← Chapters

အခန်း (၃၁)

Vol. 3 Ch. 31

အခန်း (၃၁)

Vol. 3 Ch. 31

အခန်း(၃၁)

ကျန်းပိုင်ချွင်းသည် ကျင့်ကြံခြင်းလောကမှာ ကြီးပြင်းလာသူ ဖြစ်သည်။ သို့သော်လည်း ထိုမျှကြီးမားသော ဧရာမကျားတစ်ကောင်ကို တစ်ခါမှ သူမမြင်ဖူးပေ။ သေချာလေ့ကျင့်ပေးခြင်းခံထားရသော ဝိညာဉ်သားရဲများဆီမှာ မိစ္ဆာမျိုးနွယ်စု၏ ထူးခြားလက္ခဏာများ မရှိပေ။

သူ့အရှေ့မှ ကျားနက်ကို ကြည့်နေစဉ် စိတ်မသက်မသာဖြစ်မှုကို ခံစားမိသွားသည်။ သူ့အရှေ့မှ ကျားနက်က အလွန်အန္တရာယ်များဟန် ရ၏။ သို့သော် ဤသို့အရေးကြီးအချိန်မှာ မင်းသမီးလေးကို သူစိတ်မပျက်စေလိုပေ။ သူက စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။

‘ ဘာမှမကြောက်နဲ့… အဲ့ဒါက တောအုပ်ထဲမှာ ကြီးပြင်းလာတဲ့ ကျားနက်တစ်ကောင်ပါပဲ… သူက နေနဲ့လရဲ့ အနှစ်သာရနဲ့ မိုးမြေကြားက ဝိညာဉ်စွမ်းအားကို ဘယ်လိုစုပ်ယူရမလဲ သိရင်တောင် သူ့ရဲ့ အသိဉာဏ်အရ ဒီလောက်အချိန်တိုလေးအတွင်းမှာ ဘာအောင်မြင်မှုမှ ရရှိနိုင်မှာ မဟုတ်ပါဘူး… သားရဲလည်ပတ်နဲ့ဆိုရင် အဲ့ဒီကျားနက် ဘယ်လောက်ပဲ ရိုင်းစိုင်းကြမ်းတမ်းပါစေ ငါ့အမိန့်ကို နာခံရမယ် ’

ထိုသို့တွေးမိသောအခါ သူစိတ်အေးသွားသည်။

“ မင်းသမီးလား ”

စက်ကရာသည် ဘေးပတ်ဝန်းကျင်မှ လှုပ်ရှားမှုများကို ကြိုတင်အာရုံခံမိခဲ့သည်။ သို့သော်လည်း သူက ချက်ချင်း မထွက်သွားပေ။ အဘယ့်ကြောင့်ဆိုသော် ဝံပုလွေဘုရင်ပိုင်ယွဲ့နှင့် အရေအတွက်ထောင်ချီသော ဝံပုလွေများက ဤနေရာမှာ ရှိနေကြသည်။ အကယ်၍ သူထွက်သွားလျှင် ထိုဝံပုလွေများက ကြီးမားသော သေကြေပျက်စီးမှုကို တွေ့ကြုံကြရလိမ့်မည်။ ထို့ပြင် ဤတစ်ကြိမ် ရောက်လာသော လူကို သူမြင်ချင်သည်။ သူက စိတ်ကို ကြိုပြင်ဆင်ထားသည့်တိုင် တစ်ဖက်လူက မင်းသမီးတစ်ပါးဖြစ်နေမည်ဟု မမျှော်လင့်ထားပေ။ ကြည့်ရသည်မှာ ထိုမင်းသမီးက သူ့ကို ဖမ်းဆီးရန် အထူးတလည် ရောက်လာခြင်း ဖြစ်ဟန် ရ၏။

“ သူတို့က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာကြတာပဲ… အဲ့ဒီလူတွေက ငါ့ကို ဖမ်းဆီးပြီး ဝိညာဉ်သားရဲဖြစ်အောင် ပြုလုပ်ချင်ကြတယ် ”

ထိုသို့တွေးမိသောအခါ သီရှီထျန်၏ မျက်လုံးက အေးစက်သွားသည်။ သူက မိစ္ဆာတစ်ကောင်ဖြစ်ရန် စိတ်ဆုံးဖြတ်ထားသည်။ သို့ဖြစ်၍ သူက အနာဂတ်မှာ လူသားများနှင့် ဆန့်ကျင်ဘက်မှာ ရပ်ရန် ကံတရား သတ်မှတ်ခံထားရပြီးပြီ ဖြစ်သည်။ သို့သော် ထိုလူသားများက သူ့ကို ဖမ်းဆီးပြီး ဝိညာဉ်သားရဲအဖြစ် ပြုလုပ်ချင်မည်ဟု သူမမျှော်လင့်ထားပေ။

သတ်ဖြတ်ခြင်းအရှိန်အဝါက စက်ကရာ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

ချင်းဟိုင်သည် သူ့အရှေ့မှ ကျားနက်ကို ကြည့်လိုက်သည်။ ကျားနက်ထံမှ ထုတ်လွှတ်နေသော သားရဲအရှိန်အဝါကို သူအာရုံခံနိုင်သည်။ သူက တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့သော စစ်သူကြီးဖြစ်သော်လည်း ယခု လျှို့ဝှက်စွာ တံတွေးမမျိုချဘဲ မနေနိုင်ပေ။ ထိုကျားနက်က အလွန်ကြောက်စရာကောင်း၏။

သို့သော် သူ၏ စစ်သည်တော်များက ဤနေရာကို ဘေးပတ်ပတ်လည်မှ အထပ်ထပ်ဝိုင်းရံထားကြောင်း သူမြင်သောအခါ စိတ်အေးသွားသည်။

“ ချွင် ”

ချင်းဟိုင်သည် သူ့လက်ထဲမှ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး သူ့အရှေ့မှ ကျားနက်ကို ချိန်ရွယ်လိုက်သည်။ သူက နက်ရှိုင်းသော အသံဖြင့် ပြောသည်။

“ အားလုံးပဲ ဂရုစိုက်ကြပါ… အဖွဲ့တစ်ဖွဲ့က မင်းသမီးကို အဓိက ကာကွယ်စောင့်ရှောက်ပေးမယ်… ဘေးပတ်ဝန်းကျင်က ဝံပုလွေတွေ လှုပ်ရှားရဲမယ်ဆိုရင် သူတို့ကို ချက်ချင်း မြားနဲ့ ပစ်သတ်ပါ… ကျားနက်ကို ဖမ်းဆီးဖို့ ထျန်းပိုက်ကွန်ကို အသုံးပြုမယ် ”

ချင်းဟိုင်သည် စိတ်တည်ငြိမ်သွားပြီးနောက် စတင်အမိန့်ပေးသည်။

ချက်ချင်းဆိုသလိုပင် မင်းသမီးချူယွမ်၏ အနောက်မှ အစေခံက အရှေ့သို့ ထွက်လျှောက်လာသည်။ သူက ဓားဆွဲထုတ်လိုက်ပြီး မင်းသမီး၏ အရှေ့မှာ ကာကွယ်စောင့်ကြပ်ပေးသည်။

“ တိုက်ကြ ”

ချင်းဟိုင်က အမိန့်ပေးလိုက်သည်နှင့်ချက်ချင်း အရွယ်အစား ကြီးမားသော ပိုက်ကွန်က ဘေးပတ်ဝန်းကျင်မှ စစ်သည်တော်များ၏ လက်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထျန်းပိုက်ကွန်သည် အနှစ်တစ်ထောင်သက်တမ်းရှိသော သစ်နွယ်ပင်ဖြင့် ဖန်တီးပြုလုပ်ထားသောအရာ ဖြစ်သည်။ ယင်းက အရွယ်အစားကြီးမားသော သားရဲတိရိစ္ဆာန်များကို ဖမ်းဆီးရာတွင် အကောင်းဆုံးကိရိယာ ဖြစ်သည်။ ယင်းက ဖော်မပြနိုင်အောင် အလွန်ခိုင်ခံ့သည်။ အတိတ်မှာ သူတို့က ဒေါသူပုန်ထနေသော နွားရိုင်းတစ်ကောင်ကို ထျန်းပိုက်ကွန်ဖြင့် ဖမ်းဆီးနိုင်ခဲ့ကြသည်။ နွားရိုင်းက အပြင်းအထန် ရုန်းကန်သော်လည်း ပိုက်ကွန်ကို မချိုးဖြတ်နိုင်ခဲ့ပေ။

ကျားနက်ကို စူးစိုက်ကြည့်နေစဉ် ချင်းဟိုင်၏ မျက်လုံးက ဝင်းလက်သွားသည်။

ထျန်းပိုက်ကွန်ကို လေထဲသို့ ပစ်လွှတ်လိုက်သည်။

“ ရွှတ် ”

အရွယ်အစားကြီးမားသော အပြာရောင်ပိုက်ကွန်က မိုးမြေကို ဖုံးလွှမ်းသွားသည်။ ဤသည်မှာ အပြာရောင်တိမ်တိုက်အစုအဝေးက သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်သို့ ကြမ်းတမ်းစွာ ပြုတ်ကျသွားနေသည့်အလားပင်။ ပိုက်ကွန်၏ အစွန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသော အားကောင်းမောင်းသန် စစ်သည်တော်များက မြန်ဆန်စွာ ပြေးကြသည်။ ပိုက်ကွန်က ကျားနက်ကို ဖုံးလွှမ်းသွားသည်နှင့် သူတို့က အားကုန်ထုတ်၍ ကျားနက်ကို တင်းကျပ်စွာ ချုပ်နှောင်ကြလိမ့်မည်။

“ အာဝူး ”

ဝံပုလွေဘုရင်သည်လည်း ဝိုင်းရံခံထားရ၏။ သူက ဘေးပတ်ပတ်လည်မှ စစ်သည်တော်များကို စူးစိုက်ကြည့်လိုက်သည်။ ရက်စက်ကြမ်းကြုတ်သော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ကောင်းကင်ပေါ်သို့ ခေါင်းမော့၍ ဆွဲငင်စွာ အူလိုက်သည်။ သူက ဝံပုလွေအုပ်စုကို သီရှီထျန်အား တိုက်ခိုက်နေကြသော ရန်သူများထံသို့ ခုန်အုပ်ရန် အမိန့်ပေးချင်သည်။

“ ပိုင်ယွဲ့… မင်းရဲ့ အမျိုးအနွယ်တွေခေါ်ပြီး လှိုဏ်ဂူဆီ အရင်ပြန်ဆုတ်သွားပါ… အဲ့ဒီလူတွေ ငါ့ကို ဘာမှမလုပ်နိုင်ပါဘူး… ဒီက ကိစ္စအားလုံးကို ငါ့ဘာသာပဲ ဖြေရှင်းလိုက်မယ် ”

သီရှီထျန်က ဝံပုလွေဘုရင်ပိုင်ယွဲ့ကို ချက်ချင်း တားဆီးလိုက်သည်။ သူ၏ အကြည့်က အေးစက်သွားသည်။

သူ့အရှေ့မှ လူများက သူ့အတွက် အထူးတလည် ရောက်လာကြခြင်း ဖြစ်သည်။ ဤနေရာမှာ ဝံပုလွေအများကြီး ရှိသည်ဆိုလျှင်ပင် ထိုလူများက တိုက်ပွဲများစွာကို ဖြတ်ကျော်ဖူးသော အတွေ့အကြုံရှိ စစ်သည်တော်များ ဖြစ်ကြသည်။ ထို့ပြင် သူတို့၏ လက်ထဲမှာ လေးနှင့်မြား ကိုင်ဆောင်ထားကြပြီး သူတို့က အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ကြသည်။ ဤသို့တောအုပ်ထဲမှာ ဝံပုလွေများက အရေအတွက် အားသာချက်ရှိသည်ဆိုလျှင်ပင် သူတို့က ထိုစစ်သည်တော်များကို အန္တရာယ်ကြီးကြီးမားမား ပေးနိုင်လိမ့်မည် မဟုတ်ချေ။ အရှေ့သို့ ဆက်တိုးမည်ဆိုလျှင် သေကြေပျက်စီးမည့် အရေအတွက်သာ ပိုပြီးတိုးပွားလိမ့်မည်။

“ ဟုတ်ကဲ့ပါ အရှင် ”

ဝံပုလွေဘုရင်သည် အနည်းငယ် ဆန္ဒမရှိသော်လည်း သီရှီထျန်၏ အမိန့်ကို မနာခံဘဲ မနေဝံ့ပေ။ သူက ဆွဲငင်စွာ အူလိုက်ပြီး ဝံပုလွေအုပ်စုကို လှိုဏ်ဂူထဲသို့ အမြန်ပြန်ဆုတ်ခွာစေသည်။

ထိုဖြစ်စဉ်ကို ဖော်ပြရန် အချိန်အတော်ကြာဟန် ထင်ရသော်လည်း အမှန်မှာ ယင်းက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ဧရာမပိုက်ကွန်က သူ့အပေါ်သို့ ကျဆင်းလာနေကြောင်း သီရှီထျန် မြင်သောအခါ အေးစက်စက် အလင်းနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဝေါင်း ”

လွှမ်းမိုးဗိုလ်ကျသော ဟိန်းသံက သူ၏ ပါးစပ်ထဲမှ မိုးခြိမ်းသံပမာ ရုတ်တရက် ထွက်ပေါ်လာသည်။ သူက ကျားလက်သည်းနှစ်ခုကို သူ၏ ဦးခေါင်းထက်သို့ မြှောက်တင်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ မှိန်ဖျော့သော မဟူရာမိစ္ဆာစွမ်းအင်အလွှာက သူ၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်း ထွက်ပေါ်လာပြီး ကျားလက်သည်းများကို ဖုံးအုပ်သွားသည်။

“ ရွှတ်… ရွှတ်… ”

သူက ကျားလက်သည်းများကို သာမန်ကာလျှံကာသာ ဝှေ့ယမ်းခဲ့သည်။ သို့သော် ကျားလက်သည်းများမှ ထုတ်လွှတ်နေသော မိစ္ဆာစွမ်းအားသည် လေထဲ၌ အနက်ရောင်ကျားလက်သည်းနှစ်ခုကို မြန်ဆန်စွာ ဖွဲ့စည်းပေးလိုက်သည်။ ထက်ရှပြီး အေးစက်သော အလင်းတန်းနှစ်ခုက လေထဲသို့ ပျံတတ်သွားကြသည်။

“ ထန် ”

မိစ္ဆာစွမ်းအားမှ ဖွဲ့စည်းသွားသော ကျားလက်သည်းများက အလွန်အမင်း ထက်ရှသည်။ ထျန်းပိုက်ကွန်က အလွန်ခိုင်ခံ့သော်လည်း ယင်းက သေမျိုးလောကတွင်သာ သက်ရောက်မှုရှိသည်။ ယင်းက သီရှီထျန်အပေါ်မှာ သက်ရောက်မှုမရှိပေ။ ကြွပ်ဆပ်သော မြည်သံနှင့်အတူ ပိုက်ကွန်က အပိုင်းပိုင်းအစစ ဆုတ်ပြဲသွားသည်။

“ အား ”

ထျန်းပိုက်ကွန်ကို တင်းကျပ်စွာ ဆွဲကိုင်ထားကြသော စစ်သည်တော်များသည် ပိုက်ကွန်ပျက်စီးသွားသည်နှင့် ပြင်းထန်သော အရှိန်အဟုန်ကြောင့် အဝေးသို့ လွင့်စင်သွားကြသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် သီရှီထျန်က ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး မင်းသမီးချူယွမ်နှင့် တခြားလူများကို စိုက်ကြည့်လိုက်သည်။ သူ၏ ကျားမျက်လုံးထဲမှ အကြည့်က အလွန်အမင်း စူးရှသည်။ ဤအခိုက်အတန့်မှာ သူ၏ နဖူးပေါ်မှ ခရမ်းရောင်စာလုံးက သက်ဝင်လှုပ်ရှားလာသည်။ ဤသည်မှာ ယင်းက သူ၏ ခန္ဓာကိုယ်ထဲမှ အချိန်မရွေး လွတ်မြောက်သွားတော့မည့်အလားပင်။ အလွန်အားကောင်းသော သားရဲဘုရင်အရှိန်အဝါက ကောင်းကင်နှင့် မြေကြီးကို ဖုံးအုပ်သွားသည်။ အရှိန်အဝါက လွန်စွာ ပြင်းထန်လေရာ ယင်းက လူတိုင်း၏ ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

“ အို… မကောင်းတော့ဘူး… အဲ့ဒီကျားနက်က မိစ္ဆာသားရဲဖြစ်လာဖို့ ကျင့်ကြံနိုင်နေပြီ… သူက အသိဉာဏ်ရှိတဲ့ သာမန်တိရိစ္ဆာန်တစ်ကောင် မဟုတ်ဘူး… သူက တကယ်သန်မာတဲ့ မိစ္ဆာကျားပဲ ”

သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော မိစ္ဆာစွမ်းအားကို မြင်သောအခါ ကျန်းပိုင်ချွင်း၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။ သူက မျက်နှာဖြူဖျော့သွားသည်။ သူက မင်းသမီးချူယွမ်ကို အမြန်ပြောလိုက်သည်။

“ မင်းသမီး… ဒီမိစ္ဆာကျားက အရမ်းအန္တရာယ်များပါတယ်… ချီသန့်စင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်တောင် သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး… ကျုပ်တို့တွေ ဒီနေရာကနေ ချက်ချင်း ထွက်သွားရပါမယ်… မဟုတ်ရင် ကျုပ်တို့တွေ အန္တရာယ်ရှိလိမ့်မယ် ”

သူ၏ ကျင့်ကြံခြင်းအဆင့်က မမြင့်မားသော်လည်း သူက ဗဟုသုတကြွယ်ဝသူ ဖြစ်သည်။ သီရှီထျန် မလှုပ်ရှားခင်မှာ ယင်းကို သူမမြင်နိုင်ခဲ့ပေ။ ယခု သီရှီထျန် လှုပ်ရှားလိုက်သည့်အခါ သူက အံ့ဩထိတ်လန့်သွားပြီး မျက်နှာဖြူဖျော့သွားသည်။

ထိုသို့အစွမ်းထက်သော သားရဲတစ်ကောင်ကို မသေမျိုးကျင့်ကြံခြင်းလောကတွင် မိစ္ဆာဟု ခေါ်ဆိုကြောင်း သူသိသည်။ မိစ္ဆာများသည် သာမန်တိရိစ္ဆာန်များနှင့် ကြီးမားစွာ ကွဲပြားခြားနားကြသည်။ သူတို့က အလွန်သန်မာသော တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ ချီသန့်စင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည်ပင် သန်စွမ်းသော လက်နက်တစ်ခုမရှိလျှင် မိစ္ဆာ၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးသွားနိုင်၏။

အစက သူသည် ဤသို့ချောင်ကျသော တောင်တန်းဒေသထဲမှာ ဝိညာဉ်အသိဉာဏ်ရှိသော သာမန်ကျားနက်တစ်ကောင်သာ ရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ ထိုကျားနက်က အများဆုံး နေနှင့်လ၏ အနှစ်သာရနှင့် မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို မည်သို့စုပ်ယူသင့်ကြောင်း သိထားရုံမျှသာ ဖြစ်နိုင်သည်။ သို့သော် ယခု ဤနေရာမှာ ထိုမျှကြောက်စရာကောင်းသော မိစ္ဆာကျားတစ်ကောင် ရှိနေမည်ဟု မည်သူမျှော်လင့်ထားမည်နည်း။ အကယ်၍ သူသာ ယင်းကို စောစီးစွာ ကြိုသိခဲ့လျှင် မည်သည့်အကြောင်းနှင့်မှ ဤနေရာသို့ သူရောက်လာလိမ့်မည် မဟုတ်ချေ။

“ ဘာလဲ ”

ချင်းဟိုင်၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။ သူက မိစ္ဆာကျားအကြောင်း ဘာမှမသိသော်လည်း ကျန်းပိုင်ချွင်း၏ အသံထဲမှာ ကြောက်ရွံ့သော အရိပ်အမြွက် ပါရှိနေကြောင်း သူပြောနိုင်၏။ နှစ်ခါတွေးကြည့်ရန် မလိုပေ။ သူ့အရှေ့မှ ကျားနက်က သာမန်တိရိစ္ဆာန်တစ်ကောင် မဟုတ်ကြောင်း သူသိလိုက်သည်။

သို့သော်လည်း သူက ကျန်းပိုင်ချွင်း၏ စကားအတိုင်း ချက်ချင်း အနောက်ပြန်မဆုတ်ပေ။ သူက ဓားရှည်ကို မြှောက်လိုက်ပြီး အော်ပြောလိုက်သည်။

“ စစ်သည်တော်အားလုံး… ငါ့အမိန့်ကို နားထောင်ကြမယ်… မင်းတို့ရဲ့ လေးနဲ့ မြားကို အသုံးပြုပြီး ကျားနက်ကို တိုက်ခိုက်ကြ… အဲ့ဒီကျား သေတာ ရှင်တာ အရေးမကြီးဘူး… မြားနဲ့ ပစ်ကြ ”

ကျားနက်က အလွန်အန္တရာယ်များကြောင်း သူကြားသောအခါ ချင်းဟိုင်သည် ကျားနက်ကို ဝိညာဉ်သားရဲအဖြစ် အရှင်ဖမ်းဆီးရန် သူစိတ်မဝင်စားတော့ပေ။ သူက နှစ်ခါပြန်မစဉ်းစားဘဲ မြားများဖြင့် ကျားနက်ကို ပစ်ရန် အမိန့်ပေးလိုက်သည်။ သူက သီရှီထျန်ကို တစ်ခါတည်း သတ်ပစ်ချင်သည်။

“ ရွှတ်… ရွှတ်… ရွှတ် ”

ချင်းဟိုင် အမိန့်ပေးလိုက်သည်နှင့်ချက်ချင်း ရာပေါင်းများစွာသော ဝံပုလွေအစွယ်မြားများက လေထဲသို့ မြန်ဆန်စွာ ပျံတတ်သွားကြသည်။ ထိုမြားများက အေးစက်ထက်ရှသော အလင်းကို သယ်ဆောင်လျက် သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ပြိုင်နက် ကျဆင်းသွားကြသည်။

“ ဂရောင်း ”

ယင်းကို သီရှီထျန် မြင်သောအခါ သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ ထိုအခိုက်အတန့်မှာ ထူထဲသော အနက်ရောင်အခိုးအငွေ့က သူ၏ ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အနက်ရောင်အခိုးအငွေ့က မြူခိုးထုအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ကို အပြည့်ဖုံးလွှမ်းသွားသည်။ အနက်ရောင်မြူခိုးထုက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ လွင့်မျောနေရင်း သူ၏ တစ်ကိုယ်လုံးကို ကာကွယ်ပေးနေသည်။

“ ဒုတ် ဒုတ် ဒုတ်… ”

အနက်ရောင်မြူခိုးထုက မိစ္ဆာစွမ်းအားမှ ဖွဲ့စည်းသွားခြင်း ဖြစ်သည်။ ယင်းက ခုခံကာကွယ်နိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ထားသည်။ ဝံပုလွေအစွယ်မြားရာပေါင်းများစွာက အနက်ရောင်မြူခိုးထုကို ထိမှန်သွားသည့်အခါ အနက်ရောင်အခိုးအငွေ့က တအိအိလှုပ်ခါသွားသည်။ မြားများသည် အရှေ့သို့ တစ်လက်မ နှစ်လက်မခန့် တိုးဝင်သွားပြီးလျှင် ရပ်တန့်သွားကြသည်။ ယင်းတို့က အနက်ရောင်မြူခိုးထု၏ တားဆီးခံလိုက်ကြရသည်။

“ ဟူး ”

တစ်ချိန်တည်းမှာ သီရှီထျန်သည် သူ့အရှေ့မှ လေကို နောက်တစ်ကြိမ် အရူးအမူး စုပ်သွင်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် ကြမ်းတမ်းသော လေပြင်းက ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။ လေကို ပြင်းထန်စွာ စုပ်သွင်းလိုက်သည့်အခါ သူ၏ ကျားခန္ဓာကိုယ်က ပိုပြီးကြီးမားသွားသည်။ မိစ္ဆာစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှာ အရူးအမူး လှည့်ပတ်သွားသည်။

All Chapters