← Chapters

အခန်း (၈၁-၈၂)

Vol. 5 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 5 Ch. 81-82

အခန်း (၈၁) - အမှတ်ပြည့် ရရှိခြင်း

​သတိလစ်သွားသော ဝမ်ကျိကို မည်သူမျှ သနားမနေကြပေ ။ အမှန်စင်စစ် ဝမ်ကျိသည် သူ၏ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး တက်သစ်စ လူငယ်တစ်ဦးကို ဖိနှိပ်ခဲ့ခြင်းမှာ ထင်ရှားသော ပြဿနာတစ်ခု ဖြစ်ပေသည် ။

​လွန်ခဲ့သော ရက်ပိုင်းက ဝမ်ကျိသည် လင်းကျင်းအပေါ် မည်မျှ ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သည်ကို လူတိုင်း သိကြသည် ။ လင်းကျင်း၏ အကြံပေးခန်းမမှာ ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ပိတ်ပစ်ခံခဲ့ရပြီး သူသည် အရေးပေါ် ကုသရေးခန်းမသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည် ။ ထို့ထက် ပို၍ ဆိုးသည်မှာ သူ၏ အကဲဖြတ်မှူး အရည်အချင်းကို ပယ်ဖျက်လိုက်ပြီး အသင်းချုပ်မှ နှင်ထုတ်ခံရမည့် အခြေအနေသို့ ရောက်အောင် တွန်းပို့ခဲ့ခြင်း ဖြစ်သည် ။

​ယခင်က ဤသည်ကို သတိမထားမိခဲ့ကြသော်လည်း ယခုအခါ လင်းကျင်းသည် သူ၏ အရည်အချင်းကို ပြသလိုက်သောအခါ ဝမ်ကျီသည် လင်းကျင်း၏ ပညာရပ်အပေါ် မနာလိုဖြစ်ကာ ဤသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း လူတိုင်း အလွယ်တကူ ကောက်ချက်ချနိုင်ကြပြီ ဖြစ်သည် ။

​တန်လင်း၏ ဆုံးဖြတ်ချက်အပေါ် လူတိုင်းက ကျေနပ်အားရနေကြသည် ။

​ဝမ်ကျိကို ဘေးသို့ မထုတ်သွားကြသည် ။

​“အခုတော့ အမှန်တရား ပေါ်ပေါက်သွားပါပြီ... အကဲဖြတ်မှူးလင်း... ကျွန်မရဲ့ ပေါ့လျော့မှုကြောင့် ရှင့်အပေါ် နားလည်မှုလွဲခဲ့တာပါ... ရှင့်ရဲ့ အဆင့် ၁ အကဲဖြတ်မှူး အရည်အချင်းကို တရားဝင် ပြန်လည် သတ်မှတ်ပေးဖို့ ဌာနချုပ်ကို ချက်ချင်း အကြောင်းကြားပေးပါ့မယ်”

တန်လင်းသည် လင်းကျင်း၏ အနားသို့ လျှောက်လာပြီး ခေါင်းငုံ့ကာ ပြောလိုက်၏ ။

​သူမသည် အမှန်တကယ်ပင် စိတ်မကောင်း ဖြစ်နေပြီး လင်းကျင်းအတွက် တတ်နိုင်သမျှ ပြန်လည် ကုစားပေးချင်နေသည် ။

​လင်းကျင်းက ပြုံးလိုက်ပြီး ပြောလိုက်၏ ။

“အဲဒီလို လုပ်ဖို့ မလိုတော့ပါဘူး”

​တန်လင်းမှာ စိုးရိမ်သွားရသည် ။ လင်းကျင်းသည် သူမအပေါ် စိတ်ဆိုးနေဆဲဟု ထင်မှတ်ကာ သူမက အမြန်ခေါင်းမော့၍ ရှင်းပြလိုက်သည် ။

“လင်းကျင်း... အဲဒီညက ရှင့်ရဲ့ စေတနာကို ကျွန်မ နားလည်မှုလွဲခဲ့တာပါ....ကျွန်မ မှားခဲ့တဲ့အတွက် ကျွန်မ တတ်နိုင်တာကို ပြန်ပြင်ပေးမယ်... ရှင့်ရဲ့ အရည်အချင်းက ပယ်ဖျက်ခံထားရတာဆိုတော့ စာမေးပွဲ ပြန်ဖြေရင်တောင် အောင်ဖို့ မလွယ်ဘူးလေ”

​“တကယ်ပဲ အဲဒီလို လုပ်ဖို့ မလိုတော့တာပါ”

လင်းကျင်းက လက်ကာပြလိုက်၏ ။

​တန်လင်းမှာ ပျာယာခတ်သွားပြီး ထပ်ပြောလိုက်သည် ။

“ရှင် ကျွန်မကို ခွင့်မလွှတ်နိုင်ဘူးဆိုရင်တောင် ရှင်.. ကိုယ့်အတွက်ကိုယ်တော့ စဉ်းစားသင့်တယ်... ရှင့်ရဲ့ အဆင့် ၁ အကဲဖြတ်မှူး အရည်အချင်းကို ပြန်ရအောင် လုပ်ပေးတာက ကျွန်မ လုပ်သင့်တဲ့ အလုပ်ဖြစ်သလို ရှင်နဲ့လည်း ထိုက်တန်ပါတယ်”

​လင်းကျင်းမှာ အားကိုးရာမဲ့သကဲ့သို့ ခံစားလိုက်ရပြီး စိတ်ထဲမှ ရေရွတ်လိုက်မိသည် ။

‘ဒီမိန်းကလေးက ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ... ငါ ပြောတာကို သူမ မကြားဘူးလား’

​ခဏမျှ စဉ်းစားပြီးနောက် လင်းကျင်းသည် အမှန်တရားကို ဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည် ။

“အကဲဖြတ်မှူးတန်... ခင်ဗျား မှားနေပြီ... ကျွန်တော်က အဲဒီညက ကိစ္စအတွက် အငြိုးအတေး ထားနေတာ မဟုတ်ပါဘူး.. ကျွန်တော့်ရဲ့ အဆင့် ၁ အကဲဖြတ်မှူး အရည်အချင်းနဲ့ ပတ်သက်လို့တော့ ကျွန်တော် စာမေးပွဲ အောင်မြင်ပြီးပြီ ဖြစ်တဲ့အတွက် ပြန်ပြီး သတ်မှတ်ပေးနေစရာ မလိုတော့ဘူးလို့ ပြောတာပါ”

​“ရှင်အောင်သွားပြီ ဟုတ်လား”

တန်လင်းမှာ အံ့အားသင့်သွားရသည် ။

​“ဒါက မဖြစ်နိုင်ဘူး... အဆင့် ၁ အကဲဖြတ်မှူး အရည်အချင်း စစ်စာမေးပွဲဆိုတာ ဒေသဆိုင်ရာ အသင်းချုပ်ရဲ့ စီမံခန့်ခွဲရေး အကြီးအကဲရဲ့ ဆုံးဖြတ်ချက် လိုအပ်တာလေ... သူတို့ ဘယ်လောက်ပဲ မြန်မြန် စစ်ဆေးပါစေ ၊ စာမေးပွဲ ဖြေတဲ့နေ့မှာတင် ရလဒ် ထွက်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”

တန်လင်းသည် သားရဲအကဲဖြတ်မှူး အသင်းချုပ်၏ လုပ်ငန်းစဉ်များကို ကောင်းစွာ သိထားသူ ဖြစ်သည် ။

​ထိုစဉ်မှာပင် အသံတစ်သံက ကြားဖြတ်ဝင်လာသည် ။

“စီမံခန့်ခွဲရေး အကြီးအကဲက ဖြေဆိုသူကို အဲဒီနေရာမှာပဲ အောင်စာရင်း ထုတ်ပေးလိုက်ရင်တော့ ဖြစ်နိုင်တာပေါ့”

​အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်၏ စီမံခန့်ခွဲရေး တာဝန်ခံ အကြီးအကဲဒူ လျှောက်လာသည်ကို မြင်လိုက်ရသည် ။ သူ၏ အနောက်တွင် သူ၏ သားရဲဖြစ်သော ဉာဏ်ကောင်းသည့် မျောက်ကလေး ပါလာသည် ။ ထိုမျောက်ကလေးမှာ စာမေးပွဲ အဖြေလွှာများ စီထားသော သစ်သားဗန်းတစ်ခုကို သယ်ဆောင်ထားသည် ။

​“အကြီးအကဲဒူ..."

​“အစ်ကိုဒူ...”

​လူအုပ်ကြီးက ထိုလူအိုကြီးကို ချက်ချင်း နှုတ်ဆက်လိုက်ကြသည် ။ အကြီးအကဲမော့နှင့် တန်ရွှင်းတို့ပင်လျှင် အကြီးအကဲဒူကို အလွန် ရိုသေလေးစားစွာ ဆက်ဆံကြသည် ။

​“အစ်ကိုတန်... ကြည့်ရတာ ကျန်းကျန်းမာမာ ရှိပုံရတယ်နော်”

အကြီးအကဲဒူက ရယ်မောလိုက်၏ ။

​အကြီးအကဲ သုံးဦးထဲတွင် နန်ကုန်းရှန်မှာ အတွေ့အကြုံ အနည်းဆုံး ဖြစ်ပြီး အကြီးအကဲမော့နှင့် အကြီးအကဲဒူတို့မှာ ဝါရင့် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည် ။ အထူးသဖြင့် အကြီးအကဲဒူသည် သူ၏ ငယ်စဉ်အခါက ဌာနချုပ်တွင် ပို့ချချက်ပေးသူ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသဖြင့် အလွန် လေးစားခံရသူ ဖြစ်သည် ။ သူသည် အဆင့် ၂ အကဲဖြတ်မှူးအဖြစ်သာ ရှိနေသော်လည်း သူ၏ အရည်အချင်းမှာ အဆင့် ၃ အကဲဖြတ်မှူးများနှင့် တန်းတူပင် ဖြစ်သည် ။

​အကြီးအကဲဒူသည် စီမံခန့်ခွဲရေး ရုံးခန်းတွင် အေးအေးဆေးဆေး နေထိုင်ရသည်ကို ပို၍ နှစ်သက်သူ ဖြစ်သည် ။ နှစ်စဉ် စာမေးပွဲများနှင့် ဖြေဆိုသူများမှာ သူ၏ တာဝန် ဖြစ်သောကြောင့် အောင်သည် ရှုံးသည်မှာ သူ၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်သည် ။

​“အစ်ကိုဒူ... အကဲဖြတ်မှူးလင်း အကြောင်းကတော့..."

အခြေအနေကို သိနေသော်လည်း တန်ရွှင်းမှာ မမေးဘဲ မနေနိုင် ဖြစ်သွားရသည် ။

​အကြီးအကဲဒူက ခေါင်းငြိမ့်လိုက်၏ ။

“လင်းကျင်းရဲ့ စာမေးပွဲ အဖြေလွှာတွေကို ကျွန်တော် ကိုယ်တိုင် အဲဒီမှာတင် စစ်ဆေးခဲ့တာ... သူက အမှတ်​ပြည့်ရခဲ့တဲ့အတွက် ကျွန်တော် သူ့ကို အောင်ပေးလိုက်တာပေါ့... အကဲဖြတ်မှူး တန်လင်း... ငါ ဒီလို လုပ်တာက စည်းမျဉ်းတွေကို ဖောက်ဖျက်ရာ ကျမလား”

​တန်လင်းမှာ မှင်တက်သွားပြီး အမြန်ပင် ခေါင်းခါလိုက်သည် ။

“အကြီးအကဲဒူက စီမံခန့်ခွဲရေး တာဝန်ခံ ဖြစ်သလို အဆင့် ၁ အကဲဖြတ်မှူးတွေရဲ့ အရည်အချင်း စစ်ဆေးမှုကလည်း အဘိုးရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ရှိတာပဲလေ... အဘိုးကိုယ်တိုင် စစ်ဆေးပြီးပြီဆိုရင်တော့ စည်းမျဉ်းနဲ့ မညီတာမျိုး မရှိပါဘူး... ခဏလေး ၊ အဘိုး အခု အမှတ်ပြည့်လို့ ပြောလိုက်တာလား”

​ထိုသတင်းစကားကို ကြားလိုက်ရသောအခါ တန်လင်းသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ပြူးကြည့်လိုက်မိသည် ။

​အကြီးအကဲဒူက ခေါင်းငြိမ့်ပြလိုက်ပြီး ထပ်ပြောလိုက်သည် ။

“အေး... အမှတ်ပြည့်ရခဲ့တာ”

​အကြီးအကဲဒူသည် လင်းကျင်း စာမေးပွဲ ပြန်ဖြေရမည်ဆိုသည့် သတင်းကို ကြားသိခဲ့သည် ။ ယခင်က လင်းကျင်းကို ‘အထင်ကြီးခဲ့ဖူး’ သဖြင့် သူသည် လင်းကျင်း၏ အဖြေလွှာများကို ကြည့်ရန်အတွက် ယနေ့ ရောက်လာခြင်း ဖြစ်သည် ။

​ရလဒ်ကတော့ သူ့ကို အံ့အားသင့်သွားစေသည်မှာ အမှန်ပင် ။ သတ်မှတ်ထားသော အချိန်၏ တစ်ဝက်တောင် မပြည့်ခင်မှာပင် လင်းကျင်းသည် သားရဲ ၁၀ ကောင်လုံးကို ပြည့်စုံစွာ အကဲဖြတ်ခဲ့သည် ။ သူ ရေးသားခဲ့သော အစီရင်ခံစာများမှာ မည်သည့် အမှားအယွင်းမှ ရှာမရနိုင်လောက်အောင် စံပြလက်ရာများ ဖြစ်နေသည် ။

​ခြုံငုံကြည့်လျှင် ထိုအစီရင်ခံစာများမှာ အကောင်းဆုံး အဆင့်တွင် ရှိနေသည် ။

​ထို့ကြောင့် အကြီးအကဲဒူသည် ထိုနေရာမှာတင် အမှတ်ပေးခဲ့ပြီး လင်းကျင်းကို အမှတ်ပြည့်ဖြင်ပ အောင်မြင်စေခဲ့ခြင်း ဖြစ်သည် ။

​လင်းကျင်း အဆင့် ၁ အကဲဖြတ်မှူး စာမေးပွဲ အောင်မြင်သွားခြင်းမှာ လူအုပ်ကြီးအတွက် အံ့ဩစရာ မဟုတ်ပေ ။ ထိုလူသည် အရည်အချင်း ရှိသူဖြစ်ကြောင်း သိထားကြသောကြောင့် ဖြစ်သည် ။

​သို့သော် အမှတ်ပြည့်ဖြင့် အောင်မြင်ခြင်းမှာတော့ အလွန်အကျွံ ဖြစ်နေသည် ။

​ထိုအခိုက်အတန့်တွင် လူတိုင်းမှာ မှင်တက်သွားကြရသည် ။

​သားရဲအကဲဖြတ်မှူး စာမေးပွဲများတွင် အကဲဖြတ်မှုတိုင်းမှာ လုံးဝ တိကျနေရန် မလွယ်ကူသဖြင့် ပြည့်မှတ် ရရှိရန်မှာ အလွန် ရှားပါးလှပေသည် ။ ထို့ပြင် သားရဲ၏ ဓာတ်သဘာဝနှင့် သွေးမျိုးဆက်ကို တိကျစွာ သိရှိနိုင်ရန်မှာလည်း အလွန် ခက်ခဲသော စိန်ခေါ်မှုတစ်ခု ဖြစ်သည် ။

​အကယ်၍ အစီရင်ခံစာထဲတွင် ‘ဖြစ်နိုင်သည်’ ၊ ‘ယူဆရသည်’ ဆိုသည့် စကားလုံးမျိုး ပါဝင်နေလျှင် အမှတ်ပြည့် ရရန်မှာ မဖြစ်နိုင်ပေ ။

​၎င်းမှာ စည်းမျဉ်း ဖြစ်သည် ။

​ပြည့်မှတ် ရရန်မှာ အစီရင်ခံစာကို မိမိကိုယ်ကိုယ် လုံးဝ ယုံကြည်မှု အပြည့်ဖြင့် ရေးသားထားမှသာ ဖြစ်နိုင်သည် ။ တစ်နည်းအားဖြင့်ဆိုသော် ရှာဖွေတွေ့ရှိချက်များမှာ လက်တွေ့ အမှန်တရားနှင့် တထပ်တည်း ကျနေရမည် ဖြစ်သည် ။

​အစီရင်ခံစာ တစ်စောင်တွင် ပြည့်မှတ် ရရန်မှာ လွယ်ကူသော်လည်း အစီရင်ခံစာ ၁၀ စောင်လုံးတွင် ပြည့်မှတ် ရရန်မှာတော့ မယုံနိုင်လောက်အောင်ပင် ဖြစ်သည် ။

​အနည်းဆုံးတော့ လူအုပ်ကြီးက ထိုသို့ ယူဆထားကြသည် ။

​တန်ရွှင်းမှာ သိသိသာသာ အံ့ဩသွားသည် ။ သူသည် အကြီးအကဲဒူကို ကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည် ။

‘လင်းကျင်းက အကြီးအကဲဒူနဲ့ တစ်နည်းနည်းနဲ့ ပတ်သက်နေတာလား... အမျိုးတော်တာများလား... မဟုတ်ရင် အကြီးအကဲဒူက ဘာလို့ သူ့ကို ဒီလောက်အထိ အလေးထားနေရတာလဲ’

​လူအုပ်ကြီး၏ တုံ့ပြန်မှုကို မြင်သောအခါ အကြီးအကဲဒူသည် သူတို့ မယုံကြည်ကြသေးမှန်း သိလိုက်သဖြင့် ပြောလိုက်၏ ။

“ခင်ဗျားတို့ မယုံကြဘူးဆိုတာ ကျုပ်သိပါတယ်... လင်းကျင်းက ကျုပ်ကို လာဘ်ထိုးထားတာလား.. ဒါမှမဟုတ် သူက ကျုပ်ရဲ့ အမျိုးတော်နေလို့ ကျုပ်က သူ့ကို မျက်နှာသာ ပေးနေတာလားလို့တောင် တွေးနေကြမှာပဲ... ထားလိုက်ပါတော့... ကျုပ် သူ့ရဲ့ စာမေးပွဲ အဖြေလွှာတွေကို ယူလာခဲ့တယ်... မယုံတဲ့သူတွေ ရှိရင်လည်း ဒါကို ဖတ်ကြည့်ပြီးမှ ကိုယ့်ဘာသာ ဆုံးဖြတ်ကြတာပေါ့”

​ထိုသို့ ပြောပြီးနောက် သူသည် သူ၏ သားရဲကို လှည့်ကြည့်လိုက်သောအခါ မျောက်ကလေးမှာ ကျောက်စားပွဲဆီသို့ ချက်ချင်း လျှောက်သွားပြီး သစ်သားဗန်းကို တင်လိုက်သည် ။

​တန်ရွှင်းနှင့် တန်လင်းတို့သည် စာမေးပွဲ အဖြေလွှာများကို စစ်ဆေးရန် ပထမဆုံး အနားသို့ တိုးသွားကြသည် ။ နန်ကုန်းရှန်နှင့် ဂေါင်ကျန်းတို့ အပါအဝင် အခြားသူများမှာလည်း ရှေ့သို့ တိုးလာကြသည် ။

​ဝမ်ကျိမှာ ကျရှုံးသွားခဲ့ပြီ ဖြစ်သည် ။ နန်ကုန်းရှန်သည် သူ့ကို မကယ်တင်နိုင်သလို ကယ်တင်ရန်လည်း ဆန္ဒမရှိပေ ။ သူကိုယ်တိုင်မှာမူ ဝမ်ကျိကဲ့သို့ လင်းကျင်းကို သိသိသာသာ ဖိနှိပ်ခဲ့ခြင်း မရှိသဖြင့် မည်သည့် ရလဒ်ကိုမှ ကြောက်ရွံ့နေစရာ မလိုပေ ။

​ဂေါင်ကျန်းမှာလည်း အစကတည်းက သတိကြီးစွာနှင့် အသာအယာ နေထိုင်ခဲ့သူ ဖြစ်သည် ။

​သို့သော် သူတို့နှစ်ဦးလုံးမှာ လင်းကျင်းသည် သတ်မှတ်ချိန်၏ တစ်ဝက်တောင် မပြည့်ခင်မှာ သားရဲ ၁၀ ကောင်လုံးကို အကဲဖြတ်နိုင်ပြီး ပြည့်မှတ် ရလောက်အောင် ပြောင်မြောက်သော အစီရင်ခံစာ ၁၀ စောင်ကို ရေးသားနိုင်ခဲ့သည် ဆိုသည်ကိုတော့ မယုံကြည်နိုင်ကြသေးပေ ။ သူတို့ကိုယ်တိုင်ပင်လျှင် အချိန်အလုံအလောက် ပေးထားပါစေဦး ၊ စာမေးပွဲ ကျရှုံးနိုင်ခြေမှာ အတော်လေး များနေသေးသည် ။

​ထို့ကြောင့် သူတို့သည် လင်းကျင်းမှာ ထိုမျှအထိ မထူးချွန်ကြောင်း သက်သေပြနိုင်မည့် ‘အမှားအယွင်း’ များကို ရှာဖွေရန်အတွက် အနားသို့ ရောက်လာကြခြင်း ဖြစ်သည် ။

​အစီရင်ခံစာ ၁၀ စောင် ရှိရာ တစ်ယောက်လျှင် တစ်စောင်စီ ကိုင်ထားကြသည် ။

​သူတို့ စတင် ဖတ်ရှုလိုက်သည်နှင့် တစ်ပြိုင်နက် မည်သူမျှ အသံမထွက်ကြတော့ပေ ။

​လူတိုင်းမှာ အစီရင်ခံစာထဲတွင် ပါဝင်သော အကြောင်းအရာများထဲ၌ စိတ်ဝင်တစား နစ်မျောသွားကြသဖြင့် အကြည့်မလွှဲနိုင် ဖြစ်နေကြသည် ။

​တန်ရွှင်းပင်လျှင် အဖြေလွှာ တစ်စောင်လုံးကို ဖတ်ပြီးသောအခါ သဘောကျစွာဖြင့် ခေါင်းငြိမ့်နေမိသည် ။

​“သီအိုရီက ခိုင်မာပြီး ခွဲခြမ်းစိတ်ဖြာမှုကလည်း ပြည့်စုံလှတယ်... အသေးစိတ် အချက်အလက် တစ်ခုမှလည်း ကျန်မနေဘူး... အမှား ရှာကြည့်တာတောင် တစ်ခုမှ ရှာလို့ မရဘူး... တကယ့်ကို ရှာမရတာပါ”

​ထို့နောက် သူသည် နောက်ထပ် အဖြေလွှာ တစ်စောင်ကို ယူလိုက်သည် ။

​သိသာသည်မှာ လင်းကျင်းအပေါ် အထင်ကြီးလေးစားမှု ရှိသော်လည်း တန်ရွှင်းသည် လင်းကျင်းက အမှတ်ပြည့် ရနိုင်သည်ဆိုသည်ကိုတော့ မယုံကြည်နိုင်သေးခြင်း ဖြစ်သည် ။

​တန်ရွှင်း ကိုယ်တိုင် သူ၏ စာမေးပွဲ ဖြေဆိုစဉ်တုန်းကပင် အမှားအယွင်း အနည်းငယ် ရှိခဲ့သဖြင့် ပြည့်မှတ် မရခဲ့ပေ ။

​သို့သော် ဒုတိယ အစီရင်ခံစာကို ဖတ်ပြီးသောအခါတွင်လည်း ၎င်းမှာ အပြစ်ပြောစရာ မရှိလောက်အောင် ပြောင်မြောက်နေကြောင်း တန်ရွှင်း ချီးကျူးလိုက်ရပြန်သည် ။ သူ သဘောမတူသော အချက် တစ်ချက်မှ မပါဝင်ဘဲ အကယ်၍ သူသာ ထိုသားရဲကို အကဲဖြတ်မည်ဆိုလျှင်လည်း လင်းကျင်း ရေးသားထားသည့်အတိုင်းသာ ဖြစ်နေပေလိမ့်မည် ။

​ယခုအခါ တန်ရွှင်းမှာ ထိတ်လန့်သွားရသည် ။ ဒါဟာ အမှန်တရား ဖြစ်ကြောင်း မယုံကြည်နိုင်သဖြင့် သူသည် တတိယမြောက် တစ်စောင်ကို ထပ်မံ ယူလိုက်ပြန်သည် ။

​တန်လင်းကတော့ တစ်စောင်ကိုသာ ဖတ်ပြီး ထိုနေရာမှာတင် ရပ်လိုက်သည် ။

​သူမအနေနှင့် ဤမျှ ပြည့်စုံသော အစီရင်ခံစာမျိုးကို ရေးသားနိုင်မှာ မဟုတ်ကြောင်း သူမ သိလိုက်သည် ။ ‘သစ်ရွက်တစ်ရွက် ကြွေကျတာကို မြင်ရုံနဲ့ ဆောင်းဦးရောက်တော့မယ်ဆိုတာ သိနိုင်တယ်’ ဆိုသည့် စကားပုံကဲ့သို့ပင် တန်လင်းသည် လင်းကျင်း၏ သားရဲအကဲဖြတ်မှု အရည်အချင်းအပေါ် ယခုအခါ လုံးဝ ယုံကြည်သွားခဲ့ပြီ ဖြစ်သည် ။

​အခန်း (၈၂) - အဆင့် ၂ အကဲဖြတ်မှူး စာမေးပွဲ

​ဝေးလံသော နေရာတစ်ခုမှ လင်းယုန်ငှက်တစ်ကောင်၏ ကျယ်လောင်သော အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ်လာသည် ။ ထို့နောက် ကောင်းကင်ယံတွင် ပျံသန်းနေသော ဧရာမ လင်းယုန်ကြီးတစ်ကောင်ကို မြင်လိုက်ရပြီး ၎င်းသည် လူအုပ်ကြီး၏ ခေါင်းပေါ်တွင် ဝဲပျံကာ မြေပြင်သို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လာတော့သည် ။

​၎င်း ဆင်းသက်လာမှုကြောင့် လေပြင်းများ တိုက်ခတ်သွားသည် ။ ဗဟုသုတ အနည်းငယ် ရှိသူများမှာ ဤလင်းယုန်သည် လူနှင့် ကုန်စည်များ သယ်ယူရန်အတွက် သီးသန့် မွေးမြူထားသော အမျိုးအစား ဖြစ်ကြောင်း သိကြသည် ။ သို့သော် လူတိုင်းမှာတော့ ၎င်းကို ကျွေးမွေးထားရန် မတတ်နိုင်ကြပေ ။

​ထိုလင်းယုန်ကြီး၏ ကျောပေါ်တွင် လူတစ်ယောက် ရပ်နေသည် ။

​၎င်းမှာ အသက် ၃၀ ခန့်ရှိသော အမျိုးသားတစ်ဦး ဖြစ်သည် ။ သူသည် တည်ငြိမ်အေးစက်သော မျက်နှာထား ရှိပြီး ကျောတွင် သစ်သားသေတ္တာတစ်လုံးကို လွယ်ထားသည် ။

​ထိုအမျိုးသား၏ ပုခုံးပေါ်တွင်တော့ ထူးဆန်းသော သားရဲတစ်ကောင် ဝပ်နေသည် ။

​၎င်းမှာ တိမ်တိုက်မြွေ ဖြစ်သည် ။

​သားရဲစွယ်စုံကျမ်းအရ အတောင်ပံများ ပါရှိပြီး ဦးခေါင်းပေါ်တွင် အမောက်ပါသော မြွေကို တိမ်တိုက်မြွေဟု ခေါ်ဆိုကြသည် ။ တိမ်တိုက်မြွေသည် အဆိပ်ရှိသော လျှပ်စီးအာနုဘော်များကို ထွေးထုတ်နိုင်သည့် ဉာဏ်ရည်မြင့် မျိုးစိတ်တစ်ခု ဖြစ်သည် ။ ၎င်းသည် လျှပ်စီး ၊ သစ်သား နှင့် လေဓာတ် သုံးမျိုး ပေါင်းစပ်ထားသည့် သတ္တဝါ ဖြစ်သည် ။

​ဒါဟာ သွေးကတိကဝတ် ပြုလုပ်ရန် ခက်ခဲပြီး အလွန် မြင့်မားသော အလားအလာရှိသည့် ရှားပါးသားရဲ ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ ။

​ထိုအမျိုးသားကို မြင်လိုက်ရသောအခါ တန်လင်းက မျက်မှောင်ကြုတ်လိုက်ပြီး တန်ရွှင်းကတော့ ပြုံးလိုက်သည် ။

“ယွီမန့်ထန် ရောက်လာပြီပဲ”

​အကြီးအကဲဒူက မေးလိုက်၏ ။

“ယွီမန့်ထန် ဟုတ်လား... သူက ဌာနချုပ်ကနေ အခုလေးတင် ရာထူးတိုးသွားတဲ့ အဆင့် ၃ အကဲဖြတ်မှူးလား”

​တန်ရွှင်းက ခေါင်းငြိမ့်ပြလိုက်သည် ။

​ထိုအမျိုးသားသည် လင်းယုန်ကျောပေါ်မှ ခုန်ဆင်းလိုက်သည် ။ သူက ဂါထာတစ်ခု ရွတ်ဆိုလိုက်သောအခါ လင်းယုန်ကြီးသည် တိမ်တိုက်များထဲသို့ ပြန်လည် ပျံသန်းသွားတော့သည် ။ အကယ်၍ ပြန်ခေါ်ရန် လိုအပ်ပါက သက်ဆိုင်ရာ ဂါထာကို ရွတ်ဆိုရုံဖြင့် ပြန်လည် ခေါ်ယူနိုင်သည် ။

​ဤမြင်ကွင်းက လူအများအပြားကို စိတ်လှုပ်ရှားသွားစေပြီး တကယ့်ကို ခန့်ညားလှသည်ဟု တွေးတောမိစေသည် ။

​လင်းကျင်းလည်း အပါအဝင် ဖြစ်သည် ။

​သူသည် လင်းယုန်ကြီး၏ တောင်ပံခတ်သံကို ကြည့်ရင်း သွားရည်ကျလုနီးပါး ဖြစ်နေသည် ။ အကယ်၍ အခွင့်အရေး ရခဲ့လျှင် သူကိုယ်တိုင်လည်း လင်းယုန်တစ်ကောင် ရအောင် ယူမည်ဟု စိတ်ထဲမှ ဆုံးဖြတ်လိုက်သည် ။ ခရီးသွားရန်အတွက် ၎င်းမှာ အလွန်ပင် အဆင်ပြေလှပေသည် ။

​“မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်က အကြီးအကဲဒူ ဘယ်မှာလဲ”

ယွီမန့်ထန်သည် မာန်ပါပါဖြင့် သူ၏ ဦးခေါင်းကို အနည်းငယ် မော့ကာ မေးလိုက်၏ ။

​သို့သော် သူသည် တန်ရွှင်းနှင့် တန်လင်းတို့ကို ချက်ချင်း မြင်သွားသည် ။ သူ၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် အနားသို့ တိုးသွားကာ နှုတ်ဆက်လိုက်သည် ။

“နေကောင်းပါလား ဆရာကြီးတန်”

​တန်ရွှင်းက ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည် ။

​“လင်းအာ... မင်း မေပယ်မြို့ကို လာတယ်ဆိုတာ ကြားလို့ ဒီစာမေးပွဲ စစ်ဆေးရေး တာဝန်ကို ငါ ယူခဲ့တာ... မင်းနဲ့ ဒီမှာ တကယ် တွေ့ရလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ”

ယွီမန့်ထန်၏ လေသံတွင် မြှောက်ပင့်လိုသော အမူအရာအချို့ ပါဝင်နေသည် ။

​တန်လင်း၏ တုံ့ပြန်မှုမှာမူ အတော်လေး အေးစက်လှသည် ။ သူမက သူ့ကို အရိုအသေပေးပြီးနောက် ပြန်ပြောလိုက်သည် ။

“နှုတ်ဆက်ပါတယ် အကဲဖြတ်မှူးယွီ”

​“ငါတို့ကြားမှာ ဒီလိုမျိုးတွေ လုပ်နေစရာ မလိုပါဘူး”

ထိုသို့ ပြောပြီးနောက် ယွီမန့်ထန်သည် ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးကို သတိပြုမိသွားသည် ။ သူသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် တည်ကြည်သော အမူအရာသို့ ပြန်ပြောင်းလိုက်သည် ။

​“ဆရာကြီးတန်... ကျွန်တော် မေပယ်မြို့ကို စာမေးပွဲ စစ်ဆေးဖို့ လာတာပါ... အလုပ်ပြီးသွားတဲ့အခါ ဆရာကြီးကို သပ်သပ်လာပြီး ဂါရဝပြုပါ့မယ်”

ထို့နောက် ယွီမန့်ထန်သည် လူအုပ်ကြီးဘက်သို့ လှည့်လိုက်သည် ။

​“အကြီးအကဲဒူ ဘယ်မှာလဲ”

​အကြီးအကဲဒူက ရှေ့သို့ လှမ်းထွက်လာသည် ။

​“အကြီးအကဲဒူ... ကျုပ်က အဆင့် ၂ အကဲဖြတ်မှူး အရည်အချင်းစစ် စာမေးပွဲကို ကြီးကြပ်ဖို့ အမိန့်အရ လာခဲ့တာပါ... ဖြေဆိုသူတွေဖြစ်တဲ့ လင်းကျင်းနဲ့ ဂေါင်ကျန်း ဘယ်မှာလဲ”

သူက မေးမြန်းပြီးနောက် အကြီးအကဲဒူက လင်းကျင်းနှင့် ဂေါင်ကျမ်းတို့ကို လှမ်းခေါ်လိုက်သည် ။

​“ဂေါင်ကျန်း.... မင်း ပြီးခဲ့တဲ့နှစ်က မအောင်ခဲ့ပေမဲ့ မင်းရဲ့ အဖြေတွေက အတော်လေး ကောင်းပါတယ်... ဒီနှစ်မှာ နည်းနည်း ပိုကြိုးစားရင် အောင်ဖို့ အခွင့်အရေး ရှိမှာပါ”

ယွီမန့်ထန်က အားပေးလိုက်သည် ။ ထို့နောက် လင်းကျင်းဘက်သို့ လှည့်လိုက်သောအခါ သူ မျက်မှောင်ကြုတ်လိုက်မိသည် ။

​ဤလင်းကျင်းမှာ ဂေါင်ကျန်းထက်ပင် ပို၍ ငယ်ရွယ်နေပုံရသည် ။

​သူ့အတွက်တော့ အဆင့် ၂ အကဲဖြတ်မှူး စာမေးပွဲဆိုသည်မှာ ကလေးကစားစရာ မဟုတ်ပေ ။ ပုံမှန်အားဖြင့် ဖြေဆိုသူများသည် အလွန်အသက်မကြီးကြသော်လည်း ဤမျှလည်း မငယ်သင့်ပေ ။

​ဤလူသည် သူ့ထက် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့် ပို၍ ငယ်ပုံရသည် ။ ဤအရွယ်နှင့် အဆင့် ၂ အကဲဖြတ်မှူး ဖြစ်ရန် ကြိုးစားနေသည်မှာ စဉ်းစားစရာပင် ။

​သို့သော် ယွီမန့်ထန်က ဘာမှ မပြောပေ ။ အဆင့် ၁ နှင့် အဆင့် ၂ စာမေးပွဲများအကြား ကွာခြားချက်တစ်ခု ရှိသည်မှာ အဆင့် ၂ ဖြေဆိုသူများသည် ပထမအဆင့် စိစစ်မှုကို ဖြတ်ကျော်ရခြင်း ဖြစ်သည် ။ ဒေသဆိုင်ရာ အသင်းချုပ်၏ အကြီးအကဲက ဤကိစ္စကို တာဝန်ယူရသဖြင့် စာရင်းသွင်းနိုင်သူတိုင်းမှာ ပထမအဆင့် စိစစ်မှုကို အောင်မြင်ထားသူများသာ ဖြစ်သည် ။

​“အကြီးအကဲဒူ... ကျုပ်တို့အတွက် တိတ်ဆိတ်တဲ့ စာမေးပွဲခန်းမတစ်ခု ပြင်ဆင်ပေးပါ ၊ ပြီးတော့ ကျုပ်နဲ့အတူ စာမေးပွဲကို ကြီးကြပ်ပေးပါ”

ယွီမန့်ထန်က ညွှန်ကြားလိုက်သည် ။

​သားရဲအကဲဖြတ်မှူး အသင်းချုပ်တိုင်းတွင် ထိုကဲ့သို့သော နေရာမျိုး ရှိသည် ။

​အဆင့် ၂ အကဲဖြတ်မှူး စာမေးပွဲမှာ တင်းကျပ်လှသဖြင့် ခန်းမကြီးထဲတွင် ဖြေဆိုသူ လင်းကျင်း ၊ ဂေါင်ကျန်းနှင့် ကြီးကြပ်သူ ယွီမန့်ထန် ၊ အကြီးအကဲဒူတို့သာ ရှိနေကြသည် ။

​ယွီမန့်ထန်က စာမေးပွဲ စည်းမျဉ်းများကို ကြေညာလိုက်သည် ။ ပြီးဆုံးသွားသောအခါ သူ ယူဆောင်လာသည့် သစ်သားသေတ္တာထဲမှ ‘လေ့ကျင့်ရေးသားရဲ’ တစ်ကောင်ကို ထုတ်ယူလိုက်သည် ။

​ထိုလေ့ကျင့်ရေးသားရဲထဲတွင် သားရဲပုံရိပ်ယောင် အဆောင်လက်ဖွဲ့တစ်ခုကို ထည့်သွင်းထားသည် ။ စာမေးပွဲကို ကြီးကြပ်နေသည့် ယွီမန့်ထန်ကိုယ်တိုင်ပင်လျှင် ၎င်းသည် မည်သည့်သားရဲ၏ အဆောင်လက်ဖွဲ့ဖြစ်ကြောင်း မသိပေ ။

​၎င်းမှာ စည်းမျဉ်း ဖြစ်သည် ။

​စာမေးပွဲတွင် ပါဝင်မည့် အကြောင်းအရာများကို ဌာနချုပ်မှ အကြီးအကဲများက ဆွေးနွေးဆုံးဖြတ်ကြသည် ။ သူတို့ သဘောတူညီမှု ရရှိသောအခါ အဆောင်လက်ဖွဲ့ကို လေ့ကျင့်ရေးသားရဲအတွင်း ထည့်သွင်းကာ ဖြေဆိုသူများထံ တိုက်ရိုက် ပို့ဆောင်ပေးခြင်း ဖြစ်သည် ။

​ထို့အပြင် ဂါထာဖြင့်သာ ဖွင့်နိုင်သော ‘အဖြေလွှာ’ တစ်စောင်လည်း ပါဝင်ပြီး စာမေးပွဲ ပြီးဆုံးမှသာ အမှတ်ပေးရန်အတွက် အသုံးပြုရသည် ။

​ထိုစဉ်မှာပင် ခန်းမထဲသို့ လူတစ်ယောက် ဝင်လာသည် ။ ၎င်းမှာ တန်ရွှင်း ဖြစ်သည် ။

​“ဆရာကြီးတန်... ဒါက ဘာသဘောလဲ”

ယွီမန့်ထန်က မေးလိုက်၏ ။

​“ငါက လွတ်လပ်တဲ့ ကြီးကြပ်သူအဖြစ် လာကြည့်တာပါ... ဒါဟာ စည်းမျဉ်းနဲ့ မညီတာမျိုး မရှိဘူးလို့ ငါ ယုံကြည်တယ်"

​အမှန်စင်စစ် အခြားကြီးကြပ်သူက သဘောတူလျှင် အဆင့် ၃ အကဲဖြတ်မှူးတစ်ဦးသည် စာမေးပွဲကို အတူတကွ ကြီးကြပ်ခွင့် ရှိသည် ။

​တန်ရွှင်းသည် အဆင့်အတန်း မြင့်မားသူ ဖြစ်သလို ယွီမန့်ထန်သည်လည်း တစ်ချိန်က သူ၏ တပည့် ဖြစ်ခဲ့ဖူးသည် ။ ထို့ကြောင့် ထိုအဖိုးကြီးက ကြည့်ရှုလိုသည်ကို ယွီမန့်ထန်အနေနှင့် ငြင်းပယ်ရန် ခက်ခဲလှပေသည် ။

​ထိုသို့ဖြင့် တံခါးများကို ပိတ် ၊ ပြတင်းပေါက်များကို ခတ်လိုက်ပြီးနောက် စာမေးပွဲကို တရားဝင် စတင်လိုက်တော့သည် ။

All Chapters