အခန်း (၉၉-၁၀၀)
Vol. 5 Ch. 99-100
အခန်း (၉၉) - အစွမ်းအစဖြင့် ဖိနှိပ်ခြင်း
သုံးကောင်နှင့် တစ်ကောင်ဆိုသည့် အနေအထားမှာ မည်သူကြည့်ကြည့် တစ်ဖက်က သာလွန်နေသည်ဟု ထင်မှတ်စရာပင်။
သို့သော်လည်း ရလဒ်ဆိုသည်မှာ သားရဲအရေအတွက်ထက် အရည်အသွေးပေါ်တွင်သာ မူတည်သည် မဟုတ်ပါလား။
တတိယအဆင့် လေလံပွဲ ပြီးဆုံးသွားသည်နှင့် ဇူထျန်းလီသည် သူဝယ်ယူထားသော သားရဲသုံးကောင်ကို အလျင်အမြန် ခေါ်ဆောင်လာပြီး လင်းကျင်းတို့အဖွဲ့နှင့် ယှဉ်ပြိုင်ရန် စိတ်လှုပ်ရှားစွာ ရောက်ရှိလာသည်။
“အစ်ကိုကြီး... အပိုစကားတွေ ပြောမနေတော့ဘူး... ဆရာကြီးလျောင်က ဒီသားရဲသုံးကောင်လုံးကို အသေးစိတ် အကဲဖြတ်ပေးပြီးသား... ဒီမှာ အကဲဖြတ်ချက် မှတ်တမ်းတွေ... တစ်ချက်ကြည့်လိုက်ပါဦး” ဇူထျန်းလီက အောင်နိုင်သူတစ်ယောက်လို ဝင့်ကြွားစွာ ပြောလိုက်၏။
ထိုစဉ် လင်းကျင်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရင်း ဆိုလာသည်။
"ခေါင်းဆောင်ဇူ... အဲဒါတွေကို ဖတ်ကြည့်ဖို့ မလိုပါဘူး”
ဇူထျန်းဟုန်းမှာ မှင်တက်သွားကာ ဇဝေဇဝါ ဖြစ်သွားရသည်။
ဆရာကြီးလျောင်ကတော့ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ခနဲ့လိုက်၏။
“အကဲဖြတ်မှတ်တမ်းကို မဖတ်ဘဲနဲ့ သားရဲက ကောင်းလား၊ ဆိုးလားဆိုတာ မင်းက ဘယ်လိုလုပ် သိမှာလဲ... ကောင်လေး... မင်းဝယ်ထားတဲ့ အဲဒီမြွေစုတ်က ငါတို့ သားရဲတွေကို နိုင်မယ်လို့ ထင်နေတုန်းပဲလား”
လင်းကျင်းက ပြုံးလိုက်ရင်း ခေါင်းညိတ်ပြသည်။
“ဒါပေါ့"
“ရယ်စရာပဲ”
“ဒါက တကယ့်ကို မိုက်ရူးရဲဆန်တာပဲ”
ဆရာကြီးလျောင်နှင့် ဇူထျန်းလီတို့က ပြိုင်တူ အော်ဟစ်လိုက်ကြ၏။
အထူးသဖြင့် ဆရာကြီးလျောင်မှာ အတော်လေး ဒေါသထွက်သွားပုံရသည်။ သူက ရိုင်းပြစွာပင် ဆက်ပြောလာ၏။
“မိုက်ရိုင်းလှချည်လား ကောင်လေး.... ငါ မင်းကို အတော်သည်းခံခဲ့ပြီးပြီ... ငါရွေးထားတဲ့ သားရဲသုံးကောင်အကြောင်း ဘာမှမသိဘဲနဲ့ မင်းကိုယ်မင်း အနိုင်ရသူလို့ ကြေညာရဲတာလား... ဒီမှာရှိတဲ့ လူတွေကို အရူးတွေလို့ထင်နေတာလား"
လက်ရှိတွင် ဇူထျန်းဟုန်းနှင့် ဇူချန်းတို့က လင်းကျင်းကို ယုံကြည်ကြသော်လည်း ၊ အချက်အလက်များဖြင့် နှိုင်းယှဉ်မပြလျှင် မည်သည့်အဖွဲ့က ပိုတော်သည်ကို ဆုံးဖြတ်ရန် ခက်ခဲနေသည်။
ထို့ကြောင့် သူတို့နှစ်ဦးစလုံးက လင်းကျင်းကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေမိကြ၏။
လင်းကျင်းက အေးအေးဆေးဆေးပင် စတင်ပြောဆိုလာသည်။
“အဆင့် ၁ ချိုပါသော ခြင်္သေ့ ၊ ရှားပါးသားရဲ အမျိုးအစား... မီးဓာတ်ဂုဏ်သတ္တိ ရှိတယ်...”
လူအုပ်ကြီးမှာ မှင်တက်သွားရသည်။
ဘာတွေ ဖြစ်နေတာလဲ။
သေချာနားထောင်ကြည့်လိုက်သောအခါမှ လင်းကျင်း ပြောနေသည်မှာ ဇူထျန်းလီနှင့် ဆရာကြီးလျောင်တို့ ဝိညာဉ်ကျောက်တုံး ငါးထောင်ပေးကာ ဝယ်ယူခဲ့သည့် ချိုပါသော ခြင်္သေ့အကြောင်း ဖြစ်နေသည်ကို သိလိုက်ရသည်။
ထို့အပြင် လင်းကျင်း၏ ရှင်းပြချက်မှာ အလွန်ပင် အသေးစိတ်လှသည်။ ဤနေရာတွင် အကဲဖြတ်ခြင်းဆိုင်ရာ ကျွမ်းကျင်သူအများအပြား ရှိနေကြရာ လင်းကျင်း၏ စကားကို ကြားလိုက်ရသောအခါ သူတို့အားလုံးမှာ မျက်လုံးအဝိုင်းသားဖြင့် ခေါင်းညိတ် ထောက်ခံနေကြတော့သည်။
အထူးသဖြင့် ဆရာကြီးလျောင်ပင် ဖြစ်သည်။ အစပိုင်းတွင် သူက လှောင်ပြောင်သည့် အမူအရာ ရှိနေသော်လည်း လင်းကျင်း၏ စကားများကို ကြားရသည်နှင့်အမျှ သူ၏ မျက်နှာမှာ တင်းမာလာကာ ဖြူဖျော့သွားတော့၏။ သူ၏ စိတ်ဓာတ်မှာလည်း လုံးဝ ဗရုတ်သုတ်ခ ဖြစ်သွားရသည်။
အကြောင်းမှာ လင်းကျင်း၏ အကဲဖြတ်ချက်မှာ သူကိုယ်တိုင် လုပ်ထားသည်ထက်ပင် အဆပေါင်းများစွာ ပိုမိုပြည့်စုံနေသောကြောင့်တည်း။
သူသည် အကဲဖြတ်မှတ်တမ်းကို ကိုင်ထားသော လက်များကို မသိမသာ နောက်သို့ ဆွဲယူလိုက်မိသည်။ လင်းကျင်းက ဇူထျန်းဟုန်းကို ဘာကြောင့် မှတ်တမ်းမဖတ်ခိုင်းသလဲဆိုသည်ကို သူ ယခုမှ နားလည်လိုက်တော့၏။ အမှန်တကယ်တွင် ထိုလူငယ်လေးမှာ လူပုံအလယ်တွင် သူ့ကို အရှက်မကွဲစေရန် ကာကွယ်ပေးလိုက်ခြင်းပင် ဖြစ်သည်။ အကယ်၍ ဇူထျန်းဟုန်းက သူ့မှတ်တမ်းကို အရင်ဖတ်ပြီးမှ လင်းကျင်း၏ အကဲဖြတ်ချက်ကို နားထောင်လိုက်လျှင် အရူးပင်လျှင် မည်သူက ပိုတော်သည်ကို ခွဲခြားနိုင်မည် မဟုတ်ပါလား။
ယခုမူ သူ၏ မှတ်တမ်းကို ထုတ်ပြရန်ပင် သူ မဝံ့တော့ပေ။
လင်းကျင်းကတော့ ရပ်တန့်မသွားဘဲ ဆက်လက် ပြောဆိုနေဆဲပင်။
သူသည် ထိုသားရဲ၏ အားသာချက်၊ အားနည်းချက်နှင့် လျှို့ဝှက်ချက်များကို အပိုင်းပိုင်း ခွဲစိတ်ပြနေသကဲ့သို့ တိကျလွန်းလှသည်။ သူ၏ အကဲဖြတ်ချက်မှာ အလွန်ပင် မျှတပြီး ဓမ္မဓိဋ္ဌာန်ကျလှသဖြင့် ဆရာကြီးလျောင်ပင်လျှင် အပြစ်ရှာရန် မတတ်နိုင်တော့ပေ။
အခြားတစ်ဖက်သား၏ အဆင့်အတန်းမှာ မြင့်မားလွန်းနေသဖြင့် သူ ငြိမ်နေရုံမှတစ်ပါး အခြားမရှိတော့။ အကယ်၍ သူသာ စကားမှားသွားလျှင် အမှားကို ထောက်ပြမိခြင်း မဟုတ်ဘဲ မိမိ၏ အရည်အချင်းမရှိမှုကိုသာ ဖော်ပြရာ ရောက်သွားပေလိမ့်မည်။
ထို့ကြောင့် ဆရာကြီးလျောင်မှာ ပါးစပ်အဟောင်းသားဖြင့် ဘာမှပြန်မပြောနိုင်ဘဲ ဖြစ်နေရသည်။
သူ့တွင် သတ္တိမရှိတော့ပေ။
ဒါဟာ ဆရာတစ်ယောက်ရဲ့ ဟောပြောချက်မှာ အပြစ်ရှာဖို့ ကြိုးစားနေတဲ့ ကျောင်းသားလေးတစ်ယောက်လို ဖြစ်နေပြီ ဖြစ်သည်။
ပထမသားရဲအကြောင်း ရှင်းပြပြီးနောက် လင်းကျင်းက ရပ်မသွားဘဲ ဒုတိယတစ်ကောင်အကြောင်းကို ဆက်ပြောပြန်သည်။
“နောက်တစ်ကောင်ဖြစ်တဲ့ သွေးဆာဝံပုလွေကတော့ ချိုပါတဲ့ ခြင်္သေ့ထက် အဆင့်နိမ့်တယ်... ပြောရရင် ခြင်္သေ့က တော်တော်လေး အားရစရာ ကောင်းပေမဲ့ ဝိညာဉ်ကျောက်တုံး ငါးထောင်ဆိုတာကတော့ နည်းနည်း ဈေးကြီးသွားသလိုပဲ...”
ထို့နောက် လင်းကျင်းက ဒုတိယသားရဲ၏ အရည်အသွေးများကို အသေးစိတ် ရှင်းပြလေသည်။ ယခုအခါ ဆရာကြီးလျောင်မှာ သူ၏ အကဲဖြတ်မှတ်တမ်းများကို ကျောနောက်တွင် ဝှက်ထားလိုက်ရပြီ ဖြစ်၏။
အနီးကပ် ကြည့်ရှုနိုင်လျှင် ဆရာကြီးလျောင်၏ လက်ချောင်းများ မည်မျှ တုန်ရင်နေသည်ကို မြင်ရပေလိမ့်မည်။
ဒုတိယတစ်ကောင်အကြောင်း ရှင်းပြပြီးနောက် လင်းကျင်းက မနားတမ်းပင် တတိယတစ်ကောင်ကို ဆက်ပြောပြန်သည်။
ယခုမူ ဇူထျန်းလီပါ ထိတ်လန့်လာရပြီ ဖြစ်သည်။
သူတို့ဝယ်ထားတဲ့ သားရဲသုံးကောင်စလုံးအကြောင်းကို လင်းကျင်းက ဘယ်လိုလုပ်ပြီး လက်ဖဝါးပေါ် တင်ထားသလို သိနေရတာလဲ။
ဇူထျန်းလီက စိုးရိမ်တကြီးဖြင့် လင်းကျင်းကို ဖြတ်ပြောလိုက်သည်။
“လင်းကျင်း... မင်း ဒါတွေ အကုန်လုံး ပြောနေတာ ဘာအတွက်လဲ... ငါတို့က ဘယ်သူ့သားရဲက ပိုပြီး အရည်အသွေး ကောင်းလဲဆိုတာ ပြိုင်နေတာလေ၊ မင်းရဲ့ နှုတ်ရေးကို လာပြနေတာ မဟုတ်ဘူး”
ဇူထျန်းလီမှာ သားရဲအကဲဖြတ်ခြင်းနှင့် ပတ်သက်လာလျှင် ဘာမျှမသိသော လူပြိန်းတစ်ယောက် ဖြစ်ကြောင်း ထင်ရှားလှ၏။ သူ၏ မသိနားမလည်မှုမှာ တစ်ခါတစ်ရံတွင် ရယ်စရာပင် ကောင်းနေသေးသည်။
လင်းကျင်းက သူ့ကို ကြည့်ပြီး ခပ်ဟဟ ရယ်လိုက်သည်။
“ဆရာကြီးလျောင်နဲ့ ကျုပ်ရဲ့ ပြိုင်ပွဲက ဘယ်သားရဲက ပိုကောင်းလဲဆိုတဲ့အပေါ် မူတည်နေတာ မှန်ပေမဲ့ ၊ ဒါဟာ ကျုပ်တို့ရဲ့ အမြင်နဲ့ အကဲဖြတ်နိုင်စွမ်းကို ပြိုင်နေတာလည်း မဟုတ်ဘူးလား”
ဇူထျန်းလီကတော့ လင်းကျင်း ဆိုလိုသည်ကို နားမလည်သေးဘဲ စိတ်မရှည်စွာ လက်ကာပြလိုက်၏။
“မင်း ပြောနေတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ငါ နားမလည်ဘူး... ငါ သိတာကတော့ မင်းဝယ်ထားတဲ့ အဲဒီမြွေမှာ အကျိတ်ကြီး ပါနေတယ်ဆိုတာပဲ... ဒါကြောင့် ဆရာကြီးလျောင် ဘာပဲရွေးရွေး မင်းတို့ ငါတို့ကို ဘယ်တော့မှ နိုင်မှာ မဟုတ်ဘူး”
လင်းကျင်းက ခေါင်းယမ်းလိုက်သည်။
“ဘယ်သူက အဲဒါကို အကျိတ်လို့ ပြောလို့လဲ”
ဇူထျန်းလီမှာ မှင်တက်သွား၏။
“ကျင့်ကြံသူများအသင်းက ထုတ်ပေးတဲ့ အကဲဖြတ်မှတ်တမ်းမှာ အဲဒီလို ရေးထားတာ မဟုတ်ဘူးလား”
လင်းကျင်းက ဤတစ်ကြိမ်တွင် ဘာမှပြန်မပြောတော့ပေ။ ထိုအစား ဘေးမှ ကြည့်နေသော ဝယ်ယူသူတစ်ယောက်က ဝင်ရောက်ရှင်းပြလာသည်။
“လူကြီးမင်းဇူ... အဲဒီ အကဲဖြတ်မှတ်တမ်းတွေဆိုတာ ကိုးကားရုံသက်သက်ပါပဲ... အဲဒါကို ရေးတဲ့သူက သားရဲအကဲဖြတ်တတ်တဲ့သူတောင် မဟုတ်ရင် ဟုတ်မှာပါ... မဟုတ်ရင် ဝယ်တဲ့သူတွေက ဘာလို့ ကိုယ်ပိုင် အကဲဖြတ်မှူးတွေကို ဒီကို ခေါ်လာကြမလဲ... ဦးလေးပြောသလိုဆိုရင် ကျုပ်တို့က ဒီမှတ်တမ်းတွေကိုပဲ ကြည့်ပြီး ဝယ်လိုက်ရုံရှိတာပေါ့”
လူအုပ်ကြီးဆီမှ ရယ်သံများ ထွက်ပေါ်လာသည်။
ဇူထျန်းလီမှာ ဒေါသထွက်သွားရ၏။ လူပုံအလယ်တွင် လှောင်ပြောင်ခံရခြင်းမှာ မည်သူမဆို စိတ်တိုစရာပင်။
သူသည် သားရဲအကဲဖြတ်ခြင်းနှင့် ပတ်သက်၍ ဘာမျှမသိဘဲ စောစောက စကားစောသွားခဲ့သည် မဟုတ်ပါလား။ သူက အသက်ပြင်းပြင်းရှူကာ စိတ်ကို ထိန်းလိုက်ပြီး အဓိက ကိစ္စကိုသာ မေးလိုက်တော့သည်။
“ကောင်းပြီလေ... ဒါဆို အဲဒါက အကျိတ်မဟုတ်ရင် ဘာလဲဆိုတာ ပြောပြစမ်းပါဦး”
လင်းကျင်းက သူ့ကို ဆက်ပြီး မစတော့ဘဲ မြွေလှောင်အိမ်အနားသို့ သွားကာ တံခါးကို ဖွင့်လိုက်၏။
“သတိထား... အဲဒါက အန္တရာယ်ရှိတယ်”
ကျင့်ကြံသူများအသင်းမှ အဖွဲ့ဝင်များမှာ ထိတ်လန့်သွားကာ ရှေ့သို့ ပြေးတက်လာကြသည်။ သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်၏။
လှောင်အိမ်တံခါး ပွင့်သွားသည်နှင့် စပါးအုန်းမြွေကြီး၏ မျက်လုံးများ ပွင့်လာကာ လှုပ်ရှားလာတော့သည်။
အသင်းအဖွဲ့ဝင်များမှာ ရန်သူကြီးနှင့် တွေ့သည့်အလား သတိထားနေကြ၏။ အကျိတ်ပါနေသော်လည်း ဤမြွေကြီးမှာ အလွန်ပင် ကြမ်းတမ်းလှသည်။ သူတို့ ဤမြွေကို ဖမ်းဆီးစဉ်က ထောင်ချောက်များနှင့် ဆေးဝါးများကို အသုံးပြုကာ အတော်လေး အားစိုက်ခဲ့ရခြင်း ဖြစ်၏။
ဖမ်းဆီးနိုင်ခဲ့သော်လည်း ဤမြွေကြီးကို ထိန်းချုပ်ရန်မှာ အလွန်ခက်ခဲလှသည်။ ဖမ်းဆီးစဉ်က လူတစ်ယောက်ကိုပင် ကိုက်ခဲ့သေးသည်။
လင်းကျင်းက လှောင်အိမ်တံခါးကို ဖွင့်လိုက်သောအခါ အချို့လူများမှာ လင်းကျင်း မြွေမြိုခံရတော့မည်ဟု ထင်ကာ မျက်လုံးများကို စုံမှိတ်ထားလိုက်ကြသည်။ ဤမြွေကြီး၏ အရွယ်အစားနှင့်ဆိုလျှင် လူတစ်ယောက်ကို အရှင်လတ်လတ် မျိုချရန်မှာ မခဲယဉ်းလှပေ။
သို့သော်လည်း သူတို့ထင်သလို ကြောက်စရာ မြင်ကွင်းမျိုး ဖြစ်မလာခဲ့ပေ။ စပါးအုန်းမြွေကြီးက လှုပ်ရှားလာသည်မှာ မှန်သော်လည်း ၊ ၎င်းက ရှေ့သို့ တိုးလာပြီး ၎င်း၏ ဦးခေါင်းကြီးဖြင့် လင်းကျင်း၏ လက်ဖဝါးကို အသာအယာ တိုးဝှေ့နေတော့သည်။
ဤကြမ်းတမ်းလှသော သားရဲကြီးမှာ အံ့ဩစရာကောင်းလောက်အောင် ယဉ်ပါးနေခြင်းပင်။
ရှိနေသူ အားလုံးမှာ အံ့ဩမှင်တက်သွားကြရ၏။ အသင်းအဖွဲ့ဝင်များဆိုလျှင် ပါးစပ်အဟောင်းသားဖြင့် ဘာပြောရမှန်းပင် မသိတော့ပေ။
သူတို့ သရဲမြင်နေရတာလား။
လင်းကျင်းကတော့ ဤမြွေကြီးကို တန်ဖိုးကြီး ရတနာတစ်ခုလို အားရကျေနပ်စွာ စိုက်ကြည့်နေသည်။
“နှမြောစရာပဲ... ငါက ဇူမိသားစုအတွက် သားရဲရွေးပေးဖို့ ရောက်လာတာ မဟုတ်ရင် မင်းကို ငါ့အတွက်ပဲ ဝယ်ထားလိုက်မှာ” လင်းကျင်းက တိုးတိုးလေး ရေရွတ်လိုက်၏။
သို့သော် သူသည် ဝိညာဉ်ကျောက်တုံး သုံးထောင် မတတ်နိုင်သေးသည်ကို သတိရကာ မိမိကိုယ်ကိုယ် ရယ်မိသွားသည်။
သူသည် လက်ထဲမှ အပ်ကို ထုတ်လိုက်ရာ ‘ရစ်ပတ်အပ်’ မှာ မြွေ၏ သွေးကြောမှတ်တိုင်များအတွင်းသို့ အလျင်အမြန်ပင် တိုးဝင်သွားတော့သည်။ ထို့နောက် လင်းကျင်းက သူ၏ လက်ချောင်းတွင် ဝိညာဉ်စွမ်းအားကို စုစည်းကာ လျင်မြန်သော အရှိန်ဖြင့် မြွေ၏ အကျိတ်ကို ဖြတ်တောက်လိုက်၏။
နံစော်သော အရည်များ ဒဏ်ရာမှ ချက်ချင်း စိမ့်ထွက်လာပြီးနောက် မြင်လိုက်ရသော မြင်ကွင်းက လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေတော့သည်။
အကြောင်းမှာ... ဖြတ်တောက်လိုက်သော အကျိတ်အတွင်းမှ နောက်ထပ် မြွေခေါင်းတစ်လုံး ထွက်ပေါ်လာသောကြောင့်တည်း။
အခန်း (၁၀၀) - ကျိုယင်း သွေးမျိုးဆက်နှင့် ရန်ကျဲ
အကျိတ်အတွင်းမှ နောက်ထပ် မြွေခေါင်းတစ်လုံး ပြူးထွက်လာသည့် မြင်ကွင်းမှာ တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှ၏။ ဤသို့သော မြင်ကွင်းမျိုးကို လူငယ်များနေနေသာသာ အသက်ကြီးပိုင်းများပင် ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်သည်။
ပို၍ ထိတ်လန့်စရာ ကောင်းသည်မှာ ထိုထွက်ပေါ်လာသည့် မြွေခေါင်းအသစ်က ပါးစပ်ကို ဟလိုက်ပြီး ထူးဆန်းသော အော်ဟစ်သံတစ်ခုကို ပြုလုပ်လိုက်ခြင်းပင်။
ထိုအသံမှာ ကလေးငယ်တစ်ယောက် ငိုယိုနေသည့်အသံနှင့် ဆင်တူနေသဖြင့် နားထောင်ရသူများမှာ ကျောချမ်းသွားကြရသည်။
“အမလေး... ဒါ ဘာကြီးလဲဗျ”
“မသိဘူးလေ... အစတုန်းကတော့ အကျိတ်လို့ ထင်နေတာ၊ အခုတော့ အဲဒီအောက်မှာ နောက်ထပ် ခေါင်းတစ်လုံး ပုန်းနေတာကိုး... ဘာပဲဖြစ်ဖြစ် အဲဒီအသံကတော့ တကယ်ကို ကြက်သီးထစရာပဲ”
“ဒါ ခေါင်းနှစ်လုံးပါတဲ့ မြွေများလား”
လူအုပ်ကြီးမှာ ထိုထူးဆန်းသော သတ္တဝါအကြောင်းကို အချင်းချင်း တိုးတိုးဖော်ဖော်ဖြင့် ဆွေးနွေးနေကြတော့သည်။
ဇူထျန်းလီမှာ မျက်လုံးအဝိုင်းသားဖြင့် ဆရာကြီးလျောင်ဘက်သို့ လှည့်ကာ တိုးတိုးလေး မေးလိုက်၏။
“ဆရာကြီး... ဒါ... ဒါ ဘာကြီးလဲဟင်”
ဆရာကြီးလျောင်၏ စိတ်ထဲတွင်တော့ ‘ငါက ဘယ်လိုလုပ် သိမှာလဲ’ ဟု ရေရွတ်နေမိသည်။
သို့သော်လည်း သူ၏ အလုပ်ရှင်ဖြစ်သူ ဇူထျန်းလီကို ထိုသို့ ပြန်ပြော၍ မဖြစ်သလို၊ မိမိ၏ မသိနားမလည်မှုကိုလည်း ထုတ်မပြဝံ့ပေ။ အကယ်၍ သူသာ လျှောက်ပြောမိလျှင် လင်းကျင်းက အရှိကိုအရှိအတိုင်း ဖော်ထုတ်ပစ်မည်ကို စိုးရိမ်သဖြင့် ဘာမှမသိသလိုပင် ဟန်ဆောင်နေလိုက်ရသည်။ သူသည် အဖြေတစ်ခုကို ရှာမရဘဲ အထစ်ထစ်အငေါ့ငေါ့နှင့်သာ ဖြစ်နေတော့၏။
ဇူထျန်းလီမှာလည်း ထိုမျှအထိ အရူးတစ်ယောက် မဟုတ်ပေ။
လင်းကျင်းက သူတို့ဝယ်ထားသည့် သားရဲသုံးကောင်အကြောင်းကို အေးအေးဆေးဆေး ရှင်းပြခဲ့သည်မှစ၍၊ ယခု ဆရာကြီးလျောင်၏ စကားမထွက်နိုင်ဘဲ ဖြစ်နေသည့် အခြေအနေအထိ ကြည့်ခြင်းအားဖြင့် မည်သူက ပို၍ အရည်အချင်းရှိသည်ကို သူ ကောင်းကောင်း ရိပ်မိသွားပြီ ဖြစ်သည်။
‘သွားပြီ...’
ဆရာကြီးလျောင်ကို ငှားလိုက်လျှင် ဇူထျန်းဟုန်းကို အသာစီးရမည်ဟု သူ ထင်ခဲ့သော်လည်း၊ အမှန်တကယ်တွင် ဤလူမှာ လေကြီးလေကျယ် ပြောတတ်ရုံသာ ရှိတော့သည်။
သူ ပေးလိုက်ရသည့် ဝန်ဆောင်ခနှင့် ယှဉ်လျှင် ဤလူမှာ လူလိမ်တစ်ယောက်သာ ဖြစ်သည်ဟု ဇူထျန်းလီ ချက်ချင်း သဘောပေါက်လိုက်၏။ သူ၏ မျက်လုံးထဲတွင် ဆရာကြီးလျောင်အပေါ် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
ဆရာကြီးလျောင်ဆိုသည်မှာလည်း အတွေ့အကြုံရင့်သူပီပီ လူပါးဝလှသည်။ သူသည် ဤကဲ့သို့သော ‘မတော်တဆမှု’ မျိုးနှင့် ကြုံဖူးနေကျဖြစ်ရာ ပြဿနာကို ပြေလည်အောင် ဖြေရှင်းမည့်နည်းလမ်းကို ရှာတွေ့သွား၏။
သူက ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်ရင်း ဆိုလာသည်။
“ဒီအကဲဖြတ်မှူးလင်းရဲ့ အရည်အချင်းက မဆိုးပါဘူး... ဒါပေမဲ့ ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ... သူ ဒီခေါင်းနှစ်လုံးပါတဲ့ မြွေအကြောင်းကို ကြိုသိနေလို့သာ ဒီလောက် ယုံကြည်မှု ရှိနေတာ... ထားလိုက်ပါတော့... ကျုပ် ရှုံးနိမ့်မှုကို ဝန်ခံပါတယ်... ဒီသားရဲတွေအတွက် ကုန်ကျစရိတ်ကို ကျွန်တော် တာဝန်ယူပါ့မယ်... လူကြီးမင်းဇူကို အရှုံးမခံစေရပါဘူး”
ယနေ့ တစ်လှမ်းဆုတ်ခြင်းမှာ နောင်တစ်ချိန်တွင် နှစ်လှမ်းတက်ရန်အတွက်ပင် ဖြစ်၏။
ဇူထျန်းလီသည် ဆရာကြီးလျောင်၏ စကားမှာ အတော်လေး ယုတ္တိရှိသည်ဟု ခံစားလိုက်ရသည်။
ဘာပဲဖြစ်ဖြစ် ဆရာကြီးလျောင် ရွေးပေးထားသည့် သားရဲသုံးကောင်မှာလည်း မဆိုးလှပေ။ တစ်ဖက်အဖွဲ့၏ ခေါင်းနှစ်လုံးပါ မြွေကသာ အလွန်ထူးဆန်းနေခြင်း ဖြစ်သည်။ ဆရာကြီးလျောင် ပြောသလို လင်းကျင်းသည် အတွင်းသတင်း ရထားသဖြင့်သာ ဤမြွေကို အတင်းဝယ်ခိုင်းခြင်း ဖြစ်နိုင်ပေသည်။
ထိုသို့ တွေးလိုက်မိသောအခါ သူ၏ ဒေါသများမှာ ပြေလျော့သွားတော့၏။
ဆရာကြီးလျောင်မှာ လူကဲခတ် တော်သူဖြစ်ရာ ဇူထျန်းလီ၏ မျက်နှာ အမူအရာကို ကြည့်ရုံနှင့် ဘေးအန္တရာယ်မှ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူက ဆက်၍ ဆိုလာ၏။
“ဒါ့အပြင် အဲဒီခေါင်းနှစ်လုံးပါ မြွေက ကြည့်ရတာပဲ ထူးဆန်းတာပါ... ကျုပ်ရွေးထားတဲ့ သားရဲတွေထက် ပိုတော်မယ်လို့တော့ မပြောနိုင်သေးဘူး... ဒါကြောင့် ပြိုင်ပွဲက မပြီးသေးပါဘူး”
ဤစကားမှာ အရှက်ပြေ ပြောလိုက်ခြင်းသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် သေချာပေါက် ရှုံးသွားပြီဖြစ်ကြောင်း ဆရာကြီးလျောင် ကိုယ်တိုင်လည်း သိနေသောကြောင့်တည်း။
လင်းကျင်း ပြောခဲ့သလိုပင် သူတို့၏ ပြိုင်ပွဲမှာ ဝယ်ယူသည့် သားရဲပေါ်တွင် မူတည်သည် မဟုတ်ဘဲ အကဲဖြတ်နိုင်စွမ်းပေါ်တွင်သာ မူတည်ခြင်း ဖြစ်သည်။ ထိုလူငယ်လေးမှာ သူ၏အထက် အဝေးကြီးသို့ ရောက်နေပြီ ဖြစ်ရာ၊ သူရွေးထားသည့် မြွေမှာလည်း သေချာပေါက် ကောင်းမွန်နေမည် ဖြစ်သည်။
သို့သော် ဇူထျန်းလီ စိတ်ကျေနပ်စေရန်နှင့် မိမိ၏ ကျရှုံးမှုကို ဆင်ခြေပေးနိုင်ရန်အတွက်သာ ထိုသို့ ပြောလိုက်ခြင်း ဖြစ်၏။ လင်းကျင်းသည် ‘လူလိမ်’ တစ်ယောက်ဖြစ်သဖြင့် သူ ရှုံးရခြင်းဖြစ်သည်ဟု ဇူထျန်းလီ ယုံကြည်သွားအောင် ဖန်တီးလိုက်ခြင်းတည်း။
ဇူထျန်းလီ၏ အကျင့်အတိုင်းဆိုလျှင် ဂုဏ်သိက္ခာကို အလေးထားသူဖြစ်ရာ ဆရာကြီးလျောင်ကို ငွေပြန်လျော်ခိုင်းမည် မဟုတ်သည်မှာ သေချာသလောက်ပင်။
ထိုအချိန်တွင် လင်းကျင်းက စကားစလာသည်။
“အဆင့် ၂ မြွေသားရဲ၊ ရှားပါးမျိုးစိတ် ဖြစ်တယ်... သစ်သားဓာတ်နဲ့ ရေဓာတ် နှစ်မျိုးစလုံး ပါဝင်တယ်... ရှေးဟောင်းဒဏ္ဍာရီလာ သတ္တဝါဖြစ်တဲ့ ‘ကျိုယင်း'ရဲ့ သွေးမျိုးဆက် အစအန ပါဝင်နေပြီး အလားအလာကတော့ အကန့်အသတ် မရှိဘူး... သွေးကတိစာချုပ် စနစ်တကျ ချုပ်ဆိုပြီး ပြုစုစောင့်ရှောက်မယ်ဆိုရင် တစ်နှစ်အတွင်းမှာ အဆင့် ၃ ကို တက်လှမ်းနိုင်မှာပါ...”
လင်းကျင်းက မြွေ၏ အကဲဖြတ်ချက်ကို အသေးစိတ် ရှင်းပြလေတော့သည်။
‘အဆင့် ၂ မြွေသားရဲ’ ဆိုသည့် စကားလုံး ထွက်လာသည်နှင့် မည်သူက အနိုင်ရရှိသည်မှာ နေ့ဖက်ထင်ရှား လင်းလက်သွားတော့၏။
ဇူထျန်းလီ ဝယ်ယူထားသည့် သားရဲသုံးကောင်စလုံးမှာ အဆင့် ၁ သာ ရှိသဖြင့်၊ အဆင့် ၂ သားရဲတစ်ကောင်ကို မည်သို့မျှ မယှဉ်နိုင်ပေ။
သို့သော် ဆရာကြီးလျောင်၏ စောစောက စကားများကြောင့် ဇူထျန်းလီမှာ အလွန်အမင်း ဒေါသထွက်မနေတော့ဘဲ၊ ထိုမြွေကြီးကို မနာလိုဝန်တိုစိတ်ဖြင့် စိုက်ကြည့်ကာ လက်စကို ဝှေ့ယမ်းပြီး ဒေါသတကြီး ထွက်ခွာသွားတော့သည်။
ဆရာကြီးလျောင်မှာလည်း ခြေသံလုံလုံဖြင့် တိတ်တဆိတ် ထွက်သွားလေ၏။
ဤနေရာတွင် ဆက်ရှိနေလျှင် မိမိကိုယ်မိမိ အရှက်ကွဲအောင် လုပ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
ဇူထျန်းဟုန်းနှင့် ဇူချန်းတို့မှာမူ တခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။ ဤမြွေကြီးမှာ အစကတည်းက အဆင့် ၂ ဖြစ်ကြောင်း သိလိုက်ရသည်နှင့်၊ သူတို့သည် ခေါင်းနှစ်လုံးပါ သတ္တဝါကြီးကို ကမ္ဘာကျော် အလှပဂေးတစ်ယောက်ကို ကြည့်နေသည့်အလား စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြတော့သည်။
ဇူမိသားစုတွင် အဆင့် ၂ သားရဲများ ရှိသော်လည်း၊ ဤသတ္တဝါမှာ မူလအဆင့်ကတည်းက အဆင့် ၂ ဖြစ်သည့်အပြင် တစ်နှစ်အတွင်း အဆင့် ၃ သို့ တက်လှမ်းနိုင်မည်ဟု လင်းကျင်းက အာမခံထားခြင်း မဟုတ်ပါလား။
အဆင့် ၃ သားရဲဆိုသည်မှာ နည်းလှသည့် အရာမဟုတ်ပေ။ ဇူချန်း၏ ဘိုးဘေးမှာ အဆင့် ၃ သားရဲတစ်ကောင်၏ အကူအညီဖြင့် မိသားစုစီးပွားရေးကို အောင်မြင်အောင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဤမြွေကို ဝယ်ယူလိုက်ခြင်းမှာ ဇူမိသားစု၏ ရှေးဟောင်းဂုဏ်သိက္ခာကို ပြန်လည် ရရှိစေတော့မည်ပင်။
ဤအချက်ကို သဘောပေါက်လိုက်သောအခါ ဇူထျန်းဟုန်းနှင့် ဇူချန်းတို့မှာ မည်သို့ တည်ငြိမ်နေနိုင်ပါတော့မည်နည်း။
ဝိညာဉ်ကျောက်တုံး သုံးထောင်တည်းနှင့် ရရှိခဲ့ခြင်းမှာ တကယ့်ကို အမြတ်ကြီး ထွက်ခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် အဆင့် ၂ သားရဲတစ်ကောင်မှာ ထိုဈေးထက် များစွာ ပိုမိုမြင့်မားလှသည် မဟုတ်ပါလား။
၎င်းတွင် လျှို့ဝှက်သော သွေးမျိုးဆက်ပင် ပါဝင်နေသေးသည်။
‘ကျိုယင်း’ သွေးမျိုးဆက်ဆိုသည်မှာ ဘာလဲဆိုသည်ကို သူတို့ မသိသော်လည်း၊ အလွန်အံ့ဩစရာ ကောင်းသည့်အရာ ဖြစ်မည်မှာ သေချာလှ၏။
ဇူမိသားစုဝင်များမှာ အလွန်ပင် ဝမ်းမြောက်နေကြပြီး ဘေးမှ ကြည့်နေသူများမှာလည်း သူတို့ကို မနာလို ဖြစ်နေကြသည်။
အချို့ဆိုလျှင် ဤကိစ္စကို ကြိုသိခဲ့ပါက ဝိညာဉ်ကျောက်တုံး သုံးထောင်မက တစ်သောင်းပေး၍ပင် ဝယ်ယူမည်ဟု နှမြောတသ ဖြစ်နေကြ၏။ သို့သော်လည်း နောင်တဆိုသည်မှာ အမြဲတမ်း နောက်ကျနေတတ်သည် မဟုတ်ပါလား။
ထိုစဉ် ဇူချန်းက ဇူထျန်းလီတို့ ထွက်သွားသည်ကို သတိပြုမိသွားကာ ဇူထျန်းဟုန်းကို တိုးတိုးလေး ပြောလိုက်သည်။
“အဖေ... ဒုတိယဦးလေးတို့ အဖွဲ့ ထွက်သွားကြပြီ”
ဇူထျန်းဟုန်း၏ မျက်နှာမှာ မှောင်ကျသွား၏။
“သွားပါစေ... သူက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ကြည့်ရဆိုးလာပြီ... ငါက ညီအစ်ကိုချင်းမို့ သည်းခံနေတာကို သူက အကန့်အသတ်ကို ကျော်လာနေပြီ... ကံကောင်းလို့ ဒီနေ့ အကဲဖြတ်မှူးလင်း ရှိနေလို့သာပေါ့... ချန်းအာ... မင်း အကဲဖြတ်မှူးလင်းကို အမြဲတမ်း ရိုရိုသေသေ ဆက်ဆံရမယ်ဆိုတာ မှတ်ထားပါ”
ဇူချန်းက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
ဖခင်ဖြစ်သူက မမှာကြားလျှင်ပင် သူက ထိုသို့ ပြုလုပ်မည်မှာ သေချာလှ၏။
သားအဖနှစ်ဦးစလုံးမှာ လင်းကျင်းကို ကျေးဇူးတင်ရန် အလျင်အမြန် သွားကြသလို၊ ဘေးမှ ကြည့်နေသူများကလည်း လင်းကျင်းကို လေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။ လင်းကျင်း၏ နာမည်ကို ကြားဖူးသူများကလည်း သူ့ကို နှုတ်ဆက် ဂုဏ်ပြုရန် အကြောင်းပြချက်များ ရှာနေကြသလို၊ သူ့ကို မသိသေးသူများကလည်း သူ့နောက်ကြောင်းကို စိတ်ဝင်တစား စုံစမ်းနေကြတော့သည်။
ခဏချင်းအတွင်းမှာပင် လင်းကျင်းမှာ မြို့၏ ဂုဏ်သရေရှိ လူကြီးလူကောင်းများ ဝိုင်းရံခြင်းကို ခံလိုက်ရ၏။
သို့သော် ရုတ်တရက် တစ်ယောက်ယောက်က အော်ဟစ်လိုက်သည်။
“ရန်ကျဲ ရောက်လာပြီ”
လင်းကျင်းကို ဝိုင်းနေသော လူအုပ်ကြီးမှာ ချက်ချင်းပင် ထက်ဝက်ခန့် လျော့နည်းသွားရသည်။
ထွက်သွားသည့် လူများထဲတွင် ဇူရင်းရင်းလည်း ပါဝင်နေ၏။
သူမ၏ မျက်လုံးများမှာ အရောင်တောက်နေပြီး စိတ်လှုပ်ရှားစွာဖြင့် ဆိုလာသည်။
“ရန်ကျဲ ရောက်လာပြီ... သူက တကယ့်ကို အံ့ဩစရာ ကောင်းတာပဲ”
ဇူရင်းရင်း တစ်ယောက်တည်း မဟုတ်ဘဲ၊ ရှိနေသည့် မိန်းကလေးအားလုံးမှာ မျှော်လင့်တကြီးဖြင့် ခေါင်းမော့ကြည့်နေကြသည်။
ဒါဟာ လင်းကျင်းကို အံ့အားသင့်သွားစေ၏။
လူတစ်ယောက်သည် ယုံကြည်မှုအပြည့်ဖြင့် တံခါးဝမှ ဝင်လာရာ၊ လင်းကျင်းပင်လျှင် ‘သူက တကယ့်ကို ခန့်ညားတာပဲ’ ဟု စိတ်ထဲမှ ချီးကျူးလိုက်မိသည်။
သူသည် ကျောက်စိမ်းကဲ့သို့ ချောမောလှပပြီး၊ ကြယ်စင်များကဲ့သို့ တောက်ပသော မျက်လုံးများ ရှိကာ အဖြူနှင့် အစိမ်းရောင် ရောယှက်ထားသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ပတ်ဝန်းကျင်တွင် ထူးခြားသော အရှိန်အဝါတစ်ခု ဝန်းရံနေသဖြင့် သာမန်လူများနှင့် လုံးဝ ကွာခြားနေ၏။ သူသည် အရပ်ရှည်ပြီး ဆွဲဆောင်မှု ရှိလှသဖြင့် ဇူရင်းရင်းကဲ့သို့သော မိန်းကလေးများ အဘယ်ကြောင့် စွဲလမ်းနေကြသလဲဆိုသည်မှာ ထူးဆန်းလှသည် မဟုတ်ပေ။