← Chapters

အခန်း (၈၄-၈၅)

Vol. 8 Ch. 84-85

အခန်း (၈၄-၈၅)

Vol. 8 Ch. 84-85

အခန်း ၈၄ မြို့တော်အနှံ့ ထိတ်လန့်တုန်လှုပ်ခြင်း

ကျိုက်ရှင်းအဆောင်...

ပြတင်းပေါက်အပြင်ဘက်တွင် နေရောင်ခြည်များ လင်းလက်တောက်ပနေသော်လည်း ကျွော့ချင်းကတော့ ခုတင်ပေါ်တွင်သာ လဲလျောင်းနေရဆဲဖြစ်သည်။ သူမ၏ လက်ရှိစိတ်ခံစားချက်ကို မည်သို့ဖော်ပြရမှန်း သူမလည်း မသိတော့ချေ။

ခုတင်ဘေးတွင် ထိုင်နေသော လို့ရှီးယန်က သူ့လက်ထဲမှ ဇွန်းပေါ်ရှိ ဆေးရည်များ မပူတော့ကြောင်း သေချာအောင် မှုတ်ပေးပြီးနောက် ကျွော့ချင်း၏ နှုတ်ခမ်းနားသို့ ညင်သာစွာ တိုးကပ်ပေးလိုက်သည်။ သူက သူမကို မြတ်နိုးကြင်နာလှသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေသောကြောင့် ကျွော့ချင်းတစ်ယောက် စိတ်ထဲတွင် ငိုချင်နေသော်လည်း အလိုက်တသိ ပါးစပ်ဖွင့်ကာ ခါးသက်လှသော တိုင်းရင်းဆေးရည်ကို တစ်ဇွန်းချင်း မျိုချနေရသည်။

လို့ရှီးယန်က သူမအပေါ် အမှန်တကယ် ကောင်းမွန်လွန်းပြီး အစစအရာရာ ဂရုစိုက်ပြုစုပေးနေကြောင်း သူမ နားလည်နေသည်။ ယခု သူက ဆေးရည်ကို ဇွန်းဖြင့် ကြင်ကြင်နာနာ တိုက်ကျွေးနေသည့်အပြင် ဆေးရည်က အထူးဖော်စပ်ထားခြင်းဖြစ်၍ အလွန်အမင်း ခါးသက်မည်မဟုတ်ကြောင်းနှင့် သူ တော်ဝင်သမားတော်ကို အထူးမှာကြားထားသည်ဟုလည်း ချော့မော့ပြောဆိုနေသေးသည်။ သို့သော် အနောက်တိုင်းဆေးတောင့်များကိုသာ သောက်ဖူးသည့် ကျွော့ချင်းအတွက်မူ ဤဆေးရည်၏အရသာက ရူးသွပ်ချင်စရာကောင်းလွန်းလှသည်။ သူမက သူ၏ ဂရုစိုက်မှုကို ဆက်လက်ခံစားချင်သော်လည်း ဤဆေးကို သောက်ရသည်မှာလည်း အဆင်မပြေလှချေ။

လို့ရှီးယန်က နောက်ထပ်တစ်ဇွန်း ထပ်တိုက်လာချိန်တွင် ကျွော့ချင်းက ဆေးပန်းကန်လုံးကို လှမ်းယူလိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ခါးသက်ပူလောင်သည့် ဝေဒနာကို အချိန်အကြာကြီး ခံစားနေမည့်အစား တစ်ခါတည်းနှင့် အမြန်ဆုံး ရှင်းပစ်လိုက်ချင်ခြင်းပင်။

နောက်ဆုံးတွင် ကျွော့ချင်းက ရေဖန်ခွက်ကြီး နှစ်ခွက်ကို ဆက်တိုက်သောက်လိုက်ပြီး သူမ၏ ပျို့အန်ချင်စိတ်ကို ထိန်းထားနိုင်ခဲ့သည်။ လို့ရှီးယန်က သူမကို ရယ်ချင်နေသော မျက်နှာဖြင့် ကူကယ်ရာမဲ့စွာ ကြည့်နေသောကြောင့် ကျွော့ချင်းက မမြင်ချင်ယောင်ဆောင်ကာ မေးခွန်းထုတ်လိုက်သည်။

"ဒီရက်ပိုင်းအတွင်း ရှင် အလုပ်တွေ အရမ်းများနေတာ မဟုတ်ဘူးလား? အခုကျတော့ အိမ်မှာ တစ်နေ့လုံးနေဖို့ အချိန်တွေ ရှိနေတယ်လား"

သူမ အိမ်တွင် လဲလျောင်းနေရသည့် သုံးရက်လုံး သူ ရုံးတော်သို့ လုံးဝမသွားဘဲ သူမအနား၌ တစ်ချိန်လုံး ရှိနေပေးခဲ့သည်။ တစ်နေ့ သုံးကြိမ် ဆေးသောက်ချိန်တိုင်းတွင်လည်း သူ အနားတွင် ရှိနေသောကြောင့် သူမ ဆေးကို ခိုးသွန်ရန် အခွင့်အရေးမရဘဲ နာနာခံခံ ဆေးသောက်နေရသည်။

လို့ရှီးယန်က ဆေးပန်းကန်ကို ပြန်ယူပြီး စားပွဲခုံပုလေးပေါ်သို့ တင်လိုက်သည်။ သူက သူ့ကိုယ်သူ ဂုဏ်ယူနေဟန်ဖြင့် ပြန်ဖြေလာခဲ့သည်။

"ကိုယ် 'နာမကျန်းခွင့်' တင်ထားတာလေ"

နာမကျန်းခွင့် တဲ့လား?

ကျွော့ချင်း ရယ်မောလိုက်သော်လည်း ထိုအကြောင်းကို ဆက်မမေးတော့ဘဲ အခြားကိစ္စတစ်ခုကို အလောတကြီး ထပ်မေးလိုက်သည်။

"အဲ့ဒီနေ့က တော်ဝင်ဥယျာဉ်မှာ ရှင် မယ်တော်ကြီးနှစ်ပါးလုံးနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်လို့ ကျွန်မ ကြားမိတယ်။ ရှင် ဒေါသထွက်နေတဲ့ ပုံစံကို ကျွန်မ မတွေ့လိုက်ရတာ တကယ်ပဲ နှမြောဖို့ ကောင်းလိုက်တာ"

လွန်ခဲ့သည့်ရက်များအတွင်း လို့ရှီးဝူ သူမကို လာတွေ့ခဲ့စဉ်က ထိုနေ့တွင် လို့ရှီးယန် မည်မျှ သတ္တိရှိကြောင်းနှင့် မည်မျှ ချောမောခန့်ညားနေကြောင်းကို အမြှုပ်ထွက်မတတ် ပြောပြခဲ့သည်။ လို့ရှီးဝူ၏ အပြောအရဆိုလျှင် သူက နတ်ဆိုးတစ်စုကို တစ်ကိုယ်တော် နှိမ်နင်းခဲ့သည့် သူရဲကောင်းကြီးတစ်ဦးနှင့်ပင် တူနေလေသည်။ ကျွော့ချင်းက လို့ရှီးဝူ၏ စကားအားလုံးကို မယုံကြည်သော်လည်း ထိုနေ့က လို့ရှီးယန် အမှန်တကယ် ဒေါသထွက်ခဲ့ကြောင်းနှင့် ထိုဒေါသကလည်း သေးငယ်မည်မဟုတ်ကြောင်းကိုတော့ သူမ ခန့်မှန်းနိုင်ခဲ့သည်။

လို့ရှီးယန်က အနည်းငယ် အံ့သြသွားဟန်ဖြင့် ပြန်မေးလာခဲ့သည်။

"မင်းက အဲ့ဒီပုံစံကို တကယ်ပဲ မြင်ချင်နေတာလား?"

ကျွော့ချင်းက ရယ်မောရင်း ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေါ့! အဲ့ဒါက ကျွန်မကြောင့် ဖြစ်ခဲ့တာဆိုပေမယ့် ရှင် ဒေါသထွက်နေတဲ့ ပုံစံကို တကယ်ပဲ စိတ်ဝင်တစားနဲ့ ကြည့်ချင်မိတယ်"

လို့ရှီးဝူက အရမ်းအံ့သြစရာကောင်းတယ်လို့ ပြန်ပြောပြအောင်လုပ်ခဲ့တာ ဘယ်သူလဲ? အဲဒါက သူမရဲ့စူးစမ်းချင်စိတ်တွေကို အဆက်မပြတ်တိုးလာစေပြီး စပ်စုချင်စေတယ်။

လို့ရှီးယန်က သူမ၏ စကားများကို တမင်လျစ်လျူရှုလိုက်ပြီး စောင်ကို ဆွဲယူကာ သူမကိုယ်ပေါ်သို့ လွှမ်းခြုံပေးရင်း နူးညံ့သောအသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"ခဏလောက် ထပ်ပြီး အိပ်လိုက်ဦးနော်"

"အခုက နွေရာသီရောက်နေပြီလေ၊ ပြီးတော့ ကျွန်မ အဲ့လောက်ထိလည်း အားနည်းမနေပါဘူး"

ကျွော့ချင်းက ခေါင်းကို ခါယမ်းလိုက်ပြီး စောင်ကို ခုတင်၏အတွင်းဘက်သို့ တွန်းပို့လိုက်သည်။

"အခု ရက်အနည်းငယ်လည်း ကြာနေပြီ၊ ကျွန်မကိုယ်တိုင်လည်း ဆေးပညာ ကျွမ်းကျင်မှုရှိတာ ရှင်သိသားပဲ။ ကျွန်မရဲ့ခန္ဓာကိုယ်မှာ ထူးထူးခြားခြား တုံ့ပြန်မှုမျိုးတွေ မရှိတော့ဘူး၊ ရေနစ်တာရဲ့ နောက်ဆက်တွဲ ဝေဒနာတွေ ထပ်မဖြစ်နိုင်တော့ဘူး၊ ရှင် စိတ်မပူပါနဲ့တော့"

ရေနစ်ပြီးနောက်တွင် လည်ချောင်းနာခြင်း၊ အဆုတ်အအေးမိခြင်းနှင့် ချောင်းဆိုးခြင်းများ အလွယ်တကူ ဖြစ်ပွားနိုင်သည်ကို သူမ သိထားသောကြောင့် ယခုရက်ပိုင်းအတွင်း ဆေးကုသမှုများကို သူမ စိတ်ရှည်လက်ရှည် ပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်းပင်။ သို့သော် ယခုအခါ သူမ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေက တည်ငြိမ်လာပြီဟု ခံစားရသဖြင့် ကျွော့ချင်းက ခုတင်ပေါ်တွင် ငြိမ်ငြိမ်လေး ဆက်မလဲလျောင်းချင်တော့ပေ။

သူမ၏ နဖူးပေါ်မှ ချွေးပါးပါးလေးကို မြင်လိုက်ရသည့် လို့ရှီးယန်က သူမကို တွန်းအားထပ်မပေးတော့ဘဲ သတိပေးစကားသာ ပြောလိုက်သည်။

"ဒီရက်ပိုင်းအတွင်းမှာ မယ်တော်ကြီးတွေက နန်းတော်ထဲဝင်ဖို့ အမိန့်ပေးလာရင်တောင် မင်း ဂရုမစိုက်နဲ့တော့"

ကျွော့ချင်းက မျက်ခုံးပင့်ကာ အပြုံးလေးဖြင့် ပြန်‌မေးလိုက်သည်။

"အဲ့ဒါက တော်ဝင်အမိန့်တော်ကို မလေးစားဘဲ အရိုအသေမဲ့ရာ မကျဘူးလား?"

"ကိုယ်တို့ လက်မထပ်ရသေးခင်အထိတော့ မင်း 'အပြင်းဖျား' နေရလိမ့်မယ်။ အိပ်ရာထဲကနေ လုံးဝ မထနိုင်တဲ့အတွက် နန်းတော်ထဲ မဝင်နိုင်တာက သဘာဝကျတယ်"

လို့ရှီးယန်က "အပြင်းဖျား" ဟူသော စကားလုံးကို တမင်တကာ လေသံမြှင့်၍ အလေးပေး ပြောလိုက်သည်။

ကျွော့ချင်းက သူ့အကြံကို နားလည်သွားပြီး အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

"ကျွန်မ နားလည်ပါပြီ"

တကယ်‌တော့ သူမလည်း နန်းတော်ထဲကို ဝင်ချင်စိတ် မရှိဘူးလေ။ အခု ဒီလိုတွေ ဖြစ်ပျက်ခဲ့တာကြောင့် အဘွားအိုနှစ်ယောက်ကို ပြန်တွေ့တဲ့အခါ တည်ငြိမ်နေဖို့က အရမ်းခက်ခဲနတယ်၊ အဲ့တော့ သူမတို့ကို မတွေ့တာက အကောင်းဆုံးပဲ။

သူမ လို့ရှီးဝူနှင့် စကားပြောခဲ့စဉ်က သူမ ရေထဲကျသွားသည့်အတွက် ချင်းဖုန့်တစ်ယောက် မျက်လုံးများ ဖောင်းအစ်လာသည်အထိ ငိုကြွေးခဲ့ကြောင်း သိခဲ့ရသဖြင့် ကျွော့ချင်းက သတိတရ ထပ်ပြောလိုက်သည်။

"ကျွန်မ နေကောင်းသွားပြီလို့ ချင်းဖုန့်ဆီကို သတင်းပို့ပေးလို့ ရမလား? သူ(မ) အရမ်းစိတ်ပူနေမှာကို ကျွန်မ စိုးရိမ်တယ်"

မူလက သူမထံတွင် ချင်းဖုန့်အပေါ် ညီအစ်မရင်းချာကဲ့သို့ သံယောဇဉ်ကြီးကြီးမားမား မရှိခဲ့သော်လည်း ချင်းဖုန့်က သူမအပေါ် ရိုးသားဖြူစင်စွာ ဆက်ဆံခဲ့ပြီး သူမကို စိတ်လှုပ်ရှားစေခဲ့သည်။ ထို့ကြောင့် ဤခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသရွေ့ သူမ ချင်းဖုန့်ကို သူမ၏ ဆွေမျိုးအရင်းအချာကဲ့သို့ ဆက်ဆံရန် ကျွော့ချင်း ဆုံးဖြတ်လိုက်သည်။

"မင်း စိတ်ပူဖို့ မလိုတော့ပါဘူး၊ ကိုယ် သူ(မ)ဆီကို သတင်းပို့ပြီးပါပြီ"

အဲ့ဒီနေ့က ကြာပန်းရေကန်တစ်ဝိုက်မှာ ပရမ်းပတာ ဖြစ်နေခဲ့ပြီး သူကိုယ်တိုင်လည်း အရမ်းစိုးရိမ်နေခဲ့တယ်။ ဒါပေမယ့် ချင်းဖုန့်ရဲ့မျက်လုံးတွေထဲက အေးစက်မှုနဲ့ အမုန်းတရားတွေကိုတော့ သူ လျစ်လျူမရှုနိုင်ခဲ့ဘူး။ ဒီမိန်းခလေးက ဘယ်တော့မှ ဘယ်သူကမှ သူမကို အနိုင်ကျင့် အရှက်ခွဲတာကို လက်ခံမှာ မဟုတ်ဘူး။ မောင်းမဆောင်မှာ သူမရဲ့စိတ်နေစိတ်ထားနဲ့ဆိုရင် တခြားသူတွေက သူမကို ခြေထောက်နဲ့ နင်းချေတာပဲဖြစ်ဖြစ် သူမက သူများ ခြေထောက်ကို အပိုင်းပိုင်း ပြန်ရိုက်ချိုးတာပဲဖြစ်ဖြစ် နှစ်ခုစလုံးက အခြေအနေ မကောင်းလောက်ဘူး။

ကျွော့ချင်းက လို့ရှီးယန်၏အတွေးများကို မသိသောကြောင့် ယခု သူမ စိုးရိမ်နေသည့် နောက်ထပ် မေးခွန်းတစ်ခုကို ထပ်မေးလိုက်သည်။

"ဘယ်သူက ကျွန်မကို သတ်ချင်နေလဲဆိုတာ ရှင် သိပြီးပြီလား"

လို့ရှီးယန်က အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလိုက်သည်။

"မင်း သိတယ်လား"

သူက သူမ ရေမကူးတတ်လို့ ရေထဲပြုတ်ကျသွားပြီး ကမောက်ကမဖြစ်နေတယ်လို့ပဲ ထင်ထားခဲ့တာ။ အခုတော့ သူမက အားလုံး သိနေတယ်တဲ့လား?

ကျွော့ချင်းက ထိုနေ့က သူမ ရေအောက်၌ ကြုံတွေ့ခဲ့ရသည့် တိုက်ပွဲကို ပြန်တွေးနေပြီး သူမ၏မျက်နှာလည်း အနည်းငယ် အေးစက်သွားသည်။

"တကယ်တော့ ကျွန်မ ရေကူးတတ်တယ်။ အဲ့ဒီနေ့က ရေအောက်ကို ရောက်ရောက်ချင်း ရေကန်အောက်ခြေက သစ်သားတိုင်တွေကို စစ်ကြည့်ခဲ့သေးတယ်။ ပြိုကျရလောက်တဲ့အထိ ဆွေးမြည့်မနေဘူး။ ပြီးတော့ ကျွန်မက ရေအောက်ကို အတင်းတွန်းချခံရပြီး ရေနစ်အောင် အလုပ်ခံရတာဆိုတော့ ဒါက 'လူသတ်မှု' လို့ ကောက်ချက်ချဖို့ လုံလောက်နေပြီ။ လူသတ်သမားက ဘယ်သူလဲဆိုတာ ကျွန်မ ရိပ်မိပေမယ့် လောလောဆယ် သက်သေမရှိသေးလို့ ခက်နေတာ"

"လောလောဆယ်တော့ သူ ဟုတ်မဟုတ် မသေချာသေးပေမယ့် ကိုယ် ဒီကိစ္စကို လုံးဝ လက်လျှော့မှာ မဟုတ်ဘူး။ မင်းကတော့ ကောင်းကောင်း အနားယူဖို့ပဲ လိုတယ်။ ဘာမှ စိတ်မပူနဲ့တော့နော်"

သူမ ရေထဲသို့ တွန်းချခံရသည်ဟူသော စကားကို ကြားလိုက်ရချိန်တွင် လို့ရှီးယန်၏ နှလုံးသားက တစ်ဖန် ကွဲကြေသွားရပြန်သည်။ ထိုအချိန်တွင် သူမ မည်မျှ ထိတ်လန့်ပြီး မည်မျှ အားကိုးရာမဲ့ ဖြစ်နေမည်ကို သူ တွေးပင်မတွေးရဲတော့ပေ။

လို့ရှီးယန်က ကျွော့ချင်းကို ရင်ခွင်ထဲသို့ ညင်ညင်သာသာ ဆွဲယူပွေ့ဖက်လိုက်ပြီး သူမ၏နူးညံ့လှသော ဆံနွယ်လေးများကို ပွတ်သပ်ကာ ချော့မြူပေးနေသည်။ တစ်ချိန်တည်းမှာပင် သူကိုယ်သူလည်း ပြန်နှစ်သိမ့်နေရသည်။

အဲ့အချိန်က သူသာ တော်ဝင်ဥယျာဥ်ကို မသွားခဲ့ရင် ဒါမှမဟုတ် သူ့ဘေးမှာ မော့ပိုင်သာ အတူမရှိခဲ့ရင်..... အကျိုးဆက်က ဘယ်လိုဖြစ်သွားနိုင်လဲ??

သူ သူမကို ထာဝရ ဆုံးရှုံးသွားနိုင်လား?

သူ၏လက်များက မသိစိတ်ကြောင့် တဖြည်းဖြည်း တင်းကျပ်လာပြီး သူမ၏ ကိုယ်ငွေ့နွေးနွေးလေးကသာ သူ၏ ဂယောက်ဂယက်ဖြစ်နေသော နှလုံးသားကို ငြိမ်သက်သွားစေနိုင်သည်။

ကျွော့ချင်းကလည်း လို့ရှီးယန်၏ ရုတ်တရက် ပွေ့ဖက်ခြင်းကြောင့် ခေတ္တမျှ အံ့အားသင့်သွားခဲ့သည်။ သို့သော်လည်း သူက သူမအတွက် မည်မျှ စိတ်မကောင်းဖြစ်နေသည်ကို နားလည်လိုက်သည်။ သူမက သူမ၏ မျက်နှာကို သူ့ပုခုံးပေါ်သို့ ညင်သာစွာ မှီချလိုက်ပြီး သူ့ကို တင်းတင်းကျပ်ကျပ် ပြန်လည်ပွေ့ဖက်ကာ နားနားသို့ ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်မ တကယ် အဆင်ပြေပါတယ်"

သူမ၏ နူးညံ့သောအသံတိုးတိုးလေးက သူ့ရင်ကို အမှန်တကယ် အေးချမ်းသွားစေခဲ့သည်။

တကယ်တော့ သူက သူမကို သူ့ရင်ခွင်ထဲမှာ ဒီလိုမျိုးပွေ့ဖက်ထားပြီး ကာကွယ်စောင့်ရှောက်နိုင်ဖို့ မျှော်လင့်နေမိတာပါ၊ တကယ်တမ်းတော့ မဖြစ်နိုင်ဘူးလေ။

လို့ရှီးယန်က သူမ၏ ဆံပင်များကို ပွတ်သပ်ပေးရင်း သက်ပြင်းတိုလေးတစ်ခု ချလိုက်ပြန်သည်။

"အခုကစပြီး... မော့ပိုင်က မင်းကို တိတ်တဆိတ် ကာကွယ်ပေးလိမ့်မယ်။ ဟုတ်ပြီလား?"

"မဖြစ်ဘူး!"

ကျွော့ချင်းက ရုတ်တရက် ကိုယ်ကို ပြန်မတ်လိုက်ပြီး ချက်ချင်း ငြင်းဆန်လိုက်သည်။

လို့ရှီးယန်က သူမ လွတ်လပ်မှုကို မြတ်နိုးပြီး ချုပ်ချယ်ခံရခြင်းကို မုန်းတီးကြောင်း သိထားသော်လည်း သူမ ယခုကဲ့သို့ ပြတ်ပြတ်သားသား ငြင်းလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။ သူက သူမ၏ ပါးပြင်ကို အသာအယာ ပွတ်သပ်ရင်း ချော့မော့ရှင်းပြနေပြန်သည်။

"သူက မင်းကို တားဆီးမှာ မဟုတ်ပါဘူး။ မင်းသွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ် သွားလို့ရတယ်။ သူက အဝေးကနေ မင်းကို အေးအေးဆေးဆေး စောင့်ရှောက်ပေးပြီး မင်း လုံခြုံဖို့ပဲ ကာကွယ်ပေးနေမှာပါ"

ကျွော့ချင်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"အဲ့ဒါကြောင့် မဟုတ်ပါဘူး။ သူက ရှင့်ရဲ့ သက်တော်စောင့်လေ... ရှင့်ရဲ့ လုံခြုံရေးအတွက် သူ ရှင့်ကို ကာကွယ်ပေးနေမှ ကျွန်မ ပိုပြီး စိတ်အေးရမှာပေါ့။ ရှင်က ဝန်ကြီးချုပ်ဆိုတော့ ကျွန်မထက်ပိုပြီး အန္တရာယ်ရှိနိုင်တယ်‌လေ။ ရှင် ကျွန်မအတွက် စိုးရိမ်နေတယ်ဆိုရင် ကျွန်မကို ကာကွယ်ဖို့ တခြားတစ်ယောက်ယောက် ရှာပေးလေ၊ ဘယ်သူပဲဖြစ်ဖြစ် ရတယ်"

လို့ရှီးယန်၏ ဂရုစိုက်မှုနှင့် ချစ်ခြင်းကို သူမ ခံစားနားလည်နိုင်သော်လည်း သူမက အထိမခံသည့် ကြွေရုပ်လေးတစ်ရုပ် မဟုတ်ပေ။ ကြာပန်းရေကန်မှ အဖြစ်အပျက်က သူမ၏ပေါ့ဆမှုကြောင့် ဖြစ်ခဲ့ရခြင်းပင်။ ခေတ်သစ်မှ လူတစ်ယောက်အနေဖြင့် သူမ၏ အတွေးအချို့က ရှေးခေတ်နှင့် အသားမကျသေးပေ။ မောင်းမဆောင်က အမျိုးသမီးများ၏ ကောက်ကျစ်စဉ်းလဲမှုကို သူမ နားမလည်ခဲ့သလို နားလည်ရန်လည်း မကြိုးစားခဲ့ပေ။ သို့သော် ယခုတွင်မူ သူမ သဘောပေါက်သွားပြီဖြစ်သောကြောင့် နောင်တွင် အချိန်တိုင်း သတိထားနေထိုင်တော့မည်ဟု ဆုံးဖြတ်ပြီး ဖြစ်သည်။

"ချင်းအာ... ပြီးခဲ့တဲ့တစ်ခေါက်ကလို ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်မျိုးက အဲ့ဒီတစ်ကြိမ်တည်းနဲ့တင် လုံလောက်သွားပြီ။ ဒုတိယအကြိမ် ထပ်ရှိလာမှာကို ကိုယ် လုံးဝ သည်းမခံနိုင်ဘူး။ ပြီးတော့ ကိုယ့်မှာ ကိုယ့်ကို ကာကွယ်ပေးမယ့်သူတွေ အများကြီး ရှိတယ်။ သာမန်အချိန်တွေမှာ မော့ပိုင်ကို ကိုယ် မလိုအပ်ဘူး။ ကိုယ် မင်းအနားမှာ အမြဲတမ်း မနေပေးနိုင်ဘူးလေ၊ အဲ့တော့ မင်းအတွက် အချိန်တိုင်း စိုးရိမ်နေရမှာ။ မော့ပိုင် မင်းအနားမှာ ရှိနေမှပဲ ကိုယ် နည်းနည်း ပိုပြီး စိတ်အေးရမှာ... ဟုတ်ပြီလား?"

သူမ၏ ခါးပတ်လည်ရှိ လက်များက ပို၍ တင်းကြပ်လာပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ထွေးပွေ့ထားလိုက်ကြသည်။ ကျွော့ချင်းက သူမ၏ နှလုံးခုန်သံ ယခင်ကထက် ပိုမိုမြန်ဆန်လာသည်ကို ခံစားလိုက်ရသည်။ သူမက ငြင်းဆန်ချင်သော စကားလုံးများကို မျိုချလိုက်ပြီး အပြုံးဖြင့် လက်ခံလိုက်သည်။

"ကောင်းပါပြီ"

လို့ရှီးယန်၏ ခန္ဓာကိုယ်က ပိန်ပါးပြီး ကြွက်သားကြီးကြီးမားမား မရှိသော်လည်း သူမကို အလွန်လုံခြုံသည်ဟု ခံစားရစေသည်။ သူ၏ ထွေးပွေ့မှုကို ခံစားရင်း မျက်လုံးများကို မှိတ်ထားသော ကျွော့ချင်းက ရုတ်တရက် တစ်ခုခုကို သတိရသွားပုံဖြင့် မျက်လုံးပြန်ဖွင့်ကာ တောင်းဆိုလိုက်ပြန်သည်။

"ကျွန်မမှာ တောင်းဆိုစရာ တစ်ခုရှိတယ်၊ အဲ့ဒါက အရမ်းအရေးကြီးတယ်"

လို့ရှီးယန်က အနည်းငယ် အံ့သြသွားပြီး သူမကို ပြန်မေးလိုက်သည်။

"ဘာလဲ... ပြောလေ"

"မင်္ဂလာဝတ်စုံနဲ့ ဖီးနစ်သရဖူပုံစံကို ကျွန်မ စိတ်ကြိုက် ရွေးလို့ရမလား?"

ထိုနေ့က စကတ်သုံးလွှာကို ဝတ်ဆင်ထားရသည်ကပင် သူမကို အသက်ရှူမဝလုနီးပါး ဖြစ်စေခဲ့သည်။ လို့ရှီးဝူ၏ ပြောပြချက်အရ တော်ဝင်မိသားစု၏ မင်္ဂလာဝတ်စုံက ခုနစ်လွှာရှိပြီး လို့မိသားစုက တော်ဝင်မိသားစု မဟုတ်သော်လည်း အနည်းဆုံး ခြောက်လွှာ ဝတ်ရမည်ဖြစ်သည်။ ထိုအရာက သူမကို သေအောင် နှိပ်စက်နေခြင်းပင်။

"ဒါပဲလား?"

လို့ရှီးယန်ကတော့ ရယ်ရမလား ငိုရမလားပင် မသိတော့ဘဲ ကူကယ်ရာမဲ့ ဖြစ်နေရှာသည်။

"အင်း!"

ကျွော့ချင်းက အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။

သူမရဲ့မင်္ဂလာဆောင်နဲ့ ပတ်သတ်ရင်တော့ ဒီကိစ္စက အရမ်း အရမ်းကို အရေးကြီးတယ်။

လို့ရှီးယန်က ရယ်မောလိုက်ပြီး သူမကို သူ့ရင်ခွင်ထဲသို့ ပြန်လည်ဆွဲသွင်းကာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း ကတိပေးလိုက်သည်။

"ကောင်းပါပြီ... သခင်မ ဘာပဲပြောပြော ဖြစ်အောင်လုပ်ပေးမယ်"

.......။........။......

ခမ်းနားလှပသော အတွင်းဆောင်တွင် မွှေးရနံ့များ ပြည့်နှက်နေသင့်သော်လည်း ကံမကောင်းစွာဖြင့် အခန်းထဲ၌ ပြည့်လျှံနေသည့် သွေးနံ့များက ပြင်းထန်လွန်းလှသည်။ ကြမ်းပြင်ပေါ်ရှိ သွေးများမှာ လုံးဝ ခြောက်သွေ့မသွားသေးဘဲ ပန်းရောင်ဖျော့ဖျော့ မွေ့ယာပေါ်တွင်လည်း သွေးကွက်များ စွန်းထင်းနေသည်။

ခုတင်ပေါ်ရှိ အမျိုးသမီး၏ အဝတ်အစားများက ပြေကျနေသော်လည်း သူမ၏ ချောမွေ့သော အရေပြားပေါ်တွင် မည်သည့်ဒဏ်ရာမှ မရှိချေ။ သို့သော် သေချာစွာ စစ်ဆေးကြည့်သောအခါ သူမ၏ ဘယ်ဘက်ရင်အုံ အောက်ဘက်စွန်းတွင် အနီရောင် မျဉ်းလေးတစ်ကြောင်း တွေ့ရှိရသည်။ ထိုပါးလွှာသော အနီရောင်မျဉ်းက အရေပြားကို ညင်သာစွာ ခွဲထားသော သုံးလက်မခန့်ရှည်သည့် ဓားဒဏ်ရာတစ်ခု ဖြစ်သည်။ ဒဏ်ရာက အလွန်သပ်ရပ်လှပြီး သွေးများ စီးကျခဲ့ပုံရသော်လည်း ယခုအချိန်တွင် သွေးများခန်းခြောက်နေပြီ ဖြစ်သည်။

ရှန်ယုလန်က သူမ၏ ဘယ်ဘက်ရင်အုံကို အသာအယာ ဖိကြည့်လိုက်ရာ ထိုနေရာတွင် အခေါင်းပေါက်တစ်ခု ဖြစ်နေပြီး ဤအလောင်း၏ 'နှလုံး'က ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။

လူသတ်သမား၏ ဓားချက်က အလွန်တိကျလှပြီး သေဆုံးသူ၏ ရုပ်အလောင်းတွင် ချည်နှောင်ခံထားရသည့် လက္ခဏာ သို့မဟုတ် ရုန်းကန်ထားသည့် လက္ခဏာများ လုံးဝမတွေ့ရပေ။ သူမ၏မျက်လုံးများက ပွင့်နေပြီး ပါးစပ်က အနည်းငယ် ဟနေကာ မျက်နှာအမူအရာကတော့ အလွန်အမင်း ထိတ်လန့်နေပုံရသည်။ သို့သော်လည်း ရုန်းကန်ထားသည့် ခြေရာလက်ရာများ မရှိပေ။

သူမ ဘာလို့ မရုန်းကန်ခဲ့တာလဲ??? ဒါပေမယ့် ထိတ်လန့်နေတဲ့ အမူအရာကရော... သူမ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အရာမျိုးကို တွေ့ခဲ့တာလဲ???

တံခါးမင်းတုံးကို စစ်ဆေးပြီးသွားသည့် လုကျင်းလည်း မျက်မှောင်ကြုတ်လျက် ရှန်ယုလန်၏ နောက်သို့ ပြန်လျှောက်လာကာ အသံတိုးတိုးဖြင့် တင်ပြလိုက်သည်။

"လူကြီးမင်း... တံခါးသော့က ပျက်စီးမသွားဘူး။ တခြား သဲလွန်စတွေလည်း မတွေ့ရဘူး"

လုကျင်းက ခုတင်ပေါ်မှ အလောင်းကို ထပ်မံကြည့်ရှုပြီးနောက် ခေါင်းခါရင်း သက်ပြင်းချလိုက်ပြန်သည်။

"ဘယ်ဘက်ရင်အုံကလွဲရင် ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေမှာ ဒဏ်ရာမရှိဘူး။ တံခါးကလည်း အတွင်းကနေ သော့ခတ်ထားတယ်။ ခန္ဓာကိုယ်က နှလုံးတစ်ခုတည်း ပျောက်နေတာ... ဒါက အရင်က ဖြစ်ရပ်နှစ်ခုနဲ့ အတိအကျ တူနေတယ်။ လွန်ခဲ့တဲ့ နှစ်လအတွင်း ဒါက တတိယမြောက် နှလုံးဖောက်ထုတ်ခံရတဲ့ အမှုပဲ။ သေဆုံးသူတွေ အားလုံးကလည်း နာမည်ကြီး မိသားစုတွေနဲ့ ဆွေတော်မျိုးတော် မိသားစုက သမီးပျိုတွေချည်းပဲ။ အခုတစ်ကြိမ်ကတော့ တကယ်ကိုပဲ အန်းနင်မင်းသမီး ဖြစ်နေတယ်"

တစ်ဖက်တွင် လက်ပိုက်ရပ်နေသော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသား၏ နုပျိုသောမျက်နှာတွင် ဒေါသရိပ်များ ပြည့်နှက်နေသည်။

"ပွဲတော်ကျင်းပဖို့ သိပ်မလိုတော့ဘူး၊ ဒီလိုအချိန်မျိုးမှာမှ ဒီလိုအမှုမျိုး ထပ်ဖြစ်လာတာက တကယ်ကို ပိုဆိုးသွားပြီ၊ ဒီကိစ္စကိုသာ မဖြေရှင်းနိုင်ရင် ဧကရာဇ်မင်းမြတ်က ဒေါသထွက်လွန်းလို့ ငါတို့ကို နန်းတော်ထဲကနေ ဆောင့်ကန်ထုတ်လိမ့်မယ်"

သူပြောပြီးသည်နှင့် တစ်ပြိုင်နက် ရုံးတော်အစေခံတစ်ဦး အပြေးရောက်လာပြီး တံခါးဝတွင် ရပ်ကာ အစီရင်ခံနေသည်။

"လူကြီးမင်း... ဧကရာဇ်မင်းမြတ်က လူကြီးမင်းကို နန်းတော်ထဲ ချက်ချင်းဝင်လာဖို့ အမိန့်တော်ရှိပါတယ်!"

လုကျင်းက ဘေးမှ လူကို မျက်လုံးပြူးကာ လှည့်ကြည့်လိုက်ပြီး မကျေမနပ် လှမ်းပြောလိုက်သည်။

"ဟူး... ကောင်းကြသေးရဲ့လား? ခွေးပါးစပ်ကနေ ဆင်စွယ်မထွက်ဘူးဆိုတာ တကယ်အမှန်ပဲ!"

(T/N: လူဆိုးရဲ့ပါးစပ်ကနေ စကားကောင်းမထွက်ဘဲ နမိတ် မကောင်းတဲ့ စကားမျိုးပဲ ထွက်တယ်လို့ပြောချင်တာပါ)

ချန်ဟန့်ကတော့ သူ့နှုတ်ခမ်းကို တွန့်ရုံမျှကွေးကာ ဘာပြန်ပြောရမှန်း မသိဖြစ်နေရှာသည်။

သူ ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမယ့် ဒါက တိုက်ဆိုင်သွားမယ်လို့ ဘယ်သူက ကြိုသိမှာလဲ?

သူ ရှန်ယုလန်ကို လှမ်းကြည့်လိုက်သော်လည်း ရှန်ယုလန်၏ အမူအရာမှာ တစ်ချက်မျှ ပြောင်းလဲသွားခြင်း မရှိချေ။ ချန်ဟန့်က သူ့ဆရာ၏ တည်ငြိမ်မှုကို တိတ်တဆိတ် လေးစားမိသွားသည်။

လူကြီးမင်းကတော့ လူကြီးမင်းဖြစ်ဖို့ တကယ်ထိုက်တန်ပါပေတယ်။

လုကျင်းနှင့် ချန်ဟန့်တို့က ရှန်ယုလန်၏ တပည့်ရင်းများ ဖြစ်ကြသည်။ လုကျင်းက တည်တည်ငြိမ်ငြိမ် စေ့စေ့စပ်စပ် တွေးခေါ်တတ်ပြီး အလောင်းခွဲစိတ်မှုတွင် ကျွမ်းကျင်မှုအချို့ရှိသည်။ ချန်ဟန့်က ပုံမှန်အချိန်တွင် ပျင်းရိနေတတ်သော်လည်း အလုပ်လုပ်ရာတွင်တော့ ဇွဲရှိပြီး အားတက်သရော လုပ်ဆောင်လေ့ရှိသူ ဖြစ်သည်။ ယခုအမှုက စုံစမ်းရန် ခက်ခဲနေသဖြင့် ရှန်ယုလန်က သူတို့ကို အနီးကပ် ခေါ်ယူအသုံးပြုထားခြင်း ဖြစ်သည်။

"လုကျင်း၊ ချန်ဟန့်.... ငါ ဒီနေရာကို မင်းတို့ဆီ အပ်ထားခဲ့မယ်"

ရှန်ယုလန်က သူတို့ကို မှာကြားလိုက်သည်။

သူတို့ရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းတွေကြောင့် ပြဿနာတစ်စုံတရာ ရှိလာမှာ မဟုတ်ဘူးလေ။

"ဟုတ်ကဲ့ပါ ဆရာ"

ရှန်ယုလန်က သူ့လက်အိတ်ကို ချွတ်ကာ တံခါးအပြင်ဘက်သို့ လှမ်းထွက်သွားသည်။ လုကျင်းနှင့် ချန်ဟန့်တို့ကတော့ တစ်ဦးကိုတစ်ဦး ကြည့်ကာ စိုးရိမ်စိတ်များဖြင့် ကျန်ရစ်နေခဲ့ကြသည်။

........။........။.......

ဧကရာဇ်၏ တော်ဝင်စာကြည့်ဆောင်အတွင်း၌ ယန်းဟုန်ထျန်းက နဂါးပုလ္လင်ပေါ်တွင် ထိုင်နေပြီး သူ၏မျက်နှာက အုံ့မှိုင်းနေသဖြင့် အခန်းတွင်းရှိ အစေခံအားလုံး ခေါင်းငုံ့ထားကာ အသက်ပင်ပြင်းပြင်းမရှူရဲကြချေ။ ရှန်ယုလန် စာကြည့်ဆောင်အတွင်းသို့ ဝင်လာစဉ် ဧကရာဇ်က သူ့ကို အဘယ်ကြောင့် အရေးတကြီး ခေါ်ခိုင်းမှန်း သူ ကောင်းကောင်း သိနေခဲ့သည်။

"ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်"

သူ မျှော်လင့်ထားသည့်အတိုင်း ရှန်ယုလန်၏ ဂါရဝပြုစကား မဆုံးသေးခင်မှာပင် ယန်းဟုန်ထျန်းက သူ့ကို ပြန်မထခိုင်းဘဲ တင်းမာအေးစက်သော လေသံဖြင့် တိုက်ရိုက်မေးမြန်းလာခဲ့သည်။

"ဒီနှလုံးဖောက်ထုတ်တဲ့ လူသတ်မှုကို မင်း ဘယ်တော့ ဖြေရှင်းနိုင်မှာလဲ?"

ရှန်ယုလန် ခေတ္တတုံ့ဆိုင်းသွားပြီးမှ အမှန်အတိုင်းပင် လျှောက်တင်လိုက်သည်။

"ဒီငယ်သား... တိတိကျကျ မသိသေးပါဘူး"

"လုံးဝကို အသုံးမကျဘူး!"

ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ရှန်ယုလန်၏ ခြေရင်းသို့ အနီရောင်လျှောက်တင်လွှာနှစ်စောင် ဝုန်းခနဲ ပြုတ်ကျလာသည်။ ယန်းဟုန်ထျန်းက မတ်တပ်ထရပ်ကာ ရှန်ယုလန်ကို လက်ညှိုးထိုးပြီး ဒေါသတကြီး ကြိမ်းမောင်းနေပြန်သည်။

"ရက်အနည်းငယ်အတွင်းမှာတင် အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေက သူတို့ချစ်ခင်ရတဲ့ မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းပူဆွေးနေကြရပြီ။ အခု သူတို့က ညီလာခံကို မလာနိုင်သလို ရုံးတော်အလုပ်တွေကိုလည်း မထမ်းဆောင်နိုင်ကြတော့ဘူး။ ပွဲတော်အခမ်းအနားကလည်း မကြာခင် ကျင်းပတော့မယ်။ အခု မြို့တော်မှာ ဒီလိုထိတ်လန့်စရာ ကိစ္စမျိုးတွေ တစ်ခုပြီးတစ်ခု ဖြစ်နေတာ ပြည်သူတွေကို အမှန်တကယ် ထိတ်လန့်နေစေပြီ၊ ကျန်းက ချုံယွဲ့ပြည်ထောင်ရဲ့ မျက်နှာကို ဘယ်နားသွားထားရမှာလဲ?"

ဒေါသတကြီး ကြိမ်းမောင်းသံက တော်ဝင်စာကြည့်ဆောင်တစ်ခုလုံး ပဲ့တင်ထပ်နေပြီး မိန်းမစိုးများနှင့် အစေခံများကလည်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထားရင်း တုန်ယင်နေကြသည်။

ရှန်ယုလန်က ခေါင်းငုံ့လျက် မတ်တပ်ရပ်နေပြီး အဆက်မပြတ် ဆဲဆိုကြိမ်းမောင်းမှုများကို တိတ်တဆိတ် ရင်ဆိုင်နေသည်။ သို့သော် သူ့ထံတွင် ခုခံချေပရန် အကြောင်းပြချက်လည်း မရှိပေ။ သူ နှစ်လတိုင်တိုင် အချိန်ယူခဲ့သော်လည်း အသုံးဝင်သော သဲလွန်စတစ်ခုမျှ မတွေ့ရှိရသေးဘဲ လူသတ်သမားက ပြစ်မှုများကို ဆက်လက်ကျူးလွန်နေဆဲ ဖြစ်သည်။ ဤသည်မှာ တရားစီရင်ရေးအရာရှိတစ်ဦးအနေဖြင့် သူ တာဝန်ပျက်ကွက်ခြင်း ဖြစ်သည်ဟု သူကိုယ်တိုင်လည်း ခံစားနေရသည်။

သူ အလိုချင်ဆုံးအရာကလည်း ဤအမှုကို အမြန်ဆုံး ဖြေရှင်းနိုင်မည့် နည်းလမ်းပင် ဖြစ်သည်။ ယခုအချိန်တွင် ဧကရာဇ်၏ ဒေါသရှေ့မှောက်၌ တိတ်တဆိတ် နာခံနေခြင်းက သူလုပ်နိုင်သည့် နောက်ဆုံးအရာ ဖြစ်နေပြန်သည်။ ဒေါသထွက်နေသော ယန်းဟုန်ထျန်းက ပလ္လင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး ရှန်ယုလန်ကို လှည့်မကြည့်တော့ဘဲ အေးစက်စက် အမိန့်ပေးလိုက်သည်။

"မောင်မင်း ဘယ်လိုနည်းလမ်းပဲ သုံးသုံး... ဒီအမှုကို ဖြေရှင်းဖို့ မောင်မင်းကို တစ်လအချိန်ပေးမယ်။ အကယ်၍ ဒီတစ်လအတွင်း မောင်မင်း ဒီအမှုကို မဖော်ထုတ်နိုင်ရင်တော့... တရားသူကြီးချုပ်ရာထူးမှာ ဆက်မနေနဲ့တော့၊ ရာထူးကနေ ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်ပြီး ထောင်ဒဏ် (၃) နှစ် ကျခံလိုက်"

"ဒီငယ်သား... အမိန့်တော်ကို နာခံပါ့မယ်"

ရှန်ယုလန်က မည်သည့်ဆင်ခြေမျှ မပေးဘဲ တည်ငြိမ်စွာ လက်ခံလိုက်သည်။

သူ၏ မဆိုင်းမတွ တုံ့ပြန်မှုကြောင့် ယန်းဟုန်ထျန်း၏ ဒေါသက အနည်းငယ် ပြေလျော့သွားပြီး သူ့ကို ဆက်မနှိပ်စက်ချင်တော့ဘဲ သူ့လက်ကို ဝှေ့ယမ်းကာ စိတ်မရှည်ဟန်ဖြင့် နှင်ထုတ်လိုက်သည်။

" ထွက်သွားတော့"

ရှန်ယုလန်က အပြင်သို့ ပြန်လှည့်ထွက်လာခဲ့သော်လည်း သူ၏မျက်နှာကတော့ ယခင်ကထက် ပိုမိုတင်းမာနေလေသည်။

.........။.........။.......

ရက်ပေါင်းများစွာ အိပ်ရာပေါ်တွင် လဲလျောင်းနေခဲ့ရပြီး နောက်ဆုံးတွင် ကျွော့ချင်းတစ်ယောက် အိပ်ရာမှထကာ လမ်းလျှောက်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခင်ရက်များက လို့ရှီးဝူ ရောက်လာပြီး မင်္ဂလာဝတ်စုံနှင့် ဖီးနစ်သရဖူ အကြောင်းများ လာရောက်ပြောဆိုလေ့ရှိသော်လည်း ယနေ့တွင်မူ ညနေစောင်းသည့်တိုင်အောင် သူမ၏ အရိပ်အယောင်ကို မတွေ့ရသေးပေ။ ကျွော့ချင်းက ပျင်းရိနေပြီး ဘာလုပ်ရမှန်း မသိ ဖြစ်သောကြောင့် လို့ရှီးဝူကို သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။

သူမ လန်ယွဲ့အဆောင်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျင်းစက အစောင့်ဝတ်စုံဝတ်ထားသည့် လူနှစ်ဆယ်ခန့်ကို စုရုံးကာ တစ်စုံတစ်ခု ဆွေးနွေးနေသည်ကို သူမ တွေ့လိုက်ရသည်။ ခဏအကြာတွင် သူတို့က အုပ်စုနှစ်စုခွဲကာ လမ်းကြောင်းအသီးသီးသို့ ကင်းလှည့်ရန် ထွက်ခွာသွားကြသည်။

ပုံမှန်အားဖြင့် ဝန်ကြီးချုပ်အိမ်တော်တွင် ဤကဲ့သို့ တင်းကြပ်လှသော ကင်းလှည့်မှုမျိုး မရှိခဲ့ဖူးချေ။ ကျွော့ချင်းက စိတ်ဝင်တစားဖြင့် ရှေ့တိုးသွားကာ စပ်စုလိုက်သည်။

"ကျင်းစ... သူတို့ ဘာလုပ်နေကြတာလဲ"

မင်္ဂလာဖိတ်စာများ ဝေပြီးပြီဖြစ်သောကြောင့် ကျွော့ချင်းနှင့် လို့ရှီးယန်တို့၏ လက်ထပ်ပွဲသတင်းက မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့နေပြီ ဖြစ်သည်။ ကျွော့ချင်းက ဝန်ကြီးချုပ်အိမ်တော်၏ သခင်မ ဖြစ်လာတော့မည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ကျင်းစအနေဖြင့် ဤသခင်မသစ်ကို စိတ်ထဲမှ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ သူမက မကြာခင် သူ၏သခင်မ ဖြစ်လာတော့မည် ဖြစ်သောကြောင့် ယခင်ကထက် ပိုမိုလေးစားစွာ ဆက်ဆံလာသည်။

"သခင်မလေး... မင်္ဂလာပွဲက မကြာခင် ရောက်တော့မှာ ဖြစ်သလို အခုရက်ပိုင်း မြို့တော်ထဲမှာ လူတွေလည်း ပိုများလာပါတယ်။ ဒါကြောင့် အိမ်တော်ရဲ့ လုံခြုံရေးအတွက် သခင်က စိုးရိမ်ပြီး အစောင့်တွေ တိုးချထားတာပါ"

ကျင်းစ၏ ပြောင်းလဲလာသော ဆက်ဆံရေးကို အနည်းငယ် ကျင့်သားမရသေးသော်လည်း ကျွော့ချင်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"ဪ... ဟုတ်ပြီ၊ ငါ နားလည်ပါပြီ၊ မင်းလည်း အလုပ်များနေတာပဲ၊ သွားလေ၊ မင်းလုပ်စရာရှိတာ ဆက်လုပ်ပါ"

သာလွန်မှုနှင့် နိမ့်ကျမှုများကို တင်းကြပ်စွာ ခွဲခြားတတ်သည့် ရှေးခေတ်အယူအဆကို ကျွော့ချင်းအနေဖြင့် လိုက်လျောညီထွေ မဖြစ်သေးပေ။ သူမအတွက် ယခင်က သူမကို အမြဲဒုက္ခပေးနေခဲ့သော ရွှယ်ရှန်းရှင်းပင်လျှင် ယခုရက်ပိုင်းအတွင်း အံ့ဩစရာကောင်းလောက်အောင် ကြင်နာပြနေခြင်းက ထူးဆန်းနေလေသည်။ ရွှယ်ရှန်းရှင်းက သူမကို မြင်တိုင်း "လင်အာ... လင်အာ" နှင့် တတွတ်တွတ် အော်ဟစ်နေသောကြောင့် ကျွော့ချင်းတစ်ကိုယ်လုံး ယားယံသလို ခံစားခဲ့ရသည်။

လို့ရှီးဝူ၏ ခြံဝင်းဆီသို့ လျှောက်လာစဉ် လမ်းတစ်လျှောက်လုံး၌ အစောင့်အဖွဲ့များစွာ ကင်းလှည့်နေသည်ကို ထပ်မံတွေ့ရှိရသည်။ ဤမျှလောက် အစောင့်အကြပ်များ ရုတ်တရက် ပေါ်လာခြင်းက အနည်းငယ် ထူးဆန်းနေသည်ဟု ကျွော့ချင်း ခံစားနေမိသည်။

ကျွော့ချင်း လို့ရှီးဝူ၏ ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် အစေခံမလေး ဆုအာက ချက်ချင်း နှုတ်ဆက်လာသည်။ အဆောင်ပုလေးထဲတွင် ထိုင်နေသော လို့ရှီးဝူကို မြင်လိုက်ရသော်လည်း သူမက တစ်နေရာတည်းကိုသာ ကြောင်တောင်တောင် စိုက်ကြည့်နေသည်။ ကျွော့ချင်းက သူမကို စနောက်ချင်သဖြင့် အနားသို့ တိတ်တိတ်လေး ကပ်သွားပြီး ရုတ်တရက် ရယ်မောရင်း စနောက်လိုက်သည်။

"နင် ဘယ်သူ့အကြောင်း တွေးနေလို့ ဒီလောက်တောင် သတိလက်လွတ်ဖြစ်နေရတာလဲ?"

လို့ရှီးဝူက လန့်ဖျန့်သွားသော်လည်း ယခင်ကလို ပြန်မအော်ပေ။ သူမက သူမ၏ပါးပြင်ကို အုပ်ထားပြီး သူမ၏မျက်ဝန်းများတွင်လည်း မျက်ရည်စများ ဝဲခိုနေသည်။ ဤကလေးမလေးထံတွင် တစ်ခုခု လွဲမှားနေပြီကို ရိပ်မိလိုက်သည့် ကျွော့ချင်းက သူမဘေးတွင် ဝင်ထိုင်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ ရှီးဝူ... ဘာဖြစ်လို့ ဝမ်းနည်းနေတာလဲ"

"မနေ့ညက အန်းနင်မင်းသမီး အသတ်ခံလိုက်ရတယ်ဆိုတာ ငါ သိလိုက်ရလို့ပါ၊ သူ(မ)က သနားစရာကောင်းလောက်အောင် သေဆုံးသွားရတယ်၊ ငါတို့က ငယ်ငယ်တုန်းက အတူတူ ဆော့ခဲ့ဖူးတယ်လေ။ ပြီးခဲ့တဲ့လကတင် အထည်ဆိုင်မှာ သူ(မ)နဲ့ တွေ့ခဲ့သေးတယ်။ အဲ့ဒါက ငါတို့ နောက်ဆုံးတွေ့တာ ဖြစ်လိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲ..."

သူတို့ နောက်ဆုံးတွေ့ခဲ့စဉ်က လို့ရှီးဝူက သူမအတွက် ပိုးလက်ကိုင်ပုဝါတစ်ထည် ပေးမည်ဟု ကတိပေးခဲ့သဖြင့် ယနေ့မနက် ဆုအာကို သွားပို့ခိုင်းလိုက်ခြင်း ဖြစ်သည်။ သို့သော် ဆုအာ ပြန်သယ်လာသည့် သတင်းကတော့ လို့ရှီးဝူကို မငိုဘဲ မနေနိုင်အောင် ဖြစ်စေခဲ့သည်။ အနာဂတ်တွင် ပြန်ဆုံရန် စောင့်မျှော်နေခဲ့ကြသော်လည်း နောက်အခိုက်အတန့်တွင် အပြီးတိုင် ခွဲခွာသွားရသည့်အဖြစ်က ရင်နာစရာကောင်းလွန်းလှသည်။

တခြားလူကို နှစ်သိမ့်ရာတွင် အားနည်းတတ်သော ကျွော့ချင်းက သူမ၏ ပုခုံးကို အသာအယာ ပွတ်သပ်ပေးပြီးမှ အားပေးစကားပြောလိုက်သည်။

"အရမ်း ဝမ်းမနည်းပါနဲ့တော့။ ရုံးတော်က အရာရှိတွေက လူသတ်သမားကို မကြာခင် ရှာတွေ့မှာပါ။ သူ(မ)ကို မကျေမနပ်နဲ့ မသေစေရပါဘူး"

လို့ရှီးဝူက တိုးညှင်းစွာ ငိုရှိုက်နေရင်း ပြောလာပြန်သည်။

"အဲ့တစ်စုံတစ်ယောက်က လူ ဟုတ် မဟုတ်ဆိုတာကို ဘယ်သူက သိမှာလဲ"

"နင် ဘာပြောလိုက်တာလဲ?"

ကျွော့ချင်းက သူမ နားကြားလွဲသည်ဟု ထင်မှတ်ကာ ထပ်မေးလိုက်ခြင်းပင်။

လို့ရှီးဝူက ဆုအာပေးသော လက်ကိုင်ပဝါကို ယူကာ မျက်ရည်သုတ်ရင်း ကြောက်ရွံ့ထိတ်လန့်နေသည့် အသံဖြင့် ရှင်းပြလာသည်။

"အခု မြို့တော်က လူတွေအားလုံး အထိတ်တလန့် ဖြစ်နေကြပြီ၊ အထူးသဖြင့် မင်းမျိုးမင်းနွယ်တွေနဲ့ ကျော်ကြားတဲ့ မိသားစုတွေပဲ။ အိမ်မှာ မိန်းမပျိုလေးတွေ ရှိတဲ့ မိသားစုတိုင်းက ကိုယ့်အလှည့် ရောက်လာမှာကို စိုးရိမ်နေကြရတာလေ။ အခု အသတ်ခံရတဲ့ မိန်းမပျိုလေးတွေက သုံးယောက်တောင် ရှိနေပြီ။ သူတို့ကို တွေ့တဲ့အချိန်မှာ အားလုံးက ကိုယ့်အိပ်ရာပေါ်မှာပဲ ရှိနေကြပြီး ခုတင်ပေါ်မှာ သွေးတွေ ဖုံးလွှမ်းနေတာတဲ့... နှလုံးပျောက်ဆုံးနေတာကလွဲရင် ခန္ဓာကိုယ်မှာ ဘာဒဏ်ရာမှ မရှိဘူးလို့ ငါ ကြားထားတယ်"

"ဘာလဲ...?"

ကျွော့ချင်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိပြန်သည်။

ခန္ဓာကိုယ်မှာ တခြားဒဏ်ရာမရှိဘဲ နှလုံးသားတစ်ခုတည်း ပျောက်ကွယ်သွားတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ? လူသတ်သမားက အရမ်းကျွမ်းကျင်လွန်းတာလား? ဒါမှမဟုတ် ရှီးဝူကြားခဲ့တဲ့ ကောလဟာလတွေကပဲ ချဲ့ကားထားတာလား? ဒါပေမယ့်လည်း အနည်းဆုံးတော့ မြင့်မြတ်တဲ့မိသားစုတွေက သမီးပျိုတွေ ဆက်တိုက်အသတ်ခံနေရတာကတော့ အမှန်တရား ဖြစ်လိမ့်မယ်။ သတ်ဖြတ်တဲ့ နည်းလမ်းက ရက်စက်ကြမ်းကြုတ်လိုက်တာ၊ ဒါက စနစ်တကျ ကျူးလွန်တဲ့ 'ကွင်းဆက်လူသတ်မှု' ဖြစ်နိုင်ခြေများတယ်။

ဝန်ကြီးချုပ်အိမ်တော်ရဲ့လုံခြုံရေး ရုတ်တရက် တင်းကျပ်လာတာက အံ့သြစရာ မဟုတ်တော့ဘူး။ ရှီးဝူကိုယ်တိုင်လည်း လူသတ်သမားရဲ့ပစ်မှတ်ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေတာ မဟုတ်ဘူးလား?

ဒါပေမယ့် လူသတ်သမားက မင်းမျိုးမင်းနွယ်က သမီးပျိုတွေကိုပဲ ပစ်မှတ်ထားနေတာလား?? ဒါမှမဟုတ် သူမတို့က လူသတ်စေချင်တဲ့ ရည်ရွယ်ချက်ကို ဖြစ်စေတာလား??? သူမတို့ရဲ့ကိုယ်ခန္ဓာမှာ တူညီတာ တစ်ခုခုရှိနေလို့လား???!

ကျွော့ချင်း တွေးတောနေစဉ်မှာပင် လို့ရှီးဝူက သူမအနားသို့ တိုးကပ်လာပြီး အလွန်လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် တိုးတိုးလေး ပြောလာပြန်သည်။

"သေသွားတဲ့ မိန်းကလေးတွေ အားလုံးက နှလုံးပဲ ပျောက်သွားတာ... တခြား ဘာမှမဖြစ်ဘူး။ သူတို့အိမ်တော်တွေရဲ့ လုံခြုံရေးကလည်း အရမ်း တင်းကျပ်ထားတာပဲ။ အန်းနင်မင်းသမီးဆိုရင် နန်းတော်ထဲမှာ တော်ဝင်သက်တော်စောင့်တွေ ကြားမှာ ရှိနေတာတောင် လူသတ်သမားက သူမအခန်းထဲအထိ ဝင်ပြီး နှလုံးကို ယူသွားနိုင်ခဲ့တယ်။ အဲ့ဒါကြောင့် အခု မြို့တော်ထဲမှာ ဒါက လူ လုပ်တာမဟုတ်ဘဲ လူတွေရဲ့ နှလုံးသားကို စားတတ်တဲ့ နတ်ဆိုးတွေ၊ သရဲတစ္ဆေတွေ လုပ်တာလို့ ကောလဟာလတွေ ထွက်နေပြီ"

ကျွော့ချင်း၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာပြီး မထေမဲ့မြင်အမူအရာဖြင့် လှောင်ပြောင်လိုက်သည်။

"ရယ်စရာကောင်းလိုက်တာ... ဘာနတ်ဆိုးလဲ၊ ဘာသရဲတစ္ဆေလဲ? လူသတ်တဲ့နည်းလမ်းက ထူးဆန်းပြီး ရက်စက်လွန်းနေတာရယ်၊ လူသတ်သမားကို အခုထိ ရှာမတွေ့သေးတာရယ်ကြောင့် လူတွေက ကြောက်စိတ်နဲ့ လုပ်ကြံဖန်တီးထားကြတာပါ"

လို့ရှီးဝူက ကျွော့ချင်းကို အံ့သြတကြီး ကြည့်လိုက်မိသည်။ သူမက ပုခုံးလေး တွန့်သွားပြီး အသံတိုးတိုးဖြင့် မေးလိုက်ပြန်သည်။

"နင်... နင် မကြောက်ဘူးလား?"

သူမကိုယ်တိုင်ကလည်း နှလုံးစားသည့် သရဲတစ္ဆေများကို မယုံကြည်သော်လည်း ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် အလွန်ထိတ်လန့်နေမိသည်။ ခန္ဓာကိုယ်တွင် ဒဏ်ရာမရှိဘဲ နှလုံးပျောက်ဆုံးသွားသည်ဆိုသည့် အချက်ကပင် ကြောက်စရာ ကောင်းလွန်းလှသည်။

"နင်က ဘာကို ကြောက်နေတာလဲ?"

ကျွော့ချင်းက ရယ်မောရင်း ထပ်ပြောလိုက်သည်။

"သရဲတစ္ဆေဆိုရင်တောင် ငါ မကြောက်ဘူး၊ လောကကြီးမှာ တရားမျှတမှု ဆိုတာ ရှိပါသေးတယ်"

ကျွော့ချင်း၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားကာ သူမ၏မျက်ဝန်းများတွင် စူးရှသော အေးစက်စက်အရိပ်တစ်ခု တောက်ပလာသည်။ သူမက အေးစက်စွာ ရယ်မောရင်း ထပ်ပြောလိုက်သည်။

"လူသတ်သမားအကြောင်း ပြောရမယ်ဆိုရင်တော့... အဲ့ဒီ 'နှလုံးသူခိုး' က နှလုံးကို ထုတ်ဖို့ ဘယ်လိုနည်းလမ်းမျိုး သုံးလဲဆိုတာကိုပဲ ငါ အရမ်းသိချင်နေပြီ။ အဲ့ဒါက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်"

လူတွေရဲ့ နှလုံးသားကို အပြည့်အ၀ ခိုးယူနိုင်ဖို့ ဒီလူက ကြေးစားလူသတ်သမား ဒါမှမဟုတ် ဆရာဝန်တစ်ယောက်ပဲ ဖြစ်နိုင်တယ်။

လို့ရှီးဝူကတော့ ကြောက်ရွံ့မှုကြောင့် တံတွေးကို အနိုင်နိုင် မျိုချလိုက်ရပြီး ကျွော့ချင်းနှင့် အနည်းငယ် ဝေးရာသို့ တိုးထိုင်လိုက်သည်။ တစ်ခါတစ်ရံတွင် သူမ၏ ဤယောင်းမလောင်းက အလွန်ထူးဆန်းပြီး ကြောက်စရာကောင်းနေတတ်သည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။

(T/N: E-Transမှာပြောထာတာတော့ အန်းနင်မင်းသမီးက ယန်းရူရွယ်လိုမျိုး ကုန်းကျူမဟုတ်ဘဲ ကျွင်းကျုပါတဲ့၊ လက်ရှိဧကရာဇ်ရဲ့တိုက်ရိုက်ဆွေမျိုးမဟုတ်ဘဲ အနွယ်တော်ထဲက ဖြစ်နိုင်တယ်တဲ့၊ မင်းသမီးတွေ ဆိုပေမယ့် ဘွဲ့ကိုလိုက်ပြီး အဆင့်အတန်းခွဲတာမျိုးရှိတယ်တဲ့)

အခန်း ၈၅ နောက်ထပ်သားကောင်က ဘယ်သူလဲ?

လို့ရှီးဝူကတော့ ကြောက်ရွံ့မှုကြောင့် တံတွေးကို အနိုင်နိုင် မျိုချလိုက်ရပြီး ကျွော့ချင်းနှင့် အနည်းငယ် ဝေးရာသို့ တိုးထိုင်လိုက်သည်။ တစ်ခါတစ်ရံတွင် သူမ၏ ဤယောင်းမလောင်းက အလွန်ထူးဆန်းပြီး ကြောက်စရာကောင်းနေတတ်သည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။

သို့သော် ကျွော့ချင်းကတော့ သူမ၏ ကိုယ်ပိုင်အတွေးကမ္ဘာထဲသို့ နစ်မြုပ်သွားခဲ့သည်။ ဤကိစ္စတွင် လူသတ်သမား၏ နည်းလမ်းနှင့် ကျွမ်းကျင်မှုမှာ အလွန်ထူးဆန်းနေပြီး ထိုကဲ့သို့ ပုံမှန်မဟုတ်သော ပုံစံမျိုးကို ရွေးချယ်ခြင်းက များသောအားဖြင့် 'ကွင်းဆက်လူသတ်သမား' များ၏ ပုံစံ ဖြစ်သည်။ လူသတ်သမားက ရဲမက်များကို ရန်စလိုခြင်း သို့မဟုတ် လူထုကို ထိတ်လန့်သွားစေရန် ရည်ရွယ်ခြင်းဖြင့် ဤကဲ့သို့ ထူးခြားသော လူသတ်နည်းကို သုံးနေခြင်းလည်း ဖြစ်နိုင်သည်။ ထိုသို့မဟုတ်လျှင် ပုံမှန်မဟုတ်သော စိတ်ပိုင်းဆိုင်ရာ ဝါသနာကြောင့် ထိုသို့သောလူသတ်မှုများ ကျူးလွန်နေခြင်းလည်း ဖြစ်နိုင်သည်။ သူမက ဤအမှုကို တော်တော်လေး စိတ်ဝင်စားနေသော်လည်း ရှန်ယုလန်က သူမထံသို့ အကူအညီတောင်းရန် ရောက်မလာသေးသောကြောင့် ဤအမှုက ဖြေရှင်းရန် သိပ်မခက်ခဲလောက်ဟု သူမ တွေးနေခဲ့သည်။

အမှန်တကယ်တွင် လို့ရှီးယန်က သူမ အနားယူနေစဉ်အတွင်း မည်သူမှ လာမနှောင့်ယှက်စေရန် တင်းကြပ်စွာ အမိန့်ပေးထားသည်ကို ကျွော့ချင်း မသိခဲ့ပေ။ ရှန်ယုလန် တစ်ကြိမ် ရောက်လာခဲ့သော်လည်း သူမနှင့် တွေ့ခွင့်မရဘဲ ပြန်လှည့်သွားခဲ့ရခြင်း ဖြစ်သည်။

သူမတို့နှစ်ဦးမှာ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြပြီး ခြံဝင်းတံခါး၏အပြင်ဘက်သို့ ရောက်ရှိလာသော အေးစက်သည့် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုကို သတိမထားမိလိုက်ကြချေ။ အစေခံမလေး ဆုအာက ထိုလူကို မြင်သွားပြီး ကပျာကယာ သတင်းပို့လာခဲ့သည်။

"သခင်မလေး... သခင်လေးစု ရောက်လာပါတယ်"

ထိုအသံကြောင့် လို့ရှီးဝူနှင့် ကျွော့ချင်းတို့ သတိဝင်လာပြီး တံခါးဝသို့ လှမ်းကြည့်လိုက်ရာ နှစ်ယောက်သား ခေတ္တမျှ မှင်သက်သွားရသည်။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော စုမူဖုန်းက နွေရာသီ၏ နေရောင်ခြည်အောက်တွင် ဖြည်းညှင်းစွာ လမ်းလျှောက်ဝင်လာသည်။ သူ၏ အရှိန်အဝါက သူ၏အမည် (မူဖုန်း - သစ်တောထဲမှ လေညင်း) နှင့် လိုက်ဖက်လှပြီး သူ၏ ပတ်ဝန်းကျင်တွင် အေးမြသော လေညင်းလေးများ ရစ်ဝဲနေသလို ခံစားရစေသည်။ ပူလောင်လှသော ရာသီဥတု၏ အပူရှိန်ပင်လျှင် သူ၏အနားသို့ မချဉ်းကပ်ဝံ့ပုံရသည်။ ဤကဲ့သို့ အေးမြပြေပြစ်ပြီး ကျက်သရေရှိလှသော အမူအရာမျိုးက လူအများ သူ့အနားသို့ မကပ်လာရဲစေရန် ဟန့်တားထားသလို ဖြစ်နေသော်လည်း တစ်ဖက်တွင်မှု အဝေးသို့ မသွားချင်အောင် ဆွဲဆောင်နေပြန်သည်။

လို့ရှီးဝူက ကမန်းကတန်း မတ်တပ်ထရပ်ကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။

"သခင်လေးကို နှုတ်ခွန်းဆက်သပါတယ်"

သူက သူမ မြင်ဖူးသမျှ အမျိုးသားများထဲတွင် သူမ အစ်ကိုမှလွဲ၍ အကြော့ရှင်းဆုံးနှင့် အရည်အချင်းအရှိဆုံးသူ ဖြစ်သည်။ ထို့ကြောင့်ပင် သူမက သူ့ကို အမြဲတမ်း လေးလေးစားစား ဆက်ဆံခဲ့သလို စိတ်ရင်းဖြင့် သဘောကျနေခဲ့သည်။

ကျွော့ချင်းကလည်း သူ့ကို စူးစမ်းဟန်ဖြင့် ကြည့်နေမိသည်။ လူတစ်ဦးတွင် စရိုက်များစွာ ရှိနိုင်သော်လည်း သူ့ကဲ့သို့ အေးစက်မှု၊ လျစ်လျူရှုမှု၊ ဆွဲဆောင်မှုနှင့် ယဉ်ကျေးသိမ်မွေ့မှုတို့အားလုံး တစ်ပြိုင်နက် ပေါင်းစပ်နေသည့် လူမျိုးကို တွေ့ရခဲသည်။

စုမူဖုန်းက ကျွော့ချင်း၏ စူးစမ်းသောအကြည့်ကို ခံစားမိပုံရပြီး သူမကို ညင်သာစွာ ခေါင်းညိတ်ပြလာသောကြောင့် ကျွော့ချင်းကလည်း ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။

စုမူဖုန်းက လို့ရှီးဝူကို ကြည့်ကာ ဖျော့တော့စွာ ပြုံးလိုက်ပြီး စကားစပြောလာခဲ့သည်။

"လို့သခင်မလေး၊ အရမ်းကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး၊ ဒီနေ့က နောက်ဆုံးအတန်းပါ။ ဒါကြောင့် ကျွန်တော် မင်းကို နှုတ်ဆက်ဖို့ လာခဲ့တာပါ"

"ဒါဆို... ကျွန်မ ရှင့်ကို နောက်ထပ် မတွေ့ရတော့ဘူးလား၊ ဘာဖြစ်လို့လဲဟင်"

လို့ရှီးဝူက စိုးရိမ်တကြီး မေးလိုက်သည်။

"အခုမှ အတန်းက လေးချိန်ပဲ ရှိသေးတာလေ၊ ကျွန်မမှာ သခင်လေးဆီကနေ အကြံဉာဏ် တောင်းစရာတွေ အများကြီး ကျန်နေသေးတယ်"

လို့ရှီးဝူက အမှုမဲ့ အမှတ်မဲ့ ပြောလိုက်ရုံသာ ဖြစ်သည်။ သူမက သူမ သိလိုသော ဗျပ်စောင်းပညာရပ်များအတွက် နှမြောတသ ပြောလိုက်ခြင်းပင်။ စုမူဖုန်းက အလွန်တော်သော ဆရာတစ်ဦးဖြစ်ပြီး တစ်ခါတစ်ရံတွင် သူ အရိပ်အမြွက်ပြရုံမျှဖြင့် သူမ ရုတ်တရက် နားလည်သွားတတ်သောကြောင့် ဖြစ်သည်။ သို့သော် သူမ မရည်ရွယ်ဘဲ ပြောလိုက်မိသော ဤစကားတစ်ခွန်းကြောင့် တံခါးအပြင်ဘက်သို့ ရောက်နေသည့် တစ်စုံတစ်ယောက် အချိန်အတော်ကြာ တောင့်တင်းသွားသည်ကိုတော့ သူမ မသိလိုက်ချေ။

ကျွော့ချင်းကတော့ အကဲခတ်တော်လွန်းသူ ဖြစ်ကာ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်ရင်း တိတ်တိတ်လေး ကြည်နူးနေလေသည်။

‘စုမူဖုန်းက ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီလေ၊ မမျှော်လင့်ဘဲ ကလေးမလေးက ခြံအဝမှာ သူ့ကို စကားလုံးတွေနဲ့ တားဆီးမယ်လို့ ဘယ်သူက ထင်ထားမှာတုန်း။ ပြီးတော့ ကျင်းစက လို့ရှီးဝူကို ငါ ထင်ထားတာထက်ပိုပြီး ဂရုစိုက်ပုံတယ်’

စုမူဖုန်းကတော့ ဤကဲ့သို့ ချီးကျူးတောင်းဆိုမှုများကို ကျင့်သားရနေပုံပေါ်ပြီး၊ သူ၏မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားနေသည့် အရိပ်အယောင်တစ်ခုမျှပင် မရှိချေ။ သူက အေးအေးဆေးဆေးပင် ပြန်ပြောလာခဲ့သည်။

"မင်းရဲ့ လက်ကွက်စွမ်းရည်က တော်တော်လေး တိုးတက်လာပါပြီ။ ကျွန်တော် မင်းကို ထပ်သင်ပေးစရာ ဘာမှ မရှိတော့ပါဘူး"

သို့သော် လို့ရှီးဝူကတော့ ဤအခွင့်အရေးကို လက်လွှတ်မခံချင်သေးပေ။ သူမက ဗျပ်စောင်းတီးခြင်းကို အလွန်ဝါသနာပါပြီး တစ်ခါတစ်ရံ သီချင်းဆိုလေ့ရှိသော်လည်း ကျွမ်းကျင်မှုက လိုအပ်နေသေးသည်။ ထို့ကြောင့်လည်း စုမူဖုန်းကဲ့သို့ ဆရာကောင်းတစ်ဦး ထွက်သွားမည်ကို သူမ စိုးရိမ်နေသခြင်းပင်။

"ဒါပေမယ့် ကျွန်မရဲ့ လက်ချောင်းလှုပ်ရှားမှုတွေက မချောမွေ့သေးဘူးလေ။ ကျွန်မမှာ သခင်လေးကို လမ်းညွှန်ပေးစေချင်တဲ့ ဂီတအပိုင်းအစတွေ အများကြီး ကျန်နေသေးတယ်။ နောက်ထပ် သင်ခန်းစာ အနည်းငယ်လောက်ပဲဖြစ်ဖြစ် ထပ်သင်ပေးလို့ မရဘူးလားဟင်"

လို့ရှီးဝူက စုမူဖုန်းကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော်လည်း ခြံအပြင်ဘက်ရှိ အသားညိုညိုနှင့် အမျိုးသား၏ မျက်နှာက ပို၍ပင် မည်းမှောင်ကာ ကြောက်စရာကောင်းနေသည်ကိုတော့ သူမ မသိသေးပေ။

"အဟမ်း!"

ကျွော့ချင်းက ခပ်ပြင်းပြင်း ချောင်းတစ်ချက်ဟန့်လိုက်ပြီး လို့ရှီးဝူ၏ နားနားသို့ကပ်ကာ အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။

"အပြင်မှာ ကျင်းစ ရှိနေတယ်နော်"

လို့ရှီးဝူက ရုတ်တရက် လန့်သွားပြီး အပြင်သို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။ သူမ ရပ်နေသည့်နေရာမှ ကြည့်လျှင် ကျင်းစ၏ အဝတ်အစားများနှင့် တင်းတင်းဆုပ်ထားသည့် သူ့လက်သီးများကို မြင်နေရသည်။ ထိုအရာက သူမကို ဝမ်းသာသွားစေသည်။

သူက ငါ့ကို ဂရုစိုက်သေးတာပဲ။

များသောအားဖြင့် ကျင်းစက သူမကို လျစ်လျူရှုတတ်လွန်းသဖြင့် ယခုတစ်ကြိမ်တွင်မူ သူမက သူ ဒေါသထွက်အောင် လုပ်ချင်နေမိသည်။

လို့ရှီးဝူက သူမ၏စိတ်ထဲမှ တစ်ခုခုကို ဆုံးဖြတ်လိုက်ပြီး စုမူဖုန်းထံသို့ ပို၍ပင် တိုးကပ်သွားကာ ခပ်ချွဲချွဲ မေးလိုက်ပြန်သည်။

"သခင်လေးစု... အဆင်ပြေနိုင်မလားဟင်"

ကျွော့ချင်း၏ မျက်လုံးထောင့်တွင် ခြံဝင်းအပြင်ဘက်ရှိ လူတစ်ယောက်၏ လက်မှ သွေးကြောများ ပေါက်ထွက်လုနီးပါး ဖြစ်နေသည်ကို မြင်နေရသည်။

ကောင်းပြီလေ... ရှီးဝူက သူ့ကို မနာလိုဖြစ်အောင် လုပ်ချင်နေမှတော့ ငါလည်း ကူညီပေးရတာပေါ့။

ကျွော့ချင်းက အခွင့်ကောင်းယူကာ ဝင်ပြောလိုက်သည်။

"ရှီးဝူက သခင်လေးရဲ့ ဗျပ်စောင်းပညာကို အမြဲလေးစားနေတာပါ။ ပြီးခဲ့တဲ့တစ်ခေါက်က သခင်လေးရဲ့ သင်ကြားမှုကို ရခဲ့လို့ သူ(မ) အချိန်အတော်ကြာအောင် ပျော်ရွှင်နေခဲ့တာ၊ သခင်လေးအနေနဲ့ ရှီးဝူရဲ့ စိတ်ရင်းကို ထောက်ထားပြီး နောက်ထပ် ရက်အနည်းငယ်လောက်ပဲဖြစ်ဖြစ် နေပေးပါဦးလား"

စုမူဖုန်းက လို့ရှီးဝူ၏ ရုတ်တရက် ချဉ်းကပ်လာမှုကို ကျင့်သားမရဖြစ်သွားပုံပေါ်ပြီး ကိုယ်ကို အနည်းငယ် မတ်လိုက်ကာ ယဉ်ယဉ်ကျေးကျေး ငြင်းဆန်လိုက်သည်။

"သခင်မလေးရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်မှာ တကယ်ကို အရေးတကြီး လုပ်စရာတစ်ခု ရှိနေလို့ပါ"

ကျင်းစတစ်ယောက် သူမအတွက် စိတ်လှုပ်ရှားနေသည်ကို မြင်ရသဖြင့် လို့ရှီးဝူက ဤအခွင့်အရေးကို အသုံးချကာ ဇာတ်လမ်းကို ပို၍ လေးနက်သွားအောင် ဖန်တီးချင်နေသည်။ ထို့ကြောင့် သူမက ရုတ်တရက် စုမူဖုန်း၏ အင်္ကျီလက်ဝကျယ်ကို လှမ်းဆွဲလိုက်ပြီး ချိုမြမြ အပြုံးလေးဖြင့် တောင်းဆိုလိုက်သည်။

"ကျွန်မမှာ လက်ကွက်တွေ၊ သံစဉ်ညှိတာတွေလိုမျိုး သင်ယူစရာတွေ အများကြီး ကျန်နေသေးတာလေ။ တကယ်လို့ တစ်ခုခုကို နားမလည်ရင် ကျွန်မ ဘာလုပ်ရမလဲဟင်၊ သခင်လေးမှာ အားလပ်ချိန်ရှိရင် ကျွန်မ သခင်လေးကို လာရှာလို့ ရမလား"

စုမူဖုန်းက သူ၏ အင်္ကျီလက်ကို ပေါ့ပေါ့ပါးပါး ညင်ညင်ညင်သာ ပြန်ဆွဲယူလိုက်ပြီး အေးအေးဆေးဆေး ငြင်းပယ်လိုက်သည်။

"ကျွန်တော်က ခရီးထွက်ရတာ ဝါသနာပါပြီး နေရာအနှံ့ သွားလာနေတတ်တဲ့သူပါ၊ ပုံမှန်အားဖြင့် နေ့ခင်းဘက်တွေ အိမ်မှာ နေလေ့မရှိတဲ့အတွက် သခင်မလေးရဲ့ မေးခွန်းတွေကို မဖြေပေးနိုင်မှာ စိုးရိမ်မိပါတယ်"

အမှန်တကယ်တွင် လို့ရှီးဝူက စုမူဖုန်း၏ ငြင်းပယ်မှုကို သိပ်ဂရုမစိုက်ပေ။ သူမက ကျင်းစ၏ တုံ့ပြန်မှုကိုသာ အာရုံစိုက်နေခြင်း ဖြစ်သည်။ သို့သော် ဘေးမှကြည့်နေသော ကျွော့ချင်းက အနည်းငယ် စိုးရိမ်လာသည်။

ဒီကလေးမလေးက ကစားရတာကို ပျော်နေပြီး စုမူဖုန်းကို တားဆီးရတဲ့ မူလရည်ရွယ်ချက်ကို မေ့သွားပုံရတယ်။

စုမူဖုန်း၏ တည်ငြိမ်သောမျက်နှာက အနည်းငယ် မပျော်မရွှင် ဖြစ်လာပုံရပြီး တံခါးအပြင်ဘက်မှ တစ်စုံတစ်ယောက်ကလည်း လုံလောက်သော နှိုးဆွမှုကို ခံစားလိုက်ရပြီ ဖြစ်သည်။ လို့ရှီးဝူ ဆက်ကစားနေပါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်။

"ဟုတ်ပါပြီ.... လက်ကွက်တွေနဲ့ ဂီတသင်္ကေတတွေကိုပဲ အရမ်းကြီး အစွဲအလမ်း မထားပါနဲ့၊ ဗျပ်စောင်းတီးတဲ့နေရာမှာ ပိုအရေးကြီးတာက နင့်ရဲ့ စိတ်နေစိတ်ထားနဲ့ ခံစားချက်ပဲ၊ နင့်ရဲ့ လက်ကွက်ကျွမ်းကျင်မှုက အရမ်းမမြင့်ရင်တောင်မှ နှလုံးသားနဲ့ သေချာတီးရင် နားထောင်လို့ ကောင်းနေဦးမှာပဲ။ နင့်ရဲ့အရည်အချင်းက ဘယ်လောက်ပဲ ကောင်းကောင်း၊ ဂီတသင်္ကေတတွေက ဘယ်လောက်ပဲ လှပနေပါစေ နင် စိတ်နှလုံးနဲ့ မတီးခတ်ရင် ဆန့်ကျင်ဘက်အနေနဲ့ လူတွေရဲ့နှလုံးသားကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး၊ စိတ်ခံစားချက်မပါရင် ဂီတဆိုတာ အသံတစ်ခု သက်သက်ပါပဲ"

ကျွော့ချင်းက လို့ရှီးဝူ၏ လက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်ပြီး စကားပြောရင်ဖြင့် သူမဘက်သို့ ပြန်ဆွဲခေါ်လိုက်သည်။

လို့ရှီးဝူက ခြံအပြင်ဘက်ကိုသာ အာရုံရောက်နေပြီး ကျွော့ချင်းကလည်း ပေါ့ပေါ့ပါးပါးပင် ပြောနေလိုက်ခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ စုမူဖုန်းက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလာပြီး သဘောကျသော အပြုံးဖြင့် ထောက်ခံလိုက်သည်။

"ချင်းသခင်မလေးက ဗျပ်စောင်းနဲ့ ဂီတကို အမှန်တကယ် နားလည်တဲ့ ပုဂ္ဂိုလ်ပဲ၊ လို့သခင်မလေးရဲ့ မိသားစုထဲမှာ ဒီလောက်တော်တဲ့ ဆရာတစ်ယောက် ရှိနေတာပဲ... သူ(မ)က မင်းကို လမ်းပြပေးနိုင်မှာမို့ ကျွန်တော် စကားတွေ အများကြီး ပြောနေစရာ မလိုတော့ပါဘူး"

"ဒါပေမဲ့ ကျွန်မက သခင်လေးကိုပဲ သင်ပေးစေချင်တာလေ"

လို့ရှီးဝူက ခြံအပြင်ဘက်မှ လူကို ရန်စချင်ဇောဖြင့် ဆက်ပြောလိုက်ပြန်သည်။ ကျွော့ချင်း ခန့်မှန်းထားသည့်အတိုင်းပင် ထိုစကားအဆုံးတွင် ခြံအပြင်၌ ရပ်နေသော ကျင်းစက ခြံဝင်းထဲသို့ တစ်ချက်မျှပင် ထပ်မကြည့်တော့ဘဲ ခပ်မြန်မြန် ထွက်ခွာသွားတော့သည်။

ထိုအချိန်မှ လို့ရှီးဝူတစ်ယောက် လန့်ဖျပ်သွားပြီး စိတ်ပျက်အားငယ်သွားရသည်။

သူက ငါ သခင်လေးစုကို တကယ်ကြိုက်နေတယ်လို့ ထင်ပြီး စိတ်ဆိုးသွားတာလား? သူက ဘာလို့ အဲ့ဒီလောက်တောင် တုံးအရတာလဲ!

လို့ရှီးဝူက ရုတ်တရက် စိတ်ဓာတ်ကျသွားပြီး သူမ၏မျက်နှာလေး မှိုင်းညို့သွားသည်။ ကျွော့ချင်းက သူမ၏အမူအရာ ပြောင်းလဲသွားရသည့် အကြောင်းအရင်းကို ကောင်းကောင်းသိနေသလို စုမူဖုန်းကလည်း သဲလွန်စအချို့ကို ရိပ်မိသွားပုံရသည်။

လို့ရှီးဝူက သူမ၏ ကလေးဆန်သော အချစ်ပြဿနာတွင် နစ်မြုပ်နေပြီး ကျွော့ချင်းနှင့် စုမူဖုန်းတို့က တစ်ဦးကို တစ်ဦး ထူးဆန်းသော အကြည့်ဖြင့် စိုက်ကြည့်နေကြသည်။ ကျွော့ချင်းက အခြေအနေကို ပြန်လည် ထိန်းကျောင်းသည့်အနေဖြင့် အပြုံးတစ်ခု ဆင်မြန်းကာ တောင်းပန်လိုက်သည်။

"ဆရာစုက အရမ်းကို ယဉ်ကျေးလွန်းနေပါပြီ၊ ကျွန်မက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြောပြဖူးပါတယ်၊ ကျွန်မ ပြင်းထန်တဲ့ ရောဂါတစ်ခု ခံစားခဲ့ရပြီး အဲ့ကတည်းက လက်ကွက်တွေ၊ တီးလုံးတွေကို မမှတ်မိတော့ဘူး။ အခုချိန်မှာ ကျွန်မက သူများကို သင်ပေးဖို့ နေနေသာသာ ကိုယ်တိုင်တောင် ဗျပ်စောင်း မတီးနိုင်တော့ပါဘူး။ ဒါကြောင့် ခုနက ပြောတာတွေက ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ၊ ဆရာစုအတွက် ရယ်စရာ မဖြစ်သွားစေဖို့ မျှော်လင့်ပါတယ်"

စုမူဖုန်းက သာမန်လူများကဲ့သို့ သူမကို နှစ်သိမ့်ခြင်း မပြုခဲ့သလို သနားနေသည့်အမူအရာမျိုးလည်း မပြသခဲ့ပေ။ သူက ပေါ့ပါးသော အပြုံးဖြင့် ပြန်ပြောလာခဲ့သည်။

"သခင်မလေး ခုနက ပြောခဲ့သလိုပါပဲ၊ ဗျပ်စောင်းတီးတယ်ဆိုတာ စိတ်ရဲ့ ခံစားချက်နဲ့ပဲ သက်ဆိုင်တာပါ။ တီးလုံးနဲ့ လက်ကွက်တွေကို မေ့သွားပြီဆိုမှတော့ မေ့လိုက်ပါတော့၊ အဲ့ဒါက ဘာမှ အရေးမကြီးတော့ပါဘူး"

သူ ဤကဲ့သို့ ပြန်ဖြေလာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ကျွော့ချင်းလည်း အံ့အားသင့်သွားရသည်။ စွယ်စုံရ ဂီတပညာရှင်တစ်ဦးအတွက် တီးလုံး၊ လက်ကွက်နှင့် နည်းစနစ်များက အခြေခံအကျဆုံးနှင့် အရေးပါဆုံး အစိတ်အပိုင်းများ ဖြစ်သည်။ သို့သော် မထင်မှတ်ပဲ သူက "မေ့လိုက်ပါတော့" ၊ "အရေးမကြီးတော့ပါဘူး" ဟု အထိန်းအကွပ်မဲ့ ပြောနိုင်နေသေးသည်။ ကျွော့ချင်းက သူ၏ သမရိုးကျမဟုတ်သော တွေးခေါ်ပုံကို အမှန်တကယ် သဘောကျသွားပြီး သူ့အပေါ် လေးစားမှုများ ပိုမိုတိုးလာခဲ့သည်။

ကျွော့ချင်းက စုမူဖုန်းကို ဆက်နေရန် စိတ်ရင်းမှန်ဖြင့် ဖျောင်းဖျလိုက်သည်။

"ရှီးဝူက သခင်လေးကို တကယ် ဆက်နေစေချင်တာပါ။ သခင်လေးမှာ တခြား အရေးကြီးကိစ္စ မရှိဘူးဆိုရင်တော့ သူ(မ)ကို နောက်ထပ် အကြံဉာဏ်လေးတွေ ပေးစေချင်ပါတယ်"

တကယ်လို့ ရှီးဝူသာ စုမူဖုန်းဆီကနေ ပညာတစ်ဝက်လောက်ပဲ သင်ယူနိုင်ရင်တောင် သူမအတွက် ကြီးမားတဲ့ အကျိုးအမြတ် ဖြစ်လာလိမ့်မယ်။

ယခုတစ်ကြိမ်တွင်မူ စုမူဖုန်းက အကြောင်းပြချက်မရှိ ငြင်းဆန်နေခြင်းကို ရပ်တန့်လိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းကာ ပြန်ရှင်းပြလာသည်။

"မကြာခင်က မြို့တော်မှာ မတည်မငြိမ်မှုတွေ အများကြီး ဖြစ်ခဲ့တယ်။ ဝန်ကြီးချုပ်လို့ကလည်း သူ့အိမ်တော်ကို ဒီလို ဘေးအန္တရာယ်မျိုး ကြုံစေချင်မှာ မဟုတ်လောက်ဘူး။ အခုလို အချိန်မျိုးမှာ တစ်ယောက်ယောက်ရဲ့အိမ်တော်ကို အပြင်လူတွေ ခဏခဏ ဝင်ထွက်သွားလာနေတာက မကောင်းဘူးလေ"

လို့ရှီးဝူက သူမ၏ စိတ်ရှုပ်ထွေးမှုများမှ ရုန်းထွက်လာပြီး စုမူဖုန်း၏ အဖြေကို ကြားလိုက်ရသဖြင့် စိုးရိမ်တကြီး ဝင်ပြောလိုက်သည်။

"သခင်လေးက လူဆိုးမှ မဟုတ်တာ၊ ကျွန်မအစ်ကိုက သခင်လေးကို ဒီကို လာဖို့ အထူးဖိတ်ခေါ်ခဲ့တာပါ၊ ဘာလို့ မလာချင်တော့တာလဲဟင်၊ ကျွန်မကို ဆက်ပြီး မသင်ပေးချင်တော့လို့လား"

စုမူဖုန်းကတော့ ပေါ့ပေါ့ပါးပါး ပြုံးနေပြီး ဘာမှ ပြန်မပြောတော့ပေ။ သူ၏ ဆုံးဖြတ်ချက်က ခိုင်မာနေပုံရပြီး သူ၏စကားများကလည်း ကျိုးကြောင်းဆီလျော်မှု ရှိသောကြောင့် ကျွော့ချင်းလည်း ဆက်မတားချင်တော့ချေ။

ဒီအချိန်မှာ သတိထားတာက ပိုကောင်းပါတယ်လေ။

ကျွော့ချင်းက လို့ရှီးဝူ၏ ပုခုံးကို အသာအယာ ပုတ်ပေးရင်း သူမကို နှစ်သိမ့်လိုက်သည်။

"ကဲပါ... သခင်လေးက ထွက်သွားဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါတို့က အတင်းဆွဲထားလို့ မဖြစ်ဘူးလေ။ ရှီးဝူ... နင် နောင်တစ်ချိန်မှာ သခင်လေးဆီက အကြံဉာဏ်တွေ ထပ်ရနိုင်မယ့် အခွင့်အရေး ရှိလာဦးမှာပါ"

"ချင်းသခင်မလေးက ယဉ်ကျေးလွန်းနေပါပြီ... ကျွန်တော် နှုတ်ဆက်ခဲ့ပါတယ်"

စုမူဖုန်းက အရာအားလုံး သူနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ အေးအေးဆေးဆေး ပြန်လည် ထွက်ခွာသွားသည်။

.........။.........။.......

ညအချိန်..... လန်ယွဲ့အဆောင်အတွင်း၌...

ကျွော့ချင်းက သူမ၏မေးစေ့ကို လက်ထောက်ထားပြီး လို့ရှီးယန် သူမအတွက် ရှာဖွေပေးထားသော ဆေးစာအုပ်မျိုးစုံကို ဖယောင်းတိုင်မီးဖြင့် ဖတ်ရှုနေသည်။ သူမ ခါးဆန့်လိုက်ရင်း ပြတင်းပေါက်အပြင်ပသို့ လှမ်းကြည့်လိုက်ရာ လမင်းက အနောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားနေပြီး အချိန်က သန်းခေါင်ကျော်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

လို့ရှီးယန်က ညစာစားပြီးကတည်းက အပြင်ထွက်သွားပြီး သူမကို စောစောအိပ်ရန် မှာခဲ့သည်။ သို့သော် သူ ယခုအချိန်ထိ ပြန်မလာသေးသဖြင့် သူ တစ်ခုခု ဖြစ်နေမလားဟု တွေးကာ သူမ စိတ်ပူနေရသည်။ ထို့အပြင် နေ့ခင်းက လို့ရှီးဝူ၏ စိတ်အခြေအနေ မကောင်းသည်ကိုလည်း လို့ရှီးယန်နှင့် တိုင်ပင်ရန် လိုအပ်သည်ဟု သူမ ခံစားနေရသည်။ ယခင်ရက်များတွင် သူမ ပင်ပန်းနွမ်းနယ်နေပြီး လို့ရှီးယန် ပြန်လာချိန်များ၌ အိပ်မောကျနေလေ့ရှိသည်။ သို့သော် ယနေ့တွင်မူ အိပ်မပျော်နိုင်ဘဲ စာအုပ်များကို လှန်လှောရင်း သူ့ကို စောင့်နေမိသည်။

သိပ်မကြာခင်မှာပင် ညင်သာသော ခြေသံများကို ကျွော့ချင်း ကြားလိုက်ရပြီး တံခါးက အသာအယာ ပွင့်လာခဲ့သည်။

"ရှီးယန်..."

ကျွော့ချင်းက တိုးတိုးလေး ခေါ်လိုက်သည်။

လို့ရှီးယန်က ကျွော့ချင်းကို မြင်သွားပြီး သူမဆီသို့ အလျင်အမြန် လှမ်းလာကာ သူမဘေး၌ ဝင်ထိုင်လိုက်သည်။ သူ့လေသံက မကျေမနပ် ဖြစ်နေသည့် မေးခွန်းသံဖြစ်နေသော်လည်း ဂရုစိုက်မှုများ ပြည့်နှက်နေလေသည်။

"မင်း... ဘာလို့ အခုထိ မအိပ်သေးတာလဲ"

ယခု အချိန်လွန်နေပြီ ဖြစ်သောကြောင့် ကျွော့ချင်းက စကားလုံးများကို နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းမနေတော့ဘဲ တိုက်ရိုက် မေးမြန်းလိုက်သည်။

"ကျွန်မ ရှင့်ကို အမြဲမေးချင်နေတဲ့ ကိစ္စတစ်ခု ရှိတယ်။ ရှီးဝူကို လက်ထပ်ပေးဖို့ ရှင် ဘယ်လိုတွေ စီစဉ်ထားသေးလဲ"

လို့ရှီးယန်က ကြောင်အမ်းအမ်း ဖြစ်သွားပြီး သူမကို စိုက်ကြည့်လိုက်သည်။

ချင်းအာက သူ့ကို တစ်ညလုံး စောင့်နေခဲ့ပြီးမှ ရှီးဝူရဲ့ အိမ်ထောင်ရေးအကြောင်း စတင်မေးမြန်းလိမ့်မယ်လို့ သူ တကယ်ကို မမျှော်လင့်ထားခဲ့မိဘူး။

လို့ရှီးယန်က ခေါင်းကို ညင်ညင်သာသာ ခါယမ်းရင်း ပြန်ဖြေလိုက်သည်။

"ရှီးဝူက ငယ်သေးတယ်၊ သူ(မ) တကယ်ကြိုက်တဲ့သူကို တွေ့တဲ့အထိ ကိုယ် စောင့်ကြည့်လိုက်ဦးမယ်၊ အဲ့ဒီအချိန်ကျမှ ကိုယ် သူ(မ)နဲ့ သေသေချာချာ ဆွေးနွေးကြည့်ရမှာပဲ"

ကျွော့ချင်း၏ မျက်လုံးများက တောက်ပသွားပြီး ထပ်မေးလိုက်ပြန်သည်။

"ရှင်ဆိုလိုတာက သူမကြိုက်တဲ့လူက မိသားစုစည်းကမ်းတွေအရ မသင့်တော်ဘူးဆိုရင်တောင် ရှင်က ကန့်ကွက်မှာ မဟုတ်ဘူးပေါ့... ဟုတ်လား?"

လို့ရှီးယန်က ပြုံးစစဖြင့် ပြန်မေးလိုက်သည်။

"မင်း ဘယ်လိုထင်လဲ?"

ကျွော့ချင်းတစ်ယောက် ခဏမျှ မှင်သက်သွားသော်လည်း သူ့ကို စိုက်ကြည့်ရင်း ရယ်မောလိုက်သည်။

သူမနဲ့ လို့ရှီးယန်က တိုင်းပြည်တစ်ခုထဲမှ မဟုတ်ကြသလို သူမကလည်း မိသားစုစည်းမျဥ်းတွေနဲ့ မကိုက်ညီဘူး။ ဒါပေမယ့် သူက သူမကို လက်ထပ်ဖို့ ကြိုးစားနေခဲ့တာပဲ မဟုတ်ဘူးလား? သူက မိသားစုစည်းမျဥ်းစည်းကမ်းတွေနဲ့ အဆင့်အတန်းတွေကို ဂရုစိုက်တတ်တဲ့သူ မဟုတ်ဘူး။ သူမ ရှီးယန်ကို ခုလိုမေးလိုက်တာက သူကို စော်ကားမိသလို ဖြစ်သွားပြီ။

ကျွော့ချင်းက သူ့ကို တောင်းပန်သည့်အနေဖြင့် ပြုံးပြလိုက်သော်လည်း လို့ရှီးယန်ကတော့ ထိုကိစ္စကို စိတ်ထဲမထားပေ။ သူက သူမ၏ ခါးကို ညင်သာစွာ ဆွဲပွေ့လိုက်ပြီး သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ လို့ရှီးယန်က သူ့ခေါင်းကို သူမပုခုံးပေါ်သို့ မှီချလိုက်ရင်း ရယ်သံဖြင့် ပြန်ဖြေလာသည်။

"သူ(မ) ကြိုက်တဲ့သူက အကျင့်စာရိတ္တကောင်းမွန်ပြီး တာဝန်သိစိတ် ရှိရမယ်၊ သူ(မ)ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်ဆိုရင်၊ ကိုယ်က အဲ့ဒီလူကို ကန့်ကွက်စရာ အကြောင်းမရှိပါဘူး"

သူ၏ ပေါ့ပါးသော အသက်ရှုသံနွေးနွေးက သူမကို အနည်းငယ် ယားယံစေသဖြင့် ကျွော့ချင်းက လည်ပင်းကို အနည်းငယ် ကျုံ့ထားလိုက်သော်လည်း နောက်ကိုတော့ ပြန်မဆုတ်ခဲ့ပေ။ တစ်ခုခုကို စဉ်းစားမိသွားပြီးနောက် သူမက ထပ်မေးလိုက်ပြန်သည်။

"ဒါဆို တခြားသူတွေက ကန့်ကွက်နေရင်ရော၊ ရှင် သူ(မ)ဘက်ကနေ ရပ်တည်ပေးမှာလား"

မကန့်ကွက်ရုံနဲ့ သူ ထောက်ခံတယ်လို့ မဆိုလိုနိုင်ဘူးလေ။ သူသာ အခိုင်အမာ ထောက်ခံပေးရင် ရှီးဝူရဲ့အချစ်ရေးက ပိုအဆင်ပြောချောမွေ့သွားလိမ့်မယ်။

လို့ရှီးယန်က ခေါင်းကို ပြန်မော့လိုက်ပြီး မျက်ခုံးပင့်ကာ အပြုံးတစ်ဝက်ဖြင့် ပြန်မေးလာခဲ့သည်။

"ရှီးဝူက မိသားစုအဆင့်အတန်းနဲ့ မသင့်တော်တဲ့ တစ်ယောက်ယောက်ကို သဘောကျနေတယ်လို့ မင်း ပြောချင်တာလား?"

အဲ့ဒီနှစ်ယောက်ကြားက ဆက်ဆံရေးက သူ မသိလိုက်ဘဲ ဒီအဆင့်အထိ ရောက်သွားပြီလား? ဘာကြောင့် ဒီလောက်အထိ မြန်မြန်ဆန်ဆန် ခုန်ပျံကျော်လွှားသွားရတာလဲ!

သူ့၏ အသုံးအနှုန်းနှင့် အမူအရာက တစ်ခုခု လွဲမှားနေသည်ကို သတိပြုမိလိုက်သဖြင့် ကျွော့ချင်းက အတွေးတစ်ချက် လက်သွားပြီး သူ့ကို ရန်လုပ်လိုက်သည်။

"ရှင်... မသိဘူးလို့တော့ မပြောနဲ့နော်"

ရှီးယန်လိုမျိုး ထက်မြက်လွန်းတဲ့သူက ဒါကို မရိပ်မိစရာ အကြောင်းမရှိဘူး။ တကယ်တော့ သူ သူမကို စနောက်နေတာပဲ ဖြစ်ရမယ်။

သူရဲ့ချင်းအာက ပို ပိုပြီး ထက်မြက်လာပုံပဲ။

လို့ရှီးယန်က ကျွော့ချင်း၏ ဆံပင်လေးများကို ဖြည်းညှင်းစွာ ဆွဲယူလိုက်ပြီး သူ့လက်ချောင်းများပေါ်တွင် ရစ်ပတ်ကာ ဆော့ကစားနေလေသည်။ သူက သက်ပြင်းတိုတိုးလေး တစ်ချက်ချလိုက်ပြီး ထပ်ပြောလာပြန်သည်။

"တကယ်တော့ ကျင်းစက လူကောင်းတစ်ယောက်ပါ၊ ရှီးဝူက သူ့ကို လက်ထပ်ချင်တယ်ဆိုရင် ကိုယ် သဘောတူပါတယ်။ အဲ့ဒါက တကယ်ကို သင့်တော်တဲ့ ကိစ္စတစ်ခုပါ၊ ဒါပေမယ် ကိုယ်ဘက်ကနေ ကျင်းစကို သူ(မ)နဲ့ လက်ထပ်ဖို့ 'အမိန့်' ပေးမှာတော့ မဟုတ်ဘူး"

ယောက်ျားနဲ့မိန်းမကြား ကိစ္စတွေမှာ ပါဝင်ဖို့ဆိုတာ ဘယ်မှာ လွယ်ပါ့မလဲ။ သူက ဘာလို့ ဝင်ပါရမှာတုန်း!

သူ သိနေတာပဲ!!

ရှီးဝူနှင့် အတူရှိနေချိန်တိုင်းတွင် ဖြစ်ပေါ်လေ့ရှိသော ကျင်းစ၏ ထူးခြားသည့် အပြုအမူများကို ပြန်လည်စဉ်းစားကြည့်ပြီးနောက် ကျွော့ချင်းက ထပ်ပြောလိုက်သည်။

"ကျင်းစရဲ့ စိတ်ထဲမှာ အစိုင်အခဲတစ်ခု ရှိနေပုံရတယ်။ မြင့်မြတ်မှုနဲ့ နိမ့်ကျမှုကြားက ခွဲခြားတဲ့ အယူအဆတွေကြောင့် သူ ဝန်လေးနေဖြစ်နိုင်လား?"

လို့ရှီးယန်က ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ပြလာခဲ့သည်။ ကျင်းစ၏ ခေါင်းမာမှုနှင့် တယူသန်ရပ်တည်မှုက သူ့ကို တစ်ခါတစ်ရံ ခေါင်းခဲစေခဲ့သည်။

ဒါဆိုရင်တော့ ကိုင်တွယ်ဖို့ တကယ်ကို ခက်ခဲသွားပြီ။ ဒါပေမဲ့... လုံးဝ နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူးနော်။

ကျွော့ချင်း၏ မျက်နှာပေါ်ရှိ အပြုံးက အနည်းငယ် ထူးဆန်းနေသဖြင့် လို့ရှီးယန်က အပြုံးဖြင့် ထပ်မေးလိုက်သည်။

"မင်း... ဘာတွေ တွေးနေတာလဲ?"

"ဘာမှ မဟုတ်ပါဘူး"

သူမမှာ လို့ရှီးဝူကို အကြံပေးနိုင်မယ့် နည်းလမ်းတစ်ခု ရှိပေမယ့် ရှီးယန်ကိုတော့ ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး။

သူမ တွေးထားသည့် နည်းလမ်းက အနည်းငယ် ဆန်းကြယ်နေပြီး ရှေးရိုးစွဲ အယူအဆများနှင့် ကိုက်ညီလိမ့်မည် မဟုတ်ပေ။

လို့ရှီးယန်က ရယ်မောနေသော်လည်း သူမကို အတင်းအကျပ် ဖော်ထုတ်ရန် ရည်ရွယ်ထားပုံမရပေ။

သူမက ကျင်းစရဲ့ နှလုံးသားထဲက ဒီထုံးကို ရှင်းထုတ်ပေးနိုင်ဖို့ ထူးထူးခြားခြား နည်းလမ်းတစ်ခုခုကို အသုံးချနိုင်ရင်လည်း ပြဿနာရှိမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် သူမက သူ့ကို မပြောချင်ဘူးဆိုရင် သူက မသိသလို ဟန်ဆောင်ပေးလိုက်မယ်။

ဘာပဲဖြစ်ဖြစ် ဒီပြဿနာကို သူ့အတွက် တစ်ယောက်ယောက်က ကူညီဖြေရှင်းပေးမယ်ဆိုရင် သူက ဘာလို့ ခွင့်မပြုရမှာလဲ။ နောက်ဆုံးတော့ သူလည်းပျော်ရမှာလေ!

သူ၏ နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ပင့်တက်သွားသည်ကို မြင်လိုက်သည်နှင့် ကျွော့ချင်းက ဤ 'မြေခွေးကြီး' ဘာတွေ တွေးမှန်း မှန်းဆမိသွားသည်။ သူမအနေဖြင့် သူ့ကို အပြည့်အဝ နားလည်နိုင်ရန် အချိန်အနည်းငယ် ထပ်ယူရဦးမည် ဖြစ်ကြောင်း သိလိုက်ရသည်။

လို့ရှီးယန်က သူမ၏ ပျော့ပျောင်းအေးမြသော ဆံပင်လေးများကို ပွတ်သပ်ပေးရင်း သဘောကျနေဟန်ဖြင့် ပြုံးနေပြန်သည်။

"ကဲ... သခင်မလေး၊ အခု မေးခွန်းတွေ မေးပြီးပြီဆိုတော့ အနားယူလို့ ရပြီလားခင်ဗျာ"

ကျွော့ချင်းက ရယ်မောလိုက်ပြီး သူမ ပြန်ဖြေရန် ပြင်နေဆဲမှာပင် ရုတ်တရက် ခြံဝင်းအပြင်ဘက်မှ ဖရိုဖရဲဆန်သော အလျင်အမြန် ပြေးလွှားသံများ ထွက်ပေါ်လာသည်။ ထိုခြေသံများက တစ်နေရာတည်းသို့ ဦးတည်သွားနေကြပြီး၊ လှုပ်ခါနေသော မီးရှူးတိုင်များ၏ အလင်းရောင်က အခန်းတွင်းသို့ပင် ဝင်ရောက် တောက်ပနေသလို ခံစားရစေသည်။

ကျွော့ချင်း အံ့ဩသွားပြီး အလိုလို ရေရွတ်လိုက်မ်သည်။

"အပြင်က ဘာသံတွေလဲ"

အခုက သန်းခေါင်ကျော်နေပြီ မဟုတ်ဘူးလား...

လို့ရှီးယန်၏ မျက်နှာကလည်း ရုတ်တရက် တင်းမာသွားပြီး စိုးရိမ်တကြီး ရေရွတ်လိုက်သည်။

"ဟာ... ရှီးဝူ"

All Chapters