အခန်း (၄၀)
Vol. 3 Ch. 40
အခန်း(၄၀)
“ အူး… ”
လင်းတဘုရင်က နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ အတောင်ပံပေါ်မှာ လက်သည်းရာများ ထွက်ပေါ်လာပြီး သွေးက မြေကြီးပေါ်သို့ တတောက်တောက် စီးကျသွားသည်။ သို့သော်လည်း လင်းတဘုရင်သည် ထိုသို့အလွယ်တကူ အညံ့ခံမည့်လူ မဟုတ်ပေ။ သူ၏ အတောင်ပံပေါ်မှ ငှက်မွှေးများက မြန်ဆန်စွာ ကျုံ့သွားပြီး သွေးထွက်နေသော ဒဏ်ရာကို ပိတ်ဆို့လိုက်သည်။ ယင်းက သွေးထွက်နေခြင်းကို ယာယီရပ်တန့်စေသည်။ သူက ခေါင်းငုံ့လိုက်ပြီး နုတ်သီးကို ဖွင့်လိုက်သည်။ သူက ကတော့ချွန်ပုံသဏ္ဍာန်ရှိသော နုတ်သီးဖြင့် သီရှီထျန်၏ ဘယ်ဘက်မျက်လုံးကို ထိုးဆိတ်လိုက်သည်။
လင်းတဘုရင်၏ နုတ်သီးက သီရှီထျန်၏ မျက်လုံးပေါ်သို့ မကျရောက်သွားသေးပေ။ သို့တိုင် ယင်းထဲမှာ ကိန်းအောင်းနေသော ထက်ရှမှုက သီရှီထျန်၏ မျက်လုံးကို ထိုးဖောက်ပစ်ပြီး ကန်းစေတော့မည့်ဟန် ရ၏။
လင်းတဘုရင်၏ အတောင်ပံတစ်စုံပေါ်တွင် ငှက်မွှေးများက သံမဏိဖြင့် ပြုလုပ်ထားသည့်အလား အလွန်မာကျောသည်။ အတောင်ပံများကို ဖြန့်ထုတ်လိုက်သည့်အခါ ယင်းတို့က တစ်မီတာထက် ပိုပြီးရှည်လျားသွားသည်။
လင်းတဘုရင်က သူ၏ နုတ်သီးဖြင့် သီရှီထျန်၏ မျက်လုံးကို ထိုးဆိတ်နေစဉ် တစ်ချိန်တည်းမှာ သူ၏ အတောင်ပံများကို ဖြန့်ထုတ်လိုက်ပြီး သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်သို့ အကြမ်းပတမ်း ရိုက်ချလိုက်သည်။
“ ဝှစ်… ဝှစ်… ”
ကြမ်းတမ်းသော လေပြင်းနှင့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားက စက်ကရာ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ တိရိစ္ဆာန်တစ်ကောင်က ထိုသံမဏိအတောင်ပံများဖြင့် ရိုက်ချခံရမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ အက်ကွဲသွားလိမ့်မည်။ ကျောက်တုံးကြီးသည်ပင် ထိုအတောင်ပံရိုက်ချက်ကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
အစကတည်းက လင်းတဘုရင်သည် သနားကြင်နာမှုကို လုံးဝ မဖော်ပြခဲ့ပေ။ သူက ရန်သူကို သတ်ဖြတ်ရန် လုံးဝ စိတ်ဆုံးဖြတ်ထားသည်။ အကယ်၍ သူ့နေရာမှာ တခြားသာမန်ကျားတစ်ကောင်ဆိုလျှင် သူက ထိုငှက်လက်သည်းကို ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ သူသာ ငှက်လက်သည်းဖြင့် အရိုက်ခံရမည်ဆိုလျှင် သူ၏ ဦးခေါင်းက နှစ်ခြမ်းကွဲထွက်သွားနိုင်သည်။ လင်းတဘုရင်၏ နုတ်သီးသည်လည်း ရက်စက်ကြမ်းကြုတ်သည်။ အကယ်၍ သူသာ နုတ်သီးဖြင့် အမှန်တကယ် အထိုးခံရလျှင် သူက ချက်ချင်း မျက်လုံးကန်းသွားလိမ့်မည်။ သံမဏိအတောင်ပံတစ်စုံသည်လည်း သူ၏ ခန္ဓာကိုယ်ကို နှစ်ခြမ်းဆုတ်ဖြဲပစ်နိုင်ဟန် ရ၏။
“ ဝေါင်း ”
ရက်စက်ကြမ်းတမ်းသော ထိုသို့တိုက်ခိုက်မှုဖြင့် ရင်ဆိုင်ရသော်လည်း သီရှီထျန်က မတုန်လှုပ်သွားပေ။ သူ၏ မျက်လုံးက အေးဆေးတည်ငြိမ်သည်။ အေးစက်စက် အငွေ့အသက်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သားရဲဘုရင်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ပေါ်မှာ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။
“ ဘန်း ”
သတ္ထုမြည်သံက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ လင်းတဘုရင်၏ နုတ်သီးက သူ၏ မျက်လုံးကို ထိုးစိုက်တော့မည့်အချိန် အနက်ရောင်ကျားလက်သည်းက လင်းတဘုရင်၏ နုတ်သီးရှည်ကို ခုခံတားဆီးလိုက်သည်။ ချွန်ထက်သော ငှက်နုတ်သီးက ကျားလက်သည်းနှင့် တွေ့ဆုံသွားသည့်အခါ သတ္ထုမြည်သံ ထွက်ပေါ်လာသည်။
သူ့အနောက်တွင် ကျားအမြှီးက ရှည်လျားသော ကြာပွတ်သဖွယ် ထွက်ပေါ်လာပြီး အနက်ရောင်မိစ္ဆာအလင်းကို ထုတ်လွှတ်လိုက်သည်။ သူက ခါးကို လွှဲယမ်းလိုက်ပြီး သံမဏိအတောင်ပံတစ်စုံပေါ်သို့ ကျားအမြှီးဖြင့် ရိုက်ချလိုက်သည်။
“ ဘန်း ”
သံမဏိအတောင်ပံများထဲမှာ ကီလိုဂရမ်တစ်ထောင်ရှိသော အင်အား ကိန်းအောင်းနေသည်။ သီရှီထျန်၏ အမြှီးထဲမှာလည်း ကြီးမားသော ခွန်အားက ပါဝင်နေသည်။ ထို့ပြင် သူက အမြှီးလွှဲယမ်းလိုက်သည့်အခိုက် မိစ္ဆာစွမ်းအားကို အမြှီးထဲသို့ ထည့်သွင်းခဲ့သည်။
ကျယ်လောင်သော မြည်သံ ပေါ်ထွက်လာပြီးလျှင် လင်းတဘုရင်သည် ကျားအမြှီးထံမှ အင်အားကြောင့် အဝေးသို့ လွင့်စင်သွားသည်။
“ အူး… ”
မျိုးနွယ်စုတစ်စု၏ ဘုရင်ဖြစ်သော လင်းတဘုရင်သည် ထိုသို့အလွယ်တကူ အရှုံးမပေးပေ။ သူက အတောင်ပံတစ်စုံကို တဖျပ်ဖျပ်ခတ်လိုက်ပြီး လေထဲမှာ လှည့်ပတ်ပျံသန်းလိုက်သည်။ သူက ဝေဟင်အားသာချက်ကို အပြည့်အဝ အသုံးချလိုက်ပြီး သီရှီထျန်ကို သူ၏ ထက်ရှသော လက်သည်းများ၊ ချွန်ထက်သော နုတ်သီးနှင့် အလွန်မာကျောသော သံမဏိအတောင်ပံတစ်စုံဖြင့် အဆက်မပြတ် တိုက်ခိုက်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှ အစိတ်အပိုင်းအားလုံးကို တိုက်ခိုက်ရန် အသုံးပြုနိုင်ဟန် ရ၏။
စက်ကရာသည် မကြောက်ပေ။ လင်းတဘုရင်၏ တိုက်ခိုက်မှုများက မည်မျှရက်စက်ကြမ်းတမ်းပါစေ သူက ယင်းတို့ကို တည်ငြိမ်စွာ ကိုင်တွယ်နိုင်ခဲ့သည်။ သူက လင်းတဘုရင်၏ တိုက်ခိုက်မှုများကို ထပ်ခါတလဲလဲ ခုခံကာကွယ်နိုင်ခဲ့ပြီး ရံဖန်ရံခါ သူ၏ ချွန်ထက်သော ကျားလက်သည်းများ၊ သန်မာသော ကျားအမြှီးဖြင့် တန်ပြန်တိုက်ခိုက်သည်။
အလွန်ပြင်းထန်သော ထိုတိုက်ပွဲက ဝံပုလွေဘုရင်နှင့် ကောင်းကင်ပေါ်မှ လင်းတအုပ်စုကို ထိတ်လန့်ချောက်ချားသွားစေသည်။ ထိုသို့တိုက်ပွဲက သာမန်တိရိစ္ဆာန်များကြားမှ သတ်ဖြတ်ပွဲနှင့် လုံးဝ ကွဲပြားခြားနားသည်။ သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုများက သာမန်တိရိစ္ဆာန်များ၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေသည်။
“ ဘန်း ”
သီရှီထျန်နှင့် လင်းတဘုရင်က နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ကြသည်။ ကျားလက်သည်းနှင့် ငှက်လက်သည်းက ကြီးမားသော အင်အားဖြင့် ထိပ်တိုက် တွေ့ဆုံသွားကြသည်။ သီရှီထျန်၏ ခန္ဓာကိုယ်က အလွန်အမင်း သန်မာသည်။ ထို့ပြင် သူ့ဆီမှာ မိစ္ဆာစွမ်းအား ရှိ၏။ ထို့ကြောင့် သူက သက်ရောက်အားမှန်သမျှကို မတုန်မလှုပ် ရင်ဆိုင်နိုင်သည်။ သို့သော်လည်း လင်းတဘုရင်က လေထဲသို့ ထပ်ခါထပ်ခါ လွင့်စင်သွားရသည်။ ဤတစ်ကြိမ်တွင် သူက ဆွဲငင်စွာ အော်မြည်လိုက်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
သီရှီထျန်၏ အမူအရာက အေးစက်သွားသည်။
“ ငါဒီနေရာမှာ အချိန်မဖြုန်းချင်ဘူး… တိုက်ပွဲကို အခုပဲ ရပ်ရမယ်… မြွေဘုရင်ကို သိမ်းသွင်းဖို့ ငါလုပ်ဆောင်ရဦးမယ်… ဒီနေရာမှာ အချိန်အကြာကြီး အသုံးပြုလို့ မဖြစ်ဘူး ”
မှန်ပေ၏။ သီရှီထျန်က လင်းတဘုရင်၏ ခွန်အားကို စမ်းသပ်နေခြင်းသာ ဖြစ်၏။ အကယ်၍ သူသာ အနိုင်ယူရန် စိတ်ဆုံးဖြတ်ထားလျှင် သူ့ကိုယ်ပိုင်စွမ်းအားအရ ထိုမျှအချိန်အကြာကြီး လိုအပ်မည် မဟုတ်ချေ။ ယခု သူက လင်းတဘုရင်၏ ခွန်အားကို ကောင်းမွန်စွာ သိရှိသွားလေရာ တိုက်ပွဲကို နောက်ထပ် အချိန်ဆွဲနေရန် မလိုတော့ပေ။
သီရှီထျန်သည် လေပေါ်သို့ မပျံသန်းနိုင်ပေ။ သို့သော်လည်း အကွာအဝေးကို လျစ်လျူရှုနိုင်သော အစွမ်းထက်စွမ်းရည်တစ်ခု သူ့မှာ ရှိ၏။
“ ဟူး ”
လေကို ဗိုက်ပြည့်သည်အထိ တစ်ဝကြီး ရှူသွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ လွှမ်းမိုးဗိုလ်ကျသော ကျားရဲအရှိန်အဝါက ဒီရေသဖွယ် ပေါ်လျှိုးလာပြီး အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် အရွယ်အစားကြီးမားလာသည်။ သူခေါင်းမော့လိုက်သည့်အခါ သူ၏ နဖူးပေါ်မှ ခရမ်းရောင်စာလုံးက ပိုပြီးသက်ဝင်လှုပ်ရှားလာသည်။ ဤအခိုက်အတန့်မှာ သူက အလွန်ကြောက်စရာကောင်းလာသည်။
“ ဝေါင်း ”
လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံက သီရှီထျန်၏ ပါးစပ်မှ ထွက်ပေါ်လာသည်။ ထိုကျားဟိန်းသံက မိုးကြိုးမုန်တိုင်းသဖွယ် ချောက်ချားစရာကောင်းသည်။ ထိုကျားဟိန်းသံထဲမှာ သားရဲဘုရင်၏ အထွတ်အမြတ်အရှိန်အဝါက သဘာဝအလျောက် ကိန်းအောင်းနေသည်။
ကျားဟိန်းသံက ဝေဟင်ထက်မှ လင်းတအုပ်စု၏ နားထဲသို့ ဝင်ရောက်သွားသည့်အခါ ဦးခေါင်းက တဝီဝီမြည်နေသည်ဟု သူတို့ခံစားမိသွားကြသည်။ သူတို့၏ အသိစိတ်က ဗလာဖြစ်သွားပြီး သူတို့၏ အတောင်ပံများက ထိန်းချုပ်မှုကင်းလွတ်သွားသည်။ လင်းတတစ်ကောင်ပြီးတစ်ကောင်က မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည်။
သီရှီထျန်ကို တိုက်ခိုက်ရန် အောက်သို့ ထိုးဆင်းလာနေသော လင်းတဘုရင်သည် လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံကို ကြားသွားသည်။ သူ၏ ဦးခေါင်းသည်လည်း တဝီဝီမြည်သွားသည်။ သူ၏ ခန္ဓာကိုယ်က ဖော်မပြနိုင်အောင် လေးလံလာကြောင်း သူခံစားမိသွားသည်။ ထို့နောက် သူက မြေကြီးပေါ်သို့ တန်းမတ်စွာ ပြုတ်ကျသွားသည်။
စက်ကရာ၏ အသံလှိုင်းစက်ကွင်းများ မထွက်ပေါ်လာခင်မှာတင် လင်းတဘုရင်သည် ကျားဟိန်းသံ၏ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါကြောင့် ကြောက်လန့်တုန်ယင်သွားပြီး အောက်သို့ ပြုတ်ကျသွားသည်။
“ ဘန်း ”
လင်းတဘုရင်၏ ခန္ဓာကိုယ်က အလွန်ကြီးမားပြီး သန်စွမ်းကြံ့ခိုင်သည်။ ထို့ကြောင့် သူက မြေကြီးပေါ်သို့ ပြုတ်ကျသွားသော်လည်း မသေဆုံးသွားပေ။ သို့သော် သူက နာကျင်စွာ အော်ဟစ်လိုက်သည်။ သူက ခေါင်းမူးဝေနေသောကြောင့် ချက်ချင်း ပြန်မထနိုင်ပေ။
“ ဝှစ် ”
သူပြန်ထတော့မည့်အချိန် ဧရာမကျားလက်သည်းက သူ၏ နောက်ကျောပေါ်သို့ ကြမ်းတမ်းစွာ ဖိကျလာသည်။ လင်းတဘုရင်က မည်သို့ရုန်းကန်ပါစေ ကျားလက်သည်းအောက်မှ မလွတ်မြောက်နိုင်ပေ။
သူ၏ ကျားဟိန်းသံထဲမှာ မိစ္ဆာစွမ်းအား ကိန်းအောင်းနေကြောင်း စက်ကရာသိသည်။ သူ၏ ကျားဟိန်းသံထဲသို့ မိစ္ဆာစွမ်းအား ပေါင်းထည့်လိုက်သည့်အခါ ကျားဟိန်းသံ၏ စွမ်းအားက ပုံမှန်ထက် အဆပေါင်းများစွာ တိုးတတ်သွားသည်။ လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံက နားထဲဝင်ရောက်သွားသည့်အခါ မည်သူမှ ယင်းကို ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ လင်းတဘုရင်ဆီမှာ မိစ္ဆာစွမ်းအားမရှိပေ။ သို့ဖြစ်လေရာ မည်သို့ကြောင့် သူက လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံကို ခုခံကာကွယ်နိုင်မည်နည်း။ ကျားဟိန်းသံကို ကြားသွားသည့်အခိုက် သူက အသိစိတ်ဗလာဖြစ်သွားပြီး ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာ တိုက်ပွဲအခြေအနေက ပြောင်းပြန်ဖြစ်သွားသည်။ စက္ကန့်ပိုင်းလေးအတွင်း သူက သီရှီထျန်၏ အနိုင်ယူခံလိုက်ရသည်။
“ လင်းတဘုရင်… အညံ့ခံမလား ဒါမှမဟုတ် အသေခံမလား ”
သီရှီထျန်၏ အေးစက်စက်အသံက လင်းတဘုရင်၏ နားထဲသို့ ဝင်ရောက်သွားသည်။ ယင်းကို လင်းတဘုရင်ကြားသောအခါ သူ၏ မျက်နှာပေါ်မှာ စိတ်အားငယ်သော အမူအရာ ထွက်ပေါ်လာသည်။ သူက ဘေး၌ ရိုသေလေးစားစွာ မတ်တတ်ရပ်နေသော ဝံပုလွေဘုရင်ကို ကြည့်လိုက်သည်။ ဝံပုလွေဘုရင်က ဝံပုလွေအုပ်စု၏ ဘုရင်ဖြစ်ကြောင်း မည်သို့ကြောင့် သူမသိဘဲနေမည်နည်း။ ယခု သူက ကျားဘုရင်ထံ အညံ့ခံလိုက်ပြီဖြစ်ကြောင်း ထင်ရှားပေသည်။
လင်းတဘုရင်သည် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ သို့သော်လည်း သူက ဤတိုက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ကြောင်း သိသည်။ သူက အသက်မသေချင်ပေ။ ထို့ကြောင့် သူ့အပေါ်မှ ကျားနက်ကို ကြည့်လိုက်သည်။ သူက ဖြည်းဖြည်းချင်း ခေါင်းငုံ့လိုက်ပြီး အော်မြည်လိုက်သည်။
“ အရှင်… ကျုပ် အညံ့ခံပါတယ် ”
ထိုသို့သူပြောလိုက်သည်နှင့်ချက်ချင်း သူ၏ နောက်ကျောကို ဖိနှိပ်ထားသော ကျားလက်သည်းက မျက်တောင်တစ်ခတ်အတွင်းမှာ ဖယ်ခွာသွားသည်။
လင်းတဘုရင်က မတ်တတ်ပြန်ရပ်လိုက်သည်။ သို့သော်လည်း သူက ကောင်းကင်ပေါ်သို့ မပျံသန်းသွားပေ။ ယင်းအစား သူက သီရှီထျန်၏ အရှေ့မှာ ရိုသေလေးစားစွာ ခေါင်းငုံ့လိုက်သည်။ တိရိစ္ဆာန်များ၏ အညံ့ခံခြင်းက အစစ်အမှန် အညံ့ခံခြင်း ဖြစ်သည်။ သူတို့က လူသားများကဲ့သို့ တစ်နေ့ အညံ့ခံပြီး နောက်တစ်နေ့ သစ္စာဖောက်ခြင်းကို မပြုလုပ်ကြပေ။
“ ကောင်းပြီ လင်းတဘုရင်… အခု မင်းက အညံ့ခံသွားပြီဆိုတော့ ငါမင်းကို နာမည်တစ်ခု ပေးမယ်… လင်းတ… ကောင်းကင်က အရမ်းကျယ်ပြောတယ်… ဒီနေ့ကစပြီး ငါမင်းကို ကျိုးထျန်လို့ ခေါ်မယ် ”
သီရှီထျန်သည် သူ့လက်အောက်မှာ အညံ့ခံသွားကြသော သားရဲဘုရင်များကို နာမည်တစ်ခု အပ်နှင်းပေးသည်။ သို့မှသာ သူတို့ကို သက်တောင့်သက်သာရှိစွာ ခေါ်ယူစုဝေးနိုင်လိမ့်မည်။ ထို့ပြင် နာမည်တစ်ခု အပ်နှင်းပေးခြင်းက ကြင်နာသော လုပ်ဆောင်မှု ဖြစ်သည်။
တိရိစ္ဆာန်များဆီမှာ နာမည်မရှိပေ။ သူတို့က ကိုယ့်ကိုယ်ကိုယ် နာမည်မပေးနိုင်ကြပေ။ ထို့ကြောင့် သူတို့ဆီမှာ ကိုယ်ပိုင်နာမည်ရှိသွားခြင်းက ဝမ်းသာပျော်ရွှင်စရာကိစ္စ ဖြစ်၏။
သူမျှော်လင့်ထားသကဲ့သို့ပင် လင်းတဘုရင်သည် ထိုနာမည်ကိုကြားပြီးနောက် ဝမ်းသာပျော်ရွှင်သွားသည်။ သူက ကိုယ်တိုင်ဆန္ဒရှိစွာ သီရှီထျန်ကို သုံးကြိမ်သုံးခါ ဦးညွတ်လိုက်သည်။ ယင်းက အညံ့ခံသော လက္ခဏာဖြစ်သည်။
သီရှီထျန်သည် လင်းတတောင်ထွတ်၏ အောက်ခြေမှာ ရပ်လိုက်ပြီး လင်းတဘုရင်ကို ညွှန်ကြားမှုတချို့ ပေးသည်။ ထို့နောက် သီရှီထျန်သည် ဝံပုလွေဘုရင်နောက်မှ လိုက်သွားပြီး မြွေဖြူဘုရင်နေထိုင်သော တောင်ကြားဆီသို့ ဦးတည်သွားသည်။
သားရဲဘုရင်ကို သိမ်းသွင်းခြင်းက မဆင်မခြင် ဆောင်ရွက်နိုင်သောအရာ မဟုတ်ပေ။ ယင်းကို သူကိုယ်တိုင်လုပ်ဆောင်ရမည်။
မြွေတောင်ကြားသည် လင်းတတောင်ထွတ်နှင့် သိပ်မဝေးပေ။ ယင်းက လင်းတထောင်ထွတ်နှင့် မီတာဒါဇင်ခန့်သာ ကွာဝေးသည်။ ထူထဲသော တောအုပ်ကို ဖြတ်ကျော်သွားပြီးနောက် သူက မြွေတောင်ကြားဆီသို့ ရောက်ရှိသွားသည်။
သို့သော် ကောင်းကင်က ညအချိန်သို့ ကူးပြောင်းသွားပြီ ဖြစ်၏။
ထိုအခြေအနေကို မြင်သောအခါ သီရှီထျန်သည် မြွေဖြူဘုရင်ကို သွားရှာရန် အလျင်မလိုပေ။ သူက တောင်ကြား၏ အနီးနားတစ်နေရာမှာ ရပ်လိုက်ပြီး မြေကွက်လပ်တစ်ခုကို ရှာဖွေလိုက်သည်။ သူက ထိုနေရာမှာ အနားယူပြီး ညအချိန်ကို ကုန်ဆုံးရန် စဉ်းစားထားသည်။
ဝံပုလွေဘုရင်သည် တောအုပ်ထဲသို့ ပြေးဝင်သွားသည်။ မကြာမီ သူက သမင်နှစ်ကောင်ကို ကိုက်ချီလျက် ပြန်ရောက်လာသည်။ သီရှီထျန်သည် အများကြီး မစားပေ။ သူက သမင်တစ်ကောင်ကို အမြန်စားသောက်လိုက်ပြီး မြေကြီးပေါ်မှာ လဲလျောင်းကာ လရောင်ခြည်အောက်တွင် ကျင့်ကြံလိုက်သည်။