အခန်း (၁၅၄၁-၁၅၄၂)
Vol. 118 Ch. 1541-1542
အခန်း ၁၅၄၁ - မိုးသည်းထန်နေသော မြင်ကွင်းရှိ ပုံရိပ်
ယန်ကျန့်သည် အိမ်ထဲတွင် ငြိမ်သက်စွာ ရပ်နေပြီး ဝမ်ရှန်းများ တစ်ယောက်ပြီး တစ်ယောက် သွားရောက် သေဆုံး... အဲလေ တာဝန်ထမ်းဆောင်နေသည်ကို စောင့်ကြည့်နေသည်။
သို့သော် ဝမ်ရှန်းများ အကြိမ်ကြိမ် သေဆုံးသွားပြီး ဤအိမ်တစ်အိမ်လုံးကို ရှာဖွေပြီးသည်အထိ မည်သည့် ရလဒ်မျှ မရရှိခဲ့ပေ။
"ဆုတောင်းပြည့်တစ္ဆေရဲ့ စွမ်းအားကို သုံးကြည့်ရင် အစစ်အမှန် ထီးရဲ့ နေရာကို ညွှန်ပြနိုင်လောက်တယ်"
ယန်ကျန့်သည် စောင့်ဆိုင်းနေစဉ်မှာပင် အခြားသော နည်းလမ်းများကိုပါ အသုံးပြုကာ ရှာဖွေရန် ကြိုးစားနေသည်။
သူသည် အနီရောင်လှံရှည်ကို ဆုပ်ကိုင်ထားပြီး မိမိ၏ ဆန္ဒကို တိုးတိုးလေး ဆုတောင်းလိုက်သည်။ လက်ထဲရှိ လှံရှည်က သူ့ကို လမ်းညွှန်ပြသပေးနိုင်ရန် သူ မျှော်လင့်မိသည်။
သို့သော် ယန်ကျန့် ဤဆုတောင်းကို တောင်းလိုက်သောအခါ အနီရောင်လှံရှည်မှာ တုန်ခါသွားပြီး သွေးနီရဲရဲများ အဆက်မပြတ် စီးကျလာသော်လည်း မည်သည့် လှုပ်ရှားမှုမျှ မရှိပေ။
"ဆုတောင်းက ခက်ခဲလွန်းလို့ အကောင်အထည် မဖော်နိုင်တာလား ဒါမှမဟုတ် ဆုတောင်းပြည့်တစ္ဆေရဲ့ စွမ်းအားကတောင် ဒီလောက်များတဲ့ ထီးတွေထဲက မှန်ကန်တဲ့ တစ်လက်ကို မရှာနိုင်တာလား ဒါမှမဟုတ် အပြင်ဘက်က မရပ်မနား ရွာနေတဲ့ မိုးရေတွေက ဆုတောင်းပြည့်တစ္ဆေရဲ့ စွမ်းအားကို နှောင့်ယှက်နေတာလား"
ယန်ကျန့်၏ စိတ်ထဲတွင် သံသယအချို့ ဖြစ်ပေါ်လာသည်။
သို့သော် သူ စိတ်မလောဘဲ လက်ထဲရှိ လှံရှည်၏ လှုပ်ရှားမှုကိုသာ စောင့်ကြည့်နေလိုက်သည်။
အနီရောင်လှံရှည်မှ သွေးများ အဆက်မပြတ် စီးကျနေသော်လည်း ထူးဆန်းသည်မှာ ဤတစ်ကြိမ်တွင် စီးကျလာသော သွေးများက ယန်ကျန့်၏ ခန္ဓာကိုယ်ကို တိုက်စားခြင်း မရှိပေ။
ဒါက တစ္ဆေဘတ်စ်ကားကို ထိန်းချုပ်ထားနိုင်လို့လား မသိဘူး။
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ကိုယ်ပိုင် သဘာဝလွန် စွမ်းအားက အရမ်း ကြီးမားနေရင် တခြား တစ္ဆေတွေရဲ့ တိုက်စားမှုကို ရှောင်ရှားနိုင်ပါတယ်။
ခဏအကြာတွင် ယန်ကျန့်သည် ဆုတောင်း ပျက်ပြယ်သွားပြီဟု ထင်လိုက်စဉ် ရုတ်တရက် အနီရောင်လှံရှည် လှုပ်ရှားလာပြီး တစ်စုံတစ်ခု၏ ထိန်းချုပ်မှု ခံရသကဲ့သို့ တံခါးဝဆီသို့ တန်းတန်းမတ်မတ် ပျံသန်းထွက်သွားတော့သည်။
"အလုပ်ဖြစ်တယ်လား"
ယန်ကျန့် ဤအရာကို မြင်သောအခါ အနည်းငယ် ဝမ်းသာသွားသည်။
သို့သော် မကြာမီ သူ၏ ဝမ်းသာမှုများ ပျောက်ကွယ်သွားသည်။
ပျံသန်းသွားသော လှံရှည်မှာ အပြင်ဘက်ရှိ မိုးသက်မုန်တိုင်း၏ ရိုက်ခတ်မှုကြောင့် မကြာမီပင် ပြုတ်ကျသွားပြီး မြေကြီးပေါ်တွင် စိုက်ဝင်ကာ မလှုပ်မယှက် ဖြစ်သွားသည်။
မိုးသက်မုန်တိုင်းက လှံပေါ်ရှိ သွေးများကို ပြောင်စင်အောင် ဆေးကြောပစ်လိုက်ပြီး ယန်ကျန့်၏ ဆုတောင်းမှာ ပျက်ပြယ်သွားတော့သည်။
"ဆုတောင်း ကျရှုံးသွားတယ် တကယ်ပဲ အပြင်က မိုးသက်မုန်တိုင်းကြောင့်ပဲ ဒါပေမဲ့ လုံးဝ အသုံးမဝင်တာတော့ မဟုတ်ပါဘူး အနည်းဆုံးတော့ အစစ်အမှန် ထီးက ဒီအိမ်ထဲမှာ မရှိဘူး ဆိုတာကို အတည်ပြုနိုင်တယ်"
ယန်ကျန့် စိတ်ထဲမှ တွေးလိုက်သည်။
ထို့နောက် သူသည် စတုတ္ထအလွှာမှ ယူလာသော ထီးကို ယူကာ အိမ်ထဲမှ အမြန် ထွက်သွားလိုက်သည်။
မိုးရေများ ရွာကျလာသည်။
လက်ထဲရှိ အနက်ရောင် ထီးမှာ အန္တရာယ် ရှိနေပြီး အချိန်မရွေး မိုးသက်မုန်တိုင်း၏ ဖျက်ဆီးခြင်း ခံရတော့မည့်ပုံ ပေါက်နေသည်။
ယန်ကျန့် တွန့်ဆုတ်မနေရဲဘဲ မိုးရေထဲကို တိုးဝင်သွားကာ မြေကြီးပေါ်ရှိ လှံရှည်ကို ပြန်ယူလိုက်သည်။ ထို့နောက် လှံရှည် ပျံသန်းသွားသော လမ်းကြောင်းအတိုင်း မလှမ်းမကမ်းရှိ အခြား အိမ်တစ်လုံးဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်သည်။
သူ ပြေးသည့် အရှိန်မှာ အလွန် မြန်သော်လည်း...
မိုးသက်မုန်တိုင်းက သူ၏ အမြင်အာရုံကို ထိခိုက်စေပြီး သူ၏ တစ္ဆေနယ်မြေကိုလည်း နှောင့်ယှက်နေသဖြင့် လှုပ်ရှားရ အလွန် ခက်ခဲနေသည်။
ထို့အပြင် လက်ထဲရှိ ထီးမှာလည်း ဆက်လက် မတောင့်ခံနိုင်တော့ဘဲ မိုးကာနိုင်စွမ်း လုံးဝ ပျောက်ဆုံးသွားကာ စုတ်ပြတ်သတ်သွားတော့သည်။
ထီးကို မိုးသက်မုန်တိုင်းက ဖျက်ဆီးပစ်လိုက်ပြီး မိုးကာမရှိတော့သဖြင့် မိုးရေများ ယန်ကျန့် ကိုယ်ပေါ်သို့ တိုက်ရိုက် ရွာကျလာတော့သည်။
ယန်ကျန့်က မိုးစိုခံရခြင်းကို တမင် ရှောင်ရှားချင်သော်လည်း အခြား အိမ်များသို့ သွားရန်မှာ ဤမိုးရွာနေသော ဧရိယာကို မဖြစ်မနေ ဖြတ်သန်းရမည် ဖြစ်ပြီး လက်ထဲရှိ ထီးမှာ အသုံးမဝင်တော့သဖြင့် မိုးမစိုအောင် နေရန် လုံးဝ မဖြစ်နိုင်ပေ။
မိုးရေသည် သဘာဝလွန် တိုက်ခိုက်မှု တစ်ခုဟု သူ ထင်ခဲ့သော်လည်း မိုးစိုသွားသော ယန်ကျန့်သည် သူ၏ ခန္ဓာကိုယ် တိုက်စားခံရသည့် လက္ခဏာ လုံးဝ မတွေ့ရပေ။ သူ၏ ပတ်ဝန်းကျင်တွင် အေးစက်သော အငွေ့အသက် တစ်ခု ဝဲပျံနေပြီး ဖယ်ရှား၍ မရဘဲ ကျိန်စာတစ်ခု မိထားသကဲ့သို့ ခံစားရရုံသာ ရှိသည်။
ယန်ကျန့် ဂရုမစိုက်ဘဲ အမြန်ဆုံး အရှိန်ဖြင့် အခြား အိမ်တစ်လုံး၏ တံခါးရှေ့သို့ ရောက်သွားကာ တွန့်ဆုတ်မနေဘဲ တံခါးကို ဝင်တိုက်ပြီး အထဲသို့ ဝင်ရောက်သွားသည်။
အိမ်ထဲ ဝင်သွားပြီးနောက် ယန်ကျန့် မိုးမစိုတော့ပေ။
သို့သော် သူ၏ စိတ်ထဲတွင် ဝါးတားတား စိုးရိမ်မှု တစ်ခု ခံစားနေရသည်။ ဤနေရာတွင် မိုးစိုခြင်းက အလွန် ကံဆိုးစေသော ကိစ္စတစ်ခု ဖြစ်ပုံရသည်။
ယန်ကျန့် ဆက်မတွေးတော့ဘဲ ဝမ်ရှန်းကို ဆက်လက် အသက်သွင်းကာ သူ့အတွက် မှန်ကန်သော ထီးကို ရှာဖွေပေးရန် ခိုင်းစေလိုက်သည်။
ပြန်ရှင်လာသော ဝမ်ရှန်းတိုင်း ညည်းညူတတ်သော်လည်း အလုပ်လုပ်ရာတွင်မူ လုံးဝ အချိန်မဆွဲဘဲ အလွန် တာဝန်ကျေကြသည်။ ၎င်းမှာ ယန်ကျန့်က မှတ်ဉာဏ်များကို ပြင်ဆင်ထားခြင်းကြောင့် ပါဝင်သော်လည်း ဝမ်ရှန်း ကိုယ်တိုင်၏ စရိုက်လက္ခဏာ အချို့ကြောင့်လည်း ဖြစ်သည်။
သို့သော် ဝမ်ရှန်း ကြိုးစားပမ်းစား အလုပ်လုပ်နေစဉ် ယန်ကျန့် ရုတ်တရက် ထူးခြားမှု တစ်ခုကို သတိထားမိလိုက်ပြီး အနောက်ဘက်ရှိ တံခါးအပြင်ဘက်သို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။
တံခါးအပြင်ဘက် မှိုင်းညို့နေသော ကောင်းကင်အောက်တွင် မိုးသက်မုန်တိုင်းက အဆက်မပြတ် ရွာသွန်းနေပြီး ရပ်တန့်မည့် အရိပ်အယောင် လုံးဝ မရှိပေ။ သို့သော် ဘယ်အချိန်ကတည်းက မှန်းမသိ ထိုမိုးသက်မုန်တိုင်းထဲတွင် အနက်ရောင် ပုံရိပ်အချို့ ပိုလာသည်။ ထိုပုံရိပ်တိုင်းသည် အနက်ရောင် ထီးတစ်လက်စီ ဆောင်းထားပြီး ဤနေရာသို့ ဖြည်းညှင်းစွာ လျှောက်လာနေကြသည်။ ထို့အပြင် ထိုပုံရိပ်များ လက်ထဲရှိ အနက်ရောင် ထီးများကို မိုးသက်မုန်တိုင်းက မဖျက်ဆီးနိုင်ဘဲ ယန်ကျန့် ဘေးတွင် ထီးရိုးသာ ကျန်တော့သည်အထိ ပျက်စီးနေသော ထီးများနှင့် လုံးဝ မတူညီပေ။
"ဒါက ပဉ္စမအလွှာက ထီးဆောင်းထားတဲ့ တစ္ဆေတွေလား အရင်က မပေါ်လာဘဲ စောစောကမှ ရုတ်တရက် ပေါ်လာတာ ပြီးတော့ ငါ့ဆီကို လာနေတာပဲ"
ယန်ကျန့် မျက်လုံး ကျဉ်းသွားပြီး မိုးရေများ စိုရွှဲနေသော သူ့ကိုယ်သူ တစ်ချက် ကြည့်လိုက်ရာ သူ အကြမ်းဖျင်း နားလည်သွားသည်။
ဒီပဉ္စမအလွှာမှာ မိုးမစိုစေရဘူး။ တစ်ခါ စိုသွားတာနဲ့ ပဉ္စမအလွှာက တစ္ဆေတွေက လိုက်ရှာတော့မှာပဲ။
တကယ်လို့ အချိန်အကြာကြီး မိုးစိုခံလိုက်ရင် လိုက်ရှာမယ့် တစ္ဆေတွေ ပိုပိုပြီး များလာလိမ့်မယ်။
ဒါက ပဉ္စမအလွှာရဲ့ အန္တရာယ်ပဲ။
သို့သော် ယန်ကျန့်က ဒါတွေကို မစဉ်းစားဘဲ ထိုတစ္ဆေများ လက်ထဲရှိ ထီးများကိုသာ ကြည့်နေပြီး သူ၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
အစစ်အမှန် ထီးက ဒီအိမ်တွေထဲမှာ မရှိဘဲ တစ္ဆေတစ်ကောင်ကောင်ရဲ့ လက်ထဲမှာ ရှိနေတာများလား။
ဘာလို့လဲဆိုတော့ အပြင်က တစ္ဆေတွေ လက်ထဲက ထီးတွေက ဖွင့်ထားတဲ့ အနေအထား ဖြစ်နေလို့ပဲ။
ပြီးတော့ စောစောက အနီရောင်လှံရှည်က ရုတ်တရက် အပြင်ဘက်ကို ပျံသွားတာက အိမ်တစ်လုံးလုံးကို ညွှန်ပြတာ မဟုတ်ဘဲ တစ္ဆေတစ်ကောင်ကောင်ကို ညွှန်ပြတာ ဖြစ်နိုင်တယ်။
အကယ်၍ အစစ်အမှန် ထီးကို တစ္ဆေတစ်ကောင်က ကိုင်ဆောင်ထားပြီး ထိုတစ္ဆေက မိုးသည်းထန်စွာ ရွာသွန်းနေမှုထဲတွင် အဆက်မပြတ် လှည့်လည်သွားလာနေပါက လူရှင်များအနေဖြင့် ထိုထီးကို ရှာတွေ့ရန် လုံးဝ မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် မည်သည့် တစ္ဆေဆရာမျှ မိုးသက်မုန်တိုင်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေအမြောက်အမြား၏ တိုက်ခိုက်မှုကို ခုခံရင်း အနက်ရောင် ထီးကို အောင်မြင်စွာ လုယူနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
ယခင် ယန်ကျန့်သာ ပဉ္စမအလွှာထဲ ဝင်လာပါက သေချာပေါက် သေဆုံးမည် ဖြစ်ပြီး အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မည် မဟုတ်ပေ။
သို့သော် ယခု ယန်ကျန့်ကတော့ စမ်းသပ်ကြည့်နိုင်သည်ဟု ထင်သည်။
လုပ်ငန်းစဉ်က အလွန် အန္တရာယ်များသော်လည်း အချိန်အများကြီး သက်သာစေနိုင်သည်။
သို့သော် ထိုအရာမှာ ခန့်မှန်းချက် တစ်ခုသာ ဖြစ်သည်။
"အတည်ပြုကြည့်ရုံပဲပေါ့"
ယန်ကျန့်သည် တစ္ဆေများ အနားမကပ်လာမီ သူ၏ လက်ထဲရှိ အနီရောင်လှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး နောက်တစ်ကြိမ် ဆုတောင်းလိုက်သည်။
"အစစ်အမှန် အနက်ရောင် ထီးကို ရှာတွေ့ဖို့ ငါ့ကို လမ်းညွှန်ပြသပေးပါ"
ယခင်ကကဲ့သို့ပင် အနီရောင်လှံရှည်ပေါ်မှ သွေးများ အဆက်မပြတ် စီးကျလာပြီးနောက် အနီရောင်လှံရှည်သည် အဆက်မပြတ် တုန်ခါလာကာ နောက်ဆုံးတွင် ယခင်ကကဲ့သို့ပင် အိမ်အပြင်ဘက်သို့ ရုတ်တရက် ပျံသန်းထွက်သွားတော့သည်။
သို့သော် အဝေးကြီး မပျံသန်းနိုင်ဘဲ မိုးသက်မုန်တိုင်း၏ ရိုက်ခတ်မှုကြောင့် လှံရှည်မှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး ဆုတောင်းမှာ ထပ်မံ ပျက်ပြယ်သွားပြန်သည်။
"ငါ ထင်တဲ့အတိုင်းပဲ အဲဒီထီးက အိမ်ထဲမှာ မရှိဘူး"
ယန်ကျန့် ထိုအရာကို မြင်သောအခါ သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း ပိုမို သေချာသွားသည်။
"ဘာလို့လဲ အချိန်တွေ အများကြီး အကုန်ခံပြီးတော့ ငါ အလကား သေသွားတာလား"
ဘေးနားရှိ ဝမ်ရှန်းက ထိုအခြေအနေကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး ယန်ကျန့်ကို ကြည့်ကာ မေးလိုက်သည်။
ယန်ကျန့်က ပြန်ပြောလိုက်သည်။
"အလကား သေတာ မဟုတ်ပါဘူး မင်း ရှိနေလို့ ငါ ရွေးချယ်စရာ တစ်ခု လျော့သွားပြီး အမှန်တရားနဲ့ ပိုနီးစပ်သွားတာလေ တကယ်လို့ မင်းသာ မရှိဘူးဆိုရင် ငါ ဒီနေရာမှာ ဘယ်အချိန်ထိ ရှာနေရမလဲ ဆိုတာ မသိနိုင်ဘူး ပြီးတော့ မသိနိုင်တဲ့ သဘာဝလွန် အရာတွေကို ရင်ဆိုင်ရတဲ့ အခါမှာ ဖြည်းဖြည်းချင်း စူးစမ်းလေ့လာဖို့ လိုအပ်တယ် ဘယ်သူမှ အစကတည်းက အမှန်တရားကို မသိနိုင်ပါဘူး"
"နောက်ပိုင်း မင်းရဲ့ အကူအညီ လိုသေးတယ် ဘာလို့လဲဆိုတော့ ငါ အနက်ရောင် ထီးကို လုယူနိုင်ခဲ့ရင်တောင် ငါ့အစား အတည်ပြုပေးဖို့ လူတစ်ယောက် လိုအပ်တယ် ဒါကြောင့် မင်း ဒီအိမ်ထဲမှာပဲ နေပြီး လျှောက်မသွားနဲ့ ငါ သွားလုပ်လိုက်မယ်"
ပြောပြီးသည်နှင့် သူသည် အပြင်ဘက်မှ မိုးသက်မုန်တိုင်းကို ဂရုမစိုက်ဘဲ မိုးသည်းထန်စွာ ရွာသွန်းနေသည့် အပြင်ဘက်သို့ တိုက်ရိုက် ထွက်သွားလိုက်သည်။
ယန်ကျန့် ထီးမဆောင်းတော့ပေ။ အဘယ်ကြောင့်ဆိုသော် မလိုအပ်တော့သောကြောင့် ဖြစ်သည်။ သူ ယခု တမင်သက်သက် မိုးစိုခံပြီး အစစ်အမှန် ထီးကို ကိုင်ဆောင်ထားသော ထိုတစ္ဆေကို မျှားထုတ်ချင်နေခြင်း ဖြစ်သည်။
ဆုတောင်းပြည့်တစ္ဆေ၏ စွမ်းအားက အကြမ်းဖျင်း လမ်းကြောင်း တစ်ခုကို ညွှန်ပြပေးနိုင်သဖြင့် အောင်မြင်မည်ဟု သူ ယုံကြည်သည်။
"သူ ဒီလောက်တောင် ရဲတင်းသွားပြီလား"
ဝမ်ရှန်း စဉ်းစားခန်း ဝင်သွားသည်။ သူ၏ အမြင်တွင် ယခု ယန်ကျန့်မှာ သူ မှတ်မိနေသော ယန်ကျန့်နှင့် လုံးဝ မတူတော့ကြောင်း ခံစားလိုက်ရသည်။
မိုးသက်မုန်တိုင်းထဲသို့ ဝင်ရောက်သွားသော ယန်ကျန့်သည် အနီရောင်လှံရှည်ကို ကိုင်ဆောင်ကာ တစ္ဆေများ အနားကပ်လာမည်ကို စောင့်ဆိုင်းနေသည်။
မကြာမီ သူ၏ ယခင် ခန့်မှန်းချက် အတည်ပြုချက် ရသွားသည်။
ယန်ကျန့် အဆက်မပြတ် မိုးစိုခံနေသည်နှင့်အမျှ အဝေးမှ အနက်ရောင် ထီးဆောင်းထားသော ပုံရိပ်များ တဖြည်းဖြည်း များပြားလာပြီး ဤနေရာသို့ အဆက်မပြတ် စုဝေးရောက်ရှိလာကြသည်။
ထိုအရေအတွက်မှာ အလွန် များပြားပြီး တစ်ဆက်တည်း ဖြစ်နေကာ မိုးရေများကြားမှ ကြည့်လိုက်လျှင် အနက်ရောင် ကြိုးတစ်ချောင်းက အဆက်မပြတ် ကျုံ့ဝင်လာသကဲ့သို့ ဖြစ်နေသည်။
"အစစ်အမှန် ထီးကို မရှာတွေ့ရင် ငါ ဒီမှာပဲ အားကုန်ခမ်းပြီး သေသွားနိုင်တယ်"
ယန်ကျန့် ဤမြင်ကွင်းကို မြင်သောအခါ ရင်ထဲ၌ လေးလံသွားသည်။
သူသည် ယခု တစ္ဆေဘတ်စ်ကားပေါ်မှ တစ္ဆေကို ထိန်းချုပ်ထားသော်လည်း ဤကဲ့သို့ စွမ်းအားကြီးမားသော သဘာဝလွန် စွမ်းအားမှာ အကန့်အသတ်မရှိ အသုံးပြု၍ ရသည် မဟုတ်ပေ။ အချိန်အကြာကြီး အသုံးပြုပါက သူ၏ တစ္ဆေနိုးထမည့် အချိန်ကို သေချာပေါက် တိုတောင်းသွားစေမည် ဖြစ်သည်။
ထို့ကြောင့် သူသည် တစ္ဆေမနိုးထမီ ဤကိစ္စကို ဖြေရှင်းပစ်ရမည် ဖြစ်သည်။
အခန်း ၁၅၄၂ - မိုးသက်မုန်တိုင်းထဲက ပြဿနာ
မိုးသည်းထန်စွာ ရွာသွန်းနေပြီး ရပ်တန့်သွားမည့် အရိပ်အယောင် လုံးဝ မရှိပေ။
ထိုကမ္ဘာကြီးသည် မိုးရေများ လွှမ်းမိုးထားသော ကမ္ဘာကြီး ဖြစ်ပြီး ဤကမ္ဘာကြီးထဲရှိ အရာအားလုံးမှာ စိုရွှဲနေကာ လေထုထဲတွင် အေးစက်စိုစွတ်သော အနံ့အသက်များ ပြည့်နှက်နေသည်။
ယန်ကျန့်သည် မိုးရေများထဲတွင် မတ်တပ်ရပ်နေပြီး လက်ထဲရှိ အနီရောင်လှံရှည်ကို ကိုင်ဆောင်ကာ သူ့ဆီသို့ အဆက်မပြတ် တိုးကပ်လာနေသော အနက်ရောင် ထီးဆောင်းထားသည့် တစ္ဆေများကို မျက်လုံးကျဉ်းကာ ကြည့်နေသည်။
ထိုအရေအတွက်က ယခင် တစ္ဆေသင်္ဘောကို ရင်ဆိုင်ခဲ့ရစဉ်က အခြေအနေကို ပြန်လည် အမှတ်ရစေသည်။
သို့သော် ယခု ယန်ကျန့်သည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မကြောက်ရွံ့တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အတွေ့အကြုံမျိုးကို သူ တစ်ကြိမ်ထက်မက ကြုံတွေ့ခဲ့ဖူးပြီး တစ္ဆေအုပ်စုကြီးကို ရင်ဆိုင်နိုင်စွမ်းနှင့် အတွေ့အကြုံများ ရှိနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။
"ဒီတစ္ဆေတွေက ဒီအလွှာမှာ အကျဉ်းချခံထားရတာ ဒီနေရာကနေ ထွက်သွားလို့ မရဘူး အပြင်လောကကိုလည်း အန္တရာယ် မပေးနိုင်ဘူး ဒါကြောင့် ငါ ဒီတစ္ဆေတွေနဲ့ အချိန်ကုန်ခံပြီး တိုက်နေစရာ မလိုဘူး အဲဒီထီးကို ရှာတွေ့တာနဲ့ ဒီသဘာဝလွန် ဖြစ်ရပ်က အပြီးတိုင် ပြီးဆုံးသွားပြီ"
ယန်ကျန့် စိတ်ထဲမှ ထိုသို့ တွေးလိုက်ပြီး တစ်ချိန်တည်းမှာပင် လှုပ်ရှားရန် ပြင်ဆင်လိုက်သည်။
ယန်ကျန့်သည် မိုးသက်မုန်တိုင်းထဲတွင် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ လျှောက်သွားရင်း မိမိ၏ ဆန္ဒကို တိုးတိုးလေး ဆုတောင်းလိုက်သည်။
"ငါ့လက်ထဲက လှံရှည် မြှောက်လိုက်တာနဲ့ အဲဒီလှံရှည်က အစစ်အမှန် ထီး ရှိတဲ့နေရာကို သေချာပေါက် ညွှန်ပြရမယ်"
ထို့နောက် သူသည် လက်ထဲရှိ လှံရှည်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
ဆုတောင်းပြည့်တစ္ဆေ၏ စွမ်းအား ထပ်မံ အလုပ်လုပ်လာသည်။
မိုးသက်မုန်တိုင်း၏ နှောင့်ယှက်မှုနှင့် တစ္ဆေများ၏ ပိတ်ဆို့မှု ရှိနေသော်လည်း ယန်ကျန့် တောင်းဆိုသော ဆုတောင်းမှာ အလွန် ရိုးရှင်းလှသဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် အောင်မြင်နိုင်စွမ်း ရှိသည်။
မြှောက်လိုက်သော လှံရှည်သည် သံလိုက်အိမ်မြှောင် တစ်ခုကဲ့သို့ သဘာဝလွန် စွမ်းအားတစ်ခု၏ လွှမ်းမိုးမှု ခံရပြီး ယန်ကျန့်၏ မြှောက်ထားသော လက်မောင်းကို အလိုအလျောက် ဦးတည်ရာ ပြောင်းလဲသွားစေသည်။
ထိုဦးတည်ရာမှာ ညာဘက် ရှေ့တည့်တည့် ဖြစ်သည်။
ဦးတည်ရာ သေချာသွားသည်နှင့် ယန်ကျန့် ချက်ချင်း ပြေးထွက်သွားသည်။ ယခုအခါ သူသည် အရှိန်မထိန်းနိုင်သော တစ္ဆေဘတ်စ်ကား တစ်စီးကဲ့သို့ မည်းမှောင်နေသော တစ္ဆေအုပ်စုကြီးကြားတွင် အတင်း တိုးဝင်သွားပြီး သူ့ရှေ့မှ ပိတ်ဆို့နေသော မည်သည့် သဘာဝလွန် အရာကိုမဆို တိုက်ထုတ်ပစ်လိုက်သည်။
ပထမဆုံး ထီးဆောင်းထားသော တစ္ဆေမှာ အကံဆိုးဆုံး ဖြစ်သည်။
ယန်ကျန့်ကို တိုက်ခိုက်ရန်ပင် အချိန်မရလိုက်မီ ထင်းခုတ်ဓားက ဝင်ရောက် ခုတ်ပိုင်းလိုက်ပြီး အနက်ရောင် ထီးကို ကိုင်ထားသော တစ္ဆေ၏ လက်မောင်းကို တိုက်ရိုက် ဖြတ်ချပစ်လိုက်သည်။ အနက်ရောင် ထီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီး ထိုတစ္ဆေ၏ ခန္ဓာကိုယ်မှာ မိုးသက်မုန်တိုင်းထဲတွင် တဖြည်းဖြည်း ပေါ်ထွက်လာသည်။
သို့သော် မိုးစိုသွားသော တစ္ဆေမှာ လျင်မြန်စွာ အရည်ပျော်ကျလာပြီး ပတ်ဝန်းကျင်ရှိ မိုးရေများနှင့် တစ်သားတည်း ဖြစ်သွားကာ နောက်ဆုံးတွင် မျက်စိရှေ့မှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
အရှေ့တွင် ပိတ်နေသော ဒုတိယမြောက် တစ္ဆေမှာလည်း သက်သာလှသည် မဟုတ်ပေ။ ယန်ကျန့်၏ ခန္ဓာကိုယ်က တိုက်ရိုက် ဝင်တိုက်လိုက်ရာ ထိုတစ္ဆေမှာ လုံးဝ ခုခံနိုင်စွမ်း မရှိဘဲ လွင့်ထွက်သွားပြီး လက်ထဲရှိ ထီးလည်း ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။
တတိယမြောက် တစ္ဆေမှာလည်း ထိုနည်းတူပင် ယန်ကျန့်၏ လက်သီးချက်ဖြင့် ကြမ်းပြင်ပေါ် လဲကျသွားပြီး ချက်ချင်း ငြိမ်သက်သွားကာ ပြန်မထလာနိုင်တော့ပေ။
စတုတ္ထမြောက်၊ ပဉ္စမမြောက်...
ကြောက်မက်ဖွယ်ကောင်းသော သဘာဝလွန် အရာများ ယန်ကျန့်ရှေ့တွင် ဆုတ်ခွာသွားကြရပြီး ဝိုင်းရံလာသော တစ္ဆေများမှာလည်း သူ၏ ခြေလှမ်းများကို မတားဆီးနိုင်ကြပေ။ ယနေ့အချိန်တွင် ယန်ကျန့်၏ စွမ်းအားမှာ ယခင်ကနှင့် လုံးဝ မတူတော့ကြောင်း သိသာလှသည်။
ဤနေရာရှိ မည်သည့် တစ္ဆေမဆို အပြင်လောကသို့ ရောက်သွားပါက ကြောက်မက်ဖွယ်ကောင်းသော သဘာဝလွန် ဖြစ်ရပ် တစ်ခုကို ဖန်တီးနိုင်စွမ်း ရှိသော်လည်း ယခု ယန်ကျန့်ကိုမူ သူတို့ မယှဉ်နိုင်ကြပေ။
မကြာမီ ယန်ကျန့်၏ ဦးနှောက်ထဲရှိ ခွေးဆိုးကြီး ဟိန်းဟောက်လာသည်။ သဘာဝလွန် စွမ်းအား တစ်ခုခုက သူ၏ အသိစိတ်ကို ဝင်ရောက် တိုက်ခိုက်နေပုံရသည်။ သို့သော် ကံမကောင်းစွာဖြင့် ယခု ယန်ကျန့်တွင် အားနည်းချက် မရှိတော့ပေ။ မသိနိုင်သော သဘာဝလွန် အရာများက သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်လာချင်ပါက ခွေးဆိုးကြီး၏ အတားအဆီးကို မဖြစ်မနေ ဖြတ်ကျော်ရမည် ဖြစ်သည်။
အသိစိတ်ပိုင်းဆိုင်ရာတွင် အိပ်မက်တစ္ဆေမှာ ထိပ်တန်း သဘာဝလွန် အရာ တစ်ခု ဖြစ်ပြီး ခွေးဆိုးကြီးကို တိုက်ထုတ်နိုင်သည့် အရာကို သူ ယခုထိ မတွေ့ဖူးသေးပေ။ ထို့ကြောင့် ခွေးဆိုးကြီး၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်နှင့် တစ္ဆေတစ်ကောင် အပိုင်းပိုင်း ဆွဲဖြဲခံရတော့မည် ဆိုသည့် သဘောပင် ဖြစ်သည်။
"ဘုန်း"
အေးစက်သော ခန္ဓာကိုယ်တစ်ခု ယန်ကျန့်၏ ဝင်တိုက်မှုကြောင့် လွင့်ထွက်သွားသည်။
ယခုအခါ ယန်ကျန့်သည် သူ့ရှေ့တွင် ဟာလာဟင်းလင်း ဖြစ်သွားပြီး အနက်ရောင် ထီးဆောင်းထားသော တစ္ဆေများ မရှိတော့သည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ သူ တစ္ဆေများ၏ ဝိုင်းရံမှုမှ အောင်မြင်စွာ ဖောက်ထွက်လာနိုင်ခဲ့ပြီ ဆိုသည့် သဘောပင် ဖြစ်သည်။
သို့သော် နောက်ထပ် ဝိုင်းရံမှု တစ်ခု စတင် ဖြစ်ပေါ်လာပြန်သည်။
သူ မိုးစိုနေသရွေ့ ပတ်ဝန်းကျင်မှ တစ္ဆေများ တစ်ကောင်ပြီး တစ်ကောင် အဆက်မပြတ် ထွက်ပေါ်လာနေမည် ဖြစ်ပြီး လုံးဝ ရပ်တန့်သွားမည် မဟုတ်ပေ။
ယန်ကျန့် အနောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ရာ သူ ဖြတ်သန်းလာခဲ့သော လမ်းတစ်လျှောက်တွင် အနက်ရောင် ထီးများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။
အစစ်အမှန် ထီးက ထိုထီးများထဲတွင် ပုန်းကွယ်နေတာ ဖြစ်နိုင်သည်။
သို့သော် ယန်ကျန့် တစ်လက်ချင်းစီ လိုက်ရှာရန် ပျင်းသဖြင့် ဆုတောင်းပြည့်တစ္ဆေ၏ စွမ်းအားကို အသုံးပြုကာ လမ်းညွှန်ပြသပေးရန် နောက်တစ်ကြိမ် တိုးတိုးလေး ဆုတောင်းလိုက်သည်။
အရင်ကနှင့် တစ်ပုံစံတည်း ဆုတောင်း ဖြစ်သည်။
ယန်ကျန့် လက်ထဲရှိ လှံရှည်ကို နောက်တစ်ကြိမ် မြှောက်လိုက်သော်လည်း ဤတစ်ကြိမ်တွင် အနီရောင်လှံရှည်သည် အရှေ့သို့ မညွှန်ပြဘဲ အနောက်ဘက်ရှိ နေရာတစ်ခုသို့ ညွှန်ပြသွားသည်။
ထိုဦးတည်ရာမှာ လမ်းကြောင်းသစ် တစ်ခု ဖြစ်ပြီး စောစောက သူ ဖြတ်သန်းလာခဲ့သော လမ်းကြောင်း မဟုတ်ပေ။
ဤအခြေအနေက အစစ်အမှန် ထီးကို ကိုင်ဆောင်ထားသော တစ္ဆေသည် အဆက်မပြတ် ရွေ့လျားနေပြီး နေရာတစ်နေရာတည်းတွင် ရပ်ကာ ယန်ကျန့် အနားကပ်လာမည်ကို စောင့်မနေကြောင်း ဖော်ပြနေသည်။
"ငါနဲ့ တူတူပုန်းတမ်း ကစားနေတာလား"
ယန်ကျန့် မျက်လုံးများ ကျဉ်းသွားပြီး သူ မြှောက်ထားသော လှံရှည် ညွှန်ပြနေသည့် ဦးတည်ရာမှာ အနည်းငယ် ပြောင်းလဲသွားပြန်သည်။
သို့သော် ထိုဧရိယာရှိ တစ္ဆေများ အားလုံးမှာ လှုပ်ရှားနေကြပြီး အားလုံးမှာ ပုံစံတူ ဖြစ်နေသဖြင့် မည်သည့် တစ္ဆေ၏ လက်ထဲရှိ ထီးက သူ ရှာဖွေနေသော ထီးဖြစ်ကြောင်း ခွဲခြားသိရှိရန် လုံးဝ မဖြစ်နိုင်ပေ။
ယန်ကျန့် လှုပ်ရှားရန် မလောသေးပေ။
သူ စဉ်းစားနေသည်။
အကယ်၍ ယန်ကျန့် ယခင်ကကဲ့သို့ ဆက်လက် လှုပ်ရှားပါက အချိန်ဖြုန်းသလိုသာ ဖြစ်သွားမည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် တစ္ဆေက သေချာပေါက် နေရာပြောင်းသွားမည် ဖြစ်သောကြောင့် ဖြစ်သည်။
"ငါ့လှုပ်ရှားမှု ပိုမြန်လိုက်ရင် တစ္ဆေ နေရာမပြောင်းခင် သူ့ကို ဖမ်းမိနိုင်မလား"
သို့သော် ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် ယန်ကျန့်သည် အလွန် ကောင်းမွန်သော နည်းလမ်းကို မစဉ်းစားနိုင်ခဲ့ဘဲ နည်းလမ်း မမည်သော နည်းလမ်း တစ်ခုကိုသာ စဉ်းစားမိလိုက်သည်။
စမ်းကြည့်တာပေါ့။
ယန်ကျန့် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူ ထပ်မံ လှုပ်ရှားလိုက်သည်။
သို့သော် တစ်ကြိမ် လှုပ်ရှားမှုတွင် သူသည် ထင်းခုတ်ဓား၏ စွမ်းအားကို အသုံးမပြုတော့ဘဲ မိမိ၏ ခန္ဓာကိုယ် စွမ်းအားဖြင့်သာ အရှေ့တွင် ပိတ်ဆို့နေသော တစ္ဆေများကို အတင်း ဝင်တိုက်ပစ်လိုက်သည်။ ဤသို့ လုပ်ခြင်းဖြင့် အချိန်များစွာ သက်သာစေနိုင်သောကြောင့် ဖြစ်သည်။
ယန်ကျန့်သည် မိုးသက်မုန်တိုင်းထဲတွင် သာမန်လူထက် အဆပေါင်းများစွာ မြန်သော အရှိန်ဖြင့် ပြေးလွှားနေသည်။ ရှေ့တွင် ပိတ်ဆို့နေသော တစ္ဆေများမှာ လုံးဝ ခုခံနိုင်စွမ်း မရှိဘဲ ထိတွေ့လိုက်သည်နှင့် ချက်ချင်း လွင့်ထွက်သွားကြပြီး တစ်စက္ကန့်မျှပင် အချိန်မဆွဲနိုင်ကြပေ။
တစ္ဆေများ လွင့်ထွက်သွားသည်နှင့်အတူ အနက်ရောင် ထီးများလည်း နေရာအနှံ့ လွင့်စင်သွားကြသည်။
ယခုအခါ ယန်ကျန့်သည် အတုအစစ် ခွဲခြားနေရန် မလိုအပ်တော့ဘဲ လှံရှည် ညွှန်ပြရာ လမ်းကြောင်းအတိုင်း ရှေ့သို့ ဆက်လက် ပြေးသွားရန်သာ လိုအပ်သည်။
"လမ်းကြောင်း ပြောင်းသွားပြန်ပြီလား"
သူ တစ္ဆေများ၏ ဝိုင်းရံမှုမှ ထပ်မံ ဖောက်ထွက်နိုင်တော့မည့် ဆဲဆဲတွင် လက်ထဲရှိ လှံရှည်မှာ ဦးတည်ရာ အသစ်တစ်ခုသို့ ထပ်မံ ညွှန်ပြသွားပြန်သည်။ ဤတစ်ကြိမ်တွင် အရှေ့ဘက် မဟုတ်တော့ဘဲ ဘယ်ဘက်သို့ ဖြစ်သွားသည်။
မတတ်သာသဖြင့် ယန်ကျန့် ချက်ချင်း ခြေလှမ်း ရပ်တန့်လိုက်ပြီး ဦးတည်ရာ ပြောင်းကာ ထိုနေရာသစ်သို့ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့သည်။
သူ၏ လှုပ်ရှားမှုမှာ အလွန် မြန်ဆန်လှပြီး ထီးဆောင်းထားသော လူအမြောက်အမြားကြားတွင် အတင်း တိုးဝင်သွားသည်။
ထူးဆန်းသော လူအမြောက်အမြား ထပ်မံ လွင့်ထွက်သွားပြီး လက်ထဲရှိ ထီးများလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
ဤတစ်ကြိမ်တွင် ယန်ကျန့်သည် သူ ရှာဖွေနေသော အစစ်အမှန် ထီးနှင့် အလွန် နီးကပ်လာပြီဟု ခံစားလိုက်ရသည်။
အရှေ့တွင် လူအုပ်ကြီး စုပြုံနေပြီး အသက်ရှူရကျပ်လောက်အောင် ဖိစီးမှု ဖြစ်စေသည်။ ဤလူများသည် ထူထပ်သော နံရံကြီးများကဲ့သို့ ဖြစ်နေပြီး သူတို့ကြားတွင် ဖြတ်သန်းသွားလာရသည်မှာ မျိုချခံရတော့မည့်အလား ခံစားရသည်။ ပတ်ဝန်းကျင်တွင် အခြား မည်သည့်အရာကိုမျှ မမြင်ရတော့ဘဲ အမြင်အာရုံ အားလုံး ပိတ်ဆို့ခံထားရသည်။
ယန်ကျန့် မိုးသက်မုန်တိုင်းထဲတွင် မိုးစိုခံရသော အချိန် အလွန် ကြာမြင့်သွားပြီ ဖြစ်သည်။
ထို့ကြောင့် စုဝေးရောက်ရှိလာသော တစ္ဆေ အရေအတွက်မှာ အလွန် များပြားသော အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤအရေအတွက်ကို မြင်လိုက်ရသောအခါ အိမ်ထဲတွင် ရှိနေသော ဝမ်ရှန်းပင်လျှင် ထိတ်လန့်သွားရသည်။
"လူတွေ အရမ်း များနေပြီ ယန်ကျန့်က အဲဒီလူအုပ်ကြီးထဲမှာ အရှင်လတ်လတ် မြှုပ်ခံလိုက်ရပြီလား" ဝမ်ရှန်း အဝေးသို့ လှမ်းကြည့်ကာ ယန်ကျန့်၏ အရိပ်အယောင်ကို ရှာဖွေရန် ကြိုးစားနေသည်။
သို့သော် အနက်ရောင် ထီးဆောင်းထားသော တစ္ဆေအုပ်ကြီးမှာ အဆက်မပြတ် လှည့်လည်သွားလာနေပြီး လှိုင်းလုံးကြီးများကဲ့သို့ ဖြစ်နေသဖြင့် ယန်ကျန့်၏ အရိပ်အယောင်ကို လုံးဝ မမြင်ရပေ။ လေထဲသို့ လွင့်စင်သွားပြီး ဖြည်းညှင်းစွာ ပြုတ်ကျလာသော အနက်ရောင် ထီးအချို့ကိုသာ ဝါးတားတား မြင်နေရသည်။
သို့သော် ထိုသို့ဖြစ်နေခြင်းမှာလည်း အသုံးမဝင်ပေ။
အဘယ်ကြောင့်ဆိုသော် ရောက်လာသော တစ္ဆေအသစ်များက လွတ်နေသော နေရာများကို လျင်မြန်စွာ ပြန်လည် ဖြည့်ဆည်းသွားနိုင်သောကြောင့် ဖြစ်သည်။
"အရမ်း မိုက်ရူးရဲဆန်လွန်းတယ် ဒီအတိုင်း ဆက်သွားရင် သူ အားကုန်ပြီး သေသွားလိမ့်မယ် ဒါပေမဲ့ သူက ဒီလို အခြေအနေမျိုး ဖြစ်လာမယ် ဆိုတာကို ကြိုသိထားသင့်တာကို ဘာလို့ ဒီလို လုပ်ဖို့ ရွေးချယ်ခဲ့တာလဲ"
ဝမ်ရှန်းမှာ စိုးရိမ်နေရင်းနှင့်ပင် နားမလည်နိုင် ဖြစ်နေသည်။
"နေပါဦး တစ်ခုခု မှားနေတယ်"
ရုတ်တရက် ဝမ်ရှန်း ထူးခြားသော အခြေအနေ တစ်ခုကို သတိထားမိလိုက်သည်။
အဘယ်ကြောင့်ဆိုသော် အနီးနားတွင် ထီးဆောင်းထားသော တစ္ဆေများ အရမ်း များပြားလွန်းသဖြင့် အနက်ရောင် ထီးများမှာ တစ်ခုနှင့်တစ်ခု ဆက်နေပြီး ခေါင်းပေါ်မှ ရွာကျနေသော မိုးသက်မုန်တိုင်းကို ကာကွယ်ပေးထားသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။
ယန်ကျန့် ထိုအထဲတွင် ဖြတ်သန်းသွားလာနေသဖြင့် မိုးရေထဲတွင် အချိန်အကြာကြီး မိုးစိုခံရမည့် အခြေအနေမှ ရှောင်လွှဲနိုင်သွားသည်။
ထို့ကြောင့် ဝိုင်းရံရောက်ရှိလာသော တစ္ဆေအချို့မှာလည်း အလိုအလျောက် တိတ်တဆိတ် လူစုကွဲသွားကြပြန်သည်။
"ဒါက တစ္ဆေထီးရဲ့ ကန့်သတ်ချက်ပဲ ဖြစ်ရမယ် တစ္ဆေတွေ အရမ်း များလာတော့ ယန်ကျန့်ကို အန္တရာယ် မပေးနိုင်တဲ့အပြင် အကူအညီတောင် ပေးနေသလို ဖြစ်သွားတယ် ဒါပေမဲ့ ပတ်ဝန်းကျင်က တစ္ဆေတွေ ဆက်ပြီး စုဝေးမလာတော့ရင်တောင် သူ အဲဒီထီးကို အောင်မြင်စွာ ရှာတွေ့နိုင်ပါ့မလား"
ဝမ်ရှန်း ဘေးမှ ဆက်လက် စောင့်ကြည့်နေသည်။
ယခုအခါ ယန်ကျန့်သည် အနက်ရောင် ထီးပေါင်းများစွာကြားတွင် ဆက်လက် လှည့်လည်သွားလာနေပြီး လက်ထဲရှိ အနီရောင်လှံရှည်က လမ်းညွှန်ပေးနေသဖြင့် အစစ်အမှန် ထီးနှင့် တဖြည်းဖြည်း နီးကပ်လာနေသည်။
သို့သော် ဤကဲ့သို့ အသက်စွန့်ပြီး သဘာဝလွန် စွမ်းအားများကို အလွန်အကျွံ အသုံးပြုနေခြင်းကြောင့် ယန်ကျန့် ခန္ဓာကိုယ်ထဲရှိ တစ္ဆေနိုးထမှု ပိုမို မြန်ဆန်လာစေသည်။
တစ္ဆေနိုးထမှုကြောင့် ဖြစ်ပေါ်လာသော မငြိမ်သက်မှုကို မခံစားရသည်မှာ ကြာပြီ ဖြစ်သည်။
ယခုအခါ ခန္ဓာကိုယ်ထဲတွင် ထိုခံစားချက် ထပ်မံ ပေါ်လာပြန်သည်။
သိသာသည်မှာ ယန်ကျန့်၏ ကန့်သတ်ချက်လည်း ရောက်လာပြီ ဖြစ်သည်။ မူလက ၉ ရက် အသက်ရှင်နိုင်မည့် သူသည် ယခုအခါ အများဆုံး ၃ ရက်သာ အသက်ရှင်နိုင်တော့မည်မှာ သေချာသည်။ အကယ်၍ သဘာဝလွန် ဖြစ်ရပ်ကို မဖြေရှင်းနိုင်သေးပါက သူသည် တစ္ဆေနိုးထမှုကြောင့် နေရာတွင် သေချာပေါက် သေဆုံးရမည် ဖြစ်သည်။
သို့သော် ကြိုးစားအားထုတ်မှုတိုင်းက အကျိုးကျေးဇူး ရှိစမြဲ ဖြစ်သည်။
ရုတ်တရက် ယန်ကျန့် လက်ထဲရှိ လှံရှည်မှာ မြေကြီးပေါ်သို့ ဘုန်းခနဲ စိုက်ဝင်သွားပြီး သူ့ကို ရှေ့သို့ လမ်းညွှန်နေသော စွမ်းအားတစ်ခု ရုတ်တရက် ပျောက်ကွယ်သွားသည်။
ထိုစွမ်းအား ပျောက်ကွယ်သွားခြင်းက ဆုတောင်း ပြီးဆုံးသွားပြီ ဖြစ်ကြောင်းနှင့် ဆုတောင်း အောင်မြင်သွားပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။
သူ ရှာနေသော ထီးက အနီးနားတွင် ရှိနေပြီ ဖြစ်သည်။
ယန်ကျန့် ချက်ချင်း ခြေလှမ်း ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို သေချာစွာ စိုက်ကြည့်ကာ လက်ထဲရှိ ထင်းခုတ်ဓားကို ချက်ချင်း မြှောက်လိုက်သည်။
အစစ်အမှန် ထီးကို သေချာ လိုက်ရှာနေရန် အချိန်မရှိတော့သဖြင့် အနီးနားရှိ တစ္ဆေများ အားလုံးကို အပိုင်းပိုင်း ခုတ်ထစ်ကာ သူတို့ လက်ထဲရှိ ထီးများ အားလုံးကို လုယူပြီးနောက် ဝမ်ရှန်းကို တစ်လက်ချင်းစီ စမ်းကြည့်ခိုင်းရန်သာ ရှိတော့သည်။
နည်းလမ်းက ရိုးရှင်းသော်လည်း သေချာပေါက် အလုပ်ဖြစ်မည် ဖြစ်သည်။
ထို့ကြောင့် ယန်ကျန့် လက်ထဲရှိ ထင်းခုတ်ဓားကို ထပ်မံ ခုတ်ပိုင်းချလိုက်သည်။
အနီးနားရှိ တစ္ဆေများ အဆက်မပြတ် အပိုင်းပိုင်း ခုတ်ထစ်ခံရပြီး အနက်ရောင် ထီးများ မြေကြီးပေါ်သို့ တစ်လက်ပြီး တစ်လက် ပြုတ်ကျလာသည်။
ယန်ကျန့်သည် အနီးနားရှိ တစ္ဆေများကို ရှင်းလင်းပြီးနောက် နောက်တစ်ကြိမ် ဆုတောင်းလိုက်သည်။
အနီရောင်လှံရှည် တုန်ခါသွားသော်လည်း ယန်ကျန့်ကို လမ်းညွှန်မပြတော့ပေ။
"အောင်မြင်ပြီ"
ယန်ကျန့် ခြေလှမ်း ရပ်တန့်လိုက်ပြီး အနီးနားရှိ မြေကြီးပေါ်တွင် ပြန့်ကျဲနေသော ထီးများကို ကြည့်လိုက်သည်။
အရေအတွက် သိပ်မများဘဲ ထီး အလက် ၂၀ ကျော်သာ ရှိသည်။ အစစ်အမှန် ထီးက ထိုအထဲတွင် ပုန်းကွယ်နေသည်။
သို့သော် ယခုအခါ မိုးက အလွန် သဲနေပြီး ယန်ကျန့် မိုးသက်မုန်တိုင်းထဲတွင် ထပ်မံ ရပ်နေရသည်။ တစ်ချိန်တည်းမှာပင် အနီးနားမှ တစ္ဆေများကလည်း ဝိုင်းရံလာကြပြီး ထိုတစ္ဆေများမှာ အလွန် များပြားလှသဖြင့် အဆုံးကိုပင် မမြင်ရပေ။
ဤအချိန်တွင် ယန်ကျန့် အခက်တွေ့သွားသည်။
သူသာ ဤတစ္ဆေများကို ဆက်လက် တိုက်ခိုက်နေပါက အစစ်အမှန် ထီးကို ရှာဖွေရန် အချိန်ရမည် မဟုတ်ပေ။ သို့သော် ယခု နောက်ဆုတ်သွားပါက မနည်း ရယူထားသော ထီးများမှာ ဤတစ္ဆေများ၏ ယူဆောင်သွားခြင်းကို ခံရနိုင်ခြေ ရှိသည်။
"နောက်ဆုတ်လို့ မဖြစ်ဘူး နောက်နည်းနည်း ထပ်တောင့်ခံရဦးမယ်"
ယန်ကျန့် အသက်ပြင်းပြင်း ရှူလိုက်ပြီး လိမ်လည်တစ္ဆေ၏ ဆွဲကြိုးကို အသုံးပြုကာ ဝမ်ရှန်းကို ပြန်လည် အသက်သွင်းပြီး အစစ်အမှန် ထီးကို ရှာဖွေပေးရန် ကြိုးစားလိုက်သည်။
သို့သော် လိမ်လည်တစ္ဆေ၏ စွမ်းအားမှာ အလုပ်မဖြစ်တော့ပေ။
ဝမ်ရှန်း၏ ဝေဝါးသော ပုံရိပ် ပေါ်လာသည်နှင့် မိုးသက်မုန်တိုင်း၏ ဆေးကြောခြင်းကို ခံလိုက်ရပြီး လုံးဝ ပျောက်ကွယ်သွားတော့သည်။ ဤမိုးသက်မုန်တိုင်းထဲတွင် သူ့ကို ပြန်လည် အသက်သွင်းရန် လုံးဝ မဖြစ်နိုင်တော့ပေ။
"ဒါဆိုရင်လည်း တစ္ဆေရေကန်ကို သုံးရမှာပေါ့"
ယန်ကျန့် ချက်ချင်း အကြံပြောင်းလိုက်ပြီး တစ္ဆေရေကန်ထဲမှ ရေတစ္ဆေများကို အသုံးပြုကာ ဝမ်ရှန်း၏ အလုပ်ကို လုပ်ခိုင်းရန် ပြင်ဆင်လိုက်သည်။
သို့သော် အေးစက်သော ရေများ ထွက်ပေါ်လာသည်နှင့် ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ မိုးရေများနှင့် ရောနှောသွားပြီး သဘာဝလွန် စွမ်းအားများ ရောယှက်သွားကာ သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ ယန်ကျန့်က တစ္ဆေရေကန် တစ်ခုလုံးကို လွှတ်ထုတ်လိုက်လျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။
သိသာသည်မှာ တစ္ဆေရေကန်၏ စွမ်းအားကိုလည်း ဤမိုးသက်မုန်တိုင်းက ပိတ်ဆို့ထားခြင်း ဖြစ်သည်။
ဤအချိန်တွင် ယန်ကျန့်သည် အားရှိသော်လည်း အသုံးမဝင်သကဲ့သို့ ခံစားလိုက်ရသည်။ မိုးသက်မုန်တိုင်း တစ်ခုက သူ၏ သဘာဝလွန် စွမ်းအား အတော်များများကို ပိတ်ဆို့ထားနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။