အခန်း (၄၄)
Vol. 3 Ch. 44
အခန်း(၄၄)
တောအုပ်ထဲမှ ထွက်လာကြသူများသည် မင်းသမီးချူယွမ်တို့အုပ်စုမှလွဲ၍ တခြားမဟုတ်ပေ။ ဝိညာဉ်သံလိုက်အိမ်မြှောင်၏ အကူအညီကြောင့် ပစ်မှတ်ကို ရှာဖွေရန် အမှန်တကယ် လွယ်ကူသည်။ သံလိုက်အိမ်မြှောင်၏ လမ်းညွှန်မှုအောက်မှာ သူတို့အုပ်စုက တောအုပ်ထဲမှာ မြန်ဆန်စွာ ရွေ့လျားနိုင်ကြသည်။ နောက်ဆုံးမှာ ဤနေရာနားသို့ သူတို့ရောက်လာစဉ် ဝိညာဉ်သံလိုက်အိမ်မြှောင်က ကြီးမားသော တုံ့ပြန်မှုကို ဖော်ပြခဲ့သည်။ လက်တံအချောင်းနှစ်ချောင်းစလုံးက ဦးတည်ရာတစ်ခုတည်းထံသို့ ညွှန်ပြနေကြသည်။ ထို့ပြင် သူတို့က ဝံပုလွေအူသံကို ကြားခဲ့ကြသည်။ ထို့ကြောင့် သူတို့က ဤနေရာသို့ မြန်နိုင်သမျှမြန်မြန် ပြေးလာခဲ့ကြသည်။
အကြည့်တစ်ချက်ဖြင့်ပင် ရိတ်သိမ်းမှုက မသေးငယ်ကြောင်း မြင်နိုင်ပေ၏။ သူတို့က ကျားနက်ကို ရှာဖွေနိုင်ရုံသာမက ဝိညာဉ်အသိဉာဏ်ရှိသော တခြားသားရဲနှစ်ကောင်ကိုလည်း ရှာတွေ့သွားကြသည်။ ဤအခိုက်အတန့်မှာ မင်းသမီးချူယွမ်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
“ အဲ့ဒီကျားနက်ပဲ ”
ကျန်းပိုင်ချွင်းနှင့် ချင်းဟိုင်သည် သီရှီထျန်အပေါ် လေးနက်သောအမြင် ရှိကြသည်။ အကြည့်တစ်ချက်ဖြင့်ပင် ထိုကျားနက်က အတိတ်မှာ သူတို့တွေ့ဆုံခဲ့သော ကျားနက်ဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားကြသည်။ သူတို့၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။
ယင်းကို လီသွမ့်ချန်းကြားသောအခါ သူက ချက်ချင်း ပြုံးလိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ဂိုဏ်းတူညီမယွမ်က ဒီနေရာကနေ စောင့်ကြည့်နေပါ… အကိုက အဲ့ဒီကျားနက်ကို ဖမ်းဆီးပြီး ညီမယွမ်ကို လက်ဆောင်ပေးမယ် ”
ထိုသို့ပြောပြီးနောက် သူက လက်နှစ်ဖက်ကို ချက်ချင်း လှုပ်ရှားလိုက်သည်။ သူက ချိပ်တံဆိပ်သင်္ကေတတစ်ခုကို အမြန်ဖွဲ့စည်းလိုက်သည်။
“ အံ့ဖွယ်ရေခဲပညာရပ် ”
တိုးညင်းသော အော်သံနှင့်အတူ အဖြူရောင်တိမ်တိုက်တစ်ခုက သီရှီထျန်၏ ဦးခေါင်းထက်မှ လေထဲမှာ ထွက်ပေါ်လာသည်။ အဖြူတိမ်တိုက် ထွက်ပေါ်လာသည်နှင့်ချက်ချင်း လေအေးက ထွက်ပေါ်လာသည်။ တိမ်တိုက်က သီရှီထျန်၏ ဦးခေါင်းပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။ လေအေး ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ အပူချိန်က ရုတ်ချည်း ထိုးကျသွားသည်။ ဘေးပတ်ဝန်းကျင်က အေးစိမ့်လာပြီး မှောင်ရီလာသည်။
“ မြွေဖြူဘုရင်… အခု ငါတို့တိုက်ပွဲကို ခဏဘေးချိတ်ထားရအောင်… အဲ့ဒီလူသားကျင့်ကြံသူတွေကို ငါဖြေရှင်းပြီးတဲ့အထိ စောင့်ပါ ”
မင်းသမီးချူယွမ်နှင့် တခြားလူများ ထွက်ပေါ်လာသည်ကို မြင်သောအခါ ထိုလူများက မည်သည့်ရည်ရွယ်ချက်ကြောင့် ဤနေရာသို့ ရောက်လာကြောင်း သီရှီထျန် ချက်ချင်း နားလည်သွား၏။ သူက မြွေဖြူဘုရင်နှင့် ဆက်ပြီး တိုက်ခိုက်ရန် စိတ်မဝင်စားတော့ပေ။ ထို့ကြောင့် သူက မြွေဖြူဘုရင်ကို သားရဲဘာသာစကားဖြင့် အမြန်ပြောသည်။
“ ဗုန်း ”
သူ၏ ဦးခေါင်းထက်မှ ထိတ်လန့်ဖွယ်ကောင်းသော အေးစက်စက်လေကို ခံစားမိသောအခါ သီရှီထျန်က မသေမျိုးကျင့်ကြံခြင်းလောက၏ ဓမ္မမန္တန်များအကြောင်း ပိုပြီးစူးစမ်းသိချင်သွားသည်။ သို့သော်လည်း ယခုအချိန်က ထိုအကြောင်းကို စဉ်းစားရမည့်အချိန် မဟုတ်ပေ။
သူက ကျားလက်သည်းကို ဆန့်ထုတ်လိုက်ပြီး သူ၏ အရှေ့မှာ ဝှေ့ယမ်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ မိစ္ဆာစွမ်းအားက သူ၏ လက်သည်းထဲမှ စိမ့်ထွက်လာပြီး အနက်ရောင်ကျားလက်သည်းတစ်ခုကို မြန်ဆန်စွာ ဖွဲ့စည်းသွားသည်။ သူ၏ ထိန်းချုပ်မှုအောက်မှာ အနက်ရောင်ကျားလက်သည်းက သူ၏ ဦးခေါင်းပေါ်မှ အဖြူရောင်တိမ်တိုက်ဆီသို့ ပျံသန်းသွားသည်။
ကျားလက်သည်းက အဖြူရောင်တိမ်တိုက်နှင့် တွေ့ဆုံသွားသည်။ ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်က အဖြူရောင်တိမ်တိုက်ထဲမှ စိမ့်ထွက်လာသည်။ အလွန်ပြင်းထန်သော အအေးဓာတ်က မိစ္ဆာစွမ်းအားမှ ဖွဲ့စည်းသွားသော ကျားလက်သည်းကို လျှို့ဝှက်ဆန်းကြယ်စွာ အေးခဲပစ်လိုက်သည်။ အံ့ဖွယ်ထူးခြားသော ရေခဲအလွှာတစ်ခုက ကျားလက်သည်း၏ အပြင်ဘက်မှာ ဖွဲ့စည်းသွားသည်။
“ ခရက် ”
အက်ကွဲသံနှင့်အတူ ရေခဲတုံးက မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ ရေခဲအလွှာထဲမှာ အေးခဲနေသော အနက်ရောင်ကျားလက်သည်းက အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။ သို့သော် အံ့ဖွယ်ရေခဲပညာရပ်၏ စွမ်းအားသည်လည်း ကျားလက်သည်း၏ စုပ်ယူခံလိုက်ရပြီး ပြိုကွဲသွားသည်။
“ ဘယ်လောက်သန်မာလိုက်တဲ့ ကျားနက်လဲ… တကယ် ထူးခြားတယ် ”
ကျားနက်က တိုက်ခိုက်ရန် မိစ္ဆာစွမ်းအားကို အမှန်တကယ် အသုံးပြုနိုင်ကြောင်း လီသွမ့်ချန်းမြင်သွားသောအခါ ထိုကျားနက်က လုံးဝ သာမန်မဟုတ်ကြောင်း သူယုံကြည်လက်ခံသွားသည်။ သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ ကျားနက်က အလွန်သန်မာသည်ဟု မင်းသမီးချူယွမ်နှင့် တခြားလူများ မည်သို့ကြောင့် သူ့ကို ပြောခဲ့ကြောင်း နောက်ဆုံးမှာ သူနားလည်သွားသည်။
“ လေဓားသွားပညာရပ် ”
သူက အံ့ဩသွားသော်လည်း တိုက်ခိုက်ခြင်းကို မရပ်တန့်ခဲ့ပေ။ လေဓားသွားတစ်ခုက ပေါ်လျှိုးလာပြီး တိုက်ခိုက်လိုက်သည်။ သီရှီထျန်သည် မတိမ်းရှောင်ပေ။ သူက လေဓားသွားကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားစေရန် ခွင့်ပြုလိုက်သည်။ ယင်းက သူ့ခန္ဓာကိုယ်၏ အပြင်ဘက်မှ မဟူရာမိစ္ဆာစွမ်းအင်အလွှာကြောင့် ရပ်တန့်သွားသည်။ လေဓားသွားက သူ့ကို ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ပေ။
“ ဝေါင်း ”
နက်ရှိုင်းစွာ ဟိန်းဟောက်ပြီးလျှင် စက်ကရာ၏ ကျားမျက်လုံးထဲမှာ အေးစက်စက်အလင်း ထွက်ပေါ်လာသည်။ သူက အနောက်ခြေထောက်နှစ်ချောင်းဖြင့် မြေကြီးကို ပြင်းထန်စွာ ကန်ဆောင့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ ဧရာမခန္ဓာကိုယ်က လေထဲသို့ လွှားခနဲ ပျံတတ်သွားသည်။ သူ၏ အလျင်က အလွန်မြန်ဆန်လေရာ သူ့အနောက်တွင် အနက်ရောင်ပုံရိပ်များ ကျန်ရစ်သွားသည်။ သူက လီသွမ့်ချန်းပေါ်သို့ ရက်စက်ကြမ်းကြုတ်စွာ ခုန်အုပ်လိုက်သည်။
ထိုသို့ခုန်အုပ်လိုက်စဉ် သားရဲဘုရင်၏ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုး ပေါ်လျှိုးလာသည်။ အလွန်သန်စွမ်းသော ကျားအရှိန်အဝါက လီသွမ့်ချန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကြမ်းတမ်းစွာ ဖိကျသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးကို ဖွင့်လှစ်ပြီးသော “ ကျားဟိန်းသံကျင့်စဉ် ”၏ စွမ်းအားက ဤအခိုက်အတန့်မှာ အပြည့်အဝ ထွက်ပေါ်လာသည်။ သားရဲဘုရင်တစ်ပါး၏ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါအောက်တွင် သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးက အသက်ရှိနေသော မီးတောက်တစ်ခုနှယ် လှုပ်ယမ်းသွားသည်။ အန္တရာယ်များသော ခြိမ်းခြောက်မှုက သူ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
“ အား ”
လီသွမ့်ချန်းမှာ မည်သူနည်း။ သူက ပထမတန်းစား ကျင့်ကြံခြင်းမိသားစု၏ သခင်လေးတစ်ယောက်ဖြစ်လျှင်ပင် သူ၏ ကျင့်ကြံခြင်းက ချီသန့်စင်ခြင်းနယ်ပယ်၏ သတ္တမအဆင့်မှာသာ ရှိသေး၏။ သူက မည်သို့ကြောင့် သီရှီထျန်ကို ယှဉ်ပြိုင်နိုင်မည်နည်း။ သူ၏ တိုက်ပွဲအတွေ့အကြုံက အလွန်နည်းပါးသည်။ ထို့ကြောင့် သူက ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ရန် အပြင်သို့ ထွက်လာခဲ့ခြင်း မဟုတ်ပါလော။ သီရှီထျန်၏ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါနှင့် ရက်စက်ကြမ်းကြုတ်သော ခုန်အုပ်မှုဖြင့် ရင်ဆိုင်ရသောအခါ သူ၏ မျက်နှာပေါ်မှ သိမ်မွေ့နူးညံ့မှုက ပျောက်ကွယ်သွားသည်။ ယခု သူက အလွန်ကြောက်လန့်သွားသည်။
“ သံမဏိနွယ်… ချုပ်နှောင်လိုက်စမ်း ”
ထိုအခိုက်အတန့်မှာ သိမ်မွေ့နူးညံ့သော အသံက ရှင်းလင်းပီသစွာ ထွက်ပေါ်လာသည်။ ထိုအသံ ထွက်ပေါ်လာသည်နှင့် ထူးဆန်းသော သစ်စေ့တစ်ခုက မင်းသမီးချူယွမ်၏ လက်ဖဝါးထဲမှ ပျံသန်းထွက်လာပြီး လီသွမ့်ချန်း၏ အရှေ့သို့ ကျဆင်းသွားသည်။ သစ်စေ့သည် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်နှင့်ချက်ချင်း အမြစ်တွယ်သွားသည်။ နောက်အခိုက်အတန့်မှာ ယင်းက မယုံကြည်နိုင်သော အလျင်ဖြင့် မြန်ဆန်စွာ ကြီးထွားလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ လက်မောင်းလုံးခန့် ကြီးမားသော နွယ်တစ်ပင်က မြေကြီးထဲမှ တိုးထွက်လာသည်။
ထိုနွယ်ပင်ပေါ်မှာ ချွန်ထက်သော အဆူးချွန်များ ရှိသည်။ ယင်းက အလွန်ချောက်ချားဖွယ်ကောင်း၏။ နွယ်ပင်သည် မြေကြီးထဲမှ ထွက်ပေါ်လာသည်နှင့်ချက်ချင်း သီရှီထျန်ဆီသို့ ပျံသန်းသွားပြီး ရစ်ပတ်ချုပ်နှောင်ရန် ကြိုးစားလိုက်သည်။ ယင်းက မြွေတစ်ကောင်ပမာ ပျော့ပျောင်းပြီး အလွန်မြန်ဆန်သည်။
“ ဂရား ”
စက်ကရာက ကျယ်လောင်စွာ ဟိန်းလိုက်လေရာ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှ မဟူရာမိစ္ဆာစွမ်းအားက ပိုပြီးသိပ်သည်းလာပြီး သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ နွယ်ပင်ကို သူမြင်သော်လည်း ယင်းကို ဂရုမစိုက်ပေ။ ဤနေရာမှ လူများက ယခင်တစ်ခေါက်ထက် အနည်းငယ် ပိုများကြောင်း ရှင်းလင်းစွာ သူမြင်နိုင်သည်။ သို့ဖြစ်၍ ဤတိုက်ပွဲကို သူအနိုင်ရချင်လျှင် သူတို့ထဲမှ တစ်ယောက်ကို မြန်နိုင်သမျှမြန်မြန် အပြတ်ရှင်းပစ်ရလိမ့်မည်။ ထို့ကြောင့် သူက အစကတည်းက လျှပ်စီးပမာ အလျင်ဖြင့် တိုက်ခိုက်လိုက်ခြင်းပင်။
ယင်းက အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။
မင်းသမီးချူယွမ်နှင့် သူ့အပေါင်းအဖော်များကို မြင်သွားသောအခါ ယခင်တစ်ခေါက်က ထိုလူများကို သူလွှတ်ပေးလိုက်မိသည့် အန္တရာယ်ကပ်ဘေးက နောက်ဆုံးမှာ ရောက်ရှိလာကြောင်း သီရှီထျန် နားလည်သွားသည်။ သူ၏ အတွေးက မမှားယွင်းပေ။ လူသားတစ်ယောက်သည် ရန်သူကို သူအနိုင်မယူနိုင်လျှင် ပိုမိုများပြားသော လူများ သို့မဟုတ် ပိုပြီးအစွမ်းထက်သော လူများကို ခေါ်ဆောင်လာလိမ့်မည်။ ထိုသို့ဖြစ်လာလိမ့်မည်ဟု သီရှီထျန်သိထားသောကြောင့် သူက စိတ်ကို ကြိုပြင်ဆင်ထားခဲ့သည်။
သို့တိုင်…
ယခု ယင်းကို အမှန်တကယ် သူတွေ့ကြုံလိုက်ရသည့်အခါ သူ၏ နှလုံးသားက တင်းကျပ်သွားသည်။ အတိတ်ဘဝမှာ သူက လူသားတစ်ယောက်ဖြစ်ခဲ့သော်လည်း ဤဘဝမှာ သူက မိစ္ဆာတစ်ကောင် ဖြစ်လာခဲ့သည်။ သူက လူသားများ၏ ဆန့်ကျင်ဘက်မှာ ရပ်တည်ရန် ကံပါလာသည်။ သူက လူသားများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်လိမ့်မည် မဟုတ်ချေ။
သူတို့တွေ့ဆုံသွားသည့်အခါ ရွေးချယ်စရာတစ်ခုတည်း ရှိ၏။ ယင်းက တစ်ဖက်လူကို သတ်ပစ်ရန် ဖြစ်သည်။
သူက လူသားများကို သနားညှာတာနေရန် မလိုပေ။ အကယ်၍ သူက တိုက်ခိုက်ရန် လှုပ်ရှားမည်ဆိုလျှင် ရန်သူကို တစ်ခါတည်း သတ်ပစ်ရမည်။ အမြစ်ဖြတ်သုတ်သင်ခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ သို့မဟုတ်လျှင် ယနေ့ကဲ့သို့ အန္တရာယ်ကပ်ဘေးဖြင့် သူတွေ့ကြုံရလိမ့်မည်။
သို့ဖြစ်၍ သူမလှုပ်ရှားလျှင် ကိစ္စမရှိပေ။ သို့သော် သူလှုပ်ရှားပြီဆိုလျှင် ရန်သူက သေချာပေါက် သေဆုံးရမည်။
သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှ မိစ္ဆာအရှိန်အဝါသည် မသေမျိုးကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအားအကာအကွယ် သို့မဟုတ် သေမျိုးလောကမှ သိုင်းပညာရှင်များ၏ အစစ်အမှန်ချီအကာအကွယ်နှင့် ဆင်တူပေသည်။ ယင်းက အလွန်သန်စွမ်းသော ခုခံကာကွယ်မှုကို ပေးသည်။ လီသွမ့်ချန်းက သူ၏ အရှိန်အဝါကြောင့် ကြောက်လန့်မှင်သက်နေကြောင်း မြင်သောအခါ ယင်းက ရှားပါးအခွင့်အရေးဖြစ်ကြောင်း သီရှီထျန် နားလည်သွားသည်။ အကယ်၍ သူသာ ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်လျှင် မသေမျိုးကျင့်ကြံသူတစ်ယောက်ကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းပစ်နိုင်လိမ့်မည်။
ထို့ကြောင့် အဆူးချွန်များပါသော နွယ်ပင်က သူ့ဆီသို့ ရိုက်ချလာနေကြောင်း သူမြင်သည့်တိုင် အနောက်မဆုတ်သွားပေ။ သူက ချက်ချင်း အံတင်းတင်းကြိတ်လိုက်ပြီး နွယ်ပင်ကို လျစ်လျူရှုလိုက်သည်။ သူက ခန္ဓာကိုယ်အပြင်ဘက်မှ မဟူရာမိစ္ဆာစွမ်းအင်အလွှာကို ထပ်မံ တိုးမြှင့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။ သူက အရှေ့သို့ ဆက်လက် ခုန်အုပ်သွားသည်။ သူက လီသွမ့်ချန်းကို တစ်ချက်တည်းဖြင့် သတ်ပစ်ရန် စိတ်ဆုံးဖြတ်ထားသည်။
“ ဘန်း ”
အဆူးနွယ်ပင်က အနက်ရောင်အလင်း မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ယင်းက ရှည်လျားသော ကြာပွတ်သဖွယ် သီရှီထျန်၏ ခါးပေါ်သို့ အကြမ်းပတမ်း ကျဆင်းသွားသည်။ သို့သော် နွယ်ပင်က သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်သို့ အမှန်တကယ် မကျရောက်သွားပေ။ ယင်းက သူ့ခန္ဓာကိုယ်၏ အပြင်ဘက်မှ မဟူရာမိစ္ဆာစွမ်းအင်အလွှာ၏ တားဆီးခံလိုက်ရသည်။
သို့သော်လည်း ထိုအဆူးနွယ်ထဲမှာ ကိန်းအောင်းနေသော အင်အားက အလွန်သန်စွမ်းသည်။ မဟူရာမိစ္ဆာစွမ်းအင်အလွှာက အပြင်းအထန် တုန်လှုပ်သွားပြီး လွင့်ပြယ်သွားတော့မည့် လက္ခဏာများ ဖော်ပြလာသည်။
“ ချည်နှောင်လိုက်စမ်း ”
မင်းသမီးချူယွမ်သည်လည်း သတိကြီးစွာထားနေသည်။ မိစ္ဆာအရှိန်အဝါက မလွင့်ပြယ်သွားကြောင်း သူမြင်သောအခါ မန္တန်ကို ချက်ချင်း ပြောင်းလဲလိုက်သည်။ မူလက ဖြောင့်တန်းနေသော နွယ်ပင်က ရုတ်တရက် ပျော့ပျောင်းသွားပြီး သီရှီထျန်၏ ခါးကို မြွေတစ်ကောင်ပမာ ရစ်ပတ်လိုက်သည်။ ထို့ပြင် နွယ်ပင်က တဖြည်းဖြည်း ပိုပြီးတင်းကျပ်သွားသည်။
နွယ်ပင်၏ ချုပ်နှောင်မှုက သူ့ခန္ဓာကိုယ်၏ အပြင်ဘက်မှ မိစ္ဆာအရှိန်အဝါကို ပြင်းထန်စွာ တုန်ယင်စေသည်။ ဤသည်မှာ ယင်းက အချိန်မရွေး ပြိုကွဲသွားတော့မည့်အလားပင်။
သို့သော်လည်း စက်ကရာက ယင်းကို ဂရုမစိုက်ပေ။ သူ၏ ခန္ဓာကိုယ်က နွယ်ပင်ဖြင့် ချုပ်နှောင်ခံထားရသော်လည်း သူ၏ ခုန်အုပ်သော အရှိန်အဟုန်က အလွန်ကြောက်စရာကောင်းနေဆဲပင်။ နွယ်ပင်တစ်ခုတည်း၏ ချုပ်နှောင်မှုက သူ၏ အရှိန်အဟုန်ကို မဟန့်တားနိုင်ပေ။ နောက်အခိုက်အတန့်မှာ သူ၏ အနက်ရောင်ကျားလက်သည်းထဲတွင် သတ္ထုအလင်းတန်း ထွက်ပေါ်လာသည်။ ကျားလက်သည်းသည် အေးစက်ပြီး ထက်ရှသော အရှိန်အဝါကို သယ်ဆောင်လျက် လီသွမ့်ချန်း၏ ဦးခေါင်းပေါ်သို့ ကျဆင်းသွားသည်။
အကယ်၍ ထိုကျားလက်သည်းသာ ကျဆင်းသွားမည်ဆိုလျှင် လီသွမ့်ချန်း၏ ဦးခေါင်းက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားလိမ့်မည်။ သူက နေရာမှာ ချက်ချင်း အသက်ဆုံးရှုံးသွားလိမ့်မည်။
ထိုအခိုက်အတန့်မှာ သီရှီထျန်၏ ခွန်အားက တုနှိုင်းမဲ့သွားဟန် ရ၏။ သားရဲဘုရင်၏ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက တောင်တန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။