အခန်း (၄၁)
Vol. 3 Ch. 41
အခန်း(၄၁)
သီရှီထျန်သည် “ ကျားဟိန်းသံကျင့်စဉ် ”ကို အသုံးပြု၍ အစောနက သူစားသုံးခဲ့သော အသွေးအသားများကို စုပ်ယူနိုင်သော သွေးချီအနှစ်သာရအဖြစ် ဖြည်းဖြည်းချင်း သန့်စင်လိုက်ပြီး သူ၏ မရီဒျန်များထဲသို့ ပို့လွှတ်လိုက်သည်။ သူ၏ မိစ္ဆာစွမ်းအားက လှည့်ပတ်သွားသည့်အခါ သွေးချီအနှစ်သာရက မိစ္ဆာစွမ်းအားဖြစ် ပြောင်းလဲသွားသည်။ တစ်ကြိမ်ပြည့်အောင် လှည့်ပတ်သွားသည့်အခါတိုင်း သူ၏ မိစ္ဆာစွမ်းအားက ပိုပြီးသန်စွမ်းလာသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက် တစ်သိန်းရှစ်ထောင်က တစ်ပြိုင်နက် ဖွင့်လှစ်သွားကြသည်။ သူအသက်ရှူသွင်းရှူထုတ်ပြုလိုက်သည့်အခါတိုင်း မွေးညင်းပေါက်များက ဖွင့်ချည်ပိတ်ချည်ဖြစ်သွားကြသည်။
နေနှင့်လ၏ အနှစ်သာရသည် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ မြန်ဆန်စွာ စုဝေးသွားသည်။ ယင်းက သူ၏ မွေးညင်းပေါက်များမှတဆင့် မရီဒျန်များထဲသို့ စီးဆင်းသွားသည်။
အနက်ရောင်မိစ္ဆာအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ဖြည်းဖြည်းချင်း စိမ့်ထွက်လာပြီး သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ အမှောင်ရိပ်ထဲမှာ သူ့ကို ဝေဝေဝါးဝါးသာ မြင်နိုင်ပေသည်။
တခြားသမင်ကို စားသောက်နေသော ဝံပုလွေဘုရင်သည် ကျင့်ကြံနေသော စက်ကရာကို မြင်သွားသောအခါ ကြောက်ရွံ့ရိုသေသွားသည်။ သူ၏ မျက်လုံးထဲမှာ မနာလိုသော အရိပ်အယောင်တစ်စွန်းတစ်စလည်း ထွက်ပေါ်နေသည်။ သူက သမင်ကို စားသောက်ပြီးနောက် အနီးနားမှာ လဲလျောင်းလိုက်ပြီး သတိကြီးစွာထား၍ သီရှီထျန်ကို စောင့်ကြပ်ပေးသည်။
သူ၏ အရှင်က မည်မျှအစွမ်းထက်ကြောင်း ကောင်းကောင်း သူသိသည်။ သူ့အရှင် တစ်ချက်ဟိန်းလိုက်သည့်အခါ မရေမတွက်နိုင်သော အစွမ်းထက်လူသားများက သေဆုံးသွားကြသည်။ သူ့အရှင်ဆီမှာ မှော်စွမ်းရည်အများကြီး ရှိသည်။ အကယ်၍ သူသာ အရှင့်ကို သစ္စာရှိရှိ အမှုထမ်းမည်ဆိုလျှင် အနာဂတ်မှာ သူသည်လည်း ထိုသို့စွမ်းရည်များကို သေချာပေါက် ပိုင်ဆိုင်သွားလိမ့်မည်။
အချိန်သည် ထိုသို့ဖြင့် ကုန်လွန်သွားသည်။
မည်သို့မည်ပုံမသိလိုက်ခင်မှာ ညအချိန်က ကုန်လွန်သွားသည်။ ညအချိန်က နေ့အချိန်သို့ ကူးပြောင်းသွားသည်။ နေရောင်ခြည်က အရှေ့အရပ်မှ ပေါ်လျှိုးလာသည့်အခါ အမှောင်ထုက တဖြည်းဖြည်း လွင့်ပြယ်သွားသည်။
ထိုအခိုက်အတန့်မှာ မင်းသမီးချူယွမ်နှင့် တခြားလူများ နေထိုင်ကြသော ကျေးရွာထဲတွင် အုပ်စုတစ်စုက ထွက်ခွာရန် အသင့်ဖြစ်နေသည်။ မင်းသမီးချူယွမ်၊ လီသွမ့်ချန်း၊ ကျန်းပိုင်ချွင်း၊ ချင်းဟိုင်နှင့် အစေခံကောင်မလေးသည် မနက်စောစော အိပ်ယာမှ ထပြီးနောက် ကျားရဲတောင်တန်းဒေသဆီသို့ အတူတကွ လျှောက်သွားကြသည်။
“ ဂိုဏ်းတူအကိုလီ… အကြီးအကဲနှစ်ယောက်က ဘာလို့ ကျွန်မတို့နဲ့ အတူလိုက်မလာတာလဲ… အဲ့ဒီကျားနက်က အရမ်းသန်မာတယ်… အခြေတည်နယ်ပယ်အောက်က ကျင့်ကြံသူတွေ သူ့ကို ဘာမှမတတ်နိုင်မှာ ကျွန်မစိုးရိမ်တယ် ”
မင်းသမီးချူယွမ်သည် တောအုပ်ထဲသို့ လျှောက်သွားနေရင်း ဘေးဘီကို စစ်ဆေးကြည့်လိုက်ပြီး သူ့ဘေးမှ လီသွမ့်ချန်းကို မေးသည်။
“ ဟုတ်တယ် ”
ကျန်းပိုင်ချွင်းက ထေ့ငေါ့စွာ ပြောသည်။
“ အကိုလီ… ခင်ဗျား သတိပေါ့ဆလို့ မဖြစ်ဘူးနော်… အရင်တစ်ခေါက်မှာ မင်းသမီးနဲ့ ကျုပ်က အဲ့ဒီကျားနက်ရဲ့ လက်ထဲမှာ အတော်ဒုက္ခရောက်ခဲ့တယ်… ကျုပ်တို့ရဲ့ အစောင့်စစ်သည်တော်တွေ တစ်ယောက်မှ အသက်မရှင်နိုင်ခဲ့ဘူး… သူတို့အားလုံးက ကျားနက်ရဲ့ လက်သည်းအောက်မှာ သေဆုံးသွားကြတယ်… အကိုလီက ဘယ်လောက်သန်မာပါစေ အခြေတည်နယ်ပယ်ကို မရောက်သေးဘူး… တကယ်လို့ ကျားနက်နဲ့ ခင်ဗျားတွေ့တဲ့အခါ ကျုပ်စိုးရိမ်တာက… ”
စကားဆုံးသည်အထိ ဆက်ပြောရန် မလိုပေ။ ဆိုလိုရင်းအဓိပ္ပာယ် ပေါ်သွားလျှင် လုံလောက်ပေသည်။ မည်သူမဆို ထိုစကား၏ အဓိပ္ပာယ်ကို နားလည်နိုင်ကြ၏။ ယင်းက ရန်စသော စကားဖြစ်သည်။
လီသွမ့်ချန်း ရောက်လာသည့်အချိန်မှစ၍ သူက မင်းသမီးချူယွမ်၏ အာရုံစိုက်မှုကို အပြည့်အဝ ရရှိသွားသည်။ သို့ဖြစ်လေရာ မင်းသမီးချူယွမ်ကို ပိုးပန်းနေသူတစ်ယောက်အနေဖြင့် လီသွမ့်ချန်းအပေါ် သူမကျေနပ်ခြင်းက ထူးဆန်းသောအရာ မဟုတ်ပေ။ ယခု သူတို့က တောအုပ်ထဲသို့ ဝင်ရောက်ကြတော့မည်ဖြစ်လေရာ သူက ခံစားချက်ကို နောက်ထပ် မဖုံးကွယ်တော့ပေ။ သူက ရန်စကားဖြင့် တိုက်ခိုက်လိုက်သည်။
“ ဟုတ်တယ်… အဲ့ဒီကျားနက်က အရမ်းသန်မာတယ် ”
ထိုအချိန်တွင် ချင်းဟိုင်က ရုတ်တရက် ပြောသည်။ ဤတစ်ကြိမ်တွင် သူက ရှားရှားပါးပါး ကျန်းပိုင်ချွင်း၏ စကားကို ထောက်ခံလိုက်သည်။ သူက စကားတချို့သာ ပြောခဲ့သော်လည်း သူ့စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်က လီသွမ့်ချန်းသည် ကျားနက်ကဲ့သို့ မသန်မာပေ။
“ ဟား ဟား… ဘာမှမကြောက်ပါနဲ့ ”
ယင်းကို ကြားသောအခါ လီသွမ့်ချန်း၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သောအလင်း ပေါ်လျှိုးလာသည်။ သို့တိုင် သူက ရင်းနှီးဖော်ရွေစွာ ပြုံးလိုက်ပြီး ပြောသည်။
“ ကျုပ်တို့က အရှေ့ကနေ သွားနှင့်မယ်… ကျုပ်ရဲ့ ဒုတိယဦးလေးနဲ့ တတိယဦးလေးက အခြေတည်နယ်ပယ်က ကျင့်ကြံသူတွေပါ… သူတို့က ကျုပ်တို့အနောက်ကနေ လိုက်လာကြလိမ့်မယ်… ကျုပ်တို့ အန္တရာယ်နဲ့ တွေ့ကြုံတဲ့အခါ သူတို့ထွက်လာကြလိမ့်မယ်… ပြီးတော့ အဲ့ဒီကျားနက်က ခင်ဗျားတို့ပြောသလောက် မသန်မာနိုင်ပါဘူး ”
“ ကျုပ်သွမ့်ချန်းရဲ့ ကျင့်ကြံခြင်းက ချီသန့်စင်ခြင်းနယ်ပယ် သတ္တမအဆင့်မှာပဲ ရှိသေးတယ်ဆိုပေမဲ့ ကျုပ်က လီမိသားစုရဲ့ အကြီးအကဲတွေဆီကနေ ချီးကျူးမှုကို ရရှိခဲ့ပါတယ်… ကျုပ် အပြင်လောကမှာ အတွေ့အကြုံရှာဖွေဖို့ ထွက်လာတဲ့အချိန် မိသားစုက ကျုပ်ကိုယ်ကျုပ် ကာကွယ်နိုင်အောင် ရတနာတချို့ ထည့်ပေးလိုက်ပါတယ်… ခင်ဗျားတို့စိတ်ချပါ… ကျားနက်ကို ဖမ်းဆီးဖို့ ဘာပြဿနာမှ မရှိနိုင်ပါဘူး ”
အစမှအဆုံးအထိ သူ၏ စကားထဲမှာ မောက်မာထောင်လွှားသော အငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။ ရှင်းလင်းစွာပင် သူက သူ့ကိုယ်ပိုင်စွမ်းအားကို အတော်လေး ယုံကြည်ချက်ရှိသည်။
အမှန်မှာ သူက သေမျိုးလောကတွင် အစွမ်းထက်သော ဝိညာဉ်သားရဲများမရှိနိုင်ကြောင်း ယူဆထားခြင်း ဖြစ်သည်။ အများဆုံး ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးပြီးသော တိရိစ္ဆာန်များသာ ရှိလိမ့်မည်။
“ ဂိုဏ်းတူအကိုလီက တကယ်တွေးတတ်တာပဲ… အကြီးအကဲနှစ်ယောက်က ကျွန်မတို့ကို အနောက်ကနေ စောင့်ကြည့်ပေးနေမယ်ဆိုရင် ဒီတစ်ကြိမ် အဲ့ဒီကျားနက်ကို ကျွန်မတို့ အလွယ်တကူ ဖမ်းမိမှာ သေချာတယ် ”
မင်းသမီးချူယွမ်က လီသွမ့်ချန်းကို ချိုမြန်စွာ ပြောသည်။
သို့သော်လည်း သူ၏ စိတ်ထဲမှာတော့…
‘ အရူး… ကျားနက်ကို ဖမ်းဆီးဖို့ နင့်ရဲ့ လီမိသားစုရဲ့ အင်အားကို ချေးငှားဖို့ မလိုအပ်ဘူးဆိုရင် အခြေတည်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်ကို ငါက ဂရုစိုက်စရာလား… ငါ့ရဲ့ ရည်ရွယ်ချက် အောင်မြင်သွားပြီးရင် နင့်ကို ဘယ်လိုဖြေရှင်းမလဲ စောင့်ကြည့်နေစမ်းပါ… ဟွန့် ’
“ အကိုချင်း… လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အဲ့ဒီကျားနက်ကို ဘယ်နေရာမှာ ကျွန်မတို့တွေ့ဆုံခဲ့လဲ ရှင်မှတ်မိသေးလား ”
ဤတစ်ကြိမ်တွင် မင်းသမီးချူယွမ်က ချင်းဟိုင်ကို မေးသည်။ ကျားရဲတောင်တန်းဒေသသည် အလွန်ကျယ်ပြောသည်။ သူတို့က တောအုပ်၏ နေရာတိုင်းမှာ လိုက်လံရှာဖွေလျှင် အချိန်အလွန်ကြာလိမ့်မည်။ ကျားနက်နှင့် သူတို့တိုက်ခိုက်ခဲ့သော နေရာက အလွန်အရေးပါသော သဲလွန်စတစ်ခု ဖြစ်သည်။ ကံကောင်းလျှင် သူတို့က ကျားနက်ကို ထိုနေရာမှာ ထပ်တွေ့နိုင်သည်။
ထို့ကြောင့် သူတို့၏ ရည်ရွယ်ချက်က ဝံပုလွေအုပ်စု ရှိနေသော နေရာကို ရှာဖွေရန် ဖြစ်သည်။
“ မင်းသမီး ဘာမှမစိုးရိမ်ပါနဲ့… ကျုပ်တို့တွေ အလျှင်အမြန် ထွက်ပြေးခဲ့ကြတယ်ဆိုပေမဲ့ ကျုပ်က စစ်တပ်ထဲမှာ ကြီးပြင်းလာတဲ့သူပါ… ထွက်ပြေးခဲ့တဲ့ လမ်းကြောင်းကို ကျွန်တော် သေချာမှတ်ထားပါတယ်… အဲ့ဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်သွားမယ်ဆိုရင် အရင်တစ်ခေါက် ကျုပ်တို့တိုက်ခိုက်ခဲ့တဲ့နေရာဆီ မကြာခင် ပြန်ရောက်သွားပါလိမ့်မယ် ”
ချင်းဟိုင်က ယုံကြည်ချက်ရှိစွာ ပြောသည်။
“ ဟုတ်ပြီ… ဒီတစ်ကြိမ် အဲ့ဒီကျားနက်ကို သေချာပေါက် ဖမ်းဆီးပြီး သူ့ကို ငါ့ရဲ့ ဝိညာဉ်သားရဲဖြစ်အောင် လုပ်ပစ်မယ် ”
မင်းသမီးချူယွမ်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။ သူက တစ်စုံတစ်ခု လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ထားပြီးလျှင် ယင်းကို လွယ်လွယ်နှင့် အလျော့ပေးလိမ့်မည် မဟုတ်ပေ။ ဤတစ်ကြိမ် ကျားနက်သည်လည်း ချွင်းချက်မဟုတ်ပေ။
သူတို့က စကားပြောရင်း လမ်းလျှောက်နေကြသည်။ အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ မည်သို့မည်ပုံမသိလိုက်ခင်မှာ သူတို့အုပ်စုက ဝံပုလွေအုပ်စုနေထိုင်သော လှိုဏ်ဂူဆီသို့ ပြန်ရောက်သွားကြသည်။ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည့်အခါ သူတို့၏ အမူအရာက ပြောင်းလဲသွားသည်။
ဤနေရာတွင် ကျားနက်မရှိသလို မည်သည့်ဝံပုလွေမှလည်း မတွေ့ရပေ။ ဤနေရာမှာ အဖြူရောင်အရိုးစုများသာ ရှိ၏။ ယင်းတို့အားလုံးက လူသားများ၏ အရိုးစုများဖြစ်ကြောင်း ထင်ရှားသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အသွေးအသားများက ကိုက်စားခံထားရလေရာ အဖြူရောင်အရိုးစုများသာလျှင် ကျန်ရှိကြတော့သည်။ အနည်းဆုံး ဤနေရာမှာ အရိုးစုရာပေါင်းများစွာ ရှိသည်။ နှစ်ခါစဉ်းစားရန် မလိုပေ။ သူတို့က သီရှီထျန်၏ ဟိန်းသံကြောင့် သေဆုံးသွားကြသော သိုင်းပညာရှင်အုပ်စုနှင့် ဝံပုလွေစစ်တပ်မှ စစ်သည်တော်များ ဖြစ်ကြသည်။
သူတို့သည် သေဆုံးသွားပြီးနောက် ဝံပုလွေအုပ်စု၏ စားသောက်ခံလိုက်ရသည်။ ထို့ကြောင့် အရိုးစုများသာ ဤနေရာမှာ ကျန်ရှိနေခြင်း ဖြစ်သည်။
“ ကျားနက်ကို မတွေ့ရဘူး… ဝံပုလွေအုပ်စုကလည်း ထွက်သွားပြီ… ဒီနေရာက ခြေရာလက်ရာတွေကို ကြည့်ရတာတော့ ဝံပုလွေအုပ်စု ဒီနေရာမှာ မထွက်ပေါ်လာတာ သုံးလေးရက်ရှိသွားလောက်ပြီ ”
ချင်းဟိုင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးကြည့်ပြီးနောက် မြန်ဆန်စွာ ကောက်ချက်ချလိုက်သည်။
ကျန်းပိုင်ချွင်း ရောက်လာသည့်အခါ သူက မျက်လုံးပြူးသွားသည်။ သူက ဘေးပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ရှာဖွေလိုက်သည်။ ဘေးပတ်ဝန်းကျင်ကို အကြိမ်ရေအနည်းငယ် သူရှာဖွေပြီးသော်လည်း ဘာမှရှာမတွေ့ပေ။ နောက်ဆုံးမှာတော့ သူက လက်လျော့လိုက်ပြီး သူ့ဘာသာ တွေးလိုက်သည်။
‘ မဖြစ်နိုင်တာ… အဲ့ဒီအချိန်တုန်းက သားရဲထိန်းလည်ပတ်က ဒီနေရာကို ပြုတ်ကျသွားတာ ငါသေချာမြင်လိုက်ပါတယ်… အခု ဘယ်လိုလုပ် ရှာမတွေ့တော့တာလဲ… လူအနည်းစုပဲ တောင်တန်းဒေသဆီ ရောက်လာကြတာပါ… အဲ့ဒါကို တစ်ယောက်ယောက် ယူမသွားလောက်ပါဘူး… ထူးဆန်းတယ်… ထူးဆန်းတယ် ’
မှန်ပေသည်။ ယခု သူက သားရဲထိန်းလည်ပတ်ကို ရှာဖွေနေခြင်း ဖြစ်သည်။ ထိုသို့ရတနာက မသေမျိုးကျင့်ကြံခြင်းလောကတွင် အလွန်ရှားပါးသည်။ ထိုသို့တန်ဖိုးကြီးမားသော ရတနာတစ်ခုကို သူက လက်လွတ်စပယ် ဆုံးရှုံးသွားခဲ့သည်။ ယင်းက သူ့ကို နှလုံးနာကျင်စေသည်။ ထို့ကြောင့် သူက ဤနေရာသို့ ပြန်ရောက်လာသည့်အခါ သားရဲထိန်းလည်ပတ်ကို ပြန်ရှာတွေ့နိုင်မည်လော မျှော်လင့်ချက်ဖြင့် လိုက်လံရှာဖွေနေသည်။
ယင်းကို ကြားသောအခါ လီသွမ့်ချန်းက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး ပြောသည်။
“ ဂိုဏ်းတူညီမယွမ်… ဘာမှမစိုးရိမ်ပါနဲ့… ကျုပ်သွမ့်ချန်းက အားလုံးကို ကြိုပြင်ဆင်ထားပါတယ် ”
သူက စကားပြောနေရင်း လက်ဆန့်ထုတ်လိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ ရှေးဟောင်းသံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်လိုက်သည်။ ထိုသံလိုက်အိမ်မြှောင်က အလွန်ထူးဆန်းသည်။ ယင်းက ကမ္ဘာမြေပေါ်မှ ဘူမိဗေဒပညာရှင်များ အသုံးပြုသော သံလိုက်အိမ်မြှောင်နှင့် ဆင်တူသည်။ ထိုသံလိုက်အိမ်မြှောင်ထဲတွင် လက်တံအချောင်းသုံးချောင်း ရှိသည်။ အချောင်းတစ်ခုနှင့်တစ်ခုက အလျားမတူညီကြပေ။ အရှည်ဆုံး လက်တံအချောင်းက ကြေးရောင်ဖြစ်ပြီး ဒုတိယမြောက် အရှည်ဆုံးက ငွေရောင်ဖြစ်သည်။ အတိုဆုံး လက်တံအချောင်းသည်တော့ ရွှေရောင်ဖြစ်သည်။
ထိုလက်တံအချောင်းသုံးချောင်းပေါ်တွင် သေးငယ်သော မှော်သင်္ကေတများ ရှိသည်။
သံလိုက်အိမ်မြှောင်၏ အလယ်ဗဟိုတွင် တလက်လက် တောက်ပနေသော အဖြူရောင်ကျောက်စိမ်းပုတီးစေ့ ရှိသည်။ ယင်းက အဖြူရောင်အလင်းနှင့်အတူ ထူးဆန်းသော စွမ်းအားကို ထုတ်လွှတ်ပေးနေသည်။ ကျောက်စိမ်းပုတီးစေ့ကို သံလိုက်အိမ်မြှောင်ထဲမှာ ထည့်သွင်းထားသည်။ ယင်းက သဘာဝအလျောက် ဖြစ်ပေါ်နေသည့်အလား မည်သည့်ချို့ယွင်းချက်မှ မရှိပေ။ ဤသည်မှာ ကျောက်စိမ်းပုတီးစေ့နှင့် သံလိုက်အိမ်မြှောင်က သဘာဝအလျောက် အတူတကွ ပေါင်းစပ်နေသည့်အလားပင်။ သံလိုက်အိမ်မြှောင်၏ ဒိုင်ခွက်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ရုပ်ပုံများကို မျက်နှာပြင်အပြည့် ရေးထွင်းထားသည်။
ယင်းက အလွန်ရှေးကျပြီး ထူးခြားဆန်းကြယ်ပုံပေါ်သည်။
“ ဝိညာဉ်သံလိုက်အိမ်မြှောင်လား ”
ရှေးကျသော ထိုသံလိုက်အိမ်မြှောင်ကို မြင်သောအခါ မင်းသမီးချူးယွမ်နှင့် ကျန်းပိုင်ချွင်းက တစ်ချိန်တည်း မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။ သူတို့က အလန့်တကြား မအော်ပြောဘဲ မနေနိုင်ကြပေ။ သူတို့၏ အကြည့်က သံလိုက်အိမ်မြှောင်ပေါ်သို့ ကျရောက်သွားပြီး တစ်ခါမှ ဖယ်ခွာမသွားပေ။ ရှင်းလင်းစွာပင် သူတို့က ထိုသံလိုက်အိမ်မြှောင်ကြောင့် အတော်လေး အံ့ဩထိတ်လန့်သွားကြသည်။
ယင်းကို မြင်သောအခါ လီသွမ့်ချန်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောသည်။
“ ဂိုဏ်းတူညီမယွမ်က အမြင်စူးရှသားပဲ… ဒီဟာက ဝိညာဉ်သံလိုက်အိမ်မြှောင် တကယ် ဟုတ်ပါတယ် ”
သူက စကားပြောနေရင်း တစ်ခဏ ရပ်လိုက်ပြီး သူ၏ လက်ဖဝါးပေါ်မှ သံလိုက်အိမ်မြှောင်ကို ကြည့်လိုက်သည်။ သူက ဆက်ပြောသည်။
“ ဒီသံလိုက်အိမ်မြှောင်က ကျုပ်ရဲ့ တတိယဦးလေး ပိုင်ဆိုင်တဲ့ဟာပါ… ကျုပ်တို့က တောင်တန်းဒေသထဲသွားပြီး ကျားနက်ကို လိုက်ရှာဖွေကြမှာကို တတိယဦးလေးက သိတယ်… ဒါကြောင့် သူက ကျုပ်ကို ဒီသံလိုက်အိမ်မြှောင် ခဏ ငှားပေးလိုက်တာပါ… ပြောရမယ်ဆိုရင် ကျုပ်က ဂိုဏ်းတူညီမယွမ်ကြောင့် အခုလို အကျိုးအမြတ်ရခဲ့တာပါ… ညီမယွမ်ကြောင့်မဟုတ်ရင် တတိယဦးလေးက ကျုပ်ကို ဒီသံလိုက်အိမ်မြှောင် ငှားပေးမှာ မဟုတ်ဘူး ”