မိစ္ဆာကောင်လေး
Vol. 57 Ch. 641
ဂျိနိုင်ငံ တည်ရှိသော အနောက်ဘက် ဧရိယာမှ ထွက်ခွာလာပြီးနောက် ကျန်းပေရန် သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ကျန်ရှန် အား ပြောလိုက်သည်။
"ထန်နိုင်ငံ ရဲ့ နားနေရာဆီ သွားကြရအောင်"
"ကောင်းပြီ ဒီဘက်ကို ကြွပါ"
ဖိတ်ခေါ်သော လက်ဟန် ပြုလုပ်ပြီးနောက် ကျန်ရှန် သည် ရှေ့မှ ဦးဆောင် ထွက်ခွာသွားလေသည်။
အရင်က အဆိပ်မြူများ ဖုံးလွှမ်းနေသော ယွမ်မြို့တော် နှင့် နှိုင်းယှဉ်ပါက ယခု ယွမ်မြို့တော် သည် သက်ဝင် လှုပ်ရှားနေသည်ဟု ဆိုနိုင်သည်။ ကောင်းကင်ယံတွင် အနက်ရောင် ဧကရာဇ် များ မကြာခဏ ပျံတက်သွားလိုက်၊ နောက်ထပ် အနက်ရောင် ဧကရာဇ် အချို့ ဆင်းသက်လာလိုက်ဖြင့် လေဆိပ် တစ်ခုထက်ပင် ပိုမို အလုပ်များနေပုံ ရသည်။
"ပေရန်"
ကျန်းပေရန် သည် စည်ကား သက်ဝင်နေသော ယွမ်မြို့တော် ၏ နေရာအနှံ့ကို အကဲခတ်နေစဉ် ရင်းနှီးသော အသံတစ်ခု သူ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။
ခေါင်းမော့ ကြည့်လိုက်ရာ ကျန်းပေရန်သည် ရင်းနှီးသူ တစ်ယောက်တည်း မဟုတ်ကြောင်း တွေ့လိုက်ရသည်။
ကောင်းကင်ယံတွင် ယင်ကျန်းဟုန် နှင့် ကွမ်းရှီအန်း တို့သည် အနက်ရောင် ဧကရာဇ် အချို့၏ လမ်းပြမှုဖြင့် ယွမ်မြို့တော် သို့ ရောက်ရှိလာကြပြီး စောစောက ပေရန် ဟု အော်ခေါ်လိုက်သူမှာ ကွမ်းရှီအန်းပင် ဖြစ်သည်။
ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကျန်းပေရန် သည် ကွမ်းရှီအန်း တို့ကို လက်ယှက် နှုတ်ဆက်ကာ ပြောလိုက်သည်။
"လူကြီးမင်းတို့ ဘေးကင်းကြတာကို မြင်ရလို့ စိတ်အေးသွားပြီ"
ထိုအချိန်၌ ခေါင်းဆောင် ဖြစ်သူ အနက်ရောင်ဧကရာဇ် ရှီလင် က ရှေ့တစ်လှမ်း တိုးလာပြီး ကျန်းပေရန် အား ပြောလိုက်သည်။
"အို... ဒီလူကြီးမင်းတွေက ဆရာကျန်း ရဲ့ မိတ်ဟောင်းဆွေဟောင်း တွေလား"
ရှီလင် ၏ အံ့သြနေသော လေသံကို ကြားသောအခါ ယင်ကျန်းဟုန်သည် မနေနိုင်ဘဲ မျက်ခုံးပင့်လိုက်မိသည်။
စောစောက ဤလူများသည် လုယင်းလုံကို နာမည်တပ်၍ ရှာဖွေခဲ့ကြရာ ထိုစဉ်ကတည်းက သူတို့သည် ကျန်းပေရန်ကြောင့် ရောက်လာခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းမိခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အခြား အကြောင်းပြချက်များ လုံးဝ အဓိပ္ပာယ် မရှိသောကြောင့် ဖြစ်သည်။ အနက်ရောင် ဧကရာဇ် အချို့သည် မိုင်ပေါင်းများစွာ အဝေးမှနေ၍ ရှန့်နိုင်ငံ မှ ဒုတိယတန်းစား ဂိုဏ်း တစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို လာရှာရန် သက်သက် ရောက်လာခြင်းမှာ မဖြစ်နိုင်ပေ။
သို့သော် ယခု ရှီလင် သည် ဘာမှ မသိသကဲ့သို့ ဟန်ဆောင်နေသည်ကို ကြည့်ရင်း ယင်ကျန်းဟုန် လုံးဝ အတည်ပြုနိုင်သွားသည်။
ဤအနက်ရောင် ဧကရာဇ် များသည် ကျန်းပေရန် ကြောင့် ရောက်လာခြင်း သာမက ကျန်းပေရန် ကို မြှောက်ပင့်လိုသော ရည်ရွယ်ချက် ဖြင့် ရောက်လာခြင်း ဖြစ်သည်။
ဤအတွေး ဝင်လာသည်နှင့် ယင်ကျန်းဟုန် ကိုယ်တိုင်ပင် ကြက်သီးထသွားမိသည်။ ကျန်းပေရန် ၏ အကြိမ်ကြိမ် အံ့သြဖွယ်ရာ စွမ်းဆောင်မှုများက သူ့ကို ဤလူငယ်အား ပိုမို အထင်မသေးရဲအောင် ဖြစ်လာစေခဲ့ပြီး အလွန် မြင့်မားသော နေရာတစ်ခုတွင်ပင် ထားရှိခဲ့သည်။
သို့သော် ယခု ကြည့်ရသည်မှာ သူ၏ ရင်ထဲတွင် ရှိသော ထိုအလွန် မြင့်မားသည့် နေရာသည်ပင် ကျန်းပေရန် နှင့် လုံးဝ မထိုက်တန်ဘဲ သူ၏ ခြေနင်းတုံး အဖြစ်ပင် မလုံလောက်ကြောင်း တွေ့ရသည်။
ကျန်းပေရန် ကတော့ ရှီလင် သည် ယင်ကျန်းဟုန် တို့ကို မသိဘူး ဆိုသည်ကို လုံးဝ မယုံကြည်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုရှီလင် သည် ရှီမိသားစုမှ အနက်ရောင် ဧကရာဇ် တစ်ဦး ဖြစ်ပြီး ရှီမိသားစု သည် သူ့အကြောင်းကို နောက်ကွယ်မှ အစအဆုံး စုံစမ်းပြီးလောက်ပြီ ဖြစ်ရာ သူသည် ရှန့်နိုင်ငံ မှ လာသူ ဖြစ်ကြောင်း မသိစရာ အကြောင်း မရှိပေ။
ထို့ကြောင့် သူနှင့် ပတ်သက်နေသော လူများကိုလည်း သေချာပေါက် အသေးစိတ် စုံစမ်းထားပြီး ဖြစ်ပေလိမ့်မည်။
သို့သော် ရှီလင်က ဟန်ဆောင်လိုမှတော့ ကျန်းပေရန် အနေဖြင့် မျက်နှာချင်းဆိုင်တွင် ဖွင့်ချရန် အကြောင်းပြချက် မရှိသဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဒီလူကြီးမင်းတွေ အားလုံးက ကျွန်တော် အလွန် လေးစားရတဲ့ လူကြီးတွေပါ"
အကယ်၍ ယခင်ကသာ ဆိုပါက ယင်ကျန်းဟုန် သည် ဤစကားကို ကြားသောအခါ အလွန် ကျေနပ်စွာ ခေါင်းညိတ်ပြမိမည်မှာ သေချာသည်။
သို့သော် ယခုအခါတွင်မူ အလွန် ကြီးမားသော ဖိအားများကို ခံစားနေရပြီး တိုက်ရိုက်ပင် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ဒီလောက် မဟုတ်ပါဘူး"
ကွမ်းရှီအန်း သည် ယခုအချိန်ထိ အခြေအနေကို သေချာ မသိသေးပေ။ သူသည် ဤနေရာတွင် ကျန်းပေရန် နှင့် တိုက်ဆိုင်စွာ တွေ့ဆုံရခြင်း ဖြစ်သည်ဟု တကယ် ထင်မှတ်ထားသဖြင့် ဝမ်းသာအားရ နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။ သို့သော် ယခု သူ ဘယ်လောက် ထုံအပါစေ ဤအနက်ရောင် ဧကရာဇ် အဆင့်ရှိ အစွမ်းထက်သူ များသည် ကျန်းပေရန် ကို အလွန် လေးစားနေပုံ ရကြောင်း မြင်တွေ့နေရပြီ ဖြစ်သည်။
ထိုအချက်က ကွမ်းရှီအန်း ကို အလွန် အံ့အားသင့်သွားစေသည်။
'ပေရန် က ဒီမှာ ဘာတွေ လုပ်ထားလို့လဲ...'
ကျန်းပေရန်၏ အဖြေကို ကြားပြီးနောက် ရှီလင် နှင့် အခြား အနက်ရောင် ဧကရာဇ် များသည် ချက်ချင်းပင် ယင်ကျန်းဟုန် တို့ကို လက်ယှက် နှုတ်ဆက်ကာ ပြောလိုက်သည်။
"ဆရာကျန်း တောင် လေးစားရတဲ့ လူကြီးတွေ ဖြစ်နေတာကိုး စောစောက တကယ်ပဲ ရိုင်းစိုင်းသွားပါတယ်"
"ပေရန်"
ထိုအချိန်၌ အနက်ရောင် ဧကရာဇ် များ၏ အနောက်မှ နောက်ထပ် လူတစ်ယောက် ထွက်လာသည်။ ထိုသူမှာ စိတ်နှလုံးပြန်ဂိုဏ်း၏ ဂိုဏ်းချုပ် လုယင်းလုံ ပင် ဖြစ်သည်။
အချိန်အတော်ကြာ မတွေ့ရသော ဂိုဏ်းချုပ် ကို တွေ့လိုက်ရသဖြင့် ကျန်းပေရန် ချက်ချင်း ရှေ့တိုးသွားကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ် က တကယ်ပဲ ကံကောင်းတဲ့သူပဲ ဘာမှ မဖြစ်တာ အရမ်း ကောင်းတာပဲ"
သူ့ရှေ့တွင် စိတ်လှုပ်ရှားနေသော ကျန်းပေရန် ကို ကြည့်ရင်း လုယင်းလုံ သည် မိမိ လုံးဝ ကြောင်အမ်းနေကြောင်း ခံစားလိုက်ရသည်။
ယခင်က ရှန့်နိုင်ငံ တွင် ရှိနေစဉ်က ဤအနက်ရောင် ဧကရာဇ် များက သူ့ကို နာမည်တပ်၍ ရှာဖွေခဲ့ခြင်းကပင် သူ့ကို မနေတတ် မထိုင်တတ် ဖြစ်စေခဲ့ပြီ ဖြစ်သည်။
သူသည် တစ်သက်လုံး နိုင်ငံ ခြောက်နိုင်ငံ သို့ မသွားဖူးသော်လည်း ဤအနက်ရောင် ဧကရာဇ် များ ရောက်လာသည်နှင့် မိမိတို့ မည်သူမည်ဝါ ဖြစ်ကြောင်း ကြေညာကာ နိုင်ငံ ခြောက်နိုင်ငံ မှ လာသူများ ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
ဤသည်က လုယင်းလုံကို အလွန် လန့်ဖြန့်သွားစေခဲ့ပြီး သူ၏ အဖိုးတန် မြေးမလေး အပြင်ထွက်ပြီး ပြဿနာ တစ်ခုခု ရှာခဲ့သလား ဟု စိတ်ထဲတွင် တွေးမိခဲ့သည်။
သို့သော် သူ့ကို နာမည်တပ်၍ ရှာဖွေနေသော ထိုအနက်ရောင် ဧကရာဇ် များနှင့် တွေ့ဆုံရသောအခါ သူတို့သည် အလွန် ယဉ်ကျေးကြပြီး သူ့အပေါ် ဂရုစိုက်မှုများမှာ နွေးထွေးသော မေးမြန်းမှုများ ဟုပင် ခေါ်ဆိုနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ထို့ပြင် လာရာလမ်းတွင် အနက်ရောင် ဧကရာဇ် အများအပြားက သူနှင့် စကားပြောရန် အလုအယက် ကြိုးစားခဲ့ကြသည်။
ဤကဲ့သို့သော ဆက်ဆံမှုမျိုးက လုယင်းလုံ ကိုယ်တိုင်ပင် ကြက်သီးထသွားစေခဲ့ပြီး သူတို့သည် မိမိထံမှ ဘာတွေ လိုချင်နေကြသနည်း ဆိုသည်ကို မသိနိုင် ဖြစ်နေခဲ့သည်။
သူသည် ဤကိစ္စကို ကျန်းပေရန် နှင့် ပတ်သက်နေမည်ဟု မတွေးမိခြင်းမှာ အပြစ်ဆိုစရာ မရှိပေ။
မည်သို့ပင်ဆိုစေ ကျန်းပေရန်သည် သူ၏ မျက်လုံးထဲတွင် အလွန် ထက်မြက်သော လူငယ်လေး တစ်ယောက် ဖြစ်သော်လည်း ကျင့်ကြံခြင်း အဆင့် မရှိခြင်းမှာ နှမြောစရာ ဖြစ်ပြီး သို့မဟုတ်ပါက အနာဂတ်တွင် သေချာပေါက် အလွန် တောက်ပလာမည် ဖြစ်သည်။
အတိုချုပ် ပြောရလျှင် သူသည် ကျန်းပေရန်သည် ရှန့်နိုင်ငံ မှ အနက်ရောင် ဧကရာဇ် တစ်ဦး ဖြစ်ကြောင်းကိုပင် မသိရှိသဖြင့် သူတို့ကို လာကယ်သူများသည် ကျန်းပေရန် နှင့် ပတ်သက်နေမည်ဟု လုံးဝ မတွေးမိခြင်း ဖြစ်သည်။
ထိုအချိန်၌ ကျန်းပေရန် က လက်ယှက်ကာ စကားစလိုက်သည်။
"ဂျူနီယာ ရိုင်းရိုင်းစိုင်းစိုင်း မေးခွန်း တစ်ခုလောက် မေးပါရစေ လူကြီးမင်းတို့ အားလုံး ဒီမှာ ရှိနေမှတော့ တခြားသူတွေရော ဘယ်မှာလဲ"
ယင်ကျန်းဟုန် သည် ကျန်းပေရန် ထိုမေးခွန်းကို မေးလာမည်ဟု ကြိုတင် ခန့်မှန်းထားသကဲ့သို့ မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။
"မြို့ပြင်မှာလေ ငါတို့က အထဲဝင်ပြီး စာရင်း လာသွင်းတာ"
"မြို့ပြင်" ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ရှီလင် က ချက်ချင်း ပြောလိုက်သည်။
"လူကြီးမင်းတို့ အားလုံးက ဆရာကျန်း ရဲ့ မိတ်ဆွေတွေ ဖြစ်နေမှတော့ ငါတို့ရဲ့ မိတ်ဆွေတွေလည်း ဖြစ်တာပေါ့ လူကြီးမင်းတို့ အတွက် အတွင်းမြို့တော် မှာ နေခွင့်ရဖို့ ငါ သွားပြီး လျှောက်ထားပေးပါ့မယ်"
ယင်ကျန်းဟုန် ထိုစကားကို ကြားသောအခါ ကပျာကယာ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"အခုလို အထူး အခြေအနေ မျိုးမှာ ငါတို့ နေစရာ နေရာလေး တစ်ခု ရတာကိုပဲ ကျေးဇူးတင်လှပါပြီ လူကြီးမင်းကို ဒုက္ခ မပေးပါရစေနဲ့တော့"
ကျန်းပေရန် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။
"သူတို့ အနားယူသင့်တဲ့ နေရာကိုပဲ သွားခိုင်းလိုက်ပါ"
အသိုင်းအဝိုင်း မတူရင် အတင်း မဝင်နဲ့ ဆိုသည့် စကားအတိုင်းပင် ယင်ကျန်းဟုန် ကဲ့သို့သော အနက်ရောင် ဘိုးဘေးအဆင့်ငယ်လေး တစ်ယောက်သည် ဤနေရာတွင် လုံးဝ ထည့်တွက်စရာ မရှိပေ။
အဘယ်ကြောင့်ဆိုသော် ဤယွမ်မြို့တော် အတွင်းတွင် သင့်ဘေးမှ ဖြတ်သွားသော ကျင့်ကြံသူ တိုင်းသည် အနက်ရောင် ဧကရာဇ် ဖြစ်နိုင်ခြေ ရှိပြီး အနက်ရောင် ဘိုးဘေးသည် အသံကျယ်ကျယ်ဖြင့်ပင် စကားမပြောရဲပေ။
ယင်ကျန်းဟုန် တို့ အားလုံး ဘေးကင်းကြောင်း သိရှိသွားသောအခါ ကျန်းပေရန် သည်လည်း အလောတကြီး စကားမပြောတော့ဘဲ ယင်ကျန်းဟုန် တို့ကို လက်ယှက် နှုတ်ဆက်ကာ ပြောလိုက်သည်။
"ဒါဆို လူကြီးမင်းတို့ အရင် သွားနားကြပါဦး ဂျူနီယာ လုပ်စရာ ကိစ္စလေးတွေ ရှိနေသေးလို့ နောက်မှ လူကြီးမင်းတို့ကို လာတွေ့ပါ့မယ်"
ကျန်းပေရန် သည် ယခင်ကနှင့် မတူတော့ကြောင်း သိရှိသော ယင်ကျန်းဟုန် သည်လည်း ပြန်လည် နှုတ်ဆက်လိုက်သည်။
"စိတ်ချပါ ငါတို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ပါတယ် ပေရန် မင်း လုပ်စရာ ရှိတာသာ သွားလုပ်ပါ"
ခေါင်းညိတ်ပြပြီးနောက် ကျန်းပေရန်သည် ကျန်ရှန်၏ နောက်မှလိုက်ကာ ထန်နိုင်ငံ ၏ နားနေရာဆီသို့ ဆက်လက် ထွက်ခွာသွားလေသည်။
ကျန်းပေရန် ၏ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ရင်း ယင်ကျန်းဟုန် သာမက လုယင်းလုံ၏ ရင်ထဲတွင်လည်း ခံစားချက် မျိုးစုံ ဖြစ်ပေါ်နေသည်။ သူသည် သတင်း အချက်အလက် နည်းပါးရုံသာ ဖြစ်ပြီး မအပါပေ။ စောစောက စကားပြောဆိုမှုများ အရ ဤအနက်ရောင် ဧကရာဇ် များ လာရာလမ်း တစ်လျှောက်လုံး သူ့ကို နွေးထွေးစွာ မေးမြန်းခဲ့ခြင်း၏ အကြောင်းရင်းမှာ ကျန်းပေရန် ကို မြှောက်ပင့်လိုသောကြောင့် ဖြစ်ကြောင်း သူ ကောင်းစွာ နားလည်သွားသည်။
မှန်သည်။
မြှောက်ပင့်ခြင်း….
ထိုစကားလုံး နှစ်လုံးကို အနက်ရောင် ဧကရာဇ်များ အပေါ် အသုံးပြုခြင်းသည် လုံးဝ အတိအကျ မှန်ကန်နေသော်လည်း အလွန် အတိအကျ မှန်ကန်နေသောကြောင့်ပင် လုယင်းလုံ ကို အလွန် အံ့အားသင့်သွားစေသည်။
ကျန်းပေရန်၊ ပြင်ပလောက ကို ဂရုမစိုက်ဘဲ ပုန်းအောင်းနေရန်သာ အမြဲ စိတ်ဝင်စားသော အမည်ခံ တပည့်လေး ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သို့သော အလွန် ကြီးမားသည့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သဖြင့် အနက်ရောင် ဧကရာဇ်များကပင် လာရောက် မြှောက်ပင့်နေရသနည်း။
"လု ဂိုဏ်းချုပ် ဒီဘက်ကို ကြွပါ"
လုယင်းလုံ ခံစားချက် ပြင်းထန်နေစဉ် ရှီလင်က ဖိတ်ခေါ်သော လက်ဟန် ပြုလုပ်ကာ ပြောလိုက်သည်။
ဆရာကျန်း ၏ စောစောက စကားပြောဆိုမှုများ အရ သူသည် ကျန်းပေရန် နှင့် ဤရှန့်နိုင်ငံ မှ ခေါင်းဆောင်ပိုင်းများသည် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိကြောင်း ပိုမို အတည်ပြုနိုင်ခဲ့သည်။ သူတို့မှတစ်ဆင့် ဆရာကျန်း အကြောင်း ပိုမို သိရှိနိုင်ပြီး နောက်ပိုင်းတွင် မြှောက်ပင့်... လာဘ်ထိုးရာတွင် ပိုမို ပစ်မှတ်ထား လုပ်ဆောင်နိုင်မည် ဖြစ်သည်။
သတိဝင်လာသော လုယင်းလုံ ခေါင်းညိတ်လိုက်ပြီး ရှီလင်ကို လက်ယှက် နှုတ်ဆက်ကာ ပြောလိုက်သည်။
"ကြွပါ"
ရှီလင် ၏ ခြေလှမ်းများ နောက်သို့ မလိုက်မီ လုယင်းလုံ သည် ကျန်းပေရန် ထွက်သွားသော လမ်းကြောင်းကို နောက်တစ်ကြိမ် နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်မိသည်။
တကယ်တော့ သူသည် အချိန်အတော်ကြာ ကတည်းက ကျန်းပေရန် မရိုးရှင်းကြောင်း၊ အလွန် မရိုးရှင်းကြောင်း သိရှိထားခဲ့သည်။
မည်သို့ မရိုးရှင်းသနည်း ဆိုလျှင် သူသည် ဂိုဏ်းထဲရှိ ဘုရားကြီး နှစ်ဆူကို တစ်ပြိုင်နက်တည်း သိကျွမ်းနေပြီး သူတို့နှင့် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိနေခြင်းပင် ဖြစ်သည်။
ရှီဖုန်းလန် နှင့် လင်ရှီယွင်…
ထိုနိုင်ငံ ခြောက်နိုင်ငံ မှ အနက်ရောင် သူတော်စင် မိသားစုများ၏ သခင်မလေး များသည် စိတ်နှလုံးပြန်ဂိုဏ်းမှ ထိပ်တန်း ခေါင်းဆောင် အနည်းငယ်သာ သိရှိသော အမြင့်ဆုံး လျှို့ဝှက်ချက် များ ဖြစ်ကြသည်။
သူတို့နှင့် ပတ်သက်၍ လုယင်းလုံ ကိုယ်တိုင်လည်း အလွန် အံ့အားသင့်နေမိသည်။
သူ၏ စိတ်နှလုံးပြန်ဂိုဏ်းသည် ရှန့်နိုင်ငံ ၏ ပထမတန်းစား ဂိုဏ်း တစ်ဂိုဏ်းမျှသာ ဖြစ်သည်။ သို့သော် မည်မျှပင် ပထမတန်းစား ဖြစ်စေကာမူ ရှန့်နိုင်ငံ၏ ပထမတန်းစား သာ ဖြစ်ပြီး ရွှမ်နဂါးတိုက်ကြီး တစ်ခုလုံးနှင့် ယှဉ်လျှင် အစာကွင်းဆက်၏ အောက်ခြေတွင် လုံးဝ ရှိနေသည်။
သို့သော် ဤကဲ့သို့သော ဂိုဏ်းငယ်လေး တွင် အနက်ရောင် သူတော်စင် အဆင့်ရှိ အစွမ်းထက်သူ များက သူတို့၏ မျိုးဆက်သစ် များကို ဆက်တိုက် လာရောက် အပ်နှံထားကြသည်။
ပြဿနာက သူ ကျွေးမွေး စောင့်ရှောက်နိုင်ပါ့မလား။
သို့သော် သူ ငြင်းလည်း မငြင်းရဲသဖြင့် ဤ ဘုရားကြီး နှစ်ဆူကို မျက်ရည်ခံကာ လက်ခံထားလိုက်ရသည်။
ထို့နောက် လုယင်းလုံ သည် ရှီမိသားစု နှင့် လင်းမိသားစု တို့သည် သူတို့၏ သခင်မလေး များကို ဘာကြောင့် မိမိထံ လာရောက် အပ်နှံ ထားကြသနည်း ဆိုသည်ကို အကြိမ်ကြိမ် စဉ်းစားခဲ့သော်လည်း မည်သို့မျှ စဉ်းစား၍ မရခဲ့ပေ။ သူ၏ ကျောင်းဆောင်ငယ်လေး တွင် သူတစ်ပါး မျက်စိကျစရာ မည်သည့် အဖိုးတန် ပစ္စည်းမျှ မရှိပေ။
တစ်နေ့တွင် ရှီဖုန်းလန် သည် တပည့်ငယ် တစ်ဦးနှင့် ရုတ်တရက် အလွန် ရင်းနှီးနေကြောင်း သူ ကြားသိလိုက်ရသည်။ သို့သော် ရှီမိသားစု က သူတို့၏ သခင်မလေး နှင့် ပတ်သက်၍ မည်သည့် ဝင်ရောက် စွက်ဖက်မှုမျှ မလုပ်ရန် သတိပေးထားသဖြင့် လုယင်းလုံ သည် ဆက်လက် စုံစမ်းခြင်း မပြုခဲ့ပေ။ လူငယ်များ ပွဲတော်တွင် ကျန်းပေရန် သည် လက်ဝါး တစ်ချက်တည်းဖြင့် လွှင့်စင်သွားခဲ့သည့် နေ့အထိပင် ဖြစ်သည်။
ထိုအခါမှ ကျန်းပေရန် ၏ ခန္ဓာကိုယ်ပေါ်တွင် ရှီဖုန်းလန် ပေးထားသော အဖိုးတန် သံချပ်ကာ ဝတ်ဆင်ထားပြီး သူ့အသက်ကို ကယ်တင်ပေးခဲ့ကြောင်း သိရှိလိုက်ရသည်။
ထိုမတိုင်မီက ရှီဖုန်းလန် သည် ရေမှန် ခန်းမ အပြင်ဘက်ရှိ မည်သူနှင့်မျှ ရင်းနှီးသော ဆက်ဆံရေး မရှိခဲ့ပေ။ ထိုအချက်က လုယင်းလုံ ကို ကျန်းပေရန် ဟူသော ဤအမည်ခံ တပည့်လေး အပေါ် ချက်ချင်း အာရုံစိုက်လာစေခဲ့သည်။
နောက်ပိုင်းတွင် လုယင်းလုံ သည် သူနှင့် လင်းရှီယွင် တို့ အကြားတွင်လည်း ရင်းနှီးသော ဆက်ဆံရေး ရှိကြောင်း သိရှိသွားခဲ့သည်။
ဤအချက်က လုယင်းလုံကို ဤမထင်မရှား အမည်ခံ တပည့်လေး မည်မျှ မရိုးရှင်းကြောင်း လုံးဝ အတည်ပြုသွားစေခဲ့သည်။
ကျန်းပေရန် သည် ထိုဘုရားကြီး နှစ်ဆူစလုံးနှင့် အဆက်အသွယ် ရှိကြောင်း သိရှိသွားသော်လည်း သူတို့ အကြားတွင် မည်သို့သော ဇာတ်လမ်းများ ရှိနေသနည်း ဆိုသည်ကိုတော့ လုယင်းလုံ စိတ်ကူး၍ မရနိုင်ပေ။ မည်သို့ပင်ဆိုစေ ကျန်းပေရန် မည်မျှပင် မရိုးရှင်းစေကာမူ ကျင့်ကြံခြင်း အဆင့် မရှိ ဆိုသည့် အချက်ကိုတော့ ပြောင်းလဲ၍ မရနိုင်ပေ။
ထို့ကြောင့် လုယင်းလုံ သည် ကျန်းပေရန်၏ လျှို့ဝှက်ချက်များကို အလွန် ကြီးမားသည်ဟု စိတ်ကူးထားခဲ့လျှင်တောင် ယနေ့ မြင်ကွင်းမျိုး ဖြစ်ပေါ်လာမည်ဟု မထင်မှတ်ထားခဲ့ပေ။
အနက်ရောင် ဧကရာဇ် အများအပြားက သူ့ကို မြှောက်ပင့်ရန် အတွက် ရောက်လာပြီး မိမိကို နွေးထွေးစွာ မေးမြန်း နေကြသည်။
'ငါ နားမလည်တာ မဟုတ်ဘူး ဒီလောကကြီးက မြန်မြန်ဆန်ဆန် ပြောင်းလဲလွန်းနေလို့ပဲ'
အလွန် ခံစားချက် ပြင်းထန်စွာဖြင့် လုယင်းလုံသည် ရှီလင်၏ ခြေလှမ်းများ နောက်သို့ လိုက်ပါသွားပြီး ဤကြီးမားသော အပြောင်းအလဲ အောက်တွင် တိုက်ကြီး တစ်ခုလုံး၏ အနေအထား မည်မျှ ပြောင်းလဲသွားမည်နည်း၊ သူ၏ စိတ်နှလုံးပြန်ဂိုဏ်း ဟူသော လှိုင်းလုံးများကြားတွင် အစိတ်စိတ် အမွှာမွှာ ကျိုးပဲ့သွားသင့်သည့် လှေငယ်လေး သည် ကျန်းပေရန် ၏ ပေါ်ထွက်လာမှုကြောင့် မည်ကဲ့သို့သော အံ့သြဖွယ် ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်နည်း ကို စိတ်ထဲတွင် စတင် တွေးတောနေမိသည်။
'ဟူး... အသက်ကြီးပြီမို့ နားမလည်နိုင်တော့ဘူး'
...
ဂျိနိုင်ငံ၏ နားနေရာနှင့် နှိုင်းယှဉ်ပါက ထန်နိုင်ငံ၏ နားနေရာသည် များစွာ ပိုမို စည်ကားနေသည်။
ကူချင်းဟွမ် ကြောင့် ထန်နိုင်ငံသည် ဂူကျင့်ကြံသူ များကို ခုခံရာတွင် အလွန် ထူးချွန်စွာ လုပ်ဆောင်နိုင်ခဲ့ရုံသာမက အသက်ရှင် ကျန်ရစ်သူ အများအပြားကိုလည်း ကယ်တင်နိုင်ခဲ့သည်။ ယခု ထန်နိုင်ငံ၏ နားနေရာ ဤမျှ စည်ကားနေခြင်းမှာ ကူချင်းဟွမ် ၏ ကူညီမှု ကိုးဆယ်ရာခိုင်နှုန်းခန့် ပါဝင်သည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် ကျန်းပေရန်သည် ထန်နိုင်ငံ ၏ ထိပ်တန်း ခေါင်းဆောင် အားလုံးနှင့် တွေ့ဆုံသောအခါ ကူချင်းဟွမ်လည်း ထိုအထဲတွင် ထင်ရှားစွာ ပါဝင်နေသည်။
ထန်နိုင်ငံ၏ ပထမတန်းဂိုဏ်း ဖြစ်သော ဂိုဏ်းချုပ် လိုကျင်းထျန်း ၏ ဘေးတွင် ရပ်နေခြင်း ဖြစ်သည်။
ဝင်သွားပြီးနောက် ကျန်းပေရန်သည် ကူချင်းဟွမ် ကို တမင်တကာ လုံးဝ လျစ်လျူရှုမထားဘဲ အံ့သြဟန်ပြသော အကြည့် တစ်ချက် ပေးလိုက်ပြီးမှသာ လိုကျင်းထျန်း ထံသို့ အကြည့် ပြောင်းလိုက်သည်။
ယခုအခါ လိုကျင်းထျန်း သည် ကူချင်းဟွမ်ကြောင့် လူငယ်များကို လုံးဝ အထင်မသေးရဲတော့ပေ။ ထို့ပြင် ကျန်းပေရန် ၏ လုပ်ဆောင်ချက်များကို သူ ကြိုတင် ကြားသိထားပြီး ဖြစ်ရာ စကားပြောဆိုရာတွင် မောက်မာသော ဟန်ပန် လုံးဝ မရှိရုံသာမက မိမိ၏ အဆင့်အတန်းကိုပင် အနည်းငယ် နှိမ့်ချထားလိုက်သေးသည်။
"ဒီတစ်ခါ ငါတို့ကို အဆိပ်ဖြေပေးဖို့ ဆရာကျန်း ကိုယ်တိုင် ဒုက္ခခံ လာရောက်ပေးတာ အရမ်း ပင်ပန်းသွားပါပြီ တကယ်လို့ ထန်နိုင်ငံ မှာသာ ဆိုရင် ဒီလူအိုကြီး က မင်းကို ကောင်းကောင်းမွန်မွန် ဧည့်ခံမှာပါ ဒါပေမဲ့ အခု အခြေအနေတွေ အရ ဒီကျေးဇူးတင်စကားကို နောက်မှပဲ ပြောပါရစေတော့"
ကျန်းပေရန် ထိုစကားကို ကြားသောအခါ ပြန်ဖြေလိုက်သည်။
"လို ဂိုဏ်းချုပ် ဒီလောက် အားနာနေစရာ မလိုပါဘူး အခု အခြေအနေက အရေးကြီးနေတုန်းပဲမို့ အရက်သောက်ပြီး စကားပြောနေဖို့ အချိန် မရှိသေးပါဘူး ဘယ်သူ့ကို အရင် အဆိပ်ဖြေပေးရမလဲ ဆိုတာ ပြောပါ"
"ကောင်းပြီ ဆရာကျန်း ပြောတာ မှန်ပါတယ် ဒါဆို ဒီလူအိုကြီး လည်း အားနာစကားတွေ အများကြီး မပြောတော့ဘူး ငါ့ကနေ စလိုက်ပါ"
မီးစ အနည်းငယ်သာ ကျန်ရှိတော့သော ဂျိနိုင်ငံ နှင့် ယှဉ်လျှင် ထန်နိုင်ငံ ဘက်တွင် အနက်ရောင် သူတော်စင် များစွာ ပိုမို များပြားသဖြင့် ကျန်းပေရန် သည် ညသန်းခေါင် ကျော်သည်အထိ ကုသပေးပြီးမှသာ အောင်မြင်စွာ ပြီးဆုံးသွားလေသည်။
"ဆရာကျန်းက ကောလာဟလ တွေထဲကလိုပဲ တကယ်ကို အံ့သြစရာ ကောင်းတဲ့ စွမ်းရည်တွေ ရှိတာပဲ အခြေအနေတွေသာ မတင်းမာနေဘူး ဆိုရင် ဒီလူအိုကြီး တကယ်ပဲ စားပွဲသောက်ပွဲ ခင်းပြီး ဆရာကျန်း နဲ့ အတူတူ မူးတဲ့အထိ သောက်ချင်သေးတယ်"
"ဒီအဆိပ်မြူတွေ ပျောက်သွားတဲ့ အခါ လို ဂိုဏ်းချုပ် ဘယ်နှစ်ခါလောက် မူးသည်အထိ သောက်ချင်သောက် ဂျူနီယာ အဖော်ပြုပေးပါ့မယ် ဒါဆို လူကြီးမင်းတို့ သေချာ အနားယူကြပါ ဂျူနီယာ နောက်တစ်နေရာကို သွားလိုက်ပါဦးမယ်"
"ကောင်းပြီ ဆရာကျန်း ကို လိုက်ပို့ပါ့မယ်"
အပြင်ထွက်ချိန်တွင် ကျန်းပေရန် သည် ကူချင်းဟွမ်ကို စိတ်စွမ်းအားဖြင့် သတင်းပို့လိုက်သည်။
"ဒီနေရာမှာပဲ ဆက်နေ"
ဆရာတူ အစ်ကိုကြီး ၏ ဆိုလိုရင်းကို နားလည်သော ကူချင်းဟွမ် သည်လည်း ချက်ချင်း စိတ်စွမ်းအားဖြင့် သတင်းပို့လိုက်သည်။
"ဟုတ်ကဲ့ပါ"
ကျန်းပေရန် ထွက်သွားပြီးနောက် ထန်နိုင်ငံ မှ အနက်ရောင် သူတော်စင် များသည် အလွန် အသက်ဝင်စွာ ဆွေးနွေးလာကြသည်။
"ရွှမ်နဂါးတိုက်ကြီးပေါ်မှာ ဒီလို မိစ္ဆာကောင်လေး ဘယ်အချိန်ကများ ပေါ်လာတာလဲ ခဏလေး အတွင်းမှာပဲ ငါ့ခန္ဓာကိုယ်ကို လုံးဝ ပြန်ကောင်းသွားအောင် လုပ်ပေးနိုင်တယ် ထုံနိုင်ငံ က အဆိပ်မြူ ကို ဖြေရှင်းနိုင်တာ အံ့သြစရာ မရှိတော့ပါဘူး"
"ဟားဟားဟား မတတ်နိုင်ဘူး အသက်ကြီးပြီ ဆိုတာ လက်ခံရတော့မယ် ဒီလူငယ်လေးတွေ တစ်ယောက်စီက မိစ္ဆာတွေလိုပဲ ငါတို့ကို မှီဖို့၊ ပြီးတော့ ငါတို့ကို ကျော်တက်သွားဖို့ ဆိုတာ အချိန် ပြဿနာ တစ်ခုပဲ ဖြစ်လိမ့်မယ်"
ဤအနက်ရောင် သူတော်စင် ၏ စကားကို ကြားသောအခါ လူတိုင်းက ကူချင်းဟွမ် ကို ပြိုင်တူ ကြည့်လိုက်ကြသည်။
မှန်သည်။ မိစ္ဆာကောင်လေး ဟု ဆိုလျှင် သူတို့ဆီမှာလည်း တစ်ယောက် ရှိသည်။
ဂူကျင့်ကြံသူ များ၏ ကျူးကျော်မှုကို ဟန့်တားနိုင်ခြင်းမှာ သူတို့ အနက်ရောင် သူတော်စင် များ၏ ပြင်းထန်သော ခုခံမှုကြောင့် ဖြစ်သော်လည်း ကူချင်းဟွမ်၏ အကြံပေးမှုများသာ မရှိပါက သူတို့ ချင်းယွမ်မြို့ ကို ကာကွယ်နိုင်မည့် ဖြစ်နိုင်ခြေမှာ အလွန် နည်းပါးကြောင်း သူတို့ စိတ်ထဲတွင် ကောင်းစွာ သိရှိထားကြသည်။
ထို့ပြင် ကူချင်းဟွမ် ၏ ခန္ဓာကိုယ် အတွင်းတွင် သူတို့ ဒဏ္ဍာရီထဲတွင်သာ ကြားဖူးသော ဧကရာဇ် ဝိညာဉ်စွမ်းအင်များ ကိန်းအောင်းနေပြီး ဤဧကရာဇ် ဝိညာဉ်စွမ်းအင် များကြောင့်ပင် ထိုဂူကျင့်ကြံသူ များ၏ တိုက်ခိုက်မှုများကို သူတို့ အေးအေးဆေးဆေး ရင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
သေချာသည်မှာ အေးအေးဆေးဆေး ဆိုသည်ကို သူတို့ ကိုယ်တိုင်သာ သိကြသည်။ အဘယ်ကြောင့်ဆိုသော် ကူချင်းဟွမ် ပေးသော အမိန့်များထဲတွင် အရေးကြီးဆုံး အချက် တစ်ချက် ပါဝင်နေသောကြောင့် ဖြစ်သည်။
ထိုအရာမှာ တောင့်မခံနိုင်တော့မည့် ပုံစံမျိုး ပြသရမည် ဆိုသည့် အချက်ပင် ဖြစ်သည်။ သို့မှသာ ဂူကျင့်ကြံသူ များ၏ အာရုံစိုက်မှုကို မရရှိဘဲ သူတို့ကို ရင်ဆိုင်ရန် အတွက် နောက်ထပ် စစ်ကူများ ထပ်မံ စေလွှတ်ခြင်းမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။
"ဆရာ... ဒီတစ်ကြိမ် ပြီးသွားရင် ဟို ဆရာကျန်း နဲ့ ပတ်သက်ပြီး ဆရာ့မှာ အမြင်သစ်တွေများ ရှိလာပြီလား"
အနက်ရောင် သူတော်စင် များ၏ ဆွေးနွေးသံများ ကြားတွင် လိုကျင်းထျန်း သည် ကူချင်းဟွမ် ကို ကြည့်ကာ မေးလိုက်သည်။
"အဲဒါက လို ဂိုဏ်းချုပ် ဘာမေးချင်လဲ ဆိုတာ အပေါ်မှာ မူတည်တယ်လေ"
လိုကျင်းထျန်း ထိုစကားကို ကြားသောအခါ အနည်းငယ် ကြောင်အမ်းသွားပြီးနောက် ဟားဟားဟား ဟု ရယ်မောလိုက်သည်။
"ဆရာ နဲ့ စကားပြောရတာ တကယ်ကို ဖုံးကွယ်ထားလို့ မရဘူးပဲ တကယ်တော့ ငါမေးချင်တာက သူ့ကို ငါတို့ဘက် ပါလာအောင် ဆွဲဆောင်နိုင်မယ့် အခွင့်အရေး ရှိမလား ဆိုတာပဲ"
(အခန်းပြီး)