အခန်း (၄၃)
Vol. 3 Ch. 43
အခန်း(၄၃)
“ အဲ့တော့… မြွေဖြူဘုရင်က တောင်ကြားထဲမှာ နေနေတာပေါ့ ”
သီရှီထျန်က မျက်လုံးဖွင့်လိုက်ပြီး တောင်ကြားအပေါ်မှ အခိုးအငွေ့ကို စိုက်ကြည့်လိုက်သည်။ အခိုးအငွေ့က မထူထဲပေ။ ယင်းတို့က ဤနေရာမှာ နှစ်ပေါင်းများစွာကြာအောင် နေထိုင်ကြသော မရေမတွက်နိုင်သည့် မြွေများထံမှ စုဝေးသွားသော အဆိပ်ငွေ့ဖြစ်သည်။ သာမန်တိရိစ္ဆာန်များအတွက်တော့ ယင်းက အသက်အန္တရာယ်ရှိသော အဆိပ်ဖြစ်သည်။ သို့သော် သီရှီထျန်အတွက်တော့ ထိုအဆိပ်ငွေ့က ကြီးမားသော သက်ရောက်မှုမရှိပေ။
အကယ်၍ သူက ထိုအဆိပ်ငွေ့ကို ဖယ်ရှားချင်လျှင် ကျားဟိန်းသံ၏ အသံလှိုင်းစက်ဝန်းများကို အသုံးပြုနိုင်ပေသည်။
“ ပိုင်ယွဲ့… မင်း အထဲသွားပြီး မြွေဖြူဘုရင် အပြင်ထွက်လာအောင် မျှားခေါ်ခဲ့ပါ… သူ့ကို ငါသိမ်းသွင်းမယ် ”
ဤနေရာသို့ ရောက်လာပြီးနောက် သီရှီထျန်သည် အလျင်မလိုပေ။ ကျားရဲတောင်တန်းဒေသထဲတွင် ဤနေရာက သူ့အတွက် နောက်ဆုံးပန်းတိုင် ဖြစ်သည်။ မြွေဖြူဘုရင်ကို သူသိမ်းသွင်းပြီးသည်နှင့် ကျားရဲတောင်တန်းဒေသကို စွန့်လွှတ်ပြီး အဝေးသို့ သူထွက်သွားလိမ့်မည်။ သို့မှသာ သူက မကြာခင် ကျရောက်လာတော့မည့် အန္တရာယ်ကပ်ဘေးကို ရှောင်တိမ်းနိုင်လိမ့်မည်။
ယင်းက အစောကြီးကတည်းက သူရေးဆွဲထားသော အစီအစဉ် ဖြစ်သည်။
သူက လူသားများ၏ အကျင့်စရိုက်ကို ရှင်းလင်းစွာ နားလည်ထားသည်။ အငယ်ကို သူအနိုင်ယူလိုက်လျှင် အကြီးက နောက်တစ်ခါ ရောက်လာလိမ့်မည်။ အကယ်၍ အကြီးက အလုပ်မဖြစ်လျှင် ဘိုးဘေးများသည်ပင် ထွက်လာကြလိမ့်မည်။ လူသားများ၏ မျက်လုံးထဲတွင် သူတို့က မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ မကောင်းဆိုးဝါးများကို ရင်ဆိုင်ဖြေရှင်းရာတွင် ညှိနှိုင်းဆွေးနွေးသော နည်းလမ်း မပါဝင်ပေ။ လူတစ်ယောက်ကို သူအနိုင်ယူလိုက်လျှင် လူနှစ်ယောက် ထွက်ပေါ်လာလိမ့်မည်။ အကယ်၍ သူက လူနှစ်ယောက်ကို အနိုင်ယူလိုက်လျှင်ပင် ပိုမိုများပြားသော လူများက နောက်ထပ် ထွက်ပေါ်လာကြဦးလိမ့်မည်။ ထိုလူများက သူ့ကို အနိုင်မရမချင်း ရပ်တန့်သွားလိမ့်မည် မဟုတ်ချေ။ လူအများကြီး ဝိုင်းရံတိုက်ခိုက်သည့်အခါ သူတစ်ယောက်တည်း အကူအညီမဲ့သွားလိမ့်မည်။
သီရှီထျန်သည် သူ့ကိုယ်ပိုင်ခွန်အားကို ကောင်းမွန်စွာ သိထားသည်။ မသေမျိုးကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် သူက အလွန်အားနည်းနေဆဲပင်။ ထို့ပြင် မသေမျိုးကျင့်ကြံသူများနှင့်ပတ်သက်သော သူ၏ ဗဟုသုတက အလွန်နည်းပါးသည်။ ဥပမာ ကျင့်ကြံသူများ အသုံးပြုကြသော ဓမ္မရတနာများ ဖြစ်ကြသည်။ သူက ဓမ္မရတနာများအကြောင်း ဘာမှမသိပေ။ သို့ဖြစ်၍ ယခုအချိန်တွင် မသေမျိုးကျင့်ကြံသူများနှင့် သူ့ကြားမှာ မည်သည့်ပြဿနာမှမရှိအောင် အတတ်နိုင်ဆုံး သူကြိုးစားရမည်။
သူက အလွန်ထင်ပေါ်နေ၍ မရပေ။ ထို့သို့မဟုတ်ဘဲ သူက အစွမ်းထက်မသေမျိုးကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ရရှိသွားလျှင် အဆုံးမဲ့သော အန္တရာယ်ကပ်ဘေးက သူ့ဆီသို့ ဆက်တိုက် ရောက်လာလိမ့်မည်။
“ အရှင်စိတ်ချပါ… ကျွန်တော် အကောင်းဆုံး လုပ်ဆောင်ပါမယ် ”
သီရှီထျန်၏ အမိန့်ပေးမှုကို ကြားသောအခါ ဝံပုလွေဘုရင်က မျက်လုံးဝင်းလက်သွားပြီး စိတ်လှုပ်ရှားသွားသည်။ ယင်းက ရန်စရုံမျှသာ မဟုတ်ပါလော။ ထို့ပြင် သူ့ဘေးမှာ အရှင်က ရှိနေလေရာ မည်သည့်အရာကို သူကြောက်ရမည်နည်း။
“ ရွှတ် ”
ပိုင်ယွဲ့သည် အပေါ်သို့ တစ်ဟုန်ထိုး ပြေးသွားသည်။ သူက တောင်ကြား၏ အပေါက်ဝသို့ မြန်ဆန်စွာ ရောက်ရှိသွားသည်။ သူက ခေါင်းကို မြင့်မြင့်မော့၍ ဆွဲငင်စွာ အူလိုက်သည်။
“ အာဝူး ”
ကျယ်လောင်သော ဝံပုလွေအူသံက တောင်ကြားတစ်လျှောက်သို့ ပဲ့တင်ထပ်သွားသည်။
“ ရှဲ ရှဲ ”
ဝံပုလွေအူသံက မြွေအသိုက်ကို ရန်စနေကြောင်း သံသယရှိရန် မလိုပေ။ သို့ဖြစ်၍ ဝံပုလွေအူသံ ထွက်ပေါ်လာပြီး သိပ်မကြာမီ ကျယ်လောင်သော တရှဲရှဲမြည်သံက တောင်ကြားထဲမှ ရုတ်တရက် ပျံ့လွင့်လာသည်။
" ဘန်း "
ရုတ်တရက်ဆိုသလို တောင်ကြားထဲမှ ရေစီးကြောင်းက ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။ နှင်းကဲ့သို့ ဖြူဖွေးပြီး သေးသွယ်ရှည်လျားသော ပုံရိပ်တစ်ခုက ရေထဲမှ ခုန်ထွက်လာသည်။ ထိုအဖြူရောင်ပုံရိပ်၏ အလျင်သည် အလွန်မြန်ဆန်သည်။ ၎င်းက ကြီးမားသော အရှိန်အဟုန်နှင့်အတူ ရေထဲမှ ခုန်ထွက်လာပြီး ဝံပုလွေဘုရင်ပိုင်ယွဲ့ထံသို့ တန်းမတ်စွာ ပြေးသွားသည်။ မီးအိမ်အရွယ်အစားခန့် ကြီးမားသော ၎င်း၏ မျက်လုံးတစ်စုံက ပိုင်ယွဲ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည်။
ဝံပုလွေဘုရင်သော်လည်းကောင်း စက်ကရာသော်လည်းကောင်း သူတို့က သာမန်တိရိစ္ဆာန်များ မဟုတ်ကြပေ။ သူတို့၏ အမြင်အာရုံက အလွန်စူးရှသည်။ တခြားတိရိစ္ဆာန်များ မမြင်နိုင်သောအရာကို သူတို့က ရှင်းလင်းစွာ မြင်နိုင်ကြသည်။ ထို့ကြောင့် သူတို့၏ မျက်လုံးထဲတွင် ဆယ်မီတာနီးပါး ရှည်လျားပြီး ရေပုံးတစ်ပုံးခန့် တုတ်ခိုင်သော ဧရာမမြွေဖြူတစ်ကောင်က လေထဲမှာ ထွက်ပေါ်လာကြောင်း ရှင်းလင်းစွာ မြင်သွားကြသည်။
“ အာဝူး ”
ဝံပုလွေဘုရင်သည် မြွေဖြူဘုရင်ကို မြင်သော်လည်း အနောက်မဆုတ်သွားပေ။ ယင်းအစား သူက ဆွဲငင်စွာ အူလိုက်သည်။ သူက လျှပ်စီးပမာ အလျင်ဖြင့် ဘေးသို့ ခုန်လိုက်ပြီး မြွေဖြူဘုရင်၏ တိုက်ခိုက်မှုကို တိမ်းရှောင်လိုက်သည်။ ထို့နောက် သူက ဝံပုလွေလက်သည်းများကို အသုံးပြု၍ မြွေဖြူဘုရင်၏ ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်သည်။
“ ဘန်း ”
ပိုင်ယွဲ့၏ ဝံပုလွေလက်သည်းများသည် အလွန်ထက်ရှသည်။ သို့တိုင် ယင်းတို့က မြွေဖြူဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည့်အခါ မြွေအရေပြားကိုပင် မထိုးဖောက်သွားပေ။ အဖြူရောင်မြွေအကြေးခွံအလွှာက ဝံပုလွေလက်သည်းများကို ခုခံတားဆီးလိုက်သည်။ မြွေအကြေးခွံများက အလွန်ချောသည်။ ပိုင်ယွဲ့သည် သူ၏ လက်သည်းများက ဝါဂွမ်းပေါ်သို့ ကျရောက်သွားသည့်အလား ခံစားမိသွားသည်။ လက်သည်းထဲမှာ ကိန်းအောင်းနေသော အင်အားက တခြားနေရာများဆီသို့ ရွှေ့ပြောင်းသွားသည်။
“ ရှဲ ရှဲ ”
မြွေဖြူဘုရင်သည် သရော်လှောင်ပြောင်သော အကြည့်ကို ထုတ်ဖော်လိုက်ပြီး တရှဲရှဲ အော်မြည်လိုက်သည်။ သူက ဝံပုလွေဘုရင်ကို ဝါးမျိုရန် ကျယ်လောင်စွာ ပါးစပ်ဟလိုက်သည်။ သူ၏ ပါးစပ်က အလွန်ကြီးမားသည်။ ယင်းက လူရွယ်တစ်ယောက်ကို တစ်လုပ်တည်း ဝါးမျိုရန် လုံလောက်ပေသည်။ အရွယ်အစား အားနည်းချက်ရှိသော ဝံပုလွေဘုရင်ကိုတော့ ထည့်ပြောနေစရာ မလိုပေ။
သို့သော်လည်း ဝံပုလွေဘုရင်သည် မျိုးနွယ်စုတစ်စု၏ ဘုရင်ဖြစ်သည်။ သူ၏ အဓိကအားသာချက်က လျင်မြန်သွက်လက်မှု ဖြစ်သည်။ အထူးသဖြင့် သူ၏ ခြေထောက်များက အလွန်မြန်ဆန်သည်။ ဤနေရာကျဉ်းကျဉ်းလေးမှာ သူက ဘယ်မှ ညာသို့ မြန်ဆန်စွာ တိမ်းရှောင်လိုက်သည်။ ရံဖန်ရံခါ သူက တိုက်ခိုက်မှုတစ်ခု နှစ်ခု ပြုလုပ်လိမ့်မည်။ သို့သော် ကံမကောင်းစွာပင် မြွေဖြူဘုရင်၏ ခန္ဓာကိုယ်ပေါ်မှ အကြေးခွံများက အလွန်သန်စွမ်းလေရာ ယင်းကို သူမချိုးဖြတ်နိုင်ပေ။
“ ပိုင်ယွဲ့… ဘေးထွက်နေ… သူ့ကို ငါကိုင်တွယ်လိုက်မယ် ”
စက်ကရာသည် ဘေးမှာ ရပ်နေ၍ အချိန်တစ်ခဏကြာ စောင့်ကြည့်နေသည်။ ပိုင်ယွဲ့က လျှင်မြန်သွက်လက်သော်လည်း သူ၏ တိုက်ခိုက်မှုများက မြွေဖြူဘုရင်အပေါ် မည်သည့်သက်ရောက်မှုမှ မရှိပေ။ အကယ်၍ ထိုအတိုင်း ဆက်ပြီး တိုက်ခိုက်နေလျှင် မည်သည့်ရလဒ်မှ ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် စက်ကရာက ဝံပုလွေဘုရင်ကို အနောက်ဆုတ်ခိုင်းလိုက်သည်။
“ အာဝူး ”
ယင်းကို ကြားသောအခါ ဝံပုလွေဘုရင်က မြွေဖြူဘုရင်၏ တိုက်ခိုက်မှုကို အမြန်တိမ်းရှောင်လိုက်ပြီး သီရှီထျန်၏ အနောက်မှာ ရိုသေကျိုးနွံစွာ ရပ်လိုက်သည်။
“ ဒီနေရာက မြွေတောင်ကြား… ဒီနေရာက ငါ့ရဲ့ ပိုင်နက်… နင်တို့တွေ ဘာလာလုပ်ကြတာလဲ… ဒီကနေ မြန်မြန်ထွက်သွားပါ… မဟုတ်ရင် ဒီဘုရင်မက နင်တို့ကို ဝါးမျိုပစ်မယ် ”
မြွေဖြူဘုရင်၏ မျက်လုံးထဲမှာ တောက်ပသော အလင်းရောင် ထွက်ပေါ်လာသည်။ မြွေဖြူဘုရင်သည် တောင်ကြားထဲမှ ထွက်လာကတည်းက သီရှီထျန်ကို မြင်ခဲ့သည်။ ယခုအခြေအနေအရ သီရှီထျန်က ခေါင်းဆောင်ဖြစ်ကြောင်း သူသိလိုက်သည်။
သီရှီထျန်၏ ခန္ဓာကိုယ်က အလွန်ထူထဲသော ကျားအရှိန်အဝါကို ထုတ်လွှတ်နေကြောင်း သူအာရုံခံနိုင်သည်။ ယင်းက မည်သည့်သားရဲကိုမဆို ကြီးမားသော ခြိမ်းခြောက်မှု ပေးသည်။
“ ဒီအရှင် ရောက်လာတာက မင်းကို သိမ်းသွင်းပြီး ငါ့ရဲ့ လက်အောက်ငယ်သားတစ်ယောက် ဖြစ်လာစေဖို့ပဲ ”
သီရှီထျန်သည် ဘာမှမဖုံးကွယ်ဘဲ တိုက်ရိုက် ပြောသည်။
“ ရှဲ ရှဲ ”
ယင်းကို မြွေဖြူဘုရင် ကြားသည်နှင့်ချက်ချင်း သူ၏ မျက်လုံးထဲမှာ စူးရှသောအလင်း ထွက်ပေါ်လာသည်။ သူက စက်ကရာကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ပိုပြီးရက်စက်ကြမ်းကြုတ်လာသည်။
“ ဒီဘုရင်မကို သိမ်းသွင်းချင်ရင် အရင်ဆုံး ငါ့ကို အနိုင်ယူနိုင်မှ ဖြစ်မယ်… ငါနင့်ကို အနိုင်ယူနိုင်ရင် တစ်လုပ်တည်းနဲ့ ဝါးမျိုပစ်မယ် ”
“ ဝှစ် ”
ထိုသို့ပြောပြီးနောက် မြွေဖြူဘုရင်သည် မြေကြီးကို တွန်းကန်၍ အပေါ်သို့ ချက်ချင်း ခုန်လိုက်သည်။ သူက သီရှီထျန်ဆီသို့ မြန်ဆန်စွာ ဦးတည်သွားသည်။ သူက အစိမ်းရောင်အဆိပ်မြူခိုးကို မှုတ်ထုတ်လိုက်သည်။ ပြင်းထန်သော အနံ့အသက်က အဆိပ်မြူခိုးထဲမှ ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်သည် ထိုအဆိပ်ငွေ့ကို ရှူလိုက်ရုံဖြင့် ခေါင်းမူးဝေသွားပြီး အော့အန်သွားလိမ့်မည်။ ယင်းက အလွန်ပြင်းထန်သော အဆိပ်ဖြစ်သည်။ ဆင်တစ်ကောင်သည်ပင် ထိုအဆိပ်နှင့် ရင်ဆိုင်ရသည့်အခါ ချက်ချင်း ပြိုလဲသွားနိုင်၏။
“ ဝေါင်း ”
သီရှီထျန်က ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ချက်ချင်းဆိုသလိုပင် မဟူရာမိစ္ဆာစွမ်းအားက သူ၏ မွေးညင်းပေါက်များထဲမှ စိမ့်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ မဟူရာမိစ္ဆာစွမ်းအင်အလွှာက သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးလိုက်သည်။
အဆိပ်ငွေ့နှင့် မဟူရာမိစ္ဆာစွမ်းအင်အလွှာတို့ တွေ့ဆုံသွားသည့်အခါ “ ကျီ ကျီ ”ဟူသော မြည်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
အဆိပ်ငွေ့က အလွန်အားကောင်းသော်လည်း မိစ္ဆာစွမ်းအား၏ ခုခံမှုကို မချိုးဖြတ်နိုင်ပေ။ ယင်းက သီရှီထျန်၏ တစ်ခုတည်းသော ခုခံကာကွယ်မှု ဖြစ်၏။ မြွေဖြူဘုရင်၏ အဆိပ်က မည်မျှအားကောင်းပါစေ သူက မိစ္ဆာလမ်းစဉ်ကို မလျှောက်လှမ်းရသေးသော တိရိစ္ဆာန်တစ်ကောင်ထက် မပိုပေ။ ထို့ကြောင့် သူ၏ အဆိပ်ငွေ့တိုက်ခိုက်မှုက သီရှီထျန်အပေါ် မည်သည့်သက်ရောက်မှုမှ မရှိပေ။ သို့သော်လည်း ယင်းက သားရဲဘုရင်များဆီတွင် သူတို့ကိုယ်ပိုင် စွမ်းရည်များရှိကြောင်း ဖော်ပြပေး၏။
“ မြွေဖြူဘုရင်ကို အနိုင်ယူဖို့ဆိုရင် ကျားဟိန်းသံအတတ်ကို ငါအသုံးပြုမှ ရမယ်… လက်ရှိ ငါ့မှာ တိုက်ခိုက်ရေးနည်းလမ်းတွေက အရမ်းနည်းပါးနေတယ် ”
တစ်ခဏကြာ လက်ရည်စမ်းပြီးနောက် အကယ်၍ သူက ဤတိုက်ပွဲကို မြန်နိုင်သမျှမြန်မြန် အဆုံးသတ်ချင်လျှင် သူ၏ ဝှက်ဖဲကတ်ဖြစ်သော ကျားဟိန်းသံအတတ်ကို အသုံးပြုရန် လိုအပ်ကြောင်း စက်ကရာ နားလည်သွားသည်။ ဤအခိုက်အတန့်မှာ သူ့ဆီမှာ တိုက်ခိုက်ရေးနည်းလမ်းများက အလွန်နည်းပါးနေကြောင်း စက်ကရာ ရှာတွေ့သွားသည်။ အနာဂတ်မှာ သူက တိုက်ခိုက်ရေးနည်းလမ်းများကို တိုးချဲ့ရန် အလုပ်ကြိုးစားရလိမ့်မည်။ သို့မဟုတ်လျှင် အနှေးနှင့်အမြန် သူဒုက္ခရောက်လိမ့်မည်။
“ ဟူး ”
သီရှီထျန်သည် မိစ္ဆာစွမ်းအားကို အသုံးပြု၍ အစိမ်းရောင်အဆိပ်ကို ခုခံတားဆီးလိုက်သည်။ ထို့နောက် သူက လေကို ဗိုက်ပြည့်သည်အထိ တစ်ဝကြီး ရှူသွင်းလိုက်သည်။ ပြင်းထန်သော စုပ်ယူအားကြောင့် သူ့အရှေ့မှာ ဝဲကတော့တစ်ခုပင် ထွက်ပေါ်လာ၏။ ပမာဏအလွန်များပြားသော လေက သူ၏ ဝမ်းဗိုက်ထဲသို့ စုပ်သွင်းခံလိုက်ရသည်။
ကြီးကျယ်မြင့်မြတ်သော ကျားအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဒီရေသဖွယ် မြှောက်တတ်လာသည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ပိုပြီးအရွယ်အစားကြီးမားသွားသည်။ သူ၏ တစ်ကိုယ်လုံးက သားရဲဘုရင်၏ အထွတ်အမြတ်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
တစ်ချိန်တည်းမှာ စက်ကရာနှင့် သိပ်မဝေးသော တောအုပ်ထဲတွင် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။
“ မြန်မြန် အဲ့ဒီဘက်ကို… ဝိညာဉ်သံလိုက်အိမ်မြှောင်က ရွေ့နေတယ်… လက်တံအချောင်းတွေက အဲ့ဒီဦးတည်ရာကို ညွှန်ပြနေတယ်… အားလုံးပဲ မြန်မြန် သွားရအောင် ”
“ စောစောက ဝံပုလွေအူသံကို ငါကြားလိုက်တယ်… အရင်တစ်ခေါက်က ကျားနက်ကို ငါမြင်ခဲ့တုန်းက သူက ဝံပုလွေအုပ်စုနဲ့ အတူရှိနေတယ်… တကယ်လို့ ဝံပုလွေအုပ်စုကို ငါတို့ရှာဖွေနိုင်ရင် ကျားနက်ကိုပါ ရှာတွေ့လိမ့်မယ် ”
စိတ်လှုပ်ရှားသော စကားသံများက တောအုပ်ထဲမှ ထွက်ပေါ်လာသည်။ သူတို့က မြန်ဆန်စွာ ရွေ့လျားသွားကြသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူတို့အရှေ့မှ သစ်ပင်များနှင့် ချုံနွယ်များက ပြင်းထန်စွာ လှုပ်ယမ်းနေကြောင်း မြင်သွားကြသည်။ ပုံရိပ်တချို့သည် တောအုပ်ကို ဖြတ်သန်း၍ တောင်ကြား၏ အရှေ့မှာ တိုက်ရိုက် ထွက်ပေါ်လာကြသည်။
“ ဂိုဏ်းတူအကိုလီ… အဲ့ဒါကျားနက်ကြီး… ကျားနက်ကြီး… အမ် ကျားနက်တစ်ကောင်တည်း မဟုတ်ဘူး… ဧရာမမြွေဖြူလည်း ရှိတယ်… ပြီးတော့ ဝိညာဉ်အသိဉာဏ်ရှိတဲ့ ဝံပုလွေရောပဲ… အို ဘုရားရေ… ဒီနေရာမှာ ဝိညာဉ်သားရဲသုံးကောင် တကယ်ကြီး ရှိနေတာပဲ ”