အခန်း (၉၃-၉၄)
Vol. 5 Ch. 93-94
အခန်း (၉၃) - ကိုယ်ပိုင် စွမ်းဆောင်ရည်အပေါ် အခြေခံခြင်း
လေလံပွဲ စတင်ပြီဖြစ်ရာ ယခုအခါ သူတို့သည် သူတို့၏ စွမ်းဆောင်ရည်များကို အသုံးပြုကာ သားရဲတစ်ကောင်ကို ရွေးချယ်ပြီး ဈေးပြိုင်ပေးရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည် ။
လူအများအပြားက ဈေးပြိုင်ပေးနေကြသဖြင့် သိသိသာသာ ထူးခြားသော သားရဲအချို့မှာ မယုံနိုင်လောက်အောင် မြင့်မားသော ဈေးနှုန်းများကို ရရှိကြသည် ။ ပြီးခဲ့သည့် လေလံပွဲတွင် ရှားပါးသွေးမျိုးဆက် ပါဝင်သော သားရဲတစ်ကောင်ကို အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံး တစ်ထောင့်ငါးရာဖြင့် လေလံအောင်သွားခဲ့ဖူးသည် ။
အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံး တစ်ထောင့်ငါးရာကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းငါးထောင်အဖြစ် ပြောင်းလဲနိုင်ပြီး ၎င်းမှာ ငွေစ လေးသောင်းကျော် တန်ဖိုးရှိသည် ။
၎င်းမှာ မယုံနိုင်လောက်အောင် များပြားသော ပမာဏပင် ဖြစ်သည် ။
ဤနေရာတွင် လေလံတင်ရောင်းချသော သားရဲအများစုမှာ အခြေခံ အကဲဖြတ်မှု အဆင့်တစ်ခုကို ဖြတ်ကျော်လာခဲ့ကြသူများ ဖြစ်သည် ။ လှောင်အိမ်များ၏ ဘေးတွင် ရိုးရှင်းသော အကဲဖြတ်ချက် အစီရင်ခံစာကို ပြသထားလေ့ရှိသည် ။
သို့သော် ထိုထက် ပိုမိုနက်ရှိုင်းသော သို့မဟုတ် အသေးစိတ်ကျသော အချက်အလက်များကိုမူ ပေးမထားပေ ။
၎င်းမှာ သူတို့က ကျွမ်းကျင်သော အကဲဖြတ်မှူးများကို မငှားရမ်းနိုင်၍ မဟုတ်ဘဲ ၊ ဤသို့ မပြုလုပ်ခြင်းဖြင့် ထီစနစ်ကဲ့သို့ပင် ‘လျှို့ဝှက်ဆန်းကြယ်မှု’ တစ်ခုကို ထိန်းသိမ်းထားချင်သောကြောင့် ဖြစ်သည် ။
တစ်ခါတစ်ရံတွင် သာမန်ဟု ထင်ရသော သားရဲအချို့တွင် ဖုံးကွယ်ထားသော သွေးမျိုးဆက်များနှင့် မမြင်နိုင်သော အလားအလာများ ရှိနေတတ်သည် ။ ထိုအခါမျိုးတွင် ၎င်းကို အတော်လေး သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ပေလိမ့်မည် ။ တစ်ဖက်တွင်မူ လူအများအပြား လုယက်ဝယ်ယူကြပြီး နောက်ဆုံးတွင် များပြားလှသော ငွေကြေးကို ပေးဆောင်ကာ ရရှိခဲ့သော သားရဲအချို့မှာ အမှန်တကယ်တွင် ပျမ်းမျှထက် အနည်းငယ်သာ သာလွန်သူများ ဖြစ်နေတတ်သည် ။
ဤကဲ့သို့သော အခြေအနေမျိုးမှာ လေလံပွဲများတွင် အမြဲတမ်း ဖြစ်ပွားလေ့ရှိသည် ။
ထို့ကြောင့် အရည်အချင်းရှိသော ဝယ်ယူသူများသည် ‘ဖုံးကွယ်ထားသော ရတနာများ’ ကို ရှာဖွေနိုင်ရန်အတွက် သားရဲအကဲဖြတ်မှူးများကို ငှားရမ်းကြခြင်း ဖြစ်သည် ။
“ဆရာကြီးလျောင်... ဒါကို ဆရာကြီးရဲ့ လက်ထဲပဲ အပ်ထားပါရစေ”
ဇူထျန်းလီက ပြောလိုက်သည် ။ အမှန်တကယ်တွင်မူ သူကိုယ်တိုင် ပေါ်လာပြီး သူ၏ မျိုးဆက်ဖြစ်သော ဇူချန်းထံမှ ဝယ်ယူခွင့် အာဏာကို လုယူခြင်းမှာ အလွန်ပင် စည်းကျော်ရာ ရောက်လှသည် ။ သို့သော် ဤသို့ မလုပ်ခဲ့လျှင် သူ၏ အစ်ကိုကြီး၏ အာဏာမှာ ပိုမို ကြီးထွားလာလိမ့်မည် ဖြစ်ကြောင်း ဇူထျန်းလီ သိသည် ။
သူ တိုက်ပွဲဝင်နိုင်သေးသရွေ့ ၊ အာဏာကို သိမ်းပိုက်နိုင်ရန် သူ၏ စွမ်းအားရှိသမျှ အရာအားလုံးကို လုပ်ဆောင်ရမည် ဖြစ်သည် ။ သို့မဟုတ်ပါက သူ ဘာမှ မတတ်နိုင်တော့သည့် အချိန်သို့ ရောက်ရှိသွားလျှင် အရာအားလုံးမှာ အချိန်နှောင်းသွားပေလိမ့်မည် ။
ဤတစ်ကြိမ်တွင် သူသည် ဆရာကြီးလျောင်အပေါ်၌သာ အရာအားလုံးကို ပုံအောထားခြင်း ဖြစ်သည် ။
ဆရာကြီးလျောင်က အပြည့်အဝ ယုံကြည်မှုရှိစွာဖြင့် ခေါင်းငြိမ့်ပြပြီး ပြောလိုက်၏ ။
“စိတ်မပူပါနဲ လူကြီးမင်းဇူ... ကျုပ်က ကျုပ်ရဲ့ ဘဝတစ်လျှောက်လုံး သားရဲတွေကို အကဲဖြတ်လာခဲ့တာမို့ ဒီလို ကောင်လေးတစ်ယောက်ကိုတော့ ရှုံးနိမ့်မှာ မဟုတ်ပါဘူး... ဒီတစ်ခါတော့ သူ သေချာပေါက် ရှုံးမှာပါ”
“ကောင်းပြီလေ”
ဇူထျန်းလီမှာ အတိုင်းထက်အလွန် ဝမ်းသာသွားရသည် ။ အကယ်၍ အရာအားလုံး အဆင်ပြေသွားလျှင် သူသည် ဇူချန်းကို ပြတ်သားသော ထိုးနှက်ချက်တစ်ခု ပေးနိုင်မည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် ဇူချန်း၏ ဖခင် ဇူထျန်းဟုန်း၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေမည် ဖြစ်သည် ။ အခြားတစ်ဖက်က ဤတာဝန်ကို လွဲချော်သွားခဲ့လျှင် မိသားစု အကြီးအကဲများက ဇူထျန်းဟုန်း၏ ဦးဆောင်နိုင်စွမ်းအပေါ် သံသယဝင်လာကြမည်မှာ အကောင်းဆုံးပင် ။ ၎င်းမှာ ဇူထျန်းလီအတွက် မိသားစုခေါင်းဆောင် နေရာကို ရယူနိုင်ရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည် ။
အခြားတစ်ဖက်တွင်မူ လင်းကျင်းက ဇူချန်းကို ပြောလိုက်၏ ။
“ကျုပ်တို့လည်း စကြရအောင်... ခင်ဗျားမှာ ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရှိသလဲ”
ဇူချန်းသည် လင်းကျင်းအပေါ်တွင် အပြည့်အဝ ယုံကြည်မှု ရှိပြီး ပြောလိုက်၏ ။
"ကျုပ်အဖေက အနည်းဆုံးတော့ အလားအလာ ကောင်းကောင်းရှိတဲ့ သားရဲ သုံးကောင်ကို ဝယ်ရမယ်လို့ ပြောထားတယ် ၊ ဒါမှ ကျွန်တော်တို့ မိသားစုက လူငယ်တွေ သူတို့နဲ့ သွေးကတိကဝတ် ပြုနိုင်မှာလေ... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးနဲ့ တွက်မယ်ဆိုရင် ကျုပ်တို့ဆီမှာ နှစ်ထောင်လောက် ရှိပါတယ်”
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ထောင် ။
၎င်းမှာ အတော်လေး များပြားလှသည် ။
လင်းကျင်းက အကြမ်းဖျင်း စဉ်းစားလိုက်ပြီး ပြောလိုက်၏ ။
“ကျုပ် သားရဲတွေကို အကဲဖြတ်ပေးမယ် ၊ ပြီးရင် ဘယ်သားရဲတွေကို ဈေးပြိုင်ပေးဖို့ တန်သလဲဆိုတာ ခင်ဗျားကို ပြောပြမယ်”
သူတို့နှင့်အတူ လိုက်ပါလာသော လုရှောင်ယုနှင့် ဇူရင်းရင်းတို့မှာလည်း စိတ်လှုပ်ရှားနေပုံ ရသည် ။ အထူးသဖြင့် လုရှောင်ယုမှာ သူမ၏ မှတ်စုစာအုပ်ကို ထုတ်ထားပြီး လင်းကျင်းက သားရဲများကို မည်သို့ အကဲဖြတ်မည်ကို အနီးကပ် လေ့လာရန် အသင့်ပြင်ထားသည် ။
ထိုအခါမှ လင်းကျင်းသည် ဤလေလံပွဲတွင် အဆင့်သုံးဆင့် ရှိကြောင်း သိလိုက်ရသည် ။ အဆင့်တစ်ခုစီမှာ နာရီဝက်ခန့် ကြာမြင့်မည်ဖြစ်ပြီး အဆင့်တိုင်းတွင် ရောင်းချပြီးသော သားရဲများကို အသစ်များနှင့် လဲလှယ်သွားမည် ဖြစ်သည် ။ လေလံဆွဲသူများသည် နောက်ဆုံး အဆင့်တွင် ကျန်ရှိနေမည့် ထူးခြားသော သားရဲများကို စောင့်ကြည့်ကြလေ့ ရှိသည် ။
မကြာမီမှာပင် လင်းကျင်းသည် ပြဿနာတစ်ခုကို သတိပြုမိသွားသည် ။
ရောင်းချမည့် သားရဲတိုင်းမှာ လှောင်အိမ်ထဲတွင် ပိတ်ထားခြင်း ဖြစ်သည် ။ မည်သူမျှ အနားသို့ မချဉ်းကပ်နိုင်ဘဲ အဝေးမှသာ အကဲဖြတ်နိုင်ကြသည် ။ သာမန် သားရဲအကဲဖြတ်မှူး တစ်ဦးသည် အကဲဖြတ်ရန်အတွက် သူတို့၏ ဝိညာဉ်မျက်လုံးကို အသုံးပြုကြလိမ့်မည် ၊ သို့သော် သားရဲပြတိုက်ကို အားကိုးနေရသော လင်းကျင်းအတွက်မူ သားရဲများကို မထိတွေ့ဘဲ အကဲဖြတ်ရန်မှာ မဖြစ်နိုင်ပေ ။
လင်းကျင်းမှာ မှင်တက်သွားရသည် ။
၎င်းအပြင် ပွဲကျင်းပရာ နေရာမှာလည်း အလွန်ပင် သန့်ရှင်းနေပြီး လှောင်အိမ်ထဲမှ သားရဲများ၏ အမွေးအမျှင် သို့မဟုတ် အကြေးခွံများပင် မတွေ့ရပေ ။
ပတ်ပတ်လည်ကို လှည့်ကြည့်ပြီးနောက် လင်းကျင်းမှာ ဘာမှမလုပ်ဘဲ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်တော့ လေးလံနေသည် ။
ဤအတိုင်းတော့ မဖြစ်သေးပေ ။
လင်းကျင်းသည် သူ၏ ယခင်မူလကိုယ်ထံမှ ဝိညာဉ်မျက်လုံး နည်းပညာကို သိထားသော်လည်း ၎င်းမှာ ပျမ်းမျှ အဆင့်လောက်သာ ရှိသည် ။ သားရဲပြတိုက်တွင် အခြားသော သာလွန်သည့် ဝိညာဉ်မျက်လုံး အကဲဖြတ်နည်းလမ်းများ ရှိသော်လည်း ၊ ၎င်းမှာ မဖြစ်နိုင်သော စိန်ခေါ်မှုတစ်ခု ဖြစ်သည် ။ သူသည် ၎င်းတို့ကို ချက်ချင်း လက်ငင်း သင်ယူပြီး အသုံးပြုနိုင်ရန်မှာ မဖြစ်နိုင်ပေ ။
ကံကောင်းထောက်မစွာဖြင့် အမြဲတမ်း ထွက်ပေါက်တစ်ခုတော့ ရှိနေစမြဲပင် ။ လင်းကျင်းသည် သွေးခုန်နှုန်းစမ်းသပ်သည့် နည်းပညာထဲမှ ‘ရစ်ပတ်အပ်’ ဟူသော စွမ်းရည်တစ်ခုကို သိထားသည် ။
ဤအပ်စိုက်နည်းပညာမှာ သူ့အား ကိုယ်ပိုင်အပ်တစ်ခု ဖန်တီးရန်နှင့် ၎င်းကို သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် မွေးမြူရန် လိုအပ်သည် ။ ဆက်သွယ်မှု တစ်ခုကို တည်ဆောက်ပြီးသည်နှင့် လင်းကျင်းသည် သူ၏ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ ပစ်မှတ်တစ်ခုကို အလွယ်တကူ ထိုးဖောက်နိုင်သည် သို့မဟုတ် အပ်ကို ပြန်လည် သိမ်းဆည်းနိုင်သည် ။ သူသည် ၎င်းကို မည်သူ၏ အာရုံစိုက်မှုကိုမျှ မခံရဘဲ ၊ မည်သူမျှ မမျှော်လင့်ထားဘဲ လုပ်ဆောင်နိုင်သည် ။
လင်းကျင်းသည် သွေးခုန်နှုန်းစမ်းသပ်သည့် နည်းပညာကို အမြဲတမ်း လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည် ။ အချိန်ရတိုင်း သူသည် သူ၏ ကိုယ်ပိုင်အပ်ကို မွေးမြူခဲ့ရာ ယခုအခါ အတော်လေး ခိုင်မာနေပြီ ဖြစ်သည် ။ သူသည် ရစ်ပတ်အပ် နည်းပညာနှင့် ရင်းနှီးရန်သာ လိုအပ်ပြီး ဤနည်းပညာကို အသုံးပြုကာ သားရဲများကို အကဲဖြတ်နိုင်မည် ဖြစ်သည် ။
သူ၏ အပ်ဖြင့် သားရဲများကို ထိုးဖောက်လိုက်ခြင်းဖြင့် ၊ သူသည် သားရဲများကို ကိုယ်တိုင် ထိတွေ့လိုက်သကဲ့သို့ ဖြစ်သွားစေကာ ပြတိုက်မှ သူ့အား အကဲဖြတ်ချက်ကို အလိုအလျောက် ပေးအပ်ပေလိမ့်မည် ။
သူသည် နေရာတွင် ငြိမ်သက်စွာ ရပ်နေသော်လည်း ၊ လင်းကျင်းမှာ လှောင်အိမ်ထဲမှ သားရဲကို အာရုံစိုက် ကြည့်နေသကဲ့သို့ ထင်ရသော်လည်း ၊ အမှန်တကယ်တွင်မူ သူသည် ပြတိုက်အတွင်း၌ ရစ်ပတ်အပ် နည်းပညာကို ရင်းနှီးအောင် လုပ်နေခြင်း ဖြစ်သည် ။
သူ၏ လေ့ကျင့်မှုတွင် အလွန်အမင်း အာရုံရောက်နေသဖြင့် နာရီဝက်ခန့်မှာ ထိုအတိုင်းပင် ကုန်ဆုံးသွားခဲ့သည် ။
ပထမအဆင့် လေလံဆွဲမှုမှာ ပြီးဆုံးသွားသော်လည်း လင်းကျင်းမှာ ဘာမှမလုပ်ဘဲ ငြိမ်သက်နေဆဲ ဖြစ်သည် ။
ဇူချန်းက ဘေးမှ စောင့်ကြည့်နေစဉ် ၊ သူ အနည်းငယ်မျှ စိုးရိမ်ပူပန်မှု မရှိဘူးဟု ပြောလျှင် ၎င်းမှာ လိမ်ညာရာ ရောက်ပေလိမ့်မည် ။
သို့သော် လင်းကျင်းမှာ သူ၏ အတွေးများထဲတွင် နက်ရှိုင်းစွာ နစ်ဝင်နေသည်ကို မြင်ရသဖြင့် ဇူချန်းမှာ သူ့ကို မနှောင့်ယှက်ရဲပေ ။ ကံကောင်းထောက်မစွာဖြင့် သူတို့ ဈေးပြိုင်ပေးရန်အတွက် နောက်ထပ် အဆင့်နှစ်ဆင့် ကျန်ရှိနေသေးသလို ၊ လူအများအပြားမှာလည်း ပထမအဆင့်တွင် လေလံမဆွဲကြသေးပေ ။
“စိတ်မပူပါနဲ့... ဆရာလင်းက သူ ဘာလုပ်နေလဲဆိုတာ သူ သိပါတယ်”
လုရှောင်ယုသည် ဇူချန်းနှင့် ဇူရင်းရင်းတို့၏ မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများကို မြင်သောအခါ သူတို့ကို မနေနိုင်ဘဲ ဖျောင်းဖျလိုက်သည် ။
ဇူထျန်းလီနှင့် ဆရာကြီးလျောင်တို့မှာ အောင်မြင်သော လေလံဆွဲမှု အမှတ်အသားကို ကိုင်ဆောင်ကာ လျှောက်လာကြသည် ။
သိသာသည်မှာ ဤဆရာကြီးလျောင်သည် ပထမအဆင့်တွင်ပင် စတင် လှုပ်ရှားခဲ့ခြင်း ဖြစ်သည် ။
လင်းကျင်းက မည်သည့် သားရဲကိုမျှ လေလံမဆွဲသေးသည်ကို မြင်သောအခါ ဆရာကြီးလျောင်က မနေနိုင်ဘဲ လှောင်ပြောင်လိုက်၏ ။
“လူငယ်လေး... အကောင်းဆုံးအရာတွေကို နောက်ဆုံးအတွက် ချန်ထားလေ့ရှိတယ် ဆိုပေမဲ့ ၊ နောက်ပိုင်းမှာ သားရဲတွေအတွက် ပြိုင်ဆိုင်မှုက ပိုပြီး ပြင်းထန်လာလိမ့်မယ်... ပထမအဆင့်မှာ ဝယ်ယူခဲ့တဲ့ သားရဲတွေက များသောအားဖြင့် တန်ဖိုးအရှိဆုံးပဲ... မင်းက သတိထားနေသလို ထင်ရပေမဲ့ ၊ အမှန်တကယ်တော့ မင်းက သူရဲဘောကြောင်နေတာပါ... မင်း အခုပဲ အရှုံးပေးလိုက်... ပြီးရင် အိမ်ပြန်ပြီး နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်ပြီး စာဖတ်ဖို့ ငါ အကြံပေးချင်တယ်”
ဇူချန်းနှင့် အခြားသူများမှာ ဒေါသထွက်သွားကြသည် ။ သို့သော် လင်းကျင်းက ဘာမှ မပြောသဖြင့် သူတို့မှာ သူတို့၏ ဒေါသကိုသာ မျိုသိပ်ထားလိုက်ရသည် ။
မကြာမီမှာပင် ဒုတိယအဆင့် စတင်ကြောင်း ခေါင်းလောင်းသံ မြည်လာသည် ။
“ပြန်စပြီလား... လူကြီးမင်းဇူ ၊ ကျုပ်တိုအ သွားပြီး သားရဲအချို့ကို ရွေးကြရအောင် ၊ ဒီလူငယ်လေးကို သူ့ရဲ့ အတွေးတွေနဲ့ပဲ ထားခဲ့လိုက်ပါ”
ထိုသို့ ပြောပြီးနောက် ဆရာကြီးလျောင်သည် ဇူထျန်းလီနှင့်အတူ ထွက်ခွာသွားသည် ။
ခေတ္တမျှ ထပ်မံ စဉ်းစားပြီးနောက် လင်းကျင်းသည် နောက်ဆုံးတွင် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည် ။
ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးများမှာ တောက်ပနေသည် ။ သူသည် စောစောက ‘ရစ်ပတ်အပ်’ နည်းပညာကို လေ့လာရန်အတွက် ပြတိုက်အပေါ်တွင် သူ၏ အာရုံအားလုံးကို စုစည်းထားခဲ့ခြင်း ဖြစ်သည် ။ သူသည် ၎င်းကို အပြည့်အဝ မကျွမ်းကျင်သေးသော်လည်း ၊ အနည်းဆုံးတော့ ယခုအခါ သူ လုပ်ဆောင်နိုင်ပြီ ဖြစ်သည် ။
သူသည် သူ၏ရှေ့မှ သားရဲကို ကြည့်ရန် ခေါင်းမော့လိုက်သည် ။
လှောင်အိမ်ထဲတွင် ခန္ဓာကိုယ် ကြီးမားသော ကြံ့တစ်ကောင် ရှိနေသည် ။ လှောင်အိမ်မှာ အလွန်ကြီးမားပြီး ၎င်း၏ ဘေးတွင် ရိုးရှင်းသော အကဲဖြတ်ချက် အစီရင်ခံစာ ရှိနေသည် ။ ကြံ့အတွက် ဈေးနှုန်းတစ်ခု ပေးထားပြီး ထိုပမာဏမှာ ‘အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာ့ရှစ်ဆယ်’ ဖြစ်သည် ။
သူ၏ လက်ချောင်းများကြားတွင် သူ ဖန်တီးထားသော ကိုယ်ပိုင်အပ်ကို ကိုင်ဆောင်ကာ ၊ ညင်သာစွာ ခါယမ်းလိုက်သောအခါ ၊ ငွေရောင် အလင်းတန်းတစ်ခုမှာ ဘာအသံမျှ မထွက်ဘဲ ပျံထွက်သွားသည် ။ အိပ်ပျော်နေသော ကြံ့မှာ ရုတ်တရက် ထရပ်လိုက်ပြီး အော်ဟစ်တော့သည် ။
ထိုဟိန်းဟောက်သံမှာ ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းကို ထိတ်လန့်သွားစေသည် ။
ဤကဲ့သို့ ဖြစ်ပျက်သွားခြင်းမှာ ပုံမှန်ပင် ဖြစ်သည် ။ မည်သူမဆို အပ်ဖြင့် အမှတ်မထင် အထိုးခံရလျှင် ဤကဲ့သို့ပင် တုံ့ပြန်ကြမည် မဟုတ်ပါလား ။
လင်းကျင်း မျှော်လင့်ထားသည့်အတိုင်းပင် ၊ ရစ်ပတ်အပ်မှာ နေရာသို့ ရောက်ရှိသွားသည်နှင့် ၎င်းမှာ ဝိညာဉ်စွမ်းအင် ကြိုးမျှင်တစ်ခုမှတစ်ဆင့် သူ့ထံသို့ ဆက်သွယ်သွားသည် ။ သူ၏ ကိုယ်လက်အင်္ဂါ တစ်ခုကို ချဲ့ထွင်လိုက်သကဲ့သို့ပင် ၊ ၎င်းမှာ သူ၏ လက်ဖြင့် သားရဲကို ကိုယ်တိုင် ထိတွေ့လိုက်သကဲ့သို့ ကောင်းမွန်စွာ အလုပ်လုပ်ပေးသည် ။
အခန်း (၉၄) - ရစ်ပတ်အပ်နှင့် ပုံစံပျက်နေသော မြွေ
ကြံ့၏ သက်ဆိုင်ရာ အချက်အလက်များနှင့် အသေးစိတ် အကဲဖြတ်ချက် ရလဒ်များမှာ ပြတိုက်အတွင်းတွင် ပေါ်လာတော့သည် ။
လင်းကျင်းက ခေါင်းငြိမ့်ပြပြီး ထွက်ခွာလာခဲ့သည် ။
တစ်ချိန်တည်းမှာပင် ကျင့်ကြံသူများအသင်းမှ အဖွဲ့ဝင်များမှာ ဇဝေဇဝါ ဖြစ်နေကြပြီး အချင်းချင်း ဆွေးနွေးနေကြသည် ။
“ဘာတွေ ဖြစ်နေတာလဲ... ဒီကြံ့က ဘာလို့ ရုတ်တရက် သောင်းကျန်းနေရတာလဲ ၊ သူ့ကို အိပ်ဆေး တိုက်ထားတာ မဟုတ်ဘူးလား”
“ငါလည်း ဘယ်သိမလဲ... ဒီလှောင်အိမ်က ခိုင်ခံ့နေလို့ တော်သေးတာပေါ့ ၊ ငါသိသလောက်တော့ ဘာပြဿနာမှ မရှိနိုင်ပါဘူး”
ထိုအချိန်တွင် လင်းကျင်းသည် နောက်ထပ် လှောင်အိမ်တစ်ခုသို့ ရောက်ရှိသွားသည် ။ ထိုလှောင်အိမ်ထဲရှိ ဆူးဖြူကောင်မှာလည်း ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြန်သည် ။
လင်းကျင်း လှောင်အိမ်တစ်ခုကို ဖြတ်သွားတိုင်း အတွင်းမှ သတ္တဝါမှာ မပျက်မကွက် ဆူညံပူညံ လုပ်တော့သည် ။ မကြာမီမှာပင် ခန်းမတစ်ခုလုံး၌ သားရဲများ၏ ဟိန်းဟောက်သံများမှာ လှိုင်းလုံးများကဲ့သို့ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည် ။
ဤသည်မှာ ကျင့်ကြံသူများအသင်း၏ အာရုံစိုက်မှုကို သိသိသာသာ ရရှိသွားစေသည် ။
သူတို့၏ ဝတ်ရုံစတွင် အနီရောင် တိမ်တိုက်ပုံစံ သုံးခုပါသော အသင်းသားအချို့မှာ အခြေအနေကို စုံစမ်းရန် ခန်းမထဲသို့ ဝင်လာကြသည် ။ သို့သော် ဘာဖြစ်နေမှန်း သူတို့ လုံးဝ မသိကြပေ ။ သူတို့ကို ထားလိုက်ပါတော့ ၊ အဆင့်မြင့် စီမံခန့်ခွဲသူများ ရောက်လာလျှင်ပင် သူတို့လည်း အလားတူပင် ဇဝေဇဝါ ဖြစ်နေကြပေလိမ့်မည် ။
လင်းကျင်း၏ သွေးခုန်နှုန်းစမ်းသပ်သည့် နည်းပညာမှာ ပါးနပ်မှု ရှိရန် လိုအပ်သည် ။ ၎င်းမှာ ခန့်မှန်းရခက်ပြီး ရှာဖွေတွေ့ရှိရန် ခက်ခဲလှသည် ၊ အထူးသဖြင့် ‘ရစ်ပတ်အပ်’ နည်းပညာမှာ သတိမထားမိစေရန် လုပ်ဆောင်ရခြင်း ဖြစ်သည် ။ အလွန်ပင် အကဲခတ် တော်သူများပင်လျှင် လင်းကျင်း ဘာလုပ်နေသလဲ ဆိုသည်ကို သိရှိရန်အတွက် သူ့ကို အလွန်အမင်း အာရုံစိုက် စောင့်ကြည့်နေရပေလိမ့်မည် ။
မကြာမီမှာပင် ခန်းမထဲရှိ သားရဲ ထက်ဝက်ကျော်မှာ လင်းကျင်း၏ လျှို့ဝှက်အပ်ဖြင့် အထိုးခံလိုက်ရပြီး ၎င်းတို့ထဲတွင် တန်ဖိုးရှိသော ရှားပါးသားရဲ အချို့လည်း ပါဝင်သည် ။
လင်းကျင်းမှာ ဝမ်းသာသွားရသည် ၊ သူ လိုက်လာခဲ့ခြင်းမှာ မှန်ကန်သော ရွေးချယ်မှု ဖြစ်ကြောင်း သူ တွေးနေမိသည် ။ ခဏအတွင်းမှာပင် ပြတိုက်တွင် ရှားပါးသားရဲ အသစ်အချို့၏ မှတ်တမ်းကို ရရှိခဲ့သည် ။ ယခုအခါ သူသည် နောက်ထပ် ဆုလာဘ် ရရှိရန် အလွန် နီးစပ်နေပြီ ဖြစ်သည် ။ ဧည့်သည် နံပါတ် (၇) ထံမှ ရှားပါးသားရဲ နမူနာအချို့ ရရှိရန်အတွက် သားရဲပြတိုက်၏ ဧည့်ခန်းမ ပြန်လည် မပွင့်မချင်း နောက်ထပ် ရက်အနည်းငယ် စောင့်ရုံသာ လိုတော့သည် ။ ထိုအခါ သူသည် ‘သားရဲစွမ်းအင် ကျင့်စဉ်’ ၏ ဒုတိယပိုင်းကို ရရှိပေလိမ့်မည် ။
ထိုအကြောင်းကို တွေးမိရုံဖြင့် သူ စိတ်လှုပ်ရှားနေမိသည် ။
ရှောင်ဟော့သည် ကျင့်စဉ်၏ ပထမပိုင်းကို လေ့ကျင့်ပြီးနောက်မှာပင် အလွန်အံ့ဩစရာ ကောင်းနေပြီ ဖြစ်သည် ။ အကယ်၍ ဒုတိယပိုင်းကိုသာ အောင်မြင်သွားလျှင် သူသည် အဆင့် ၃ မိစ္ဆာသားရဲကိုပင် ရင်ဆိုင်နိုင်ကောင်း ရင်ဆိုင်နိုင်ပေလိမ့်မည် ။
၎င်းအပြင် လင်းကျင်းသည် ရွှေဝါလေးကိုလည်း သားရဲစွမ်းအင် ကျင့်စဉ်၏ ပထမပိုင်းကို လေ့ကျင့်ပေးရန် အစီအစဉ် ရှိသည် ။ အကယ်၍ အခွင့်အရေး ရခဲ့လျှင် ကျောက်ရင်းနှင့် လုရှောင်ယုတို့၏ သားရဲများကိုလည်း လေ့ကျင့်ခွင့် ပေးကောင်း ပေးနိုင်သည် ။
သို့သော်လည်း အလျင်မလိုဘဲ ဖြည်းဖြည်းချင်း လုပ်ဆောင်ရမည် ဖြစ်သည် ။ ရှောင်ဟော့မှာ သူ၏ သားရဲ ဖြစ်သဖြင့် လင်းကျင်းသည် ရှောင်ဟော့၏ အင်အားကို အရင်မြှင့်တင်ရမည် ဖြစ်သည် ။ ရှောင်ဟော့ လုံလောက်အောင် သန်မာလာမှသာ အခြားသူများကို အင်အားမြှင့်တင်ပေးရန် သူ စတင် စဉ်းစားနိုင်မည် ဖြစ်သည် ။
ထို့ကြောင့် လင်းကျင်းသည် လှောင်အိမ်ထဲမှ သားရဲအမျိုးမျိုးကို သူ၏ အပ်ဖြင့် ဆက်လက်ထိုးနေခဲ့သည် ။
အခြားသူများမှာမူ ခန်းမထဲရှိ သားရဲများ၏ အော်ဟစ်သံများကြောင့် ဇဝေဇဝါ ဖြစ်နေကြသည် ။ ဘာဖြစ်နေမှန်း သူတို့ နားမလည်ကြသော်လည်း ၊ လင်းကျင်းနောက်သို့ လိုက်လာသော လူများကတော့ တစ်စုံတစ်ခုကို ရိပ်မိပုံရသည် ။
လင်းကျင်း လှောင်အိမ်တစ်ခုကို ဖြတ်သွားတိုင်း အတွင်းမှ သားရဲက အော်ဟစ်လေ့ရှိသည် ။
လင်းကျင်း ရောက်ရာ နေရာတိုင်းတွင် အော်ဟစ်သံများ ထွက်ပေါ်လာသည် ။
ဒါက တိုက်ဆိုင်မှုတစ်ခု သက်သက်ပဲလား ။
လုံးဝ မဟုတ်ပေ ။ ထိုသို့ဆိုလျှင် အဖြေတစ်ခုသာ ရှိသည် ။
လင်းကျင်းသည် ဤထူးဆန်းသော ဖြစ်ရပ်၏ အရင်းအမြစ်ပင် ဖြစ်သည် ။
လုရှောင်ယုမှာ အဆင်ပြေသော်လည်း ဇူချန်းနှင့် ဇူရင်းရင်းတို့မှာ ထူးဆန်းသော မျက်နှာထားများ ဖြစ်နေကြသည် ။ သူတို့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်များပင် ရှိနေသည် ။
သူတို့၏ အမြင်တွင် လင်းကျင်းမှာ လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုတစ်ခု ဖြစ်သည် ။ သူ ရောက်ရာ နေရာတိုင်းတွင် ၊ သားရဲ၏ အရွယ်အစား မည်မျှပင် ရှိစေကာမူ ၊ သားရဲတိုင်းမှာ ပုံစံတူအတိုင်း နာကျင်စွာ အော်ဟစ်ကြသည် ။ သူသည် မည်သည့် နည်းပရိယာယ်ကို အသုံးပြုနေသည်ဆိုသည်ကို သူတို့ မည်မျှပင် စဉ်းစားစေကာမူ အဖြေမထွက်နိုင်ကြပေ ။
သူတို့ စဉ်းစားမရလေလေ ၊ ဤအရာမှာ ပိုပြီး ထူးဆန်းနေလေလေ ဖြစ်သည် ။
“အစ်ကို... အဲဒီအော်သံတွေက ဒီအကဲဖြတ်မှူးလင်းနဲ့ ပတ်သက်နေတာလား”
သိချင်စိတ် ပြင်းပြသဖြင့် ဇူရင်းရင်းက ဇူချန်းကို တိုးတိုးလေး မေးလိုက်သည် ။
ဇူချန်းက ‘ငါ ဘယ်လို သိမှာလဲ’ ဟူသော အကြည့်ဖြင့် ပြန်ကြည့်လိုက်သည် ။ ခဏမျှ စဉ်းစားပြီးနောက် သူက သူ၏ ညီမကို တိုးတိုးလေး ပြန်ပြောလိုက်၏ ။
“ဒါက အကဲဖြတ်မှူးလင်းရဲ့ အံ့ဖွယ်နည်းပညာတွေထဲက တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်တယ် ၊ အဲဒါကြောင့် ထပ်မမေးနဲ့တော့ ၊ ကြည့်ပဲကြည့်နေ”
“ဒါဆို သူက အဆင့် ၂ အကဲဖြတ်မှူး ဖြစ်နေတာ တကယ်ပဲလား... အဆင့် ၂ အကဲဖြတ်မှူး စာမေးပွဲ အောင်ဖို့က အရမ်းခက်တယ်လို့ ကျွန်မ ကြားဖူးတယ်”
ဇူရင်းရင်းက ဆက်ပြောသည် ။
ဇူချန်းမှာ ထိုသတင်းကို ကြေညာစဉ်က နေရာတွင် ရှိနေခဲ့သဖြင့် ၎င်းကို သက်သေခံနိုင်သည် ။
“အဲဒါကိုတော့ မင်း စိတ်ပူစရာ မလိုပါဘူး... အကဲဖြတ်မှူးလင်းရဲ့ အရည်အချင်းက အဆင့် ၂ အကဲဖြတ်မှူး တစ်ယောက်အတွက် သေချာပေါက် သင့်တော်ပါတယ် ၊ သားရဲအကဲဖြတ်မှူး အသင်းချုပ်က လွှတ်လိုက်တဲ့ စစ်ဆေးရေးမှူး ကိုယ်တိုင်က အတည်ပြုပေးခဲ့တာပါ”
အော်ဟစ်သံများမှာ ဆက်တိုက် ထွက်ပေါ်နေဆဲ ဖြစ်သည် ။
ခန်းမ၏ အခြားတစ်ဖက်တွင် ဂေါင်မိသားစုအတွက် သားရဲအချို့ကို ရွေးချယ်နေသော ဂေါင်ကျန်းသည် သားရဲများ၏ ဆက်တိုက် အော်ဟစ်သံများကို ကြားလိုက်ရသည် ။ ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားဖြင့် သူက ခေါင်းကို ဆန့်ကြည့်လိုက်သောအခါ လင်းကျင်းကို မြင်လိုက်ရသည် ။
ဂေါင်ကျန်းက မျက်မှောင်ကြုတ်လိုက်၏ ။
သူသည် မကျေနပ်သေးသော်လည်း ၊ ယနေ့ အသင်းချုပ်တွင် လင်းကျင်း ပြသခဲ့သော အရည်အချင်းများကြောင့် သူ ထိတ်လန့်သွားခဲ့ရသည် ။ ဝမ်ကျိရာထူးမှ ကျဆင်းသွားခြင်းမှာလည်း လင်းကျင်းကြောင့်ပင် ဖြစ်သည် ။ ဥက္ကဋ္ဌ ရာထူးကို ချက်ချင်း ရုပ်သိမ်းခံလိုက်ရရုံသာမက ၊ ထိုလူသည် သားရဲအကဲဖြတ်မှူး လက်မှတ်ကိုပင် ဆက်လက် ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ပေ ။
သို့မဟုတ် ဝမ်ကျိအတွက် ဘာမျှ မျှော်လင့်ချက် မရှိတော့ဟု သူ ပြောသင့်ပါသလား ။
ခိုးယူအသုံးပြုခြင်းနှင့် လက်အောက်ငယ်သားများကို ဖိနှိပ်ခြင်း ။ ဤအချက် နှစ်ချက်တည်းနှင့်ပင် ဝမ်ကျိ၏ အနာဂတ် ပျက်စီးသွားရန် လုံလောက်နေပြီ ဖြစ်သည် ။
ဝမ်ကျိ ပျက်စီးသွားသော်လည်း လင်းကျင်းမှာတော့ အမြင့်သို့ တက်လှမ်းသွားခဲ့ပြီး အဆင့် ၂ စာမေးပွဲကိုပင် အောင်မြင်သွားခဲ့သည် ။ ယနေ့မှစ၍ လင်းကျင်း၏ သားရဲအကဲဖြတ်မှူး အသင်းချုပ်အတွင်းရှိ အဆင့်အတန်းမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာမည်ဖြစ်ပြီး သူသည် လင်းကျင်းကို ယှဉ်နိုင်တော့မည် မဟုတ်ကြောင်း ကောင်းကျန်း ကောင်းကောင်း သိသည် ။
ယခုအချိန်တွင် ဂေါင်ကျန်းအတွက် အကောင်းဆုံးမှာ လင်းကျင်းနှင့် ဝေးဝေးတွင် နေရန်သာ ဖြစ်သည် ။
သို့သော်လည်း သူသည် လင်းကျင်းနှင့် အဆင်ပြေသွားရန်မှာလည်း မဖြစ်နိုင်ပေ ။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မပတ်သက်ဘဲ နေကြမည်သာ ဖြစ်သည် ။ ‘ဟုတ်ပါတယ်... လင်းကျင်းက အံ့ဩစရာ ကောင်းတယ် ၊ ဒါပေမဲ့ ငါကလည်း မဆိုးပါဘူး... အချိန်တွေ အများကြီး ရှိသေးတာပဲ ၊ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ကြည့်ရသေးတာပေါ့’
လင်းကျင်းသည် နောက်ဆုံးတွင် နောက်ဆုံး လှောင်အိမ်သို့ ရောက်ရှိသွားသည် ။ အခြားသော သားရဲများနှင့် မတူဘဲ ဤလှောင်အိမ်၏ ပတ်လည်တွင် လေလံဆွဲသူ တစ်ယောက်မျှ မရှိသလောက်ပင် ဖြစ်သည် ။
အကြောင်းရင်းမှာ ရိုးရှင်းသည် ။ ဤလှောင်အိမ်ထဲရှိ သားရဲမှာ ပုံစံပျက်ယွင်းနေပြီး သိသိသာသာကို ချို့ယွင်းချက်များ ရှိနေသောကြောင့် ဖြစ်သည် ။
မည်သူက ပုံစံပျက်နေသော သတ္တဝါကို သူတို့၏ သားရဲအဖြစ် ဝယ်ယူကြပါမည်နည်း ။
ထိုသားရဲမှာ ကြည့်ရသည်မှာ အတော်လေး ကြောက်စရာ ကောင်းနေသော်လည်း ၊ ကျောက်မျက်ရတနာ တစ်ခုမှာ မည်မျှပင် ထူးခြားနေပါစေ ၊ အကယ်၍ ၎င်းတွင် အက်ကြောင်း ရှိနေလျှင် ၎င်း၏ တန်ဖိုးမှာ ကျဆင်းသွားပေလိမ့်မည် ။ ဤစည်းမျဉ်းမှာ သားရဲများအတွက်လည်း အကျုံးဝင်သည် ။
လင်းကျင်းသည် လှောင်အိမ်ထဲရှိ သားရဲကို တစ်ချက် ကြည့်လိုက်သည် ။ ၎င်းမှာ စပါးအုန်းမြွေကြီး တစ်ကောင် ဖြစ်ပုံရသည် ။
ဤစပါးအုန်းမြွေမှာ အစိမ်းရောင် ခန္ဓာကိုယ် ရှိပြီး အဖြူရောင်နှင့် အမည်းရောင် အကြေးခွံ အနည်းငယ်မှာ ဟိုတစ်ကွက် ဒီတစ်ကွက် ရှိနေသည် ။ ၎င်းမှာ ခွေနေသော်လည်း ၎င်း၏ ခန့်မှန်းခြေ အရှည်မှာ ဆယ်ပေကျော်ပေလိမ့်မည် ။ အကယ်၍ ထိုသတ္တဝါ၏ ဦးခေါင်းအောက် တစ်ပေခန့် အကွာတွင် ရှိနေသော အကျိတ်သာ မရှိခဲ့လျှင် လူအုပ်ကြီးမှာ ဤသားရဲအတွက် လုယက် ဈေးပြိုင်ပေးနေကြပေလိမ့်မည် ။
သိသာသည်မှာ ဤအကျိတ်မှာ ဤသားရဲ၏ အကြီးမားဆုံး ချို့ယွင်းချက် ဖြစ်နေပြီး လူတစ်ယောက်မျှ ယခုအချိန်အထိ ဈေးမပေးကြရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းလည်း ဖြစ်သည် ။
လင်းကျင်းသည် သူ၏ လက်ချောင်းများကို ခါယမ်းလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော ရစ်ပတ်အပ်ကို ပစ်လွှတ်လိုက်သည် ။ အစတွင်မူ သူသည် အခြားသော သားရဲများကဲ့သို့ပင် အပ်မှာ ထိုသတ္တဝါကို လွယ်လွယ်ကူကူ ထိုးဖောက်နိုင်လိမ့်မည်ဟု ယူဆထားခဲ့သည် ။ သို့သော် လင်းကျင်းသည် သူ၏ အပ်မှာ စပါးအုန်းမြွေထံသို့ မရောက်မီ သုံးလက်မခန့် အလိုတွင် ပိတ်ဆို့မှုကို ရင်ဆိုင်လိုက်ရသဖြင့် အံ့ဩသွားရသည် ။
“ဟင်”
လင်းကျင်းမှာ မှင်တက်သွားရသည် ။
ဤစွမ်းရည်ကို သင်ယူပြီးနောက် ၊ ဤကဲ့သို့ ထူးဆန်းသော အတားအဆီးမျိုးနှင့် ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည် ။ စပါးအုန်းမြွေကို ထပ်မံ ကြည့်လိုက်သောအခါ ၊ ၎င်းမှာ သူ့ကို သတိပြုမိပုံ မရပေ ၊ ဆိုလိုသည်မှာ ၎င်းမှာ စပါးအုန်းမြွေက ခုခံနေခြင်း မဟုတ်ပေ ။
နေဦး...
လင်းကျင်းသည် စပါးအုန်းမြွေ၏ အကျိတ်ထဲတွင် ပုံမှန်မဟုတ်သော လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည် ။ စိတ်ထဲတွင် တုန်လှုပ်သွားပြီး သူက သူ၏ အင်အားကို မြှင့်တင်လိုက်သည် ။
အပ်သည် စွမ်းအင် အကာအကွယ်ကို ထိုးဖောက်သွားပြီး ထိုတွားသွားသတ္တဝါကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားတော့သည် ။
စပါးအုန်းမြွေမှာ တုန်လှုပ်သွားပြီး ပြင်းထန်စွာ လူးလွန့်တော့သည် ။
လင်းကျင်းက သူ၏ အပ်ကို ပြန်လည် သိမ်းဆည်းလိုက်သည် ။ ပြတိုက်အတွင်းရှိ ဖော်ပြချက်များကို ဖတ်ရင်း သူ စဉ်းစားနေမိသည် ။
“ညီကိုဇူ..."
သူ၏ သူငယ်ချင်းကို ခေါ်လိုက်သောအခါ ဇူချန်းက ရှေ့သို့ တက်လာသည် ။
“ဒီကောင်ကို ဝယ်လိုက်”
လင်းကျင်းက စပါးအုန်းမြွေကို ညွှန်ပြရင်း ယုံကြည်မှုရှိသော လေသံဖြင့် အော်ပြောလိုက်သည် ။
ဇူချန်းမှာ ဇဝေဇဝါ ဖြစ်သွားသည် ။ ဤသတ္တဝါမှာ မည်သူမျှ ဂရုမစိုက်ကြသော ‘ချို့ယွင်းချက်ရှိတဲ့ ပစ္စည်း’ တစ်ခု ဖြစ်နေသည်မှာ ထင်ရှားလှသည် ။ လင်းကျင်းက သူ့ကို ဘာလို့ ဝယ်ခိုင်းရတာလဲ ။
သို့သော်လည်း ဇူချန်းမှာ အကောင်းမြင်တတ်သူ တစ်ဦး ဖြစ်သည် ။ ဆိုလိုသည်မှာ သူသည် လူတစ်ယောက်အပေါ် ယုံကြည်မှု ရှိသွားလျှင် ၊ သံသယများ ရှိနေသော်လည်း အရေးကြီးသော အချိန်များတွင် သူသည် မေးခွန်းများ မမေးတတ်ပေ ။
သူသည် ထိုသားရဲအတွက် ချက်ချင်းပင် ဈေးပေးလိုက်သည် ။
၎င်းမှာ ဈေးလည်း မကြီးပေ ။ အဘယ်ကြောင့်ဆိုသော် ယခင်က မည်သူမျှ ဈေးမပေးခဲ့ကြသဖြင့် ၊ သူသည် သတ်မှတ်ထားသော အခြေခံဈေးထက် အနည်းငယ်သာ တိုးပေးရန် လိုအပ်သောကြောင့် ဖြစ်သည် ။ အခြေခံဈေးမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရှစ်ဆယ် ဖြစ်သဖြင့် ဇူချန်းက ကိုးဆယ်အထိ တိုးမြှင့်လိုက်သည် ။
ဒုတိယအဆင့် ပြီးဆုံးရန် အချိန်အနည်းငယ် ကျန်ရှိနေသေးသည် ။ အကယ်၍ အခြားသူ မည်သူမျှ ထပ်မံ ဈေးမပေးတော့လျှင် ဤမြွေမှာ ဇူချန်း ပိုင်ဆိုင်သွားပေလိမ့်မည် ။
ဈေးပေးပြီးနောက် သူတို့သည် ဤနေရာတွင် ဆက်လက် အာရုံစိုက်နေရန် မလိုတော့ပေ ။ နောက်မှ ပြန်လာပြီး မည်သူက သူတို့ထက် ပိုပေးသလဲဆိုသည်ကို ကြည့်ရုံသာ ဖြစ်သည် ။
လင်းကျင်းသည် လူအုပ်ကို နောက်တစ်ကြိမ် ခေါ်ဆောင်သွားပြန်သည် ။ သို့သော် သူတို့ ပြန်ရောက်လာသောအခါ ဈေးနှုန်းမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာအထိ မြင့်တက်သွားသည်ကို မြင်လိုက်ရသဖြင့် အံ့ဩသွားကြသည် ။
အခြားတစ်ယောက်ယောက်က သူတို့ကို ဈေးပြိုင် ပေးလိုက်ခြင်း ဖြစ်သည် ။
လင်းကျင်းက မျက်မှောင်ကြုတ်လိုက်ပြီး ဇူချန်းမှာလည်း ဇဝေဇဝါ ဖြစ်သွားသည် ။ ဤကဲ့သို့ ချို့ယွင်းချက်ရှိသော သားရဲကို ဘာလို့ တစ်စုံတစ်ယောက်က လုပြီး ဝယ်နေရတာလဲဟု သူ သိချင်နေမိသည် ။
သူတို့က ရူးနေတာလား ။
အကယ်၍ သူတို့က ပြိုင်ချင်တယ်ဆိုရင်လည်း ဘာလို့ ဒီလောက်အကြာကြီး နေမှ ပေါ်လာရတာလဲ ။
ဇူချန်း စဉ်းစားနေစဉ်မှာပင် လင်းကျင်းက ပြောလိုက်၏ ။
“ထပ်ပြီး ဈေးပေးလိုက်... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာ့ငါးဆယ် ပေးလိုက်”
၎င်းမှာ ဝိညာဉ်ကျောက်တုံး ငါးဆယ်အထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည် ။
ဇူရင်းရင်းတွင် သူမ မေးချင်သော မေးခွန်းများ ရှိသော်လည်း ဇူချန်းက ဈေးနှုန်းသွားတိုးခြင်း မပြုမီ သူမကို တားဆီးလိုက်သည် ။
“ဒီမှာပဲ စောင့်ကြရအောင် ၊ ဘယ်မှ လျှောက်မသွားနဲ့တော့”
လင်းကျင်းက ထပ်ပြောလိုက်သည် ။
ဇူချန်းက ခေါင်းငြိမ့်ပြလိုက်သည် ။
သူသည် သားရဲအကဲဖြတ်ခြင်းကို နားမလည်ပေ ။ သို့သော် လင်းကျင်းက ဤပုံစံပျက်နေသော စပါးအုန်းမြွေကို အလွန်အလေးထားနေသဖြင့် ၊ ဇူချန်းသည် ၎င်းကို ရရှိရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားမည် ဖြစ်သည် ။
မကြာမီမှာပင် ရုပ်ဆိုးသော အဖိုးအိုတစ်ဦး လမ်းလျှောက်လာသည် ။ ဈေးနှုန်းအသစ်ကို မြင်သောအခါ သူက ဘာမှမပြောဘဲ ဈေးနှုန်းကို အောက်တန်းစား ဝိညာဉ်ကျောက်တုံး နှစ်ရာအထိ ထပ်မံ တိုးမြှင့်လိုက်ပြန်သည် ။