်ရဲ့ မယ်တော် မိဖုရားကြီးနှစ်ယောက်ကို အရိုအသေပေးပါတယ်၊ မယ်တော်မိဖုရားကြီးတို့ ဘေးရန်ကင်းပါစေ"
ကျွော့ချင်းက ဖြည်းညှင်းစွာ ဒူးတစ်ဝက်ထောက်ထိုင်ချလိုက်ပြီးချိန်တွင် လို့စုရှင်း၏ မာန်ပါသော အသံက ခပ်တိုးတိုး ထွက်ပေါ်လာသည်။
"ထိုင်ကြပါ"
"ကျေးဇူးတင်ပါတယ် မယ်တော်မိဖုရားကြီး"
အရိုအသေပေးပြီးနောက် မိသားစုအသီးသီးမှ အမျိုးသမီးများက မူရင်းနေရာများတွင် ပြန်ထိုင်လိုက်ကြပြီး ငြိမ်သက်စွာ ခေါင်းငုံ့ထားကြသည်။ သူမတို့က ယခုန ဆူညံသောအခြေအနေနှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေကာ သိက္ခာရှိပြီး ပြေပြစ်ဟန်ပေါ်နေကြသည်။ ကျွော့ချင်းက တိတ်တဆိတ် ပြုံးလိုက်ပြီး ခေါင်းငုံ့ကာ မျက်လုံးမှိတ်လျက် ငြိမ်နေလိုက်သည်။
ယန်ကျီလန်က လို့စုရှင်းကို တစ်ချက်ကြည့်လိုက်ပြီး လို့စုရှင်းက အနည်းငယ် ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရမှ အပြုံးဖြင့် စကားစလိုက်သည်။
"ဒီနေ့ မင်းတို့ကို နန်းတော်ကို ဖိတ်ခေါ်လိုက်ရတဲ့ အကြောင်းရင်းကတော့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာအတွက် အလှတရားရော အရည်အချင်းပါ ပြည့်စုံတဲ့ မိန်းခလေးတွေကို ရွေးချယ်ဖို့ အတွက်ပါ၊ နန်းတော်ထဲမှာ ဖြေဖျော်ဖို့ မင်းတို့အားလုံးကို ဖိတ်ခေါ်ပါတယ်။ မင်းတို့ရဲ့ အရည်အချင်းနဲ့ အလှအပက ချုံယွဲ့အတွက် ဂုဏ်သိက္ခာရှိစေမယ့်ကိစ္စပါ၊ အဲ့ဒါကြောင့် အိုက်ကျားက အသေးစိတ်အချက်အလက်တွေကို အများကြီး ထည့်သွင်းပြောဆို မနေတော့ဘူး။ အရင်စည်းမျဉ်းတွေအတိုင်း စစ်တုရင်ကစားတာ၊ လက်ရေးလှရေးတာ၊ ပန်းချီဆွဲတာ၊ ကဗျာရေးဖွဲ့တာ၊ သီချင်းဆိုတာနဲ့ ကခုန်တာတွေ ပါဝင်မယ်၊ အရည်အချင်းအမြင့်မားဆုံးရှိသူက အနိုင်ရရှိမယ်”
"ဗျပ်စောင်းကျွမ်းကျင်မှုကို အရင်ပြိုင်ကြရအောင်။ ဘယ်မိန်းကလေးက အရင်ဆုံး စွမ်းဆောင်ပြမလဲ"
ယန်ကျီလန်က အားလုံးကို အပြုံးလေးဖြင့် ဝေ့ကြည့်လိုက်သည်။ သို့သော် မိန်းကလေးများက တီးတိုးပြောဆိုနေကြရုံမှတစ်ပါး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားကာ မည်သူမျှ ရှေ့မထွက်လာကြပေ။
ယန်ကျီလန်က ညင်သာစွာ ပြုံးရင်း ထပ်ပြောလိုက်သည်။
"အားလုံးက နှိမ့်ချလွန်းနေကြတာကိုး၊ ဒါဆိုရင်တော့ အိုက်ကျားကပဲ မင်းတို့ထဲက လူတစ်ယောက်ကို အကြံဉာဏ်ပေးမယ်"
"ချင်းမိသားစုက ညီအစ်မတွေက တိုင်းပြည်ခြောက်ခုအတွင်းမှာ ပြောင်မြောက်တဲ့ အရည်အချင်းနဲ့ ရုပ်ရည်ရူပကာရှိတဲ့ အမျိုးသမီးလေးတွေ အဖြစ် ချီးမွှမ်းခံရတာကို အိုက်ကျား ကြားဖူးခဲ့တယ်။ လွန်ခဲ့တဲ့ သုံးနှစ်က ဟောင်ယွဲ့ရဲ့အခမ်းအနားတစ်ခုမှာ လူတိုင်းကို အံသြစေခဲ့တဲ့ ရှူခင်းပုံ ပန်းချီကားတစ်ချပ်ကို ထုတ်ပြခဲ့ပြီး အဲ့ပန်းချီကို မိန်းမပျိုလေးသုံးယောက်က ဆွဲတယ်လို့ သတင်းရခဲ့ဖူးတယ်။ ဒီနေ့ နန်းတော်မှာ အဲ့တာမျိုးကို ဒုတိယအကြိမ် တွေ့နိုင်အောင်လို့ ချင်းမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်တဲ့ ချင်းလင်ကို ဖိတ်ခေါ်ပြီး ဒီလို နေရာနဲ့ လိုက်ရောညီထွေ ဖြစ်အောင် စွမ်းဆောင်ပြခိုင်းရင် မကောင်းဘူးလား? မင်းတို့ရော ဘယ်လို ထင်ကြလဲ?”
ထိုသို့ပြောပြီးနောက် သူမက ကျွော့ချင်းကို ဂရုတစိုက် ကြည့်နေလေသည်။ အနီးနားတွင် ထိုင်နေသော မောင်းမမိဿံများက ဝိုင်းဝန်း ထောက်ခံလိုက်ကြသည်။
"ဒါက အရမ်းကောင်းတဲ့ အစီအစဥ်ပါ၊ ချင်းမိသားစုရဲ့ အကြီးဆုံးသမီးက ဗျပ်စောင်းတီးတာ ကျွမ်းကျင်တယ်လို့ လူတွေက ပြောကြတယ်။ သူ(မ)က သုံးရက်ပတ်လုံး မရပ်မနား တီးနိုင်တယ်လို့ ပြောတဲ့သူတွေလည်း ရှိတယ်။ နားထောင်ဖူးတဲ့သူတွေဆီက ချီးမွမ်းသံတွေက အပြည့်ပဲ၊ ဒီနေ့ တွေ့ခွင့်ရရင် ကံကောင်းတာပေါ့”
အားလုံးကို လျစ်လျူရှုထားပြီး မျက်လုံးများ မှိတ်ထားသည့် ကျွော့ချင်းက ရုတ်တရက် မျက်လုံးဖွင့်ကာ ယန်ကျီလန်ကို ပြန်ကြည့်လိုက်သည်။ သူမတို့ မျက်လုံးချင်းဆုံသွားချိန်တွင် ယန်ကျီလန်က ချစ်စဖွယ် ပြုံးနေသော်လည်း ကျွော့ချင်း၏ မျက်လုံးများက မှေးကျဥ်းသွားသည်။
ဒါက သူမရဲ့ ရည်ရွယ်ချက်လား? လူတိုင်းရှေ့မှာ ငါ့ကိုယ်ငါ အရှက်ခွဲမိအောင် လုပ်နေတာလား? ဒါက သူမရဲ့သမီးအတွက် လက်စားချေဖို့ စီစဥ်ထားတာလား?!
သူမတို့နှစ်ဦး အကြည့်ချင်း ဆုံနေစဉ်မှာပင် ယန်ကျီလန်က အပြုံးမပျက် ကျယ်ကျယ်လောင်လောင် အမိန့်ပေးလိုက်သည်။
"တစ်ယောက်လောက် လာစမ်း၊ ဗျပ်စောင်း ပြင်ဆင်ပေးလိုက်"
"ခဏနေပါဦး"
ကျွော့ချင်းက မတ်တပ်ထရပ်လိုက်သည်။
ငါ့ကို အရှက်ရအောင်လုပ်ဖို့က ထင်သလောက် မလွယ်ဘူးနော်။
ကျွော့ချင်းက စံပြအမျိုးသမီးလေးတစ်ယောက်ကဲ့သို့ အပြည့်အဝ ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လိုက်ပြီး သူမ၏မျက်နှာကို ညှိုးငယ်သော အသွင်အပြင်လေး ဖြစ်စေရန် အစွမ်းကုန် ပြင်ဆင်လိုက်သည်။ ထို့နောက် သူမက သနားစဖွယ်အကြည့်လေးဖြင့် မော့ကြည့်ကာ တောင်းပန်လိုက်သည်။
"မယ်တော်မိဖုရားကြီးရဲ့ အားပေးကူညီမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မ ချုံယွဲ့ကို လာတဲ့လမ်းမှာ ဒဏ်ရာရခဲ့တာက တကယ့်ကို စိတ်မကောင်းစရာပါပဲ၊ အဲဒီဒဏ်ရာကြောင့် ကျွန်မ နားမလည်နိုင်တာတွေ အများကြီးရှိနေပြီး ကျွန်မရဲ့မှတ်ဥာဏ်တွေ တော်တော်များများက မှုန်ဝါးနေတယ်၊ အရင်က ရင်းနှီးခဲ့တဲ့ သံစဉ်တွေအားလုံးကိုလည်း မမှတ်မိတော့ဘူး။ ဒီနေ့ မယ်မယ်တို့အားလုံးအတွက် စိတ်ပျက်စေမိမှာကို ကျွန်မ တကယ်ပဲ စိုးရိမ်မိပါတယ်"
ဟွန့်.. ငါက လို့ရှီးယန်နဲ့ အတူရှိနေတာ ကြာလှပြီ၊ ငါက သူ့ကို ကြည့်ပြီး သူဆီကနေ အများကြီး သင်ယူခဲ့ပြီးသားနော်၊ ဟန်ဆောင်တာလေးလောက်ကတော့ အဲဒါက ဘာများ ခက်နေလို့လဲ!
ယန်ကျီလန် တစ်ခုခု ထပ်ပြောခါနီးမှာပင် ကျွော့ချင်းက နားမလည်ပါးမလည် ပုံလေးဖြင့် ထပ်ပြောလိုက်သည်။
"ဒါပေမယ့် ရှီးဝူရဲ့ ဗျပ်စောင်းကျွမ်းကျင်မှုက ကျွန်မထက် မနိမ့်ဘူးဆိုတာကို ကျွန်မ သိပါတယ်၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှီးဝူက စုမူဖုန်းနဲ့ ဗျပ်စောင်းလေ့ကျင့်ခဲ့ပြီး သူက ကျွန်မနဲ့ ဗျပ်စောင်းအကြောင်း ဆွေးနွေးတုန်းက ရှိးဝူရဲ့ကျွမ်းကျင်မှုကို ချီးမွမ်းပြောဆိုခဲ့တယ်။ မယ်မယ်က ဘာလို့ ရှီးဝူကို အကြံဉာဏ် မပေးခိုင်းတာလဲ။ သူ(မ)က မယ်မယ်တို့အားလုံးကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး"
လို့ရှီးဝူက ချက်ချင်း ထိတ်လန့်သွားပြီး ကျွော့ချင်း၏ခါးကို အတင်း ဆွဲလိမ်လိုက်သည်။
သူမရဲ့ ဗျပ်စောင်းကျွမ်းကျင်မှုအကြောင်းကို ချင်းလင်က ဘယ်အချိန် သခင်လေးစုနဲ့ ပြောခဲ့လို့လဲ၊ သခင်လေးစုက သူမကို ဘယ်တုန်းက အရမ်းချီးကျူးခဲ့လို့လဲ?! ချင်းလင် ပြောနေတဲ့အကြောင်းတွေကို သူမ သိတောင် မသိဘူးလေ! ခုကျတော့ ချင်းလင် ပြောနေတဲ့ပုံက သူတို့က တကယ်ကို ရင်းနှီးပုံပဲ!
ကျွော့ချင်းတစ်ယောက် နာကျင်သွားသော်လည်း ဘာအမူအရာမှ မပြရဲပေ။
ဒီကောင်မလေးက ရက်စက်လွန်းတယ်။ ဘာပဲဖြစ်ဖြစ် သူမက ဒီကောင်မလေးအတွက် တွေးပေးခဲ့တာလေ။ အဆင်ပြေသွားရင် အခမ်းအနားမှာ ဖျော်ဖြေဖို့ ရွေးချယ်ခံရနိုင်ပြီး သူမရဲ့တန်ဖိုးက တဟုန်ထိုးတက်သွားလိမ့်မယ်!
"အိုး... ဟုတ်လား"
ယန်ကျီလန်က ဘေးမှာရှိနေသည့် လို့စုရှင်းကို ကြည့်ကာ လှမ်းပြောလိုက်သည်။
"အစ်မရေ... ရှီးဝူရဲ့ ဗျပ်စောင်းပညာက ဒီနှစ်တွေအတွင်းမှာ ဒီလောက်အထိ တိုးတက်လာမယ်လို့ ညီမ တကယ်မထင်ထားမိဘူး။ ဒါဆိုရင်တော့ ရှီးဝူကို သီချင်းတစ်ပုဒ်လောက် တီးခိုင်းကြည့်ရအောင်နော်"
လို့စုရှင်း၏ အမြဲလိုလို မာနကြီးလှသော အမူအရာက နောက်ဆုံးတွင် အနည်းငယ် ပျော့ပျောင်းသွားတော့သည်။ သူမက လို့ရှီးဝူကို နူးညံ့စွာ ပြုံးပြရင်း လေသံအေးလေးဖြင့် တုံ့ပြန်လိုက်သည်။
"ဒါဆိုလည်း... ရှီးဝူ၊ သီချင်းတစ်ပုဒ်လောက် တီးပြလိုက်ပါဦး"
"ဟုတ်ကဲ့"
ယခုအချိန်တွင်တော့ လို့ရှီးဝူတစ်ယောက် အရဲစွန့်ပြီး တီးပြရုံမှတပါး တခြားရွေးချယ်စရာ မရှိတော့ချေ။
ကျွော့ချင်း တိတ်တဆိတ် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ရှီးဝူအပေါ်ထားတဲ့ လို့စုရှင်းရဲ့သဘောထားက တော်တော်လေးကို နူးညံ့ပျော့ပျောင်းပုံပဲ။ ကြည့်ရတာ လို့ရှင်းစုက ရှီးဝူကို တကယ်ပဲ သဘောကျတယ် ထင်တယ်၊ ဒါဆိုရင်တော့ သူမ ရှီးဝူအတွက် သိပ်ပြီး စိတ်ပူနေစရာ မလိုတော့ဘူး။ ဖျော်ဖြေတာ မအောင်မြင်ရင်တောင် ဘယ်သူကမှ ရှီးဝူကို အထင်သေးဝံ့ရဲမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူမက မယ်တော်မိဖုရားကြီးရဲ့တူမ ဖြစ်နေတုန်းပဲ။
သို့သော် သူမ ပြန်ထိုင်မည်အလုပ်တွင် ယန်ကျီလန်က သူမကို လွှတ်မပေးဘဲ တမင်တကာ ဆင်မြန်းထားသည့် အပြုံးဖျော့ဖျော့ဖြင့် ပြောလာပြန်သည်။
"ဒါပေမဲ့လည်း သီချင်းနားထောင်ရုံ သက်သက်ဆိုရင်တော့ ငြီးငွေ့စရာ ကောင်းလွန်းတယ်။ လင်အာက သီချင်းတွေကို မမှတ်မိတော့ရင်တောင် စာပေအရေးအသားတွေကိုတော့ မှတ်မိနေဦးမှာပါ။ အရင်က လင်အာ ရေးဆွဲခဲ့တဲ့ ရှုခင်းပုံဆိုရင် အခုထိ တော်ဝင်စာကြည့်ဆောင်မှာ ရှိနေတုန်းပဲလေ။ ဒီတော့ ဒီနေ့မှာလည်း အားလုံး မြင်တွေ့နိုင်အောင် လင်အာက နောက်ထပ် လက်ရာတစ်ခုလောက် ဖန်တီးပြဦးမယ် မဟုတ်လား"
ဘာကိုဆိုလိုမှန်းမသိနိုင်သည့် ထိုချီးမွမ်းစကားများက ကျွော့ချင်းကို အနည်းငယ်ဒေါသထွက်သွားစေသည်။
ယန်ကျီလန်က သူမကို တမင်တကာ ရန်စနေတာလား? အခုတော့ ယန်ကျီလန်က သူမနောက်ကို ဓားထက်ထက်တစ်လက်ကိုင်ပြီး လိုက်နေသလို ဖြစ်နေပြီ။
ကျွော့ချင်း၏ မျက်နှာက သိသိသာသာ ညိုမှိုင်းသွားပြီးနောက် သူမက မတ်တပ်ထရပ်ကာ ငြင်းဆန်ရန် ပြင်ဆင်လိုက်သည်။
"ကျွန်တော်မျိုးမ..."
ကျွော့ချင်း စကားပင် ဆုံးအောင်မပြောရသေးမီ အေးစက်သော အမျိုးသမီးအသံတစ်သံက သူမ၏ စကားကို ကြားဖြတ်ဟန့်တားလိုက်သည်။
"မယ်တော်ကြီးကို တင်ပြချင်တာက ချန်ချဲ့တို့ ညီအစ်မတွေက ကိုယ့်ကိုကိုယ် ဖျော်ဖြေဖို့ အတူတူ ပန်းချီဆွဲတာကို ကြိုက်ပါတယ်။ ချန်ချဲ့က အစ်မကြီးနဲ့အတူတူ ပန်းချီ ဆွဲချင်ပါတယ်၊ ဒီနေ့ ချန်ချဲ့ကို အစ်မနဲ့အတူ ပန်းချီဆွဲခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်" (ချန်ချဲ့- ဘုရင်၏မိဖုရားများက သူမတို့ကိုယ်သူမတို့ သုံးသော အခေါ်အဝေါ်)
ကျွော့ချင်း မျက်လုံးပင့်ကြည့်လိုက်ရာ စကားပြောလိုက်သူက ချင်းဖုန့် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အမှန်တကယ်တွင် ချင်းဖုန့်က ထိုနေရာမှာ ရှိနေခဲ့သော်လည်း ကျွော့ချင်းက ဆန့်ကျင်ဘက်မှ အမျိုးသမီးအုပ်စုကို သေချာဂရုတစိုက် မကြည့်မိခဲ့သဖြင့် သတိမထားမိခဲ့ခြင်းပင်။
အတူတူ ပန်းချီဆွဲမယ် ဟုတ်လား? အံ့သြစရာပဲ၊ သူမက ငါ့ကို ဒုက္ခပေးတာလား? ဒါမှမဟုတ် ကူညီတာလား? ဘာပဲဖြစ်ဖြစ် ဘေးကနေ မှင်လေးပဲ သွေးပေးရင်တောင် ပန်းချီကားတစ်ချပ် အတူတူဆွဲတယ်လို့ သတ်မှတ်နိုင်တယ် မဟုတ်ဘူးလား?
ယန်ကျီလန်က လို့စုရှင်းကို တစ်ဖန်ပြန်ကြည့်ကာ အပြုံးဖြင့် လှမ်းမေးလိုက်သည်။
"ညီမလေးရော ဘယ်လိုထင်လဲ"
ကောင်းပြီလေ သူမအတွက် ဒီထက်ပိုပြီး ခက်ခဲတဲ့အရာတွေကို လုပ်နေဖို့မလိုတော့ဘူး၊ ဘာပဲဖြစ်ဖြစ် ခဏနေရင် အားလုံး နိဂုံးချုပ်သွားမှာ သေချာတယ်။
သို့သော် ကျွော့ချင်းထံတွင်တော့ လို့ရှီးဝူကဲ့သို့ ကံကောင်းခြင်းမျိုး မရှိခဲ့ပေ။ လို့စုရှင်းက သူမကို ဘေးတိုက်တစ်ချက် ကြည့်လိုက်ပြီး အေးတိအေးစက် နှာမှုတ်ကာ ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ... အိုက်ကျားလည်း ချင်းမိသားစုက ညီအစ်မတွေမှာ ဘယ်လို အရည်အချင်းမျိုးတွေ ရှိသလဲဆိုတာ သိချင်နေတာနဲ့ အတော်ပဲ"
ရှီးယန်ကိုယ်တိုင် တော်ဝင်နန်းတော်ထဲ ရောက်လာပြီး လက်ထပ်ဖို့ ထပ်ခါတလဲလဲ တောင်းဆိုခဲ့တဲ့ အမျိုးသမီးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့အရာတွေကို သူမ တကယ်မြင်ချင်နေမိတယ်။
ယန်ကျီလန်က သူမရှေ့မှ ရေကန်ထဲတွင် ပွင့်နေသည့် လှပသောကြာပန်းများကို ညွှန်ပြရင်း အပြုံးဖြင့် ပြောလိုက်ပြန်သည်။
"ညီမလေး၊ အခုက ကြာပန်းတွေ ဝေေဝဆာဆာ ပွင့်နေတဲ့ ရာသီပဲ။ ဘာလို့ အဲ့ဒီနားမှာပဲ ဗျပ်စောင်းတီးပြီး ပန်းချီဆွဲခွင့် မပေးရမှာလဲ? ကြာပန်းတွေရဲ့အလှနဲ့ လူတွေရဲ့အလှ၊ ပညာအလှတွေ ပေါင်းစပ်သွားရင် တစ်ကယ့်ကို မြင်ရခဲတဲ့ မြင်ကွင်းမျိုး ဖြစ်သွားမှာ မဟုတ်ဘူးလား"
"အင်း၊ အဲ့ဒါလည်း ကောင်းတာပဲ"
လို့စုရှင်းက သဘောတူလိုက်ပြီး အနားရှိ နန်းတွင်းအစေခံများကို အမိန့်ပေးလိုက်သည်။
"ဒီကိုလာကြစမ်း... ပန်းချီဆွဲဖို့ လိုအပ်တာတွေ အမြန်ဆုံး ပြင်ဆင်လိုက်ကြ"
“အမိန့်တော်အတိုင်းပါ မယ်မယ်"
ခဏအကြာတွင် သွက်လက်လှသော မိန်းမစိုးအချို့က ကြာပန်းကန်အနားသို့ စားပွဲကြီးတစ်လုံးကို သယ်လာကြသည်။ စားပွဲ၏နောက်တွင် သစ်သားစင်မြင့်တစ်ခု ရှိနေသည်။ ထိုစင်မြင့်က ကြာပန်းကန်အထက်တွင် နေသဖြင့် ထိုနေရာမှ မတ်တပ်ရပ်ကြည့်လျှင် ရေကန်၏အလယ်သို့ ရောက်နေသလို ခံစားရစေသည်။ ကြာပန်းများ ဝန်းရံနေသည့် ထိုနေရာလေးက အလွန်ပင် လှပလွန်းလှသည်။
သို့သော် ကျွော့ချင်းကတော့ ထိုအလှအပများကို ခံစားနိုင်မည့် စိတ်ခြေအနေတွင် မရှိနေခဲ့ပေ။ သူမက သူမ၏ဘေးနားတွင် ဘာမှမဖြစ်သလို အေးအေးလူလူ ရပ်နေသည့် ချင်းဖုန့်ကို ကြည့်ကာ လေသံတိုးတိုးဖြင့် ကပ်ပြောလိုက်သည်။
"ငါ တကယ် မဆွဲတတ်ဘူးလို့!!"
သူမက 'ချင်းလင်' မဟုတ်သလို၊ ပန်းချီအနုပညာနဲ့ ပတ်သက်ပြီးလည်း ဘာဆိုဘာမှ မသိဘူးလေ။
ချင်းဖုန့်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ကာ ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ကျွန်မ အရောင်စပ်ပြီးတဲ့အထိသာ စောင့်နေပေးရုံပါပဲ။ ကျွန်မ အရောင်စပ်ပြီးရင် စုတ်တံကို ယူပြီး စက်ဝိုင်းလေးတွေသာ လျှောက်ဆွဲလိုက်ပါ"
"စက်ဝိုင်းဆွဲရမှာလား?"
ကျွော့ချင်းတစ်ယောက် အံ့အားသင့်သွားပြီး ကြောင်တောင်တောင်ဖြင့် မေးခွန်းများ တရစပ် မေးနေပြန်သည်။
"ဘယ်လောက်ကြီးကြီး ဆွဲရမှာလဲ? ဘယ်လောက် များများ ဆွဲသင့်လဲ? ဝိုင်းဝိုင်းစက်စက်လား? ဒါမှမဟုတ် ဘဲဥပုံ ဖြစ်စေချင်တာလား? ဘယ်နေရာမှာ အတိအကျ ဆွဲရမှာလဲဆိုတာ ပြောဦးလေ"
စက်ဝိုင်းပုံဆွဲရုံ သက်သက်ဆိုလျှင်တော့ သူမအတွက် သိပ်အခက်အခဲမရှိဘဲ သေသေချာချာ ပြီးမြောက်အောင် လုပ်နိုင်ပေလိမ့်မည်။ သို့သော် ထိုစက်ဝိုင်းများကို ပုံဖော်ရာတွင် တိကျသည့် အတိုင်းအတာနှင့် သတ်မှတ်ချက်များ ပါဝင်လာမည်ဆိုလျှင်တော့ သူမကို ဒုက္ခပေးသည်နှင့် အတူတူပင်။ ပြောရလျှင် သူမက ခန္ဓာဗေဒပညာရှင်ဖြစ်သည့်အပြင် ဂျီသြမေတြီဘာသာရပ်ကိုပါ အတော်လေး နှံ့စပ်တတ်မြောက်ခဲ့သူ ဖြစ်သည်။
ချင်းဖုန့်ကတော့ ပေါ့ပေါ့ပါးပါး ပြန်ဖြေနေဆဲပင်။
"အစ်မကြိုက်သလိုသာ ဆွဲပါ"
"အင်... ဟမ်?!"
ကျွော့ချင်းကတော့ ပို၍စိတ်ရှုပ်လာသလို ခံစားနေရသည်။
သူမက ငါ့ကို ဘယ်လို ပုံစံမျိုးဆွဲစေချင်နေတာတုန်း?
ကျွော့ချင်းတစ်ယောက် စိတ်ရှုပ်ထွေးနေဆဲမှာပင် မိန်းမစိုးများက စားပွဲပေါ်မျ မှင်ကို သွေးကာ စက္ကူများကို သေသေချာချာ ဖြန့်ခင်းပေးလိုက်ကြသည်။
"အဆင်သင့်ဖြစ်ပါပြီ... သခင်မတို့နှစ်ယောက် စတင်နိုင်ပါပြီ"
ကျွော့ချင်းက ချင်းဖုန့်၏ဘေးတွင် ရပ်ကြည့်နေပြီး ချင်းဖုန့်က ဘေးနားရှိ ကြွေပန်းကန်ဖြူထဲသို့ မှင်အနည်းငယ်ကို ကျွမ်းကျင်စွာ လောင်းထည့်ပြီးနောက် ရေနှင့်အတူ ဂရုတစိုက် ရောမွှေနေသည်။ ခဏအကြာတွင် ချင်းဖုန့်က စပြောလိုက်သည်။
"စဆွဲကြမယ်”
သူမမျက်လုံးများရှေ့၌ ဖြန့်ခင်းထားသည့် ဆန်စက္ကူစာရွက်အကြီးကြီးကို ကြည့်နေရင်း ကျွော့ချင်းတစ်ယောက် အမှန်တကယ် အခက်တွေ့နေရသည်။
ဒီလို အခြေအနေမျိုးနဲ့ ကြုံရမယ်မှန်းသာ ကြိုသိခဲ့ရင် အမေ့ဆီကနေ လက်ရေးလှ ရေးနည်းနဲ့ တရုတ်ပန်းချီပညာကို သေသေချာချာ သင်ယူခဲ့ပါတယ်ဟယ်။ အဲ့လိုဆိုရင်တော့ အခုလိုမျိုး ဘယ်ကနေ စကိုင်ရမှန်းမသိလောက်အောင် ဗျာများနေရမှာ မဟုတ်ဘူး။
ထားလိုက်ပါတော့လေ... ချင်းဖုန့်တောင်မှ စိတ်မပူတာ၊ ငါက ဘာကိစ္စ စိတ်ပူနေရမှာလဲ!
ကျွော့ချင်းတစ်ယောက် အသက်ကို ပြင်းပြင်းလေး တစ်ချက် ရှူလိုက်ကာ စက္ကူဖြူ၏အောက်ခြေနားတွင် လက်သီးဆုပ်ထက် အနည်းငယ် ပိုကြီးသော စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်သည်။ စက္ကူဖြူပေါ်တွင် စက်ဝိုင်းပုံ အမှတ်အသား အနည်းငယ် ရေးပြီးနောက် ကျွော့ချင်းက ချင်းဖုန့်ကို ကြည့်လိုက်သည်။
ချင်းဖုန့်၏ အမူအရာကတော့ ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။ သူမက ကြာပန်းပုံဆွဲရန်အတွက် သင့်တော်သည့် အနီရောင် ဟင်္သာပြဒါးရိုင်း ဆိုးဆေးများကို ဂရုတစိုက် ပြင်ဆင်နေသည်။ (ဟင်္သာပြဒါးရိုင်း- ရှေးခတ်က အရောင်ဆိုးဖို့သုံးတာပါ)
ချင်းဖုန့်က ဘာမှ မကန့်ကွက်သောကြောင့် ကျွော့ချင်းလည်း နောက်ထပ် အားနာမနေတော့ဘဲ စက္ကူပေါ်တွင် စက်ဝိုင်းအကြီး တစ်ဒါဇင်ခန့်နှင့် အဝိုင်းငယ်တချို့ကို ရဲရဲတင်းတင်း ဆွဲပစ်လိုက်သည်။ ပုံ၏ နောက်တစ်ခြမ်းသို့ ရောက်သွားချိန်တွင်တော့ ထိုစက္ကူဖြူကြီးမှာ ကြည့်မကောင်းအောင် ရှုပ်ပွနေလေသည်။
ထိုအချိန်တွင် ချင်းဖုန့်က အဆင်သင့်ဖြစ်သွားပုံရသည်။ သူမက အတော်လေး ပါးလွှာသော စုတ်တံတစ်ခုကို ကောက်ကိုင်လိုက်ပြီး ဖရိုဖရဲ ဖြစ်နေသော စက်ဝိုင်းများပေါ်တွင် အလျင်အမြန် ပုံထပ်ဆွဲနေသည်။ ခဏချင်းအတွင်းမှာပင် လှပတင့်တယ်သော ကြာရွက်တစ်ရွက် အမှန်တကယ် ထွက်ပေါ်လာသည်။ သူမ၏ လက်လှုပ်ရှားမှုများက လျင်မြန်လွန်းလှပြီး ကျပန်းဆွဲလိုက်သည့် စုတ်တံချက်များကြောင့် မူလတွင် ဖရိုဖရဲ ဖြစ်နေသည့် စက်ဝိုင်းများအားလုံး သက်ရှိထင်ရှား ကြာပန်းရေကန်ထဲမှ ကြာရွက်များအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ ရိုးရှင်းသော်လည်း အံ့သြစရာ ကောင်းလွန်းလှသည့် အစွမ်းအစပင်။
ကျွော့ချင်း အံ့သြမှင်တက်နေစဉ်မှာပင် ကျောက်စိမ်းပုတီးစေ့များ ပန်းကန်ပြားပေါ်သို့ ဖြာကျလာသကဲ့သို့ ကြည်လင်သိမ်မွေ့သော အသံတစ်သံ ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။ ကျွော့ချင်း ခေါင်းမော့ကြည့်လိုက်ရာ ရှေ့မလှမ်းမကမ်းတွင် လို့ရှီးဝူက ဗျပ်စောင်းရှေ့၌ သပ်ရပ်စွာ ထိုင်နေပြီး သူမ၏သွယ်လျသော လက်ချောင်းလေးများဖြင့် ဗျပ်စောင်းကြိုးအား တီးခတ်နေသည်ကို မြင်လိုက်ရသည်။ တော်ဝင်ယဥယျာဉ် တစ်ခုလုံးထဲတွင် သာယာလှသော ဗျပ်စောင်းသံလေး ပဲ့တင်ထပ်နေသည်။
"ပြီးပြီ..."
ချင်းဖုန့်၏ အေးစက်သော အသံတိုးတိုးလေး ထွက်လာအချိန်တွင် ကျွော့ချင်းကတော့ လို့ရှီးဝူ၏ ဗျပ်စောင်းတီးသံကို ခံစားနေဆဲပင်။
ပြီးသွားပြီလား!? အရမ်းမြန်တယ်၊ သူမ စက်ဝိုင်းဆွဲဖို့ ယူခဲ့တဲ့ အချိန်လောက်ပဲ ကြာတယ်။
ကျွော့ချင်း ခေါင်းငုံ့ကြည့်လိုက်မိချိန်တွင်တော့ သူမရှေ့မှ ပန်းချီကားကြောင့် လုံးဝ အံ့အားသင့်သွားရသည်။
သူမရှေ့တွင် ကြာရွက်နှင့် ရေကန်ကို ကွက်ကွက်ကွင်းကွင်း မြင်သာစေရန် အနက်ရောင် မှင်ရောင်စုံများကိုသာ အသုံးပြုထားသည့် ပြေပြစ်လှသော မှင်ပန်းချီကားတစ်ချပ် ရှိနေသည်။ ဟင်္သာပြဒါးရိုင်း၏ အနီရောင်နှင့် အဖြူရောင်တို့၏ သိသာသော ကွာခြားမှုက ပွင့်ခါစ ကြာပန်းလေးကို ပို၍ ပေါ်လွင်စေပြီး မှင်ရောင်များကလည်း လတ်ဆတ်တောက်ပနေဆဲပင်။ အံ့သြစရာ အကောင်းဆုံးအရာက ကြာရွက်နှင့် ကြာပန်းပွင့်များပေါ်တွင် ရေစက်ငယ်လေးများ ခိုတွဲနေပုံ ဖြစ်ပြီး ၎င်းက မိုးရွာပြီးစ အချိန်တွင် ပွင့်လန်းလာသည့် ပန်းလေးတစ်ပွင့်အလား ထင်မှတ်ရလောက်သည်။
ပန်းချီကား၏ ဘယ်ဘက်အပေါ်ထောင့်တွင် “လျှို့ဝှက်ထားသော မနက်ခင်း နှင်းရည်စက်၊ မနာလိုသော လူသားကမ္ဘာ" ဟူသော စာလုံးသေးသေးလေးများကိုလည်း ရေးထားသေးသည်။
ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? ဒီလောက်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ သူမကိုယ်တိုင် စုတ်ချက်တွေနဲ့ နှိပ်စက်ဖျက်ဆီးထားတဲ့ ဆန်စက္ကူက ဒီလိုလက်ရာမျိုး ဖြစ်သွားတယ်ဆိုတာ ယုံနိုင်စရာကို မရှိဘူး။
ထိုအရာက ကျွော့ချင်းအတွက် အတွ့အကြုံနှင့် ဗဟုသုတအဖြစ် မှတ်ယူနိုင်သည်။ အမှန်တကယ် အရည်အချင်းရှိသည့် အမျိုးသမီးတစ်ယောက်ကို သူမ မြင်ဖူးလိုက်ခြင်းပင်။
ချင်းဖုန့်က သူမ၏စုတ်တံကို ဖြည်းညှင်းစွာ ချကာ ကျွော့ချင်းကို နောက်ပြန်ဆုတ်စေပြီး ဘေးနားတွင် ငြိမ်သက်စွာ ရပ်နေသော မိန်းမစိုးများအား သစ်သားစားပွဲကို ထမ်းခိုင်းပြီး မယ်တော်ကြီးများထံသို့ ပို့ခိုင်းလိုက်သည်။
သူမတို့က ပုံဆွဲ၍ ပြီးသွားသော်လည်း မှင်စိုနေသည့်အတွက် စက္ကူမှာ ခွာယူရန် ပျော့လွန်းနေသေးသည်။ လို့စုရှင်းနှင့် ယန်ကျီလန် နှစ်ယောက်လုံးက မတ်တပ်ထရပ်ကာ ဂုဏ်သိက္ခာရှိလှသော အမူအရာဖြင့် စားပွဲဆီသို့ လျှောက်လှမ်းလာကြသည်။ ပထမဆုံး အကြည့်တစ်ချက်မှာတင် သူတို့၏မျက်လုံးများက လင်းလက်သွားကြပြီး လို့စုရှင်းတောင်မှ ရှားရှားပါးပါး ချီးကျူးစကား ဆိုလိုက်သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ... ချင်းမိသားစုရဲ့ ဂုဏ်သတင်းဆိုတာ အလကားရလာတာ မဟုတ်ဘူးပဲ"
ပန်းချီပညာကို နားလည်သူတစ်ယောက်အဖို့ ဤကဲ့သို့သော ကျွမ်းကျင်မှုကို ရရှိရန် အနှစ် ၃၀ မှ ၅၀ ခန့်အထိ အချိန်ယူလေ့ကျင့်ရမည်ကို လူတိုင်း သိကြပေသည်။ ထိုမျှလောက်သော ကျွမ်းကျင်မှုမရှိဘဲ ဤမျှ လှပသောပန်းချီကို မည်သို့မျှ ဆွဲနိုင်မည်မဟုတ်ချေ။
ယန်ကျီလန်ကလည်း သဘောကျစွာ ခေါင်းညိတ်ပြုံးရယ်နေရင်း ဝင်ပြောလာသည်။
"ချင်းကိုယ်လုပ်တော်... မင်းရဲ့ ကဗျာလေးထဲက အဓိပ္ပာယ်ကိုလည်း အားလုံးသိအောင် ရှင်းပြပေးပါဦး"
"ဟုတ်ကဲ့"
ချင်းဖုန့် ဖြည်းညှင်းစွာ လျှောက်သွားနေချိန်တွင် ကျွော့ချင်းက သစ်သားစင်မြင့်ပေါ်၌ ကျန်နေပြီး လတ်ဆတ်သောလေကို ဝဝလင်လင် ရှူရှိုက်နေလေသည်။
ဖြစ်နိုင်ရင်တော့ ငါ ဒီနေရာကတေ အမြန်ဆုံး ထွက်သွားချင်နေပြီ။
ချင်းဖုန့်က လမ်းလျှောက်လာတာကို မြင်တော့ ယန်ကျီလန်က သူမနောက်မှာရပ်နေတဲ့ နန်းတော်အစေအပါးကို မသိမသာ တစ်ချက်ကြည့်လိုက်ပြီး နန်းတော်အစေခံက ဖြည်းညှင်းစွာ ပြန်ဆုတ်သွားခဲ့သည်။
ချင်းဖုန့်က ပန်းချီကားဆီသို့ လျှောက်သွားရင်း သူမ၏ခေါင်းကို အနည်းငယ်မော့ကာ ဂုဏ်ယူဝင့်ကြွားဟန် ပြုံးနေလျက် ခပ်ကျယ်ကျယ် ရှင်းပြလိုက်သည်။
"တကယ်တော့ အဓိပ္ပာယ်က အရမ်း ရိုးရှင်းပါတယ်၊ ကြာပန်းဆိုတာ မွန်မြတ်ပြေပြစ်ပြီး တည်ကြည်မှုရှိတဲ့အတွက် လောကကြီးရဲ့ အညစ်အကြေးတွေကြားမှာ ရှိနေပေမယ့်လည်း ညစ်ညမ်းသွားမှာ မဟုတ်ဘူး။ အဲ့လိုပဲ သာမန်လူတွေက ကိုယ့်အပေါ် မနာလိုဖြစ်ကြတာကလည်း ကိုယ့်ရဲ့ အရည်အချင်းကြောင့် ဖြစ်တာမို့ စိတ်ပျက်နေစရာ မလိုဘူးလို့ ဆိုလိုတာပါ"
"ကောင်းတယ်၊ အရမ်းကောင်းတယ်"
လို့စုရှင်းက သဘောကျစွာ ခေါင်းညိတ်ပြလိုက်သည်။ သူမက သူမကိုယ်တိုင် ထက်မြက်သလို ထက်မြက်ပြီး မောက်မာသော အမျိုးသမီးများကို ပို၍ နှစ်သက်လေ့ရှိသည်။
ထိုနေရာတွင် အပြန်အလှန် ချီးကျူးစကားများ ဝေေဝဆာဆာ ရှိနေသော်လည်း ကျွော့ချင်းကတော့ ပျင်းရိစွာဖြင့် ခါးတစ်ချက် ဆန့်ထုတ်နေခဲ့သည်။
ဒီရှေးခေတ်မှာ အမျိုးသမီးတစ်ယောက် ဖြစ်ရတာက တကယ်ကို မလွယ်လှဘူး။ ဂီတ၊ စစ်တုရင်၊ လက်ရေးလှနဲ့ ပန်းချီဆိုတဲ့ အတတ်ပညာ လေးမျိုးထဲမှာ ဂီတနဲ့ ပန်းချီကတော့ မရှိမဖြစ် လိုအပ်နေပုံပဲ။
သစ်သားစင်မြင့်၏ အစွန်းတွင် ရပ်နေသော ကျွော့ချင်းက သက်ပြင်းတစ်ချက် ချလိုက်ရင်း သူမ၏ နံဘေးရှိ ကြာရွက်လေးကို လှမ်းထိလိုက်သည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက် သူမ၏ခြေဖဝါးအောက်မှ ကြမ်းပြင်က ယိမ်းနွဲ့သွားသည်ကို သူမ ခံစားလိုက်ရပြီး သူမနားထဲတွင် သစ်သားကွဲအက်သံ ကျိုးကျိုးကျွတ်ကျွတ်ပင် ကြားလိုက်ရသည်။
သူမ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ခိုင်ခံ့လှသည်ဟု ထင်ရသော သစ်သားစင်မြင့်ကြီးက မထင်မှတ်ဘဲ ပျက်စီးပြိုကျသွားကာ ကျွော့ချင်းတစ်ယောက် ဟန်ချက်ပျက်ပြီး ကြာကန်ထဲသို့ တိုက်ရိုက် ပြုတ်ကျသွားတော့သည်။