← Chapters

အခန်း (၉၇-၉၈)

Vol. 9 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 9 Ch. 97-98

အခန်း ၉၇ အချဉ်းနှီးဖြစ်သွားတဲ့ ပျော်ရွှင်မှု

ကျန်းရှင်းက သူ့အပြုံးကို ချက်ချင်း ပြန်ထိန်းလိုက်ပြီး ကုယွင်ကို စိုက်ကြည့်ကာ ပြန်မေးလိုက်သည်။

“ငါ ပြောတာက ငါ အဲဒီကျောက်စိမ်းဆွဲပြားကို တစ်ခါမှ မတွေ့ဖူးဘူး။ မင်းတို့ မယုံရင် ရှာကြည့်နိုင်တယ်!”

‘ရှာနိုင်တယ်လို့ ပြောလိုက်တာလား??? ဘာလို့ သူကိုယ်သူ ဒီလောက် ယုံကြည်မှုရှိနေတာလဲ??? ဒါမှမဟုတ် သူ ကြိုတင် ပြင်ဆင်ထားပြီးပြီလား??!’

ကုယွင်၏ အမူအရာကလည်း အေးစက်သွားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။

"ရှာလိုက်!"

ချန်ဟန့်နှင့် လုကျင်းတို့က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်နေကြသည်။ ကုယွင်က အဘယ်ကြောင့် ကျန်းရှင်းကို လူသတ်သမားဟု အခိုင်အမာ ယုံကြည်နေမှန်း သူတို့ နားမလည်နိုင်ဖြစ်နေကာ အံ့သြနေကြသည်။

သို့သော် ကျန်းရှင်းကိုယ်တိုင်က ရှာဖွေရန် သဘောတူထားသဖြင့် သူတို့လည်း ရှာဖွေရတော့မည်ပင်။

သူတို့နှစ်ဦး တစ်ယောက်က ဧည့်ခန်းထဲတွင် ရှာဖွေနေပြီး ကျန်တစ်ယောက်က ကန့်လန့်ကာ ခြားထားသော အတွင်းခန်းထဲ၌ ရှာဖွေနေကြသည်။ ထိုအတောအတွင်း ကျန်းရှင်းက ငြိမ်သက်နေသော်လည်း ကုယွင်၏ စူးရှသော မျက်လုံးများကတော့ သူ့မျက်နှာထက်မှ ဘယ်ကိုမျှ မရွေ့လျားသွားပေ။

ချန်ဟန့်က ဗီရိုအတွင်းမှ အဝတ်အစားများကို လှုပ်ခါလိုက်ရာ အဝတ်များအတွင်းမှ ဖြူဖျော့ဖျော့ အရာတစ်ခု ပြုတ်ကျလာသည်။ ချန်ဟန့်က အံ့သြသွားပြီး လှမ်းဖမ်းရန် လက်ကို အမြန်ဆန့်တန်းလိုက်သော်လည်း ထိုအရာက သေးငယ်သောကြောင့် လက်ထဲမှ ခုန်ထွက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုအရာ မြေပြင်ပေါ်ကျရာမှ ထွက်လာသော အသံက ကြည်လင်ပြတ်သားလွန်းလှသဖြင့် လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်သလို ဖြစ်သွားခဲ့သည်။

ချန်ဟန့်က ထိုပစ္စည်းကို ကောက်ကိုင်လိုက်ပြီး ကျန်းရှင်းကို အားနာဟန်ဖြင့် ပြုံးပြတောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်၊ ငါ မင်းရဲ့ ပစ္စည်းတွေကို လွှတ်ချမိလိုက်တယ်"

သို့သော် သူ့လက်ထဲတွင် ရှိနေသည့်အရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့် ခဏ၌ သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး ကျန်းရှင်းကို စိုက်ကြည့်နေပြန်သည်။

ယခုနအထိ တည်ငြိမ်နေခဲ့သည့် ကျန်းရှင်း၏ မျက်နှာကလည်း တဖြည်းဖြည်း စိမ်းပြာရောင်သို့ ပြောင်းလဲလာသည်။

ချန်ဟန့်၏ လက်ထဲမှ ကျောက်စိမ်းဆွဲပြားကို စိုက်ကြည့်ရင်း ကျန်းရှင်း၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်လာကာ မယုံနိုင်လောက်အောင် ထိတ်လန့်နေပုံရသည်။ သူက တိုးညှင်းသော အသံဖြင့် ရေရွတ်လိုက်သည်။

"ဒါ... မဖြစ်နိုင်ဘူး၊ ငါ... သေချာပေါက်..."

စားပွဲဝိုင်းကို မှီထိုင်နေသော ကုယွင်၏ နှုတ်ခမ်းပေါ်တွင် ခပ်ယောင်ယောင် အပြုံးရိပ်တစ်ခု သန်းနေသော်လည်း သူမ၏ လေသံကတော့ ပို၍ အေးစက်လာသည်။

"မင်း သေချာပေါက် ဖျက်ဆီးပစ်လိုက်ပြီလို့ ထင်နေတာလား? ဘာလို့ တစ်ခု ရှိနေသေးတာလဲလို့ တွေးနေတာလား? ငါ ပြောတာ ဟုတ်တယ်မလား!"

ထိုအေးစက်ပြီး ထက်မြက်သော အမျိုးသမီးကို စိုက်ကြည့်ရင်း ကျန်းရှင်းတစ်ယောက် တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရသည်။ အရာအားလုံးက သူမ တွက်ဆထားသည့် နယ်နိမိတ်အတွင်း ရှိနေပုံရသည်။

‘ဒါက မဖြစ်နိုင်ဘူး! သူမက ဘာလို့ အားလုံးကို ကြိုသိနေတာလဲ? ငါ ပြောမယ့် စကားကိုတောင် ကြိုသိနေတာလား?’’

ကျန်းရှင်း၏ ကြောက်ရွံ့မှုကို မည်သူမဆို ပြတ်ပြတ်သားသား မြင်နိုင်သည်။ လုကျင်းက ချန်ဟန့်ဆီသို့ လျှောက်သွားကာ နို့စိမ်းရောင်ကျောက်စိမ်းဆွဲပြားကို ယူကြည့်လိုက်သည်။ ၎င်းပေါ်တွင် ပျော်ရွှင်နေသော မန်ဒရင်ဘဲပုံများ ထွင်းထားသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ကျန်တစ်ဖက်တွင် ပန်းတစ်ပွင့် ရှိနေသည်။ ၎င်းက စာရွက်ပေါ်ရှိ ပုံစံနှင့် အတိအကျ တူညီနေလေသည်။

ကျန်းရှင်းအပေါ် ကုယွင်၏ ပြင်းထန်သော စွပ်စွဲချက်ကို တွေးကြည့်လျှင် သူမက ကျန်းရှင်း လူသတ်သမားဖြစ်နေသည်ကို အစကတည်းက ဖော်ထုတ်နိုင်ခဲ့ပုံရသည်။

‘ဘာကြောင့်လဲ???!’

လုကျင်းက ကုယွင်ကို လှမ်းမေးလိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ? သူက လူသတ်သမားဆိုတာ ဘယ်လို သေချာသွားတာလဲ?"

ကုယွင်က ဖုံးကွယ်ရန် မကြိုးစားဘဲ သေသေချာချာ ရှင်းပြလိုက်သည်။

"ပထမအချက်က ဝူရှမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ ကြားလိုက်ရတော့ သူ့မျက်နှာက ထိတ်လန့်တကြား ဖြစ်သွားတယ်။ တခြားလူတွေက မယုံနိုင်သလို ဖြစ်နေကြပေမယ့် သူ့လိုတော့ မကြောက်ရွံ့နေကြဘူး။ ဒါကြောင့် သူက အရမ်း သံသယဖြစ်စရာ ကောင်းတယ်။ ဒုတိယအချက်ကတော့ သူ့ဘယ်ဘက် လက်ခလယ်နဲ့ လက်သူကြွယ်မှာ စုတ်တံကို မကြာခဏ ကိုင်တဲ့အတွက် ကျန်ခဲ့တဲ့ အသားမာဖုလေးတွေ ရှိနေတယ်။ အဲဒါကြောင့် သူက ဘယ်သန်ဖြစ်ပြီး ဝူရှရဲ့ ရင်ဘတ်ပေါ်က ဓားဒဏ်ရာကို စစ်ဆေးတဲ့အခါမှာလည်း လူသတ်သမားက ဘယ်သန်ဖြစ်နိုင်ခြေ များတယ်လို့ ရှာတွေ့ခဲ့တယ်"

ချန်ဟန့်က ကုယွင်ကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။ သူမ ထိုနေ့တွင် ကျန်းရှင်းကို အကြိမ်အနည်းငယ်သာ ကြည့်ခဲ့သော်လည်း သူ ဘယ်သန်ဖြစ်သည်ကို အတပ်ပြောနိုင်နေသည်။

‘သူမရဲ့မျက်လုံးတွေက အရာဝတ္ထုတွေ အပေါ်ကို ဖြတ်သွားတဲ့အခါ သေချာခွဲခြမ်းစိတ်ဖြာပြီး အရာတိုင်းကို မှတ်တမ်းတင်ထားနိုင်တာလား? ကြောက်ဖို့ ကောင်းလိုက်တာ! ပြီးတော့ ယုံလည်း မယုံနိုင်ဘူး’

"အဲ့ဒါတွေနဲ့တင် သူက လူသတ်သမားလို့ သက်သေမပြနိုင်သေးဘူး"

ကုယွင် ပြောပြနေသည့်စကားများက အဓိပ္ပါယ်မပြည့်စုံဟု ထင်နေပုံရသော အမျိုးသားတစ်ယောက်၏ ကြမ်းရှရှအသံက အထေ့အငေါ့မရှိ ခပ်တိုးတိုး ထွက်ပေါ်လာသည်။

ကုယွင်က တံခါးဘေးတွင် ငြိမ်သက်စွာ ရပ်နေသည့် အောက်ထျန်းကို တစ်ချက်လှည့်ကြည့်လိုက်ပြီး မျက်ခုံးပင့်ပြလိုက်သည်။ သူမက သူ့အနားသို့ ခြေတစ်လှမ်းချင်း လျှောက်သွားနေပြီး နှစ်ဦးသား တစ်ယောက်ကို တစ်ယောက် ထိလုနီးပါးအထိ နီးကပ်သွားကြသည်။ ကုယွင်က အေးစက်စွာ ရယ်မောရင်း ထပ်ပြောလိုက်သည်။

"ဒါပေမယ့် အဲဒါတွေက ငါ့အတွက် သူ့ကို သံသယဖြစ်စေဖို့ လုံလောက်နေပြီ၊ အဲ့ဒါတွေအပြင် သူ့အိမ်မှာလည်း အလားတူ သက်သေပစ္စည်းတွေ ရှိနေသေးတယ်၊ အဲ့တော့ သူ လူသတ်သမားဆိုတာ ပိုပြီး သေချာသွားတာပေါ့"

ကုယွင်က သူ့ရင်ဘတ်နှင့် တူညီသော အရပ်သာ ရှိနေသည့်တိုင် သူမ၏ချဉ်းကပ်မှုက သူ့အပေါ် ဖိနှိပ်မှုကို ခံစားရစေသောကြောင့် အောက်ထျန်းက သတိလက်လွတ်ဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားခဲ့သည်။ သူ ယခင်က သူမ၏လှပသောမျက်နှာကို စိတ်မဝင်စားခဲ့သော်လည်း ယခုအချိန်တွင် သူမ၏မျက်နှာလေးက အလွန်တောက်ပနေသည်ဟု သူ ခံစားနေရသည်။

ကျွော့ချင်းက သူမ၏မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။

‘အောက်ထျန်းရဲ့ မျက်နှာပေါ်မှာ တောက်ပသွားတဲ့ ထူးဆန်းနေတဲ့ အကြည့်တွေက ယွင်ကြောင့်လား??!’

“အဲဒါက ဘာလဲ”

ချန်ဟန့်က ထိုနေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို သတိမထားမိဘဲ အဖြေကို သိလိုစိတ် ပြင်းပြနေလေသည်။

အောက်ထျန်း နောက်ပြန်ဆုတ်သွားသော်လည်း သူတို့နှစ်ယောက်ကြားမှ အကွာအဝေးက နီးကပ်နေသေးသည်။

‘သူမ ဘာလုပ်ချင်နေတာလဲ??’

အောက်ထျန်း ကုယွင်၏ ရည်ရွယ်ချက်ကို မှန်းဆနေချိန်တွင် ကုယွင်က ထိုင်ချလိုက်ပြီး ချန်ဟန့်နှင့် လုကျင်းတို့ကို ပြုံးပြကာ ဆက်ပြောလိုက်သည်။

“ဒီတံခါးမင်းတုံးကို ရင်းနှီးတယ်လို့ နင်တို့ မထင်ဘူးလား”

ချန်ဟန့်က အလျင်အမြန် ပြေးလာကာ ထိုင်ကြည့်လိုက်ပြီး သူ့မျက်လုံးများ တောက်ပလာသည်။

“ဒီတံခါးမင်းတုံးက ဝူသခင်မလေးရဲ့ အခန်းထဲက တံခါးမင်းတုံးနဲ့ အတူတူပဲ!”

“သေချာကြည့်”

ကုယွင်က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

‘မဆိုးဘူး၊ ဒီကောင်လေးက သင်ပေးလို့ရနိုင်တယ် ’

သေချာစစ်ဆေးပြီးနောက် ချန်ဟန့်က အလောတကြီး ပြန်မေးလိုက်သည်။

“အထစ်တစ်ခု ရှိနေတာလား”

အမှန်တကယ် အထစ်တစ်ခုရှိနေသော်လည်း အလွန်တိမ်သောကြောင့် သေချာမကြည့်လျှင် မမြင်နိုင်ပေ။

“မူခင်းဖြစ်ပွားတဲ့နေရာက အတွင်းဆောင်ရဲ့တံခါးနဲ့ အတူတူပဲ၊ ဒီလိုအရာတစ်ခု ပေါ်လာဖို့ဆိုတာ သူက တံခါးမင်းတုံးကို ကြိုးနဲ့ ဆွဲပြီး ဖွင့်ခဲ့တာ။ သူ အဲ့လို သေချာလုပ်နိုင်ဖို့ သူ့အိမ်မှာ မရေမတွက်နိုင်တဲ့ လေ့ကျင့်မှုတွေ လုပ်ခဲ့တယ်။ သူက သေချာတွက်ချက်ပြီး အထစ်နေရာမှာ ကြိုးချည်ဖို့ ရွေးချယ်ခဲ့တယ်။ ချည်နှောင်ထားတဲ့ ကြိုးရဲ့ အနေအထားက တံခါးမင်းတုံး ကျိုးသွားတဲ့နေရာပဲ”

ကုယွင်က ပြောနေရင်း လုကျင်း၏လက်ထဲမှ ကျောက်စိမ်းဆွဲပြားကို ဆွဲယူလိုက်ပြီး ကြိုးမှ ကိုင်ကာ လှုပ်ယမ်းပြနေသည်။ သူမက ကျန်းရှင်း၏ ရှုပ်ယှက်ခတ်နေသော မျက်လုံးများကို စိုက်ကြည့်ရင်း အေးစက်သောလေသံဖြင့် ထပ်မေးလိုက်သည်။

“ကျန်းရှင်း... မင်းမှာ ဘာပြောစရာရှိသေးလဲ”

‘လူသတ်မှုဖြစ်ပွားခဲ့တဲ့နေရာက ကျောက်စိမ်းဆွဲပြားက သူ့အခန်းထဲမှာ ပေါ်လာမှတော့ သူ ဘာပြောနိုင်ဦးမှာလဲ’

ကျန်းရှင်းက ထိတ်လန့်နေရာမှ သတိပြန်ဝင်လာကာ အသက်ကို ပြင်းပြင်းရှူကာ ပြန်မေးလိုက်သည်။

“ငါ အဲဒီအခန်းထဲကနေ ထွက်လာပြီးတာနဲ့ ကျောက်စိမ်းဆွဲပြားကို သေသေချာချာ ဖျက်ဆီးလိုက်တယ်လေ၊ ဘာလို့ နောက်တစ်ခု ရှိနေသေးတာလဲ”

သူ ကျောက်စိမ်းဆွဲပြားကို ရိုက်ခွဲပြီးနောက် သွေးစွန်းနေသော အဝတ်အစားများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

“ဘာလို့လဲဆိုတော့ မင်း ယူသွားတဲ့အပိုင်းက မင်းကို ဝူရှပေးခဲ့တဲ့ တစ်ခုမဟုတ်ဘဲ သူ(မ)ရဲ့ကိုယ်ပိုင်တစ်ခု ဖြစ်နေလို့ပဲ။ သူ(မ)က ချစ်ခြင်းမေတ္တာသင်္ကေတဖြစ်တဲ့ မန်ဒရင်းဘဲတစ်စုံကို ဝယ်ပြီး တစ်ခုကို မင်းကို လက်ဆောင်ပေးခဲ့တယ်။ ဒါဆို သူ(မ)ဆီမှာ တစ်ခု ကျန်နေရမှာဖြစ်ပေမယ့် အခန်းထဲမှာ ရှာမတွေ့ခဲ့ဘူး။ ဆိုလိုတာက ကျောက်စိမ်းဆွဲပြား နောက်တစ်ခုကို လူသတ်သမားက လုယူသွားခဲ့တာပဲ။ မင်းက အဲဒီကျောက်စိမ်းဆွဲပြားက မင်း ပိုင်တယ်လို့ ထင်ပြီး ကောက်ယူသွားမိတာ။ ပြီးတော့ ဝူရှကို ဆေးခပ်ထားတဲ့ သေရည် သောက်မိအောင် လုပ်နိုင်တာကလည်း သူမရဲ့ချစ်သူပဲ ရှိတယ်။ ငါ ပြောတာ အမှားပါလား ကျန်းရှင်း!”

သူမ၏စကားကို ကြားလိုက်ရချိန်တွင် ကျန်းရှင်းက မိမိကိုယ်မိမိ လှောင်ပြောင်ရယ်မောလိုက်သည်။ ကျောက်စိမ်းဆွဲပြား တစ်စုံရှိနေသည်ကို သူ ယခုမှ သိလိုက်ရခြင်းပင်။ ထိုနေ့က အခင်းဖြစ်ပွားရာနေရာတွင် ပြုတ်ကျကျန်ခဲ့သည်ဟု သူ ထင်ခဲ့ပြီး ပြန်ယူလာခဲ့သော ကျောက်စိမ်းပြားက မိမိကျူးလွန်သည့်အမှုအတွက် သက်သေဖြစ်သွားလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။

‘ဆိုးရွားလိုက်သည့် ကံကြမ္မာ...’

ကျန်းရှင်းက သူ့မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ ကြမ်းပြင်ပေါ်သို့ ပုံရက်သား ထိုင်ချလိုက်သည်။ ၎င်းက အပြစ်ဝန်ခံလိုက်ခြင်းပင်။

လုကျင်းက ဝင်မေးလိုက်သည်။

“တခြား မိန်းကလေးသုံးယောက်ကိုရော မင်း သတ်လိုက်တာလား? ဘာလို့ သတ်လိုက်တာလဲ”

သူက စကားမပြောဘဲ ကြာမြင့်စွာ ငြိမ်နေပြီးမှ ပြန်မော့ကြည့်လာသည်။ သူ၏ ငယ်ရွယ်နုပျိုသော မျက်နှာတွင် မျက်ရည်များ ပြည့်နှက်နေပြီး စကား စပြောလာသည်။

“ကျွန်တော် သူတို့ကို မသတ်ပါဘူး။ တကယ်တော့ ကျွန်တော် ရှအာကိုလည်း မသတ်ချင်ပါဘူး။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ခဲ့ကြတာပါ။ ကျွန်တော်တို့နှစ်ယောက် ကတိတစ်ခု ထားခဲ့ကြတယ်၊ ကျွန်တော်‌ အောင်မြင်မှု နည်းနည်းလောက်ရတဲ့အချိန်အထိ စောင့်ပြီး အဲ့အချိန်ကြရင် ကျွန်တော်နဲ့ ရှအာကို လက်ထပ်ပေးဖို့ လူကြီးမင်းဝူဆီမှာ တောင်းဆိုဖို့ စီစဥ်ထားကြတယ်။ ဒါပေမယ့် ဝူမိသားစုက သူ(မ)ကို လက်ထပ်ဖို့ တောင်းဆိုလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ သူ(မ)က ကျွန်တော့်ကို ဝူလူကြီးမင်းဆီ ချက်ချင်းသွားပြီး လက်ထပ်ခွင့်တောင်းခိုင်းခဲ့တယ်။ မဟုတ်ရင် ကျွန်တော်တို့ ဆက်ဆံရေးအကြောင်း အမှန်အတိုင်း ဖွင့်ပြောမယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ချင်း ထိတွေ့နေတာ ကြာပြီဖြစ်လို့... ဝူမိသားစုဘက်က ဒီကိစ္စကို သိသွားရင် ကျွန်တော့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ အဲဒီတုန်းက သူ့(မ)မှာ ကိုယ်ဝန်ရှိနေမှန်း ကျွန်တော် တကယ် မသိခဲ့ဘူး!! မဟုတ်ရင် ကျွန်တော်.....”

“သူ့(မ)မှာ ကိုယ်ဝန်ရှိနေမှန်း သိရင်တောင် မင်းက သူ့(မ)ကို သတ်မှာပဲ။ ဘာလို့လဲဆိုတော့ မင်း အချစ်ဆုံးသူက မင်းကိုယ်တိုင်မို့လို့ပဲ။ မင်းရဲ့ အနာဂတ်ကို နှောင့်ယှက်ရင် သူတို့ သေရမှာပဲ!”

ကျန်းရှင်း၏ အသံတွင် ရှိုက်ကြီးတငင် ငိုယိုသံများ ပါနေသော်လည်း ကျွော့ချင်းကတော့ မတုန်မလှုပ် ရှိနေဆဲပင်။

‘လူတစ်ယောက်ကို ကိုယ့်လက်နဲ့ကိုယ် သတ်လိုက်ပြီးမှ အခုမှ ငိုပြကာ ချစ်ခြင်းမေတ္တာအကြောင်း ပြောနေရအောင် သူ့မှာ ဘယ်လိုအရည်အချင်းတွေ ရှိနေလို့လဲ။ သူက ခေါင်းလောင်းပန်းလေးလို သန့်စင်တည်ငြိမ်တဲ့ ဝူရှနဲ့ လုံးဝ မထိုက်တန်ဘူး’

“မဟုတ်ဘူး!”

သူက ခပ်တိမ်တိမ်အသံဖြင့် ပြန်ငြင်းနေသည်။ သူ့မျက်လုံးများက ဒဏ်ရာရထားသော တောရိုင်းတိရိစ္ဆာန်ကဲ့သို့ နီရဲနေပြီး ကျွော့ချင်းကို စိုက်ကြည့်ကာ ပြန်ငြင်းဆန်နေသည်။

“ငါတို့က အရမ်းချစ်ခဲ့ကြတာ”

ကျွော့ချင်းက ကရုဏာကင်းမဲ့စွာ ရယ်မောရင်း အခိုင်အမာ ထပ်ပြောလိုက်သည်။.

“နင်သာ သူ့(မ)ကို တကယ်ချစ်ရင် ဘယ်လိုလုပ်ပြီး သူ(မ)ကို နင့်လက်နဲ့ သတ်နိုင်မှာလဲ၊ နင်က နင် တစ်ယောက်ယောက်ကို သတ်လိုက်တယ်ဆိုတဲ့ အချက်ကို ဖုံးကွယ်ဖို့အတွက် သူ့(မ)ကို ရက်စက်တဲ့ နည်းလမ်းနဲ့ သတ်ပစ်ဖို့တောင် ရွေးချယ်ခဲ့တယ်... နင်က အဲဒါကို အချစ်လို့ ခေါ်တာလား?!?”

‘ဒီလိုအချစ်မျိုးက စျေးပေါပြီး ညစ်ပတ်လွန်းတယ်’

.........။..........။.........

မူခင်းအကျဉ်းဌာနတွင်...

လူတစ်စုက စာကြည့်ခန်းရှိ စားပွဲရှည်ကြီးတွင် ထိုင်နေကြပြန်သည်။ အချိန်အတော်ကြာသည်အထိ ဘယ်သူမှ စကားမပြောနိုင် ဖြစ်နေကြပြီး ထိုကိစ္စကို ဖြေရှင်းရန် လွယ်ကူမှုမရှိကြောင်း နားလည်ထားသောကြောင့် လူတိုင်း မျက်မှောင်ကြုတ်နေကြသည်။

စားပွဲရှည်ကြီးပေါ်သို့ တစ်ဝက်လောက် မှီနေသော ချန်ဟန့်က သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်ပြန်သည်။

“နောက်ဆုံးတော့ ခက်ခက်ခဲခဲနဲ့ သဲလွန်စတစ်ခုရလို့ ဒီကိစ္စကို ဖြေရှင်းနိုင်ပြီလို့ ထင်လိုက်မိပေမယ့် ကျွန်တော့်ရဲ့ ပျော်ရွှင်မှုက အချည်းနှီးပါပဲ!”

ကုယွင်က မျက်လုံးပြူးလိုက်ပြီး သူ့ကို ကြိမ်းမောင်းလိုက်သည်။

“ဒီကိစ္စနှစ်ခုမှာ အနည်းဆုံးတော့ ဝူရှရဲ့အမှုကို ဖြေရှင်းပြီးပြီလေ။ ဝူရှအတွက် တရားမျှတမှု ရသွားပြီလို့ မှတ်ယူနိုင်တယ်။ အရာအားလုံးက တစ်ခုပြီးမှ တစ်ခု ဖြေရှင်းရတာပဲ။ မင်း ရည်မှန်းချက် ကြီးလွန်းနေရင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဘာတစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး! ငါ မင်းကို ရှာခိုင်းထားတဲ့ စာရွက်စာတမ်းတွေကိုရော ရှာတွေ့ပြီလား”

ကုယွင် ထိုအကြောင်း ပြောလိုက်သည်နှင့် ချန်ဟန့်တစ်ယောက် စိတ်အားထက်သန်မှုအပြည့် ပြန်ဖြစ်သွားသည်။

“တွေ့ပြီ! အဲဒါကို မရှာကြည့်ရင် သတိထားမိမှာတောင် မဟုတ်ဘူး။ လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း ချုံယွဲ့မှာ ဒီလို နှလုံးခိုးယူတဲ့အမှု နှစ်ခုထက်မက ရှိခဲ့ပေမယ့် လူသတ်မှုတွေကတော့ ဒီလိုမျိုး အတွဲလိုက် မဟုတ်ဘူး။ တချို့အမှုတွေက ဖြေရှင်းပြီးလို့ လူသတ်သမားတွေကို အပြစ်ပေးပြီးပြီ၊ တချို့ကိစ္စတွေကတော့ မဖြေရှင်းရသေးဘဲ အမှုဟောင်းတွေ ဖြစ်နေတုန်းပဲ၊ တကယ်က ဆယ့်သုံးခုလောက် ရှိခဲ့ဖူးတာ!”

သူ ထိုအမှုများကို ရှာဖွေရန် ရုံးတော်မှ အမှုထမ်း တစ်ဒါဇင်ကျော်ကို အသုံးပြုခဲ့ရပြီး တစ်ညလုံး အချိန်ယူခဲ့ရသည်။

မူလက ပျင်းပျင်းရိရိဖြင့် မေးထောက်ထိုင်နေသော ကျွော့ချင်းပင်လျှင် ထိုစကားများကို ကြားပြီးနောက် တက်ကြွလာသည်။

“သေဆုံးသွားတဲ့သူတွေက မိန်းမတွေချည်းပဲလား? သူတို့အားလုံး အတွင်းဆောင်မှာ သေဆုံးပြီး နှလုံးအခိုးခံရလို့ သွေးထွက်လွန်ပြီး သေဆုံးကုန်ကြတာလား? သူတို့မျက်နှာမှာရော ကြောက်ရွံ့နေတဲ့ ပုံသဏ္ဌာန်တွေ ရှိလား?”

ဒါတွေအားလုံးက နှလုံးခိုးယူတဲ့အမှုတွေ ဖြစ်ခဲ့ပေမယ့် သူတို့ကို သတ်ခဲ့တာက လူတစ်ယောက်တည်း မဟုတ်ဘူးလား။

“အင်း၊ သူတို့အားလုံးက အမျိုးသမီးတွေပဲ။ ဒါပေမဲ့ အတွင်းဆောင်မှာ ဖြစ်ခဲ့တဲ့ လူသတ်မှုက နှစ်ခုပဲ ရှိတယ်။ သူတို့နှစ်ယောက်စလုံးက နှလုံးဖောက်ခံရပြီး သွေးထွက်လွန်လို့ သေဆုံးသွားတာ။ ကျန်တာတွေကတော့ သေချာစစ်ဆေးထားတဲ့ စာရွက်စာတမ်း အထောက်အထား မှတ်တမ်းတွေ မရှိတော့ဘူး”

ထိုစာတမ်းများက နေရာအသီးသီးမှ အစီရင်ခံထားခြင်း ဖြစ်ပြီး လူသတ်မှုမှတ်တမ်းများနှင့် အလောင်းစစ်ဆေးခြင်း နည်းလမ်းများကို သေချာ မသိနိုင်တော့ပေ။

ကုယွင်က စားပွဲကို လက်ညှိုးဖြင့် တောက်နေရင်း မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်သည်။

“သူတို့မှာ ဘာတူညီချက်တွေ ရှိသေးလဲ”

“အင်း...”

ချန်ဟန့်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှု မရှိလှပေ။

“အဲဒီတုန်းက အမျိုးသမီး သုံးယောက်က စုမူဖုန်းဆီမှာ ဗျပ်စောင်း သင်ခဲ့ကြတယ်။ ဒါက တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နိုင်တယ်”

ကျွော့ချင်းနှင့် လုကျင်းတို့ နှစ်ယောက်စလုံးကလည်း စိတ်ပျက်လက်ပျက် အမူအရာများ ပြလိုက်ကြသည်။ ကုယွင်ကတော့ စိတ်လှုပ်ရှားဟန်ဖြင့် မေးလာခဲ့သည်။

“စုမူဖုန်းက ဘယ်သူလဲ”

‘သူတို့ပြောတာကို သူမ တစ်ခါမှ မကြားဖူးခဲ့ဘူးလေ’

ကျွော့ချင်းက ရှင်းပြလိုက်သည်။

“သူက ချုံယွဲ့ရဲ့ အကျော်ကြားဆုံး ဗျပ်စောင်းတီးသူပါ။ ဘာမှမထူးခြားဘဲ အေးအေးဆေးဆေး နေတတ်တယ်။ ကျော်ကြားတဲ့ မိသားစုတွေက သခင်လေးတွေ၊ သခင်မလေးတွေ အများကြီးကို ဗျပ်စောင်းတီးတာ သင်ကြားပေးခဲ့ဖူးတယ်။ လက်တလော ကွယ်လွန်သူ သုံးယောက်စလုံးက သူ့တပည့်တွေ။ ဒါပေမယ့် နောက်ဆုံးတစ်ကြိမ်က သူ သွေးလန့်သွားတာကို ငါကိုယ်တိုင် မြင်ဖူးခဲ့တယ်၊ အဲဒါက အတုအယောင် လုံးဝ မဟုတ်ဘူး”

ကုယွင်က ကျွော့ချင်း၏ စစ်ဆေးမှုကို ယုံကြည်နေသော်လည်း ကမ္ဘာပေါ်တွင် တိုက်ဆိုင်မှုဆိုသည့်အရာများ အများကြီး မရှိနိုင်ပေ။ ထို့ကြောင့် အရာအားလုံးကို အတည်ပြုရန် လိုအပ်နေသေးသည်။

ကုယွင်က တည်ငြိမ်စွာ မတ်တတ်ထရပ်လိုက်ပြီး အပြုံးဖြင့် ထပ်ပြောလိုက်သည်။

“သူ့ကို သံသယဖြစ်နေပြီဆိုမှတော့ သူမှာ သွေးလန့်တတ်တဲ့ ရောဂါ ရှိ ရှိ၊ မရှိရှိ ငါတို့ သူ့ကို သွားပြီး စစ်ဆေးသင့်တယ် မဟုတ်ဘူးလား”

အခန်း ၉၈ ထူးဆန်းသော စုမူဖုန်း

စုအိမ်တော်တွင်...

စုမိသားစုက ချုံယွဲ့မြို့တော်၏ အပြင်ဘက်မှ အချမ်းသာဆုံးမြို့ဖြစ်သည့် ရှင်းဖုန်းမြို့တွင် အခြေချနေထိုင်ကြသည်။ ဤအိမ်က မြို့တော်အတွင်းရှိ စုမိသားစု၏ အိမ်တော်ခွဲတစ်ခုသာ ဖြစ်သော်လည်း စုမိသားစုက ဂီတပညာရှင်မျိုးရိုးဖြစ်သည်နှင့်အညီ အဆင့်တန်းရှိရှိ ပြုမူနေထိုင်တတ်ကြသည်။ ဤအိမ်က အိမ်တော်ခွဲများထဲမှ တစ်ခုသာ ဖြစ်သော်လည်း သေသပ်စွာ အလှဆင်ထားပြီး နေရာတိုင်းတွင် ပြေပြစ်အေးချမ်းသော လေထုရှိနေစေရန် ဖန်တီးထားသည်။

ကျွော့ချင်းနှင့် သူမ၏အဖော်များကို ဧည့်ခန်းမထဲသို့ ကြိုဆိုဖိတ်ခေါ်ခဲ့ကြပြီး ထိုနေရာတွင် သစ်တော်ပန်းရနံ့များ သင်းပျံ့နေသောကြောင့် လူတိုင်းကို လန်းဆန်းသွားစေသည်။ နံရံများတွင် မှင်ပန်းချီများစွာ ချိတ်ဆွဲထားသော်လည်း ထိုကားချပ်များက ရှုမျှော်ခင်းများ မဟုတ်ဘဲ နေရာအနှံအပြားမှ အကျော်ကြားဆုံး ဂီတတူရိယာများ၏ ပုံများသာ ဖြစ်နေလေသည်။ ကျယ်ဝန်းသော ခန်းမအတွင်း၌ အခြားသော ရှုပ်ထွေးစေသည့်အရာများ မရှိဘဲ ခန်းမတစ်ခုလုံးက တင့်တယ်နေပြီး သီးသန့်ဆန်သော ခံစားမှုကို ပေးစွမ်းနေသည်။

ကုယွင်ကတော့ ထုံးစံအတိုင်း ခန်းမပတ်လည်ကို လှည့်လည်ကြည့်ရှုနေသည်။ ဤသို့ ချမ်းသာသော မိသားစုမျိုးက သူမတို့ကို အချိန်အကြာကြီး စောင့်ခိုင်းလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူမတို့ဆီသို့ ကြည်လင်ပြတ်သားသော အသံတိုးတိုးလေးတစ်ခု ချက်ချင်း ရောက်လာခဲ့သည်။ နွေဦးတွင် စိမ့်စမ်းရေများ စီးကျနေသကဲ့သို့ တိုးညင်းသောအသံတစ်သံ ထွက်ပေါ်လာသည်။

“ချင်းသခင်မလေး...”

ကုယွင် နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် သူမ၏ စူးရှသောမျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားခဲ့သည်။ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က လေပြေညင်းလေးတစ်ခုကဲ့သို့ ပေါ့ပေါ့ပါးပါး လျှောက်လာနေသည်။ သူ၏မျက်နှာက ချောမောရုံသာမက တည်ငြိမ်သော အမူအရာနှင့် နက်နဲသော မျက်လုံးတစ်စုံက သူ့ကို ထူးခြားထင်ပေါ်နေစေသည်။

သူက လူတိုင်း၏အာရုံကို အလွယ်တကူ ဖမ်းစားနိုင်စွမ်းရှိပြီး ကျွော့ချင်းက ဘာကြောင့် သူ့ကို “ဘာမှမထူးခြားဘဲ အေးအေးဆေးဆေး” ဟု သုံးနှုန်းခဲ့သည်ကို ကုယွင် နားလည်သွားရသည်။ သူ့ကို ဖော်ပြရလျှင် တိမ်တိုက်တစ်ခုကဲ့သို့ ဖြစ်နေပြီး အေးစက်မှုကို ပေးစွမ်းသော်လည်း အရာရာကို လျစ်လျူရှုထားသည့် သီးသန့်ဆန်သော ခံစားချက်ကိုလည်း တစ်ပြိုင်နက်တည်း ပေးနေပြန်သည်။

ကျွော့ချင်းက အပြုံးလေးဖြင့် ခေါင်းညိတ်ပြကာ သူ့ကို ပြန်နှုတ်ဆက်လိုက်သည်။

“သခင်လေးစု... သက်သာရဲ့လား”

စုမူဖုန်းက အပြုံးဖြင့် ပြန်ဖြေလာသည်။

“ကျေးဇူးတင်ပါတယ် မိန်းကလေး၊ ကျွန်တော် အဆင်ပြေပါတယ်”

စုမူဖုန်းက ဧည့်ခန်းထဲတွင် ရပ်နေသော ကုယွင်၏ စူးရှသော အကြည့်များကို လျစ်လျူမရှုနိုင်ဘဲ သူမကို ပြန်ကြည့်ကာ နွေးထွေးကြင်နာသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလာခဲ့သည်။ သို့သော်လည်း သူ့နှုတ်ခမ်းထောင့်စွန်းမှ ထွက်ပေါ်လာသော အပြုံးကတော့ မမြင်နိုင်လောက်အောင် အားနည်းနေခဲ့သည်။

‘ဒီလူက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊သူမှာ ဘာအမူအရာမှ မရှိဘူးလို့ မင်း မတွေးနိုင်ပေမယ့် သူ့ရဲ့စိတ်အားထက်သန်မှုကို ခံစားရဖို့လည်း လုံးဝ မဖြစ်နိုင်ပါဘူး’

ကျွော့ချင်းက မိတ်ဆက်ပေးလိုက်သည်။

“သူ(မ)က ကျွန်မရဲ့ ညီမငယ် ချင်းမော့ပါ။ သူတို့နှစ်ယောက်ကတော့ မူခင်းအကျဉ်းဌာနရဲ့ တရားဝင်အမှုထမ်းတွေပါ”

စုမူဖုန်းက ကျန်လူနှစ်ဦးကို ကြည့်လိုက်ပြီး အေးအေးဆေးဆေး မေးလာခဲ့သည်။

“မင်းတို့အားလုံး ဒီကို လာလည်ကြတာ ဘာကိစ္စရှိလို့လဲ”

လုကျင်းက မတ်တတ်ထရပ်ကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။

“သခင်လေးစုကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်။ အရင်က အမှုတွေမှာ သေဆုံးသွားတဲ့သူတွေက မင်းရဲ့တပည့်တွေ ဖြစ်နေတယ်၊ ဒါကြောင့် ကျွန်တော်တို့မှာ မေးချင်တဲ့ မေးခွန်းတွေရှိနေပါတယ်”

စုမူဖုန်းက နန်းတွင်းအရာရှိ မဟုတ်သော်လည်း သူ၏ ဂုဏ်သတင်းနှင့် ကျက်သရေကြောင့် သူ့ကို လေးလေးစားစား ဆက်ဆံရမည် ဖြစ်သည်။ စုမူဖုန်းက ညင်သာစွာ ခေါင်းညိတ်ပြလိုက်ရင်း ပြန်ပြောလာသည်။

“မင်းတို့နှစ်ယောက် အရမ်းယဥ်ကျေးနေစရာမလိုပါဘူး၊ ကျေးဇူးပြုပြီး မေးစရာရှိတာကိုသာ မေးပါ”

“သခင်လေး... မိန်းကလေးတွေကို နောက်ဆုံး သင်ခန်းစာ သင်ပေးတုန်းက သူတို့နဲ့ ပတ်သက်ပြီး ထူးဆန်းတာတစ်ခုခု တွေ့ခဲ့သေးလား”

“မရှိဘူး”

စုမူဖုန်းက တည်တည်ငြိမ်ငြိမ် တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

“သူတို့ကို ဗျပ်စောင်းတီး သင်ပေးတာ ဘယ်လောက်ကြာပြီလဲ”

“စစ်သခင်မလေးနဲ့ လီသခင်မလေးကို သင်ခန်းစာ သုံးခု သင်ပေးခဲ့ပြီး မင်းသမီးကိုတော့ သင်ခန်းစာ နှစ်ခုပဲ သင်ပေးခဲ့တယ်”

လေးနက်တည်ကြည်သော အသွင်အပြင် ရှိသည့် စုမူဖုန်းက အလွန်ပင် ပူးပေါင်းဆောင်ရွက်လိုဟန်ပြနေပြီး ပြန်မေးနေသေးသည်။

“ကျွန်တော် သင်ပေးတဲ့ ကျောင်းသားစာရင်းကိုရော လိုအပ်သေးလား၊ လိုအပ်ရင် မနက်ဖြန် မနက်စောစော ကျွန်တော့်ရဲ့ အစေခံကို မူခင်းအကျဉ်းဌာနဆီ လွှတ်ပေးလိုက်ပါ့မယ်”

“ဒါကတော့...”

စုမူဖုန်းက အလွန်ပူးပေါင်းဆောင်ရွက်နေသောကြောင့် လုကျင်းပင် အနည်းငယ် အားနာသွားရသည်။

“အဲဒါဆိုရင်တော့ ပြည့်စုံသွားတာပေါ့!”

ကုယွင်၏ အသံက အနည်းငယ် မာထန်နေပြီး သူမက စုမူဖုန်းထံသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားသည်။

“သူတို့ရဲ့ ဆရာတစ်ယောက်အနေနဲ့ သူတို့ရဲ့ သေဆုံးမှုအပေါ်မှာ ဘယ်လိုခံစားရလဲ?”

စုမူဖုန်းက ကုယွင်ကို လှမ်းကြည့်လိုက်သည်။ သူမက ရုံးတော်ကလူ မဟုတ်သော်လည်း သူ ဒေါသထွက်ခြင်း သို့မဟုတ် ရှောင်ထွက်သွားခြင်း မရှိပေ။ သူ၏မျက်နှာက တုန်လှုပ်ခြင်းမရှိ တည်ငြိမ်နေဆဲပင်။

“လူသတ်သမားကို အမြန်ဆုံး ရှာတွေ့နိုင်မယ်ဖို့ မျှော်လင့်ပါတယ်”

ကုယွင်၏ တောက်ပသော မျက်လုံးများက အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခဲ့သည်။ ဤလူ၏ အမူအရာက တည်ငြိမ်လွန်းနေပြီး သူ ဘာတွေးနေသည်ကို ခန့်မှန်းရ ခက်လွန်းလှသည်။ သူမ ပြိုင်ဘက်ကောင်းတစ်ယောက်နှင့် တွေ့နေပုံရသည်ဟု ကုယွင် တွေးနေမိသည်။ သူမက စုမူဖုန်းဆီသို့ တိုးကပ်သွားရင်း ဆက်လက် မေးမြန်းလိုက်သည်။

“လူသတ်သမားရဲ့ လူသတ်နည်းကိုရော မင်း ဘယ်လိုထင်လဲ”

“လူသတ်သမားက ဘယ်လို သတ်လိုက်တာလဲဆိုတာကို ကျွန်တော် မသိဘူး။ အဲဒါကြောင့် ကျွန်တော့်မှာ ဘာထင်မြင်ချက်မှ မရှိပါဘူး”

စုမူဖုန်းက သူ့၏တည်ငြိမ်အေးဆေးသော သဘာဝအတိုင်း အေးအေးဆေးဆေး ပြန်ဖြေနေပြီး သူ၏အဖြေတိုင်းက အပြစ်ကင်းစင်နေပုံ ပေါ်သည်။ ကုယွင်က သူ့အနားသို့ ပိုချဉ်းကပ်နေသောကြောင့် ကျွော့ချင်းတစ်ယောက် မတ်တပ်ထရပ်လိုက်သည်။

‘ယွင်က ဒီနေ့ နည်းနည်း လွန်နေပုံရတယ်’

သို့သော် ကုယွင်က ကျွော့ချင်း ထလာပြီး သူမ၏ စကတ်စကို လှမ်းကိုင်လိုက်မည်ဟု မမျှော်လင့်ထားပေ။ သူမ စုမူဖုန်းကိုသာ အာရုံစိုက်နေမိသဖြင့် ခြေလှမ်းမှားကာ ထိတ်လန့်တကြား ရှေ့သို့ ယိုင်ကျသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမ အလျင်အမြန် တုံ့ပြန်နိုင်ခဲ့ပြီး ပြုတ်ကျမသွားစေရန် စုမူဖုန်း၏ လက်ကို ဆုပ်ကိုင်ကာ သူမကိုယ်ကို ပြန်ထိန်းလိုက်သည်။

တည့်တည့်မတ်မတ် ပြန်ရပ်ပြီးနောက် ကုယွင်က တောင်းပန်စကား ပြောလိုက်သည်။

“ကျွန်မ တောင်းပန်ပါတယ်”

သူမက သူမ၏လက်ကို ပြန်ဖယ်ရန် ပြင်လိုက်ချိန်မှာပင် စုမူဖုန်း၏ လက်မောင်းက အနည်းငယ် တုန်ရီနေသည်ကို ကုယွင် သတိထားမိသွားသည်။ ကုယွင်က မျက်လွှာပင့်ကာ သူ့ကို မော့ကြည့်လိုက်ပြီး အေးစက်တည်ငြိမ်သော သူ့မျက်နှာပေါ်တွင် တမင်ဖုံးကွယ်ထားသော တင်းမာမှုနှင့် ထိတ်လန့်မှုများ ရှိနေသည်ကို သူမ မြင်လိုက်ရသည်။ ကုယွင်က အံ့သြသွားပြီး သူ့လက်ကို ဆက်၍ အမှီပြုထားလိုက်သည်။

ကျွော့ချင်းက သူမ အဆင်ပြေ မပြေ မေးရန် လာနေသည်ကို မြင်လိုက်သည့်အချိန်တွင် ကုယွင်က သူမ၏ခန္ဓာကိုယ်ကို လျှော့ချလိုက်ပြီး စုမူဖုန်းကို မှီကာ ညည်းညူလိုက်သည်။

“ငါ့ခြေထောက် အကြောတင်သွားပုံရတယ်”

ဒါက အကြောတင်သွားတာလား?! မဖြစ်နိုင်ဘူး! တကယ် အကြောတင်သွားရင်တောင် ယွင်က အခြားလူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ပျော့ခွေနေမယ့်လူစားမျိုး မဟုတ်ဘူး။

သူမက သူ့လက်ထဲ၌ တွယ်ကပ်ထားသောကြောင့် စုမူဖုန်း သိသိသာသာ တောင့်တင်းလာသည်ကို ကုယွင် ခံစားနိုင်ခဲ့သည်။ သူက သူမကို သစ်သားကုလားထိုင်ဆီသို့ အတင်းတွန်းပို့လိုက်ပြီး သူ့အသံကလည်း အေးစက်နေလေသည်။

“သခင်မလေး... ထိုင်ပါ”

ကုယွင်၏ မျက်လုံးများထဲတွင် စူးရှသော အလင်းတန်းတစ်ခု လင်းလက်သွားပြီး သူမက သူ့လက်မောင်းထဲသို့ ပို၍ တိုးဝင်နေရုံသာမက သူမ၏လက်များကလည်း သူ့ခါးကို လှမ်းဖက်လိုက်သည်။

“ကျေးဇူးပြုပြီး ကျွန်မကို ကူညီပါ၊ ကျွန်မ အရမ်းနာနေလို့ မလှုပ်နိုင်တော့ဘူး”

စုမူဖုန်းတစ်ယောက် လုံးဝ အားကိုးရာမဲ့ ဖြစ်သွားပြီး ကုယွင်၏ လက်ကို သူ၏ သွယ်လျသော လက်ချောင်းများဖြင့် ဖယ်ထုတ်ရန် ကြိုးစားနေသည်။ အစပိုင်းတွင် တည်ငြိမ်နေသော သူ၏မျက်နှာကလည်း အေးစက်ပြီးရင်း အေးစက်လာသည်။ ထိုအချိန်တွင် တံခါးအပြင်ဘက်မှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

“မင်းတို့ ဘာတွေ ဖြစ်နေတာလဲ! တစ်ယောက်နဲ့တစ်ယောက် အဲလောက်တောင် ပူးကပ်နေရတာလား?!”

သူတို့အားလုံး အသံလာရာသို့ လှမ်းကြည့်လိုက်ပြီး အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက် လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ သူမက နက်ပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို တိမ်ပုံစံ မြင့်မြင့်ထုံးကာ ငွေရောင်ဆံညှပ်များ တပ်ဆင်ထားသည်။ သူမ၏ နုပျိုလှပသော မျက်နှာတွင် ဒေါသရိပ်များ ဖုံးလွှမ်းနေပြီး သူမ၏ ဖီးနစ်မျက်လုံးများက ကုယွင်ကို စိုက်ကြည့်နေသည်။

ရောက်လာသည့်ကို သူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် စုမူဖုန်းက လေးလေးစားစား နှုတ်ဆက်လိုက်သည်။

“ဒေါ်လေးရှင်း...”

“မင်း ခြေချင်းဝတ်က နာနေတယ် မဟုတ်လား၊ ငါ ကူညီပေးမယ်”

ထိုအမျိုးသမီးက သူ့ကို မကြည့်ဘဲ ကုယွင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ ပြောပြောဆိုဆိုဖြင့် ကုယွင်၏ လက်မောင်းကို ကိုင်ကာ စုမူဖုန်းထံမှ အကြမ်းပတမ်း ဆွဲထုတ်လိုက်သည်။ သူမ ဆွဲလိုက်သည့် အင်အားက ပြင်းထန်လွန်းသဖြင့် ကုယွင်တစ်ယောက် မျက်မှောင်ကြုတ်သွားရသည်။

သူမက ကုယွင်ကို စုမူဖုန်းနှင့် အဝေးဆုံး ထိုင်ခုံဆီသို့ ဆွဲခေါ်သွားပြီး ပစ်ချသလို ထိုင်ခိုင်းလိုက်သည်။ ကုယွင်က ထို “ဒေါ်လေးရှင်း” ဆိုသူကို အမူအရာမဲ့စွာဖြင့် ဂရုတစိုက် စောင့်ကြည့်နေသည်။

အမျိုးသမီး၏ ဖီးနစ်မျက်လုံးများက ချန်ဟန့်နှင့် လုကျင်းကို တစ်ချက်ကြည့်လိုက်ပြီး စိတ်မရှည်ဟန်ဖြင့် မေးခွန်းထုတ်လာခဲ့သည်။

“မင်းတို့မှာ မေးစရာတွေ ကျန်သေးလား? ရှိရင်လည်း မြန်မြန်ပြော! မူဖုန်းမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်!”

ချန်ဟန့်နှင့် လုကျင်းတို့က ကျွော့ချင်းကို လှမ်းကြည့်လိုက်ကြသည်။ ကျွော့ချင်းက သူတို့ကို ညင်ညင်သာသာ ခါယမ်းလိုက်ပြီး ဆက်မမေးရန် အချက်ပြလိုက်သည်။ ထိုအချိန်တွင် ကုယွင်က ရုတ်တရက် ထရပ်ကာ တောက်ပသော အပြုံးဖြင့် ဝင်ပြောလိုက်သည်။

“ငါတို့မှာ မေးစရာ မရှိတော့ပါဘူး။ အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်၊ သွားလိုက်ပါဦးမယ်၊ နှုတ်ဆက်ပါတယ်”

ကုယွင်က ထိုစကားကို ပြောပြီးနောက် တံခါးဆီသို့ အေးအေးဆေးဆေး လျှောက်သွားနေသည်။ သူမ၏ ခြေဖဝါးများကလည်း အနည်းငယ်မျှပင် နာကျင်နေပုံ မရတော့ပေ။

သူမတို့ လူတစ်စု စုအိမ်တော်မှ ထွက်ခွာလာချိန်တွင် အပြင်ဘက်၌ မှောင်ရိပ်သန်းနေသော တိမ်တိုက်များ ဖုံးလွှမ်းနေပြီ ဖြစ်သည်။ သူတို့၏ မျက်လုံးထဲတွင် အနီရောင်တောက်တောက် တိမ်ရောင်စုံတို့က အိပ်မက်တစ်ခုလို လှပလွန်းနေသော်လည်း ထိုလှပမှုက ခဏတာပင်။ မကြာခင် နေဝင်သွားသည်နှင့် အမှောင်ထုက ထိုတောက်ပမှုအားလုံးကို ဝါးမြိုသွားတော့မည် ဖြစ်သည်။

ချန်ဟန့်က သူ့ခါးကို ဆန့်လိုက်ရင်း စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။

“အလုပ်များတဲ့ နေ့ခင်းအချိန်တွေက အလကား ဖြစ်သွားပြီပဲ!”

“အဲဒီလိုတော့ မဟုတ်ဘူး”

ကျွော့ချင်းက ရုတ်တရက် လေးနက်သောလေသံဖြင့် စကားတစ်ခွန်း ပြောလိုက်သည်။ ချန်ဟန့်က လှည့်ကြည့်လိုက်ပြီး ကျွော့ချင်းနှင့် ကုယွင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်ကို သူ တွေ့လိုက်ရသည်။ သို့သော် နှစ်ယောက်စလုံးက ဘာမှထပ်မပြောဘဲ ပေါ့ပေါ့ပါးပါးသာ ပြုံးနေကြသည်။ ချန်ဟန့်က မေးရန် ပါးစပ်ဟလိုက်သော်လည်း လုကျင်းက သူ့ပခုံးကို ပုတ်ကာ တားဆီးလိုက်သည်။

“ငါတို့ ပြန်ရောက်မှ ပြောကြတာပေါ့”

..........။..........။..........

မူခင်းအကျဉ်းဌာန၏ ရုံးတော်တွင်...

သူတို့ ရုံးတော်သို့ ပြန်ရောက်လာကြပြီး ကုယွင် ထိုင်ပင်မထိုင်ရသေးမီ ချန်ဟန့်က စိတ်မရှည်စွာဖြင့် သူမကို ကြည့်ကာ မေးမြန်းနေပြန်သည်။

“စုမူဖုန်းက တစ်ခုခု မှားနေတာလား?”

ချင်းမော့ထံတွင် ထူးဆန်းသော စွမ်းရည်ရှိသည်ဟု သူ ခံစားနေရသည်။ သူမက လူတစ်ယောက်၏ မျက်နှာကို ကြည့်ရုံဖြင့် အမှားအယွင်း ရှိ၊ မရှိ ပြောနိုင်သည်မှာ အလွန်အံ့ဩဖို့ ကောင်းလှသည်။ အကယ်၍ သူမက သူ့ကို သင်ပေးမည်ဆိုလျှင် သူ့ထက် ငယ်သော်လည်း ဆရာဟု ခေါ်ရန် သူ ဝန်လေးနေမည် မဟုတ်ပေ။

ကုယွင်က သစ်သားကုလားထိုင်ပေါ်တွင် အေးအေးဆေးဆေး ဝင်ထိုင်လိုက်သည်။ သူမက စားပွဲပေါ်ရှိ ကြွေရေအိုးကို ဖြည်းညှင်းစွာ မယူပြီး ရေတစ်ခွက် ငှဲ့လိုက်သည်။ ထိုခွက်ကို ကျွော့ချင်းအား လှမ်းပေးလိုက်ပြီး နောက်ထပ် ခွက်တစ်လုံးကို ကောက်ယူလိုက်ပြန်သည်။ ချန်ဟန့်က မစောင့်နိုင်တော့ဘဲ ကြွေရေအိုးကို သူကိုယ်တိုင် ယူပြီး ကုယွင်အတွက် ရေငှဲ့ပေးနေရင်း ထပ်မေးလိုက်သည်။

“သူ တစ်ခုခု မှားနေတာလား?”

“ဟုတ်တယ်”

သူ အလွန် စိတ်အားထက်သန်နေသဖြင့် ကုယွင်က သူ့ကို ဆက်ပြီး မလှည့်စားချင်တော့ပေ။

“သူက လူသတ်သမားလား?”

ချန်ဟန့်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။ လုကျင်းကလည်း အံ့သြသွားပုံရပြီး ကုယွင်ကို စိုက်ကြည့်နေသည်။

‘ဒီနေ့ ဘာတွေဖြစ်ခဲ့သလဲ။ သူတို့က ဘာကြောင့် ဘာအမှားအယွင်းမှ မတွေ့ခဲ့ရတာလဲ’

“မသိဘူး”

ကုယွင်က ရိုးရိုးသားသား ခေါင်းခါပြလိုက်သည်။ စုမူဖုန်းတွင် ပြဿနာတစ်ခုခု ရှိနေသည်ဟု သူမ ပြောနိုင်သော်လည်း သူက လူသတ်သမားဟုတော့ အတိအကျ မပြောနိုင်သေးပေ။

ချန်ဟန့်နှင့် လုကျင်းတို့က ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြပြန်သည်။

‘စုမူဖုန်းက တစ်ခုခုမှားနေတယ်လို့ သူမပဲ ပြောခဲ့တာ မဟုတ်ဘူးလား??!’

‘သူတို့က ယွင်ကို မျက်စိစုံမှိတ် ကိုးကွယ်ကြတာပဲ!!!’

ကျွော့ချင်းက ရယ်မောရင်း ဝင်မေးပေးလိုက်သည်။

“သူက ဘာဖြစ်နေလို့လဲ”

ကုယွင်က သူမ၏ခွက်ထဲမှ ရေကို အကုန်သောက်လိုက်ပြီး ခွက်ကို ချန်ဟန့်အား ပြန်ပေးကာ ပခုံးတွန့်ရင်း ပြန်ဖြေလိုက်သည်။

“မိန်းကလေးတွေအပေါ်ထားတဲ့ သူ့ရဲ့ သဘောထားက အရမ်း ထူးဆန်းနေတယ်။ သူ့အဒေါ်ကလည်း အရမ်း ထူးဆန်းနေပြန်တယ်!”

“ဒါပဲလား?!”

ရေထပ်ငှဲ့ပေးနေသည့် ချန်ဟန့်က အရှက်မရှိသော အပြုံးဖြင့် ပြောလာပြန်သည်။

“ကျွန်တော်ဆိုရင်လည်း နှိမ့်ချတတ်တဲ့ လူကြီးလူကောင်းမို့ ကျွန်တော့်ရင်ခွင်ထဲကို မိန်းကလေးတစ်ယောက် ရုတ်တရက် ပစ်ဝင်လာရင် အဲဒီမိန်းကလေးနဲ့ ခပ်ဝေးဝေးကို အလိုလို ရှောင်လိုက်မိမှာပါ”

‘အခုနက သူမ တော်တော်လွန်သွားတယ် မဟုတ်ဘူးလား၊ စုမူဖုန်းက တကယ်ကို ပြေပြစ်တည်ငြိမ်တဲ့ စိတ်ထားရှိပေမယ့် သူမ အရမ်း စိတ်မရှည် ဖြစ်နေခဲ့တယ်။ ပြီးတော့ သူမက စစ်သူကြီးစုရဲ့ မိသားစုဝင် ဖြစ်နေပြီလေ၊ နှိုင်းယှဉ်ကြည့်ရင် စစ်သူကြီးစုရဲ့ အေးစက်မာနကြီးတဲ့ ယောက်ျားပီသမှုက စုမူဖုန်းထက် ပိုပြီး ဆွဲဆောင်မှု ရှိလိမ့်မယ်’

ကုယွင်က ချန်ဟန့်ကို အေးစက်သော မျက်လုံးမှေးမှေးများဖြင့် ကြည့်ရင်း လေးနက်သောလေသံဖြင့် မေးလိုက်သည်။

"သူက ယဉ်ကျေးပြတာမျိုး၊ ဖယ်ခွာချင်တာမျိုးတွေနဲ့ ရှက်ရွံ့တာ၊ စက်ဆုပ်တာတွေကို ပြသရင် ငါ နားလည်နိုင်တယ်။ ဒါပေမယ့် သူက ဘာကြောင့် ထိတ်လန့် သွားရတာလဲ? အဲဒါက မထူးဆန်းဘူးလား?"

"ထိတ်လန့်တယ်? အဲဒါက အရမ်းသိသာလို့လား?!"

ချန်ဟန့်က တကယ်ကို မမြင်လိုက်မိပေ။ သူက ထိုအချိန်တုန်းက စုမူဖုန်း၏ အမူအရာကို ပြန်တွေးရန် ခက်ခက်ခဲခဲ ကြိုးစားနေပြီး လုကျင်းက ဖြတ်မေးလိုက်ပြန်သည်။

"သူ ထိတ်လန့်နေတယ်ဆိုတာက ဘာကို ဆိုလိုတာလဲ"

"မသိဘူး"

သူမ ထိုသို့ ပြောလိုက်သော်လည်း ကုယွင်၏မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားခြင်း မရှိပေ။ သူမ ထိုထိတ်လန့်တကြား ဖြစ်သွားသည့် စိတ်ခံစားချက်ကို မြင်နိုင်ခဲ့သော်လည်း အကြောင်းအရင်းကိုတော့ အမှန်တကယ် မရှင်းပြနိုင်သေးပေ။

ကုယွင်က ကျွော့ချင်းကို တစ်ချက်ကြည့်လိုက်ပြီး ကျွော့ချင်းက ရေခွက်ကို နှုတ်ခမ်းဝ၌ တေ့ထားသော်လည်း ရေမသောက်သေးဘဲ တစ်ခုခုကို အလေးအနက် တွေးတောနေလေသည်။ ကုယွင်က အသံတိုးတိုးဖြင့် လှမ်းမေးလိုက်သည်။.

"နင် တစ်ခုခု စဉ်းစားနေတာလား?"

ကျွော့ချင်းက ခွက်ကို ဖြည်းညှင်းစွာ ပြန်ချရင်း သူမ တွေးနေသည့်အရာကို ပြောပြလိုက်သည်။

"ရှီးဝူ တိုက်ခိုက်ခံရတဲ့နေ့က သူ(မ) စုမူဖုန်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ရှိခဲ့တယ်။ ပြီးတော့ အဲဒီညမှာပဲ တစ်ခုခု ဖြစ်ခဲ့တာကို ငါ ပြန်တွေးနေတာ"

အစပိုင်းတွင် သူမ ထိုအရာကို ဂရုမစိုက်ခဲ့သော်လည်း ကုယွင်က စုမူဖုန်း၏ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုအပေါ် တုံ့ပြန်ပုံကို ပြောလာသောအခါ စုမူဖုန်းက အခြားသူများ၏ ထိတွေ့မှုကို မကြိုက်ပုံရပြီး အထူးသဖြင့် အမျိုးသမီးများအပေါ် လွန်လွန်ကဲကဲ တုံ့ပြန်သည်ဟု သူမ ခံစားလိုက်ရသည်။

ကျွော့ချင်း ပြောပြီးသည်နှင့် ချန်ဟန့်က ချက်ချင်း ထရပ်လိုက်ကာ အော်ပြောလိုက်ရင်း တံခါးအပြင်သို့ ဝှီးခနဲ ထွက်ပြေးသွားတော့သည်။

"အဲဒါကို အခုချက်ချင်း သွားစစ်ဆေးကြည့်လိုက်မယ်!"

ကုယွင်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကြွတက်သွားသည်။

‘ဒီလူက နည်းနည်းလေး စိတ်မရှည်ဖြစ်တတ်ပေမယ့် သူရဲ့ တက်ကြွမှုနဲ့ သဲလွန်စ ရှာဖွေနိုင်စွမ်းကတော့ အသိအမှတ်ပြုထိုက်တယ်’

ကျွော့ချင်းက လက်ပိုက်ထားရင်း သူမ၏ မျက်နှာပေါ်တွင် အေးစက်သောအကြည့်များ ဖြစ်ပေါ်လာကာ ဆူပူနေခဲ့သည်။

"သူက လူသတ်သမားဆိုရင် ငါ့ရှေ့မှာ သွေးလန့်ပြတာက သူ့ရဲ့ သရုပ်ဆောင်ချက် သက်သက်ပဲ ဖြစ်ရမယ်!"

ကုယွင်က ဒေါသကြောင့် တင်းမာနေသော ကျွော့ချင်း၏ ပုခုံးများကို ပွတ်သပ်ပေးရင်း နှစ်သိမ့်လိုက်သည်။

"အဲဒီလိုတော့လည်း မဖြစ်နိုင်ပြန်ဘူး။ သေဆုံးသူ သုံးယောက်အကြောင်းကို ပြောတဲ့အချိန်မှာ သူ့မျက်နှာမှာ အပြစ်ရှိတဲ့စိတ်၊ ထိတ်လန့်နေတဲ့ အမူအရာ ဒါမှမဟုတ် ဂုဏ်ယူနေတဲ့အရိပ်အယောင်လိုမျိုး ထူးခြားတဲ့အရာ ဘာမှ မတွေ့ခဲ့ရဘူး။ သူ့မှာ လူသတ်သမား ဖြစ်နိုင်တဲ့ အခြေအနေတွေ တစ်ခုမှ ရှိမနေဘူး။ အဲဒါက ဘာကို ပြနေလဲဆိုရင် သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က တကယ် မြင့်မားနေတာပဲ။ အဲဒီလိုမှ မဟုတ်ရင်တော့ ငါတို့ ထင်တာ မှားနေတယ်လို့ ဆိုလိုတာပဲ!"

အကယ်၍ သူမတို့ ခန့်မှန်းချက် မှန်ကန်ခဲ့လျှင် စုမူဖုန်းက သူမတို့အတွက် အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

.........။.......။......

တစ်ရှီးချန်‌လောက် ကြာပြီးနောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝ မှောင်သွားပြီ ဖြစ်သည်။ စာဖတ်ခန်းထဲတွင်တော့ ဆီမီးခွက်များ ထွန်းထားပြီး လူသုံးယောက်က မှတ်တမ်းများကို ကြည့်နေကြဆဲ ဖြစ်သည်။

ပိန်ပိန်ပါးပါး လူရိပ်တစ်ခုက လေပွေကဲ့သို့ အခန်းထဲသို့ ပြေးဝင်လာပြီး ကြွေရေအိုးကို ကောက်ကိုင်ကာ ရေများကို တရစပ် သောက်နေသည်။ ထိုလူက ချန်ဟန့် ဖြစ်ပြီး သူ စိတ်တည်ငြိမ်မှုကို ပြန်ရရှိပြီးနောက် ခွန်အားများ ပြန်ပြည့်သွားသလို ဖြစ်သွားခဲ့သည်။ သူ ပြေးလွှားလာခဲ့ရသဖြင့် သူ့ခြေထောက်များပင် ကျိုးလုနီးပါး ဖြစ်ခဲ့ရသည်။

လုကျင်းက စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။

"ဘယ်လိုလဲ?"

ချန်ဟန့်က မောဟိုက်နေသော်လည်း ချွေးများကို သုတ်ကာ ဝမ်းသာအားရ ခေါင်းညိတ်ပြလာသည်။

"မိန်းကလေး သုံးယောက်ရဲ့ ကိုယ်ပိုင်အစေခံတွေ ပြောပြချက်အရ သူတို့ မသေခင် တစ်ရက်အလိုမှာ စုမူဖုန်းနဲ့ တွေ့ခဲ့ကြပြီး သူတို့အားလုံးက အနည်းနဲ့အများဆိုသလို သူ့နဲ့ ထိတွေ့မှု ရှိခဲ့ကြတယ်!"

"တကယ်လား?!"

ကျွော့ချင်းက မှတ်တမ်းများကို လက်ညှိုးထိုးပြရင်း ကောက်ချက်ချလိုက်သည်။.

"စုမူဖုန်းရဲ့ တပည့်တွေထဲမှာ ဒီမိန်းကလေး အနည်းငယ်ပဲ အန္တရာယ် ရှိခဲ့တာ... ဒါက ဒီအကြောင်းပြချက်ကြောင့် ဖြစ်နိုင်တယ်"

ချန်ဟန့်က ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး အလောတကြီး ပြောလာခဲ့သည်။

"အဲဒါသာ တကယ် ဖြစ်နေခဲ့ရင် ဒီည သူ့ရဲ့ ဦးတည်ရာက..."

သူတို့ သုံးယောက်လုံးက မှတ်တမ်းများကို ငုံ့ကြည့်နေသော ကုယွင်ကို တည့်တည့် စိုက်ကြည့်လိုက်ကြသည်။ ကုယွင်က သူမ၏ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး တောက်ပသော မျက်လုံးများကို စိတ်လှုပ်ရှားစွာ ပင့်တင်လိုက်ရင်း မှတ်ချက်ချပေးလိုက်သည်။

"ငါ"

All Chapters