← Chapters

ဘိုယီ

Vol. 57 Ch. 644

ဘိုယီ

Vol. 57 Ch. 644

"ငါ့ကောင်ကြီး ကိုယ့်လူအချင်းချင်း မထိခိုက်စေနဲ့"

ထောင်ဝူ၏ လက်သည်းအောက်တွင် ယဲ့ဖန်က လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ အပေါ်သို့ တွန်းတင်ထားလိုက်လေသည်။ သို့သော် သူ စကားပြောသည့် လေသံကို နားထောင်ကြည့်လျှင် သိပ်ပြီး သက်တောင့်သက်သာ မဖြစ်လှပေ။

ခွန်အားပိုင်းတွင်မူ သူနှင့် ထောင်ဝူမှာ အင်မတန် နီးစပ်သည့် အခြေအနေတွင် ရှိမည်ဟု ခန့်မှန်းရလေသည်။

ထောင်ဝူက ယဲ့ဖန်၏ စကားကို နားမလည်သော်လည်း ကျန်းပေရန်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက်

" တမန်တော်"

ထောင်ဝူက အနည်းငယ် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။

သန့်ရှင်းသော တမန်တော်၏ စွမ်းအင်က မည်မျှအထိ ရှိမှန်း သူ မသိသော်လည်း ယခင် အခြေအနေများအရ ကြည့်မည်ဆိုလျှင် လက်ရှိအချိန်အထိ သန့်ရှင်းသော တမန်တော် ဖြေရှင်း၍ မရသော ပြဿနာဟူ၍ မကြုံဖူးသေးပေ။

ယခု အချိန်၌မူ သူက ပြဿနာကြီးတစ်ခုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်လေသည်။

ထောင်ဝူက နတ်မင်းကြီးကို မျက်လုံးများ အရောင်လက်ကာ ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ယဲ့ဖန်က သူ၏ရှေ့မှ ခွန်အားကြီးမားလွန်းသည့် ဒီသတ္တဝါကြီးမှာ နတ်မင်းကြီး၏ အိမ်မွေးတိရစ္ဆာန် ဖြစ်ရမည်ဟု ချက်ချင်း သိလိုက်သည်။ ယခု သခင်ပြန်လာသည်ကို မြင်တော့မှ ဒီလို မျက်နှာထားမျိုး ဖြစ်သွားခြင်း ဖြစ်ပေမည်။

ဂူအဆိပ်ကျင့်ကြံသူ တော်တော်များများကို လက်ဝါးဖြင့် ထပ်မံ ရိုက်လွှင့်လိုက်ပြီးနောက် ထောင်ဝူက ကျန်းပေရန်ကို ကြည့်ကာ မေးလိုက်သည်။

"သန့်ရှင်းသော တမန်တော် ဒီသတ္တဝါဆန်းတွေက ဘယ်ကနေ ရောက်လာတာလဲ"

"ဒီမေးခွန်းက အရေးမကြီးဘူး အခု မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ် ပထမတစ်ခုက ငါနဲ့အတူ ဒီကနေ ထွက်သွား ငါ မင်းတို့ကို လုံခြုံတဲ့ နေရာတစ်ခုကို ခေါ်သွားပေးမယ် ဒုတိယတစ်ခုက ဒီမှာ ဆက်ပြီး ခုခံနေ ငါ"

"ငါ ဒုတိယတစ်ခုကို ရွေးတယ်"

ကျန်းပေရန် စကားမဆုံးမီမှာပင် ထောင်ဝူက ဟိန်းဟောက်လိုက်လေသည်။

"ငါတို့က ဒီမှာ မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့တာ လူသားတွေတောင် ငါတို့ကို နှင်ထုတ်လို့ မရခဲ့ဘူး ဒီသတ္တဝါဆန်းတွေဆိုရင် ပိုလို့တောင် မရသေးဘူး"

ထောင်ဝူ၏ အဖြေမှာ ကျန်းပေရန် မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်ရာ သူက ဆက်ပြောလိုက်သည်။

"ဒီသတ္တဝါဆန်းတွေကို ရှင်းလင်းချင်တယ်ဆိုရင် ဒီအနက်ရောင် အဆိပ်မြူတွေရဲ့ ဇာစ်မြစ်ကို အရင်ရှာရမယ် မင်းမှာ သဲလွန်စ တစ်ခုခု ရှိလား"

ထောင်ဝူက စဉ်းစားရင်းဖြင့် လက်နှစ်ဖက်နှင့် ဂူအဆိပ်ကျင့်ကြံသူ နှစ်ယောက်ကို ဖမ်းဆုပ်ကာ အချင်းချင်း ရိုက်ခွဲပစ်လိုက်လေသည်။

"ငါ မသိဘူး ဒါပေမဲ့ သိတဲ့ကောင် တစ်ကောင်တော့ သေချာပေါက် ရှိတယ်"

"ဘယ်သူလဲ"

ကျန်းပေရန် စကားစလိုက်ချိန်မှာပင် ဂူအဆိပ်ကျင့်ကြံသူ သုံးယောက်က သူ့ထံ ခုန်အုပ်လာသည်ကို မြင်လိုက်ရသည်။ ထောင်ဝူက ကျန်းပေရန်ကို ကာကွယ်ပေးရန် ပြင်လိုက်ချိန်မှာပင် အလွန် ကြီးမားတုတ်ခိုင်သော ရေတိုင်လုံး သုံးခုက ထို ဂူအဆိပ်ကျင့်ကြံသူ သုံးယောက်ကို ရစ်ပတ်ကာ အစအနမကျန် ချေမွပစ်လိုက်သည်ကို မြင်လိုက်ရလေသည်။

ထောင်ဝူက အံ့သြသွားပြီး ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် သန့်ရှင်းသော တမန်တော်အပေါ် အကဲဖြတ်မှုမှာ အဆင့်တော်တော်များများ တက်သွားခဲ့လေပြီ။

အရင်တုန်းက ထောင်ဝူ ထင်ထားသည်မှာ ဒီသန့်ရှင်းသော တမန်တော်သည် အလွန်ထက်မြက်ပြီး သူတို့ အရေးတကြီး လိုအပ်နေသည့် လူသားများ၏ မှော်လက်နက် အမျိုးမျိုးကို ဖန်တီးပေးနိုင်သည်ဟု ဖြစ်သည်။ သို့သော် ကိုယ်ပိုင် စွမ်းအားပိုင်းတွင်မူ သိပ်မထူးခြားလှဟု ထင်ခဲ့ခြင်း ဖြစ်သည်။

သူ၏ လက်အောက်ငယ်သားများထဲတွင်လည်း အမှောင်ချုံးချီ တစ်ယောက်လောက်သာ တိုက်ခိုက်နိုင်စွမ်း ရှိပြီး ထိုတစ်ယောက်ကလည်း သူ၏ လက်အောက်ငယ်သား စစ်စစ် မဟုတ်ဟု ထင်ရလေသည်။

ထို့ကြောင့် ခြုံငုံသုံးသပ်ကြည့်လျှင် ထောင်ဝူက ဒီသန့်ရှင်းသော တမန်တော်သည် ထူးချွန်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သော်လည်း သူ၏ စွမ်းဆောင်နိုင်ရည်မှာ ကန့်သတ်ချက် ရှိသည်ဟု ထင်ခဲ့သည်။ တစ်နေ့နေ့ သဘောထား ကွဲလွဲမှု ဖြစ်လာလျှင်တောင် ကိုယ့်ဘက်က သူ့ကို လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု ယဲ့ဖန် ပေါ်လာသောအခါ သူ ထိုမျှလောက် ယုံကြည်မှု မရှိတော့ပေ။ စောစောက သူရိုက်ချလိုက်သည့် အချက်မှာ အစွမ်းကုန် သုံးထားသည်ကိုတောင် ဒီလူသားက ကာကွယ်နိုင်ခဲ့သည်။ ယခုလည်း အလွန် အစွမ်းထက်ပုံရသည့် သိုင်းကွက်တစ်ခုကို သုံးလိုက်ပြန်ရာ အလွန် အင်အားကြီးမားသော ထောင်ဝူ ကိုယ်တိုင်ပင် တစ်ယောက်ချင်း ယှဉ်တိုက်လျှင် အနိုင်ရရန် မသေချာကြောင်း ဝန်ခံလိုက်ရလေသည်။

ခဏမျှ စဉ်းစားပြီးနောက် ထောင်ဝူက ဆက်ပြောလိုက်သည်။

"ဘိုယီ သူက အရှေ့ဘက်က လင်းဝမ် မျိုးနွယ်စုမှာ ရှိတယ် သူက ငါတို့ထဲမှာ အထက်မြက်ဆုံးပဲ မင်း မသိတာရှိရင် သူ့ကို သွားမေးလို့ရတယ်"

ဒီဘိုယီဆိုသည့်ကောင်ကို ထောင်ဝူက အပြင်းအထန် ထောက်ခံနေသော်လည်း ထောင်ဝူ၏ ဦးနှောက်မှာ သစ်ကြားသီးလောက်သာ ရှိမည်ဟု ခန့်မှန်းရသည်မို့ သူထင်သည့် ဉာဏ်ကောင်းသော မိစ္ဆာသားရဲဆိုသည်ကို ကျန်းပေရန်က သိပ်ပြီး မျှော်လင့်မထားပေ။

သို့သော် ထောင်ဝူထက်တော့ သာမည်မှာ သေချာသည်မို့ ကျန်းပေရန်က သွားတွေ့ရန် ဆုံးဖြတ်လိုက်လေသည်။

"ငါ့ကို လမ်းပြပေးမယ့် သားရဲတစ်ကောင် ရှာပေးနိုင်မလား"

မူလက ကျန်းပေရန်သည် ထောင်ဝူကိုပင် လမ်းပြခိုင်းရန် စဉ်းစားထားသော်လည်း ယခု သူက တော်တော်လေး အလုပ်များနေပုံရသဖြင့် မခိုင်းတော့ခြင်း ဖြစ်သည်။

"ကောင်းပြီ"

ထောင်ဝူက ပြောပြီး အသံကုန် အော်ဟစ်လိုက်လေသည်။

"အမွေးလေး ငါ့ဆီ လာခဲ့"

နောက်တစ်စက္ကန့်မှာပင် ခရမ်းရောင် အတောင်ပံများ ပါသော ကြွက်ကလေး တစ်ကောင်က ထောင်ဝူ၏ ခြေရင်း၌ ချက်ချင်း ပေါ်လာပြီး ရိုသေစွာ မေးလိုက်သည်။

"ခေါင်းဆောင်ကြီး ကျွန်တော့်ကို ဘာကိစ္စများ ခေါ်တာပါလဲ"

ထောင်ဝူက အရင်ဆုံး ဂူအဆိပ်ကျင့်ကြံသူ ငါးယောက် ခြောက်ယောက်ခန့်ကို အမြီးဖြင့် ရိုက်ထုတ်လိုက်ပြီးမှ ထို ခရမ်းရောင် အတောင်ပံနှင့် ကြွက်ကလေးကို ပြောလိုက်သည်။

"သန့်ရှင်းသော တမန်တော်ကို ဘိုယီဆီ လိုက်ပို့ပေးလိုက် မြန်မြန်သွား"

ငှက်ကုလားအုတ်ကြွက်က ကြားသည်နှင့် ချက်ချင်း ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"ပြဿနာမရှိပါဘူး ခေါင်းဆောင်ကြီး"

"အင်း"

ထို့နောက် ထောင်ဝူက ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်သည်။

"သူက မင်းကို ဘိုယီဆီ ရောက်အောင် လိုက်ပို့ပေးလိမ့်မယ် သန့်ရှင်းသော တမန်တော် မင်းကိုပဲ အားကိုးတော့မယ်နော် ဒီသတ္တဝါဆန်းတွေက တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်"

"ငါ တတ်နိုင်သမျှ ကြိုးစားပါ့မယ်"

ကျန်းပေရန်က ပြောပြီး ခရမ်းရောင် အတောင်ပံနှင့် ကြွက်ကလေးနောက် လိုက်သွားရန် ပြင်လိုက်ချိန်မှာပင် တစ်ခုခုကို သတိရသွားသလိုမျိုး နောက်လှည့်ကာ ထောင်ဝူကို မေးလိုက်လေသည်။

"ဒီသတ္တဝါဆန်းတွေက ဘယ်တုန်းက စပေါ်လာတာလဲ"

ထောင်ဝူက ဂူအဆိပ်ကျင့်ကြံသူ တစ်ယောက်ကို ကိုက်ဖြတ်လိုက်ပြီး မျိုချရန် ပြင်လိုက်ချိန်မှာပင် ကျန်းပေရန်၏ စကားကို ကြားလိုက်ရသည်။

"သူ မင်းဗိုက်ထဲ ရောက်သွားပြီး ပြဿနာရှာမှာကိုတော့ မင်း မလိုချင်လောက်ဘူး မဟုတ်လား"

ဒီသတ္တဝါဆန်းများ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းကို တွေးမိကာ ထောင်ဝူက မျိုချရန် ပြင်ထားသော ဂူအဆိပ်ကျင့်ကြံသူကို ထွီ ခနဲ ပြန်ထွေးထုတ်လိုက်လေသည်။

"သူတို့က အစောကြီးကတည်းက ရောက်နေတာ ဒါပေမဲ့ ဘာမှ မလုပ်ဘူး မနေ့ကမှ ရူးသွပ်သွားသလိုမျိုး ငါတို့ကို စတင် တိုက်ခိုက်လာတာ"

'မနေ့က'

ကျန်းပေရန်က ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။

"ကောင်းပြီ ငါ သိပြီ မင်း တောင့်ခံထား ငါ မင်းအတွက် သတင်းကောင်း ယူလာခဲ့မယ်"

"ဒါဆိုရင် သန့်ရှင်းသော တမန်တော်ကိုပဲ လုံးလုံး အားကိုးရတော့မယ်"

ထောင်ဝူက ပြောပြီး ကျန်းပေရန်ရှေ့တွင် ပိတ်ရပ်နေသော ဂူအဆိပ်ကျင့်ကြံသူများ အားလုံးကို အကြမ်းပတမ်း ဝင်တိုက်ကာ လမ်းဖွင့်ပေးလိုက်လေသည်။

ငှက်ကုလားအုတ်ကြွက်က အခြေအနေကို မြင်သည်နှင့် ဝှစ် ခနဲ ပြေးထွက်သွားရာ ကျန်းပေရန်လည်း ပျံသန်းသော စံအိမ်ပေါ် ပြန်တက်၍ သူ၏နောက်သို့ လိုက်သွားခဲ့လေသည်။

လမ်းတွင် ကျန်းပေရန်က မေးစေ့ကို ပွတ်ရင်း စောစောက ထောင်ဝူ၏ အဖြေကို စဉ်းစားနေခဲ့သည်။

'ကြည့်ရတာ ငါ့ရဲ့ အရင်က ခန့်မှန်းချက်က မမှားဘူးပဲ'

ဒီဂူအဆိပ်ကျင့်ကြံသူများသာ မတုံးအဘူးဆိုလျှင် မိစ္ဆာသားရဲများကို ရင်ဆိုင်ရန်အတွက် လူအင်အား ပစ္စည်းအင်အား အများကြီး ခွဲထုတ်မည် မဟုတ်ဟု ကျန်းပေရန်က အရင်ကတည်းက ထင်ထားခဲ့သည်။ ဒါက သူတို့အတွက် ဘာအကျိုးအမြတ်မှ မရှိပေ။ လူသားများ အားလုံးကို ရှင်းလင်းပြီးမှ ဒီမိစ္ဆာသားရဲများကို ဖြည်းဖြည်းချင်း ဖြေရှင်း၍ ရလေသည်။

ဒီအချိန်တွင် သူတို့ကို သွားစစရာ အကြောင်းမရှိပေ။

ယခု ကြည့်ရသည်မှာ သူ၏ ခန့်မှန်းချက်က မမှားပေ။ ဒီဂူအဆိပ်ကျင့်ကြံသူများက အစတုန်းက မိစ္ဆာသားရဲများကို သွားမစရန် တကယ်ပင် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သူတို့ကို အဆိပ်မြူများထဲတွင် ပိတ်လှောင်ထားရုံ သက်သက်ပင် ဖြစ်သည်။ သို့သော် ယခု သူတို့၏ နဂါးနက် ကုန်းမြေတိုက်ကြီးကို သိမ်းပိုက်မည့် အစီအစဉ်က ကြီးမားသော အပြောင်းအလဲများ ဖြစ်သွားသဖြင့် သူတို့လည်း အစီအစဉ် ပြောင်းလဲရန် ဖိအားပေးခံလိုက်ရခြင်း ဖြစ်ပေမည်။

တကယ်တော့ ကျန်းပေရန်၏ ခန့်မှန်းချက်မှာ တကယ်ပင် မှန်ကန်နေလေသည်။

ဂူအဆိပ်ကျင့်ကြံသူများက ရုတ်တရက် မိစ္ဆာသားရဲများ၏ နယ်မြေကို လာတိုက်ခိုက်ရသည့် အကြောင်းရင်းမှာ နေ့တစ်ဝက်ခန့် အချိန်လေးအတွင်းမှာပင် လူသားများကို ရုတ်တရက် ထိန်းချုပ်၍ မရတော့သည်ကို သူတို့ တွေ့လိုက်ရသောကြောင့်ပင် ဖြစ်သည်။

ထို့အပြင် ထိုလူသားများက အဆိပ်မြူများထဲတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်နေသောကြောင့် သူတို့၏ စစ်ဆင်ရေး အစီအစဉ်ကို မပြောင်းလဲ၍ မရတော့ပေ။

သို့သော် စစ်ဆင်ရေး အစီအစဉ်ကို ပြောင်းလဲရန်ကလည်း ထိုမျှလောက် မလွယ်ကူပေ။ အစတုန်းကမူ သူတို့က ဘုရင်၏ အမိန့်ကို နာခံရုံသာ ဖြစ်ပြီး ဘုရင်က ဘယ်ကို ညွှန်ပြလျှင် သူတို့ အကုန်လုံး ထိုဘက်သို့ အုံလိုက်ကျင်းလိုက် သွားကြခြင်းပင် ဖြစ်သည်။

သို့သော် ယခု ဘုရင်က ရုတ်တရက် ပျောက်ကွယ်သွားသောအခါ သူတို့ကို အလွန်အမင်း ထိတ်လန့်သွားစေသည့်အပြင် ခေါင်းဆောင်လည်း လုံးဝ ပျောက်ဆုံးသွားလေသည်။ နောက်ဆုံးတော့ သူတို့အချင်းချင်း စုပေါင်းကာ အတင်းအကျပ် ဦးနှောက်မုန်တိုင်း ဆင်ကြရင်းနှင့် နောက်ဆုံးတွင်မူ အကြံတစ်ခု ရလာခဲ့လေသည်။

လောလောဆယ် လူသားများကို ဘာမှ လုပ်၍မရတော့မှတော့ မိစ္ဆာသားရဲများကို အရင် ရှင်းလင်းလိုက်မည်။ အကယ်၍ သူတို့ကို ယဉ်ပါးအောင် လုပ်နိုင်လျှင်တော့ ပိုကောင်းပေမည်။

တကယ်တော့ ဒီအကြံက သိပ်ကောင်းသည့် အကြံမဟုတ်ကြောင်းကို သူတို့ကိုယ်တိုင်လည်း သိကြလေသည်။ သို့သော် ယခုချိန်တွင် လူသားများကို တကယ်ပင် ဘာမှ လုပ်၍ မရတော့ပေ။ အဆိပ်မြူ အပြင်ဘက်တွင်လည်း မယှဉ်နိုင်သလို အဆိပ်မြူ အတွင်းမှာတောင် သူတို့၏ လှုပ်ရှားမှုများကို ကန့်သတ်၍ မရတော့ပေ။

ဒါက သူတို့၏ မူလ စစ်ဆင်ရေး ရည်မှန်းချက်နှင့် လုံးဝ သွေဖည်သွားပြီ ဖြစ်ပြီး အဘိုးအဘွားများ အိမ်ရောက်သည့်အထိ သွေဖည်သွားခြင်းပင် ဖြစ်သည်။

ဒီလို အခြေအနေတွင် သူတို့လည်း ရောဂါရင့်၍ ဆေးမြီးတိုများ လျှောက်ရှာသလိုမျိုး လုပ်ရတော့လေသည်။ လူသားများက အဆိပ်မြူ ပြဿနာကို ဖြေရှင်းရန် နည်းလမ်း ရှာတွေ့သွားသော်လည်း ထို မိစ္ဆာသားရဲများက မရှာတွေ့သေးပေ။ သူတို့ကို ကိုယ့်၏ အာဟာရအဖြစ် စုပ်ယူနိုင်လျှင် သို့မဟုတ် စီးတော်ယဉ်အဖြစ် ယဉ်ပါးအောင် လုပ်နိုင်လျှင်တောင် အင်အားတစ်ခုတော့ ဖြစ်လာနိုင်လေသည်။

သို့သော် ထိုသို့ ဖြစ်ရန်အတွက်က အချိန်တိုအတွင်း မိစ္ဆာသားရဲများ၏ မျိုးနွယ်စု အားလုံးကို သိမ်းပိုက်နိုင်ရန် လိုအပ်သည်။ ဒါက အတော်လေး ခက်ခဲသော ကိစ္စပင် ဖြစ်သည်။ လူသားများပင် နှစ်ထောင်ချီ အချိန်ယူခဲ့တာတောင် မအောင်မြင်ဘဲ နောက်ဆုံးတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်း ပင် ဖြစ်သွားခဲ့လေသည်။

ခရမ်းရောင် အတောင်ပံနှင့် ကြွက်ကလေးနောက် လိုက်ကာ ထောင်ဝူ မျိုးနွယ်စုမှ ပြေးထွက်လာပြီးနောက် ကျန်းပေရန်က ပျံသန်းသော စံအိမ်ထဲမှ ထွက်လာကာ အထူး မျက်မှန်ကို တပ်ဆင်၍ ပတ်ဝန်းကျင်ကို စတင် လေ့လာလိုက်လေသည်။

ရှေးဟောင်းအပျက်အစီးနယ်မြေထဲတွင် ယခု နေရာအနှံ့၌ စစ်ပွဲများ ဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။ မိစ္ဆာသားရဲ အမျိုးမျိုးက တစ်ကောင်ချင်းစီ ကိုယ်လုံးကိုယ်ပေါက် ကြီးမားလာကာ မိုးမျှော်တိုက်ကြီးများလို မတ်တပ်ရပ်နေကြသည်မှာ ကင်းကောင်က လေယာဉ်ပျံကို တိုက်ခိုက်နေသည့် မြင်ကွင်းမျိုးကို ခံစားရစေသည်။

'ကြည့်ရတာ လောလောဆယ်တော့ မိစ္ဆာသားရဲတွေဘက်ကို သိပ်ပြီး စိတ်ပူစရာ မလိုသေးပါဘူး'

သို့သော် ရောက်လာမှတော့ ကူညီပေးနိုင်မည့် နေရာ ရှိမရှိ ကြည့်လိုက်ပေမည်။ ဘာပဲဖြစ်ဖြစ် အဆိပ်မြူများ အားလုံးကို ဖယ်ရှားရန် အချိန်ဘယ်လောက် ကြာမည်ဆိုတာ သူလည်း မသိပေ။ ဒီအတိုင်း ပစ်ထားလိုက်လျှင် မိစ္ဆာသားရဲ မျိုးနွယ်စုဘက်တွင်လည်း ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်လေသည်။

မိစ္ဆာသားရဲ မျိုးနွယ်စုများ ကြီးမားသော ဆုံးရှုံးမှု ကြုံတွေ့ရသည်ဆိုသည်မှာ သူကိုယ်တိုင် ကြီးမားသော ဆုံးရှုံးမှု ကြုံတွေ့ရသည်နှင့် အတူတူပင် မဟုတ်ပါလော။

ထို့ကြောင့် ဒီကိစ္စကို မကူညီဘဲ နေ၍ မရတော့ပေ။

ခရမ်းရောင် အတောင်ပံနှင့် ကြွက်ကလေး လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့် ပြေးလွှားပြီးသည့်နောက် ကျန်းပေရန်တို့သည် အသက်ဝင်နေသော သစ်တောတစ်ခုထဲသို့ ရောက်လာခဲ့လေသည်။ ဒီနေရာတွင် ကျန်းပေရန် တစ်ခါမှ မမြင်ဖူးသော ထူးဆန်းသည့် ပန်းများ သစ်သီးများ အများကြီး ရှိနေပြီး အပင်တိုင်း ပန်းတိုင်းတွင် ဝိညာဉ်စွမ်းအင်များ အများကြီး ပါဝင်နေသဖြင့် မြင်ရသူကို သွားရည်ကျစေသည်။

'ဒီ ရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ နေရာကောင်းတွေ တကယ် အများကြီး ရှိတာပဲ ဒီလို အစွမ်းထက်တဲ့ မိစ္ဆာသားရဲတွေ မွေးဖွားလာတာ မဆန်းပါဘူး နှစ်ထောင်ချီ ကြာသွားတာတောင် လူသားတွေက ဒီနေရာကို ဝင်ရောက် လုယက်ဖို့ စိတ်ကူးကို မစွန့်လွှတ်နိုင်တာလည်း မဆန်းတော့ဘူး'

သစ်တောထဲတွင် ခဏမျှ ဖြတ်သန်းသွားပြီးနောက် ကျန်းပေရန်က နွယ်ပင်များနှင့် တိုက်ခိုက်နေသော ဂူအဆိပ်ကျင့်ကြံသူ တချို့ကို တွေ့လိုက်ရလေသည်။ ကြည့်ရသည်မှာ ထို နွယ်ပင်များကပင် အသာစီး ရနေပုံရသည်။

'ဟင် ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေက လူကို ပြန်ရိုက်နေတာလား'

သို့သော် ခဏမျှ အံ့သြသွားပြီးနောက် ကျန်းပေရန်က ထို အတွေးကို ဖျောက်ဖျက်လိုက်လေသည်။ ဒီ ဝိညာဉ်အပင်များက ဘယ်လောက်ပင် အစွမ်းထက်နေပါစေ ဂူအဆိပ်ကျင့်ကြံသူများကို ပြန်လည် ခုခံနိုင်သည့် အဆင့်အထိတော့ မရောက်နိုင်ပေ။ ဒီနေရာမှ ခေါင်းဆောင်က နည်းလမ်း တစ်ခုခု သုံးကာ ဒီဝိညာဉ်အပင်များ အားလုံးကို စွမ်းအား မြှင့်တင်ပေးထား၍သာ ဒီလို အကျိုးသက်ရောက်မှု ရလာခြင်း ဖြစ်ရပေမည်။

ကျန်းပေရန် စဉ်းစားနေတုန်းမှာပင် ရှေ့မှ ပြေးနေသော ခရမ်းရောင် အတောင်ပံနှင့် ကြွက်ကလေးက ရုတ်တရက် ရပ်တန့်သွားပြီး ကျန်းပေရန်တို့ကို လှည့်ကြည့်ကာ ရပ်တန့်ရန် လက်ဟန်ပြလိုက်လေသည်။

"ဂူလူးလူးလူးလူးလူး"

ထို့နောက် ခရမ်းရောင် အတောင်ပံနှင့် ကြွက်ကလေးက ခေါင်းမော့ကာ ထူးဆန်းသော အသံတစ်ခု ပြုလိုက်လေသည်။ ဒီအသံက တိကျသည့် အဓိပ္ပာယ်တော့ မရှိပေ လူများက ယဇ်ပူဇော်ပွဲများတွင် ပါးစပ်ကို ရိုက်ကာ ထူးဆန်းသော အသံများ ပြုလုပ်သလိုမျိုးပင် ဖြစ်သည်။

ခဏအကြာတွင် ခရမ်းရောင် အတောင်ပံနှင့် ကြွက်ကလေး ရှေ့မှ မြေကြီးက ရုတ်တရက် လှုပ်ခတ်သွားပြီး နားရွက်လေးဖက် ပါသော ကြီးမားသည့် သိုးခေါင်းကြီး တစ်ခု ထွက်လာတာကို တွေ့လိုက်ရလေသည်။

"အမွေးလေး ဒီလို အချိန်ကြီးမှာ ငါ့ဆီ ဘာလာလုပ်တာလဲ"

ခရမ်းရောင် အတောင်ပံနှင့် ကြွက်ကလေးက အတောင်ပံ တစ်ချက် ခတ်လိုက်ပြီး ပြန်ဖြေလေသည်။

"ငါတို့ ခေါင်းဆောင်ကြီးက ဒီလူသားတွေကို မင်းဆီ လိုက်ပို့ခိုင်းလို့ပါ"

"လူသားတွေ"

ဘိုယီက ကြားသောအခါ နားရွက်လေးဖက် လှုပ်သွားပြီး မြေကြီးထဲမှ တစ်ကိုယ်လုံး ထွက်လာကာ သူ၏ အစစ်အမှန် ပုံစံကို ပြသလိုက်လေသည်။

ဒီဘိုယီမှာ တစ်ကိုယ်လုံး အဖြူရောင် ရှိပြီး အမြီးကိုးချောင်း နားရွက်လေးဖက် ပါရှိသည်။ ကျောက်စိမ်းရောင် မျက်လုံးကြီး တစ်စုံက ကျောကုန်းပေါ်တွင် ပေါက်နေပြီး ယခုချိန်၌ ကျန်းပေရန်ကို အထက်အောက် အကဲခတ်နေလေသည်။

"မင်းက ထောင်ဝူ မျိုးနွယ်စုထဲက သန့်ရှင်းသော တမန်တော်ဆိုတာလား"

'အိုး'

ဘိုယီ၏ မေးခွန်းကို ကြားသောအခါ ကျန်းပေရန်၏ မျက်လုံးများ အရောင်လင်းသွားလေသည်။ သူ၏ အရင်က ခန့်မှန်းချက်အရဆိုလျှင် ထောင်ဝူက သူ့ကို ကိုယ့်မျိုးနွယ်စု အတွက်သာ အလုပ်လုပ်ခိုင်းချင်မည်မှာ သေချာသည်။ ဒါကြောင့် တခြား ခေါင်းဆောင်များကို သူ့အကြောင်း အလိုအလျောက် သွားပြောပြမည် မဟုတ်ပေ။

ဒါဆိုလျှင် သူ့ရှေ့မှ ဒီဘိုယီက ထောင်ဝူ မျိုးနွယ်စုထဲတွင် သူ ရှိနေသည်ဆိုတာကို သိခြင်းမှာ ကိုယ်ပိုင် သတင်းအချက်အလက် စုဆောင်းနိုင်စွမ်းကြောင့် ဖြစ်ရပေမည်။

ဒီအချက်လေး တစ်ခုတည်းနှင့်ပင် ဒီဘိုယီမှာ ထောင်ဝူထက် အများကြီး ပိုဉာဏ်ကောင်းမည်ဆိုတာ ကျန်းပေရန် သေချာသွားလေပြီ။

"သန့်ရှင်းသော တမန်တော်လို့တော့ ပြောလို့မရပါဘူး ဒါပေမဲ့ ငါက မင်းတို့ကို ကူညီဖို့ လာတာတော့ အမှန်ပါပဲ"

ဘိုယီ၏ ကျောကုန်းပေါ်မှ မျက်လုံးများက ကောင်းကင်ကို တစ်ချက် ကြည့်လိုက်ပြီး ပြန်ဖြေလေသည်။

"ဒီ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့ ယင်ကောင်တွေကို မောင်းထုတ်ဖို့ မင်း ကူညီပေးနိုင်မလား"

"ငါ စမ်းကြည့်လို့ ရတယ် ဒါပေမဲ့ မင်း ငါ့ကို ကူညီဖို့တော့ လိုတယ် ထောင်ဝူ ခေါင်းဆောင်ကြီး ပြောတာက မင်းက ဒီလေးပါးသော သန့်ရှင်းနေရာ တစ်ခုလုံးမှာ ဉာဏ်အကောင်းဆုံး သားရဲပဲတဲ့ မင်းက သူ့ထက် ပိုသိမှာ သေချာတယ်"

ကျန်းပေရန်၏ ချီးကျူးစကားကို ကြားသော်လည်း ဘိုယီက ဘာခံစားချက်မှ မပြပေ။ တကယ်တော့ သူ၏ မျက်နှာပေါက် အနေအထားအရဆိုလျှင် ခံစားချက် တစ်ခုခု ပြလိုက်လျှင်တောင် ကျန်းပေရန်က နားလည်မည် မဟုတ်ပေ။

"ရတယ်"

ဘိုယီက ကျန်းပေရန်ကို ထောင်ဝူ မျိုးနွယ်စုထဲတွင် သန့်ရှင်းသော တမန်တော်ဟု ခေါ်ကြတာကို သိမှတော့ သူ ဘာတွေ လုပ်ခဲ့တယ်ဆိုတာကိုလည်း သိမည်မှာ သေချာလေသည်။ လက်ရှိ အခြေအနေအရ ကြည့်လျှင် သူက တခြား လူသားများနှင့် တကယ်ပင် မတူပေ။

"ကောင်းပြီ ဒါဆိုရင် ငါ့ရဲ့ ပထမဆုံး မေးခွန်းကို အရင် ဖြေပေး ငါ့အပြင် မကြာသေးခင်က ဒီကို ရောက်လာပြီး အကြာကြီး နေသွားတဲ့ လူသားတွေ ရှိသေးလား"

"မရှိဘူး"

ဘိုယီက အလွန် ယုံကြည်မှုရှိရှိ ပြန်ဖြေလိုက်လေသည်။ လေးပါးသော သန့်ရှင်းသည့် နေရာ တစ်ခုလုံးက သူ့မျက်စိအောက်တွင် ရှိနေသလိုမျိုးပင် ဖြစ်သည်။

"ဒီမေးခွန်းက အရမ်း အရေးကြီးတယ် မင်း သေချာ ပြောနိုင်လား"

"လေးပါးသော သန့်ရှင်းနေရာထဲမှာ ငါ မသိတဲ့ ကိစ္စဆိုတာ မရှိဘူး"

ဘိုယီက ဒီလောက် ယုံကြည်မှုရှိရှိ ဖြေနေတာကို ကြားသောအခါ ကျန်းပေရန်လည်း သံသယ မဝင်တော့ဘဲ ဒါကို အမှန်တရားဟု မှတ်ယူလိုက်လေသည်။

ကျန်းပေရန်က ဒီမေးခွန်းကို မေးရသည့် အကြောင်းရင်းမှာ အဆိပ်မြူများ ပန်းထွက်လာဖို့ဆိုလျှင် ကြိုတင် ပြင်ဆင်မှုများ လုပ်ရန် လိုအပ်သည်ဆိုတာ သူ သိထားသောကြောင့်ပင် ဖြစ်သည်။ အစီအရင် ယဇ်ပူဇော်ပွဲများ အားလုံး ပြီးပြည့်စုံရန် လိုအပ်လေသည်။

ရွှေရောင်ဆေးအိုးကျွန်း မှ ပြန်လာသော သန်မာသူများထဲတွင် တစ်ယောက်မကျန် သူလျှိုများ ဖြစ်မည်မှာ သေချာပြီး ဒီကိစ္စများ အားလုံးကို တိတ်တဆိတ် စီစဉ်ထားခဲ့ခြင်း ဖြစ်ရပေမည်။

ထို့အပြင် ထိုလူများ၏ စာရင်းကိုလည်း ကျန်းပေရန်က ရရှိထားပြီး ဖြစ်လေသည်။ သို့သော် လောလောဆယ်တော့ သူက သူတို့ကို မျက်ခြည်ပြတ်သွားအောင် မလုပ်ချင်သေးပေ။ ကိုယ်က သူတို့ကို မသိသေးဘူးဆိုသည့် ထင်ယောင်ထင်မှား ဖြစ်စေချင်သေးသည်။ နောက်ပိုင်းကျလျှင် အသုံးဝင်လာနိုင်သည် မဟုတ်ပါလော။

သို့သော် ရွှေရောင်ဆေးအိုးကျွန်း မှ ပြန်လာသော သန်မာသူများက လူသားများ၏ တိုင်းပြည်များတွင် သူလျှိုလုပ်ရန်က လွယ်ကူသော်လည်း ရှေးဟောင်းအပျက်အစီးနယ်မြေထဲတွင် သူလျှိုလုပ်ရန်ကတော့ ခက်ခဲလေသည်။

ဘာလို့လဲဆိုတော့ ရှေးဟောင်းအပျက်အစီးနယ်မြေက ဘယ်လူသားကိုမှ ကြိုဆိုမည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။

ဒီလို အခြေအနေမျိုးတွင် သူတို့က ရှေးဟောင်းအပျက်အစီးနယ်မြေထဲ၌ အစီအရင်ကြီး တစ်ခု ချကာ ယဇ်ပူဇော်ပွဲ လုပ်ရန် ဖြစ်နိုင်ခြေက အလွန် နည်းပါးလေသည်။ ထို့အပြင် ဘိုယီ၏ ယုံကြည်မှုရှိရှိ အဖြေကြောင့်လည်း ဒီနေရာတွင် ဂူအဆိပ်များ ထုတ်လွှတ်မည့် အစီအရင် မရှိဘူးဆိုတာ ကျန်းပေရန် အခြေခံအားဖြင့် သေချာသွားလေပြီ။

'ဒါဆိုရင် ဒီအဆိပ်မြူတွေ အားလုံးက တခြားနေရာကနေ လွင့်လာတာပေါ့'

လူသားများ၏ တိုင်းပြည်များက အဆိပ်မြူ ပြဿနာကို ဖြေရှင်းရန် ခက်ခဲရသည့် အကြောင်းရင်းမှာ ဇာစ်မြစ်ကို မရှာတွေ့သေးသည့် အခြေအနေတွင် တချို့တဝက်ကို ဖယ်ရှားလိုက်လျှင်တောင် အသစ်များက အလျင်အမြန် ပြန်ဖြစ်လာသောကြောင့်ပင် ဖြစ်သည်။ ဒါကြောင့် ဘယ်လောက်ပင် ဖယ်ရှားဖယ်ရှား အချည်းနှီး ဖြစ်နေခြင်း ဖြစ်သည်။

ရှေးဟောင်းအပျက်အစီးနယ်မြေ ဘက်တွင်တော့ မတူပေ။ ဒီနေရာတွင် ဇာစ်မြစ် မရှိပေ ဒီနေရာကို ဖုံးလွှမ်းနေသော အဆိပ်မြူများ အားလုံးက တခြားနေရာမှ လွင့်လာခြင်း ဖြစ်သည်။ ဒါကြောင့် ဒီကို လွင့်လာသော အဆိပ်မြူများကို ဖယ်ရှားလိုက်ပြီး နောက်ထပ် လွင့်လာမည့် အဆိပ်မြူများကို တားဆီးရန် အစီအရင်ကြီး တစ်ခု တည်ဆောက်လိုက်လျှင် ရလေပြီ။

"ကောင်းပြီ ငါ့မှာ အကြံရှိပြီ"

ကျန်းပေရန်ဆီတွင် နည်းလမ်း ရှိပြီဆိုတာ ကြားသောအခါ ဘိုယီ၏ နားရွက်လေးဖက်က ထပ်လှုပ်သွားပြီး သူ၏ရင်ထဲမှ အံ့သြမှုကို ဖော်ပြနေလေသည်။

"မင်း ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ ငါ့ဆီက ဘာအကူအညီ လိုလဲ"

"သေချာပေါက် လိုတာပေါ့ ဒီအဆိပ်မြူတွေကို ရှေးဟောင်းအပျက်အစီးနယ်မြေ အပြင်ဘက်ကို မောင်းထုတ်ဖို့ မင်း နည်းလမ်း စဉ်းစားပေးနိုင်မလား"

"မောင်းထုတ်ဖို့က နည်းနည်း အလုပ်ရှုပ်တယ် အကုန်လုံးကို စုပ်ယူပစ်လိုက်ရင် ရမလား"

All Chapters