← Chapters

အခန်း (၃၄)

Vol. 3 Ch. 34

အခန်း (၃၄)

Vol. 3 Ch. 34

အခန်း(၃၄)

သီရှီထျန်သည် မသေမျိုးကျင့်ကြံသူများ အသုံးပြုသော ဓမ္မရတနာကို စူးစမ်းလေ့လာချင်သည်။ သို့သော်လည်း သူက မိစ္ဆာစွမ်းအားကို သားရဲထိန်းလည်ပတ်ထဲသို့ မဆင်မခြင် မထည့်သွင်းခဲ့ပေ။ သားရဲထိန်းလည်ပတ်မှ ထုတ်လွှတ်ခဲ့သော စွမ်းအားက မည်မျှအန္တရာယ်များကြောင်း သီရှီထျန် ကိုယ်တွေ့ခံစားခဲ့ရသည် မဟုတ်ပါလော။

တစ်ခဏတွေးတောပြီးနောက် သူက သားရဲထိန်းလည်ပတ်ကို ကျောက်နံရံ၏ အရှေ့မှာ ချလိုက်သည်။ သူက ကျောက်နံရံပေါ်မှာ အပေါက်တစ်ခု ထပ်မံ ပြုလုပ်လိုက်သည်။ သူက ရတနာသေတ္တာနှင့် ကျောက်စိမ်းပုလင်းကို ကျောက်နံရံထဲမှ ဆွဲထုတ်လိုက်သည်။ သူက ကျောက်စိမ်းပုလင်းကို သွန်လိုက်ပြီး စွမ်းအင်စုစည်းဆေးတစ်လုံးကို ထုတ်လိုက်သည်။ ထို့နောက် သူက ရတနာသေတ္တာ၊ ကျောက်စိမ်းပုလင်းနှင့် သားရဲထိန်းလည်ပတ်ကို ကျောက်နံရံပေါ်မှ အပေါက်ထဲသို့ ပြန်ထည့်လိုက်သည်။ သူက မိစ္ဆာစွမ်းအားကို အသုံးပြု၍ ကျောက်နံရံပေါ်မှ အပေါက်ကို မူလအတိုင်း သေသေချာချာ ပြန်ပိတ်လိုက်သည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ ကျောက်နံရံနှင့် ပြီးပြည့်စုံစွာ တစ်သားတည်း ပေါင်းစပ်သွားသည်။

ထို့နောက် သူက မြေကြီးပေါ်မှာ တိတ်တဆိတ် လဲလျောင်းလိုက်ပြီး ‘ ကျားဟိန်းသံကျင့်စဉ် ’ကို လှည့်ပတ်လိုက်သည်။ မိစ္ဆာစွမ်းအားက သူ၏ မရီဒျန်များထဲမှာ မြန်ဆန်စွာ စီးဆင်းနေသည်။ စွမ်းအင်စုစည်းဆေးလုံးထံမှ ဝိညာဉ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ပေါ်မှ မရေမတွက်နိုင်သော မွေးညင်းပေါက်များကို ဖြတ်သန်း၍ မရီဒျန်များထဲသို့ ဝင်ရောက်သွားသည်။

“ ကျားဟိန်းသံကျင့်စဉ် ”ကို တစ်ကြိမ် သူလှည့်ပတ်လိုက်တိုင်း သူ၏ မိစ္ဆာစွမ်းအားက အနည်းငယ် တိုးပွားသွားသည်။

တောင်တန်းဒေသထဲမှာ အေးစိမ့်စိမ့် လေပြေလေညင်းက တိုက်ခတ်နေသည်။ ယင်းက ဝတ်ရုံဖြူကို လေထဲမှာ တဖျပ်ဖျပ်လွင့်မျောသွားစေသည်။

နေနှင့်လ၏ အနှစ်သာရကို စုပ်ယူရန်အလို့ငှာ သီရှီထျန် အမြဲသွားလေ့ရှိသော ရေတံခွန်တောင်ပေါ်တွင် လောကကို အရောင်မှေးမှိန်သွားစေမည့် ပြိုင်စံရှားလှပသော အမျိုးသမီးတစ်ယောက်ရှိနေသည်။ သူက ဝတ်စုံဖြူကို ကြော့ရှင်းတင့်တယ်စွာ ဝတ်ဆင်ထားပြီး သူ၏ လက်ထဲမှာ ဖဲကြိုးကို ကိုင်ထားသည်။ သူက လေထဲမှာ နတ်သမီးတစ်ပါးသဖွယ် မတ်တတ်ရပ်နေလေရာ လေပြေနှင့်အတူ လွင့်မျောသွားတော့မည့်ဟန် ရ၏။ သူက နေရာမှာ တိတ်တဆိတ် မတ်တတ်ရပ်နေစဉ် သူ၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးက အရောင်မှေးမှိန်သွားကြသည်။ ဤသည်မှာ ဘေးပတ်ဝန်းကျင်မှ သဘာဝအလှက ထိုအမျိုးသမီးကို မတုယှဉ်နိုင်သည့်အလားပင်။

အရောင်အသွေးစုံလင်သော ပန်းပွင့်များသည်ပင် ညှိုးငယ်သွားတော့မည့်ဟန် ရ၏။ ထိုမြင်ကွင်းက အလွန်အံ့ဖွယ်ကောင်းသည်။ သူ၏ ကျောက်စိမ်းသဖွယ် ဖြူဖွေးသော လက်ချောင်းများကြားတွင် ပွင့်ဖတ်တစ်ခု ရှိသည်။ သူက ချယ်ရီရောင်နှုတ်ခမ်းကို ဖွင့်ဟလိုက်ပြီး ခပ်ရေးရေး ပြုံးလိုက်သည်။

“ ဒီတော့… အဲ့ဒီကောင်လေးက ထျန်းအင်ပါယာရတနာသေတ္တာကို ကျောက်နံရံထဲမှာ ဖွက်ထားတာကို… သူက ရတနာသေတ္တာရဲ့ ဝိညာဉ်စွမ်းအား ဖုံးကွယ်နိုင်တဲ့ စွမ်းရည်ကို အသုံးပြုပြီး စွမ်းအင်စုစည်းဆေးလုံးရဲ့ ဝိညာဉ်စွမ်းအားကို ဖုံးကွယ်ထားတယ်… မထူးဆန်းတော့ပါဘူး… ဒါကြောင့် လှိုဏ်ဂူထဲ ငါဝင်သွားခဲ့တုန်းက ဘာမှရှာမတွေ့တာကို… ဘယ်လောက်ဉာဏ်ကောင်းလိုက်တဲ့ ကျားနက်လဲ… သူ့ရဲ့ အသိဉာဏ်က ငါ့ရဲ့ မြေခွေးမျိုးနွယ်စုထက် အများကြီး သာတယ် ”

အမျိုးသမီးက ချိုမြိန်စွာ ပြုံးလိုက်သည်။ ထိုအပြုံးက လောကကို တုန်လှုပ်စေနိုင်ပြီး ဘေးပတ်ဝန်းကျင်မှ သဘာဝတရားကို ပိုပြီးထည်ဝါသွားစေဟန် ရ၏။ သူ၏ ရုပ်ရည်တစ်ခုတည်းကပင် လောကတစ်ခုလုံးကို ဖရိုဖရဲဖြစ်စေနိုင်သည်။

အကယ်၍ သီရှီထျန်သာ ဤနေရာမှာ ရှိနေလျှင် ထိုအမျိုးသမီးက သူ့အား ထျန်းအင်ပါယာရတနာသေတ္တာကို ယာယီထိန်းသိမ်းပေးရန် တာဝန်ပေးအပ်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးဖြစ်ကြောင်း ချက်ချင်း သူမှတ်မိလိမ့်မည်။

“ ကြည့်ရတာ အဲ့ဒီကောင်လေးက ကံကြမ္မာကောင်းတစ်ခုနဲ့ တွေ့ကြုံခဲ့တဲ့ပုံပဲ… မဟုတ်ရင် သူက ဒီလောက်အချိန်တိုလေးအတွင်းမှာ ခန္ဓာကိုယ်ထဲက မရီဒျန်အားလုံးကို ဖွင့်လှစ်နိုင်မှာ မဟုတ်ဘူး… မိစ္ဆာစွမ်းအားကို အချိန်ကာလတစ်ခုအထိ သူစုဆောင်းပြီးသွားရင် သူက သေချာပေါက် မိစ္ဆာတစ်ကောင်ဖြစ်လာလိမ့်မယ်… စိတ်ဝင်စားစရာပဲ… ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စကို မတွေ့ကြုံရတာ နှစ်တွေအတော်ကြာခဲ့ပြီ ”

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက အဝေးသို့ ငေးကြည့်နေသည်။ သူက သီရှီထျန်နေထိုင်သော လှိုဏ်ဂူကို အဝေးမှ လှမ်းမြင်နိုင်ဟန် ရ၏။ သူ၏ လေသံထဲမှာ စိတ်ဝင်စားသော အရိပ်အယောင်ရှိ၏။

မျက်မှောက်ခေတ်တွင် မိစ္ဆာမျိုးနွယ်စု အဆင့်နိမ့်ကျသွားရသည့် အကြောင်းအရင်းနှစ်ခု ရှိသည်။ တစ်ခုသည် ရှေးခေတ်ကာလတွင် ဖြစ်ပျက်ခဲ့သော အံ့ဖွယ်မတော်တဆမှု ဖြစ်သည်။ ထိုမတော်တဆမှုက မိစ္ဆာမျိုးနွယ်စု၏ အစွမ်းထက်ပညာရှင်အားလုံးကို တစ်ချိန်တည်းမှာ ပျောက်ဆုံးသွားစေသည်။ ဒုတိယအကြောင်းအရင်းက မိစ္ဆာမျိုးနွယ်စု၏ အသိဉာဏ် ဖြစ်သည်။

တိရိစ္ဆာန်များသည် လူသားများကဲ့သို့ ဉာဏ်မကောင်းကြပေ။ အစတွင် သူတို့၏ အသိဉာဏ်က အလွန်နိမ့်ကျသည်။ သူတို့က မည်သို့ကျင့်ကြံရမည်ဖြစ်ကြောင်း မသိကြပေ။ အကယ်၍ သူတို့က နေနှင့်လ၏ အနှစ်သာရကို မည်သို့စုပ်ယူနိုင်ကြောင်း သိထားလျှင်ပင် မိစ္ဆာတစ်ကောင်ဖြစ်လာရန် နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်ချီ စွမ်းအင်စုဆောင်းရလိမ့်မည်။ မိစ္ဆာအများစုသည် ထိုသို့မလုပ်ဆောင်နိုင်ကြချေ။

သို့သော်လည်း သီရှီထျန်က တခြားမိစ္ဆာများနှင့် ကွဲပြားခြားနားသည်။ သူက လူသားတစ်ယောက်၏ အသိဉာဏ်ဖြင့် မွေးဖွားလာသူဖြစ်သည်။ သူက မွေးကတည်းက ကိုယ်တိုင် တွေးတောစဉ်းစားနိုင်စွမ်းရှိသည်။ သူက ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးပြီးသော သားရဲဘုရင်များထက်ပင် အများကြီး ပိုဉာဏ်ကောင်းသည်။

ထို့ကြောင့် သူ၏ တုံ့ပြန်မှုနှင့် လုပ်ဆောင်မှုများက သိသိသာသာ ခြားနားနေသည်။ သူက စွမ်းအင်စုစည်းဆေးလုံးများ၏ အကူအညီကြောင့် မိစ္ဆာဖြစ်ရန် ကျင့်ကြံရမည့် အချိန်လိုအပ်ချက်ကို ကြီးမားစွာ လျော့ချနိုင်သွားသည်။ ပိုပြီးအရေးကြီးသည့်အချက်မှာ သူက သွေးမျိုးဆက်အမွေအနှစ်ကို နိုးထနိုင်ခဲ့သည်။ ယင်းက သူ၏ ကျင့်ကြံခြင်းကို ပိုပြီးမြန်ဆန်စေသည်။

မှန်ပေသည်။ သီရှီထျန်၏ အမြင်တွင် ထိုအရာအားလုံးက သူ၏ မျှော်လင့်ထားမှုအတွင်းမှာ ရှိ၏။

သို့သော် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ မျက်လုံးထဲတွင် ယင်းက မယုံကြည်နိုင်ဖွယ်ကောင်းအောင် အလွန်ထူးချွန်သည်။

“ ထျန်းအင်ပါယာရတနာသေတ္တာကို ပြန်ယူဖို့ ငါအလျင်မလိုပါဘူး… ပြီးတော့ အဲ့ဒီကျားနက်လေးကို ငါစောင့်ကြည့်ချင်သေးတယ်… ဘယ်သူပြောနိုင်မှာလဲ… သူက မိစ္ဆာမျိုးနွယ်စုအတွက် အံ့ဖွယ်တစ်ခု ဖြစ်လာနိုင်လောက်တယ် ”

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက သဘောကျစွာ ပြုံးလိုက်သည်။

သို့သော်လည်း သီရှီထျန်သည် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ အာရုံစိုက်မှုကို သူရရှိသွားကြောင်း မသိထားပေ။ သူက လှိုဏ်ဂူထဲသို့ ပြန်ရောက်လာပြီးနောက် စွမ်းအင်စုစည်းဆေးလုံးကို မျိုချလိုက်ပြီး “ ကျားဟိန်းသံကျင့်စဉ် ”ကို တိတ်တဆိတ် ကျင့်ကြံလိုက်သည်။

ဤအတောအတွင်းမှာ သူက စွမ်းအင်စုစည်းဆေးလုံးကို ကြိမ်ဖန်များစွာ သောက်သုံးခဲ့သည်။ ဤတစ်ကြိမ်တွင် ဆေးလုံး၏ အာနိသင်က ယခင်တစ်ခေါက်ထက် အများကြီး ပိုလျော့ကျသွားကြောင်း ရှင်းလင်းစွာ သူခံစားမိသည်။ ယင်းက သူ့ကို ဇဝေဇဝါဖြစ်စေသည်။

သို့သော်လည်း တစ်ခဏကြာ တွေးတောပြီးနောက် ယင်းကို နောက်ထပ် သူမတွေးတော့ပေ။ သူက “ ကျားဟိန်းသံကျင့်စဉ် ”ကို တိတ်တဆိတ် လှည့်ပတ်လိုက်ပြီး ဆေးအာနိသင်ကို မိစ္ဆာစွမ်းအားအဖြစ် အမြန်ပြောင်းလဲလိုက်သည်။ အတိတ်တွင် သူသည် စွမ်းအင်စုစည်းဆေးလုံးတစ်လုံးကို သန့်စင်ရန် နာရီအနည်းငယ်ကြာ အချိန်လိုအပ်ခဲ့သည်။ ယခု သူသည် ယင်းကို တစ်နာရီမပြည့်ခင်မှာပင် အပြည့်အဝ သန့်စင်နိုင်သွားသည်။

သူဗိုက်ဆာလာသည့်အခါ သားကောင်ရှာဖွေရန် လှိုဏ်ဂူအပြင်သို့ ထွက်သွားလိမ့်မည်။ သားရဲများ၏ အသွေးအသားများကို သူစားသုံးလိုက်သည့်အခါ ယင်းတို့က သူ၏ ခန္ဓာကိုယ်ကို ပိုပြီးသန်မာစေမည့် အာဟာရဓာတ်အဖြစ် ပြောင်းလဲသွားသည်။ ထို့ပြင် သူက အသွေးအသားများထဲမှာ ကိန်းအောင်းနေသော စွမ်းအားကို စုပ်ယူပြီး သူ့ကိုယ်ပိုင်မိစ္ဆာစွမ်းအားကို တိုးမြှင့်နိုင်သည်။

မသေမျိုးကျင့်ကြံသူများ၏ ထွက်ပေါ်လာမှုက သူ့အား ကြီးမားသော ဖိအားကို ပေးသည်။ ကျင့်ကြံခြင်းက တစ်နေ့တည်း တစ်ညတည်း အောင်မြင်နိုင်သောအရာ မဟုတ်ကြောင်း သူသိသည်။ သို့သော် သူက အချိန်ကို အလဟဿ မဖြုန်းချင်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်ကုန်ဆုံးသွားသည်။

“ အာဝူး ”

ဝံပုလွေတစ်ကောင်၏ ဆွဲငင်အူသံက လှိုဏ်ဂူ၏ အပြင်ဘက်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။

ဝံပုလွေအူသံကို ကြားသောအခါ လှိုဏ်ဂူထဲမှာ ကျင့်ကြံနေသော သီရှီထျန်က ချက်ချင်း မျက်လုံးပြန်ဖွင့်လိုက်ပြီး ထရပ်လိုက်သည်။ ယင်းက ဝံပုလွေဘုရင်ပိုင်ယွဲ့၏ အူသံဖြစ်ကြောင်း သူသိသည်။

သီရှီထျန်က တုံ့ဆိုင်းမနေဘဲ လှိုဏ်ဂူအပြင်သို့ ခုန်လိုက်သည်။

“ ပိုင်ယွဲ့က သူ့ကို ငါရှာခိုင်းထားတဲ့ တခြားသားရဲဘုရင်တွေအကြောင်း လာသတင်းပို့တာ ဖြစ်မယ် ”

ယခု သူက ကျားရဲတောင်တန်းဒေသထဲမှ သားရဲဘုရင်များအကြောင်း အမြန်ဆုံး သိနိုင်ရန် စိတ်အားထက်သန်နေသည်။ အဘယ့်ကြောင့်ဆိုသော် ဤနေရာမှာ အချိန်ကြာကြာ မနေသင့်ကြောင်း သူသိသောကြောင့်ပင်။ ဤနေရာမှာ အချိန်ကြာကြာ ဆက်နေလေ သူ့အတွက် အန္တရာယ်ပိုများလေ‌ ဖြစ်၏။

သီရှီထျန်သည် ဤတောင်တန်းဒေသထဲမှ ထွက်သွားရန် အမှန်တကယ် အလျင်လိုနေသည်။ သို့သော်လည်း သူက ဝိညာဉ်အသိဉာဏ်ရှိသော သားရဲဘုရင်များကို ဤတောင်တန်းဒေသထဲမှာ မချန်ထားခဲ့နိုင်ပေ။ မည်သို့ဖြစ်ပါစေ သူက ပြဿနာကြီးကို စတင်ခဲ့သူ ဖြစ်သည်။ ယင်းက မသေမျိုးကျင့်ကြံသူများကိုပင် ပါဝင်ပတ်သက်စေလိမ့်မည်။ အထူးသဖြင့် မင်းသမီးချူယွမ်တို့အုပ်စု လွတ်မြောက်သွားသောကြောင့် အနာဂတ်မှာ ပိုမိုများပြားသော မသေမျိုးကျင့်ကြံသူများက ဤတောအုပ်ဆီသို့ သေချာပေါက် ရောက်လာကြလိမ့်မည်။

ကျားရဲတောင်တန်းဒေသက အလွန်ကျယ်ပြောသော်လည်း အကယ်၍ ထိုမသေမျိုးကျင့်ကြံသူများက သူတို့ကို ရှာဖွေရန် စိတ်ဆုံးဖြတ်ထားသည်ဆိုလျှင် တောင်တန်းထဲမှ မည်သည့်သားရဲဘုရင်မှ ပုန်းအောင်းနိုင်ကြလိမ့်မည် မဟုတ်ချေ။ သူတို့အားလုံးသည် ရှာဖွေခံရပြီးလျှင် အဖမ်းခံကြရလိမ့်မည်။ ထို့နောက် သူတို့က ဝိညာဉ်သားရဲများအဖြစ် လေ့ကျင့်သင်ကြားပေးခြင်းခံရလိမ့်မည်။

ကိုယ်ပိုင်အင်အားစုတစ်ခု တည်ဆောက်ချင်သော သီရှီထျန်က မသေမျိုးကျင့်ကြံသူများကို ထိုသို့လုပ်ဆောင်ရန် မည်သို့ခွင့်ပြုပေးနိုင်မည်နည်း။

ထို့ကြောင့် အန္တရာယ်က အချိန်မရွေး ကျရောက်လာနိုင်ကြောင်း သူသိထားသည့်တိုင် ဤနေရာမှာ နောက်ထပ် သုံးရက်ကြာ ဆက်နေခဲ့သည်။ သူက ဝံပုလွေဘုရင်ပိုင်ယွဲ့ထံမှ သတင်းကို စောင့်ဆိုင်းနေခဲ့သည်။

ဝံပုလွေဘုရင်ပိုင်ယွဲ့၏ အူသံကို သူကြားလိုက်သည့်အခါမှ ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်ပြီး လှိုဏ်ဂူအပြင်သို့ တုံ့ဆိုင်းမနေဘဲ ထွက်လာခဲ့သည်။

“ အရှင်… အရှင်လိုချင်တဲ့ သတင်းအချက်အလက်ကို ကျွန်တော်ရှာဖွေပြီးပါပြီ ”

ဝံပုလွေဘုရင်ပိုင်ယွဲ့ဆီမှာ လူသားတစ်ယောက်၏ အသိဉာဏ်မရှိပေ။ အနက်ရောင်အရိပ်ကို သူမြင်လိုက်စဉ် သီရှီထျန်၏ ဧရာမခန္ဓာကိုယ်က သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ သူက အနောက်ခြေထောက်နှစ်ချောင်းကို ကွေးညွတ်လိုက်ပြီး သီရှီထျန်၏ အရှေ့မှာ ဒူးထောက်လိုက်သည်။ သူက ရိုသေလေးစားစွာ ခေါင်းငုံ့လိုက်ပြီး တင်ပြသည်။

“ ပြောပါ ”

သီရှီထျန်သည် ဤနေရာမှာ အချိန်ဖြုန်းနေရန် ဆန္ဒမရှိပေ။ သူက သဏ္ဍာန်မဲ့ဖိအားကို ဝံပုလွေဘုရင်ပိုင်ယွဲ့ပေါ်သို့ လွှမ်းခြုံစေရန် ထုတ်လွှတ်လိုက်သည်။ ယင်းက ဝံပုလွေဘုရင်ကို သူ့အား ပိုပြီးရိုသေလေးစားစေသည်။

ဝံပုလွေဘုရင်သည် သူရရှိလာသော သတင်းအချက်အလက်များကို အလျင်စလို ပြောသည်။

ယင်းကို နားထောင်ပြီးနောက် သီရှီထျန်၏ ခေါင်းထဲမှာ အကြံဉာဏ်တစ်ခု အကြမ်းဖျဉ်း ထွက်ပေါ်လာသည်။

ကျားရဲတောင်တန်းဒေသသည် အလွန်အမင်း ကျယ်ပြောသည်။ တောင်တန်းဒေသထဲမှာ တိရိစ္ဆာန်အမျိုးမျိုး စုပေါင်းနေထိုင်ကြသည်။ သူတို့က အရေအတွက် အလွန်များပြားသော်လည်း အများစုက သာမန်တိရိစ္ဆာန်များ ဖြစ်ကြသည်။ သို့သော် အုပ်စုဖွဲ့နေထိုင်ကြသော တိရိစ္ဆာန်များဆီမှာ သားရဲဘုရင်များ ရှိကြသည်။ ဝံပုလွေဘုရင်ပိုင်ယွဲ့ပေးသော သတင်းအချက်အလက်များအရ ကျားရဲတောင်တန်းဒေသ၏ အရှေ့ဘက်တွင် ချိုင့်ဝှမ်းတစ်ခု ရှိ၏။ ချိုင့်ဝှမ်းထဲမှာ သစ်သီးပင်အများကြီး တည်ရှိကြသည်။ ယင်းတို့ထဲမှ အများစုက မက်မွန်ပင်များ ဖြစ်ကြသည်။ ထိုချိုင့်ဝှမ်းထဲမှာ မျောက်အုပ်စုတစ်စု နေထိုင်ကြသည်။ မျောက်များသည် အရေအတွက်အားဖြင့် တစ်ထောင်ကျော်သည်။ ထိုမျောက်အုပ်စုထဲမှာ မျောက်ဝံဘုရင်တစ်ပါး ရှိသည်။

ကျားရဲတောင်တန်းဒေသ၏ တောင်ပိုင်းတွင် လင်းတအုပ်စုတစ်စု ရှိသည်။ လင်းတများသည် အစုလိုက်အပြုံလိုက် နေထိုင်ကြသည်။ ထိုဧရိယာတစ်ဝိုက်တွင် သူတို့က စစ်မှန်သော အရှင်သခင်များ ဖြစ်ကြသည်။ အထူးသဖြင့် သူတို့က ဝေဟင်အားသာချက်ကို ပိုင်ဆိုင်ထားကြသည်။ ကျားတစ်ကောင်သည်ပင် ထိုလင်းတအုပ်စုဖြင့် တွေ့ဆုံသည့်အခါ ထွက်ပြေးရလိမ့်မည်။ ထို့ပြင် လင်းတအုပ်စုထဲမှာ တခြားလင်းတများထက် အရွယ်အစားပိုကြီးမားသော လင်းတတစ်ကောင်ရှိသည်။ ၎င်း၏ ငှက်မွှေးများက ရွှေရောင်ဖြစ်သည်။ ၎င်းသည် လင်းတအုပ်စု၏ ဘုရင်မှလွဲ၍ တခြားမဟုတ်ပေ။

All Chapters