အခန်း (၈၉-၉၀)
Vol. 5 Ch. 89-90
အခန်း (၈၉) - လုယွန်ဟယ်၏ အဆင့်အတန်း
ချန်ယွမ်ယွမ်မှာ ဒေါသကြောင့် ရူးသွပ်မတတ် ဖြစ်နေသည် ။ အခြားအမျိုးသမီးက သူမကို ပါးရိုက်ခဲ့ရုံသာမက သူမကို အလွန်အမင်း ဒေါသထွက်စေမည့် စကားများကိုပါ ပြောဆိုသွားခဲ့ခြင်း ဖြစ်သည် ။
ထိုစဉ်မှာပင် လူငယ်တစ်ဦးသည် ဂိတ်တံခါးဝမှ လျှောက်ထွက်လာသည် ။ သူသည် ထူးခြားသော အရှိန်အဝါရှိပြီး သူ၏အနောက်တွင် ခရမ်းရောင်အစက်အပြောက်ပါသော နှင်းကျားသစ်တစ်ကောင်က လိုက်ပါလာသည် ။ ထိုလူငယ်၏ ဝတ်ရုံပေါ်တွင် ‘ခရမ်းရောင်တိမ်တိုက်ပုံစံ’ သုံးခု ပါရှိသည် ။
သားရဲအကဲဖြတ်မှူး အသင်းချုပ်ကဲ့သို့ပင် ကျင့်ကြံသူများအသင်းတွင်လည်း အင်အားသည် အဆင့်အတန်းဖြစ်သော အသေးစိတ် အဆင့်ဆင့် သတ်မှတ်ချက်စနစ် ရှိသည် ။
ကျင့်ကြံသူများအသင်းတွင် သူတို့၏ သွေးကတိကဝတ် ပထမအဆင့်သို့ ရောက်ရှိသူများကို သူတို့၏ ဝတ်ရုံပေါ်တွင် ခရမ်းရောင်တိမ်တိုက်ပုံစံ တစ်ခု ချုပ်လုပ်ခွင့် ပေးထားသည် ။ အကယ်၍ ဒုတိယအဆင့်သို့ ရောက်ရှိလျှင် တိမ်တိုက်ပုံစံ နှစ်ခု ချုပ်လုပ်နိုင်သည် ။ ဤလူငယ်၏ ဝတ်ရုံပေါ်တွင် တိမ်တိုက်ပုံစံ သုံးခု ပါရှိနေသဖြင့် သူ၏ ကျင့်ကြံမှု အဆင့်နှင့် အသင်းအတွင်းရှိ သူ၏ အဆင့်အတန်းမှာ လျှော့တွက်၍မရကြောင်း သိနိုင်သည် ။
သူ ရောက်လာသည်ကို မြင်သောအခါ ချန်ယွမ်ယွမ်၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားတော့သည် ။
“ဝမ်းကွဲအစ်ကို”
“ယွမ်ယွမ်... ဘာတွေ ဖြစ်နေတာလဲ”
ချန်ယွမ်ယွမ်၏ မျက်လုံးထဲတွင် မျက်ရည်များကို မြင်လိုက်ရသဖြင့် လူငယ်သည် မျက်မှောင်ကြုတ်ကာ အမြန် လျှောက်လာသည် ။
“ဝမ်းကွဲအစ်ကို... သူတို့က ညီမလေးကို အနိုင်ကျင့်နေကြတာ ။ အဲဒီလင်းကျင်းနဲ့ သူ့ဘေးက မိန်းမလေ... အဲဒီမိန်းမက ညီမလေးကို တောင် ရိုက်လိုက်သေးတယ်”
မိဘကို တွေ့လိုက်ရသည့် ကလေးတစ်ယောက်ကဲ့သို့ ချန်ယွမ်ယွမ်က တိုင်တောတော့သည် ။
“မိုက်ရိုင်းလိုက်တာ”
လူငယ်သည် သိသိသာသာပင် ဒေါသထွက်သွားရသည် ။ သူ၏ နယ်မြေဖြစ်သော ကျင့်ကြံသူများအသင်းတွင် သူ၏ ဝမ်းကွဲညီမကို အနိုင်ကျင့်ရဲသူ ရှိနေသည်လား ။ ၎င်းမှာ သူ၏ အာဏာကို တမင်တကာ စိန်ခေါ်နေခြင်းပင် ဖြစ်သည် ။
ဘာပဲဖြစ်ဖြစ် သူသည် အသင်းအတွင်းရှိ လူငယ်မျိုးဆက်များထဲတွင် ထိပ်သီး ကျင့်ကြံသူ ငါးဦးအနက် တစ်ဦး မဟုတ်ပါလား ။
“လင်းကျင်းလား... မင်းနဲ့ စေ့စပ်ထားခဲ့ဖူးတဲ့ အသုံးမကျတဲ့ အကဲဖြတ်မှူးလား”
သိသာသည်မှာ လူငယ်သည် ဤကိစ္စကို သိထားပုံရသည် ။ သူက ချက်ချင်းပင် နှာခေါင်းရှုံ့လိုက်၏ ။
“သူက ကံကောင်းလို့ အဆင့် ၁ အကဲဖြတ်မှူး လက်မှတ် ရထားတဲ့သူပဲလေ... သူက လက်မှတ်ရ အကဲဖြတ်မှူး ဖြစ်နေပေမဲ့ ရာထူးတိုးဖို့ဆိုတာ ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်ဘူး ၊ အဲဒါကြောင့် သူက ထည့်ပြောနေစရာတောင် မလိုဘူး... မင်းတို့ စေ့စပ်တဲ့ ကိစ္စကိုလည်း အစကတည်းက ငါ အပြင်းအထန် ကန့်ကွက်ခဲ့တာ... ငါတို့ ချန်မိသားစုက ဂုဏ်သရေရှိ မိသားစုကြီး မဟုတ်ရင်တောင် လမ်းဘေးက လေလွင့်ခွေးတွေကိုတော့ ငါတို့ မိသားစုထဲ အဝင်ခံလို့ မရဘူး”
ချန်ယွမ်ယွမ်မှာ အားကိုးရာတစ်ခုနှင့် မိမိဘက်မှ ရပ်တည်ပေးမည့်သူကို တွေ့ရှိသွားခဲ့ပြီ ဖြစ်သည် ။
“ဝမ်းကွဲအစ်ကို... ညီမလေးအတွက် တရားမျှတမှုကို ပြန်ယူပေးရမယ်နော်... ဟုတ်သားပဲ... ဒီလင်းကျင်းမှာ ဖိတ်စာလည်း မပါဘူး ၊ အဲဒါကြောင့် ဘယ်သူကပဲ တောင်းဆိုတောင်းဆို သူ့ကို အတွင်းထဲ ပေးမဝင်နဲ့နော်”
ချန်ယွမ်ယွမ်၏ မျက်လုံးထဲတွင် ကောက်ကျစ်မှုနှင့် မာန်မာနများ ပြန်လည် ရောက်ရှိလာသည် ။
“စိတ်မပူပါနဲ့... မင်းအတွက် တရားမျှတမှုကို ငါ သေချာပေါက် ပြန်ယူပေးပါ့မယ်”
လူငယ်သည် ချန်ယွမ်ယွမ်၏ လက်ဖမိုးကို ပုတ်ပေးရင်း ဂုဏ်ယူဝင့်ကြွားနေသည် ။
သူသည် လှပသော သူ၏ ဝမ်းကွဲညီမအပေါ်တွင် တစ်မျိုးတစ်ဖုံ စိတ်ဝင်စားမှု ရှိနေခြင်း ဖြစ်သည် ။
ထို့နောက် သူသည် လင်းကျင်းကို စူးစိုက်ကြည့်လိုက်သည် ။
သို့သော် မကြာမီမှာပင် သူသည် လုရှောင်ယုကို သတိပြုမိသွားသည် ။
သူ၏ နှလုံးသားမှာ ဗိုက်ထဲအထိ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည် ။
လုရှောင်ယုမှာ လုယွန်ဟယ်၏ ညီမအရင်း ဖြစ်သည် ။ သူသည် သူတို့ကို မစော်ကားရဲပေ ။ လုယွန်ဟယ်မှာ သွေးကတိကဝတ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူထက် ပိုမိုမြင့်မားသော ရာထူးတွင် ရှိနေသူ ဖြစ်သည် ။ လူငယ်မျိုးဆက်များထဲတွင် လုယွန်ဟယ်မှာ ထိပ်သီး သုံးဦးအနက် တစ်ဦး ဖြစ်ပြီး အချို့ကဆိုလျှင် လုယွန်ဟယ်၏ ‘မုန်တိုင်းခြင်္သေ့’ သာ အဆင့် ၃ သို့ တိုးတက်ပြောင်းလဲသွားပါက သူသည် မေပယ်မြို့ ကျင့်ကြံသူများအသင်း၏ နံပါတ်တစ် ပါရမီရှင် ‘ရန်ကျဲ’ နှင့်ပင် တန်းတူ ဖြစ်လာနိုင်သည်ဟု ပြောကြသည် ။
တစ်ဖက်တွင်မူ ထိုလူငယ်နှင့် နှိုင်းယှဉ်လျှင် သူသည် အတော်လေး လိုအပ်ချက် ရှိနေသေးသည် ။
လုရှောင်ယုမှာ လင်းကျင်း၏ ပုခုံးကို ရင်းနှီးစွာတွဲထားသည်ကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည် ။
“ချန်ချန်း... မင်း သူမအတွက် တရားမျှတမှုကို ဘယ်လို ပြန်ယူပေးမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
အခြားတစ်ဖက်မှ လုယွန်ဟယ် လျှောက်လာသည် ။
အမှန်စင်စစ် သူသည် လုရှောင်ယုနှင့်အတူ ရောက်ရှိလာခြင်း ဖြစ်သော်လည်း စောစောက ချန်ယွမ်ယွမ်က သူတို့ကို ရန်စနေစဉ်တွင် သူကဲ့သို့ အမျိုးသားတစ်ဦး ဝင်ရောက် စွက်ဖက်ရန် မသင့်တော်သဖြင့် လုရှောင်ယုကိုသာ ကိုင်တွယ်ခိုင်းလိုက်ခြင်း ဖြစ်သည် ။
သူသည် အဝေးမှ စောင့်ကြည့်နေခဲ့သည် ။ ချန်ချန်းက ငြင်းခုံမှုထဲသို့ ဝင်လာပြီး မာန်မာနထောင်လွှားစွာ ပြုမူနေသည်ကို မြင်သောအခါ သူ ဝင်ရောက်လာရန် အချိန်တန်ပြီဖြစ်ကြောင်း လုယန်ဟယ် သိလိုက်သည် ။
ချန်ချန်းမှာလည်း အသင်းအတွင်းတွင် အတော်လေး နာမည်ကြီးသူ ဖြစ်သည် ။ သူ၌ အလွန်ကောင်းမွန်သော ဆရာတစ်ဦး ရှိပြီး ထိုဆရာမှာ နံပါတ်တစ် ပါရမီရှင် ရန်ကျဲကို သင်ကြားပေးခဲ့သော ဆရာပင် ဖြစ်သည် ။ သို့သော် ချန်ချန်း၏ အဆင့်မှာ ပျမ်းမျှလောက်သာ ရှိသည် ။ ထိုသူ၏ သွေးကတိကဝတ်မှာ တတိယအဆင့်အထိ ရှိနေပြီး သူ၏ သားရဲမှာ အဆင့် ၂ ဖြစ်သည် ။ သူ၏ ပါရမီနှင့် အလားအလာမှာ ပျမ်းမျှထက် မြင့်မားသော်လည်း လုယွန်ဟယ်၏ အောက်တွင်သာ ရှိနေသည် ။
အခြားကိစ္စများတွင်မူ လုယွန်ဟယ်သည် ထိုသူကို အလေးထားပေလိမ့်မည် ၊ သို့သော် ယနေ့ကိစ္စတွင်တော့ သူ လျစ်လျူရှုရန် မဖြစ်နိုင်ပေ။
သူ၏ ညီမနှင့် လင်းကျင်းတို့၏ ဆက်ဆံရေးကို ဖယ်ထားလျှင်ပင် ၊ သူသည် သူ၏ သားရဲကို တိုးတက်ပြောင်းလဲစေရန်အတွက် လင်းကျင်း၏ အကူအညီကို မျှော်လင့်နေဆဲ ဖြစ်သည် ။ ထို့ကြောင့် လုယန်ဟယ်သည် ဘာပဲဖြစ်ဖြစ် လင်းကျင်း၏ ဘက်မှ ရပ်တည်ပေးရမည် ဖြစ်သည် ။
လုယွန်ဟယ်ကိုပါ မြင်လိုက်ရသောအခါ ချန်ချန်း၏ ရင်ထဲတွင် ထိတ်လန့်မှုမှာ ပိုမို ကြီးထွားလာတော့သည် ။ ဤကိစ္စတွင် လုယွန်ဟယ် ပါဝင်နေမှန်း သိခဲ့လျှင် သူ ထွက်လာခဲ့မည် မဟုတ်ပေ ။ သို့သော် ယခုအခါ သူ ရောက်ရှိနေပြီ ဖြစ်ရာ တိတ်တဆိတ် နေရန် သို့မဟုတ် အရှက်တကွဲ ဆုတ်ခွာရန်မှာ မဖြစ်နိုင်တော့ပေ ။
“စီနီယာလု... ဒါက...”
ချန်ချန်းက ဘာမှမသိသလို ဟန်ဆောင်ကာ စကားစလိုက်သည် ။
လုယွန်ဟယ်က လင်းကျင်း၏ ဘေးသို့ လျှောက်သွားပြီး ပြောလိုက်၏ ။
“မင်းရဲ့ ဝမ်းကွဲညီမကို ပါးရိုက်လိုက်တဲ့သူက ငါ့ညီမပဲ... အကဲဖြတ်မှူးလင်းကိုတော့ ငါ လုယွန်ဟယ်က ဖိတ်ကြားခဲ့တာ ဖြစ်ပေမဲ့ ဖိတ်စာ ယူလာဖို့ မေ့သွားခဲ့တယ်... အခု ငါ မေးချင်တာက... ငါ့ရဲ့ ဧည့်သည်ကို ဘယ်သူကများ အတွင်းထဲ ပေးမဝင်ဘူးလို့ ပြောရဲသလဲ”
ထိုနောက်ဆုံး စာကြောင်းမှာ လင်းကျင်းကို တားဆီးထားသော အစောင့်များကို ဦးတည်ခြင်း ဖြစ်သည် ။ သူတို့သည် အခြေအနေအားလုံးကို စောင့်ကြည့်နေခဲ့ကြပြီး ယခုအခါ လုယွန်ဟယ်ကိုယ်တိုင် ရောက်လာသဖြင့် သူတို့က အမြန်ပင် ပြောလိုက်ကြသည် ။
“စီနီယာလုရဲ့ ဧည့်သည် ဖြစ်နေမှတော့ သေချာပေါက် ဝင်လို့ရပါတယ်ခင်ဗျာ”
လုယွန်ဟယ်က ခေါင်းညိတ်ပြလိုက်ပြီး တာဝန်ကျနေသော အသင်းသားများကို ထပ်ပြီး အခက်မတွေ့စေတော့ပေ ။
ချန်ချန်းကတော့ စိတ်ထဲတွင် ရေရွတ်နေမိသည် ။ ‘ဒါကတော့ ဒုက္ခပဲ ၊ လုယွန်ဟယ်က သိသိသာသာကို လင်းကျင်းဘက်မှာ ရှိနေတာပဲ... လုရှောင်ယုက ယွမ်ယွမ်ကို ရိုက်လိုက်တာကို ထားလိုက်တော့... လင်းကျင်းကိုလည်း ငါ လှောင်ပြောင်လို့ မရတော့ဘူး’
ဘာကြောင့်လဲဆိုတော့ ၎င်းမှာ လုယွန်ဟယ်ကို သွယ်ဝိုက်ပြီး စော်ကားရာ ရောက်သွားနိုင်သောကြောင့် ဖြစ်သည် ။
သူ၏ အတွေးများကို အမြန်ပင် ပြောင်းလဲလိုက်ပြီး ချန်ချန်းက ပြောလိုက်၏ ။
“ဒါက နားလည်မှုလွဲတာလို့ပဲ ကျွန်တော် ထင်ပါတယ်... ကျွန်တော် ဟိုဘက်မှာ လုပ်စရာလေးတွေ ရှိသေးလို့ စီနီယာလုတို့ကို မနှောင့်ယှက်တော့ပါဘူး”
ထိုသို့ ပြောပြီးနောက် သူသည် ဒေါသထွက်နေဆဲ ဖြစ်သော ချန်ယွမ်ယွမ်ကို ဆွဲခေါ်သွားတော့သည် ။
ဤကဲ့သို့ဖြင့် ပြဿနာမှာ အဆုံးသတ်သွားခဲ့သည် ။
လုယွန်ဟယ်က လင်းကျင်းအနားသို့ လျှောက်လာပြီး လုရှောင်ယုကို တစ်ချက် ကြည့်လိုက်သည် ။ သူမသည် လင်းကျင်း၏ လက်မောင်းကို တွဲထားဆဲ ဖြစ်ကြောင်း နောက်ဆုံးမှ သတိပြုမိသွားသဖြင့် လုရှောင်ယုမှာ မျက်နှာနီမြန်းကာ အမြန်ပင် လက်ကို လွှတ်လိုက်တော့သည် ။
“အစ်ကို... ဘာလို့ စောစော မလာတာလဲ”
မိန်းကလေးတစ်ယောက် ဖြစ်သဖြင့် လုရှောင်ယုမှာ အလွယ်တကူ ရှက်ရွံ့တတ်ရာ သူမက ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို ဖုံးကွယ်ရန်အတွက် သူမ၏ အစ်ကိုကိုသာ အပြစ်တင်လိုက်ခြင်း ဖြစ်သည် ။
လုယွန်ဟယ်မှာ အားကိုးရာမဲ့သကဲ့သို့ ခံစားလိုက်ရသည် ။ လုရှောင်ယုသည် လင်းကျင်းကို အခက်အခဲမှ ကူညီပေးရန်အတွက်သာ ဟန်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သူ သိထားသည် ။ သို့သော်လည်း အမှန်အတိုင်း ပြောရလျှင် ၎င်းမှာ အမှန်တကယ် ဖြစ်နေလျှင်ပင် လုယွန်ဟယ်အနေဖြင့် သူတို့၏ ဆက်ဆံရေးကို ကန့်ကွက်မည် မဟုတ်ပေ ။
လင်းကျင်း အဆင့် ၂ အကဲဖြတ်မှူးအဖြစ် ရာထူးတိုးသွားကြောင်းကို သူ၏ ညီမထံမှ သူ ကြားသိထားပြီး ဖြစ်ရာ ၎င်းမှာ အမှန်တကယ်ပင် ဖြစ်ရမည် ။ အဆင့် ၂ အကဲဖြတ်မှူးများမှာ မည်မျှအထိ အံ့ဩစရာကောင်းသလဲဆိုသည်မှာ လူတိုင်း သိထားသော အချက် ဖြစ်သည် ။ အဆင့်တစ်ခုသာ ကွာခြားသော်လည်း အဆင့် ၂ နှင့် အဆင့် ၁ အကဲဖြတ်မှူးတို့ကြားတွင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားချက် ရှိနေသည် ။
အကောင်းဆုံး ဥပမာမှာ ဝမ်ကျိပင် ဖြစ်သည် ။ အဆင့် ၂ အကဲဖြတ်မှူး တစ်ယောက်အနေဖြင့် သူသည် မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်၏ ဥက္ကဋ္ဌ ရာထူးကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည် ။ သူ ပုံမှန် ထိတွေ့ ဆက်ဆံနေရသူများမှာလည်း များသောအားဖြင့် လူမှုရေး အဆင့်အတန်း မြင့်မားသော ဂုဏ်သရေရှိ လူကြီးမင်းများသာ ဖြစ်ကြသည် ။
ယခုအခါ လင်းကျင်းသည် အဆင့် ၂ အကဲဖြတ်မှူး ဖြစ်နေပြီ ဖြစ်ရာ သူ၏ လက်ရှိ အခြေအနေမှာ မည်မျှပင် ဆိုးဝါးနေပါစေ ၊ အကယ်၍ သူသာ နောင်နှစ်များတွင် သူ၏ လူမှုကွန်ရက်ကို ချဲ့ထွင်ရန် အာရုံစိုက်ခဲ့လျှင် အနည်းဆုံးတော့ နောင်တစ်ချိန်တွင် အကြီးအကဲ တစ်ယောက် ဖြစ်လာနိုင်ပေလိမ့်မည် ။
လုယွန်ဟယ်က လင်းကျင်းကို ပြုံးပြလိုက်ပြီး ပြောလိုက်၏ ။
“အကဲဖြတ်မှူးလင်း... ရှောင်ယုက ခင်ဗျား လာချင်တယ်ဆိုတာ ကျွန်တော့်ကို မပြောခဲ့ဘူး... တကယ်လို့ ခင်ဗျား စိတ်ဝင်စားတယ်ဆိုတာ ကျွန်တော် သိခဲ့ရင် ဖိတ်စာတွေ အများကြီး ပေးခဲ့မှာပေါ့... စကားတစ်ခွန်း ပြောလိုက်ရုံနဲ့တင် ခင်ဗျားကို အတွင်းထဲ ပေးဝင်မှာပါ”
“ကျုပ်ကလည်း မတတ်သာဘဲ အတင်းအဓမ္မ ခေါ်လာခံရတာပါ”
လင်းကျင်းက ပြုံးရင်း ပြန်ဖြေလိုက်ပြီး ဇူချန်းကတော့ ရယ်ပြနေသည် ။
ဇူချန်းသည် သူ ဇူမိသားစု သခင်လေး ဖြစ်နေရုံနှင့် လူတိုင်းက သူ့ကို လေးစားကြလိမ့်မည်ဟု တွေးခဲ့ခြင်းမှာ အလွန်ပင် ကလေးဆန်သွားကြောင်း သိလိုက်ရသည် ။ သူတို့မှာ စိတ်မမှန်သော အမျိုးသမီးတစ်ဦးနှင့်ပင် တွေ့ဆုံခဲ့ရသေးသည် မဟုတ်ပါလား ။ ကံကောင်းထောက်မစွာဖြင့် လုရှောင်ယုနှင့် လုယွန်ဟယ်တို့မှာ အချိန်မီ ရောက်ရှိလာပြီး ပြဿနာကို ဖြေရှင်းပေးခဲ့ကြသည် ။
သူလည်း အံ့ဩသွားရသည် ။ ယခင်ကတော့ ဇူချန်းသည် လုရှောင်ယု၏ အစ်ကိုမှာ ကျင့်ကြံသူများအသင်း၏ နာမည်ကြီး လုယွန်ဟယ် ဖြစ်မှန်း မသိခဲ့ပေ ။
ယနေ့တွင်တော့ သူသည် လင်းကျင်းမှတစ်ဆင့် ထိုလူနှင့် ရင်းနှီးခွင့် ရရှိသွားခဲ့ပြီ ဖြစ်သည် ။
လူတစ်စုမှာ ပွဲတော်ကျင်းပရာ ခန်းမထဲသို့ အတူတူ ဝင်လာခဲ့ကြသည် ။ အတွင်းပိုင်းတွင် လူပေါင်း ရာနှင့်ချီ၍ ဆံ့သော ကြီးမားသော ဥယျာဉ်ကြီးတစ်ခု ရှိနေသည် ။ ၎င်းမှာ တောက်ပသော အလှဆင်မှုများဖြင့် သာယာလှပသော မြင်ကွင်းတစ်ခုပင် ဖြစ်သည် ။
အခန်း (၉၀) - ဇူချန်း၏ ညီမလေး
“အစ်ကို... လုပ်စရာရှိတာ သွားလုပ်လေ ၊ ကျွန်မတို့ဘာသာ ကျွန်မတို့ လျှောက်ကြည့်လို့ရပါတယ်”
လုရှောင်ယုက သူမ၏ အစ်ကိုဖြစ်သူကို စတင် နှင်ထုတ်တော့သည် ။ လုယွန်ဟယ်၏ မျက်နှာမှာ အနည်းငယ် ညိုမှောင်သွားသော်လည်း သူ အလုပ်ရှိသည်မှာ အမှန်ပင် ဖြစ်သည် ။ ထို့ကြောင့် စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် သူ ထွက်ခွာသွားတော့သည် ။
မထွက်ခွာမီ လုယွန်ဟယ်သည် သူ၏သားရဲ လုဘ ၏ အခြေအနေကို မေးမြန်းခဲ့သည် ။
အကယ်၍ လင်းကျင်းသာ အလိုရှိခဲ့လျှင် လုဘမှာ လွန်ခဲ့သော အချိန်ကတည်းက တိုးတက်ပြောင်းလဲသွားနိုင်ပြီ ဖြစ်သည် ။ သို့သော် အမြဲတမ်း လူသိရှင်ကြား ကြွားဝါနေခြင်းမှာ ကောင်းသော ရွေးချယ်မှု မဟုတ်သဖြင့် လင်းကျင်းသည် ၎င်းကို ရက်အနည်းငယ် ထပ်မံ နောက်ဆုတ်ရန် တမင်တကာ စီစဉ်ထားခြင်း ဖြစ်သည် ။
သို့သော်လည်း လုယွန်ဟယ်သည် စောစောက သူ၏ ပြဿနာကို ဖြေရှင်းပေးခဲ့သူ ဖြစ်ရာ လင်းကျင်း ခဏမျှ စဉ်းစားပြီးနောက် ဆေးညွှန်းတစ်ခုကို ထုတ်ပေးလိုက်ပြီး လိုအပ်သော ပစ္စည်းများကို ပြင်ဆင်ထားရန် လုယွန်ဟယ်အား ပြောလိုက်သည် ။ ရက်အနည်းငယ်အတွင်းမှာပင် သူသည် ထူးခြားသော အပ်စိုက်နည်းပညာကို အသုံးပြုကာ လုဘ၏ သွေးကြောများကို လည်ပတ်စေမည် ဖြစ်သည် ။ ဆေးဝါးများ၏ အကူအညီဖြင့် လုဘတိုးတက်ပြောင်းလဲရန် ၃၀ ရာခိုင်နှုန်းခန့် အခွင့်အလမ်း ရှိပေလိမ့်မည် ။
အမှန်တကယ်တွင်မူ လင်းကျင်းသည် ၉၉ ရာခိုင်နှုန်းအထိ အောင်မြင်လိမ့်မည်ဟု သေချာပေါက် ယုံကြည်ထားသည် ။
၎င်းကို ကြားလိုက်ရသောအခါ လုယွန်ဟယ်၏ မျက်နှာမှာ ချက်ချင်းပင် တောက်ပသွားပြီး အမြန်ပင် ပြန်ပြောလိုက်၏ ။
“စိတ်မပူပါနဲ့ အကဲဖြတ်မှူးလင်း... ခင်ဗျား လိုအပ်တာမှန်သမျှကို ကျွန်တော် အဆင်သင့် ပြင်ထားပါ့မယ်... အဲဒီအချိန်ကျရင် ကျွန်တော်တို့ကို ကူညီပေးပါဦး... တကယ်လို့ လုဘကသာ အဆင့် ၃ သားရဲအဖြစ် တကယ် ပြောင်းလဲသွားမယ်ဆိုရင် ကျွန်တော် လုယွန်ဟယ်က ခင်ဗျားအပေါ်မှာ အကြွေးတင်သွားပါပြီ”
ထိုသို့ ပြောပြီးနောက် သူသည် ဝမ်းသာအားရဖြင့် ထွက်ခွာသွားသည် ။
ဆော့ကစားတတ်သော လုရှောင်ယုသည် အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး မေးလိုက်၏ ။
“ဆရာလင်း... ဆရာ့မှာ အကြံရှိပြီးသား မဟုတ်လား”
လင်းကျင်းက သူ၏ နှုတ်ခမ်းရှေ့တွင် လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သောအခါ လုရှောင်ယုက ရယ်မောလိုက်ပြီး ၎င်းမှာ လျှို့ဝှက်ချက်အဖြစ် ထားရှိမည်ဖြစ်ကြောင်း နားလည်မှုရှိသော အကြည့်ဖြင့် ပြန်ကြည့်လိုက်သည် ။
ဇူချန်းကတော့ သူတို့၏ အပြုအမူကို ကြည့်ရင်း ခေါင်းခါယမ်းနေမိသည် ။ မိန်းကလေးများ အရွယ်ရောက်လာလျှင် သူတို့ စိတ်တိုင်းကျ လက်ထပ်သွားကြလိမ့်မည်ဟူသော ရှေးစကားကို သူ သတိရလိုက်သည် ။ လူကြီးတွေ ပြောခဲ့တဲ့ စကားတွေက အလကား မဟုတ်ပုံရပေ ။
အခြားတစ်ဖက်တွင်မူ ချန်ယွမ်ယွမ်သည် ဒေါသထွက်လွန်းသဖြင့် လမ်းတွင်ရှိသော ကျောက်ခဲတစ်လုံးကို ကန်လိုက်၏ ။
“ဝမ်းကွဲအစ်ကို... အဲဒီလုယွန်ဟယ်က အင်အားကြီးတယ် ဆိုပေမဲ့ အစ်ကိုကလည်း မဆိုးပါဘူး... ဘာလို့ သူ့ကို အဲဒီလောက်အထိ ကြောက်နေရတာလဲ”
ချန်ချန်း၏ မျက်နှာထားမှာလည်း ညိုမှောင်နေသည် ။ ယနေ့တွင် သူသည် နှိမ့်ချစွာ ပြုမူခဲ့ရသဖြင့် ၎င်းမှာ သူ၏ ဂုဏ်သိက္ခာအတွက် မကောင်းပေ ။
“ယွမ်ယွမ်... လုယွန်ဟယ်က ငါ့ထက် အဆင့်မြင့်တယ်ဆိုတာ မင်း သိပါတယ်... တကယ်လို့ ငါက သူ့ကို တမင်တကာ ဆန့်ကျင်မယ်ဆိုရင် ငါပဲ ရှုံးနိမ့်ရမှာလေ... အသေးအဖွဲ ကိစ္စလေးအတွက်နဲ့တော့ အဲဒီလို လုပ်ရတာ မတန်ပါဘူး... နောက်ပြီး နောက်ထပ် နှစ်ပတ်နေရင် ကျင့်ကြံသူများအသင်းက နှစ်စဉ်ကျင်းပနေကျ သားရဲပြိုင်ပွဲကို ကျင်းပတော့မှာ... ဒီတစ်ခါ ဆုလာဘ်တွေက တကယ့်ကို အံ့ဩဖို့ကောင်းတာမို့လို့ ငါ့ရဲ့ အင်အားကို ထိန်းသိမ်းထားချင်တာပါ... အဲဒီအချိန်ကျရင် ငါ့ရဲ့ အဆင့်ကို မြှင့်တင်နိုင်ဖို့ မျှော်လင့်ရတာပဲ”
သူ၏ အတွေးကို သဘောတူသဖြင့် ချန်ယွမ်ယွမ်သည် သူမ၏ ဒေါသများကိုသာ မျိုသိပ်ထားလိုက်ရသည် ။
“ဒါ့အပြင် ဒီတစ်ခါ သားရဲပြိုင်ပွဲရဲ့ ဆုလာဘ်တွေထဲမှာ ‘နဂါးသွေးဆေးပြား’ လည်း ပါဝင်တယ်လို့ ငါ ကြားထားတယ်”
ချန်ချန်းက ဆက်ပြောသည် ။
“နဂါးသွေးဆေးပြားလား... သားရဲတစ်ကောင်ရဲ့ ခန္ဓာကိုယ်ကို အသစ်ပြန်လည် တည်ဆောက်ပေးပြီး သွေးမျိုးဆက်ကို သန်စွမ်းစေတဲ့ ဆေးပြားကို ပြောတာလား”
ချန်ယွမ်ယွမ်က အံ့ဩတကြီး မေးလိုက်၏ ။
“ဟုတ်တယ်”
ချန်ချန်းက ခေါင်းငြိမ့်ပြလိုက်သည် ။
“ဝမ်းကွဲအစ်ကို... အစ်ကိုကများ စဉ်းစားနေတာလား...”
ချန်ချန်းက ချက်ချင်းပင် ခေါင်းခါယမ်းလိုက်၏ ။
“ငါ လိုချင်တာပေါ့ ၊ ဒါပေမဲ့ အဲဒီနဂါးဆေးပြားက ငါ့အတွက် မဟုတ်ဘူးဆိုတာ ငါ သိပါတယ်... ဘာလို့လဲဆိုတော့ အဲဒီဆုကို ရဖို့အတွက် ပြိုင်ပွဲမှာ နံပါတ်တစ် ရမှ ဖြစ်မှာလေ. . အစ်ကိုက လုယွန်ဟယ်ကို အနိုင်ရအောင် လုပ်နိုင်ရင်တောင် စီနီယာရန်ကိုတော့ ဘယ်လိုမှ မယှဉ်နိုင်ဘူးဆိုတာ မင်း သိတာပဲ”
‘စီနီယာရန်’ ဟူသော အမည်ကို ကြားလိုက်ရသောအခါ ချန်ယွမ်ယွမ်၏ ပါးပြင်မှာ နီမြန်းသွားပြီး သူမ၏ မျက်လုံးများမှာ တောက်ပလာတော့သည် ။ ‘စီနီယာရန်’ ဟူသော စကားလုံးမှာ သူမအတွက် မှော်အတတ်တစ်ခုကဲ့သို့ ဖြစ်နေသည် ။
ချန်ယွမ်ယွမ်၏ စွဲလန်းနေသော မျက်နှာကို မြင်သောအခါ ချန်ချန်းမှာ စိတ်အနှောင့်အယှက် ဖြစ်သွားရသော်လည်း သူက ဤသို့သာ ပြောနိုင်သည် ။
“ယွမ်ယွမ်... စီနီယာရန်က ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတဲ့ ပါရမီရှင် တစ်ယောက်ပဲ... သူက ဒီမေပယ်မြို့လေးမှာပဲ နေမယ့်သူ မဟုတ်ဘူး ၊ သူက ပိုပြီး မြင့်မားတဲ့ နေရာတွေကို ပျံသန်းမယ့်သူပဲ... အဲဒါကြောင့် မင်းအနေနဲ့ အဲဒီလို စိတ်ကူးယဉ်နေတာတွေကို အမြန်ဆုံး ရပ်တန့်လိုက်တာ အကောင်းဆုံးပဲ... အဲဒီတုန်းက စီနီယာရန်ကြောင့် မင်း လင်းကျင်းနဲ့ စေ့စပ်ထားတာကို အကြောင်းပြချက် ပေးပြီး ဖျက်သိမ်းခဲ့တာကို ငါ သိပါတယ်...”
“ဝမ်းကွဲအစ်ကို... အဲဒီကိစ္စကို အစ်ကို စိတ်ပူနေစရာ မလိုပါဘူး... ညီမလေးက သူ့ကို ဘယ်လိုပဲဖြစ်ဖြစ် ကြိုက်တာပဲ...တကယ်လို့ အဆင့်အတန်း တစ်ခု မရရင်တောင်... သူ့ရဲ့ မယားငယ် ဖြစ်ရမယ်ဆိုရင်တောင် လင်းကျင်းရဲ့ ဇနီးကြီး ဖြစ်ရတာထက် ပိုကောင်းပါသေးတယ်... အဲဒီ အသုံးမကျတဲ့ လင်းကျင်းဆိုတဲ့ လူက အစ်ကိုရန်ရဲ့ ဖိနပ်ကိုတောင် သယ်ပေးဖို့ မတန်ပါဘူး”
လင်းကျင်းအကြောင်း တွေးမိသောအခါ ချန်ယွမ်ယွမ်၏ မျက်နှာမှာ အေးစက်သွားတော့သည် ။
“ဝမ်းကွဲအစ်ကို... လင်းကျင်းကို မြင်နေရတာနဲ့တင် ညီမလေး စိတ်တိုနေပြီ... သူ့ကို တစ်ခုခုဖြစ်သွားအောင် အစ်ကို နည်းလမ်းတစ်ခုခု စဉ်းစားပေးပါဦး... အစ်ကိုက လုယွန်ဟယ်ကို ဆန့်ကျင်ဖို့ ကြောက်နေတာကို ညီမလေး နားလည်ပါတယ် ၊ ဒါပေမဲ့ စိတ်ဓာတ်ကျနေတဲ့ အကဲဖြတ်မှူးတစ်ယောက်ကိုတော့ အစ်ကို ကြောက်နေစရာ အကြောင်း မရှိဘူး မဟုတ်လား”
ချန်ယွမ်ယွမ်၏ လေသံထဲတွင် ရန်စမှုများ ပြည့်နှက်နေသည် ။
လင်းကျင်းအကြောင်း ပြောလိုက်သောအခါ ချန်ချန်းမှာလည်း ဒေါသထွက်လာသည် ။
“မင်း မပြောရင်တောင် ငါ သူ့ကို ကိုင်တွယ်မှာပါ... သူက လုယွန်ဟယ်နဲ့ ဘယ်လိုလုပ်ပြီး ရင်းနှီးသွားလဲဆိုတာကိုတောင် ငါ မသိဘူး... စိတ်မပူပါနဲ့... ငါ့မှာ သားရဲအကဲဖြတ်မှူး အသင်းချုပ်နဲ့ အဆက်အသွယ်တွေ ရှိပါတယ် ၊ သူ့ကို အသံတိတ်သွားအောင် လုပ်ဖို့ဆိုတာ အလွန်လွယ်တဲ့ ကိစ္စပါ”
......
လင်းကျင်းသည် ဇူချန်းတွင် ညီမတစ်ယောက် ရှိနေမှန်း သိလိုက်ရသဖြင့် အံ့ဩသွားသည် ။
ယခုအခါ သူ၏ရှေ့တွင် ဇူချန်းနှင့် အနည်းငယ် ဆင်တူသော မိန်းကလေးတစ်ဦး ရပ်နေသည် ။ သူမမှာ အတော်လေးကို ချစ်စရာ ကောင်းလှသည် ။
“အစ်ကိုလင်း... ဒါက ကျုပ်ရဲ့ ညီမလေး ဇူရင်းရင်းပါ”
ဇူချန်းက တက်ကြွစွာ မိတ်ဆက်ပေးလိုက်၏ ။
“ရင်းရင်း... မင်းရဲ့ ယဉ်ကျေးမှုတွေ ဘယ်ရောက်ကုန်ပြီလဲ... ဒါက အကဲဖြတ်မှူးလင်း ၊ အစ်ကို့ရဲ့ သူငယ်ချင်းကောင်းလေ”
ထင်ရှားသော မိသားစုတစ်ခုမှ သခင်မလေး ဖြစ်သဖြင့် ပညာတတ်သော ဇူရင်းရင်းသည် ချိုသာသော အပြုံးဖြင့် နှုတ်ဆက်လိုက်သည် ။
ထို့နောက် သူမသည် လင်းကျင်းကို အတော်ကြာအောင် စူးစိုက်ကြည့်နေပြီးမှ ပြောလိုက်၏ ။
“အော်... သိပြီ ၊ ရှင်က အရင်တုန်းက ချန်ယွမ်ယွမ်နဲ့ စေ့စပ်ထားခဲ့တဲ့ လူ မဟုတ်လား”
လင်းကျင်း၏ မျက်နှာမှာ ညိုမှောင်သွားတော့သည် ။
ဇူချန်းက အခြေအနေကို အမြန်ပင် ဝင်ရောက် ဖြေရှင်းပေးလိုက်သည် ။ ထိုအခါမှ လင်းကျင်းသည် ဇူရင်းရင်းနှင့် ချန်ယွမ်ယွမ်တို့မှာ အမြဲတမ်း တစ်ယောက်နှင့်တစ်ယောက် ရန်စနေကြသော ‘ကမ္ဘာရန်’ များ ဖြစ်ကြကြောင်း သိလိုက်ရသည် ။
လုရှောင်ယုမှာ သိချင်စိတ် ပြင်းပြပြီး ပွင့်လင်းသော စရိုက်ရှိသူ ဖြစ်သဖြင့် သူမသည် အချိန်ဆွဲမနေဘဲ ထိုမိန်းကလေးများကြားမှ ရန်ငြိုးအကြောင်းကို မေးမြန်းလိုက်သည် ။
ဇူချန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ အမှန်တရားကို ပြောပြလိုက်သည် ။
“အဲဒါ အားလုံးက အဲဒီ ရန်ကျဲ ကြောင့်ပဲ”
“ရန်ကျဲ က ဘယ်သူလဲ”
လင်းကျင်းက လုရှောင်ယုဘက် လှည့်မေးလိုက်သည် ။ သို့သော် ရန်ကျဲဟူသော အမည်ကို ကြားလိုက်ရသောအခါ လုရှောင်ယုပင်လျှင် ပါးပြင်များ နီမြန်းသွားရပြီး သူမသည် ဤမျှအထိ ရှက်ရွံ့နေခဲ့သည်မှာ ရှားပါးလှသည် ။
သူမ၏ မျက်နှာထားမှာ လင်းကျင်း ဤကမ္ဘာသို့ မရောက်မီက သူတို့ ကြိုက်နှစ်သက်သော မင်းသားများအကြောင်း ပြောလျှင် ပါးနီသွားတတ်သော မိန်းကလေးငယ်လေးများအတိုင်းပင် ဖြစ်သည် ။
အသေးစိတ် မေးမြန်းပြီးနောက် လင်းကျင်းသည် ဤရန်ကျဲမှာ မည်သူလဲဆိုသည်ကို နောက်ဆုံးတွင် သိလိုက်ရသည် ။
အရိုးရှင်းဆုံး ပြောရလျှင် သူသည် အလွန်တောက်ပသော အနာဂတ် ရှိသည့် ပါရမီရှင် လူငယ်တစ်ဦး ဖြစ်သည် ။ သူသည် ဆွဲဆောင်မှုရှိပြီး ချောမောရုံသာမက သူ၏ အင်အားမှာလည်း အလွန်အမင်း ပြင်းထန်လှသည် ။
ထိုသူသည် ကျင့်ကြံသူများအသင်း၏ လူငယ်မျိုးဆက်များထဲတွင် နံပါတ်တစ် အဆင့်ရှိသူ ဖြစ်သည် ။ သူသည် သွေးကတိကဝတ် စတုတ္ထအဆင့်၏ အထွတ်အထိပ်တွင် ရှိနေပြီး အဆင့် ၃ သားရဲ ဖြစ်သော ‘ဒေါင်းဖြူ’ တစ်ကောင်ကို ပိုင်ဆိုင်ထားသည် ။ ၎င်းအပြင် သူသည် ဆေးဖော်စပ်ခြင်းနှင့် ဂီတတွင်လည်း ကျွမ်းကျင်သည် ။ သူ၏ ပုလွေမှုတ်နိုင်စွမ်းကြောင့် မိန်းကလေးငယ် မည်မျှအထိ စွဲလန်းသွားကြသည်ကို ဘုရားသခင်သာ သိပေလိမ့်မည် ။
ဤမျှများပြားသော ဘွဲ့ထူးဂုဏ်ထူးများဖြင့် ရန်ကျဲသည် ပညာရေး ၊ ကိုယ်ခံပညာ ၊ တိုက်ခိုက်ရေးတို့တွင် ကျွမ်းကျင်ပြီး ချောလည်း ချောမောသူ ဖြစ်သည် ။ အကယ်၍ သူသာ လင်းကျင်း၏ ယခင်ကမ္ဘာတွင် ရှိနေခဲ့လျှင် နာမည်ကြီး မင်းသားတစ်ယောက် ဖြစ်နေပေလိမ့်မည် ။ အရည်အချင်းရှိသော မင်းသားတစ်ယောက်ပေါ့ ။
ဘာပဲဖြစ်ဖြစ် လင်းကျင်းသည် သူ့အကြောင်း သိလိုက်ရပြီးနောက် မှားယွင်းသော အတွေးတစ်ခု ဝင်လာခဲ့သည် ။
အခြားသူမှာ သူထက် များစွာ ပိုမို အံ့ဩစရာ ကောင်းနေသည်ဖြစ်ရာ ဤဇာတ်လမ်း၏ အဓိက ဇာတ်ဆောင်မှာ အမှန်တကယ် ဘယ်သူလဲ ။
၎င်းအပြင် လင်းကျင်းသည် ဇူရင်းရင်း၏ သတင်းအချက်အလက်များမှ တစ်ဆင့် တစ်ခုကို နားလည်လိုက်သည် ။
ထိုစဉ်က ချန်ယွမ်ယွမ်သည် ရက်စက်စွာဖြင့် စေ့စပ်မှုကို ဖျက်သိမ်းခဲ့ခြင်းမှာ ရန်ကျဲအပေါ် ‘စွဲလန်း’ နေခဲ့ခြင်းကြောင့် ဖြစ်သည် ။ ၎င်းမှာ အဓိပ္ပါယ်မရှိဟု ထင်ရသော်လည်း ကမ္ဘာကြီးမှာ ကျယ်ပြန့်လှသဖြင့် ဖြစ်နိုင်ခြေ ရှိနေသည် ။
ဤသည်ကို ကြားလိုက်ရသောအခါ လင်းကျင်းသည် ရုတ်တရက် ရန်ကျဲကို သဘောကျသွားသည် ။
ထိုသူက မည်သူလဲဆိုသည်ကို သူ မသိသော်လည်း ၊ အကယ်၍ ရန်ကျဲသာ မရှိခဲ့လျှင် လင်းကျင်းသည် ဤကမ္ဘာသို့ ရောက်လာပြီးနောက် အိမ်ထောင်သည် တစ်ယောက် ဖြစ်နေနိုင်သည် မဟုတ်ပါလား ။
ဇူရင်းရင်းမှာလည်း ရန်ကျဲကို အလွန်ပင် နှစ်သက်သည် ။ ထို့ကြောင့် ဇူမိသားစုမှာ စိတ်ညစ်နေကြရခြင်း ဖြစ်သည် ။ ကံကောင်းထောက်မစွာဖြင့် သူမမှာ ယခုအချိန်အထိ ပြဿနာ မရှာသေးပေ ၊ ဇူရင်းရင်းမှာ ငယ်ရွယ်သေးသဖြင့် သူမ၏ မျှော်လင့်ချက်များမှာ လက်တွေ့မကျကြောင်း သိသွားသောအခါမှ စိတ်ပြောင်းသွားလိမ့်မည်ဟု မိသားစုက ယူဆထားကြသည် ။
“အစ်ကိုလင်း... ဒီပန်းကြည့်တာတွေက ပျင်းစရာ ကောင်းပါတယ်... ဟိုဘက်က လေလံပွဲကမှ စိတ်ဝင်စားဖို့ ကောင်းမှာ"
ဇူချန်းက ရုတ်တရက် ပြောလိုက်၏ ။ ဘာပဲဖြစ်ဖြစ် သူသည် လင်းကျင်းကို အလားအလာရှိသော သားရဲအချို့ ဝယ်ယူနိုင်ရန်အတွက် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည် ။