← Chapters

အစီအရင်ကြီးကို စူးစမ်းလေ့လာခြင်း

Vol. 57 Ch. 645

အစီအရင်ကြီးကို စူးစမ်းလေ့လာခြင်း

Vol. 57 Ch. 645

'စုပ်ယူပစ်လိုက်မယ်'

ကျန်းပေရန် ကြားလိုက်ရသောအခါ ကြောင်အသွားပြီး မေးလိုက်သည်။

"မင်း ဘယ်လို စုပ်ယူဖို့ စီစဉ်ထားတာလဲ"

ဘိုယီ၏ အမြီးကိုးချောင်း ဝှေ့ယမ်းလိုက်သည်နှင့် မရေမတွက်နိုင်သော ဝိညာဉ်အပင်များ ရူးသွပ်စွာ ကြီးထွားလာပြီး ပတ်ဝန်းကျင်ရှိ အဆိပ်မြူများကို စတင် စုပ်ယူနေသည်ကို တွေ့လိုက်ရလေသည်။

'ဝိုး...'

ဘိုယီ၏ ဤမျှလောက် အမိုက်စား လုပ်ရပ်ကို ကြည့်ရင်း ကျန်းပေရန် တစ်ယောက် အံ့ဩမှင်တက်သွားပြီး ဘိုယီကို လက်ခုပ်ပင် တီးပေးချင်စိတ် ပေါက်သွားလေသည်။

ဝိညာဉ်အပင်များ အဆိပ်မြူများကို အတန်ကြာ စုပ်ယူပြီးနောက် ဘိုယီက ထပ်ပြောလာသည်။

"ဒီနည်းလမ်းကို ငါ အရင်က စမ်းကြည့်ပြီးသား ဒါပေမဲ့ ဒီအဆိပ်မြူတွေက မပြတ်တမ်း ဝင်လာနေတော့ စုပ်လို့ကို မကုန်နိုင်ဘူး"

"ဒါက အပြင်ဘက်ကနေ အဆိပ်မြူတွေ ဆက်တိုက် လွင့်ဝင်လာနေလို့ မပြတ်တမ်း ဖြစ်နေတာလေ အပြင်က အဆိပ်မြူတွေကိုသာ တားဆီးထားနိုင်ရင် ဒီနေရာက သဘာဝကျကျ အဆင်ပြေသွားမှာပဲ"

"မင်းဆီမှာ နည်းလမ်း ရှိလို့လား"

"ငါ့ဆီက သတင်းကိုသာ စောင့်နေလိုက်"

ကျန်းပေရန် ပြောပြီးနောက် ပျံသန်းစံအိမ်ထဲသို့ ပြန်ဝင်သွားလေသည်။

ဘိုယီက ၎င်းကို မြင်သောအခါ ကျောကုန်းပေါ်ရှိ မျက်လုံးတစ်စုံကို ပုတ်ခတ်လိုက်ပြီး ထောင်ဝူ က ဤလူသားကို သန့်ရှင်းသော တမန်တော်ဟု အဘယ်ကြောင့် ခေါ်ဝေါ်ရကြောင်း အနည်းငယ် နားလည်သွားလေသည်။

ပျံသန်းသော စံအိမ်ပေါ်သို့ ရောက်သောအခါ ကျန်းပေရန်က ရှီဖုန်းလန်ကို ရှေးဟောင်းအပျက်အစီးနယ်မြေ၏ နယ်စပ်ဘက်သို့ ပျံသန်းရန် ခိုင်းလိုက်သည်။

မူလက သူ၏ အစီအစဉ်အရ အဆိပ်မြူများကို မောင်းထုတ်ရန်မှာ အတော်လေး အလုပ်ရှုပ်မည့် ကိစ္စဖြစ်သည်။ ပထမအချက်မှာ အဆိပ်မြူများသည် ထူးဆန်းပြီး ပြောင်းလဲလွယ်သောကြောင့် အားသုံး၍ဖြစ်စေ ဂါထာမန္တန်သုံး၍ဖြစ်စေ မှုတ်ထုတ်ရန် အလွန်ခက်ခဲသည်။ ဒုတိယအချက်မှာ ထို ဂူအဆိပ်ကျင့်ကြံသူများသည်လည်း သူတို့ အဆိပ်မြူများကို မောင်းထုတ်နေသည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ဘဲ အပြင်းအထန် ခုခံကြမည်မှာ သေချာသည်။

ထို့ကြောင့် ခြုံငုံသုံးသပ်ကြည့်လျှင် အဆိပ်မြူများကို မောင်းထုတ်သည့် ကိစ္စမှာ အခက်အခဲ အနည်းငယ် ရှိနေလေသည်။

သို့သော် ယခု ဘိုယီက အမိုက်စား လုပ်ရပ်လေးတစ်ခု ပြသရုံဖြင့် ဤအခက်အခဲကို ဖြေရှင်းပေးလိုက်ရာ ကျန်းပေရန်ပင် လက်ခုပ်တီးပေးချင်စိတ် ပေါက်သွားခြင်း ဖြစ်သည်။

မတတ်နိုင်ပေ။ အရမ်းမိုက်လွန်းနေသည် မဟုတ်ပါလော။

အဆိပ်မြူများ ရှေးဟောင်းအပျက်အစီးနယ်မြေထဲသို့ လွင့်ဝင်မလာအောင် တားဆီးရန်မှာမူ ကျန်းပေရန်အတွက် အများကြီး ပိုမို လွယ်ကူလေသည်။

ရှေးဟောင်းအပျက်အစီးနယ်မြေတွင် လူသားများ ချထားခဲ့သော ကင်းစောင့် အစီအရင်ကြီး ရှိပြီးသား ဖြစ်သည်။ ကျန်းပေရန်က ဤအစီအရင်၏ မျက်လုံးကို ရှာတွေ့ပြီး အနည်းငယ် ပြုပြင်ပြောင်းလဲလိုက်ရုံဖြင့် ၎င်းတို့ ယခင်က ကျင်းကျယ်အဆောင်တွင် လေ့လာတွေ့ရှိခဲ့သော အစီအရင်သစ်အဖြစ် ပြောင်းလဲနိုင်ပြီး အဆိပ်မြူများကို တားဆီးရာတွင် အံ့မခန်း အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သည်။

လက်ဖက်ရည်တစ်ခွက်စာ အချိန်အကြာတွင်...

'ဟင်း... ထင်မှတ်မထားတဲ့ ပြဿနာတစ်ခု ရှိနေတာပဲ'

ကျန်းပေရန်က အစီအရင်၏ မျက်လုံးကို ရှာဖွေရန်မှာ သိပ်မခက်ခဲလှဟု မူလက ထင်ထားခဲ့သော်လည်း သူ မေ့သွားသည့် အချက်တစ်ချက် ရှိသည်။ သူက အထူးမျက်မှန် ရှိသောကြောင့် ပတ်ဝန်းကျင်ကို အဟန့်အတားမရှိ အာရုံခံနိုင်သော်လည်း...

အိမ်မြှောင်ကမူ ထိုသို့ မရပေ။

အဆိပ်မြူများ၏ ဟန့်တားမှုအောက်တွင် အိမ်မြှောင်သည် အရပ်မျက်နှာကိုပင် မခွဲခြားနိုင်တော့ရာ နေရာအတိအကျ ရှာဖွေရန် ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်သည်။

ဖြည်းဖြည်းချင်း ရှာမည်ဆိုလျှင် တွေ့နိုင်ခြေ ရှိသော်လည်း ယခုချိန်တွင် သူ့အတွက် ဖြုန်းတီးရန် အချိန် ဤမျှလောက် မရှိပေ။ ထို့ကြောင့် ခဏမျှ စဉ်းစားပြီးနောက် ကျန်းပေရန်က ရှီဖုန်းလန်ကို ယွမ်မြို့တော်သို့ ပြန်လှည့်ရန် ဆုံးဖြတ်လိုက်လေသည်။

အပြန်လမ်းတွင် ရှဲ့လင်းတန်က ကျန်းပေရန် အနားသို့ ရုတ်တရက် ရောက်လာပြီး မေးလိုက်သည်။

'ဟိုယဲ့ဖန်က မင်း လုပ်ပေးထားတဲ့ ဝတ်ရုံကို မဝတ်ထားဘဲနဲ့တောင် အဆိပ်မြူတွေက သူ့ကို ဘာမှ လုပ်လို့ မရဘူးလား'

"အင်း"

ကျန်းပေရန်က ခေါင်းညိတ်လိုက်သည်။

"ဧကရာဇ် ဝိညာဉ်စွမ်းအင်ကြောင့်ပဲ"

"ဧကရာဇ် ဝိညာဉ်စွမ်းအင် က အဆိပ်မြူတွေကို ရင်ဆိုင်ရာမှာ အဲဒီလောက် အကျိုးသက်ရောက်မှု ကောင်းတာလား"

"လောလောဆယ် ကြည့်ရသလောက်တော့ ဒီလိုပဲ အကြောင်းရင်းက ဘာလဲဆိုတာကိုတော့ ငါလည်း မင်းလိုပဲ သေချာ မသိဘူး"

၀ူရှန်ဂိုဏ်းချုပ်က ကြားပြီးနောက် ကျန်းပေရန်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"မင်းလည်း အခု ဧကရာဇ် ဝိညာဉ်စွမ်းအင် ကို ပိုင်ဆိုင်နေပြီ မဟုတ်လား"

ကျန်းပေရန်က ကြားသောအခါ အနည်းငယ် ပြုံးရုံသာ ပြုံးလိုက်ပြီး ပြန်မဖြေခဲ့ပေ။

၀ူရှန်ဂိုဏ်းချုပ်က ၎င်းကို မြင်သောအခါ ဆက်မမေးတော့ဘဲ ကောင်းကင်မျက်လုံး အစီအရင် မှတစ်ဆင့် ယဲ့ဖန်၏ သိုင်းကွက်တိုင်းကို ဆက်လက် စောင့်ကြည့်နေလေသည်။

ပျံသန်းသော စံအိမ်က ယွမ်မြို့တော်သို့ ဆင်းသက်ပြီးနောက် ကျန်းပေရန်သည် ပျံသန်း စံအိမ်ထဲမှ ထွက်ကာ အစည်းအဝေး ခန်းမဆောင်သို့ တန်းတန်းမတ်မတ် သွားလိုက်လေသည်။

ကိစ္စအဝဝကို စီစဉ်နေသော ယန်ရှောင်ဘိုကို ရှာတွေ့သောအခါ ကျန်းပေရန်က စကားစလိုက်သည်။

"ဂိုဏ်းချုပ်ယန် ဂျူနီယာ ခင်ဗျားဆီက အကူအညီတစ်ခု လိုချင်လို့ပါ"

"ငါနဲ့များ အားနာနေသေးတယ် တိုက်ရိုက်သာ ပြောလိုက်"

"ယွမ်မြို့တော် တစ်ခုလုံးမှာရှိတဲ့ အဆင့်မြင့် အစီအရင်ပညာရှင် အားလုံးကို စုစည်းပေးဖို့ တောင်းဆိုချင်ပါတယ် ဂျူနီယာ သူတို့ကို မေးစရာ ကိစ္စလေးတွေ ရှိလို့"

"ရတယ်"

ယန်ရှောင်ဘိုက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"ငါ အခုပဲ မင်းအတွက် စီစဉ်ပေးမယ်"

ယန်ရှောင်ဘို၏ အလုပ်လုပ်ပုံမှာ အလွန် မြန်ဆန်လေသည်။ လက်ဖက်ရည်တစ်ခွက်စာ အချိန်အကြာတွင် ကျန်းပေရန်အား ပြောလိုက်သည်။

"ချွန်းနင်ဆောင်မှာ စီစဉ်ထားတယ် မင်းဘာသာ သွားတွေ့မလား ဒါမှမဟုတ် ငါကပဲ မင်းအတွက် စီစဉ်ပေးရမလား"

"မလိုပါဘူး ဂျူနီယာ ဘာသာပဲ သွားလိုက်ပါ့မယ်"

ကျန်းပေရန်က ပြောပြီး ယန်ရှောင်ဘိုကို လက်အုပ်ချီကာ အစည်းအဝေး ခန်းမဆောင်ထဲမှ လှည့်ထွက်သွားလေသည်။

ယခုအခါ ကျန်းပေရန်သည် ယွမ်မြို့တော်အတွင်း အခေါက်ရေ အတော်များများ လှည့်ပတ်သွားလာဖူးပြီ ဖြစ်ရာ အလွန် ရင်းနှီးကျွမ်းဝင်သည်ဟု မဆိုနိုင်သော်လည်း မည်သည့်နေရာက မည်သည့်နေရာ ဖြစ်ကြောင်း အကြမ်းဖျင်း သိနေပြီ ဖြစ်သည်။

ပျံသန်းသော စံအိမ်ကို စီး၍ ချွန်းနင်ဆောင်သို့ ရောက်သောအခါ ကျန်းပေရန်က အဝတ်အစားကို အနည်းငယ် သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် ဆင်းသွားလိုက်လေသည်။

ယခုအချိန်တွင် ချွန်းနင်ဆောင်၌ အစီအရင်ပညာရှင် အတော်များများ စုဝေးနေကြပြီ ဖြစ်သည်။

သာမန်အချိန်များတွင်မူ သူတို့သည် အလွန် မာနကြီးပြီး လူအများစုက ဘယ်လောက်ပင် ဖိတ်ခေါ်ဖိတ်ခေါ် ထွက်မလာတတ်ကြသူများ ဖြစ်သည်။

သို့သော် ယခုအခါ တစ်ယောက်ချင်းစီတိုင်းက ယွမ်မြို့တော်၏ ကျေးဇူးကို ခံစားထားရသည့်အပြင် သူတစ်ပါး အမိုးအောက်တွင် ခိုလှုံနေရသည့် အခြေအနေ ဖြစ်နေသောကြောင့် ဖိတ်စာပင် မလိုဘဲ အသိပေးလိုက်ရုံဖြင့် အလွယ်တကူ သဘောတူကာ အမြန်ဆုံး အပြေးရောက်လာကြခြင်း ဖြစ်သည်။

ရွှမ်ယွီ စံအိမ်ဘက်ရှိ အဆင့်ကိုး ဆေးပညာရှင်များနှင့် တွေ့ဆုံသည့် အခြေအနေနှင့် အတူတူပင် ဖြစ်သည်။ အစီအရင်ပညာရှင်များသည်လည်း သာမန်အချိန်များတွင် နဂါးတစ်ကောင်လို ခေါင်းသာမြင်ရပြီး အမြီးမမြင်ရသူများ ဖြစ်ရာ ယခုလို ရှားရှားပါးပါး စုဝေးမိကြသောအခါ အချင်းချင်း အမွှမ်းတင်ကြသည်မှာ သဘာဝပင် ဖြစ်သည်။

သို့သော် အမွှမ်းတင်ခြင်းအပြင် သူတို့ အဓိက ဆွေးနွေးကြသည်မှာ သူတို့ကို ရုတ်တရက် အဘယ်ကြောင့် ခေါ်ယူရသနည်း ဆိုသည့် အကြောင်းပင် ဖြစ်သည်။

"ငါတို့ကို ခေါ်တာက ယွမ်မြို့တော်ရဲ့ ကာကွယ်ရေး အစီအရင်ကြီးကို ထပ်ပြီး အားဖြည့်ဖို့များလား"

"မဖြစ်နိုင်ပါဘူး အခု ယွမ်မြို့တော် ပတ်ဝန်းကျင်က အဆိပ်မြူတွေလည်း ကွဲလွင့်သွားပြီပဲ လာနှောင့်ယှက်ဲရတဲ့ ဂူအဆိပ်ကျင့်ကြံသူတွေကို ရှင်းဖို့က အနက်ရောင် သူတော်စင် တွေလောက်နဲ့တင် လုံလောက်နေပြီ ဘာလို့ အပိုအလုပ်တွေ လုပ်နေဦးမှာလဲ"

"ဒါဆို တခြားတိုင်းပြည်တွေမှာ ခြေကုပ်စခန်းတွေ တည်ဆောက်ပြီး ပြန်လည် ထိုးစစ်ဆင်ဖို့များလား"

"ဒါတော့ ဖြစ်နိုင်တယ်..."

...

လူအများ ဆွေးနွေးနေစဉ်မှာပင် အဆင့်ရှစ် အဆင့်ကိုး အစီအရင်ပညာရှင်များ ပိုမို ရောက်ရှိလာကြရာ ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်ခြင်းများ ထပ်မံ ပြုလုပ်ရပြန်သည်။

"ဟားဟားဟား ဆရာကြီးဝူ လွန်ခဲ့တဲ့ သုံးနှစ်က မင်း ငါ့ကို တိုက်ရမယ့် အရက်ကြွေးကို ငါ မှတ်ထားသေးတယ်နော် ဒီနေ့တော့ မင်းကို မိပြီပေါ့"

"ဟားဟားဟား ဆရာကြီးမု ရှက်စရာကောင်းလိုက်တာ အဲဒီတုန်းက မင်းနဲ့ ခွဲပြီးကတည်းက ငါလည်း ဘိုင်နန်အစီအရင် ကို တံခါးပိတ် လေ့လာနေခဲ့တာ အခုထိ သဲလွန်စလေးတောင် မရသေးလို့ အပြင်ထွက်ပြီး အရက်သောက်ဖို့ စိတ်မပါသေးတာပါ မင်းကို ရယ်စရာ ဖြစ်သွားစေပြီ"

"ငါလည်း အဲဒီလိုပဲ ထင်ပါတယ် မင်းက ကိစ္စတစ်ခုရှိလာရင် အစားမေ့ အိပ်မေ့ ဖြစ်တတ်တဲ့သူဆိုတော့ ဒါက သိပ်မကောင်းဘူးနော် ဒီအခွင့်အရေးလေးကို ယူပြီး သေချာလေး အနားယူလိုက်ပါဦး သေချာတာပေါ့ ငါ့ကို တိုက်ရမယ့် အရက်ကြွေးလေးပါ ပြန်ဆပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့"

"ဟားဟားဟားဟား ကောင်းပါပြီ တိုက်ပါ့မယ် သေချာပေါက် တိုက်ပါ့မယ်..."

...

"အဟမ်း ဆရာကြီးတို့ အချင်းချင်း နှုတ်ဆက်နေတာကို အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ် ဒါပေမဲ့ ဒီနေ့ ဆရာကြီးတို့ကို ဖိတ်ခေါ်ရတာက အရေးကြီးတဲ့ ကိစ္စတစ်ခု ဆွေးနွေးစရာ ရှိလို့ပါ ဒါကြောင့် အားလုံးပဲ ဂျူနီယာ့ဘက်ကို အရင် ကြည့်ပေးကြပါ"

အဆင့်မြင့် အစီအရင်ပညာရှင် တစ်စု အချင်းချင်း နှုတ်ဆက်နေကြစဉ်မှာပင် ရှင်းလင်းပြတ်သားသော အသံတစ်ခုက စင်မြင့်ပေါ်မှ ရုတ်တရက် ထွက်ပေါ်လာပြီး ဤနေရာနှင့် အနည်းငယ် ကွဲလွဲနေလေသည်။

"ဒီလူငယ်လေးက... ဘယ်သူလဲ"

"မင်းတို့လည်း မသိဘူးလား"

"တကယ်ကို မမြင်ဖူးဘူး နေပါဦး ယွမ်မြို့တော်ထဲမှာ နာမည်ကြီးနေတဲ့ ဆရာကျန်း ဆိုတာများလား"

"အိုး"

ချက်ချင်းဆိုသလိုပင် အဆင့်မြင့် အစီအရင်ပညာရှင် အားလုံး သဘောပေါက်သွားကြပြီး ဤအဆိုကို အသီးသီး လက်ခံလိုက်ကြလေသည်။

ဘာပဲဖြစ်ဖြစ် ဒီလူငယ်လေး၏ စကားအရ သူတို့ကို ဤနေရာသို့ ခေါ်ယူခဲ့သူမှာ သူပင် ဖြစ်သည်။ ဒဏ္ဍာရီလာ ဆရာကျန်းမှလွဲ၍ မည်သည့် လူငယ်ကမျှ ဤမျှလောက် အဆင့်အတန်းမျိုး ရှိနိုင်မည် မဟုတ်ပေ။

"မိတ်ဆွေက ဆရာကျန်း ပါလား"

ထိုစဉ် အဆင့်ကိုး အစီအရင်ပညာရှင် တစ်ဦးက တိုက်ရိုက် မေးလိုက်သည်။

ကျန်းပေရန်က ခေါင်းညိတ်ပြီး လက်အုပ်ချီကာ ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ် ဂျူနီယာပါ"

ထို့နောက် ထိုအဆင့်ကိုး အစီအရင်ပညာရှင် ထပ်မံ စကားမပြောရသေးမီ အစီအရင်ပညာရှင် တစ်ဦးက ပြောလိုက်သည်။

"ငါ့ရဲ့ အစီအရင်ကို ပြုပြင်ပေးခဲ့တာ မင်းကိုး တော်လှချည်လား"

ကျန်းပေရန်က အသံထွက်လာရာဘက်သို့ ကြည့်လိုက်ရာ အရိုးပေါ် အရေတင် ပိန်ချုံးနေသော သက်ကြီးရွယ်အို တစ်ဦးက တုန်တုန်ယင်ယင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ အချိန်မရွေး လဲကျသွားနိုင်မည့် ပုံစံမျိုးပင် ဖြစ်သည်။

"ဒါဆို ဆရာကြီးဝေ့ ဖြစ်ရမယ် နာမည်ကြားနေရတာ ကြာပါပြီ"

ကျန်းပေရန် မကြာသေးမီက ပြုပြင်ခဲ့သော အစီအရင်ကြီးမှာ တစ်ခုတည်းသာ ရှိပြီး ၎င်းမှာ ယွမ်မြို့တော်ကို ကာကွယ်ပေးထားသော ကျောက်စိမ်းတောင်ခြေ အစီအရင် ပင် ဖြစ်သည်။ ဒါဆိုလျှင် ထိုအစီအရင်ပညာရှင်မှာ အစီအရင်ကြီးကို တည်ဆောက်ခဲ့သူ ဖြစ်သည်မှာ သေချာလှသည်။

ဆရာကြီးဝေ့ ပြန်မဖြေရသေးမီ နောက်ထပ် အဆင့်ကိုး အစီအရင်ပညာရှင် တစ်ဦးက ပြောလာပြန်သည်။

"ဆရာကျန်း အဲဒီနေ့က ပီလင်မြို့ ကို ရောက်ခဲ့သေးလား"

ကျန်းပေရန်က ကြားပြီးနောက် သစ်သားငါးရုပ် ကိုင်ထားသော ထိုအစီအရင်ပညာရှင်ကို တစ်ချက် အကဲခတ်လိုက်သည်။ သေချာပေါက် သူ မေးနေသည်မှာ ယခင်က သူတို့ ပီလင်မြို့သို့ စစ်ကူသွားပေးခဲ့သော နေ့ကို ဖြစ်ရမည်။ ထိုသို့ဆိုလျှင် သူ ဤသို့ မေးရသည့် ရည်ရွယ်ချက်က အလွန် ရှင်းလင်းသွားလေပြီ။

"ပီလင်မြို့ကို ကာကွယ်ပေးထားတဲ့ အစီအရင်က ဆရာကြီး ချထားတာလား"

"ဟုတ်တယ် ဒါဆို အဲဒီနေ့က ငါ့ရဲ့ တိုယွဲ့အစီအရင် ကို ဖျက်ဆီးခဲ့တာ ဆရာကျန်း ပေါ့"

"ကံကောင်းသွားလို့ပါ ကံ..."

"မဟုတ်ဘူး"

သစ်သားငါးရုပ် ကိုင်ထားသော အစီအရင်ပညာရှင်က ရုတ်တရက် အော်ပြောလိုက်သည်။

"ကံကောင်းရုံလေးနဲ့ ငါ့ရဲ့ အစီအရင်ကို ဖျက်ဆီးလို့ ရတယ်ဆိုရင် ငါ တောနက်ထဲ ပုန်းနေပြီး ဘယ်တော့မှ ထွက်မလာတာ ပိုကောင်းလိမ့်မယ် ဒါကြောင့် ဒီလို အပေါ်ယံ စကားတွေ မပြောပါနဲ့"

ပြောပြီးနောက် သူက အသက်ပြင်းပြင်း တစ်ချက်ရှူကာ လက်အုပ်ချီလိုက်သည်။

"ငါ့နာမည်က ယင် ဖြစ်ပြီး နာမည်ရင်းက ရှင်း အမည်ဝှက်က ဝေးဆန်း ပါ ဆရာကျန်းကို ဂါရဝပြုပါတယ်"

ကျန်းပေရန်က ထိုနေရာရှိ လူများအားလုံး သူ့ကို သိလောက်ပြီဟု ထင်သော်လည်း လူကြီးသူမက အရင် မိမိကိုယ်ကို မိတ်ဆက်လာမှတော့ သူလည်း သေချာပေါက် ပြန်လည် တုံ့ပြန်ရမည် ဖြစ်သည်။

"ဂျူနီယာက မျိုးရိုးနာမည် ကျန်း နာမည်က ပေရန် ရှန့်တိုင်းပြည်ကပါ စီနီယာကြီး အားလုံးကို ဂါရဝပြုပါတယ်"

ကျန်းပေရန်၏ ကိုယ်ရေးမိတ်ဆက်ကို ကြားပြီးနောက် ပတ်ဝန်းကျင်ရှိ အစီအရင်ပညာရှင် အားလုံးကလည်း ပြန်လည် ဂါရဝပြုကြသော်လည်း မိမိကိုယ်ကို မိတ်ဆက်ခြင်းတော့ မပြုကြပေ။ သို့မဟုတ်ပါက အလွန် ရှုပ်ထွေးသွားမည် ဖြစ်သည်။

ပြန်လည် ဂါရဝပြုပြီးနောက် အစီအရင်ပညာရှင် အားလုံး၏ မျက်နှာတွင် အံ့ဩနေသော အမူအရာများ ပေါ်လာကြသည်။

ယခင်က ကျန်းပေရန် ဆိုသည့် နာမည်ကို သူတို့ မကြားဖူးကြသော်လည်း ယင်ရှင်း နှင့် ဝေ့ချိုက် ဆိုသည့် နာမည်နှစ်ခုကမူ မိုးချိန်းသံကဲ့သို့ ကျော်ကြားလှပြီး နယ်မြေတစ်ခွင် တုန်လှုပ်စေသော အဆင့်ကိုး အစီအရင်ပညာရှင်များ ဖြစ်ကြသည်။ ဂိုဏ်းတစ်ဂိုဏ်းကိုပင် ကိုယ်တိုင် တည်ထောင်နိုင်သူများ ဖြစ်သည်။

သူတို့နှင့် ကျန်းပေရန်၏ အပြန်အလှန် စကားပြောဆိုမှုများကို နားထောင်ပြီးနောက် ကျန်းပေရန် ဆိုသည့် နာမည်ကိုသာ ကြားဖူးပြီး သူ ဘာတွေ လုပ်ခဲ့သလဲ ဆိုတာ အတိအကျ မသိကြသော အစီအရင်ပညာရှင်များမှာ ဦးနှောက်များ ထုံကျဉ်သွားသလို ခံစားလိုက်ရသည်။

'ပထမက ဆရာကြီးဝေ့ရဲ့ အစီအရင်ကို ပြုပြင်ပေးတယ် ပြီးတော့ ဆရာကြီးယင်ရဲ့ အစီအရင်ကြီးကို ဖျက်ဆီးလိုက်တယ်တဲ့လား'

'ဒီလူက ဘယ်လို သတ္တဝါဆန်းကြီးလဲ'

အစီအရင်ပညာရှင် ဖြစ်လာနိုင်သူတိုင်းမှာ အသက်ကြီးလာလေ ပို၍ ထက်မြက်လာလေ ဖြစ်ကြပြီး အထူးသဖြင့် အဆင့်မြင့် ဖြစ်လာသောအခါ အစီအရင်နှင့် ပတ်သက်၍ ကိုယ်ပိုင် ထူးခြားသော အတွေးအခေါ် တစ်ခုစီ ရှိလာကြသည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် တူညီသော အစီအရင် တစ်ခု ဖြစ်လျှင်တောင် တည်ဆောက်သူ၏ နည်းစနစ် ကွာခြားမှုကြောင့် ထွက်ပေါ်လာမည့် အကျိုးသက်ရောက်မှုကလည်း မတူညီနိုင်ပေ။

ထို့ကြောင့် အဆင့်မြင့် အစီအရင်ပညာရှင်များ တည်ဆောက်သော အစီအရင်များတွင် 'ပုံစံခွက်' သို့မဟုတ် စံသတ်မှတ်ချက် အဖြေ ဟူ၍ လုံးဝ မရှိဘဲ ကိုယ်ပိုင် ဦးနှောက်သုံး၍သာ ဖြေရှင်းရလေသည်။

သို့သော် ဤသည်မှာ အဆင့်ကိုး အစီအရင်ပညာရှင်များ ပေးသော အခက်ခဲဆုံး ပုစ္ဆာနှင့် တူညီပြီး အဆင့်ကိုး အစီအရင်ပညာရှင် အချင်းချင်းပင်လျှင် ဖြေရှင်းရန် အလွန် ခက်ခဲလှသည်။ သို့သော် ယခု သူတို့ရှေ့မှ လူငယ်လေးကမူ လုပ်ဆောင်နိုင်ခဲ့လေသည်။ ယင်းက သူ၏ အစီအရင် အဆင့်အတန်းသည် အဆင့်ကိုးသို့ ရောက်ရှိနေရုံသာမက အလွန် အစွမ်းထက်သော အဆင့်ကိုး ဖြစ်နေကြောင်း သက်သေပြနေသည် မဟုတ်ပါလော။

မည်သို့ပင်ဆိုစေ ဆရာကြီးဝေ့မှာ နာမည်ရနေသည်မှာ ကြာပြီဖြစ်ပြီး အဆင့်ကိုး အစီအရင်ပညာရှင်များကြားတွင် အလွန် ဩဇာတိက္ကမ ကြီးမားသူ ဖြစ်သည်။ ကျန်းပေရန်က သူ၏ အစီအရင်ကိုပင် ပြုပြင်နိုင်သည်ဆိုလျှင် ကျန်းပေရန်၏ အစီအရင် အဆင့်အတန်းမှာ ဆရာကြီးဝေ့ထက် မနိမ့်ကျသည့်အပြင် သူ၏ အထက်တွင် ရှိနေနိုင်ခြေ အလွန်များပြားလှသည်။

'ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'

အကယ်၍ ဤစကားကို ဆရာကြီးဝေ့ ကိုယ်တိုင် ပြောလာခြင်းသာ မဟုတ်လျှင် သူတို့ သေချာပေါက် သံသယဝင်ကြမည် ဖြစ်ပြီး တိုက်ရိုက်ပင် ရယ်မောကြမည် ဖြစ်သည်။ ဤလူငယ်လေး ကောင်းကင် မည်မျှမြင့်၍ မြေကြီး မည်မျှထူသည်ကို မသိဟု ရယ်ကြမည် ဖြစ်သည်။

သို့သော် မိမိ၏ အစီအရင်ကို အခြားသူတစ်ဦးက ပြုပြင်ပေးလိုက်ရသည် ဆိုခြင်းမှာ အစီအရင်ပညာရှင်များကြားတွင် ဂုဏ်ယူစရာ ကိစ္စတော့ မဟုတ်ပေ။ ထို့ကြောင့် ဆရာကြီးဝေ့က ကိုယ်တိုင် ထုတ်ပြောလာပြီ ဆိုမှတော့ ၎င်းမှာ အမှန်တရား ဖြစ်မည်မှာ သေချာလှသည်။

ထို့အပြင် ဘေးတွင် ဆရာကြီးယင်ကလည်း သူ၏ရှေ့မှ လူငယ်လေးက သူ၏ အစီအရင်ကြီးကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြောနေသေးသည်။ ကိုယ့်အစီအရင် ဖျက်ဆီးခံရခြင်းက ပြုပြင်ခံရခြင်းထက် ပို၍ ရှက်စရာကောင်းသည်ကို သိထားရမည်။ ထို့ကြောင့် မည်မျှပင် ယုံကြည်နိုင်စရာ မရှိစေကာမူ စင်မြင့်ပေါ်မှ လူငယ်လေး၏ အစီအရင် အဆင့်အတန်းမှာ အလွန် မြင့်မားနေသည် ဆိုသောအချက်မှာ သံသယဝင်စရာ မလိုတော့ပေ။

အစီအရင်ပညာရှင်များ တီးတိုး ဆွေးနွေးနေကြစဉ် ယင်ရှင်းက ဆက်ပြောလိုက်သည်။

"ဆရာကျန်း ငါ့ကို ရိုင်းစိုင်းခွင့် ပြုပါ ဒီတိုယွဲ့အစီအရင်က ငါ့ရဲ့ တစ်သက်တာ ကြိုးပမ်းအားထုတ်မှုပါ ဒါပေမဲ့ ပထမဆုံးအကြိမ် အသုံးပြုတာမှာတင် မင်း ဖျက်ဆီးတာ ခံလိုက်ရမယ်လို့ မထင်ထားခဲ့ဘူး ဆရာကျန်း ဘယ်လိုလုပ်ခဲ့တယ် ဆိုတာ မသိပေမဲ့ ကျေးဇူးပြုပြီး သင်ကြားပြသပေးပါ"

ယင်ရှင်း၏ ထိုစကားမှာ အလွန် ယဉ်ကျေးပျူငှာစွာ ပြောဆိုထားသော်လည်း ဒီနေရာရှိ လူတိုင်းက သူ၏ လေသံတွင် မကျေနပ်မှုများ အပြည့် ပါဝင်နေကြောင်းကို ကြားနိုင်ကြလေသည်။

ယင်ရှင်း၏ အမေးကို ကြားပြီးနောက် ကျန်းပေရန်က ပြုံး၍ ပြန်ဖြေလိုက်သည်။

"ဒါက ပြဿနာမရှိပါဘူး ဒါပေမဲ့ ဒီနေ့ ဂျူနီယာ လုပ်စရာ အရေးကြီးကိစ္စလေးတွေ ရှိသေးလို့ စီနီယာယင် ရက်အနည်းငယ်လောက် စောင့်ပေးပါဦး"

ယင်ရှင်းကလည်း အတင်းအကျပ် မတောင်းဆိုတော့ပေ။ ဘာပဲဖြစ်ဖြစ် ကျန်းပေရန်သည် ယခုအချိန်တွင် အလွန် နာမည်ကြီးနေပြီး ယွမ်မြို့တော်၏ အဓိက ပုဂ္ဂိုလ်တစ်ဦးဟုပင် ဆိုနိုင်ရာ သူ ဤသို့ ပြောခြင်းမှာ မိမိကို ပြီးစလွယ် လုပ်ခြင်း မဟုတ်ဘဲ တကယ်ပင် အလုပ်များနေခြင်း ဖြစ်မည်ဟု သူ သိထားလေသည်။

"ကောင်းပြီ ဒါဆို ငါက စားသောက်ပွဲလေး ပြင်ဆင်ပြီး ဆရာကျန်းကို စောင့်နေမယ်"

"ကောင်းပါပြီ"

ယင်ရှင်းကို လက်အုပ်ချီလိုက်ပြီးနောက် ကျန်းပေရန်က အစီအရင်ပညာရှင် အားလုံးကို ထပ်မံ ကြည့်ကာ ပြောလိုက်သည်။

"ဒီနေ့ ဆရာကြီးတို့ကို ဖိတ်ခေါ်ရတာက အလွန် အရေးကြီးတဲ့ ကိစ္စတစ်ခုအတွက်ပါ ထုန်တိုင်းပြည် က အဆိပ်မြူတွေကို ရှင်းလင်းပြီးတဲ့နောက် ပြည်နယ်အသီးသီး ခရိုင်အသီးသီးမှာ ဂူအဆိပ်တွင်း အတော်များများကို တွေ့ရှိခဲ့ရတယ် ပြီးတော့ ဒီဂူအဆိပ်တွင်းတွေက အလွန်ကြီးမားတဲ့ အစီအရင်ကြီး တစ်ခုကို ဖွဲ့စည်းထားတယ် ဒီအစီအရင်က အလွန် နက်နဲဆန်းကြယ်လွန်းလို့ ဂျူနီယာလည်း ဖော်ထုတ်နိုင်ခြင်း မရှိဘူး ဒါကြောင့်မို့လို့ ဆရာကြီးတို့ကို အတူတကွ သွားရောက် လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်"

ကျန်းပေရန်ပင် ဖော်ထုတ်၍ မရသော အစီအရင် ရှိသည်ဟု ကြားလိုက်ရသောအခါ ခန်းမထဲရှိ အစီအရင်ပညာရှင် အားလုံး ရုတ်တရက် စိတ်လှုပ်ရှား တက်ကြွလာကြလေသည်။

သူတို့သည် စောစောက အဆင့်ကိုး အစီအရင်ပညာရှင် နှစ်ဦးမှတစ်ဆင့် ကျန်းပေရန်၏ အစီအရင် အဆင့်အတန်း မည်မျှ မြင့်မားကြောင်းကို နားလည်ထားပြီး ဖြစ်ရာ သူပင် ဖော်ထုတ်၍ မရသော အစီအရင် ဆိုသည်မှာ သေချာပေါက် ထိပ်တန်း အစီအရင်ကြီး တစ်ခု ဖြစ်ရမည်။

အစီအရင်များနှင့် တစ်သက်လုံး အတူနေထိုင်လာခဲ့သော ထိုသူများအတွက် ထိပ်တန်း အစီအရင်ကြီး တစ်ခုထက် သူတို့ကို ပို၍ စိတ်လှုပ်ရှားစေနိုင်သော အရာ မရှိတော့ပေ။

ယင်ရှင်းမှာ ပို၍ပင် စိတ်လှုပ်ရှားစွာဖြင့် လက်ထဲရှိ သစ်သားငါးရုပ်ကို နှစ်ချက်ခေါက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဒါဆို အချိန်မဆွဲဘဲ အခုပဲ ထွက်ကြရအောင်"

ထို့နောက် အခြား အစီအရင်ပညာရှင်များကလည်း အသီးသီး ထောက်ခံကြပြီး သူတို့ အလကား အလုပ်လုပ်ပေးရမည်ကို လုံးဝ သတိမထားမိကြချေ။

ကျန်းပေရန်လည်း သူတို့၏ ဤသို့သော တက်ကြွမှုကို အလွန် သဘောကျသဖြင့် ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီ ဒီလိုဆိုမှတော့ ဂျူနီယာလည်း အများကြီး မပြောတော့ဘူး ဆရာကြီးတို့ စံအိမ်ပေါ် တက်ကြပါ ဂျူနီယာ အခုပဲ ခေါ်သွားပါ့မယ်"

အစီအရင်ပညာရှင် အားလုံးကို ပျံသန်းသော စံအိမ်ပေါ်သို့ ခေါ်ဆောင်သွားပြီးနောက် ကျန်းပေရန်က ရှီဖုန်းလန်ကို လန်ဝူချောက်ကမ်းပါး ဘက်သို့ ပျံသန်းရန် ခိုင်းလိုက်လေသည်။

လမ်းတွင် အဆင့်မြင့် အစီအရင်ပညာရှင် အားလုံး၏ မျက်နှာပေါ်တွင် မျှော်လင့်တကြီး ဖြစ်နေသော အမူအရာများ ပေါ်လွင်နေပြီး ရံဖန်ရံခါ အချင်းချင်း စကားစမြည် ပြောကြကာ မကြာသေးမီက သူတို့၏ အသီးသီး ရရှိထားသော အကျိုးအမြတ်များ အကြောင်းကို ဆွေးနွေးကြလေသည်။

ကျန်းပေရန်လည်း ဤအချိန်တွင် သူတို့နှင့် အလွန် သဘာဝကျကျ ရောနှောနေပြီး ရံဖန်ရံခါ အချင်းချင်း အမွှမ်းတင်ကာ လေးစားပါတယ် လေးစားပါတယ်ဟု ပြောဆိုနေလေသည်။

အတော်လေး ရင်းနှီးကျွမ်းဝင်သွားပြီးနောက် ကျန်းပေရန်က စကားစလိုက်သည်။

"ဂျူနီယာ အရင်က ရှေးဟောင်းအပျက်အစီးနယ်မြေ ကို ဖြတ်သွားတုန်းက အဲဒီဘက်မှာ ချထားတဲ့ အလွန်ကြီးမားတဲ့ အစီအရင်ကြီး တစ်ခုကလည်း အရမ်းကို အစွမ်းထက်တာ တွေ့ခဲ့ရတယ် ဘယ်သူ့ လက်ရာများလဲ မသိဘူးနော်"

အဆင့်မြင့် အစီအရင်ပညာရှင် အားလုံး ကြားသောအခါ မည်သည့် ပြဿနာမှ ရှိသည်ဟု မထင်ကြပေ။ ဘာပဲဖြစ်ဖြစ် အစီအရင်ပညာရှင်များ အချင်းချင်း စကားပြောကြရာတွင် တစ်ဖက်လူ၏ အစီအရင်က တကယ် တော်ကြောင်း အပြန်အလှန် ချီးမွမ်းကြသည်မှာ သဘာဝပင် ဖြစ်သည်။

ထိုစဉ် ကျန်းပေရန်နှင့် အနီးဆုံးတွင် ရှိသော အဆင့်ရှစ် အစီအရင်ပညာရှင် တစ်ဦးက ပြောလာသည်။

"ပုံမှန်ဆိုရင်တော့ ဆရာကျန်း သူ့ကို တွေ့ချင်မှ တွေ့ရမှာ ဒါပေမဲ့ အခုတော့ ဒီပုဂ္ဂိုလ်က မျက်စိရှေ့မှာပဲ ရှိနေတယ် ဆရာကြီးလင်း ဆရာကျန်းက ခင်ဗျားရဲ့ လက်ရာအကြောင်း မေးနေတယ်ဗျ"

All Chapters