အခန်း (၃၇)
Vol. 3 Ch. 37
အခန်း(၃၇)
ရှေးခေတ်ကတည်းက မျောက်ဝံသည် မွေးရာပါ ဝိညာဉ်အသိဉာဏ်ရှိသော တိရိစ္ဆာန်တစ်ကောင် ဖြစ်သည်။ သူတို့က အစာစားရန် သစ်သီးမျိုးစုံကို ရှာဖွေနိုင်ကြသည်။ သို့သော်လည်း သူတို့က အားလပ်သည့်အခါ ထူးဆန်းသောဝိုင်ကို ချက်လုပ်ကြသည်။ ယင်းကို မျောက်မင်းဝိုင်ဟု ခေါ်ကြသည်။
မျောက်မင်းဝိုင်သည် သူ့နာမည်အတိုင်းပင် မျောက်များ ချက်လုပ်သော သစ်သီးဝိုင်တစ်မျိုး ဖြစ်သည်။ ဒဏ္ဍာရီအရ မျောက်မင်းဝိုင်ထဲမှာ ပါဝင်သော ပစ္စည်းအားလုံးကို မျောက်များက ဂရုတစိုက် ရွေးချယ်ထားကြခြင်း ဖြစ်သည်။ တောင်ကျစမ်းရေဖြင့် အစိုဓာတ်ပေး၍ အချဉ်ဖောက်သည့်အခါ လတ်ဆတ်သော သစ်သီးဝိုင်းတစ်မျိုး ဖြစ်ပေါ်လာလိမ့်မည်။ သစ်သီးဝိုင်သည် မွှေးပျံ့ပြီး ချိုမြိန်သည်။ တခြားတိရိစ္ဆာန်များသည် မျောက်မင်းဝိုင်ထဲမှ ပါဝင်ပစ္စည်းများကို မသိကြပေ။
ထို့ပြင် မျောက်မင်းဝိုင်ကို ချက်လုပ်ပေးနိုင်သော လူများက ဤလောကမှာ အရေအတွက်အလွန်နည်းပါးသည်။ နောက်ခံသမိုင်းရှိသော မျောက်အုပ်စုသာလျှင် ယင်းကို ချက်လုပ်နိုင်သည်။ ထို့ကြောင့် ဤလောကထဲမှာ မျောက်မင်းဝိုင်အကြောင်း သိသူများက အလွန်များပြားသော်လည်း အရေအတွက်နည်းပါးသော လူတချို့သာလျှင် မျောက်မင်းဝိုင်ကို အမှန်တကယ် မြည်းစမ်းဖူးကြသည်။
အပြင်လောကမှာ မျောက်မင်းဝိုင်တစ်အိုး ထွက်ပေါ်လာသည့်အခါတိုင်း ဝိုင်ကြိုက်နှစ်သက်သူအားလုံးက ယင်းကို အလုအယက် ဝယ်ယူကြလိမ့်မည်။ ယင်းကို ကြည့်ခြင်းအားဖြင့် မျောက်မင်းဝိုင်က မည်မျှတန်ဖိုးကြီးမားပြီး ရှားပါးကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
အစက သီရှီထျန်သည် ယင်းကို မတွေးမိပေ။ သို့သော်လည်း လှိုဏ်ဂူထဲသို့ သူဝင်ရောက်သွားပြီး မွှေးပျံ့သော ဝိုင်အနံ့ကို ရှူမိသွားသည်နှင့်ချက်ချင်း ထိုအတွေးက သူ့ခေါင်းထဲမှာ ထွက်ပေါ်လာသည်။
“ မဟုတ်မှ ဒီလှိုဏ်ဂူက မျောက်မင်းဝိုင် ချက်လုပ်တဲ့နေရာလား ”
ထိုသို့စဉ်းစားမိသောအခါ သီရှီထျန်၏ မျက်လုံးထဲမှ အလင်းက ပိုပြီးတောက်ပလာသည်။
သူက မျောက်ဝံဘုရင်၏ ခြေလှမ်းအနောက်သို့ မြန်မြန်သွက်သွက် လိုက်သွားသည်။ သူတို့က လှိုဏ်ဂူ၏ အနက်ပိုင်းထဲသို့ ဦးတည်သွားကြသည်။
လှိုဏ်ဂူသည် မဖြောင့်တန်းပေ။ ယင်းအစား လှိုဏ်ဂူထဲမှာ အကွေ့အကောက်လမ်းကြောင်း အများကြီး ရှိသည်။ လှိုဏ်ဂူထဲမှာ လူပြုလုပ်ထားသော လက္ခဏာများကို မမြင်ရပေ။ ရှင်းလင်းစွာပင် ယင်းက သဘာဝအလျောက် ဖြစ်ပေါ်နေသော လှိုဏ်ဂူ ဖြစ်သည်။ ယခု ထိုလှိုဏ်ဂူသည် မျောက်မျိုးနွယ်စု ဝိုင်ချက်လုပ်သောနေရာ ဖြစ်လာသည်။
အကွေ့အကောက်လမ်းကြောင်းတချို့ကို ဖြတ်ကျော်ပြီးနောက် သီရှီထျန်က ရုတ်တရက် မျက်လုံးတောက်ပသွားသည်။ သူ့အရှေ့မှာ ဟောင်းလောင်းပေါက်ဖြစ်နေသော နောက်ထပ် လှိုဏ်ဂူအသေးလေးတစ်ခု ရှိသည်။ လှိုဏ်ဂူက အလွန်ကျယ်ပြောလေရာ ထိုနေရာမှာ မျောက်တစ်ရာခန့် စုဝေးနေထိုင်ရန် လုံလောက်၏။ သို့သော်လည်း ထိုနေရာက အလွန်သန့်ရှင်းနေသည်။ ထိုနေရာမှာ မျောက်များနေထိုင်ကြသော လက္ခဏာများ မတွေ့ရပေ။ ထို့ပြင် အလယ်၌ သုံးမီတာ သို့မဟုတ် လေးမီတာခန့် ကျယ်ဝန်းသော ရေကန်ငယ်တစ်ခု ရှိသည်။ ရေကန်သည် ကြည်လင်သော အဝါရောင်အရည်ဖြင့် ပြည့်နှက်နေသည်။
“ ဟူး ”
သီရှီထျန်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ အတွေးက မှန်ကန်ကြောင်း ယခု အတည်ပြုနိုင်သွားသည်။ ဝိုင်အနံ့က ထိုရေကန်မှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ ရေကန်၏ အရွယ်အစားအရ ဝိုင်ပမာဏက မသေးငယ်ပေ။
ဝိုင်ရေကန်၏ ဘေးပတ်ပတ်လည်တွင် အမျိုးအစားစုံလင်သော ဇွန်းများ ရှိသည်။ ထိုဇွန်းများကို ကျောက်တုံးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အရွယ်အစားစုံလင်သည်။ ကြည့်ရသည်မှာ မျောက်များက ဝိုင်ကို ထိုကျောက်တုံးဇွန်းများဖြင့် ခပ်ယူသောက်သုံးကြဟန် ရ၏။
“ အရှင်… ဒီဟာက ကျုပ်ရဲ့ မျောက်မျိုးနွယ်စု ချက်လုပ်ထားတဲ့ သစ်သီးဝိုင်ပါ… အရှင် အရသာမြည်းစမ်းကြည့်ပါ ”
မျောက်ဝံဘုရင်သည် ဤနေရာသို့ ရောက်လာပြီးနောက် အလွန်စိတ်လှုပ်ရှားသွားသည်။ သူက သူ့အရှေ့မှ ဝိုင်ရေကန်ကို ကြည့်နေစဉ် အနည်းငယ် စိတ်မရှည်ဖြစ်လာဟန် ရ၏။
“ အဲ့ဒါဘာဝိုင်လဲ ”
သီရှီထျန်၏ နှလုံးသားထဲမှာ အဖြေရှိပြီးသားဖြစ်သော်လည်း သူက မျောက်ဝံဘုရင်ယွမ်ထျန်းကို မေးလိုက်ဆဲပင်။ အမှန်မှာ ယင်းက ဒဏ္ဍာရီလာ မျောက်မင်းဝိုင်ဖြစ်နိုင်ကြောင်း သူသိသည်။
မျောက်ဝံဘုရင်က သွားဖြဲပြလိုက်ပြီး သူ၏ လက်သည်းများဖြင့် ခေါင်းကုတ်လိုက်သည်။ သူက ပြောသည်။
“ အရှင်… အဲ့ဒါက ကျုပ်ရဲ့ မျောက်မျိုးနွယ်စုရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ လျှို့ဝှက်ဝိုင်ချက်လုပ်နည်းပါ… အဲ့ဒါကို အနီရောင်အသီးတွေနဲ့ တခြားသစ်သီးတွေကို ပေါင်းစပ်ပြီး ချက်လုပ်ထားတာပါ… နှစ်စဉ်နှစ်တိုင်း ကျုပ်တို့က ရေကန်ငယ်အရွယ်အစားပဲ စုဆောင်းနိုင်ပါတယ်… ကျုပ်တို့ မျောက်မျိုးနွယ်စုက အဲ့ဒါကို မျောက်မင်းဝိုင်လို့ နာမည်ပေးထားပါတယ်… မျောက်မင်းဝိုင်ကို သောက်သုံးပြီးတဲ့အခါ ကျုပ်တို့ရဲ့ ခွန်အားက တိုးပွားသွားပါတယ် ”
မျောက်ဝံဘုရင်က ရိုးရှင်းစွာ ရှင်းပြသည်။ မျောက်မင်းဝိုင်အတွက် လျှို့ဝှက်ဝိုင်ချက်လုပ်နည်းက မျောက်မျိုးနွယ်စု၏ လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ ယင်းကို လူအများကြီး မသိကြပေ။ ဝိုင်ချက်လုပ်သော လုပ်ငန်းစဉ်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများက အလွန်များပြားသည်။ ယင်းက ဝိုင်ချက်လုပ်နည်းအကြောင်း ဘာမှမသိသူများကို ခေါင်းကိုက်စေနိုင်သည်။ စက်ကရာက ယင်းကို မသိပေ။ မျောက်ဝံဘုရင်ပြောသော အနီရောင်သစ်သီးက ချောက်ကမ်းပါးပေါ်မှာ ပေါက်လေ့ရှိသော ဇာမဏီအသီး ဖြစ်သည်။
ဇာမဏီအသီးသည် မိုးမြေကြားမှ ရှားပါးရတနာတစ်ခု ဖြစ်သည်။ ဇာမဏီအသီးနှင့် ရောစပ်ရန် တခြားသစ်သီးများကို သေချာဂရုတစိုက် ရွေးချယ်ရသည်။ ယင်းတို့က အကောင်းဆုံးများထဲမှ အကောင်းဆုံး ဖြစ်ကြသည်။ ဥပမာ ရင့်မှည့်နေသော သစ်သီးများ၊ တောင်နံရံပေါ်မှ ဂျင်ဆင်းများ၊ ပန်းပင်များနှင့် ဆေးဖက်ဝင်အပင်များ ဖြစ်ကြသည်။ ယင်းတို့အားလုံးကို ရေအေးကန်ထဲမှ ရေအေးဖြင့် ရောနှောရသည်။ ရေသည်လည်း ပထမတန်းစား ဖြစ်ရမည်။ ထိုအရာအားလုံး ပြည့်စုံမှသာလျှင် မျောက်မင်းဝိုင်ကို ချက်လုပ်နိုင်လိမ့်မည်။
သို့ဖြစ်လေရာ မျောက်မင်းဝိုင်ကို ချက်လုပ်ခြင်းက သာမန်အခက်အခဲမဟုတ်ကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။ သမိုင်းကြောင်းရှည်လျားသော မျောက်မျိုးနွယ်စုမဟုတ်လျှင် သူတို့က ထိုမျှအံ့ဖွယ်ကောင်းသော မျောက်မင်းဝိုင်ကို ချက်လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
“ ဟူး ဟူး ”
မျောက်ဝံဘုရင်က ဝိုင်ရေကန်ဘေးသို့ မြန်ဆန်စွာ ခုန်လိုက်ပြီး အရွယ်အစားကြီးမားသော ကျောက်တုံးဇွန်းကို ဆုပ်ကိုင်လိုက်သည်။ သူက ဇွန်းခွက်ဖြင့် ရေကန်ထဲမှ ဝိုင်ကို ခပ်ယူလိုက်ပြီး သီရှီထျန်၏ အရှေ့သို့ ဂရုတစိုက် သယ်သွားသည်။
သီရှီထျန်သည် ကျောက်တုံးဇွန်းခွက်ထဲမှ အဝါရောင်အရည်ကို ကြည့်လိုက်သည်။ မွှေးပျံ့သော ဝိုင်အနံ့က အဝါရောင်အရည်မှ ဆက်တိုက် ထွက်ပေါ်နေသည်။ ယင်းက အလွန်ဆွဲဆောင်မှုရှိသည်။ ဝိုင်အနံ့ထဲမှာ ထူးဆန်းသော ဝိညာဉ်စွမ်းအားက ကိန်းအောင်းနေကြောင်း မသဲမကွဲ သူခံစားမိသည်။ အနံ့ရှူလိုက်ရုံဖြင့် တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်က လန်းဆန်းတတ်ကြွသွားလိမ့်မည်။
မျောက်ဝံဘုရင်၏ ပြောစကားအရ ယင်းကို သောက်သုံးလျှင် တစ်စုံတစ်ယောက်၏ ခွန်အားက တိုးပွားသွားလိမ့်မည်။ ထို့ကြောင့် သီရှီထျန်က စိတ်လှုပ်ရှားသွားသည်။
“ အရှင်… မျောက်မင်းဝိုင်ကို မြည်းစမ်းကြည့်ပါ ”
မျောက်ဝံဘုရင်သည် မျောက်မင်းဝိုင်ကို သယ်ယူထားရင်း သီရှီထျန်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
သီရှီထျန်က လှုပ်ရှားလိုက်သည်။ မျောက်ဝံဘုရင်၏ ဆန္ဒကို သူမငြင်းပေ။ သူက ကျောက်တုံးဇွန်းခွက်ထံသို့ ခေါင်းငုံ့လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
“ ဂလု ”
တစ်ငုံသူသောက်လိုက်သည့်အခိုက် ထိုဝိုင်က တခြားဝိုင်များနှင့် အမှန်တကယ် ကွဲပြားနေကြောင်း ခံစားမိသွားသည်။ ဝိုင်က ချိုမြိန်ပြီး လန်းဆန်းတတ်ကြွသော စိတ်ခံစားမှုကို ပေးသည်။ ဤသည်မှာ သူက ဝိညာဉ်သစ်သီးရာပေါင်းများစွာ၏ အရသာကို တစ်ပြိုင်နက် ခံစားလိုက်ရသည့်အလားပင်။ ထိုခံစားချက်က ဖော်မပြနိုင်အောင် ဆန်းကြယ်သည်။
ဝိုင်သည် လည်ချောင်းမှတဆင့် ဝမ်းဗိုက်ထဲသို့ စီးဆင်းသွားသည်။ ချက်ချင်းဆိုသလိုပင် သိမ်မွေ့သော အပူလှိုင်းက သူ၏ ဝမ်းဗိုက်ထဲမှ အဆက်မပြတ် မြှောက်တတ်လာသည်။ ယင်းက သက်တောင့်သက်သာရှိသော နွေးထွေးမှုကို ပေးသည်။
“ ဒါက ထူးဆန်းတဲ့ ဝိုင်ပဲ… ဒီဝိုင်ထဲမှာ ပမာဏများပြားတဲ့ ဝိညာဉ်စွမ်းအားတွေ ပါဝင်နေတယ် ”
သီရှီထျန်က အံ့ဩသွားသည်။ သူက နောက်ထပ် မစဉ်းစားတော့ပေ။ သူက ဝံပုလွေဘုရင်ကို သူ၏ ဘေးမှာ စောင့်ကြပ်ပေးရန် မှာကြားလိုက်သည်။ ထို့နောက် သူက မြေကြီးပေါ်မှာ တိုက်ရိုက် လဲလျောင်းလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက မြန်ဆန်စွာ လှည့်ပတ်သွားသည်။ တစ်ချိန်တည်းမှာ မိစ္ဆာစွမ်းအားက အပူလှိုင်းကို လမ်းညွှန်ပေးသည်။ တစ်ကြိမ်လှည့်ပတ်သွားသည့်အခါတိုင်း အပူလှိုင်းထဲမှ စွမ်းအားတစ်စိတ်တစ်ပိုင်းက မိစ္ဆာစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။ မရီဒျန်များထဲမှ ပမာဏများပြားသော မိစ္ဆာစွမ်းအားက သူ၏ အသွေးအသားများနှင့် ပေါင်းစပ်သွားပြီး သူ၏ ရုပ်ခန္ဓာကိုယ်ကို ပိုပြီးသန်မာစေသည်။
သူက မျောက်မင်းဝိုင်ကို ဇွန်းတစ်ခွက်သာ သောက်သုံးခဲ့သည်။ သို့သော် ဝိညာဉ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှာ အဆုံးမဲ့စွာ ထွက်ပေါ်လာသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုထဲမှ ဝိညာဉ်စွမ်းအားကို သူသန့်စင်လိုက်သည့်အခါ ဝိညာဉ်စွမ်းအားက အခြားအစိတ်အပိုင်းတစ်ခုတွင် ချက်ချင်း ပေါ်လျှိုးလာလိမ့်မည်။ ယင်းက စွမ်းအင်စုစည်းဆေးလုံးကို ပထမဆုံးအကြိမ် သူသောက်သုံးခဲ့စဉ်ကနှင့် ဆင်တူကြောင်း သီရှီထျန် ခံစားမိသွားသည်။ သို့သော် ခြားနားမှုတစ်ခု ရှိ၏။ စွမ်းအင်စုစည်းဆေးလုံးထံမှ ဆေးအစွမ်းက အလွန်ကြမ်းတမ်းသည်။ အကယ်၍ သူသေချာဂရုမစိုက်လျှင် ဒဏ်ရာရရှိသွားနိုင်သည်။
မျောက်မင်းဝိုင်ထဲမှ ဝိညာဉ်စွမ်းအားက အလွန်သိမ်မွေ့ညင်သာသည်။ ဝိညာဉ်စွမ်းအားတစ်စိတ်တစ်ပိုင်းကို စုပ်ယူပြီးလျှင် နောက်ထပ် တစ်စိတ်တစ်ပိုင်းက အခြားတစ်နေရာမှ ထွက်ပေါ်လာလိမ့်မည်။ ယင်းက သူ၏ မရီဒျန်များကို မထိခိုက်စေပေ။
ထိုအချက်ကြောင့် မျောက်မင်းဝိုင်က စွမ်းအင်စုစည်းဆေးလုံးထက် ပိုပြီးအံ့ဖွယ်ကောင်းသည်။ ထို့ပြင် အကယ်၍ သူက ယင်းကို မည်သို့သန့်စင်ရမည်ဖြစ်ကြောင်း မသိထားလျှင်ပင် မျောက်မင်းဝိုင်၏ စွမ်းအားအများစုက အလိုအလျောက် လွင့်ပြယ်သွားလိမ့်မည်။ သို့သော် စွမ်းအားတစ်စိတ်တစ်ပိုင်းက ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့လိမ့်မည်။ ယင်းက သူ၏ ခန္ဓာကိုယ်နှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားကာ သူ၏ ရုပ်ခန္ဓာကိုယ်ကို ပိုပြီးသန်မာစေလိမ့်မည်။
ထိုအကြောင်းကြောင့် မျောက်မင်းဝိုင်ကို သောက်သုံးခြင်းက ခွန်အားတိုးပွားစေနိုင်သည်ဟု မျောက်ဝံဘုရင် ပြောခဲ့ခြင်းပင်။
မျောက်ဝံဘုရင်သည် မည်သို့ကျင့်ကြံရမည်ဖြစ်ကြောင်း မသိပေ။ သို့မဟုတ်လျှင် စွမ်းအင်စုစည်းဆေးလုံးထက် ပိုပြီးအံ့ဖွယ်ကောင်းသော ဤမျောက်မင်းဝိုင်ရေကန်ဖြင့်ဆိုလျှင် သူ၏ ခွန်အားက ယခုထက် အဆပေါင်းများစွာ ပိုပြီးသန်မာနေလိမ့်မည်။ ဝိုင်သောက်သုံးပြီး ကျင့်ကြံလျှင် လုပ်အားတစ်ဝက် စိုက်ထုတ်ရုံမျှဖြင့် ရလဒ်နှစ်ဆ ရရှိနိုင်သည်။
ထိုအတွေးက သီရှီထျန်၏ စိတ်ထဲမှာ တစ်ခဏသာ ထွက်ပေါ်လာခဲ့သည်။ သူက ထိုအကြောင်းကို အများကြီး တွေးမနေပေ။ သူက ခေါင်းထဲမှ အတွေးအားလုံးကို အမြန်ဖယ်ရှားလိုက်ပြီး စွမ်းအားသန့်စင်ရန် အာရုံစိုက်လိုက်သည်။ အစောနက သူသောက်သုံးခဲ့သော မျောက်မင်းဝိုင်ကို အလဟဿ မဖြစ်စေချင်ပေ။ သူက မျောက်မင်းဝိုင်ကို သန့်စင်ရန် အချိန်ကို အကျိုးရှိစွာ အသုံးချသည်။ ယင်းကို သန့်စင်ပြီးလျှင် သူ၏ ခွန်အားက ထပ်မံ တိုးမြှင့်သွားလိမ့်မည်။
“ ကျားဟိန်းသံကျင့်စဉ် ”ကို လှည့်ပတ်လိုက်သည့်အခါ အနက်ရောင်အခိုးအငွေ့က သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ မဟူရာမိစ္ဆာစွမ်းအင်အလွှာက သီရှီထျန်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ အပြင်လူများသည် သီရှီထျန်၏ ခန္ဓာကိုယ်ကို မမြင်နိုင်ကြတော့ပေ။
သို့တိုင် ဝံပုလွေဘုရင်ပိုင်ယွဲ့နှင့် မျောက်ဝံဘုရင်ယွမ်ထျန်းသည် ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာထား၍ စောင့်ကြပ်ပေးနေကြသည်။ သူတို့၏ မျက်လုံးက လင်းလက်တောက်ပနေပြီး အနီးနားသို့ မည်သူ့ကိုမှ ဝင်ရောက်ခွင့်မပြုပေ။
ထိုကျင့်ကြံခြင်းက နှစ်နာရီကြာမြင့်သွားသည်။
“ ရှူး ”
သီရှီထျန်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော မဟူရာမိစ္ဆာစွမ်းအားက တအိအိလှုပ်ခတ်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ ပြန်ဝင်ရောက်သွားသည်။ သီရှီထျန်က ရုတ်တရက် ထရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှာ စွမ်းအားဖြင့် ပြည့်လျှံနေသည်။ သူ၏ ကျားမျက်လုံးထဲမှာ ချောက်ချားဖွယ်ကောင်းသော အလင်း ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ကျားရဲအရှိန်အဝါက ပိုပြီးသန်စွမ်းလာသည်။
“ ဘယ်လောက် အံ့ဖွယ်ကောင်းလိုက်တဲ့ ဝိညာဉ်ဝိုင်လဲ… အဲ့ဒါက စွမ်းအင်စုစည်းဆေးလုံးထက် အများကြီး ပိုအံ့ဖွယ်ကောင်းတယ်… မျောက်မင်းဝိုင် ဇွန်းတစ်ခွက်က စွမ်းအင်စုစည်းဆေးနှစ်လုံးနဲ့ တကယ် နှိုင်းယှဉ်နိုင်တယ်… မျောက်မင်းဝိုင်ကို လူတွေ အလုအယက် ဝယ်ယူချင်ကြတာ မထူးဆန်းတော့ပါဘူး… သာမန်လူတစ်ယောက် သောက်သုံးမယ်ဆိုရင်တောင် အသက်ရှည်ကျန်းမာလိမ့်မယ် ”
သီရှီထျန်သည် မချီးကျူးဘဲ မနေနိုင်ပေ။ ဤလောကမှာ ထိုမျှအံ့ဖွယ်ကောင်းသော ဝိုင်ရှိနေသည်လော။ ယခင်က သူစဉ်းစားခဲ့သည်မှာ ဆေးပုလင်းထဲမှ စွမ်းအင်စုစည်းဆေးလုံးဒါဇင်ခန့်ကို သူအသုံးပြုပြီးပြီ ဖြစ်၏။ သို့ဖြစ်၍ ကျန်ရှိသော ဆေးလုံးများက သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်များထဲ၌ မိစ္ဆာစွမ်းအားဖြင့် ပြည့်လျှံနေရန်သာ ထောက်ပံ့ပေးနိုင်သည်။ ယင်းက “ ကျားဟိန်းသံကျင့်စဉ် ”၏ တတိယအဆင့် အထွတ်အထိပ် ဖြစ်သည်။ ထိုအခါကျလျှင် မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ရန်နှင့် နောက်ထပ် ကျင့်ကြံရန် သူ့ဆီမှာ စွမ်းအင်စုစည်းဆေးလုံးကဲ့သို့ ဖြတ်လမ်းများ ရှိတော့မည်မဟုတ်ချေ။
ယနေ့ သူက အံ့ဖွယ်ကောင်းသော မျောက်မင်းဝိုင်ကို ဤနေရာမှာ ရှာတွေ့သွားမည်ဟု မမျှော်လင့်ထားပေ။ ထိုမျောက်မင်းဝိုင်ဖြင့်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းခရီးကို အချိန်တော်တော်ကြာ ဆက်လျှောက်နိုင်လိမ့်မည်။
အရေးကြီးဆုံးမှာ အကယ်၍ ရေကန်ထဲမှ မျောက်မင်းဝိုင် ကုန်ဆုံးသွားလျှင်ပင် မျောက်ဝံဘုရင်နှင့် တခြားမျောက်များက ကုန်ကြမ်းပစ္စည်းများကို နောက်တစ်ကြိမ် ရှာဖွေပြီး ဝိုင်ချက်လုပ်နိုင်ပေသည်။ သို့ဖြစ်၍ မျောက်မင်းဝိုင်သည် စွမ်းအင်စုစည်းဆေးလုံးကဲ့သို့ ပစ္စည်းပြတ်တောက်သွားမည်ကို စိုးရိမ်ရန် မလိုပေ။
“ ယွမ်ထျန်း… မျောက်မင်းဝိုင်ကို နောက်ထပ် မင်းချက်လုပ်နိုင်သေးလား ”
သီရှီထျန်၏ ခေါင်းထဲမှာ အကြံဉာဏ်တစ်ခု ထွက်ပေါ်လာသည်။ သူက ခေါင်းလှည့်လိုက်ပြီး မျောက်ဝံဘုရင်ကို တလက်လက် တောက်ပနေသော မျက်လုံးဖြင့် ကြည့်လိုက်သည်။ သူက စိတ်လှုပ်ရှားစွာ မေးသည်။
“ အရှင်… ကုန်ကြမ်းပစ္စည်းတွေနဲ့ သစ်သီးတွေသာ ရှိမယ်ဆိုရင် မျောက်မင်းဝိုင်ကို ကျွန်တော် ချက်လုပ်နိုင်ပါတယ်… ဒါပေမဲ့ ဝိုင်ချက်လုပ်နိုင်တဲ့ ပမာဏက နှစ်တိုင်း အကန့်အသတ်ရှိပါတယ်… ကုန်ကြမ်းပစ္စည်းအများစုက ရှာဖွေရခက်ခဲပါတယ် ”
မျောက်ဝံဘုရင်သည် ဉာဏ်ကောင်းသည်။ သီရှီထျန်၏ မေးခွန်းကို ကြားသောအခါ သူ့အရှင်က ဤမျောက်မင်းဝိုင်ကို လိုချင်နေကြောင်း သူနားလည်သွားသည်။