← Chapters

အခန်း (၃၂)

Vol. 3 Ch. 32

အခန်း (၃၂)

Vol. 3 Ch. 32

အခန်း(၃၂)

“ ဝေါင်း ”

ဝိညာဉ်တုန်လှုပ်စေမည့် ကျားဟိန်းသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ကျားဟိန်းသံက ကောင်းကင်ဘုံကို တုန်လှုပ်စေသည်။ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ဘေးပတ်ဝန်းကျင်မှ စစ်သည်တော်များကို ရိုက်ခတ်သွားသည်။ အရှိန်အဝါက အလွန်သိပ်သည်းလေရာ သူတို့က အသက်ရှူကျပ်လုနီးပါး ခံစားသွားကြရသည်။ ဖိအားက အလွန်ကြီးမားသောကြောင့် သူတို့၏ နှလုံးခုန်မှုသည်ပင် ရပ်တန့်သွားတော့မည့်ဟန် ရ၏။

မဟူရာအသံလှိုင်းစက်ဝန်းများက သီရှီထျန်၏ ပါးစပ်ထဲမှ ဒီရေသဖွယ် ပျံ့နှံ့ထွက်လာသည်။ အသံလှိုင်းစက်ဝန်း ပျံ့နှံ့သွားသည့်နေရာတိုင်း ကမ္ဘာမြေက ပြင်းထန်စွာ တုန်ယင်သွားသည်။ အသံသည် မည်သည့်နေရာကိုဖြစ်စေ မြန်ဆန်စွာ ပျံ့နှံ့နိုင်သည်။ ကျားဟိန်းသံသည် မိုးခြိမ်းသံပမာ ကျယ်လောင်သည်။ အစတွင် စစ်သည်တော်များ၏ ဦးခေါင်းက တုန်ခါသွားပြီး သူတို့၏ အသိစိတ်က ဗလာဖြစ်သွားသည်။ ထို့နောက် အသံလှိုင်းစက်ဝန်းများက သူတို့၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည်။

“ အား… အား… အား… ”

ချောက်ချားဖွယ်ကောင်းသော အော်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

စစ်သည်တော်များ၏ ကိုယ်တွင်းအင်္ဂါများသည် အလွန်သန်စွမ်းသော အသံလှိုင်းရိုက်ခတ်မှုကို ခံနိုင်ရည်မရှိပေ။ သူတို့၏ အသည်း၊ နှလုံးနှင့် တခြားအစိတ်အပိုင်းများက ပရမ်းပတာ လှုပ်ခါသွားကြပြီး သူတို့၏ စိတ်ဝိညာဉ်က အပေါ်သို့ မြှောက်တတ်သွားသည်။ သွေးသည် သူတို့၏ ပါးစပ်ထဲမှ ဝေါခနဲ အန်ထွက်လာသည်။ ထို့ပြင် ဒွါရခုနစ်ပေါက်မှလည်း သွေးစီးကျလာသည်။ စစ်သည်တော် တစ်ယောက်ပြီးတစ်ယောက်က မြေကြီးပေါ်သို့ လဲကျသေဆုံးသွားကြသည်။

ထိုကျားဟိန်းသံသည် မရီဒျန်အားလုံးကို ဖွင့်လှစ်ပြီးသော ကျားတစ်ကောင်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းက အနာဂတ်မှာ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ပြီး မိစ္ဆာတစ်ကောင်ဖြစ်လာမည့် ကျားဖြစ်သည်။ သို့ဖြစ်လေရာ ၎င်း၏ ကျားဟိန်းသံက အလွန်အားကောင်းသည်။

ကျားဟိန်းသံက တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်ကို ဖျက်စီးပစ်နိုင်သည်။

ကျားဟိန်းသံကို မင်းသမီးချူယွမ် ကြားသောအခါ သူက ခေါင်းမူးနောက်သွားသည်။ သူ၏ မျက်နှာက စက္ကူတစ်ရွက်နှယ် ဖြူဖျော့သွားသည်။ သို့သော်လည်း သူက မြေကြီးပေါ်မှာ လဲကျသေဆုံးသွားကြသော သာမန်စစ်သည်တော်များနှင့် ခြားနားပေသည်။ သူက ခါးပေါ်မှ သိုလှောင်အိတ်ဆီသို့ လက်လှမ်းလိုက်သည်။ သိုလှောင်အိတ်က အရောင်တောက်ပသွားသည့်အခါ အစိမ်းရောင်ပုလဲလုံးက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

အစိမ်းရောင်အလင်းက ပုလဲလုံး၏ မျက်နှာပြင်ပေါ်မှာ လှည့်ပတ်နေလေရာ ယင်းက သာမန်ပုလဲလုံး မဟုတ်ပုံရ၏။

သို့သော်လည်း ဤသို့အရေးကြီးအချိန်မှာ သူက ယင်းကို အာရုံမစိုက်နိုင်ပေ။ သူက ပုလဲလုံးကို ထုတ်ပြီးသည်နှင့် ယင်းထဲသို့ သူ၏ ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်သည်။ ဝိညာဉ်စွမ်းအားက ပုလဲလုံးထဲသို့ မြန်ဆန်စွာ စီးဆင်းသွားသည်။

“ ဝီး ”

အစိမ်းရောင်အလင်းက ပုလဲလုံး၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် အစိမ်းရောင်အလင်းချည်မျှင်များက သူတို့၏ အရှေ့မှာ ထွက်ပေါ်လာပြီး အစိမ်းရောင်အလင်းအကာအကွယ်အဖြစ် ဖွဲ့စည်းသွားသည်။ ယင်းက ကျန်းပိုင်ချွင်း၊ ချင်းဟိုင်၊ သူနှင့် အစေခံမလေးကို မြန်ဆန်စွာ ဖုံးလွှမ်းသွားသည်။

ထိုအစိမ်းရောင်အလင်းအကာအကွယ် ထွက်ပေါ်လာသည့်အခါ ရိုင်းစိုင်းကြမ်းကြုတ်သော ကျားဟိန်းသံက ချက်ချင်း နူးညံ့သွားသည်။ သူတို့၏ နားထဲတွင် ကျားဟိန်းသံက ယခင်ကဲ့သို့ ချောက်ချားဖွယ်မကောင်းတော့ပေ။ မဟူရာအသံလှိုင်းစက်ဝန်းများက မြန်ဆန်စွာ ပျံ့နှံ့ထွက်လာကြပြီး အစိမ်းရောင်အလင်းအကာအကွယ်ပေါ်သို့ ရိုက်ခတ်သွားကြသည်။

“ ဘန်း… ဘန်း… ဘန်း… ”

ထိုအစိမ်းရောင်ပုလဲက မည်သည့်ရတနာဖြစ်ကြောင်း မသိရပေ။ သို့သော်လည်း ယင်းထံမှ ထုတ်လွှတ်နေသော အစိမ်းရောင်အလင်းအကာအကွယ်သည် အသံလှိုင်းစက်ဝန်းများ၏ ဆက်တိုက် ရိုက်ခတ်ခံနေရသည်။ ကျယ်လောင်သော မြည်သံများနှင့်အတူ အလင်းအကာအကွယ်တစ်ခုလုံးက ပြင်းထန်စွာ တုန်ယင်သွားသည်။ အစိမ်းရောင်ပုလဲကို ဆုပ်ကိုင်ထားသော မင်းသမီးချူယွမ်က ကြီးမားသော တန်ပြန်သက်ရောက်မှုကို ခံစားရလိုက်ပုံပေါ်သည်။ သူ၏ မျက်နှာက ဖြူဖျော့သွားသည်။

“ ဟူး ”

ဤအခိုက်အတန့်မှာ မင်းသမီးချူယွမ်၏ သိမ်မွေ့နူးညံ့သော အသားအရေက ပြောင်းလဲသွားသည်။ အသက်ဓာတ်ကိန်းအောင်းနေသော ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ အစိမ်းရောင်ဝိညာဉ်စွမ်းအားက သူ၏ လက်ထဲမှ ထွက်ပေါ်လာပြီး အစိမ်းရောင်ပုလဲထဲသို့ စီးဆင်းသွားသည်။ ဝိညာဉ်စွမ်းအား တိုးဝင်သွားသည်နှင့်ချက်ချင်း အစိမ်းရောင်အလင်းအကာအကွယ်က ပိုပြီးခိုင်မာသွားသည်။

သို့သော်လည်း သီရှီထျန်၏ ကျားဟိန်းသံက ဆက်လက် မြည်ဟိန်းနေဆဲပင်။ သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော မဟူရာအသံလှိုင်းစက်ဝန်းများက အစိမ်းရောင်အလင်းအကာအကွယ်ကို တစ်လှိုင်းပြီးတစ်လှိုင်း ဝင်ဆောင့်သွားသည်။ သာမန်မျက်စိဖြင့် ကြည့်လျှင် အသံလှိုင်းရွေ့လျားသော အလျင်က နှေးကွေးဟန် ထင်ရ၏။ သို့သော်လည်း တကယ့်လက်တွေ့မှာ အသံလှိုင်းက အံ့ဖွယ်ကောင်းသော အလျင်ဖြင့် ရွေ့လျားနေသည်။ ဤသည်မှာ မဟူရာမြစ်ရေက အဆုံးမဲ့စွာ တသွင်သွင် စီးဆင်းနေသည့်အလားပင်။ ပထမအသံလှိုင်း ပျောက်ကွယ်သွားသည်နှင့်ချက်ချင်း ဒုတိယအသံလှိုင်းက ရောက်ရှိလာလိမ့်မည်။

ထိုသို့တရစပ် တိုက်ခိုက်မှုကြောင့် အစိမ်းရောင်အလင်းအကာအကွယ်က မြန်ဆန်စွာ မှေးမှိန်သွားသည်။ အကာအကွယ်အလွှာက ဆက်တိုက် တုန်ယင်သွားသည်။ ဤသည်မှာ ယင်းက အချိန်မရွေး ပျက်စီးသွားနိုင်သည့်အလားပင်။ တစ်ချိန်တည်းမှာ ကျားဟိန်းသံ၏ လွှမ်းမိုးဗိုလ်ကျသော သားရဲအရှိန်အဝါက အလင်းအကာအကွယ်၏ တည်ရှိမှုကို ဖြတ်ကျော်၍ အထဲမှ လူများ၏ အသိစိတ်ကို ရိုက်ခတ်သွားသည်။ ကျားဟိန်းသံက သူတို့၏ စိတ်ထဲမှာ ဆက်တိုက် မြည်ဟိန်းနေလေရာ သူတို့၏ အသိစိတ်က ဖရိုဖရဲ တုန်ခါသွားသည်။

“ ဘန်း… ဘန်း… ဘန်း ”

အချင်းတစ်မိုင်အတွင်းမှ ငှက်အားလုံးနှင့် တိရိစ္ဆာန်အားလုံးသည် နေရာမှာတင် သတိမေ့မြောသွားကြသည်။ သူတို့၏ ဒွါရခုနစ်ပေါက်မှ သွေးယိုစီးလာပြီး သူတို့၏ ခန္ဓာကိုယ်က မရပ်မနား တုန်ယင်နေသည်။ ရှည်လျားသော သစ်ပင်ကြီးများက တစ်လက်မချင်းစီ အက်ကွဲသွားကြသည်။ ဤသည်မှာ အသံလှိုင်းဖြတ်သန်းသွားသည့်နေရာတိုင်း ဧရာမကျောက်တုံးကြီးဖြင့် ဖိချခံလိုက်ရသည့်အလားပင်။ အရာအားလုံးက ကြေမွပျက်စီးသွားသည်။ ပျက်စီးလွယ်သော အရာဝတ္ထုများက ဖုန်မှုန့်အဖြစ် တိုက်ရိုက် ပြောင်းလဲသွားသည်။

သူတို့၏ ခြေဖဝါးအောက်မှ မြေကြီးက အနည်းငယ် တုန်ခါသွားသည်။

အသံလှိုင်းများ၏ အဖျက်စွမ်းအားက အလွန်အံ့ဖွယ်ကောင်း၏။ မိုးမြေကြားမှ အရာအားလုံးက အသံလှိုင်းများ၏ သက်ရောက်ခံလိုက်ရသည်။

“ အဲ့ဒီကျားနက်က အရမ်းသန်မာတယ်… ကျွန်မရဲ့ အစိမ်းရောင်ဝိညာဉ်ပုလဲက အချိန်ကြာကြာ မတောင့်ခံနိုင်ဘူး… ဂိုဏ်းတူအကိုကျန်း… ရှင့်ဆီမှာ ဝိညာဉ်သားရဲတွေကို ထိန်းချုပ်နိုင်တဲ့ သားရဲထိန်းလည်ပတ်ရှိတယ်လို့ မပြောခဲ့ဘူးလား… ရှင် ဘာကို စောင့်နေတာလဲ… မြန်မြန် ထုတ်သုံးတော့လေ… အစိမ်းရောင်ဝိညာဉ်ပုလဲ ကာကွယ်ပေးနိုင်နေတုန်း သားရဲလည်ပတ်ကို အသုံးပြုပြီး ကျားနက်ကို ဖမ်းဆီးပါ… မဟုတ်ရင် ဒီနေ့ ကျွန်မတို့အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ် ”

ကျားဟိန်းသံက အဆုံးမဲ့စွာ ဆက်လက် မြည်ဟိန်းနေပြီး ရပ်တန့်သွားမည့်ပုံမပြကြောင်း မင်းသမီးချူယွမ်မြင်သောအခါ သူ၏ အမူအရာက စတင်ပြောင်းလဲသွားသည်။ သူက အလျင်စလို အော်ပြောလိုက်သည်။

ချူတိုင်းပြည်၏ မင်းသမီးချူယွမ်က သူမခုခံနိုင်သော ကျားဟိန်းသံကို တောင့်ခံနိုင်နေကြောင်း ကျန်းပိုင်ချွင်း မြင်သောအခါ သူ၏ နှလုံးသားထဲမှာ ခါးသီးမှု ခံစားမိသွားသည်။ မင်းသမီး၏ စွမ်းအားက သူ့ထက် အများကြီး ပိုသန်မာသည်။

မင်းသမီးချူယွမ်၏ တော်ဝင်မိသားစုက အပေါ်ယံမြင်ရသကဲ့သို့ မရိုးရှင်းကြောင်း အစကတည်းက သူမျှော်လင့်ထားပြီးသား ဖြစ်၏။ တစ်စုံတစ်ယောက်က သူ့ကို မသေမျိုးကျင့်ကြံခြင်းလောက၏ ကျင့်ကြံခြင်းအတတ်ပညာများ သင်ကြားပေးခဲ့ရမည်။ သို့သော် သူ၏ ခန့်မှန်းချက်က မှန်ကန်သည်ဆိုလျှင်ပင် မင်းသမီးက သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်နေပေ။ သူက ချီဖွဲ့စည်းခြင်းနယ်ပယ်၏ အစွမ်းထက်ဆုံး ကျင့်စဉ်များအနက် တစ်ခုအပါအဝင်ဖြစ်သော သစ်သားဒြပ်စင်အထူးပြု ထာဝရနုပျိုကျင့်စဉ်ကို ကျင့်ကြံထားမည်ဟု သူမမျှော်လင့်ထားပေ။

ထို့ပြင် သူက ထာဝရနုပျိုကျင့်စဉ်ကို အဌမအဆင့်ထိ ကျင့်ကြံထားသည်။ ယင်းက ချီသန့်စင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်၏ အထွတ်အထိပ် ဖြစ်သည်။ အကယ်၍ သူသာ နဝမအဆင့်သို့ တတ်လှမ်းသွားနိုင်မည်ဆိုလျှင် ချီသန့်စင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ဝင်ရောက်သွားလိမ့်မည်။

မင်းသမီးက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်လျှင် ကိစ္စမရှိပေ။ သို့သော်လည်း သူလှုပ်ရှားလိုက်သည့်အခါ ယင်းက အလွန်ထိတ်လန့်ဖွယ်ကောင်း၏။

သူက စိတ်ထဲမှာ ခါးသီးစွာ ပြုံးလိုက်သည်။ သို့သော်လည်း သူ၏ အတွေးများက မင်းသမီးချူယွမ်၏ အော်သံကြောင့် ထိုနေရာမှာ ရပ်တန့်သွားသည်။ သူက ချက်ချင်း အသိပြန်ဝင်သွားသည်။ သူ၏ အရှေ့မှာ ကြီးကျယ်မြင့်မြတ်သော သားရဲဘုရင်က ရပ်နေကြောင်း သူမြင်သွားသည်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးက တကယ်အသက်ဝင်နေသည့်အလား စစ်မှန်၏။

ကျားနက်က လူတိုင်းကို နှလုံးတုန်ယင်သွားစေမည့် လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ကျားဟိန်းသံက အလွန်အားကောင်းလေရာ သာမန်မျက်စိဖြင့်ပင် အနက်ရောင်အသံလှိုင်းများကို မြင်နိုင်ပေသည်။ အသံလှိုင်းများက အစိမ်းရောင်အလင်းအကာအကွယ်ကို ဆက်တိုက် ရိုက်ခတ်နေသည်။ သူတို့၏ အမူအရာက ချက်ချင်း အေးစက်သွားသည်။

အလင်းအကာအကွယ် ပျက်စီးသွားလျှင် အသံလှိုင်းများက သူတို့ထံသို့ တိုက်ရိုက် သက်ရောက်လာမည်ဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။ ယင်းက သူတို့၏ ကိုယ်တွင်းအင်္ဂါများနှင့် စိတ်ဝိညာဉ်ကို မျက်စိတစ်မှိတ်အတွင်း ပျက်စီးစေနိုင်သည်။ ထိုအခါ သူတို့က သေခြင်းတရားမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

“ ကောင်းပြီ… သားရဲထိန်းလည်ပတ်က မိစ္ဆာသားရဲတွေကိုတောင် ချည်နှောင်နိုင်တယ်လို့ ကျုပ်ကြားဖူးတယ်… ဒီကျားနက်က အရမ်းသန်မာပေမဲ့ သူက အစစ်အမှန် မိစ္ဆာကျားတစ်ကောင်ဖြစ်လာတဲ့အထိ မကျင့်ကြံရသေးဘူး… မဟုတ်ရင် အချိန်ကြာကြာ သူဆက်ပြီး ဟိန်းနေမယ်ဆိုရင် ကျုပ်တို့အားလုံး ဒီနေရာမှာ အသတ်ခံရလိမ့်မယ်… သားရဲထိန်းလည်ပတ်… ဒီမိစ္ဆာကောင်ကို ချုပ်နှောင်လိုက်စမ်း ”

ဤအခိုက်အတန့်တွင် ကျန်းပိုင်ချွင်းဆီမှာ တခြားရွေးချယ်စရာ မရှိတော့ပေ။ သူက သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး တန်ဖိုးကြီးမားသော သားရဲထိန်းလည်ပတ်ကို ထုတ်လိုက်သည်။ သူက ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်ပြီး သားရဲထိန်းလည်ပတ်ကို အစိမ်းရောင်အကာအကွယ်အလွှာ၏ အပြင်ဘက်သို့ ပစ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာ သူက ထူးဆန်းသော ချိပ်တံဆိပ်သင်္ကေတတစ်ခုကို သူ၏ လက်နှစ်ဖက်ဖြင့် မြန်ဆန်စွာ ဖွဲ့စည်းလိုက်သည်။

ချိပ်တံဆိပ်သင်္ကေတ ဖွဲ့စည်းသွားသည်နှင့် သူက လက်နှစ်ဖက်ကို အရှေ့သို့ တွန်းထုတ်လိုက်သည်။ အပြာရောင်အလင်းတန်းတစ်ခုက ချိပ်တံဆိပ်သင်္ကေတထံမှ ထွက်ပေါ်လာပြီး အနက်ရောင်လည်ပတ်ကို ထိမှန်သွားသည်။ ထိုအခါ လက်ကောက်အရွယ်အစားသာရှိသော သားရဲထိန်းလည်ပတ်က အပြင်းအထန် တုန်ယင်သွားသည်။

“ ဝီး ”

တိုးညင်းသော တဝီဝီမြည်သံ ထွက်ပေါ်လာပြီးလျှင် သားရဲထိန်းလည်ပတ်က သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အရွယ်အစား ကြီးမားသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာ ယင်းက ရေတွင်းသဏ္ဍာန်ရှိသော စက်ဝိုင်းတစ်ခုသဖွယ် အရွယ်အစား ကြီးမားသွားသည်။ သားရဲထိန်းလည်ပတ်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများ ရှိ၏။ ဤအခိုက်အတန့်မှာ ယင်းတို့က ထူးဆန်းသော စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။

ကျန်းပိုင်ချွင်းက သီရှီထျန်ထံသို့ လက်ညှိုးညွှန်လိုက်လေရာ သားရဲထိန်းလည်ပတ်က အနက်ရောင်အလင်းတန်းအဖြစ် အသွင်ပြောင်းလဲသွားပြီး သီရှီထျန်၏ လည်ပင်းကို ချက်ချင်း ရစ်ပတ်လိုက်သည်။

“ မင်းတို့က သေချင်နေတာပဲ ”

မင်းသမီးချူယွမ်နှင့် တခြားလူများကို ဖုံးလွှမ်းထားသော အစိမ်းရောင်အလင်းအကာအကွယ်က သူ၏ အသံလှိုင်းတိုက်ခိုက်မှုကို အမှန်တကယ် ခုခံတားဆီးနိုင်ကြောင်း သီရှီထျန် မြင်သွားသောအခါ ယင်းက မသေမျိုးကျင့်ကြံခြင်းလောက၏ အတတ်ပညာဖြစ်ရမည်ဟု သူနားလည်သွားသည်။ သို့ဖြစ်လေရာ ယခု သူ၏ အရှေ့မှာ ရပ်နေသူများက မသေမျိုးကျင့်ကြံသူများဖြစ်ကြောင်း မည်သို့ကြောင့် သူမသိဘဲ နေမည်နည်း။ ထိုသို့သိသွားသောအခါ ထိုလူများကို လုံးဝ အလွတ်မပေးရန် သူဆုံးဖြတ်လိုက်သည်။

အကယ်၍ ထိုလူများသာ လွတ်မြောက်သွားလျှင် မကြာခင်မှာ အရေအတွက်များပြားသော မသေမျိုးကျင့်ကြံသူများက သူ့ကို သတ်ပစ်ရန် ကျားရဲတောင်တန်းဒေသဆီသို့ ရောက်လာကြလိမ့်မည်။

ထို့ကြောင့် သူက အစိမ်းရောင်အလင်းအကာအကွယ်ကို ချိုးဖြတ်ရန်အလို့ငှာ ကျားဟိန်းသံအတတ်၏ စွမ်းအားကို ထပ်မံ တိုးမြှင့်ရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ကျန်းပိုင်ချွင်း ပစ်လွှတ်လိုက်သော သားရဲထိန်းလည်ပတ်က သူ၏ မျက်စိအရှေ့မှာ ထွက်ပေါ်လာသည်။

သားရဲထိန်းလည်ပတ်က ထူးဆန်းသော အသံကို ထုတ်လွှတ်လိုက်သည်။ ထိုအသံက သူ၏ နားထဲသို့ ရှင်းလင်းပီသစွာ ဝင်ရောက်လာသည့်အခါ သူက အသိစိတ်ဝေဝါးသွားသည်။ ထူးဆန်းသော ထိုအသံက ကောင်းမွန်သောအရာ မဟုတ်ကြောင်း သူသိလိုက်သည်။ သူက ပါးစပ်ဖြဲ၍ ပိုပြီးကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူက ထူးဆန်းသော အသံကို သူ၏ ကျားဟိန်းသံဖြင့် ဖုံးလွှမ်းပစ်ချင်သည်။ ကျားဟိန်းသံက မရပ်တန့်သွားပေ။ တစ်ချိန်တည်းမှာ သူက ကျားလက်သည်းကို မြှောက်လိုက်ပြီး သားရဲထိန်းလည်ပတ်ပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။

“ ဝှစ် ”

မိစ္ဆာစွမ်းအားမှ ဖွဲ့စည်းသွားသော မဟူရာကျားလက်သည်းက သားရဲထိန်းလည်ပတ်၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ထိုမဟူရာကျားလက်သည်းက အနည်းငယ် ဝေဝါးနေပြီး တအိအိလှုပ်ခတ်နေသော အနက်ရောင်မြူခိုးနှင့် ဆင်တူသော်လည်း ယင်းထဲမှာ ကိန်းအောင်းနေသော ခွန်အားက မသေးပေ။ ချွန်ထက်သော ကျားလက်သည်းက သားရဲထိန်းလည်ပတ်ပေါ်သို့ ကျဆင်းသွားသည်။

“ ဝီး ”

သားရဲထိန်းလည်ပတ်က တိုးညင်းသော တဝီဝီမြည်သံကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ထူထဲသော အနက်ရောင်အလင်းအလွှာတစ်ခုက သားရဲထိန်းလည်ပတ်မှ ထွက်ပေါ်လာသည်။ ထူးခြားဆန်းကြယ်သော မှော်အဆောင်များသည်လည်း သားရဲထိန်းလည်ပတ်မှ ထွက်ပေါ်လာကြပြီး ဘေးပတ်ပတ်လည်မှာ လွင့်မျောသွားကြသည်။

ကျားလက်သည်းက သားရဲထိန်းလည်ပတ်မှ ထုတ်လွှတ်လိုက်သော မှော်အဆောင်များနှင့် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ သတ္ထုမြည်သံက လေထဲမှာ ထွက်ပေါ်လာသည်။ ကြီးမားသော သက်ရောက်အားက သားရဲထိန်းလည်ပတ်ပေါ်သို့ ချက်ချင်း ကျဆင်းသွားသည်။ သားရဲထိန်းလည်ပတ်မှ ထုတ်လွှတ်လိုက်သော အနက်ရောင်အလင်းအလွှာက အရောင်မှိန်ဖျော့သွားသည်။ မရေမတွက်နိုင်သော မှော်အဆောင်များက ကျုံ့သွားကြပြီး သားရဲထိန်းလည်ပတ်ထဲသို့ ပြန်ဝင်သွားကြသည်။

All Chapters