အစစ်အမှန် အေးချမ်းစွာ နေထိုင်ခြင်း
Vol. 57 Ch. 640
"အာ အူး ယား သခင်လေး ဖြည်းဖြည်း လုပ်ပါ"
အခန်းထဲတွင် ကျောပေါ်၌ အပ်စိုက်ခံနေရသော ဝူရှန် ဂိုဏ်းချုပ်သည် အလွန် ညှို့ယူဖမ်းစားနိုင်သော လေသံဖြင့် ပြောလိုက်သည်။
သို့သော် ကျန်းပေရန် သည် သူမကို လုံးဝ ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ သူ၏ လက်ရာဖြင့် အပ်စိုက်ရာတွင် မည်သို့ နာကျင်နိုင်မည်နည်း။
'ငါ့ရဲ့ ဆေးပညာ စွမ်းရည်ကို သံသယ ဝင်နေတာပဲ'
ကျန်းပေရန် သည် မျက်နှာသေဖြင့် အရိုးထဲအထိ အဆိပ်ပျံ့နှံ့နေသော ဝူရှန် ဂိုဏ်းချုပ် ၏ ခန္ဓာကိုယ်ကို ညှိနှိုင်းပေးလိုက်ပြီးနောက် မိုးသောက်ကြယ် ဆေးလုံး တစ်လုံးကို သူမထံ ကမ်းပေးကာ ပြောလိုက်သည်။
"သုံးရက်နေရင် ဒီဝိညာဉ်ဆေးလုံး ကို စားလိုက်"
ပျင်းရိသွားသော ဝူရှန် ဂိုဏ်းချုပ် သည် ဝိညာဉ်ဆေးလုံး ကို လှမ်းယူကာ ခေါင်းညိတ်လိုက်သည်။
"သိပါပြီ"
"ဒါဆို ငါ နောက်ထပ် အနက်ရောင် သူတော်စင် တစ်ယောက်ဆီ သွားလိုက်ဦးမယ် မင်းဘာသာ ခဏလောက် အတွင်းအား လှည့်ပတ်ထားလိုက်"
ဝူရှန် ဂိုဏ်းချုပ် ထိုစကားကို ကြားသောအခါ ပါးလွှာသော ပဝါ တစ်ထည်ကို ယူကာ ရင်ဘတ်ကို ကွယ်ထားရင်း မျက်လုံးများ ရီဝေစွာဖြင့် ပြောလိုက်သည်။
"ဒီလောက်တောင် အလောတကြီး ထွက်သွားချင်နေတာလား"
"အင်း တော်တော် လောနေတယ်"
ကျန်းပေရန် ပြောပြီးသည်နှင့် ဝူရှန် ဂိုဏ်းချုပ်၏ အခန်းထဲမှ ထွက်သွားကာ တံခါးကိုပါ တစ်ခါတည်း ပိတ်သွားလေသည်။
'ဟီး ရှက်သွားတဲ့ ပုံလေးက တကယ် ချစ်စရာ ကောင်းတာပဲ'
တစ်ခဏချင်းမှာပင် ဝူရှန် ဂိုဏ်းချုပ် ၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာသွားလေသည်။
...
ဧည့်ခန်းသို့ ပြန်လည် ရောက်ရှိလာသော ကျန်းပေရန် သည် ကျန်ရှိနေသော ဂျိနိုင်ငံ မှ အနက်ရောင် သူတော်စင် များကို ကြည့်ကာ မေးလိုက်သည်။
"နောက်တစ်ယောက်က ဘယ်သူလဲ"
အနက်ရောင် သူတော်စင် အားလုံး၏ အကြည့်များ အလယ်တွင် ထိုင်နေသော မိုးကြိုးခေါင်းပေါင်း ဆောင်းထားသည့် လူအိုကြီး တစ်ဦးထံသို့ ပြိုင်တူ ရောက်ရှိသွားကြသည်။
ထိုသူမှာ ဂျိနိုင်ငံ၏ နံပါတ်တစ် ဂိုဏ်း ဖြစ်သော ဂိုဏ်းချုပ် မုရှန်ရုန် ပင် ဖြစ်သည်။
မုရှန်ရုန် မတ်တတ်ရပ်ကာ အားနာဟန် မပြမီမှာပင် ကျန်းပေရန် က သူ့ကို အရင် လက်ယှက် နှုတ်ဆက်ကာ ပြောလိုက်သည်။
"ဒါဆို မု ဂိုဏ်းချုပ် လမ်းပြပါ"
မုရှန်ရုန် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်သည်။
"ဟားဟား ဒီလူအိုကြီးက ဆရာကျန်း ကို အခန်းထဲ မခေါ်သွားတော့ပါဘူး ဒီမှာပဲ ကုသပေးပါ"
ကျန်းပေရန် သည် မုရှန်ရုန် ၏ လေသံထဲမှ နောက်ပြောင်နေသော အဓိပ္ပာယ်ကို ကြားလိုက်ရသော်လည်း အများကြီး ရှင်းပြမနေတော့ဘဲ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ဒါဆို မု ဂိုဏ်းချုပ် အပေါ်အင်္ကျီကို ချွတ်ပြီး တင်ပျဉ်ခွေ ထိုင်လိုက်ပါ ဂျူနီယာ အခုပဲ အပ်စိုက်ပေးပါ့မယ်"
"ဒါဆို ဆရာကျန်း ကိုပဲ ဒုက္ခပေးရတော့မယ်"
မုရှန်ရုန် ပြောပြီးသည်နှင့် အပေါ်အင်္ကျီကို ချွတ်လိုက်ရာ ဂါထာမန္တန်များ အပြည့် ထိုးနှံထားသော အပေါ်ပိုင်း ခန္ဓာကိုယ် ထွက်ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် ဘေးတွင် တစ်ချိန်လုံး အိပ်ငိုက်နေသော ဆရာကြီးခူ သည်လည်း မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး ကျန်းပေရန် ၏ လက်ထဲမှ မုရှန်ရုန် ထံသို့ စိုက်ဝင်သွားသော ဝါးအပ်များကို သေချာ စတင် အကဲခတ်လေတော့သည်။
'ဒါက...'
'အင်း...'
'အို...'
ကုသမှု စတင်သည်နှင့် ဆရာကြီးခူ၏ ရင်ထဲတွင် အံ့သြသံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းပေရန်၏ ဤအပ်စိုက် နည်းစနစ်သည် ယခင်က ရှိပြီးသား မည်သည့် ဂိုဏ်းဂဏတွင်မျှ မပါဝင်ဘဲ သူ တစ်ယောက်တည်း ပိုင်ဆိုင်သော နည်းစနစ် ဖြစ်နေသောကြောင့် ဖြစ်သည်။
ဆရာကြီးခူ ဤမျှ သေချာ ပြောနိုင်ရခြင်းမှာ ကျန်းပေရန်၏ ဤအပ်စိုက် နည်းစနစ်တွင် ဆေးပညာ နှင့် လုံးဝ မသက်ဆိုင်သော အထူးပညာရပ်များ အများအပြား ပါဝင်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျန်းပေရန် ကဲ့သို့ အထူးပညာရပ် ဆယ့်ခြောက်မျိုးကို ကျွမ်းကျင်သူ တစ်ဦးသာ ဤသို့ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
"တကယ်ကို လောကကြီးက ကျယ်ဝန်းပြီး ထူးဆန်းတဲ့ အရာတွေ အများကြီး ရှိတာပဲ မိတ်ဆွေလေးကျန်း ရဲ့ ဒီဆေးပညာ စွမ်းရည်က တကယ်ကို နတ်ဘုရား တစ်ပါးလိုပဲ ဒီလူအိုကြီး မျက်နှာပြောင်တိုက်ပြီး လိုက်လာရကျိုး နပ်ပါတယ်"
မုရှန်ရုန်၏ ခန္ဓာကိုယ် အတွင်းရှိ အဆိပ်မြူများကြောင့် ပျက်စီးနေသော သွေးကြောများ အားလုံး အပြည့်အဝ ပြန်လည် ကောင်းမွန်သွားသည်ကို သတိထားမိလိုက်သောအခါ ဆရာကြီးခူ သည် ချီးကျူးစကား မဆိုဘဲ မနေနိုင်တော့ပေ။
သူသည် ဆေးပညာကို တစ်သက်လုံး လေ့လာလာခဲ့ပြီး ဆေးပညာ၏ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဟု ထင်မှတ်ထားခဲ့သော်လည်း ယခု ကြည့်ရသည်မှာ သူသည် ရေတွင်းထဲက ဖား တစ်ကောင်မျှသာ ဖြစ်ပြီး ကျန်းပေရန် တီထွင်ထားသော ဤဆေးပညာ သာလျှင် အကန့်အသတ်မဲ့ ဖြစ်နိုင်ခြေများနှင့် အလားအလာများ ရှိနေကြောင်း သိရှိလိုက်ရသည်။
ဆရာကြီးခူ သည် ဆေးပညာရှင် လောက၏ ထိပ်တန်း ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ပြီး အဆင့်ကိုးများ ထဲမှ အဆင့်ကိုး တစ်ဦး ဖြစ်ရာ ဤနေရာရှိ အနက်ရောင် သူတော်စင်၊ အနက်ရောင် ဧကရာဇ် အားလုံးသည် သူ့ကို သေချာပေါက် သိရှိကြသည်။ ကိုယ်တိုင် မမြင်တွေ့ဖူးလျှင်တောင် သူ၏ နာမည်ကြီးမှုကို သေချာပေါက် ကြားဖူးကြမည်မှာ သေချာသည်။
ထို့ကြောင့် ဆရာကြီးခူ သည် ကျန်းပေရန်ကို စကားလုံးများဖြင့် ချီးကျူးနေသည်ကို ကြားလိုက်ရသောအခါ ဤလျှို့ဝှက်ဆန်းကြယ်သော လူငယ် အပေါ် သူတို့၏ အထင်ကြီးမှုမှာ နောက်ထပ် ကြီးမားသော ခြေလှမ်း တစ်လှမ်း ထပ်မံ မြင့်တက်သွားပြန်သည်။
မည်သို့ပင်ဆိုစေ ဆရာကြီးခူသည် ဆေးပညာရှင် လောက၏ နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်ရာ သာမန် ဆေးပညာရှင် တစ်ဦး အနေဖြင့် သူ၏ ချီးကျူးစကား တစ်ခွန်းကို ရရှိရုံဖြင့် တစ်သက်လုံး ကြွားဝါ၍ ရနေပြီ ဖြစ်သည်။ သို့သော် ဆရာကြီးခူ၏ စောစောက ချီးကျူးမှုသည် အဆင့်မြင့်သူ တစ်ဦးက အဆင့်နိမ့်သူ တစ်ဦးကို ချီးကျူးခြင်းမျိုး မဟုတ်ဘဲ သူ ကိုယ်တိုင် အဆင့်နိမ့်သူ နေရာမှနေ၍ အလွန် နှိမ့်ချသော အမူအရာဖြင့် သူ၏ ချီးကျူးမှုနှင့် လေးစားမှုကို ဖော်ပြနေခြင်းပင် ဖြစ်သည်။
ဤလုပ်ရပ်က ဂျိနိုင်ငံမှ အနက်ရောင် သူတော်စင် များကို မည်မျှ ကြီးမားသော ထိုးနှက်ချက် ဖြစ်စေခဲ့သနည်း။
သူတို့ထက် ကျင့်ကြံခြင်း အဆင့် နေရာတိုင်းတွင် သာလွန်နေသော အစွမ်းထက်သူ တစ်ဦး ရုတ်တရက် ပေါ်လာသကဲ့သို့ပင် ဖြစ်ပြီး လောက၏ ချိန်ခွင်လျှာ ညီမျှမှုကို လုံးဝ ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။
သေချာသည်မှာ ထိုနေရာရှိ လူများထဲတွင် မအံ့သြသူ တစ်ဦးလည်း ရှိနေသေးသည်။ ထိုသူမှာ အဝတ်အစား လဲပြီး ထွက်လာသော ဝူရှန် ဂိုဏ်းချုပ်ပင် ဖြစ်သည်။ ကျန်းပေရန် ၏ စွမ်းရည် မည်မျှ ကြီးမားသနည်း ဆိုသည်ကို ရွှမ်နဂါးတိုက်ကြီး တစ်ခုလုံးတွင် သူမလောက် နားလည်သူ မရှိနိုင်ပေ။
ထို့ကြောင့် သူမ၏ ရင်ထဲတွင် မည်သည့် အံ့အားသင့်မှုမျှ မရှိဘဲ ဂုဏ်ယူမှုများဖြင့်သာ အစားထိုး နေရာယူထားသည်။ ပုံမှန် အချိန်များတွင် အမြဲတမ်း မောက်မာနေတတ်သော ဤလူအိုကြီးများ ယခုအခါ သူမ၏ ချစ်သူကြောင့် ဤမျှ လန့်ဖြန့်နေကြသည်ကို ကြည့်ရင်း သူမ၏ ရင်ထဲရှိ ဂုဏ်ယူမှုနှင့် ဝမ်းသာမှုများ လျှံကျလာတော့မလိုပင် ခံစားနေရသည်။
ဝါးအပ်များကို အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး ကျန်းပေရန် သည် အနီရောင် ဝိညာဉ်ဆေးလုံး တစ်လုံးကို ထုတ်ယူကာ မုရှန်ရုန် ထံ ကမ်းပေးလိုက်သည်။
"စီနီယာ ရဲ့ ခန္ဓာကိုယ်ထဲက သွေးကြောတွေ အားလုံးကို ကျွန်တော် ပွင့်သွားအောင် လုပ်ပေးလိုက်ပါပြီ အခု ဒီဝိညာဉ်ဆေးလုံး ကို စားလိုက်ရင် စီနီယာရဲ့ အဆိုးရွားဆုံး ပျက်စီးနေတဲ့ ဒန်ထျန်း ကို ပြန်လည် ကောင်းမွန်လာစေပါလိမ့်မယ်"
မိုးသောက်ကြယ်နှင့် သိပ်မတူညီသော အနီရောင် ဝိညာဉ်ဆေးလုံး ကို ကြည့်ရင်း ဝူရှန် ဂိုဏ်းချုပ် သည် ဤဝိညာဉ်ဆေးလုံး တွင် သေချာပေါက် ပြဿနာ တစ်ခုခု ရှိနေကြောင်း သိရှိလိုက်သည်။
သို့သော် သူမသည် ဝင်ရောက် သတိပေးမည့် အရိပ်အယောင် လုံးဝ မပြဘဲ ရင်ထဲတွင် အနည်းငယ် ဝမ်းသာနေမိသည်။
'ဟီး ပါးစပ်ကသာ မကြိုက်ဘူး ပြောနေတာ စိတ်ထဲမှာကျတော့ ငါ့ကို ကိုယ့်လူလို့ သတ်မှတ်နေပြီပဲ'
ကျန်းပေရန် ဘာလုပ်ချင်သနည်း ဆိုသည်ကို ဝူရှန် ဂိုဏ်းချုပ် အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။ ယခု နိုင်ငံ ငါးနိုင်ငံ မှ အနက်ရောင် သူတော်စင် အားလုံး ယွမ်မြို့တော် တွင် စုဝေးနေကြရာ တစ်ယောက်ချင်းစီသည် အချိန်ကိုက် ဗုံးတစ်လုံးနှင့် အတူတူပင် ဖြစ်သဖြင့် နောက်ကွယ်တွင် အစီအစဉ် အချို့ ချန်ထားခြင်းမှာ အလွန် သဘာဝကျသော ကိစ္စပင် ဖြစ်သည်။
ကျန်းပေရန် သည် သူမ မျက်စိရှေ့တွင်ပင် ဆေးကို လှည့်ကွက်လုပ်နေပြီး စောစောက သူမကို လျှောက်မပြောရန်ပင် သတိပေးခြင်း မရှိခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူသည် သူမကို အလွန် ယုံကြည်ကြောင်း သက်သေပြနေသည်။
ဤသေးငယ်သော နားလည်မှုလေး တစ်ခုကပင် ဝူရှန် ဂိုဏ်းချုပ် ကို အလွန် ပျော်ရွှင်သွားစေခဲ့သည်။
ယခုအခါ ခန္ဓာကိုယ် အတော်လေး သက်သာလာပြီဟု ခံစားနေရသော မုရှန်ရုန် သည်လည်း မည်သည့် သံသယမျှ မရှိဘဲ ကျန်းပေရန် ကမ်းပေးသော အနီရောင် ဝိညာဉ်ဆေးလုံး ကို တိုက်ရိုက် ယူကာ ပါးစပ်ထဲသို့ မျိုချလိုက်လေသည်။
သို့သော် မုရှန်ရုန် တွင် သံသယ မရှိခြင်းထက် သူသည် ဤကိစ္စကို လုံးဝ မစဉ်းစားလိုခြင်းက ပို၍ မှန်ကန်ပေလိမ့်မည်။
ယခုအခါ တိုက်ကြီး တစ်ခုလုံးတွင် ဤအဆိပ်ကို ဖြေရှင်းနိုင်သူမှာ သူ့ရှေ့ရှိ လူတစ်ယောက်တည်းသာ ရှိရာ သူ ယုံကြည်ခြင်းမှလွဲ၍ အခြား ရွေးချယ်စရာ လုံးဝ မရှိတော့ပေ။ သို့မဟုတ်ပါက အဆိပ်မြူကို မဖြေရှင်းနိုင်လျှင် သူသည် နောက်ဆုံးတွင် သေလမ်းသို့ သွားရမည်သာ ဖြစ်သည်။
ထို့ကြောင့် အခြား မည်သည့် နည်းလမ်းမျှ မရှိတော့သော အခြေအနေတွင် သူသည် ကျန်းပေရန် ကို အကြွင်းမဲ့ ယုံကြည်ရန်သာ ရွေးချယ်နိုင်တော့သည်။
ဝိညာဉ်ဆေးလုံး ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားသည်နှင့် မုရှန်ရုန် သည် သူ၏ ဒန်ထျန်း နေရာမှ အပူရှိန် တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး တဖြည်းဖြည်း ပိုမို ပူပြင်းလာကာ နောက်ဆုံးတွင် သူ၏ ဗိုက်ကို မီးနှင့် ရှို့နေသကဲ့သို့ပင် ခံစားလာရသည်။
"ဆရာကျန်း ဒီဆေးက..."
မုရှန်ရုန် ဘာမေးချင်သနည်း ဆိုသည်ကို သိရှိသော ကျန်းပေရန် က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ ဒါက ပုံမှန် တုန့်ပြန်မှုပါ ခဏနေရင် ကောင်းသွားပါလိမ့်မယ်"
အမွှေးတိုင် တစ်ဝက်စာခန့် အကြာတွင် မုရှန်ရုန် သည် ဗိုက်ထဲမှ အပူရှိန်များ တဖြည်းဖြည်း လျော့ကျသွားပြီး အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော ပြည့်ဝသည့် ခံစားချက် တစ်ခုဖြင့် အစားထိုး နေရာယူလာသည်ကို ခံစားလိုက်ရသည်။
"ဆရာကျန်း က တကယ်ပဲ ဆေးစွမ်းထက်တာပဲ ဒီလူအိုကြီး လေးစားပါတယ်"
အဆိပ်မြူများ စတင် ရှူရှိုက်မိကတည်းက မုရှန်ရုန်၏ ဒန်ထျန်း သည် တစ်နေ့တခြား အားနည်းလာခဲ့ပြီး အတွင်းအားများ ဖန်တီးရန် ပိုမို ခက်ခဲလာခဲ့သည်။ နောက်ဆုံးတွင် အဆိပ်များ အရိုးထဲအထိ ရောက်ရှိသွားသောအခါ ဝိညာဉ်စွမ်းအင် များကို အတွင်းအား အဖြစ်သို့ ပြောင်းလဲရန်ပင် မရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် အတွင်းအား ပိုများလေ ဂူအဆိပ်များ ပိုမို အားကောင်းလာလေ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ကို ပိုမို လျင်မြန်စွာ ဖျက်ဆီးပစ်မည် ဖြစ်သောကြောင့် ဖြစ်သည်။
ယခု အပူရှိန်များ ပျောက်ကွယ်သွားပြီးနောက် လုံးဝ အားနည်းနေပြီး အနည်းငယ်မျှသာ ကျန်ရှိတော့သော ဒန်ထျန်း သည် နောက်ဆုံးတွင် အသက်ဝင်လာပြန်ပြီ ဖြစ်သည်။ အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိသွားသည်ဟု မဆိုနိုင်သော်လည်း အများကြီး မကွာခြားတော့ပေ။ သို့မဟုတ်ပါက ဂျိနိုင်ငံ ၏ နံပါတ်တစ် အနက်ရောင် သူတော်စင်ကို "လေးစားပါတယ်" ဟူသော စကားလုံး နှစ်လုံး တိုက်ရိုက် ပြောထွက်လာအောင် လုပ်နိုင်မည် မဟုတ်ပေ။
သူသည် ဂူအဆိပ်၏ နှိပ်စက်မှုကို အချိန်အတော်ကြာ ခံစားခဲ့ရပြီ ဖြစ်သည်။
မုရှန်ရုန်၏ "လေးစားပါတယ်" ဟူသော စကားလုံး နှစ်လုံးကို ကြားလိုက်ရသောအခါ အခြား ဂျိနိုင်ငံ မှ အနက်ရောင် သူတော်စင် များ၏ မျက်လုံးများထဲတွင်လည်း ဝမ်းသာသော အရိပ်အယောင်များ ထွက်ပေါ်လာကြသည်။
သူတို့သည် မုရှန်ရုန် ၏ အကျင့်စရိုက်ကို အသိဆုံး ဖြစ်ကြပြီး သူ့ကို "လေးစားပါတယ်" ဟု ပြောထွက်လာအောင် လုပ်နိုင်ခြင်းမှာ ဤကုသမှု၏ အာနိသင် အလွန် ကောင်းမွန်ကြောင်း သက်သေပြနေသည်။ ဤအချက်က နောက်မှ စောင့်နေရသော သူတို့ကို အလွန် မျှော်လင့်ချက် ကြီးမားသွားစေသည်။ မည်သို့ပင်ဖြစ်စေ ဤနေရာရှိ လူအားလုံးသည် ဤဂူအဆိပ်၏ နှိပ်စက်မှုကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြပြီ ဖြစ်သည်။
ကုသမှု အကြိမ်ပေါင်းများစွာ ခံယူပြီးမှသာ အာနိသင်ကို မြင်တွေ့ရမည်ဟု မူလက ထင်မှတ်ထားခဲ့သော်လည်း ယခု ကြည့်ရသည်မှာ အမွှေးတိုင် တစ်ဝက်စာ အချိန်လေး အတွင်းမှာပင် ထက်ဝက်ကျော် ပြန်လည် ကောင်းမွန်သွားပြီ ဖြစ်ကြောင်း တွေ့ရသည်။
အစမှ အဆုံးတိုင်အောင် စောင့်ကြည့်နေသော ဆရာကြီးခူ သည် မည်သည့် အမူအရာမျှ မပြသခဲ့ပေ။ ဤတစ်ကြိမ်တွင် သူသည် လောကီရေးရာများကို နားလည်သောကြောင့် မဟုတ်ဘဲ အမှန်တကယ်ပင် သေချာ နားမလည်သောကြောင့် ဖြစ်သည်။
ကျန်းပေရန်၏ ဆေးပညာပိုင်းဆိုင်ရာ နည်းစနစ်များကို သူ နားလည်နိုင်သော်လည်း အခြား အထူးပညာရပ်များနှင့် ပတ်သက်လာပါက သူသည် လုံးဝ အကန်း တစ်ယောက်ကဲ့သို့ ဖြစ်သွားရသည်။
ဥပမာအားဖြင့် ကျန်းပေရန်၏ ဒုတိယပိုင်း ကုသမှုတွင် အသုံးပြုသော ကျောက်စိမ်း အပ်များသည် ဆရာကြီးခူကို အလွန် နက်နဲကြောင်း ခံစားရစေသည်။ အဘယ်ကြောင့်ဆိုသော် သူ စိုက်လိုက်သော အပ်တိုင်းသည် သွေးကြော အချက်အချာ နေရာများ မဟုတ်သော်လည်း မုရှန်ရုန် ကို မည်သည့် ထိခိုက်မှုမျှ မဖြစ်စေသောကြောင့် ဖြစ်သည်။
ဆရာကြီးခူ ၏ အသိပညာကို လုံးဝ ပြောင်းပြန်လှန်ပစ်သော နည်းစနစ် တစ်ခု ဖြစ်သည်။
နှစ်ထောင်ပေါင်းများစွာ အတွင်း အပ်စိုက်ခြင်း ဆိုသည်မှာ သွေးကြော အချက်အချာ နေရာများကိုသာ စိုက်ရမည် ဆိုသည်မှာ အခြေခံ အကျဆုံး အသိပညာ တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ဆေးပညာရှင် တစ်ဦး မဆိုထားနှင့် သာမန် ပြည်သူ တစ်ယောက်ပင် နားလည်ထားသော အချက် ဖြစ်သည်။
သို့သော် ယနေ့ သူ၏ မျက်စိရှေ့တွင် ထိုအခြေခံ စည်းမျဉ်း ကြီး ချိုးဖျက်ခံလိုက်ရရာ ဆရာကြီးခူ ၏ ရင်ထဲတွင် ရှိနေသော အရာများစွာ သည်လည်း တစ်ပါတည်း ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
"မု ဂိုဏ်းချုပ် ပဏာမ ကုသမှု ပြီးဆုံးသွားပါပြီ ဘေးမှာ သွားပြီး အတွင်းအား လှည့်ပတ် အနားယူလို့ ရပါပြီ"
မုရှန်ရုန် ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ မေးလိုက်သည်။
"ပဏာမ ဒါဆို နောက်ထပ် ကုသမှု တွေ ရှိသေးတာပေါ့"
"ဟုတ်ပါတယ် ဂူအဆိပ်တွေက စီနီယာ ရဲ့ ခန္ဓာကိုယ် နေရာအနှံ့ကို စိမ့်ဝင်နေပြီမို့ တစ်ခါတည်းနဲ့ အကုန် ရှင်းထုတ်ပစ်ဖို့ ဆိုတာ လုံးဝ မလွယ်ကူပါဘူး ပြီးတော့ အရမ်း လောလွန်းရင် ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကျန်ရစ်ခဲ့နိုင်ပါတယ်"
မုရှန်ရုန် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။
"ဒါဆို ဆရာကျန်း ကိုပဲ ဒုက္ခပေးရတော့မယ်"
ပြောပြီးသည်နှင့် မတ်တတ်ရပ်ကာ ဘေးတစ်နေရာသို့ သွား၍ တင်ပျဉ်ခွေ ထိုင်ကာ တရားထိုင်နေလေတော့သည်။
"နောက်ထပ် စီနီယာ တစ်ယောက် လာခဲ့ပါ"
...
မုရှန်ရုန် ဟူသော "စံပြ" ရှိနေသဖြင့် နောက်ပိုင်း ကုသမှုများမှာ ပိုမို ချောမွေ့သွားသည်။ ကျန်းပေရန် ရှင်းပြနေစရာပင် မလိုဘဲ တိုက်ရိုက် အပ်စိုက်၊ ဆေးတိုက် ရုံဖြင့် ပြီးစီးသွားကာ ဂျိနိုင်ငံ မှ အနက်ရောင် သူတော်စင် အားလုံးအတွက် ကုသမှုကို လျင်မြန်စွာ ပြီးစီးသွားစေခဲ့သည်။
"ဒီတစ်ခါ ဆရာကျန်း ကို တကယ် ကျေးဇူးတင်ပါတယ်"
ကျန်းပေရန် အပ်အိတ်ကို ပြန်သိမ်းနေစဉ် မုရှန်ရုန် က ရှေ့သို့ တိုးလာကာ ကျန်းပေရန် ကို လက်ယှက် နှုတ်ဆက်လိုက်သည်။
"လုပ်ရမယ့် တာဝန်ပါပဲ မု ဂိုဏ်းချုပ် ဒီလောက် အားနာနေစရာ မလိုပါဘူး"
"မဟုတ်ပါဘူး မဟုတ်ပါဘူး ဒီတစ်ခါ ငါတို့ အသက်ရှင်လျက် ဒီကို ရောက်လာနိုင်တာ ဆရာကျန်း ကျေးဇူးကြောင့်ပါ အခု ထပ်ပြီး ကြီးမားတဲ့ ကျေးဇူးကြွေး တစ်ခု ထပ်တင်သွားပြန်ပြီ တကယ်လို့ နောက်ပိုင်း ဆရာကျန်း အနေနဲ့ ဒီလူအိုကြီး ကို အကူအညီ တောင်းစရာ ရှိရင် အချိန်မရွေး ပြောပါ ဒီလူအိုကြီး လုံးဝ ငြင်းဆန်မှာ မဟုတ်ပါဘူး"
အကယ်၍ ယခင်ကသာ အနက်ရောင် သူတော်စင် တစ်ဦးက မိမိကို ဤသို့ ပြောလာပါက ကျန်းပေရန် တစ်ယောက် စိတ်လှုပ်ရှားသွားဦးမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဤသည်မှာ အနက်ရောင် သူတော်စင် တစ်ဦး၏ ကျေးဇူးကြွေး ဖြစ်ပြီး ရွှမ်နဂါးတိုက်ကြီး တွင် အသုံးအဝင်ဆုံးသော အရာများထဲမှ တစ်ခု ဖြစ်သည်။
သို့သော် ပစ္စည်း ဆိုသည်မှာ ရှားပါးမှသာ တန်ဖိုးရှိသည်။ မည်မျှပင် ကောင်းမွန်သော အရာဖြစ်စေ များပြားလာပါက လူများကို စိတ်လှုပ်ရှားစေရန် ခက်ခဲသွားသည်။
ယခုအခါ ကျန်းပေရန် သည် အနက်ရောင် သူတော်စင် များ၏ ကျေးဇူးကြွေးကို ရိတ်သိမ်းသည့် စက်ကြီး တစ်ခုနှင့် တူနေပြီး သွားလေရာ နေရာတိုင်းတွင် တစ်သုတ်ပြီး တစ်သုတ် ရိတ်သိမ်းနိုင်ရာ သဘာဝကျစွာပင် တန်ဖိုးရှိသည်ဟု မခံစားရတော့ပေ။
သို့သော် ရင်ထဲတွင် လှိုင်းထန်မှု မရှိသော်လည်း အပြင်ပန်းတွင်မူ ယဉ်ကျေးသော စကားများ ပြောရမည်သာ ဖြစ်သည်။
"ကောင်းပါပြီ မုဂိုဏ်းချုပ်ရဲ့ ဒီစကားကြောင့် ဂျူနီယာ နောက်ပိုင်း ရွှမ်နဂါးတိုက်ကြီး မှာ လှည့်လည် သွားလာတဲ့ အခါ ပိုပြီး ယုံကြည်မှု ရှိသွားပါပြီ"
"ဟားဟားဟား"
မုရှန်ရုန် သည် ထိုစကားကို ကြားသောအခါ အားရပါးရ ရယ်မောလိုက်ပြီး အလိုက်သင့် ပြောလိုက်သည်။
"ဒါဆို နောက်ပိုင်း ဆရာကျန်း ငါတို့ ဂျိ..."
စကားတစ်ဝက်တွင် မုရှန်ရုန် ၏ မျက်နှာထား ချက်ချင်း မှိုင်းညို့သွားသည်။
ယခုအခါ အိမ်ပင် မရှိတော့ရာ သူ့ဆီ အလည်လာရန် ကြိုဆိုပါသည် ဟု ပြောနေခြင်းမှာ လူရယ်စရာ ဖြစ်နေသည် မဟုတ်ပါလား။
မုရှန်ရုန် ၏ မျက်နှာထား မှိုင်းညို့သွားချိန်တွင် ခန္ဓာကိုယ်များ ပြန်လည် ကောင်းမွန်လာ၍ ဝမ်းသာနေကြသော အခြား ဂျိနိုင်ငံ မှ အနက်ရောင် သူတော်စင် များသည်လည်း ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။
သို့သော် ကျန်းပေရန် သည် ဤတစ်ကြိမ်တွင် အဆိပ်ဖြေပေးရန် သက်သက်သာ လာရောက်ခြင်း ဖြစ်ပြီး သူတို့၏ နိုင်ငံရေး ပြဿနာများကို ကူညီ ဖြေရှင်းပေးရန် စိတ်ဝင်စားမှု မရှိပေ။ ထို့ကြောင့် ဆရာဝန် တစ်ယောက်၏ မှာကြားချက် အချို့ကိုသာ ပြောကြားပြီးနောက် နှုတ်ဆက် ထွက်ခွာသွားလေရာ တား၍ပင် မရလိုက်ပေ။
ကျန်းပေရန် ၏ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ရင်း မုရှန်ရုန် သည် ဝူရှန် ဂိုဏ်းချုပ် ထံသို့ အလိုအလျောက် အကြည့် ရောက်သွားသည်။
"ချင် ဂိုဏ်းချုပ် မင်းနဲ့ ဟိုဆရာကျန်းနဲ့က တော်တော်လေး ရင်းနှီးတဲ့ ပုံပဲ သူက ဘယ်လို လူမျိုးလဲ ဆိုတာ ငါတို့ကို ပြောပြလို့ ရမလား"
ဝူရှန် ဂိုဏ်းချုပ် ထိုစကားကို ကြားသောအခါ အလွန် တောက်ပသော အပြုံးတစ်ခုကို ပြသလိုက်ပြီး ပြန်ဖြေသည်။
"သေချာပေါက် ပြည်သူ သောင်းသိန်းချီ ကို ဒုက္ခတွင်းကနေ ကယ်တင်နိုင်မယ့် သူရဲကောင်းကြီး တစ်ယောက်ပေါ့"
ဝူရှန် ဂိုဏ်းချုပ် ၏ မျက်နှာပေါ်ရှိ လုံးဝ ဖုံးကွယ် မထားသော ဂုဏ်ယူမှုများကို ကြည့်ရင်း မုရှန်ရုန် သည် မိမိ ထင်မြင်ချက် မမှားကြောင်း အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့သည်။ ထျန်းကျွယ် ချောက်ကမ်းပါး တွင် ရှိနေစဉ်က ဝူရှန် ဂိုဏ်းချုပ် သည် ဤလျှို့ဝှက်ဆန်းကြဲသော လူငယ်ထံမှ သတင်း ရရှိခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုစဉ်က ဝူရှန် ဂိုဏ်းချုပ် သည် ဤသတင်းကို သူတို့အား ပြောပြစဉ်ကလည်း မျက်နှာပေါ်တွင် ဤကဲ့သို့သော အပြုံးမျိုး ရှိနေခဲ့ပြီး ထုံနိုင်ငံ ၏ အဆိပ်မြူ ဘေးအန္တရာယ်ကို သူမ ကိုယ်တိုင် ဖြေရှင်းခဲ့သကဲ့သို့ ဖြစ်နေခဲ့သည်။
ယခုအခါ သူ သဘောပေါက်သွားပြီ ဖြစ်သည်။ ထိုကျန်းပေရန် သည် သူမနှင့် တစ်ခုခု ပတ်သက်မှု မရှိလျှင်တောင် အနည်းဆုံးတော့ သူမ၏ ချစ်သူ ဖြစ်မည်မှာ သေချာသည်။
မဟုတ်လျှင် သူမ ဘာကြောင့် ဒီလောက်တောင် ကိုယ်ချင်းစာစိတ် ပြင်းထန်နေရမည်နည်း။
"မှန်ပါတယ် ဆရာကျန်း က သူရဲကောင်း ဆိုတဲ့ နာမည်နဲ့ တကယ် ထိုက်တန်ပါတယ် ဒါပေမဲ့ ဒီသူရဲကောင်း က ဘယ်ကနေ ရောက်လာတာလဲ၊ ပြီးတော့ ဘာရည်ရွယ်ချက် ရှိလဲ ဆိုတာ ချင် ဂိုဏ်းချုပ် အနေနဲ့ နည်းနည်းလောက် ပြောပြလို့ ရမလား"
ကျန်းပေရန် ၏ စွမ်းရည်များကို ယခုအခါ သူတို့ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်။ သို့သော် ဤကဲ့သို့သော ထူးခြားသူ တစ်ဦး ယခင်က ဤမျှ နာမည် မထင်ရှားခဲ့ခြင်းမှာ သူ့အတွက် အလွန် နားလည်ရ ခက်ခဲလှသည်။
"တကယ်တော့ ငါသိတာလည်း မုဂိုဏ်းချုပ်ထက် မပိုပါဘူး သူက သိုသိုသိပ်သိပ် နေတတ်တယ် ဆိုတာလောက်ပဲ သိတယ် ဒီတစ်ခါ အဆိပ်မြူ ဘေးအန္တရာယ် က အရမ်း ကြီးမားလွန်းလို့သာ သူ ဝင်ပါရတာ မဟုတ်ရင် ဒီနေရာမှာ ရှိတဲ့ လူကြီးမင်းတို့ အားလုံး အချိန်အတော်ကြာတဲ့ အထိ သူ့နာမည်ကို ကြားရဦးမှာ မဟုတ်ဘူး"
'ဒါက အရမ်းကို သိုသိုသိပ်သိပ် နေလွန်းတာပဲ...'
မုရှန်ရုန် သည် ရွှမ်နဂါးတိုက်ကြီး တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး အေးချမ်းစွာ နေထိုင်တတ်သော အစွမ်းထက်သူ မျိုးစုံကို တွေ့ဖူးခဲ့သည်။
သို့သော် အဓိပ္ပာယ် မရှိသော စကား တစ်ခွန်းဟု သူ အမြဲတမ်း ထင်မြင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အေးချမ်းစွာ နေထိုင်တတ်သော အစွမ်းထက်သူ အများစု နာမည်ကြီးလာရခြင်းမှာ သူတို့ အေးချမ်းစွာ နေထိုင်တတ်သောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် မုရှန်ရုန် သည် အစစ်အမှန် အေးချမ်းစွာ နေထိုင်နိုင်သူ ရှိသည် ဆိုသည်ကို တစ်ခါမျှ မယုံကြည်ခဲ့ပေ။ ဤသည်မှာ နှိမ့်ချသော စကား တစ်ခွန်း သက်သက်သာ ဖြစ်သည်။ ဤတိုက်ကြီးပေါ်တွင် မင်း၌ တကယ့် စွမ်းရည် ရှိနေပါက ဖုံးကွယ်ထားရန် အလွန် ခက်ခဲသည်။ မင်း တစ်ကြိမ်လောက် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မင်းအတွက် အလိုအလျောက် ဝါဒဖြန့်ပေးမည့်သူများ သေချာပေါက် ရှိလာမည် ဖြစ်ပြီး အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် နာမည်ကျော်ကြားလာမည် ဖြစ်သည်။
သို့သော် ဤကျန်းပေရန် မှာမူ မြေကြီးထဲအထိ တကယ်ကို သိုသိုသိပ်သိပ် နေထိုင်သူ ဖြစ်သည်။ ဆရာကြီးခူ ကိုယ်တိုင် အံ့သြချီးကျူးရလောက်အောင် ဆေးပညာ စွမ်းရည်များ ရှိနေပါလျက် သူ့အကြောင်းကို မည်သူမျှ မကြားဖူးခဲ့ကြပေ။
ဤအချက်အတွက် သူ လေးစားပါတယ် ဟုသာ ပြောနိုင်တော့သည်။
ချီးကျူးပြီးနောက် မုရှန်ရုန် က ထပ်မေးလိုက်သည်။
"ဒါဆို ချင် ဂိုဏ်းချုပ် ကရော သူ့ကို ဘယ်လို သိခဲ့တာလဲ"
ဝူရှန် ဂိုဏ်းချုပ် ထိုစကားကို ကြားသောအခါ ကျန်းပေရန် ကို ပထမဆုံး အကြိမ် တွေ့ခဲ့စဉ်က တပည့် အဖြစ် လက်ခံချင်ခဲ့သော မြင်ကွင်းကို အလိုအလျောက် သတိရသွားသည်။
'နှမြောစရာပဲ အဲဒီတုန်းက သူ သဘောမတူခဲ့လို့ မဟုတ်ရင် အခု ပိုပြီး ပျော်စရာ ကောင်းနေမှာ'
နားလည်သဘောပေါက်စွာ ပြုံးလိုက်ပြီးနောက် ဝူရှန် ဂိုဏ်းချုပ် က ပြန်ဖြေသည်။
"ဒါကတော့ ငါတို့ နှစ်ယောက် ကြားက လျှို့ဝှက်ချက်ပဲ မု ဂိုဏ်းချုပ် ဘာပြောချင်လဲ ဆိုတာ ပွင့်ပွင့်လင်းလင်းသာ ပြောပါ ငါ့ကို ဘာလုပ်ခိုင်းချင်တာလဲ"
"ဟားဟားဟား ချင် ဂိုဏ်းချုပ် က တကယ်ပဲ ပွင့်လင်းတာပဲ ဒါဆို ဒီလူအိုကြီး လည်း ဖုံးကွယ် မနေတော့ပါဘူး အခု ဂျိနိုင်ငံ ကို ငါတို့ လက်ထဲ ပြန်ရောက်လာအောင် လုပ်ဖို့ ဆိုရင် ဒီဆရာကျန်း ရဲ့ အင်အားကို ဘယ်လို အသုံးချရမလဲ ဆိုတာက အရမ်း အရေးကြီးတယ် ငါကြည့်ရသလောက် ချင် ဂိုဏ်းချုပ် နဲ့ ဟို ဆရာကျန်းနဲ့က..."
"စိတ်ချပါ ငါက ဂျိနိုင်ငံသား ဖြစ်မှတော့ ဂျိနိုင်ငံအတွက် သေချာပေါက် အများကြီး ကြိုးစားပေးမှာပါ ဒီအချက်ကို မုဂိုဏ်းချုပ် မပြောရင်တောင် ငါ သေချာပေါက် လုပ်မှာပါ"
"ကောင်းပြီ"
မုရှန်ရုန် က ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။
"ချင် ဂိုဏ်းချုပ် ရဲ့ ဒီစကားကြောင့် ဒီလူအိုကြီး စိတ်အေးသွားပြီ ဒါဆို အားလုံးကို အပ်ပါတယ်"
(အခန်းပြီး)