အခန်း (၁၅၄၇-၁၅၄၈)
Vol. 118 Ch. 1547-1548
အခန်း ၁၅၄၇ - ခေါင်းတလားဆိုင် အကြမ်း
ယန်ကျန့်နှင့် လင်းယွင်ဟွေ့တို့သည် တစ္ဆေလမ်းမ တစ်လျှောက် ဆက်လက် လျှောက်သွားကြရာ နောက်ဆုံးတွင် လမ်းဘေး တစ်ဖက်တစ်ချက်ရှိ ဆိုင်များ ပျောက်ကွယ်သွားပြီး ဟောင်းနွမ်းနေသော ကျောက်ပြားလမ်းသာ ကျန်ရှိတော့သည်။ ထိုအချိန်တွင် အထီးကျန်နေသော အိမ်တစ်လုံးက သူတို့၏ အမြင်အာရုံထဲတွင် စတင် ပေါ်လာသည်။
"ရောက်တော့မယ် ရှေ့နားက ခေါင်းတလားဆိုင်ပဲ အရင်က ငါ မတော်တဆ ဒီကို ရောက်ဖူးတယ် ဒါပေမဲ့ ခေါင်းတလားဆိုင်ထဲတော့ မဝင်ခဲ့ဘူး ဒီနေရာကနေပဲ နောက်လှည့်ပြီး ပြန်သွားခဲ့တာ တိတိကျကျ ပြောရရင် ဒီတစ်ခါက ဒီခေါင်းတလားဆိုင်နဲ့ ငါ ပထမဆုံးအကြိမ် ထိတွေ့ရမှာပဲ"
ယန်ကျန့် ပြောရင်း လင်းယွင်ဟွေ့ကို ကြည့်လိုက်သည်။
"တကယ်လို့ မင်းဆီမှာ အရေးကြီးတဲ့ သတင်းအချက်အလက် တစ်ခုခု ရှိရင် ကြိုပြောပြထားတာ ကောင်းမယ်လို့ ငါ အကြံပေးချင်တယ်"
"အရင်က ငါ အဲဒီအထဲ ဝင်ပြီး ခေါင်းတလား တစ်လုံး ဝယ်ခဲ့ဖူးတယ် ဒါပေမဲ့ အကြာကြီး မနေဘဲ ချက်ချင်း ထွက်လာခဲ့တယ် ဘာအန္တရာယ်မှ မကြုံခဲ့ရဘူး ငါလည်း ဘာအသုံးဝင်တဲ့ သတင်းအချက်အလက်မှ မပေးနိုင်ဘူး အဲဒီတုန်းက ခေါင်းတလား တစ်လုံးက အရမ်း ဈေးကြီးတယ် တစ္ဆေပိုက်ဆံ ၃၆ ကျပ် ပေးရတယ် ဆိုတာပဲ သိတယ် အခုရော အဲဒီဈေးပဲလားတော့ မသိဘူး" လင်းယွင်ဟွေ့က ပြောလိုက်သည်။
ယန်ကျန့်က ပြောလိုက်သည်။
"မင်းပြောတဲ့ ၃၆ ကျပ် ဆိုတဲ့ ဈေးက အရင်တုန်းက ဈေးဖြစ်ရမယ် အခု အဲဒီဈေး မဟုတ်တော့ဘူး အရင်က ငါလာတုန်းက ခေါင်းတလားဆိုင်ထဲက အသံတစ်သံ ထွက်လာပြီး ခေါင်းတလား တစ်လုံးကို ၁၈ ကျပ်လို့ ပြောတယ် ဒါပေမဲ့ အခုက အချိန် အတော်ကြာသွားပြီဆိုတော့ ဈေးနှုန်းက ထပ်ပြောင်းချင် ပြောင်းနေမှာ"
"တကယ်လို့ ခေါင်းတလား တစ်လုံး သက်သက် ဝယ်မယ်ဆိုရင်တော့ မင်းလက်ထဲက ပိုက်ဆံနဲ့ လောက်ပါတယ် ဘာပြဿနာမှလည်း မကြုံရနိုင်ဘူး မင်းက... ဒီခေါင်းတလားဆိုင်ကို တစ်ခုခု လုပ်ဖို့ အကြံအစည် မရှိရင်ပေါ့"
လင်းယွင်ဟွေ့က ပြောလိုက်သည်။
"ငါက ခေါင်းတလားဆိုင်ကို ဓားပြတိုက်ဖို့ စိတ်ကူးရှိတယ်"
ယန်ကျန့်လည်း ဖုံးကွယ်မထားဘဲ တိုက်ရိုက် ပြောလိုက်သည်။
လင်းယွင်ဟွေ့လည်း အံ့သြမသွားဘဲ အနည်းငယ် စဉ်းစားခန်း ဝင်သွားကာ ပြောလိုက်သည်။
"ခေါင်းတလားဆိုင်ကို ဓားပြတိုက်ဖို့ အရင်တုန်းက တခြား တစ္ဆေဆရာတွေလည်း တွေးဖူးကြတယ် ဒါပေမဲ့ အန္တရာယ် အရမ်းများတယ် ငါ အသက်ရှင်နေတုန်းက ဘယ်သူမှ အောင်မြင်တာ မကြားဖူးဘူး"
"အခြေအနေကို အရင် လေ့လာကြည့်တာပေါ့"
ယန်ကျန့်က ပြောလိုက်သည်။
သူ တွေးထားသော်လည်း စိတ်လိုက်မာန်ပါ လှုပ်ရှားမည် မဟုတ်ပေ။ အထူးသဖြင့် ယခု ခေါင်းတလား ဝယ်နိုင်သော အခြေအနေမျိုးတွင် အကျိုးအပြစ်များကို ချိန်ဆကြည့်ရန် ပို၍ လိုအပ်သည်။
မကြာမီ သူတို့ နှစ်ယောက်သည် အထီးကျန်နေသော ထိုခေါင်းတလားဆိုင်ရှေ့တွင် ရပ်နေလိုက်ကြသည်။
ခေါင်းတလားဆိုင်၏ တံခါးမှာ ပွင့်နေပြီး အတွင်းတွင် ဝါကျင်ကျင်နှင့် မှောင်မိုက်နေသော ဆီမီးခွက် တစ်လုံးကို ထွန်းထားသည်။
ဆီမီးခွက်မှာ လေထဲတွင် ချိတ်ဆွဲထားပြီး ဆိုင်တစ်ဆိုင်လုံးကို အနိုင်နိုင် လင်းထိန်စေသည်။
ဆိုင်တွင်းတွင်မူ အရွယ်အစားနှင့် ပုံစံတူညီသော ခေါင်းတလားများ အစီအရီ ချထားသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ဤခေါင်းတလားများ၏ အရောင်များ မတူညီကြခြင်းပင် ဖြစ်သည်။ အချို့ ခေါင်းတလားများမှာ အနက်ရောင် ဆေးသုတ်ထားပြီး အပေါ်တွင် 'တင်မြှောက်ခြင်း' ဟူသော စာလုံး ရေးသားထားသဖြင့် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံစံပေါက်နေသည်။ အချို့ ခေါင်းတလားများမှာ သွေးကဲ့သို့ ရဲရဲနီနေသော အနီရောင် ဆေးသုတ်ထားပြီး အလွန် ကြောက်မက်ဖွယ် ကောင်းနေသည်။
အချို့ ခေါင်းတလားများမှာမူ သစ်သားအရောင် အတိုင်းပင် ဖြစ်ပြီး ဆေးမသုတ်ရသေးဘဲ မပြီးစီးသေးသည့်ပုံ ပေါက်နေသည်။
ယန်ကျန့် တံခါးဝတွင် ရပ်ကာ ခေတ္တမျှ လေ့လာကြည့်ပြီးနောက် ခေါင်းတလားဆိုင်၏ အခြေအနေကို အတည်ပြုလိုက်သည်။ ထို့နောက်မှ အနည်းငယ် သတိထားပြီး အထဲသို့ ဝင်သွားလိုက်သည်။
စောစောက လေ့လာကြည့်ချက်အရ ခေါင်းတလားဆိုင်မှာ တစ္ဆေလမ်းမပေါ်ရှိ အခြားဆိုင်များနှင့် သိပ်ပြီး ကွာခြားမှု မရှိပုံရသည်။ အားလုံးက တံခါးဖွင့်ပြီး ဈေးရောင်းနေကြသည်သာ ဖြစ်ပြီး ရောင်းချသော ပစ္စည်းများသာ ကွာခြားခြင်း ဖြစ်သည်။
သို့သော် ယန်ကျန့်၏ အလိုအလျောက် သိစိတ်က ဤခေါင်းတလားဆိုင်တွင် သေချာပေါက် ထူးခြားချက် တစ်ခုခု ရှိမည်ဟု ပြောနေသည်။ မဟုတ်လျှင် ဤဆိုင်က ဤမျှ ဝေးကွာသော နေရာတွင် သီးသန့် လာဖွင့်ထားမည် မဟုတ်ပေ။
ခေါင်းတလားဆိုင် တံခါးဝသို့ ရောက်သည်နှင့် မူလက တိတ်ဆိတ်ငြိမ်သက်နေသော ခေါင်းတလားဆိုင်ထဲမှ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ကြည့်သွားပါဦး အရည်အသွေးကောင်းတဲ့ ခေါင်းတလားတွေပါ ၁၀ ကျပ်တည်းပါ"
၁၀ ကျပ်
ယန်ကျန့် မျက်လုံးများ အရောင်လက်သွားသည်။ အရင်က သူ လာတုန်းကထက် ပိုဈေးပေါနေသည်။ ထို့အပြင် အများကြီး ပိုဈေးပေါနေခြင်း ဖြစ်ပြီး တစ်ရှိန်ထိုး ရှစ်ကျပ်တောင် ကျသွားသည်။
ကြည့်ရသည်မှာ ခေါင်းတလားဆိုင်၏ အရောင်းအဝယ်မှာ ပိုပိုပြီး ကျဆင်းလာသဖြင့် ဈေးချရတော့မည့်ပုံ ပေါက်နေသည်။
သို့သော် ခေါင်းတလားဆိုင် ဈေးချလိုက်သော်လည်း လက်ရှိ ယန်ကျန့်အတွက် ၁၀ ကျပ်မှာ မသေးငယ်သော ပမာဏ တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
မမျှော်လင့်ထားသော ကိစ္စများ မဖြစ်စေရန် ယန်ကျန့်သည် ဆိုင်ထဲဝင်ဝင်ချင်း တစ္ဆေပိုက်ဆံများကို ထုတ်ယူလိုက်သည်။ ဤတစ်ကြိမ်တွင် သူ လည်သွားပြီ ဖြစ်ပြီး ၇ ကျပ်တန် တစ်ရွက်နှင့် ၃ ကျပ်တန် တစ်ရွက်သာ ထုတ်ယူလိုက်သည်။ ပိုလည်းမပို၊ လိုလည်းမလိုဘဲ ခေါင်းတလား တစ်လုံးစာ အတိအကျ ဖြစ်သည်။
တစ္ဆေပိုက်ဆံများကို ကိုင်ဆောင်ကာ ခေါင်းတလားဆိုင်ထဲသို့ ဝင်လိုက်ရသဖြင့် စိတ်ထဲတွင် အနည်းငယ် ပို၍ လုံခြုံသကဲ့သို့ ခံစားလိုက်ရသည်။
မူလက ကြောက်မက်ဖွယ်ကောင်းပြီး အေးစက်နေပုံရသော ခေါင်းတလားဆိုင်မှာလည်း ဤအချိန်တွင် အရင်ကလောက် မကြောက်စရာ မကောင်းတော့သကဲ့သို့ ဖြစ်သွားသည်။
"တကယ်လို့ တစ္ဆေကို ဖမ်းချုပ်ချင်ရင် အနက်ရောင် ခေါင်းတလားကို ဝယ်ရမယ် တကယ်လို့ အရင်က ငါ့လိုပဲ တစ္ဆေနိုးထမယ့် ပြဿနာကို ဖြေရှင်းချင်ရင်တော့ အနီရောင် ခေါင်းတလားကို ဝယ်ရမယ်"
ဘေးနားမှ လိုက်လာသော လင်းယွင်ဟွေ့က သတိပေးလိုက်သည်။
သို့သော် သူမ မသတိပေးလျှင်လည်း မတူညီသော ခေါင်းတလားများ၏ အသုံးဝင်ပုံကို ယန်ကျန့် သိထားပြီး ဖြစ်သည်။
ထို့ကြောင့် ထိုတစ်ကြိမ်တွင် သူ ဝယ်ရမည့်အရာမှာ အနီရောင် ခေါင်းတလား တစ်လုံး ဖြစ်သည်။
အနီရောင် ခေါင်းတလားကို သူ အသုံးပြုဖြစ်ချင်မှ အသုံးပြုဖြစ်မည် ဖြစ်သော်လည်း ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်သည်။
"ငါ အနီရောင် ခေါင်းတလား တစ်လုံး ဝယ်ချင်တယ်"
ယန်ကျန့်သည် လက်ထဲရှိ တစ္ဆေပိုက်ဆံကို အနည်းငယ် မြှောက်ကာ ပြောလိုက်သည်။
သူ ယခုအချိန်တွင် ပြဿနာ မရှာချင်သေးဘဲ ပုံမှန် စည်းကမ်းအတိုင်း ခေါင်းတလား ဝယ်ယူရန် ရည်ရွယ်ထားသည်။
အကယ်၍ အရာအားလုံး အဆင်ပြေချောမွေ့ပါက ဤအရောင်းအဝယ်ကို အဆုံးသတ်ပြီးနောက် တစ္ဆေလမ်းမမှ ထွက်ခွာသွားမည် ဖြစ်ပြီး မလိုအပ်သော ပြဿနာများကို ရှောင်ရှားမည် ဖြစ်သည်။
ခေါင်းတလားဆိုင်ထဲမှ မည်သည့်နေရာမှန်း မသိသော ထိုအသံက တိုးညှင်းစွာ ထပ်မံ ထွက်ပေါ်လာသည်။
"အနီရောင် ခေါင်းတလားတွေ ရောင်းကုန်သွားပြီ တခြား တစ်ခု ရွေးလိုက်ပါ"
ရောင်းကုန်သွားပြီ
ယန်ကျန့်သည် ဆိုင်ထဲတွင် အစီအရီ ချထားသော အနီရောင် ခေါင်းတလား အတော်များများကို ကြည့်ရင်း မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
ဒီလောက်များတဲ့ အနီရောင် ခေါင်းတလားတွေ ရှိနေတာကို ရောင်းကုန်သွားပြီလို့ ပြောရဲတယ်ပေါ့။
ဒါ လိမ်နေတာ မဟုတ်ဘူးလား။
"ငါ ဒီခေါင်းတလားကို လိုချင်တယ်"
ယန်ကျန့် ဘေးသို့ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး အနီရောင် ခေါင်းတလား တစ်လုံး၏ အဖုံးပေါ်သို့ လက်တင်လိုက်သည်။
"အဲဒီ ခေါင်းတလားကို လူတစ်ယောက်က ကြိုတင် မှာထားပြီးပြီ မင်းကို ရောင်းလို့ မရဘူး"
ခေါင်းတလားဆိုင်ထဲတွင် ထိုအသံ ဆက်လက် ပဲ့တင်ထပ်နေသည်။
"ဒါဆို ဒီတစ်ခုကော"
ယန်ကျန့် ဘေးနားရှိ အခြား အနီရောင် ခေါင်းတလား တစ်လုံးပေါ်သို့ လက်ပြောင်းတင်လိုက်သည်။
"ဒါလည်း မှာထားပြီးပြီ"
"ဒီခေါင်းတလားကော"
"မှာထားပြီးပြီ"
"..."
ယန်ကျန့်သည် မည်သည့် အနီရောင် ခေါင်းတလားကို ရွေးချယ်သည်ဖြစ်စေ မှာထားပြီးပြီ ဆိုသော အဖြေကိုသာ ရရှိနေကြောင်း သတိထားမိလိုက်သည်။
သို့သော် တိုက်ဖိန် ရှေးဟောင်းမြို့ တစ္ဆေရေကန်၏ ရေလွှမ်းမိုးခံရပြီးနောက်ပိုင်း တစ္ဆေလမ်းမပေါ်သို့ လူရှင်များ လုံးဝ ရောက်မလာတော့ရာ မည်သူကများ အနီရောင် ခေါင်းတလားများကို တမင် လာမှာထားမည်နည်း။
ရှိခဲ့ရင်တောင် အနီရောင် ခေါင်းတလား အားလုံးကို ဝယ်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
"ဘယ်လိုလုပ်မှ အနီရောင် ခေါင်းတလား တစ်လုံးကို ငါ့ဆီ ရောင်းပေးမှာလဲ"
ယန်ကျန့် မျက်နှာ မည်းမှောင်ကာ မေးလိုက်သည်။
"ဒုတိယ ဖောက်သည်က ပထမ ဖောက်သည်ထက် စရန်ငွေ ပိုပေးမှသာ ကြိုတင် မှာထားတဲ့ ခေါင်းတလားကို ဝယ်လို့ ရမယ်"
ထိုအသံက ရှင်းပြလိုက်သည်။
"ဒီစကားရဲ့ အဓိပ္ပာယ်က ၁၀ ကျပ်တည်းနဲ့ ခေါင်းတလား တစ်လုံးကို ဝယ်လို့ မရတော့ဘူး ပိုက်ဆံ ထပ်ပေါင်းပေးရမယ် ဆိုတဲ့ သဘောပေါ့ ဟုတ်လား"
ယန်ကျန့် ဤခေါင်းတလားဆိုင်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။
အချိန်အတော်ကြာမှ ဈေးတင်ရောင်းဖို့ ကြံနေတာကိုး။
၁၀ ကျပ်နဲ့ ခေါင်းတလား တစ်လုံး ဆိုတာ ဖောက်သည်တွေကို ဆိုင်ထဲ ဝင်လာအောင် ဆွဲဆောင်တဲ့ အော်သံ သက်သက်ပဲ တကယ်တမ်း ဝယ်ချင်တဲ့ အချိန်ကျတော့ ဒီက ခေါင်းတလားတွေကို ၁၀ ကျပ်နဲ့ လုံးဝ ဝယ်လို့ မရဘူး အကုန်လုံးကို မှာထားပြီးပြီ ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။
"ငါ ပိုက်ဆံ ဘယ်လောက် ထပ်ပေါင်းပေးရမလဲ"
ယန်ကျန့် မကျေမနပ် ဖြစ်နေမှုကို အောင့်အည်း သည်းခံကာ မေးလိုက်သည်။
ခေါင်းတလားဆိုင်ထဲရှိ အသံက ပြန်ဖြေလိုက်သည်။
"အရင် ဖောက်သည်က စရန်ငွေ ၇ ကျပ် ပေးထားတယ် မင်းက အဲဒီထက် ပိုပေးရမယ်"
၇ ကျပ်
ဆိုလိုတာက ယန်ကျန့်က အနည်းဆုံး ၁ ကျပ် ထပ်ပေါင်းပေးမှ ရမယ် ဒီလိုဆိုရင် အနီရောင် ခေါင်းတလားရဲ့ ဈေးက ၁၈ ကျပ်ကို ပြန်ရောက်သွားပြီပေါ့။
နေပါဦး။
ယန်ကျန့် မကြာမီ မှားယွင်းနေသော အချက်တစ်ချက်ကို ထပ်မံ သတိထားမိသွားသည်။
သူ့လက်ထဲရှိ တစ္ဆေပိုက်ဆံများမှာ ၃ ကျပ်တန်နှင့် ၇ ကျပ်တန်များ ဖြစ်သည်။ ၁ ကျပ် ထပ်ပေါင်းပေးမည် ဆိုပါက လုံးဝ ပေး၍မရပေ။ ၃ ကျပ် ထပ်ပေါင်းကာ ၂၀ ကျပ် ပေးပြီး ခေါင်းတလားဆိုင်ကနေ ၂ ကျပ် ပြန်အမ်းတာကိုပဲ ယူရတော့မည် ဖြစ်သည်။
ဒါပေမဲ့ တစ္ဆေပိုက်ဆံမှာ ၂ ကျပ်တန် ရှိလို့လား။
မရှိဘူး ဆိုရင် ဒါက ခေါင်းတလားဆိုင်က ပိုက်ဆံ ပြန်မအမ်းဘဲ အဲဒီ ၂ ကျပ်ကို တိုက်ရိုက် စားပစ်မယ် ဆိုတဲ့ သဘောလား။
အကွက်တွေ…..
သောက်ကျိုးနည်း အကုန်လုံးက ရိုက်စားကွက်တွေချည်းပဲ… ဒါက ရိုးသားတဲ့ ခေါင်းတလားဆိုင် တစ်ဆိုင် လုံးဝ မဟုတ်ဘူး အလိမ်အညာ ဆိုင်ကြီး တစ်ဆိုင်ပဲ။
ဒါကြောင့်လည်း တရုတ်တိုင်းရင်းဆေးဆိုင် ပိုင်ရှင်က အရင်တုန်းက သူ့ကို စွမ်းရည်ရှိလာရင် ဒီခေါင်းတလားဆိုင်ကို ဓားပြတိုက်ပစ်ဖို့ အကြံပေးခဲ့တာကိုး။ ကြည့်ရတာ တရုတ်တိုင်းရင်းဆေးဆိုင် ပိုင်ရှင်လည်း ဒီခေါင်းတလားဆိုင်က မကောင်းတဲ့ ဆိုင်မှန်း သိနေလို့ပဲ ဖြစ်မယ်။ တကယ်လို့ စက္ကူရုပ်ဆိုင်လိုပဲ ရိုးရိုးသားသား ဈေးရောင်းပြီး လူတိုင်းကို မျှမျှတတ ဆက်ဆံမယ် ဆိုရင် ဘယ်သူကများ သူ့ကို ဓားပြတိုက်ချင်စိတ် ပေါ်လာမှာလဲ။
ယန်ကျန့် ဘဝမှာ အမုန်းဆုံးက လိမ်လည်လှည့်စားတဲ့ ကုန်သည်တွေ၊ အမြတ်ကြီးစားတဲ့ ကုန်သည်တွေပဲ။ အခု သူ ဒီခေါင်းတလားဆိုင်ကို မီးရှို့ပစ်ချင်တဲ့ စိတ်ကူးတောင် ပေါ်လာပြီ။
ဒါပေမဲ့ သူ တစ္ဆေနိုးထမယ့် အန္တရာယ်ကို ရင်ဆိုင်နေရတာကို သတိရပြီး ဒီဒေါသကို ခေတ္တ မြိုသိပ်ထားလိုက်ရတယ်။
"ငါ ၂၀ ကျပ် ပေးမယ် ဒီအနီရောင် ခေါင်းတလားကို ငါ့ဆီ ရောင်း"
ယန်ကျန့် မတတ်သာဘဲ အိတ်ကပ်ထဲမှ ၁၀ ကျပ်တန် တစ္ဆေပိုက်ဆံများကို ထပ်မံ ထုတ်ယူလိုက်ရသည်။
"သဘောတူတယ်"
ခေါင်းတလားဆိုင်ထဲမှ ထိုအသံ ချက်ချင်း ထွက်ပေါ်လာပြီး အနည်းငယ် အလျင်စလို ဖြစ်နေပုံရသည်။
ယန်ကျန့် မျက်နှာ မည်းမှောင်သွားပြီး ကောက်ကျစ်သော ကုန်သည်၏ အကြီးအကျယ် ခေါင်းပုံဖြတ်ခံလိုက်ရသည်ဟု ခံစားရကာ အလွန် နှမြောသွားသည်။
သူ့ကိုယ်သူ ဒီလိုပဲ နှစ်သိမ့်လိုက်ရတယ်။ သူ တစ္ဆေနိုးထမယ့် ပြဿနာကို ဖြေရှင်းပြီးရင် ဒီခေါင်းတလားဆိုင်ကို ပြန်လာပြီး စာရင်းရှင်းမယ်လို့ပေါ့။
ထိုသို့ တွေးနေစဉ်မှာပင် ခေါင်းတလားဆိုင်ထဲမှ အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။
"အနီရောင် ခေါင်းတလား တစ်လုံး ၂၀ ကျပ် ဒါပေမဲ့ မင်းက ခေါင်းတလား သယ်ခ ၄ ကျပ် ထပ်ပေးရမယ်"
ခေါင်းတလား သယ်ခ
ပြီးတော့ ၄ ကျပ်
ဒီခေါင်းတလားဆိုင်က ယန်ကျန့်ဆီကနေ ၆ ကျပ်တောင် ထပ်ပြီး ခေါင်းပုံဖြတ်ချင်နေသေးတာလား။
ဘာလို့လဲဆိုတော့ ၄ ကျပ်ကလည်း ပေးလို့ မရဘူးလေ ၃ ကျပ်တန် တစ္ဆေပိုက်ဆံ နှစ်ရွက်ပဲ ပေးရမှာ။
ယန်ကျန့် တစ္ဆေဆရာ ဖြစ်လာပြီးကတည်းက ခံစားချက်တွေ အများကြီး ခေါင်းပါးသွားပြီ ဖြစ်သော်လည်း ဤအခိုက်အတန့်တွင်မူ ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။
သူ မျက်နှာ မည်းမှောင်သွားပြီး စကားတစ်ခွန်းမျှ မဟဘဲ လက်ထဲရှိ ၂၀ ကျပ်တန် တစ္ဆေပိုက်ဆံများကို တိတ်တဆိတ် ပြန်သိမ်းလိုက်သည်။ ထို့နောက် လက်ထဲရှိ အနီရောင်လှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်တွင် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေမီးများ တစ်ပွင့်ပြီး တစ်ပွင့် စတင် ထွက်ပေါ်လာသည်။
ဒီအကြမ်းဆိုင်ကို လုံးဝ အလိုလိုက်ထားလို့ မရတော့ဘူး။ ဒီနေ့ သူ့ကို သေချာပေါက် ရှင်းပစ်ရမယ်။
အခန်း ၁၅၄၈ - ခေါင်းတလား လုခြင်း
ယန်ကျန့်သည် ဤအကြမ်းဆိုင်၏ အဆက်မပြတ် ဈေးတင်နေမှုကို ဆက်လက် သည်းမခံနိုင်တော့ပေ။ အကယ်၍ သူ တကယ် ပိုက်ဆံပေးပြီး ခေါင်းတလား တစ်လုံး ဝယ်မည် ဆိုပါက သူ၏ လက်ထဲရှိ ပိုက်ဆံများ အားလုံး ကုန်သွားလျှင်ပင် လောက်မည် မထင်ပေ။ ထိုသို့ဆိုမှတော့ ဤအကြမ်းဆိုင်ကို သူ ဆက်လက် အလိုလိုက်ထားစရာ မလိုတော့ပေ။
ယခုအခါ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေမီးများ ခေါင်းတလားဆိုင်ထဲတွင် ပျံ့နှံ့လာပြီး အချိန်ခဏလေးအတွင်း ဆိုင်တစ်ဆိုင်လုံးကို လွှမ်းခြုံသွားလုနီးပါး ဖြစ်သွားသည်။
မူလက ဝါကျင်ကျင်နှင့် မှောင်မိုက်နေသော ဆီမီးခွက်မှာလည်း ဤအချိန်တွင် တစ္ဆေမီး၏ အရောင်သို့ ကူးစက်သွားပြီး အဝေးမှ ကြည့်လျှင် ဤခေါင်းတလားဆိုင်မှာ မီးလောင်နေသကဲ့သို့ ဖြစ်နေသည်။
သို့သော် ယန်ကျန့်သည် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်များကြောင့် ဆိုင်တွင်းရှိ ခေါင်းတလားများကို တစ္ဆေမီး လောင်ကျွမ်းခြင်းမှ တမင် ရှောင်ရှားစေခဲ့သည်။
"မင်း တကယ် လုပ်တော့မလို့လား"
ဘေးနားရှိ လင်းယွင်ဟွေ့ အနည်းငယ် အံ့အားသင့်သွားသည်။ ယန်ကျန့် ဤမျှ ရဲတင်းစွာဖြင့် စကားမတည့်သည်နှင့် ခေါင်းတလားဆိုင်ထဲတွင် သဘာဝလွန် စွမ်းအားများကို တိုက်ရိုက် အသုံးပြုလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
ယန်ကျန့်၏ မျက်နှာထား ဆက်လက် မည်းမှောင်နေဆဲ ဖြစ်သည်။
"ငါက အရူးလုပ်ခံရတဲ့ အကျင့် မရှိဘူး ဒီခေါင်းတလားဆိုင်က အမြတ်ကြီးစား လုပ်ချင်ရင်လည်း သူ့မှာ အဲဒီ စွမ်းရည် ရှိမရှိ အရင် ကြည့်ရမှာပေါ့ ပြီးတော့ အရင်က ငါ ပြောခဲ့တယ်လေ ငါက ခေါင်းတလားဆိုင်ကို ဓားပြတိုက်ဖို့ စိတ်ကူးရှိတယ်လို့ ငါက ပါးစပ်ကပဲ ပြောတာလို့ မင်း ထင်နေတာလား ကောင်းပြီ ငါ အခု လှုပ်ရှားပြီ ဆိုတော့လည်း အားနာမနေတော့ဘူး ဒီနေ့ ဒီက ခေါင်းတလားတွေ အကုန်လုံးကို သယ်ထုတ်ပြီး ဒီဆိုင်ကို ဖျက်ဆီးပစ်မယ် ဒီခေါင်းတလားဆိုင်ကို ဒီကနေ့ကစပြီး တစ္ဆေလမ်းမပေါ်ကနေ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်"
သူ မလုပ်လျှင် မလုပ်ဘဲ နေမည်၊ လုပ်လျှင် အပြတ် လုပ်မည်။
ထိုသို့ ပြောရင်း သူသည် လက်တစ်ဖက် ဆန့်ထုတ်ကာ အနီရောင် ခေါင်းတလား တစ်လုံးကို မတင်လိုက်ပြီး ခေါင်းတလားဆိုင် အပြင်ဘက်သို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
သို့သော် ယန်ကျန့်၏ ဤလုပ်ရပ်က ခေါင်းတလားဆိုင်၏ အကြီးမားဆုံးသော တားမြစ်ချက်ကို ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။
အရင်ကတည်းက အခုချိန်ထိ ခေါင်းတလားဆိုင်ကို အောင်မြင်စွာ ဓားပြတိုက်နိုင်ခဲ့သော တစ္ဆေဆရာ ဆိုသည်မှာ မရှိခဲ့ဖူးပေ။ အရင်က သတ္တိကောင်းသူ အချို့ ရှိခဲ့နိုင်သော်လည်း ထိုသူများ အောင်မြင်ခဲ့ခြင်း မရှိဘဲ ခေါင်းတလားဆိုင်ထဲတွင်သာ သေဆုံးသွားခဲ့ကြသည်။
အချိန်တွေ ကြာမြင့်သွားပြီး ဤခေါင်းတလားဆိုင်မှာ ယခင်ကလောက် မခမ်းနားတော့သော်လည်း ယန်ကျန့်က ပိုက်ဆံမပေးဘဲ အနီရောင် ခေါင်းတလား တစ်လုံးကို ဒီအတိုင်း သယ်သွားမည်ကိုတော့ မျက်စိသူငယ်ဖြင့် ကြည့်နေမည် မဟုတ်ပေ။
ဝုန်း
ချက်ချင်းပင် ဟောင်းနွမ်းနေသော ခေါင်းတလားဆိုင် တံခါးကြီးမှာ ပိတ်သွားပြီး ကန့်လန့်ဖြတ် မင်းတုပ်များပါ အလိုအလျောက် ကျလာသည်။ သိသာသည်မှာ ယန်ကျန့်ကို ထွက်သွားခွင့် မပြုရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
"တံခါးတစ်ချပ်နဲ့ ငါ့ကို တားချင်တာလား" ယန်ကျန့် စကားမများတော့ဘဲ အခြား လက်တစ်ဖက်ကို မြှောက်ကာ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လှံရှည်ကို တွန့်ဆုတ်မနေဘဲ ခုတ်ပိုင်းချလိုက်သည်။
ထင်းခုတ်ဓားသည် သဘာဝလွန် အရာများနှင့် ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် အလွန် ထက်မြက်လာသည်။
ခေါင်းတလားဆိုင်၏ တံခါးကြီးမှာ သာမန် တံခါး မဟုတ်ဘဲ ခေါင်းတလား အဖုံး နှစ်ချပ်ကဲ့သို့ သဘာဝလွန် တံခါးကြီး တစ်ခု ဖြစ်ပြီး အပေါ်တွင် နားလည်၍ မရနိုင်သော ကြောက်မက်ဖွယ် တစ္ဆေများ ကပ်ငြိနေပုံရသည်။
ထင်းခုတ်ဓား ကျဆင်းလာသည်နှင့်အမျှ ယခုလေးတင် ပိတ်သွားသော တံခါးကြီးမှာ ချက်ချင်း အပိုင်းပိုင်း ကွဲအက်သွားပြီး တစ်ချိန်တည်းမှာပင် ထူးဆန်းသော စူးရှသည့် အော်သံများ ထွက်ပေါ်လာသည်။
ယန်ကျန့် ခေါင်းအနည်းငယ် ငုံ့ကြည့်လိုက်သည်။
ကွဲအက်သွားသော တံခါးရွက်များမှာ အနည်းငယ် လှုပ်ရှားနေပြီး သွေးများ စီးကျနေသည်ကို သူ တွေ့လိုက်ရသည်။ ထိုသစ်သားပြားများ၏ အတွင်းတွင် သစ်သားများ မဟုတ်ဘဲ နံစော်နေသော သွေးသား အပိုင်းအစများ မြှုပ်နှံထားခြင်း ဖြစ်သည်။
ကွဲအက်နေသော တံခါးရွက်များကို နင်းကာ ယန်ကျန့်သည် ခေါင်းတလားဆိုင်ထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားလိုက်သည်။
သို့သော် အပြင်သို့ ရောက်သွားသောအခါ အပြင်ဘက်တွင် အလွန် မှောင်မိုက်နေပြီး ရင်းနှီးသော တစ္ဆေလမ်းမမှာ လုံးဝ ပျောက်ကွယ်သွားကြောင်း သူ တွေ့လိုက်ရသည်။ သို့မဟုတ် ဤနေရာသည် တစ္ဆေလမ်းမ မဟုတ်တော့သည်လည်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် မလှမ်းမကမ်းရှိ အမှောင်ထုထဲတွင် ဝါကျင်ကျင်နှင့် မှောင်မိုက်နေသော ဆီမီးခွက် တစ်လုံး လေထဲတွင် ယိမ်းနွဲ့နေပြီး ထိုဆီမီးခွက်မှာ အလွန် ရင်းနှီးနေကာ အနောက်ဘက်ရှိ ခေါင်းတလားဆိုင်ထဲမှ ဆီမီးခွက်နှင့် တစ်ပုံစံတည်း ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့အပြင် ဆီမီးခွက်အောက်တွင် သစ်သားတံခါး တစ်ချပ် ရှိနေသည်။
ထိုသစ်သားတံခါး၏ ပုံစံမှာ ဟောင်းနွမ်းနေပြီး မင်းတုပ် သော့ခတ်ထားကာ စောစောက ယန်ကျန့် ခုတ်ပိုင်းလိုက်သော တံခါးပင် ဖြစ်သည်။
"တံခါးအပြင် ထွက်လာတာ ခေါင်းတလားဆိုင်ဆီ ပြန်ရောက်သွားတာလား" ယန်ကျန့်၏ တစ္ဆေမျက်လုံး အနည်းငယ် လှုပ်ရှားသွားပြီး အဝေးရှိ မြင်ကွင်းကို ခိုးကြည့်လိုက်ကာ ချက်ချင်း ခြေလှမ်း ရပ်တန့်လိုက်သည်။
ထို့နောက် သူ ဘယ်ညာ ကြည့်လိုက်ရာ ဤမှောင်မိုက်နေသော ဆိုင်အပြင်ဘက်တွင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။
အဝေးရှိ မှောင်မိုက်နေသော ဆီမီးခွက်ဆီသို့ သွားရာ လမ်းတစ်လျှောက် ဘယ်ညာ နှစ်ဖက်စလုံးတွင် ခေါင်းတလားများ အစီအရီ ချထားသည်။ ထို့အပြင် ဤခေါင်းတလားများမှာ အလွန် ဟောင်းနွမ်းနေပြီး အပေါ်ရှိ ဆေးများပင် အရောင်ကျွတ်နေပြီ ဖြစ်သည်။ အစိုးရိမ်ရဆုံးမှာ ခေါင်းတလား အတော်များများမှာ ပွင့်နေသော အနေအထား ဖြစ်နေပြီး ထိုပွင့်နေသော ခေါင်းတလားပေါက်များမှတစ်ဆင့် အတွင်းတွင် ကြောက်မက်ဖွယ်ကောင်းသော သဘာဝလွန် အရာများ နိုးထလာတော့မည့် အရိပ်အယောင်ကို ဝါးတားတား ခံစားနေရခြင်းပင် ဖြစ်သည်။
ဤခေါင်းတလားများမှာ အစီအရီ ရှိနေပြီး အရေအတွက် အလွန် များပြားလှသဖြင့် ကြက်သီးထစရာ ကောင်းလှသည်။
"ငါတို့ ရှေ့ကို နောက်ထပ် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရင် ခေါင်းတလားထဲက တစ္ဆေတွေ နိုးလာနိုင်တယ် အဲဒီအချိန်ကျရင် အဲဒီ တစ္ဆေတွေက ငါတို့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိမ့်မယ် ခေါင်းတလားဆိုင်ကို ဓားပြတိုက်တဲ့ လုပ်ရပ်က အရမ်း အန္တရာယ် များလွန်းတယ် မင်း သေချာ ပြန်စဉ်းစားသင့်တယ်"
လင်းယွင်ဟွေ့၏ အသံ အနောက်မှ ထွက်ပေါ်လာသည်။
ယန်ကျန့်က ပြောလိုက်သည်။
"ငါ ဟိုဘက်ကို လျှောက်သွားဖို့ မစဉ်းစားထားဘူး လျှောက်သွားရင်တောင် ခေါင်းတလားဆိုင်ကို ပြန်ရောက်သွားမှာပဲ အဲဒီအချိန်ကျရင် တံခါး တွန်းဖွင့်လိုက်ရင် တံခါးနောက်မှာ နောက်ထပ် ခေါင်းတလားဆိုင် တစ်ဆိုင် ရှိနေနိုင်တယ် ဒါက အဆုံးအစမရှိ လည်ပတ်နေတဲ့ သဘာဝလွန် အရာ တစ်ခုပဲ ဘယ်တစ္ဆေဆရာကိုမဆို ဒီမှာ ပိတ်လှောင်ပြီး သတ်ပစ်နိုင်တယ် ဒီကနေ ထွက်သွားချင်ရင် ခေါင်းတလားဆိုင်ထဲက သဘာဝလွန် လည်ပတ်မှုကို ချိုးဖျက်ပစ်ရမယ်"
သူ ခေါင်းတလားဆိုင်ထဲ ခြေချလိုက်သည့် အခိုက်အတန့်တွင် တစ္ဆေလမ်းမပေါ်တွင် မရှိတော့ဘဲ ခေါင်းတလားဆိုင် အတွင်းရှိ သဘာဝလွန် ကမ္ဘာထဲသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သူ နားလည်သည်။
သူတစ်ပါး နယ်မြေမှာ လှုပ်ရှားရင် ဘယ်လိုနည်းနဲ့မှ အောင်မြင်နိုင်မှာ မဟုတ်ဘူး။
"သဟဇာတ ဖြစ်မှ ဓနလာဘ် ရမယ် အဲဒီ ခေါင်းတလားကို ချထားလိုက် ပြီးတော့ တံခါးရွက်ဖိုး ၂၀ ကျပ် လျော်ပေးလိုက် ဒါဆို မင်းတို့ ထွက်သွားလို့ ရပြီ"
တိုးညှင်းသော အသံတစ်ခု ထပ်မံ ပဲ့တင်ထပ်လာသည်။ သို့သော် ဤတစ်ကြိမ်တွင် အသံမှာ အနောက်ဘက်ရှိ ခေါင်းတလားဆိုင်ထဲမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ ဆိုင်အပြင်ဘက်ရှိ မှောင်မိုက်သော ကမ္ဘာကြီးထဲမှ လွင့်ပျံလာခြင်း ဖြစ်သည်။
ထို့အပြင် ဤအသံ ပေါ်လာသည်နှင့်အမျှ တံခါးအပြင်ဘက်တွင် အတန်းလိုက် စီထားသော ခေါင်းတလား အတော်များများမှာ အနည်းငယ် တုန်ခါလာကြသည်။
"ငါ့ဆီက လျော်ကြေး လိုချင်တာလား အိပ်မက် မက်နေလိုက် မင်းလို ကောက်ကျစ်တဲ့ ကုန်သည် ၁၀ ကျပ်တန် ခေါင်းတလားကို ၂၄ ကျပ်အထိ ဈေးတင်ရောင်းတယ် ဒီနေ့ မင်းကို တစ်ပြားမှ မပေးဘူး စွမ်းရည်ရှိရင် ငါ့ကို သတ်ပစ်လိုက် မဟုတ်ရင် ဒီနေ့ မင်းရဲ့ ခေါင်းတလားဆိုင်ကို ငါ ပြောင်အောင် သယ်သွားမယ်"
ယန်ကျန့် ယခုအခါ ဆက်လက် သည်းမခံတော့ဘဲ ရိုင်းပျစွာ ပြန်လည် တုံ့ပြန်လိုက်သည်။
"၂၀ ကျပ်တော့ လျော်ပေးလိုက်ပါ အဲဒါက မင်းတို့ရဲ့ အသက်ကို ဝယ်မယ့် ပိုက်ဆံတွေပဲ"
ထိုတိုးညှင်းသော အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင် အသံမှာ တစ္ဆေတစ်ကောင် တိုးတိုးလေး ပြောနေသကဲ့သို့ အလွန် ကြောက်မက်ဖွယ် ကောင်းသွားသည်။
တစ်ချိန်တည်းမှာပင် တံခါးအပြင်ဘက် အမှောင်ထုထဲမှ ကျွီ ကျွီ ဆိုသော အသံများ ထွက်ပေါ်လာသည်။ ဤအသံများမှာ ခေါင်းတလား အဖုံးနှင့် ခေါင်းတလား ပွတ်တိုက်မိရာမှ ထွက်ပေါ်လာသော အသံများ ဖြစ်သည်။
ဆိုလိုသည်မှာ ခေါင်းတလား အတော်များများထဲရှိ အရာများ နိုးထလာနေပြီ ဖြစ်သည်။
အကယ်၍ အပြင်ဘက်ရှိ ခေါင်းတလား တစ်လုံးစီတိုင်းသည် တစ္ဆေတစ်ကောင်ကို ကိုယ်စားပြုနေမည် ဆိုပါက ဤအချိန်တွင် ယန်ကျန့် ရင်ဆိုင်ရမည့် အရေအတွက်မှာ မျှော်လင့်ချက် ကင်းမဲ့သွားလောက်အောင် များပြားနေမည် ဖြစ်သည်။
"မင်း ငါ့အချိန်တွေ နှောင့်နှေးအောင် လုပ်လို့ မင်းက ငါ့ကို ၂၀ ကျပ် ပြန်လျော်ပေးရမှာ မလျော်ပေးရင် မင်းရဲ့ ခေါင်းတလားဆိုင်ကို မီးရှို့ပြီး ခေါင်းတလားတွေကို အကုန် သယ်သွားမယ်"
ယန်ကျန့် အေးစက်စွာ ပြောလိုက်ပြီး သူ၏ တစ္ဆေမျက်လုံးကို လှည့်ကာ ပတ်ဝန်းကျင်ကို ခိုးကြည့်လိုက်သည်။
သူ၏ အမြင်အာရုံထဲတွင် လက်တွေ့ကမ္ဘာနှင့် သဘာဝလွန် နေရာ၏ နယ်နိမိတ်မှာ အတင်းအဓမ္မ ဖြိုခွဲခံလိုက်ရသည်။
သူသည် ထူးဆန်းသော ခေါင်းတလားဆိုင်ထဲတွင် ရှိနေဆဲ ဖြစ်သော်လည်း အမြင်အာရုံမှာမူ တစ္ဆေရေကန်၏ ရေလွှမ်းမိုးခံထားရသော တိုက်ဖိန် ရှေးဟောင်းမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဘေးနားရှိ လင်းယွင်ဟွေ့မှာ ယန်ကျန့်ကို ကြည့်ပြီး အလွန် အံ့အားသင့်နေသည်။
ဒီလောက် စိတ်လိုက်မာန်ပါ လုပ်ပြီး ရမ်းကားတတ်တဲ့ လူတစ်ယောက်က သဘာဝလွန် လမ်းကြောင်းပေါ်မှာ ဒီလောက် ဝေးဝေး လျှောက်လှမ်းနိုင်ခဲ့တယ် ဆိုတာကို သူမ ယုံကြည်ဖို့ ခက်ခဲနေသည်။
လက်ရှိ အခြေအနေမှာ ဘယ်လိုကြည့်ကြည့် မိမိအတွက် အကျိုးမရှိပေ။ ယခု အချိန်တွင် ပိုက်ဆံလျော်ပြီး ကိစ္စပြီးအောင် လုပ်လိုက်ခြင်းက အလွန် ပုံမှန် ဆုံးဖြတ်ချက် တစ်ခု ဖြစ်သည်။ သတ္တိနည်းသော လူအချို့သာဆိုလျှင် ဒူးထောက် ခေါင်းချပြီး တောင်းပန်လျှင်ပင် ဘာမှ မမှားဘူးဟု ထင်ကြပေမည်။
သို့သော် ယန်ကျန့်ကမူ လူကို အံ့သြစရာ အကောင်းဆုံး လုပ်ရပ်ကို ရွေးချယ်လိုက်သည်။
သို့သော် လင်းယွင်ဟွေ့က မတားဆီးဘဲ ယန်ကျန့်၏ ဤလုပ်ရပ်ကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကို သေတွင်းထဲ ပို့လောက်အောင် တုံးအသော လူ မရှိသောကြောင့် ဖြစ်သည်။
နောက်တစ်ခဏတွင်
ယန်ကျန့် လှုပ်ရှားလိုက်သည်။
သူ လက်တစ်ဖက်ဖြင့် အနီရောင် ခေါင်းတလားကို မတင်ကာ အရှေ့သို့ တိုက်ရိုက် ပစ်ပေါက်လိုက်သည်။
ကြီးမားသော အားကြောင့် ဤခေါင်းတလား အလွတ်ကြီးမှာ တိုက်ရိုက် လွင့်ထွက်သွားသည်။ သို့သော် လူကို ထင်မထားမိစေသည်မှာ ပစ်ပေါက်လိုက်သော အနီရောင် ခေါင်းတလားမှာ မြေကြီးပေါ်သို့ မကျဘဲ လေထဲတွင် အပေါက်ကြီး တစ်ခုကို အတင်း ဖောက်ထွက်သွားခြင်းပင် ဖြစ်သည်။
အပေါက်အပြင်ဘက်မှ အလင်းရောင်များ ဝင်ရောက်လာပြီး ပတ်ဝန်းကျင်ရှိ အမှောင်ထုကို ဖယ်ရှားပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုအပေါက်မှတစ်ဆင့် အပြင်ဘက် ကမ္ဘာကိုလည်း မြင်တွေ့နိုင်သည်။
၎င်းမှာ ရေလွှမ်းမိုးခံထားရသော ရှေးဟောင်းမြို့ တစ်မြို့ ဖြစ်သည်။
ဝုန်း
ကျယ်လောင်သော အသံကြီး တစ်သံနှင့်အတူ ခေါင်းတလားမှာ လက်တွေ့ကမ္ဘာရှိ တိုက်ဖိန် ရှေးဟောင်းမြို့မှ အိမ်တစ်လုံး၏ ခေါင်မိုးပေါ်သို့ ပြုတ်ကျသွားသည်။
"သဘာဝလွန် နေရာနဲ့ လက်တွေ့ကမ္ဘာရဲ့ နယ်နိမိတ်ကို ဒီလောက် လွယ်လွယ်လေး ဖြိုခွဲလိုက်တာလား"
လင်းယွင်ဟွေ့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး အံ့အားသင့်သွားသည်။
ဤကဲ့သို့သော လုပ်ရပ်မျိုးကို သမ္မတနိုင်ငံခေတ်က ဆိုလျှင် သူမ အံ့သြမည် မဟုတ်ပေ။ သို့သော် ဤခေတ်က လူတွေလည်း လုပ်နိုင်နေသည် ဆိုတော့ အနည်းငယ်တော့ မယုံနိုင်စရာ ကောင်းနေသည်။
အဘယ်ကြောင့်ဆိုသော် ဤခေတ်သည် တစ္ဆေနိုးထမှုနှင့် ရင်ဆိုင်ရသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသောကြောင့် ဖြစ်သည်။
တစ်နည်းဆိုရလျှင် ရှေ့ရှိ ယန်ကျန့်သည် နှစ်အနည်းငယ် အတွင်းမှာပင် ဤအခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
"အဲဒီမှာ ဘာကြောင်ကြည့်နေတာလဲ ခေါင်းတလားဆိုင်ကို ပြောင်အောင် သယ်ဖို့ ငါ့ကို မကူဘူးလား"
ယန်ကျန့် လင်းယွင်ဟွေ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အနောက်သို့ ပြန်လှည့်ကာ ခေါင်းတလားဆိုင်ထဲသို့ ပြန်ဝင်သွားပြီး အနီရောင် ခေါင်းတလား နောက်တစ်လုံးကို ထပ်မံ မတင်လိုက်သည်။
ထပ်မံ ပစ်ပေါက်လိုက်ပြန်သည်။
လက်တွေ့ကမ္ဘာနှင့် သဘာဝလွန် နေရာ၏ လမ်းကြောင်း မပိတ်သွားမီ ယန်ကျန့်သည် ခေါင်းတလား နောက်တစ်လုံးကို ထပ်မံ ပစ်ထုတ်လိုက်သည်။
လင်းယွင်ဟွေ့ ကြောင်အမ်းသွားသော်လည်း ချက်ချင်း သတိဝင်လာသည်။ သူမ၏ လှုပ်ရှားမှုမှာ ယန်ကျန့်ထက်ပင် ပိုမို မြန်ဆန်ပြီး ကျွမ်းကျင်နေသည်။ ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ သူမသည် ခေါင်းတလား ၃ လုံးကို တစ်ပြိုင်နက် ပစ်ထုတ်လိုက်သည်။
ခေါင်းတလား ၃ လုံးမှာ မျဉ်းတစ်ကြောင်းတည်း ဖြစ်သွားပြီး လမ်းကြောင်းကို ဖြတ်ကျော်ကာ လက်တွေ့ကမ္ဘာထဲသို့ ပြုတ်ကျသွားသည်။
ဤမျှ လွယ်ကူစွာ အောင်မြင်သွားသည်ကို မြင်သောအခါ လင်းယွင်ဟွေ့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင် အချို့ ပေါ်လာသည်။ သူမ ထပ်မံ လှုပ်ရှားလိုက်ပြီး ခေါင်းတလား နောက်ထပ် ၃ လုံးကို ထပ်မံ ပစ်ထုတ်လိုက်ပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင် ကံမကောင်းလှပေ။ ခေါင်းတလား နှစ်လုံးမှာ အပြင်သို့ လွင့်ထွက်သွားသော်လည်း နောက်ဆုံး တစ်လုံးမှာ ခေါင်းတလားဆိုင်ထဲသို့ ပြုတ်ကျသွားသည်။
လက်တွေ့ကမ္ဘာနှင့် သဘာဝလွန် နေရာ၏ လမ်းကြောင်းမှာ ယခုအခါ ပိတ်သွားပြီ ဖြစ်သည်။ အပြင်ဘက်ရှိ အမှောင်ထု၏ တိုက်စားမှုကြောင့် ယန်ကျန့် ဖွင့်ထားသော လမ်းကြောင်းမှာ ဆက်လက် မတည်တံ့နိုင်တော့ပုံရသည်။
"ဓားပြတွေ မင်းတို့ ဓားပြ နှစ်ယောက် ဒီမှာ သေချာပေါက် သေရမယ်"
အပြင်ဘက် အမှောင်ထုထဲမှ ထိုတိုးညှင်းသော အသံမှာ ယခုအခါ ဒေါသတကြီး ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များ အမှောင်ထုထဲတွင် ပေါ်ထွက်လာသည်။ ထိုပုံရိပ်များ စုဝေးကာ ခေါင်းတလားဆိုင်ထဲရှိ သူတို့ နှစ်ယောက်ဆီသို့ ပြေးဝင်လာကြသည်။
ထိုအခိုက်အတန့်တွင် တစ္ဆေ ဘယ်လောက်များများ လွတ်ထွက်လာမှန်း မသိနိုင်ပေ။
ယန်ကျန့် မျက်နှာသေဖြင့် လက်တွေ့ကမ္ဘာနှင့် သဘာဝလွန် နေရာ၏ နယ်နိမိတ်ကို ထပ်မံ ဖြိုခွဲကာ ခေါင်းတလား နောက်တစ်လုံးကို ထပ်မံ ပစ်ထုတ်လိုက်ပြန်သည်။ "သွား ဒီကနေ ထွက်သွား တွန့်ဆုတ်မနေနဲ့"
ထို့နောက် သူ တွန့်ဆုတ်မနေဘဲ ရှေ့သို့ တစ်လှမ်း တိုးကာ သဘာဝလွန် နေရာကို ဖြတ်ကျော်ပြီး ခေါင်းတလားဆိုင်မှ ထွက်ခွာကာ တိုက်ဖိန် ရှေးဟောင်းမြို့သို့ ပြန်လည် ရောက်ရှိသွားသည်။
"အရမ်း နှမြောစရာ ကောင်းတာပဲ"
လင်းယွင်ဟွေ့လည်း ထိုအခြေအနေကို မြင်သောအခါ အမြန် ဆုတ်ခွာလိုက်ရသည်။
ယန်ကျန့်က သေချာစေရန်နှင့် မမျှော်လင့်ထားသော ကိစ္စများ မဖြစ်စေရန် ထိုသို့ လုပ်လိုက်ခြင်း ဖြစ်ကြောင်း သူမ သိသည်။ မဟုတ်လျှင် သူမ နောက်ထပ် ခေါင်းတလား အများကြီး ထပ်လုနိုင်သေးသည်။
သူတို့ နှစ်ယောက် ပျောက်ကွယ်သွားသည်နှင့် ချက်ချင်းပင် ခေါင်းတလားဆိုင်ထဲရှိ တစ္ဆေမီးများ လျင်မြန်စွာ ငြိမ်းသွားပြီး ဟောင်းနွမ်းကာ ကြောက်မက်ဖွယ်ကောင်းသော အလောင်းကောင်များ လေထဲမှ ထွက်ပေါ်လာသကဲ့သို့ ဆိုင်တစ်ဆိုင်လုံး ပြည့်နှက်သွားကာ အရာအားလုံးကို မျိုချပစ်တော့မည့်ပုံ ပေါက်နေသည်။
သို့သော် နောက်ကျသွားပြီ ဖြစ်သည်။
ယန်ကျန့်သည် ခေါင်းတလားဆိုင်ကို အောင်မြင်စွာ ဓားပြတိုက်ပြီး တိုက်ဖိန် ရှေးဟောင်းမြို့သို့ ထွက်ပြေးလွတ်မြောက်သွားပြီ ဖြစ်သည်။
ထို့အပြင် ခေါင်းတလားဆိုင်တွင် စည်းကမ်းချက် အချို့ ရှိပုံရသည်။ ဤနေရာရှိ တစ္ဆေများက သူတို့ကို ခေါင်းတလားဆိုင် အပြင်ဘက်သို့ လိုက်လံ သတ်ဖြတ်ခြင်း မပြုကြပေ။
မကြာမီ မှောင်မိုက်နေသော ခေါင်းတလားဆိုင်ထဲတွင် နာကြည်းချက် အပြည့်ပါသော အသံတစ်ခု ပဲ့တင်ထပ်သွားသည်။
"ငါ့ခေါင်းတလားတွေကို ပြန်ပေး"