အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း ၈၉ ရှေ့တိုးရန် နောက်တစ်လှမ်းဆုတ်ခြင်း
အရိပ်များက အဝေးဆီမှ အနီးသို့ အရှိန်အဟုန်ဖြင့် တိုးကပ်လာနေသော်လည်း ထိုသူတို့၏ ခြေသံများက အနည်းငယ် ပျာယာခတ်နေကာ ထိတ်လန့်နေပုံရသည်။ ကျွော့ချင်းက အဝေးမှ လှမ်းကြည့်လိုက်ပြီး တစ်ဖက်တွင် လူလေးယောက် ရှိနေသည်ကို မြင်လိုက်ရသည်။ သူတို့အားလုံးက ဓားရှည်များကို ကိုင်ဆောင်ထားပြီး အသက်လုပြေးလာနေကြခြင်း ဖြစ်သည်။ သူတို့က အနောက်ဘက်သို့ ခဏခဏ ပြန်လှည့်ကြည့်နေကြပြီး တစ်စုံတစ်ယောက်၏ လိုက်လံဖမ်းဆီးခြင်းမှ ထွက်ပြေးလာကြပုံရသည်။
မော့ပိုင်ကတော့ သူ၏ နိုးကြားမှုကို လျော့မချဘဲ တိုက်ခိုက်ရန် အဆင်သင့် အနေအထားဖြင့် မတ်တပ်ရပ်နေဆဲဖြစ်သည်။ ကျွော့ချင်းက သူ့နောက်တွင် ကပ်ရပ်နေရင်း ဘာဆက်ဖြစ်လာမည်ကို စောင့်ကြည့်နေခဲ့သည်။ ထိုလူများ အနားသို့ ရောက်လာချိန်တွင် သူတို့က မော့ပိုင်၏ တည်ရှိမှုကို သတိပြုမိသွားကြသည်။ မော့ပိုင်က သူ့နောက်မှ ကျွော့ချင်းကို ကာကွယ်ထားရင်း သူ၏ ပြာလဲ့လဲ့ မျက်လုံးများမှတစ်ဆင့် အေးစက်သော အငွေ့အသက်များ ထုတ်ဖော်ပြသနေသည်။
ကျွော့ချင်းက ရုတ်တရက် မော့ပိုင်ထံမှ ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ သူ့ပတ်ဝန်းကျင်မှ လေထုက တုန်ခါသွားသလိုမျိုး ကွဲပြားသွားပုံရသော်လည်း ကျွော့ချင်းက မဖြစ်နိုင်ဘူးဟု တွေးနေမိပြန်သည်။
ဒါက ငါ ထင်ယောင်ထင်မှားဖြစ်နေတာ ဖြစ်နိုင်တယ်။
ရောက်လာသူ လေးယောက်ကတော့ မော့ပိုင်၏ ပြင်းထန်သော လူသတ်ချင်စိတ်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ကြပြီး သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။ သို့သော်လည်း ကမူးရှူးထိုး တိုက်ခိုက်ခြင်းလည်း မလုပ်ရဲကြပေ။ သူတို့ ကျွော့ချင်းတို့၏ နံဘေးမှ ဖြတ်ကျော်ပြေးလွှားရန် ပြင်ဆင်နေစဉ်မှာပင် လမ်းဘေးမှ အနီရောင် အရိပ်တစ်ခု ခုန်ထွက်လာသည်။
ကျွော့ချင်း အံ့ဩတကြီး ငေးကြည့်နေလိုက်ရာ ခုန်ထွက်လာသူက လေမရှိသောအရပ်မှ ရုတ်တရက် ပေါ်ထွက်လာသကဲ့သို့ လေတိုးသံပင် မကြားရဘဲ သရဲတစ္ဆေတစ်ကောင်လို အလွန် လျင်မြန်ပေါ့ပါးစွာ ရောက်ရှိလာခဲ့သည်။ ထိုပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး သူမတို့ရှေ့မှ လူလေးယောက်နှင့် ရောထွေးသွားကာ အသက်ဝင်နေသော မြွေတစ်ကောင်နှင့်တူသည့် အနီရောင်တောက်တောက် ကြာပွတ်တစ်ချောင်းဖြင့် သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ထိုအနီရောင်အရိပ်က အလင်းတန်းတစ်ခုကဲ့သို့ တစ်ချက်ခုန်လိုက်ပြီး လူလေးယောက်၏ရှေ့ ဆယ်ကျန်းခန့်အကွာခန့်တွင် ရပ်တန့်သွားသည်။ သူမ၏ အနီရောင်ဝတ်စုံက လတ်လတ်ဆတ်ဆတ် သွေးရောင်နှင့်ဆင်တူနေပြီး မှင်ကဲ့သို့ နက်မှောင်သော ဆံနွယ်များ၏အထောက်အပံ့ကြောင့် သူမ ဝတ်ဆင်ထားသည့် ရွှေစင်မျက်နှာဖုံးက လရောင်အောက်တွင် တလက်လက် တောက်ပနေသည်။ သူမ၏ မျက်လုံးများမှ အေးစက်သော အလင်းရောင်ကြောင့် သူမ၏တစ်ကိုယ်လုံးက တစ္ဆေသရဲတစ်ကောင်နှင့် တူနေပြီး လေထုထဲတွင်လည်း ထူးဆန်းသော ဖိအားများ ဖုံးလွှမ်းလာသည်။
ဒီလူက...???
ကျွော့ချင်းက သမဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ယဲ့မိန်"
သူမက ဘာလို့ ဒီမှာ ရှိနေတာလဲ?
ထိုအမျိုးသမီးကလည်း ကျွော့ချင်းရှိနေသည့်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမ၏ အေးစက်သော မျက်လုံးများက မှေးကျဉ်းသွားကာ မော့ပိုင်ထံသို့ အကြည့်တစ်ချက် ရောက်သွားပြီး ဘာမှမထူးခြားသလို ပြန်လှည့်သွားသည်။
ပြေးလာသော လူလေးယောက်၏ မျက်နှာတွင် ကြောက်ရွံ့နေသည့်အမှုအရာများ ပေါ်လာပြီး သူတို့လေးယောက်က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကြကာ သူတို့၏မျက်နှာများက ရုတ်တရက် ရက်စက်ကြမ်းကြုတ်သော အမူအရာများအဖြစ် ပြောင်းလဲသွားကြသည်။ ကျွော့ချင်းက ထိတ်လန့်သွားပြီး မော့ပိုင်ကို တီးတိုးလှမ်းပြောလိုက်သည်။
"မော့ပိုင်... သူ(မ)ကို သွားကူညီလိုက်ပါ"
ဤလူများအားလုံးက တဇွတ်ထိုးလုပ်တတ်သည့် ရာဇဝတ်ကောင်များ ဖြစ်နိုင်သောကြောင့် ကျွော့ချင်းက ယဲ့မိန်တစ်ယောက်တည်း မနှိမ်နင်းနိုင်မည်ကို အလွန် စိုးရိမ်နေလေသည်။
"မလိုပါဘူး"
မော့ပိုင်၏ အေးစက်စက် အသံတိုးတိုး ထွက်ပေါ်လာသောကြောင့် ကျွော့ချင်းလည်း သူမ၏ စိုးရိမ်ပူပန်မှုများက အခြေအမြစ်မရှိကြောင်း ချက်ချင်း နားလည်လိုက်ရသည်။
တဝှီးဝှီးမြည်နေသော ကြာပွတ်ရှည်ကြီးက လူလေးဦးထံသို့ လျှပ်စီးကဲ့သို့ ပျံဝဲသွားပြီး သူတို့၏ ပထမအကြိမ် တိုက်ခိုက်မှုကို လုံးဝ ပျက်ပြယ်သွားစေခဲ့သည်။ ယဲ့မိန်၏ မျက်နှာအမူအရာကို မမြင်နိုင်သော်လည်း ကြာပွတ်ကို ဝှေ့ယမ်းလိုက်ပုံက အလွန်မာန်ပါလှပြီး သူမ၏ မထီမဲ့မြင်ပြုတတ်သော စိတ်ထားကို အပြည့်အဝ ဖော်ပြနေသလို ဖြစ်နေပြန်သည်။
လူလေးယောက်ကလည်း ဒေါသထွက်လာပုံရပြီး သူတို့၏ဓားရှည်များကို မြှောက်ကာ ယဲ့မိန်ကို ဝိုင်းလိုက်ကြသည်။ ယဲ့မိန်က လေထဲသို့ ပေါ့ပေါ့ပါးပါး ခုန်တက်သွားပြီး သူတို့၏ ဓားထိပ်ဖျားထိပ်များကို အားပြုကာ ခြေဖဝါးဖြင့် ပြန်နင်းချလိုက်သည်။ ထို့နောက် ရှည်လျားသော ကြာပွတ်ကြီးက နောက်တစ်ကြိမ် လေထဲတွင် ပျဲဝဲလာရာ လှပသော အလင်းတန်းတစ်ခု ဖြစ်ပေါ်သွားပြီး တခြားလူလေးဦးလုံး ဒဏ်ရာကိုယ်စီဖြင့် နောက်ပြန်လဲကျသွားကြသည်။ ယဲ့မိန်ကတော့ မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပြန်လည် ဆင်းသက်လာခဲ့သည်။
ထိုမှသာ ကျွော့ချင်းလည်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ယဲ့မိန်က ချုံယွဲ့၏ ထိပ်တန်း ကြေးစားမုဆိုးများထဲမှ ဒုတိယအကောင်းဆုံး တစ်ယောက်ဖြစ်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ထိုသို့သော စွမ်းရည်မျိုးက အလွန် တောက်ပလွန်းလှသည်။ သူမလက်ထဲမှ ငါးမီတာ၊ ခြောက်မီတာခန့် ရှည်လျားသော ကြာပွတ်ကြီးက သူမ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလို ပျော့ပျော့ပြောင်းပြောင်း လှုပ်ရှားနေသည်။ ထိုကဲ့သို့ ပျော့ပြောင်းသော လက်နက်မျိုးကို ထိန်းချုပ်ရန်က အလွန် ခက်ခဲပြီး ကြာပွတ်တစ်လျှောက်တွင် သေးငယ်သော ဆူးကလေးများလည်း ရှိနေသေးသည်။ အကယ်၍သာ မတော်တဆ ရစ်ပတ်မိသွားပါက အသက်မသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားမည်မှာ အသေအချာပင်။
လွန်ခဲ့သည့် ခဏတာအတွင်း တိုက်ခိုက်မှုကြောင့် လူလေးဦးစလုံး ဒဏ်ရာရခဲ့ကြပြီး တစ်ဦးက ဒဏ်ရာမပြင်းသဖြင့် မြေပြင်မှ ကုန်းထကာ ထွက်ပြေးရန် ကြိုးစားနေသည်။ ရွှေမျက်နှာဖုံးအောက်ရှိ အေးစက်သော မျက်လုံးများတွင် လှောင်ပြောင်ရိပ်များ ထင်ဟပ်လာပြီး ကြာပွတ်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ ထိုသူ၏ခါးသို့ မီးတောက်မြွေတစ်ကောင်လို ရစ်ပတ်သွားသည်။ သူမက ကြာပွတ်ကို ပြင်းပြင်းထန်ထန် ပြန်ဆွဲလိုက်ရာ ကြာပွတ်မှ ဆူးများက ထိုသူ၏ အသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ နာကျင်စွာ ညည်းညူအော်ဟစ်သံက ညနက်ပိုင်း၏ တိတ်ဆိတ်မှုကို ဖြိုခွင်းသွားပြီး ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေကာ ကျန်သုံးယောက်ကတော့ ကြောက်လွန်းလို့ တုန်ရီနေပြီး မလှုပ်ရဲကြတော့ချေ။
ယဲ့မိန်က သူမခါးမှ ကြိုးရှည်တစ်ချောင်းကို ထုတ်ယူကာ ထိုလူလေးယောက်ကို တစ်စုတည်း ချည်နှောင်လိုက်ပြီး အကျဉ်းထောင်ရှိရာသို့ ဆွဲခေါ်သွားသည်။ ကျွော့ချင်းက သတိပြန်ဝင်လာပြီး သူမကို လှမ်းခေါ်လိုက်သည်။
"ယဲ့မိန်"
အနီရောင်အရိပ်၏ ခြေလှမ်းများက တုံ့ဆိုင်းသွားသော်လည်း နောက်သို့ လှည့်မကြည့်ခဲ့ပေ။
"ငါ အောက်ထျန်း၊ ချမ်ကျင်းနဲ့ မင်းကို ပြောစရာတွေ ရှိတယ်၊ သူတို့ကို ရှာတွေ့အောင် ကူညီပေးနိုင်မလား"
ကျွော့ချင်းက လှမ်းမေးလိုက်သည်။
ကျင်းစ၏ ကိုယ်ခံပညာက မညံ့သလို ကိုယ်ရံတော်အဖွဲ့ကြီး တစ်ဖွဲ့လုံး ဝိုင်းဖမ်းကြသည့်တိုင် လူသတ်သမားက လွတ်မြောက်သွားခဲ့သည်။ ထို့ကြောင့် လူသတ်သမား၏ ကိုယ်ခံပညာက အလွန်မြင့်မားနေကြောင်း ထင်ရှားနေသည်။ ရှန်ယုလန်အနေဖြင့် လူသတ်သမားကို ရှာတွေ့လျှင်ပင် မည်သူမျှ ထိပ်တိုက်ရင်ဆိုင်ဖမ်းဆီးနိုင်မည် မဟုတ်ဟု တွေးကာ သူမ စိုးရိမ်နေခဲ့သည်။ ယနေ့ညတွင် မြင်လိုက်ရသော ယဲ့မိန်၏စွမ်းရည်က အံ့မခန်းဖြစ်သလို အောက်ထျန်းနှင့် ချမ်ကျင်းတို့ကလည်း သိုင်းပညာအဆင့်မြင့်မားသူများ ဖြစ်ကြသည်။ သူတို့၏ အကူအညီ ရနိုင်လျှင် လူသတ်သမားကို ဖမ်းမိရန် ပို၍ သေချာသွားပေလိမ့်မည်။ ကြေးစားမုဆိုးများက ငွေအတွက် အလုပ်လုပ်ကြသူများ ဖြစ်သဖြင့် ဤခက်ခဲသောအမှုအတွက် ရှန်ယုလန်အနေဖြင့် ငွေသုံးစွဲရန် ဆန္ဒရှိသင့်သည်ဟု သူမ တွက်ဆထားခဲ့သည်။
ကျွော့ချင်း၏ စကားကို နားထောင်ပြီးနောက် ယဲ့မိန်က ဘာမှပြန်မပြောဘဲ တိတ်တဆိတ် ပြန်ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ကျွော့ချင်းကတော့ သူမကို လှမ်းအော်ပြောလိုက်သေးသည်။
"နောက်ဆယ်ရက်... ဝူရှီအချိန် (နေ့လယ် ၁၁ နာရီမှ ၁ နာရီအတွင်း)၊ ယွဲ့လိုင် လက်ဖက်ရည်ဆိုင်မှာ ကျွန်မ ရှင်တို့ကို စောင့်နေမယ်"
ယဲ့မိန်က ပြန်မဖြေခဲ့သော်လည်း ကျွော့ချင်းကတော့ သူမ သဘောတူသည်ဟုသာ မှတ်ယူလိုက်သည်။
ကောင်းပြီလေ... နောက်ဆယ်ရက်အတွက် လက်ဖက်ရည်ဆိုင်ကို Booking လုပ်ထားလိုက်မယ်။ အဲ့ဒီနေ့ရောက်ရင် ငါ့ရဲ့ အပွင့်ကြီးကြီး ဖဲချပ်ကြီးလည်း ပြန်ရောက်လာလောက်ပြီ။
ဤတစ်ကြိမ်တွင် ယဲ့မိန်က ထပ်မံ ရပ်တန့်ခြင်း မရှိတော့ဘဲ ကြိုးရှည်ကြီးကို ကိုင်ကာ လမ်းအဆုံးသို့ လျှောက်သွားနေပြီး သူမ၏ အနီရောင် အရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ကျွော့ချင်းက စိတ်အေးသွားဟန်ဖြင့် သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ကြီးကြီးမားမား ဒုက္ခမကြုံခဲ့ရပေ။ ထို့သို့မဟုတ်ပါက လို့ရှီးယန်တစ်ယောက် သူမအတွက် ထပ်ပြီး စိုးရိမ်နေရဦးမည် ဖြစ်သည်။
ကျွော့ချင်းကက အကြောဆန့်လိုက်ရင်း သူမကို အကာအကွယ်ပေးနေဆဲဖြစ်သော မော့ပိုင်ကို လှည့်ကြည့်လိုက်သည်။
"မော့ပိုင်"
သူက ဘာကို ဒီလောက်အထိ စိုက်ကြည့်နေရတာလဲ?
ကျွော့ချင်းလည်း သူ ကြည့်နေသည့် နေရာသို့ လိုက်ကြည့်ခဲ့သော်လည်း မည်သူ့ကိုမှ မမြင်ရတော့ချေ။ ကျွော့ချင်းက အပြုံးဖြင့် မေးလိုက်ပြန်သည်။
"မင်း ဘာတွေ ကြည့်နေတာလဲ"
မော့ပိုင်က သူ၏ မျက်ဝန်းမှ အရိပ်အယောင်များကို ချက်ချင်း ပြန်ဖုံးကွယ်လိုက်ပြီး ပုံမှန်အတိုင်း အေးစက်သော မျက်နှာပေးကို ပြသလိုက်သော်လည်း သူ၏ စိတ်ထဲတွင်တော့ အနည်းငယ် ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်သည်။ ကျွော့ချင်းက လှည့်ထွက်သွားသဖြင့် မော့ပိုင်က သူမနောက်မှ တိတ်တဆိတ် လိုက်ပါသွားသည်။ သို့သော် သူ၏ နှလုံးသားထဲတွင်မူ အနှစ်တစ်ထောင်မျှ အေးခဲနေခဲ့သော ရေကန်ပြင်ကြီးထဲသို့ မီးတောက်တစ်ခု ကျရောက်သွားသကဲ့သို့ ထူးထူးဆန်းဆန်း ခံစားနေရသည်။
........။.........။........
သူမ ပြန်ရောက်ချိန်က နောက်ကျလွန်းနေသဖြင့် ကျွော့ချင်းက လို့ရှီးယန် အိပ်ပျော်နေလောက်မည်ဟု တွေးကာ သူ့ကို အနှောက်အယှက် မပေးတော့ပေ။ နောက်တစ်နေ့ နံနက် သူမ အိပ်ရာနိုးချိန်တွင်တော့ သူက အိမ်တော်မှ ထွက်သွားနှင့်ပြီ ဖြစ်သည်။ ကျွော့ချင်းက ရှီးဝူကို စိတ်ပူနေသဖြင့် သူမ၏ အခြေအနေကို သွားရောက် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
မမျှော်လင့်ဘဲ သူမ ခြံတံခါးဝသို့ ရောက်သည်နှင့် ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရသည်။
"ထွက်သွား! အခု ထွက်သွား! ငါ နင့်ကို မတွေ့ချင်ဘူး!"
ကျွော့ချင်း၏ နှုတ်ခမ်းဖျားတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး ခြံဝင်းထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်လာခဲ့သည်။ သူမ မျှော်လင့်ထားသည့်အတိုင်း ကျင်းစကင အခန်းဘေးတွင် တိတ်တဆိတ် မတ်တပ်ရပ်နေသည်။ သူ၏ မျက်နှာက ယခင်ကဲ့သို့ မည်းမှောင်နေပြီး အမြဲတမ်း အေးစက်နေတတ်သော အနက်ရောင် မျက်ဝန်းများထဲတွင် သံသယများနှင့် စိတ်ဆင်းရဲနေသည့် အရိပ်အယောင်များကို တမင်တာကာ ဖုံးကွယ်ထားပုံရသည်။ သူက အခန်းထဲမှ မိန်းကလေးကို စိုက်ကြည့်နေပြီး အခန်းထဲမှ မိန်းကလေးကတော့ သူ့ကို ဒေါသတကြီး အော်ဟစ်နေလေသည်။
"ထွက်သွားလို့ ပြောနေတယ်လေ"
စကားသံနှင့်အတူ ပြတင်းပေါက်မှ ကြွေခွက်တစ်ခု လွင့်ပျံလာပြီး ကျင်းစ၏ ခြေထောက်နား၌ ကျကွဲသွားကာ အပိုင်းအစများက နေရာအနှံ့ ပျံ့လွင့်သွားသည်။ ကျင်းစ၏ အမူအရာက တစ်စုံတစ်ရာ ပြောင်းလဲခြင်း မရှိဘဲ တိတ်တိတ်ဆိတ်ဆိတ် ဆက်ရပ်နေသော်လည်း သူ၏ မျက်နှာကတော့ မိုးမှောင်ကျနေသည့်အလား ညှိုးငယ်မှုများ ပြည့်နှက်နေသည်။
ကျွော့ချင်းက သူမ၏ ခြေလှမ်းများကို လျှော့လိုက်ရင်း ပြုံးနေမိသည်။
ဒီကောင်မလေးကတော့ အရမ်းကို ရက်စက်ပြနေတာပဲ၊ တော်တော်လေး ဟန်ကျနေတာပဲ!
ဆုအာကတော့ သေလောက်အောင် ကြောက်လန့်နေရှာသည်။ သူမ၏ သခင်မလေးက အိမ်တော်ထိန်းကျင်းစနှင့် မကြာခဏ အော်ဟစ်ရန်ဖြစ်လေ့ရှိသော်လည်း အိမ်တော်ထိန်းကျင်းစက အမြဲတမ်း အလုပ်များဟန်ဆောင်ကာ ရှောင်ထွက်သွားလေ့ရှိသည်။ ယနေ့တွင်မူ သခင်လေးက သခင်မလေးကို အချိန်ပြည့် ကာကွယ်ပေးရန် ကျင်းစကို အထူးအမိန့်ပေးထားခဲ့သည်။
ဒါက အခွင့်အရေးကောင်းပဲ မဟုတ်ဘူးလား? သခင်မလေးက ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ?
ဆုအာက တုန်တုန်ယင်ယင်ဖြင့် တံတွေးတစ်ချက် မျိုချလိုက်ပြီး အသံတိုးတိုးဖြင့် လှမ်းမေးလိုက်သည်။
"သခင်မလေး... အဆင်ပြေရဲ့လားဟင်"
လို့ရှီးဝူက သူမကို လုံးဝ လျစ်လျူရှုထားပြီး ဆက်အော်ပြောနေသည်။
"ငါ နင့်ရဲ့ အကာအကွယ်ကို မလိုချင်ဘူး၊ ငါ ငါ့အစ်ကို့ကို ပြောပြီး တခြားတစ်ယောက်နဲ့ လဲခိုင်းလိုက်မယ်။ ထွက်သွား၊ နင် အခုချက်ချင်း ဒီကနေ ထွက်သွားလိုက်တော့"
ကျွော့ချင်းက အခုမှ ရောက်လာသည့်ဟန်ဖြင့် ချောင်းတစ်ချက် ဟန့်လိုက်ပြီး စိတ်ရှုပ်ထွေးနေဟန်ဆောင်ကာ လှမ်းမေးလိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ?"
ကျွော့ချင်း အိမ်ထဲသို့ ဝင်လာသည်ကို မြင်လိုက်ရချိန်တွင် လို့ရှီးဝူ၏ မျက်လုံးများက တောက်ပသွားပြီး အကူအညီတောင်းလာခဲ့သည်။
"ယောင်းမ... သူ့ကို ထွက်သွားဖို့ ပြောပေးပါ၊ ကျွန်မ သူ့ကို အရမ်းမုန်းတယ်"
ကျွော့ချင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူမနောက်၌ ကျောက်ရုပ်ကဲ့သို့ အေးခဲနေသည့် ကျင်းစကို တစ်ချက် လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမက သက်ပြင်းချရင်း သူ့ကို လှမ်းပြောလိုက်သည်။
"ကျင်းစ၊ မင်း အရင်ထွက်သွားသင့်တယ်လို့ ငါ ထင်တယ်။ ခြံဝင်းအပြင်မှာ ရပ်နေလည်း အတူတူပါပဲ။ နေ့ခင်းကြောင်တောင်ကြီးဆိုတော့ ဘာမှ မဖြစ်လောက်ပါဘူး"
ကျင်းစ၏ အေးစက်သော မျက်လုံးများက အခန်းထဲမှ မိန်းကလေးဆီသို့ စူးစူးစိုက်စိုက် ရောက်သွားပြန်သည်။ သူ ဘာမှပြန်မပြောသော်လည်း ဒေါသရိပ်များဖြင့် ခြံဝင်းထဲမှ ပြန်ထွက်သွားသည်။
ကျွော့ချင်း အတွင်းခန်းထဲသို့ ဝင်လာချိန်တွင် လို့ရှီးဝူက ဆုအာကို လက်ကာပြလိုက်သည်။
"ဆုအာ၊ နင် အရင် ထွက်သွားလိုက်တော့"
"ဟုတ်ကဲ့ပါ"
ဆုအာကလည်း သူမ၏သခင်မလေး ဒေါသထပ်မပေါက်ကွဲစေရန် နာနာခံခံ ပြန်ဖြေပြီး တံခါးကို သေသေချာချာ ပြန်ပိတ်ပေးသွားခဲ့သည်။
တံခါးပိတ်သွားသည်နှင့်တစ်ပြိုင်နက် လို့ရှီးဝူ၏ မျက်နှာမှ မောက်မာမှုနှင့် စိတ်မရှည်မှုများ ချက်ချင်း ကွယ်ပျောက်သွားပြီး ရှက်ရွံ့စိုးရိမ်သော အမူအရာအဖြစ်သို့ ပြောင်းလဲသွားသည်။
"ယောင်းမ... ကျွန်မ လုပ်တာ အရမ်းလွန်သွားလားဟင်"
အခုန ခွက်ကို လွှင့်ပစ်လိုက်တုန်းက သူမနှလုံးသားက သူမ လည်ချောင်းထဲကိုတောင် ခုန်ထွက်နေခဲ့တာပါ။
ကျွော့ချင်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"အဆင်ပြေပါတယ်"
လို့ရှီးဝူက စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ပြီး သူမ၏မေးစေ့ကို လက်ဖြင့်အုပ်ကာ ညည်းတွားနေပြန်သည်။
"သူက ကျွန်မမှာ ဆင်ခြင်တုံတရား မရှိဘူးဆိုပြီး စိတ်ပျက်လို့ တကယ် ထွက်သွားရင် ကျွန်မ ဘာလုပ်ရမလဲ”
သူမက ပုံမှန်ဆိုရင် နေ့တိုင်းနေ့တိုင်း သူ့ကို တွေ့ရဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာလေ... အခု သူ့ကို မောင်းထုတ်ဖို့က သူမအတွက် အရမ်းခက်ခဲလွန်းတယ်။
ကျွော့ချင်းက လို့ရှီးဝူ၏ ညှိုးငယ်နေသော မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။
"တစ်ခါတလေမှာ အချစ်ဆိုတာ အနိုင်နဲ့အရှုံးကြားက ကစားပွဲတစ်ခုလိုပဲ၊ အချိန်တိုင်း နင်ပဲ စိုးရိမ်ပူပန်နေရတာက အဆင်မပြေဘူးလေ၊ သူ့ကိုလည်း ဒီလိုခံစားချက်မျိုး တစ်ခါလောက် မြည်းစမ်းကြည့်ခိုင်းသင့်တယ်၊ တကယ်လို့ သူ ထွက်သွားမှာ ကြောက်နေရင်... နင် သူ့ကို မြင်တာနဲ့ အကြည့်လွှဲနေလိုက်၊ ဘာမှမလုပ်ဘဲ ကြောင်တောင်တောင်နဲ့ လျှောက်ကြည့်နေပြီး တိတ်တိတ်လေး ငိုပြလိုက်ပေါ့၊ အစားအသောက်နဲ့ လက်ဖက်ရည်တွေကိုလည်း အများကြီး မစားနဲ့ဦး"
ဒါက သူ့ကို အော်ဟစ်မောင်းထုတ်တာထက် ပိုလွယ်ပေမယ့်... တကယ်ရော အောင်မြင်ပါ့မလား...
လို့ရှီးဝူက စိတ်မသက်မသာ ဖြစ်နေရှာသည်။ သူမက ကျွော့ချင်းကို အားကိုးတကြီးနှင့် မျှော်လင့်ချက်အပြည့်ပါသော မျက်ဝန်းများဖြင့် ကြည့်ကာ ထပ်မေးလိုက်ပြန်သည်။
"ယောင်းမ... သူက ကျွန်မကို လက်ထပ်ဖို့ သူ့ဘက်ကနေ တကယ် စပြောလာမှာလားဟင်"
သူမက ကျင်းစ၏ ဘေးနားတွင် နေခွင့်ရရန် နှစ်ပေါင်းများစွာ သူမ လုပ်နိုင်သမျှ အကုန်လုံးကို ကြိုးကြိုးစားစား လုပ်ခဲ့ပြီးဖြစ်သည်။ သူမ တကယ် မောပန်းနေပြီ ဖြစ်သော်လည်း ယနေ့ထိ ဘာမှ ဖြစ်မလာသေးပေ။ မျှော်လင့်ချက် ကြီးကြီးထားလေလေ၊ စိတ်ပျက်ရလေလေ ဖြစ်မည်ကို စိုးရိမ်သောကြောင့် ယခုအချိန်တွင် သူမ ဘာကိုမှ မမျှော်လင့်ရဲတော့ဘဲ ကြောက်ရွံ့နေမိသည်။
ကျွော့ချင်းက လို့ရှီးဝူ၏ နူးညံ့သော ဆံနွယ်များကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီး သူမ၏ ပခုံးကို ခပ်ဖွဖွပုတ်ကာ တိုးတိုးလေး နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့... သူ နင့်ကို တကယ်ကြိုက်ပြီး တကယ်ဂရုစိုက်တယ်ဆိုရင် နင့်ကို ဒီလိုဖြစ်ခွင့်ပေးဖို့ သူ သေချာပေါက်ဝန်လေးနေလိမ့်မယ်၊ အဆုံးရောက်တဲ့အထိ သူက သခင်နဲ့ ကျွန်ကြားက ခွဲခြားမှုကို မကျော်လွန်နိုင်သေးဘူးဆိုရင်တော့ ဒီလိုလူက နင်နဲ့မထိုက်တန်တော့ဘူး၊ အဲ့တာဆိုရင် သူ့ကို မလိုချင်နဲ့တော့ ဟုတ်ပြီလား”
"အင်း..."
လို့ရှီးဝူက ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလိုက်သည်။ သူမက သူမ၏ ဆုံးဖြတ်ချက်ကို ခိုင်မာစေချင်သော်လည်း 'ကျင်းစက နောက်ဆုံးအထိ မတုန်မလှုပ် ဖြစ်နေရင်ရော...' ဆိုသည့် နောက်ထပ် အသံတစ်ခုက နှလုံးသားထဲ၌ အော်ဟစ်နေပြန်သည်။
ငါ သူ့ကို တကယ် လွှတ်လိုက်နိုင်ပါ့မလား??
အင်း... ဖြစ်နိုင်ပါတယ်...
ဟင့်အင်း...
လုံးဝ မဖြစ်နိုင်ဘူး!
လို့ရှီးဝူတစ်ယောက် သူမ၏ခေါင်းကို သူမဘာသာ ပြင်းပြင်းထန်ထန် ပြန်ပုတ်လိုက်ပြီး ကိုယ်ကိုကိုယ့် သတိပေးလိုက်သည်။
တော်ပြီ... အရမ်းကြီး မတွေးနဲ့တော့၊ မဟုတ်ရင် ငါ ရူးသွားလိမ့်မယ်။
လို့ရှီးဝူက ကျွော့ချင်း၏လက်ကို ဆွဲကိုင်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းသွားပြန်သည်။
"ယောင်းမ... မနေ့ညက ဘယ်ကိုသွားတာလဲဟင်? အလောင်းစစ်ဆေးမှုကရော တစ်ခုခု ထူးခြားတာမျိုး ရှိခဲ့သေးလား"
ကျွော့ချင်းက သူမ စကားလမ်းကြောင်း လွှဲနေသည်ကို သိနေသော်လည်း ဤနုနယ်သော မိန်းကလေး မှုခင်းအကြောင်း ဆွေးနွေးချင်သည်မှာ သေချာရဲ့လားဟု တွေးနေမိသည်။ ကျွော့ချင်းက မျက်ခုံးကို အနည်းငယ် ပင့်ပြရင်း သေချာအောင် ပြန်မေးလိုက်သည်။
"နင် တကယ် သိချင်တာ သေချာလို့လား"
"အိုး..."
လို့ရှီးဝူက တံတွေးတစ်ချက် မျိုချလိုက်သည်။ အေးစက်နေသော ရင်ခွဲစင်ပေါ်တွင် လှဲလျောင်းနေမည့် အသက်မဲ့ ခန္ဓာကိုယ်များကို တွေးလိုက်မိရုံဖြင့် သူမ၏ ကြက်သီးမွေးညင်းများ အဆုံးထိ ထောင်သွားသလို ခံစားလိုက်ရသည်။ သူမက ခေါင်းကို အလျင်အမြန် ခါယမ်းရင်း ငြင်းဆန်လိုက်သည်။
"ထားလိုက်ပါတော့... မသိချင်တော့ဘူး"
ကျွော့ချင်းက ခေါင်းယမ်းရင်း ရယ်မောလိုက်သည်။
"အဲ့ဒါဆိုလည်း နင် အေးအေးဆေးဆေး အနားယူလိုက်ဦး၊ ငါ အရင် ပြန်နှင့်တော့မယ်"
အခုက နေ့လယ်ရောက်ရှိပြီ၊ ဒီနေ့ သူမ ရှန်ယုလန်နဲ့ ချိန်းထားသေးတယ်လေ။
လို့ရှီးဝူက ခေါင်းညိတ်ပြလိုက်ပြီး စားပွဲပေါ်သို့ မှောက်ချကာ ငေးငေးငိုင်ငိုင် ကျန်ရစ်ခဲ့သည်။ ကျွော့ချင်းက သူမကို ကြည့်ကာ သက်ပြင်းချနေပြန်သည်။
အခုတစ်ကြိမ်မှာတော့ ဒီစုံတွဲ မြန်မြန်လက်ထပ်နိုင်ဖို့ ငါ မျှော်လင့်ပါတယ်။
ကျွော့ချင်း ခြံဝင်းထဲမှ ထွက်လာချိန်တွင် ခြံဝ၌ မတ်မတ်ရပ်နေသော ကျင်းစကို မြင်လိုက်ရသည်။ သူ၏ အရပ်ရှည်ရှည် အသွင်အပြင်နှင့် မျက်မှောင်ကြုတ်ထားသည့် ညှိုးငယ်သော မျက်နှာကို ကြည့်ရင်း ကျွော့ချင်း၏ စိတ်အခြေအနေက အလိုလို ပိုကောင်းလာခဲ့သည်။
ကျွော့ချင်းက ကူကယ်ရာမဲ့ ဖြစ်နေသည့် စိတ်ပူပန်ဟန်ဖြင့် ကျင်းစဆီသို့ လျှောက်သွားကာ သွေးတိုးစမ်းလိုက်သည်။
"ကျင်းစ... ရှီးဝူက... သူ(မ)က... မင်းကို လုံးဝ မတွေ့ချင်ဘူးတဲ့။ ငါ ရှီးယန်ကို ပြောပြီး နင့်ကို မော့ပိုင်နဲ့ လူချင်းလဲခိုင်းလိုက်မယ်"
"ဘာလို့လဲ"
အေးစက်သောလေသံက အနည်းငယ် အလောတကြီး ဖြစ်နေပုံရသည်။
အဲဒါပဲလေ!
ကျွော့ချင်းက ပြောမလိုလုပ်လိုက် တုန့်ဆိုင်းနေလိုက် ဖြစ်နေပြီး ကျင်းစ၏ အေးစက်သော မျက်လုံးများက သူမကို ထိုးဖောက်တော့မည့်အလား စိုက်ကြည့်လာသည်။ ထိုအခါမှ ကျွော့ချင်းက တိတ်တဆိတ် သက်ပြင်းချလိုက်ရင်း စိတ်မကောင်းဖြစ်နေသော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
"သူ(မ)က မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို လက်မလွှတ်နိုင်သေးဘူး။ သူ(မ)ရဲ့ အပြစ်ကင်းစင်မှု ဖျက်ဆီးခံလိုက်ရတယ်လို့ ခံစားနေရတယ်၊ သူ(မ) မင်းကို မတွေ့ချင်တာ မဟုတ်ပါဘူး၊ မင်းကို မတွေ့ရဲတော့တာပါ။ သူ့ကိုယ်သူ မင်းနဲ့ မထိုက်တန်တော့ဘူးလို့ ယူဆနေတယ်ထင်ပါရဲ့၊ သူ(မ) အရင်ကလို မင်းကို တွယ်ကပ်နေမှာ မဟုတ်တော့လို့ မင်း စိတ်ပူစရာ မလိုတော့ဘူး။ ဒါပေမယ့် သူ(မ)က နားမလည်နိုင်ဘဲ မိုက်မဲတဲ့အရာ တစ်ခုခု လုပ်သွားမှာကိုတော့ ငါ တကယ် ကြောက်နေမိတယ်"
ကျွော့ချင်းတစ်ယောက် သူမ ရည်ရွယ်ထားသည့်အတိုင်း ပြောပြီးချိန်တွင် ကျင်းစ၏ လက်သီးများက တင်းနေအောင် ဆုပ်သွားခဲ့သည်။ သူ သူ့ဒေါသကို အတင်းထိန်းချုပ်ထားပုံရပြီး သူ့လက်မောင်းမှ သွေးပြန်ကြောများက ပေါက်ထွက်မတတ် ထောင်ထနေသည်။ ကျွော့ချင်းက စိတ်ထဲမှ ကျေနပ်နေသော်လည်း လက်ကို ဝှေ့ယမ်းရင်း ကူကယ်ရာမဲ့ဟန်ဖြင့် ထပ်ပြောလိုက်သည်။
"အင်းလေ... ငါ ရှီးယန်ကို သွားပြောပြီး မော့ပိုင်ကို မင်းနေရာမှာ အစားထိုးခိုင်းလိုက်ပါ့မယ်"
"မလိုပါဘူး"
ခိုင်မာပြတ်သားသော အဖြေက အလောတကြီး ထွက်ပေါ်လာပြန်သည်။
ကျွော့ချင်းက မျက်မှောင်ကြုတ်ကာ ဟန်ဆောင်ပန်ဆောင် ထပ်မေးလိုက်သည်။
"သေချာလို့လား?"
ကျွော့ချင်းက သူ့ကို စိတ်ပူပေးနေသည့် အမူအရာဖြင့် ကြည့်နေသော်လည်း ကျင်းစကမူ သူမကို ကျော်ဖြတ်ကာ ခြံဝင်းထဲသို့ အမြန် ပြန်ဝင်သွားသည်။
အိမ်ခန်းတံခါးဝတွင် တိတ်တဆိတ် ပြန်လည်စောင့်ကြပ်ပေးနေသော အရပ်မြင့်မြင့် ပုံရိပ်ကို ကြည့်ရင်း ကျွော့ချင်း၏ နှုတ်ခမ်းထောင့်များ ပင့်တက်သွားပြန်သည်။
ရန်သူကို လှည့်စားဖို့ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင်လုပ်တဲ့ နည်းနဲ့ ရှေ့တိုးဖို့ နောက်တစ်လှမ်းဆုတ်တဲ့ ပရိယာယ်တို့ ပေါင်းစပ်လိုက်တာက... အချစ်တိုက်ပွဲအတွက် အထိရောက်ဆုံး မှော်လက်နက်ပဲ။ တစ်ခါတလေ လှုံ့ဆော်မှု များလေလေ၊ လှည့်ကွက်က ပိုအလုပ်ဖြစ်လေလေပါပဲ။
........။........။.....
တရားရေးဝန်ကြီးဌာန၏ ရုံးတော်ပင်မဆောင်တွင်...
"ဝန်ကြီးချုပ်ကို အရိုအသေပေးပါတယ်"
တော်ဝင်ဥယျာဉ်အတွင်းမှ အဖြစ်အပျက်များကို စုံစမ်းစစ်ဆေးရန် တာဝန်ရှိသူ၊ တရားရေးဌာနမှ တာဝန်ခံလွီဟုန်က တလေးတစား ဦးညွှတ်လိုက်သည်။ လို့ရှီးယန်၏ မျက်နှာက ခပ်ပြေပြေ ပြုံးနေသော်လည်း လွီဟုန်ကတော့ စိုးရိမ်တကြီး တံတွေးမျိုချနေမိသည်။
သူတို့ ဤအမှုကို လက်ခံပြီးနောက်မှသာ ရေထဲသို့ ကျသွားသူက သူတို့ တစ်ခါမှ မတွေ့ဖူးသေးသည့် ဝန်ကြီးချုပ်၏ ဇနီးလောင်း ဖြစ်နေမှန်း သိခဲ့ရသည်။ ထို့ပြင် အမှု၏ သဲလွန်စများက မောင်းမဆောင်ဆီသို့ တိုက်ရိုက် ညွှန်ပြနေခဲ့သည်။ ဧကရာဇ်ကလည်း ဤအမှုကို သေသေချာချာ ကိုင်တွယ်ရန် အမိန့်ချမှတ်ထားသဖြင့် ဤကိစ္စက စီမံခန့်ခွဲရန် အလွန် ခက်ခဲသော အမှုတစ်ခု ဖြစ်နေခဲ့သည်။
ဤကဲ့သို့သော အမှုကြောင့် အလုပ်ပြုတ်သွားခြင်းက အဓိက ပြဿနာမဟုတ်ပေ။ မထိသင့်မစော်ကားသင့်သူများကို စော်ကားမိပြီး အမျက်တော်ရှခံရလျှင် မိမိ၏ အသက်ကိုပင် ထိန်းထားနိုင်တော့မည် မဟုတ်ကြောင်း လွီဟုန် ကောင်းကောင်း သိနေခဲ့သည်။
လက်ထဲတွင် လက်ဖက်ရည်ခွက်ကို ကိုင်ထားသော လို့ရှီးယန်က တည်ငြိမ်စွာ မေးလာခဲ့သည်။
"စုံစမ်းမှု အခြေအနေ ဘယ်လိုလဲ"
လွီဟုန်က တလေးတစား ပြန်ဖြေလိုက်သည်။
"မိန်းမစိုးလေးယောက်ထဲက တစ်ယောက်ကတော့ သူ့လျှာကိုသူ ကိုက်ပြီး သတ်သေသွားခဲ့ပါပြီ၊ ကျန်တဲ့ သုံးယောက်ကတော့ သူတို့ကိုယ်သူတို့ သတ်သေတာမျိုး မလုပ်ကြပေမယ့် ချင်းသခင်မလေးကို သတ်ဖို့ ကြံစည်ခဲ့တာကိုတော့ လုံးဝ ဝန်မခံကြသေးပါဘူး။ အဲ့ဒီမိန်းမစိုး လေးယောက်စလုံးက နန်းတွင်းစီမံရေးဌာနမှာ အလုပ်လုပ်ကြတာဖြစ်ပြီး လုကျစ်ဟိုင်ရဲ့ လက်အောက်က မထင်မရှား မိန်းမစိုးလေးတွေပါ။ ပုံမှန်ဆိုရင်တော့ သူတို့က အရမ်းသတိထားတတ်ပြီး ဘယ်သူ့ကိုမှ ဒုက္ခပေးမယ့်သူမျိုးတွေ မဟုတ်ကြပါဘူး"
လျှာကိုကိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်ပေါ့...
လို့ရှီးယန်၏ မျက်လုံးများထဲ၌ အေးစက်သော အလင်းရောင်တစ်ခု ဝင်းခနဲ လက်သွားခဲ့သည်။ သူက လက်ဖက်ရည်ခွက်ကို လက်ညှိုးဖြင့် ညင်သာစွာ ခေါက်နေရင်း အသံမာမာဖြင့် မေးလိုက်ပြန်သည်။
"သူတို့ရဲ့မိသားစုထဲမှာ ဘယ်သူတွေ ရှိသေးလဲ၊ အခု သူတို့ ဘယ်မှာလဲ"
"သူတို့ထဲက နှစ်ယောက်က အစေခံအရောင်းအဝယ်ပြုတဲ့ နေရာကနေ နန်းတော်ထဲကို ရောက်လာတာခဲ့တာပါ၊ နန်းတွင်းစီမံရေးဌာနမှာ မိသားစုအတွက်မှတ်ပုံတင်ထားတာမျိုး မရှိပါဘူး၊ ကျန်တဲ့ နှစ်ယောက်ရဲ့ မိသားစုဝင်တွေကတော့... အခု ပျောက်ကွယ်သွားကြပါပြီ"
"သူတို့ကို ရှာတွေ့အောင်ရှာ၊ ပြီးတော့ ကျန်နေတဲ့ သုံးယောက်ရဲ့ 'ယုတ္တိမတန်တဲ့ သေဆုံးမှု' ဆိုတဲ့ သတင်းမျိုး ငါ ထပ်မကြားချင်တော့ဘူး။ အခင်းမဖြစ်ပွားခင် တော်ဝင်ဥယျာဉ်အတွင်းကို အဝင်အထွက်ရှိသူ အားလုံးကို စစ်ဆေးမေးမြန်းလိုက်၊ ပြီးရင် ငါ့ကို ချက်ချင်း သတင်းပို့"
မိသားစုဝင်မရှိတဲ့သူက လျှာကိုက်သတ်သေတယ်၊ မိသားစုဝင်တွေ ပျောက်ဆုံးနေတဲ့ လူတွေကလည်း သေရမယ်ဆိုရင်တောင် ဝန်ခံဖို့ ငြင်းဆိုနေကြတယ်။
နောက်ဆက်တွဲ သဲလွန်စတွေကို လျင်လျင်မြန်မြန် သေသေသပ်သပ် ဖုံးကွယ်နိုင်ခဲ့တာပဲ။ သူမက တကယ်ပဲ နှစ်ပေါင်းများစွာ မောင်းမဆောင်ရဲ့ သခင်မဖြစ်ဖို့ ထိုက်တန်ပါပေတယ်...
လို့ရှီးယန်၏ အသံက တိုးနေဆဲဖြစ်သော်လည်း လွီဟုန်ကတော့ ဝန်ကြီးချုပ် မကျေမနပ်ဖြစ်နေကြောင်း ကောင်းကောင်း သိနေခဲ့သည်။ ပြင်းထန်သော ဖိအားများကြောင့် လွီဟုန်တစ်ယောက် ခေါင်းပင် မဖော်နိုင်လုနီးပါး ဖြစ်နေခဲ့သည်။ လို့ရှီးယန်က လက်ဖက်ရည်ခွက်ကို အသာအယာ ပြန်ချလိုက်ပြီး အစည်းအဝေးခန်းမထဲမှ ဖြည်းညှင်းစွာ ထွက်ခွာသွားသည်။ လို့ရှီးယန်၏ ပုံစံက နူးညံ့ပြေပြစ်နေဆဲ ဖြစ်သော်လည်း လွီဟုန်ကတော့ ချွေးစေးများပင် ထွက်နေလေသည်။
..........။........။.......
ရွှေရောင်ကန့်လန့်ကာများဖြင့် အလှဆင်ထားပြီး နံ့သာနံ့များ သင်းပျံ့နေသော ပလ္လင်ပေါ်တွင် ရွှေရောင်ရုပ်ပွားတော်တစ်ဆူက သတ္တဝါအပေါင်းအပေါ် သနားကြင်နာတတ်သော အပြုံးဖြင့် ငြိမ်သက်စွာ စံပယ်နေသည်။ 'တုံ... တုံ...' ဟူသော သစ်သားတုံးခေါက်သံက စည်းချက်ကျကျ ထွက်ပေါ်နေပြီး နံ့သာပုတီးမှ ရနံ့ကလည်း တစ်ခန်းလုံးကို လွှမ်းခြုံထားကာ လူတို့၏ စိတ်ကို အေးချမ်းနေစေသည်။
ယန်ကျီလန်က ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် ရှိနေပြီး သူမ၏မျက်လုံးများကို မှိတ်ထားကာ သူမ၏ မျက်နှာက အေးချမ်းတည်ငြိမ်နေသည်။
မော့မော့တစ်ယောက်က ပိတ်ပါးကန့်လန့်ကာ အပြင်ဘက်သို့ ရောက်ရှိလာပြီး ရပ်စောင့်နေသောကြောင့် သစ်သားတုံးခေါက်သံက တဖြည်းဖြည်း ရပ်တန့်သွားသည်။ အတွင်းခန်းထဲမှ ယန်ကျီလန်၏ လေးတွဲသောအသံက တိုးတိုးတိမ်တိမ် ထွက်ပေါ်လာသည်။
"ဘယ်လို ဖြစ်သွားပြီလဲ"
"မယ်တော်မိဖုရားကြီး... စိတ်ချတော်မူပါ။ ကိစ္စက ပြေလည်သွားပါပြီ။ သူတို့တွေ ဘယ်တော့မှ ပေါက်ကရ စကားမျိုး မပြောရဲပါဘူး"
မော့မော့က ရုတ်တရက် ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ပြီး တိုးတိုးလေး တောင်းပန်လိုက်သည်။
"ဒီတစ်ခါ ဒီကိစ္စကို ဒီလိုဖြစ်ခွင့်ပြုလိုက်တာက ကျွန်တော်မျိုးမရဲ့ ပေါ့ဆမှုကြောင့်ပါ။ ကျေးဇူးပြုပြီး မယ်တော်မိဖုရားကြီးက ကျွန်တော်မျိုးမကို အပြစ်ဒဏ် ပေးတော်မူပါ"
ယန်ကျီလန်က ပိတ်ပါးကန့်လန့်ကာကို ညင်သာစွာ ဖယ်ရှားလိုက်ပြီး အပြင်သို့ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ မော့မော့က အလျင်အမြန် ထရပ်ကာ သူမကို တွဲကူရန် ရှေ့တိုးလာသည်။ ယန်ကျီလန်၏ မျက်နှာတွင် ဒေါသအရိပ်အယောင် လုံးဝမရှိဘဲ သူမက အပြုံးမပျက် သက်ပြင်းချလိုက်သည်။
"ထားလိုက်ပါတော့... ချင်းလင်က မသေဘူးဆိုတော့ သူမ ကံကောင်းတယ်လို့ပဲ ယူဆလိုက်မယ်။ ဒါပေမဲ့ ဒီ 'မတော်တဆမှု' က လုံးဝ အကျိုးမရှိတာတော့ မဟုတ်ဘူး။ အနည်းဆုံးတော့ အမြဲတမ်း ပြီးပြည့်စုံပြီး အားနည်းချက် ကင်းစင်လှတဲ့ လို့ရှီးယန်မှာလည်း အားနည်းချက် ရှိတယ်ဆိုတာကို နောက်ဆုံးတော့ အိုက်ကျား ရှာတွေ့ခဲ့ပြီ"
လို့ရှီးယန်... လို့ရှီးယန်... မင်း ရွှယ်အာကို လက်မလွှတ်လိုက်သင့်ဘူး၊ ပြီးတော့ လို့စုရှင်းရဲ့ တူကောင်းတစ်ယောက် မဖြစ်သင့်ဘူး၊ အဲ့ဒီထက်ပိုပြီး... မင်း ငါ့ကို မပြစ်မှားသင့်ဘူး!
အခန်း ၉၀ ရွေးချယ်ရတဲ့ ခံစားချက်
လို့ရှီးဝူ၏ ခြံဝင်းထဲမှ ပြန်ထွက်လာချိန်တွင် မွန်းတည့်ရန် နီးကပ်နေပြီ ဖြစ်သောကြောင့် ကျွော့ချင်းက နေ့လယ်စာ စားပြီးမှသာ ရှန်ယုလန်ထံ သွားရန် ဆုံးဖြတ်လိုက်သည်။ သူမ ပင်မခန်းမဆောင်သို့ မရောက်မီမှာပင် ခြံဝင်းအတွင်းရှိ လမ်းမပေါ်၌ အပြာရောင် ဝတ်စုံကို ခန့်ညားစွာ ဝတ်ဆင်ထားသော လို့ရှီးယန်နှင့် ဆုံမိသွားသည်။ ကျွော့ချင်းက အနည်းငယ် အံ့သြသွားပြီး သူ့ကို လှမ်းမေးလိုက်သည်။
"ရှီးယန်... ရှင် နေ့ခင်းဘက် ပြန်လာတာ ရှားတယ်လေ၊ တစ်ခုခု ဖြစ်လို့လား?"
လို့ရှီးယန်က သူမကို ကြည့်ကာ နူးညံ့သော အပြုံးဖြင့် ပြန်ဖြေလာသည်။
"ကိုယ် တစ်ခုခု လုပ်စရာရှိလို့ ခဏ ပြန်လာတာပါ"
လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ ရေထဲသို့ ကျသွားစဉ်က လို့ရှီးယန်က သူမအနား၌ အချိန်အတော်ကြာ နေပေးခဲ့ပြီး သူ၏ အလုပ်များ နှောင့်နှေးခဲ့ရမှန်း ကျွော့ချင်း သိထားခဲ့သည်။ သူမက ခေါင်းညိတ်ပြလိုက်ရင်း အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"ရှင် အလုပ်ရှိရင် သွားလုပ်လေ၊ ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ဘူး"
ကျွော့ချင်းက လို့ရှီးယန်အနားသို့ လျှောက်သွားကာ ဘေးသို့ တိမ်းရှောင်ပေးလိုက်ပြီး ရှေ့သို့ ဆက်လျှောက်ရန် ပြင်လိုက်သည်။ သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်သွားတော့မည့် အချိန်တွင် အနည်းငယ် အေးစက်သော သွယ်လျလျ လက်တစ်ဖက်က ရုတ်တရက် သူမ၏ လက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်။ ကျွော့ချင်း အံ့အားသင့်သွားသော်လည်း သူမဘေးမှ လို့ရှီးယန်ကတော့ ဘာမှမဖြစ်သလို ရယ်မောနေသည်။
"မင်း အပြင်ထွက်မလို့လား"
"အင်း"
ကျွော့ချင်းက ကြောင်တောင်တောင်နှင့် ခေါင်းညိတ်ပြလိုက်သည်။
"အရမ်း အရေးကြီးတဲ့ ကိစ္စရှိလို့လား"
ကျွော့ချင်းက ခေါင်းခါယမ်းလိုက်သည်။
"အရမ်းတော့ အရေးမကြီးပါဘူး။ တကယ်တော့ မနေ့ညက အလောင်းစစ်ဆေးခဲ့တဲ့ ရလဒ်တွေအကြောင်း ပြောဖို့ ရှန်လူကြီးမင်းနဲ့ နေ့ခင်းပိုင်းမှာ တွေ့ဖို့ ချိန်းထားတာပါ၊ နောက်မှ သွားလည်း ရပါတယ်"
"အဲ့ဒါဆို အကောင်းဆုံးပဲ”
စကားဆုံးသည်နှင့် လို့ရှီးယန်က ကျွော့ချင်း၏လက်ကို ဆွဲကာ အိမ်တော်တံခါးဝဆီသို့ ဦးတည်လိုက်သည်။
သူ ခုနပြောတော့ လုပ်စရာရှိလို့ ပြန်လာတာဆို? အခုတော့ ဘယ်ကို ခေါ်သွားပြန်တာလဲ?
ကျွော့ချင်း စိတ်ရှုပ်သွားသော်လည်း သူမ၏ ခြေလှမ်းများကတော့ လို့ရှီးယန်နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။
"ကျွန်မတို့ ဘယ်သွားကြမှာလဲ"
နေ့လယ်ခင်း နေရောင်က အနည်းငယ် တောက်ပနေသော်လည်း လို့ရှီးယန်က နွေဦးလေပြေအောက်တွင် လမ်းလျှောက်နေသကဲ့သို့ ဖြည်းညှင်းတည်ငြိမ်နေဆဲ ဖြစ်သည်။ သူ၏ နှုတ်ခမ်းထောင့်မှ သိသာသော အပြုံးက သူ စိတ်အခြေအနေ အလွန်ကောင်းနေကြောင်း ပြသနေသည်။ သူ၏ ဖီးနစ်မျက်လုံးများက အနည်းငယ် စိတ်ရှုပ်နေပုံရသော ကျွော့ချင်းကို လှမ်းကြည့်နေသည်။
"ကိုယ် ဒီနေ့လယ် ပြန်လာတာက ကိုယ်တို့ရဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်ဖို့ ပြန်လာတာလေ။ မင်းမှာ အလျင်စလို သွားစရာ မရှိဘူးဆိုတော့ အတူတူ သွားကြရမယ်"
"မင်္ဂလာပွဲ..."
ကျွော့ချင်းက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်မေးလိုက်သည်။
"ဘာတွေ ပြင်ဆင်ရမှာလဲ"
ရှေးခေတ်က မင်္ဂလာပွဲတွေမှာ ဘာတွေလိုအပ်တယ်ဆိုတာကို သူမ တကယ်မသိခဲ့ပါဘူး။
လို့ရှီးယန်က ပြုံးနေသော်လည်း အဖြေကိုတော့ လျှို့ဝှက်ထားဆဲပင်။ ထို့ကြောင့် ကျွော့ချင်းလည်း ထပ်မမေးတော့ဘဲ ဝန်ကြီးချုပ်အိမ်တော်မှ အပြင်သို့ ဆွဲခေါ်သွားခံလိုက်ပြီး ရထားလုံးပေါ်သို့ တက်လိုက်သည်။ သူမ ရထားလုံးထဲ၌ ထိုင်ရုံမျှသာ ရှိသေးချိန်တွင် လို့ရှီးယန်က ရုတ်တရက် သူမ၏ ခါးကို ဖက်လိုက်ပြီး နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"မင်း မနေ့ညက အာရုံတက်ခါနီးမှ ပြန်လာတာဆိုတော့ အိပ်ရေး မဝသေးဘူး မဟုတ်လား? မျက်လုံးမှိတ်ပြီး ခဏလောက် အိပ်လိုက်နော်၊ ရောက်ရင် ကိုယ် နိုးပေးမယ်"
သူက ငါပြန်လာတဲ့အချိန်ကိုပါ သိနေတာလား?
မနေ့ညက လန်ယွဲ့အဆောင်သို့ သူမ ပြန်ရောက်လာချိန်တွင် မီးရောင်များ မရှိတော့သဖြင့် လို့ရှီးယန် အိပ်ပျော်နေပြီဟုသာ ကျွော့ချင်း ထင်ခဲ့မိသည်။ ကျွော့ချင်းက မိမိကိုယ်ကိုယ် အိပ်ပျော်မည်မဟုတ်ဟု ထင်ထားထဲ့သော်လည်း လို့ရှီးယန်၏ ပုခုံးကို မှီထားရင်း သူမကို ပွေ့ဖက်ထားသော သူမကို ပွေ့ဖက်ထားသော ခန္ဓာကိုယ်မှ လန်းဆန်းသည့်ကိုယ်သင်းနံဖျော့ဖျော့ကို ရှုရှိုက်ရင်း ခဏအကြာတွင် သူမ အိပ်ပျော်သွားခဲ့သည်။
သူ့ရင်ခွင်ထဲတွင် မည်သည့်အကာအကွယ်မှ မရှိဘဲ စိတ်ချလက်ချ အိပ်ပျော်နေသော ကျွော့ချင်းကို ကြည့်ရင်း လို့ရှီးယန်၏ လက်ချောင်းများက ထုံးစံအတိုင်း သူမ၏ ဆံနွယ်များနှင့် ဆော့ကစားနေသည်။ သို့သော် သူ၏ မျက်ခုံးများက အမှတ်မထင် တွန့်ချိုးနေခဲ့သည်။ သူမနှင့် အတူရှိနေလေလေ၊ သူမက လျှို့ဝှက်ဆန်းကြယ်သည့် ပုစ္ဆာတစ်ပုဒ်ကဲ့သို့ သူ ခံစားရလေလေပင်။ သူမ ဘာပဲလုပ်လုပ်၊ ဘာပဲတွေးတွေး အရာအားလုံးက သာမန်လူများနှင့် မတူဘဲ နားလည်ရ ခက်ခဲလှသည်။
သို့သော်ငြားလည်း သူမက အလွန်ပွင့်လင်းပြီး သဘောထားကြီးသူ ဖြစ်နေပြန်သည်။ ထိုသို့ လုံးဝခြားနားနေသော စိတ်နေစိတ်ထားနှစ်ခုက သူ့ကို အမှတ်မထင် ဆွဲဆောင်ဖမ်းစားနိုင်ခဲ့ပုံရသည်။ ယခင်က သူသာဆိုလျှင် ယခုကဲ့သို့ ခံစားချက်နောက်ကို လိုက်နေမည့်အစား သူမကို သေသေချာချာ စုံစမ်းစစ်ဆေးပြီး သူမအတွက် သူ့စိတ်ရင်းအမှန်ကို ပေးသင့်၊ မပေးသင့် ဆိုသည်ကို အရာရာ ကြိုတွေးထားမည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် အရာအားလုံးက မြန်ဆန်လွန်းနေခဲ့သည်။ ယခု သူ ပထမဆုံးအကြိမ်အဖြစ် နှလုံးသား၏ စေခိုင်းမှုအတိုင်း လိုက်နာရန် ကျေကျေနပ်နပ်ကြီး ဆုံးဖြတ်ခဲ့ပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင်တော့ မည်သည့်အခါမျှ အရှုံးမပေးတော့ဘဲ အရာရာကို ရင်ဆိုင်ကျော်ဖြတ်ရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ရထားလုံး ဖြည်းညှင်းစွာ ရပ်တန့်သွားချိန်တွင် လို့ရှီးယန်က သူမ၏ပါးလေးကို ခပ်ဖွဖွ ပုတ်ကာ သူမကို နိုးလိုက်သည်။
"ချင်းအာ... ထတော့၊ ကိုယ်တို့ ရောက်ပြီ"
ကျွော့ချင်းက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လာပြီး အစပိုင်းတွင် အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေသော်လည်း မကြာမီမှာပင် သူမ၏ မျက်ဝန်းများက ကြည်လင်လာသည်။ သူမ လုံးဝနိုးသွားပြီ ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် လို့ရှီးယန်က သူမ၏လက်ကိုဆွဲကာ ရထားလုံးပေါ်မှ ဆင်းလာခဲ့သည်။
ရထားလုံးပေါ်မှ ဆင်းလိုက်သည်နှင့် သူမတို့ အထပ်လေးထပ်ရှိသော ခမ်းနားသည့် သစ်သားအဆောက်အဦးကြီးတစ်ခုရှေ့ ရောက်နေသည်ကို ကျွော့ချင်း တွေ့လိုက်ရသည်။ အဆောက်အဦး၏မျက်နှာစာကို အဖိုးတန်ပစ္စည်းများဖြင့် တန်ဆာဆင်ထားပြီး မဟော်ဂနီတံခါးကြီးများကလည်း ခန်းနားထည်ဝါလှသည်။ ကြမ်းပြင်ပေါ်ရှိ အပြာရောင် ကျောက်ပြားများကလည်း တောက်ပလွန်းနေသည်။ နဂါးနှင့် ဖီးနစ်ရုပ်ကြွများ ထွင်းထုထားသော နံရံကြီးတွင် "လန်ယွဲ့အဆောင်" ဟူသော စာလုံးများကို အက္ခရာအကြီးကြီးများဖြင့် ထင်ထင်ရှားရှား ရေးထိုးထားသည်။
အသက်လေးဆယ်ခန့် အမျိုးသားတစ်ဦးက ဆိုင်ရှေ့တွင် ရပ်နေပြီး သူတို့ကို ကြိုဆိုရန် စောင့်နေပုံရသည်။ သူ့နောက်တွင် စားပွဲထိုး ငါးယောက်၊ ခြောက်ယောက်ခန့် ရှိနေသည်။ ကျွော့ချင်းတို့ကို မြင်သည်နှင့် သူတို့၏ မျက်လုံးများက တောက်ပသွားပြီး ချက်ချင်း ရှေ့သို့ တိုးကာ နှုတ်ဆက်လိုက်ကြသည်။ ကျွော့ချင်း၏ မျက်နှာပေါ်မှ အမာရွတ်အား ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် ဆိုင်ရှင် ဖြစ်ပုံရသည့်လူ၏ မျက်ဝန်းများထဲ၌ အံ့ဩရိပ်အချို့ ဖြတ်ပြေးသွားသော်လည်း ကျွမ်းကျင်သော စီးပွားရေးသမားပီပီ သူ၏ ခံစားချက်ကို ချက်ချင်း ပြန်ဖုံးကွယ်လိုက်သည်။
သူက လေးလေးစားစား ပြုံးပြရင်း ဖော်ဖော်ရွေရွေကြိုဆိုနေသည်။
"ဝန်ကြီးချုပ်လို့... အခုပါလာတာက သခင်မပဲ ဖြစ်ရမယ်။ ကြွပါ... အထဲကို မြန်မြန်ကြွပါခင်ဗျ"
(T/N; မူရင်းသာသာက လကို ကြိုက်ပုံပဲ၊ တိုင်းပြည်နံမည်တွေရော အဆောင်တွေရော... ဆိုင်တွေပါမကျန် ယွဲ့တွေပါနေရောပဲ)
ဆိုင်ရှင်၏နောက်မှ ဧည့်ခန်းထဲသို့ လိုက်ပါလာရင်း ကျွော့ချင်းက ဤစားသောက်ဆိုင်၏ ဒီဇိုင်း အလွန်ထူးခြားနေကြောင်း သတိထားမိသွားသည်။ ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် အလယ်တွင် ကံကောင်းစေသည့် ရွှေငါးကြင်းများ ကူးခတ်နေသော ရေကန်ငယ်တစ်ခုကို တွေ့ရသည်။ ညာဘက်တွင် ဧည့်ခန်းများရှိပြီး လူအများအပြား စားသောက်နေကြသော်လည်း ဆိုင်ရှင်က ကန့်လန့်ကာများကို ပါးနပ်စွာ အသုံးပြုထားသည်။ ထိုသို့ မှုန်ဝါးဝါးဖြစ်အောင် လုပ်ထားသဖြင့် ခန်းမထဲရှိ လူများက တံခါးပေါက်မှ ဝင်လာသူများကို မမြင်နိုင်သလို သူမတို့ဘက်ကလည်း အတွင်းထဲမှ လူများကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ လက်ဝဲဘက်တွင် အပေါ်ထပ်သို့ တိုက်ရိုက်တက်နိုင်သော လှေကားရှိသည်။ အထပ်တိုင်းတွင် သီးသန့်အခန်းငယ်များ ရှိနေခြင်းက ဤဆိုင်၏ သီးသန့်ဆန်မှုနှင့် ဂုဏ်သိက္ခာကို ပေါ်လွင်စေသည်။
နောက်ဆုံးတွင် တတိယထပ်သို့ ရောက်ရှိလာကြပြီး ဆိုင်ရှင်က သူမတို့ကို သီးသန့်ခန်းတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားပေးခဲ့သည်။ တံခါးကို ညင်သာစွာ ဖွင့်ပေးလိုက်သည်နှင့် သာမန်အခန်းများတွင် ရလေ့ရှိသည့် စန္ဒကူးနံ့သာနံ့မျိုး မဟုတ်ဘဲ အခန်းထဲတွင် လန်းဆန်းအေးမြသော စံပယ်ရနံ့သင်းသင်းလေး ပျံ့လွင့်နေသည်။ သူမတို့ အခန်းထဲသို့ ဝင်လိုက်သည်နှင့် ဆိုင်ရှင်က တိတ်တဆိတ် ပြန်လည်ထွက်ခွာသွားတော့သည်။
သီးသန့်ခန်း၏ အတွင်းပိုင်းပြင်ဆင်မှုက ရိုးရှင်းသော်လည်း အလွန် ခန့်ညားလှပသည်။ ခြေဖဝါးအောက်တွင် ပွင့်အာနေသော ပျိုနီးပန်းပွင့်ကြီးများဖြင့် ပုံဖော်ထားသော ကော်ဇောထူထူကြီး ခင်းထားပြီး လမ်းလျှောက်ရသည်က အလွန်သက်တောင့်သက်သာ ရှိလှသည်။ အခန်းအလယ်တွင် စားပွဲဝိုင်းကြီးတစ်ခု ရှိပြီး ပြတင်းပေါက်ဘေးတွင်တော့ နူးညံ့သော ထိုင်ဖုံများ ခင်းထားသည့် ခုံတန်းရှည်နှစ်ခုကို အလိုက်သင့် ချထားသည်။
ထိုခုံတန်းလေးပေါ်တွင် ထိုင်ရင်း အောက်ထပ်ရှိ စည်ကားနေသော လမ်းမကြီးကို အပေါ်စီးမှ လှမ်းကြည့်နိုင်သည်။ ပတ်ဝန်းကျင်တွင် အဆောက်အဦး အနိမ့်လေးများသာ ရှိသောကြောင့် လေးထပ်အဆောင်ပေါ်မှ မြင်ကွင်းက အလွန်ကျယ်ပြောလှပြီး မိုးကုတ်စက်ဝိုင်းကိုပင် လှမ်းမြင်နေရသည်။ စည်ကားသိုက်မြိုက်သော မြင်ကွင်းကို မြင်နိုင်သလို သက်တောင့်သက်သာရှိသော အပန်းဖြေအနားယူမှုမျိုးက ငြိမ်သက်အေးချမ်းမှုကို ခံစားရစေသည်။ ကျွော့ချင်းက ဤနေရာကို အလွန်သဘောကျသွားပြီး အပြုံးလေးဖြင့် ရေရွတ်လိုက်သည်။
“ဒီနေရာရဲ့ပတ်ဝန်းကျင်က အရမ်းကောင်းတာပဲ”
ဒါကို ချုံယွဲ့ရဲ့ ကြယ်ငါးပွင့်ဟိုတယ်လို့ သတ်မှတ်လို့ရမယ်ထင်တယ်...
သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လို့ရှီးယန်က ရှင်းပြလာသည်။
“ဒါက အကောင်းဆုံး စားသောက်ဖွယ်တွေ ရနိုင်တဲ့ မြို့တော်ရဲ့ အကောင်းဆုံးစားသောက်ဆိုင်ပဲ”
ကျွော့ချင်းက လို့ရှီးယန် သူမအား ခေါ်လာသည့် ရည်ရွယ်ချက်ကို ရိပ်မိသွားပြီး ပြန်မေးလိုက်သည်။
“ဒါဆို ဒီနေ့ မင်္ဂလာပွဲအတွက် ဟင်းလျာတွေ စီစဉ်ဖို့ ဒီကို ခေါ်လာတာလား?”
လို့ရှီးယန်က ဘာကိုမှ ဖုံးကွယ်မထားတော့ဘဲ ခပ်ဖျော့ဖျော့ ပြုံးရင်း ပြန်ဖြေလိုက်သည်။
“အင်း... မင်း ဒါတွေကို မြည်းစမ်းကြည့်လို့ရတယ်။ ဘယ်သေရည်နဲ့ ဘယ်ဟင်းလျာတွေကို မင်း ပိုကြိုက်လဲ သိရအောင် အခု စားကြည့်ကြမယ်လေ။ မင်္ဂလာဆောင်တဲ့နေ့မှာ ဧည့်သည်တွေ အများကြီး လာကြလိမ့်မယ်။ အိမ်မှာတင် ချက်ပြုတ်နေရင် အလုပ်တွေ အရမ်းရှုပ်သွားလိမ့်မယ်။ စားသောက်ဆိုင်ကနေ အစားအသောက်တွေ မှာလိုက်တာက ပိုပြီး အဆင်ပြေမယ်လို့ ကိုယ် စဉ်းစားမိလို့ပါ”
ကျွော့ချင်းက သူမ၏မေးစေ့လေးကို လက်ဖြင့် ပွတ်နေရင်း သူမ၏ရှေ့မှ တက်ကြွနေသော လို့ရှီးယန်ကို အထူးအဆန်းပုံစံဖြင့် ကြည့်နေခဲ့သည်။
“ဒီကိစ္စတွေကို အိမ်တော်ထိန်းဖြစ်တဲ့ ကျင်းစ ဆုံးဖြတ်တာက ပိုကောင်းမယ် ထင်တယ်။ ကောင်းချီးမင်္ဂလာပွဲကလည်း မကြာခင် ကျင်းပတော့မှာ မဟုတ်လား? ရှင် အလုပ်တွေ အရမ်းရှုပ်နေတာ မဟုတ်ဘူးလား?”
မနေ့ညက သုံးလေးနာရီပဲ အိပ်ရတာတောင် သူက လုံးဝ ငိုက်မြည်းမနေဘဲ လန်းဆန်းနေပါလား...
စားပွဲပေါ်တွင် လက်ဖက်ရည်ပူပူများ ပြင်ဆင်ပေးထားသောကြောင့် လို့ရှီးယန်က ကြွေပန်းကန်လုံးတစ်လုံးကို ယူလိုက်ပြီး သူမအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးကာ ခွက်ကို သူမလက်ထဲသို့ ညင်ညင်သာသာ ထည့်ပေးလိုက်သည်။ ထို့နောက် သူ့အတွက်လည်း တစ်ခွက်ထပ်ငှဲ့ကာ တစ်ငုံ သောက်လိုက်သည်။
“ကိုယ့်မှာ အလုပ်တွေ အများကြီး မရှိပါဘူး။ အရင်တစ်ခါက မင်းရဲ့ အဝတ်အစားနဲ့ အသုံးအဆောင်ပုံစံတွေကို မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ချင်တယ်လို့ ပြောခဲ့ဖူးတယ်လေ။ အဲ့ဒါကြောင့် မင်္ဂလာပွဲမှာ သုံးမယ့် ပစ္စည်းမှန်သမျှကိုလည်း မင်းစိတ်ကြိုက် ကိုယ်တိုင် ရွေးချယ်ချင်လိမ့်မယ်လို့ ကိုယ် ထင်ခဲ့မိတာ၊ ကိုယ် သေသေချာချာ မစဉ်းစားပေးခဲ့မိဘူး”
“ရှီးယန်...”
ကြွေပန်းကန်လုံးမှတစ်ဆင့် သူ့လက်ဖဝါး၏ နွေးထွေးမှုက သူမနှလုံးသားထဲအထိ ပျံ့နှံ့သွားသလို ကျွော့ချင်း ခံစားလိုက်ရသည်။ ထိုစဉ်က သူမ ပေါ့ပေါ့ပါးပါး ပြောလိုက်သည့် စကားတစ်ခွန်းကို သူက အလေးအနက်ထားပြီး ဟင်းလျာများ မြည်းစမ်းဖို့အထိ ခေါ်လာခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်တွင် ဝတ်စားဆင်ယင်မှုက သူမအတွက် ဒုက္ခဖြစ်စေသောကြောင့် အလွယ်တကူ ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ၏ ဂရုစိုက်မှုကို မြင်ရချိန်တွင် ကျွော့ချင်းတစ်ယောက် ဘာပြောရမှန်း မသိတော့ဘဲ နှုတ်ခမ်းထောင့်ကိုသာ ခပ်ဖွဖွ ကိုက်ထားမိတော့သည်။
"ဒါနဲ့... ဟောင်ယွဲ့မှာရှိတဲ့ မင်းရဲ့ ဆွေမျိုးသားချင်းတွေထဲမှာ မင်းနဲ့ ရင်းနှီးတဲ့သူ တစ်ယောက်ယောက် ရှိသေးလား? သူတို့ကို မင်္ဂလာပွဲဖိတ်ဖို့ ကိုယ် တစ်ယောက်ယောက်ကို စေလွှတ်လိုက်မယ်လေ"
လို့ရှီးယန် ရုတ်တရက် ထိုသို့မေးလာသောကြောင့် ကျွော့ချင်းတစ်ယောက် အခက်တွေ့သွားရပြီး စိတ်ညစ်သွားရပြန်သည်။
ငါက ချင်းလင်မှ မဟုတ်တာ....
"ကျွန်မနဲ့ ခင်မင်ရင်းနှီးတဲ့ ဆွေမျိုးတွေကို ကျွန်မ တကယ် မမှတ်မိတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မမိဘတွေလည်း မရှိတော့ဘူးဆိုတော့ သူတို့ကို ဖိတ်ဖို့ မလိုဘူးထင်တယ်"
ငါက ချင်းမိသားစုရဲ့ တခြားဆွေမျိုးတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ?
လို့ရှီးယန်က လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ညင်သာစွာ ပြန်ချလိုက်ပြီး ကျွော့ချင်းကို စိုက်ကြည့်ကာ ထပ်ပြောလိုက်သည်။
"မင်းက ဒီလူ လို့ရှီးယန်ရဲ့ တရားဝင်ဇနီး ဖြစ်သွားပြီဆိုတာကို မင်းရဲ့ မိသားစုဝင်တွေရှေ့မှာ သက်သေပြချင်လို့ပါ"
ကျွော့ချင်း၏ လက်ကလေးများက အနည်းငယ် တုန်ခါသွားသည်။ သူက သူမအပေါ် စွဲကပ်နေသည့် "လက်ဆောင်ပဏ္ဍာ" ဆိုသည့် ဂုဏ်ပုဒ်ကို အပြီးတိုင် ဖယ်ရှားပေးချင်နေခြင်း ဖြစ်သည်။ သူက သူမအတွက် သူမ၏ မျိုးနွယ်စုဝင်များရှေ့တွင် ခမ်းနားထည်ဝါသော မင်္ဂလာပွဲတစ်ခု ဖန်တီးပေးချင်နေပြီး သူမတို့ ညီအစ်မများ လူတောထဲ၌ ခေါင်းမော့နိုင်အောင် ကူညီပေးချင်နေမှန်း သူမ သိလိုက်ရသည်။ သူမက ချင်းလင် အစစ်အမှန် မဟုတ်သော်လည်း ထိုစကားများက သူမကို ရင်နင့်သွားစေခဲ့သည်။
နောက်ဆုံးတွင် ကျွော့ချင်းက ချင်းလင်ကိုယ်စား ပြန်တွေးပေးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူမက ရေသာခိုရန် ကြိုးစားနေခြင်းကို ရပ်တန့်လိုက်ပြီး အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ... အဲ့ဒါဆို ကျွန်မ ချင်းဖုန့်ကို အရင်မေးကြည့်လိုက်မယ်"
ချင်းမိသားစု၏ ညီအစ်မ သုံးယောက်တွင် ချင်းဖုန့်သာလျှင် ချင်းမိသားစု၏ အခြေအနေကို အသိဆုံး ဖြစ်သည်။ သူမနှင့် ကုယွင်တို့ကတော့ နှစ်ယောက်လုံး တူတူသာဖြစ်သည်။ သူမတို့က တစ်ဖက်ကမ္ဘာက ရောက်လာသူများဖြစ်နေပြီး ဘာကိုမှ မသိကြချေ။
"လို့သခင်ကြီး... ဟင်းပွဲတွေ အဆင်သင့် ဖြစ်ပါပြီ။ ကျွန်တော်တို့ ပြင်ဆင်ပေးလိုက်ရမလားခင်ဗျာ"
တံခါးအပြင်ဘက်မှ ဆိုင်ဝန်ထမ်း၏ အသံခပ်တိုးတိုး ထွက်ပေါ်လာသောကြောင့် လို့ရှီးယန်က ကျွော့ချင်းကို တစ်ချက် ကြည့်လိုက်သည်။ ကျွော့ချင်းက ခေါင်းညိတ်ပြလိုက်သဖြင့် သူ ခွင့်ပြုလိုက်သည်။
"ပြင်ဆင်ခိုင်းလိုက်ပါ"
တံခါးပွင့်လာသည်နှင့် လူများ တဖွဲဖွဲ ဝင်ရောက်လာကြသည်။ ခဏအတွင်းမှာပင် လူနှစ်ဆယ်ခန့် ထိုင်နိုင်သော စားပွဲဝိုင်းကြီးပေါ်သို့ ဟင်းပန်းကန်များနှင့် သေရည် ခုနစ်အိုး၊ ရှစ်အိုးခန့် အစီအရီ ရောက်ရှိလာသည်။
ဆိုင်ဝန်ထမ်းတစ်ဦးက ရှေ့သို့ တိုးလာပြီး တရိုတသေ ပြောပြနေသည်။
"ဝန်ကြီးချုပ်လို့.. ဒါတွေက ကျွန်တော်တို့ လန်ယွဲ့စားသောက်ဆိုင်ရဲ့ အကောင်းဆုံး ဟင်းပွဲတွေပါ။ ဒီသေရည်တွေကလည်း နှစ်ချို့သက်တမ်းရင့် သေရည်အကောင်းစားတွေပါ။ လူကြီးမင်းနဲ့ သခင်မတို့ စိတ်ကြိုက် ဖြည်းဖြည်းချင်း မြည်းစမ်းနိုင်ပါတယ်"
လို့ရှီးယန်က လေသံအေးအေးဖြင့် ပြန်ပြောလိုက်သည်.
"ကောင်းပြီ၊ ကျေးဇူးတင်ပါတယ်၊ မင်းတို့ အားလုံး ပြန်ထွက်သွားလို့ ရပြီ"
"ဟုတ်ကဲ့ပါ"
ထိုလူက ကမန်းကတန်း နောက်ပြန်ဆုတ်ကာ ပြန်ထွက်ခွာသွားခဲ့သည်။
စားပွဲပေါ်တွင် ပြည့်လျှံနေသော ဟင်းလျာများကို ကြည့်ရင်း ကျွော့ချင်းတစ်ယောက် မရယ်ဘဲ မနေနိုင်တော့ချေ။
"ဒီလောက်အထိ ချဲ့ကားဖို့ လိုလို့လား? ရှင် လူတစ်ယောက်ကို အစားတွေ အများကြီး ကျွေးပြီး သတ်ပစ်ချင်နေတာလား?"
ဟင်းပွဲများကို တစ်ခုပြီးမှ တစ်ခု လာမချပေးဘဲ တစ်ပြိုင်နက်တည်း လာပြင်ဆင်ပေးရခြင်း၏ အကြောင်းရင်းကိုလည်း သူမ နားလည်သွားရသည်။
အဲ့ဒီလိုသာ တစ်ခုချင်း လာချနေရင် ညမှောင်တဲ့အထိတောင် ဟင်းတွေ ကုန်မှာ မဟုတ်ဘူးပဲ..
လို့ရှီးယန်ကလည်း စားပွဲပေါ်ရှိ ဟင်းပွဲများကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သော်လည်း သူလည်း ထိုအခြေအနေကြောင့် အနည်းငယ် ကူကယ်ရာမဲ့ဖြစ်နေပုံ ရသည်။ သူကိုယ်တိုင်လည်း ဟင်းပွဲမျ ဤမျှအထိ များပြားနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက စားပွဲပေါ်မှ ဝါးတုတ်ချောင်းအချို့ကို ယူကာ ကျွော့ချင်းထံသို့ လှမ်းပေးလိုက်ရင်း ပြုံးလျက် ထပ်ပြောလာပြန်သည်။
"အင်း... အဲ့ဒါဆိုရင်လည်း မင်းကြိုက်တာတွေကိုပဲ ရွေးပြီး အရသာ မြည်းစမ်းကြည့်လိုက်ပေါ့။ အရသာ ကောင်းတယ်လို့ ထင်ရင်တော့ အဲ့ပန်းကန်ဘေးမှာ ဝါးတုတ်တစ်ချောင်းစီ ကပ်တင်ထားလိုက်လေ"
"ကောင်းပြီလေ"
ဒီလိုဖြစ်လာမှတော့လည်း ဒီအတိုင်းပဲ လုပ်ရတော့မှာပေါ့။
ကျွော့ချင်း စားပွဲဝိုင်းကို တစ်ချက် ပြန်ကြည့်လိုက်ချိန်တွင် ဟင်းပွဲများက ဘာတွေမှန်းပင် မခွဲခြားနိုင်လောက်အောင် များပြားလွန်းနေသည်။ သူမက မိမိနှင့် အနီးဆုံးနေရာမှ စတင်ရန် ဆုံးဖြတ်လိုက်ပြီး အနီးနားရှိ ပန်းကန်ထဲမှ ဟင်းအချို့ကို မြည်းစမ်းကြည့်လိုက်သည်။ လို့ရှီးယန်က သေရည်အိုးကို မကာ သေရည်တစ်ခွက် ငှဲ့လိုက်ပြီး သူမ၏ နှုတ်ခမ်းနားသို့ ကပ်ပေးလာသည်။ သို့သော် ကျွော့ချင်းက ခေါင်းခါပြလိုက်သည်။
"ကျွန်မ သေရည်တော့ မရွေးတော့ဘူး။ ကျွန်မရဲ့ ခံနိုင်ရည်က သိပ်မကောင်းဘူး။ ရှင့်ဘာသာရှင်ပဲ ရွေးလိုက်တော့နော်"
သူမက မူလကတည်းက အရက် ကောင်းကောင်းသောက်နိုင်သူ မဟုတ်သလို၊ မှုခင်းဆရာဝန် ဖြစ်လာပြီးနောက်တွင်လည်း သူမ၏ အာရုံခံစားမှုများ ထက်မြက်နေစေရန် ယမကာများကို လုံးဝ မတို့ထိခဲ့ပေ။ သူမကို သေရည် မြည်းခိုင်းလျှင် ဘာမှသိမှာ မဟုတ်သဖြင့် လက်လျှော့လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
"ကောင်းပြီလေ"
လို့ရှီးယန်က သူမကို ထပ်မတိုက်တော့ဘဲ သူ့အတွက်သူ ငှဲ့သောက်ရင်း ကျွော့ချင်းကို အဖော်ပြုပေးနေခဲ့သည်။
အပြင်ဘက်ဆုံး ဟင်းလျာများမှ စားပွဲဝိုင်း အတွင်းဘက်အထိ တစ်ခုပြီးတစ်ခု မြည်းစမ်းပြီးသော်လည်း ကျွော့ချင်းက သူမလက်ထဲမှ ဝါးတုတ်ချောင်း တစ်ချောင်းကိုမျှ မထုတ်ရသေးဘဲ စားပွဲပေါ်မှ ဟင်းပွဲများကိုသာ စိုက်ကြည့်နေမိသည်။ ကျွော့ချင်း မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ လို့ရှီးယန်က သူမ၏ ပခုံးကို ညင်သာစွာ ဆုပ်ကိုင်ရင်း မေးလာပြန်သည်။
"ဘာဖြစ်လို့လဲ? အရသာ မရှိလို့လား? တခြား စားသောက်ဆိုင်က စားစရာတွေကို မြည်းကြည့်ချင်သေးလား"
ကျွော့ချင်းက ခေါင်းခါယမ်းလိုက်ရင်း ခပ်မြန်မြန် ငြင်းဆန်လိုက်သည်။
"အဲ့လို မဟုတ်ပါဘူး... ကျွန်မ ဟင်းအမျိုးသုံးဆယ်ကျော်လောက် စားပြီးတာတောင် ရွေးရ တကယ် ခက်နေလို့ပါ။ ဗိုက်ကလည်း ပြည့်နေပြီဆိုတော့ ရှေ့ဆက် မမြည်းနိုင်တော့ဘူး"
သူမ ဟင်းအားလုံးကို မမြည်းနိုင်တော့သဖြင့် လို့ရှီးယန်ကို အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်ကာ ချွဲနွဲ့သည့် အပြုံးလေးဖြင့် ထပ်ပြောလိုက်သည်။
"ဒါမှမဟုတ်... ရှင်ပဲ ကျွန်မကို ကူညီပြီး ရွေးပေးပါလား"
လို့ရှီးယန်က သူ့လက်ထဲမှ သေရည်ခွက်ကို ချလိုက်ပြီး အပြုံးမပျက် သူမလက်ထဲမှ တူနှင့် ဝါးတုတ်ချောင်းများကို လှမ်းယူလိုက်သည်။ ကျွော့ချင်း စိတ်သက်သာရာ ရသွားသော်လည်း သူက အသားတစ်ပိုင်းကို တူဖြင့် ညှပ်ယူလိုက်ပြီး သူမ၏ ပါးစပ်နားသို့ ကပ်ပေးလာပြန်သည်။ ကျွော့ချင်းတစ်ယောက် အံ့သြသွားရသော်လည်း ဟင်းက သူမပါးစပ်နားသို့ ရောက်နေပြီဖြစ်၍ မထူးဇာတ်ခင်းကာ စားလိုက်ရပြန်သည်။
သူမက ပါးစပ်ကလေး ဖွင့်လိုက်၊ ပိတ်လိုက်နှင့် အနည်းငယ် ဝါးပြီးသွားချိန်တွင် လို့ရှီးယန်က မေးလာခဲ့သည်။
"ဘယ်လိုနေလဲ?"
ကျွော့ချင်း ခေါင်းညိတ်ပြလိုက်သည်။
"အင်း... အရသာရှိသားပဲ"
နောက်ထပ် ကြာမြစ်တစ်ပိုင်းက သူမ၏ နှုတ်ခမ်းနားသို့ ထပ်မံ ရောက်ရှိလာပြန်သည်။
သူမ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း လို့ရှီးယန်၏ နူးညံ့ညင်သာလှသော ခွံကျွေးမှုကို ငြင်းဆန်ရန် ခက်ခဲနေသဖြင့် ပါးစပ်ကလေး ဖွင့်ကာ တစ်ကိုက်တည်းနှင့် အကုန် မျိုချလိုက်မိပြန်သည်။
"ဒါကရော... ဘယ်လိုနေလဲ?"
လတ်ဆတ်ကြွပ်ရွပြီး အရသာရှိလိုက်တာ...
ကျွော့ချင်းက စားစရာများဖြင့် ပါးစပ်အပြည့်ဖြစ်နေပြီး စကားမပြောနိုင်သော်လည်း ရှင်းလင်းပြတ်သားစွာပင် ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်မိသည်။
"အင်း... အင်း!"
“ဒီတစ်ခုရော?”
သူမ ပါးစပ်ထဲမှ အစားအစာများကို ဝါးပြီးသွားသည်နှင့် ပဲပုပ်နံ့ မွှေးမွှေးလေးပါသည့် ဟင်းတစ်ပွဲက သူမ ရှေ့သို့ ချက်ချင်း ရောက်လာပြန်သည်။
"ကောင်းတယ်..."
"ဒီတစ်ခုကော?"
ဤတစ်ကြိမ်တွင်တော့ ငါးအသားလွှာက နူးညံ့အိစက်ပြီး အရသာရှိလှသည်။
"မဆိုးဘူး..."
"ဒါလေးရော?"
"ဒါလည်း အဆင်ပြေတယ်"
ကွေ့ဟွားမုန့်၏ ရနံ့က သူမ၏ ခံတွင်းထဲတွင် ချိုမြိန်ပြီး ချောမွေ့နေစေသည်။
"မဆိုးဘူး..."
"ဒီတစ်ခု?”
"ဒါလည်း မဆိုးဘူး..."
" ဒီတစ်ခု?”
"ဒါလည်း... မဆိုးပါဘူး..."
သူမ၏ နှုတ်ခမ်းဆီသို့ ကြာစေ့ဟင်းရည် တစ်ဇွန်း ထပ်မံရောက်ရှိလာချိန်တွင်တော့ သူမ လုံးဝ ထပ်မစားနိုင်တော့ချေ။ ကျွော့ချင်းက ဇွန်းကို ရှောင်လိုက်ပြီး ဝမ်းနည်းအားငယ်ဟန်ဖြင့် ညည်းတွားလိုက်သည်။
"ရှင့်ကို ရွေးပေးပါလို့ ကျွန်မ ပြောခဲ့တာ မဟုတ်ဘူးလား? ရှင်က ဘာလို့ တစ်ခုမှ မစားဘဲ ကျွန်မကိုပဲ ခွံနေရတာတုန်း"
လို့ရှီးယန်က အပြစ်ကင်းစင်သည့် ပုံစံမျိုးဖြင့် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ရင်း ပြန်ပြောလာခဲ့သည်။
“ကိုယ် ရွေးပေးနေတာပဲလေ”
သူ့လက်ထဲတွင် ကိုင်ထားသော ဝါးတုတ်ချောင်း အများစုက အသုံးပြုပြီးသား ဖြစ်နေချေပြီ။ စားပွဲဝိုင်းပေါ်မှ ဟင်းလျာများကို ပြန်ကြည့်လိုက်ချိန်တွင်လည်း ပန်းကန်ပြား တစ်ဒါဇင်ကျော်တွင် ဝါးတုတ်ချောင်းလေးများ တင်ထားသည်ကို သူမ တွေ့လိုက်ရသည်။
အော်... သူ ရွေးတယ်ဆိုတာက ငါ စားပြီးတဲ့နောက် ပြောလိုက်တဲ့ စကားတွေအပေါ် အခြေခံပြီး ရွေးနေတာကိုး။ သူကတော့ လှည့်စားတတ်လွန်းတယ်!
နောက်တစ်ကြိမ် ထပ်မစားနိုင်တော့သဖြင့် ကျွော့ချင်းက ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်သည်။
"ကျွန်မ တကယ်... တကယ်ကို မစားနိုင်တော့ဘူး"
ဒီလို ဟင်းမြည်းရတဲ့ အလုပ်ကလည်း လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးပဲ..
"ဒါဆိုရင်လည်း ထပ်စားဖို့ မလိုတော့ဘူး။ ဒီဟင်းတွေက မင်းကြိုက်တဲ့ အဓိကဟင်းပွဲတွေပေါ့၊ ဆိုင်ရှင်က ကျန်တာတွေကို အလိုက်သင့် ရွေးပြီး ထပ်ပို့ပေးလိမ့်မယ်"
လို့ရှီးယန်က သူမကို ဆက်မစားခိုင်းတော့ဘဲ သူမလက်ထဲမှ တူများကို လှမ်းယူကာ ခုံတန်းလျားတွင် ပြန်ထိုင်ခိုင်းလိုက်သည်။ ထိုအခါမှသာ ကျွော့ချင်းတစ်ယောက် သက်ပြင်းအရှည်ကြီး တစ်ချက် ချနိုင်တော့သည်။
"တစ်ယောက်ယောက် ဝင်လာခဲ့ဦး"
လို့ရှီးယန်၏ အမိန့်ပေးသံအဆုံးတွင် အခန်းတံခါး ပြန်ပွင့်လာသည်။
တံခါးအပြင်ဘက်မှ စားပွဲထိုးက ရိုသေစွာ ပြန်ထူးလိုက်သည်။
"ဟုတ်ကဲ့ပါ... ဝန်ကြီးချုပ် အမိန့်ရှိပါခင်ဗျာ"
“လက်ဖက်ရည် လဲပေးဦး”
စားပွဲပေါ်မှ လက်ဖက်ရည်က အေးစက်နေပြီ ဖြစ်သည်။
"ဟုတ်ကဲ့!"
ခဏအကြာတွင် အမွှေးနံ့သင်းပျံ့သော လက်ဖက်ရည်အိုး အသစ်တစ်အိုး ရောက်ရှိလာသည်။ လို့ရှီးယန်က ကျွော့ချင်းအတွက် နောက်ထပ် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ရင်း တိုးတိုးလေး ပြောလာပြန်သည်။
"လက်ဖက်ရည်သောက်ရင်း ခဏလောက် အနားယူလိုက်ဦးနော်၊ ပြီးရင် ကျောက်စိမ်းတွေ ထပ်ရွေးကြတာပေါ့"
ခွက်ကို ကိုင်ထားသည့် ကျွော့ချင်း၏ လက်ကလေးများ သိသိသာသာ တုန်ယင်သွားသည်။
ကျောက်စိမ်းတွေ ထပ်ရွေးရဦးမှာလား?! နောက်ထပ်ရော ဘာတွေ ထပ်ရွေးခိုင်းဦးမှာလဲ?? ဟင့်အင်း... မဟုတ်ဘူး! ဒီလိုသာ ဆက်ရွေးနေရရင် ငါ ပြိုလဲကျပြီး အသက်ထွက်သွားလိမ့်မယ်!
ကျွော့ချင်းက ပေါ့ပေါ့ပါးပါး ချောင်းတစ်ချက် ဟန့်လိုက်ပြီး အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
"ရှီးယန်... ရှင် အလုပ်တွေ အရမ်းများနေတာလေ။ မင်္ဂလာဆောင်အတွက် အသေးအဖွဲကိစ္စတွေအထိ ရှင်ကိုယ်တိုင် လုပ်စရာ မလိုဘူးလို့ ကျွန်မ ထင်တယ်။ ရှင့်ကိုယ်စား ပြင်ဆင်ပေးဖို့ ကျင်းစကို လွှဲထားရင်လည်း ကျွန်မ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး"
"ရွေးရတာ အရမ်းခက်နေလို့လား?"
လို့ရှီးယန်က သူမကို ကြည့်ကာ ပြန်မေးလိုက်သည်။
ကျွော့ချင်းက သက်ပြင်းတစ်ချက်ချပြီး အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။
"အဲ့လိုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးစရာတွေ အရမ်းများလွန်းလို့ ကျွန်မ ဇဝေဇဝါ ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ တစ်ခေါက်က ဝတ်စုံကို ကိုယ်တိုင် ရွေးချယ်ချင်တယ်လို့ ပြောခဲ့တာက... ဝတ်စုံက အရမ်းကြီး ခမ်းနားထည်ဝါလွန်းပြီး ဝတ်ရတာ ပင်ပန်းမှာ စိုးလို့ပါ။ တခြား အရာအားလုံးကတော့ ကျွန်မမှာ ထူးထူးခြားခြား ရွေးချယ်ချင်တာ မရှိပါဘူး။ ရှင် အဆင်ပြေသလိုပဲ လုပ်လိုက်ပါနော်"
သူမ၏ ပေါ့ပေါ့ပါးပါး စကားများကြောင့် လို့ရှီးယန်၏ မျက်ခုံးများက အနည်းငယ် ရှုံ့တွသွားသည်။ ထိုအခါ ကျွော့ချင်းက အမြန် ထပ်ဖြည့်ပြောလိုက်သည်။
"ကျွန်မ ကျွန်မ ပြောချင်တာက... ရှင် ရွေးပေးသမျှ အရာအားလုံးကို ကျွန်မ သဘောကျပါတယ်လို့ ပြောချင်တာပါ"
ထိုအခိုက်အတန့်တွင် အပြင်ဘက်မှ စားပွဲထိုး၏ အသံ ထွက်ပေါ်လာပြန်သည်။
"လို့လူကြီးမင်း... နဥ်စွေ့ကဲကျောက်စိမ်းဆိုင်က သူဌေး ရောက်လာပါပြီ"
သူက အကုန်စီစဉ်ထားပြီးသားပေါ့... အိုကေလေ၊ အဲ့ဒါဆိုလည်း ထပ်ရွေးကြတာပေါ့...
ကျွော့ချင်းက လို့ရှီးယန် ဘာမှပြန်မပြောခင်မှာပင် ခပ်ကျယ်ကျယ် အသံဖြင့် ဝင်ခွင့်ပြုလိုက်သည်။
"ဝင်လာခဲ့ပါ"
“ဝန်ကြီးချုပ်နဲ့ သခင်မကို အရိုအသေပေးပါတယ်”
အရပ်ရှည်ရှည် ပိန်ပါးပါး လူလတ်ပိုင်း အမျိုးသားတစ်ဦးက ရိုသေစွာ ဝင်လာသည်။ သူ့နောက်တွင် လူငယ်နှစ်ဦးက သစ်သားသေတ္တာကြီး နှစ်လုံးကို ထမ်းရင်း လိုက်ပါလာသည်။ သူတို့က သေတ္တာများကို စားပွဲပုလေးပေါ်သို့ တင်ကာ ဖွင့်ပြလိုက်ကြသည်။ တောက်ပလှသော ပုလဲလုံးများနှင့် ကျောက်စိမ်းများက အခန်းအတွင်း ဝင်းခနဲ ဖြစ်သွားသောကြောင့် အရောင်အသွေးကို ကြည့်ရုံဖြင့် ရှားပါးရတနာများ ဖြစ်ကြောင်း သေချာပေါက် သိနိုင်သည်။
လို့ရှီးယန်က သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ဆိုင်ရှင်က ချက်ချင်း ရှင်းပြလာသည်။
"ဒါတွေက ကျွန်တော်တို့ နဥ်စွေ့ကဲရဲ့ အကောင်းဆုံး ရတနာတွေပါ။ သခင်မ စိတ်ကြိုက် ရွေးချယ်ဖို့ အချိန်အများကြီး ယူနိုင်ပါတယ်"
ထို့နောက် သုံးယောက်သား နောက်ဆုတ်ကာ ပြန်ထွက်သွားကြသည်။ ကျွော့ချင်းက ကျောက်စိမ်းတစ်ပိုင်းကို ကောက်ကိုင်ကာ ဆော့ကစားကြည့်ပြီးမျ ပြန်ချထားလိုက်သည်။ သူမက နဂိုကတည်းက လက်ဝတ်ရတနာ ဝတ်ဆင်ရသည်ကို ဝါသနာမပါသူဖြစ်ပြီး အထူးသဖြင့် လက်တွင် ဝတ်ရသော အရာများကို ပို၍ပင် မကြိုက်ပေ။ ထို့ကြောင့် ဤရှားပါး ကျောက်စိမ်းများကို တန်ဖိုးထားရကောင်းမှန်း သူမ မသိခဲ့ချေ။ ရတနာများ ပြည့်နေသော သေတ္တာကြီး နှစ်လုံးကို တစ်ချက် ကြည့်လိုက်သော်လည်း သူမ အထူးတလည် နှစ်သက်သည့် အရာဟူ၍ တစ်ခုမျှ မရှိခဲ့ပေ။
သူမက အလှအပအတွက်မဟုတ်ဘဲ အလုပ်သဘောအရသာ ပစ္စည်းတစ်ခုနှစ်ခုကို ရွေးနေရင်း သေတ္တာ၏ထောင့်စွန်းမှ သေးငယ်သော ဘူးသီးပုံစံ ကျောက်စိမ်းဖြူအကြီးအသေးတစ်စုံကို အမှတ်မထင် တွေ့သွားခဲ့သည်။
ကျောက်စိမ်းသားက ကြည်လင်ချောမွေ့ပြီး ရွှမ်းစိုနေသည်။ သူမလက်ထဲမှ အသေးလုံးလေးက သာမန်မြေပဲထက် အနည်းငယ်သေးပြီး၊ အကြီးကတော့ လက်မခန့်ရှိသည်။ သေးငယ်သော်လည်း လက်ရာမြောက်လှသည့်အပြင် ပုံစံလေးက ချစ်စရာကောင်းနေသဖြင့် ကျွော့ချင်း သဘောကျသွားသည်။
"ဒါကို ကြိုက်လို့လား?"
လို့ရှီးယန်က သူမ၏ အမူအရာကို အမြဲစောင့်ကြည့်နေခဲ့သည်။ သာမန်အမျိုးသမီးများက တောက်ပခမ်းနားသည့် လက်ဝတ်ရတနာများကို နှစ်သက်ကြသော်လည်း သူမကတော့ ဤအရာလေးကို မြင်မှသာ စိတ်ဝင်တစားရှိလာခဲ့သည်။
ကျွော့ချင်းက ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။
"အင်း... အရမ်းချစ်စရာကောင်းတယ်"
ဤဘူးသီးသေးသေးလေးတစ်စုံက အရည်အသွေးအားဖြင့် အလယ်အလတ်သာရှိပြီး ထွင်းထုပုံကလည်း ရိုးရှင်းလှသည်။ တစ်ခုတည်းသော အားသာချက်မှာ ၎င်းတို့က ချစ်ဖို့ကောင်းနေခြင်းပင်။ ထိုကြောင့် သူမ ၎င်းတို့ကို နှစ်သက်ခြင်းလည်း ဖြစ်နိုင်သည်။ လို့ရှီးယန်က သစ်သားသေတ္တာဘေးမှ နက်ပြာရောင်ကြိုးတစ်ချောင်းကို ယူကာ ဘူးသီးအလယ်တွင် ထုံးဖွဲ့ပြီး သူမ၏လည်ပင်း၌ ညင်ညင်သာသာ ဆွဲပေးလိုက်သည်။ အေးမြသော ကျောက်စိမ်း၏အထိအတွေ့က သူမ၏ရင်ဘတ်ပေါ်သို့ ကျရောက်လာပြီး ကျွော့ချင်းကို အလွန်သက်တောင့်သက်သာရှိသွားစေသည်။ သူမက ကျန်နေသည့် ကျောက်စိမ်းဘူးသီး အကြီးလုံးလေးကို ကောက်ကိုင်လိုက်သောကြောင့် လို့ရှီးယန်က မျက်ခုံးပင့်လျက် မေးလာပြန်သည်။
"ဒါက... ကိုယ့်အတွက် မဟုတ်ဘူးလား?"
ကျွော့ချင်း၏လက်များက ရပ်တန့်သွားသည်။ သူမက သူမရှေ့မှ ဝမ်းနည်းချင်ယောင်ဆောင်နေသော လို့ရှီးယန်ကို ကြည့်ကာ စနောက်ချင်လာသဖြင့် အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
“လို့လူကြီးမင်းက လက်ဝတ်ရတနာတွေကို ဝတ်ဖို့ စိတ်မ၀င်စားဘူးလို့ ကျွန်မ ထင်ခဲ့မိတာ"
ဤခေတ်တွင် အမျိုးသားများ လက်ဝတ်ရတနာ ဝတ်ဆင်ခြင်းက အထူးအဆန်းမဟုတ်သော်လည်း လို့ရှီးယန်ကမူ ကျောက်စိမ်းပြားများကိုပင် မကြာခဏ တပ်ဆင်လေ့မရှိပေ။
သူမရွေးချယ်တဲ့ အရာက အရမ်းတန်ဖိုးရှိတဲ့ ပစ္စည်း မဟုတ်မှန်း သူမ သိနေခဲ့ပေမယ့် သူမက သူ့ကိုပေးမယ်ဆိုတာကို သူဘယ်လိုသိနေတာလဲ!
လို့ရှီးယန်က လက်ဖဝါးဖြန့်ပြနေသဖြင့် ကျွော့ချင်းလည်း ထိုကျောက်စိမ်းလုံးလေးကို သူ့လက်ထဲသို့ ထည့်ပေးလိုက်ရသည်။ သူက ကြိုးတစ်ချောင်းဖြင့် ကျောက်စိမ်းဘူးသီးကို သေသပ်စွာ ချည်နှောင်ပြီးနောက် သူ၏လည်ပင်းတွင် အလျင်အမြန် ဝတ်ဆင်လိုက်သည်။ သို့သော် သူက ရွေးချယ်စရာမရှိသဖြင့် အလျှော့ပေးရသည့်ဟန်ဖြင့် သက်ပြင်းချကာ တိုးတိုးလေး ပြောလာပြန်သည်။
"ဒါတွေက တစ်စုံဖြစ်နေမှတော့... ဝတ်ဖို့ကလွဲရင် ကိုယ် ဘာမှမတတ်နိုင်တော့ဘူးပေါ့"
ရိုးရိုးသားသားပြောရလျှင် သူ၏ ပြေပြစ်သန့်စင်လှသော အသွင်အပြင်နှင့် ဤကျောက်စိမ်းဘူးသီးလေးက လုံးဝလိုက်ဖက်မှုမရှိပေ။ ကျွော့ချင်းက အရှက်မရှိသလို ပြုံးလိုက်ပြီး သူ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်ရာ လို့ရှီးယန်လည်း ရယ်မောရင်း သူမကို ပွေ့ဖက်ထားရုံသာ တတ်နိုင်တော့သည်။ သူက ကူကယ်ရာမဲ့ဟန်ဖြင့် မေးနေသေးသည်။
"ကိုယ်က အဲ့လောက်တောင် ရယ်စရာကောင်းနေတာလား"
ကျွော့ချင်းက အားရပါးရ ရယ်မောနေပြီးမှ ထိုဘူးသီးလေးကို သူ့ဝတ်ရုံအောက်သို့ ထိုးထည့်ပေးလိုက်သည်။
သူ့ရဲ့ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် ဒါကို သူ့လည်ပင်းမှာ မမြင်ရရင် ပိုကောင်းလိမ့်မယ်။ ငါတစ်ယောက်ပဲ မြင်ရင် ရပြီ။
နှစ်ယောက်သား ပြတင်းပေါက်ဘေးတွင် ထိုင်ကာ ရယ်မောနေကြရင်း ကျွော့ချင်းက အမှတ်မထင် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုစဉ် သူမ မထင်မှတ်ထားသော အေးစက်စက် အဖြူရောင်အရိပ်တစ်ခုကို တွေ့လိုက်ရသဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
"စုမူဖုန်း"