← Chapters

မိုးနှင့်မြေမှ တန်ခိုးစွမ်းအားများကို ရယူကာ

Vol. 4 Ch. 345

မိုးနှင့်မြေမှ တန်ခိုးစွမ်းအားများကို ရယူကာ

Vol. 4 Ch. 345

ဆန်းလျန် ကျိကျိုက်သီလရှင်ကျောင်းမှ စန်းကွမ်းပရိတ်ရေ သွားယူရသည့် အဓိက အကြောင်းရင်းမှာ ချန်ကျန့်မေ၏ ဒဏ်ရာကို ကုသပေးရန် ဖြစ်လေသည်။ သို့သော်.... ယခုတော့ ချန်ကျန့်မေက ပျောက်ဆုံးသွားပြီ ဖြစ်ပြီး သေလား ရှင်လားပင် မသိနိုင်တော့ပေ။

ဆန်းလျန်သည် လျို့ချင်းရှင်းထိုင်၏ သတ္တဝါလေးမျိုး အရံအတားကို လွယ်လွယ်နှင့် ချိုးဖျက်နိုင်ခဲ့သည့် ပါရမီရှင် တစ်ယောက် ဖြစ်ခဲ့လေသည်။ သို့သော် သေစေခြင်း ကျောင်းတော်တွင် မည်သည့် အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်ကို သိရှိရန်အတွက် အချိန်မီ ပြန်ရောက် လာနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

လောကတွင် ဆန်းလျန် မသိနိုင်သည့် အကြောင်းအရာ များစွာ ရှိနေခဲ့လေသည်။

ထိန်ထိန်သာနေသည့် လမင်းကို မော့ကြည့်နေရင်း ဆန်းလျန်၏ မျက်ဝန်းထဲတွင် ဆရာသခင် ကျန်းရော့ရွှီး၏ မျက်နှာကို မြင်ယောင်လာမိသည်။

ဆရာသခင်ကျန်းရော့ရွှီးသည် သက်ရှိထင်ရှား ရှိစဉ်ကအတိုင်း ပြုံးနေလေသည်။

ဆန်းလျန်၏ မျက်နှာသည် တည်ကြည်လေးနက် သွားလေသည်။ ထို့နောက် သူက လက်နှစ်ဖက်ဖြင့် မျက်နှာကို တစ်ချက် သပ်လိုက်ပြီး ဆရာသခင် ကျန်းရော့ရွှီး၏ ပုံရိပ် သူ့အတွေး အာရုံထဲမှ ပျောက်ကွယ် သွားအောင် ကြိုးစား လိုက်သည်။

လူ့လောကတွင် လူသားများသည် စိတ်ပျက် ဝမ်းနည်းခြင်းများဖြင့် ရှုပ်ထွေးလျက် ရှိကြလေသည်။

ထိုအရာများမှ လွတ်မြောက်လိုသည့် အတွက် ကျင့်ကြံသူများသည် ကျင့်စဉ်လမ်း အဆင့်ကိုးဆင့်ကို အမြန် ဖြတ်ကျော်ကာ နတ်ဘုရားတစ်ပါး ဖြစ်လိုကြခြင်း ဖြစ်လေသည်။

နတ်ဘုရား တစ်ပါးဖြစ်မှသာ လူ့လောကရှိ ဒုက္ခဆင်းရဲများနှင့် မကောင်းမှုများမှ ကင်းလွတ်နိုင်မည် ဖြစ်လေသည်။ လောကအရာများ အပေါ်တွင် စွဲလမ်း တပ်မက်ခြင်းများ ရှိနေပါက ကျင့်စဉ်လမ်းကို မည်သို့မျှ လျှောက်လှမ်းနိုင်မည် မဟုတ်ပေ။

ပေါင်ယွဲ့ ဆရာတော်ကြီးအတွက် ဆန်းလျန် ရေးပေးလိုက်သည့် ကဗျာလေးကဲ့သို့ပင် ဖြစ်လေသည်။

"ဗောဓိသစ်ပင်ကဲ့သို့ ရုပ်ခန္ဓာ…

ကြေးမုံမှန်ကဲ့သို့ ကြည်လင်သည့် စိတ်ခန္ဓာ…"

ကိလေသာ မြူမှုန်တစ်စက်မျှ ကပ်ငြိခြင်း မရှိအောင် စိတ်ကို သန့်စင်သည်ထက် သန့်စင်အောင် ကျင့်ကြံကြရမည် ဖြစ်လေသည်။

ဆန်းလျန်သည် အနာဂတ်တွင် ရင်ဆိုင်ရမည့် အခက်အခဲများကို ကြောက်ရွံ့ခြင်း မရှိပါ။ သို့သော် ခိုင်မာသည့် စိတ်ဓာတ်ဖြင့် ပြဿနာ တစ်ခုချင်းကို ရင်ဆိုင် ဖြေရှင်းနိုင်ရန်သာ မျှော်လင့် ထားမိလေသည်။

သို့သော် ဂိုဏ်းတူအစ်ကို ချန်ကျန့်မေ ပျောက်ဆုံးသွားခြင်းကို မခန့်မှန်းနိုင် ဖြစ်နေ ရသောကြောင့် ဆန်းလျန်မှာ နေမထိထိုင်မသာ ဖြစ်နေရလေသည်။

ဆန်းလျန်က လမင်းကို ထပ်ပြီး မော့ကြည့် လိုက်လေသည်။ လမင်းသည် အနောက်ဘက်သို့ ဝင်လုဆဲဆဲ ဖြစ်သည့်တိုင် တောက်ပ လင်းထိန်နေဆဲ ဖြစ်လေသည်။

"ဒီလမင်းလိုမျိုး ထာဝရ တည်မြဲနိုင်တဲ့ဘဝမျိုး ဘယ်တော့များမှ ရနိုင်ပါ့မလဲ၊ လမင်းက နေမင်းရဲ့ အလင်းရောင်ကို ရောင်ပြန်ဟပ် ထားတယ် ဆိုပေမယ့်လည်း အကန့်အသတ်မဲ့ အလင်းရောင်နဲ့ ကမ္ဘာမြေတစ်ခွင် ထွန်းလင်း နေနိုင်တာပဲ၊ အဲဒီလိုမျိုးသာ ဖြစ်ခွင့်ရမယ် ဆိုရင် ကျင့်စဉ်လမ်းကို လိုက်ခဲ့မိလို့လည်း နောင်တရစရာ မရှိပါဘူး"

ဆန်းလျန်က တွေးနေမိလေသည်။

လမင်းက နေမင်းထံမှ အလင်းရောင်များ ရယူသလို တာအို ကျင့်ကြံသူကလည်း မိုးနှင့်မြေမှ တန်ခိုး စွမ်းအားများကို ရယူလေသည်။

ဖန်းယန်ယင်း သတိပြန်ရ လာလေသည်။

သို့သော် သူမ၏ ခေါင်းထဲတွင် မည်သည့် အကြောင်းအရာကိုမှ စဉ်းစားမရ ဖြစ်နေလေသည်။ အခန်း ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်တော့ နေရောင်က ပြတင်း တံခါးဆီမှ ဝင်ရောက် နေလေသည်။

နေမြင့်နေပြီဖြစ်ပြီး သူမဘဝတွင် ပထမဆုံးအကြိမ် နောက်ကျမှ အိပ်ရာထမိခြင်း ဖြစ်လေသည်။

အဖြစ်အပျက်များကို တဖြည်းဖြည်းချင်း ပြန်စဉ်းစားမိသည့် အခါတွင်တော့ သူမသည် ဆရာဦးလေး ဆန်းလျန်အတွက် မုန်ညင်းစိမ်းများ သွားခူးသည်ကို ပြန်လည် အမှတ်ရလိုက်သည်။

ရာသီဥတုက ပူပြင်းသည့် အတွက် သူမသည် တောင်ပေါ်မှ ရေကန်ထဲတွင် ရေကူး နေခဲ့မိလေသည်။ အချိန်မည်မျှ ကြာသွားသည် မသိပေ။ ထို့နောက် ဆရာဦးလေး ပြန်လာချိန် နီးကပ်နေပြီကို သတိရပြီး သေစေခြင်း ကျောင်းတော်သို့ အမြန်ပြန်လာခဲ့လေသည်။

သူမ ကျောင်းတော် အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သူမ၏ ဂိုဏ်းတူ အစ်ကိုများ အားလုံး သေဆုံး နေကြသည်ကို မြင်တွေ့ လိုက်ရလေသည်။ သူမက ဆရာဖြစ်သူအတွက် စိတ်ပူပြီး ဆရာဖြစ်သူ နေထိုင်သည့် အခန်းဆီသို့ အပြေးအလွှား လာရောက် ကြည့်ရှုသည့် အချိန်တွင် အခန်းရှေ့တွင် ရပ်နေသည့် ဆရာဦးလေးနှင့် ဆုံတွေ့ခဲ့ရခြင်း ဖြစ်လေသည်။

ထို့နောက်... ထို့နောက်သူမ၏ နှလုံးနှင့် အဆုတ်နေရာတွင် စူးရှသည့် နာကျင်မှုကို ခံစားရပြီး ချောင်းများ ဆိုးလာကာ သွေးများအန်ချလိုက်လေသည်။ မကြာမီ သူမ သတိလစ် သွားခဲ့လေသည်။

ဖန်းယန်ယင်းက သူမ၏ အဝတ်အစားများကို ငုံ့ကြည့်လိုက်သည်။ အဝတ်အစားများမှာ သွေးများ စွန်းထင်း နေလေသည်။

သူမက သူမ၏ကိုယ်တွင်းမှ သဏ္ဌာန်မဲ့ ဓားဝိညာဉ်ကို ဖော်ထုတ်လိုက်လေသည်။ သို့သော် ဓားဝိညာဉ်က သူမ၏ သွေးကြောဆုံချက်များကို ထိုးဖောက်သွားသည့် အလား အလွန်အမင်း နာကျင်မှုကို ခံစားလိုက်ရလေသည်။

ထို့နောက် သူမ၏ နှလုံးနေရာတွင် စမ်းရေတစ်ခု စီးဆင်းလာသည့် အလား ခံစားလိုက်ရ ပြန်လေသည်။ ဓားဝိညာဉ်သည် သူမ၏ သွေးကြောများနှင့် သွေးကြော ဆုံချက်များကို ထိုးဖောက် စီးဆင်းနေသလို စမ်းရေကလည်း ရှည်လျားသည့် မြစ်တစ်စင်းအလား သူမ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေလေသည်။

သူမ၏ ခန္ဓာကိုယ်တွင်းမှ သဏ္ဌာန်မဲ့ ဓားဝိညာဉ်သည် အလွန်လျင်မြန်စွာ လှည့်ပတ်နေသည့် အတွက် သူမ နာကျင်မှုကို သည်းမခံနိုင် ဖြစ်လာရလေသည်။

သူမသည် စိတ်ပျက် ဝမ်းနည်းစွာဖြင့်ပင် ညည်းညူ လိုက်မိလေသည်။

သို့သော် ဓားဝိညာဉ်ကြောင့် ပျက်စီးသွားသော သွေးကြောများနှင့် သွေးကြောဆုံချက်များကို စီးဆင်းနေသည့် စမ်းရေက ပြန်လည် သက်သာ သွားစေလေသည်။ ပျက်စီးခြင်းနှင့် ပြန်လည် ကောင်းမွန်သွားခြင်း အဆင့်တွင် သူမ၏ သဏ္ဌာန်မဲ့ ဓားသိုင်းသည် တန်ခိုးစွမ်းအားများစွာ တစ်ဟုန်ထိုး တိုးတက်လာလေသည်။

သဏ္ဌာန်မဲ့ ဓားဝိညာဉ်၏ ထိုးဖောက်မှုကြောင့် ပျက်စီးသွားသည့် သွေးကြောနေရာများကို စမ်းရေစီးကြောင်းကသာ ပြန်လည် သက်သာစေခြင်း မရှိခဲ့လျှင် ဖန်းယန်ယင်းမှာ ဒဏ်ရာ အပြင်းအထန် ရရှိသွားနိုင်လေသည်။ သို့သော် ယခုတော့ စမ်းရေစီးကြောင်း၏ အထောက်အပံ့ဖြင့် သူမ၏ သဏ္ဌာန်မဲ့ဓားသိုင်းသည် ပဉ္စမအဆင့်အထိ တက်ရောက် သွားခဲ့လေသည်။ သူမခန္ဓာကိုယ်တွင်းမှ သဏ္ဌာန်မဲ့ ဓားဝိညာဉ်မျာလည်း အရှိန်အဟုန် ပြင်းထန်စွာဖြင့် ဟုန်းဟုန်း တောက်လောင်နေလေသည်။

သူမသည် သဏ္ဌာန်မဲ့ဓားသိုင်း ပဉ္စမအဆင့်ကို အောင်မြင်ခဲ့ပြီး ဆဋ္ဌမအဆင့်ကိုပင် စတင် ဝင်ရောက် လာခဲ့လေသည်။

ဓားဝိညာဉ်သည် သူမ၏ သွေးကြောများနှင့် သွေးကြောဆုံချက်များကို အလွန် သိပ်သည်းစွာဖြင့် လှည့်ပတ် နေလေသည်။ ဆဋ္ဌမအဆင့်၏ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိလာသည့် အချိန်တွင် ဓားဝိညာဉ်သည် စမ်းရေစီးကြောင်းထဲသို့ ကျဆင်းသွားလေသည်။ သူမ၏ မျက်ခုံးနှစ်ခုကြားဆီမှ တန်ခိုးစွမ်းအားများ ဝင်ရောက်လာပြီး သူမ၏ ခန္ဓာကိုယ်မှာ အလုပ်မလုပ်တော့ပေ။

သူမ၏ စိတ်အာရုံထဲတွင် ဆန်းလျန်ကို မြင်တွေ့ လိုက်ရလေသည်။ ဆန်းလျန်က သူမ၏ မျက်ခုံး နှစ်ခုကြားသို့ လက်ဖြင့် ထောက်ထားလေသည်။ ဆန်းလျန်ဆီမှ တန်ခိုးစွမ်းအား တစ်ခုသည် သူမဆီသို့ ဖြည်းညင်းစွာ စီးဝင်နေလေသည်။

သူမ မျက်လုံး ဖွင့်ကြည့်လိုက်သည့် အချိန်တွင် ဆန်းလျန်က သူ၏လက်များကို ပြန်လည် ရုတ်သိမ်း လိုက်လေသည်။

ဖန်းယန်ယင်း၏ မျက်နှာမှာ နီရဲလျက် ရှိလေသည်။

ရှက်ကြောက်သည့် အတွက် နီရဲနေခြင်း မဟုတ်ပါ။ ပြင်းထန်သည့် တန်ခိုးစွမ်းအား လှည့်ပတ် မှုများကြောင့် နီရဲနေရခြင်း ဖြစ်လေသည်။

ဆရာဦးလေး ဆန်းလျန်၏ အေးဆေး ငြိမ်သက်သည့် အငွေ့အသက်များက လေထုထဲတွင် ပျံ့နှံ့နေပြီး ဖန်းယန်ယင်းသည် တဖြည်းဖြည်း အေးဆေး ငြိမ်သက်သွားလေသည်။

ဖန်းယန်ယင်းက သူမ၏ စိတ်များကို စုစည်းလိုက်ပြီး...

"ဆရာဦးလေး၊ ဂိုဏ်းတူ အစ်ကိုတွေ ဘာဖြစ်လို့ သေသွားကြတာလဲ၊ ပြီးတော့ ကျွန်မရဲ့ ဆရာရော"

"ကျုပ်လည်း မသိဘူး၊ ကျုပ်ပြန်ရောက်လာတော့ သူတို့အားလုံး အသက်မရှိကြတော့ဘူး၊ မင်းရဲ့ဆရာ ဘယ်ရောက်နေလဲ ဆိုတာလည်း ကျုပ်မခန့်မှန်းနိုင်ဘူး ဖြစ်နေတယ်"

ဆန်းလျန်က ပြန်ပြောလိုက်လေသည်။

ဖန်းယန်ယင်းမှာ ဆန်းလျန်၏ စကားများကြောင့် အံ့သြ မှင်တက်သွားရလေသည်။

သူမဆရာ ဘယ်ဆီရောက်နေမှန်း မသိရတော့ပေ။ သို့သော် ဆရာဖြစ်သူ အသက်ရှင် နေနိုင်သေးသည်ဆိုသည့် မျှော်လင့်ချက်ကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။ သို့သော် သူမနှင့် အတူတူ ပျော်ရွှင်စွာ ပညာသင်ခဲ့ကြသည့် ဂိုဏ်းတူအစ်ကိုများ အကြောင်းကို စဉ်းစား လိုက်မိလေသည်။ လောကတွင် ကျင့်ကြံသူများ အတွက် စိတ်ပျက်စရာ အကောင်းဆုံးမှာ ဝမ်းနည်း ပူဆွေးရခြင်း ဖြစ်လေသည်။ ဝမ်းနည်းပူဆွေးခြင်း သောကများမှ လွတ်မြောက်လိုသည့် အတွက်သာ ကျင့်စဉ်လမ်းကို လိုက်ခဲ့ကြသည် မဟုတ်ပါလား။

သို့သော် ဖန်းယန်ယင်းသည် ဝမ်းမနည်းဘဲ မနေနိုင်ခဲ့ပေ။

သူမ၏ ဂိုဏ်းတူ အစ်ကိုများ၏ စကားများနှင့် ပျော်ရွှင်စွာ ရယ်မောခဲ့ကြခြင်း များသည် သူမ၏ မျက်ဝန်းထဲတွင် မနေ့က အတိုင်း ပြန်လည် မြင်ယောင် နေမိလေသည်။ သို့သော် စိတ်ကူးမျှသာ ဖြစ်ပြီး လက်တွေ့တွင် သူတို့ကို ထပ်မံ မြင်တွေ့ရတော့မည် မဟုတ်ပေ။

သူမ၏ မျက်ဝန်းထဲတွင် မျက်ရည်များ ရစ်ဝဲလာလေသည်။ သို့သော် သူမက မငိုမိအောင် ထိန်းထားလိုက်သည်။

ဆန်းလျန်က သူမ စိတ်မကောင်း ဖြစ်နေသည်ကို မသိချင်ယောင် ဆောင်ကာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး အခန်းထဲမှ ထွက်သွားလေသည်။

လောကတွင် ကြေကွဲစရာ အဖြစ်အပျက်များစွာကို ကြုံတွေ့ရမည် ဖြစ်လေသည်။ သံယောဇဉ်ကြီးလေ ပိုပြီး ခံစားရလေပင် ဖြစ်လေသည်။

တာအိုဝါဒက စိတ်ခံစားမှုမထားရန် သင်ကြားပေးလေသည်။ စိတ်ခံစားမှုကြောင့်ပင် လူသားများသည် သံသရာတွင် လည်နေကြကာ ဒုက္ခတောထဲမှ ရုန်းမထွက်နိုင် ဖြစ်နေကြရသည် မဟုတ်ပါလား။

ကျွမ်ကျိုးသည် ဇနီးဖြစ်သူ ဆုံးပါးသွားသည့် အခါ ပန်းကန်လုံးကို ခေါက်ကာ ပျော်ရွှင်စွာဖြင့် သီချင်း ဆိုနေခဲ့လေသည်။ သို့သော်... အမှန်တော့ သူ့ရင်ထဲရှိ အနက်ရှိုင်းဆုံး နေရတွင် ယူကျုံးမရ ဝမ်းနည်း ကြေကွဲနေခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်က ဝမ်းမ်းနည်းမှုနှင့် စိတ်ဓာတ် ကျခြင်းများကို အသုံးမကျသော စိတ်ခံစားမှုများဟု မည်သည့် အခါကမှ မထင်ခဲ့မိပါ။ နာကျင်ခံစားရလေလေ ဘဝ၏ တန်ဖိုးကို ပိုပြီး နားလည် လာလေလေသာ ဖြစ်လေသည်။

ဖန်းယန်ယင်းသည် စိတ်ထိခိုက်မှု အတွေ့အကြုံကို အသုံးချကာ ကြိုးစားမည်ဆိုလျှင် လာမည့် ခုနစ်နှစ် အတွင်းတွင် သူမကို လင်ထိုင် တာအိုပြိုင်ပွဲသို့ ခေါ်သွားနိုင်သည် အထိ ကျင့်စဉ်လမ်း အဆင့်တက် သွားနိုင်မည် ဖြစ်လေသည်။

လင်ထိုင်တာအို ပြိုင်ပွဲအတွက် ဆန်းလျန်က ချန်ကျန့်မေကို အားကိုးခဲ့လေသည်။ သို့သော် ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် ချန်ကျန့်မေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လင်ထိုင် တာအိုပြိုင်ပွဲတွင် အကောင်းဆုံး လုပ်ဆောင် သွားနိုင်ရန်လည်း စီစဉ်ထားလေသည်။

***

All Chapters