အခန်း (၉၇-၉၈)
Vol. 5 Ch. 97-98
အခန်း (၉၇) - ဇူထျန်းဟုန်း ရောက်ရှိလာခြင်း
ဤသို့ဖြင့် သားရဲလေလံပွဲ၏ ဒုတိယအဆင့်မှာ ပြီးဆုံးသွားခဲ့လေသည်။ အဆင့်နှစ်ဆင့်အပြီးတွင် ခန်းမအတွင်းရှိ သားရဲ သုံးပုံနှစ်ပုံခန့်မှာ ရောင်းထွက်သွားခဲ့ပြီ ဖြစ်၏။
ထုံးစံအတိုင်း အဖိုးတန်ပြီး ရှားပါးလှသော သားရဲများကို နောက်ဆုံးအဆင့်ကျမှသာ ထုတ်ပြလေ့ရှိရာ ဝယ်ယူမည့်သူများမှာ တတိယအဆင့်ကို ပိုမိုစိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။
ဇူထျန်းလီနှင့် ဆရာကြီးလျောင်တို့မှာမူ ဇူချန်း ရပ်နေသည့်နေရာဆီသို့ တမင်တကာပင် လျှောက်လာကြသည်။ လင်းကျင်း၏ စကားကိုနားထောင်ကာ သေအံ့ဆဲဆဲ မြွေတစ်ကောင်အတွက် ဝိညာဉ်ကျောက်တုံး သုံးထောင်တောင် သုံးလိုက်သည့် ဇူချန်းကို လှောင်ပြောင်ရန် အခွင့်အရေးကို သူတို့ လက်လွှတ်မခံချင်ကြပေ။
“လူငယ်လေး... မင်းက ငွေကို ရေသလို သုံးတာပဲ... တကယ့်ကို ရက်ရောလွန်းပါတယ်... ငါကပဲ ပညာနည်းလို့လားမသိဘူး၊ အဲဒီမြွေက ဘယ်လိုမျိုးဆက်မို့လို့ ဝိညာဉ်ကျောက်တုံး သုံးထောင်တောင် ပေးဝယ်ရတာလဲဆိုတာ စဉ်းစားလို့တောင် မရဘူးဗျာ” ပြောရင်း ဆရာကြီးလျောင်က ရွဲ့သလိုစောင်းသလို ရယ်လိုက်၏။
တစ်ဖက်လူ၏ မကောင်းသောရည်ရွယ်ချက်ကို ရိပ်မိသော်လည်း လင်းကျင်းက ပြုံး၍သာ တုံ့ပြန်လိုက်သည်။ ဤအဖိုးကြီးက သူ့ကို လှောင်ပြောင်ပြီး ဒေါသထွက်အောင် ဆွပေးနေမှန်း သိပေမဲ့ လင်းကျင်းကတော့ ဤသို့သော စကားမျိုးကို ယဉ်ပါးနေပြီဖြစ်ရာ ခပ်အေးအေးပင် ပြန်ပြောလိုက်၏။
“ကျုပ်တို့ ပြိုင်ပွဲပြီးတဲ့အခါကျရင် ခင်ဗျား သိလာပါလိမ့်မယ်”
ဆရာကြီးလျောင်ကတော့ မဲ့ပြုံးပြုံးကာ ဘာမျှထပ်မပြောတော့ပေ။ သူသည် ဇူထျန်းလီအတွက် သားရဲနှစ်ကောင် ရွေးပေးထားပြီးသားဖြစ်ပြီး နှစ်ကောင်စလုံး၏ဈေးမှာ ဝိညာဉ်ကျောက်တုံး တစ်ထောင်ပင် မကျော်ပေ။ ဤသားရဲများမှာ ပုံစံပျက်နေသည့် မြွေထက် သာလွန်မည်ဖြစ်ကြောင်း သူ အပြည့်အဝ ယုံကြည်နေသည်။
ဒါ့အပြင် နောက်ထပ်တစ်ဆင့် ကျန်ပါသေးသည်။ အဆိုပါအဆင့်တွင် ထိပ်တန်းသားရဲများသာ ထွက်လာမည်ဖြစ်ရာ နောက်ထပ်တစ်ကောင်လောက် ထပ်ရွေးလိုက်လျှင် သူတို့ သေချာပေါက် အနိုင်ရတော့မည်။
အကြောင်းမှာ ဇူချန်း၏လက်ထဲတွင် ဝိညာဉ်ကျောက်တုံး ကုန်သလောက် ဖြစ်နေပြီဆိုသည်ကို သူတို့ ရိပ်မိနေသောကြောင့်တည်း။
“ဇူချန်း... မင်း ဘယ်လိုများ ဒီလောက်အထိ ကလေးကလား လုပ်နိုင်ရတာလဲ” ဇူထျန်းလီက သူ့တူကို စတင်၍ အပြစ်တင်လေတော့သည်။
ဇူချန်းမှာ စိတ်မသက်မသာ ဖြစ်နေသော်လည်း လင်းကျင်းအပေါ် ယုံကြည်မှုရှိသည့်အတွက် ဘာမျှပြန်မမေးပေ။ သူက ဦးလေးဖြစ်သူကို ခပ်တိုတိုပင် ပြန်ဖြေလိုက်၏။
“ဒုတိယဦးလေး... ကျွန်တော် ဘာလုပ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်... ဦးလေး ကျွန်တော့်အတွက် သိပ်ပြီး စိတ်ပူမနေပါနဲ့”
သို့သော် ဇူထျန်းလီကတော့ လက်မလျှော့ပေ။
“ဇူချန်း... မင်းက ကိုယ့်နေရာကိုယ် မသိတော့ဘူးလား... ဒါ လူကြီးကို ပြောရမယ့် စကားလား... ငါက မင်းရဲ့ ဦးလေးတစ်ယောက်အနေနဲ့တင်မကဘဲ ဇူမိသားစုဝင် တစ်ယောက်အနေနဲ့ပါ ပြောနေတာ... မင်းလို ဘာမှမသိတဲ့ ကလေးတစ်ယောက်က ခေါင်းမာပြီး မိသားစုက ခက်ခက်ခဲခဲ စုဆောင်းထားတဲ့ စည်းစိမ်တွေကို ဖြုန်းတီးနေတာကို ငါက ဒီအတိုင်း ကြည့်နေရမှာလား”
“ဝိညာဉ်ကျောက်တုံး သုံးထောင်နော်... အခု ပေါက်ဈေးနဲ့ဆိုရင် ငွေစ ခုနစ်ထောင်လောက် တန်တာ... ငါတို့မိသားစုက ဘယ်လောက်ပဲ ချမ်းသာတယ်ဆိုဆို မင်းရဲ့ ဒီလို အသုံးအဖြုန်းမျိုးကိုတော့ မခံနိုင်ဘူး... ဒါ မင်းအဖေက မင်းကို သင်ပေးထားတဲ့ ပညာလား” ဇူထျန်းလီက သူ တကယ်ပြောချင်နေသည့် စကားကို နောက်ဆုံးတော့ ထုတ်ပြောလိုက်ပြီ ဖြစ်သည်။
ဤအပြစ်တင်စကားမှာ ဇူထျန်းဟုန်းဆီသို့ တိုက်ရိုက် ဦးတည်နေခြင်းပင်။
ဒါဟာ သူ့ရဲ့ တကယ့်အကြံအစည်ပါပဲ။ ဇူချန်းကို ဒေါသထွက်အောင် ဆွပေးပြီး လူငယ်သဘာဝ စိတ်မထိန်းနိုင်ဘဲ ပြန်အော်မိလျှင် ၎င်းကို အကြောင်းပြကာ မိသားစုအကြီးအကဲများထံ တိုင်တောပြီး ဇူထျန်းဟုန်းကို မိသားစုခေါင်းဆောင်နေရာမှ ဖြုတ်ချရန် ကြိုးစားခြင်း ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ဇူထျန်းလီ၏ အင်အားမှာ တဖြည်းဖြည်း ကြီးထွားလာပြီး အစ်ကိုဖြစ်သူကို ယှဉ်နိုင်သည့်အဆင့်သို့ ရောက်လာခဲ့သည်။ အထူးသဖြင့် သူ့သားရဲမှာ အဆင့် ၂ သို့ တက်လှမ်းသွားနိုင်သဖြင့် သူသည် မိသားစု၏ အားကိုးရသူတစ်ယောက် ဖြစ်လာကာ ယခုကဲ့သို့ ရဲရဲတင်းတင်း လုပ်ရဲကိုင်ရဲ ဖြစ်လာခြင်းတည်း။
ဇူချန်းမှာ ဒေါသထွက်နေသော်လည်း သူ၏ စိတ်ရှည်နိုင်စွမ်းမှာ ဇူထျန်းလီ ထင်ထားသည်ထက် ပို၏။
သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ခပ်ကျယ်ကျယ်ပင် ပြန်ပြောလိုက်သည်။
“ဒုတိယဦးလေး... ဒါက ဖြစ်နေတာ ကြာပါပြီ... ဇူရွှီက အရှေ့ဘက်ဝင်းက သားရဲခြံဆီကို ခဏခဏ လာနေတာကို ဦးလေး သိရဲ့လား”
ဇူရွှီဆိုသည်မှာ ဇူထျန်းလီ၏ သားဖြစ်သည်။ ဇူမိသားစုကို သုံးပိုင်း ခွဲထားပြီး အရှေ့ဘက်ဝင်းမှာ ဇူထျန်းဟုန်း ပိုင်ဆိုင်သည့်နေရာ ဖြစ်၏။ အဆိုပါနေရာတွင် ဇူချန်း၏ နီလာလိပ်ကို ထားရှိခြင်း ဖြစ်သည်။
ဤစကားကြောင့် ဇူထျန်းလီ၏ မျက်နှာမှာ ချက်ချင်း ပျက်သွားရသည်။
ဇူချန်း၏ အရိပ်အမြွက်မှာ သိသာလွန်းနေသည်။ တိုက်ရိုက်ကြီး ထုတ်မပြောသော်လည်း ဘာကို ဆိုလိုသလဲဆိုသည်ကို ဇူထျန်းလီ ကောင်းကောင်း သိလိုက်ရသည်။ ဇူချန်းက သူ့နီလာလိပ် အဆိပ်ခတ်ခံရသည့်ကိစ္စကို ပြောနေခြင်းတည်း။
“ဇူချန်း... မင်း ဘာကို ဆိုလိုတာလဲ” ဇူထျန်းလီက မျက်မှောင်ကြုတ်ပြီး အသံတုန်တုန်ဖြင့် မေးလိုက်၏။
ဇူချန်းမှာ ဤလူယုတ်မာ လုပ်ခဲ့သည့် အောက်တန်းကျသော အလုပ်များကို အကုန်အော်ပြောပစ်ချင်သော်လည်း ဖခင်ဖြစ်သူကတော့ ဤကိစ္စကို လောလောဆယ် မဖော်ထုတ်ဘဲ နေရန် မှာထားသည်။ ဘာပဲဖြစ်ဖြစ် မိသားစုချင်းမို့ အရှက်မကွဲစေချင်ဘဲ တစ်ဖက်လူကို အခွင့်အရေး တစ်ကြိမ် ပေးထားခြင်း ဖြစ်၏။
ဒါပေမဲ့ အခုတော့ ဇူထျန်းလီက လူကြီးဆိုသည့် ဂုဏ်ပုဒ်ဖြင့် သူ့ကို အကျပ်ကိုင်နေရာ ဇူချန်းလည်း ငြိမ်မနေနိုင်တော့ပေ။
“ဦးလေး ဘာကို ဆိုလိုသလဲဆိုတာ ဦးလေး အသိဆုံး ဖြစ်မှာပါ... ကျွန်တော့်အဖေက ဘာမှ ထုတ်မပြောတာဟာ သူ ဘာမှမသိလို့ မဟုတ်ဘူးဆိုတာ သတိရစေချင်ပါတယ်... ဘိုးဘိုးက ပြောဖူးတယ်လေ... ဇူမိသားစုက သုံးပိုင်း ကွဲနေပေမဲ့ တစ်မိုးအောက်ထဲမှာ နေနေကြတဲ့ မိသားစုဝင်တွေပဲ... မိသားစုဝင်အချင်းချင်း စည်းမကျော်သင့်ဘူးဆိုတာကိုပေါ့”
“မိုက်ရိုင်းလှချည်လား” ဇူထျန်းလီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဤစကားကို ဇူထျန်းဟုန်းက ပြောသည်ဆိုလျှင်တော့ သူ သည်းခံနိုင်ပါသေးသည်။ သို့သော် သူ့မျက်စိထဲတွင် ဘာမျှမဟုတ်သည့် ကောင်လေးတစ်ယောက်က သူ့ကို လာ၍ ခြိမ်းခြောက်သည်ကိုတော့ သူ လက်မခံနိုင်ပေ။
သူက အေးစက်စက် ပြုံးလိုက်ရင်း ဆိုလာသည်။
“ဇူချန်း... မင်းက ငါ့ကို ဆုံးမရအောင် ဘယ်သူမို့လို့လဲ... မင်းရဲ့ သားရဲ နေမကောင်းဖြစ်တာကို ငါတို့ အနောက်ဘက်ဝင်းက လုပ်တာလို့ မင်းတို့ သံသယရှိနေတာ ငါ သိပါတယ်... အေးလေ... သံသယရှိရင် သက်သေပြနိုင်အောင် ကြိုးစားပေါ့... သက်သေမရှိဘဲနဲ့တော့ လာပြီး ဟန်ကြီးပန်ကြီး မလုပ်နဲ့... အခု မင်းက မာန်မာနအတွက်နဲ့ ဝိညာဉ်ကျောက်တုံး သုံးထောင်တောင် ဖြုန်းလိုက်တဲ့ကိစ္စကိုတော့ ငါ မင်းအဖေဆီ သေချာပေါက် တိုင်မယ်... မင်းလို ကလေးတစ်ယောက်ကို ဒီလိုနေရာမျိုးမှာ လာပြီး ကလေးကစားစရာ လုပ်ခွင့်ပေးထားတဲ့ မင်းအဖေကလည်း အသုံးမကျလို့ပဲ... ငါ ကျိန်ပြောရဲတယ်... ငါတို့ ဇူမိသားစုဟာ မင်းနဲ့ မင်းအဖေလို လူတွေကြောင့် တစ်နေ့ကျရင် ပျက်စီးသွားလိမ့်မယ်”
ဇူချန်းမှာ ဒေါသကြောင့် မျက်လုံးများ နီမြန်းနေပြီး ဦးလေးဖြစ်သူကို ပြန်ပြောရန် ရှေ့တိုးလိုက်ချိန်မှာပင် ဘေးမှ အသံတစ်သံ ထွက်ပေါ်လာ၏။
“ချန်းအာ... မင်းရဲ့ အမူအရာကို ဆင်ခြင်စမ်း”
လှည့်ကြည့်လိုက်သော် ဇူထျန်းဟုန်း ရောက်လာခြင်းပင် ဖြစ်သည်။
ဖခင်ဖြစ်သူကို မြင်လိုက်ရသည်နှင့် ဇူချန်းမှာ ငြိမ်ကျသွားရသည်။ ဇူထျန်းလီကတော့ မျက်တောင်တခတ်ခတ်ဖြင့် အကြံအစည်အသစ်ကို စဉ်းစားနေလေသည်။
ဇူမိသားစု၏ အကြီးအကဲတစ်ယောက်အနေဖြင့် ဇူချန်းကို သားရဲဝယ်ရန် တာဝန်ပေးထားသော်လည်း တစ်ဖက်မှ တိတ်တဆိတ် စောင့်ကြည့်ခိုင်းထားခြင်း ဖြစ်သည်။ ဇူချန်းနှင့် ဇူထျန်းလီတို့ ထိပ်တိုက်တွေ့နေသည့်သတင်းကို ကြားသည်နှင့် ဇူထျန်းဟုန်းမှာ အချိန်မီ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
သူ အနည်းငယ် နောက်ကျခဲ့လျှင် ဇူချန်းနှင့် ဇူထျန်းလီတို့ လက်ပါသည့်အထိ ဖြစ်သွားနိုင်သည်။
“အဖေ” ဇူချန်းနှင့် ဇူရင်းရင်းတို့က နှုတ်ဆက်လိုက်ကြသည်။ ဇူထျန်းလီကတော့ ချက်ချင်းပင် အခွင့်အရေးယူကာ တိုင်တော့သည်။
“အစ်ကိုကြီး... အချိန်မီ ရောက်လာတာပဲ... အစ်ကိုကြီးရဲ့ သားက လူကြီးကို ဘယ်လို မလေးမစား လုပ်တယ်ဆိုတာ တွေ့တယ်မလား... အခုဆို ကျွန်တော့်ကိုတောင် လက်ပါတော့မလို့... ဒါ အစ်ကိုကြီး သင်ပေးထားတဲ့ အကျင့်တွေလား”
သူသည် ဇူထျန်းဟုန်းနှင့် အမြဲတမ်း ပွတ်တိုက်မှုများ ရှိနေသဖြင့် အဆိုပါအချက်ကို အသုံးချကာ သူ့အစ်ကိုကို တိုက်ခိုက်ရန် ကြိုးစားနေခြင်းပင်။
ဇူချန်းမှာ အခုမှ စိတ်ပြန်အေးသွားရသည်။ ဦးလေးဖြစ်သူက သူ့ကို တမင်တကာ ဆွပေးပြီး သူမှားအောင် လုပ်နေမှန်း သူ သဘောပေါက်လိုက်မိ၏။
ဇူထျန်းဟုန်းက ဇူချန်း၏ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။
“ချန်းအာ... ဘာပဲဖြစ်ဖြစ် သူက မင်းရဲ့ ဒုတိယဦးလေးပဲ... မင်း လူကြီးကို ရိုသေရမယ်၊ မလေးမစား မလုပ်ရဘူး”
အခန်း (၉၈) - အကြွင်းမဲ့ ယုံကြည်မှု
ဇူထျန်းဟုန်း၏ လေသံမှာ အပြစ်တင်နေသကဲ့သို့ ရှိသော်လည်း၊ အမှန်စင်စစ်တွင်မူ သူသည် သားဖြစ်သူနှင့် ညီဖြစ်သူကြားမှ တင်းမာမှုကို လျှော့ချရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။
ဇူထျန်းလီကတော့ ထိုမျှနှင့် အားရပုံမပေါ်ပေ။ အစ်ကိုဖြစ်သူကို အသာစီးရနိုင်မည့် အခွင့်အရေးကို သူ အလွယ်တကူ လက်လွှတ်မခံနိုင်ပါ။ သူက ခနဲ့တဲ့တဲ့ ရယ်မောလိုက်ရင်း ဆိုလာသည်။
“အစ်ကိုကြီး... ဇူချန်းက အစ်ကိုကြီးရဲ့သားဆိုတော့ အမှားတွေကို ဖုံးကွယ်ပေးချင်တာ ကျွန်တော် နားလည်ပါတယ်... ဒါပေမဲ့ အခု အစ်ကိုကြီးက ဇူမိသားစုရဲ့ အကြီးအကဲ တစ်ယောက်လေ... ကိုယ့်အကျိုးစီးပွား တစ်ခုတည်းကိုပဲ ကြည့်လို့ ဘယ်ဖြစ်မလဲ... ခေါင်းဆောင်ကောင်း တစ်ယောက်မှာ အတ္တဆိုတာ မရှိသင့်ဘူး... သားဖြစ်သူကို နာမည်ကောင်း ရစေချင်လို့ ဒီလောက် အရေးကြီးတဲ့ တာဝန်ကို ဇူချန်းကို ပေးလိုက်တာဟာ ကလေးကစားစရာ လုပ်နေတာ မဟုတ်ဘူးလား... ဒီလို ကောင်လေးက ဘာများ တတ်နိုင်မှာမို့လို့လဲ... ကြည့်ပါဦး... အခုတော့ သူ တာဝန်ယူထားတဲ့ အလုပ်ကို ဖျက်ဆီးပစ်လိုက်ပြီ... သူ မှားယွင်းလိုက်တဲ့ အကျိုးဆက်ကို တစ်မိသားစုလုံးက ခံရမှာကို အစ်ကိုကြီး မေ့နေတာလား”
တိုက်စစ်မှာ စတင်လာပြီ ဖြစ်သည်။
ဇူချန်းတစ်ယောက် မာန်မာနအတွက်နှင့် ဈေးပြိုင်ပေးခဲ့ခြင်းမှာ ဇူထျန်းလီအတွက် အကောင်းဆုံး အချက်အလက် ဖြစ်နေ၏။ သူသည် ဤကိစ္စကို အသုံးချကာ ဇူထျန်းဟုန်း၏ ရာထူးကို ပြန်မထူနိုင်အောင် ထိုးနှက်ရန် ဆုံးဖြတ်ထားသည်။
သို့သော် ဇူထျန်းဟုန်းကတော့ တည်ငြိမ်နေဆဲပင်။ သူက ဇူချန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ချန်းအာ... ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းမှာ ဘာပြောစရာ ရှိလဲ”
ဇူချန်းက လေးနက်သော အမူအရာဖြင့် ပြန်ဖြေ၏။
“ကျွန်တော် ငယ်သေးတယ်ဆိုပေမဲ့ ဒီကိစ္စရဲ့ အရေးကြီးပုံကို ကောင်းကောင်း နားလည်ပါတယ်... ဝယ်ယူလိုက်တဲ့ သားရဲတွေဟာ မိသားစုရဲ့ အနာဂတ်အပေါ် သက်ရောက်မှု ရှိမှာမို့ ကျွန်တော် ဇူချန်းအနေနဲ့ ဒါကို ကစားစရာ တစ်ခုလို မသဘောထားပါဘူး”
ဇူထျန်းလီက ချက်ချင်းပင် ကြားဖြတ် ပြောဆိုလာသည်။
“အော်... အနာဂတ်ကို သက်ရောက်မှန်း သိသားပဲ... ဒါဆိုရင် စောစောက မာန်မာနအတွက်နဲ့ အဲဒီ မြွေစုတ်ကို ဘယ်သူက လုပြီး ဈေးပြိုင်ပေးနေတာလဲ... သေခါနီး မြွေတစ်ကောင်အတွက် ဝိညာဉ်ကျောက်တုံး သုံးထောင်တောင် သုံးပစ်လိုက်တာဟာ ရူးသွပ်တာ မဟုတ်ရင် ဘာဖြစ်ဦးမှာလဲ”
ဇူထျန်းဟုန်းသည်လည်း သူ၏ တပည့်များထံမှ အခြေအနေအရပ်ရပ်ကို ကြားသိထားပြီးသား ဖြစ်သည်။ သို့သော် အကြမ်းဖျင်းသာ သိရခြင်းဖြစ်ရာ မိမိသားက သားရဲတစ်ကောင်တည်းအတွက် ဝိညာဉ်ကျောက်တုံး သုံးထောင် သုံးစွဲလိုက်သည်ဆိုသော အချက်က သူ့ကို အတော်လေး အံ့အားသင့်သွားစေသည်။
သူ မှတ်မိသလောက် ဇူချန်းကို ကျောက်တုံး နှစ်ထောင်သာ ဘတ်ဂျက် ပေးထားခဲ့ခြင်း ဖြစ်သည်။
ဒီကောင်လေး တကယ်ပဲ စိတ်လွတ်ကိုယ်လွတ် လုပ်လိုက်တာလား။
ရိုးရိုးသားသား ပြောရလျှင် ဇူချန်းကိုယ်တိုင်လည်း ရှင်းပြရ ခက်နေသည်။ သူ ဈေးပြိုင်ပေးခဲ့သည်မှာ အမှန်ဖြစ်သလို၊ ပုံစံပျက်နေသည့် သားရဲအတွက် ငွေပုံအောလိုက်သည်မှာလည်း အမှန်ပင် ဖြစ်၏။
သို့သော် ဤအရာအားလုံးမှာ လင်းကျင်း၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သူသည် လင်းကျင်းဘက်သို့ လှည့်ကာ အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်မိသည်။ မိမိကို ဤအခြေအနေမှ ကယ်တင်ပေးရန် တောင်းဆိုနေခြင်း ဖြစ်၏။
လင်းကျင်းက ပြုံးလိုက်သည်။ အချိန်တန်ပြီဟု ယူဆကာ သူက ရှေ့သို့ တစ်လှမ်း တိုးထွက်လိုက်သည်။
လင်းကျင်းကို မြင်လိုက်ရသည်နှင့် ဇူထျန်းဟုန်း၏ မျက်နှာမှာ ချက်ချင်း ဝင်းပသွားသည်။ သူက လင်းကျင်း စကားမစရသေးမီမှာပင် ရှေ့သို့ သွားကာ ရိုသေစွာ နှုတ်ဆက်လိုက်၏။
“အကဲဖြတ်မှူးလင်း... ဒီမှာ ဆရာ့ကို တွေ့ရတာ တကယ့်ကို အံ့ဩစရာပါပဲ”
“ခေါင်းဆောင်ဇူ ကျုပ်လည်း ခင်ဗျားကို တွေ့ရတာ ဝမ်းသာပါတယ်” လင်းကျင်းကလည်း လေးစားစွာ ပြန်လည် အလေးပြုလိုက်သည်။
ဤမြင်ကွင်းကို ကြည့်နေကြသော ဘေးပတ်ဝန်းကျင်မှ လူများမှာ မှင်တက်သွားကြရသည်။ ရိုးရှင်းသော နှုတ်ဆက်မှုဟု ထင်ရသော်လည်း ထိုစကားများနောက်ကွယ်တွင် နက်ရှိုင်းသော အဓိပ္ပာယ်များ ရှိနေသည်။
ဇူထျန်းဟုန်းက လင်းကျင်းကို အလွန်အမင်း ရိုသေလေးစားမှု ရှိနေသည်မှာ ထင်ရှားလှ၏။ ထို့ကြောင့်လည်း သူက အရင်ဦးအောင် နှုတ်ဆက်ခြင်း ဖြစ်သည်။
သို့သော် ပြဿနာမှာ ဇူမိသားစု၏ အကြီးအကဲ တစ်ယောက်အနေဖြင့် ဇူထျန်းဟုန်း၏ အဆင့်အတန်းမှာ မြင့်မားလှသည်။ သူက ဤမျှ ရိုသေစွာ ဆက်ဆံနေရသူဆိုလျှင် ဤလူငယ်မှာ အမှန်တကယ်ပင် ထူးခြားသူ ဖြစ်ရပေမည်။
ဇူထျန်းလီနှင့် အပေါင်းအပါများမှာမူ ဇဝေဇဝါ ဖြစ်နေကြ၏။ ယနေ့နံနက်က ဝမ်ကျိကျဆုံးသွားရခြင်းမှာ လင်းကျင်း၏ လက်ချက်ဖြစ်ကြောင်းနှင့် လင်းကျင်းမှာ တစ်နေ့တည်းနှင့် အဆင့် ၁ နှင့် အဆင့် ၂ အကဲဖြတ်မှူး စာမေးပွဲများကို အောင်မြင်ထားသူ ဖြစ်ကြောင်း သူတို့ မသိကြပေ။ လင်းကျင်း၏ ငယ်ရွယ်သော အသက်အရွယ်နှင့် ယှဉ်လျှင် သူ၏ အနာဂတ်မှာ အတိုင်းအဆမရှိ တောက်ပနေပြီ ဖြစ်သည်။ ဇူမိသားစုအနေဖြင့် နောင်တစ်ချိန်တွင် သူ့အကူအညီ လိုအပ်လာနိုင်သဖြင့် ဇူထျန်းဟုန်းက ကြိုတင်၍ ရင်းနှီးအောင် ကြိုးစားနေခြင်းတည်း။
ဇူထျန်းဟုန်းမှာ အမြော်အမြင် ကြီးမားသော သူတစ်ယောက် ဖြစ်၏။ သို့မဟုတ်ပါက သူသည် ဇူမိသားစု၏ အကြီးအကဲ ရာထူးကို ရယူနိုင်ခဲ့မည် မဟုတ်ပေ။
“ခေါင်းဆောင်ဇူ... ဇူချန်းကို ဈေးပြိုင်ပေးဖို့ ကျွန်တော်ပဲ ညွှန်ကြားခဲ့တာပါ” လင်းကျင်းက ဖြစ်သမျှကိစ္စအားလုံးကို သူ၏ ပခုံးပေါ်သို့ တင်ယူလိုက်သည်။ ၎င်းမှာ သူ၏ မူလရည်ရွယ်ချက်လည်း ဖြစ်ရာ ဖုံးကွယ်ထားရန် မလိုပေ။
ဇူထျန်းဟုန်းက စိတ်ပျက်သွားမည် သို့မဟုတ် သံသယဝင်မည်ဟု အားလုံးက ထင်မှတ်ထားကြသော်လည်း သူ၏ တုံ့ပြန်မှုက လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
ဇူထျန်းဟုန်းက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ဘေးမှ ဘဏ္ဍာစိုးပုံစံရှိသော လူတစ်ယောက်ကို လှည့်ပြောလိုက်၏။
“မိသားစု ဘဏ္ဍာတိုက်ထဲက ငွေတွေ ထပ်ထုတ်လိုက်ဦး၊ အဲဒါတွေကို ဝိညာဉ်ကျောက်တုံးတွေ အဖြစ် ပြောင်းပြီး အခုချက်ချင်း ယူလာခဲ့”
ထိုသို့ မှာကြားပြီးနောက် သူက လင်းကျင်းဘက်သို့ လှည့်ကာ ဆိုသည်။
“အကဲဖြတ်မှူးလင်း... ကျုပ်တို့ မိသားစုအတွက် ဘယ်သားရဲကို ဝယ်ရမလဲဆိုတာ ဆရာ့သဘောအတိုင်း ဆုံးဖြတ်နိုင်ပါတယ်... ဝိညာဉ်ကျောက်တုံး မလောက်ဘူးဆိုရင်လည်း ကျွန်တော် ထပ်ပြီး စီစဉ်ပေးပါ့မယ်”
ဇူထျန်းဟုန်းကို သိကျွမ်းသူများမှာ အသက်ရှူပင် မှားသွားကြရသည်။
ဇူထျန်းဟုန်း ရူးသွားပြီလား။
ချို့ယွင်းချက်ရှိသည့် မြွေတစ်ကောင်အတွက် ဝိညာဉ်ကျောက်တုံး သုံးထောင် ဖြုန်းခိုင်းသည့် လင်းကျင်းကို အပြစ်မတင်သည့်အပြင်၊ သူ့ဆုံးဖြတ်ချက်ကို အနည်းငယ်မျှပင် သံသယမရှိပေ။ ထို့ထက်မကဘဲ ဝိညာဉ်ကျောက်တုံးများ ထပ်မံပေးအပ်ကာ လင်းကျင်းကို အာဏာကုန် လွှဲအပ်လိုက်သေးသည်။
ဒါဟာ တည်ငြိမ်ပြီး သတိကြီးလှပါတယ်ဆိုတဲ့ ဇူထျန်းဟုန်း တကယ်ပဲလား။
ဇူထျန်းလီကတော့ သည်းမခံနိုင်တော့ဘဲ စတင် ပေါက်ကွဲလေတော့သည်။
“အစ်ကိုကြီး... ဘာတွေ လျှောက်လုပ်နေတာလဲ... ဒီလင်းကျင်းဆိုတဲ့ ကောင်လေးက ဘာများ သိမှာမို့လို့လဲ... နေဦး... ကျုပ် မိတ်ဆက်ပေးဖို့ မေ့နေတာ... ကျုပ် အတော်လေး ကြိုးစားပြီးမှ ဆရာကြီးလျောင်ကို ဖိတ်ကြားနိုင်ခဲ့တာ... ဆရာကြီးလျောင် ရှိနေမှတော့ ကျုပ်တို့ မိသားစုကိစ္စမှာ တခြားသူတွေ ဝင်ပါဖို့ မလိုတော့ဘူး”
ဇူထျန်းဟုန်းက မာန်တက်နေသော ဆရာကြီးလျောင်ကို တစ်ချက်ကြည့်လိုက်ပြီး ဝတ်ကျေတမ်းကျေသာ နှုတ်ဆက်လိုက်၏။ အဲဒီထက် ပိုပြီး ဘာမှ မရှိပေ။
အမြဲတမ်း ဘဝင်မြင့်နေတတ်သော ဆရာကြီးလျောင်မှာမူ ဤသည်ကို သည်းမခံနိုင်တော့ပေ။
ဇူထျန်းဟုန်း၏ အပြုအမူမှာ လင်းကျင်းက သူ့ထက် ပို၍ တော်သည်ဟု ဆိုလိုနေသကဲ့သို့ ဖြစ်နေသည်။ အကယ်၍ ဤသတင်းသာ ပြန့်သွားလျှင် သူ၏ နာမည်မှာ တစ်သက်လုံး အဖတ်ဆယ်မရအောင် ပျက်စီးသွားပေလိမ့်မည်။
သူက ချက်ချင်းပင် နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်၏။
“ကြည့်ရတာ ခေါင်းဆောင်ဇူက ကျုပ်ကို မယုံကြည်ဘူး ထင်တယ်... အစကတော့ ကျုပ် ဒီကို လာဖို့ အစီအစဉ် မရှိပါဘူး... ဇူထျန်းလီရဲ့ စိတ်ရင်းနဲ့ ဖိတ်ကြားမှုကြောင့်သာ လာခဲ့တာ... ရွှေတောင်ကြီး ပုံပေးရင်တောင် ကျွန်တော်က လာမယ့်သူ မဟုတ်ဘူး”
ထိုသို့ ပြောပြီးနောက် သူက ဇူထျန်းလီဘက်သို့ လှည့်ကာ ဆိုသည်။
“လူကြီးမင်းဇူ တစ်ခွန်းပဲ ပြောလိုက်ပါ... ကျုပ်ကို မလိုဘူးဆိုရင် အခုချက်ချင်း ထွက်သွားပေးမယ်”
ဇူထျန်းလီက ပြာပြာသလဲ တားဆီးရတော့သည်။
“အစ်ကိုကြီး... ဆရာကြီးလျောင်က ပညာရှင် တစ်ယောက်လေ... အစ်ကိုကြီးက မိသားစု အကြီးအကဲ ဖြစ်ပြီး ဘာလို့ ဒီလောက် ရိုင်းပြနေရတာလဲ... ဒီနေ့ကိစ္စကို မိသားစု အကြီးအကဲတွေကို ကျုပ် သေချာပေါက် တိုင်မယ်... အစ်ကိုကြီး ဘယ်လို ရှင်းပြမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
ထို့နောက် ဇူထျန်းလီက သူတို့၏ လောင်းကြေးကို သတိရသွားသည်။ သူက အကွက်ချလိုက်ရင်း ထပ်ပြောလိုက်၏။
“ဘယ်သူက တကယ့် ပညာရှင်လဲဆိုတာ မကြာခင် သိရတော့မှာပါ... နောက်ဆုံး ဝယ်ယူလိုက်တဲ့ သားရဲတွေရဲ့ အရည်အသွေးကို ကြည့်ပြီး ဆုံးဖြတ်ကြတာပေါ့... အဲဒီအချိန်ကျရင် ဘယ်သူက လူလိမ်လဲဆိုတာ ပေါ်လာလိမ့်မယ်”
တတိယအဆင့် လေလံပွဲမှာ စတင်နေပြီဖြစ်ရာ သားရဲအသစ်များကို ထုတ်ပြနေပြီ ဖြစ်သည်။
ဇူထျန်းလီက ဆရာကြီးလျောင်ကို ခေါ်ကာ သားရဲများ ဆက်လက်ရွေးချယ်ရန် ထွက်သွားတော့သည်။ သူတို့သည် ယနေ့တွင် ဇူထျန်းဟုန်း၏ ဂုဏ်သိက္ခာကို အလဲထိုးရန် ဆုံးဖြတ်ထားကြ၏။
တကယ်တော့ ဇူထျန်းဟုန်း ရောက်လာသည်မှာ ဇူထျန်းလီအတွက် ပို၍ပင် ကောင်းသွားသေးသည်။ အကယ်၍ လင်းကျင်းသာ အမှားလုပ်ခဲ့လျှင် တာဝန်အားလုံးမှာ ဇူထျန်းဟုန်း၏ ပခုံးပေါ်သို့ ကျရောက်သွားမည် မဟုတ်ပါလား။ ဆရာကြီးလျောင်က လင်းကျင်းကို အနိုင်ယူလိုက်သည်နှင့် ဇူထျန်းဟုန်း၏ ကံကြမ္မာမှာလည်း နိဂုံးချုပ်သွားပေလိမ့်မည်။ လူမှားကို ယုံကြည်မိသည့် အမှားအတွက် သူ တာဝန်ခံရမည် ဖြစ်သည်။
ထိုအခါမှ သူက နောက်ကွယ်မှ ကြိုးကိုင်လိုက်ရုံဖြင့် ဇူထျန်းဟုန်းကို ရာထူးမှ ဖယ်ရှားရန် လုံလောက်သွားပေလိမ့်မည်။
“ဆရာကြီးလျောင်... ဆရာကြီးကိုပဲ အားကိုးပါတယ်” ဇူထျန်းလီက ပြောလိုက်၏။
ဆရာကြီးလျောင်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေသည်။
“စိတ်မပူပါနဲ့ လူကြီးမင်းဇူ... သူတို့ ဝယ်ထားတဲ့ အဲဒီမြွေနဲ့တင် သူတို့ ရှုံးဖို့က သေချာနေပါပြီ”
အခြားတစ်ဖက်တွင်မူ ဇူထျန်းဟုန်းသည် လင်းကျင်းအပေါ်တွင် အကြွင်းမဲ့ ယုံကြည်မှု ထားရှိနေဆဲ ဖြစ်သည်။
သူသည် လင်းကျင်းနှင့် ယနေ့မှ စတင်တွေ့ဆုံဖူးခြင်း ဖြစ်သော်လည်း၊ သူ၏ ပင်ကိုယ်အသိစိတ်ကို ယုံကြည်တတ်သော သတ္တိရှိသူတစ်ယောက် ဖြစ်သည်။
တတိယအဆင့်တွင် လင်းကျင်းသည် ခန်းမအတွင်း လှည့်ပတ်ကြည့်ရှုနေသော်လည်း ဘာတစ်ခုမျှ ဝယ်ယူခြင်း မရှိပေ။
သူ၏ အကြောင်းပြချက်မှာ ရိုးရှင်းပါသည်။ တတိယအဆင့်တွင် လေလံတင်ထားသော သားရဲများမှာ အလွန်ဈေးကြီးသည်။ အသက်သာဆုံး တစ်ကောင်ပင်လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်မှ စတင်သည်။ အချို့ သားရဲများဆိုလျှင် အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံးများဖြင့်ပင် ဈေးဖြတ်ထားကြ၏။
ဝယ်ယူလိုသူ များပြားသဖြင့် ဈေးပြိုင်ပေးရမည်မှာ သေချာရာ၊ ဝယ်ယူနိုင်ခဲ့လျှင်ပင် အမြတ်ထွက်ရန် မလွယ်ကူပေ။
အရေးကြီးဆုံး အချက်မှာ လင်းကျင်း၏ အမြင်တွင် ဤအဆင့်မှ မည်သည့်သားရဲမျှ သူ ဝယ်ခိုင်းထားသည့် မြွေကို မယှဉ်နိုင်ခြင်း ဖြစ်၏။ ထို့ကြောင့် တတိယအဆင့်တွင် ဘာတစ်ခုမျှ ဝယ်ယူရန် မလိုအပ်တော့ပေ။
တစ်ချိန်တည်းမှာပင် ဇူထျန်းလီသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးထောင် အကုန်အကျခံကာ ချိုပါသော ခြင်္သေ့ တစ်ကောင်ကို ဝယ်ယူလိုက်သည်။ ဤသတ္တဝါကို ရရှိရန် ပြင်းထန်စွာ ဈေးပြိုင်ပေးခဲ့ရ၏။ ၎င်းမှာ ရှားပါးမျိုးစိတ် ဖြစ်သည့်အပြင် ဖုံးကွယ်ထားသော သွေးမျိုးဆက်နှင့် ထူးခြားသော အလားအလာရှိကြောင်း ထင်ရှားနေသောကြောင့် ဖြစ်သည်။
လေလံပွဲအဆုံးတွင် ဇူထျန်းလီနှင့် ဆရာကြီးလျောင်တို့တွင် သားရဲ သုံးကောင် ရှိနေပြီး၊ ဇူချန်းနှင့် လင်းကျင်းတို့အဖွဲ့တွင်မူ ပုံစံပျက်နေသည့် မြွေတစ်ကောင်သာ ရှိတော့သည်။