← Chapters

ပြဿနာထဲ ဝင်ပါခြင်း

Vol. 57 Ch. 643

ပြဿနာထဲ ဝင်ပါခြင်း

Vol. 57 Ch. 643

"ဆရာကြီးခူကို ဂါရဝပြုပါတယ်"

"ဆရာကြီးခူကို ဂါရဝပြုပါတယ်"

"ဆရာကြီးခူ ဒီဘက်ကို ကြွပါ"

...

အခြားတိုင်းပြည်များ၏ နားနေဆောင်များသို့ သွားရသည်နှင့် ယှဉ်လျှင် ဝေ့တိုင်းပြည်သို့ ရောက်လာပြီးနောက်တွင်မူ ဆရာကြီးခူ၏ အဆင့်အတန်းမှာ တဟုန်ထိုး မြင့်တက်သွားသည်ဟု ဆိုရပေမည်။

ယခင်တိုင်းပြည်များ၏ နားနေဆောင်များသို့ သွားစဉ်ကလည်း သူတို့အား နှုတ်ဆက်ဂါရဝပြုသူများ ရှိခဲ့သော်လည်း အများစုမှာ လူငယ်မျိုးဆက်များသာ ဖြစ်ကြလေသည်။

ဝေ့တိုင်းပြည်တွင်မူ အထက် အနက်ရောင် သူတော်စင်မှသည် အောက်ခြေ အနက်ရောင် ကျင့်ကြံသူအထိ ဆရာကြီးခူကို မြင်သည်နှင့် ရိုသေစွာ ဂါရဝပြုကြရရာ မျက်နှာပန်း လှလွန်းလှသည်ဟု ဆိုရပေမည်။

သို့သော် ဤသို့ ရိုသေကြသော သိုင်းပညာရှင်များနှင့် ရင်ဆိုင်ရချိန်တွင် ဆရာကြီးခူမှာ စိတ်လွင့်နေဟန် ရှိလေသည်။

အဘယ်ကြောင့်ဆိုသော် တစ်ရက်နှင့်တစ်ည အချိန်ကုန်လွန်သွားခဲ့ပြီး သူသည်လည်း ကျန်းပေရန်၏ ဘေးမှနေ၍ အချိန်နှစ်ဆယ့်ရှစ်နာရီတိတိ စောင့်ကြည့်နေခဲ့သော်လည်း အကြိမ်ကြိမ် အံ့အားသင့် မှင်တက်ရုံမှလွဲ၍ မည်သည်ကိုမျှ ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း မရှိသည့်အပြင် မည်သည်ကိုမျှလည်း သင်ယူနိုင်ခဲ့ခြင်း မရှိသောကြောင့်ပင် ဖြစ်သည်။

ဤသည်က သူ့ကိုယ်သူပင် ပြန်၍ သံသယဝင်လာစေခဲ့သည်။

ငယ်စဉ်ကတည်းကပင် သူသည် ပညာရပ်ဆယ့်ခြောက်ခုစလုံးကို တတ်မြောက်ရန် မဖြစ်နိုင်ကြောင်း သိရှိခဲ့ပြီး ဆယ့်ခြောက်ခုဟု မဆိုထားနှင့် နောက်ထပ် ပညာတစ်ရပ်လောက် ပိုသင်ရမည်ဆိုလျှင်ပင် ဆရာကြီးခူအတွက် အလွန်ခက်ခဲလွန်းလှပေသည်။

ထိုသို့သော အခြေအနေမျိုးတွင် သူက ကျန်းပေရန်၏ ခြေလှမ်းများကို မည်သို့လုပ်၍ အမီလိုက်နိုင်ပါမည်နည်း။

ဤအကြောင်းကို တွေးမိတိုင်း ဆရာကြီးခူသည် သူနှင့် ကျန်းပေရန်ကြားတွင် မည်မျှပင် မော့ကြည့်ကြည့် ထိပ်ဆုံးသို့ မမြင်နိုင်လောက်အောင် မြင့်မားလွန်းသည့် နံရံကြီးတစ်ခု ခြားနေသည်ဟု ခံစားရလေသည်။

ဆရာကြီးခူ တစ်ယောက် စိတ်အားငယ်လာသည်ကို ကျန်းပေရန် မျက်မြင်ကိုယ်တွေ့ သိနေသော်လည်း ဤကိစ္စမျိုးကို သွား၍ နှစ်သိမ့်ပေးရန်မှာလည်း အဆင်မပြေပေ။ သေချာ မကိုင်တွယ်တတ်လျှင် သန်မာသူက အားနည်းသူကို သနားနေသည်နှင့် တူသွားနိုင်ပေသည်။

ချန်းကျီးခန်းမ၏ အထပ်ထပ်သော အကာအကွယ်များနှင့် အစီအရင် အမျိုးမျိုး၏ ပံ့ပိုးမှုများကြောင့် ဝေ့တိုင်းပြည်၏ ဤတစ်ကြိမ် ခုခံစစ်အတွင်း သေဆုံးဒဏ်ရာရသူ အရေအတွက်မှာ သိပ်မများလှပေ။

ထို့ပြင် ကုလျန်ရန်က ဝေ့တိုင်းပြည်၌ ကြီးမားသော ဘေးဒုက္ခကြီးတစ်ခု ကျရောက်မည်ကို စောစီးစွာ တွက်ချက်ထားသည့်အတွက် အဆိပ်မြူများ စတင်ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ဝူဇီကျန်းက ဝေ့တိုင်းပြည် နေရာအနှံ့မှ သိုင်းပညာရှင် အများစုကို ချန်းကျီးခန်းမဆီသို့ ချက်ချင်း ခေါ်ယူစုစည်းခဲ့လေသည်။

ဤသို့သော ကြိုတင်ပြင်ဆင်မှုများကြောင့် ဝေ့တိုင်းပြည်၏ သေဆုံးဒဏ်ရာရမှုမှာ အလွန်နည်းပါးသည်ဟု ဆိုနိုင်ပြီး အဆိပ်မိသည့် အခြေအနေမှာပင် အခြားတိုင်းပြည်များထက် အနည်းငယ် ပိုကောင်းနေသေးသည်။

ထိုအထဲတွင် အစီအရင် အမျိုးမျိုး၏ ပံ့ပိုးမှုများအပြင် ဆရာကြီးခူကဲ့သို့သော ထိပ်တန်း ဆေးဆရာများ ရှိနေခြင်းကလည်း အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်မှာ သေချာလှပေသည်။

ကုသမှု စတင်ပြီးနောက်တွင် ဝေ့တိုင်းပြည်မှ အနက်ရောင် သူတော်စင်များသည် ဆရာကြီးခူကို မကြာခဏ လှမ်းကြည့်တတ်ကြပြီး သူ စိတ်လွင့်နေဟန်ရှိကာ ကျန်းပေရန် အဆိပ်ဖြေပေးနေသည့် လုပ်ငန်းစဉ်ကို သေချာ အာရုံစိုက်မနေကြောင်း တွေ့လိုက်ရလေသည်။

"ဆရာကြီးခူ ဆရာကြီးလည်း ဆရာကျန်းကို ပညာနည်းနည်းလောက် ပြလိုက်ပါလား ဆရာကျန်းနဲ့ ပညာချင်း ဖလှယ်တဲ့ သဘောပေါ့"

ထိုစဉ် နောက်ဘက်၌ တန်းစီနေသော ဝေ့တိုင်းပြည်မှ အနက်ရောင် သူတော်စင် တစ်ယောက်က ရုတ်တရက် ရယ်မောရင်း ပြောလိုက်လေသည်။

သူ၏ စကားထဲတွင် လျှို့ဝှက်အဓိပ္ပာယ်များစွာ ပါဝင်နေသော်လည်း အရေးအကြီးဆုံးမှာမူ သူတို့၏ ကိုယ်ပိုင် ထိပ်တန်း ဆေးဆရာကြီးက ယခုအခါ ဤအဆိပ်မြူများကို ဖယ်ရှားနိုင်ပြီလား ဆိုသည်ကို သိချင်နေခြင်းပင် ဖြစ်သည်။

ဆရာကြီးခူက ယင်းကို ကြားသောအခါ အလွန် ပွင့်လင်းစွာပင် ပြန်ဖြေလိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။

"ဒီအဆိပ်ကို လောလောဆယ် ဆရာကျန်း တစ်ယောက်တည်းကပဲ ထိန်းချုပ်နိုင်တယ် ငါကတော့ ဘေးကနေ ပြူးကြည့်နေရုံပဲ တတ်နိုင်တယ်"

"ရွှီး"

အခြားတိုင်းပြည်များနှင့် မတူသည်မှာ ဝေ့တိုင်းပြည်သားများ အထူးသဖြင့် ဝေ့တိုင်းပြည်မှ ထိပ်တန်း သိုင်းပညာရှင်များသည် ဆရာကြီးခူအပေါ် ရင်တွင်းမှ အစစ်အမှန် လေးစားကြခြင်းပင် ဖြစ်သည်။

မကြာသေးမီ အချိန်အထိပင် သူတို့သည် ဆရာကြီးခူကို ဆေးပညာ လမ်းကြောင်းပေါ်တွင် အမှန်တကယ် ပြိုင်ဘက်ကင်း နံပါတ်တစ် ပုဂ္ဂိုလ်ကြီးအဖြစ် အခိုင်အမာ ယုံကြည်ထားခဲ့ကြလေသည်။

သို့သော် နံပါတ်တစ် ပုဂ္ဂိုလ်ကြီး ကိုယ်တိုင်ကပင် သူတို့၏ ကိုယ်တွင်းမှ အဆိပ်များကို ဖြေပေးနိုင်သူဟူ၍ ဤလောကတွင် ယခု သူတို့ရှေ့မှ လူငယ်လေး တစ်ယောက်သာ ရှိကြောင်း နှုတ်ထွက် ပြောဆိုလာခဲ့လေသည်။

ဤသည်မှာ တရားဝင် တံဆိပ်တုံး ထုပေးလိုက်သည်နှင့် အတူတူပင် ဖြစ်တော့သည်။

ဆရာကြီးခူ ကိုယ်တိုင်ကပင် ဤဂူအဆိပ်ကို ကျန်းပေရန် တစ်ယောက်တည်းသာ ဖြေနိုင်သည်ဟု ပြောနေမှတော့ သံသယဝင်နေစရာ မလိုတော့ဘဲ လောကတွင် ဤအဆိပ်ကို ဖြေနိုင်သည့် ဒုတိယလူ ဆိုသည်မှာ လုံးဝ ရှိလာနိုင်တော့မည် မဟုတ်ပေ။

'နေပါဦး နေပါဦး'

တွေးတော ညည်းတွားနေစဉ်မှာပင် ဝေ့တိုင်းပြည်မှ အနက်ရောင် သူတော်စင်များ အားလုံးသည် ဘယ်ဆီကနေ ရုတ်တရက် ထွက်ပေါ်လာမှန်းမသိသည့် ကျန်းပေရန် ဆိုသော လူငယ်လေးကို ရုတ်တရက် သတိရသွားကြလေသည်။

ထိုသို့သော လူငယ်မျိုး ပထမတစ်ယောက် ရှိနေမှတော့ ဒုတိယတစ်ယောက်လည်း ရှိလာနိုင်သည်သာမို့ အခုချိန်တွင် သူတို့လည်း စကားကို လုံးဝကြီး ပုံသေ မပြောရဲကြတော့ပေ။

သို့သော် မည်သို့ပင်ဆိုစေကာမူ ဆရာကြီးခူ၏ စကားက သူတို့ကို အတော်လေး တုန်လှုပ်သွားစေခဲ့ပြီး ကျန်းပေရန်၏ ဆေးပညာ စွမ်းဆောင်ရည်မှာ မည်မျှအထိ မြင့်မားနေသနည်း ဆိုသည်ကို ပို၍ တိတိကျကျ နားလည်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူတို့ကိုယ်သူတို့လည်း ကျန်းပေရန်နှင့် ဈေးဆစ်စရာ အရင်းအနှီး ဘာတစ်ခုမျှ မရှိတော့ကြောင်း သဘောပေါက်သွားကြလေသည်။

ဟိုဘက်က ယခုချိန်တွင် ကုချင်ကု မကုချင် ထွက်သွားဆိုသည့် အထက်စီး အနေအထားမျိုးသို့ ရောက်ရှိနေပြီဖြစ်ကာ အခြားလူများကသာ သူ့ကို ကယ်တင်ပေးရန် တောင်းပန်ရမည့် အခြေအနေသာ ရှိတော့သည်။ ဈေးဆစ်ရန် နေနေသာသာ သူ့ကို သံသယဝင်ခွင့်ပင် အနည်းငယ်မျှ ရှိမနေတော့ပေ။

ချက်ချင်းဆိုသလိုပင် ဧည့်ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားပြီး အနက်ရောင် သူတော်စင်များ အားလုံးလည်း လိမ္မာရေးခြားရှိစွာဖြင့် တန်းစီလိုက်ကြကာ ကျန်းပေရန်၏ ကုသမှုကို စောင့်ဆိုင်းနေကြတော့သည်။

မွန်းလွဲပိုင်း အချိန်

နောက်ဆုံး အနက်ရောင် သူတော်စင်ကို ကုသပေးပြီးနောက် ကျန်းပေရန် သမ်းဝေလိုက်လေသည်။

သူ၏ ဝိညာဉ်စွမ်းအားက အလွန်မြင့်မားနေသော်လည်း ဤသို့ ပြင်းထန်သော အလုပ်မျိုးကို တစ်ရက်နှင့်တစ်ည ဆက်တိုက် လုပ်လိုက်ရသည့်အခါတွင်မူ သူ့ကို အိပ်ချင်မူးတူး ဖြစ်လာစေပြီး လှဲချ၍ ကောင်းကောင်း အိပ်ပစ်လိုက်ချင်စိတ် ပေါက်လာစေသည်။

နှမြောစရာကောင်းသည်မှာ သူ လုပ်စရာ ကိစ္စများစွာ ကျန်နေသေးသည့်အတွက် လောလောဆယ်တွင် တွေးကြည့်ရုံသာ တတ်နိုင်သေးသည်။

ကျန်းပေရန် ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ဆရာကြီးခူက သူ့ဆီသို့ ရုတ်တရက် လျှောက်လာပြီး ပြောလိုက်သည်။

"ဆရာကျန်း ရုတ်တရက် လုပ်စရာ ကိစ္စလေး တစ်ခု သတိရလာလို့ အရင် သွားနှင့်ပါ ငါ ခဏနေမှ ရွှမ်ယွီ စံအိမ်ကို ဖာသာ လိုက်လာခဲ့ပါ့မယ်"

ဤသို့သော ပြီးစလွယ် အကြောင်းပြချက်ကို ကြားပြီးနောက် ကျန်းပေရန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။

ဆရာကြီးခူက အရေးကြီးကိစ္စကို ရုတ်တရက် သတိရ၍ ဤနေရာတွင် ကျန်ခဲ့ချင်သည် ဆိုသည်ကို သူ မယုံကြည်သော်လည်း အသေးစိတ် ဆက်လက် မေးမြန်းရန်လည်း အစီအစဉ်မရှိပေ။

ပထမအချက်မှာ ဆရာကြီးခူသည် ဤနေရာတွင် အစစ်အမှန် သတင်းအချက်အလက် ဘာတစ်ခုမျှ ရမသွားသည့်အတွက် သူ့ကို ဤနေရာတွင် စိတ်ချလက်ချ ထားခဲ့၍ ရခြင်းဖြစ်သည်။

ဒုတိယအချက်မှာ စနစ်ကလည်း ဘာရွေးချယ်စရာမှ ပေါ်မလာသည်မို့ ဆရာကြီးခူက ယုံကြည်စိတ်ချရဆဲဖြစ်ပြီး သူ့အတွက် အန္တရာယ်ဖြစ်စေမည့် ကိစ္စမျိုး လုပ်မည်မဟုတ်ကြောင်း သေချာနေခြင်းပင် ဖြစ်သည်။

ထို့ကြောင့် အချင်းချင်း နှုတ်ဆက်ပြီးနောက် ကျန်းပေရန်သည် ဆရာကြီးခူကို ချန်ရစ်ခဲ့ကာ ဝေ့တိုင်းပြည်၏ ဧည့်ခန်းဆောင်မှ ထွက်ခွာလာခဲ့လေသည်။ သို့သော် မထွက်ခွာမီလေးတွင် လှည့်ကြည့်၍ ပြောရန် မမေ့ခဲ့ပေ။

"ဆရာကြီးခူလည်း ရွှမ်ယွီ စံအိမ်ကို မြန်မြန်ပြန်လာပြီး အခြေအနေကို ထိန်းပေးပါဦး မဟုတ်ရင် ဆရာကြီးရွှဲ့ တစ်ယောက်တည်း အခြေအနေကို မထိန်းနိုင်တော့မှာ စိုးရိမ်ရတယ်"

ဆရာကြီးခူက ခေါင်းညိတ်ပြီး လက်အုပ်ချီကာ ပြောလိုက်သည်။

"ငါ သိပြီ"

...

ဝေ့တိုင်းပြည် တည်ရှိရာ တောင်ဘက်ဇုန်မှ ထွက်လာပြီးနောက် တစ်နေကုန် အလုပ်များနေခဲ့သော ကျန်းပေရန် တစ်ယောက် နောက်ဆုံးတော့ အသက်ရှူချောင်သွားပြီး ပင်ပန်းနေသော ဝိညာဉ်ရေးရာကို အနည်းငယ် ပြန်လည် ဖြည့်တင်းနိုင်ခဲ့လေသည်။

ဘေးနားရှိ ကျန်ရှန်က အခြေအနေကို မြင်သောအခါ ကျန်းပေရန်ကို အမြန် လက်အုပ်ချီပြီး ပြောလိုက်သည်။

"ဆရာကျန်း ဆရာ အရင် ပြန်နားလိုက်ပါလား က လုပ်ပေးနိုင်တဲ့ ကိစ္စရှိရင် ဆရာ့ကိုယ်စား တချို့ကိစ္စတွေကို ရှင်းပေးပါ့မယ်"

ကျန်းပေရန်က ခေါင်းခါလိုက်ပြီး ပြန်ဖြေလေသည်။

"ကျုပ်တို့က အခု လုံးဝ လုံခြုံသွားတာမှ မဟုတ်တာ နားဖို့ အချိန် ဘယ်ရှိဦးမလဲ"

ကျန်ရှန်က ကြားသောအခါ အလိုအလျောက် ရိုသေလေးစားသွားပြီး ကျန်းပေရန်ကို ထပ်မံ၍ အရိုအသေ ပေးလိုက်လေသည်။

ခဏမျှ စဉ်းစားပြီးနောက် ကျန်းပေရန်က ကျန်ရှန်ကို ပြောလိုက်သည်။

"ဒီနေ့ မင်းလည်း ပင်ပန်းသွားပြီ မင်း အရင် ပြန်နားလိုက်တော့ ငါက တခြား လုပ်စရာကိစ္စလေးတွေ ရှိသေးတယ်"

"ဟုတ်ကဲ့ပါ"

မည်သည့် စကားမှ အပိုမပြောတော့ဘဲ ကျန်ရှန်က ကျန်းပေရန်ကို နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားလေသည်။

'အင်း ဉာဏ်တော့ ပြေးသားပဲ'

စိတ်ထဲမှ ချီးကျူးလိုက်ပြီးနောက် ကျန်းပေရန်သည် ပျံသန်းသော စံအိမ်ထဲသို့ ပြန်သွားခဲ့လေသည်။

"ပေရန်လေး မင်း ပြန်လာပြီလား ငါ မင်းအတွက် ရေနွေး တည်ထားပေးတယ်နော်"

ရှီဖုန်းလန်က လက်ဖက်ရည်စားပွဲရှေ့တွင် ထိုင်ရင်း ကျန်းပေရန်ကို လှမ်းအော်လိုက်သည်။

ခေါင်းညိတ်ပြပြီး ကျန်းပေရန်က လက်ဖက်ရည်စားပွဲဆီသို့ လျှောက်သွားလေသည်။ လက်ဖက်ရည်အိုးကိုပင် မကိုင်ရသေးမီမှာပင် ရှီဖုန်းလန်က ထပ်ပြောလာသည်။

"ပေရန်လေး တံခါးလာခေါက်နေတဲ့သူ ရှိတယ်"

ကျန်းပေရန် ပြုံးလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။

'တကယ်ကို လောနေတာပဲ'

"သူ့ကို အပေါ် တက်လာခိုင်းလိုက်"

"အင်း"

ရှီဖုန်းလန်က သဘောတူလိုက်ပြီး အပြင်ဘက်ရှိ ယဲ့ဖန်ကို အထဲဝင်ခွင့် ပြုလိုက်လေသည်။

ဧည့်ခန်းမထဲ ဝင်လာသည်နှင့် ယဲ့ဖန်က ကျန်းပေရန်ကို လက်အုပ်ချီကာ ပြောလိုက်သည်။

"နတ်မင်းကြီးကို ဂါရဝပြုပါတယ်"

ယင်းကို ကြားသောအခါ ကျန်းပေရန်က ဝိညာဉ်စွမ်းအားကို သုံး၍ ယဲ့ဖန်ကို နောက်တစ်ကြိမ် ထပ်မံစစ်ဆေးလိုက်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

'တကယ့် အစစ်အမှန် အနက်ရောင် သူတော်စင် အဆင့်ပါလား'

ယခင်က ယဲ့ဖန်ကို ကုသပေးစဉ်ကလည်း ကျန်းပေရန်သည် ဝိညာဉ်စွမ်းအားသုံး၍ သူ၏ ကျင့်ကြံခြင်းအဆင့်ကို စစ်ဆေးခဲ့ဖူးသော်လည်း ၎င်းမှာ လျှို့ဝှက်ပညာရပ် တစ်ခုခု သို့မဟုတ် ဝိညာဉ်ဆေးလုံး တစ်ခုခု၏ အရှိန်အဝါကြောင့်များလားဟု တွေးခဲ့၍ အသေအချာ မသတ်မှတ်နိုင်ခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ သုံးနှစ်ဟူသော အချိန်တိုလေးအတွင်း အသုံးမကျသည့် အမှိုက်ကောင်ဘဝမှ အနက်ရောင် သူတော်စင် အဆင့်သို့ ရောက်လာသည် ဆိုခြင်းမှာ အလွန် ယုံနိုင်စရာ မရှိလွန်းလှပေ။ ဇာတ်လိုက်ဖြစ်နေလျှင်တောင် ဤမျှအထိ စည်းကမ်းမဲ့၍ မရပေ။

သို့သော် အမှန်တရားကမူ ဇာတ်လိုက်ဆိုသည်မှာ ဤသို့ပင် စည်းကမ်းမဲ့၍ ရကြောင်း သက်သေပြနေလေသည်။ ယဲ့ဖန် ကိုယ်တိုင်က တကယ်ကို အနက်ရောင် သူတော်စင် အဆင့်သို့ ခြေချနိုင်ခဲ့ပြီ ဖြစ်ပြီး ငါက ဇာတ်လိုက်မို့ အမိုက်စားပဲ ဆိုသည်ကို ထင်ရှားစွာ ပြသနေပေသည်။

ယဲ့ဖန်၏ ကျင့်ကြံခြင်းအဆင့်က လုံးဝ ပြဿနာမရှိကြောင်း သေချာသွားပြီးနောက် ကျန်းပေရန်က ရှီဖုန်းလန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ရှေးဟောင်းအပျက်အစီးနယ်မြေကို တစ်ခေါက်လောက် သွားရအောင်"

ဤတစ်ကြိမ် အဆိပ်မြူများ ဝင်ရောက်လာခြင်းက ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ရာ ရှေးဟောင်းအပျက်အစီးနယ်မြေထဲမှ မိစ္ဆာသားရဲများလည်း ချွင်းချက် ဖြစ်နေမည် မဟုတ်ပေ။

ထိုအချက်ကို ကျန်းပေရန်က ယန်ယန်နှင့် ချုံချီတို့ထံမှ အတည်ပြုချက် ရထားပြီးဖြစ်သည်။ ဝိညာဉ်စွမ်းအင်ကို စုပ်ယူသူ မှန်သမျှ မည်သူတစ်ဦးတစ်ယောက်မျှ ဤအဆိပ်မြူများ၏ ဝင်ရောက်ကျူးကျော် ဖျက်ဆီးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ယခင်က တိုင်းပြည်ခြောက်ပြည်ကို ကယ်ဆယ်ရေးနှင့် အဆိပ်ဖြေရေး ကိစ္စများတွင် အလုပ်များနေခဲ့သဖြင့် ထိုဘက်သို့ သွားကြည့်ရန် အချိန်မရခဲ့ခြင်း ဖြစ်သည်။

ယခုမူ အရာအားလုံးက ကနဦးအနေဖြင့် တည်ငြိမ်သွားပြီ ဖြစ်ရာ ကျန်းပေရန်လည်း နောက်ဆုံးတော့ ထိုနေရာသို့ သွားကြည့်ရန် အချိန်အနည်းငယ် ဖယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်လေသည်။

"ဟုတ်ကဲ့"

ရှီဖုန်းလန်က သဘောတူလိုက်ပြီး ပျံသန်းသော စံအိမ်ကို မောင်းနှင်ကာ ရှေးဟောင်း အပျက်အစီးနယ်မြေဘက်သို့ ချက်ချင်း ထွက်ခွာသွားလေသည်။

"မင်းက ရှေးဟောင်းအပျက်အစီးနယ်မြေကို သွားမှာတောင် ငါ့ကို အတူတူ သွားဖို့ မခေါ်ဘူးလား"

ကျန်းပေရန်က ရေနွေးကြမ်း တစ်ခွက် ဖျော်ရန် ပြင်ဆင်နေချိန်မှာပင် အနည်းငယ် နာကြည်းနေသော အသံတစ်ခုက ရုတ်တရက် သူ၏ နားထဲသို့ ဝင်လာလေသည်။

လှည့်ကြည့်လိုက်သောအခါ ပါးစပ်လေး စူနေသော ရှဲ့လင်းတန် ဖြစ်နေလေသည်။

ရှဲ့လင်းတန်ကို တစ်ချက်ကြည့်ပြီးနောက် ကျန်းပေရန်က လက်ဖက်ရည်ပန်းကန်ကို ဆက်ကိုင်ရင်း ပြောလိုက်သည်။

"မင်းက ဒီမှာ ရှိနေတာပဲ မဟုတ်ဘူးလား"

"အဲဒါ မတူဘူးလေ"

"အိုး ဒါဆိုလည်း နောက်တစ်ခါကျရင် မင်းကို ခေါ်မယ်"

ရလိုက်သည့် အဖြေက အတော်လေး ပြီးစလွယ် နိုင်လှသော်လည်း နောက်တစ်ခါကျလျှင် ခေါ်ပါမည်ဟု ကျန်းပေရန် ကတိပေးသည်ကို ကြားလိုက်ရသည့်အတွက် ၀ူရှန်ဂိုဏ်းချုပ်ကမူ ကျေနပ်သွားခဲ့လေသည်။

ပျံသန်းသော စံအိမ်က အဆိပ်မြူများထဲသို့ ဝင်သွားသောအခါ ကျန်းပေရန်က ယဲ့ဖန်ကို ကြည့်၍ မေးလိုက်သည်။

"ခန္ဓာကိုယ် အခြေအနေ ဘယ်လိုလဲ တိုက်နိုင်သေးလား"

"နတ်မင်းကြီး ကူညီပေးခဲ့တဲ့ ကျေးဇူးကြောင့် ကျွန်တော့် ခန္ဓာကိုယ်က လုံးဝ ပြဿနာ မရှိတော့ပါဘူး"

"အင်း ဒါဆိုရင် ခဏနေ ရောက်လာမယ့် ဂူကျင့်ကြံသူတွေကို မင်း တာဝန်ယူပြီး ရှင်းပေးလိုက်"

"ဟုတ်ကဲ့"

နတ်မင်းကြီးကို ကူညီပေးနိုင်ပြီဟု ခံစားလိုက်ရသော ယဲ့ဖန်က အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွသွားကာ ပျံသန်းသော စံအိမ်အပြင်ဘက်သို့ ထွက်ရန် လှည့်အထွက်မှာပင် ကျန်းပေရန်က လှမ်းတားလိုက်လေသည်။

"လောစရာ မလိုပါဘူး ဂူကျင့်ကြံသူတွေ ရောက်လာမှ မင်း အပြင်ထွက်လိုက်ရင် ရပြီ"

"ဟုတ်ကဲ့ ကျွန်တော် သိပြီ"

ယဲ့ဖန် တစ်ယောက် အသက်ကို ပြင်းပြင်းရှူသွင်း ရှူထုတ် လုပ်နေသည်ကို ကြည့်ရင်း ကျန်းပေရန်လည်း ပြုံးကာ ခေါင်းခါလိုက်မိလေသည်။

ဤတစ်ကြိမ် ယဲ့ဖန်ကို ခေါ်လာရသည့် အကြောင်းရင်းမှာ ပထမအချက်အနေဖြင့် သူ တကယ်ကို သက်တော်စောင့် တစ်ယောက် လိုအပ်နေသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အဆိပ်မြူများထဲတွင် ဂူကျင့်ကြံသူများ ရှိနေသေးသည့်အပြင် ပျံသန်းသော စံအိမ်မှာ အဆိပ်မြူများထဲတွင် အလွန်သိသာလွယ်သဖြင့် အနက်ရောင် သူတော်စင် အဆင့်ရှိသည့် သန်မာသူ တစ်ယောက်ကို လုံခြုံရေးအတွက် ခေါ်လာရန်မှာ အလွန် အရေးကြီးလှပေသည်။

ဒုတိယအချက်မှာ ယဲ့ဖန်က သူ့ကို အစ်ကိုကြီး တစ်ယောက်လို သတ်မှတ်ထားမှတော့ ကျန်းပေရန်အနေဖြင့်လည်း သူ့ကို ပတ်ဝန်းကျင်နှင့် အကျွမ်းတဝင်ရှိအောင် လိုက်ပြကာ ကိုယ်ပိုင်လုပ်ငန်း များကို လေ့လာခွင့်ပေးရန် သဘာဝကျလေသည်။

ယဲ့ဖန်၏ မျှော်လင့်ချက်များကို တုံ့ပြန်သည့်အနေဖြင့် ထင်ပါသည် ပျံသန်းသော စံအိမ်က အဆိပ်မြူများထဲ ဝင်သွားပြီး သိပ်မကြာမီမှာပင် ဂူ ကျင့်ကြံသူ တစ်အုပ် ရောက်လာခဲ့လေသည်။

ယဲ့ဖန် ၎င်းကို မြင်သောအခါ မျက်လုံးများ အရောင်လက်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေသည်။

"သွားတော့ တိုက်ပွဲကို အရသာခံ မနေနဲ့ လမ်းကြောင်းတစ်ခု ပွင့်သွားအောင် ဖောက်ပေးလိုက်ရင် ရပြီ"

"ဟုတ်ကဲ့"

ယဲ့ဖန်က သဘောတူလိုက်ပြီး ပျံသန်း စံအိမ်ထဲမှ လှည့်ထွက်သွားလေသည်။

ကောင်းကင်မျက်လုံး အစီအရင် မှတစ်ဆင့် ကြည့်လိုက်သောအခါ ယဲ့ဖန်ထံတွင် ဧကရာဇ် ဝိညာဉ်စွမ်းအင် ရှိနေသေးသည်ကို ကျန်းပေရန် တွေ့လိုက်ရသည်။ ၎င်းမှာ ဖီလင်မြို့ကို ကာကွယ်စဉ်က သူသုံးခဲ့သော ဧကရာဇ် ဝိညာဉ်စွမ်းအင်သည် ယာယီအကျိုးသက်ရောက်မှု မဟုတ်ကြောင်း သက်သေပြနေလေသည်။

သို့သော် မကြာမီမှာပင် ယဲ့ဖန် သုံးနေသော ဧကရာဇ် ဝိညာဉ်စွမ်းအင်မှာ သူ ရှေးဟောင်းသင်္ချိုင်းဂူထဲတွင် ရှာတွေ့ခဲ့သည်နှင့် လုံးဝ မတူကြောင်းကို ကျန်းပေရန် တွေ့လိုက်ရပြန်သည်။

ယဲ့ဖန်၏ ဧကရာဇ် ဝိညာဉ်စွမ်းအင်မှာ အရည်ပုံစံဖြင့် ပြသနေပြီး သုံးလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ဘေးတွင် ဝါးပင်လို စိမ်းဖျော့ဖျော့ ရေစီးကြောင်းများ ရစ်ပတ်နေသကဲ့သို့ပင် ဖြစ်သည်။ သို့သော် ဤသို့ နူးညံ့ပုံရသော ရေကြိုးတန်း လေးက တိုက်ခိုက်သည့်အခါတွင်မူ မိုးကြိုးပစ်ချလိုက်သကဲ့သို့ အားပြင်းလွန်းလှပြီး အဆိပ်ကောင် ကျင့်ကြံသူ အများအပြားကို တစ်ချက်တည်းဖြင့် လွင့်စင်သွားစေသည်။ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို တွန်းဖယ်လိုက်သကဲ့သို့ပင် ဖြစ်လေသည်။

၀ူရှန်ဂိုဏ်းချုပ်သည် ယဲ့ဖန်နှင့် ကျန်းပေရန်ကြားတွင် တကယ်တော့ မည်သို့သော ပတ်သက်မှု ရှိနေသနည်း ဆိုသည်ကို အလွန် သိချင်နေသော်လည်း အပြင်ထုတ်၍ မမေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းပေရန်ထံတွင် မေးခွန်းများများ မေးခြင်းက တားမြစ်ချက်ဖြစ်ကြောင်း သူမ သိထား၍ ဖြစ်သည်။

ထို့ပြင် ၎င်းတို့က သူမအတွက် အရေးမကြီးလှပေ။ မိစ္ဆာတစ်ကောင်လို ပါရမီရှင်ဖြစ်သော ယဲ့ဖန်ပင်လျှင် သူမ၏ ချစ်သူကို ဦးညွှတ်ရိုသေနေသည် ဆိုသည်ကို သိရုံနှင့်ပင် လုံလောက်နေပြီ ဖြစ်သည်။

ယဲ့ဖန်က လမ်းရှင်းပေးနေသည့်အတွက် ပျံသန်းသော စံအိမ်သည် အထပ်ထပ်သော အဆိပ်မြူများကို အမြန်ဆုံး ဖြတ်သန်းကာ ရှေးဟောင်းအပျက်အစီးနယ်မြေသို့ ရောက်လာခဲ့လေသည်။

'ဟင်'

ကျန်းပေရန် ထင်ထားသည့် အခြေအနေနှင့် အနည်းငယ် ကွဲလွဲနေလေသည်။ ဤတစ်ကြိမ် ဂူကျင့်ကြံသူများ အဓိက ပစ်မှတ်ထားသည်မှာ လူသားများဖြစ်၍ မိစ္ဆာသားရဲများကိုမူ ထိန်းချုပ်ရုံလောက်သာ လုပ်ပြီး အဓိက အင်အားကို လူသားများဘက်တွင် အရင် စုစည်းထားလိမ့်မည်ဟု သူ တွေးထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုချိန်တွင် ဂူကျင့်ကြံသူ အများအပြားက ထိုနေရာကို ဝိုင်းဝန်းတိုက်ခိုက်နေသည်ကို တွေ့လိုက်ရသဖြင့် ကျန်းပေရန် အနည်းငယ် အံ့ဩသွားလေသည်။

"ဂါး"

"ဝေါင်း"

"ငါ့ရှေ့က ထွက်သွားစမ်း"

...

ရှေးဟောင်းအပျက်အစီးနယ်မြေ နေရာအနှံ့မှ ထွက်ပေါ်လာသော အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် ကျန်းပေရန် ခဏမျှ စဉ်းစားပြီး ရှီဖုန်းလန်ကို ပြောလိုက်သည်။

"ထောင်ဝူ ရှိတဲ့ဘက်ကို သွား"

ဤသို့သော ရုတ်တရက် အခြေအနေမျိုးတွင် ကျန်းပေရန်က မူလကတော့ ဤပြဿနာထဲ ဝင်ပါရန် အစီအစဉ် မရှိခဲ့ပေ။

သို့သော် ယခုချိန်တွင် အပြင်ဘက်မှ လုံခြုံရေးယူပေးနေသော ယဲ့ဖန်က ပြိုင်ဘက်ကင်း အစွမ်းများ ပြနေဆဲဖြစ်ပြီး အရေးကြီးသည့် အချိန်ကျလျှင် သူကိုယ်တိုင်လည်း ဧကရာဇ် အဆိပ်ကောင်ကို ခေါ်၍ ထွက်လာနိုင်သည်မို့ ကူညီပေးနိုင်သလောက် ကူညီပေးလိုက်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုမိစ္ဆာသားရဲ မျိုးနွယ်စုများ အဆိပ်ကောင် ကျင့်ကြံသူများ၏ ဖျက်ဆီးခံရခြင်းကို မျက်စိသူငယ်ဖြင့် လက်ပိုက်ကြည့်နေရမည် ဆိုလျှင် အလွန် နှမြောစရာကောင်းလှသည်။

မည်သို့ပင်ဆိုစေကာမူ ဤမိစ္ဆာသားရဲများသာ မရှိတော့လျှင် နောင်တစ်ချိန်တွင် သူက ဦးနှောက်ရှင်းရှင်းနှင့် ခွန်အားကြီးသော အဖော်လေးများကို ဘယ်သွားရှာပြီး ကစားရမည်နည်း။

ထို့ပြင် ရှေးဟောင်းအပျက်အစီးနယ်မြေထဲတွင် သူ မျက်စိကျနေသော ပစ္စည်းကောင်းများစွာ ရှိသေးရာ အကယ်၍ ထိုဂူကျင့်ကြံသူများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရလျှင် ကောင်းကင်ဘုံက ပေးသော လက်ဆောင်များကို ဖြုန်းတီးပစ်ရာ ကျသွားလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် အထပ်ထပ် စဉ်းစားပြီးနောက်တွင်မူ ကျန်းပေရန်သည် ဤပြဿနာထဲ ဝင်ပါရန် ဆုံးဖြတ်လိုက်တော့သည်။

ထောင်ဝူ၏ မျိုးနွယ်စုဆီ တောက်လျှောက် ရောက်လာသောအခါ ကျန်းပေရန်သည် မြေပြင်ပေါ်တွင် သူနှင့် ရင်းနှီးသော မိစ္ဆာသားရဲ အတော်များများ လဲကျနေသည်ကို တွေ့လိုက်ရလေသည်။ သူတို့က သူချက်သော ထမင်းကို စားဖူးသူများ မဟုတ်လျှင် သူ၏ အရက်ကို သောက်ဖူးသူများချည်းပင် ဖြစ်သည်။ သို့သော် ယခုချိန်တွင်မူ တစ်ကောင်ချင်းစီတိုင်းက ဒဏ်ရာအပြင်းအထန် ရရှိကာ လဲကျနေပြီး အသံပင် မထွက်နိုင်ကြတော့ပေ။

"ဂါး"

မျိုးနွယ်စု၏ အလယ်ဗဟိုတွင်မူ ခန္ဓာကိုယ် အရွယ်အစား ဆယ်ဆခန့် ကြီးထွားလာသော ထောင်ဝူက အစိမ်းရင့်ရောင် အမွေးများကို ခါရမ်းကာ သူ၏ အနားသို့ ကပ်လာသော ဂူကျင့်ကြံသူများကို မရပ်မနား ရိုက်ချေ ဆုတ်ဖြဲပစ်နေလေသည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက အင်မတန် အားကောင်းသည်ဟု ဆိုရပေမည်။

'ဒီရှေးဟောင်းအပျက်အစီးနယ်မြေက လူသားတွေရဲ့ ဝိုင်းရံပိတ်ဆို့မှုကြားမှာ ဒီလောက် အကြာကြီး ရပ်တည်နိုင်ခဲ့တာ မဆန်းပါဘူးလေ ဒီအဆင့်ကိုး မိစ္ဆာသားရဲတွေရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို ကြောက်ခမန်းလိလိပဲ'

အနက်ရောင် သူတော်စင်များသည် အဆိပ်မြူများ၏ ချုပ်နှောင်မှုမှ လွတ်မြောက်သွားသောအခါ ဂူ ကျင့်ကြံသူများကို ပြန်တိုက်ထုတ်နိုင်သည် ဆိုသော်လည်း သူတို့ ပြသသော စွမ်းဆောင်ရည်မှာ ယခု မျက်မှောက်ရှိ ထောင်ဝူ လောက်တော့ ဖိအားမကြီးလှပေ။

ထောင်းဝူက ဘယ်လောက်ပင် သန်မာနေပါစေ သူ ရိုက်ချေ ဆုတ်ဖြဲပစ်လိုက်သော ဂူကျင့်ကြံသူများသည် အလျင်အမြန်ပင် ပြန်လည် ကောင်းမွန်လာကြပြီး ကျိုင်းကောင်အုပ်ကြီးလိုမျိုး သူ့ကို မရပ်မနား ဆက်လက် တိုက်ခိုက်နေကြလေသည်။

လက်နှစ်ဖက်က လက်လေးဖက်ကို မယှဉ်နိုင် ဆိုသည့်အတိုင်း အကြိမ်ကြိမ် တိုက်ခိုက်ခံရမှုအောက်တွင် ထောင်ဝူ၏ ခန္ဓာကိုယ်ပေါ်၌ သွေးထွက်နေသော ဒဏ်ရာတော်တော်များများ ကျန်ရစ်နေခဲ့လေသည်။

သို့သော် မိစ္ဆာသားရဲများတွင် လူသားကျင့်ကြံသူများထက် သာသော အချက်တစ်ချက် ရှိသေးသည်။ ၎င်းမှာ သူတို့၏ ရုပ်ခန္ဓာက အင်မတန် ကြံ့ခိုင်ခြင်းပင် ဖြစ်သည်။ အတွင်းအားလျော့သွားသည်နှင့် တိုက်ခိုက်နိုင်စွမ်း တစ်ဝက်ကျဆင်းသွားသော လူသားကျင့်ကြံသူများနှင့် မတူဘဲ ဝိညာဉ်စွမ်းအင်ကို မစုပ်ယူနိုင်လျှင်တောင် ထောင်းဝူ၏ တိုက်ခိုက်နိုင်စွမ်းက အများကြီး ကျဆင်းမသွားပေ။ တစ်ချက်ကုတ် တစ်ချက်ဆွဲတိုင်းမှာပင် သန်မာသူတစ်ယောက်၏ အရှိန်အဝါကို အပြည့်အဝ ပေါ်လွင်နေစေသည်။

ပျံသန်းသော စံအိမ်ထဲမှ ထွက်လာပြီး ကျန်းပေရန်က ထောင်ဝူ အနားသို့ ကပ်သွားလေသည်။ စကားစပြောရန် ပြင်လိုက်ချိန်မှာပင် အနည်းငယ် ရူးသွပ်နေပြီဖြစ်သော ထောင်ဝူက သူ့ကို လက်သည်းဖြင့် တိုက်ရိုက် ရိုက်ချလိုက်လေသည်။

သို့သော် ဤတစ်ချက် ရိုက်ချလိုက်ပြီးနောက် သူ၏ လက်သည်းကို တစ်စုံတစ်ရာက တားဆီးထားသကဲ့သို့ ခံစားလိုက်ရလေသည်။ ၎င်းမှာ ယခင်က တစ်ခါမျှ မဖြစ်ဖူးသော ကိစ္စပင် ဖြစ်သည်။

"ဂါး မင်းတို့ အကုန် သေရမယ်"

All Chapters