← Chapters

အခန်း (၈၆-၈၈)

Vol. 8 Ch. 86-88

အခန်း (၈၆-၈၈)

Vol. 8 Ch. 86-88

အခန်း ၈၆ အမှားကို လက်ခံ... အမှန်ပြင်ဆင်

လို့ရှီးယန်နှင့် ကျွော့ချင်းတို့ လန်ယွဲ့အဆောင်မှ ထွက်ခွာလာချိန်တွင် ဝန်ကြီးချုပ်အိမ်တော်ရှိ အစောင့်များကလည်း လမ်းကြောင်းပေါင်းစုံမှ ပြေးထွက်လာကြပြီး လို့ရှီးဝူနေထိုင်သော ခြံဝင်းကို စနစ်တကျ ဝိုင်းရံထားလိုက်ကြပြီ ဖြစ်သည်။ လူနှစ်ယောက်စလုံး၏ ရင်ထဲတွင် မကောင်းသော အရာတစ်ခုကို ကြိုတင်ခံစားလိုက်ရပြီး တစ်ဦးကို တစ်ဦး ကြည့်ကာ လို့ရှီးဝူ၏ ခြံဝင်းဆီသို့ ပြေးသွားလိုက်ကြသည်။

သူတို့ ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦး ခြံထဲမှ ခုန်ထွက်ပြီး ထွက်ပြေးသွားသည်ကို တွေ့လိုက်ရသည်။ ကျင်းစက ထိုလူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးနေသလို အစောင့်များကလည်း ဝိုင်းဝန်းပိတ်ဆို့ရန် ကြိုးစားနေကြသည်။ သို့သော် လို့ရှီးယန် အစိုးရိမ်ဆုံးက လို့ရှီးဝူ၏ ဘေးကင်းလုံခြုံရေးဖြစ်သည်။ သူမ၏ အခန်းတံခါး ပွင့်ဟနေသည်ကို မြင်လိုက်ရသဖြင့် လူသတ်သမား ထိုအခန်းထဲသို့ ဝင်ရောက်ခဲ့သည်မှာ သေချာသလောက် ရှိနေသည်။

ရှီးဝူ...

သူတို့နှစ်ဦးစလုံး၏ နှလုံးသားများက လည်ချောင်းဝသို့ ခုန်ထွက်လာမတတ် ဖြစ်သွားပြီး ခန်းဆီးများကို ကျော်ဖြတ်ကာ အတွင်းခန်းထဲသို့ အလုအယက် ပြေးဝင်သွားကြသည်။ အခန်းထဲရှိ ခုတင်ပေါ်တွင် လို့ရှီးဝူက မလှုပ်မယှက် သေသေသပ်သပ် လဲလျောင်းနေသည်။ သူမ၏ အပေါ်ပိုင်းအဝတ်အစားများ အချွတ်ခံထားရပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်ကို ဖုံးအုပ်ထားသည့် ပန်းရောင်ရင်စည်း အတွင်းဝတ်လေး တစ်ခုသာ ကျန်နေတော့သည်။ သူမ အတွင်းဝတ်မှ ကြိုးထုံးကလည်း ဖြည်ချခံထားရပြီး ရင်ဘတ်ပေါ်တွင် ထောင့်ဖြတ်အတိုင်း တင်ထားခံရသည်။ ခန္ဓာကိုယ်အောက်ပိုင်းတွင်မူ အဖြူရောင် အတွင်းဝတ် ဘောင်းဘီရှည် ရှိနေဆဲပင်။ အံ့ဩစရာကောင်းသည်က သူမ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှ မရှိသလို အခန်းထဲတွင်လည်း သွေးနံများ စွန်းထင်းနေခြင်း မရှိဘဲ စန္ဒကူးနံလေးသာ သင်းပျံနေခြင်းပင်။

လို့ရှီးဝူ၏ ခန္ဓာကိုယ်တွင် ပြတ်ရှဒဏ်ရာများ မတွေ့ရသဖြင့် နှစ်ယောက်လုံး အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။ သို့သော် လို့ရှီးဝူ၏ အဝတ်အစားများက ဖရိုဖရဲ ဖြစ်နေပြီး လို့ရှီးယန်က သူမ၏အစ်ကို ဖြစ်နေသည့်တိုင် ရှေ့သို့ ဆက်လှမ်းရန် အဆင်မပြေတော့ပေ။ သူက ခုတင်ဘေးတွင် ရပ်လိုက်ပြီး သူ့မျက်နှာကို တစ်ဖက်သို့ လွှဲထားလိုက်သည်။

ကျွော့ချင်းက ခုတင်ပေါ်ရှိ ပိုးထည်စောင်ကို အမြန်ဆွဲယူကာ လို့ရှီးဝူ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ပေးလိုက်သည်။ ထိုအချိန်အထိ လို့ရှီးဝူထံမှ မည်သည့်လှုပ်ရှားမှုကိုမျှ မတွေ့ရသဖြင့် ကျွော့ချင်းတစ်ယောက် စိုးရိမ်စိတ် တိုးလာရပြန်သည်။

"ရှီးဝူ..."

ကျွော့ချင်းက သူမ၏ ပါးပြင်ကို အသာအယာ ပွတ်သပ်ရင်း ခပ်တိုးတိုး ခေါ်လိုက်သည်။ သူမ သတိလစ်နေသည်ဟု ထင်သော်လည်း အနီးကပ် စစ်ဆေးကြည့်ချိန်တွင် လို့ရှီးဝူ၏ မျက်လုံးများက အနည်းငယ် ပွင့်နေပြီး ရီဝေဝေဖြစ်နေကာ တစ်နေရာတည်းသို့ စိုက်ကြည့်နေမှန်း သိလိုက်ရသည်။ သူမ၏ပခုံးကို ကိုင်ကာ လှုပ်ခါလိုက်လျှင် သူမ၏ မျက်ဝန်းများက မှေးမှိန်သွားတတ်သည်။ သို့သော် လုံးဝ တုံ့ပြန်လာခြင်း မရှိသေးချေ။

"ရှီးဝူ... နိုးပြီလား! ထ... ထတော့လေ... ဘာတွေ ဖြစ်နေတာလဲ"

ကျွော့ချင်းက သူမကိုယ်ကို ငုံ့ကိုင်းလိုက်ပြီး လို့ရှီးဝူ၏ မျက်ခွံများကို ဖြည်းညှင်းစွာ ပင့်တင်ကာ သူမ၏မျက်လုံးရှေ့၌ လက်ကို ညင်ညင်သာသာ ဝှေ့ယမ်းပြလိုက်သည်။ သူမ၏မျက်ဆံများ တုံ့ပြန်မှုက ပုံမှန်ပင် ဖြစ်နေသည်။

သူမက အလွန်အမင်း ထိတ်လန့်သွားလို့ မိမိကိုယ်ကို ပိတ်လှောင်လိုက်တာ ဖြစ်နိုင်လား?

ကျွော့ချင်းက လို့ရှီးဝူ၏ ပါးကို အားအနည်းငယ်ထည့်ကာ ခပ်ဖွဖွ ပုတ်လိုက်ပြီး နားနားသို့ကပ်ကာ နောက်တစ်ကြိမ် ထပ်နိုးလိုက်သည်။

"ရှီးဝူ... အဆင်ပြေရဲ့လား... ထပါဦး"

ကျွော့ချင်း၏ အသံက ရုတ်တရက် ကျယ်လောင်လာသဖြင့် လို့ရှီးယန်လည်း စိုးရိမ်တကြီး လှမ်းမေးလာသည်။

"သူ(မ) အဆင်ပြေရဲ့လား"

ကျွော့ချင်းက ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

"ခန္ဓာကိုယ်မှာတော့ ဒဏ်ရာ မရှိဘူး၊ ဒါပေမဲ့ အခြေအနေကတော့ သိပ်မကောင်းဘူး"

ကျွော့ချင်း၏ အသံက အလွန်လေးနက်နေသဖြင့် လို့ရှီးယန်လည်း ကျင့်ဝတ်များကို ဂရုမစိုက်နိုင်တော့ဘဲ လို့ရှီးဝူကို အမြန်လှည့်ကြည့်လိုက်သည်။ လို့ရှီးဝူက မျက်လုံးများ ဖွင့်ထားသော်လည်း သူမ၏မျက်ဝန်းအစုံက အရာရာကို လျစ်လျူရှုထားသလို မှေးမှိန်နေဆဲပင်။

"ရှီးဝူ... ရှီးဝူ... ရှီးဝူ..."

လို့ရှီးယန်က အသံခပ်အုပ်အုပ်ဖြင့် အကြိမ်ကြိမ် ခေါ်နေသော်လည်း လို့ရှီးဝူထံမှ မည်သည့်တုံ့ပြန်မှုမှ မရသေးပေ။ သူမ၏ အခြေအနေက တော်တော်လေး ဆိုးရွားနေပုံရသဖြင့် ကျွော့ချင်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိပြန်သည်။ သူမက လို့ရှီးယန်၏ နားနားသို့ကပ်ကာ တိုးတိုးလေး အကြံပေးလိုက်သည်။

"သူ(မ) အရမ်းထိတ်လန့်သွားပြီး သူ့ဘာသာသူ ပြန်ပိတ်လှောင်ထားတာ ဖြစ်နိုင်တယ်။ သူ(မ) လုံံခြုံတယ်လို့ ခံစားရစေဖို့ ရှင် သူ(မ)ကို စကားများများ ပြောကြည့်လိုက်၊ အဲ့ဒါဆိုရင် သူ(မ) ပြန်နိုးလာနိုင်တယ်"

လို့ရှီးယန်က ခေါင်းညိတ်ပြလိုက်ပြီး လို့ရှီးဝူ၏ ပုခုံးနှစ်ဖက်ကိုကိုင်ကာ အသာအယာ ထူပေးလိုက်ပြီးနောက် သူ့ရင်ခွင်ထဲ၌ မှီထားပေးလိုက်သည်။ သူမ၏ မျက်ဝန်းအစုံက လို့ရှီးယန်ကို မြင်နိုင်လောက်သည့် အနေအထားသို့ ရောက်ရှိလာသည်။ လို့ရှီးယန်က သူ့၏ သွယ်လျသော လက်ချောင်းထိပ်လေးများက ညီမဖြစ်သူ၏ ပါးပြင်ကို ညင်ညင်သာသာ ပွတ်သပ်ပေးနေရင်း အထပ်ထပ်အခါခါ ချော့မော့ပြောဆိုနေသည်။

"ရှီးဝူ... အဆင်ပြေရဲ့လား၊ မကြောက်နဲ့တော့နော်... အစ်ကို မင်းအနားမှာ ရှိတယ်၊ မင်း အစ်ကို့ကို စကားတွေအများကြီး ပြောချင်နေတာ မဟုတ်ဘူးလား...နိုး ထတာ့လေ"

သူ အကြိမ်ကြိမ် ခေါ်နေသော်လည်း လို့ရှီးဝူကတော့ မတုံ့ပြန်သေးချေ။ လို့ရှီးယန်၏ အသံက တစ်စထက်တစ်စ ပိုကျယ်လောင်လာပြီး စိုးရိမ်စိတ်ကြောင့် သူ စိတ်မရှည်ဖြစ်လာသည်မှာ သိသာနေသည်။ ကျွော့ချင်းက လို့ရှီးယန်၏ ပုခုံးကို အနောက်မှ အသာအယာ ပုတ်ပေးကာ တိုးတိုးလေး နှစ်သိမ့်ပေးလိုက်သည်။

"အဆင်ပြေမှာပါ... ဆက်ပြောပေး၊ သူ(မ)နဲ့ စကားပြောပေးနေရုံနဲ့တင် သူ(မ) ပြန်နိုးလာမှာ သေချာတယ်"

လို့ရှီးယန်အတွက် ဤညီမလေးတစ်ယောက်တည်းသာ ရှိသောကြောင့် မိမိနှင့် အနီးစပ်ဆုံး ဆွေမျိုးရင်းချာတစ်ဦး ဤသို့ ဖြစ်နေသည်ကို မြင်ရချိန်၌ သူ မည်မျှ တုန်လှုပ်နေမည်ကို ကျွော့ချင်း နားလည်နေခဲ့သည်။

လို့ရှီးယန်က ကျွော့ချင်းဘက်ကို ကျောပေးထားပြီး သူမ သူ၏မျက်နှာအမူအရာကို မမြင်နိုင်ပေ။ သူ ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်ကိုသာ သူမ မြင်လိုက်ရပြီး သူ ထပ်မံစကားပြောလာချိန်တွင် သူ၏အသံက တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။

လို့ရှီးယန်က လို့ရှီးဝူကို သူ့ရင်ခွင်ထဲတွင် ညင်သာစွာ ပွေ့ထားပြီး သူမ၏ ကျောပြင်ကို ဖွဖွလေး ပုတ်ပေးနေကာ စိတ်အေးချမ်းစေမည့် လေသံဖြင့် တိုးတိုးလေး ဆက်ပြောနေသည်။

"ရှီးဝူ... ဘယ်သူကမှ မင်းကို ထပ်ပြီး ထိခိုက်အောင်လုပ်နိုင်တော့မှာ မဟုတ်ဘူး၊ မင်း အရမ်းကြောက်နေရင် ငိုချလိုက်နော်... အစ်ကိုကြီးက မင်းကို ကာကွယ်ပေးသွားမှာပါ"

"ရှီးဝူ... ရှီးဝူ..."

သူ ထပ်ခါထပ်ခါ ခေါ်နေပြီး ခဏအကြာတွင် လို့ရှီးဝူက နောက်ဆုံး၌ လှုပ်ရှားလာခဲ့သည်။ သူမက သူမ၏မျက်လုံးများကို အကြိမ်အနည်းငယ် ဖွင့်လိုက်ပိတ်လိုက် လုပ်နေပြီး နောက်ဆုံးတွင် သူမ၏မျက်ဝန်းများက တဖြည်းဖြည်း ပြန်လည် ကြည်လင်တောက်ပလာသည်။ နောက်ဆုံးတွင် သူမ တုံ့ပြန်လာသည်ကို မြင်လိုက်ရသဖြင့် လို့ရှီးယန်နှင့် ကျွော့ချင်းတို့ နှစ်ယောက်လုံး သက်ပြင်းရှည်ကြီးများ မှုတ်ထုတ်လိုက်ကြသည်။

သို့သော် လို့ရှီးဝူ၏ မျက်နှာပေါ်ရှိ အမူအရာကတော့ သူမ အလွန်စိတ်ရှုပ်ထွေးနေမှန်း သိသာနေသည်။

"အစ်ကို... အစ်ကိုက ဘာလို့ ညီမအခန်းထဲကို ရောက်နေတာလဲ"

လို့ရှီးယန်နှင့် ကျွော့ချင်းတို့က တစ်ဦးကိုတစ်ဦး ကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်နေကြသည်။ ကျွော့ချင်းက သူမ၏အသိစိတ်ကို ပြန်စုစည်းပြီး လို့ရှီးဝူကို ပြန်မေးလိုက်သည်။

"ဘာတွေ ဖြစ်နေလဲဆိုတာကို နင် တကယ် မသိဘူးလား"

လို့ရှီးဝူက အံ့ဩတကြီးဖြင့် ပြန်ဖြေလာသည်။

"ဘာတွေ ဖြစ်နေတာလို့လဲ၊ ဘာလို့ နင်တို့ရဲ့အမူအရာတွေက ဒီလောက် ထူးဆန်းနေရတာလဲ"

သို့သော် လို့ရှီးဝူက အမှတ်တမဲ့ သူမ၏ လက်နှစ်ဖက်ဖြင့် သူမကိုယ်သူမ ပြန်ထိလိုက်မိသည်။ ထိုအချိန်တွင်မှ သူမ မည်သည့် အဝတ်အစားမှ ဝတ်မထားကြောင်းကို ရုတ်တရက် သတိထားမိသွားခဲ့သည်။

"အားးး!"

လို့ရှီးဝူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ထိတ်လန့်တကြား အမူအရာဖြင့် စောင်ကို အတင်းဆွဲယူကာ ခုတင်ဘေးသို့ ကျုံ့ဝင်သွားသည်။ သူမက သူမ၏ ခေါင်းကို စောင်ထဲ နစ်ဝင်အောင် ဝှက်လိုက်ပြီး လိပ်ကလေးတစ်ကောင်လို ပုန်းနေရှာသည်။

လို့ရှီးယန်က ကြောင်တောင်တောင်ဖြင့် မတ်တပ်ထရပ်လိုက်ပြီး ကျွော့ချင်းက သူ့ကို ကြည့်ကာ ပြုံးပြလိုက်သည်။

"ရှင် အရင်ထွက်သွားလိုက်ပါ၊ ကျွန်မ ဒီမှာ အဖော်လုပ်ပေးလိုက်မယ်"

"ကောင်းပြီ..."

ပုံမှန်အခြေအနေသို့ ပြန်ရောက်စပြုနေပြီဖြစ်သော ညီမဖြစ်သူကို တစ်ချက်ကြည့်ပြီးနောက် လို့ရှီးယန်က တိတ်တဆိတ် ပြန်ထွက်သွားသည်။

ကျွော့ချင်းက စောင်စကို ညင်သာစွာ ဆွဲဖယ်လိုက်ပြီး လို့ရှီးဝူကို နှစ်သိမ့်ပေးလိုက်သည်။

"ရှီးဝူ၊ နင့်အစ်ကို ထွက်သွားပြီ။ ငါပဲ ကျန်တော့တယ်၊ မကြောက်နဲ့တော့"

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လို့ရှီးဝူက နီရဲနေသော မျက်နှာလေးဖြင့် ခေါင်းလေးပြူထွက်လာသည်။

"ငါ... ငါ ဘယ်လိုဖြစ်သွားတာလဲ"

သူမ တကယ်ကို အပေါ်တပိုင်းလုံး ဗလာကျင်း နေတာလေ၊ သူမ အိပ်ရာဝင်တုန်းက အဝတ်တွေ ဝတ်ထားတယ်လေ၊ အခု နိုးလာတော့ ဘာကြောင့် အခုလို ဖြစ်နေရတာတုန်း၊ သူမ တကယ်ပင် နားမလည်နိုင်တော့ဘူး။

လို့ရှီးဝူက စိတ်မရှည်ဟန်ဖြင့် ထပ်မေးလာသည်။

"တကယ်ပဲ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ"

ကျွော့ချင်းက သူမကို ဖုံးကွယ်ထားရန် မရည်ရွယ်ဘဲ ပွင့်ပွင့်လင်းလင်း ပြန် ဖြေလိုက်သည်။

"ဒီည နင့်အခန်းထဲကို ခိုးဝင်လာတဲ့သူက ဒီနေ့လယ် ငါတို့ပြောခဲ့တဲ့ 'နှလုံးသားခိုးသူ' လို့ ငါ ထင်တယ်။ သူက နင်ကို နောက်ထပ်ပစ်မှတ်အဖြစ် ရွေးလိုက်ပုံရတယ်၊ ဒါပေမဲ့ ကံကောင်းသွားတာက သူ့ကို စောစောရှာတွေ့ခဲ့ပြီး သူ မအောင်မြင်သွားဘူး၊ ဒီည ဖြစ်ပျက်ခဲ့တာတွေကို နင် တကယ်ပဲ ဘာမှ မမှတ်မိတော့ဘူးလား"

ယခုအချိန်အထိ ထိုလူသတ်သမား၏ လက်မှ အသက်ရှင်ကျန်ရစ်သူက လို့ရှီးဝူ တစ်ဦးတည်းသာ ရှိသေးသည်။ ထို့ကြောင့် သူမထံမှ အသုံးဝင်သော သဲလွန်စတစ်ခုခု ရနိုင်ရန် ကျွော့ချင်း မျှော်လင့်နေမိခြင်းပင်။

"ငါ... ငါ..."

ကျွော့ချင်း၏ စကားကို ကြားပြီးနောက် လို့ရှီးဝူ၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။ သို့သော် သူမ၏ လက်များက တုန်ယင်မနေပေ။ သူမ အလွန်အမင်း ကြောက်လန့်နေခြင်းလား သို့မဟုတ် တကယ် မမှတ်မိခြင်းလားဆိုသည်ကို ခွဲခြားရန် ခက်ခဲလှသည်။ လို့ရှီးဝူက သူမ၏ခေါင်းကို ငုံ့ထားပြီး အသံတုန်တုန်ဖြင့် ပြန်ဖြေလာသည်။

"ငါ... ငါ ဘာမှ မမှတ်မိတော့ဘူး၊ ငါ အိပ်ရာဝင်ခဲ့တယ်... ပြီးတော့ ဆူညံသံတွေ အများကြီး ကြားလို့ နိုးလာပြီး နင်တို့ကို တွေ့လိုက်တာပဲ။ တခြားဘာမှ မသိဘူး..."

သူမ၏စိတ်ထဲတွင် ကမောက်ကမ ဖြစ်နေပုံရပြီး သူမ အိပ်ပျော်နေစဉ်အချိန်အတွင်းမှ မှတ်ဉာဏ်များအားလုံး လုံးဝ ပျောက်ကွယ်သွားပုံရသည်။

လူသတ်သမားက ဘာကြောင့် သူမကို ရွေးချယ်ခဲ့တာလဲ? သူက အန်းနင်မင်းသမီးကို သတ်ခဲ့တဲ့သူပဲလား? နောက်ထပ် အပြစ်မဲ့မိန်းခလေးတွေကို ဘယ်လောက်များများ ဒုက္ခပေးနေဦးမှာလဲ?

လို့ရှီးဝူက မသိစိတ်ကြောင့် လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ သူမ ခေါင်းမော့လိုက်ချိန်တွင် သူမ၏မျက်ဝန်းအစုံ၌ အတွေးမြူမှုန်များ ပြည့်နှက်နေလေသည်။ သူမ၏ အသံက ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသော်လည်း သူမက တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားနေပြီး ကျွော့ချင်းကို စိုက်ကြည့်ကာ ပြန်မေးလိုက်သည်။

"လူသတ်သမားက... ဘယ်မှာလဲ? နင်တို့ သူ့ကို ဖမ်းမိပြီလား?"

"မမိသေးဘူး၊ လူသတ်သမားရဲ့ ပစ်မှတ်က နင် ဖြစ်နေတော့ သူ ထပ်ပေါ်လာဦးမလားဆိုတာ မသိနိုင်ဘူး၊ ဒါကြောင့် နင်က အခု အန္တရာယ်ကြားမှာ ရောက်နေပြီ၊ သူက ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေပြီး ရပ်တန့်မယ့်ပုံလည်း မပေါ်ဘူး။ ရုံးတော်က ဒီအမှုကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ပဲ မျှော်လင့်ရတော့မယ်။ နင်က အခုထိ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဆိုတော့... မကြာခင် ရုံးတော်က လူတွေ လာပြီး စစ်မေးကြလိမ့်မယ်"

ကျွော့ချင်း အနည်းငယ် စိတ်ပျက်နေခဲ့သည်။ လို့ရှီးဝူထံမှ လူသတ်သမားနှင့် ပတ်သတ်သော သဲလွန်စများ ရနိုင်မည်ဟု သူမ ထင်ထားခဲ့သော်လည်း လို့ရှီးဝူကတော့ ဘာမှမမှတ်မိဟု ပြောနေလေသည်။ တစ်ဖက်မှ ပြန်‌တွေးလျင် လွန်ခဲ့သော အခိုက်အတန့်မှ သူမ၏ အသက်မဲ့နေသော အသွင်အပြင်က ကြောက်မက်ဖွယ်ကောင်းသော အခြေအနေတွင် ရှိနေခဲ့သည်။ ထို့ကြောင့် သူမက သူမကိုယ်သူမ ကာကွယ်နိုင်ရန်အတွက် ထိုမှတ်ဉာဏ်များကို အလိုအလျောက် ချိတ်ပိတ်လိုက်ခြင်းလည်း ဖြစ်နိုင်သေးသည်။ ထိုသို့မဟုတ်လျှင် လူသတ်သမားက လို့ရှီးဝူ၏ အသိစိတ်ကို ထိန်းချုပ်ရန် စိတ်ငြိမ်ဆေး သို့မဟုတ် မူးယစ်စေသော အရာတစ်ခုခု အသုံးပြုခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ခြေများက တစ်ခုထက်မက ရှိနေခဲ့သည်။

လို့ရှီးဝူက သူမ၏စိတ် ငြိမ်သက်သွားအောင် အသက်ကို ပြင်းပြင်း ရှူနေရင်း မေးလာပြန်သည်။

"ဒါဆို ငါ ဘာဆက်လုပ်ရမလဲ"

ရုံးတော်က ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပြီး လူသတ်သမားကို ဖမ်းမိနိုင်ဖို့ သူမလည်း မျှော်လင့်ပါတယ်၊ နောက်ထပ်အပြစ်မဲ့တဲ့ မိန်းခလေးတွေ အချည်းနှီး သေဆုံးနေရတာကို သူမလည် မမြင်ချင်ပါဘူး။

သေလုမျောပါး ဘေးဆိုးကြီးနှင့် ကြုံခဲ့ရသော်လည်း အားတင်းကာ ငြိမ်သက်အောင် ကြိုးစားနေသည့် ကလေးမလေးကို ကြည့်ရင်း ကျွော့ချင်းလည်း သနားလာမိသည်။ သူမက လို့ရှီးဝူ၏ လက်ကလေးကို ညင်သာစွာ ဆုပ်ကိုင်ပေးလိုက်ပြီး သူမ၏ပုခုံးလေးကို ဖက်ကာ တိုးတိုးလေး နှစ်သိမ့်ပေးလိုက်သည်။

"နင် အခု ဘာမှ မမှတ်မိသေးဘူးဆိုတာ ငါ သိပါတယ်၊ ဒါကြောင့် အရင်ဆုံး စိတ်ကို လျှော့ထားလိုက်တော့နော်၊ ကိုယ့်ကိုယ်ကိုယ် အရမ်းဖိအားမပေးနဲ့၊ နင် နောက်မှ တဖြည်းဖြည်း ပြန်စဥ်းစားဖို့ ကြိုးစားကြည့်ပြီး ရုံးတော်က လူတွေအတွက် သဲလွန်စလေးတွေ ပေးနိုင်ဖို့ ငါ မျှော်လင့်တယ်။ ပြီးတော့ ဘာကိုမှ မကြောက်နဲ့တော့နော်၊ ငါတို့အားလုံးက နင့်ကို ဘာမှ အဖြစ်မခံပါဘူး"

လို့ရှီးဝူက ကျွော့ချင်း၏ ပုခုံးပေါ်သို့ ခေါင်းလေး မှီချလိုက်သည်။ ကျွော့ချင်း၏ နူးညံ့သိမ်မွေ့မှုနှင့် ပါးနပ်မှုက သူမကို အလွန် နွေးထွေးစေခဲ့သည်။ သူမ၏ မိခင်က စောစောစီးစီး ဆုံးပါးသွားခဲ့ပြီး သူမထံတွင် ညီအစ်မများလည်း မရှိခဲ့ပေ။ သူမ၏ အစ်ကိုက သူမကို အလွန်ချစ်သော်လည်း ယခုကဲ့သို့ နူးညံ့စွာ ပွေ့ဖက်နှစ်သိမ့်ပေးရန်ကတော့ မဖြစ်နိုင်ပေ။ လို့ရှီးဝူက သူမနှင့် ယခုကဲ့သို့ အတူရှိပေးနိုင်မည့် မိသားစုဝင်တစ်ယောက်ကို အမြဲတမ်း တောင့်တနေခဲ့ပြီး ယခုအချိန်တွင် ဤယောင်းမလောင်းကို သူမ အမှန်တကယ် သဘောကျမိသွားပြီ ဖြစ်သည်။

လို့ရှီးဝူက ခေါင်းညိတ်ရင်း ရိုးရိုးသားသား ပြောလာခဲ့သည်။

"ငါ့ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်"

ထိုစကားက ကျွော့ချင်းကို အံ့အားသင့်သွားစေခဲ့သည်။

ကလေးမလေးက သူမ မျက်လုံးဖွင့်လိုက်တာနဲ့ ငါနဲ့ လို့ရှီးယန်ကို တွေ့လိုက်ရလို့ နားလည်မှုလွဲသွားတာ ဖြစ်နိုင်တယ်။

ကျွော့ချင်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"နင့်ကို ကယ်ခဲ့တာ ငါတို့ မဟုတ်ဘူး၊ ငါတို့က ရုန်းရင်းဆန်ခတ် အသံတွေ ကြားလို့ ဒီကို ပြေးလာခဲ့ကြတာ၊ ခုနက ခြံထဲမှာ ကျင်းစ လူသတ်သမားနဲ့ တိုက်ခိုက်နေတာကို တွေ့လိုက်ရတယ်၊ နင့်ကို ကယ်တင်ခဲ့တဲ့သူက ကျင်းစ ဖြစ်နိုင်တယ်"

"ဘာ..."

လို့ရှီးဝူက ရုတ်တရက် ထထိုင်လိုက်ရင်း အလောတကြီး အော်မေးလိုက်သည်။

"ဒါဆို... လူသတ်သမားနဲ့ ကျင်းစက ငါ့ကို ဒီလိုပုံစံနဲ့ မြင်သွားကြတာလား"

ငါ အနာဂတ်မှာ တခြားလူတွေကို ဘယ်လို မျက်နှာပြရမှာလဲ! ပြီးတော့ ကျင်းစကိုရော ဘယ်လို မျက်နှာချင်းဆိုင်ရမှာလဲ!

ထိုအကြောင်းကို ပိုတွေးလေ ပိုဝမ်းနည်းလာလေလေ ဖြစ်လာသည့် လို့ရှီးဝူက သူမ၏ဒူးလေးကို ပွေ့ဖက်ထားပြီး ဘောလုံးတစ်လုံးကဲ့သို့ ကောက်ကွေးနေကာ ရှက်စိတ်ကြောင့် ငိုပင် မငိုနိုင်တော့ချေ။

ကျွော့ချင်းက သက်ပြင်းတိုလေးတစ်ချက် ချလိုက်ပြီးမှ အပြုံးဖြင့် ထပ်ပြောလိုက်သည်။

"မငိုနဲ့ဦး... ဒါက ပိုတောင် ကောင်းသွားတာ မဟုတ်ဘူးလား"

"ကောင်းတာလား"

လို့ရှီးဝူက ခေါင်းမော့လိုက်ပြီး မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် ကျွော့ချင်းကို စိုက်ကြည့်နေသည်။

သူမကို တခြားအမျိုးသားတစ်ယောက်နဲ့ ကျင်းစက ဒီလိုပုံစံနဲ့ မြင်သွားခဲ့တယ်။ ဒါက သူမချစ်ရသူရဲ့ရှေ့မှာ သူမကို အရှက်ရစရာ ဖြစ်စေခဲ့တယ်။ ဘာက လာပြီးကောင်းမှာလဲ?

"နင် ကျင်းစကို တကယ်ကြိုက်နေပြီး သူ့ကို လက်ထပ်ချင်နေတာ မဟုတ်ဘူးလား"

ကျွော့ချင်းက ထိုအချက်ကို အရင်ဆုံး အတည်ပြုချင်နေပြီး အကယ်၍ ကလေးမလေးက ခေတ္တခဏ စွဲလမ်းနေရုံဆိုလျှင် သူမ ဝင်ရောက် စွက်ဖက်ပေးမည် မဟုတ်ပေ။

"ဟုတ်တယ်!"

လို့ရှီးဝူက ခိုင်ခိုင်မာမာ ခေါင်းညိတ်လိုက်ပြီးမှ စိတ်ပျက်လက်ပျက် ညည်းညူနေပြန်သည်။

"ဒါပေမယ့် အခုလို အခြေအနေမျိုး ဖြစ်သွားမှတော့ သူက ငါ့ကို လက်ထပ်ဖို့ ဘယ်လိုလုပ် စိတ်ကူးရှိတော့မှာလဲ"

"ငတုံးလေး... အခု နင့်မှာ ဘာမှ ထိခိုက်ပျက်စီးသွားတာမှ မရှိတာ။ လူသတ်သမားက နင့်အဝတ်အစားတွေကို ချွတ်လိုက်ရုံပဲလေ၊ အဲ့ဒီတော့ နင်က အပြစ်ကင်းစင်နေတုန်းပဲ"

ကျွော့ချင်းကတော့ ရယ်ရခက် ငိုရခက် ဖြစ်နေပြန်သည်။

သူမရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို မမြင်ရရုံသာမကဘဲ သူမမှာ ဗိုက်စည်းလည်း ရှိနေသေးတယ်! အဲ့တာကို သူမက ဘာကြောင့် ဒီလောက်ရှက်နေရတာလဲ?

"ဒါပေမဲ့လည်း..."

ကျွော့ချင်းက မည်သို့ပင်ပြောစေကာမူ မိမိ၏ ခန္ဓာကိုယ်ကို သူတစ်ပါးအား ဖော်ပြလိုက်သလို ဖြစ်သွားသောကြောင့် လို့ရှီးဝူတစ်ယောက် ဘာဆက်လုပ်ရမှန်းမသိဘဲ စိတ်ဓာတ်ကျကာ ခေါင်းငုံ့ထားမိသည်။

သူမ စိတ်ပျက်အားငယ်နေတာကို မြင်လိုက်ရသောကြောင့် ကျွော့ချင်းက သူမ၏နားသို့ တိုးသွားလိုက်ပြီး သူမ၏အစီအစဥ်ကို ပြောပြလိုက်သည်။

"အခု ကျင်းစက ယုံကြည်စိတ်ချရတဲ့လူ ဟုတ် မဟုတ်၊ တာဝန်ယူမှုရှိ မရှိဆိုတာ စမ်းသပ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ တကယ်လို့ သူသာ လူကောင်းဆိုရင်... နင် လိုချင်နေတဲ့လူကို ရနိုင်လိမ့်မယ်"

"တကယ်လား? ဒါဆို..."

ကျွော့ချင်း၏ စကားများက သူမကို ဆွဲဆောင်နေသဖြင့် လို့ရှီးဝူတစ်ယောက် တံတွေးတစ်လုပ်ပင် မျိုချလိုက်မိသည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် မေးလာပြန်သည်။

"ဒါဆို ငါ ဘာလုပ်ရမလဲ"

ကျွော့ချင်းက လိမ္မာပါးနပ်စွာ ပြုံးလိုက်ပြီး သူမကို လက်ယက်ခေါ်လိုက်သည်။

“ဒီကိုလာ...”

လို့ရှီးဝူက သူမ၏ ချယ်ရီရောင် နှုတ်ခမ်းလေးများကို ညင်သာစွာ ကိုက်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ကျွော့ချင်းအနားသို့ တိုးကပ်လာသည်။ ကျွော့ချင်းက သူမ၏ နားထဲသို့ စကားတချို့ကို တိုးတိုးလေး ပြောလိုက်ရာ လို့ရှီးဝူ၏ မျက်နှာက တစ်ချက် နီရဲလာပြီး တစ်ဖန် ဖြူဖျော့သွားကာ မျက်မှောင်ကြုတ်သွားပြီးမှ ပြန်လည် တောက်ပလာသည်။ ထို့နောက်တွင် သူမက ရှက်ကိုးရှက်ကန်းဖြင့် မေးလာပြန်သည်။

"ဒါ... ဒါက အဆင်ပြေပါ့မလား၊ ငါ တကယ်ကြီး လုပ်ရမှာလား"

ကျွော့ချင်းက လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ပိုက်ထားရင်း ယုံကြည်မှုများ ပြည့်နေသည့် အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"အင်း.... ကျန်တာကတော့ နင့်ရဲ့ သရုပ်ဆောင်မှုအပေါ်မှာပဲ မူတည်လိမ့်မယ်"

လို့ရှီးဝူက အံကို တင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။

"ကောင်းပြီ... ငါ လုပ်မယ်"

သူမ ကျင်းစအပေါ်ထားတဲ့ သူမရဲ့အချစ်အတွက် ဘာကိုမဆို လုပ်ရဲရမယ်။

(T/N: အမကြီးတို့နှစ်ယောက်ရယ် လူသတ်သမားက အခန်းထဲက ခုနမှ ထွက်သွားပြီး ဖမ်းမိလား လွတ်သွားလားတောင် မသေချာသေးဘူး။ အမတို့နှစ်ယောက်က အဆင်ဖမ်းဖို့ တိုင်ပင်နေရဲတယ်နော်)

အခန်း ၈၇ ကုယွင်ထံမှ အကူအညီတောင်းခြင်း

လို့ရှီးဝူက သူမ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် အမြန်လဲလှယ် ဝတ်ဆင်လိုက်သည်။ ထိုအချိန်တွင် တံခါးခေါက်သံ တိုးတိုးလေး ထွက်ပေါ်လာသဖြင့် ကျွော့ချင်းက လို့ရှီးဝူကို တစ်ချက် ကြည့်လိုက်သည်။ လို့ရှီးဝူက သူမ အဆင်သင့်ဖြစ်နေကြောင်း ခေါင်းညိတ်ပြလာသောကြောင့် ကျွော့ချင်းက အသံကျယ်ကျယ်ဖြင့် လှမ်းပြောလိုက်သည်။

"ဝင်လာခဲ့ပါ"

အခန်းထဲသို့ ဝင်လာသူက လို့ရှီးယန် ဖြစ်ပြီး လို့ရှီးဝူ၏ မျက်နှာက သွေးရောင်ပြန်လွှမ်းမိုးလာပြီး သူမ၏အသွင်အပြင်ကလည်း သိသိသာသာ တည်ငြိမ်လာသည်ကို မြင်လိုက်ရသဖြင့် သူ စိတ်သက်သာရာ ရသွားပုံပေါ်သည်။ သူက ညီမဖြစ်သူ၏ပုခုံးကို ကြင်ကြင်နာနာ ခပ်ဖွဖွ ပုတ်ပေးရင်း တိုးတိုးလေး မေးလိုက်သည်။

"မင်း... အဆင်ပြေရဲ့လား?"

သူမ၏အစ်ကိုက သူမအတွက် မည်မျှ စိတ်ပူနေခဲ့သည်ကို သိနေသော လို့ရှီးဝူက အားတက်သရော ခေါင်းညိတ်ပြကာ တတ်နိုင်သမျှ တောက်ပစွာ ပြုံးပြလိုက်သည်။

"စိတ်မပူပါနဲ့ အစ်ကို၊ ကျွန်မ အဆင်ပြေသွားပါပြီ"

တံခါး ဖွင့်ထားသဖြင့် အပြင်ဘက်မှ လူတချို့၏ စကားပြောသံများကိုလည်း ကြားနေရသည်။ ကျွော့ချင်းက ချက်ချင်း လှမ်းမေးလိုက်သည်။

"ကျင်းစ... အဲ့ဒီလူကို ဖမ်းမိသွားပြီလား?"

လို့ရှီးယန်က ခေါင်းခါပြလိုက်သည်။ ထို့နောက် လို့ရှီးဝူ ထပ်မံ ထိတ်လန့်သွားမည်ကို စိုးရိမ်သဖြင့် သူက ပေါ့ပေါ့ပါးပါး ပြုံးကာ ထပ်ပြောလိုက်သည်။

"အခုလောလောဆယ် မဖမ်းမိသေးပေမယ့် သိပ်မကြာခင်မှာ သူ့ကို ဖမ်းမိမှာပါ"

ကျင်းစကဲ့သို့ ကိုယ်ခံပညာ ကျွမ်းကျင်သူနှင့် သက်တော်စောင့်များစွာ ဝိုင်းဖမ်းခဲ့သော်လည်း လူသတ်သမားက အမှန်တကယ် လွတ်မြောက်သွားခဲ့ပြီး ၎င်းက အံ့ဩဖွယ်ရာ ဖြစ်နေခဲ့သည်။

ဒီလူရဲ့ ကိုယ်ခံပညာက နားမလည်နိုင်လောက်တဲ့အထိ ကောင်းလွန်းနေတာလား? ဒါမှမဟုတ် သူက ဝန်ကြီးချုပ်အိမ်တော်အပါအဝင် မြို့တော်ရဲ့မြေမျက်နှာသွင်ပြင်နဲ့ အရမ်းရင်းနှီးနေတဲ့သူလား? မှန်းဆစရာတွေက ပိုများပြားလာပြီ။

လို့ရှီးဝူ၏ စိတ်အခြေအနေက တည်ငြိမ်နေပုံရသဖြင့် လို့ရှီးယန်က အသံကို နှိမ့်ကာ သေချာအောင် မေးမြန်းလာခဲ့သည်။

"ရှန်လူကြီးမင်းက မင်းကို မေးခွန်းတချို့ မေးချင်နေတယ်၊ မင်း... အဆင်ပြေပါ့မလား?"

လို့ရှီးဝူက သူမ၏ စိတ်ကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။

"အဆင်ပြေပါတယ်"

လို့ရှီးယန်နှင့် ကျွော့ချင်းတို့က လို့ရှီးဝူ၏လက်ကို တစ်ဖက်တစ်ချက်စီမှ ဆုပ်ကိုင်အားပေးရင်း သုံးယောက်သား ခန်းဆီးအပြင်ဘက်ရှိ ခန်းမဆီသို့ ထွက်လာခဲ့ကြသည်။ လို့ရှီးယန်က တံခါးအပြင်ဘက်ရှိ လူများအား လှမ်းပြောလိုက်သည်။

"ရှန်လူကြီးမင်းကို ဖိတ်ခေါ်လိုက်ပါ"

ရှန်ယုလန်မှာ အိမ်အပြင်ဘက်တွင် အတော်ကြာအောင် စောင့်ဆိုင်းနေပုံရသည်။ ထိုစကားကို ကြားသည်နှင့် အရပ်မြင့်မြင့် ပုံရိပ်တစ်ခု တံခါးဝ၌ ထွက်ပေါ်လာသည်။ လို့ရှီးဝူက ဂုဏ်သရေရှိ မိသားစုမှ မိန်းမပျိုလေး ဖြစ်သောကြောင့် ရှန်ယုလန်နှင့်အတူ လူငယ်နှစ်ဦးသာ လိုက်ပါလာပြီး ကျန်သည့် ရုံးတော်အမှုထမ်းများကတော့ ခြံဝင်းအပြင်ဘက်၌သာ စောင့်ဆိုင်းနေကြသည်။

အတွင်းခန်းထဲသို့ ရောက်လာသည့် ရှန်ယုလန်က လက်သီးနှစ်ဖက်ကို စုကာ ယဥ်ယဉ်ကျေးကျေး ဦးညွှတ် နှုဆ်ဆက်လိုက်သည်။

"ဝန်ကြီးချုပ်လို့ကို နှုတ်ဆက်ပါတယ်" "လို့သခင်မနဲ့ လို့သခင်မလေးကိုလည်း နှုတ်ဆက်ပါတယ်"

ရှန်ယုလန်၏ နောက်မှ ပါလာသော လူငယ်နှစ်ဦးအနက် တစ်ယောက်က အခန်းထဲသို့ ရောက်သည်နှင့် ဘေးဘယ်ညာသို့ တစ်ချက်သာ ဝှေ့ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ရှိနေသော်လည်း အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် အခြားလူငယ်တစ်ဦးကမူ အနည်းငယ် ဂနာမငြိမ် ဖြစ်နေလေသည်။ သူ၏ ကြည်လင်ထက်မြက်သော မျက်လုံးများက အခန်းပတ်ပတ်လည်ရှိ အခြေအနေကို စူးစူးစမ်းစမ်း လိုက်လံကြည့်ရှုနေသည်။

သူတို့ သက်သေအထောက်အထားများကို စုဆောင်းချင်နေကြသော်လည်း ယခုနေရာက ဝန်ကြီးချုပ်အိမ်တော်မှ သခင်မလေး၏ အဆောင်ဖြစ်နေသောကြောင့် ပေါ့ပေါ့ဆဆ မလုပ်ရဲဖြစ်နေပုံရသည်။ ကျွော့ချင်းက အခြေအနေကို ရိပ်မိသွားပြီး အပြုံးဖြင့် စကားစလိုက်သည်။

"ရှန်လူကြီးမင်း... ကျွန်မတို့ အိပ်ခန်းထဲက ဘာပစ္စည်းကိုမှ မထိရသေးပါဘူး၊ ရှင်တို့အဖွဲ့ စစ်ဆေးလို့ရအောင် တစ်ယောက်ယောက်ကို လမ်းပြခိုင်းလိုက်ပါ့မယ်။ ဘာသက်သေကိုမဆို လိုအပ်သလို စုဆောင်းလို့ရပါတယ်၊ ရှီးဝူက နည်းနည်းပင်ပန်းနေတာဆိုတော့ မေးစရာရှိတာတွေကို အရင်မေးလိုက်ပါလား"

ပုံမှန်အားဖြင့် လူသတ်မှုတစ်ခု ဖြစ်ပွားတိုင်း မိသားစုဝင်များက အလောင်းကို ရွှေ့ပြောင်းခြင်း၊ အခန်းကို သန့်ရှင်းရေးလုပ်ခြင်းတို့ကြောင့် သက်သေများ ပျက်စီးရသည်မှာ သူတို့အတွက် အကြီးမားဆုံး ခေါင်းခဲစရာ ဖြစ်သည်။ သို့သော် ဤအမျိုးသမီး၏ သက်သေများကို ထိန်းသိမ်းရန် ကြိုတင်တွေးတောထားနိုင်ခြင်းက သူတို့ကို အံ့ဩဝမ်းသာသွားစေသည်။ ချန်ဟန့်နှင့် လုကျင်းတို့၏ စူးစမ်းလိုသော မျက်လုံးများက ဝန်ကြီးချုပ်ဘေးတွင် ထိုင်နေသော မိန်းကလေးထံသို့ ရောက်ရှိသွားသည်။

သူမ၏ ပါးပြင်ပေါ်ရှိ ဓားဒဏ်ရာနှစ်ချက်က နဂိုလှပသော မျက်နှာလေးကို အနည်းငယ် ပျက်စီးနေစေသော်လည်း သူမ၏ တည်ငြိမ်ရင့်ကျက်မှုနှင့် စူးရှသော အကြည့်များက တစ်ပါးသူကို ဆွဲဆောင်နိုင်သေးသည်။ သူမ၏ တောက်ပနေသော မျက်ဝန်းအစုံကို မြင်လိုက်ရသူတိုင်း နှစ်ခါပြန်မကြည့်ဘဲ မနေနိုင်ကြချေ။ ကျွော့ချင်းက သူတို့၏ အကြည့်များကို နားလည်နေဟန်ဖြင့် အသာအယာ ပြုံးပြလိုက်သည်။

"ကောင်းပြီ"

ရှန်ယုလန်က သူ၏ လက်ထောက်ကို တိုးတိုးလေး အမိန့်ပေးလိုက်သည်။

"ချန်ဟန့်၊ သဲလွန်စတွေကို တတ်နိုင်သမျှ အမြန်ဆုံး စုဆောင်းတော့"

"ဟုတ်ကဲ့ပါ"

ချန်ဟန့်က အတွင်းခန်းထဲသို့ ဝင်သွားပြီး လုကျင်းက စုတ်တံနှင့် စာရွက်အား အဆင်သင့်ထုတ်လိုက်ချိန်တွင် ရှန်ယုလန်က သူလုပ်ဆောင်ရမည့် အလုပ်ကို စတင်လိုက်သည်။

"လို့သခင်မလေး... လူသတ်သမားရဲ့ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလား"

လို့ရှီးဝူက ခေါင်းခါပြလိုက်ပြီး ပွင့်ပွင့်လင်းလင်း ရှင်းပြလိုက်သည်။

"ကျွန်မ သူ့ကို မြင်တောင် မမြင်လိုက်ရဘူး၊ ဘာဖြစ်သွားမှန်းလည်း မသိလိုက်ဘူး၊ ကျွန်မ အနားယူဖို့ အိပ်ရာဝင်ခဲ့တာကိုပဲ မှတ်မိတော့တယ်။ အဲ့ဒီနောက်က မှတ်ဉာဏ်တွေက မှုန်ဝါးနေပြီး ပြန်နိုးလာတော့ အစ်ကိုတို့က ကျွန်မဘေးကို ရောက်နေပြီ၊ ကျွန်မ..."

သူမ ပြောနေရင်း ဝိုးတဝါး ဖြစ်လာပြီး ဆက်ပြောရန် ခက်ခဲနေသောကြောင့် ကျွော့ချင်းက ဘေးမှ ကူပြောပေးလိုက်သည်။

"အဲ့ဒီအချိန်တုန်းက ကျွန်မတို့လည်း ဆူညံသံတွေကြားလို့ အပြေးအလွှား ရောက်လာခဲ့တာ၊ အဲ့အချိန်မှာ ကျင်းစက လူသတ်သမားကို လိုက်ဖမ်းနေပြီ၊ ရှီးဝူကတော့ သတိလွတ်နေခဲ့တယ်။ သူ(မ)ရဲ့ အဝတ်အစားတွေ ဖရိုဖရဲ ဖြစ်နေပေမယ့် ကျူးလွန်ခံရတာမျိုးတော့ မရှိခဲ့ဘူး"

လို့ရှီးဝူ၏ မျက်နှာက အနည်းငယ် နီမြန်းသွားပြီး ခေါင်းငုံ့လိုက်သည်။ ကျွော့ချင်းက သူမကို နှစ်သိမ့်ရန် သူမ၏လက်ကလေးကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်သည်။ ခဏကြာပြီးနောက် လို့ရှီးဝူ၏မျက်နှာက နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

အမှန်တကယ်တွင် ရှန်ယုလန်တို့က တံခါးအပြင်ဘက်ကတည်းက ကျင်းစကို စစ်ဆေးမေးမြန်းခဲ့ကြပြီး ဖြစ်သည်။ ကျင်းစ၏ ပြောပြချက်အရ လူသတ်သမားက ငွေရောင်မျက်နှာဖုံး ဝတ်ဆင်ထားပြီး မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရကြောင်း သိထားပြီးဖြစ်သည်။ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ လို့ရှီးဝူကလည်း တစ်လျှောက်လုံး သတိလစ်နေခဲ့သဖြင့် သူမထံမှ သဲလွန်စရနိုင်ရန် မလွယ်ကူတော့ချေ။

ရှန်ယုလန်က အနည်းငယ် စိတ်ပျက်သွားသော်လည်း အသေးစိတ်အချက်အလက်ကို လက်လွှတ်မခံချင်ဘဲ ဆက်မေးလိုက်သည်။

"ဒါဆိုရင်... မင်း အိပ်ရာမဝင်ခင်မှာ ခါတိုင်းနဲ့မတူဘဲ ထူးခြားတာမျိုး ရှိသေးလား? ပုံမှန်မဟုတ်တဲ့ တစ်ခုခုကို သတိထားမိတာမျိုး ရှိလား"

လို့ရှီးဝူက ခဏမျှ စဉ်းစားနေပြီးမှ ခေါင်းခါပြလိုက်ပြန်သည်။

"မရှိပါဘူး၊ အားလုံးက ခါတိုင်းနဲ့ အတူတူပါပဲ၊ ဆုအာက ကျွန်မအတွက် ဂျင်ဆင်းဟင်းရည် ယူလာပေးတယ်၊ အဲ့ဒါကို သောက်ပြီးတော့ ကျွန်မ အိပ်ပျော်သွားတယ်"

"အဲ့ဒီကောင်မလေးရော... အခု ဘယ်မှာလဲ"

ရှန်ယုလန်၏ စိတ်ထဲတွင် 'ဂျင်ဆင်းဟင်းရည်' ထဲ၌ တစ်ခုခု ရှိနေနိုင်သည်ဟု ချက်ချင်း သံသယဝင်သွားခဲ့သည်။

လို့ရှီးဝူက ဆုအာ မည်သည့်နေရာတွင် ရှိနေမှန်း ရှင်းရှင်းလင်းလင်း မသိသောကြောင့် လို့ရှီးယန်ကိုသာ စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ လို့ရှီးယန်က သူမ၏ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးပြီးမှ ရှန်ယုလန်ကို ရှင်းပြလိုက်သည်။

"ဆုအာက ရှီးဝူရဲ့ ကိုယ်ပိုင်အစေခံပါ။ ပုံမှန်ဆိုရင် သူ(မ)က ရှီးဝူရဲ့ ဘေးခန်းမှာ အိပ်ပြီး ရှီးဝူကို စောင့်ပေးလေ့ရှိတယ်၊ ဒါပေမယ့် အခု သူ(မ)လည်း သတိလစ်နေလို့ သမားတော်က ကုသပေးနေတယ်"

လို့ရှီးဝူရဲ့ အစေခံပါ သတိလစ်နေတယ်တဲ့လား?

ယခင် သေဆုံးသူများ၏ အိမ်မှ အစေခံသုံးဦးစလုံးကလည်း ဤကဲ့သို့ပင် သတိလစ်နေခဲ့ကြသည်။ သူမတို့ ပြန်နိုးလာချိန်တွင် သခင်မလေးများ၏ အလောင်းများကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ ယခုလည်း လူသတ်သမားက ထိုနည်းအတိုင်း လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း အချိန်မီ ရှာတွေ့ခဲ့သောကြောင့် သူ့အစီအစဉ်အတိုင်း ဆက်မလုပ်နိုင်ဘဲ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်နိုင်သည်။

"မင်း အခု မသက်မသာ ခံစားနေရတာမျိုး ရှိလား?"

ရှန်ယုလန်က ဆက်မေးနေပြန်သည်။

တကယ်လို့ ဆေးတစ်မျိုးမျိုး အခပ်ခံလိုက်ရတာဆိုရင် တုံ့ပြန်မှု တစ်ခုခုတော့ ရှိသင့်တယ်လေ။

လို့ရှီးဝူက သူမ၏မျက်လုံးများကို မှိတ်ချလိုက်ပြီး ခေါင်းခါပြရုံသာ တတ်နိုင်ခဲ့သည်။

"မရှိပါဘူး၊ ကျွန်မ အရမ်းကို အိပ်ချင်နေတာ တစ်ခုပဲ ရှိတယ်"

လို့ရှီးဝူ၏ အဖြေက ရှန်ယုလန်ကို စိတ်ပျက်သွားစေသော်လည်း သူ့မျက်နှာတွင် မည်သည့် အမူအရာမှ ပြသခြင်း မရှိပေ။ သူက လို့ရှီးဝူကို ထပ်မံ မျက်နှာချင်းဆိုင်လိုက်ပြီး ထပ်မေးလိုက်သည်။

"သခင်မလေး၊ ဒီရက်ပိုင်းအတွင်း အိမ်တော်အပြင်ကို ထွက်ခဲ့သေးလား? ဘယ်သူတွေနဲ့ တွေ့ခဲ့လဲ? ပြီးတော့ ဒီရက်ပိုင်းအတွင်း ပြောဆိုဆက်ဆံခဲ့တဲ့သူတွေကို မှတ်မိသလောက် ပြောပြပါဦး"

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မ နန်းတော်ထဲကို တစ်ခေါက်သွားခဲ့တယ်။ နန်းတော်က ပြန်လာကတည်းက အိမ်အပြင် မထွက်ဖြစ်တော့ဘူး။ အခုရက်ပိုင်းအတွင်း ကျွန်မက ဆုအာရယ်၊ ကျွန်မရဲ့ ယောင်းမရယ်နဲ့ပဲ အတူရှိနေခဲ့တာပါ၊ တခြားသူတွေနဲ့ အဆက်အသွယ် မရှိပါဘူး"

သူမ နန်းတော်သို့ သွားခဲ့သည်မှလွဲ၍ အိမ်ပြင်မထွက်သလောက်ပင်။ လက်ရှီတွင် ချိမ်စစ်ခန်းမကလည်း မင်္ဂလာဝတ်စုံ မပြီးသေးသလို လာလည်းမပို့သေးပေ။ သူမ၏ ယောင်းမလောင်းဖြစ်သူ ကျွော့ချင်းကလည်း နေမကောင်းဖြစ်နေသောကြောင့် သူမ အိမ်ထဲတွင်သာ ရှိနေခဲ့သည်။

လို့ရှီးဝူက သူမကို "ယောင်းမ" ဟု အလွန် ချောမောပြေပြစ်စွာ ခေါ်လိုက်သောကြောင့် ကျွော့ချင်းတစ်ယောက် အံ့အားသင့်သွားရပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။ သို့သော် လို့ရှီးယန်ကမူ ထိုအခေါ်အဝေါ်ကို အလွန်အသားကျနေပုံရကာ သူ၏ မျက်နှာပေါ်တွင် ကျေနပ်နေသည့်အရိပ်အယောင်များ ရှိနေလေသည်။

လို့ရှီးဝူ၏ စကားကို နားထောင်ပြီးနောက် ကျွော့ချင်းက တစ်စုံတစ်ဦးကို ရုတ်တရက် သတိရသွားပြီး ဝင်ပြောလိုက်သည်။

"စုမူဖုန်း... ဒီနေ့ နေ့လယ်တုန်းက သူ ဒီကို လာခဲ့သေးတယ်"

လို့ရှီးဝူက ခေါင်းညိတ်ပြသော်လည်း စိုးရိမ်တကြီးဖြင့် ကာကွယ်ပြောဆိုလိုက်‌သေးသည်။

"သခင်လေးစုက စကားနည်းနည်းပဲ ပြောပြီး ပြန်သွားတာပါ၊ ဘာမှ ထူးထူးခြားခြား မရှိပါဘူး"

သူတို့က သခင်လေးစုကို သံသယဖြစ်မှာတော့ မဟုတ်ဘူးမလား။ သူက လူသတ်သမားမဖြစ်နိုင်ဘူးဆိုတာ သေချာပါတယ်။

ကျွော့ချင်းကလည်း စုမူဖုန်းကို လူသတ်သမားဟု မထင်ထားခဲ့ပေ။ သို့သော် လက်ရှိတွင် မှုခင်းကို မှတ်တမ်းတင်နေခြင်း ဖြစ်သောကြောင့် အခြေအနေအရပ်ရပ်ကို အသေးစိတ် ရှင်းပြသင့်သည်ဟု သူမ ယူဆထားသည်။ လူသတ်သမားက မည်သူဖြစ်သည်ကို စုံစမ်းရန်ကတော့ ရုံးတော်၏ တာဝန်သာ ဖြစ်သည်။

ရှန်ယုလန်၏ မျက်လုံးများမှ အလင်းရောင်များ တဖျပ်ဖျပ် တောက်ပလာပြီး ထပ်မေးလာပြန်သည်။

"လို့သခင်မလေးကလည်း သခင်လေးစုဆီကနေ ဗျပ်စောင်းသင်နေတာလား?"

‘လည်း’ တဲ့လား?

ရှန်ယုလန်က ဤစကားလုံးကို အလွန်လိမ္မာပါးနပ်စွာ အသုံးပြုသွားခြင်း ဖြစ်သည်။ ကျွော့ချင်းနှင့် လို့ရှီးယန်တို့နှစ်ဦးစလုံးက ထူးဆန်းမှုကို ချက်ချင်း ရိပ်မိသွားပြီး တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသော်လည်း ဘာမှဝင်မပြောဘဲ ငြိမ်နေလိုက်ကြသည်။

လုကျင်းက မှတ်တမ်းတင်နေစဉ်အတွင်း သူတို့သုံးဦး၏ အမူအရာများကို သတိထားကြည့်ရန် မမေ့ခဲ့ပေ။

လို့လူကြီးမင်းက ဝန်ကြီးချုပ်ဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါပေတယ်။ သူက စကားလုံးတိုင်းရဲ့ အဓိပ္ပာယ်ခြားနားချက်ကို ကောင်းကောင်းကြီး ရိပ်မိနိုင်တယ်။ သူ့ဇနီးကလည်း အတူတူပါပဲ။ သူမသာ သာမန်လူဆိုရင် ဘယ်လိုလုပ် ဝန်ကြီးချုပ်လို့နဲ့ ထိုက်တန်ပါ့မလဲ?

လို့ရှီးဝူကမူ ဘာမှ သတိမထားမိဘဲ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့၊ ဒီလမှ စလေ့လာတာပါ။ သခင်လေးစုက ကျွန်မကို သင်ခန်းစာလေးခုပဲ သင်ပေးရသေးတယ်။ ဒီနေ့ကတော့ နှုတ်ဆက်ဖို့ လာခဲ့တာပါ"

"ဘာလို့ ဆက်မသင်တော့တာလဲ?"

လို့ရှီးဝူက သူမ၏ နှုတ်ခမ်းလေးကို အသာအယာ ဖိလိုက်ရင်း ပြန်ဖြေလိုက်သည်။

"မြို့တော်မှာ အခုတလော မငြိမ်းချမ်းတော့ဘူးလေ။ ဒီလိုအချိန်မှာ ဝန်ကြီးချုပ်အိမ်တော်ကို အပြင်လူတွေ ဝင်ထွက်သွားလာဖို့ အဆင်မပြေတဲ့အတွက် သူ ဆက်မလာတော့ဘူးလို့ ပြောပါတယ်"

သူမက သခင်လေးစုထံမှ ဗျပ်စောင်းပညာကို ဆက်လက်သင်ယူချင်စိတ် ရှိနေသေးကြောင်း သူမ၏ လေသံထဲမှ ထွက်ပေါ်နေသည်။

ရှန်ယုလန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့အပြင် ယနေ့အတွက် သူ ထပ်မံမေးမြန်း၍ မရနိုင်တော့မှန်းလည်း သိလိုက်ပြီဖြစ်သည်။ ထိုအချိန်တွင် ချန်ဟန့်က အတွင်းခန်းထဲမှ ထွက်လာပြီး သစ်သားတံခါးဆီသို့ လျှောက်သွားကာ ထိုနေရာတွင် ထိုင်ချလိုက်သည်။ သူက ခဏမျှ စစ်ဆေးပြီးနောက် လေးနက်သော မျက်နှာထားဖြင့် ရှန်ယုလန်၏ နောက်ကျောဘက်သို့ ပြန်လျှောက်လာသည်။

ရှန်ယုလန်က သူ့ကို ခေါင်းလှည့်ကြည့်လိုက်ပြီး လှမ်းမေးလိုက်သည်။

"ချန်ဟန့်... စစ်ဆေးတာ ပြီးပြီလား"

"ပြီးပါပြီ လူကြီးမင်း"

ချန်ဟန့်က သူ့၏လက်ထဲမှ ရိုးရိုးလက်ကိုင်ပုဝါဖြင့် ထုပ်ပိုးထားသော အရာအချို့ကို စားပွဲပေါ်သို့ ဖြန့်ခင်းပြလိုက်သည်။ ထိုအရာများက မီးမရှို့ရသေးသော စန္ဒကူးနံ့သာခဲများ၊ ပိုးပုဝါတစ်ထည်နှင့် မည်သည့်နေရာမှ ရလာသည်မသိသော ဖုန်မှုန့်အနည်းငယ်တို့ ဖြစ်သည်။

ချန်ဟန့်က လို့ရှီးယန်ကို မေးလာပြန်သည်။

"လို့လူကြီးမင်း၊ ကျွန်တော်တို့ ဒါတွေကို ယူသွားလို့ ရမလား"

လို့ရှီးယန်က ခေါင်းညိတ်ကာ ခွင့်ပြုလိုက်သည်။

"ရတယ်"

ရှန်ယုလန်က မတ်တပ်ထရပ်လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်ကာ နောက်တစ်ကြိမ် နှုတ်ဆက်လိုက်သည်။

"လို့သခင်မလေးကို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်၊ တကယ်လို့ တခြားအကူအညီတွေ လိုအပ်လာရင် ထပ်ပြီး လာရောက်နှောက်ယှက်ပါရစေဦး"

လို့ရှီးဝူကလည်း မတ်တပ်ထရပ်ပြီး ယဉ်ယဥ်ကျေးကျေး ပြန်ပြောလိုက်သည်။

"ရှန်လူကြီးမင်းက အရမ်း ယဉ်ကျေးလွန်းနေပါပြီ၊ ကျွန်မလည်း လူသတ်သမားကို တတ်နိုင်သမျှ မြန်မြန်ဖမ်းမိဖို့နဲ့ တရားမျှတမှု ပေါ်ပေါက်လာဖို့အတွက် ကူညီပေးချင်ပါတယ်"

ကျွော့ချင်းက ရှန်ယုလန်၏ မျက်နှာကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်။ အစမှအဆုံးအထိ သူ၏မျက်ခုံးများက တွန့်ချိုးနေပြီး ယခင်က ရှိခဲ့ဖူးသော မိမိကိုယ်ကိုယ် ယုံကြည်မှုပြည့်နေသည့် ပေါ့ပေါ့ပါးပါးပုံစံက ပျောက်ဆုံးနေခဲ့သည်။

သူ၏ အမူအရာကြောင့် ကျွော့ချင်းတစ်ယောက် မနေနိုင်ဘဲ လှမ်းမေးလိုက်မိသည်။

"ရှန်လူကြီးမင်း... ဒီကိစ္စကို သေချာနားလည်နိုင်ပြီလား?"

ရှန်ယုလန်၏ ခြေလှမ်းများက အနည်းငယ် နှေးကွေးသွားကာ သူ့ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်ပြီး လေးလံသော အသံဖြင့် ပြန်မေးလိုက်သည်။

"သခင်မကရော... ဘယ်လို အကြံဉာဏ်မျိုးများ ပေးနိုင်မလဲ"

(T/N: E-tran မှာပြောထားတာက ကျွော့ချင်းကို မဒမ် အစား ဖူရန်(ပင်မဇနီးများအတွက် အခေါ်အဝေါ်)လို့ ပြောင်းခေါ်ကြတယ်တဲ့၊ ဘယ်နေရာကစလဲတော့ သေချာမပြောထားဘူး၊ ကိုယ်ထင်တာတော့ ကျင်းစနဲ့ စကားပြောတဲ့အခန်းထင်တယ်၊ မြန်မာလိုကျတော့ သခင်မပဲ ဆက်ပြန်မယ်နော်)

ကျွော့ချင်းကလည်း ခေါင်းခါပြလိုက်သည်။

"အလောင်းတွေကို ကိုယ်တိုင် မစစ်ဆေးရသေးခင်မှာတော့ ကျွန်မမှာလည်း ဘာအကြံမှ မရှိသေးပါဘူး။ ဒါပေမယ့် ရှင့်ကို အခြားအကြံတစ်ခုတော့ ပေးနိုင်တယ်"

ရှန်ယုလန်က ကျွော့ချင်းကို မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ပြန်ကြည့်လာခဲ့သည်။

ဒီထူးဆန်းတဲ့မိန်းခလေးက သူ့အတွက် အသုံးဝင်တဲ့ အကြံဉာဏ်တချို့ ပေးနိုင်ဖို့ သူ မျှော်လင့်နေမိတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူလည်း အထက်က‌နေ ဖိအားပေးတာကို အလူးအလဲ ခံနေရတာ မဟုတ်ဘူးလား?

ကျွော့ချင်းက အပြုံးဖြင့် ဆက်ပြောလိုက်သည်။

"ရှင့်အတွက် ဒီကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းပေးနိုင်မယ့်သူတစ်ယောက် ရှိတယ်"

"သခင်မလေး ချင်းမော့လား"

ရှန်ယုလန်က ရွှေဒင်္ဂါးအမှုကို ကိုင်တွယ်စဉ်က ချင်းမော့၏ ပါးနပ်မှုကို ပြန်မြင်ယောင်နေမိသည်။ သူမက အမှန်တကယ် စူးစမ်းလေ့လာနိုင်စွမ်း အလွန်ကောင်းသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမ၏ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းနှင့် ထိုးထွင်းသိမြင်မှုက အံ့မခန်းပင်။

ကျွော့ချင်းက ခေါင်းညိတ်ရင်း ထပ်ပြောလိုက်သည်။

"သူ(မ)က ဒီလို လူသတ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ အရမ်းတော်တယ်"

ကုယွင် တာဝန်ယူ ဖြေရှင်းခဲ့ဖူးသော အလားတူ အမှုမျိုးမှာ ငါးခုထက်မနည်း ရှိခဲ့သည်ကို ကျွော့ချင်း မှတ်မိနေသေးသည်။ ထိုအမှုများထဲမှ အချို့က အခြားပြည်နယ်များက မဖော်ထုတ်နိုင်သဖြင့် သူမကို အကူအညီတောင်းကာ တာဝန်ပေးခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ကုယွင်သာ ဤနေရာ၌ ရှိနေလျှင် ပိုမိုတိကျသော စုံစမ်းစစ်ဆေးရေး လမ်းညွှန်ချက်များ ပေးနိုင်ပေလိမ့်မည်။

"အခု သခင်မလေး ချင်းမော့က အနောက်မြောက်ဘက်က ဖေးချန်ကို သွားနေတာလေ၊ သူ(မ)ကို ခေါ်ဖို့ မဖြစ်နိုင်မှာကို ကျွန်တော် စိုးရိမ်မိတယ်"

ရှန်ယုလန်လည်း ထိုအချက်ကို ယခင်က စဉ်းစားခဲ့ဖူးသည်။ ချင်းမော့က စစ်သူကြီးအိမ်တော်မှ လူတစ်ယောက် ဖြစ်နေသည်က တစ်ကြောင်း၊ အကွာအဝေးက ဝေးလွန်းသည်က တစ်ကြောင်း အကြောင်းအမျိူးမျိုးကြောင့် သူ ဝန်လေးနေခဲ့ခြင်း ဖြစ်သည်။

လုကျင်းကလည်း ဘေးမှ အေးစက်သော လေသံဖြင့် ဝင်ပြောလိုက်သည်။

"ချင်းသခင်မလေးက ကူညီဖို့ ဆန္ဒရှိရင်တောင် အရမ်းနောက်ကျနေမှာကို ကျွန်တော် ကြောက်မိပါတယ်"

"ဘာလို့လဲ?"

ကျွော့ချင်းက အံ့ဩတကြီး ပြန်မေးလိုက်သည်။

ချန်ဟန့်က အေးတိအေးစက် နှာမှုတ်လိုက်ပြီး ဒေါသတကြီး ဝင်ပြောလာသည်။

"အခုချက်ချင်း ဖေးချန်ကို စာပို့ရင်တောင် အမြန်ဆုံး လေးရက်လောက် ကြာလိမ့်မယ်။ ချင်းသခင်မလေးက အထုတ်အပိုး ပြင်ပြီး ရထားလုံးနဲ့ ချက်ချင်း လိုက်လာရင်တောင် မြို့တော်ကို ရောက်ဖို့ ရက်နှစ်ဆယ်လောက် ကြာဦးမှာ၊ နောက်ဆုံး သတ်မှတ်ရက်ရောက်ဖို့က ဆယ်ရက်လောက်ပဲ လိုတော့တယ်။ သူ(မ) ဘယ်လောက်ပဲ တော်ပါစေ... ဒီအမှုကို အချိန်တိုအတွင်း ဖြေရှင်းဖို့ မဖြစ်နိုင်တော့ဘူး။ အဝေးကရေက အနီးကမီးကို မငြိမ်းနိုင်ဘူး"

ရှန်ယုလန်က အေးဆေးတည်ငြိမ်နေဆဲ ဖြစ်သော်လည်း လူငယ်နှစ်ဦး၏ မျက်နှာတွင်မူ ဒေါသများ ပြည့်နှက်နေသည်။ ကျွော့ချင်းက လို့ရှီးယန်ကို ကြည့်ကာ မေးလိုက်ပြန်သည်။

"နောက်ဆုံး သတ်မှတ်ရက် ဆိုတာက ဘာလဲ? အဲ့ဒီရက် ကျော်သွားရင် ဘာဖြစ်မှာလဲ?"

လို့ရှီးယန်က ရှန်ယုလန်ကို စိုက်ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်ရင်း ရှင်းပြလာသည်။

"ဧကရာဇ်က ရှန်လူကြီးမင်းကို အချိန်တစ်လလို့ ကန့်သတ်ပေးလိုက်တယ်။ သူ ဒီအမှုကို တစ်လအတွင်း မဖြေရှင်းနိုင်ရင် သူ့ကို ရာထူးက ထုတ်ပယ်ရုံတင်မကဘူး၊ စုံစမ်းစစ်ဆေးပြီး ထောင်ဒဏ်သုံးနှစ် ချမှတ်လိမ့်မယ်"

ဧကရာဇ်ထံမှ ဤကဲ့သို့ အမိန့်ထုတ်ပြန်ခြင်းက ရှန်ယုလန်အပေါ် အတင်းအကျပ် ဖိအားပေးခိုင်းစေလိုက်ခြင်းပင်။ သို့သော် အခမ်းအနား မတိုင်မီ ယခုကဲ့သို့ အမှုအခင်းများ ဆက်တိုက် ဖြစ်ပွားနေပြီး မဖြေရှင်းနိုင်ပါက ချုံယွဲ့၏ ဂုဏ်သိက္ခာ ထိခိုက်သွားနိုင်သည်။

အမှုကို မဖြေရှင်းနိုင်ရင် ထောင်ကျမယ်! ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!

လို့ရှီးယန်နှင့် ရှန်ယုလန်တို့၏ မျက်နှာအမူအရာများကလည်း ဧကရာဇ်ယန်းဟုန်ထျန်းက ဤအတိုင်း တကယ်လုပ်ဆောင်မည့်သူ ဖြစ်ကြောင်း သက်သေပြနေသည်။ ကျွော့ချင်းတစ်ယောက် သူမ၏ စိတ်ထဲတွင် ယန်းဟုန်ထျန်း၏ ဘိုးဘေးဘီဘင်များအထိ တိုင်တည်ကာ ကျိန်ဆဲနေသော်လည်း ဆဲဆိုနေရုံဖြင့် ပြဿနာ မပြေလည်နိုင်မှန်း သူမလည်း ကောင်းကောင်းကြီး သိနေခဲ့သည်။

သူမက ခဏမျှ စဉ်းစားပြီးနောက် ထပ်မေးလိုက်သည်။

"ဖေးချန်ကနေ မြို့တော်ကို အမြန်ဆုံး ဘယ်နှစ်ရက်လောက် ကြာနိုင်လဲ?"

ချန်ဟန့်က ပြန်ဖြေလာသည်။

"ကိုယ်ခံပညာ မြင့်မားပြီး သန်မာတဲ့ လူငယ်တစ်ယောက် မြင်းကို အရှိန်အကုန် တင်ပြီး မအိပ်မနေ ဒုန်းစိုင်းလာရင်တောင် ငါးရက်လောက်တော့ အချိန်ယူရမယ်"

ကျွော့ချင်းက လုကျင်း၏ လက်ထဲမှ စုတ်တံကို လှမ်းယူလိုက်ပြီး စာရွက်ဖြူတစ်ရွက်ပေါ်တွင် စကားလုံးအချို့ကို ရေးသားလိုက်သည်။ သူမက စာရေးပြီးသည်နှင့် ထိုစာရွက်ကို လုကျင်းထံသို့ ပြန်ကမ်းပေးလိုက်သည်။

"ဖေးချန်ကို ဒီစာ ချက်ချင်း ပို့လိုက်၊ ကိုးရက်အတွင်း သူ(မ) သေချာပေါက် ရောက်လာလိမ့်မယ်"

[Lcey၊ ကိစ္စက ခက်တယ်၊ မြန်မြန် ပြန်လာ - Nancy]

လုကျင်းက သူ့လက်ထဲမှ ရိုးရှင်းလှသော စကားလုံးများကို စိုက်ကြည့်နေသည်.ဓ သို့သော် တစ်ဝက်လောက်ကို သူ နားမလည်နိုင်ဖြစ်နေပြီး သူမတို့ အချင်းချင်းကြားတွင် လျှို့ဝှက်သင်္ကေတများ ရှိနေသည်မှာ သိသာလှသည်။

လို့သခင်မက အမြန်ပြန်လာချင်ပေမယ့်လည်း ချင်းသခင်မလေးက မြန်မြန်ပြန်လာဖို့ မဖြစ်နိုင်ပါဘူး။

ချန်ဟန့်ကလည်း မယုံကြည်နိုင်ဟန်ဖြင့် ညည်းတွားနေလေသည်။

"ဒါက... ဒါက လုံးဝ မဖြစ်နိုင်ဘူး"

ကျွော့ချင်းက ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ အာမခံလိုက်သည်။

"တခြားသူတွေ လုပ်နိုင်၊ မလုပ်နိုင်တော့ ကျွန်မ မသိဘူး။ ဒါပေမယ့် သူ(မ)ကတော့ သေချာပေါက် လုပ်နိုင်လိမ့်မယ်"

ကျွော့ချင်းက ကုယွင်၏ အလုပ်အပေါ် ရူးသွပ်မှုကို မြင်ဖူးခဲ့သူ ဖြစ်သည်။

ယွင်က သူမရဲ့ ပန်းတိုင်ကို အရောက်လှမ်းဖို့ စိတ်ပိုင်းဖြတ်လိုက်ရင် သူမရဲ့ Adrenalineက မြန်မြန်ဆန်ဆန် တိုးလာနိုင်ပြီး သာမာန်လူတစ်ယောက် စိတ်ကူးနိုင်တဲ့ အခြေအနေကို ကျော်လွန်သွားလိမ့်မယ်၊ တစ်ယောက်ယောက်က ငါးရက်အတွင်း သွားနိုင်တယ်ဆိုရင် သူ(မ)က လေးရက်အတွင်း သေချာပေါက် ပြန်ရောက်လာလိမ့်မယ်။

(Adrenaline- စိတ်လှုပ်ရှားသည့်အခါ Adrenalဂလင်းများမှ ထုတ်ပေးသော နှလုံးခုန်နူန်း၊စွမ်းအင်နှင့်တုံပြန်မှုတို့ကို ပိုမိုထက်မြက်စေသော(အရည်)ပစ္စည်း)

သူမက စာရေးရန် သူမတို့ အချင်းချင်းအသုံးပြုလေ့ရှိသော အင်္ဂလိပ်အမည်များကို ရွေးချယ်ခဲ့သည့် အဓိကအကြောင်းအရင်းက စာကို တဆင့်ခံပေးပို့မည် ဖြစ်ကြောင့် ဖြစ်သည်။ ထို့အပြင် သူမ၏ စုတ်တံလက်ရေးက အလွန်ပင် ရုပ်ဆိုးလွန်းလှပြီး သူမကိုယ်တိုင်ပင် ပြန်ဖတ်ရန် ခက်ခဲလှသည်။ ထို့ကြောင့် ကုယွင်အနေဖြင့် ဤစာကို ကျွော့ချင်းထံမှ လာခြင်းဖြစ်ကြောင်း ယုံကြည်သွားစေရန် အင်္ဂလိပ်စာလုံးများက အကောင်းဆုံး သက်သေ ဖြစ်သည်။

ကျွော့ချင်း၏ ယုံကြည်မှုကို အားလုံး မြင်နေကြရသော်လည်း ဘယ်သူကမှ သူမကို မယုံကြည်နိုင်ကြသေးချေ။ ကျွော့ချင်းကလည်း ရှင်းပြရန် စိတ်မဝင်စားတော့ပေ။

ဒီလူတွေ သူတို့ဘာသာ ‘ယွင်’ကို ကိုယ်တိုင်တွေ့လိုက်ရတာနဲ့ ငါ့စကားကို ယုံကြည်သွားလိမ့်မယ်။

ကျွော့ချင်းက ဘေးသို့ အနည်းငယ် လှည့်လိုက်ပြီး လို့ရှီးယန်၏ အနားသို့ ကပ်ကာ တိုးတိုးလေး တောင်းဆိုလိုက်သည်။

"ရှီးယန်၊ ကျွန်မ အလောင်းတွေကို သွားကြည့်ချင်တယ်။ ရှင်က မနက်ဖြန်ကျရင် အလုပ်တွေ များနေဦးမှာဆိုတော့ စောစော အနားယူတော့နော်။ ကျွန်မ သိပ်မကြာခင် ပြန်လာခဲ့ပါ့မယ်"

လို့ရှီးယန်က သက်ပြင်းတစ်ချက်ချကာ တားမြစ်လိုက်သည်။

"မင်းလည်း အခုမှ နေကောင်းကာစလေ၊ ပြီးတော့ အခုအချိန်က အရမ်း နောက်ကျနေပြီ။ မနက်ဖြန်မှ သွားပါလား"

သို့သော်လည်း သူမ မည်မျှအထိ သွားချင်နေသည်ကို သူ သိပြီးသား ဖြစ်သည်။

ကျွော့ချင်းက ထပ်တောင်းဆိုလိုက်ပြန်သည်။

"ကျွန်မ နေကောင်းနေပါပြီ။ ပြီးတော့ မော့ပိုင်က ကျွန်မနဲ့အတူ ရှိနေမှာလေ၊ ရှင် ကျွန်မရဲ့ လုံခြုံရေးအတွက် စိတ်ပူနေဖို့ မလိုပါဘူး။ အလောင်းတွေက ကြာကြာထားလေလေ အချက်အလက် ပျောက်ဆုံးသွားလေလေပဲ၊ ကျွန်မ အလောင်းကို အမြန်ဆုံး စစ်ဆေးချင်တယ်"

လို့ရှီးယန်လည်း ခေါင်းညိတ်သဘောတူလိုက်ရတော့သည်။

“ဒါဆိုလည်း သွားလေ”

သူ သူမကို သွားခွင့်မပြုရင် သူမ မသွားနိုင်ဘူးဆိုပေမယ့် သူမရဲ့ အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားကြောင့် သူမ ဒေါသဖြစ်နေမှာ သေချာနေတယ်၊ ပြီးတော့ သူမ မနက်ဖြန်မနက်စောစော ဝန်ကြီးချုပ်အိမ်တော်ထဲကနေ ထွက်သွားမယ်ဆိုတာက တွေးနေစရာတောင် မလိုဘူး။

ကျွော့ချင်းကလည်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ လို့ရှီးယန်က သူမအား အပြင်ထွက်ခွင့် မပြုမည်ကို သူမ အမှန်တကယ် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ မထင်မှတ်ဘဲ သူက သဘောတူလိုက်သောကြောင့် သူမ ဝမ်းသာသွားပြီး သူ့နားနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ရှင့်ရဲ့ သည်းခံနားလည်ပေးမှုက... ကျွန်မ ရှင့်ကို ထိန်းမနိုင်သိမ်းမနိုင် ပိုပြီး ချစ်မိလာစေတယ်၊ ကောင်းသောညပါနော်"

ထို့နောက် သူမက ရှန်ယုလန်ဘက်သို့ လှည့်ကာ မေးလိုက်ပြန်သည်။

"ရှန်လူကြီးမင်း၊ အခု အလောင်းတွေကို သွားကြည့်လို့ ရမလား"

လို့ရှီးယန်ကတော့ သူမ၏ စကားကြောင့် မှင်သက်နေခဲ့ပြီး သူ သတိပြန်ဝင်လာချိန်တွင် မပြုံးဘဲ မနေနိုင်တော့ချေ။

သူမက သူ့ကို ဘယ်လိုနှစ်သိမ့်ရမယ်ဆိုတာကို သိပြီးသား ဖြစ်ပုံရတယ်။

"အခုလား?"

ရှန်ယုလန်လည်း အံ့ဩသွားရသည်။ သန်းခေါင်ကျော်နေပြီဖြစ်သောကြောင့် သူ ဘေးမှ ဝန်ကြီးချုပ်ကို အကဲခတ်ဟန်ဖြင့် လှမ်းကြည့်လိုက်သော်လည်း လို့ရှီးယန်၏ အမူအရာက ပုံမှန်အတိုင်း ဖြစ်နေလေသည်။ ထို့ကြောင့် ရှန်ယုလန်က ဘာမှ ထပ်မပြောတော့ဘဲ လို့ရှီးယန်ကို နှုတ်ဆက်လိုက်သည်။

"လို့လူကြီးမင်း၊ ကျွန်တော် အရင် ပြန်ပါတော့မယ်၊ သခင်မ... သခင်မ သွားချင်တယ်ဆိုရင် ကျွန်တော်တို့ သွားလို့ ရပါတယ်"

ကျွော့ချင်းက ရှန်ယုလန်နှင့် သူ၏တပည့်များနောက်သို့ လိုက်ပါသွားခဲ့သည်။

နောက်ဆုံးတွင် လို့ရှီးဝူလည်း သတိပြန်ဝင်လာပြီး လို့ရှီးယန်ကို ကြည့်ကာ မေးလိုက်ပြန်သည်။

"အစ်ကို၊ ယောင်းမက ဘာလို့ အလောင်းတွေကို ဒီလောက် စိတ်ဝင်စားနေရတာလဲ"

လို့ရှီးယန်လည်း ထိုအချက်ကို သိချင်နေပြီး နှုတ်ဆိတ်နေခဲ့သည်။

  ချင်းအာရဲ့အလောင်းတွေအပေါ် ရင်းနှီးကျွမ်းဝင်မှုက ရှန်ယုလန်ထက်တောင် ပိုပြီး မြင့်မားနေ‌သေးတယ်။ ပြီးတော့ ချင်းမော့.... အဲဒီမိန်းခလေးရဲ့ထက်မြက်မှုက သာမာန်တော့ မဟုတ်ပါဘူး။ ချင်းအာနဲ့ ချင်းမော့ရဲ့ဆက်ဆံရေးက ကောင်းမွန်လွန်းနေပြီး အရမ်းရင်းနှီးပုံရတယ်၊ အဲ့တာက ချင်းဖုန့်ပေါ်မှာရှိတဲ့ ရင်းနှီးမှုနဲ့ မတူဘူး။ သူ ခံစားမိတာက ချင်းအာရဲ့အတိတ်မေ့ခြင်းက အကြောင်းပြချက်တစ်ခုသာသာပဲ၊ အဲ့ဒါကြောင့် သူ အဲ့တာကို စစ်ဆေးကြည့်သင့်လား ဒါမှမဟုတ် သူမက သူကို ပြောပြဖို့ ဆန္ဒရှိလာတဲ့အထိ စောင့်နေသင့်လား??!

လို့ရှီးယန် တစ်ယောက် အတွေးထဲသို့ လေးလေးနက်နက် နစ်ဝင်သွားခဲ့သည်။

အခန်း ၈၈ ပျောက်ဆုံးနေသော နှလုံးများ

ကျွော့ချင်း တရားစီရင်ရေးနှင့် အကျဉ်းဌာန၏ ရင်ခွဲရုံသို့ တတိယအကြိမ်မြောက် ရောက်ရှိလာခဲ့သည်။ ရှန်ယုလန်က သူမ၏ ယခင်က အကြံပြုချက်ကို အလေးအနက် ထားခဲ့ပုံရသည်။ ယခုတစ်ကြိမ်တွင် ရင်ခွဲခန်းက ယခင်ကထက် ပိုအေးစက်နေပြီး အလောင်းများကို ကောင်းစွာ ထိန်းသိမ်းထားနိုင်သည့် အခြေအနေတွင် ရှိနေသည်။ အခန်းထဲ၌ အမျိုးသမီး အလောင်း သုံးလောင်းကို တန်းစီ ချထားပြီး သူမတို့၏ မျက်နှာများက သာမန်အလောင်းများထက် ပို၍ ဖြူဖျော့နေကာ ခန္ဓာကိုယ်ပေါ်တွင် ဘယ်ဘက်ရင်အုံမှ ဓားဒဏ်ရာမှလွဲ၍ အခြား ဒဏ်ရာတစ်စုံတစ်ရာ မရှိချေ။ အလောင်းများတွင် အစက်အပျောက်ကလေးမျှပင် မရှိဘဲ ကျောက်စိမ်းဖြူကဲ့သို့ အေးစက်ဖြူဖွေးနေသည်။

ကျွော့ချင်းက ထူထဲသော ချည်သားဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ သေးသွယ်သော လက်ချောင်းများနှင့် စူးရှသော မျက်ဝန်းများက သေဆုံးသူများ၏ အရေပြား၊ ဦးရေပြား၊ လက်ချောင်းကြားများနှင့် အခြားသော နေရာအနှံ့အပြားကို ဂရုတစိုက် စူးစမ်းစစ်ဆေးနေသည်။ ရှန်ယုလန်၊ လုကျင်းနှင့် ချန်ဟန့်တို့က သူမကို ဝန်းရံထားကြပြီး မော့ပိုင်ကတော့ ကျွော့ချင်း၏ အနောက်ဘက် မနီးမဝေးတွင် ကျောက်ရုပ်ကဲ့သို့ မတ်မတ်ရပ်နေသည်။ သူက အဝတ်အစားထူထူ မဝတ်ထားသော်လည်း တုန်တုန်ယင်ယင် ဖြစ်မနေသလို သူ့မျက်နှာကလည်း အခန်းထဲမှ ရေခဲများနှင့် လိုက်ဖက်ညီနေလောက်အောင် အေးစက်နေလေသည်။

လုကျင်းနှင့် ချန်ဟန့်တို့ နှစ်ယောက်စလုံးကလည်း ကျွော့ချင်းအကြောင်းကို အလွန် သိချင်နေကြသည်။ သူတို့၏ လူကြီးမင်းဖြစ်သူ ရှန်ယုလန်က သူမအပေါ် အလွန်အမင်း ယုံကြည်လေးစားနေခြင်းကလည်း သူတို့အတွက် ထူးဆန်းသည်။ သူမက အလောင်းများရှေ့တွင် အလွန်တည်ငြိမ်လွန်းနေပြီး သူမ၏စစ်ဆေးမှု လုပ်ထုံးလုပ်နည်းများကလည်း ကျွမ်းကျင်ပညာရှင်တစ်ဦးကဲ့သို့ စနစ်တကျ ရှိလှသည်။

ယခုတစ်ကြိမ်တွင် ကျွော့ချင်းက အလောင်းကို စစ်ဆေးနေစဉ်အတွင်း ခါတိုင်းကဲ့သို့ ချက်ချင်း ရှင်းပြခြင်း မပြုခဲ့ပေ။ သူမက အလောင်း သုံးလောင်းစလုံးကို သေသေချာချာ ကြည့်ရှုပြီးနောက်မှ သူမဘေးရှိ လူသုံးဦးကို မော့ကြည့်ကာ စမေးလိုက်သည်။

"အရင်ဆုံး... ရှင်တို့ရဲ့ အလောင်းစစ်ဆေးမှု ရလဒ်ကို အကျဉ်းချုပ် ပြောပြပါဦး"

လုကျင်းက ရှန်ယုလန်ကို လှမ်းကြည့်ပြီး ရှန်ယုလန်က ခေါင်းညိတ်ခွင့်ပြုသဖြင့် သူက ပြတ်သားသော သူ့ထင်မြင်ချက်များကို ပြောပြလာခဲ့သည်။

"သေဆုံးသူ သုံးဦးစလုံးက အမျိုးသမီးတွေ ဖြစ်ကြပြီး မတူညီတဲ့ အချိန်တွေမှာ သေဆုံးခဲ့တာပါ။ ခန္ဓာကိုယ်မှာ ဒဏ်ရာ အများကြီး မရှိဘဲ ဘယ်ဘက်ရင်အုံမှာ ငါးလက်မခန့် အရှည်ရှိတဲ့ ဓားဒဏ်ရာ တစ်ခုစီပဲ ရှိပါတယ်။ ဒဏ်ရာတွေက အရမ်း သပ်ရပ်ချောမွေ့နေတာကြောင့် လူသတ်လက်နက်က အရမ်းထက်တဲ့ ဓားဖြစ်မယ်လို့ ယူဆရပါတယ်။ ဒဏ်ရာ အနေအထားအရ အလျား ခြောက်လက်မကနေ ခုနစ်လက်မခန့်ရှိတဲ့ အသွားနှစ်ဖက်ပါတဲ့ ဓားမြှောင်တစ်လက်ဖြစ်တယ်လို့ ခန့်မှန်းပါတယ်၊ သေဆုံးရတဲ့ အကြောင်းရင်းကတော့ လူသတ်သမားက နှလုံးကို အရှင်လတ်လတ် ဖယ်ထုတ်လိုက်လို့ပါ။ သေဆုံးသူတွေရဲ့ အလောင်းမှာ ရုန်းကန်ထားတဲ့ ခြေရာလက်ရာတွေ မရှိပေမယ့် သူတို့ရဲ့ မျက်နှာအမူအရာတွေကတော့ အလွန်အမင်း ထိတ်လန့် တုန်လှုပ်နေပုံရပါတယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့ ဓားနဲ့ အထိုးခံရချိန်မှာ အပ်စိုက်မှတ်ကို ဖိနှိပ်ခံထားရလို့ မလှုပ်ရှားနိုင်တာမျိုး၊ မအော်နိုင်တာမျိုး ဖြစ်နေပြီး အသိရှိနေပုံရပါတယ်၊ အဲ့ဒါကြောင့် အခုလို ထိတ်လန့်တဲ့ အမူအရာမျိုးတွေကို ပြသနေခဲ့တာပါ"

ကျွော့ချင်းက တိတ်တဆိတ် နားထောင်နေပြီးမှ ထပ်မေးလိုက်သည်။

"ရှင့် နာမည် ဘယ်လိုခေါ်လဲ"

သူမ ဘာကြောင့် မေးသည်ကို မသိသော်လည်း လုကျင်းက ပြန်ဖြေလိုက်သည်။

"လုကျင်းပါ"

ကျွော့ချင်းက ရှန်ယုလန်ကို ပြုံးပြုံးကြီး ကြည့်လိုက်ရင်း လှမ်းမေးလိုက်ပြန်သည်။

"ရှင့်ရဲ့ တပည့်လား"

ရှန်ယုလန်က တိုတိုတုတ်တုတ် ဝန်ခံလိုက်သည်။

"အင်း..."

ကျွော့ချင်းက ကျေနပ်နေဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်ကာ ပြုံးနေပြန်သည်။

"အင်း... အလားအလာ အရမ်းကောင်းတာပဲ"

လုကျင်းကို ကြည့်ရသည်မှာ အသက်နှစ်ဆယ်ကျော်ရုံသာ ရှိမည့် လူငယ်တစ်ဦးမှန်း သိသာနေသည်။ ရှေးခေတ်၏ အရင်းအမြစ်များနှင့် ဗဟုသုတများအရ ဤမျှအထိ ထင်မြင်ချက် ပေးနိုင်ခြင်းက အလွန်ချီးကျူးစရာ ကောင်းသည်ဟု သူမ ထင်နေမိသည်။ ထို့ကြောင့်လည်း ယနေ့တွင် သူမက တိုက်ရိုက် မရှင်းပြဘဲ သူတို့၏ စစ်ဆေးချက်ကို အရင် နားထောင်ခဲ့ခြင်းပင်။

ထို့အပြင် သူမက ခေတ်သစ် ရင်ခွဲစစ်ဆေးမှု နည်းပညာနှင့် ရှေးခေတ် နည်းပညာများကြားမှ မည်မျှကွာဟနေသည်ကိုလည်း သိချင်နေခဲ့သည်။ သူမ သိထားသော နည်းပညာများက ပို၍ အဆင့်မြင့်သည်ဟု သူမ မပြောရဲသော်လည်း သူမ၏ အသိပညာများကို တတ်နိုင်သမျှ ဖြန့်ဝေပေးရန်တော့ ဆုံးဖြတ်ထားသည်။ ထိုမှသာ နစ်နာသူများ၏သေဆုံးမှုက တရားမျှတမှု ရှိလာမည် ဖြစ်ပြီး တရားမျှတမှုက အရာရာကို လွှမ်းမိုးနိုင်စေရန် သူမ မျှော်လင့်နေမိသည်။

ကျွော့ချင်းက လုကျင်း၏ ငယ်ရွယ်သော မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏အပြုံးကို ပြန်ထိန်းကာ လေးနက်သော အသံဖြင့် ထပ်ရှင်းပြလိုက်သည်။

"အခြေခံအားဖြင့်တော့ ရှင် ပြောတာကို ကျွန်မ သဘောတူပါတယ်၊ ဒါပေမဲ့ ကျွန်မမှာ သံသယရှိတဲ့ အချက်နှစ်ချက် ရှိတယ်။ ပထမတစ်ချက်က သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ပြောစရာ ရှိတယ်။ သေဆုံးသူတွေက သွေးလွန်ကဲပြီး ရှော့ခ်ရသွားတာကြောင့် သေဆုံးသွားတယ်လို့ ကျွန်မ ယူဆတယ်။ ဆိုလိုတာက ခန္ဓာကိုယ်ထဲက ထွက်နေတဲ့ သွေးတွေကို အချိန်မီ ပြန်မဖြည့်ပေးနိုင်ဘဲ သွေးဆုံးရှုံးမှု လွန်ကဲသွားတဲ့အတွက် သေဆုံးသွားတာပါ"

(Hemorrhagic Shock သည် ခန္ဓာကိုယ်တွင် ခံစားရနိုင်သော ဒဏ်ရာအမျိုးအစားများစွာထဲမှ တစ်ခုဖြစ်သည်။ ဤအမျိုးအစား ရှော့ခ်က ပြင်းထန်သော သွေးထွက်ခြင်း၏ အကျိုးဆက်ဖြစ်ပြီး ၎င်းက တစ်သျှူးများ၏ သွေးစီးဆင်းမှုကို လျှော့ချပေးကာ ဆဲလ်များကို အာဟာရနှင့် အောက်ဆီဂျင် လုံလောက်စွာ ရရှိခြင်းမှ တားဆီးလိုက်ပြီး အောက်ဆီဂျင်လုံလောက်မှုမရှိခြင်းက ဆဲလ်နှင့် ခန္ဓာကိုယ်အတွက် ရှော့ခ်ဖြစ်စေသည်။ Source: cvrti.utah.edu)

'ရှော့ခ်ရခြင်း' ဆိုသည့် အဓိပ္ပာယ်ကို သူတို့ နားမလည်မည်အား စိုးရိမ်သောကြောင့် ကျွော့ချင်းက သေသေချာချာ ရှင်းပြလိုက်သည်။

သူမ ပြောပြီးသည်နှင့် ချန်ဟန့်က ချက်ချင်း ကန့်ကွက်လာသည်။

"သူတို့အားလုံးရဲ့ နှလုံးတွေ အထုတ်ခံထားရတယ်လေ။ ဘာလို့ နှလုံးထုတ်ခံရလို့ သေတာ မဟုတ်ရမှာလဲ?"

သူမ၏ ကျွမ်းကျင်မှုက သိသာသော်လည်း ချန်ဟန့်က မိမိတို့၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် လုကျင်း၏ ခွဲခြမ်းစိတ်ဖြာမှုကို ပိုယုံကြည်နေဆဲပင်။

ရှန်လူကြီးမင်းက လွဲပြီး လုကျင်းထက် ပိုအစွမ်းထက်တဲ့သူကို သူ တစ်ခါမှ မတွေ့ဖူးသေးဘူး။

ကျွော့ချင်းက တည်ငြိမ်စွာ ပြန်ရှင်းပြလိုက်သည်။

"လူတစ်ယောက်မှာ နှလုံးခုန်တာ ရပ်သွားရင်တောင်မှ တစ်ရှီးချန်ရဲ့ လေးပုံတစ်ပုံအတွင်း သေဆုံးဖို့ အချိန်မလုံလောက်သေးဘူး၊ ဒါပေမဲ့ အဲ့ဒီ အချိန်တိုအတွင်းမှာ သွေးလွှတ်ကြောတွေ ပေါက်ပြဲပြီး သွေးတွေ အမြောက်အမြား ဆုံးရှုံးသွားရင်တော့ ချက်ချင်း သေစေနိုင်တယ်။ ဒီလူသတ်မှုတွေ ဖြစ်တဲ့နေရာမှာ သွေးတွေ အများကြီး ရှိနေလား၊ မရှိနေဘူးလား?"

သူမ အခင်းဖြစ်ပွားရာ နေရာသို့ မသွားရသော်လည်း သွေးအလွန်အကျွံ ဆုံးရှုံးသွားသောကြောင့် ဖြစ်လာသည့် ခန္ဓာကိုယ်၏ အသားအရောင် ဖျော့တော့မှုနှင့် ကိုယ်တွင်းအင်္ဂါများ ညှိုးနွမ်းသွားမှုကို ကြည့်ရုံဖြင့် ထိုအချိန်က အခြေအနေကို သူမ ကောင်းကောင်း ခန့်မှန်းနိုင်သည်။

ချန်ဟန့်က ခေါင်းညိတ် ဝန်ခံလိုက်သည်။

"အိပ်ရာပေါ်မှာရော ကြမ်းပြင်မှာပါ သွေးတွေနဲ့ ပြည့်နေခဲ့တယ်။ ဒါပေမယ့် လူသတ်မှုတစ်ခုမှာ သွေးတွေ အများကြီး ထွက်နေတာက ထူးဆန်းလို့လား"

"လူတစ်ယောက် သေဆုံးသွားတာနဲ့ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုက ရပ်တန့်သွားပြီး သွေးကြောတွေရဲ့ လုပ်ဆောင်ချက်တွေလည်း ချက်ချက် ရပ်တန့်သွားတတ်တယ်။ ယေဘုယျအားဖြင့် သွေးထွက်နှုန်း မများနိုင်ဘူး။ တကယ်လို့ သေဆုံးပြီးမှ ထွက်တဲ့သွေးဆိုရင် ဒဏ်ရာရဲ့ ပတ်ဝန်းကျင် ပတ်ပတ်လည်လောက်မှာပဲ သွေးတွေ တွေ့ရလိမ့်မယ်၊ ကြီးမားတဲ့ သွေးအိုင်ကြီးတွေ ဒါမှမဟုတ် နေရာအနှံ့ သွေးကွက်တွေ ဖြစ်လာစရာ အကြောင်းမရှိဘူး၊ အခင်းဖြစ်ပွားတဲ့နေရာမှာ သွေးတွေ အများကြီး ရှိနေတာက... နှလုံးကို ဖယ်ရှားခံရပြီးတဲ့နောက်မှာတောင် သူတို့ ချက်ချင်း မသေနိုင်သေးဘဲ သွေးတွေကုန်သွားတဲ့အထိ အသက်ရှင်နေသေးတယ်ဆိုတာကို ပြသနေတယ်"

ကြည်လင်အေးစက်သော အမျိုးသမီးအသံက အသေးစိတ်အချက်အလက်များကို ရှင်းလင်းပြတ်သားစွာ ပြောပြနေသည်။ ချန်ဟန့်က ထိုအချက်များကို ကောင်းကောင်းနားမလည်သော်လည်း သူ လုကျင်းအား ပြန်ကြည့်လိုက်သည့်အချိန်တွင် လုကျင်းက အလောင်းများအား ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။ လူကြီးမင်းရှန်ယုလန်ကလည်း အတွေးနက်နေပုံရသဖြင့် ချန်ဟန့်လည်း ဘာမှမပြောဝံ့ဘဲ ငြိမ်နေလိုက်ရသည်။

ကျွော့ချင်းက ခဏမျှ စဉ်းစားပြီးနောက် အလောင်းများဆီသို့ ပြန်လျှောက်သွားပြီး အံ့အားသင့်နေသော လုကျင်းကို လှမ်းခေါ်လိုက်သည်။

"ဒီကို လာခဲ့..."

လုကျင်းတစ်ယောက် သတိကောင်းကောင်း မဝင်လာသေးသော်လည်း သူ့ခြေထောက်များက ကျွော့ချင်းအနားသို့ အလိုအလျောက် လျောက်လှမ်းနေသည်။

"ပုံမှန်ဆိုရင် အသက်ရှင်နေတုန်း သွေးထွက်ရင် သွေးက ခဏနေရင် ခဲသွားတတ်တယ်။ ဒါပေမဲ့ သေပြီးမှ ထွက်တဲ့သွေးကတော့ ခဲမှာ မဟုတ်ဘူး။ ပြီးတော့ အသက်ရှိနေတုန်း သွေးထွက်ရင် Cellulose Network က သီးခြားစီကွဲ ထွက်သွားပြီး တစ်သျှူးတွေနဲ့ လာပေါင်းတယ်၊ ဘယ်လိုရေနဲ့ ဆေးဆေး ဖယ်ရှားလို့ မရတော့ဘူး။ သေပြီးမှထွက်တဲ့သွေးကတော့ ခဲမသွားတဲ့အတွက် ရေနဲ့ ဆေးကြောရလွယ်တယ်"

ကျွော့ချင်းက ပြောပြောဆိုဆိုနှင့် သူမ၏ လက်အိတ်ကို ဘေးနားရှိ ရေခဲပြင်နှင့် ပြင်းပြင်းထန်ထန် ပွတ်တိုက်လိုက်ရာ လက်အိတ်က စိုစွတ်သွားသည်။ ထို့နောက် ကျွော့ချင်းက သေဆုံးသူ၏ ဒဏ်ရာကို ထိုလက်ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ရာ ခြောက်သွေ့နေသော သွေးများက မူလအတိုင်း ရှိနေလေသည်။ ထိုနောက် ကျွော့ချင်းက သူမလက်ကို သေဆုံးသူ၏ ခါးနားရှိ အနီကွက်တစ်ခုကို ပွတ်သပ်လိုက်သည့်အချိန်တွင်မူ သွေးအရောင်က မှေးမှိန်သွားခဲ့သည်။

နောက်ဆုံးတွင် လုကျင်းလည်း အမှန်တရားကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ မိမိထက် ခေါင်းတစ်လုံးစာခန့် ပိုပုသော ဤမိန်းကလေးက သူ့ကို လက်တွေ့သွေးခွဲခြားနည်း သင်ပေးနေခြင်းပင်။ သူက ကျေးဇူးတင်စွာဖြင့် လက်နှစ်ဖက်ကို အမြန်ဆုပ်ကာ ဦးညွှတ်လိုက်သည်။

"သခင်မရဲ့ သင်ကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

ကျွော့ချင်းက ထိုကျေးဇူးတင်စကားကို ဂရုမစိုက်ဘဲ သူ နားလည်သွားပြီဟု ယူဆကာ နောက်တစ်ချက်ကို ဆက်ပြောနေသည်။

"ဒုတိယအချက်က... ရှင်က သေဆုံးသူတွေ မလှုပ်ရှားနိုင်တာက အပ်စိုက်မှတ် ဖိနှိပ်ခံရလို့လို့ ပြောခဲ့တယ်၊ အဲ့ဒါက ဖြစ်နိုင်ခြေ မရှိဘူး"

ဘာကြောင့်လဲ???

မေးခွန်းသံက အတွေးထဲတွင်သာ ဖြစ်သော်လည်း လုကျင်းနှင့် ချန်ဟန့်တို့၏ မျက်လုံးများက သူတို့နားမလည်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။

ကျွော့ချင်းက သူတို့ မေးလာသည်ကို စောင့်မနေဘဲ ချက်ချင်း ဆက်ရှင်းပြလိုက်သည်။

"ပုံမှန်ဆိုရင် အပ်စိုက်မှတ်ကို ဖိနှိပ်တာက လူတွေကို ထုံကျင်တာ၊ နာကျင်တာ ဒါမှမဟုတ် ခုခံနိုင်စွမ်း ဆုံးရှုံးသွားအောင် လုပ်တဲ့နည်းလမ်းပဲ၊ ဒါပေမယ့် အခုသေဆုံးသူတွေက အစကနေအဆုံး ကိုယ်ဟန်အနေအထားကို ပုံမှန်အတိုင်း ထိန်းသိမ်းထားနိုင်ခဲ့တယ်။ တကယ်လို့ အပ်စိုက်မှတ်ကို ဖိနှိပ်ခံရတာ ဒါမှမဟုတ် အပ်နဲ့အစိုက်ခံရတာဆိုရင် အဲ့ဒီနေရာမှာ သွေးရာ ဒါမှမဟုတ် လက်ရာ ကျန်ခဲ့လိမ့်မယ်။ ပြီးတော့ သူတို့ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်စီးဆင်းမှုကို ကျိန်းသေပေါက် ထိခိုက်စေလိမ့်မယ်။ သွေးကြောတွေ အတားအဆီးခံထားရတဲ့ နေရာတွေမှာ အစက်အပြောက်တွေ ရှိနေလိမ့်မယ်။ အခုအလောင်းတွေပေါ်မှာရှိနေတဲ့ အစက်အပြောက်တွေကို ကြည့်လိုက်။ သူတို့ သွေးအလွန်အကျွံ ဆုံးရှုံးခဲ့တာကြောင့် သူတို့ရဲ့အစက်အပြောက်တွေက အရောင် အရမ်းဖျော့နေတယ်၊ ပြီးတော့ နောက်ကျောဘက်မှာပဲ ပေါ်လာတယ်"

လုကျင်းက မကြာသေးမီကမှ သေဆုံးသွားခဲ့သော မင်းသမီး၏ ခန္ဓာကိုယ်ကို ညင်ညင်သာသာ မြှောက်ကြည့်လိုက်ရာ ကျောဘက်တွင်သာ အမှတ်များ ရှိနေသည်ကို တွေ့လိုက်ရသည်။ သူက အလောင်းကို ပြန်ချပေးလိုက်ရင်း ကျွော့ချင်း၏ ရှင်းပြချက်ကို အလွန်သဘောကျသွားဟန်ဖြင့် စိတ်လှုပ်ရှားစွာ ပြန်မေးလာသည်။

"သခင်မ... တခြား ဘာများ ထပ်တွေ့သေးလဲ"

သူတို့ အရင်က မမြင်နိုင်တာတွေကို သူမ မြင်နိုင်တာမျိုးလဲ ဖြစ်နိုင်တယ်လေ။

"လူသတ်သမားက လူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ၊ အထူးသဖြင့် နှလုံးရဲ့ တည်နေရာကို ရှင်းရှင်းလင်းလင်း သိနေတယ်။ ဒဏ်ရာကို ကြည့်ရင် ညှပ်ရိုးရဲ့ ဘယ်ဘက်ကနေ စပြီး ပဉ္စမမြောက် နံရိုးဆုံတဲ့နေရာမှာ အဆုံးသတ်ထားတယ်၊ အဲ့ဒါက နှလုံးတည်နေရာ အတိအကျပဲ၊ နံရိုးကို ဓားရာမထင်စေဘဲ နှလုံးသွေးကြောတွေကို တိုက်ရိုက်ဖြတ်တောက်ပြီး လက်နဲ့ ထိုးဖောက်ထုတ်ယူသွားတာပဲ"

သာမန် သားသတ်သမား သို့မဟုတ် သာမန် ဆရာဝန်များပင် ဤမျှ တိကျအောင် လုပ်နိုင်မည် မဟုတ်ချေ။ ကျွော့ချင်းက သေဆုံးသူများ၏ ပြူးကျယ်နေသော မျက်လုံးများကို ကြည့်ကာ ခေါင်းခါလိုက်သည်။

"တခြားတော့ ထပ်မတွေ့သေးဘူး၊ ဒါပေမယ့် မေးစရာတွေတော့ ရှိနေသေးတယ်။ ဒီအမှုတွေအားလုံးရဲ့ အထူးခြားဆုံး အချက်က သေဆုံးသူတွေရဲ့ မျက်နှာပေါ်က ကြောက်လန့်နေတဲ့ အမူအရာတွေပဲ။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ထိခိုက်ရာတွေ မကျန်ခဲ့သလို လက်သည်းခွံမှာလည်း အရေပြားတစ်ရှူးစတောင် မကျန်ခဲ့ဘူး။ အဲ့တော့ ကွယ်လွန်သူတွေက လုံးဝ နိုးကြားနေပေမယ့် လုံးဝ ရုန်းကန်နိုင်ခဲ့ခြင်း မရှိတာကို ပြသနေတယ်။ ဒါက ထူးဆန်းလွန်းနေပြီ၊ ပြီးတော့ လူသတ်သမားက သေဆုံးသူတွေရဲ့အဝတ်အစားတွေ အားလုံးကို ချွတ်ထားတယ်၊ ဒါပေမယ့် လိင်ပိုင်းဆိုင်ရာ စော်ကားထားတာ မရှိဘူး၊ ဘာလို့ အဲ့ဒီလို လုပ်တာလဲ"

ရှန်ယုလန်၏ စိတ်ထဲတွင်လည်း ထိုမေးခွန်းတသီတတန်းကြီး တဝဲဝဲလည်လည် ဖြစ်နေခဲ့သည်။

သူတို့ ဒီမေးခွန်းတွေကို ဖြေရှင်းနိုင်တာနဲ့ လူသတ်နည်းလမ်းက ဘာလဲဆိုတာ သူတို့ သိနိုင်နေတော့မှာလေ။ သေဆုံးသူသုံးဦးက သတိရှိနေပုံပေါ်ပေမယ့် ဒီနေ့ညမှာ တိုက်ခိုက်ခံခဲ့ရတဲ့ လို့သခင်မလေးက ဘာကိုမှ မမှတ်မိခဲ့ဘူး။ လူသတ်မှုကျူးလွန်သူက သူ့ရဲ့သတ်ဖြတ်မှုနည်းလမ်းကို ပြောင်းလဲခဲ့တာလား? ဒါမှမဟုတ် လူသတ်သမားက တူညီတဲ့လူတစ်ယောက်တည်း မဟုတ်တာ ဖြစ်နိုင်လား?!

ကျွော့ချင်းက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် လုကျင်းကို လေးလေးနက်နက် စိုက်ကြည့်ကာ သတိပေးလိုက်သည်။

"လုကျင်း... ခုန ရှင့်ရဲ့ အလောင်းစစ်ချက်မှု ဖော်ပြချက်မှာ သေဆုံးသူက လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း ရှိ၊ မရှိ မဖော်ပြခဲ့ဘူး၊ ဒါက ကြီးမားတဲ့ လွဲချော်မှုပဲ၊ ရှင်က အမျိုးသားဖြစ်နေပြီး သူတို့က အမျိုးသမီးတွေ ဖြစ်နေလို့ ရှင် အားနာနေတာမျိုး ဖြစ်နိုင်ပေမယ့် စစ်ဆေးသူတစ်ယောက်အနေနဲ့ အဲ့ဒီ ဝန်ထုပ်ဝန်ပိုးတွေကို စွန့်လွှတ်ပြီး လုပ်သင့်လုပ်ထိုက်တာ အကုန်လုံးကို လုပ်ဆောင်ရမယ်"

"ဟုတ်ကဲ့"

လုကျင်းက ခေါင်းငုံ့ဝန်ခံလိုက်သည်။

တကယ်တော့ သူက စစ်ဆေးခဲ့ပေမယ့် သူမက အမျိုးသမီးဖြစ်နေတာကြောင့် သူ အတိအကျ မရှင်းပြခဲ့တာပါ။ သူမက ဒီလောက်အထိ ပွင့်လင်းမြင်သာမှုရှိနေမယ်လို့တော့ ဘယ်သူက ကြိုသိမှာလဲ? ဒါပေမယ့် သူ အရမ်း စိုးရိမ်နေမိသေးတယ်...

အချိန်က တော်တော်လေး နောက်ကျနေပြီ ဖြစ်သလို အလောင်းများကိုလည်း စစ်ဆေးပြီးပြီ ဖြစ်သောကြောင့် ကျွော့ချင်းက သူမ၏ လက်အိတ်ကို ချွတ်လိုက်ရင်း ထပ်ပြောလိုက်သည်။

"ရှန်လူကြီးမင်း၊ အချိန်လည်း နောက်ကျနေပြီဆိုတော့ ကျွန်မ အရင်ပြန်နှင့်ပါ့မယ်။ အမှုရဲ့အသေးစိတ်ကို ဆွေးနွေးဖို့ကတော့ မနက်ဖြန်မှ ရုံးတော်ကို ထပ်လာခဲ့ပါ့မယ်"

သူမ အိမ်ပြန်နောက်ကျနေလျှင် လို့ရှီးယန် စိတ်ပူနေမည်ကို သူမ ကြိုတွေးမိကာ သက်ပြင်းတစ်ချက် ချလိုက်မိပြန်သည်။

ငါ ဘယ်တုန်းကစပြီး သူ့ကို ဒီလောက်တောင် ဂရုစိုက်တတ်သွားတာလဲ? တစ်စုံတစ်ယောက်ရဲ့ နှလုံးသားမှာ ချည်နှောင်ခံထားရတဲ့ ဒီခံစားချက်က... သိပ်တော့ မဆိုးလှပါဘူးလေ။

"ကောင်းပါပြီ... သခင်မ၊ ကြွပါ"

ရှန်ယုလန်က တလေးတစား လမ်းပြလိုက်သည်။

ကျွော့ချင်းက ခေါင်းညိတ်ပြလိုက်ပြီး တံခါးဝမှ ထွက်လာခဲ့သည်။ မော့ပိုင်၏ အရပ်ရှည်ရှည်နှင့် အေးစက်မောက်မာသော ပုံရိပ်က သူမနောက်သို့ အနီးကပ် လိုက်ပါသွားသည်။ ကျွော့ချင်း၏ ပုံရိပ် တံခါးအပြင်ဘက်သို့ ရောက်ရှိသွားပြီး ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ချန်ဟန့်က မအောင့်နိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"လူကြီးမင်း... သူ(မ)ရဲ့ နောက်ခံက ဘာလဲ"

ငယ်ရွယ်ပြီး နူးညံ့သိမ်မွေ့တဲ့ မိန်းခလေးက အလောင်းတွေအကြောင်းကို ကောင်းကောင်းသိနေပြီး အခုန သူမဆီကနေ သင်ကြားပြသခံနေရတဲ့အချိန်မှာ သူမရဲ့ ရောင်ဝါကြောင့် လုကျင်းတောင်မှ ပြန်မဖြေရဲ ဖြစ်နေသေးတယ်။

ဗဟုသုတကို ဆာလောင်နေသည့် မျက်လုံးနှစ်စုံကို ကြည့်ပြီး ရှန်ယုလန်တစ်ယောက် မချိပြုံးလေး ပြုံးကာ ခေါင်းကိုသာ ခါပြလိုက်ရသည်။

တရားစီရင်ရေးဌာန၏ အကျဉ်းထောင်နှင့် ဝန်ကြီးချုပ်အိမ်တော်က သိပ်မဝေးလှပေ။ ကျွော့ချင်းနှင့် မော့ပိုင်တို့ လမ်းလျှောက်ပြန်လာကြသည်။ လမင်းကြီးက အနောက်ဘက်သို့ စောင်းနေပြီဖြစ်ပြီး လမ်းမကြီးက အေးချမ်းတိတ်ဆိတ်နေသည်။ မော့ပိုင်က သူမ၏အနောက် သုံးလေးမီတာခန့် အကွာမှ လိုက်ပါလာပြီး ဘေးချင်းကပ်လျှောက်မလာခဲ့ပေ။ ကျွော့ချင်းက ရုတ်တရက် ခြေလှမ်းများကို ရပ်လိုက်ပြီး အမြဲတမ်း အေးစက်လွန်းလှသော မော့ပိုင်ကို လှည့်ကြည့်ကာ ပွင့်ပွင့်လင်းလင်း လှမ်းပြောလိုက်သည်။

"မော့ပိုင်... မင်း ငါ့ကို ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ"

မော့ပိုင်က ခေတ္တမျှ တန့်သွားပြီးမှ နောက်ဆုံးတွင် အေးစက်စက် စကားလုံးများကို ထုတ်ပြောလာခဲ့သည်။

"ဒီလောက် နောက်ကျတဲ့အချိန်မှာ ဝန်ကြီးချုပ်အိမ်တော်ကနေ အပြင်ကို ထွက်မလာသင့်ဘူး"

ထိုစကားက ကျွော့ချင်းကို မျက်ခုံးပင့်သွားစေသည်။

သူ ဘာမှမပြောဘဲ မျိုသိပ်ထားလိမ့်မယ်လို့ သူမ ထင်ထားခဲ့ပေမယ့် ယခုတော့ သူက ပွင့်ပွင့်လင်းလင်း ပြောလာတယ်ပေါ့လေ။ ဒါပေမယ့် အဲ့ဒါကလည်း ကောင်းပါတယ်လေ။

ကျွော့ချင်းက မော့ပိုင်အနားသို့ တိုးသွားလိုက်ပြီး ထပ်မေးလိုက်သည်။

"ငါက မိန်းမတစ်ယောက်အနေနဲ့ ဒီလို အချိန်မတော် အပြင်မထွက်သင့်ဘူး၊ ငါက ဝန်ကြီးချုပ်အိမ်တော်ရဲ့ မိသားစုဝင် ဖြစ်နေတဲ့အတွက် ဝန်ကြီးချုပ်အိမ်တော်နဲ့ လို့ရှီးယန်ရဲ့ ဂုဏ်သိက္ခာကို ထည့်တွက်ပြီး အိမ်မှာပဲ အေးအေးဆေးဆေး နာခံမှုရှိရှိ နေသင့်တယ်... မင်း ဆိုလိုတာက အဲ့ဒီလိုလား"

မော့ပိုင်၏ မျက်နှာတွင် မည်သည့် အမူအရာမှ ပေါ်မလာခဲ့ချေ။ သူက ခေါင်းမခါသလို၊ ခေါင်းလည်း မညိတ်ခဲ့ပေ။ ကျွော့ချင်းကတော့ သူ့ထံမှ ထိုကဲ့သို့ တုံ့ပြန်မှုကို မျှော်လင့်ထားပြီးသား ဖြစ်သဖြင့် ဂရုမစိုက်ဘဲ သူမကိုယ်သူမ ပြန်ပြောနေသည့်ဟန်ဖြင့် ထပ်ပြောလိုက်သည်။

"ငါ့မှာ ကိုယ်ပိုင် လုပ်နည်းလုပ်ဟန်နဲ့ ခံယူချက်တွေ ရှိတယ်။ အရာရာတိုင်းမှာ ဦးစားပေးရမယ့် အပိုင်းတွေလည်း ရှိတယ်။ ငါ လို့ရှီးယန်နဲ့ လက်ထပ်ပြီးရင် ဝန်ကြီးချုပ်ရဲ့ ဇနီးတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ငါ အစွမ်းကုန် ကြိုးစားလုပ်ပေးမှာပါ။ ဒါပေမယ့် ငါ့ရဲ့ မူလရပ်တည်ချက်နဲ့ သဘောထားကို ပြောင်းလဲဖို့တော့ မဖြစ်နိုင်ဘူး၊ အဲ့ဒါတွေကို လို့ရှီးယန်က လက်မခံနိုင်ဘူး ဆိုရင် ဒါမှမဟုတ် ဝန်ကြီးချုပ်အိမ်တော်က လက်မခံဘူးဆိုရင်... သူတို့ ငါ့ကို နှင်ထုတ်လိုက်လို့ ရတယ်၊ ငါ လုံးဝ ဂရုမစိုက်ဘူး။ ပြီးတော့ ငါ့စိတ်တွေက ဝေဝါးနေတာ မဟုတ်ဘူး၊ ငါ ဘာလုပ်နေလဲဆိုတာ ငါ ကောင်းကောင်း သိတယ်"

လူနှစ်ဦး ပေါင်းသင်းဆက်ဆံသည့်အခါ အပြန်အလှန် နားလည်မှု၊ သည်းခံမှုနှင့် အလျှော့အတင်း လုပ်ရခြင်းက သဘာဝ ဖြစ်ကြောင်း သူမလည်း နားလည်နေသည်။ သို့သော် သူမတွင် လုံးဝ အလျှော့အတင်း မလုပ်နိုင်သည့် အခြေခံမူများ ရှိနေဆဲပင်။ သူမ၏ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ဖော်ပြပြီးနောက် ကျွော့ချင်းက မော့ပိုင်ကို အပြုံးဖြင့် ထပ်ကြည့်လိုက်သည်။ မော့ပိုင်ကတော့ ဘာတွေ တွေးနေမှန်း မသိဘဲ သူ့မျက်နှာက ပို၍ လေးနက်တည်ကြည်လာသည်။

"မင်းမှာ... ပြောစရာ ကျန်သေးလား?"

မော့ပိုင်၏ ပြာလဲ့လဲ့ မျက်လုံးများက သူ့ရှေ့မှ ဟန်ဆောင်မှုကင်းမဲ့ပြီး ခေါင်းမာလှသော အမျိုးသမီးကို စိုက်ကြည့်နေသည်။ သူ၏ မျက်နှာက အေးစက်နေဆဲဖြစ်ပြီး သူ့အသံကလည်း ပုံမှန်အတိုင်း တည်ငြိမ်နေကာ ပြတ်ပြတ်သားသား ပြန်ဖြေလာခဲ့သည်။

"မရှိတော့ပါဘူး"

ကျွော့ချင်းက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ရင်း စိတ်အခြေအနေကောင်းနေပုံဖြင့် ထပ်ပြောလိုက်သည်။

"ကောင်းပြီ... နောင်တစ်ချိန်မှာ မင်း ငါ့ကို မကျေနပ်တာရှိရင် တွန့်ဆုတ်မနေဘဲ တိုက်ရိုက်ပြောလိုက်၊ ငါ မှားနေရင် ပြင်ဆင်နိုင်ဖို့ ကြိုးစားမယ်။ တကယ်လို့ မင်းရဲ့ အမြင်ကို ငါ လက်မခံနိုင်ရင်တော့ မင်း နားလည်အောင် ပြန်ရှင်းပြပေးမယ်"

သို့သော် မော့ပိုင်က မျက်မှောင်ကြုတ်ရင်း ပြန်ပြောလာခဲ့သည်။

"သခင်မက ကျွန်တော့်ကို ဘာမှ ရှင်းပြစရာ မလိုပါဘူး"

နောက်ဆုံးတွင် သူမက သခင်ဖြစ်ပြီး သူက အစေခံသာ ဖြစ်သည်။ သခင်က ကျွန်ကို အမိန့်ပေးရုံသာ လိုအပ်ပြီး ရှင်းပြရန် မလိုဟု သူ ယူဆထားခြင်း ဖြစ်သည်။

"လိုအပ်တာပေါ့"

ကျွော့ချင်းက ဆက်ပြောရန် ပြင်လိုက်သော်လည်း မော့ပိုင်၏ မျက်လုံးများက ရုတ်တရက် စူးရှသွားပြီး သူမ၏ ရှေ့သို့ ပေါ့ပါးစွာ ခုန်ထွက်လိုက်သည်။ သူက သူမကို သူ့နောက်တွင် ထားကာ အကာအကွယ်ပေးရင်း နံရံနှင့် ကပ်သည်အထိ အနောက်သို့ တောက်လျှောက် ဆုတ်သွားလိုက်သည်။

မော့ပိုင်၏ အရပ်ရှည်သော ခန္ဓာကိုယ်ကြီးက သူမ၏ အမြင်အာရုံအားလုံးကို ပိတ်ဆို့ထားသည်။ ကျွော့ချင်းက မော့ပိုင်၏ မျက်နှာကို မမြင်ရသော်လည်း သူ၏ ကြွက်သားများအားလုံး တင်းမာနေကြောင်း ခံစားနိုင်ခဲ့သည်။ ပုံမှန်အားဖြင့် ထီမထင်ပြုမူတတ်သော သူ့အမူအရာက ယခုအခါ ပို၍ပင် လေးနက်လာပြီး အန္တရာယ် အငွေ့အသက်များလည်း ထွက်ပေါ်နေသည်။ ဤထူးခြားသော အခြေအနေကြောင့် တစ်စုံတစ်ရာသော အန္တရာယ် ကျရောက်လာတော့မည်ကို ကျွော့ချင်း ရိပ်မိလိုက်သည်။

နံရံနှင့် ကပ်နေရသဖြင့် သူမ အသက်ရှူ အနည်းငယ် ကြပ်လာသော်လည်း ကျွော့ချင်းက ပတ်ဝန်းကျင်မှ အသံများကို ဂရုတစိုက် နားစွင့်နေသည်။ သူမ မျှော်လင့်ထားသည့်အတိုင်း ပေါ့ပါးသော်လည်း ရှုပ်ထွေးနေသော ခြေသံများကို သူမ ကြားလိုက်ရသည်။ လရောင်အောက်တွင် ရှည်လျားသော အရိပ်မည်းများစွာက သူမတို့ ရှိနေသည့်နေရာဆီသို့ အရှိန်အဟုန်ဖြင့် ခပ်မြန်မြန် ချဥ်းကပ်လာနေကြသည်။

All Chapters