← Chapters

အခန်း (၃၃)

Vol. 3 Ch. 33

အခန်း (၃၃)

Vol. 3 Ch. 33

အခန်း(၃၃)

မိစ္ဆာစွမ်းအားမှ ဖွဲ့စည်းသွားသော ကျားလက်သည်းသည်လည်း အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။

“ ဖူချီ ”

သားရဲထိန်းလည်ပတ်ကို ကျန်းပိုင်ချွင်းက ထိန်းချုပ်ထားသည်။ သားရဲထိန်းလည်ပတ်က ကြီးမားသော သက်ရောက်အားဖြင့် တွေ့ဆုံသွားသည့်အခါ သူသည်လည်း တန်ပြန်ဆိုးကျိုးကို ခံစားသွားရသည်။ အလွန်ကြီးမားသော အင်အားက သားရဲထိန်းလည်ပတ်မှ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို တိုက်ခိုက်လာကြောင်း သူခံစားမိသွားသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားက ပရမ်းပတာ လှုပ်ခါသွားသည်။ သူက မျက်နှာဖြူဖျော့သွားပြီး ပါးစပ်အပြည့် ဝေါခနဲ သွေးအန်လိုက်သည်။ သွေးအန်ပြီးနောက် သူ၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သူက အပြင်းအထန် ဒဏ်ရာရရှိသွားသည်။ ယခု သူက မြေကြီးပေါ်မှာ မတ်တတ်ရပ်ရန်ပင် ခက်ခဲသွားသည်။

“ မကောင်းတော့ဘူး… သွားကြစို့ ”

သားရဲထိန်းလည်ပတ်က ကျားလက်သည်းဖြင့် ရိုက်ချခံလိုက်ရပြီး အဝေးသို့ လွင့်စင်သွားကြောင်း မင်းသမီးချူယွမ် မြင်သောအခါ အခြေအနေမကောင်းတော့ကြောင်း သူနားလည်သွားသည်။ သူက တိုးညင်းစွာ အော်လိုက်ပြီး မှော်အဆောင်တချို့ကို ပစ်လွှတ်လိုက်သည်။ သူက မှော်အဆောင်ကို သူ့ကိုယ်သူနှင့် သူ၏ ဘေးပတ်ဝန်းကျင်မှ လူများပေါ်မှာ အသုံးပြုလိုက်သည်။

မှော်အဆောင်ကို ခန္ဓာကိုယ်ပေါ်မှာ ကပ်လိုက်သည့်အခါ အင်အားတစ်ခုက သူတို့၏ ခြေထောက်နှစ်ချောင်းထံသို့ မြန်ဆန်စွာ တိုးဝင်လာနေကြောင်း သူတို့ခံစားမိသွားကြသည်။ သူတို့က ဤနေရာမှ အမြန်ဆုံး ထွက်ပြေးရန် စိတ်ဆန္ဒပြင်းပြကြသည်။

“ နတ်ဘုရားခရီးသွားမှော်အဆောင် ”

ယင်းကို မြင်သောအခါ ကျန်းပိုင်ချွင်းက ဖော်မပြနိုင်အောင် ဝမ်းသာပျော်ရွှင်သွားသည်။ ချီသန့်စင်ခြင်းနယ်ပယ်မှ မသေမျိုးကျင့်ကြံသူများသည် ချီသန့်စင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်သို့ မရောက်သေးမီ ဓမ္မလက်နက်များကို အသုံးပြုနိုင်ဦးလိမ့်မည် မဟုတ်ချေ။ သို့ဖြစ်၍ လေပေါ်ပျံသန်းခြင်းကို သူတို့မပြုလုပ်နိုင်ကြပေ။ သို့သော် တစ်စုံတစ်ယောက်သည် ကောင်းကင်လေမန္တန်ကို အသုံးပြု၍ လေထဲမှာ ပျံသန်းနိုင်ပေသည်။ သို့မဟုတ် သူတို့က နတ်ဘုရားခရီးသွားမှော်အဆောင်ကို အသုံးပြု၍ မြန်ဆန်စွာ ပြေးနိုင်ကြသည်။

နတ်ဘုရားခရီးသွားမှော်အဆောင်သည် မှော်အဆောင်ပေါ်မှာ နတ်ဘုရားခရီးသွားအတတ်ပညာကို ရေးထွင်းထားသော ပစ္စည်းဖြစ်သည်။ တစ်စုံတစ်ယောက်သည် ထိုမှော်အဆောင်ဖြင့်ဆိုလျှင် တစ်ရက်အတွင်း မိုင်တစ်ထောင်အကွာအဝေးသို့ ခရီးနှင်နိုင်လိမ့်မည်။

“ သွားကြစို့ ”

ယခုအချိန်မှာ နောက်ထပ် စကားပြောရန် မလိုပေ။ မင်းသမီးချူယွမ်သည် သူ့ဘေးမှ အစေခံကို ခေါ်ဆောင်၍ အနောက်လှည့်ပြီး ထွက်ပြေးသည်။ သူတို့၏ အလျင်က အလွန်မြန်ဆန်လေရာ သူတို့၏ အနောက်တွင် အကြွင်းအကျန်ပုံရိပ်များ ထွက်ပေါ်လာသည်။ ယခု သူက ဤတောအုပ်ထဲမှ အမြန်ဆုံး ထွက်ပြေးရန်သာ ဆန္ဒရှိတော့သည်။

ကျန်းပိုင်ချွင်း မထွက်ပြေးမီ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက သိုလှောင်အိတ်ထဲမှ အရေအတွက်များပြားသော မှော်အဆောင်များကို ထုတ်ယူလိုက်ပြီး လက်ထဲမှာ ဆုပ်ကိုင်လိုက်သည်။ သူက ဝိညာဉ်စွမ်းအားကို မှော်အဆောင်များထဲသို့ ပို့လွှတ်လိုက်ပြီး ယင်းတို့ကို မြန်ဆန်စွာ အသက်သွင်းလိုက်သည်။ ထို့နောက် သူက မှော်အဆောင်များကို သီရှီထျန်ပေါ်သို့ ပစ်လွှတ်လိုက်သည်။ ထိုသို့လုပ်ဆောင်ပြီးလျှင် သူက အနောက်လှည့်၍ အမြန်ထွက်ပြေးသည်။

“ ဗုန်း… ဗုန်း… ဗုန်း… ”

ယင်းတို့က မှော်အဆောင်တိုက်ခိုက်မှုများ ဖြစ်ကြသည်။ မှော်အဆောင်များသည် အရေအတွက်တစ်ရာထက် မနည်းပေ။ ဤအခိုက်အတန့်မှာ ယင်းတို့အားလုံးက စက်ကရာ၏ ခန္ဓာကိုယ်ပေါ်သို့ မိုးရေစက်များသဖွယ် တစ်ပြိုင်နက် ကျဆင်းလာကြသည်။

“ ဝေါင်း ”

“ ဂရား ”

“ သူတို့ကို ငါအလွတ်ပေးလို့ မဖြစ်ဘူး ”

သီရှီထျန်၏ မျက်လုံးက အေးစက်သွားသည်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးက တအိအိလှုပ်ခါလာသည်။ ဤသည်မှာ ယင်းက သူ၏ နဖူးပေါ်မှ ထွက်ခွာသွားတော့မည့်အလားပင်။ သူက တုံ့ဆိုင်းမနေဘဲ လေထဲသို့ လွှားခနဲ ခုန်လိုက်ပြီး မင်းသမီးချူယွမ်နှင့် တခြားလူများနောက်သို့ အမြန်လိုက်ဖမ်းသည်။

“ မသေမျိုးကျင့်ကြံသူတွေ… အဲ့ဒီကျင့်ကြံသူတွေကို ငါအလွတ်ပေးလို့ မဖြစ်ဘူး ”

ထိုလူများထဲမှ တစ်စုံတစ်ယောက် ယနေ့ လွတ်မြောက်သွားလျှင် အနာဂတ်မှာ ထွက်ပြေးရမည့်လူက သူဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း သီရှီထျန် ကောင်းကောင်း နားလည်သည်။ သနားကြင်နာစိတ်က သူ့အတွက် အသက်အန္တရာယ်ကပ်ဘေးကို ဖိတ်ခေါ်လာလိမ့်မည်။

နတ်ဘုရားခရီးသွားမှော်အဆောင်သည် သာမန်လူတစ်ယောက်ကို တစ်နေ့တည်းဖြင့် မိုင်တစ်ထောင်အကွာအဝေးသို့ ခရီးနှင်စေနိုင်သည်။ ယခု ထိုမှော်အဆောင်က မင်းသမီးချူယွမ်ကဲ့သို့ ကျင့်ကြံသူတစ်ယောက်၏ လက်ထဲမှာ အသုံးပြုခံလိုက်ရသည့်အခါ နတ်ဘုရားခရီးသွားအတတ်ပညာ၏ စစ်မှန်သော မှော်စွမ်းရည်က ပေါ်လျှိုးလာသည်။ သူ၏ အလျင်က မယုံကြည်နိုင်ဖွယ်ကောင်းစွာ အလွန်မြန်သည်။ စက်ကရာ၏ အလျင်က အလွန်မြန်ဆန်သော်လည်း အစောနက သူသည် ကျန်းပိုင်ချွင်း၏ မှော်အဆောင်များကြောင့် တစ်ခဏကြာ ဟန့်တားခံခဲ့ရသည်။

ယင်းက မျက်တောင်တစ်ခတ်စာ ကြာချိန်မျှသာ ဖြစ်သော်လည်း တောအုပ်ထဲသို့ နောက်တစ်ကြိမ် သူဝင်ရောက်သွားသည့်အခါ မင်းသမီးချူယွမ်နှင့် တခြားလူများ၏ သဲလွန်စကို သူမမြင်တော့ကြောင်း အံ့အားသင့်ဖွယ်ကောင်းစွာ ရှာတွေ့သွားသည်။

တစ်ခဏကြာပြီးနောက် သူက အစောနက တိုက်ပွဲဖြစ်ခဲ့သော နေရာဆီသို့ ပြန်သွားသည်။

သီရှီထျန်က ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ မကြာမီ သူ၏ အကြည့်က ထူးဆန်းသော အနက်ရောင် သားရဲထိန်းလည်ပတ်ပေါ်သို့ ကျရောက်သွားသည်။ ယင်းကို အကြည့်တစ်ချက်ဖြင့် သူမှတ်မိသည်။ ယင်သည် အစောနက အဝေးသို့ သူရိုက်ချလိုက်သော သားရဲထိန်းလည်ပတ်ဖြစ်သည်။

ထိုလည်ပတ်က မည်သည့်အရာဖြစ်ကြောင်း သူမသိသော်လည်း ယင်းက မသေမျိုးကျင့်ကြံသူတစ်ယောက် အသုံးပြုသော ဓမ္မရတနာတစ်ခုဖြစ်ကြောင်း သူသေချာသည်။

သူက အရှေ့သို့ လျှောက်သွားပြီး သားရဲထိန်းလည်ပတ်ကို ပါးစပ်ဖြင့် ကိုက်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သော အကြည့် ထွက်ပေါ်လာသည်။

“ ဝေါင်း ”

သီရှီထျန်က ဟိန်းဟောက်လိုက်သည်။

လှိုဏ်ဂူထဲမှာ ပုန်းအောင်းနေသော ဝံပုလွေဘုရင်ပိုင်ယွဲ့သည် သီရှီထျန်၏ ညွှန်ကြားချက်ကို ရရှိသွားသည့်အလား လှိုဏ်ဂူအပြင်သို့ ချက်ချင်း ခုန်ထွက်လာသည်။ သူက သီရှီထျန်၏ အရှေ့သို့ ကြောက်ရွံ့ရိုသေစွာ လျှောက်လာပြီး ခေါင်းငုံ့လိုက်သည်။

“ ဒီနေရာက မလုံခြုံတော့ဘူး… မင်းရဲ့ အမျိုးအနွယ်တွေကို ခေါ်ပြီး အရင်က ငါပြောထားတဲ့ နေရာဆီ အခုပဲ ပြောင်းရွှေ့ပါ… အခြေချပြီးသွားရင် ဒီကျားရဲတောင်တန်းဒေသထဲမှာရှိတဲ့ သားရဲဘုရင်တွေကို စုံစမ်းဖို့ အမြန်ဆုံး လုပ်ဆောင်ပါ ”

သီရှီထျန်က တိုးညင်းစွာ ဟိန်းလိုက်ပြီး အမိန့်ပေးသည်။

ဝံပုလွေဘုရင်ပိုင်ယွဲ့သည်လည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

“ ဟုတ်ကဲ့ပါ အရှင်… တခြားသားရဲဘုရင်တွေအကြောင်း စုံစမ်းဖို့ ကျွန်တော့်လူတွေကို စေလွှတ်ထားပြီးပါပြီ… မကြာခင် သတင်းရလာပါလိမ့်မယ်… အဲ့ဒီအချိန်ကျရင် အရှင့်ဆီ အမြန်ဆုံး ကျွန်တော် လာအကြောင်းကြားပါမယ် ”

“ အင်း… အခုပဲ ပြောင်းရွှေ့ဖို့ စပြင်ဆင်တော့ ”

သီရှီထျန်က ခေါင်းညိတ်လိုက်သည်။ ထိုသို့ပြောပြီးနောက် သူက အနောက်လှည့်လိုက်ပြီး သူ့ကိုယ်ပိုင်လှိုဏ်ဂူဆီသို့ ပြန်သွားသည်။ တောအုပ်ထဲမှာ လမ်းလျှောက်နေစဉ် သူ၏ အသိစိတ်က မအေးချမ်းနေပေ။

ကိစ္စများက ထိုသို့ပြောင်းလဲသွားမည်ဟု သူမမျှော်လင့်ထားပေ။ ပထမဆုံးအချက်မှာ တစ်ဖက်လူက ချူတိုင်းပြည်၏ မင်းသမီးချူယွမ် ဖြစ်သည်။ သူတို့၏ ပြောစကားများအရ သူတို့က သူ့ကို ဖမ်းဆီးရန် အထူးတလည် ရောက်လာကြခြင်း ဖြစ်သည်။ ထိုအုပ်စုက သူ့ကို အဓိကပစ်မှတ်ထားနေကြောင်း ထင်ရှားပေသည်။

ထို့ပြင် တစ်ဖက်လူက သေမျိုးလောက၏ သာမန်မင်းသမီးတစ်ပါး မဟုတ်ပေ။ သူက မသေမျိုးကျင့်ကြံသူတစ်ယောက်လည်း ဟုတ်၏။ သီရှီထျန်သည် သေမျိုးလောက၏ မင်းသမီးကို မကြောက်ပေ။ မိစ္ဆာစွမ်းအားကို သူကျင့်ကြံနိုင်သည့်အချိန်မှစ၍ သေမျိုးလောကထဲတွင် သူ့ကို အန္တရာယ်ပေးနိုင်သော လူများက အများကြီး မရှိတော့ပေ။

သို့သော်လည်း မသေမျိုးကျင့်ကြံသူများက ခြားနားပေသည်။

မင်းသမီးချူယွမ်၏ စွမ်းအားက သူ့ထက် နိမ့်ကျကြောင်း သီရှီထျန် ခံစားမိသည်။ သို့သော်လည်း သူတို့ကြားမှ ကွာခြားမှုက အများကြီး မဟုတ်ပေ။ သူက ချီသန့်စင်ခြင်းနယ်ပယ်မှာသာ ရှိသေးကြောင်း ထင်ရှား၏။ သူက ဓမ္မရတနာတစ်ခု၏ စွမ်းအားကို အမှီပြု၍ သူ၏ ကျားဟိန်းသံကို အချိန်အတော်ကြာကြာ တောင့်ခံနိုင်ခဲ့သည်။ အကယ်၍ မင်းသမီးချူယွမ်ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သော ကျင့်ကြံသူများက ဤတောအုပ်သို့ ရောက်လာမည်ဆိုလျှင် သူက ထိုလူများကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။

ယင်းက သီရှီထျန်ကို စိတ်ပူပန်စေသည်။

သူက စိတ်ထဲမှာ တွေးတောလိုက်သည်။

“ အဲ့ဒီမသေမျိုးကျင့်ကြံသူတွေက ဒီတစ်ကြိမ် လွတ်မြောက်သွားတယ်… သူတို့က လက်စားပြန်ချေဖို့ သေချာပေါက် ပြန်လာကြလိမ့်မယ်… အဲ့ဒီအခါကျရင် ပိုပြီးအစွမ်းထက်တဲ့ မသေမျိုးကျင့်ကြံသူတွေ ပါလာနိုင်တယ် ”

“ အခု ငါက ‘ ကျားဟိန်းသံကျင့်စဉ် ’ရဲ့ တတိယအဆင့်ကို ချိုးဖြတ်သွားပြီး မသေမျိုးကျင့်ကြံခြင်းလောကရဲ့ ချီသန့်စင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်နဲ့ နှိုင်းယှဉ်နိုင်သွားပြီ… ဒါပေမဲ့ ငါ့ကိုယ်ပိုင်မိစ္ဆာစံအိမ်ကို မဖွင့်လှစ်ရသေးတာကြောင့် ငါက စစ်မှန်တဲ့ မိစ္ဆာတစ်ကောင်မဟုတ်သေးဘူး… လက်နှစ်ဖက်တည်းနဲ့ ဝံပုလွေအုပ်စုကို ရင်ဆိုင်မယ်ဆိုရင် အခက်တွေ့လိမ့်မယ်… ဒီနေရာမှာ ဆက်နေတာက ငါ့အတွက် အရမ်းအန္တရာယ်များတယ်… ကျားရဲတောင်တန်းဒေသကနေ အမြန်ဆုံး ငါပြောင်းရွှေ့ရမယ် ”

သီရှီထျန်က လေးနက်စွာ တွေးတောလိုက်သည်။ မင်းသမီးချူယွမ်က သူ့ကြောင့် တောအုပ်ထဲမှ မောင်းထုတ်ခံလိုက်ရ၏။ သို့သော် မင်းသမီးချူယွမ် ထုတ်ဖော်ပြခဲ့သော စွမ်းအားက သူ့ကို ပိုပြီးအမြင်ကျယ်စေသည်။

မသေမျိုးကျင့်ကြံသူများ၏ တည်ရှိမှုကို အစကတည်းက သူသိထားပြီး ဓားပျံဖြင့် လေပေါ်ပျံသန်းနိုင်သော ကျင့်ကြံသူများကိုပင် သူမြင်ဖူးသည်။ သို့သော် ဤတစ်ကြိမ်က မသေမျိုးကျင့်ကြံသူတစ်ယောက်နှင့် ပထမဆုံးအကြိမ် သူကိုယ်တိုင် ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။

မသေမျိုးကျင့်ကြံသူများ၏ မှော်အဆောင်များသည် အလွန်အံ့ဖွယ်ကောင်းသည်။ ယင်းတို့က အစွမ်းသော တိုက်ခိုက်မှုအမျိုးမျိုးကို ဖန်တီးပေးနိုင်သည်။ ဥပမာ မီးဘောလုံးများ၊ မြေကြီးလှံများ၊ လေဓားသွားများ၊ ရေခဲအဆူးချွန်များ အစရှိသည်တို့ ဖြစ်ကြသည်။ ယင်းက သီရှီထျန်ကို အံ့ဩထိတ်လန့်စေသည်။ နောက်ဆုံးမှာ သူက မသေမျိုးကျင့်ကြံသူများ၏ မှော်စွမ်းရည်ကို မြင်တွေ့သွားသည်။

ယင်းက အမှန်တကယ် အလွန်အားကောင်းသည်။

အကယ်၍ ထိုတိုက်ခိုက်မှုအားလုံးကို သူ၏ မိစ္ဆာစွမ်းအားဖြင့် မကာကွယ်ခဲ့လျှင် သူ၏ ခန္ဓာကိုယ်က မည်မျှသန်မာပါစေ ယင်းတို့ကို ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ သူက အသက်မသေလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားလိမ့်မည်။

“ အဲ့ဒါတွေက မသေမျိုးကျင့်ကြံခြင်းလောကရဲ့ အဆင့်နိမ့်မန္တန်တွေပဲ ဖြစ်နေမှာ ငါစိုးရိမ်တယ်… ဒါတောင် အဲ့ဒီမန္တန်တွေက အရမ်းအားကောင်းတယ်… အခြေတည်နယ်ပယ်နဲ့ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်က ကျင့်ကြံသူတွေဆိုရင် ဒီထက် အများကြီး ပိုအစွမ်းထက်လိမ့်မယ်… ငါ့ရဲ့ ကျားဟိန်းသံက သူတို့အပေါ် အလုပ်ဖြစ်မှာ မဟုတ်ဘူး ”

“ ဒီနေရာမှာ ငါဆက်နေလို့ မဖြစ်ဘူး… ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်ဘူး… အရာအားလုံး အမြန်အခြေချပြီးရင် ဒီနေရာကနေ ချက်ချင်း ငါထွက်သွားရမယ်… ဒီကျားရဲတောင်တန်းဒေသကနေ ဝေးနိုင်သမျှအဝေးကို ငါထွက်သွားရမယ် ”

သီရှီထျန်က လေးနက်စွာ တွေးတောပြီးလျှင် စိတ်ဓာတ်ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။

သူက လမ်းလျှောက်နေရင်း ထိုအကြောင်းကို တွေးတောနေသည်။ အချိန်မည်မျှကုန်လွန်သွားကြောင်း သူမသိလိုက်ခင်မှာ သူ့ကိုယ်ပိုင်လှိုဏ်ဂူဆီသို့ ပြန်ရောက်သွားသည်။ သူက လှိုဏ်ဂူထဲသို့ ဝင်ရောက်ပြီးလျှင် လှိုဏ်ဂူ၏ အနက်ပိုင်းထဲသို့ လျှောက်သွားသည်။ သူက မြေကြီးပေါ်မှာ လဲလျောင်းလိုက်ပြီး ပါးစပ်ဖွင့်လိုက်သည်။

“ ချလွင် ”

ကြွပ်ဆပ်သော မြည်သံနှင့်အတူ သားရဲထိန်းလည်ပတ်က မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး အကြိမ်ရေအနည်းငယ် လှည့်ပတ်သွားသည်။ ထိုသားရဲထိန်းလည်ပတ်က စက်ကရာ၏ အကြည့်ကို ဆွဲဆောင်သွားသည်။ သူက ထူးဆန်းသော လည်ပတ်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။

“ အဲ့ဒါ ဓမ္မရတနာလား ”

သားရဲထိန်းလည်ပတ်၏ နာမည်ကို သူမသိသော်လည်း ယင်းက သူ၏ မျက်စိအရှေ့မှာ အရွယ်အစားကြီးမားလာကြောင်း မျက်မြင်တွေ့ခဲ့ရသည်။ ထို့နောက် လည်ပတ်က လေထဲသို့ ပျံသန်းသွားပြီး သူ့ကို ရစ်ပတ်လိုက်သည်။ ထိုအချိန်မှာ သူက သဘာဝရန်သူနှင့် ရင်ဆိုင်နေရသည့်အလား ဝေဝေဝါးဝါး ခံစားမိခဲ့သည်။ အန္တရာယ်အငွေ့အသက်ကိုပင် ထိုသားရဲထိန်းလည်ပတ်ထံမှ သူရရှိခဲ့သည်။

အကယ်၍ သားရဲထိန်းလည်ပတ်၏ နာမည်ကိုသာ သူသိထားလျှင် နောက်ထပ် သံသယရှိတော့မည် မဟုတ်ချေ။

သားရဲထိန်းလည်ပတ်သည် ရှေးခေတ်ကတည်းက ထွက်ပေါ်လာခဲ့သော အံ့ဖွယ်ဓမ္မရတနာတစ်ခု ဖြစ်သည်။ ယင်းဆီမှာ ဝိညာဉ်သားရဲများနှင့် မိစ္ဆာသားရဲများကို ဖမ်းဆီးနိုင်သော စွမ်းရည်မှလွဲလျှင် တခြားမည်သည့်ထူးခြားချက်မှ မရှိပေ။ သားရဲတစ်ကောင်၏ လည်ပင်းက ထိုလည်ပတ်ဖြင့် အစွပ်ခံရပြီး ချုပ်နှောင်ခံရလျှင် သူ့ကိုယ်ပိုင်လွတ်လပ်မှုကို ဆုံးရှုံးသွားလိမ့်မည်။

ထို့ပြင် ယင်း၏ စွမ်းအားက အသုံးပြုသူ၏ ကျင့်ကြံခြင်းအဆင့်ပေါ် မူတည်၍ တိုးမြှင့်သွားနိုင်သည်။ ဥပမာ သားရဲထိန်းလည်ပတ်ကို အသုံးပြုသူက အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် သီရှီထျန်က ယင်းကို အလွယ်တကူ ဖယ်ရှားနိုင်လိမ့်မည်မဟုတ်ချေ။ သားရဲထိန်းလည်ပတ်က သူ၏ လည်ပင်းကို စွပ်သွားရန် ရာခိုင်နှုန်းများလိမ့်မည်။ ထို့ကြောင့် မသေမျိုးကျင့်ကြံခြင်းလောကတွင် သားရဲထိန်းလည်ပတ်က ဝိညာဉ်သားရဲများကို ဖမ်းဆီးနိုင်သော အကောင်းဆုံးကိရိယာ ဖြစ်သည်။

သားရဲများအတွက် ကံကောင်းသည်မှာ သားရဲထိန်းလည်ပတ်ကို ဖန်တီးသန့်စင်သော နည်းလမ်းက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးသွားခဲ့သည်။ ထို့ကြောင့် မျက်မှောက်ခေတ်၏ မသေမျိုးကျင့်ကြံခြင်းလောကတွင် သားရဲထိန်းလည်ပတ်များက အရေအတွက်အနည်းငယ်သာ ကျန်ရှိကြတော့သည်။ တစ်ခုပျောက်ဆုံးသွားခြင်းက ဖမ်းချုပ်ခံရမည့် သားရဲတစ်ကောင် လျော့ပါးသွားခြင်း ဖြစ်သည်။

ကျန်းပိုင်ချွင်းက ထိုသားရဲထိန်းလည်ပတ်ကို မတော်တဆ ရရှိခဲ့ခြင်း ဖြစ်သည်။ သားရဲထိန်းလည်ပတ်က မည်မျှတန်ဖိုးကြီးမားကြောင်း သူသိသည်။ မင်းသမီးချူယွမ်ကို စိတ်ကျေနပ်စေချင်သောကြောင့် မဟုတ်လျှင် သူက ထိုမျှတန်ဖိုးကြီးမားသော ဓမ္မရတနာကို ထုတ်သုံးခဲ့လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယခု ယင်းက သီရှီထျန်၏ လက်ထဲသို့ ကျရောက်သွားသည်။

All Chapters