← Chapters

အခန်း (၉၉-၁၀၀)

Vol. 9 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 9 Ch. 99-100

အခန်း ၉၉ ကုယွင်ရဲ့ ညတိုက်ပွဲ

လရောင် ကင်းမဲ့သော ညအချိန်...

အထပ်နှစ်ထပ်ပါသော အဆောင်ငယ်လေး၏ ပြတင်းပေါက်များက တစ်ဝက်ပွင့်နေပြီး လူရိပ်အချို့ ရှိနေသည်။ တချို့က ထိုင်နေကြပြီး တချို့က မတ်တပ်ရပ်နေကြသည်။ စိတ်မရှည်သောသူ၊ တိတ်ဆိတ်နေသူ၊ အရာရာကို လျစ်လျူရှုထားသူ စသည်ဖြင့် ပုံစံအမျိုးမျိုး ရှိကြသော်လည်း သူတို့အားလုံး၏ မျက်လုံးများက သီးသန့်အိမ်တစ်လုံးရှိရာ တစ်နေရာတည်းသို့ စူးစိုက်ကြည့်နေကြသည်။

"ချုံရှီ (မနက် ၁ နာရီမှ ၃ နာရီ) တောင် ရောက်နေပြီ၊ ဘာလှုပ်ရှားမှုမှ မရှိသေးဘူး။ မင်းတို့ ခန့်မှန်းတာက အတိအကျ မှန်နိုင်ပါ့မလား!"

ချမ်ကျင်းက ပြတင်းပေါက်ဘောင်ကို မှီကာ သမ်းဝေရင်း မေးလိုက်သည်။

ကျွော့ချင်းက သူ့ကို စိုက်ကြည့်ရင်း ဟန့်တားလိုက်သည်။

"ပါးစပ်ပိတ်ထား!"

တစ်ညလုံး စောင့်ဆိုင်းပြီးနောက် ရလဒ်မထွက်လာသဖြင့် သူမ စိတ်ဓာတ်ကျနေချိန်တွင် သူက အဓိပ္ပာယ်မဲ့ လျှောက်ပြောနေသောကြောင့် ကျွော့ချင်း စိတ်အနှောက်အယှက် ဖြစ်နေခြင်းပင်။

သူမ၏ စိတ်အနှောင့်အယှက်ဖြစ်နေသော အကြည့်ကို မြင်လိုက်ရသောကြောင့် လို့ရှီးယန်က သူမ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ဘေးရှိ ခုံတန်းလျားပေါ်တွင် ထိုင်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ပင်ပန်းနေပြီလား"

ကျွော့ချင်းက ခေါင်းယမ်းလိုက်သည်။

"ကျွန်မ မပင်ပန်းပါဘူး။ ဒါပေမဲ့ ရှင် မနက်ဖြန် ညီလာခံသွားရမှာဆိုတော့ ဒီမှာနေရတာ အဆင်ပြေရဲ့လား။ မော့ပိုင်ရှိရင် ကျွန်မ အဆင်ပြေပါတယ်"

သူမက ကုယွင် မဟုတ်သော်လည်း တစ်ရက်နှစ်ရက် အိပ်ရေးပျက်ခြင်းကို ခံနိုင်ရည်ရှိသည်။ သို့သော် လို့ရှီးယန်က သူမနှင့်အတူရှိနေရန် သူ့ကိုယ်သူ တွန်းအားပေးနေခြင်းကိုတော့ သူမ စိုးရိမ်နေခဲ့သည်။

‘ဒီရက်တွေမှာ သူ နေမကောင်းမဖြစ်ခဲ့ပေမယ့် သူ့ကျန်းမာရေးက အမြဲတမ်း အရမ်းကောင်းမွန်နေတာတော့ မဟုတ်ဘူး။ သူမက အဆင်ပြေနေပေမယ့် သူ့အတွက်တော့ စိုးရိမ်နေမိတယ်’

လို့ရှီးယန်က ပြုံးနေပြီး အသံတိုးတိုးဖြင့် ထပ်ပြောလာခဲ့သည်။

"ဧကရာဇ်က ကိုယ့်ကို ရှန်လူကြီးမင်းကို ကူညီဖို့ အမိန့်ပေးထားတာလေ။ အဲဒါကြောင့် လူသတ်သမားကို ဖမ်းတဲ့နေရာမှာ ရှိနေရမှာက ကိုယ့်တာဝန်ပဲ"

သူက ပြောနေရင်းဖြင့် သူမခေါင်းကို သူ့ပခုံးပေါ် မှီပေးလိုက်သည်။

"မျက်လုံးလေး ခဏမှိတ်ပြီး နားနေလိုက်နော်၊ တစ်ခုခု ဖြစ်လာရင် ကိုယ် နှိုးပေးမယ်"

သူ၏ ပိန်ပါးသော ပခုံးကို မှီထားရသည်က သက်တောင့်သက်သာ မရှိသော်လည်း လို့ရှီးယန်၏ နူးညံ့သိမ်မွေ့မှုက ကျွော့ချင်း၏ နှလုံးသားကို နွေးထွေးသွားစေသည်။

ယဲ့မိန်၏ အနီရောင်ဝတ်စုံက မှောင်မိုက်သောညတွင် ပြိုးပြိုးပြက်ပြက် လက်နေဆဲ ဖြစ်သည်။ သူမက အကြည့်ကို ပြန်လွှဲပြီး လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေရင်း ထောင့်စွန်းတွင် ရှိနေသော အပြာရောင်မျက်လုံးတစ်စုံရှိရာသို့ အကြည့်ရောက်သွားပြန်သည်။

"တစ်ယောက်ယောက် ရှိတယ်!"

ချမ်ကျင်းက ရုတ်တရက် အော်လိုက်ပြီး အားလုံး ထိတ်လန့်သွားကာ ပြတင်းပေါက်သို့ ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။

သူတို့ တစ်ညလုံး စိုက်ကြည့်နေသည့် အိမ်ထဲသို့ အနက်ရောင်အရိပ်တစ်ခု ခုန်ဝင်သွားပြီး နံရံမှ ခုန်ကျော်ကာ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့က မြင့်သောနေရာတွင် ရှိနေသဖြင့်သာ မြင်နေရခြင်း ဖြစ်သည်။

ချမ်ကျင်းက စိုးရိမ်တကြီးဖြင့် မေးမြန်းနေပြန်သည်။

"ငါတို့ သူ့နောက်ကို လိုက်သွားသင့်လား!"

လို့ရှီးယန်က အေးအေးဆေးဆေး ညွှန်ကြားလိုက်သည်။

"ချမ်ကျင်း၊ သူ့နောက်ကို လိုက်သွား။ ဒါပေမယ့် မြွေကို ခြောက်လှန့်သလိုမျိုး မဖြစ်စေနဲ့။ မင်းက သူ့ရဲ့ မျက်ကွယ်မှာပဲနေ၊ အရမ်းလည်း မဝေးသွားစေနဲ့"

‘သူ ဘာပြစ်မှုမှ မကျူးလွန်ရသေးရင် အခုဖမ်းလိုက်လည်း အသုံးမဝင်ဘူး’

"ဟုတ်ကဲ့"

ချမ်ကျင်း၏ အရိပ်က အနက်ရောင်ဝတ်လူ၏ နောက်သို့ အနီးကပ် လိုက်ပါသွားခဲ့သည်။

လို့ရှီးယန်က စုအိမ်တော်၏ နောက်ဘက်ခြံကို စိုက်ကြည့်နေရင်း ထပ်ညွှန်ကြားလိုက်ပြန်သည်။

"မော့ပိုင်၊ ယဲ့မိန်၊ မင်းတို့နှစ်ယောက် ဒီမှာပဲ ဆက်နေကြ။ ရန်သူက နောက်ကွယ်ကနေ ဖြားယောင်းမယ့် ထောင်ချောက်ထဲကို မကျသွားပါနဲ့"

မော့ပိုင်၏အေးစက်စက် အသံထွက်ပေါ်လာသည်။

"ဟုတ်ကဲ့"

ယဲ့မိန်က မျက်နှာဖုံး ဝတ်ထားသောကြောင့် သူမ၏အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ သူမ ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြလိုက်သည်ကိုသာ မြင်လိုက်ရသည်။

လို့ရှီးယန်က အားလုံး စီစဉ်ပြီးပြီ ဖြစ်သောကြောင့် ကျွော့ချင်း စိုးရိမ်စရာ မလိုတော့ပေ။

"အခု စစ်သူကြီးအိမ်တော်ကို အမြန်သွားရမှာလား"

ကျွော့ချင်းက ကုယွင်အတွက် စိုးရိမ်နေမိသည်။ စစ်သူကြီးအိမ်တော်တွင် စုလင်းနှင့် အောက်ထျန်းတို့ ရှိနေသော်လည်း လူသတ်သမား၏ ထူးဆန်းသော နည်းလမ်းများကြောင့် သူမ စိတ်မအေးနိုင်ဖြစ်နေရသည်။

"အင်း!"

လို့ရှီးယန်က သူမ၏လက်ကိုကိုင်ကာ သက်တော်စောင့်များ၏ အစောင့်အကြပ်ဖြင့် စစ်သူကြီးအိမ်တော်ဆီသို့ အမြန်ဦးတည်လိုက်ကြသည်။

........။........။.......

စစ်သူကြီးအိမ်တော်တွင်...

ကျယ်ဝန်းသော အခန်းထဲ၌ ခုတင်ကြီးတစ်လုံး၊ စားပွဲအနိမ့်လေးတစ်လုံးမှအပ မလိုအပ်သော အလှဆင်မှုများ မရှိပေ။ ယနေ့ညတွင် လရောင်မရှိသော်လည်း ပိတ်ပါးစများ မရှိသဖြင့် အခန်းတွင်းမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နေရဆဲဖြစ်သည်။ ခုတင်ပေါ်တွင် အမျိုးသမီးတစ်ဦး ဘေးတစ်စောင်း လဲလျောင်းနေပြီး သူမ အိပ်ပျော်နေပုံရသည်။

ရာသီဥတု ပူပြင်းသဖြင့် သစ်သားပြတင်းပေါက်နှစ်ပေါက်ကို ဖွင့်ထားပြီး ညလေက အခန်းထဲကို အလွယ်တကူ ဝင်ရောက်တိုက်ခတ်နေသည်။ ထိုလေနှင့်အတူ အနက်ရောင် အရိပ်တစ်ခုက အခန်းထဲသို့ အလွယ်တကူ ဝင်ရောက်လာခဲ့သည်။

ထိုအရိပ်က ခုတင်ဆီသို့ ချက်ချင်းမသွားဘဲ အတန်ကြာ ရပ်ကြည့်နေပြီးမှ အိပ်ပျော်နေသူကို စိုက်ကြည့်ရင်း ရပ်တန့်နေပြန်သည်။

နောက်ပိုင်းတွင် ထိုအရိပ်က စားပွဲပေါ်မှ ကြွေခွက်ကို မြေပြင်ပေါ်သို့ ဆောင့်ချလိုက်သည်။ "ခွမ်း!" ခနဲ ထွက်ပေါ်လာသော အသံက တိတ်ဆိတ်သောညအချိန်ကြောင့် အလွန် ရှင်းလင်းပြတ်သားနေသည်။ ကုယွင်၏ မျက်လုံးများ ချက်ချင်း ပွင့်လာချိန်တွင် ထိုအရိပ်က ပြတင်းပေါက်မှ ပြန်ထွက်ရန် ကြိုးစားနေပြီ ဖြစ်သည်။

"မင်း ရောက်လာပြီးမှ ချက်ချင်း ပြန်ထွက်သွားချင်တာလား!"

ကုယွင်၏အသံက ကြည်လင်နေပြီး အိပ်ရာနိုးစ စိတ်ရှုပ်ထွေးမှုမျိုး လုံးဝမရှိပေ။ အရိပ်မည်း၏ခြေထောက်များမှ အရှိန်က ပို၍ မြန်ဆန်လာပြီး ကုယွင်က ခုတင်စွန်းပေါ်မှ ထရပ်လိုက်ကာ အရိပ်မည်းဆီသို့ ခုန်အုပ်လိုက်သည်။ သူမက အနက်ရောင်ဝတ်ရုံပိုင်ရှင်ကို အနောက်မှ သိုင်းဖက်လိုက်ပြီး လည်ပင်းညှစ်ထားလိုက်သည်။ အနက်ရောင်ဝတ်ရုံရှင်က ကုယွင်၏ တုံ့ပြန်မှုကြောင့် အံ့သြသွားပုံရသော်လည်း ကုယွင်၏ ဝမ်းဗိုက်ကို ပြန်လည်တိုက်ခိုက်ရန် ကြိုးစားနေသည်။ ကုယွင်ကလည်း သူမ၏ဒူးကို သုံးကာ ထိုလူ၏နောက်ကျောကို ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်လိုက်သည်။

အနက်ရောင်ဝတ်ရုံပိုင်ရှင်၏မျက်လုံးများက မဲမှောင်လာပြီး သူ့လက်များက သူ့ခါးဆီသို့ ရွေ့လျားသွားခဲ့သည်။ ငွေရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်ကို ကုယွင် သတိထားလိုက်မိသည်။ ထိုလူက ဓားကို ထုတ်သုံးလိုက်ခြင်းပင်။ ကုယွင် နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း အနက်ရောင်ဝတ်ရုံပိုင်ရှင်၏ အခြားလက်တစ်ဖက်က သူမ၏လက်မောင်းကို ဆုပ်ကိုင်ထားသောကြောင့် သူမ နောက်ဆုတ်ရန် အခွင့်အရေး မရှိတော့ပေ။ ကုယွင်က တိတ်တဆိတ် အံကြိတ်လိုက်ပြီး အနက်ရောင်၀တ်စုံနှင့်လူ၏ ရှေ့သို့ တိုးကပ်ရန် ဆုံးဖြတ်လိုက်သည်။ သူမက ထိုလူထက် အရပ်ပုသောကြောင့် ဓားကို အလွယ်တကူ ရှောင်တိမ်းနိုင်မည် ဖြစ်သည်။

သို့သော် သူမ မလှုပ်ရှားနိုင်သေးခင်မှာပင် ရုတ်တရက် သူမ၏ခါးတစ်ဝိုက်မှ တင်းကျပ်မှုတစ်ခု ခံစားလိုက်ရပြီး သူမ သတိဝင်လာချိန်တွင် လက်ကြီးနှစ်ဖက်က သူမကို ပွေ့ဖက်လိုက်ပြီး ထိုလက်တစ်စုံက ငွေရောင်အလင်းတန်းကို ကြားဖြတ်ဟန့်တားလိုက်သည်။ စွဲမက်ဖွယ်ကောင်းသော ရနံ့တစ်ခုက တစ်ခန်းလုံးကို လွှမ်းခြုံသွားပြီး သူ့လက်ချောင်းထိပ်တွင် အနီရောင်အရည်များ ရွှဲနစ်နေသည်။ ကုယွင်က သူမဘေးမှ အနက်ရောင်အဝတ်အစား ဝတ်ထားသော ငွေရောင်ဆံပင်ပိုင်ရှင် အောက်ထျန်းကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်နှာက ဖြူဖျော့အေးစက် နေသော်လည်း၊ နာကျင်မှု အရိပ်အယောင် အနည်းငယ်မျှတောင် မမြင်ခဲ့ရပေ။ ရွဲစိုနေသော သွေးများက သူ့သွေးများ မဟုတ်သလို ဖြစ်နေခဲ့သည်။ အမှောင်ညတွင် ထိုလူက လျှို့ဝှက်ဆန်းကြယ်သော ဆွဲဆောင်မှုတမျိုး ထုတ်ပေးနေသောကြောင့် ကုယွင်တစ်ယောက် အနည်းငယ် စိတ်ရှုပ်သွားရပြီး အနက်ရောင်ဝတ်ရုံပိုင်ရှင်ကိုလည်း အာရုံလွဲသွားစေခဲ့သည်။

အောက်ထျန်းက သူ့လက်ဖဝါးမှ စွမ်းအားတစ်ခုကို စုစည်းလိုက်ပြီး သူ့လက်ကို လှည့်လိုက်ရာ အနက်ရောင်ဝတ်ရုံပိုင်ရှင်က သူ့ထံမှ အလွန်ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး ထိတ်လန့်သွားကာ ပြတင်းပေါက်ဆီသို့ ခုန်ဆင်းသွားသည်။

သို့သော် ခြံဝင်းထဲတွင် လှံရှည်များ ကိုင်ဆောင်ထားသော စစ်သည်များက အဆင်သင့် စောင့်ကြိုနေလေပြီ။ ဤသည်က လိပ်ကို အိုးထဲထည့် ဖမ်းခြင်းပင်။ အနက်ရောင်၀တ်ထားသည့်လူက သူ့ကို ဖမ်းဖို့ အစီအစဥ်ကောင်းတစ်ခု ရှိနေမှန်း နားလည်သွားပြီး သူ့မျက်လုံးများကို မှိတ်ချလိုက်သည်။

‘တကယ်တော့ သူ့ကို ထောက်ချောက်ထဲ ဝင်လာစေချင်တာ မဟုတ်ရင် စစ်သူကြီးအိမ်တော်ဆိုတာ အလွယ်တကူ ဝင်လို့ရနိုင်မယ့်နေရာ မဟုတ်ဘူးလေ’

ကုယွင်က ခုတင်ပေါ်မှ ပိုးသားပုဝါကို ဆွဲယူပြီး အရှည်ဖြစ်အောင် ဆုတ်ဖြဲလိုက်ကာ အောက်ထျန်း၏ သွေးထွက်နေသော လက်ကို ပတ်ရစ်ပေးနေရင်း စိုးရိမ်တကြီး မေးလိုက်သည်။

"အဆင်ပြေရဲ့လား!?"

သွေးများက ဖြူစင်သော ပိုးသားပုဝါစကို အနီရောင်အဖြစ်သို့ အလျင်အမြန် ဆေးဆိုးပေးလိုက်သည်။ အောက်ထျန်းက သူ့လက်ကို ပြန်ဆွဲယူလိုက်ပြီး အေးစက်စက်လေသံဖြင့် ပြန်ဖြေလိုက်သည်။

"ရတယ်"

ထိုစကားကို ပြောပြီးနောက် သူက နောက်ကို ပြန်လှည့်မကြည့်တော့ဘဲ အခန်းထဲမှ ပြန်ထွက်သွားသည်။ ထိုအရာက ကုယွင်ကို အံ့သြသွားစေခဲ့သည်။

‘ဒီလူရဲ့အမူအရာက ထူးဆန်းလွန်းလှချီလား’

ထိုအချိန်တွင် မည်သူမှ သတိမထားမိသော ထောင့်စွန်းတစ်နေရာမှ စူးရှသော မျက်လုံးတစ်စုံတွင် ရှုပ်ထွေးသော အလင်းတန်းများ လင်းလက်လာခဲ့သည်။ ထိုသူက ဓားရှည်ကြီးကို ဆုပ်ကိုင်ထားသော စုလင်း ဖြစ်သည်။

သူ အနည်းငယ် နောက်ကျသွားခဲ့ပုံရပြီး သူ ကုယွင်၏ခြံဝင်းအတွင်းသို့ တစ်ခါမှ မရောက်လာဖူးသလို ပုံစံဖြင့် ဘာအမူအရာမှ မရှိဘဲ အေးအေးဆေးဆေး ပြန်ထွက်သွားလေသည်။

ခြံဝင်းထဲတွင် မီးတိုင်များဖြင့် လင်းထိန်နေသည်။ စစ်သည်များ ဝိုင်းရံထားသော အနက်ရောင်ဝတ်ရုံရှင်ကမူ ရုန်းမထွက်တော့ဘဲ ကုယွင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

"ငါ မင်းကို လျှော့တွက်ခဲ့မိတယ် သခင်မလေး"

အနက်ရောင်ဝတ်ရုံပိုင်ရှင်က ကြည်လင်ပြီး ငြိမ့်ညောင်းသော အမျိုးသမီး အသံဖြင့် ပြောလာခဲ့သည်။

အနက်ရောင်ဝတ်ရုံပိုင်ရှင်က သူမ၏ပေါ့ပါးသောလက်ဖြင့် သူမမျက်နှာပေါ်မှ အနက်ရောင်မျက်နှာဖုံးကို ချွတ်လိုက်ရာ ပန်းပွင့်ကဲ့သို့ နူးညံသိမ်မွေ့ပြီး ကျောက်စိမ်းကဲ့သို့ အဖိုးတန်သော မျက်နှာတစ်ခု ပေါ်လာသည်။

"အဲဒါ မင်းပဲ?!”

......။.......။.....

တရားရေးဝန်ကြီးဌာန၏ ဧည့်ခန်းမဆောင်အတွင်း၌...

မိုးသောက်အလင်းရောင်က တိမ်တိုက်များကို ဖြတ်ကျော်ဝင်ရောက်လာကာ နေ့သစ်တစ်ခုသို့ ကူးပြောင်းလာပြီဖြစ်ကြောင်း ညွှန်ပြနေသည်။ တစ်ညတာလုံး ကုန်ဆုံးခဲ့သော်လည်း အခန်းထဲရှိ မည်သူမျှ မောပန်းနွမ်းနယ်နေခြင်း မရှိကြပေ။ နှစ်လကြာအောင် လိုက်လံစုံစမ်းခဲ့ရသည့် ရက်စက်ကြမ်းကြုတ်သော လူသတ်သမားကို ဖမ်းမိခဲ့ပြီ ဖြစ်သည်။

မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကုယွဲ့ရှင်း၏ မျက်နှာပေါ်တွင် တည်ငြိမ်မှုများသာ ရှိနေပြီး ကြောက်ရွံ့ထိတ်လန့်ခြင်းမျိုး လုံးဝမတွေ့ရပေ။ သူမက ဝန်ထုပ်ဝန်ပိုးတစ်ခု ပေါ့သွားသည့်အလား စိတ်သက်သာရာရနေပုံမျိုးပင် ရှိနေခဲ့သည်။

ကုယွင်က သူမ၏ လှပအေးစက်သော မျက်နှာကို စိုက်ကြည့်ရင်း မေးလိုက်သည်။

“ဘာလို့ ငါ့ကို သတ်ချင်တာလဲ?”

ကုယွဲ့ရှင်းက ခေါင်းမော့ကာ စက်ဆုပ်ရွံရှာသော လေသံဖြင့် ပြန်ပြောလာသည်။

“မူဖုန်းကို သွေးဆောင်ဖို့ ကြိုးစားနေတဲ့ မင်းလို မြေခွေးမမျိုးက သေရင်တောင် မလုံလောက်သေးဘူး!”

ကုယွင်၏ မျက်လုံးများက တဖျပ်ဖျပ် လက်သွားပြီး နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။

“အရှေ့က မိန်းကလေးတွေကိုရော ရှင်သတ်လိုက်တာလား?”

ဤတစ်ကြိမ်တွင် သူမက ခေါင်းပင်မမော့တော့ဘဲ အေးစက်စက်အသံဖြင့် ပြန်ဖြေလိုက်သည်။

“သူတို့အားလုံးက သေဖို့ ထိုက်တန်တယ်။ မူဖုန်းဆီက အကြံဉာဏ်ယူဖို့ သူတို့ကို ဘယ်သူက တောင်းဆိုခဲ့လို့လဲ!”

ရှန်ယုလန်က ဝင်မေးလိုက်သည်။

“ကုယွဲ့ရှင်း... မင်းရဲ့အပြစ်ကို ဝန်ခံနေတာလား?”

ကုယွဲ့ရှင်းက သူမ၏ခေါင်းကို ဖြည်းညှင်းစွာ ပြန်မော့လိုက်ပြီး အမြင့်တွင် ထိုင်နေသော ရှန်ယုလန်ကို စိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

“နင်တို့ ငါ့ကို ဖမ်းမိပြီဆိုမှတော့ ငါမှာ ပြောစရာ မရှိတော့ဘူး”

‘မှားနေသေးတယ်.... သူမက သတ်ခဲ့လားဆိုတဲ့ မေးခွန်းကို အတိအကျ ပြန်မဖြေခဲ့ဘူး။ သူမရဲ့ အကြည့်တွေထဲမှာ သေဆုံးသွားတဲ့သူတွေအပေါ် မုန်းတီးခြင်းတွေ ရှိနေရမယ့်အစား ရွံရှာမှု နည်းနည်းလေးပဲ ရှိနေတယ်၊ ဒီလောက်နဲ့ အဲ့လို ရက်စက်တဲ့ လူသတ်နည်းကို သူမ ရွေးချယ်ခဲ့ပါ့မလား’

ကုယွင်က ကုယွဲ့ရှင်း၏ရှေ့တွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ ထပ်မေးလိုက်သည်။

“အခု မေးနေတာက သတ်ခဲ့လား၊ မသတ်ခဲ့ဘူးလား ဆိုတာပဲ။ အရင်က နှလုံးခိုးယူခဲ့တဲ့ အမှုသုံးခုအတွက် ရှင့်မှာ တာဝန်ရှိတာလား? သူတို့ကို ရှင်သတ်လိုက်တာလား?”

ကုယွဲ့ရှင်းက စိတ်မရှည်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

“ငါ ခုနက ပြောပြီးပြီ...”

“ဟုတ်လား၊ မဟုတ်လား?”

ကုယွင်က သူမကို ဆက်ပြောခွင့် မပေးဘဲ သူမ မေးချင်သည့် မေးခွန်းကိုသာ ထပ်တလဲလဲ မေးနေခဲ့သည်။

ကုယွဲ့ရှင်းက သူမရှေ့မှ မိန်းကလေး၏ အကြည့်ကို ရင်မဆိုင်နိုင်တော့ပေ။ ထိုမျက်လုံးများက အောက်ခြေမရှိသော အေးစက်သည့် ရေကန်တစ်ခုကဲ့သို့ သူမကို မလုံမလဲ ဖြစ်စေသည်။ နောက်ဆုံးတွင် သူမက အံကြိတ်ကာ အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်!”

ကုယွင်က ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ကျွော့ချင်းကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။ ဤအမျိုးသမီးက လိမ်ညာနေခြင်းပင်။ သို့သော် သူမကိုယ်တိုင်က အပြစ်ရှိကြောင်း အခိုင်အမာ ဝန်ခံနေသဖြင့် သူမ လိမ်နေသည်ကို သက်သေပြရန် မဖြစ်နိုင်တော့ပေ။

ကျွော့ချင်းက မျက်မှောင်ကြုတ်ကာ ဝင်မေးသည်။

“ရှင်သုံးတဲ့ လူသတ်လက်နက်က ဘာလဲ?”

“ပါးလွှာချွန်ထက်တဲ့ ဓားမြှောင်”

ကုယွဲ့ရှင်းက အလျင်အမြန် ပြန်ဖြေလိုက်သည်။ ရုံးတော်အမှုထမ်းများက သူမထံမှ သိမ်းဆည်းရမိသော ဓားမြှောင်ကို ရှန်ယုလန်ထံ ပေးလိုက်ကြသည်။

ကျွော့ချင်းက ထိုဓားကို တစ်ချက်သာ ကြည့်လိုက်ပြီး ဓား၏ အလျားနှင့် အထူမှာ သေဆုံးသူများ၏ ဒဏ်ရာနှင့် ကိုက်ညီကြောင်း သိနိုင်ခဲ့သည်။

ရှန်ယုလန်က ဆက်မေးသည်။

“အတွင်းဆောင်ထဲက လူတစ်ယောက်ကို ဘယ်လိုနည်းနဲ့ သတ်လိုက်တာလဲ?”

ထိုအရာက သူတို့ မသိနိုင်သည့် အရာတစ်ခု ဖြစ်ပြီး ချင်းမိသားစုမှ ညီအစ်မများ၏ မေးခွန်းများကလည်း ကုယွဲ့ရှင်းကို သံသယရှိနေကြောင်း ပြသနေသည်။ သူမက အမှန်တကယ် လူသတ်သမားဖြစ်သည်ကို သူလည်း လုံးဝ မယုံကြည်ပေ။ သို့သော် လူသတ်လက်နက်က ဤနေရာတွင် ရှိနေခဲ့သည်။ သို့တိုင်အောင် သူမက လူသတ်သမား မဟုတ်ပြန်ပေ။

ကုယွဲ့ရှင်းက ရယ်မောလိုက်ပြီး မောက်မောက်မာမာ ပြန်ဖြေလိုက်သည်။

“ဒါက ဘာခက်လို့လဲ၊ ငါတို့ ကုယွဲ့မိသားစုမှာ ဆေးပညာကျွမ်းကျင်မှုတွေ ရှိတဲ့အပြင် အကျွမ်းကျင်ဆုံး စွမ်းရည်က စိတ်ညှို့တာပဲ။ သူတို့နဲ့အတူရှိနေတဲ့ အစေခံမလေးတွေကို နည်းနည်းလောက် စိတ်ညှို့လိုက်ရင် သူတို့က ငါ့အတွက် တံခါးအဖွင့်အပိတ် လုပ်ပေးလိမ့်မယ်။ ပြီးရင် သူတို့ဘာသာ သူတို့တောင် ဘာဖြစ်သွားမှန်း သိမှာ မဟုတ်ဘူး”

ချန်ဟန့်၏ မျက်လုံးများက ပြူးကျယ်သွားကာ မယုံကြည်နိုင်သောအမူအရာဖြင့် အော်ပြောလိုက်သည်။

"ဒီမိန်းကလေးတွေက မင်းရဲ့လှည့်စားမှုအောက်မှာ ရှိနေလို့ သူတို့နှလုံးသားတွေကို ဖြတ်တောက်ခံနေရတာကို မလှုပ်မယှက် ကြည့်နေခဲ့ကြတာလား?? ဒါက မဖြစ်နိုင်ဘူး! မင်းရဲ့စိတ်ညှို့နည်းက တကယ်ပဲ အဲဒီလောက်တောင် စွမ်းတာလား??”

‘သူမရဲ့ စိတ်နှလုံးထဲကနေ ထွက်ပေါ်လာပုံရတဲ့ မောက်မာမှုတွေက လိမ်ညာနေတာမျိုး မဟုတ်ဘူး။ အဲလိုဆိုရင် အဲ့အတတ်ပညာက အမှန်တကယ်ပဲ အစွမ်းထက်နေတာလား??’

ကျွော့ချင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။

"ငါတို့ကို လက်တွေ့လုပ်ပြ"

‘ဆေးပညာနယ်ပယ်မှာ အိပ်မွေ့ချခြင်းလို့ခေါ်တဲ့အရာကို စိတ်ညှို့ခြင်းလို့ ထင်ယောင်ထင်မှား ဖြစ်နေတာလား??!,

ကုယွဲ့ရှင်းက မျက်နှာလွှဲလိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။

"ငါ မလုပ်ပြနိုင်ဘူး၊ ဒါက ငါတို့ကုယွဲ့မိသားစုရဲ့ ထူးခြားတဲ့ လျှို့ဝှက်စွမ်းရည်ပဲ"

“လျှို့ဝှက်စွမ်းရည် ဟုတ်လား?!”

ကျွော့ချင်းက မျက်ခုံးပင့်ကာ အကဲခတ်သည့်ပုံစံဖြင့် ဆက်မေးလိုက်သည်။

"ရှင် နှလုံးသားတွေကို ဖြတ်ထုတ်တဲ့အခါ ဘယ်ကနေ ညာကို ဖြတ်တာလား? ဒါမှမဟုတ် ညာကနေ ဘယ်ကိုလား? သွေးကြောတွေကို အရင်ဖြတ်ပြီးမှ နှလုံးကို ထုတ်လိုက်တာလား၊ ဒါမှမဟုတ် နှလုံးကို အရင်ထုတ်ပြီးမှ သွေးကြောတွေကို ဖြတ်လိုက်တာလား???"

"ငါ..."

ကုယွဲ့ရှင်းတစ်ယောက် ထိတ်လန့်သွားပြီး သူမ၏မျက်လုံးများထဲတွင် တုန်လှုပ်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။

"ရှင် မသိဘူးလား?"

သူမက ချက်ချင်း ခေါင်းပြန်မော့လိုက်ပြီး တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထို့နောက် သူမက တစ်စုံတစ်ခုကို အတည်ပြုရန် စိတ်အားထက်သန်နေပုံရသော ကျွော့ချင်းကို စိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

"ငါ သိတယ်!! ဓားကို ညာဘက်ကနေ ဘယ်ဘက်ကို ဖြတ်တာ! နှလုံးကို အရင်ဖယ်ရှားပြီးမှ သွေးကြောတွေကို ဖြတ်လိုက်တာ!”

"ရှင် သေချာလား?"

‘သူတို့ ငါ့ကို လှည့်ကွက်တွေ ကစားနေတာ ဖြစ်ရမယ်! သေချာတယ်’’

ကုယွဲ့ရှင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အခိုင်အမာ ပြန်ဖြေလိုက်သည်။

"သေချာတယ်!"

သူမ ထိုစကားကို ပြောလိုက်သည်နှင့် လုကျင်းနှင့် ရှန်ယုလန်တို့၏ မျက်လုံးများက အလင်းရောင် တဖျပ်ဖျပ် တောက်ပသွားပြီး တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ပြလိုက်ကြသည်။

ကျွော့ချင်းက ပြတ်သားစွာ ထပ်ပြောလိုက်သည်။

"ရှင် လူမသတ်ခဲ့ဘူးဆိုတာကို အလောင်းကို စစ်ဆေးဖူးသူတိုင်း သိနိုင်တယ်။ ရှင် လိမ်နေတာ!!"

အစစ်အမှန် လူသတ်သမားက နှလုံးကို မထုတ်ယူမီ နှလုံးနှင့် ဆက်စပ်နေသော သွေးကြောများကို ကြိုတင် ဖြတ်တောက်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း လူသတ်သမား၏ ဓားလက်ရာမှာ အလွန်တိကျ ကျွမ်းကျင်လွန်းသည်ဟု သူမ ထင်ခဲ့ခြင်းပင်။

ရှန်ယုလန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ကုယွဲ့ရှင်းကတော့ ဇွတ်ငြင်းနေသည်။

"အဲ့လူတွေကို သတ်ခဲ့တဲ့လူက ငါပဲ၊ ဒီအသေးစိတ် အချက်အလက်တွေကိုတော့ ငါ မေ့သွားပြီ"

“မေ့သွားပြီ ဟုတ်လား???!”

ရှန်ယုလန်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ၏ လေးနက်အေးစက်သော အသံဖြင့် ဝင်ပြောလိုက်သည်။

"ကောင်းပြီ၊ မင်းက တကယ်လူသတ်ခဲ့တဲ့ စုမူဖုန်းကို ကာကွယ်ဖို့ ပြောနေမှတော့ ငါတို့ စုသခင်လေး ပြောတာကို နားထောင်ကြရအောင်!"

ကုယွဲ့ရှင်း ရုတ်တရက် နောက်ပြန်လှည့်ကြည့်လိုက်ချိန်တွင် အဖြူရောင်ပုံရိပ်တစ်ခုက သူမနောက်တွင် ရပ်နေပြီး သူမကို လေးလေးနက်နက် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"မူဖုန်း?!"

ပူနွေးသော နံနက်ခင်း အလင်းရောင်က တရားခွင်ထဲသို့ ဝင်ရောက်နေပြီး ကုယွဲ့ရှင်း၏ သွယ်လျသော ခန္ဓာကိုယ်ကို လင်းလက်စေသော်လည်း ထိုနွေးထွေးသော နေရောင်ခြည်က သူမကို နွေးထွေးမှု တစ်စုံတစ်ရာ မပေးစွမ်းနိုင်ခဲ့ပေ။

အခန်း ၁၀၀ လူတစ်ဦးအတွက် အသက်အန္တရာယ်

"မူဖုန်း?"

စုမူဖုန်း၏ နက်ရှိုင်းသော မျက်လုံးများကို ကြည့်နေရင်း ကုယွဲ့ရှင်းတစ်ယောက် ရေခဲဂူထဲသို့ ရောက်ရှိနေသလို ခံစားလိုက်ရသည်။ သူမ အနည်းငယ် တုန်လှုပ်သွားပြီး သူမကိုယ်သူမ မထိန်းနိုင်ဘဲ ခေါင်းငုံ့ချလိုက်ကာ သူ့ကို ကြည့်ရန် ငြင်းဆိုနေသည်။

စုမူဖုန်းက ကုယွဲ့ရှင်းနံဘေးတွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး သူမ၏ လှပသော မျက်နှာကို စိုက်ကြည့်ကာ တိုးညင်းသောအသံဖြင့် မေးလိုက်သည်။

"ဒေါ်လေးရှင်း... ဒေါ်လေးပြောသမျှက အမှန်တွေပဲလား?"

သူ့အသံက အလွန်တိုးနေသော်လည်း ကုယွင်ကတော့ စုမူဖုန်း၏ မျက်နှာပေါ်မှ မယုံကြည်နိုင်မှု၊ အံ့သြမှုနှင့် မရေရာမှုများ ပြည့်နှက်နေသည့် အမူအရာကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ဤသည်မှာ ဘာကိုမှ ကြိုတင်မသိထားသည့် လူတစ်ယောက်တွင် ရှိသင့်သည့် အမူအရာမျိုးပင်။ သို့သော် စုမူဖုန်းကို မြင်လိုက်ရသည့် ကုယွဲ့ရှင်း၏ တုံ့ပြန်မှုကတော့ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ခြင်းတို့ ရောပြွမ်းနေသည်။

ဘာကြောင့်လဲ? ဘာကြောင့် သူမက ဒီလောက်တောင် ထိတ်လန့်နေရတာလဲ?

ကုယွင်က စုမူဖုန်းနှင့် ကုယွဲ့ရှင်းတို့ နှစ်ဦးလုံးကို အေးစက်သော မျက်လုံးများဖြင့် အနီးကပ် စိုက်ကြည့်နေသည်။ သူမ သူတို့ဆီမှ လှည့်ကွက်တစ်ခုခု သို့မဟုတ် သေးငယ်သော အမူအရာတစ်ခုကိုမျှ လက်လွတ်မခံချင်ပေ။ သို့သော် ကျွော့ချင်း ပြောခဲ့သည့် "စိတ်ညှို့ခြင်း" ဆိုသည့် စကားလုံးကြောင့် သူမ၏ အတွေးများက ပို၍ နက်နဲသော စူးစမ်းမှုတစ်ခုဆီသို့ ရောက်ရှိသွားသည်။

"ငါ..."

ကုယွဲ့ရှင်းက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ အံကြိတ်ကာ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်!"

နောက်ဆုံးတွင် ဘာအမူအရာမှ ပြလေ့မရှိသော စုမူဖုန်း၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်ထွက်လာသည်။ တစ်ခါမှ သူဘက်ကနေ စပြီး အခြားသူများကို ထိကိုင်ခြင်းမရှိခဲ့သောလူက ကုယွဲ့ရှင်း၏ပုခုံးများကို ဆွဲကိုင်လိုက်ပြီး အော်မေးလိုက်သည်။

"ဘာလို့ ဒီလိုလုပ်ရတာလဲ!"

ကုယွဲ့ရှင်းက သူမ၏မျက်လုံးထဲမှ စီးကျလာသော မျက်ရည်များကို အားတင်းထိန်းကာ စုမူဖုန်း၏ လက်ကို ညင်သာစွာ တွန်းဖယ်လိုက်သည်။ သူမ သက်ပြင်းတစ်ချက်ချရင်း ပြန်ဖြေလိုက်သည်။

"မူဖုန်း... ငါက မင်းကို ကာကွယ်ပေးဖို့ လုပ်ခဲ့တာ။ မင်း ကုယွဲ့မိသားစု အိမ်တော်ကိုပဲ ပြန်သွားတော့... မြို့တော်မှာ မနေနဲ့တော့"

ငယ်စဉ်ကတည်းက မိခင်ကို ဆုံးရှုံးခဲ့ရသည့် စုမူဖုန်းအတွက် ဒေါ်လေးဖြစ်သူက မိခင်နှင့် မခြားပေ။ သို့သော် ကုယွဲ့ရှင်းက သူ့ကို ကာကွယ်ရန် လူသတ်ခဲ့သည်ဆိုခြင်းကို သူ လုံးဝ လက်မခံနိုင်ဖြစ်နေခဲ့သည်။ သူလည်း ထိုမိန်းမပျိုများ၏ အမူအရာကို စက်ဆုပ်ရွံရှာမိသည်မှာ အမှန်ပင်ဖြစ်သော်လည်း သူမတို့ သေသင့်သည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။

"ဒေါ်လေး ဒီလိုလုပ်တယ်ဆိုတာ ကျွန်တော် မယုံဘူး!"

ကုယွဲ့ရှင်းက သူမကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသော တူဖြစ်သူကို ရီဝေစွာ ပြန်ကြည့်နေသည်။ စုမူဖုန်းကလည်း ဘာထပ်ပြောရမှန်း မသိတော့ပေ။

‘သူ ဒီလို ကာကွယ်မှုက မလိုချင်ဘူး!! သူ့အလေးစားရဆုံး အဒေါ်က တစ်ယောက်ယောက်ကို တကယ်သတ်ပစ်နိုင်တယ်ဆိုတာကို သူ ပိုပြီး မယုံချင်ဘူး! သူမက ဒီလိုရက်စက်တဲ့ နည်းလမ်းတွေကို သုံးတယ်ဆိုတာက ပိုပြီး မဖြစ်နိုင်ဘူး!!’

ကုယွဲ့ရှင်းက သူမအနားရှိ သူမ၏တူလေး စုမူဖုန်းကို ထပ်မကြည့်တော့ဘဲ တွန်းထုတ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဟုတ်တယ်! ငါ လုပ်ခဲ့တာ! မင်း သွားတော့! အခု ထွက်သွား!"

ထို့နောက် ကုယွဲ့ရှင်းက ရှန်ယုလန်ကို မော့ကြည့်ကာ ရုတ်တရက် ထရပ်လိုက်ပြီး အော်ပြောလိုက်သည်။

"လူကြီးမင်း... ငါ ဝန်ခံပြီးပြီ။ ကျေးဇူးပြုပြီး ငါ့ကို အကျဉ်းထောင်ထဲ ထည့်လိုက်ပါတော့။ ငါ သူ့ကို မတွေ့ချင်တော့ဘူး!!"

စုမူဖုန်းက လုံးဝ ထိတ်လန့်နေပြီး ဗလာဖြစ်နေသော မျက်ဝန်းများဖြင့် အဒေါ်ဖြစ်သူကို စိုက်ကြည့်နေရင်း ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ အေးခဲနေလေသည်။ ကုယွင်က ထိုတုံ့ဆိုင်းနေသော အခိုက်အတန့်တွင် စုမူဖုန်း၏ မျက်ဝန်းများအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသော 'ညှို့ဓာတ်' ပါဝင်သည့် ရီဝေဝေ အေးစက်မှုအရိပ်အယောင်ကို သတိထားမိလိုက်သည်။ သို့သော် ထိုအရာက ခဏချင်းပင် ပျောက်ကွယ်သွားပြီး မူလအမူအရာသို့ အလျင်အမြန် ပြန်ရောက်သွားသည်။

ရှန်ယုလန်က အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးနောက် သူ့လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

“အကျဉ်းသားက အပြစ်ကို ဝန်ခံတဲ့အတွက် အကျဉ်းထောင်ကို ခေါ်သွားလိုက်။ အထက်ရုံးတော်ကို တင်ပြပြီးမှ စီရင်ချက်ချမယ်!”

ရုံးတော်အမှုထမ်းများက ကုယွဲ့ရှင်းကို ခေါ်ဆောင်သွားစဉ် သူမက မလှုပ်မယှက် ရပ်နေဆဲဖြစ်သော စုမူဖုန်းကို လှည့်ကြည့်ကာ မျက်ရည်များ ထိန်းမရအောင် စီးကျလာတော့သည်။

"မူဖုန်း... မင်း ငါ့ကို မင်းအဒေါ်လို့ အသိအမှတ်ပြုသေးရင် ကုယွဲ့အိမ်တော်ကို ချက်ချင်း ပြန်သွားတော့။ မင်း ငါပြောတာ ကြားလား?"

‘သူမ သူကို အကောင်းဆုံးကာကွယ်ပေးခဲ့ပေမယ့်၊ လွန်ခဲ့တဲ့ခြောက်နှစ်လောက်က သူ့ကို စုမိသားစုအိမ်တော်ကို ပြန်ခွင့်ပြုခဲ့တဲ့အတွက် သူမ ဘယ်လောက် နောင်တရနေလဲ ဆိုတာကို သူမပဲ သိတယ်!’

စုမူဖုန်းက သူမဆီသို့ တိုးလာရန် ကြိုးစားနေသည်ကို မြင်လိုက်ရချိန်တွင် ကုယွဲ့ရှင်းက အော်ဟစ် တားဆီးလိုက်ပြန်သည်။

"သွား... သွားတော့!!"

နောက်ဆုံးတွင် ကုယွဲ့ရှင်း၏ အသံက အကျဉ်းထောင်ဌာန၏ ပင်မအခန်းမကြီးအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ယခုန ရှုပ်ထွေးတုန်လှုပ်နေပုံရသော စုမူဖုန်း၏ မျက်လုံးများကလည်း သူ၏ ပုံမှန်အမူအရာအတိုင်း ပြန်လည်အေးစက်သွားပြီး တရားရုံးရှိ လူတိုင်းကို လျစ်လျူရှုထားပုံရသည်။ သူ စတင်ရောက်ရှိလာချိန်ကအတိုင်း တိတ်တဆိတ် ပြန်ထွက်သွားခဲ့သော်လည်း သူ၏ ခြေလှမ်းများက ယခင်ကကဲ့သို့ ပေါ့ပါးလွတ်လပ်မနေဘဲ သက်တောင့်သက်သာဖြစ်နေပုံလည်း မရပေ။

ရှန်ယုလန်က စုမူဖုန်းကို မတားဘဲ ထွက်သွားခွင့်ပြုလိုက်သည်။ သူ ထွက်သွားသည်နှင့် ရှန်ယုလန်က လူတိုင်းကို ဝေ့ကြည့်ကာ သက်ပြင်းချလိုက်ရင်း မေးမြန်းလိုက်သည်။

"မင်းတို့ရော ဒီကိစ္စကို ဘယ်လိုထင်လဲ"

သူလည်း ဤအမှုနှင့်ပတ်သက်၍ သံသယအချို့ ရှိနေဆဲပင်။ သို့သော် ကုယွဲ့ရှင်းကို လူသတ်ရန် ကြံစည်နေစဉ် လက်ရဖမ်းမိခဲ့ခြင်း၊ သူမ ယူဆောင်လာသော လက်နက်က ယခင်သေဆုံးသူများ၏ ဒဏ်ရာများနှင့် ကိုက်ညီနေခြင်းတို့ကြောင့် အမှုက ခိုင်လုံနေသည်။ သူမကိုယ်တိုင်ကလည်း အပြစ်ကို ဝန်ခံထားသည်။ ဥပဒေအရဆိုလျှင် ဤအမှုက ပြီးပြတ်သွားပြီ ဖြစ်သည်။ ဧကရာဇ်မင်း ပေးထားသော တစ်လတာကာလက ကိုးရက်သာ ကျန်တော့သည်။ အကယ်၍ ကုယွဲ့ရှင်းသာ အစစ်အမှန် လူသတ်သမား မဟုတ်ခဲ့လျှင် တကယ့်တရားခံကို ရှာမတွေ့တော့မည်ကို သူ စိုးရိမ်နေမိသည်။

မှုခင်းဌာနမှ မည်သူမျှ အသံမထွက်လာကြပေ။ ကျွော့ချင်းကလည်း ဘာကို စဉ်းစားနေသည်မသိဘဲ နှုတ်ဆိတ်နေသည်။ လို့ရှီးယန်ကတော့ အစမှအဆုံး တည်ငြိမ်စွာ နားထောင်နေပြီး သူ ဘာတွေးနေသည်ကို မည်သူမျှ ခန့်မှန်း၍ မရနိုင်ပေ။

အရပ်ဘက်ဆိုင်ရာအမှုများတွင် ဖြစ်နိုင်ခြေမြင့်မားသော အရာများစွာ ထုတ်ဖော်ပြောဆိုနိုင်သော်လည်း ရာဇ၀တ်မှုအားလုံးက သက်သေအထောက်အထားများကို အပြည့်အဝ အာရုံစိုက်ရမည်ဖြစ်သည်။ သက်သေအထောက်အထားကွင်းဆက်များအားလုံးကို ချန်လှပ်ထားခြင်း မရှိပဲ ပြီးပြည့်စုံစေရမည် ဖြစ်သည်။ ဤအမှုတွင် ကုယွဲ့ရှင်းက သူမကိုယ်သူမ လူသတ်သမားဟုပြောနေခဲ့လျှင်တောင် သံသယများစွာရှိနေသေးသည်။

ခန်းမဆောင်အတွင်း တိတ်ဆိတ်နေမှုကို ရှန်ယုလန်က ထပ်ဖြိုခွဲလိုက်သည်။

"ချင်းသခင်မလေး... မင်း ပြောချင်တာကို ပြောလို့ ရပါတယ်"

ကုယွင်က မျက်ခုံးပင့်ကာ ရှန်ယုလန်ကို ကြည့်လိုက်သည်။

‘အချိန်က ကိုးရက်ပဲ ကျန်နေတာတောင် သူက အရေးမကြီးသလို ပြောနေနိုင်သေးတယ်။ သူမကို ပြောချင်တာ ပြောခွင့်ပေးတယ်ဆိုရင်တောင် လူသတ်သမားကို မဖမ်းမိနိုင်တာမျိုး ဖြစ်နိုင်ပြီး မဖမ်းမိခဲ့ရင် ထောင်ထဲကို ဝင်ရမယ့်သူက သူ ဖြစ်သွားလိမ့်မယ်။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ မြင့်မြတ်မှုရှိတဲ့ လူကို သူမ သဘောကျချီးကျူးချင်နေတာကတော့ အမှန်ပါပဲ၊ သူက လူသတ်သမားကို ဖမ်းနိုင်လိုက်မယ်လို့ သူမ အသေအချာ ယုံကြည်သွားပြီ’

ကုယွင် ခန်းမအလယ်သို့ လျှောက်သွားရင်း သူမ၏ သံသယများကို တစ်ခုပြီးတစ်ခု ရှင်းပြလိုက်သည်။

"ပထမအချက်က စုမူဖုန်းကို အနှောင့်အယှက် မပေးနိုင်အောင် လူသတ်ရတယ်ဆိုတဲ့ အကြောင်းပြချက်က နည်းနည်းတော့ မဖြစ်နိုင်လွန်းဘူး။ ပြီးတော့ ကုယွဲ့ရှင်းရဲ့ ကိုယ်ခံပညာက အဲဒီလောက် မမြင့်ဘူး။ စစ်သူကြီးအိမ်တော်မှာ ညဘက်ကင်းလှည့်နေကျ စစ်သည်တစ်ဝက်လောက်ကို တမင်တကာ မဖယ်ထားရင် သူ ငါ့အခန်းကို ရှာမတွေ့ခင်ကတည်းက အဖမ်းခံရနိုင်တယ်၊ မင်းသားအိမ်တော် ဆိုတာလည်း အစောင့်အကျပ်တွေ အများကြီးနဲ့ လုံခြုံရေး တင်းကျပ်ထားမှ သေချာတယ်၊ ဒါပေမယ့် လူသတ်သမားက လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာ နိုင်ခဲ့တယ်။ အဲ့ဒါက ကုယွဲ့ရှင်း စီမံခန့်ခွဲနိုင်တဲ့အရာ မဟုတ်ဘူး၊ ဒုတိယအနေနဲ့ လူသတ်သမားက ကျွမ်းကျင်တဲ့နည်းစနစ်တွေကို သုံးပြီး လူသုံးယောက်ကို ဆက်တိုက်သတ်ပစ်ခဲ့ပေမယ့် သူ(မ)က လူသတ်ပုံအသေးစိတ်ကို မရှင်းပြနိုင်တာက လုံးဝ ယုတ္တိမဲ့လွန်းတယ်၊ တတိယကတော့ သူမရဲ့ အပြစ်ကို ဝန်ခံချင်စိတ် ပြင်းပြနေတာပဲ၊ သူ(မ)က တစ်စုံတစ်ဦးကို အမှန်တကယ် ကာကွယ်ပေးနေတာ၊ အဲ့လူက လူသတ်သမား ဖြစ်နိုင်တယ်!"

ချန်ဟန့်က ငြင်းခုံချင်နေပုံဖြင့် ဝင်ပြောလိုက်သည်။

"မင်းက သခင်လေးစုကို လူသတ်သမားလို့ ထင်နေတာလား?! ကျွန်တော်ကတော့ အဲဒီလို မထင်ဘူး!"

စုမိသားစုမှ လူတိုင်းက သခင်လေးစု၏သွေးကြောက်ခြင်းရောဂါ အကြောင်းသိကြပြီး စုမိသားစုကလည်း ဤကိစ္စအတွက် သမားတော်များစွာကို ရှာဖွေငှားရမ်းထားခဲ့သည်။

‘သူ ဟန်ဆောင်နေတာ ဖြစ်နိုင်ပါ့မလား???!’

ကုယွင်က ပခုံးတွန့်ကာ ထပ်ပြောလိုက်သည်။

"သူက လူသတ်သမားလို့ ငါ မပြောရသေးဘူးလေ"

ချန်ဟန့်တစ်ယောက် ပို၍ပင် ပဟေဠိ ဖြစ်သွားပုံရသည်။

"သူ(မ) ကာကွယ်ပေးချင်တဲ့သူက လူသတ်သမားဆိုရင် အဲဒါက သခင်လေးစု မဟုတ်ဘူးလား?"

‘ဉာဏ်ထက်မြက်တဲ့သူမက ဒီနေ့ သူမကိုယ်သူမ ဆန့်ကျင်တဲ့စကားတွေ ပြောနေတာလား?? ထူးဆန်းလိုက်တာ!’

ထိုအချိန်တွင် အတန်ကြာ နှုတ်ဆိတ်နေသော ကျွော့ချင်းက ခေါင်းမော့လာပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

"ကုယွဲ့မိသားစုရဲ့ စိတ်ညှို့ပညာက အမှန်တကယ် အားကောင်းနေတာဆိုရင်... စုမူဖုန်းက သူ့ကိုယ်သူ စိတ်ပြန်ညှို့မိတာလည်း ဖြစ်နိုင်တယ်။ သူဆန္ဒမပါဘဲ လူသတ်မိတာမျိုးပေါ့။ သူကိုယ်တိုင်လည်း တုန်လှုပ်ခြောက်ခြားမှုအောက် ရောက်နေပြီး သူ့ကိုလာထိတဲ့ မိန်းကလေးတွေကို သတ်ပစ်ဖို့ စိတ်က ဖိအားပေးခံရတာမျိုး ဖြစ်နိုင်တယ်။ မိန်းကလေးတွေက သူ့ကို တမင်လာထိလိုက်တာနဲ့ သူက အထိန်းအကွပ်မရှိ သတ်ပစ်လိုက်မိတာမျိုးပေါ့"

‘ဒါက စိတ်ညှို့ခြင်းကို သုံးခဲ့တာ အမှန်ဆိုရင် လူသတ်သမားက သူ့ကိုသူ စိတ်ပြန်ညှို့နိုင်တာမျိုးလဲ ဖြစ်နိုင်ပါတယ်’

‘အထိန်းအကွပ်မရှိ သတ်ဖြတ်ခြင်း? ဒါက အရမ်းကြောက်စရာကောင်းတဲ့ ကိစ္စပဲ’

လုကျင်းက ကျွော့ချင်းကို ကြည့်ပြီး စိုးရိမ်တကြီး မေးလာပြန်သည်?

"ဒါဆို နောက်ဆုံးအကြိမ်က ကုယွဲ့ရှင်း ဝင်နှောင့်ယှက်လိုက်လို့ သူ ဘာမှ မလုပ်နိုင်ခဲ့တာပေါ့။ အဲဒါက အထိန်းအကွပ်မဲ့ သတ်ဖြတ်မှုဆိုရင် ဒီည သူ အဲဒီနေရာမှာ ထပ်ပေါ်လာနိုင်တယ်။ သူ စစ်သူကြီးအိမ်တော်ကို ရောက်လာနိုင်လား? အဲဒါကြောင့် ကုယွဲ့ရှင်းက အရမ်းထိတ်လန့်နေပြီး သူ့ကို မြို့တော်ကနေ ချက်ချင်းထွက်သွားခိုင်းတာလား?"

ထိုစကားထွက်လာသည်နှင့် တပြိုင်နက် တရားရုံးရှိ လူတိုင်း၏ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားသည်။ ကုယွင်ကတော့ အလွန်စိတ်အေးလက်အေး ဖြစ်နေပုံရပြီး အပြုံးဖြင့် အတည်ပြုပေးလိုက်သည်။

"ဒါက ဖြစ်နိုင်ခြေများတယ်! ဒါပေမယ့် ဒါတွေက ငါတို့ရဲ့ ခန့်မှန်းချက်တွေပဲ။ အဲဒါကြောင့် ဒီည ငါတို့ အလုပ်ကောင်းကောင်းလုပ်ပြီး အဆင်သင့်ပြင်ထားရမယ်။ လူသတ်သမား လာ၊ မလာဆိုတာကတော့ ကံကြမ္မာရဲ့ အလိုကျပေါ့"

"ဒီတစ်ခါတော့ ငါးစာအတွက် ကျွန်မပေါ့"

ကျွော့ချင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။ နောက်တစ်စက္ကန့်မှာပင် အစမှအဆုံး တောင်တန်းကြီးလို တည်ငြိမ်နေခဲ့သည့် လို့လူကြီးမင်းဆီမှ အသံထွက်လာသည်။

"မရဘူး!"

လို့ရှီးယန်က ဝင်သက်ထွက်သက်ကို လေးလေးနက်နက် ရှူလိုက်ပြီးမှ သူ့၏ နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး တည်ငြိမ်စွာ ထပ်ပြောလိုက်သည်။

"ကိုယ် သဘောမတူဘူး၊ အရမ်းအန္တရာယ်များတယ်။"

မနေ့က ကုယွဲ့ရှင်း တိုက်ခိုက်နေစဉ် အောက်ထျန်း အချိန်မီ ပေါ်မလာပါက ကုယွင် ဒဏ်ရာရသွားနိုင်သည်။ ကျွော့ချင်းက ကိုယ်ခံပညာ မတတ်‌သောကြောင့် ဤကိစ္စက အလွန်စိုးရိမ်စရာ ကောင်းလှသည်။

လို့ရှီးယန် သဘောမတူနိုင်မှန်း သူမ သိသော်လည်း သူ ဤမျှ ပြတ်သားစွာ တားမြစ်မည်ဟု ကျွော့ချင်း မမျှော်လင့်ထားခဲ့ပေ။ ကျွော့ချင်းက သူ့နားရွက်နားကပ်ကာ အသံတိုးတိုးဖြင့် ကတိပေးလိုက်သည်။

"ရှီးယန်... ဒီမှာ ကျွန်မကို တိတ်တဆိတ် အကာအကွယ်ပေးမယ့်သူတွေ အများကြီး ရှိတယ်။ ကျွန်မ ဘာမှ မဖြစ်စေရဘူးလို့ ကတိပေးပါတယ်!"

လို့ရှီးယန်၏ကျွော့ချင်းအပေါ် အကာအကွယ်ပေးနေသည့် သဘောထားက အလွန်ထင်ရှားနေပြီး သူမ အမှန်တကယ် တစ်ခုခု ဖြစ်သွားပါက မည်သူမျှ ရှင်းပြနိုင်မည် မဟုတ်ပေ။ ရှန်ယုလန်ကလည်း ကြားထဲမှ ဝင်၍ ဖျောင်းဖျလာသည်။

“တကယ်တော့ လူသတ်သမားက စစ်သူကြီးအိမ်တော်ထဲ ဝင်လာတာနဲ့ ထွက်ပြေးဖို့ မဖြစ်နိုင်တော့ပါဘူး။ မိန်းကလေးနှစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ဖြစ်စေဖို့ မလိုပါဘူး”

သို့သော် ကျွော့ချင်းက ခေါင်းခါလျက် ထပ်ပြောလိုက်သည်။

"မဟုတ်ဘူး၊ ဒီတစ်ခါတော့ ဒီလှည့်စားမှုရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ကျွန်မ ကိုယ်တိုင် ဖြေရှင်းမှ ဖြစ်မယ်!"

လို့ရှီးယန်က မျက်မှောင်ကြုတ်ကြီးဖြင့် မေးလာပြန်သည်။

"အခြားသူတွေ မလုပ်နိုင်ဘူးလား"

ကုယွင်က ပြတ်ပြတ်သားသား ဝင်ပြောလိုက်သည်။

"တကယ်လို့ ဒါက တကယ်ပဲ စိတ်ညှို့တာဆိုရင် ဒီပဟေဠိကို ဖြေရှင်းနိုင်တဲ့သူက သူ(မ) တစ်ယောက်တည်းပဲ ရှိတယ်!"

‘ချင်းက မကြာခင်နှစ်တွေအတွင်း အကောင်းဆုံး မှုခင်းဆေးစစ်သူ ဖြစ်ခဲ့ရုံသာမက သူမတို့ရဲဌာတွေမှာ စိတ်ပိုင်းဆိုင်ရာသင်တန်းတွေအတွက် ပညာရှင်များကို လေ့ကျင့်ပေးနေတဲ့ နည်းပြဖြစ်သလို အကြံပေးဆိုလည်း ဟုတ်တယ်’

.......။......။......

အနက်ရောင် ရထားလုံးတစ်စီးက ဝန်ကြီးချုပ်အိမ်တော်ဆီသို့ ခါတိုင်းကဲ့သို့ ပြေးနေသော်လည်း အတွင်းရှိ လေထုကတော့ တင်းမာနေသည်။ ကျွော့ချင်းက ရထားလုံး၏ ထောင့်တစ်နေရာတွင် ထိုင်နေပြီး လို့ရှီးယန်က အခြားထောင့်တွင် ထိုင်နေသည်။ လို့ရှီးယန်က ပြတင်းပေါက်အပြင် ဘက်ကို လှည့်ကြည့်နေပြီး သူမကို လျစ်လျူရှုထားခဲ့သည်။ ကျွော့ချင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သဘောထားကြီးစွာ မတ်တပ်ထရပ်လိုက်ကာ လို့ရှီးယန်၏ နံဘေးသို့ ရွှေ့သွားပြီး သူ့အင်္ကျီလက်ဝကျယ်၏အစကို ညင်သာစွာ ဆွဲယူလိုက်သည်။

"ရှီးယန်... ရှင် စိတ်ဆိုးနေတာလား?"

လို့ရှီးယန်က သူမကို ဖြည်းဖြည်းညှင်းညှင်း လှည့်ကြည့်ရင်း ပြန်မေးလိုက်သည်။

"မင်း ဘယ်လိုထင်လဲ?"

‘သူ ဒေါသထွက်နေတယ်! သူ အရမ်းကို ဒေါသထွက်နေတယ်!!!’

ကျွော့ချင်းက သူ့အင်္ကျီလက်စများကို လွှတ်ပေးလိုက်ပြီး သူ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ သူမ၏တောင်းဆိုချက်ကို သဘောတူခွင့်ပြုရန် တောင်းဆိုနေခဲ့သည်။ သူမ ကလေးဆိုးလေးတစ်ယောက်လို ပြုမူနေပြီး သူမလုပ်ချင်သည့်အရာကို လိုက်လျောပေးရန် သူ့ကို တောင်းဆိုနေသော်လည်း ရှီးယန်က သူမ၏အမူအရာထဲသို့ မပျော်ဝင်လာခဲ့ပေ။ အချိန်အတော်ကြာပြီးနောက် သူမက ခေါင်းကို မော့ကာ သူမကို စိုက်ကြည့်နေသည့် လို့ရှီးယန်ကို ပြန်ကြည့်ရင်း ထပ်ပြောလိုက်ပြန်သည်။

"ရှင့်ကို စိတ်ပူစေလို့ ကျွန်မ စိတ်မကောင်းပါဘူး။ ဒါပေမယ့် လူသတ်သမားကိုတော့ ဖမ်းမှ ဖြစ်မယ်။ သူ့ရဲ့ လူသတ်နည်းလမ်းတွေကို အမြစ်ပြတ်ဖျက်ဆီးမှ ဖြစ်မယ်၊ အဲ့လိုမှ မဟုတ်ရင် သေဆုံးသွားသူတွေအတွက် တရားမျှတမှု မရနိုင်တော့သလို လူပေါင်းများစွာရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာလိမ့်မယ်။ ကျွန်မ တရားခံအစစ်ကို ရှာတွေ့ဖို့ မျှော်လင့်ထားပေမယ့် မျက်စိစုံမှိတ် လုပ်မှာတော့ မဟုတ်ပါဘူး။ ဒီနေ့ည ကျွန်မ အတက်နိုင်ဆုံး ဘေးကင်းလုံခြုံဖို့ စီစဉ်ပြီး အားလုံးကို သေသေချာချာ လုပ်ဆောင်ပါ့မယ် "

ဖီးနစ်မျက်လုံးတစ်စုံနှင့် ဇွဲကောင်းသော မျက်လုံးတစ်စုံတို့ အကြည့်ချင်း ဆုံနေကြသည်။ လို့ရှီးယန်က သူမ၏ ယုံကြည်ချက်နှင့် ဇွဲကို ခံစားသိရှိနိုင်ပြီး နှစ်ယောက်သား အတန်ကြာ စိုက်ကြည့်နေပြီး လို့ရှီးယန်က ရုတ်တရက် ခေါင်းငုံ့ကာ ရယ်မောလိုက်သည်။ ကျွော့ချင်းက မျက်မှောင်ကြုတ်လျက် မေးလိုက်ပြန်သည်။

"ရှင်က ဘာလို့ ရယ်နေတာလဲ"

လို့ရှီးယန်က စိုးရွံ့မှုကြောင့် ချွေးစေးများထွက်နေသော ကျွော့ချင်း၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားရင်း အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"ဒီညအတွက် အစီအစဉ်တွေကို ကိုယ့်ဆီမှာပဲ အပ်ထားလိုက်ပါ။ ကိုယ်တို့ရဲ့ မင်္ဂလာဆောင်ရက်က ဆယ်ရက်ပဲ လိုတော့တယ်။ သတို့သမီးမပါဘဲ ကိုယ် မင်္ဂလာဆောင် မကျင်းပချင်ဘူး"

ကျွော့ချင်း၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားပြီး သူ့ကို မယုံနိုင်စွာ ကြည့်ရင်း အံ့သြတကြီး ပြန်မေးလိုက်သည်။

"ရှင်... သဘောတူတယ်လား!?"

လို့ရှီးယန်က ကူကယ်ရာမဲ့စွာ နှာမှုတ်လိုက်ပြီး ပြန်မေးနေပြန်သည်။

"ကိုယ် သဘောမတူရင်ရော ရမှာမို့လို့လား"

"အင်း!"

သူ တကယ် သဘောတူလိုက်သည်ကို မြင်ရသဖြင့် ကျွော့ချင်းက သူ့ကို ကျီစယ်ချင်လာသည်။

"ဒါပေမယ့် ကျွန်မ ဝမ်းနည်းမှာ... အရမ်းကို ဝမ်းနည်းမှာ... ပြီးရင် ကျွန်မရဲ့တန်ဖိုးက လုံးဝပျက်စီးသွားပြီး ဘဝရဲ့ပန်းတိုင် မရှိတော့သလိုမျိုး..."

"တော်တော့၊ မင်းပဲ အဲဒီလိုတွေ ပြောနေတာ၊ ကိုယ်က အဲဒီလို ပြောနိုင်ပါ့မလား"

‘သူမ ဆက်ပြောနေရင် မကြာခင်က သူက ရက်စက်ကြမ်းကြုတ်သူတစ်ယောက် ဖြစ်လာတော့မယ်!’

သူက သူမပုခုံးကို ညင်သာစွာ ဆွဲယူလိုက်ပြီး သူမကို သူ့ရင်ခွင်ထဲ၌ ပွေ့ဖက်ထားလိုက်သည်။ သူမ ရေထဲကျသွားစဉ် သူမ နောက်ထပ် အန္တရာယ်တစ်ခုတောင် မကြုံစေရဘူးဟု သူ တိတ်တိတ်လေး ကျိန်ဆိုခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူမ၏ ဇွဲလုံ့လကြောင့် သူ အလျော့ပေးလိုက်ရသည်။ ထိုဆုံးဖြတ်ချက်က သူမမျက်လုံးထဲမှ "ကျွန်မ ရှင့်နဲ့အတူ ရှိနေချင်တယ်" ဆိုသည့် စစ်မှန်သော အဓိပ္ပာယ်ကို သူ မြင်သွားသောကြောင့်ပင်။ သူမတွင် ကိုယ်ပိုင်အကြံဉာဏ်များ ရှိပြီး သူ သူမအတွက် လုပ်ပေးနိုင်သည်က ချုပ်နှောင်ထားရန် မဟုတ်ဘဲ လွတ်လပ်ခွင့်ပေးထားကာ အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးရန်သာ ဖြစ်သည်။

ကျွော့ချင်းက တစ်ခုခုကို တွေးမိသွားပြီး ခေါင်းကို အလျင်စလို မော့ကာ မေးလိုက်ပြန်သည်။

"ကျွန်မတို့ မင်္ဂလာဆောင်ဖို့ ဆယ်ရက်ပဲ ကျန်တော့တယ်လို့ ရှင် ပြောလိုက်တာလား!!"

‘ဆယ်ရက်ပဲ ကျန်တော့တာလား? အချိန်တွေ ကုန်တာ မြန်လိုက်တာ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်လကုန်သွားပြီ’

လို့ရှီးယန်က သူ၏မျက်ခုံးများကို အနည်းငယ်ပင့်ကာ ညင်သာသော အပြုံးဖြင့် မေးလာပြန်သည်။

"ဘာလဲ၊ မင်းက အရမ်းမြန်တယ်လို့ ထင်နေလို့လား?"

‘အိုး... မတွေ့ရတာ ကြာပြီဖြစ်တဲ့ မြေခွေးအပြုံးလေးကို ငါ ပြန်မြင်လိုက်ရပြန်ပြီ’

ကျွော့ချင်းက ခပ်မြန်မြန် ခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူး... အရမ်းနှေးတယ်လို့ ထင်နေတာ!!"

လို့ရှီးယန် ရယ်မောလိုက်သည်။

‘ဒီမိန်းကလေးရဲ့စကားလုံးတွေက သူ့ရဲ့စိတ်ခံစားမှုတွေကို ပိုကောင်းလာစေတယ်!’

ကျွော့ချင်းက သူ့လက်ထဲတွင် ငြိမ်သက်စွာ မှီနေရင်း သူ့နှလုံးခုန်သံကို နားထောင်နေခဲ့သည်။ သူမ နှုတ်ခမ်းထောင့်များကို သက်တောင့်သက်သာ ပင့်တင်ထားရင်း တစ်ခုခု ကျိတ်တွေးနေခဲ့သည်။

‘ဒီလိုလူကို စောစောစီးစီး မဖမ်းထားရင် ငါက တကယ့် မိုက်မဲတဲ့သူ ဖြစ်သွားလိမ့်မယ်။’

သူမတို့ မင်္ဂလာဆောင်ရမည့် ဆယ်ရက်မြောက်နေ့ကိုလည်း သူမ အလွန် မျှော်လင့်နေမိသည်။

........။.......။.......

ယင်ရှီအချိန် (မနက် ၃ နာရီမှ ၅ နာရီ)...

စစ်သူကြီးအိမ်တော်...

မိုးလင်းခါနီးပြီ ဖြစ်သော်လည်း အခန်းတွင်း သို့မဟုတ် အပြင်ဘက်တွင် မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ စစ်သူကြီးအိမ်တော် တစ်ခုလုံးက ပုံမှန်ထက်ပို၍ တိတ်ဆိတ်နေသည်။ ယနေ့ညတွင် လရောင်က ထူးထူးခြားခြား တောက်ပနေပြီး ထိုလရောင်က ဖွင့်ထားသော ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ တိုးဝင်ကာ လင်းထိန်နေစေသည်။ ကျွော့ချင်းက ခုတင်ပေါ်တွင် လဲလျောင်းနေပြီး သူမ၏မျက်လုံးများကို မှေးထားသော်လည်း အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နေရဆဲပင်။

"အဝေးကရေက အနီးကမီးအား မငြှိမ်းနိုင်မှာ" ကို စိုးရိမ်နေသဖြင့် လို့ရှီးယန်က အနက်ရောင်ဝတ်ထားသော မော့ပိုင်ကို အခန်း၏ထုပ်တန်းပေါ်တွင် ပုန်းခိုရန် စီစဉ်ပေးထားခဲ့သည်။ အောက်ထျန်းကလည်း ခုတင်ကန့်လန့်ကာနှင့် ဗီရိုကြားတွင် ပုန်းနေခဲ့သည်။ အိမ်အပြင်တွင် ယဲ့မိန်၊ ချမ်ကျင်းနှင့် တရားရေးဌာနမှ လူများ ချောင်းမြောင်း စောင့်ဆိုင်းနေကြသည်။

လို့ရှီးယန်ကိုယ်တိုင်လည်း ကျွော့ချင်း၏ လုံခြုံရေးအတွက် စိုးရိမ်နေပြီး ကုယွင်နှင့်အတူ အတွင်းခန်းနှင့် အဝေးဆုံး ထောင့်တစ်နေရာတွင် ပုန်းခိုနေခဲ့သည်။ ဤနေရာမှဆိုလျှင် ဖြစ်ပျက်သမျှကို ရှင်းလင်းစွာ မြင်နိုင်ပြီး တိုးတိုးလေးပြောလျှင်လည်း အတွင်းခန်းက မကြားနိုင်ပေ။

‘မိုးလင်းခါနီးပြီ! ငါတို့ မှန်းဆတာ မှားသွားတာလား? ဒါမှမဟုတ် လူသတ်သမားက စုမူဖုန်း မဟုတ်တာလား?’

ကျွော့ချင်းနှင့် ကုယွင်တို့ တွေးတောနေစဉ် ပြတင်းပေါက်နားကနေ အရိပ်တစ်ခု ဖြတ်သွားပြီး လူရိပ်တစ်ခု ပေါ်လာသည်။ ထိုလူက ငွေမှင်ရောင် မျက်နှာဖုံးတပ်ထားပြီး မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက အသက်ရှူသံပင် မကြားရလောက်အောင် တိတ်ဆိတ်စွာ ပေါ်လာသဖြင့် မော့ပိုင်နှင့် အောက်ထျန်းတို့လည်း ဝင်သက်ထွက်သက်ကို အပြင်းအထန် အောင့်ထားရင်း သူတို့၏အရှိန်အဝါကို ထိန်းချုပ်လိုက်ရသည်။ ဤလူက ဆရာအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်မည်မှာ သေချာနေပြီး အကယ်၍ သူတို့ရှိနေသည်ကို ရိပ်မိသွားပါက ယနေ့ည အစီအစဉ် ပျက်သွားမည် ဖြစ်သည်။

မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားက ပြတင်းပေါက်ရှေ့တွင် ရပ်ကာ ခုတင်ပေါ်တွင် ရှိမနေသင့်သော အမျိုးသမီးကို ငုံ့ကြည့်လိုက်ပြီး သူ့မျက်လုံးများက မှေးကျဥ်းသွားကာ ခဏတာမျှ တုံ့ဆိုင်းနေပုံရသည်။ ခဏအကြားတွင် သူက နောက်သို့ ပြန်လှည့်ကာ ထွက်သွားရန် ပြင်ဆင်နေသည်။

‘မဟုတ်ဘူး၊ ဒီလို ဖြစ်လို့ မရဘူး၊ ငါတို့ သူ့ကို လွှတ်ပေးလို့ မရဘူး။ မဟုတ်ရင် သူ့ကို ဖမ်းမိရင်တောင် စိတ်ညှို့မှုရဲ့ လျှို့ဝှက်ချက်ကို မဖြေရှင်းနိုင်လောက်ဘူး’

ထိုအတွေးကြောင့် ကျွော့ချင်းက ရုတ်တရက် သူမခန္ဓာကိုယ်ကို တည့်မတ်လိုက်ကာ နွေးထွေးသော လေသံဖြင့် လှမ်းမေးလိူက်သည်။

"မူဖုန်း၊ ရှင်လား"

မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသား၏နောက်ကျောက တောင့်တင်းသွားသော်လည်း ဘာမှ ပြန်မဖြေဘဲ ထွက်သွားရန်သာ ကြိုးစားနေသည်။

‘သေချာတာပေါ့ သူပဲ’

ကျွော့ချင်းက မတ်တပ်ထရပ်လိုက်ပြီး သူ့နောက်ကျောဘက်ကို ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သို့သော် သူမက သူ့အနားသို့ သိပ်မကပ်ဘဲ တတ်နိုင်သမျှ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"တကယ်တော့ ရှင့်ကို ပထမဆုံးအကြိမ် စတွေ့ကတည်းက ကျွန်မ ရှင့်ကို ချစ်မိသွားခဲ့တယ်၊ ဒီည ရှင့်ကို စောင့်နိုင်ဖို့ ချင်းမော့ကို အဝေးပို့ဖို့ ကျွန်မ အများကြီး ကြိုးစားခဲ့ရတာ"

မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားက ဖြည်းညှင်းစွာ လှည့်ကြည့်လာပြီး သူက လရောင်ဘက်ကို ကျောပေးထားကာ ငွေမှင်ရောင်မျက်နှာဖုံးကို ၀တ်ဆင်ထားသောကြောင့် ကျွော့ချင်းက သူ့၏မျက်နှာ သို့မဟုတ် မျက်လုံးများကို မမြင်နိုင်ပေ။ တိုးလျသော်လည်း ဆွဲဆောင်မှုရှိသော ယောက်ျားလေးတစ်ယောက်၏ ရယ်သံကိုသာ သူမ ကြားလိုက်ရသည်။

"ငါ လာမယ်ဆိုတာကို မင်းက သိနေတာလား?"

‘ဒီအသံ... အသံက စုမူဖုန်းရဲ့အသံနဲ့ အရမ်းဆင်တူပေမယ့် လေသံနဲ့ လေယူလေသိမ်းကတော့ လုံးဝ ကွဲပြားနေတယ်’

ကျွော့ချင်းက သူမ၏စိတ်ကို ငြိမ်သက်စေရန် ကြိုးစားလိုက်ပြီး သူမ၏ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်သည်။ သူမက ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်ကို ပေါ့ပေါ့ပါးပါး ခါယမ်းနေပြန်သည်။

"ကျွန်မ မသိဘူး၊ ဒါပေမယ့် ရှင်ရောက်လာဖို့ ကျွန်မ မျှော်လင့်ခဲ့မိတယ်၊ မိုးနတ်မင်းက ကျွန်မရဲ့စကားတွေကို ကြားသွားတယ်ထင်တယ်၊ နောက်ဆုံးတော့ ရှင်ရောက်လာခဲ့တယ်"

ကုယွင်ကတော့ သူမ မျက်လုံးများကို ပြင်းပြင်းထန်ထန် မှိတ်ချလိုက်သည်။

‘ဒီအမျိုးသမီးလေးက ဒရာမာထဲမှာ အရမ်းနစ်မဝင်နေဖို့ သူမ မျော်လင့်မိတယ်။ သူမ ဘေးနားက နူးညံ့သိမ်မွေ့ပါတယ်ဆိုတဲ့ ဒဏ္ဍာရီထဲက အမျိုးသားက သူ့လက်သီးတွေကို ခပ်တင်းတင်းဆုပ်လိုက် ပြန်ဖြေလျော့လိုက်လုပ်နေတာ အကြိမ်ပေါင်းများစွာ ရှိနေပြီလေ!’

မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားက သူမကို တွန်းထုတ်လိမ့်မည်ဟု ကျွော့ချင်းက တွေးထားခဲ့သည်။ ထိုအရာက စုမူဖုန်း၏ ပုံမှန်တုံ့ပြန်မှု ဖြစ်သည်။ မမျှော်လင့်ဘဲ ထိုလူက သူမကို တွန်းထုတ်မည့်အစား နောက်ပြန်လှည့်လာကာ သူမ၏ခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူ့မျက်နှာက ပိုပူလာပုံရပြီး သူက သူမပါးပြင်နားကို ဖိကပ်လာကာ အပြန်ပြန်အလှန်လှန် ပွတ်သပ်ပေးနေရင်း ချိုမြိန်သော ဝင်သက်ထွက်သက်များပါသော ငြိမ်းညောင်းသော သြရှရှအသံက သူမနားထဲသို့ တိုးဝင်လာသည်။

“မင်းက ငါ့ကို ကြိုက်တယ်လို့ ပြောလိုက်တာလား?”

အေးစက်သောမျက်နှာဖုံးက သူမပါးပြင်ကို မြွေတစ်ကောင်၏အကြေးခွံကဲ့သို့ ပွတ်တိုက်နေသောကြောင့် ကျွော့ချင်းအတွက် အလွန်ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကို ဖြစ်ပေါ်စေပြီး ထိုအရာက သူမကို ညှဉ်းပန်းနှိပ်စက်နေသည်။ ကျွော့ချင်းကတစ်ယောက် ခေါင်းမညိတ်ပြနိုင်ခင် အသက်ကို အကြိမ်ပေါင်းများစွာ ခပ်ပြင်းပြင်းရှူနေရသည်။

"အင်း"

သူမ၏အာရုံများ အပြည့်အဝ ပြန်မကောင်းလာသေးခင်မှာ ထိုယောက်ျားက သူမကို ခါးကနေ ဆွဲပွေ့သွားပြီး ကျယ်ဝန်းသည့် ခုတင်ဆီ လျှောက်သွားနေခဲ့သည်။ သူက သူမကို ခုတင်ပေါ်သို့ ညင်ညင်သာသာ လှဲချပေးလိုက်ပြီး ချက်ချင်းဆိုသလို သူ့၏ခန္ဓာကိုယ်က ကျွော့ချင်းကို နောက်တစ်ကြိမ် ပြန်ဖိကာ သူမကို သူ့လက်နှစ်ဖက်ကြားတွင် ချုပ်နှောင်ထားခဲ့သည်။ ထိုအတောအတွင်း သူ့လက်ချောင်းများက သူမ၏နားရွက်များကို စက်ဝိုင်းပုံစံ လှည့်ပတ်ကစားနေခဲ့သည်။

‘ဒီလူက တကယ်ကို ပရောပရည် လုပ်နိုင်လွန်းတယ်၊ သူ တကယ်ပဲ စုမူဖုန်း ဟုတ်ရဲ့လား?!’

ကျွော့ချင်းက သူမလက်ကို  ခက်ခက်ခဲခဲ ဆန့်ထုတ်လိုက်ပြီး မျက်နှာဖုံးစွပ်ထားသည့်လူ၏မျက်နှာကို ပွတ်သပ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်ပြန်သည်။

"မူဖုန်း၊ ကျွန်မ ရှင့်ကို ကြည့်ချင်တယ်!"

ကုယွင်က ငြိမ်သက်နေဆဲဖြစ်သော လို့ရှီးယန်ကို ဂရုတစိုက်ကြည့်နေပြီး သူ၏ဖီးနစ်မျက်လုံးများက အနည်းငယ် အေးစက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုကဲ့သို့ ညဘက်တွင်ပင် ကုယွင်က သူ့မျက်လုံးများထဲမှ လူသတ်ချင်စိတ်ကို ခံစားရနိုင်သည်။ သူမက ဤလူ၏ ကျိုးကြောင်းဆင်ခြင်တက်သော အသိဥာဏ်နှင့် သူ၏လေးနက်သော နားလည်ပေးနိုင်မှုကို တကယ်ပဲ သဘောကျနေမိသည်။

‘ဒီယောက်ျားက ချင်းကို တကယ်ချစ်နေတာပဲ’

မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသားက ကျွော့ချင်း၏လက်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်သောကြောင့် ထုပ်တန်းပေါ်ရှိ မော့ပိုင်က တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ ကျွော့ချင်းကလည်း သူ ဒေါသထွက်သွားလောက်ပြီဟု တွေး‌ကာ လန့်သွားချိန်မှာပင် ထိုလူက သူ့မျက်နှာဖုံးကို သူကိုယ်တိုင် အေးအေးဆေးဆေး ဖြုတ်ကာ အိပ်ယာဘေးသို့ ညင်ညင်သာသာ ပစ်ချလိုက်သည်။

နောက်ဆုံးတွင် ကျွော့ချင်းလည်း ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သူမရှေ့မှ မျက်နှာက ကြည်လင်ပြတ်သားလွန်းနေပြီး ထူးခြားစွာ ချောမောလှပသည့် စုမူဖုန်း ၏ မျက်နှာပင် ဖြစ်သည်။ သို့သော် ကျွော့ချင်းက ဤလူမှာ သူမသိသော စုမူဖုန်း ဟုတ်၊ မဟုတ် ဝေခွဲမရ ဖြစ်နေခဲ့သည်။ နေ့ခင်းဘက်တွင် သူ့မျက်လုံးများထဲ၌ ငွေမှင်ရောင်နှင့် အနက်ရောင်များကိုသာ မြင်ခဲ့ရသော်လည်း ညဘက်တွင် ငွေမှင်ရောင်ကဲ့သို့ ခပ်ဖျော့ဖျော့ရောင်များ ရောနှောနေပြီး သူက ပြုံးနေသော်လည်း မပြုံးသလို ဖြစ်နေကာ သူ၏ပါးလွှာသော နူတ်ခမ်းများက ရဲရဲနီနေပြီး အရာရာကို သွေးဆောင် ဖျားယောင်းတော့မည့်ပုံပေါ်နေသည်။ နေ့ခင်းဘက်မှ အေးစက်ပြီး ကြော့ရှင်းသည့် အသွင်အပြင်နှင့် မတူဘဲ ယခုအချိန်တွင် သူက ပျင်းရိပြီး ဆိုးသွမ်းတတ်သည့် အသွင်အပြင်ကို ထုတ်ဖော်ထားသည်။ ကျွော့ချင်းက ယခုအချိန်တွင် သူမ၏အတွေးများကို သံသယဝင်နေပြီး သူမ၏ယခင်ကောက်ချက်များကို သူမဘာသာသူမ စတင်မေးခွန်းထုတ်နေပြီ ဖြစ်သည်။

‘စိတ်ညှို့တာက လူတစ်ယောက်ကို ဒီလောက်အတိုင်းအတာအထိ မပြောင်းလဲစေဘူး၊ သူက စုမူဖုန်းဟုတ်ရဲ့လား၊ ဒါမှမဟုတ်...’

ကျွော့ချင်း သူမ၏ကိုယ်ပိုင်အတွေးထဲသို့ ရောက်သွားခဲ့သော်လည်း သူက သူမကို တွေးတောနေရန် ခွင့်မပြုခဲ့ပေ။ သူက သူမ၏မေးစေ့ကို သူ့လက်ဖြင့် ညင်သာစွာ ညစ်လိုက်ပြီး အသံတိုးတိုးဖြင့် မေးနေပြန်သည်။

“မင်း ငါ့အတွက် တစ်ခုခု ပေးချင်တာရှိလား”

ထိုစကားက ကျွော့ချင်းကို အံ့အားသင့်သွားစေသည်။ သို့သော်လည်း သူမပ အပြုံးမပျက် ပြန်ဖြေလိုက်သည်။

"အင်း"

ထိုလူက သူမ၏ နှာသီးဖျားကို လေဖြင့် ညင်သာစွာ မှုတ်လိုက်ပြီး သူမပါးပြင်ကို ကိုင်ကာ ထပ်မေးလာပြန်သည်။

"ကောင်းပြီ သခင်မလေး... မင်းရဲ့ နှလုံးသားကို ငါ့ကို ပေးချင်လား?"

သူ၏အသံက နူးညံ့လှသော်လည်း တောင်းဆိုလိုက်သည့်အရာက တုန်လှုပ်စရာပင်။ ကျွော့ချင်းက မျက်ခုံးပင့်ကာ ပြန်မေးသည်။

“ရှင်က ကျွန်မရဲ့နှလုံးသားကို လိုချင်တာလား?”

ထိုလူ၏မျက်လုံးများက အနည်းငယ် မှေးကျဥ်းသွားသော်လည်း သူက နတ်ဆိုးဆန်ဆန် အပြုံးဖြင့် မေးလာပြန်သည်။

"မင်းက မပေးချင်ဘူးလား?"

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပြီး ရေကန်တစ်ခုကဲ့သို့ နက်ရှိုင်းလှသော သူ့မျက်လုံးထဲ၌ ငွေရောင်အလင်းတန်းများ စီးဆင်းနေသည်ကို ကျွော့ချင်းက မြင်လိုက်ရသည်။ ထိုအရာက သူမကို တစ်ဆင့်ချင်း စုပ်ယူနေသလို ခံစားနေရပြီး ကျွော့ချင်း၏စိတ်များ ဝေဝါးလာကာ မူးဝေလာသလို ခံစားလိုက်ရသည်။ ဤသည်မှာ 'စိတ်ညှို့ခြင်း' ခံလိုက်ရခြင်းပင်။ ကျွော့ချင်းက အိပ်မွေ့ချခံထားရသူတစ်ဦးကဲ့သို့ ခေါင်းညိတ်ပြန်ဖြေလိုက်သည်။

“အင်း”

စိတ်လှုပ်ရှားနေပုံရ‌သော ထိုယောက်ျား၏မျက်နှာပေါ်တွင် ဆိုးသွမ်းသော အပြုံးတစ်ခု ပေါ်လာသည်။ သူက တည့်တည့်မတ်မတ် ပြန်ထိုင်လိုက်ပြီး မလှုပ်မယှက်ဖြစ်နေသော အမျိုးသမီးကို ကျေနပ်စွာ စိုက်ကြည့်နေသည်။ သူ့လက်က သူမ၏ခါးစည်းကြိုး ပေါ်သို့ ရောက်လာပြီး ကျွမ်းကျင်နေသည့်ပုံစံဖြင့် လှမ်းဆွဲလိုက်သည်။ မကြာမီ သူမ၏အဝတ်အစားများအားလုံးကို ဖြည်ချခံလိုက်ရပြီး သူက သူမကို တစ်ချက်ကြည့်လိုက်ပြန်သည်။ သူက သူ့ကို စိုက်ကြည့်နေသည့် အမျိုးသမီးအား ပြန်စိုက်ကြည့်နေရင်း ညင်ညင်သာသာ ပြုံးပြနေခဲ့သည်။

"မကြောက်ပါနဲ့... မင်း မကြာခင် လွတ်လပ်သွားတော့မှာပါ"

ပါးလွှာသော ဓားမြှောင်တစ်လက် ဘွားခနဲ့ ပေါ်လာပြီး ချွန်ထက်အေးစက်သော ဓားဦးက ကျွော့ချင်း၏ ရင်ဘတ်အသားစကို ထိမိသွားသည်။ အနီရင့်ရောင် သွေးစအချို့က ဓားရာတစ်လျှောက် စီးကျလာပြီး ပိုးသားအိပ်ရာခင်းပေါ်သို့ ကျဆင်းသွားသည်။

All Chapters