လေထဲမိုးထဲဝယ်
Vol. 4 Ch. 346
ဆန်းလျန်သာ ဖန်းယန်ယင်း၏ မျက်ခုံး နှစ်ခုကြားဆီမှ တစ်ဆင့် တန်ခိုး စွမ်းအားများ ပေးပို့ကာ သူမ၏ သဏ္ဌာန်မဲ့ဓားဝိညာဉ်ကို ရပ်တန့်ခဲ့ခြင်း မရှိလျှင် သူမသည် တစ်ထိုင်တည်းဖြင့် သဏ္ဌာန်မဲ့ ဓားသိုင်းပညာ ဒဿမ အဆင့်ထိ ရောက်ရှိသွားမည် ဖြစ်လေသည်။
သို့သော် ထိုသို့ဖြစ်ခဲ့ပါက သူမ၏ သဏ္ဌာန်မဲ့ဓားသိုင်း အခြေခံအုတ်မြစ်မှာ မတည်မငြိမ် ဖြစ်သွားမည် ဖြစ်လေသည်။
အခြေခံမခိုင်ပါက နောင်တစ်ချိန်တွင် သူမသည် ဟိုင်သန်းအဆင့်ကို ပုံပြောင်း အဆင့်ရှစ်ဆင့်ဖြင့် တက်ရောက်နိုင်ခဲ့လျှင်တောင်မှ အခြေခံကောင်း ရရှိရန်အတွက် နှစ်ပေါင်း တစ်ရာခန့် ပြန်လည် ကျင့်ကြံရမည် ဖြစ်လေသည်။
ထို့ကြောင့် ဆန်းလျန်က သူမကို တားဆီးခဲ့ခြင်း ဖြစ်လေသည်။
သေစေခြင်း ကျောင်းတော်မှ တပည့်များအားလုံး အသတ်ခံခဲ့ ရသည့်တိုင် ဖန်းယန်ယင်း ကတော့ ကံကောင်းစွာဖြင့် အသက်ရှင် ကျန်ရစ်ခဲ့လေသည်။
ထို့ကြောင့် ကံကြမ္မာ ကောင်းရှိသည့် ဖန်းယန်ယင်းသည် အဆုံးသတ်လည်း ကောင်းမွန် လိမ့်မည်ဟု ဆန်းလျန်က မျှော်လင့်ထားလေသည်။
ထိုအချိန်မှာပင်….
မိုးဖွဲလေးများကျလာလေသည်။
ဆန်းလျန်သည် သေစေခြင်း ကျောင်းတော်ဆီမှ လမ်းလျှောက် ထွက်ခွာသွားလေသည်။
“နဂါးမင်း သွားလေရာနေက်သို့ လေနှင့်မိုး အမြဲတမ်း လိုက်ပါလေ့ရှိသည်" ဆိုသည့် ဆိုရိုးစကား ရှိလေသည်။
သို့သော် လေနှင့်မိုးကို ခေါ်ဆောင်ကာ ယခုရောက်ရှိ လာသူကတော့ နဂါးမင်း မဟုတ်ခဲ့ပါ။ ထို့ပြင် ထိုသူသည် ဆန်းလျန် ရှေ့မှောက်သို့ တိုက်ရိုက် ရောက်ရှိလာခြင်းလည်း မရှိပေ။
မိုးထဲလေထဲတွင် ရွှေရောင်သင်္ကန်းကို ဝတ်ရုံထားသည့် ဆရာတော်တစ်ပါး မတ်တတ် ရပ်နေလေသည်။ သူ၏လက်ထဲတွင် ပစ္စည်းတစ်ခုကို ကိုင်ထားလေသည်။
ဖားဟိုင်ဆရာတော်၏ ဘဝတွင် နိမ့်ကျသည့် အတွေ့အကြုံကို တစ်ခါမှ ကြုံတွေ့ခဲ့ဖူးခြင်း မရှိပေ။ ထို့ကြောင့် သာသနာ့ဘောင်သို့ ဝင်ကာ ဘုန်းတော်ကြီး တစ်ပါး ဖြစ်လာသည့်တိုင် သူ၏ ပုံစံက မာန်မာန အပြည့်ဖြင့် ခမ်းနားနေဆဲ ဖြစ်လေသည်။
ဟိုင်သခင်ကြီးဆိုသည့် အမည်ကို စဆင်ကြားဖူးသည့် အချိန်တွင် ဆန်းလျန်သည် သာမန်ကျင့်ကြံသူလေး တစ်ယောက်မျှသာ ဖြစ်သေးသည်။ ဟိုင်သခင်ကြီး၏ စီးတော်ယာဉ် မှော်ဝင်ဝေလငါးကြီး အသက်ရှူလိုက်သည့် အတွက် ကျွန်းတစ်ကျွန်းတွင်သောင်တင်နေကာ ဟိုင်သခင်ကြီး၏ ကိုယ်လုပ်တော် မြွေမိစ္ဆာမ တစ်ကောင်ကို သတ်ဖြတ်ပစ်ခဲ့လေသည်။
သို့သော် ဟိုင်သခင်ကြီးနှင့် ပထမဆုံး အကြိမ် ဆုံတွေ့ခဲ့ရသည်ကတော့ လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ဖြစ်လေသည်။
နတ်အရက်ဗိမာန်တွင် ဟွေခဲ့ဆရာတော်၏ တရား ဆွေးနွေးပွဲကို သွားရောက် နားထောင်ရင်း ဆုံဖြစ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုစဉ်က ဆန်းလျန်သည် ဟိုင်သန်း အဆင့်သို့ပင် တက်ရောက်နိုင်ခြင်း မရှိသေးပေ။ ဆန်းလျန်နှင့် ဟိုင်သခင်ကြီး၏ တန်ခိုးစွမ်းအားများမှာ မိုးနှင့်မြေလိုပင် ကွာခြားလွန်းလှလေသည်။ ဟွေခဲ့ ဆရာတော်သည်ပင်လျှင် ရွှေခန္ဓာ မရရှိသေးသည့် အတွက် ဟိုင်သခင်ကြီးလောက် တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိသေးပေ။
ထိုအချိန်များတုန်းက ဟိုင်သခင်ကြီးသည် ဆန်းလျန်ကို ထူးခြားသည့် လူငယ် တစ်ယောက်ဟု မှတ်ချက်ချခဲ့မိသော်လည်း သူနှင့် အဆင့်အတန်း တူသူဟု မယူဆခဲ့ပေ။
ယခုတော့ ဆန်းလျန်သည် ဟိုင်သခင်ကြီးကို ဖားဟိုင်ဆရာတော် အဖြစ် ပြန်လည်ဆုံတွေ့ရပြီ ဖြစ်လေသည်။
ယခုတော့ ဆန်းလျန်သည် ဟိုင်သခင်ကြီးနှင့် တန်ခိုးစွမ်းအားခြင်း ကောင်းကောင်း ယှဉ်နိုင်သည့် နတ်ဘုရားတစ်ပါး ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။ ထို့ပြင် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်ဆိုသည့် ရာထူးကို ရယူထားသည့် အတွက် ဟိုင်သခင်ကြီးထက်ပင် သာနေသယောင် ထင်ရလေသည်။
ထိုအရာများအားလုံးသည် ဆယ်နှစ်ဆိုသည့် အချိန်အတွင်းတွင် ဖြစ်ပျက်သွားခြင်း ဖြစ်လေသည်။
ထို့ပြင် ဆယ်နှစ်ဆိုသည့် အချိန်သည် ဖားဟိုင်ဆရာတော် အတွက်တော့ တစ်ရေး အိပ်စာမျှသာ ဖြစ်လေသည်။
ထိုမျှအချိန် တိုတိုလေးအတွင်းတွင် ဆန်းလျန်သည် ကြီးမားသည့် အောင်မြင်မှုများ ရရှိရန် မည်သို့ ကြိုးစားခဲ့သည်ကို ဖားဟိုင် ဆရာတော်၏ စိတ်ထဲတွင် အလွန်သိချင်နေမိလေသည်။
ဆန်းလျန်သည် တောင်ပေါ်မှ ဆင်းလာလေသည်။
မိုးနှင့်လေများသည် ဆန်းလျန်အပေါ်တွင် သက်ရောက်ခြင်း မရှိပေ။ ဆန်းလျန် လျှောက်လှမ်း လာသည့် နေရာတိုင်းတွင် လေနှင့်မိုးသည် ရပ်တန့် သွားလေသည်။
ဆန်းလျန်ရှိသည့် နေရာတွင် မိုးနှင့်မြေသည် ငြိမ်းချမ်းခြင်း ရှိရမည်။ ဤသည်မှာ ဆန်းလျန်၏ သဘာဝပင် ဖြစ်လေသည်။
ဆန်းလျန် လမ်းလျှောက်လာသည့် မြင်ကွင်းကို မြင်လိုက်သည်နှင့် ဖားဟိုင် ဆရာတော်သည် ကျင်းကွမ်းဝတ် ကျောင်းတော်ရှိ စာအုပ်တစ်အုပ်ထဲတွင် ရေးသားထားသည့် စာကြောင်းတစ်ခုကို သတိရသွား မိလေသည်။
"ထိုက်ရွှီးအသိပညာ ထွန်းလင်းရာ နေရာသည် အစဉ်အမြဲသန့်စင်လျှက်ရှိသည်"
ဆိုသည့် စာပိုဒ်ပင်ဖြစ်လေသည်။
ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်၏ အမြင့်ဆုံးအဆင့်သို့ တက်လှမ်းနိုင်မှသာလျှင် ထိုက်ရွှီးသစ္စာ ဉာဏ်အလင်းကို ရရှိနိုင်မည် ဖြစ်လေသည်။
ဆန်းလျန်သည် နတ်ဘုရားတစ်ပါး ဖြစ်သည့်တိုင် ထိုက်ရွှီးနည်းဗျူဟာ၏ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိရန် အဝေးကြီး လိုနေသေးသည်။ သို့တိုင်အောင် ထိုက်ရွှီးတန်ခိုး စွမ်းအားများက ဖားဟိုင် ဆရာတော်၏ မိုးနှင့်လေကို တားဆီး ထားနိုင်ခဲ့လေသည်။
တောင်တစ်ဖက်မှ ကြည်လင်သော ရာသီဥတုနှင့် အခြားတောင်တစ်ဖက်မှ မိုးများ သည်းထန်နေသော ရာသီဥတုကို ကြည့်မြင်ရသည်မှာ စိတ်ဝင်စားဖွယ်ရာ ရှုခင်းတစ်ခု အလားပင် ဖြစ်လေသည်။
ဖားဟိုင်ဆရာတော်က ပြုံးလိုက်ရင်း…
"ဆန်းတန်ခိုးရှင်ရဲ့ တန်ခိုးစွမ်းအားတွေက တကယ့်ကို အံ့သြလောက်ပါပေတယ်"
"စစ်မှန်တဲ့ ကျင့်စဉ်လမ်းရဲ့ တန်ခိုးစွမ်းအား ဘယ်လောက် အံ့သြစရာ ကောင်းလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး"
ဆန်းလျန်က ပြန်ပြောလိုက်လေသည်။
ဆန်းလျန်စကားကြောင့် ဖားဟိုင်ဆရာတော်က လက်ခုပ်လက်ဝါး တီးကာ ရယ်မော လိုက်လေသည်။ ထိုအခါ သူ၏ လက်အတွင်းမှ ပေါင်ယွဲ့ ဆရာတော်ကြီး၏ ဓာတ်တော်သည် အလင်းတန်းများ ဖြာထွက် လာလေသည်။
ဆန်းလျန်၏ အကြည့်များက ဓာတ်တော် အပေါ်သို့ ကျရောက်သွားလေသည်။
သူ၏ နတ်ဘုရား စိတ်အာရုံထဲတွင် ထိုဓာတ်တော်မှ လရောင်များ တောက်ပနေသည်ကို မြင်တွေ့ နေရလေသည်။ လရောင်အောက်တွင်တော့ ဓားဝိညာဉ် တစ်ခုကို တွေ့မြင်ရလေသည်။
ဆန်းလျန်မှာ ဓားသိုင်းကျင့်ကြံသူ တစ်ယောက် မဟုတ်သည့်တိုင် ဓားသိုင်းပညာတွင် ထူးချွန်သူ တစ်ယောက် ဖြစ်လေသည်။ သူ၏ ဓားသိုင်းပညာကို လောကတွင် ယှဉ်နိုင်သည့်သူ သိပ်မရှိပေ။ ထို့ကြောင့်သူက ဓားဝိညာဉ်ကို ကောင်းစွာ သတိပြုမိခြင်း ဖြစ်လေသည်။
ဓားဝိညာဉ်သည် သွေးနီရောင် တောက်ပနေလေသည်။
မည်သည့်နတ်ဘုရားမဆို၊ မည်သည့် ဗောဓိသကျမဆို ထိုဓားဝိညာဉ်နှင့်သာ တိုက်ခိုက် ခံရလျှင် ချက်ချင်းပင် အသက်ဆုံးရမည် ဖြစ်လေသည်။
ရုတ်တရက် လေထဲတွင် အလွန်များပြားသည့် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။
ဆန်းလျန်၏ စိတ်အာရုံထဲတွင် လူငယ်တစ်ယောက်၏ ရုပ်ပုံ ပေါ်လာလေသည်။ ထိုသူ၏ ကျောထက်တွင် သွေးနီရောင် ဓားတစ်လက်ကို လွယ်ထားလေသည်။ သူ၏ မျက်နှာမှာ သာမန်မျှပင် ဖြစ်သည့်တိုင် သူ၏ မျက်ဝန်းများကတော့ စူးရှသည့် ဓားဝိညာဉ် တစ်ခုအလား သေခြင်းတရားကို ကိုယ်စားပြုနေသယောင် ထင်မှတ်ရလေသည်။
မြင်ကွင်းက နောက်ထပ်တစ်ခု ကူးပြောင်း သွားလေသည်။ အလင်းရောင် စက်ဝန်း တစ်ခုသည် လူငယ်ကို တိုက်ခိုက် လိုက်လေသည်။
အလင်းရောင်စက်ဝန်း၏ ပြီးပြည့်စုံသော လွတ်လပ်မှု အဓိပ္ပာယ်က ဆန်းလျန်၏ စိတ်နှလုံးကို တုန်ခါသွားစေလေသည်။
သို့သော် သွေးနီရောင် ဓားပိုင်ရှင် လူငယ်ကတော့ လုံး၀ အရေးမစိုက်ခဲ့ပေ။ နောက်ဆုံးတွင်တော့ အလင်းရောင် စက်ဝန်းသည် ပျက်သုဉ်း သွားရလေသည်။
ဆန်းလျန်က သူ၏ နတ်ဘုရား စိတ်အာရုံများကို ပေါင်ယွဲ့ ဆရာတော်ကြီး၏ ဓာတ်တော်ထံမှ ရုတ်သိမ်းလိုက်ကာ ဖားဟိုင်ဆရာတော်ကို စိုက်ကြည့်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ်ဗျာ"
ဆန်းလျန်က ယဉ်ကျေးဖွယ်ရာ အမူအရာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
"အဲဒီလူငယ်ရဲ့ ဓားသိုင်းပညာကို မင်းအနိုင်ရနိုင်မယ်လို့ ထင်လား"
ဖားဟိုင်ဆရာတော်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဂိုဏ်းတူအစ်ကို ချန်ကျန့်မေဟာ အသက်ရှင်သန်ဖို့ ခက်ခဲသွားပြီဆိုတာ အခုတော့ ကျုပ်သိသွားပါပြီ"
ဆန်းလျန်က ဖားဟိုင်ဆရာတော်၏ အမေးကို မဖြေဘဲ ပြောလိုက်လေသည်။
ထိုစကားကို ဆန်းလျန်က ရိုးရှင်းစွာဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
ထိုလူငယ်သည် နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်ကို ကျင့်ကြံအောင်မြင် ထားသူ တစ်ယောက် ဖြစ်ကြောင်း ဆန်းလျန် သိရှိသွားသောကြောင့် ဖြစ်လေသည်။ သူ၏ ဓားသိုင်းမှာ ဆန်းလျန်ထက်ပိုပြီး သာလွန် ထက်မြက်သည့် အပြင် ထိန်းချုပ်မှု စွမ်းအားလည်း ကောင်းလွန်းလေသည်။ ဆန်းလျန် သိရှိထားသည့် ဓားသိုင်းပညာမှာ ထိုလူငယ်နှင့် ယှဉ်လျှင် အပေါ်ယံမျှသာ ဖြစ်လေသည်။
ဆန်းလျန်က ထိုလူငယ်၏ ဓားနှင့် ဓားသိုင်းပညာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီ။ ထိုသူ၏ ဓားနှင့် ဓားသိုင်းပညာ နှစ်ခုလုံးမှာ ပြည့်စုံခြင်း မရှိသည့်တိုင် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ထက်မြက် လွန်းလေသည်။
ဆန်းလျန်သည် ထိုလူငယ်၏ ဓားသိုင်းပညာ မပြည့်စုံသေးသည်ကို သိရှိသည့်တိုင် ထိုလူငယ်ကို သူလည်း အနိုင်ရနိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဆန်းလျန်၏ တန်ခိုးစွမ်းအားနှင့် ကျင့်စဉ်လမ်း အတွေ့အကြုံမှာ ထိုဓားသိုင်းပညာကို ယှဉ်ပြိုင်နိုင်လောက်သည်အထိ မမြင့်မားသေးသောကြောင့် ဖြစ်လေသည်။
ထိုလူငယ်၏ ကျောထက်တွင် လွယ်ထားသည့် ဓားရှည်မှာ ဒဏ္ဍာရီ ဆန်လွန်းသည့် နတ်ဘုရား ထောင်ချောက်ဓားပင် ဖြစ်လေသည်။ သို့သော် ထိုဓားသည် လုံး၀ ပြီးပြည့်စုံခြင်း မရှိသေးပေ။
သို့သော် ပြီးပြည့်စုံခြင်း မရှိသေးသည့် ဓားချက် တစ်ချက်တည်းဖြင့်ပင် ပေါင်ယွဲ့ ဆရာတော်ကြီး ပျံလွန်တော် မူခဲ့ရလေသည်။
ဆန်းလျန်က သူ၏အမေးကို မဖြေဘဲ ရှောင်သွားသည့် အတွက် ဆန်းလျန်အနေဖြင့် ထိုလူငယ်ကို အနိုင်ရရှိနိုင်ခြင်း မရှိသေးကြောင်း ဖားဟိုင် ဆရာတော်ကလည်း ချက်ချင်း သဘောပေါက် သွားလေသည်။
ဖားဟိုင်ဆရာတော်မှာ ချန်ပေသို၏ အစွမ်းထက်မြက်မှုများကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ ဖြစ်သည့်အတွက် ယခုထိတိုင် စိတ်ထဲတွင် ထိတ်လန့် နေမိသေးသည်။
ထိုလူငယ်သည် မင်ဝမ်ဝတ် ကျောင်းတော်ကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။
မင်ဝမ်ဝတ် ကျောင်းတော်မှ ဟွေခဲ့ဆရာတော်မှာ ပျောက်ဆုံးနေခဲ့ပြီး ယခုတော့ ပေါင်ယွဲ့ ဆရာတော်ကြီးလည်း ပျံလွန်တော်မူခဲ့ရပြီ။ ထိုလူငယ်ကို ရင်ဆိုင်နိုင်မည့် ဓားတန်ခိုးရှင် မည်သူရှိပါမည်နည်း။
"ဒီလူငယ်က ရှီးဟွမ်မှာ တော်တော် မွှေသွားခဲ့တာ၊ ဒါပေမယ့် သူဒီလို ဓားသိုင်းလိုက် ပြိုင်နေတာဟာ သူတကယ်လိုချင်တဲ့ ရည်ရွယ်ချက်တော့ မဟုတ်ဘူး၊ ကျုပ်အထင် သူက မင်းကိုလည်း လာရှာတော့မယ် ထင်တယ်"
ဖားဟိုင်ဆရာတော်က ပြောလိုက်လေသည်။
"ဟုတ်နိုင်ပါတယ်"
ဆန်းလျန်က ပြန်ပြောလိုက်သည်။
မည်သို့မျှ မယှဉ်နိုင်သည့် ဓားတန်ခိုးရှင် တစ်ပါးက လာရောက် စိန်ခေါ်တော့မည်ကို သိနေသည့်တိုင် ဆန်းလျန်သည် အလွန်တည်ငြိမ် နေလေသည်။ ထို့ကြောင့် ဖားဟိုင် ဆရာတော်သည် ဆန်းလျန်ကို မလေးစားဘဲ မနေနိုင်တော့ပေ။ သူ၏တည်ငြိမ်မှုနှင့် စိတ်ကို ထိန်းချုပ်နိုင်မှု တစ်ခုတည်းဖြင့်ပင် သူရရှိထားသည့် အောင်မြင်မှု အားလုံးနှင့် ထိုက်တန်သည်ဟု ဖားဟိုင် ဆရာတော်က ဆန်းလျန်ကို ကြည့်ရင်း တွေးနေမိလေသည်။
ထို့နောက် ဖားဟိုင် ဆရာတော်က စကား ဆက်ပြောလိုက်သည်။
"အခု မေးချင်တာကတော့ ပေါင်ယွဲ့ဆရာတော်ကြီး ဘယ်လိုလူ ပြန်ဝင်စားမလဲ ဆိုတာကို ကျုပ်သိချင်ပါတယ်"
ဆန်းလျန်က တစ်ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"ဆရာတော်၊ ဓာတ်တော်ကို ကျုပ်ကို ခဏပေးပါလား"
ဖားဟိုင်ဆရာတော်က ခေါင်းညိတ်လိုက်ပြီး သူ၏လက်ထဲမှ ပေါင်ယွဲ့ ဆရာတော်ကြီး၏ ဓာတ်တော်သည် ဆန်းလျန်ဆီသို့ ပျံသန်းရောက်ရှိ သွားလေသည်။ ဓာတ်တော်သည် ဆန်းလျန်ရှေ့ တည့်တည့်တွင် တည်နေလေသည်။
ဆန်းလျန်က ဓာတ်တော်ကိုယူကာ မြေပြင်ကို လက်ဖြင့်တစ်ချက် ခေါက်လိုက်သည်။ မြေပြင်သည် ကွဲအက်သွားပြီး သေးငယ်သည့် အက်ကြောင်းလေးများ ပေါ်လာလေသည်။
ဖားဟိုင်ဆရာတော်က ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ထိုအက်ကြောင်းလေးများကို စူးစိုက် ကြည့်နေလေသည်။ ထိုအက်ကြောင်းလေးများသည် တရုတ်စာလုံး တစ်လုံးနှင့် တူညီနေပြီး ဆန်းလျန် မည်သို့ခန့်မှန်းမည်ကို ဖားဟိုင်ဆရာတော်က သိချင်နေမိလေသည်။
ဆန်းလျန်က ပေါင်ယွဲ့ ဆရာတော်ကြီး၏ ဓာတ်တော်ကို ဖားဟိုင်ဆရာတော်ထံသို့ ပြန်ပေးလိုက်ရင်း…
"ဓာတ်တော်က မြင့်မြတ်တယ်"
ဟု ပြောလိုက်လေသည်။
"မင်းခန့်မှန်းလို့ ပြီးပြီလား"
ဖားဟိုင်ဆရာတော်က မေးမြန်းလိုက်သည်။
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"ကျုပ်က အခုမှ ပေါင်ယွဲ့ ဆရာတော်ကြီးရဲ့ ကြွင်းကျန်တဲ့ အသက်ဓာတ်ကို ယူလိုက်ယုံပဲ ရှိသေးတယ်၊ ခန့်မှန်းတာက စတောင် မစရသေးဘူးဗျ"
ဆန်းလျန်၏ စကားကြောင့် ဖားဟိုင်ဆရာတော်၏ မျက်နှာမှာ စိတ်ပျက်သွားမှုများ အထင်းသား ပေါ်လွင်သွားလေသည်။
"ဒါဖြင့် အဲဒီ အက်ကွဲကြောင်းလေးတွေက စာလုံးအက္ခရာ မဟုတ်ဘူးလား"
"မဟုတ်ရပါဘူးဗျာ"
ဆန်းလျန်က ရယ်မောရင်း ပြန်ပြောလိုက်လေသည်။
***