အခန်း (၉၃-၉၄)
Vol. 9 Ch. 93-94
အခန်း ၉၃ အလောင်းတစ်လောင်း... ဘဝနှစ်ခု
ကုယွင်၏မျက်နှာတွင် အမူအရာကင်းမဲ့နေပြီး အလွန်အမင်း မောပန်းနွမ်းနယ်နေသော ပုံစံဖြင့် ကျွော့ချင်းဆီသို့ လျှောက်လာနေသည်။ ကျွော့ချင်းက သူမကို နှုတ်ဆက်ရန် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး အပြုံးဖြင့် လှမ်းပြောလိုက်သည်။
“နောက်ဆုံးတော့ နင် ပြန်ရောက်လာပြီ”
ယနေ့က ကိုးရက်မြောက်နေ့၏ မနက်ခင်းဖြစ်သောကြောင့် ကုယွင် ပြန်ရောက်လာလိမ့်မည်ဟု သူမ မျှော်လင့်ထားပြီးသား ဖြစ်သည်။ ကုယွင်၏ စူးရှသော မျက်လုံးများနှင့် အေးစက်နေသော အမူအရာကို ကြည့်ခြင်းဖြင့် လွန်ခဲ့သော ရက်အနည်းငယ်က သူမ ကောင်းကောင်း မအိပ်ရသေးသည်ကို ကျွော့ချင်း မှန်းဆနိုင်သည်။ ကုယွင်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမှန်တကယ်ပင် ထူးခြားလှသည်။ သာမန်လူတစ်ယောက်အနေဖြင့် ပင်ပန်းလေလေ အင်အားနည်းလေလေ ဖြစ်တတ်သော်လည်း သူမကတော့ ပင်ပန်းလေလေ ပို၍ ထက်မြက်သန်မာလာလေ ဖြစ်သည်။
‘ယွင့်မှာ အဲ့လိုခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိဖို့ ဘယ်အရာက ဖန်ဆင်းပေးထားလဲဆိုတာကို ဘယ်သူမှ မသိနိုင်တော့ဘူး’
ကျွော့ချင်း မျှော်လင့်ထားသည်ထက် ပိုသွားသောအချက်က စုလင်း တစ်ပါတည်း ပြန်ပါလာခြင်းပင်။ ကျွော့ချင်းက သူမ၏ မျက်ခုံးကို ပင့်တင်ကာ စုလင်းကို စိုက်ကြည့်လိုက်ပြီး သူမ၏ အပြုံးကို ဖုံးကွယ်ရန် ချောင်းတစ်ချက် ဟန့်လိုက်သည်။ သို့သော် လုံးဝ မဖုံးဖိနိုင်တော့သောကြောင့် ရယ်သံဖြင့်သာ မေးလိုက်ရတော့သည်။
“စစ်သူကြီးစု... ရှင် အဆင်ပြေရဲ့လား”
စုလင်းလည်း မအိပ်ရသည်မှာ ရက်ပေါင်းများစွာ ရှိနေပုံရပြီး ကုယွင်ထက် အခြေအနေ ပိုဆိုးနေပုံရသည်။ သူ၏ အနက်ရောင် ဝတ်စုံများက တွန်လိမ်ကြေမွနေပြီး သူ့မျက်လုံးနက်နက်များက သွေးရောင်လွှမ်းနေသည်။ ရက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ခရီးကြမ်းနှင်လာရသဖြင့် သူ၏ဆံပင်များလည်း ရှုပ်ထွေးနေပြီး သူ့ပုံစံကလည်း အေးစက်ခက်ထန်နေသည်။ နဂိုကပင် တင်းမာလှသော သူ၏မျက်နှာထက်၌ ကြေးဝါမျက်နှာဖုံးတစ်ခု တပ်ဆင်ထားသလို ဖြစ်နေပြီး အမူအရာကလည်း ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ပင်။ ယခုအချိန်တွင် စုလင်း၏ တစ်ကိုယ်လုံး၌ တခြားသူများကိုပင် အေးခဲသွားစေနိုင်သည့် အေးစက်မှုများ ဖုံးလွှမ်းနေသည်။
စုလင်းက သူမကို ပြန်မဖြေဘဲ အေးစက်သော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေသည်။ ကျွော့ချင်းကလည်း ထိုကဲ့သို့ တုံ့ပြန်မှုကို ကြိုတင်မှန်းဆထားပြီး စိတ်ထဲမထားတော့ချေ။
“ဘာတွေ ဖြစ်နေလို့လဲ... အခု အခြေအနေ ဘယ်လိုရှိလဲ”
ကုယွင်၏ အက်ရှရှအသံကြောင့် ကျွော့ချင်း မျက်မှောင်ကြုတ်သွားရသည်။ လမ်းတစ်လျှောက်လုံး နားချိန်မရှိဘဲ ပြေးလွှားလာရသဖြင့် သူမ ပင်ပန်းနွယ်နယ်နေသည်မှာ အသေအချာပင်။ ကျွော့ချင်းက ရထားလုံး၏ ကန့်လန့်ကာကို ပင့်တင်ပေးလိုက်ပြီး အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
“ငါတို့ အမှုဖြစ်တဲ့နေရာကို အရင်သွားရအောင်... သွားရင်းနဲ့ ရထားလုံးပေါ်မှာ စကားပြောကြတာပေါ့”
“ကောင်းပြီ”
ကုယွင်က ရထားလုံးဆီသို့ သွက်သွက်လက်လက် လျှောက်သွားပြီး ကျွော့ချင်းက သူမနောက်မှ လိုက်ပါသွားသည်။ အစမှအဆုံးအထိ ကုယွင်က စုလင်းကို လုံးဝ လှည့်မကြည့်ခဲ့ပေ။ မသိလျှင် သူတို့နှစ်ယောက် အတူတူ လာခဲ့ကြသည်ဟုပင် မထင်ရချေ။
စုလင်း၏ မျက်နှာက တစ်စထက်တစ်စ ပို၍ အေးစက်လာသည်ကို မြင်နေရသော်လည်း ချန်ဟန့်က မိုက်မိုက်ကန်းကန်း ဝင်နှုတ်ဆက်လိုက်သည်။
“စစ်သူကြီးစု... စစ်သူကြီး မြို့တော်ကို ဒီလောက်မြန်မြန် ပြန်လာမယ်လို့ ကျွန်တော် မမျှော်လင့်ထားမိဘူး။ ကျွန်တော်က စုမိသားစုရဲ့ ဂုဏ်သတင်းကို အမြဲ လေးစားနေခဲ့တာပါ...”
သူ့စကားမဆုံးမီမှာပင် စုလင်းက မြင်းပေါ်သို့ ပြန်တက်သွားပြီး ရထားလုံး ထွက်ခွာမည့် လမ်းကြောင်းဘက်သို့ ဦးတည်လိုက်သည်။ ချန်ဟန့်တစ်ယောက်တည်းသာ ထိုနေရာ၌ အနေရခက်ဟန်ဖြင့် ရပ်ကျန်နေခဲ့သည်။ လို့ရှီးယန်က ရှေ့သို့ တိုးလာပြီး သူ့ပခုံးကို ပုတ်ပေးလိုက်သည်။
“သွားရအောင်... စစ်သူကြီးစုလည်း အရမ်းပင်ပန်းနေလိမ့်မယ်”
“ဟုတ်ကဲ့... ဒါနဲ့ လို့လူကြီးမင်း... အဲဒီမိန်းကလေးက ဘယ်သူလဲဟင်”
ချန်ဟန့်တစ်ယောက် စူးစမ်းချင်စိတ်ကို မအောင့်နိုင်ဘဲ မေးလိုက်မိသည်။ လို့ရှီးယန်က ချင်းမော့ ချန်ထားခဲ့သော မြင်းနက်ကြီးပေါ်သို့ တက်ရင်း ပြန်ဖြေလိုက်သည်။
“အဲဒါ မင်းကိုယ်တိုင် စာပို့ပြီး ဖိတ်ခေါ်ခဲ့တဲ့လူလေ”
ရထားလုံးနောက်မှ လိုက်ပါသွားသော စုလင်း၏မျက်နှာတင်းတင်းကို ကြည့်နေရင်း လို့ရှီးယန်က အပြုံးတစ်ဝက်ဖြင့် သူ့နှုတ်ခမ်းထောင့်များကို အနည်းငယ် ပင့်တင်ထားလေသည်။
‘နောက်ဆုံးတော့ စစ်သူကြီးစုရဲ့ မိန်းမတွေကို ရွံရှာတတ်တဲ့ရောဂါက ပျောက်ကင်းဖို့ လက္ခဏာတွေ ပြနေပြီပဲ... ချင်းမိသားစုက အမျိုးသမီးတွေက တကယ်ကို ထူးခြားလွန်းလှတယ်’
“ချင်းမော့???”
ချန်ဟန့်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
‘ဒီနေ့မှ ကိုးရက်မြောက်နေ့ ရှိသေးတာလေ... သူတို့ ဘယ်လိုနည်းနဲ့ ဒီလောက်မြန်မြန် ပြန်ရောက်လာနိုင်တာလဲ’
........။........။......
ဝူအိမ်တော်...
ချန်ဟန့်က ဝူသခင်မလေး၏ အတွင်းဆောင်ထဲသို့ အမောတကော ပြေးဝင်သွားပြီး သတင်းပို့လိုက်သည်။
“သခင်... ဝန်ကြီးချုပ်လို့နဲ့ သူ့ဇနီးကို ဖိတ်ခေါ်လာပါပြီ။ ပြီးတော့... သခင်မလေး ချင်းမော့နဲ့ စစ်သူကြီးစုလည်း ပြန်ရောက်လာပါပြီ”
သူ အရှေ့မှ အရှိန်ပြင်းပြင်းဖြင့် ပြေးလာခဲ့သော်လည်း နောက်ဆုံးတွင် ထိုလူများက သူ့ကို အမီလိုက်လာနိုင်ခဲ့သည်။ ဤချင်းသခင်မလေးနှစ်ယောက်၏ အလုပ်လုပ်နှုန်းနှင့် အရှိန်အဝါက အမှန်တကယ်ပင် ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လှသည်။
ရှန်ယုလန်က ချန်ဟန့်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
‘ဒီကလေး ဘာဖြစ်နေတာလဲ... ဘာလို့ ဒီနေ့ ဒီလောက် စိတ်လောနေရတာလဲ’
သူ ဘာမှ ပြန်မပြောနိုင်သေးခင်မှာပင် လို့ရှီးယန်နှင့် ကျွော့ချင်းတို့၏ ပုံရိပ်များက တံခါးဝ၌ ပေါ်လာပြီး ရှန်ယုလန်က လက်သီးဆုပ်လျက် ဂါရဝပြုလိုက်သည်။
“ဝန်ကြီးချုပ်... သခင်မ...”
အတွင်းခန်းထဲသို့ မဝင်မီ အပြင်၌ ရပ်နေစဉ်ကပင် ပြင်းထန်လှသော သွေးနံ့က လေထုထဲ၌ ပြည့်လျှံနေပြီ ဖြစ်သည်။ ကျွော့ချင်းက နှုတ်ဆက်သည့်အနေဖြင့် ခေါင်းကို ပေါ့ပေါ့ပါးပါး ညင်ညင်သာသာ ညိတ်ပြလိုက်ပြီး လေးနက်သောအသံဖြင့် စမေးလိုက်သည်။
“သေဆုံးသူက ဘယ်မှာလဲ”
“ခုတင်ပေါ်မှာ ရှိနေတုန်းပဲ”
ရှန်ယုလန်က သူမတို့ ဤမျှ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူကိုယ်တိုင်ပင်လျှင် ရောက်လာသည်မှာ မကြာသေးချေ။
ကျွော့ချင်းက ခေါင်းညိတ်ပြလိုက်ပြီး အတွင်းခန်းထဲသို့ အလျင်အမြန် ဝင်သွားခဲ့သည်။
“ရှန်လူကြီးမင်း...”
လို့ရှီးယန်၏ နောက်မှ စူးရှရှ အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။ ရှန်ယုလန်က လို့ရှီးယန်၏ နောက်ဘက်သို့ ငဲ့ကြည့်လိုက်ပြီး အနက်ရောင် ဝတ်စုံဝတ်ထားသော အမျိုးသမီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
‘ဒါက တကယ်ပဲ... ချင်းမော့လား’
ရှန်ယုလန်၏ မျက်လုံးများထဲ၌ အံ့အားသင့်သွားသော အရိပ်အယောင်များ အထိန်းအကွပ်မဲ့ လျှံတက်လာသည်။
‘ဒီနေ့က ကိုးရက်မြောက်နေ့ပဲဖြစ်ပြီး ချင်းလင်ပြောတဲ့အတိုင်း တကယ်ပဲ သူမ ပေါ်လာခဲ့တယ်။ ဒီအမျိုးသမီးက တကယ်ကို အံ့သြစရာကောင်းလိုက်တာ။’
ရှန်ယုလန်က သူ၏ ထူးဆန်းသော အကြည့်များကို ခပ်မြန်မြန် ပြန်ဖုံးကွယ်လိုက်ရင်း လက်ဟန်အပြည့်ဖြင့် နှုတ်ဆက်လိုက်သည်။
“ချင်းသခင်မလေး... မင်းကို အခုလို မြန်မြန်ဆန်ဆန် ပြန်လာခိုင်းမိတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်”
ကုယွင်က သူမ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရင်း အေးတိအေးစက် တုံ့ပြန်လိုက်သည်။
“ရှန်လူကြီးမင်း... အဲ့လောက် ယဉ်ကျေးနေဖို့ မလိုဘူး။ အခြေခံအားဖြင့် အခြေအနေအားလုံးကို ကျွန်မ သိထားပြီးပြီ၊ ဒီလူသတ်မှုရဲ့ အခြေအနေကို အရင်ကြည့်ဦးမယ်၊ ပြီးမှ အသေးစိတ်ကို ထပ်ဆွေးနွေးကြတာပေါ့”
ထိုသို့ပြောပြီးနောက် သူမ အိမ်ထဲသို့ ဝင်သွားသော်လည်း အတွင်းခန်းထဲသို့ အလျင်စလို ဝင်မသွားဘဲ အလယ်ခန်းမ၏ အပြင်ဘက်၌သာ ရပ်နေခဲ့သည်။ သူမက အရာအားလုံးကို စေ့စေ့စပ်စပ် ကြည့်နေသော်လည်း သူမ ဘာကို ကြည့်နေမှန်း မည်သူမျှ မသိနိုင်ကြပေ။
လို့ရှီးယန်က တံခါးဘေး၌ တိတ်ဆိတ်စွာ ရပ်နေပြီး အထဲသို့ ဝင်မလာပေ။ သူ့ဘေးတွင် တစ်ချိန်လုံး နှုတ်ဆိတ်နေသော စုလင်း ရှိနေသည်။ ရှန်ယုလန်က မျက်မှောင်ကြုတ်ကာ မေးလိုက်ပြန်သည်။
“စစ်သူကြီးစုက သူပုန်တွေကို နှိမ်နင်းနေတာ မဟုတ်ဘူးလား”
“သူတို့ကို အပြီးတိုင် နှိမ်နင်းလိုက်ပြီ”
လူသေကိုပင် ထပ်မံ အေးခဲသွားစေနိုင်လောက်သော အေးစက်စက် စကားလုံးအချို့ ထွက်ပေါ်လာသည်။ စုလင်း၏ အနက်ရောင် မျက်လုံးတစ်စုံကတော့ ခန်းမအလယ်၌ ရပ်နေသော အမျိုးသမီးဆီသို့ အေးစက်စွာ စိုက်ကြည့်နေဆဲပင်။
‘အဲဒီတစ်ယောက်က လုံးဝကို မိန်းမ မဟုတ်ဘူး... ဒီရက်တွေမှာ ငါတောင်မှ သူမကို မမီနိုင်လုနီးပါး ဖြစ်ခဲ့တာ... အဲဒီလို မိန်းကလေးမျိုး ဘယ်မှာ ရှိနိုင်မှာလဲ’
ရှန်ယုလန်လည်း အံ့အားသင့်သွားသော်လည်း တစ်စုံတစ်ရာကို တွေးလိုက်မိပြန်သည်။
‘သူ့တာဝန် ပြီးသွားပြီဆိုရင် အစီရင်ခံဖို့ နန်းတော်ကို မသွားဘဲ ဒီကို ဘာလာလုပ်တာလဲ’
စုလင်း၏ မျက်နှာတွင် တွေဝေမှုများ ပြည့်နှက်နေပြီး လို့ရှီးယန်၏ မျက်လုံးများကတော့ စိတ်ဝင်တစား ရှိနေပုံရသည်။ ရှန်ယုလန်က သူတို့ကို မေးခွန်းများ ထပ်မမေးတော့ဘဲ ပြန်လှည့်ကာ အလယ်ခန်းမထဲသို့ ဝင်သွားသည်။ ကုယွင်က တံခါးဝ၌ ထိုင်ချလိုက်ပြီး နှစ်ပိုင်းကွဲနေသော သစ်သားတံခါး၏မင်းတုန်းကို သူမ၏လက်ချောင်းထိပ်များဖြင့် ညင်သာစွာ ထိကြည့်ရင်း အသံတိုးတိုးဖြင့် မေးလိုက်သည်။
“အမှုဖြစ်တဲ့နေရာကို ပထမဆုံး ရှာတွေ့တာ ဘယ်သူလဲ”
“သခင်မလေးဝူရဲ့ ကိုယ်ရေးကိုယ်တာ အစေခံ ဖေးအာပါ”
သို့သော် ထူးဆန်းသည်မှာ သူမက အခြားသေဆုံးသူများ၏ အစေခံများနှင့် မတူဘဲ မနေ့ညက သခင်မလေးနှင့်အတူ အိမ်ထဲ၌ ရှိမနေခဲ့ပေ။ သူမက ယနေ့နံနက်မှ သခင်မလေးကို နှိုးရန် ဝင်လာခြင်းဖြစ်သည်။ အချိန်အတော်ကြာအောင် ခေါ်၍မရသောကြောင့် လူများကို ခေါ်ကာ တံခါးကို ဖျက်ဝင်လာမှ အလောင်းကို ရှာတွေ့ခဲ့ခြင်းပင်။
ကုယွင်က တံခါးမင်းတုန်းကို ပြန်ချရင်း မေးလိုက်ပြန်သည်။
“သူမ ဘယ်မှာလဲ”
“ထိတ်လန့်ပြီး မူးလဲသွားတာ ခုထိ ပြန်မနိုးသေးပါဘူး”
၎င်းက ပုံမှန်ပင် ဖြစ်သည်။ အခန်းတွင်း၌ သွေးများ ပြည့်လုနီးပါး ရှိနေပြီး သေဆုံးသူကလည်း ထူးခြားသော ပုံစံဖြင့် သေဆုံးနေခဲ့ရာ သာမန် အမျိုးသမီးများ မဆိုထားနှင့် အမျိုးသားများပင် သည်းခံရန် ခက်ခဲလှသည်။
ကုယွင်၏ မျက်လုံးများက သစ်သားစားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်များဆီသို့ စူးစိုက်ကြည့်နေပြီးမှ ချက်ချင်း ရှေ့သို့ လျှောက်သွားကာ လက်ဖက်ရည်ခွက် တစ်ခွက်ကို ကောက်ယူ၍ အနံ့ခံကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူမက လက်ဖက်ရည်အိုးကို ဖွင့်ကာ အတွင်းမှ လက်ဖက်ရည်များကို လှုပ်ယမ်းကြည့်နေပြီး သူမ၏ အေးစက်သော မျက်လုံးများထဲ၌ အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
ချန်ဟန့်က ဇဝေဇဝါဖြင့် ဘေးနား၌ သွားရပ်ရင်း ပြောပြလိုက်သည်။
“ဒီလက်ဖက်ရည်က ဘာဖြစ်နေလို့လဲ... ကျွန်တော် စစ်ဆေးကြည့်တာတော့ အဆင်ပြေပါတယ်”
အခန်းထဲ၌ လက်ဖက်ရည်အိုး ထားရှိခြင်းက ပုံမှန်သာဖြစ်ပြီး သံသယဖြစ်စရာ တစ်စုံတစ်ရာ မရှိဟု သူ ယူဆထားသည်။
ကုယွင်က နှုတ်ဆိတ်နေပြီး ခွက်အလွတ်နှစ်ခွက်ကို သူ့ဆီသို့ ကမ်းပေးလိုက်သည်။
ချန်ဟန့်က ခွက်များကို လှမ်းယူလိုက်ရင်း သူမကို စိုက်ကြည့်နေပြီးမှ သံသယဖြင့် ခွက်တစ်ခွက်ကို အနံ့ခံလိုက်သည်။ ထိုအနံ့ကို ရှူရှိုက်လိုက်ပြီးနောက် ချန်ဟန့်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး မသုံးရသေးသော အခြားခွက်တစ်ခုကိုပါ ထပ်မံ စမ်းကြည့်လိုက်ပြန်သည်။
ခဏအကြာတွင် ချန်ဟန့်က ကုယွင်ကို ထိတ်လန့်စွာ စိုက်ကြည့်နေလေသည်။
‘ဒီသာမန်ခွက်တွေ တစ်ခုခု မှားနေပြီဆိုတာကို သူမ ဘယ်လို သိသွားတာလဲ... ခွက်တွေ အများကြီး ရှိနေတာကို ဒီခွက်နှစ်ခွက်ပဲ ပြဿနာရှိနေတာကို သူမ ဘယ်လို သိနိုင်တာလဲ’
ချန်ဟန့်က ခွက်နှစ်ခွက်ကို အိတ်ထဲသို့ သေသေချာချာ ထည့်လိုက်ပြီး ကုယွင်၏ နောက်မှ တစ်လှမ်းချင်း ထပ်ကြပ်မကွာ လိုက်ပါသွားတော့သည်။
.......။......။.......
အတွင်းခန်းအတွင်းတွင်....
လုကျင်းက ခုတင်ရှေ့ရှိ အလောင်းအား ပတ်ချာလည် လှည့်ပတ်ကြည့်နေသော လူတစ်ယောက်အား အေးစက်သောလေသံဖြင့် မေးမြန်းနေသည်။
“မင်းက ဘယ်သူလဲ”
တရားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးအနေဖြင့် အမတ်ဝူက အခင်းဖြစ်ပွားရာနေရာကို ပြင်ပလူများအား ဖျက်ဆီးခွင့်မပြုသင့်ကြောင်း ကောင်းစွာသိထားသည်။
‘အခန်းထဲမှာ အလွန်အမင်း ထိတ်လန့်ပြီး ခြေတစ်လှမ်းတောင် မရွေ့နိုင်ဖြစ်နေတဲ့ ဝူလူကြီးမင်းပဲ ရှိနေသင့်တာ မဟုတ်ဘူးလား၊ အဲ့တော့ ဒီလူက ဘယ်သူလဲ?’
ထိုလူက ခေါင်းပြန်လှည့်လာပြီး လက်ခုပ်အုပ်ကာ ပြန်ဖြေလိုက်သည်။
“ဒီငယ်သား... ကျန်းရှင်းက တရားရေးဌာနရဲ့ အရာရှိပါ။ ဝူလူကြီးမင်းက ကျွန်တော့်ကို ဒီကို ခေါ်ထားတာပါ”
ဝူလူကြီးမင်းက သူ့ကို လက်ဝှေ့ယမ်းပြလိုက်ပြီး သူက ဘေးသို့ ရွေ့ကာ နေရာဖယ်ပေးလိုက်သည်။
ကျွော့ချင်းက အတွင်းခန်းထဲသို့ ဝင်လာပြီး လုကျင်း အလောင်း စစ်ဆေးနေသည်ကို မြင်လိုက်ရသဖြင့် အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သွားကာ ချက်ချင်း ရှေ့မတိုးသေးဘဲ ရပ်ကြည့်နေလိုက်သည်။ ထို့နောက် ကျွော့ချင်းက ငုတ်တုတ်ထိုင်ချလိုက်ပြီး လုံးဝပျစ်စေးသွားခြင်း မရှိသေးသော သွေးများကို စစ်ဆေးကြည့်နေပြန်သည်။ အိပ်ခန်းက ကျယ်ဝန်းသော်လည်း သေဆုံးသူက သွေးထွက်များလွန်းသောကြောင့် အိပ်ယာဘေးမျက်နှာပြင်နေရာတိုင်းတွင် သွေးများစွန်းထင်းနေခဲ့သည်။ သေဆုံးသူက ကိုယ်လုံးတီးဖြစ်နေသော်လည်း အခန်းတွင်းကတော့ သပ်ရပ်နေဆဲဖြစ်ကာ ရုန်းကန်ထားသည့် အရိပ်အယောင် အစအနပင် မတွေ့ရချေ။
ကျွော့ချင်း ရုတ်တရက် ရောက်လာပြီး သွေးများကို ထိတွေ့စစ်ဆေးနေသဖြင့် ဘေးနားရှိ ကျန်းရှင်းက ထိတ်လန့်တုန်လှုပ်စွာ မေးလာပြန်သည်။
“မင်း ဘာလုပ်နေတာလဲ”
လုကျင်းက လှည့်ကြည့်လိုက်ပြီး သူ့နောက်မှလူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် လက်ကို အမြန်မြှောက်ကာ လက်သီးဆုပ်အုပ်လျက် တရိုတသေ နှုတ်ဆက်လိုက်သည်။
“သခင်မ”
ကျွော့ချင်းက မတ်တပ်ထရပ်လိုက်ပြီး အသံတိုးတိုးဖြင့် လှမ်းမေးလိုက်သည်။
“မင်းဘက်က အခြေအနေ ဘယ်လိုလဲ”
လုကျင်းက သတိမလွတ်ဝံ့ဘဲ သူ တွေ့ရှိထားသည့် အခြေအနေများကို ချက်ချင်း အမှန်အတိုင်း ဖြေကြားနေသည်။
“သေဆုံးသူက ဒီနေ့ရဲ့ ချုံရှီနဲ့ ရင်ရှီကြားမှာ သေဆုံးသွားတာ ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ တခြားဒဏ်ရာမရှိဘဲ ပြတ်ရှဒဏ်ရာ တစ်ချက်ပဲရှိပါတယ်။ ရင်ဘတ်ထဲက နှလုံးကို ဖယ်ထုတ်သွားပေမယ့် သေဆုံးသူရဲ့ မျက်နှာမှာ ကြောက်ရွံ့မှုတွေ မရှိနေပါဘူး”
(ချုံရှီ - မနက် ၁ နာရီမှ ၃ နာရီ၊ ရင်ရှီ - မနက် ၃ နာရီမှ ၅ နာရီ)
ကျွော့ချင်းက သူ့နံဘေးသို့ ချဉ်းကပ်သွားပြီး ခုတင်ပေါ်ရှိ အမျိုးသမီးအလောင်းကို ငုံ့ကြည့်လိုက်ရာ သေဆုံးသူက သွေးများစွာ ဆုံးရှုံးသွားသဖြင့် အရေပြား ဖြူဖွေးနေသော်လည်း အိပ်ပျော်နေသကဲ့သို့ ငြိမ်သက်နေသည်မှာ အမှန်ပင်ဖြစ်သည်။
ကျန်းရှင်းက ကျွော့ချင်းတစ်ယောက် အေးဆေးတည်ငြိမ်သော မျက်နှာဖြင့် အလောင်းအား လှည့်ပတ်ကြည့်နေသည်ကို အံ့ဩစွာ စိုက်ကြည့်နေသည်။
‘ဒီလို ကြောက်စရာကောင်းတဲ့ အလောင်းကို ရင်ဆိုင်နေရတာတောင် သူမက တည်ငြိမ်နေနိုင်တယ်ပေါ့လေ။ လုကျင်းက သူမကို သခင်မလို့ ခေါ်တယ်။ သူမက လူကြီးမင်းရှန်ရဲ့ မိသားစုဝင်များလား’
ကျွော့ချင်းက သေသေချာချာ စစ်ဆေးနေခဲ့ပြီး သေဆုံးသူ၏ ဝမ်းဗိုက်ကို လက်ဖြင့် ဖြည်းညှင်းစွာ ဖိကြည့်လိုက်ချိန်တွင်တော့ အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူမ၏ မျက်လုံးများက မှေးကျဉ်းသွားပြီး ရုတ်တရက် အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
“လူကြီးမင်းဝူ... ရှင့်သမီးမှာ အိမ်ထောင်ရှိလား”
အခန်းထဲတွင် ရှင်းလင်းပြတ်သားသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။ သူ့သမီး ရုတ်တရတ် သေဆုံးသွားသည့် သတင်းကြောင့် လဲပြိုလုနီးပါး ဖြစ်နေရာမှ ကြိုးစားအားတင်းထားရသော ဝူကျစ်ကန်းက အချိန်အတော်ကြာမှ ပြန်ဖြေနိုင်ခဲ့သည်။
“မရှိဘူး... ရှအာနဲ့ သာသနာရေးဝန်ကြီးဌာနက ဝူရှန်းဟွရဲ့ တတိယသားက လက်ထပ်တော့မှာ။ မင်္ဂလာရက်ကို နောက်သုံးလအကြာလို့ သတ်မှတ်ထားတယ်။ ငါတို့နှစ်ဖက်စလုံးက မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြပေမယ့် ဒီလိုဖြစ်လာမယ်လို့ ဘယ်သိပါ့မလဲ”
‘သူ့သမီးက ဒီလိုမျိုးဖြစ်သွားလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး!’
ကျွော့ချင်းက ခုတင်အစွန်းသို့ လျောက်သွားလိုက်ပြီး အမျိုးသမီး၏ ခြေထောက်များကို ဖြန့်ကြည့်ချင်သော်လည်း ခန္ဓာကိုယ်က တောင့်တင်းနေသဖြင့် သူမဘေးမှ လုကျင်းကို အကူအညီတောင်းလိုက်သည်။
“ခြေထောက်ကို မြှောက်ပေးပါဦး”
လုကျင်းက ရှက်ရွံ့စွာ ခေါင်းညိတ်ပြလာသည်။ သူ ယခင်က အမျိုးသမီးအလောင်း၏ လျှို့ဝှက်အစိတ်အပိုင်းများကို တစ်ကြိမ်မှ မစစ်ဆေးခဲ့ဖူးဘဲ ယခုမှ အမျိုးသမီးတစ်ဦးနှင့် တွဲဖက်ကာ ပထမဆုံးအကြိမ် စစ်ဆေးရခြင်း ဖြစ်သည်။ လုကျင်းက ခေါင်းငုံ့ထားပြီး သေဆုံးသူ၏ ခြေထောက်များကို ညင်သာစွာ မြှောက်ပေးသည်။ အချိန်အတော်ကြာ ခက်ခက်ခဲခဲ စစ်ဆေးပြီးနောက် ကျွော့ချင်းက မေးခွန်းထုတ်ပြန်လာပြန်သည်။
“သခင်မလေးရှအာမှာ နောက်ထပ် ချစ်သူရှိသေးလား”
ထိုစကားကြောင့် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး ဝူကျစ်ကန်း၏ ဒေါသတကြီး အော်ဟစ်သံကြီး ပဲ့တင်ထပ်လာသည်။
“မင်း ဘာတွေပြောနေတာလဲ! ငါ့သမီးက သေသွားပေမယ့် သူ့(မ)ရဲ့အကျင့်စာရိတ္တကို မင်း မေးခွန်းထုတ်လို့ မရဘူး”
ကျွော့ချင်း၏မျက်နှာကတော့ ပုံမှန်အတိုင်းသာ ရှိနေပြီး မလှုပ်မယှက် အေးတိအေးစက်ဖြင့် ကောက်ချက်ဆွဲပေးလိုက်သည်။
“သူ့(မ)မှာ ကိုယ်ဝန်ရှိနေတယ်... လေးလနီးပါး ရှိနေပြီ”
“ဘာ!”
အခန်း ၉၄ အရေးကြီးသော သဲလွန်စများ
“ဘာ!”
ဝူကျစ်ကန်းက ရုတ်တရက် ထရပ်လိုက်ကာ ခန်းဆီး၏ တစ်ဖက်သို့ ပြေးသွားလိုက်သည်။ သူက ကျွော့ချင်းကို လက်ညိုးထိုးကာ ဒေါသတကြီး အော်ဟစ်နေလေသည်။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး! ငါ့သမီးက အကျင့်စာရိတ္တ ကောင်းမွန်ပြီး အပြစ်ကင်းစင်တဲ့သူပဲ။ သူ့(မ)မှာ ကိုယ်ဝန်ရှိနိုင်စရာ အကြောင်းမရှိဘူး။ မင်းက ဘာကြောင့် ဒီလို ကောက်ချက်ချရတာလဲ!”
ကျွော့ချင်း၏ မျက်နှာအမူအရာက ပုံမှန်အတိုင်း တည်ငြိမ်နေဆဲပင်။ သူမက ဝူကျစ်ကန်း၏ စွပ်စွဲနေသော မျက်လုံးများကို တည့်တည့်စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
“သေဆုံးသူရဲ့ ဝမ်းဗိုက်က သိသိသာသာ ဖောင်းနေသလို သူ(မ)က အပျိုလည်း မဟုတ်...”
“ဝမ်းဗိုက်ဖောင်းနေတာနဲ့ ကိုယ်ဝန်ရှိတယ်လို့ ဆိုလိုတာလား? ဒါက ရယ်စရာပဲ!”
ကျွော့ချင်း စကားမဆုံးမီမှာပင် ဝူကျစ်ကန်းက မခံမရပ်နိုင်ဖြစ်ကာ ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
“ရှအာ သက်ရှိထင်ရှား ရှိနေတုန်းက သူ(မ) ဗိုက်နာတယ်လို့ မကြာခဏ ပြောခဲ့ဖူးတယ်။ ဖြစ်နိုင်တာက... တစ်စုံတစ်ရာသော ရောဂါကြောင့်ပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကိုယ်ဝန်ရှိမနေတာတော့ ငါ အသေအချာ အာမခံနိုင်တယ်!”
လက်မထပ်ရသေးသော အမျိုးသမီးငယ်တစ်ဦး အမှန်တကယ် ကိုယ်ဝန်ရှိနေခဲ့လျှင် ၎င်းက မိသားစုဂုဏ်သိက္ခာကို စော်ကားလိုက်ခြင်းဖြစ်ပြီး ဆွေမျိုးစဉ်ဆက်အားလုံး အရှက်ကွဲစေမည် ဖြစ်သည်။ ထိုသို့သာ ဖြစ်ခဲ့လျှင် စေ့စပ်ထားသည့် ဝူမိသားစုကို သူ မည်သို့ မျက်နှာပြရမှန်း သိနိုင်တော့မည်မဟုတ်ပေ။
‘ဒါက မဖြစ်နိုင်ဘူး... ရှအာက လုံးဝ ကိုယ်ဝန် မရှိနိုင်ဘူး!’
ဘေးတွင် ရပ်နေသော ကျန်းရှင်းက ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသတို့ကြောင့် အသက်ရှူမဝဖြစ်နေသော ဝူကျစ်ကန်းကို အမြန် ကူတွဲပေးလိုက်သည်။ ထို့နောက် သူက ကျွော့ချင်းကို မျက်မှောင်ကြုတ်ကြည့်ကာ လေးနက်သောလေသံဖြင့် ဝင်ပြောလာခဲ့သည်။
“ဒီက သခင်မလေး... သူ(မ)ရဲ့ ဝမ်းဗိုက် ဖောင်းနေတာက ဝမ်းဗိုက်ထဲက ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ကြောင့် မဟုတ်ဘဲ အကျိတ်အဖုတွေကြောင့်လည်း ဖြစ်နိုင်တာပဲ။ မင်းရဲ့ အလျင်စလို ပေါ့ပေါ့ပါးပါး ပြောလိုက်တဲ့ ကောက်ချက်က မိန်းမပျိုလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားစေနိုင်တယ်”
ကျွော့ချင်းက သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောဘဲ လုကျင်းဘက်သို့ လှည့်မေးလိုက်သည်။
“လုကျင်း... မင်းရော ဘယ်လိုထင်လဲ”
လုကျင်းက သေဆုံးသူထံသို့ ထပ်မံ ချဉ်းကပ်သွားပြီး သူမ၏ ဝမ်းဗိုက်ကို ခေတ္တမျှ ညင်သာစွာ ဖိကြည့်လိုက်သည်။ သူလည်း ဝမ်းဗိုက်တွင် အကျိတ်ရှိနေသည့် အလောင်းမျိုးကို တစ်ခါမျှ မစစ်ဆေးဖူးသဖြင့် နှိုင်းယှဉ်ရန် နည်းလမ်းမရှိဖြစ်နေခဲ့သည်။ ထို့ကြောင့် အလျင်စလို ကောက်ချက်မချဝံ့ပေ။ သူက အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
“ဝူသခင်မလေးမှာ ကိုယ်ဝန်ရှိ၊ မရှိ သက်သေပြချင်ရင် အလောင်းကို ခွဲစိတ်စစ်ဆေးပြီး မျက်မြင်စစ်ဆေးလိုက်တာက အကောင်းဆုံးပါပဲ”
‘မျက်လုံးနဲ့ မြင်ရတာက ပိုပြီး ယုံကြည်ရတယ်။ သူ့ရဲ့ တင်းကျပ်တဲ့ သဘောထားက မဆိုးပါဘူး’
ကျွော့ချင်းက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး ဒေါသထွက်နေသည့် ဝူကျစ်ကန်းကို လှည့်ကြည့်ကာ အလေးအနက် ရှင်းပြသည်။
“လူတစ်ယောက် သေဆုံးသွားပြီးရင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေက အခြေအနေအမျိုးမျိုး ပြောင်းလဲတတ်တယ်။ တကယ်လို့ အသားအကျိတ်ဆိုရင် သေပြီးနောက်မှာ ပျော့ပြောင်းသွားလိမ့်မယ်။ ဒါပေမယ့် သူ(မ)ရဲ့ ဝမ်းဗိုက်ထဲမှာ ရှိနေတဲ့ သန္ဓေသားကတော့ အသားနဲ့ အရိုးတွေနဲ့ ဖွဲ့စည်းထားတာ၊ အဲ့ဒါကြောင့် ဗိုက်က ဖောင်းနေဦးမှာပဲ။ လုကျင်းပြောသလိုပဲ... ဝမ်းဗိုက်ထဲမှာ ကလေးရှိ၊ မရှိ သေချာချင်ရင်တော့ ခွဲစိတ်စစ်ဆေးကြည့်လိုက်ရင် သိနိုင်ပါလိမ့်မယ်”
“ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
ကျွော့ချင်း၏ စကားကြောင့် ဝူကျစ်ကန်းက စိတ်ပျက်လက်ပျက်ဖြင့် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားခဲ့သည်။
‘ဟုတ်တယ်... ဗိုက်ခွဲကြည့်လိုက်ရင် ကလေးရှိ၊ မရှိ သိနိုင်တာပဲ။ အဲဒီလိုဆိုရင် သူမက ဘာကြောင့် လိမ်ပြောရမှာလဲ။ သူမက ရှအာကို ချောက်တွန်းစရာ အကြောင်းမှ မရှိတာ။ ဒါပေမဲ့ ရှအာက ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရခဲ့တာလဲ... ဘာတွေ ဖြစ်နေတာလဲ’
ဝူကျစ်ကန်း၏ မျက်စိရှေ့မှ အရာအားလုံး မဲမှောင်သွားပြီး သူ ကြမ်းပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားခဲ့ရသည်။
“သခင်ကြီး... အဆင်ပြေရဲ့လား”
ကျန်းရှင်းက လဲကျလုမတတ်ဖြစ်နေသော ခန္ဓာကိုယ်ကြီးကို အမြန် ထိန်းထားပေးလိုက်သည်။ ခေတ္တမျှ မူးဝေနေပြီးနောက် ဝူကျစ်ကန်းက သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်သော်လည်း သူ၏မျက်နှာက စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီး အကြည့်များကလည်း အာရုံစူးစိုက်မှုမရှိဘဲ ခံစားမှုကင်းမဲ့နေသည်။
ရှန်ယုလန်က ခေါင်းယမ်းရင်း ညွှန်ကြားလိုက်သည်။
“ကျန်းရှင်း... မင်းရဲ့ သခင်ကြီး အနားယူနိုင်အောင် အရင်ပြန်ပို့ပေးလိုက်ပါ”
“ဟုတ်ကဲ့”
ကျန်းရှင်းက ဝူကျစ်ကန်း အတွင်းခန်းထဲမှ ထွက်ခွာနိုင်ရန် ကူညီပေးရင်း ခန်းဆီးကို မှီကာ အေးစက်စွာ စိုက်ကြည့်နေသည့် ကုယွင်ကို ဝင်တိုက်မိလုနီးပါး ဖြစ်သွားပြန်သည်။ သူမကို ကြည့်လိုက်မိချိန်တွင် ကျန်းရှင်းလည်း အံ့ဩသွားရသည်။ အနက်ရောင် ဝတ်စုံကို ဆင်မြန်းထားသော ထိုအမျိုးသမီး၏ မျက်လုံးများထဲမှ အေးစက်သောအကြည့်က သူမကို အလွန်အမင်း ထူးခြားစေသည်။ ကျန်းရှင်းက အကြည့် ပြန်လွှဲလိုက်ပြီး ဝူကျစ်ကန်းကို အပြင်သို့ တွဲခေါ်သွားသည်။
ကုယွင်က အတွင်းခန်းထဲသို့ ဝင်လာပြီး ခုတင်ပေါ်ရှိ အလောင်းကို တစ်ချက်မျှသာ ကြည့်လိုက်သည်။ ကျွော့ချင်း ရှိနေသဖြင့် အလောင်းနှင့် ပတ်သက်၍ သူမ စိုးရိမ်နေစရာ မလိုတော့ပေ။ သူမက ပြတင်းပေါက်ဘက်သို့ လျှောက်သွားကာ ပြတင်းပေါက်ကို ပိတ်ထားသော ဆီစိမ်စက္ကူများကို စစ်ဆေးကြည့်နေသည်။ ၎င်းတို့ကို ဖျက်ဆီးဝင်ရောက်ရန် အလွန်ခဲယဉ်းလှသည်။ ဤနေရာက အမှန်တကယ် သီးသန့်ဆန်ပြီး လုံခြုံလှသော အိပ်ဆောင်ဖြစ်သည်။ ကုယွင်က ကြမ်းပြင်ပေါ်တွင် ကျန်ရှိနေနိုင်သော ခြေရာများကို ရှာဖွေရန် ကြမ်းပြင်ကို ငုံ့ကြည့်လိုက်သော်လည်း အတွင်းခန်းတွင် ကော်ဇောထူထူများ ခင်းထားသောကြောင့် သံသယဖြစ်ဖွယ် ခြေရာများကို မတွေ့နိုင်ခဲ့ပေ။
သူမ ကူကယ်ရာမဲ့ ပြန်ထရပ်ရန် ပြင်ဆင်လိုက်သော်လည်း ခုတင်အောက်မှ ဖိနပ်ထားသည့် မဟော်ဂနီသစ်သားပြားပေါ်၌ စွန်းထင်းနေသော အနက်ရောင်အမှုန့်အချို့ကို အမှတ်မထင် တွေ့သွားခဲ့သည်။ သူမ အနီးကပ် သေချာကြည့်လိုက်ရာ ထူးဆန်းသော ပုံစံများရှိသည့် စက်ဝိုင်းပုံ အမှတ်အသားတစ်ခုကို တွေ့လိုက်ရသည်။
‘ဒါက ဘာလဲ’
ထိုအမှတ်အသား၏ ဘေးတွင် ချည်ပန်းထိုးဖိနပ်တစ်ရံ ရှိနေပြီး ခုတင်အစွန်းမှတဆင့် သွေးများ ယိုစီးကျရာမှ ဖြစ်ပေါ်လာသော သွေးအိုင်ကြီးတစ်ခုလည်း ရှိနေခဲ့သည်။ သူမ ပတ်ပတ်လည်ကို စူးစမ်းကြည့်သော်လည်း ဤအရာနှင့် ထပ်တူကျနိုင်မည့် သဲလွန်စကို ရှာမတွေ့ပေ။
‘ဒါက လူသတ်သမား ကျန်ရစ်ခဲ့တာ ဖြစ်နိုင်လား’
ခေတ္တမျှ စဉ်းစားပြီးနောက် ကုယွင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“စာရွက်နဲ့ စုတ်တံ”
“ဒီမှာ... ရပြီ”
သူမ ပြောပြီးသည်နှင့် ချန်ဟန့်က စာရေးကိရိယာများကို ကိုင်ကာ ပြေးလာပြီး သူမဘေး၌ ထိုင်ချလိုက်သည်။ သူလည်း ပန်းထိုးဖိနပ်ဘေးမှ အနီရင့်ရောင် စက်ဝိုင်းပုံ အမှတ်အသားကို တွေ့သွားပုံရသည်။
“ဒါက ဘာလဲ”
ချန်ဟန့် အကြာကြီး စဉ်းစားနေခဲ့သော်လည်း အဖြေရှာမရ ဖြစ်နေသည်။ သူမ စုတ်တံကို အသုံးပြုရ ခက်ခဲနေသဖြင့် ကုယွင်က မျက်မှောင်ကြုတ်ကာ ဘေးမှ ချန်ဟန့်ကို အမိန့်ပေးလိုက်သည်။
“မင်း ကူးဆွဲလိုက်”
ချန်ဟန့်က ကြောင်တောင်တောင်ဖြင့် စာရွက်နှင့် စုတ်တံကို လှမ်းယူလိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက်ချကာ ပုံကူးဆွဲရန် ကြမ်းပြင်ပေါ်၌ အသေအချာ ထိုင်ချလိုက်သည်။
‘ဒီအမျိုးသမီးမှာ ဘယ်သူမှ မခုခံနိုင်တဲ့ စွမ်းအားတစ်ခု ရှိနေတာပဲ။ သူမ ပြောတာကို မလုပ်ပေးဘဲ မနေနိုင်တာ အံ့သြစရာပဲ’
အတွင်းခန်းကို ထပ်မံစစ်ဆေးသော်လည်း အသုံးဝင်သော သဲလွန်စများ မတွေ့ရတော့သဖြင့် ကုယွင်က ရှန်ယုလန်ကို ကြည့်ရင်း လှမ်းပြောလိုက်သည်။
“ရှန်လူကြီးမင်း... ကျွန်မ အရင်အမှုသုံးခုရဲ့ မှတ်တမ်းကို ကြည့်ချင်တယ်။ အဲဒါမှ နေ့လည်ကျရင် ဒီအမှုကို ဆွေးနွေးဖို့ အဆင်ပြေမှာ”
သူမ၏ မျက်လုံးများက ကြည်လင်နေသော်လည်း သွေးရောင်လွှမ်းနေသေးသည်။ ရှန်ယုလန်က သူမကို ကြည့်ရင်း စိတ်မကောင်းဖြစ်နေမိသည်။
‘သူမက မိန်းကလေးတစ်ယောက်ပဲ... ဘယ်လိုဖြစ်လို့ ဒီလောက်ဒုက္ခတွေကို သည်းခံနိုင်ရတာလဲ’
ရှန်ယုလန်က သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။
“ချင်းသခင်မလေး... ကောင်းကောင်း အနားယူလိုက်ပါဦး။ မနက်ဖြန်မနက်မှ ဆွေးနွေးလည်း သိပ်မနောက်ကျပါဘူး”
သို့သော် ကုယွင်က ခေါင်းမာသော အေးစက်စက်လေသံ တုံ့ပြန်လိုက်သည်။
“ကျွန်မ အဆင်ပြေတယ်၊ နေ့လည် သုံးနာရီ... ရှန်းရှီမှာ အကျဉ်းထောင်ဌာနခွဲမှာ ရှင့်ကို စောင့်နေမယ်”
(ရှန်းရှီ - ညနေ ၃ နာရီမှ ၅ နာရီ)
ကုယွင်က ပြောပြီးသည်နှင့် ကြမ်းပြင်ပေါ်၌ ဝပ်တွားနေဆဲဖြစ်သော ချန်ဟန့်ကို ငုံ့ကြည့်ကာ မေးလိုက်ပြန်သည်။
“ဆွဲလို့ ပြီးပြီလား”
ချန်ဟန့်က သူဆွဲထားသော မိတ္တူကို အမှတ်အသားနှင့် နှိုင်းယှဉ်ကြည့်ပြီးမှ “ပြီးပြီ” ဟု ဖြေကာ ပြန်ထရပ်လိုက်သည်။
“ငါ့ကို အမှုမှတ်တမ်းတွေရှိတဲ့ဆီ ခေါ်သွားပေး”
ချန်ဟန့်က တုံ့ဆိုင်းသွားပြီး ရှန်ယုလန်ကို တစ်ချက်ကြည့်သည်။ ရှန်ယုလန်က ခဏမျှ စဉ်းစားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ ချန်ဟန့်က စာရွက်နှင့် စုတ်တံကို သိမ်းဆည်းလိုက်ပြီး ရှေ့မှ ဦးဆောင်လမ်းပြပေးလိုက်သည်။
“ကျွန်တော်နဲ့ လိုက်ခဲ့ပါ”
ကုယွင်က အပြင်သို့ မထွက်မီ သူမ၏နောက်တွင် အလောင်းစစ်ဆေးနေဆဲဖြစ်သော ကျွော့ချင်းကို လှမ်းမေးလိုက်သည်။
“ဒီနေ့ နေ့လည်ခင်းမှာ အလောင်းခွဲစိတ်မှု အစီရင်ခံစာ ပေးရမယ်ဆိုရင် ပြဿနာရှိလား”
ကျွော့ချင်းက ဓားဒဏ်ရာများကို အာရုံစိုက်နေရာမှ ခေတ္တရပ်ရင်း ပြန်ဖြေလိုက်သည်။
“ပြဿနာ မရှိဘူး”
အတိတ်က မရေမတွက်နိုင်သော အမှုများကို အတူလက်တွဲ လုပ်ဆောင်ခဲ့ဖူးသဖြင့် ကျွော့ချင်း၏ ကျွမ်းကျင်မှုကို ကုယွင် ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။ ကုယွင်က စိတ်ကျေနပ်စွာဖြင့် အခန်းထဲမှ ထွက်ခွာသွားသည်။ လို့ရှီးယန်က သူမတို့နှစ်ဦး၏ အပြန်အလှန် နားလည်မှုနှင့် ဆက်ဆံရေးကို တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။ သူ၏ မျက်လုံးများထဲတွင် ခန့်မှန်းရခက်သော အရိပ်အယောင်များ လင်းလက်သွားသော်လည်း စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ပေ။
ကုယွင် အိမ်ခန်းထဲမှ ထွက်လာပြီး မြင့်မားသော အနက်ရောင် အရိပ်ကြီးတစ်ခုကို ဖြတ်ကျော်အသွား သူမ၏ လက်ကောက်ဝတ် နာကျင်သွားရသည်။ သံညှပ်ကဲ့သို့ ခိုင်မာသော လက်များက သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ခြင်းပင်။
ပူလောင်နေသော တစ်ဖက်လူ၏ ခန္ဓာကိုယ် အပူချိန်ကြောင့် သူမ မျက်မှောင်ကြုတ်လိုက်မိစဉ် သူမ၏ နားထဲသို့ ရေခဲထက် ပိုအေးစက်သော အက်ရှရှအသံတစ်ခု စီးဝင်လာသည်။
“မင်း အဲလောက်တောင် သေချင်နေတာလား”
ငါးရက်နှင့် ငါးညတာ ခရီးစဉ်တစ်လျှောက်လုံးတွင် သူမ ညတိုင်း တစ်ရှီးချန် (နှစ်နာရီ) ခန့်သာ မျက်လုံးမှိတ် အနားယူခဲ့သည်။ စစ်တပ်နှင့်အတူ ဆယ်စုနှစ်တစ်ခုကြာ ချီတက်ခဲ့ဖူးသည့် စုလင်းကဲ့သို့ လူမျိုးအတွက်ပင် ဤခရီးက ပင်ပန်းလွန်းလှသည်။
‘သူမက မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘာလို့ အဲလောက် ဇွဲကောင်းနေရတာလဲ’
‘သူက ငါ့လက်ကောက်ဝတ်ကို ချိုးပစ်ဖို့ ကြိုးစားနေတာလား’
သူ၏ ဆုပ်ကိုင်ထားမှုကြောင့် လက်ကောက်ဝတ်မှ စူးရှသော နာကျင်မှုက ငရုတ်ရည်လောင်းခံထားရသလို ပူလောင်လှသည်။ ကုယွင်က မျက်မှောင်ကြုတ်ကာ ဟန်မပျက် ပြုံးလိုက်ရင်း ဒေါသထွက်နေသည့် စုလင်း၏ အေးစက်စက် မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သည်။
“ကျွန်မ အရင်က မသိခဲ့ပေမယ့် အခုတော့ သိလိုက်ရပြီ။ ချုံယွဲ့ရဲ့ စစ်ဗိုလ်ချုပ်ကြီးက အရမ်း ပျင်းနေတာပဲ။ ရှင့်မှာ လုပ်စရာ အလုပ်မရှိဘူးလား”
သူမ ထိုသို့ ပြောလိုက်သည်နှင့် ဘေးမှ ချန်ဟန့်က တံတွေးတစ်ချက် မျိုချလိုက်မိပြီး မသိစိတ်ကြောင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားမိသည်။
‘အို... မိုးနတ်မင်းကြီးရေ... ဒီကလေးမလေးကတော့ သူမအသက်ကို သူမ နှမြောပုံမရတော့ဘူး ထင်ပါရဲ့။ စစ်သူကြီးစုရဲ့ ပွက်ပွက်ဆူနေတဲ့ ဒေါသတွေထဲကို လောင်စာထပ်ထည့်နေပြန်ပါပြီ။ ကြည့်ပါဦး... သူ(မ)က စစ်သူကြီးစုရဲ့ ရင်ဘတ်လောက်တောင် အရပ်မရှိရှာဘူး။ ဒီလောက် သေးသေးသွယ်သွယ် ကိုယ်လုံးလေးကို ဟိုက ဒေါသတကြီးနဲ့သာ ဖျစ်ညစ်လိုက်ရင် အပိုင်းပိုင်းအစစ ကြေမွသွားမှာကို သူမ မကြောက်ဘူးလား’
ချန်ဟန့်က ကုယွင်အတွက် စိုးရိမ်သော်လည်း လို့ရှီးယန်ကတော့ သူ့ရှေ့မှ ပြဇာတ်ကို ကြည့်ရင်း အခိုက်အတန့်ကောင်းလေးတစ်ခုကို ပိုင်ဆိုင်နေပုံရသည်။
‘စုလင်းက အမျိုးသမီးတစ်ဦးရဲ့ လက်ကို ဆုပ်ကိုင်ပြီး “ငဲ့ညှာခြင်း” ဆိုတဲ့ အရိပ်အယောင်နဲ့ အနားယူဖို့ တိုက်တွန်းနေတယ်တဲ့လား။ သူ ဒါမျိုးကို မြင်ဖူးဖို့ မပြောနဲ့ ကြားတောင် မကြားဖူးဘူး။ ချင်းမော့ကတော့ တကယ်ကို ကွဲပြားခြားနားလွန်းတာပဲ’
ကုယွင်ကတော့ စုလင်းကို စိတ်ထဲမှ ကျိန်ဆဲနေလေသည်။ သူမ အမှန်တကယ် ပင်ပန်းနေပြီး သူသာ သူမလက်ကို မလွှတ်ပေးပါက သူမ၏ စိတ် ပြန်လည်လန်းဆန်းလာအောင် တွန်းအားပေးဖို့ အားအင်ရှိတော့မည် မဟုတ်ပေ။
ကုယွင် ရုန်းထွက်တော့မည့် အချိန်တွင် စုလင်းက သူ့လက်များကို ဖြည်လျော့ပေးလိုက်သည်။ သို့သော် သူက ကုယွင်ကို အေးစက်စက် မျက်လုံးများဖြင့် စိုက်ကြည့်နေဆဲပင်။ ကုယွင်က သူ ဘာကို ဆိုလိုချင်မှန်း မသိတော့ဘဲ မေးရန် ပြင်လိုက်သော်လည်း စုလင်းက ဘာကိုမျှ ပြန်လှည့်မကြည့်တော့ဘဲ ဝူအိမ်တော်မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ကုယွင်၏ ဖြူစင်သော လက်ကောက်ဝတ်ပေါ်မှ နီရဲနေသော လက်ငါးချောင်းရာကြီးကသာ စုလင်း၏ ကြမ်းတမ်းမှုကို သက်သေပြရန် ကျန်ရစ်နေခဲ့သည်။
‘ဒီလူက ရူးနေပြီ... ဘာအဓိပ္ပာယ် မရှိဘူး’
........။......။.......
ရှန်းရှီ (ညနေ ၃ နာရီမှ ၅ နာရီ) တွင်...
မှုခင်းအကျဉ်းဌာန၏ စာဖတ်ခန်းအတွင်း...
လူတစ်စုက ကြိုတင်ချိန်းဆိုထားသည့်အတိုင်း အလျှိုလျှို ရောက်ရှိလာကြသည်။ စတုရန်းပုံ စားပွဲနှစ်လုံးကို ပေါင်းထားပြီး စားပွဲပေါ်တွင် မှုခင်းမှတ်တမ်းများ အပြည့် ဖြန့်ခင်းထားသည်။ ထိုင်ခုံများကိုလည်း လေးထောင့်စားပွဲဘေး၌ ပတ်လည် နေရာချထားသောကြောင့် ဤနေရာ၏အခင်းအကျင်းကို ကြည့်လိုက်ရုံဖြင့် ဖန်တီးသူက ကုယွင်ဖြစ်ကြောင်း ကျွော့ချင်း ခန့်မှန်းလိုက်နိုင်သည်။
လို့ရှီးယန်နှင့်အတူ ဝင်လာသော ကျွော့ချင်းက ကုယွင်နှင့် မျက်နှာချင်းဆိုင်နေရာတွင် ဝင်ထိုင်လိုက်သည်။ သူမ ပတ်ဝန်းကျင်ကို ဝေ့ကြည့်သော်လည်း စုလင်းကိုတော့ မတွေ့ရပေ။ သူမ ခပ်ဖျော့ဖျော့ ပြုံးရင်း လှမ်းမေးလိုက်သည်။
“စစ်သူကြီးစုက ဘာလို့ မလာတာလဲ”
ကုယွင်က ကျွော့ချင်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်း အေးစက်စွာ နှာမှုတ်လိုက်သည်။
“ငါ လိုချင်တာ ဘယ်မှာလဲ”
‘ဒီမိန်းကလေး ဒီကို ရောက်လာပြီးတဲ့နောက်ပိုင်း အတင်းအဖျင်းတွေ ပိုပြောတတ်လာတာပဲ။ တွေ့တာနဲ့ စနောက်ဖို့ကိုပဲ အရင်တွေးနေတော့တာ’
ကျွော့ချင်းက ကုယွင်၏ စူးရှသော အကြည့်များကို မမြင်ချင်ယောင်ဆောင်ကာ သူမလက်ထဲမှ စာရွက်ကို ကုယွင်ဆီသို့ လှမ်းပေးလိုက်သည်။
လို့ရှီးယန်က သူမတို့နှစ်ဦး၏ ရင်းနှီးမှုကို အပြုံးဖြင့် ကြည့်နေပြီးမှ သူ၏အကြည့်က စားပွဲပေါ်မှ ထူးဆန်းသော ပုံတစ်ပုံပေါ်သို့ ကျရောက်သွားသည်။ သူ တုံ့ဆိုင်းသွားပြီး ထိုပုံကို ကောက်ကိုင်ကာ အချိန်အတော်ကြာ ကြည့်နေမိသည်။ ထို့နောက် လို့ရှီးယန်က အသံတိုးတိုးဖြင့် ပြောလာခဲ့သည်။
“ဒီအရာက... အရမ်း ရင်းနှီးနေပုံရတယ်”
အလောင်းစစ်ချက် အစီရင်ခံစာကို ဖတ်နေသည့် ကုယွင်က အံ့ဩတကြီး မော့ကြည့်လာသည်။
“ရှင် မြင်ဖူးတယ်လား”
“ဒီပုံစံက နဥ်စွေ့အဆောင်ရဲ့ ရတနာပစ္စည်းတွေနဲ့ အရမ်းဆင်တူတယ်”
“သေချာလား”
ကျွော့ချင်းလည်း အံ့ဩသွားရသည်။
လို့ရှီးယန်က ရယ်မောရင်း ပြန်ပြောလိုက်သည်။
“မင်းလည်း မြင်ဖူးတာပဲလေ။ ကိုယ်တို့ လမ့်ယွဲ့စားသောက်ဆိုင်မှာတုန်းက နဥ်စွေ့အဆောင်က ဒီပုံစံနဲ့တူတဲ့ ကျောက်စိမ်းအဆင်တန်ဆာတစ်စုံကို ပို့ပေးခဲ့ဖူးတယ်”
အမှန်တကယ်တွင် ထိုစဉ်က ကျွော့ချင်း သေသေချာချာ မကြည့်ခဲ့မိပေ။ အစပိုင်းတွင် လို့ရှီးယန်က ထိုကျောက်စိမ်းဆွဲသီးလေးများကို အလွန်စိတ်ဝင်စားနေခဲ့ပြီး ၎င်းပေါ်တွင် မန်ဒရင်ဘဲလေးနှစ်ကောင် ထွင်းထုထားသောကြောင့် သူက သူမကို လက်ဆောင်ပေးချင်ခဲ့သည်။၊ သို့သော်လည်း သူမက မကြိုက်သောကြောင့် လက်လျှော့ခဲ့ရခြင်း ဖြစ်သည်။ ထိုကျောက်စိမ်းဆွဲပြားများက အရည်အသွေးမြင့်ပြီး ထွင်းထုထားပုံကလည်း ထူးခြားနေသဖြင့် သူ့ကို ဆွဲဆောင်နိုင်ခဲ့ခြင်းပင်။
ကျွော့ချင်းက လို့ရှီးယန်၏ မှတ်ဉာဏ်ကို ယုံကြည်နေပြီး ၎င်းက နဥ်စွေ့အဆောင်မှ ရတနာဖြစ်နိုင်သည်ဟု လက်ခံလိုက်သည်။
“တစ်ယောက်လောက် ဝင်လာခဲ့”
ရှန်ယုလန်က သူ၏လက်ထဲမှပုံကို ရုံးတော်အမှုထမ်းတစ်ဦးထံ ပေးလိုက်ပြီး ညွှန်ကြားချက် ထပ်ပေးလိုက်သည်။
“ဒီပုံစံ ကျောက်စိမ်းအဆင်တန်ဆာ ရှိ၊ မရှိ နဥ်စွေ့အဆောင်ကိုသွားပြီး စစ်ဆေးကြည့်လိုက်”
“ဟုတ်ကဲ့”
ထိုရုံးတော်အမူထမ်း ထွက်သွားပြီးနောက် နောက်ထပ် အရာရှိတစ်ဦး တံခါးဝ၌ ပေါ်လာပြီး အသံကျယ်ကျယ်ဖြင့် သတင်းပို့လာသည်။
“လူကြီးမင်း... ဝန်ကြီးချုပ်အိမ်တော်က လူတစ်ယောက် ရောက်လာပြီး ဝန်ကြီးချုပ်ကို တွေ့ဖို့ ခွင့်တောင်းနေပါတယ်”
“သူ့ကို ဝင်ခိုင်းလိုက်”
ရှန်ယုလန်က လို့ရှီးယန်ကို သံသယအရိပ်အယောင်များဖြင့် စိုက်ကြည့်နေပြန်သည်။
ခဏအကြာတွင် ဝန်ကြီးချုပ်အိမ်တော်မှ အစေခံဝတ်စုံဝတ် အမျိုးသားတစ်ဦးက အခန်းထဲသို့ ဝင်လာကာ အရိုအသေပေးလိုက်သည်။
“သခင်... ရှန်လူကြီးမင်း”
လို့ရှီးယန်က အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဘာကိစ္စရှိလို့လဲ”
ထိုလူက လို့ရှီးယန်၏ နံဘေးသို့ လျှောက်သွားကာ စကားအနည်းငယ်ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ လို့ရှီးယန်၏ မျက်နှာက ပုံမှန်အတိုင်း အပြုံးမပျက် ရှိနေသော်လည်း တစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်ဟန် ရှိသည်။
လို့ရှီးယန်က သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းပြလိုက်ပြီး ထိုလူက တရိုတသေ နောက်သို့ ပြန်ဆုတ်ခွာသွားသည်။ လို့ရှီးယန်က ရုတ်တရက် ထရပ်ကာ အပြုံးဖြင့် ပြောလာခဲ့သည်။
“ရှန်လူကြီးမင်း... ဝန်ကြီးချုပ်အိမ်တော်မှာ အရေးကြီးကိစ္စတွေ ရှိနေသေးလို့ ငါ အရင်ပြန်လိုက်ဦးမယ်”
လို့ဝန်ကြီးချုပ်က ဤသို့ အလျင်အမြန် ထွက်သွားရန် ပြင်ဆင်နေသဖြင့် ကြီးကြီးမားမား တစ်ခုခု ဖြစ်နေလိမ့်မည်ဟု ရှန်ယုလန် တွေးမိသွားသည်။ သို့သော် သူက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
“ဝန်ကြီးချုပ်ရဲ့ သဘောအတိုင်းပါပဲ”
လို့ရှီးယန်က ကျွော့ချင်း၏နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်ပြန်သည်။
“ကိုယ် အရင်ပြန်နှင့်မယ်နော်။ ရထားလုံးကို မင်းအတွက် တံခါးအပြင်ဘက်မှာ ထားခဲ့မယ်။ မင်း ကိစ္စတွေပြီးရင် မော့ပိုင်က အိမ်ပြန်ပို့ပေးလိမ့်မယ်”
ကျွော့ချင်းက သူ့ဘက်တွင် တစ်ခုခု ထူးခြားနေသည်ကို သိသိသာသာ ခံစားလိုက်ရပြီး အသံတိုးတိုးဖြင့် ပြန်မေးလိုက်သည်။
“ကျွန်မ ရှင်နဲ့အတူ ပြန်လိုက်ခဲ့ရမလား”
လို့ရှီးယန်က သူမ၏ ပခုံးကို ခပ်ဖွဖွ ပုတ်ပေးလိုက်ပြီး လေးနက်သော အသံဖြင့် ညင်ညင်သာသာ ပြန်နှစ်သိမ့်ပေးလာသည်။
“မလိုပါဘူး... စိတ်မပူနဲ့နော်၊ ဘာမှ မဖြစ်ပါဘူး”
ကျွော့ချင်းက ခေတ္တမျှ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
“အင်း... သတိထားနော်”
“အင်း”
လို့ရှီးယန်က လူတိုင်းကို ခေါင်းညိတ်ပြကာ နှုတ်ဆက်ပြီး ပြန်ထွက်ခွာသွားသည်။ သူ၏ ခြေလှမ်းများက အနည်းငယ် အလျင်လိုနေပုံရသည်။
လို့ရှီးယန်၏ ရုတ်တရက် ထွက်ခွာသွားခြင်းက ကျွော့ချင်းနှင့် ရှန်ယုလန်တို့ကို အသီးသီး တွေးတောစရာ ဖြစ်စေခဲ့ပြီး အခန်းတွင်း၌ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။
“ဒါက စတုတ္ထမြောက် နစ်နာသူ ဖြစ်နေပြီ။ လူသတ်သမားနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကျွန်တော်တို့ မတွေ့ရသေးပေမယ့်၊ သူက ကိုယ်ဝန်ရှိတဲ့သူကိုတောင် အလွတ်မပေးဘဲ သတ်ဖြတ်နေတာ... တကယ့်ကို ရွံရှာစရာကောင်းတဲ့ လူပဲ!”
ချန်ဟန့်က ဒေါသတကြီး စားပွဲကို ရိုက်လိုက်သောကြောင့် တွေဝေနေသော နှစ်ယောက်လုံး တုန်လှုပ်သွားရသည်။ ကုယွင်က အလောင်းစစ်ဆေးမှု အစီရင်ခံစာကို ဖတ်ပြီးနောက် တိတ်ဆိတ်နေသော ရှန်ယုလန်ကို ကြည့်ကာ လှမ်းမေးလိုက်သည်။
“ရှန်လူကြီးမင်း... ရှင်ရော ဘယ်လိုထင်လဲ”
“မိန်းမပျိုလေးတွေရဲ့ အတွင်းဆောင်၊ စန္ဒကူးနံ့သာနံ့၊ ရုန်းကန်ခြင်းမရှိဘဲ ကွယ်လွန်သွားတာ၊ နှလုံးမရှိတော့ဘဲ သွေးထွက်လွန်တာ... ဒီအမှုက အရင်အမှု သုံးခုနဲ့ တော်တော် ဆင်တူနေပေမယ့် အတိအကျတော့ မတူဘူး။ သေဆုံးသူရဲ့ မျက်နှာမှာ ကြောက်ရွံ့တဲ့ အရိပ်အယောင် မရှိဘူး။ အရင်အမှုတွေလို အစေခံက တံခါးဖွင့်ပေးရတာမျိုးလည်း မဟုတ်ဘူး။ ပြီးတော့ ဝူသခင်မလေးမှာ ကိုယ်ဝန်ရှိနေတယ်”
ကုယွင်က မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။ ရှန်ယုလန်က တရားသူကြီးမင်း ဖြစ်ရန် ထိုက်တန်လှပေသည်။ သူက မှုခင်းဖြစ်ပွားရာနေရာ၌ ဘာမျှ မလုပ်ခဲ့ပုံ ပေါ်သော်လည်း ပြဿနာ၏ အရင်းအမြစ်ကို ကြိုတင် မြင်ထားပြီး ဖြစ်သည်။ ကုယွင်က ခေါင်းညိတ်ပြရင်း ပြန်ပြောလိုက်သည်။
“ရှင့်ရဲ့ ထင်မြင်ချက်ကို ကျွန်မလည်း သဘောတူတယ်။ အလောင်းစစ်ဆေးမှု ရလဒ်အရ သေဆုံးသူရဲ့ ရင်ဘတ်က ဒဏ်ရာက အရင်ပုံစံတွေနဲ့ အများကြီး ကွဲပြားနေတယ်။ ဓားဒဏ်ရာရဲ့ အရှည်နဲ့ ပုံစံက မတူကြောင်း ပြသနေတယ်။ အရင်အမှု သုံးခုနဲ့ မတူတဲ့ အဓိကအချက်ကတော့ ဒီသေဆုံးသူက မေ့မျောနေတဲ့အချိန် နှလုံးကို ဖယ်ထုတ်ခံလိုက်ရတာပဲ။ လူသတ်သမားက သူ(မ)ရဲ့ အသိအကျွမ်း ဖြစ်မယ်လို့ ကျွန်မ ယုံကြည်တယ်”
“ဟုတ်တယ်!”
ချန်ဟန့်က အော်ပြောရင်း အဝတ်အိတ်ထဲမှ ကြွေခွက်နှစ်ခွက်ကို ထုတ်ယူလိုက်သည်။
“ကျွန်တော်တို့ ယူလာတဲ့ ခွက်တွေကို ပြန်စစ်ဆေးကြည့်တော့ မူးယစ်စေတဲ့ ဆေးမှုန့်တွေ ပါနေတာကို တွေ့ရတယ်။ ပြီးတော့ အရက်နံ့ သင်းသင်းလေးလည်း ရနေသေးတယ်။ ဆိုလိုတာက ဝူသခင်မလေးက မသေခင် တစ်ယောက်ယောက်နဲ့ သောက်နေခဲ့တာပဲ။ သူ(မ) ကိုယ်ဝန်ရှိနေပြီး အချိန်နှောင်းနေတာတောင် တစ်ယောက်ယောက်နဲ့ သောက်စား စကားပြောနေတယ်ဆိုရင် အဲဒီလူက သူ(မ)နဲ့ ရင်းနှီးပြီးသားသူ ဖြစ်ရမယ်။ သူ(မ)ရဲ့ အစေခံကို မေးကြည့်တော့လည်း ညဘက်တွေမှာ ဝူသခင်မလေးက သူ(မ)ကို ပြုစုခွင့် မပေးဘူးလို့ ပြောတယ်။ အဲဒီတော့ လူသတ်သမားအတွက် တံခါးဖွင့်ပေးတာက ဝူသခင်မလေး ကိုယ်တိုင်ပဲ ဖြစ်ရမယ်။ ပြီးတော့ အဲဒီလူက သူ(မ)ရဲ့ ချစ်သူ ဖြစ်နိုင်တယ်!”
ချန်ဟန့် စိတ်အားထက်သန်နေသည်မှာ သိသာလှသောကြောင့် လုကျင်းက မပြုံးဘဲ မနေနိုင်တော့ပေ။
“မင်း တော်တော် တိုးတက်လာပြီပဲ”
ချန်ဟန့်က အမှတ်မထင် ခေါင်းညိတ်နေမိရင်း စားပွဲပေါ်ရှိ ခွက်နှစ်လုံးကို ပြန်ကြည့်ကာ မနေနိုင်ဘဲ မေးလိုက်ပြန်သည်။
“စကားမစပ်... ကျွန်တော် အမြဲ မေးချင်နေတာ တစ်ခုရှိတယ်။ အဲဒီခွက်နှစ်ခွက်မှာ တစ်ခုခု မှားနေပြီဆိုတာကို မင်း ဘယ်လို သိသွားတာလဲ”
ကုယွင်က တည်တည်ငြိမ်ငြိမ် ရှင်းပြလိုက်သည်။
“ဗန်းထဲမှာ ခွက်ငါးခွက် ရှိတယ်၊ ဒါပေမယ့် အပြင်ဘက်ကို မျက်နှာမူထားတဲ့ ခွက်က နှစ်ခွက်ပဲရှိတယ်။ အဲဒါက အဲဒီနှစ်ခွက်ကိုပဲ သုံးထားတယ်လို့ ညွှန်ပြနေတယ်”
‘အဲဒါက အဲဒီလောက်တောင် ရိုးရှင်းတာလား’
ချန်ဟန့်က ဇဝေဇဝါဖြင့် မေးခွန်းထုတ်လိုက်ပြန်သည်။
“အဲဒါက သူတို့မှာ တစ်ခုခု မှားနေပြီလို့ တန်းပြောနိုင်တာလား”
‘အခန်းထဲမှာ ခွက်တွေထားမှတော့ သုံးထားတဲ့ ခွက်တွေနဲ့ မသုံးထားတဲ့ ခွက်တွေရှိနေတာ ဘာတွေများ ထူးဆန်းနေလို့လဲ! ခွက်ကို တစ်ခုခုအတွက် သုံးလိုက်တာက ဘာမှ မထူးခြားဘူးလေ ဟုတ်တယ်မလား??’
ကုယွင်က သူမ၏ အေးစက်သော မျက်လုံးများကို အနည်းငယ် ပြူးပြလိုက်ရင်း လေးနက်သော မျက်နှာထားဖြင့် ချန်ဟန့်ကို စိုက်ကြည့်ကာ ထပ်ရှင်းပြလိုက်သည်။
“မှုခင်းဖြစ်ပွားတဲ့နေရာကို စစ်ဆေးတဲ့အခါ မြင်မြင်သမျှ အရာတွေအားလုံးက သာမန်ထက် ထူးခြားနေသည်ဖြစ်စေ၊ မထူးခြားသည်ဖြစ်စေ... စုံစမ်းစစ်ဆေးနေတဲ့ အချိန်အတောအတွင်းမှာ ‘သေးငယ်တဲ့ အချက်အလက်’ ဆိုတာ မရှိဘူး။ အဲဒါတွေအားလုံးကို စစ်ဆေးစုံစမ်းရမှာက မင်းတာဝန်ပဲ။ အဲဒီလိုမှပဲ သူတို့မှာ ပြဿနာတစ်ခုခု ရှိ၊ မရှိကို မင်း ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်”
သြရှရှအသံမှာ နားဝင်မချိုသော်လည်း ချန်ဟန့်တစ်ယောက် အကြောင်းပြချက်မရှိ ထိတ်လန့်သွားရပြန်သည်။ ဤကိစ္စအပေါ် ထားရှိသော သူမ၏ သဘောထားက သူ့ကို အရှက်ရစေခဲ့သည်။ ချန်ဟန့်က ခေါင်းညိတ်ပြလိုက်ပြီး သူ့အမှားကို ဝန်ခံလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ”
ရှန်ယုလန်က မည်သူ့ကိုမျှ အလွယ်တကူ မယုံကြည်တတ်သော ချန်ဟန့်ကို တစ်ချက်ကြည့်လိုက်ပြီး ချင်းမော့၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူ ခေါင်းငုံ့ကြည့်လိုက်ချိန်တွင် မြင်လိုက်ရသည်က အလောင်းစစ်ဆေးချက် အစီရင်ခံစာမှ လက်ရေးက လုကျင်း၏ လက်ရေး ဖြစ်နေခြင်းပင်။
‘သူက ဘာကြောင့် အလောင်းစစ်ဆေးမှုကို မှတ်တမ်းတင်ပေးရလောက်တဲ့အထိ စိတ်ဝင်စားသွားရတာလဲ’
(T/n: အစဉ်အလာအရဆိုရင် အရာရှိတွေက အလောင်းကို စစ်ပဲ စစ်ပေးတာပါ၊ နောက်လိုက်တွေက သူတို့ပြောတာကို လိုက်မှတ်ရတာမျိုးပါ၊ အခု လုကျင်းက ကျွော့ချင်းရဲ့နောက်ကနေ လိုက်ပြီးမှတ်တမ်းရေးလို့ ရှန်ယုလန်က ထူးဆန်းနေတာပါ)
ရှန်ယုလန်က အပြုံးဖြင့် မေးလာခဲ့သည်။
“ချင်းသခင်မလေးနှစ်ယောက်... မင်းတို့ အလုပ်သင် လက်ခံဖို့ စိတ်ဝင်စားလား”
‘ချန်ဟန့်နဲ့ လုကျင်းတို့သာ သူမတို့ရဲ့ကျွမ်းကျင်လှတဲ့အရည်အချင်းတွေကို သင်ယူနိုင်ခဲ့မယ်ဆိုရင် သူတို့ဌာနအတွက် ကောင်းမွန်တဲ့ အကူအညီဖြစ်လာလိမ့်မယ်။ အမှုကိစ္စတွေကို ကိုင်တွယ်ရာတဲ့နေရာမှာ ဝန်ကြီးချုပ်အိမ်တော်နဲ့ စစ်သူကြီးအိမ်တော်က ဒီအမျိုးသမီးနှစ်ယောက်ကို အမြဲတမ်း အားကိုးမနေသင့်ဘူး!’
ချန်ဟန့်နှင့် လုကျင်းတို့က တစ်ချိန်တည်း ခေါင်းမော့လာကြပြီး ရှန်ယုလန်ကို ကြောင်တောင်တောင် စိုက်ကြည့်နေကြသည်။
‘လူကြီးမင်းက ဘာကို ဆိုလိုတာလဲ... ဒီမိန်းကလေးနှစ်ယောက်ကို ငါတို့ရဲ့ ဆရာ ဖြစ်စေချင်တာလား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ’
သို့သော် တစ်ဖက်မှ တွေးကြည့်ပြန်လျှင်လည်း သူတို့၏ အရည်အချင်းက သူမတို့ထက် များစွာ နိမ့်ပါးနေသည်မှာ အမှန်ပင် ဖြစ်သည်။ သူတို့ စိတ်ရှုပ်ထွေးနေစဉ်မှာပင် သြရှရှအသံနှင့် ကြည်လင်သောအသံနှစ်ခု တပြိုင်တည်း ထွက်ပေါ်လာသည်။ ထို့အပြင် အေးစက်သော အသံနေအထားကလည်း တူညီနေသေးသည်။
“စိတ်မဝင်စားဘူး” “စိတ်မဝင်စားဘူး”
သူတို့ကိုယ်တိုင်ကလည်း သူများတပည့် မဖြစ်ချင်ကြသော်လည်း တစ်ဖက်က ချက်ချင်း ငြင်းဆန်လိုက်သည့်အချိန်တွင်မူ ခံစားချက် တစ်မျိုးဖြစ်သွားရသည်။ သူတို့၏ အမူအရာများ အေးခဲသွားပြီး ဘာပြန်ပြောရမှန်းမသိဘဲ သူမတို့နှစ်ယောက်ကို ခေတ္တမျှ စိုက်ကြည့်နေမိကြသည်။
ကျွော့ချင်းက သူမ၏ ပါးပြင်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ထိုလူနှစ်ယောက်၏ အကြည့်များကို လျစ်လျူရှုကာ ပျင်းတိပျင်းတွဲ ပြန်ပြောလိုက်သည်။
“သူတို့ ဘယ်လောက် နားလည်နိုင်မလဲ ဆိုတာကတော့ သူတို့ရဲ့ ဉာဏ်အလင်းပေါ်မှာပဲ မူတည်တယ်။ ကျွန်မက တပည့် လက်မခံဘူး”
“ကျွန်မလည်း သဘောတူတယ်”
ကုယွင်ကလည်း ဖိုင်ကို ငုံ့ကြည့်နေရာမှ အေးစက်စွာ ထောက်ခံလိုက်သည်။
‘ဒါက သူမတို့က သူတို့ကို သင်ပေးနိုင်တယ်လို့ ဆိုလိုတာ မဟုတ်လား၊ ဒါပေမယ့် တပည့်အဖြစ်တော့ လက်မခံဘူးပေါ့လေ’
လုကျင်းနှင့် ချန်ဟန့်တို့နှစ်ယောက်သား ဝမ်းသာရမည်လား ဝမ်းနည်းရမည်လားကို မဝေခွဲနိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိကြသည်။ ဆိုလိုသည်မှာ သူမတို့နှစ်ယောက်အား ‘ဆရာ’ ဟု ခေါ်ရန် မလိုအပ်တော့ချေ။ သို့သော် ဆရာဟု ခေါ်ခွင့်မရသည့်အတွက်လည်း စိတ်ထဲ၌ တစ်မျိုး ဖြစ်နေကြသေးသည်။
စာဖတ်ခန်းအတွင်း လေထုက ခဏတာ အုံ့ဆိုင်းသွားသော်လည်း၊ ကံကောင်းထောက်မစွာပင် ယခုန ထွက်သွားသည့် ရုံးတော်အမှုထမ်း ပြန်ရောက်လာပြီး အပြင်မှ လှမ်းခေါ်လိုက်သည်။
“လူကြီးမင်း”
“အထဲ ဝင်ခဲ့”
ရုံးတော်အမှုထမ်းက စားပွဲရှည်ကြီးရှေ့တွင် ရပ်လိုက်ပြီး လေးလေးစားစား အစီရင်ခံနေသည်။
“နဥ်စွေ့အဆောင်ရဲ့ သူဌေးက သူတို့မှာ ဒီပုံစံနဲ့ ကျောက်စိမ်းအဆင်တန်ဆာ တစ်စုံရှိတယ်လို့ ပြောပြလိုက်ပါတယ်။ ဒီပုံစံက နဥ်စွေ့အဆောင်ရဲ့ သခင်က အထူးထွင်းထားတဲ့ ပုံစံတစ်ခုပါ။ လွန်ခဲ့တဲ့ ငါးရက်က ဝူသခင်မလေးက အဲဒီကျောက်စိမ်းတွေကို ဝယ်ယူခဲ့ပြီး ကျောက်စိမ်းဆွဲပြားတစ်စုံပေါ်မှာ တရုတ်ခေါင်းလောင်းပန်းပုံ ထွင်းခိုင်းခဲ့ပါတယ်။ ယမန်နေ့ မွန်းလွဲပိုင်းမှာ ဝူသခင်မလေးက အဲဒီကျောက်စိမ်းဆွဲပြားတွေကို ယူဖို့ နဥ်စွေ့အဆောင်ကို ကိုယ်တိုင် သွားခဲ့ပါတယ်”
“ဒါက နဥ်စွေ့အဆောင်က ကျွန်တော် ရလာတဲ့ ကျောက်စိမ်းဆွဲပြား ပုံစံပါ”
ရုံးတော်အမှုထမ်းက သူ၏ အင်္ကျီလက်ထဲမှ ပုံတစ်ပုံကို ထုတ်ပေးလိုက်သည်။
ရှန်ယုလန်က ထိုပုံကို လှမ်းယူလိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။
“ကောင်းပြီ... မင်း ထွက်သွားလို့ ရပြီ”
“ဟုတ်ကဲ့”
သူ စာရွက်ကို စားပွဲပေါ်သို့ ဖြန့်ချလိုက်ရာ ကျောက်စိမ်းဆွဲပြားတစ်စုံ၏ ရှေ့နှင့်နောက် နှစ်ဖက်စလုံးကို စက်ဝိုင်းပုံစံလေးခုဖြင့် ရှင်းလင်းစွာ ဖော်ပြထားသည်။ အရှေ့ဘက်တွင် ပျော်ရွှင်မှု၏ ပြယုဂ်ဖြစ်သော တူညီသည့် တရုတ်အက္ခရာ "囍" ဟူသော စာလုံးကို ထွင်းထုထားသည်။ နောက်ကျောတွင်မူ ချစ်စရာကောင်းသော မန်ဒရင်းဘဲနှစ်ကောင်ကို ရှိနေပြီး အလွန်ကြည်နူးဖွယ်ကောင်းသော ခံစားမှုကို ပေးစွမ်းနေသည်။
(t/n: မန်ဒရင်းဘဲနှစ်ကောင်က ပျော်ရွှင်သော အိမ်ထောင်သည်စုံတွဲကို ကိုယ်စားပြုပါတယ်)
ခေတ္တမျှ ကြည့်နေပြီးနောက် ချန်ဟန့်က မေးခွန်းထုတ်လာခဲ့သည်။
“ဝူသခင်မလေးရဲ့ အခန်းကို သေချာနှံ့စပ်အောင် ရှာခဲ့ပေမယ့် ဒီကျောက်စိမ်းဆွဲပြားတွေကို မတွေ့ခဲ့ရဘူး။ သူ(မ)က နှစ်ခုလုံးကို တစ်ယောက်ယောက်ဆီ ပေးလိုက်တာလား”
‘ချစ်သူကို ပေးရင်တောင်မှ တစ်ခုပဲ ပေးသင့်တာလေ။ အခုက သူများတွေ အတွက် ဝယ်ပေးလိုက်တာလား???’
လုကျင်းက သူ့မေးစေ့ကို ပွတ်သပ်ရင်း ဝင်ပြောလိုက်သည်။ “ဝူအိမ်တော်က အစေခံတွေရဲ့ အဆိုအရ သခင်မလေးက အားလပ်ရက်တွေမှာတောင် အပြင်ထွက်လေ့မရှိဘူးတဲ့။ အဲဒီတော့ သူ(မ)နဲ့ ဆက်ဆံဖူးတဲ့ ယောက်ျားက အိမ်တော်ထဲကလူပဲ ဖြစ်ရမယ်။ ဝူအိမ်တော်ကို မကြာခဏ ဝင်ထွက်သွားလာနိုင်တဲ့သူ ဖြစ်ဖို့ များတယ်”
ရှန်ယုလန်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
“ချန်ဟန့်... ပန်းချီဆရာတွေကို ဒီကျောက်စိမ်းပုံတွေ ထပ်ဆွဲခိုင်းပြီး အိမ်တော်မှာ ဘယ်သူမြင်ဖူးလဲဆိုတာ လိုက်မေးပါ။ လုကျင်း... မင်းကတော့ သခင်မလေးရဲ့ အနီးကပ် အစေခံတွေကို တိတ်တဆိတ် စုံစမ်းပါ။ သူ(မ) ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိလဲဆိုတာ သေချာသိအောင်လုပ်”
“ဟုတ်ကဲ့”
တစ်လကျော်ကြာမှ ထူးခြားသော သဲလွန်စ ရလာခြင်းဖြစ်၍ ဤတစ်ကြိမ်တွင် လူသတ်သမားကို လွတ်မြောက်ခွင့်ပေးရန် သူတို့ လုံးဝ ဆန္ဒမရှိကြပေ။
ကုယွင်က သူမ ဝတ်ဆင်ထားသော အနက်ရောင်အဝတ်အစားများနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး သူမ၏မျက်နှာက အလွန်ဖြူဖျော့နေသောကြောင့် ကျွော့ချင်းက စိုးရိမ်တကြီး ပြောလိုက်သည်။
“နင် ပင်ပန်းနေတာ ရက်အနည်းငယ် ရှိနေပြီ၊ အရင်ပြန်သွားပြီး အနားယူလိုက်ဦး”
ကုယွင်က အသာတကြည် ခေါင်းညိတ်ပြလာသည်။ သူမ အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်နေပြီး ဆက်လက် တောင့်ခံထားနိုင်စွမ်း မရှိတော့ပေ။ နှစ်ယောက်သား မတ်တပ်ထရပ်လိုက်စဉ် ကျွော့ချင်းက ရှန်ယုလန်ကို ပြုံးပြနှုတ်ဆက်လိုက်သည်။
“ရှန်သခင်ကြီး... ကျွန်မတို့ အရင်ပြန်နှင့်ပါတော့မယ်၊ သတင်းထူးရှိရင် ကျေးဇူးပြုပြီး အကြောင်းကြားပေးပါ”
“ကောင်းပြီ”
ရှန်ယုလန်က တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သော်လည်း ဝေးကွာသွားသော သူမတို့၏ ပုံရိပ်များကို ကြည့်ရင်း သူ၏မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားသည်။
‘ဒီညီအစ်မနှစ်ယောက်က ဟောင်ယွဲ့မှာတုန်းက ဘာတွေလုပ်ခဲ့ကြတာလဲ။ လူသတ်မှုလို ကိစ္စမျိုးတွေနဲ့ ဘာလို့ ဒီလောက် ရင်းနှီးနေကြတာလဲ။ ချင်းဖုန့်ကရော... သူမမှာရော ဘယ်လို အစွမ်းတွေ ရှိနေဦးမှာလဲ’
အကျဉ်းဌာနမှ ထွက်လာသည်အထိ ကုယွင်၏ မျက်နှာ မှိုင်းညို့နေဆဲဖြစ်စေသာကြောင့် ကျွော့ချင်းက မေးမြန်းလိုက်သည်။
“ဘာဖြစ်လို့လဲ... နင် ဒီအမှုအကြောင်းကို တွေးနေတုန်းလား”
ကုယွင်က ခေါင်းခါယမ်းရင်း ပြန်ဖြေလာသည်။
“ငါ စစ်သူကြီးအိမ်တော်ကို ပြန်သွားသင့်၊ မသွားသင့် တွေးနေတာပါ”
စုလင်း ပြန်ရောက်လာပြီဖြစ်ရာ သူ၏ စရိုက်က သူမနှင့် လုံးဝ အဆင်မပြေနိုင်သည်ကို သူမ သိနေခဲ့သည်။
ကျွော့ချင်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“ပြန်သွားရမှာပေါ့”
“ဘာလို့လဲ”
ကုယွင်က နားမလည်ဟန်ဖြင့် ပြန်မေးလာသည်။
‘စုလင်းကြောင့်လေ... အား... ဒါပေမယ့် ငါ ဒါကို အပြင်မှာ ထုတ်ပြောလို့ မဖြစ်ဘူး
’
ကျွော့ချင်းက ချောင်းတစ်ချက် ဟန့်လိုက်ပြီး အကြောင်းပြချက် ပေးလိုက်သည်။
“ဟိုရွှေရောင်ပါကွာ့စက်ဝိုင်းကြောင့်”
‘ဟုတ်သားပဲ..... ဒီကာလတွေအတွင်း ငါ စုလင်းကြောင့် အရမ်းဒေါသထွက်နေရပြီး အဲ့အကြောင်းကို မေ့လုနီးပါးဖြစ်နေခဲ့တယ်။ ချင်းက လို့ရှီးယန်ရှိနေလို့ ပြန်နိုင်သည်ဖြစ်စေ၊ မပြန်နိုင်သည်ဖြစ်စေ အရေးမကြီးတော့ပေမယ့် ငါကတော့ ပြန်သွားရမယ်’
သို့သော် စုလင်းအကြောင်း တွေးမိသည့်အချိန်တွင် ကုယွင်တစ်ယောက် စိတ်ပျက်လက်ပျက် သက်ပြင်းချမိပြန်သည်။
“ငါ အဲ့ဒီလူကြမ်းကြီးနဲ့ တစ်သက်လုံး အတူတူ နေနိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်နေမိတယ်”
“တကယ်လား”
ကျွော့ချင်းက မျက်ခုံးပင့်ကာ စနောက်လိုက်သည်။
“စစ်သူကြီးစုက တော်တော်ဆွဲဆောင်မှု ရှိတယ်လို့ ငါထင်တယ်။ နင်တို့နှစ်ယောက်ရဲ့ လိုက်ဖက်မှုက ပြီးပြည့်စုံလွန်းတယ်ဟ”
‘နှစ်ယောက်သား အတူတူ ယှဥ်ပြီး မတ်တပ်ရပ်လိုက်ရုံနဲ့ မီးပွားတွေ လွင့်ပျံနေပြီ။’
(T/N: အမကြီးချင်းချင်းရေ အမကြီးပဲ Blameလိုက်ပါတော့ အဲ့အတွဲကို)
ကုယွင်၏ စူးရှသော အကြည့်များ ရောက်လာသောကြောင့် ကျွော့ချင်း လက်မြှောက် အရှုံးပေးလိုက်သည်။
“အိုကေ... အိုကေ... ငါ တိတ်တိတ်နေပါ့မယ်။ ပါးစပ်ပိတ်ပြီ”
အိပ်ရေးမဝဖြစ်နေသော ကုယွင်ကို ထပ်မံ ရန်မစသင့်ကြောင်း ကျွော့ချင်း နားလည်နေသေးသည်။ ကုယွင်ကို စစ်သူကြီးအိမ်တော်သို့ ပြန်ပို့ပေးပြီးနောက် ကျွော့ချင်းက မော့ပိုင်ကို အိမ်တော်သို့ အမြန်မောင်းခိုင်းလိုက်သည်။ သူမ၏ စိတ်ထဲ၌ လို့ရှီးယန်အတွက် စိုးရိမ်စိတ်များ ရှိနေခဲ့သည်။
‘ဘာကိစ္စက ရှီးယန်ကို ဒီလောက် အလျင်စလို ပြန်သွားစေခဲ့တာလဲ’