အခန်း (၉၁-၉၂)
Vol. 5 Ch. 91-92
အခန်း (၉၁) - သားရဲလေလံပွဲ
ဥယျာဉ်ကို ပတ်ပြီးနောက် လူလုပ်တောင်ကုန်းနှင့် ရေကန်ကြားတွင် ဆောက်လုပ်ထားသော အဆောင်တစ်ခုကို ဖြတ်ကျော်လိုက်လျှင် ခန်းမကြီးတစ်ခုသို့ ရောက်ရှိမည် ဖြစ်သည် ။
ဤခန်းမ၏ အမိုးအကာများမှာ တောက်ပသော အရောင်အသွေး ရှိပြီး ၎င်း၏ သစ်သားတည်ဆောက်ပုံများကိုလည်း လက်မှုပညာရှင်များက အနုစိတ် ထွင်းထုထားကြသည် ။ အမိုးစွန်းများတစ်လျှောက်တွင် သားရဲအမျိုးမျိုး၏ သစ်သားရုပ်ထုများကို ထည့်သွင်းထားသဖြင့် ဤခမ်းနားသော အလှဆင်မှုမှာ ပိုမို ထည်ဝါလှပေသည် ။
ခန်းမ၏ ဆိုင်းဘုတ်တွင် ‘သားရဲနန်းတော်’ ဟု ရေးထိုးထားသည် ။
လုရှောင်ယုသည် ကျင့်ကြံသူများအသင်းအကြောင်းကို ဇူချန်းထက် ပိုမိုသိရှိသည် ။ သူမ၏ အကျဉ်းချုပ် ရှင်းပြချက်ကို ကြားပြီးနောက်မှ လင်းကျင်းသည် ဤနေရာ၏ အရေးပါမှုကို နားလည်သွားတော့သည် ။ ဆိုင်းဘုတ်ပေါ်မှ ချောက်ချားဖွယ်ရာ စာလုံးသုံးလုံးကို လျှော့မတွက်သင့်ပေ ။ အမှန်စင်စစ် ၎င်း၏ တည်ရှိမှုမှာ လင်းကျင်း၏ ကမ္ဘာရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းတိုင်းလိုလိုတွင် တွေ့ရတတ်သော ‘မဟာခွန်အားခန်းမ’ နှင့် ဆင်တူလှသည် ။
ကျင့်ကြံသူများအသင်း၏ လေလံပွဲကို ဤနေရာတွင် ကျင်းပမည် ဖြစ်သည် ။
ဩဇာအာဏာ ရှုထောင့်မှကြည့်လျှင် သားရဲအကဲဖြတ်မှူး အသင်းချုပ်သည် နံပါတ်တစ် နေရာကို ဘယ်တော့မှ လက်လွှတ်မည် မဟုတ်ပေ ။ သို့သော် အင်အားနှင့် ပတ်သက်လာလျှင်တော့ ကျင့်ကြံသူများအသင်းက ပို၍ အရေးပါသည် ။ ထို့အပြင် မြို့တိုင်းရှိ ကျင့်ကြံသူများအသင်းသို့ ဝင်ရောက်သူ အရေအတွက်မှာ သားရဲအကဲဖြတ်မှူး အသင်းချုပ်ထက် များစွာ သာလွန်လှသည် ။
သူတို့၏ သွေးကတိကဝတ်များကို ကျင့်ကြံခြင်းအပေါ် အဓိက အာရုံစိုက်သဖြင့် ကျင့်ကြံသူများအသင်းသည် သူတို့၏ သားရဲနှင့် ကိုယ်ပိုင်အင်အား နှစ်ခုလုံးကို မြှင့်တင်ရန် ရည်ရွယ်သည် ။ ၎င်းအပြင် သူတို့တွင် အခြားသော တာဝန်တစ်ခုလည်း ရှိသေးသည် ၊ ၎င်းမှာ သားရဲ အမျိုးအစားအမျိုးမျိုးကို ဖမ်းဆီးရန်ပင် ဖြစ်သည် ။
ဤလေလံပွဲအတွက် သားရဲအများစုမှာ ကျင့်ကြံသူများအသင်းမှ ဖမ်းဆီးထားခြင်း ဖြစ်သည် ။
ခန်းမထဲသို့ ဝင်လိုက်သောအခါ လူအုပ်ကြီးမှာ အတွင်း၌ စောင့်ဆိုင်းနေကြပြီ ဖြစ်သည် ။ ဤကျယ်ဝန်းသော ခန်းမအတွင်းတွင် အရွယ်အစား အမျိုးမျိုးရှိသော သားရဲလှောင်အိမ် ဒါဇင်ပေါင်းများစွာ ရှိနေပြီး တစ်ခုချင်းစီကို ထူထဲသော လိုက်ကာများဖြင့် ဖုံးအုပ်ထားသည် ။
သားရဲလှောင်အိမ်တစ်ခုချင်းစီ၏ ပတ်လည် ငါးပေအကွာတွင် ကြိုးများဖြင့် တားဆီးထားပြီး ၎င်းအပြင် လှောင်အိမ်များကို ကျင့်ကြံသူများအသင်းမှ တပည့်နှစ်ဦးစီက စောင့်ကြပ်နေကြသည် ။ လေလံပွဲ မစတင်မီတွင် မည်သူမျှ လှောင်အိမ်များအနီးသို့ ချဉ်းကပ်ခွင့် မရှိပေ ။
လှောင်အိမ်များကို ထူထဲသော လိုက်ကာများဖြင့် ဖုံးအုပ်ထားမှသာလျှင် ဆွဲဆောင်မှုရှိသော လျှို့ဝှက်ဆန်းကြယ်မှုကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည် ။
ဇူချန်းသည် ဝမ်းသာအားရဖြင့် သူ၏ လက်ဝါးနှစ်ဖက်ကို ပွတ်နေသည် ။ သူ၏ ‘နီလာလိပ်’ ကိုလည်း ဤနေရာရှိ လေလံပွဲတွင် ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း လင်းကျင်းကို ပြောပြသည် ။ ထိုစဉ်က ၎င်းအတွက် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သုံးရာခန့် ကုန်ကျခဲ့သည် ။
ကျင့်ကြံသူများအသင်းနှင့် အခြားသော နေရာအချို့တွင် သူတို့သည် ငွေကြေးဖြင့် အရောင်းအဝယ် မပြုလုပ်ကြတော့ဘဲ ဝိညာဉ်ကျောက်တုံးများကိုသာ အသုံးပြုကြသည် ။
အကယ်၍ ထိုပမာဏကို ငွေသားအဖြစ် ပြောင်းလဲမည်ဆိုလျှင် ထိုနီလာလိပ်မှာ ငွေစ ငါးရာကျော် တန်ဖိုးရှိသည် ။
ဤနေရာရှိ လေလံပွဲတွင် ချမ်းသာသူများသာ ပါဝင်နိုင်သည်မှာ ထင်ရှားလှပေသည် ။
“ဒီနေရာမှာ ဝိညာဉ်ကျောက်တုံး ရာဂဏန်းလောက်နဲ့ အရောင်းအဝယ် ဖြစ်နေတာက ပုံမှန်ပါပဲ... ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းလောက် တန်တဲ့ သားရဲတွေလည်း အမြဲတမ်း ရှိနေတတ်တယ် ၊ အဲဒီပမာဏကတော့ ကျွန်တော့်ရဲ့ ဇူမိသားစုတောင် မတတ်နိုင်တဲ့ ပမာဏပဲ”
ဇူချန်းက ရယ်မောရင်း ရှင်းပြသည် ။
ပျမ်းမျှအားဖြင့် လူသားတစ်ဦးအတွက် သားရဲနှင့် သွေးကတိကဝတ် ပြုလုပ်ရန် အကောင်းဆုံး အသက်အရွယ်မှာ တစ်ဆယ့်ခြောက်နှစ် ဖြစ်သည် ။
ထိုအသက်အရွယ်သို့ မရောက်မီတွင် သူတို့သည် သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးရမည် ၊ သူတို့၏ ဝိညာဉ်ကို သန်စွမ်းအောင် လုပ်ရမည်ဖြစ်ပြီး ဗဟုသုတများကိုလည်း မြှင့်တင်ရမည် ဖြစ်သည် ။ သို့မဟုတ်ပါက အားနည်းပြီး အသိပညာ မရှိသူတစ်ဦးအတွက် သွေးကတိကဝတ် အောင်မြင်ရန်မှာ အလွန်ပင် ခဲယဉ်းပေလိမ့်မည် ။
အကယ်၍ ကတိကဝတ် ပြုလုပ်ရာတွင် ကျရှုံးခဲ့လျှင် သားရဲနှင့် အလားအလာရှိသော ပိုင်ရှင် နှစ်ဦးစလုံးမှာ ကြီးမားသော ထိခိုက်မှုကို ခံစားရမည်ဖြစ်ပြီး ထိုနောက်တွင် အချိန်အတော်ကြာ အနားယူရန် လိုအပ်သည် ။
အင်အားရှိသော မိသားစုများသည် သူတို့၏ သားသမီးများအတွက် အလားအလာ မြင့်မားပြီး ဂုဏ်သတ္တိချင်း ကိုက်ညီသော သာလွန်သည့် သားရဲများကို ပေးအပ်လိုကြသည် ။ ထို့ကြောင့် ဤကဲ့သို့သော သားရဲလေလံပွဲမှာ သူတို့အတွက် မှန်ကန်သော သားရဲကို ရွေးချယ်ရန် အကောင်းဆုံးနေရာ ဖြစ်သည် ။
ဇူချန်းသည် လင်းကျင်းနှင့် စကားပြောနေစဉ် အနည်းငယ် အလှမ်းဝေးသော နေရာရှိ လူအချို့ကို ရုတ်တရက် သတိပြုမိသွားသည် ။ သူ၏ မျက်နှာထားမှာ ချက်ချင်းပင် ညိုမှောင်သွားတော့သည် ။
၎င်းကို သတိပြုမိသဖြင့် ဇူရင်းရင်းက အနားသို့ တိုးကပ်လာပြီး ပြောလိုက်၏ ။
“အစ်ကို... အဲဒါ ဒုတိယဦးလေးတို့ အဖွဲ့ပဲ”
ဇူချန်းက ဘာမှမပြောဘဲ ခေါင်းငြိမ့်ပြလိုက်သည် ။
တစ်ဖက်လူကလည်း ဇူချန်းကို သတိပြုမိသွားသဖြင့် သူတို့ဆီသို့ လျှောက်လာကြသည် ။
မျက်လုံးထဲတွင် မကျေနပ်မှုများ ရှိနေသော်လည်း ဇူချန်းသည် ဇူရင်းရင်းနှင့်အတူ ရှေ့သို့ တက်သွားကာ ထိုလူစုကို ဦးညွှတ်လိုက်၏။
“ဒုတိယဦးလေး.."
သူတို့မှာ ဇူမိသားစုဝင်များပင် ဖြစ်ကြသည် ။
သို့သော် မည်သို့ပင်ကြည့်စေကာမူ နှစ်ဖက်စလုံးမှာ သိသိသာသာကို အဆင်မပြေ ဖြစ်နေကြသည် ။ အထက်တန်းလွှာ မိသားစုများကြားမှ ဆက်ဆံရေးမှာ တကယ့်ကို ရှုပ်ထွေးလှပေသည် ။ သူတို့အားလုံးနီးပါးမှာ တစ်ဦးနှင့်တစ်ဦး ရန်ငြိုးများ ရှိနေကြပုံရသည် ။
တင်းမာသော မျက်နှာထားရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားက ဇူချန်းနှင့် ဇူရင်းရင်းကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်၏ ။
“မိသားစုအတွက် သားရဲတွေ ဝယ်ယူတာလိုမျိုး အရေးကြီးတဲ့ ကိစ္စတွေကို ငါ့ကိုပဲ လွှဲပေးထားဖို့ မင်းတို့အဖေကို ငါ ပြောခဲ့ပြီးသားပဲ... ဒါကို သူက မင်းတို့နှစ်ယောက်ကို ဒီကို လွှတ်လိုက်တာက လုံးဝကို မလိုအပ်တဲ့ အလုပ်ပဲ... ဒါပေမဲ့ မင်းတို့ ရောက်နေမှတော့ ဒီမှာပဲနေပြီး ကြည့်နေကြပေါ့... ဒါဟာ မင်းတို့နှစ်ယောက်အတွက် သင်ယူဖို့ အခွင့်အရေးကောင်း တစ်ခုလည်း ဖြစ်တာပေါ့”
သူ ထိုသို့ ပြောသည်ကို ကြားလိုက်ရသောအခါ ဇူချန်းနှင့် ဇူရင်းရင်း နှစ်ဦးစလုံး၏ မျက်နှာမှာ ပျက်သွားရသည် ။ သို့သော်လည်း ထိုလူမှာ သူတို့၏ ဦးလေးဖြစ်သဖြင့် သူတို့ ပြန်မပြောနိုင်ကြပေ ။
“အော်... ဟုတ်သားပဲ ၊ ဒီက ငါ့မိတ်ဆွေနဲ့ မိတ်ဆက်ပေးပါရစေ... ဒါက ဆရာကြီးလျောင်ပဲ... ဆရာကြီးလျောင်က ကျော်ကြားမှုနဲ့ စည်းစိမ်ကို မမက်မောတဲ့ ပညာရှင် တစ်ယောက် ဖြစ်ပေမဲ့ သူ့ရဲ့ သားရဲအကဲဖြတ်တဲ့ အရည်အချင်းကတော့ ထိပ်တန်းအဆင့်ပဲ... သူက အဆင့် ၃ အကဲဖြတ်မှူးတွေနဲ့ ယှဉ်ရင်တောင် လုံးဝ မနိမ့်ဘူး... ငါတို့ ဇူမိသားစုအတွက် သားရဲတွေ ရွေးချယ်ပေးဖို့ သူ့ကို ကူညီခိုင်းရအောင် အခက်အခဲများစွာ ကြားကနေ ငါ ခေါ်လာခဲ့ရတာ... အမြန် လာပြီး နှုတ်ဆက်လိုက်ကြဦး”
ဇူချန်း၏ ဒုတိယဦးလေးက တိုက်တွန်းလိုက်သည် ။
သူ၏ ဘေးတွင် ရပ်နေသောသူမှာ အေးချမ်းသော အရှိန်အဝါ ရှိသည့် အဖိုးအိုတစ်ဦး ဖြစ်သည် ။ သူသည် အရာအားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ သူ၏ မုတ်ဆိတ်မွေးကို ညင်သာစွာ ပွတ်သပ်နေသည် ။
ဇူချန်းမှာ စိတ်အနှောင့်အယှက် ဖြစ်သွားပြီး စိတ်ထဲတွင် ရေရွတ်နေမိသည် ။ ‘ခင်ဗျားက ကျွန်တော့်ရဲ့ ဒုတိယဦးလေး ဖြစ်နေလို့သာ ကျွန်တော် နှုတ်ဆက်တာ... ဒီအဖိုးကြီးက ဘယ်သူလဲ ၊ ကျွန်တော် သူ့ကို မသိတောင် မသိဘူး ၊ ဘာလို့ သူ့ကို နှုတ်ဆက်ရမှာလဲ'
ဇူချန်းမှာ နေရာမှ မရွေ့ပေ ။
ဇူရင်းရင်းမှာလည်း ထို့အတူပင် ဖြစ်သည် ။
မျိုးရိုးမြင့် မိသားစုမှ သားသမီးများ ဖြစ်ကြသဖြင့် သူတို့မှာ သူတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည် ဖြစ်သည် ။ ထို့အပြင် သူတို့သည် သူတို့၏ ဒုတိယဦးလေးနှင့် သိသိသာသာကို အဆင်မပြေ ဖြစ်နေကြပြီး ပွင့်ပွင့်လင်းလင်း ရန်စရုံသာ လိုတော့သည့် အခြေအနေ ဖြစ်နေသဖြင့် သူ၏ အမိန့်တိုင်းကို နာခံကြမည် မဟုတ်ပေ ။
ဇူချန်း၏ ဦးလေး စကားမပြောနိုင်မီမှာပင် ဆရာကြီးလျောင်မှာ သိသိသာသာ စိတ်ဆိုးသွားပုံ ရသည် ။
လူငယ်နှစ်ဦး၏ လျစ်လျူရှုခြင်းကို ခံရသဖြင့် သူသည် ရှက်သွားခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည် ၊ ထို့ကြောင့် သူက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်၏ ။
“လူကြီးမင်းဇူ... ဇူမိသားစုရဲ့ ကလေးတွေက တကယ့်ကို ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်ကြတာပဲနော်”
ဇူချန်း၏ ဒုတိယဦးလေး အမည်မှာ ဇူထျန်းလီ ဖြစ်သည် ။ သူသည် လက်ရှိ ဇူမိသားစု အကြီးအကဲ ဖြစ်သော သူ၏ အစ်ကိုအရင်း ဇူထျန်းဟုန်းနှင့် ပေါ်ပေါ်ထင်ထင်ရော ၊ လျှို့ဝှက်စွာပါ ပြိုင်ဆိုင်နေသူ ဖြစ်သည် ။ ထို့ကြောင့် သူသည် ဇူချန်းအပေါ်တွင်လည်း အမြင်မကြည်ပေ ။ ယခုအခါ ထိုကောင်လေးက ဆရာကြီးလျောင်၏ ရှေ့တွင် သူ့ကို အရှက်ခွဲနေသဖြင့် ဇူထျန်းလီမှာ ဒေါသထွက်ခြင်းကို မထိန်းနိုင်တော့ပေ ။
သူသည် ဆရာကြီးလျောင်ကို ငှားရမ်းရန်အတွက် ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာနှင့် အခြားသော ကျေးဇူးများစွာကိုပါ ပေးအပ်ခဲ့ရခြင်း ဖြစ်သည် ။
“ဇူချန်း... ရင်းရင်းက မိန်းကလေး ဖြစ်နေပြီး ငယ်သေးလို့ ငါ သူမကို အပြစ်မယူတော့ဘူး... ဒါပေမဲ့ မင်းက ငါတို့ ဇူမိသားစုရဲ့ သားကြီး ဖြစ်နေပြီး ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ရိုင်းစိုင်းနိုင်ရတာလဲ... အခုချက်ချင်း ဒီကိုလာပြီး ဆရာကြီးလျောင်ကို တောင်းပန်လိုက်စမ်း”
ဇူထျန်းလီက တင်းမာသော မျက်နှာဖြင့် ကြိမ်းမောင်းလိုက်သည် ။
ဇူချန်းမှာ ပျော်ပျော်နေတတ်သော စရိုက်ရှိသော်လည်း မလျှော့သော ဇွဲ ရှိသူ ဖြစ်သည် ။ သူ၏ လူကြီး ဖြစ်နေသဖြင့် ဒုတိယဦးလေးကို ပြန်မပြောနိုင်သော်လည်း ဇူချန်းမှာ နေရာမှ မရွေ့ဘဲ နေမြဲ တိုင်း နေနေသည် ။
ဤသည်မှာ သူ၏ တုံ့ပြန်မှုပင် ဖြစ်သည် ။
“ဟွန်း”
ဇူထျန်းလီမှာ မျက်နှာပျက်သွားသည် ။ ထိုအခါမှ ဆရာကြီးလျောင်ဟု ခေါ်သော အဖိုးအိုက လက်ကာပြလိုက်၏ ။
“ထားလိုက်ပါတော့.. သူတို့က ယဉ်ကျေးမှု မပြချင်ဘူးဆိုရင်လည်း ဘာမှ မဖြစ်ပါဘူး... ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ ဇူမိသားစုက အကြီးကြီးပဲလေ ၊ ပညာမတတ်တဲ့ လူငယ် တစ်ယောက် နှစ်ယောက် ရှိနေတာက ပုံမှန်ပါပဲ”
ဤစကားမှာ သိသိသာသာပင် စည်းကျော်သွားခြင်း ဖြစ်သည် ။
ဇူချန်းမှာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး ဇူရင်းရင်းကတော့ အောင့်မထားနိုင်ဘဲ လွှတ်ခနဲ ပြောလိုက်၏ ။
“ဘယ်သူ့ကို ပညာမတတ်ဘူးလို့ ပြောတာလဲ”
ထိုသို့ ပြောပြီးနောက် သူမသည် ငြင်းခုံရန် ပြင်လိုက်သည် ။
ဆရာကြီးလျောင်၏ မျက်နှာမှာလည်း ညိုမှောင်သွားသည် ။ သူ၏ ဝတ်ရုံစကို ခါယမ်းလိုက်သောအခါ လေပြင်းတစ်ခု တိုက်ခတ်သွားပြီး ဇူရင်းရင်းမှာ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည် ။
ဒေါသများ တောက်လောင်လာသဖြင့် ဇူချန်းသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည် ၊ သို့သော် အခြေအနေ ပိုမို ဆိုးဝါးမသွားမီ တစ်စုံတစ်ယောက်က သူ့ကို ဆွဲထားလိုက်သည် ။
လှည့်ကြည့်လိုက်သောအခါ လင်းကျင်းက သူ့ကို ဆွဲထားခြင်း ဖြစ်ကြောင်း မြင်လိုက်ရသည် ။
“အစ်ကိုလင်း... ခင်ဗျား...”
ဇူချန်း စကားမဆုံးမီမှာပင် လင်းကျင်းက ခေါင်းခါပြရင်း ပြောလိုက်၏ ။
“သူတို့က ခင်ဗျားကို တမင်တကာ ရန်စနေတာ ၊ ခင်ဗျားတို့ နှစ်ယောက်လုံးက ဘာမှမစဉ်းစားဘဲ ရှေ့ကို တိုးနေကြတာပဲ... ခင်ဗျားတို့က ငတုံးတွေလား"
သူ၏ စကားလုံးများမှာ ကြမ်းတမ်းသော်လည်း ၎င်းမှာ ဇူချန်း၏ အကျိုးအတွက် ဖြစ်သည် ။
နောက်ဆုံးမှ ဇူချန်းသည် လင်းကျင်း ပြောချင်သည်ကို သဘောပေါက်သွားသည် ။
သေချာသည်မှာ ဇူထျန်းလီသည် ၎င်းကို တမင်တကာ လုပ်ဆောင်နေခြင်း ဖြစ်သည် ။ ဇူချန်း၏ စရိုက်အရ လူငယ်သည် သူ့စကားကို ဘယ်တော့မှ နားထောင်မည် မဟုတ်ကြောင်း သူ သိသည် ။ ဤနည်းဖြင့် သူသည် ဇူချန်းအား ရိုင်းစိုင်းသူအဖြစ် သတ်မှတ်နိုင်ပြီး သူ၏ လူကြီး အဆင့်အတန်းဖြင့် လူပုံအလယ်တွင် ဆုံးမနိုင်မည် ဖြစ်သည် ။
သတင်းများ ပျံ့နှံ့သွားလျှင်ပင် ဇူထျန်းလီတွင် အပြစ်ရှိသည်ဟု မည်သူမျှ ထင်ကြမည် မဟုတ်ပေ ။ တစ်ဖက်တွင်မူ ဇူချန်း၏ ဖခင် သိသွားပါကလည်း သူ၏ သားကို ဆူပူကြိမ်းမောင်းရန် ဖိအားပေးခံရပေလိမ့်မည် ။
ထိုအချိန်ကျလျှင် ဇူချန်းသာလျှင် အမှားလုပ်သူ ဖြစ်သွားပေလိမ့်မည် ။
ဤနေရာတွင် မည်သူမျှ အခြေအနေအရပ်ရပ်ကို ဂရုမစိုက်ကြပေ ။ ဇူချန်းမှာ မာန်မာနကြီးပြီး လူကြီးများကို မလေးစားသူဖြစ်ကြောင်းသာ သူတို့ သိကြပေလိမ့်မည် ။
၎င်းကို တွေးမိသောအခါ ဇူချန်းသည် စိတ်ကို လျှော့ချလိုက်ပြီး လင်းကျင်းကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည် ။
ထို့နောက် သူသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ဆရာကြီးလျောင်ကို အလေးပြုကာ ပြောလိုက်၏ ။
“ဒီလူကြီးမင်းက ကျွန်တော့်ရဲ့ ဒုတိယဦးလေး ငှားရမ်းထားတဲ့ ပညာရှင် ဖြစ်နေမှတော့ ခင်ဗျားက ခွင့်လွှတ်တတ်တဲ့သူ တစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်... အကယ်၍ ကျုပ်နဲ့ ကျုပ်ညီမလေးက ခင်ဗျားကို တစ်စုံတစ်ရာ စော်ကားမိခဲ့ရင် ခွင့်လွှတ်ပေးပါဦး”
‘တစ်လှမ်း ဆုတ်လိုက်ရင် ပိုပြီး ကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို မြင်ရလိမ့်မယ်’ ဟူသော စကားအတိုင်းပင် ။
ဇူချန်းသည် ဤ ‘ဆရာကြီး’ ဟု ခေါ်သောသူအား ဦးမညွှတ်ချင်ခြင်းမှာ သူ၏ ဒုတိယဦးလေးကို တမင်တကာ ဆန့်ကျင်ချင်သောကြောင့် ဖြစ်ကြောင်း သိလိုက်ရသည် ။ နောက်ဆုံးတွင် သူ၏ ဦးလေးက သူ့အား ရိုင်းစိုင်းသူအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည် ၊ အမှန်တကယ်တွင်မူ သူတို့မှာ တာဝန်ရှိသည် မဟုတ်ပေ ။ ဘာပဲဖြစ်ဖြစ် ဇူချန်းနှင့် ဇူရင်းရင်းမှာ ဤလူက မည်သူလဲဆိုသည်ကို မသိကြဘဲ ထိုအဖိုးကြီးမှာလည်း သူတို့ မိသားစု၏ လူကြီး မဟုတ်ပေ ။ ထို့ကြောင့် ထိုသူအား အလေးမပြုခြင်းမှာ အဓိပ္ပါယ်ရှိလှသည် ။ သို့သော်လည်း သူ၏ ဒုတိယဦးလေးက အခြေအနေကို သူတို့အတွက် ခက်ခဲအောင် လုပ်လိုက်ခြင်းကြောင့် အခြေအနေမှာ သူ၏ အလိုကျ ဖြစ်သွားရသည် ။ ယခုအခါ သူတို့အတွက် အကောင်းဆုံး အဖြေမှာ အတင်းအဖျင်းများ မထွက်ပေါ်စေရန် ခဏမျှ ပြဿနာကို ရှောင်လွှဲထားရန်သာ ဖြစ်သည် ။
ထို့ကြောင့် ဇူချန်းက တောင်းပန်လိုက်ခြင်း ဖြစ်သည် ။
သို့သော်လည်း သူသည် အရှုံးပေးမည့်သူ မဟုတ်ပေ ။ သူသည် ငယ်ရွယ်သေးသော်လည်း ဇူမိသားစု၏ သခင်လေး ဖြစ်သည် ။ သူ၏ ဒုတိယဦးလေး ဇူထျန်းလီမှာ သားရဲများ ဝယ်ယူရန် ‘အာဏာ’ ရယူရန်အတွက် ဤနေရာသို့ ရောက်လာခြင်း ဖြစ်ကြောင်း သူ သိသည် ။
၎င်းမှာ မူလက ဇူချန်းအတွက် စီစဉ်ထားသော တာဝန်တစ်ခု ဖြစ်သည် ။ ဇူထျန်းလီက ရုတ်တရက် ဝင်ရောက်လာပြီး သူ၏ လူကြီး အဆင့်အတန်းဖြင့် ဇူချန်းကို ဖိအားပေးခြင်းမှာ လူငယ်ကို တမင်တကာ ရန်စပြီး သူ၏ မဆင်မခြင် ပြုမူမှုကို အကြောင်းပြကာ ဇူချန်း၏ ဝယ်ယူခွင့် အာဏာကို သိမ်းပိုက်ရန် ကြိုးစားနေခြင်းမှာ သံသယဖြစ်ဖွယ် မရှိပေ ။
မိသားစုအတွက် သားရဲများ ဝယ်ယူပေးခြင်းမှာ ကြီးမားသော ကိစ္စတစ်ခု ဖြစ်သည် ။ အကယ်၍ ဇူချန်းသာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့လျှင် သူသည် ဂုဏ်သိက္ခာ ရရှိမည်ဖြစ်ပြီး သေချာသည်မှာ သူ၏ ဖခင်မှာလည်း သူ၏ လုပ်ရပ်ကြောင့် ဂုဏ်ယူရပေလိမ့်မည် ။
ထို့ကြောင့် သူသည် ဤဝယ်ယူခွင့် အာဏာကို ဘယ်တော့မှ အဆုံးရှုံး မခံနိုင်ပေ ။
“ဒုတိယဦးလေး... ကျွန်တော်လည်း ဦးလေးကို တစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ ၊ ဒါက သားရဲအကဲဖြတ်မှူး အသင်းချုပ်က တရားဝင် အကဲဖြတ်မှူး ဖြစ်တဲ့ အကဲဖြတ်မှူးလင်းပဲ... ကျွန်တော်တို့ မိသားစုအတွက် သားရဲတွေ အကဲဖြတ်ပေးဖို့ ကျွန်တော် သူ့ကို ဖိတ်ခေါ်ခဲ့တာပါ”
အခန်း (၉၂) - အပိုင်ပြိုင်ခြင်း
တုံ့ပြန်မှု မရှိခြင်းမှာ အခြေခံ ယဉ်ကျေးမှုနှင့် ဆန့်ကျင်နေပေလိမ့်မည် ။ ရှေ့တွင် ကြုံတွေ့ရမည့် တိုက်ပွဲမှာ မည်မျှအထိ ခိုင်မာပြတ်သားရန် လိုအပ်ကြောင်း ဇူချန်း နားလည်သည် ။ တစ်ဖက်လူက ဆရာကြီးလျောင်ဟု ခေါ်သော သားရဲအကဲဖြတ် ပညာရှင်တစ်ဦးကို ငှားရမ်းထားသဖြင့် ဇူချန်းသည်လည်း လင်းကျင်းကို မိတ်ဆက်ပေးရန် လိုအပ်သည် ။
ဇူထျန်းလီသည် မျက်မှောင်ကြုတ်သွားသည် ။ ဇူချန်းက သူ၏ထောင်ချောက်ထဲသို့ မကျဘဲ စိတ်အေးအေးထားကာ အခြေအနေကို အမြန်ထိန်းနိုင်သွားသည်ကို သူ နှမြောနေပုံရသည် ။ ဇူချန်း မိတ်ဆက်ပေးလိုက်သော လင်းကျင်းနှင့် ပတ်သက်၍မူ ဇူထျန်းလီက ဂရုမစိုက်ပေ ။
“အကဲဖြတ်မှူးလင်းလား... ဟွန်း ၊ ငါ တစ်ခါမှ မကြားဖူးပါဘူး... ဇူချန်း... မိသားစုအတွက် သားရဲတွေ ဝယ်ယူတာက အရေးကြီးတဲ့ တာဝန်တစ်ခုလေ ၊ မင်းက ဘယ်လိုလုပ်ပြီး ကလေးကစားသလို လုပ်နေရတာလဲ... အကယ်၍ မင်းက ဥက္ကဋ္ဌဝမ်ကို ဖိတ်ခဲ့ရင် ၊ ဒါမှမဟုတ် အနည်းဆုံးတော့ ဂေါင်ကျန်းကို ဖိတ်ခဲ့ရင်တောင် အဆင်ပြေသေးတယ်... ဒါပေမဲ့ ဂေါင်မိသားစုကလည်း ဒီကို သားရဲတွေ ဝယ်ဖို့ ရောက်နေတာဆိုတော့ ဂေါင်ကျန်းက ငါတို့အတွက် အကဲဖြတ်ပေးမှာ မဟုတ်ဘူး... အဲဒါကြောင့်ပဲ ငါက ဆရာကြီးလျောင်ကို ဖိတ်ခဲ့တာ... ဒီတစ်ခါ ငါတို့မိသားစု ဝယ်ယူမယ့် သားရဲတွေကို အကဲဖြတ်ဖို့အတွက် ဆရာကြီးလျောင်ကိုပဲ အပြည့်အဝ အာဏာပေးလိုက်ရအောင်”
ဇူချန်း၏ ရင်ထဲတွင် ဒေါသများ တောက်လောင်နေသော်လည်း စောစောက အရေးနိမ့်မှုကြောင့် ယခုအခါ သူသည် ပိုမို ပါးနပ်လာခဲ့ပြီ ဖြစ်သည် ။ အနည်းဆုံးတော့ သူသည် ဒေါသထွက်နေသော်လည်း အမုန်းတရားများကို အပြင်သို့ မထုတ်ပြတော့ပေ ။ နောက်ဆုံးတွင် သူသည် အခြားနည်းလမ်းတစ်ခုဖြင့် တုံ့ပြန်ရန် ဆုံးဖြတ်လိုက်သည် ။
“ဆရာကြီးလျောင်က တရားဝင် လက်မှတ်ရထားတဲ့ အကဲဖြတ်မှူး ဟုတ်မဟုတ် သိပါရစေ”
ဇူချန်းက မေးခွန်းထုတ်လိုက်သည် ။
“အဲဒါက...”
ဇူထျန်းလီက ဆရာကြီးလျောင်ဘက်သို့ တွန့်ဆုတ်သော အကြည့်ဖြင့် ကြည့်လိုက်သည် ။ ဆရာကြီးလျောင်မှာ အချို့သော အသိုင်းအဝိုင်းများတွင် ဒဏ္ဍာရီဆန်သော ပညာရှင်တစ်ဦးအဖြစ် လူသိများကြောင်းသာ သူသိထားပြီး ဆရာကြီးလျောင်မှာ တရားဝင် လက်မှတ်ရ အကဲဖြတ်မှူး ဟုတ်မဟုတ်ကိုမူ သူ အမှန်တကယ် မသိပေ ။
ဆရာကြီးလျောင်ကပင် ဦးဆောင်၍ ပြန်ဖြေလိုက်၏ ။
“ငါက တရားဝင် လက်မှတ်ရ အကဲဖြတ်မှူး မဟုတ်ပေမဲ့ သားရဲအကဲဖြတ်ခြင်းနဲ့ ကုသခြင်း လုပ်ငန်းမှာ အတွေ့အကြုံ နှစ်ပေါင်းလေးဆယ်ကျော် ရှိခဲ့ပြီးပြီ... ငါ့ရဲ့ အရည်အချင်းကို ဘယ်သူမှ မေးခွန်းထုတ်ရဲမှာ မဟုတ်ဘူး... အကဲဖြတ်မှူး လက်မှတ်ဆိုတာကတော့ အပေါ်ယံ ဘွဲ့ထူးတွေပါပဲ... ငါ သားရဲတွေကို အကဲဖြတ်နေတဲ့ အချိန်တုန်းက မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်က ဝမ်ကျိတောင်မှ အလုပ်သင်လေးပဲ ရှိသေးတာ... လူငယ်လေး... အဲဒီလက်မှတ်တွေအပေါ်မှာပဲ စွဲလမ်းမနေပါနဲ့ ... တကယ့် ပညာရှင်ဆိုတာ ဒီလို အပေါ်ယံ အသွင်အပြင်တွေကို ဂရုမစိုက်ဘူး”
သူ၏ စကားထဲတွင် သူ၏ အတွေ့အကြုံများကို အသားပေး ပြောဆိုသွားပြီး မောက်မာသော မျက်နှာထားဖြင့် ဇူချန်းကို ဆုံးမရန် အခွင့်အရေး ယူလိုက်သေးသည် ။
ဇူချန်းမှာ ဒေါသထွက်လွန်းသဖြင့် သွားကြိတ်နေရသည် ။ ၎င်းကို သူ သည်းခံရမည်ဖြစ်ကြောင်း သူ သိသည် ၊ သို့မဟုတ်ပါက ဤဝယ်ယူခွင့် အာဏာကိုသာ အသိမ်းခံလိုက်ရလျှင် သူ ပြန်ရောက်သောအခါ ဖခင်ဖြစ်သူက သူ့ကို သေချာပေါက် အပြစ်တင်ပေလိမ့်မည် ။
ယခုအချိန်တွင် သူသည် လင်းကျင်းအပေါ်၌သာ မျှော်လင့်ချက်အားလုံးကို ပုံအောထားနိုင်တော့သည် ။
ဇူချန်းသည် လင်းကျင်းအပေါ်တွင် အပြည့်အဝ ယုံကြည်မှု ရှိသည် ။
“ဒုတိယဦးလေး... အကဲဖြတ်မှူးလင်းကို ကျွန်တော့်ဘေးမှာ ရှိနေစေဖို့က ကျွန်တော့်အဖေရဲ့ ဆန္ဒလည်း ပါဝင်ပါတယ်... ဒါ့အပြင် အကဲဖြတ်မှူးလင်းဟာ အဆင့် ၂ သားရဲအကဲဖြတ်မှူး စာမေးပွဲကိုလည်း အောင်မြင်ထားပြီးသားပါ... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် သားရဲတွေကို အကဲဖြတ်ဖို့ အကဲဖြတ်မှူးလင်း ရှိနေတာက ပိုကောင်းလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”
ဇူချန်းက ခိုင်ခိုင်မာမာပင် ပြောလိုက်သည် ။
‘ခင်ဗျားက ယဉ်ကျေးမှုကို လိုချင်တာလား ၊ အဲဒါဆိုလည်း ယူလိုက်ပါ’ ။
‘ဒါပေမဲ့ ခင်ဗျားရဲ့ လူကြီး အဆင့်အတန်းနဲ့ ကျွန်တော့်ကို ဖိနှိပ်ချင်တယ်ဆိုရင်တော့ အဲဒါကို မေ့လိုက်တော့'
၎င်းကို ကြားလိုက်ရသောအခါ ဇူထျန်းလီနှင့် ဆရာကြီးလျောင် နှစ်ဦးစလုံးမှာ မှင်တက်သွားကြသည် ။
အဆင့် ၂ သားရဲအကဲဖြတ်မှူး ဆိုသည်မှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှသည် ။ ဘာပဲဖြစ်ဖြစ် မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်၏ ဥက္ကဋ္ဌကိုယ်တိုင်ပင်လျှင် အဆင့် ၂ သာ ဖြစ်သည် မဟုတ်ပါလား ။
သို့သော် နောက်ထပ် ပြဿနာတစ်ခု ပေါ်ပေါက်လာသည် ။ ဇူထျန်းလီရော ဆရာကြီးလျောင်ပါ ၎င်းကို မယုံကြည်ကြပေ ၊ အကြောင်းမှာ လင်းကျင်းသည် အဆင့် ၂ အကဲဖြတ်မှူး တစ်ဦး ဖြစ်လာရန်အတွက် အလွန်ပင် ငယ်ရွယ်လွန်းနေသောကြောင့် ဖြစ်သည် ။
“ဟွန်း... အဆင့် ၂ အကဲဖြတ်မှူး တစ်ယောက်နဲ့ ငါ တကယ်ပဲ ဆုံချင်နေတာ”
ဆရာကြီးလျောင်က ပထမဆုံး စတင် တုံ့ပြန်လိုက်သည် ။ လင်းကျင်းကို အကဲခတ်ကြည့်ပြီးနောက် သူက နှာခေါင်းရှုံ့လိုက်၏ ။
“သူက အဆင့် ၂ အကဲဖြတ်မှူး ဖြစ်နေမှတော့ သူ့ရဲ့ ဝတ်ရုံစမှာ ဘာလို့ အကဲဖြတ်မှူး အမှတ်အသား နှစ်ကွင်း မပါတာလဲ... အခုတလော လိမ်လည်လှည့်ဖြားသူတွေ အများကြီး ရှိနေတယ်... လူငယ်လေး... မင်းကိုယ်မင်း အလိမ်မခံရအောင် သတိထားဦး”
၎င်းကို ကြားသောအခါ ဇူထျန်းလီလည်း သတိဝင်လာသည် ။ သူသည် လင်းကျင်း၏ ဝတ်ရုံစကို ကြည့်လိုက်သောအခါ သေချာသည်မှာ အကဲဖြတ်မှူး အမှတ်အသား မပါရှိပေ ။ နှစ်ကွင်းကို ထားလိုက်ပါတော့ ၊ တစ်ကွင်းပင် မပါရှိပေ ။ သူသည် ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်တော့သည် ။
“ဇူချန်း... မိသားစုအတွက် သားရဲတွေ ဝယ်ယူတာက ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ မင်း သိပါတယ်... ဒါက ကလေးကစားစရာ မဟုတ်ဘူး... သူက အကဲဖြတ်မှူး ဟုတ်မဟုတ်တောင် မင်း မသေချာဘဲနဲ့ ဒီလို လူစားမျိုးကို ခေါ်လာပြီး ကလေးကစားစရာ လုပ်နေရလား... အကယ်၍ သူက အလိမ်အညာသမား ဖြစ်နေပြီး ငါတို့မိသားစုရဲ့ ဒီလို အရေးကြီးတဲ့ ပွဲကို ဖျက်ဆီးမိရင် ၊ မင်းအဖေတောင်မှ မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ငါ ပြောလိုက်မယ်”
လင်းကျင်းသည် ထိုနေ့ မွန်းလွဲပိုင်းကမှ အဆင့် ၂ အကဲဖြတ်မှူး စာမေးပွဲကို အောင်မြင်ခဲ့ခြင်း ဖြစ်သည် ။ ယွီမန့်ထန်က ဌာနချုပ်သို့ သတင်းကို ချက်ချင်း ပေးပို့ခဲ့သော်လည်း တရားဝင် လက်မှတ်မှာ ရောက်ရှိမလာသေးပေ ။
သို့သော် လင်းကျင်း စာမေးပွဲ အောင်မြင်ခဲ့သည်မှာ အမှန်တရား ဖြစ်သည် ။
ဇူချန်းက ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် လင်းကျင်းက သူ့ကို ဆွဲထားလိုက်သည် ။ သူ စတင် ဝင်ရောက် ကိုင်တွယ်ရမည့် အချိန် ရောက်ပြီဖြစ်ကြောင်း လင်းကျင်း သိလိုက်သည် ။
ဇူထျန်းလီနှင့် ဆရာကြီးလျောင်တို့မှာ တစ်ယောက်တစ်လှည့် စကားနာထိုးနေကြသဖြင့် ဇူချန်းတစ်ယောက်တည်းအနေဖြင့် ဤအဖိုးကြီးများကို ယှဉ်နိုင်မည် မဟုတ်ပေ ။ လင်းကျင်းသည် ဇူချန်း၏ ဖိတ်ကြားချက်ကြောင့် ဤနေရာသို့ ရောက်လာခြင်း ဖြစ်ရာ ယခုကဲ့သို့ ငြင်းခုံမှုနှင့် ကြုံတွေ့ရသောအခါ သူသည် ဘေးထွက်ကြည့်နေ၍ မရတော့ပေ ။
ထို့အပြင် တစ်ဖက်လူက သူ့ကို လျစ်လျူရှုပြီး ဤမျှအထိ ကဲ့ရဲ့နေခဲ့သည် မဟုတ်ပါလား ။ လင်းကျင်းအနေဖြင့် ပြန်လည် တိုက်ခိုက်ရပေလိမ့်မည် ။
“ဆရာကြီးလျောင်... လို့ ခေါ်တာလား”
လင်းကျင်းက ပြုံးလျက် အနားသို့ ချဉ်းကပ်သွားသည် ။
“သားရဲအကဲဖြတ်တယ်ဆိုတာ နှုတ်နဲ့ ပြောနေရုံနဲ့ မပြီးပါဘူး ။ ဒီဆရာကြီးလျောင်က သူ့ရဲ့ အကဲဖြတ်တဲ့ အရည်အချင်းက နက်ရှိုင်းပြီး အနှိုင်းမဲ့တယ်လို့ ထင်နေမှတော့ ၊ ကျွန်တော်တို့ အချက်အလက်တွေနဲ့ပဲ စကားပြောကြရအောင်... နောက်မှ လေလံပွဲ စတဲ့အခါကျရင် ကျုပ်တို့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ပဲ အကောင်းဆုံး သားရဲကို အကဲဖြတ် ၊ ရွေးချယ်ပြီး ဝယ်ယူကြတာပေါ့... အညံ့ဆုံး သားရဲကို ရွေးချယ်မိတဲ့သူကတော့... အသုံးမကျတဲ့သူပေါ့... အဲဒီသူက အဲဒီသားရဲကို ဝယ်ယူဖို့အတွက် အသုံးပြုခဲ့တဲ့ ဝိညာဉ်ကျောက်တုံး ကုန်ကျစရိတ်ကိုပါ တာဝန်ယူရမယ်... ဒါဆိုရင် ဇူမိသားစုလည်း နစ်နာမှု မရှိတော့သလို ကျွန်တော်တို့ကြားက ကိစ္စကိုလည်း အဆုံးအဖြတ် ပေးနိုင်တာပေါ့”
လင်းကျင်းသည် အပိုစကားများ မပြောဘဲ သူ၏ နည်းလမ်းကို တိုက်ရိုက်ပင် ချပြလိုက်သည် ။
‘ခင်ဗျားတို့က အဲဒီလောက်တောင် ဟုတ်နေတာလား... လူတိုင်းထက် သာလွန်တယ်လို့ ထင်နေတာလား... အဲဒါဆိုရင်လည်း အကြီးအကျယ်ပဲ ပြိုင်ကြတာပေါ့ ၊ မဟုတ်ရင်လည်း အိမ်ပြန်ကြတော့... ခင်ဗျား ဒီလို လောင်းကြေးကို ထပ်ရဲလားဆိုတာ ကြည့်ရသေးတာပေါ့’
ဝန်ခံရလျှင် လင်းကျင်း၏ နည်းလမ်းမှာ ‘ရက်စက်’ လွန်းလှသည် ။ ရှုံးနိမ့်သူသည် မိမိအိတ်ကပ်ထဲမှ ငွေထုတ်ပေးရမည် ဖြစ်ပြီး ဤနေရာရှိ သားရဲတစ်ကောင်ချင်းစီမှာ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ရာဂဏန်းအထိ ကုန်ကျနိုင်ကြောင်း သိထားရမည် ။ သာမန်လူတစ်ယောက်အနေဖြင့် ထိုပမာဏကို ဘယ်လိုမှ မတတ်နိုင်ပေ ။
အကယ်၍ ပြိုင်ဘက်များနှင့် တိုးခဲ့လျှင် ဈေးနှုန်းမှာ အဆပေါင်းများစွာအထိ မြင့်တက်သွားနိုင်သေးသည် ။
သေချာသည်မှာ ဆရာကြီးလျောင်၏ မျက်နှာမှာ အေးခဲသွားတော့သည် ။ လင်းကျင်း၏ မမျှော်လင့်ထားသော တိုက်စစ်ကြောင့် သူသည် ခေါင်းပင် မူးနောက်သွားရသည် ။
အကယ်၍ သူ ရှုံးသွားခဲ့လျှင် သူ အရှက်ကွဲရရုံသာမက ကြီးမားသော တန်ဖိုးကိုလည်း ပေးဆပ်ရပေလိမ့်မည် ။
သူ၏ ပထမဆုံး အတွေးမှာ ဤလောင်းကြေးကို ငြင်းပယ်ရန် ဖြစ်သည် ။
သို့သော်လည်း သူ ချက်ချင်းပင် သတိဝင်လာသည် ။ အကယ်၍ လူအများအပြား၏ ရှေ့တွင် ဤစိန်ခေါ်မှုကို သူက ငြင်းပယ်လိုက်လျှင် သူတို့က သူ့ကို ကြောက်နေသည်ဟု ထင်ကြပေလိမ့်မည် ။ ထိုသို့ဆိုလျှင် သူ အချိန်အတော်ကြာ တည်ဆောက်ခဲ့သော ‘ဂုဏ်သိက္ခာ’ မှာ ပျက်စီးသွားမည် မဟုတ်ပါလား ။
ဘေးပတ်ဝန်းကျင်တွင် ကြည့်နေသူများစွာ ရှိနေသလို ဇူထျန်းလီကလည်း သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေသည် ။
“ဒီအဖိုးကြီးက ဘယ်သူလဲ”
“မင်း ဆရာကြီးလျောင်ကို မသိဘူးလား ။ သူက ငါတို့ မေပယ်မြို့ရဲ့ နာမည်ကြီး ပညာရှင် တစ်ယောက်လေ ၊ နာမည်ကျော် သားရဲအကဲဖြတ်မှူး တစ်ယောက်ပေါ့”
“အံ့ဩစရာပဲ... ငါ သေချာ စောင့်ကြည့်ရမယ်”
ဘေးပတ်ဝန်းကျင်မှ ပြောဆိုနေကြသည်များကို ကြားလိုက်ရသောအခါ ဆရာကြီးလျောင်၏ ဒေါသမှာ သတ္တိအဖြစ် ပြောင်းလဲသွားပြီး သူသည် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တော့သည် ။
သူ၏ လက်များကို အနောက်တွင် ထားကာ သူက ဂုဏ်ယူစွာဖြင့် မောက်မာသော လေသံဖြင့် ပြောလိုက်၏ ။
“လူငယ်လေး... မင်းက မင်းရဲ့ အခြေအနေကို မင်း မသိသေးဘူးပဲ... မင်းနဲ့ ပြိုင်ရတာက မင်းကို အနိုင်ကျင့်သလို ဖြစ်နေလိမ့်မယ် ၊ ဒါပေမဲ့ မင်းက ပြိုင်ချင်တယ်ဆိုရင်တော့ မင်းနဲ့အတူ ငါ ကစားပေးဖို့ မငြင်းပါဘူး... မင်း ရှုံးသွားတဲ့အခါမှာ မင်းရဲ့ လုပ်ရပ်တွေကို ပြန်ပြီး ဆင်ခြင်နိုင်ဖို့ပဲ ငါ မျှော်လင့်ပါတယ်”
လင်းကျင်းက ပြုံးလိုက်သည် ။
‘ခင်ဗျား ဒီလောင်းကြေးကို မထပ်မှာကိုပဲ ကျွန်တော် အစိုးရိမ်ဆုံးပါ’
‘ခင်ဗျားက ကျွန်တော့်ရဲ့ စိန်ခေါ်မှုကို လက်ခံဖို့ ရွေးချယ်လိုက်ပြီဆိုမှတော့ ၊ ကျွန်တော် အလျှော့မပေးမိတာကို ခွင့်လွှတ်ပါ'
ကျင့်ကြံသူများအသင်းမှ အဖွဲ့ဝင်များ ခန်းမထဲသို့ ဝင်လာကြသဖြင့် လေလံပွဲ စတင်တော့မည် ဖြစ်သည် ။ ထို့နောက် တစ်စုံတစ်ယောက်က ကြေးခေါင်းလောင်းကို တီးလိုက်ပြီး ဤလေလံပွဲ စတင်ကြောင်း အချက်ပေးလိုက်သည် ။
ကျင့်ကြံသူများအသင်း၏ အသင်းသားတစ်ဦးက လက်မြှောက်လိုက်သောအခါ သားရဲလှောင်အိမ်များကို ဖုံးအုပ်ထားသော ထူထဲသည့် လိုက်ကာများကို ဖယ်ရှားလိုက်ကြပြီး အတွင်းတွင် ပိတ်လှောင်ထားသော သားရဲများကို ထုတ်ဖော် ပြသလိုက်ကြသည် ။
ဤလေလံပွဲအတွက် သူတို့သည် သားရဲတစ်ကောင်ချင်းစီကို စင်ပေါ်သို့ တင်ကာ ဈေးပြိုင်စနစ်ဖြင့် အမြင့်ဆုံး ဈေးပေးသူကို ရောင်းချသည့် ပုံစံမျိုးကို အသုံးမပြုကြပေ ။
၎င်းမှာ ထိုနည်းလမ်းအတိုင်း မဟုတ်ပေ ။
ဤနေရာရှိ လေလံပွဲမှာ ‘ဈေးဆိုင်တန်း’ ကဲ့သို့သော ပုံစံမျိုး ဖြစ်သည် ။
သားရဲလှောင်အိမ်တိုင်း၏ ဘေးတွင် သစ်သားဆိုင်းဘုတ် တစ်ခုစီ ထားရှိသည် ။ လေလံဆွဲမည့်သူတိုင်းမှာ လက်ထဲတွင် လေလံဆွဲသည့် ပြားတစ်ခုစီ ကိုင်ဆောင်ထားရသည် ။ အကယ်၍ သူတို့သည် သားရဲတစ်ကောင်ကို စိတ်ဝင်စားလျှင် ထိုပြားကို ကပ်လိုက်ပြီး သူတို့ပေးမည့် ဈေးနှုန်းကို ရေးသားလိုက်ရုံသာ ဖြစ်သည် ။ အကယ်၍ အခြားသူတစ်ယောက်က ပိုမိုမြင့်မားသော ဈေးနှုန်းဖြင့် ထပ်မံ ပေးလာလျှင် ယခင် ဈေးနှုန်းနေရာတွင် ဈေးနှုန်းအသစ်ကို အစားထိုးလိုက်မည် ဖြစ်သည် ။
အမြင့်ဆုံး ဈေးပေးသူက အနိုင်ရမည်ဖြစ်ကြောင်း ပြောနေရန်ပင် မလိုတော့ပေ ။