အခန်း (၉၁-၉၂)
Vol. 9 Ch. 91-92
အခန်း ၉၁ မထင်မှတ်ထားသော ရှာဖွေတွေ့ရှိမှု
"စုမူဖုန်း?"
မွန်းတည့်ချိန်ဖြစ်၍ အောက်ဘက်ရှိ လမ်းမပေါ်တွင် လူများတိုးဝှေ့ စည်ကားနေသော်လည်း လူအုပ်ကြားထဲတွင် ထိုလူက အထင်ရှားဆုံး ဖြစ်နေခဲ့သည်။ သူက အဖြူရောင် ဝတ်စုံကို ဆင်မြန်းထားသောကြောင့် ရှုပ်ထွေးလှသော မြို့လယ်ကောင်တွင် လူတို့၏ အာရုံကို ဖမ်းစားနိုင်သော ဆွဲဆောင်မှုတစ်ခု ဖြစ်နေဟန်တူသည်။ သူ ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်နှင့်အမျှ ဘေးဝန်းကျင်မှ ဆူညံသံများကလည်း ပိုမိုကျယ်လောင်လာသည်။ လူအများက သူ့ကို အထူးတဆန်း လေးလေးနက်နက် ကြည့်နေကြသော်လည်း သူ၏ တစ်သီးတခြားဆန်လွန်းသော စိတ်နေစိတ်ထားက တပါးသူကို မသိစိတ်မှ ကြောက်ရွံ့စေပြီး အနားမကပ်ရဲအောင် တားဆီးထားသည်။ လမ်းပေါ်မှ လူအများ၏ ရှုပ်ယှက်ခတ်နေသော လှုပ်ရှားမှုများအားလုံးက သူနှင့် လားလားမျှ မသက်ဆိုင်ဘဲ ဝေးကွာနေပုံရသည်။
လို့ရှီးယန်ကလည်း ကျွော့ချင်း ကြည့်နေသည့် ဦးတည်ရာအတိုင်း လိုက်ကြည့်လိုက်ပြီး စုမူဖုန်း၏ အရပ်ရှည်ရှည် ခန့်ညားသော ပုံရိပ်ကို အလွယ်တကူ ရှာတွေ့သွားခဲ့သည်။
"ရှင် သူနဲ့ ရင်းနှီးလား?"
ကျွော့ချင်းက လမ်းပေါ်မှ စုမူဖုန်းကို စိုက်ကြည့်နေရင်း တိုးတိုးလေး မေးလိုက်သည်။
လို့ရှီးယန်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး လမ်းမပေါ်ရှိ လူအုပ်ထဲတွင် အေးအေးလူလူ လမ်းလျှောက်နေသည့် ထိုလူကို ငုံ့ကြည့်ရင်း ပြန်ဖြေလိုက်သည်။
"ကိုယ်နဲ့ စုမိသားစု ခေါင်းဆောင် သခင်ကြီးစုက အသိအကျွမ်းဟောင်းတွေပါ၊ ကိုယ် ငယ်ငယ်တုန်းက သခင်ကြီးစုက ကိုယ့်ကို ဗျပ်စောင်းတီး သင်ပေးခဲ့ဖူးတယ်။ စုမူဖုန်းကတော့ စုမိသားစုက ကလေးတွေထဲမှာ ပါရမီအကောင်းဆုံးပဲ။ သူရဲ့ ဂီတပညာက အဆင့်မြင့်လွန်းတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်က အခမ်းအနားတစ်ခုမှာ 'ဖီးနစ်ရဲ့ အိမ်အပြန်' သီချင်းကို တီးခတ်သီဆိုခဲ့ပြီး တိုင်းပြည်တလွှားမှာတင်မကဘဲ တခြားနိုင်ငံတွေအထိပါ ကျော်ကြားသွားခဲ့တာလေ။ သူ့ဂုဏ်သတင်းကြောင့် သူ့ဆီမှာ တပည့်ခံချင်သူတွေ အများကြီး ရောက်လာကြပေမယ့် သူက ဘယ်သူ့ကိုမှ အလုပ်သင်အဖြစ် လက်မခံခဲ့ဘူး။ များသောအားဖြင့် သူက လမ်းညွှန်မှုလေးတွေပဲ ပေးလေ့ရှိပြီး သင်ခန်းစာ ဆယ်ခုထက် ပိုမသင်ပေးဘူး။ ပြီးတော့ လူတစ်ယောက်ကို တစ်ကြိမ်ထက်ပိုပြီး လမ်းညွှန်ချက် မပေးပြန်ဘူး။ သူရဲ့ အဲ့ဒီလို စရိုက်က ထူးဆန်းနေပေမယ့် သူ့ရဲ့ ကျွမ်းကျင်မှုကြောင့် သူ့ကို ဖိတ်ခေါ်ချင်တဲ့ နာမည်ကြီး မိသားစုတွေကတော့ မရေမတွက်နိုင်အောင် ရှိနေတုန်းပဲ။ ဒီတစ်ခါ ရှီးဝူကို သင်ပေးဖို့ သူ့ကို ဖိတ်နိုင်အောင် ကိုယ် တော်တော်လေး ကြိုးစားခဲ့ရတယ်"
“ဒါဆို သူက လူတော်တော်များများကို သင်ပေးဖူးတာပေါ့”
ရှီးဝူကို သင်ခန်းစာ လေးခုပဲ သင်ပေးပြီး ထွက်သွားတာ အံ့သြစရာ မရှိတော့ပါဘူး။ အရည်အချင်းရှိတဲ့သူတွေက ထူးဆန်းတတ်တယ် ဆိုပေမဲ့ သူကတော့ အဲ့ဒီလူတွေထဲမှာတောင် ပိုပြီး ထူးခြားနေပုံပဲ...
"မြို့တော်မှာရှိတဲ့ အထင်ကရ မိသားစုတွေ၊ အနွယ်တော်တွေ အားလုံးနီးပါးက သူ့ကို ဖိတ်ခေါ်ဖူးကြတယ်။ အရာရှိကြီးတွေရဲ့ သားသမီး တစ်ဝက်လောက်က သူ့တပည့်တွေလို့တောင် ယူဆလို့ရတယ်"
ကျွော့ချင်း၏ စိတ်ဝင်တစား ရှိလှသော အကြည့်ကို မြင်လိုက်ရသဖြင့် လို့ရှီးယန်က ခပ်ဖျော့ဖျော့ အပြုံးဖြင့် မေးလာခဲ့သည်။
"ဘာလို့ သူ့ကို အဲ့လောက်တောင် စိတ်ဝင်စားနေတာလဲ"
ကျွော့ချင်းက သူမ၏ ပါးပြင်ကို အသာအယာ ပွတ်သပ်ရင်း လို့ရှီးယန်ကို အေးအေးဆေးဆေး ပြန်ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
"သူက အရမ်းထူးဆန်းပြီး ဆွဲဆောင်မှု ရှိတယ်လို့ ခံစားရလို့ပါ”
သူ့ရဲ့ တည်ငြိမ်ပြီး သီးသန့်ဆန်တဲ့ စရိုက်က လူတွေကို အေးချမ်းစေသလိုရှိပေမယ့် သူ့မှာ ဘာကိုမှ ဂရုမစိုက်တတ်တဲ့ မောက်မာမှုမျိုးလည်း ရှိနေပြန်တယ်။ သူက လူတွေကို အဖိနှိပ်ခံရသလို ခံစားချက်မျိုး ပေးနိုင်ပြီး သာမန်လူတွေနဲ့ ကွာခြားလွန်းနေလို့ ဖြစ်နေပြန်တယ်။ အဲ့ဒါကြောင့် ဘယ်လို ခံစားချက်မျိုးပေးနိုင်တယ်ဆိုတာကို အတိအကျ မပြောပြနိုင်ဘူး။
လို့ရှီးယန်က ခပ်နွမ်းနွမ်းလေး ပြုံးနေလေသည်။
စုမူဖုန်းက တကယ့်ကို ထူးဆန်းပြီး ထူးချွန်တဲ့လူတစ်ယောက် ဖြစ်တာ မှန်ပေမယ့် တခြားယောက်ျားက ဘယ်လောက်ဆွဲဆောင်မှုရှိတယ်ဆိုတာကို သူမ သူ့ကို ပွင့်ပွင့်လင်းလင်း ပြောနေစရာ မလိုဘူးလေ။
ထိုစဉ် နွေနေ့လည်ခင်း၏ ပူပြင်းအေးစက်သော လေထုအတွင်းသို့ ထိတ်လန့်တကြား အော်ဟစ်သံများ၊ မြင်းခွာသံများနှင့် ရုန်းရင်းဆန်ခတ် အသံများ ရုတ်တရက် တိုးဝင်လာခဲ့သည်။
"မြင်းလန့်နေတယ်! ဖယ်ပေးကြပါ... လမ်းဖယ်ပေးကြပါဦး...!!"
ရထားလုံးသံက ဝေးရာမှ နီးလာပြီး မြင်းနှစ်ကောင်ဆွဲလာသည့် ရထားလုံးတစ်စီးက မြို့လယ်လမ်းမပေါ်သို့ ကြမ်းတမ်းစွာ ပြေးဝင်လာသည်။ လမ်းဘေးရှိ ဈေးသည်များကို တိုက်မိနေသဖြင့် လမ်းသွားလမ်းလာများလည်း အသက်လုကာ ဘေးသို့ ပြေးလွှားရှောင်တိမ်းနေကြရသည်။ အချို့က ရထားလုံးကို အချိန်မီ ရှောင်နိုင်သော်လည်း လမ်းဘေးရှိ ပစ္စည်းများနှင့် တိုက်မိကာ ဒဏ်ရာရကုန်ကြသည်။
"ဘေးကို ဖယ်ကြ!"
ထိတ်လန့်တကြား အော်ဟစ်သံများ၊ ပျာယာခတ်နေသော အသံများနှင့်အတူ ရထားလုံးက အရှိန်အဟုန်ဖြင့် ဆက်လက် ပြေးဝင်နေခဲ့သည်။ လန်ယွဲ့အဆောင်၏ ဆန့်ကျင်ဘက်တွင် လက်ဝတ်ရတနာဆိုင်လေးများ ရှိနေပြီး ထိုနေရာတွင် အမျိုးသမီး အများအပြား စုရုံးနေကြသဖြင့် အကယ်၍ ရထားလုံးသာ ထိုလူအုပ်ထဲသို့ ပြေးဝင်သွားပါက လူအသေအပျောက် များပြားနိုင်သည်မှာ သေချာနေတော့သည်။
လို့ရှီးယန်၏ မျက်လုံးများ မှေးကျဉ်းသွားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။
"မော့ပိုင်!"
သူ့စကားအဆုံးတွင် အလွန်လျင်မြန်သော အရိပ်တစ်ခုက အပေါ်ထပ်မှ အောက်သို့ ခုန်ဆင်းသွားပြီး ပြေးလွှားနေသော ရထားလုံးဆီသို့ အလျင်အမြန် ချဉ်းကပ်သွားသည်။ ထို့နောက် မြင်းများ၏ နောက်ကျောပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်သွားခဲ့သည်။ မော့ပိုင်က မြင်းနှစ်ကောင်၏ ဇက်ကြိုးကို အားကုန်ဆွဲယူလိုက်သော်လည်း ကြောက်လန့်နေသော မြင်းများက ရူးသွပ်နေပုံရပြီး လူအုပ်ကြီးရှိရာသို့ ပိုမိုကြမ်းတမ်းစွာ တိုးဝင်နေဆဲပင်။
မော့ပိုင်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ဝင်းခနဲ လက်သွားပြီး သူ ရုတ်တရက် ခုန်တက်လိုက်ကာ ပြင်းထန်သော သံလက်သီးချက်များက မြင်းခေါင်းများကို အရှိန်အပြည့်ဖြင့် ထိုးချလိုက်သည်။ ကြောက်လန့်နေသော မြင်းနှစ်ကောင်လည်း အော်ဟစ်ရန် အချိန်မရလိုက်ဘဲ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားပြီး ရထားလုံးကလည်း ရပ်တန့်သွားတော့သည်။
ကျွော့ချင်းနှင့် လို့ရှီးယန်တို့ နှစ်ဦးသားလည်း တစ်ပြိုင်တည်း သက်ပြင်းချလိုက်ကြသည်။ သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အခြေအနေကို စစ်ဆေးရန် အောက်ထပ်သို့ အမြန်ဆင်းလာခဲ့ကြသည်။
ထိုအချိန်တွင် စားသောက်ဆိုင်၏ ဒုတိယထပ် သီးသန့်ခန်း ပြတင်းပေါက်၌ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက် မှီရပ်နေခဲ့သည်။ သူမ၏ အေးစက်သော မျက်ဝန်းများက မြင်းများလဲကျသွားသည်ကို ကြည့်နေခဲ့ပြီး သူမ၏လက်ထဲမှ တင်းကြပ်စွာ ဆုပ်ကိုင်ထားသော ကြာပွတ်ကို ဖြည်းဖြည်းချင်း လျှော့ချလိုက်သည်။ သူမ၏ အကြည့်များက မော့ပိုင်၏အပေါ်သို့ ခဏတာ စူးစိုက်ကျရောက်သွားပြီးမှ ဘာမှမထူးခြားသလို အကြည့်ပြန်လွှဲသွားသည်။
ရထားလုံးက ရပ်တန့်သွားပြီ ဖြစ်သော်လည်း မြင်းရူးများ ပြေးဝင်လာသည့် လမ်းတစ်လျှောက်တွင် လူအများအပြား ဒဏ်ရာရသွားခဲ့ကြသည်။ ရထားလုံး ရပ်သွားသည့် နေရာနှင့် မလှမ်းမကမ်းတွင် အသက်ခြောက်ဆယ်ကျော် အဘိုးအိုတစ်ဦးက ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျနေသည်။
စုမူဖုန်းက ထိုနေရာနှင့် မနီးမဝေးတွင် ရှိနေခဲ့သည်။ ယခုန ရုန်းရင်းဆန်ခတ်မှုကြောင့် သူ အနည်းငယ် ထိတ်လန့်သွားပုံရသော်လည်း သူ၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ ပြောင်းလဲခြင်း မရှိပေ။ သူက လဲကျနေသော အဘိုးအိုကို ငုံ့ကြည့်လိုက်ပြီး တိုးညှင်းသော အသံဖြင့် မေးမြန်းနေသည်။
“အဖိုး... အဆင်ပြေရဲ့လား?”
မြေပြင်ပေါ်တွင် လဲကျနေသော အဘိုးအိုက သူ့ခြေထောက်များကို ဆုပ်ကိုင်ထားရင်း ညည်းတွားနေသည်။
“ငါ့ခြေထောက်တွေ... ငါ့ခြေထောက်တွေ အရမ်းနာနေတယ်”
အမြဲတစေ တည်ငြိမ်အေးဆေးသည့် စုမူဖုန်းက ယခုအချိန်တွင် အလွန်အမင်း ထိတ်လန့်နေပုံရသည်။ သူက အဘိုးအို၏ ဒဏ်ရာရနေသော ခြေထောက်များကို ကြောင်တောင်တောင် စိုက်ကြည့်နေမိပြီး လုံးဝ မလှုပ်ရှားတော့ချေ။ ထိုအချိန်တွင် ကျွော့ချင်းနှင့် လို့ရှီးယန်တို့က လူအုပ်ကြားမှ တိုးထွက်လာပြီး တွေဝေစွာဖြင့် ထိုင်နေသော စုမူဖုန်းကို တွေ့သွားကြသည်။ လို့ရှီးယန်က အဘိုးအိုဘေးတွင် မှင်သက်နေသော စုမူဖုန်းကို ကြည့်ကာ အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။
"သခင်လေးစု"
စုမူဖုန်းက သတိလွတ်နေရာမှ ချက်ချင်း ပြန်လည်ကောင်းမွန်လာပြီး မတ်တပ်ထရပ်ကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။ ထို့နောက် သူက ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"ဝန်ကြီးချုပ်နဲ့ သခင်မကို နှုတ်ဆက်ပါတယ်"
အဘိုးအို၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့တွနေသည်ကို မြင်လိုက်ရသောကြောင့် ကျွော့ချင်းက သူ့အနားတွင် ဒူးထောက်ထိုင်ချလိုက်ပြီး အသံကို တိုးနိုင်သမျှ တိုးကာ ချော့မော့ပြောဆိုလိုက်သည်။
"အဘိုး... ကျွန်မကို ဒဏ်ရာလေး ကြည့်ခွင့်ပေးပါဦး"
အဘိုးအိုက အားကိုးတကြီး ခေါင်းညိတ်ပြလာသဖြင့် ကျွော့ချင်းက ဒဏ်ရာရထားသော သူ့၏ညာဘက်ခြေထောက်ကို ဂရုတစိုက် မကာ ဘောင်းဘီရှည်ကို ညင်သာစွာ လိပ်တင်လိုက်သည်။ အနီရောင်တောက်တောက် သွေးစများက ခြေသလုံးကြွက်သားများမှ ခြေကျင်းဝတ်အထိ စီးကျလာသည်။ ကျွော့ချင်းက ဒဏ်ရာကို သေချာစစ်ဆေးပြီးနောက် အဘိုးအို စိတ်အေးသွားစေရန် နှစ်သိမ့်ပေးလိုက်သည်။
“အဖိုး... အဖိုးရဲ့ခြေထောက်က အခြေအနေကောင်းပါတယ်၊ ဒါပေမယ့် အခုလောလောဆယ်တော့ အရမ်းမလှုပ်ရှားနဲ့ဦးနော်”
ကံအားလျော်စွာဖြင့် မြေပြင်နှင့် ရိုက်မိသည့်အရှိန်က မပြင်းလှသဖြင့် ခြစ်ရာအနည်းငယ်နှင့် ခြေသလုံးရိုး အက်သွားရုံသာ ဖြစ်နေခဲ့သည်။
“ကောင်းပါပြီ... ကောင်းပါပြီ”
အဘိုးအိုက ခပ်မြန်မြန် ခေါင်းညိတ်ပြရှာသည်။
“လာကြစမ်း! ဒဏ်ရာရတဲ့သူတွေကို အနီးဆုံး ဆေးခန်းဆီ မြန်မြန် ခေါ်သွားပေးလိုက်”
ရထားလုံးက လမ်းတစ်လျောက်လုံးကို ကြမ်းတမ်းစွာ ဖြတ်ကျော်လာခဲ့ပြီး ဒဏ်ရာရသူက ဤအဘိုးအိုတစ်ဦးတည်း မဟုတ်ပေ။ ချုံယွဲ့တွင် လူစည်ကားသော မြို့ထဲလမ်းမများပေါ်၌ မြင်းစီးခြင်းကို တားမြစ်ထားသည့် ဥပဒေရှိသလို၊ မြို့တော်အတွင်း ရထားလုံးများကို အရှိန်ပြင်းပြင်း မောင်းနှင်ခွင့် မပြုထားချေ။ ယနေ့ မော့ပိုင်သာ အချိန်မီ မတားဆီးနိုင်ခဲ့ပါက လူမည်မျှအထိ အသက်ဘေးကြုံမည်ကို မခန့်မှန်းနိုင်ပေ။ လို့ရှီးယန်က အေးစက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။
"မော့ပိုင်၊ ရထားလုံး မောင်းလာတဲ့သူကို ဖမ်းပြီး ရုံးတော်ကို ပို့လိုက်၊ အစိုးရက ဒီကိစ္စကို သေချာစုံစမ်းပြီး ဖြေရှင်းပေးလိမ့်မယ်"
"ဟုတ်ကဲ့ပါ"
လမ်းဘေးဝဲယာရှိ လူအုပ်ကြီးက ကျယ်လောင်သော အသံများဖြင့် ဝန်ကြီးချုပ်ကို ဟစ်အော်ချီးကျူးနေကြသည်။ ဂုဏ်သိက္ခာ ကြီးမားလှသော ပုဂ္ဂိုလ်တစ်ဦးက နိမ့်ကျလှသည့် အဘိုးအိုတစ်ဦးအတွက် ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ခြင်းက သူတို့အတွက် အံ့ဩကြည်နူးစရာပင်။ ချုံယွဲ့၏ ကျော်ကြားသော ဝန်ကြီးချုပ်အပေါ် လူထု၏ လေးစားကြည်ညိုမှုများ ပိုမို၍ ကြီးထွားလာခဲ့သည်။
သူတို့ ထိုလူစုလူဝေးကြီးထဲ၌ နစ်မြုပ်နေစဥ် အရပ်ရှည်ရှည် လူတစ်ယောက်နှင့် အရပ်ပုပု လူတစ်ယောက်က လူအုပ်ထဲမှ တိတ်တဆိတ် ထွက်ခွာသွားကြပြီး ဘေးနားရှိ လမ်းကြားတစ်ခုထဲသို့ လျှောက်ဝင်သွားကြသည်။ အရပ်ပုသော ကောင်လေးက ခြေလှမ်းများကို ဖြည်းညှင်းစွာ ရပ်တန့်လိုက်သည်။ သူ၏ ကြည်လင်သန့်စင်လှသော မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းရောင်များ စီးဆင်းနေပြီး သူ့မျက်လုံးထောင့်များက အနည်းငယ် ပင့်တက်နေသည်။ သူက ခပ်တိုးတိုး ရယ်မောလိုက်ရင်း စိတ်ဝင်တစား ရေရွတ်လိုက်သည်။
"အဲ့ဒီလူက ဒဏ္ဍာရီလာ လို့ရှီးယန် ဆိုတာလား?"
သူ့နောက်မှ အရပ်ရှည်သောလူက ကိုယ်ကို တလေးတစား ကိုင်းညွှတ်ကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့... မှန်ပါတယ်"
ထိုလူငယ်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး သူ၏ နှုတ်ခမ်းပေါ်မှ အပြုံးက ပိုမိုတောက်ပလာသည်။
သူ့အဖေက သူ့ကို လိမ်ညာလိုက်ပုံရတယ်... ချုံယွဲ့က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ...
လို့ရှီးယန်နှင့် ကျွော့ချင်းတို့ အဘိုးအို၏ ဒဏ်ရာကို ကုသပေးရန် ပြင်ဆင်ပေးပြီးသွားချိန်တွင် လူငယ်တစ်ယောက်၏ စိုးရိမ်တကြီး အော်ဟစ်သံက ရုတ်တရက် ထွက်ပေါ်လာပြန်သည်။
"သခင်... သခင်လေး!"
ကျွော့ချင်း လှည့်ကြည့်လိုက်ရာ စုမူဖုန်း၏ မျက်နှာက ဖြူဖျော့နေပြီး သူ့တစ်ကိုယ်လုံးတွင်လည်း ချွေးစေးများ ရွှဲနစ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ အသက်ရှူသံက နှေးကွေးနေပြီး မျက်လုံးများကို တစ်ဝက်မှိတ်လျက် မြေပြင်ပေါ်သို့ အားနည်းစွာ လဲကျသွားသည်။ သူ၏ အခြေအနေက ယခုန ဒဏ်ရာရသည့် အဘိုးအိုထက်ပင် ပိုဆိုးနေပုံရသည်။ ကျွော့ချင်းက သူ့အနားသို့ အမြန်လျှောက်သွားပြီး ခေါင်းငုံ့ကာ မေးလိုက်ပြန်သည်။
"သခင်လေးစု... အဆင်ပြေရဲ့လား"
စုမူဖုန်းက သူမ၏ မေးခွန်းကို ပြန်မဖြေနိုင်တော့ဘဲ မျက်လုံးများ မှိတ်ကျသွားကာ သတိလစ် မေ့မျောသွားခဲ့သည်။
"သခင်လေးစု?!"
ကျွော့ချင်းလည်း အံ့အားသင့်သွားပြီး သွေးခုန်နှုန်းစစ်ဆေးရန် သူ့လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်သည်။ ကျန်လက်တစ်ဖက်ဖြင့် သူ့မျက်ခွံကို ပင့်တင် စစ်ဆေးလိုက်သေးသည်။ သူ့၏သွေးခုန်နှုန်းက အလွန်အားနည်းနေပြီး အသက်ရှူနှုန်းကလည်း နှေးကွေးနေကာ သူ တကယ် မေ့လဲသွားခြင်း ဖြစ်သည်။
ခုနလေးတင် သူက အကောင်းကြီးရှိသေးတာလေ! မြင်းကလည်း သူ့ကို လုံးဝ မထိခဲ့ပါဘူး။ ဘာလို့ ရုတ်တရက်ကြီး မူးလဲသွားတာလဲ? ရုတ်တရက် နှလုံးရောဂါထဖောက်တာလား?
လို့ရှီးယန်လည်း သူမအနားသို့ ရောက်လာပြီး သတိလစ်နေသော စုမူဖုန်းကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
"သူ့ကို ဆေးခန်း အရင် ခေါ်သွားရအောင်"
စုမူဖုန်းကို ပြုစုနေသည့် အစေခံဝတ်စုံနှင့် လူငယ်လေးက စိုးရိမ်တကြီး တားဆီးလိုက်သည်။
“မလိုပါဘူး... မလိုပါဘူးခင်ဗျာ၊ သခင်လေးက ခဏလောက် အနားယူလိုက်ရင် ပြန်ကောင်းလာမှာပါ”
ကျွော့ချင်းက ချက်ချင်း ပြန်မေးလိုက်သည်။
"သခင်လေးစုမှာ ရောဂါဟောင်း ရှိတာလား"
“သခင်လေးက...”
လူငယ်လေးက ခဏတုံ့ဆိုင်းသွားပြီးမှ တိုးတိုးလေး ပြောလာခဲ့သည်။
“သခင်လေးက သွေးကြောက်တတ်လို့ပါ”
သွေးကြောက်တာလား?
လို့ရှီးယန်က အနည်းငယ် အံ့အားသင့်သွားပုံရသော်လည်း ကျွော့ချင်းကတော့ ချက်ချင်း နားလည်သွားခဲ့သည်။ စုမူဖုန်းက သွေးကို မြင်လိုက်ရသဖြင့် လန့်ပြီး မေ့လဲသွားခြင်း ဖြစ်ကြောင်း သူမ သိလိုက်ရပြီး တကယ်လည်း ဆေးခန်းသို့ သွားရန် မလိုတော့ပေ။ ကျွော့ချင်းက အစေခံငယ်လေးကို ကြည့်ပြီးနောက် သက်တော်စောင့်များကို ညွှန်ကြားလိုက်သည်။
"သခင်လေးစု လန်ယွဲ့အဆောင် ထဲကို ဝင်ပြီး နားနိုင်အောင် မင်းတို့ ကူညီပေးလိုက်ကြပါ"
လူတစ်စုက စုမူဖုန်းကို မသွားကြပြီး လန်ယွဲ့အဆောင်၏သီးသန့်ခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားကာ ခုံတန်းရှည်ပေါ်တွင် လှဲလျောင်းပေးလိုက်ကြသည်။ အစေခံလူငယ်လေးက စုမူဖုန်း၏ အနားတွင် ဒူးထောက်ထိုင်နေပြီး သူ့နဖူးပေါ်မှ အေးစက်နေသော ချွေးစေးများကို ဂရုတစိုက် သုတ်ပေးနေသည်။ ကျွော့ချင်းက အခြားတစ်ဖက်ရှိ ခုံတန်းလျားတွင် ထိုင်နေရင်း တိုးတိုးလေး မေးလိုက်သည်။
"မင်းရဲ့ သခင်လေးက အမြဲတမ်း ဒီလို သွေးလန့်တတ်တာလား"
ထိုလူငယ်က ခေါင်းညိတ်ပြပြီး သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်၊ သခင်လေးက သွေးကို လုံးဝ မကြည့်ရဲပါဘူး၊ ဒါကို စုအိမ်တော်ကလူတွေ အကုန်သိကြပါတယ်။ သခင်လေး ငယ်ငယ်လေးကတည်းက သွေးကို မြင်တာနဲ့ မူးလဲတာပါ၊ သမားတော်တွေကို ပြခဲ့ပေမယ့် ဘာရောဂါမှ ရှာမတွေ့ခဲ့သလို ပိုလည်း ကောင်းမလာပါဘူး"
သွေးလန့်ခြင်းက ရောဂါမဟုတ်ဘဲ Phobia (စိတ်စွဲလန့်မှု) အမျိုးအစားသာ ဖြစ်သည်။ ထို့ကြောင့် သာမန်သမားတော်တစ်ဦးနှင့် ကုသခြင်းက လုံးဝ အသုံးမဝင်ပေ။ သူများခြေထောက်မှ သွေးအနည်းငယ် ထွက်နေသည်ကို မြင်ရုံမျှဖြင့် မူးမေ့လဲသွားခဲ့သော စုမူဖုန်း၏ အခြေအနေကတော့ တကယ့်ကို ဆိုးရွားလွန်းလှသည်။
“သခင်လေး... နိုးလာပြီလား”
ခဏအကြာတွင် စုမူဖုန်း၏မျက်လုံးများ ဖြည်းညှင်းစွာ ပြန်ပွင့်လာသည်။ သို့သော် သူ၏မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေဆဲဖြစ်ပြီး သူ့တစ်ကိုယ်လုံး ချွေးအေးများ ရွှဲနစ်နေသည်။ သို့တိုင်အောင် သူက အစေခံလူငယ်လေး၏ အကူအညီဖြင့် မနည်းအားယူကာ တည့်တည့်မတ်မတ် ထထိုင်နေသည်။
လို့ရှီးယန်က အစေခံလူငယ်လေးဆီသို့ လက်ဖက်ရည်တစ်ခွက် ကမ်းပေးလိုက်ပြီး အသံတိုးတိုးဖြင့် ညွှန်ကြားလိုက်သည်။
“သခင်လေးစု... လက်ဖက်ရည်ပူပူလေး သောက်လိုက်ပါဦး”
အစေခံလေးက လက်ဖက်ရည်ကို စုမူဖုန်း၏ နှုတ်ခမ်းနားသို့ ဂရုတစိုက် ကပ်ပေးလိုက်သည်။ စုမူဖုန်းက လက်ဖက်ရည်ပန်းကန်ကို လှမ်းယူလိုက်သော်လည်း သူ၏လက်များက သိသိသာသာ တုန်ခါနေသေးသည်။ ခဏမျှ ငြိမ်သက်စွာ ထိုင်နေပြီးနောက်မှသာ သူ၏နှုတ်ခမ်းများတွင် သွေးရောင်အချို့ ပြန်သမ်းလာပြီး နဂိုအခြေအနေသို့ ပြန်ရောက်ရှိလာသည်။ စုမူဖုန်းက လက်ဖက်ရည်ပန်းကန်ကို ပြန်ချလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
“ကျွန်တော်... လူကြီးမင်းရှေ့မှာ ရယ်စရာတွေ လုပ်မိခဲ့ပါတယ်၊ တောင်းပန်ပါတယ်၊ ပြီးတော့ နှစ်ယောက်လုံးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်”
ကျွော့ချင်းက ပခုံးလေးတွန့်ကာ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
“သွေးလန့်တာက အဖြစ်များတဲ့ ပြဿနာတစ်ခုပါပဲ။ သခင်လေးစုအနေနဲ့ သိပ်ပြီး စိတ်ထဲထားနေဖို့ မလိုပါဘူး”
တကယ်တော့ အရွယ်ရောက်ပြီးတဲ့ ယောကျ်ားလေးတစ်ယောက်က သွေးကို မြင်တာနဲ့ မူးလဲသွားတယ်ဆိုတာ နည်းနည်းတော့ ရယ်စရာကောင်းတာပေါ့၊ ဒါပေမယ့် ဘာမှတော့ မထူးဆန်းပါဘူး။ အတိအကျပြောရရင်တော့ အဲ့ဒါက သူကို သာမန်လူတွေနဲ့ ပိုတူစေပြီး ဘာမှမထူးခြား မကွဲလွဲသလို ဖြစ်သွားစေတယ်။
စုမူဖုန်းက ရှက်ရွံ့နေသော မျက်နှာအမူအရာဖြင့် မသက်မသာ မတ်တပ်ထရပ်လိုက်ကာ နှုတ်ဆက်လိုက်သည်။
“အခု ပိုကောင်းသွားပါပြီ။ ကျွန်တော် လူကြီးမင်းတို့နှစ်ယောက်ကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး။ အရင် သွားခွင့်ပြုပါဦး”
လို့ရှီးယန်ကလည်း သူ့ကို အတင်းမတားဘဲ အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“သခင်လေးစု... ကောင်းကောင်းသွားပါ”
စုမူဖုန်း လှည့်ထွက်သွားပြီးနောက် ကျွော့ချင်းနှင့် လို့ရှီးယန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြသည်။
.............။.........။..........
ယင်ထျန်းရုံးတော်၏ စာဖတ်ခန်းအတွင်း၌...
ရှန်ယုလန် အမှုမှတ်တမ်းများကို အာရုံစိုက်ဖတ်ရှုနေချိန်တွင် လုကျင်းက တံခါးဝသို့ ရောက်လာပြီး သတင်းပို့လာခဲ့သည်။
“သခင်... ဝန်ကြီးချုပ်နဲ့ သူ့ဇနီး ရောက်လာပါပြီ”
ရှန်ယုလန်က ခေါင်းမော့ကြည့်လိုက်ပြီး အဆောတလျင် အမိန့်ပေးလိုက်သည်။
“မြန်မြန်... သူတို့ကို မြန်မြန် ဖိတ်ခေါ်လိုက်”
သူက ချင်းလင် တစ်ယောက်တည်း လာမည်ဟု ထင်ထားခဲ့ပြီး ဝန်ကြီးချုပ် လို့ရှီးယန် အတူလိုက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
အမှုပိတ်ဖို့ နှစ်ဆယ့်ငါးရက်ပဲ ကျန်တော့တာဆိုတော့... ဧကရာဇ်မင်းမြတ်ရဲ့ စိတ်ရှည်သည်းခံမှုက တကယ်ပဲ ကုန်ဆုံးသွားပြီလား?
“ဟုတ်ကဲ့ပါ”
လုကျင်းက အပြင်သို့ ပြန်ထွက်သွားပြီး လို့ရှီးယန်နှင့် ကျွော့ချင်းကို ရိုသေစွာ ကြိုဆိုကာ အတွင်းသို့ ဦးဆောင်ခေါ်လာခဲ့သည်။ သူတို့နောက်တွင် အမှုစစ်ဆေးရာမှ ပြန်လာသော ချန်ဟန့်လည်း လိုက်ပါလာသည်။ သူက ကျွော့ချင်း၏ အလောင်းစစ်ဆေးမှုစွမ်းရည်နှင့် ပတ်သက်ပြီး အလွန်သိချင်နေသူဖြစ်ရာ သူမ ရောက်လာသည်ဟု ကြားသည်နှင့် ချက်ချင်း လိုက်လာခဲ့ခြင်းပင်။
ရှန်ယုလန်က သူတို့ကို နှုတ်ဆက်ရန် မတ်တပ်ရပ်လိုက်ပြီး လက်သီးအုပ် ဂါရဝပြုလိုက်သည်။
“ဝန်ကြီးချုပ်လို့နဲ့ သခင်မကို ဂါရဝပြုပါတယ်”
လို့ရှီးယန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ပြောလိုက်သည်။
"ရှန်လူကြီးမင်း... ယဉ်ကျေးနေဖို့ မလိုပါဘူး။ မင်း ဒီအမှုကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ငါ မျှော်လင့်ပါတယ်။ ဧကရာဇ်က မင်းကို ကူညီပြီး အမှုကို အမြန်ဆုံး အပြီးသတ်နိုင်အောင် ငါ့ကို အမိန့်ပေးလိုက်ပြီ"
မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သော်လည်း ရှန်ယုလန်၏ မျက်နှာက ပုံမှန်အတိုင်း တည်ငြိမ်နေဆဲပင်။
"ကျေးဇူးတင်ပါတယ် ဝန်ကြီးချုပ်"
"ရပါတယ် ရှန်လူကြီးမင်း"
လို့ရှီးယန်က ကျင့်သားရနေသော လေသံဖြင့် တုံ့ပြန်လိုက်သည်။
ဘေးမှကြည့်နေသော ကျွော့ချင်းကတော့ မျက်လုံးအနည်းငယ် ပြူးသွားခဲ့သည်။
တရားဝင် တွေ့ဆုံတိုင်းမှာ ဒီလို သမရိုးကျ နှုတ်ခွန်းဆက်စကားတွေကို အချိန်ကုန်ခံ ဖလှယ်နေကြရတာလား?
သူမက သူတို့ ဆက်ပြောမည့်စကားများကို စိတ်မရှည်တော့ဘဲ လက်ကို ဝှေ့ယမ်းကာ ကြားဖြတ်နှောင့်ယှက်လိုက်သည်။
"ကောင်းပါပြီ... ယဉ်ကျေးတဲ့ စကားတွေ အများကြီး ပြောမနေကြပါနဲ့တော့။ တည့်တည့်ပဲ ပြောကြမယ်၊ ပထမဆုံးလူ သေဆုံးသွားခဲ့တာ တစ်လနီးပါး ရှိနေပြီ။ သံသယဖြစ်စရာ အချက်အလက်သစ်တွေ ဘာများ ရှာတွေ့ထားသေးလဲ"
လုကျင်းနှင့် ချန်ဟန့်တို့က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ အကျယ်ကြီး မရယ်မိအောင် နှုတ်ခမ်းကို တင်းတင်းစေ့ထားကြရသည်။
ဒီအမျိုးသမီးက စကားကို သွက်သွက်လပ်လပ် ပြောတတ်ပြီး တိတိကျကျ မြန်မြန်ဆန်ဆန် လှုပ်ရှားတတ်တာက သူမရဲ့လုပ်နည်းလုပ်ဟန် ဖြစ်နေပေမယ့် ရှန်ယုလန်နဲ့ လို့ရှီးယန်က ဘယ်သူတွေမို့လဲ။
သို့သော် ကျွော့ချင်း၏ စိတ်မရှည်မှုကို ရင်ဆိုင်နေရသည့် လို့ရှီးယန်နှင့် ရှန်ယုလန်တို့ကတော့ အနည်းငယ်မျှပင် ရှက်ရွံ့နေခြင်း မရှိကြချေ။ ရှန်ယုလန်က ပုံမှန်အတိုင်း ရှိနေပြီး တိတ်တဆိတ် ပြုံးနေသော ချန်ဟန့်ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
"ချန်ဟန့်... မင်းပဲ ပြောပြလိုက်ပါ"
ရုတ်တရက် အခေါ်ခံလိုက်ရသဖြင့် ချန်ဟန့်တစ်ယောက် ချောင်းတစ်ချက် ဟန့်ကာ အပြုံးကို ဖိနှိပ်လိုက်ပြီး အလေးအနက် ပြန်ပြောလိုက်ရသည်။
"အခုအချိန်မှာ အဖြေရှာမရသေးတဲ့ အဓိကမေးခွန်း နှစ်ခု ရှိနေပါတယ်။ ပထမတစ်ခုက... အခန်းတံခါးတွေ၊ ပြတင်းပေါက်တွေ အကုန်လုံးက အတွင်းကနေ တင်းတင်းကြပ်ကြပ် ပိတ်ထားတာကို လူသတ်သမားက ဘယ်လိုနည်းနဲ့ ထွက်သွားတာလဲ ဆိုတာပါပဲ။ သူက ကောင်းကင်ကို ပျံတက်ပြီး လွတ်မြောက်သွားတာလား? နောက်ပြီး သူ လူသတ်တဲ့ နည်းလမ်းကိုလည်း ကျွန်တော်တို့ မစဉ်းစားနိုင်သေးဘူး။ သေသူကို ဘယ်လိုနည်းနဲ့ မရုန်းကန်နိုင်အောင် လုပ်ထားပြီး နှလုံးသားကို လုယူခံရတာတောင် ငြိမ်ပြီး စောင့်ကြည့်နေစေတဲ့အထိ ဖြစ်အောင် လုပ်ထားလဲ ဆိုတာပါပဲ!"
လို့ရှီးယန်က အနည်းငယ်မျက်မှောင်ကြုတ်နေမိသည်။ ဤအမှုက အမှန်တကယ် ခက်ခဲလွန်းလှသည်။
ပထမအမှုက တစ်လလောက်ကြာနေပြီဆိုပေမယ့် ရှန်ယုလန်က လူသတ်သမားရဲ့ လူသတ်နည်းလမ်းကိုတောင် မဖော်ထုတ်နိုင်သေးဘူး။ ဒီလအတွင်းမှာ အပြီးသတ် ဖော်ထုတ်နိုင်ပါ့မလား???
လုကျင်းက ဆက်လက် ရှင်းပြနေသည်။
"စုံစမ်းစစ်ဆေးချက်တွေအရ သေဆုံးသူ သုံးဦးမှာ တူညီတဲ့အချက်တွေ ရှိနေတာ တွေ့ခဲ့ရပါတယ်။ ပထမတစ်ချက်က... သူတို့အားလုံးက မကြာသေးခင်က ချမ်စစ်အဆောင်ကို သူတို့ရဲ့ အဝတ်အစားတွေ ပန်းထိုးဖို့နဲ့ အထည်တွေ မှာဖို့ သွားခဲ့ကြပါတယ်။ ဒုတိယကတော့... ဒီကာလအတွင်းမှာ သူတို့အားလုံးက စုမူဖုန်း ဆီကနေ ဗျက်စောင်းပညာ သင်ယူခဲ့ကြပါတယ်။ တတိယကတော့... အခင်းဖြစ်တဲ့ အခန်းတွေထဲမှာ စန္ဒကူးနံ့သာတွေ ထွန်းထားတာပါပဲ"
စုမူဖုန်းကို သံသယရှိနေကြတာလား?
ကျွော့ချင်းနှင့် လို့ရှီးယန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြန်သည်။ လို့ရှီးယန်က ညင်သာစွာ ရယ်မောရင်း ဝင်ပြောလိုက်သည်။
"ရှန်လူကြီးမင်း... ငါတို့ ဒီကိုလာတဲ့လမ်းမှာ စုမူဖုန်းနဲ့ တွေ့ခဲ့ပြီး စိတ်ဝင်စားစရာ တစ်ခုလည်း တွေ့ခဲ့သေးတယ်"
"ဘာများလဲ"
ရှန်ယုလန်က စိတ်ဝင်စားဟန်ဖြင့် ပြန်မေးလိုက်သည်။
"သူက သွေးကို မြင်တာနဲ့ မူးလဲသွားတယ်"
ချန်ဟန့်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
"ဒီလိုမျိုးလည်း ရှိတယ်လား"
သွေးမြင်လို့ လန့်သွားတာလား?! အဲ့ဒါက ဘာဖြစ်လို့လဲ?
ကျွော့ချင်းက ခပ်ဖျော့ဖျော့ ပြုံးကာ ရှင်းပြလိုက်သည်။
"ဒါက ပုံမှန်ပါပဲ၊ မိန်းကလေး အများစုလည်း သွေးမြင်ရင် လန့်တတ်ကြတယ်လေ၊ ဒါပေမယ့် သိပ်မပြင်းထန်ကြဘူး၊ အမျိုးသားတွေမှာ ဖြစ်တာ ရှားပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ သူကတော့ အခြေအနေ နည်းနည်း ပိုဆိုးနေတာပါ"
"သူ ဟန်ဆောင်နေတာရော မဖြစ်နိုင်ဘူးလား"
လုကျင်းက သံသယဖြင့် မေးလိုက်ပြန်သည်။ လူတချို့က သွေးကြောက်တတ်သည်ကို သူ ကြားဖူးသော်လည်း စုမူဖုန်းက သူ့ကိုယ်သူ သံသယဝင်ခံနေရမှန်း သိသွားပြီး ဝန်ကြီးချုပ်နှင့် တွေ့သည့်အခါ အကွက်ချ မူးလဲပြခြင်းလားဟု သူ တွေးနေခြင်းပင်။
ကျွော့ချင်းက ခေါင်းခါယမ်းလိုက်ရင်း ထပ်ရှင်းပြလိုက်သည်။
"သူ ဟန်ဆောင်နေတာ မဟုတ်ဘူး။ သူ့မျက်နှာက တကယ် ဖြူဖျော့သွားပြီး ခြေလက်တွေပါ အေးစက်ကုန်တာပါ။ စုမိသားစုက အစေခံလေးရဲ့ ပြောပြချက်အရဆိုရင်လည်း ဒါက သူ ငယ်ငယ်လေးကတည်းက ဖြစ်နေတဲ့ ပြဿနာလို့ သိခဲ့ရတယ်"
ငယ်ငယ်ကတည်းက ဖြစ်နေတာလား?!
အကယ်၍ စုမိသားစု တစ်စုလုံးကပါ ပူးပေါင်းပြီး လိမ်လည်နေခြင်း မဟုတ်ပါက ဤအချက်ကြောင့် စုမူဖုန်းက လူသတ်သမား မဖြစ်နိုင်ကြောင်း ခိုင်မာသော သက်သေတစ်ခု ရှိလာပေလိမ့်မည်။ အောင်မြင်မှု လမ်းစတစ်ခုကို ရှာတွေ့ပြီဟု သူ ထင်ထားခဲ့သော်လည်း ထိုလမ်းစက ပြန်လည် ပျောက်ကွယ်သွားခဲ့ပြန်သည်။
အခန်း ၉၂ ကုယွင် ပြန်ရောက်ပြီ
ညဉ့်ဦးယံအချိန်...
ကျိုက်ရှင်းအဆောင် အတွင်း၌...
နွေလယ်ည၏ လေထုက အနည်းငယ် အိုက်စပ်စပ် ရှိနေသော်လည်း ရံဖန်ရံခါ တိုက်ခတ်လာသော ညလေညင်း ခပ်ဖျော့ဖျော့ကြောင့် စိတ်ကို ကြည်လင်စေသည်။ ကျွော့ချင်းက ပြတင်းပေါက်ဘောင်တွင် ကိုယ်တစ်ဝက် မှီထားရင်း ကောင်းကင်ယံမှ တဖျပ်ဖျပ် တောက်ပနေသော ကြယ်စင်များကို ငေးမောကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“နောက်ဆုံးတော့ ဒီနေရာကို ဘာလို့ ကျိုက်ရှင်းအဆောင်လို့ ခေါ်လဲဆိုတာ ငါ သိသွားပြီ...”
(ကျိုက် - ဆွတ်ခူးခြင်း၊ ရှင်း - ကြယ်စင်)
ဤအမြင့်ဆောင်မှ ကြည့်လျှင် ကြယ်ကလေးများကို လက်တစ်ကမ်းဖြင့် ဆွတ်ခူးရနိုင်လောက်အောင် ထင်ရသည်အထိ နီးကပ်နေသလို ခံစားရပြီး ထိုကြယ်လေးများက တောက်ပလွန်းလှသည်။ လပြည့်ည၏ သာယာမှုပင်လျှင် ကြယ်စင်တို့၏ အလှအောက်၌ မှေးမှိန်နေသယောင် ရှိနေလေသည်။ ယခုကဲ့သို့ လှပကြည်လင်သော ညကောင်းကင်ကြီးကို သူမ မတွေ့ရသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ညစ်ညမ်းမှုများ ကင်းစင်ကာ သဘာဝအတိုင်း တောက်ပနေသော ဤအလင်းတန်းများကြောင့် ကျွော့ချင်းတစ်ယောက် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
“ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိတဲ့ ညကောင်းကင်က တကယ့်ကို ထူးခြားဆန်းပြားလွန်းတာပဲ...”
ထိုစဉ် သူမ၏ နောက်ဘက်မှ သွယ်လျသော လက်တစ်စုံက သူမ၏ခါးလေးကို နူးညံ့စွာ ရစ်သိုင်းလာသည်။ ထိုလက်ထဲတွင် ကိုင်ထားသော စာရွက်တစ်ရွက်က သူမ၏ မျက်နှာရှေ့သို့ ရောက်လာခဲ့ပြီး လို့ရှီးယန်၏ သိမ်မွေ့သော အသံက နားထဲသို့ တိုးဝင်လာခဲ့သည်။
"နောက်ထပ် ထည့်ချင်တာ ရှိသေးလား... တစ်ချက်လောက် ဖတ်ကြည့်ပါဦး"
ကျွော့ချင်းက စာရွက်ကို တစ်ချက် ငုံ့ကြည့်လိုက်သော်လည်း ခေါင်းခါပြကာ ပြုံးနေခဲ့သည်။
"ဖတ်ကြည့်စရာ မလိုပါဘူး... ရှင့်သဘောအတိုင်း ဆုံးဖြတ်လိုက်ပါ"
ဒါက မင်္ဂလာဆောင်အတွက် ဧည့်သည်စာရင်း ဖြစ်နိုင်ပြီး တကယ်တော့ သူမမှာ ဖိတ်ခေါ်ရမယ့်သူတောင် မရှိပါဘူး။ ချင်းဖုန့်ရေးပေးလိုက်တဲ့စာအရ "ဆွေမျိုး"လို့ ပြောတဲ့တွေ အားလုံးကတော့ သူမ ဖတ်သည်ဖြစ်စေ၊ မဖတ်သည်ဖြစ်စေ ထူးခြားမှု မရှိပါဘူး။
"ချင်းဖုန့် နန်းတော်ထဲမှာ အဆင်ပြေရဲ့လား?"
နောက်ဆုံးအကြိမ် တွေ့ပြီးကတည်းက သူမ နန်းတော်ထဲသို့ ထပ်မဝင်ဖြစ်တော့ပေ။ ဤမင်္ဂလာဧည့်သည်စာရင်းကိုပင် ချင်းဖုန့်ထံ စာရေးပြီး တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ချင်းဖုန့် တစ်ယောက်တည်း နန်းတွင်း၌ အဆင်ပြေ၊ မပြေကို သူမ စိတ်ပူနေမိသည်။
လို့ရှီးယန်က စာရွက်ကို ခေါက်ကာ ဘေးဖယ်ထားလိုက်ပြီး သူမကို ရင်ခွင်ထဲသို့ အသာအယာ ဆွဲသွင်းလိုက်သည်။ ကျွော့ချင်းကလည်း သူ့ရင်ခွင်ထဲသို့ သက်တောင့်သက်သာ မှီချလိုက်သဖြင့် သူကလည်း သူမကို တင်းနေအောင် ပြန်လည် ပွေ့ဖက်ထားသည်။
နွေရာသီ ဖြစ်သဖြင့် သူမ ပါးလွှာသော ပိုးသားဝတ်ရုံကိုသာ ဆင်မြန်းထားသည်။ ဤကျောက်စိမ်းကဲ့သို့ နူးညံ့နွေးထွေးပြီး သင်းပျံ့လှသော ခန္ဓာကိုယ်လေးက သူ့ရင်ခွင်ထဲသို့ ရောက်လာသောကြောင့် လို့ရှီးယန်တစ်ယောက် အနည်းငယ် အသက်ရှူ မှားသွားရသည်။ သူက ရင်ထဲမှ နွေးထွေးမှုကို မလွန်ဆန်ချင်သဖြင့် သူမ၏ ပိုးသားကဲ့သို့ နူးညံ့လှသော ဆံပင်လေးများကို လက်ဖြင့် ဆော့ကစားနေရင်း ပြန်ဖြေလိုက်သည်။
“သူ(မ)က မကြာသေးခင်က ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို အထူးတလည် ရထားတယ်”
ကျွော့ချင်းတစ်ယောက် မျက်မှောင်ကြုတ်သွားရပြန်သည်။
“အတိအကျ ပြောရရင်... အဲ့ဒါက သူ(မ)ရဲ့ဘဝကို ပိုပြီး အဆင်မပြေ ဖြစ်စေမှာ မဟုတ်ဘူးလား?”
လို့ရှီးယန်၏ လက်ချောင်းများက တုံ့ဆိုင်းသွားပြီး သူမကို ဝေခွဲမရဟန်ဖြင့် စိုက်ကြည့်လာပြန်သည်။
"မင်းက ဘာလို့ အဲ့လို ထင်နေရတာလဲ"
မောင်းမဆောင်က အမျိုးသမီးတစ်ယောက်အတွက် ဧကရာဇ်မင်းမြတ်ဆီကနေ မျက်နှာသာပေးခံရတာက ဆိုးရွားတဲ့ဘဝဖြစ်စေလိမ့်မယ်လို့ သူမ ဆိုလိုနေတာ မဟုတ်ဘူးလား?? တကယ်တော့ အဲ့ဒါက ကောင်းတာ မဟုတ်ဘူးလား? သူမက ဘာတွေ တွေးနေတာလဲ??!
"ယန်းဟုန်ထျန်းက ဒေါသအရမ်းကြီးတယ်၊ သူ့ဆီက မျက်နှာသာရတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး။ ဒါက မောင်းမဆောင်ထဲက တခြားသူတွေရဲ့ မနာလိုမှုကို နှိုးဆွလိုက်သလို ဖြစ်နေမှ အသေအချာပဲ။ ချင်းဖုန့်က နန်းတော်ထဲမှာ ဘာအာဏာမှ မရှိသလို ကျောထောက်နောက်ခံလည်း မရှိဘူး။ ဒါကြောင့် သူ့(မ)ဘဝက ပိုပြီး ခက်ခဲလာမှာကို ကျွန်မ စိုးရိမ်နေမိတာပါ"
ကျွော့ချင်းက ယန်ကျီလန်ကြောင့် သူမ သေလုနီးပါး ဖြစ်ခဲ့ရသည့် အဖြစ်အပျက်ကို မမေ့နိုင်သေးပေ။
‘သူမ သေလုနီးပါး ဖြစ်ခဲ့တာလေ။ ယန်းရူရွှယ်ကြောင့်ဆိုရင်တောင် သူမအပေါ် အဲ့လောက်အထိ အရမ်းမရက်စက်သင့်ပါဘူး။ မောင်းမဆောင်မှာ ရှင်သန်ရတဲ့ စည်းမျဉ်းတွေအရ ဧကရာဇ်ရဲ့မျက်နှာသာဆိုတာမျိုးက အသွားနှစ်ဖက်စလုံး ထက်နေတဲ့အပြင် ထိပ်မှာပါချွန်ထက်နေတဲ့ဓားတစ်ချောင်းပဲ ဖြစ်နိုင်လိမ့်မယ်။’
လို့ရှီးယန်၏ ရင်ခွင်ကို မှီထားသည့် ကျွော့ချင်းက သူမ၏ခေါင်းလေးကို အနည်းငယ် မော့ကာ တောင်းဆိုလိုက်သည်။
"ရှီးယန်... နန်းတော်ဆိုတာက ချင်းဖုန့်လို မိန်းကလေးအတွက် မလွယ်ကူပါဘူး။ ရှင့်ရဲ့ အစွမ်းအစတွေကို သုံးပြီး ကျွန်မအတွက် သူ့ကို ဂရုစိုက်ပေးလို့ မရဘူးလား?"
လို့ရှီးယန်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြရင်း အသံတိုးတိုးဖြင့် ကတိပေးလိုက်သည်။
"အင်း... ကိုယ် ဂရုစိုက်ပေးပါ့မယ်"
တမှန်တကယ်တွင် ချင်းဖုန့်က သူ့ခယ်မဖြစ်နေသဖြင့် သူ ဘေးမှ စောင့်ကြည့်ပေးရန် စိတ်ကူးထားပြီးသား ဖြစ်သည်။ သို့သော် လို့ရှီးယန်၏ စူးစမ်းနိုင်စွမ်းအရ ချင်းဖုန့်က ကျွော့ချင်း ထင်ထားသလို ရိုးရှင်းသူ မဟုတ်ပေ။ သူမက ဧကရီ၏ ပြိုင်ဘက်ဖြစ်သော ကိုယ်လုပ်တော်ဟွေ့နှင့် ပူးပေါင်းကာ နန်းတွင်းတိုက်ပွဲများထဲသို့ ကိုယ်တိုင် ခြေစုံပစ်ဝင်ရန် ဆုံးဖြတ်ထားပုံရသည်။ သူမ၏ အတွေးများက အဘယ်မျှအထိ နက်နဲမည်ကိုတော့ လို့ရှီးယန်ပင် ခန့်မှန်းရ ခက်နေခဲ့သည်။
"ရှီးယန်..."
ကျွော့ချင်း၏ အသံဖျော့ဖျော့လေး ထပ်မံ ထွက်ပေါ်လာပြန်သည်။
"ဟင်?"
လို့ရှီးယန်က အတွေးများထဲမှ ရုန်းထွက်ရင်း ပြန်ထူးလိုက်သည်။
"ရှင့်လက်တွေ..."
ကျွော့ချင်းက ခေါင်းငုံ့ကာ လို့ရှီးယန်၏ သွယ်လျသော လက်ချောင်းများ ရပ်တန့်နေသည့် နေရာကို စိုက်ကြည့်လိုက်သည်။
နူးညံ့သော အထိအတွေ့ကြောင့် လို့ရှီးယန်ပင် လန့်ဖျန့်သွားရသည်။ သူ့လက်များက သက်တောင့်သက်သာရှိလှသော နေရာတစ်ခုကို အလိုအလျောက် ရှာတွေ့သွားပြီး ထိုနေရာ၌ ရပ်တန့်နေခြင်းပင်။ ကျွော့ချင်း၏ နှလုံးခုန်နှုန်းက ပိုမြန်လာပြီး အသက်ရှူသံများလည်း နှေးကွေးကာ မလုံမလဲ ဖြစ်လာတော့သည်။ မင်္ဂလာဆောင်ရန် တစ်လခန့် လိုသေးသော်လည်း လို့ရှီးယန်က ထိုမျှအထိ စောင့်ဆိုင်းနိုင်စွမ်း မရှိတော့သည့်ပုံပင်။
နူးညံ့သိမ်မွေ့သော အနမ်းများနှင့် နွေးထွေးသော ဝင်သက်ထွက်သက်များက သူမ၏ မျက်နှာတစ်လျှောက်မှတစ်ဆင့် သွယ်လျသော ပုခုံးသားများပေါ်သို့ ကျရောက်လာသည်။ ကျွော့ချင်းကလည်း မခုခံဘဲ ခွင့်ပြုထားခဲ့သည်။
‘သူမကိုယ်သူမ သူ့အတွက်လို့ ဆုံးဖြတ်ထားပြီးမှတော့ အချိန်ဆွဲနေလို့ ဘာကွာခြားဦးမှာလဲ။ ပြီးတော့ ဒီညရဲ့အခြေအနေလေးက အရမ်း စိတ်ကူးယဥ်ဖို့ ကောင်းနေတယ်လေ’
ကျွော့ချင်းက လို့ရှီးယန်ဘက်သို့ ကိုယ်ကို ယိမ်းလိုက်ပြီး သူ့လည်ပင်းကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ကာ သူမ၏ ပန်းနုရောင် နှုတ်ခမ်းလွှာများကို သူ၏ နွေးထွေးလှသော နှုတ်ခမ်းများပေါ်သို့ အသာအယာ ဖိကပ်လိုက်သည်။
"သခင်မ!"
ခြံဝင်းအပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ အရေးတကြီး ခေါ်သံ ထွက်ပေါ်လာသည်။ မကြာမီပင် ထိုအသံက သူမ၏အိပ်ဆောင်တံခါးဝသို့ ရောက်ရှိလာကာ တံခါးကို ဖြည်းညှင်းစွာ ခေါက်နေခဲ့သည်။ တံခါးခေါက်သံက တိုးညှင်းနေသော်လည်း တိတ်ဆိတ်လှသော ညအချိန်တွင်မူ ပဲ့တင်ထပ်နေခဲ့သည်။
ကျွော့ချင်း၏ ခါးကို ပွေ့ဖက်ထားသော လို့ရှီးယန်၏ လက်ချောင်းများ တောင့်တင်းသွားပြီး သူ၏ အသက်ရှူသံက လျင်မြန်နေဆဲဖြစ်သော်လည်း ရုတ်တရက် ပေါ်ပေါက်လာသော အနှောင့်အယှက်ကြောင့် သူ၏ မျက်နှာကြီး ချက်ချင်း မှုန်ကုပ်သွားတော့သည်။
ဒီအသံက... ရှီးဝူရဲ့ အစေခံမလေး ဆုအာ မဟုတ်လား? တစ်ခုခု ဖြစ်လို့လား?
ကျွော့ချင်းက လို့ရှီးယန်၏ လက်ကို ညင်သာစွာ ပွတ်သပ်ရင်း "လွှတ်ပေး" ဟူသော အမူအရာ လုပ်ပြလိုက်သည်။ သူ တွန့်ဆုတ်စွာဖြင့် သူ့လက်ကို ဖယ်ရှားပေးလိုက်ရသည်။ အမှန်တကယ်တွင် သက်တော်စောင့်များထံမှ သတင်းရောက်မလာသဖြင့် လို့ရှီးဝူ၌ ကိစ္စကြီးကြီးမားမား ဖြစ်နိုင်ခြေ မရှိပေ။ ထို့ကြောင့် သူ၏ သာယာချိန်လေးကို ဒုတိယအကြိမ် နှောင့်ယှက်ခံလိုက်ရသော လို့ရှီးယန်၏ စိတ်ပျက်မှုကတော့ အပြစ်ဆိုစရာ မရှိချေ။
ကျွော့ချင်း တံခါး ဖွင့်လိုက်ချိန်တွင် ဆုအာတစ်ယောက် ဝမ်းနည်းပူဆွေးသော မျက်နှာဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ဆုအာ... ဘာကိစ္စရှိလို့လဲ"
ဆုအာက စိုးရိမ်တကြီး ပြောပြလာသည်။
"သခင်မလေးက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ဘာမှ ကောင်းကောင်းမစားဘူး။ တစ်နေ့ကုန် ငိုနေတာပဲ။ အခုဆို သူ(မ) ပိန်လွန်းလို့ လူနဲ့တောင် မတူလုနီးပါးဖြစ်နေပြီ။ ကျွန်မ ဘယ်လိုပဲ ချော့ချော့ မရဘူး... ကျေးဇူးပြုပြီး သခင်မ လာကြည့်ပေးပါဦး!"
‘အဲ့ကောင်မလေးက သူမကိုယ်သူမ အဲ့လောက်တောင် လုပ်ပြနေပြီပေါ့လေ... တကယ်က ဒီလောက်ထိ စေ့စေ့စပ်စပ် လုပ်ပြနေစရာ မလိုပါဘူး၊ ကောင်းပြီလေ.. ထားပါတော့...အခုတော့ သူမက ကျင်းစရဲ့ကျောက်ခဲနှလုံးသား အရည်ပျော်လာတဲ့အထိ သူမဘဝနဲ့ အရင် ကစားပြတော့မယ်ပေါ့လေ....’
ကျွော့ချင်းက အခန်းထဲသို့ ပြန်လှည့်ကြည့်ကာ ပြတင်းပေါက်နားတွင် မျက်နှာထား တင်းတင်းဖြင့် ထိုင်နေဆဲဖြစ်သော လို့ရှီးယန်ကို ပြုံးပြလိုက်ပြီးမှ လှမ်းပြောလိုက်သည်။
"အဲ့ဒီကောင်မလေး ဘာဖြစ်နေတာလဲဆိုတာ ကျွန်မ သွားကြည့်လိုက်ဦးမယ်"
"အင်း..."
လို့ရှီးယန်က အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သော်လည်း သူ့မျက်နှာက ကြည့်မကောင်းလှသေးချေ။
သခင်ကြီး၏ အသံကို ကြားလိုက်ရသောအခါ ဆုအာကတော့ လန့်ဖျပ်သွားရသည်။
‘သခင်ကြီးက ဘာလို့ ဒီကို ရောက်နေတာလဲ? ပြီးတော့ ခုနက သခင်မ တံခါးလာဖွင့်တုန်းက မျက်နှာက နီမြန်းနေတာ... အား... သေပြီ...’
‘ငါတော့ ဒုက္ခရောက်ပြီ...’
ဆုအာက သူမ၏ လည်ပင်းကျိုးကျလုမတတ် ခေါင်းငုံ့ချလိုက်ပြီး အခန်းထဲမှ လို့ရှီးယန်ကို မကြည့်ရဲတော့ဘဲ ကျွော့ချင်းနောက်သို့ အလျင်အမြန် ပြေးလိုက်သွားသည်။ လို့ရှီးယန်ကတော့ စိတ်ပျက်လက်ပျက်ဖြင့် ပြတင်းပေါက်ရှေ့တွင် တစ်ဦးတည်း ကျန်ရစ်နေခဲ့သည်။
လို့ရှီးဝူ၏ ခြံတံခါးဝသို့ ရောက်သောချိန်တွင် ကျွော့ချင်းက ဆုအာကို လှည့်ပြောလိုက်သည်။
"ဆုအာ... ငါ ရှီးဝူကို အရင်ဝင်ချော့လိုက်မယ်၊ နင်က စားစရာတွေ အမြန်ပြင်ပြီး လာပို့ပေးလိုက်"
"ဟုတ်ကဲ့ပါ"
ဆုအာက ခေါင်းညိတ်ကာ မီးဖိုခန်းဘက်သို့ ပြေးထွက်သွားသည်။
ကျွော့ချင်းကတော့ ထိုကောင်မလေးကို မည်သို့ ဆူပူရမည်အား တွေးတောနေခဲ့သည်။
‘ငါက စားချင်စိတ်မရှိသလို ဟန်ဆောင်ခိုင်းတာလေ၊ တကယ် မစားဘဲ နေခိုင်းတာမှ မဟုတ်တာ’
သူမ ခြံထဲသို့ ဝင်လိုက်သည်အထိ ကျင်းစ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရပေ။
‘သူ ထွက်သွားပြီလား’
သူမ ခြံဝင်းထဲသို့ အသံလုံအောင် ခြေသံဖွဖွနင်းလျက် လျှောက်ဝင်လာချိန်တွင်တော့ အိမ်ခန်းထဲမှ လို့ရှီးဝူ၏ အားနည်းလှသော အသံတိုးတိုးလေး ထွက်ပေါ်လာသည်။
"နင် ထွက်သွား... ငါ ဘာမှ မစားချင်ဘူး"
"မင်းပါးစပ်ကို ဟလိုက်"
ကျွော့ချင်း၏ ခြေလှမ်းများ ချက်ချင်း အေးခဲသွားရသည်။
‘ဒါ...ဒါက ကျင်းစရဲ့ အသံပဲ’
ကျင်းစ သူမကို တွေ့ရှိသွားမည်အား စိုးရိမ်သွားသည့် ကျွော့ချင်းတစ်ယောက် အနားသို့ ဆက်မတိုးရဲတော့ပေ။ အခန်းတံခါးကို မြင်ရနိုင်သည့် အနေအထားအထိ ခြေသံလုံအောင် ပြန်ဆုတ်ခွာလိုက်ပြီး တိတ်တဆိတ် ချောင်းကြည့်နေမိသည်။ အထဲတွင် လို့ရှီးဝူက ဖြူဖျော့ဖျော့ မျက်နှာနှင့် တွေဝေငေးမောနေကာ တစ်ကယ့်ကို ကြည့်မကောင်းလှပေ။ သူမက စားပွဲပေါ်တွင် ကိုယ်တစ်ပိုင်းမှောက်ပုံစံဖြင့် လဲလျောင်းနေပြီး သူမဘေးတွင်တော့ အရပ်ရှည်ရှည်နှင့် ကျင်းစက စွပ်ပြုတ်ပန်းကန်ကို ကိုင်ရင်း မတ်တပ်ရပ်နေသည်။
သို့သော် ထောင့်ချိုးအနေအထားကြောင့် ကျွော့ချင်းက ကျင်းစ၏ ဘေးတစ်စောင်း မျက်နှာကိုသာ မြင်နေရသည်။ ဖယောင်းတိုင်မီးရောင်အောက်တွင် သူ၏ အမြဲတမ်း အေးစက်နေတတ်သည့် အသံကိုသာ ကြားနေရပြီး မည်သို့သော အမူအရာ ရှိနေမည်ကိုတော့ မခန့်မှန်းနိုင်ချေ။
လို့ရှီးဝူက သူမ၏ခေါင်းကို တစ်ဖက်သို့ လွှဲရင်း ထပ်လိုက်သည်။
"ကျွန်မ မစားဘူးလို့ ပြောနေတယ်လေ... ကျေးဇူးပြုပြီး ထွက်သွားပေးပါ"
"မင်း ပါးစပ်ကို ဟလိုက်လို့ ငါ ပြောနေတယ်လေ"
ယခုတစ်ကြိမ်တွင်တော့ ကျင်းစက ဟင်းချိုတစ်ဇွန်းကို ခပ်ယူကာ သူမ၏ ပါးစပ်ထဲသို့ တိုက်ရိုက်ခွံ့ပေးရန် ကြိုးစားနေသည်။ သို့သော် လို့ရှီးဝူက ကျင်းစ၏ ဂရုစိုက်မှုကို လုံးဝ အသိအမှတ်မပြုဘဲ လက်ဖြင့် တွန်းဖယ်လိုက်သည်။ သူမက ကျင်းစကို စိုက်ကြည့်နေရင်း အားကုန်သုံး၍ အော်ဟစ်လိုက်သည်။
"ကျွန်မ မစားတာ ကျွန်မကိစ္စ! ရှင်နဲ့ ဘာမှမဆိုင်ဘူး... ဒါကြောင့် ရှင် စိတ်ပူနေစရာ မလိုဘူး"
ဟင်းရည်ပူပူများက ကျင်းစလက်ပေါ်သို့ ဖိတ်စင်သွားသည်။ ထိုအကွာအဝေးမှပင် ကျွော့ချင်းက ကျင်းစ၏ လက်ပေါ်၌ သွေးကြောများ ထောင်ထနေသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ဒေါသကြောင့်လား၊ ဟင်းရည်က ပူလွန်း၍လား မသိနိုင်သော်လည်း သူ၏ တစ်ကိုယ်လုံးတွင် ဒေါသများ တောက်လောင်နေသည်က သိသာလှသည်။ ကျွော့ချင်းလည်း လို့ရှီးဝူ၏ ရဲစွမ်းသတ္တိကို ချီးကျူးချင်လာသည်။ လို့ရှီးဝူက လို့ရှီးဝူ ပီသလှပြီး အားအင်ကုန်ခမ်းနေသည့် ကြားမှပင် မော်ကြွားစွာ အော်ဟစ်နေနိုင်သေးသည်။
"ကျွန်မက ဒီလိုမျိုး ဖြစ်နေပြီ... ရှင့်ကို သဘောကျဖို့ အရည်အချင်းလည်း မရှိတော့ဘူး။ ကျွန်မ သေသေ၊ ရှင်ရှင် ဘာမှ မထူးတော့ဘူး။ ရှင် ထွက်သွားတော့! ရှင်လည်း ကျွန်မကို မကြိုက်ဘူးဆိုမှတော့ ဘာလို့ ကျွန်မကို လာနှောင့်ယှက်နေရတာလဲ”
"မင်း ပါးစပ်ကို ဖွင့်လိုက်..."
ကျင်းစက အံကြိတ်သံဖြင့် ဟိန်းဟောက်လိုက်ပြီး ဟင်းချိုဇွန်းကို လို့ရှီးဝူ၏ ရှေ့သို့ ထပ်မံ ပို့လိုက်ပြန်သည်။
"ကျွန်မ မစားဘူးလို့ ပြောနေတယ်လေ!"
ယခုတကြိမ်တွင်တော့ လို့ရှီးဝူက ဇွန်းကို ဆွဲယူပြီး ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။
ဇွန်းကလေး မြေပေါ်သို့ ကျသွားသည့် အသံနှင့်အတူ ကျင်းစ၏ စိတ်ရှည်မှု အားလုံးလည်း ပြတ်တောက်သွားပုံရသည်။
သူက ရုတ်တရက် ဟင်းချိုပန်းကန်ကို ကောက်ယူပြီး တကြိုက်တည်း မော့သောက်လိုက်သည်။ ထို့နောက် လို့ရှီးဝူ၏ စိတ်ရှုပ်ထွေးမှုနှင့် ချောင်းကြည့်နေသော ကျွော့ချင်း၏ အံ့အားသင့်မှုများကြားတွင် သူက လို့ရှီးဝူ၏ နှုတ်ခမ်းများကို အတင်းအကျပ် သိမ်းပိုက်လိုက်ပြီး သူ့ပါးစပ်ထဲမှ ဟင်းရည်များကို သူမ၏ လည်ချောင်းထဲသို့ အတင်းအကျပ် စီးဝင်သွားစေသည်။
အိုး...
ကျွော့ချင်းတစ်ယောက် မျက်ခုံးတစ်ဖက်ကို ဖြည်းညှင်းစွာ ပင့်တင်လိုက်မိသည်။
‘တကယ်ပါပဲ... အေးစက်စက်နေတတ်တဲ့ လူတစ်ယောက် ပေါက်ကွဲထွက်လာတဲ့အခါ ပိုပြီးတော့တောင် စိတ်အားထက်သန်တဲ့ လူဖြစ်လာတယ်လား...’
"ဟမ်..."
လို့ရှီးဝူလည်း လုံးဝ မှင်သက်နေခဲ့သည်။ သူမ၏ ဝိုင်းစက်တောက်ပသော မျက်ဝန်းများက ပြူးကျယ်နေပြီး သူမရှေ့ရှိ ချောမောသော မျက်နှာကို စိုက်ကြည့်နေကာ စိတ်လွတ်သလို ဖြစ်နေရရှာသည်။ သူမ၏ ပါးစပ်ထဲသို့ စီးဝင်လာသော ဟင်းရည်နွေးနွေးများကိုသာ အလိုအလျောက် မျိုချနေမိသည်။ ကျင်းစ နောက်သို့ ပြန်ဆုတ်သွားသည့်တိုင်အောင် လို့ရှီးဝူတစ်ယောက် ဝေဝါးနေဆဲပင်။
"ပါးစပ် ဖွင့်..."
ကျင်းစက ထိုစကားကို ထပ်ပြောလာသည့်တိုင် သူမ ကြောင်တောင်တောင်ဖြင့် ပါးစပ် ဖွင့်ပေးလိုက်မိသည်။ နောက်ဆုံးတွင် ကျင်းစ သူမ၏ နှုတ်ခမ်းနားသို့ ခွံပေးနေသည့် ဟင်းရည်များကို နာနာခံခံ သောက်နေရုံသာ တတ်နိုင်တော့သည်။ အမြဲတမ်း အေးစက်မာကျောနေတတ်သော ကျင်းစ၏ မျက်နှာထက်တွင်လည်း ရှားရှားပါးပါး နီရဲနေသည့် အရိပ်အမြွက်များ ရှိနေခဲ့သည်။
ထိုအချိန်တွင် ဆုအာက ဂျင်ဆင်းဟင်းချိုနှင့် အရံဟင်းလျာများကို သယ်ဆောင်ရင်း ခြံဝင်းငယ်ထဲသို့ ဝင်လာခဲ့သည်။ သို့သော် မည်သည့်နေရာမှ ထွက်လာသည်မသိသော အိမ်တော်သခင်မ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
“သခင်မ...”
သူမ ပါးစပ်ဟလိုက်သည်နှင့် ကျွော့ချင်းက သူမ၏ပါးစပ်ကို လက်ဖြင့် လှမ်းအုပ်လိုက်သည်။
"အင်း..."
ကျွော့ချင်းက ဆုအာကို အရင်ထွက်သွားရန် အမူအရာပြလိုက်ပြီး နှစ်ယောက်သား ခြံဝင်းတံခါးအထိ နောက်ပြန်ဆုတ်သွားကြသည်။ ကျွော့ချင်းက ဆုအာ၏ ပါးစပ်ကို ပိတ်ထားသော သူမ၏လက်အား ပြန်ဖယ်ပေးလိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
"မင်းရဲ့ သခင်မလေးက စားပြီးသွားပြီ၊ ဒီည မင်း သူ(မ)ကို ပြုစုပေးဖို့ မလိုတော့ဘူး။ အဲ့ဒါကြောင့် အရင်ပြန်ပြီး အနားသွားယူတော့"
"ဟုတ်ကဲ့ပါ"
ဆုအာက ဇဝေဇဝါ ဖြစ်သွားသော်လည်း သခင်မ၏ စိတ်ပိုင်းဖြတ်ထားသော အကြည့်ကို မြင်သောကြောင့် နာနာခံခံ ထွက်ခွာသွားရုံသာ တတ်နိုင်တော့သည်။
ကျွော့ချင်းကလည်း အလွန်ကြည်နူးနေသော စိတ်အခြေအနေဖြင့် ကျိုက်ရှင်းအဆောင်သို့ ပြန်လာခဲ့သည်။ လို့ရှီးယန်က ပြတင်းပေါက်ဘောင်တွင် တစ်ဝက်မှီထိုင်နေဆဲ ဖြစ်သော်လည်း သူ၏လက်ထဲတွင် စာအုပ်တစ်အုပ် ရှိနေသည်။ သူက သူ့ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လာပြီး သူ့မျက်နှာက ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်နေပြီ ဖြစ်သည်။
လို့ရှီးယန်က ကျွော့ချင်းကို ကြည့်လိုက်ရုံဖြင့် လို့ရှီးဝူ အဆင်ပြေသွားပြီကို ရိပ်မိလိုက်သည်။ သူက သူ့လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး သူမကို ကြိုဆိုရန် လက်ကို ဆန့်တန်းလိုက်ရင်း မေးလိုက်သည်။
"မင်းက ဘာလို့ အဲ့လောက်တောင် ပြုံးနေရတာလဲ? ဘာတွေက မင်းကို ဒီလောက် ပျော်နေစေတာလဲ?"
ကျွော့ချင်းက လို့ရှီးယန်ဆီသို့ လျှောက်သွားကာ သူ့ဘေးနား၌ ဝင်ထိုင်လိုက်သည်။ သူမက သူမ၏ လက်ကလေးကို သူ့လက်ဖဝါးထဲသို့ ထည့်ပေးလိုက်ရင်း ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။
"ဘာမှမဟုတ်ပါဘူး... ရှီးဝူအတွက် စိတ်ပူနေစရာ မလိုတော့ဘူးလို့ ပြောမလို့ပါ၊ သူ(မ) တဖြည်းဖြည်း ပိုကောင်းလာလိမ့်မယ်"
လို့ရှီးယန်က နှုတ်ခမ်းထောင့်ကို အနည်းငယ် ပင့်တင်ကာ ပြုံးလိုက်ရင်း ပြန်မေးလိုက်သည်။
"ကိုယ် သိသင့်တာတွေ ရှိသေးလား? ဒါမှမဟုတ် ကိုယ် အခု မသိသင့်သေးတာလား?"
ကျွော့ချင်းက လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့် ခေါင်းခါယမ်းလိုက်သည်။
"သိသင့်တဲ့သူတွေက အချိန်တန်ရင် သိရမှာပါ၊ အခု မသိသေးဘူးဆိုရင်တော့ သိရမယ့်အချိန် မဟုတ်သေးဘူးလို့ ဆိုလိုတာပေါ့!"
‘ရှီးဝူကို တွန်းအားပေးပြီး လှည့်ကွက်တွေ သုံးခိုင်းခဲ့သူက သူမဆိုတာကိုတော့ သူ့ကို ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး’
လို့ရှီးယန်က သူ၏လက်ဖဝါးထဲမှ သွယ်လျသော လက်ချောင်းလေးများကို ဆုပ်ကိုင်ထားရင်း ခေတ္တမျှ စဉ်းစားနေခဲ့သည်။
"မင်းက အဲ့လိုပြောမှတော့လည်း... အဲ့ဒီအတိုင်းပေါ့လေ"
မင်းရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နောက်ကြောင်းတွေကို သိဖို့ကလည်း အချိန်မတန်သေးဘူးပေါ့... ချင်းအာ... ကိုယ့်ကို အရမ်းကြီးတော့ အကြာကြီး မစောင့်ခိုင်းပါနဲ့...
.......။..........။........
နံနက်စောစောအချိန်...
ကျွော့ချင်းနှင့် လို့ရှီးယန်တို့ ပင်မခန်းမဆောင်၌ မနက်စာ စားနေကြစဉ် မော့ပိုင်၏ တည်ငြိမ်သောအသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
“သခင်... အစိုးရရုံးတော်က အရာရှိချန်ဟန့် ရောက်နေပြီး သခင့်ကို တွေ့ခွင့်တောင်းနေပါတယ်”
"သူ့ကို အထဲဝင်ခိုင်းလိုက်"
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရှန်ယုလန်ထံမှ မည်သည့်သတင်းမှ မကြားခဲ့ရသဖြင့် လို့ရှီးယန်လည်း စိုးရိမ်နေခဲ့ရသည်။
‘သူ တစ်ခုခု ရှာတွေ့သွားပြီလား?’
“ကျွန်တော်... ဝန်ကြီးချုပ်နဲ့ သခင်မကို ဂါရဝပြုပါတယ်”
သူ့၏ငယ်ရွယ်သော မျက်နှာထက်မှ မောပန်းနွမ်းနယ်မှုနှင့် ဝမ်းနည်းရိပ်တို့ကို ဖုံးကွယ်မထားနိုင်တော့ပုံရသည့် ချန်ဟန့်တစ်ယောက် စိတ်ပျက်လက်ပျက်ဟန်ဖြင့် ဝင်ရောက်လာသည်။
ကျွော့ချင်းနှင့် လို့ရှီးယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ချန်ဟန့်၏ အမူအရာကို ကြည့်ရုံဖြင့် သတင်းကောင်း မဟုတ်မှန်း သေချာနေသည်။
“မနေ့ညက နောက်ထပ် အမှုတစ်ခု ထပ်ဖြစ်ခဲ့ပါတယ်။ လူကြီးမင်းက ဝန်ကြီးချုပ်နဲ့ သခင်မကို အခင်းဖြစ်တဲ့နေရာအထိ လာကြည့်ပေးဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်”
အသတ်ခံလိုက်ရသော စတုတ္ထမြောက် အပြစ်မဲ့အမျိုးသမီးကို တွေးမိရင်း ကျွော့ချင်းက သူမ၏မျက်လုံးများကို အနည်းငယ် မှေးကျဥ်းကာ တိုးတိုးလေး လှမ်းမေးလိုက်သည်။
“နစ်နာသူက ဘယ်သူလဲ?”
“တရားရေးရာ ဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်ကြီး ဝူကျစ်ကန်းရဲ့ အိမ်တော်က ဒုတိယသမီးပျိုလေးပါ”
ယခုတစ်ကြိမ်တွင် လူသတ်သမားက သြဇာကြီးမားလှသော တရားရေးရာဌာနမှ အရာရှိကြီး၏ အိမ်တော်အထိ တိုက်ရိုက်ဝင်ရောက် လုပ်ကြံခဲ့ခြင်းပင်။ လုံခြုံရေး တင်းကြပ်သည့်ကြားမှ အောင်မြင်သွားသည်မှာ လူသတ်သမားက တစ်ဦးတည်း မဟုတ်ဘဲ စနစ်တကျ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်နေနိုင်မည်ဟုပင် တွေးမိလာရသည်။ လို့ရှီးယန်လည်း အတွေးထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားပုံရသည်။
ကျွော့ချင်းက မတ်တပ်ထရပ်ရင်း သူ့ကို သတိပေးလိုက်သည်။
“သွားကြစို့... အခင်းဖြစ်တဲ့နေရာ အရင်ကြည့်ပြီးမှ ထပ်ဆွေးနွေးကြမယ်”
သူတို့သုံးယောက်သား ဝန်ကြီးချုပ်အိမ်တော်မှ အမြန်ထွက်ခွာလာခဲ့ကြသည်။ ရထားလုံးပေါ် တက်ခါနီးတွင် ကျွော့ချင်းက အဝေးမှ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာသော မြင်းခွာသံများကို ကြားလိုက်ရသည်။ နံနက်ခင်း နေရောင်ခြည်အောက်တွင် မြင့်မားသန်မာသော မြင်းဖြူတစ်ကောင်နှင့် မြင်းနက်ကြီးတစ်ကောင် ဝန်ကြီးချုပ်အိမ်တော်ဆီသို့ ဦးတည်ပြေးလွှားလာနေသည်။ မြင်းတစ်ကောင်ပေါ်တွင် အရပ်ရှည်ရှည် လူတစ်ဦး ရှိနေသည်ကို မြင်နေရသော်လည်း အခြားမြင်းတစ်ကောင်ကတော့ လူမပါဘဲ ပြေးလာသယောင် ဖြစ်နေခဲ့သည်။
မကြာမီ မြင်းများက ဝန်ကြီးချုပ်အိမ်တော်၏ တံခါးဝသို့ အရှိန်ပြင်းစွာ ရောက်ရှိလာပြီး ရပ်ထားသော ရထားလုံးကိုပင် ဝင်တိုက်မိလုနီးပါး ဖြစ်သွားကြသည်။ ထိုမြင်းမျိုးကောင်းကြီးနှစ်ကောင် ရပ်တန့်သွားသည်နှင့် မြင်းပေါ်မှ အရပ်ရှည်ရှည် သန်မာသော လူတစ်ယောက်နှင့် အခြားမြင်းတစ်ကောင်၏ ဘေးဘက်တွင် ပုန်းလျှိုးလိုက်ပါလာသော ပုပျက်သေးကွေးသည့် လူတစ်ယောက်တို့က အလျင်အမြန် ခုန်ဆင်းလာကြသည်။
ရောက်လာသူများကို မြင်လိုက်ရချိန်တွင် မော့ပိုင်က အေးစက်စက်ဖြင့် ဘေးသို့ ရှောင်ထွက်သွားသည်။ ချန်ဟန့်ကတော့ ကြောင်တောင်တောင်ဖြင့် သူ၏ရှေ့တွင် ပေါ်လာသော မိန်းကလေးကို စိုက်ကြည့်နေလေသည်။ အနက်ရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအမျိုးသမီးငယ်က ဆံပင်ကို ခပ်မြင့်မြင့် ချည်နှောင်ထားပြီး သူမ၏မျက်နှာက အလွန်တရာ လှပသော်လည်း မျက်နှာတစ်ခြမ်းကတော့ ဓားဒဏ်ရာများကြောင့် ပျက်စီးနေလေသည်။ သို့သော် ထိုဒဏ်ရာများက သူမ၏ သိမ်မွေ့မှုနှင့် ဆွဲဆောင်မှုကို မဖျက်ဆီးနိုင်ဘဲ လူအများကို ပို၍ပင် သနားချင်စဖွယ် ဖြစ်စေသည်။
သို့သော် ထိုအမျိုးသမီးငယ်၏ မျက်လုံးများကို ကြည့်လိုက်မိချိန်တွင်တော့ ချန်ဟန့်တစ်ယောက် ထိတ်လန့်သွားရသည်။ ဤမျှ ချစ်ဖို့ကောင်းသော မိန်းကလေးတွင် ဤမျှ အေးစက်စက် အကြည့်မျိုး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူမ၏ မျက်လုံးများက သွေးထွက်လုမတတ် နီရဲနေပြီး အလွန်အမင်း မောပန်းနွမ်းနယ်နေပုံရသည်။ ထိုအမျိုးသမီးငယ်က ချန်ဟန့်ကို ဖြတ်ကျော်သွားကာ လို့သခင်မဆီသို့ တိုက်ရိုက် လျှောက်သွားနေသည်။
သူမ၏ နောက်တွင်တော့ စစ်ဗိုလ်ချုပ်ကြီး စုလင်း လိုက်ပါလာသည်။
လို့ရှီးယန်က ဘေးကင်းစေရန် ကျွော့ချင်း၏ လက်ကို ဆွဲကာ ဝန်ကြီးချုပ်အိမ်တော်ဘက်သို့ ပြန်ဆုတ်လိုက်သည်။ မော့ပိုင်နှင့် ချန်ဟန့်တို့ကလည်း အသင့်အနေအထားဖြင့် ရှေ့သို့ တစ်လှမ်းတိုးကာ ကာကွယ်လိုက်ကြသည်။