← Chapters

အခန်း (၇၅၅-၇၅၆)

Vol. 76 Ch. 755-756

အခန်း (၇၅၅-၇၅၆)

Vol. 76 Ch. 755-756

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၅၅ + ၇၅၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

“သောက်ကျိုးနည်း... မင်းမေလင်” တုပိုင် စိတ်ညစ်သွားရသည်။

ယခင်က သူသည် အပြာရောင်ကျောက်သလင်း သိုက်များ ပိုများရန် အသည်းအသန် ဆုတောင်းခဲ့ပြီး ၊ စွမ်းအင်ယဉ်ကျေးမှုကိုပင် စတင်နိုင်ရန်အထိ မျှော်လင့်ထားခဲ့သည်။

မြေအောက်အနက် မီတာ ၁၀,၀၀၀ ကျော်အထိ တူးဖော်ရခြင်းကို တုပိုင်စိတ်မခုချေ။ အပြာရောင်ကျောက်သလင်းများသည် သူ၏ အလင်းတန်း သံဓား ၅,၀၀၀ ပြုလုပ်ရန် လုံလောက်ပါစေရန်သာ တုပိုင် ဆုတောင်းနိုင်ခဲ့သည်။

ယခုမူ မြေအောက်အနက် မီတာ ၂၀,၀၀၀ ကျော်အထိ တူးဖော်ပြီးသော်လည်း ၊ မည်သည်မှ မရှိသေးချေ။

တုပိုင်မှာ မျှော်လင့်ချက် လုံးဝမဲ့လုနီးပါး ဖြစ်သွားရလေ၏။ သို့သော် ထိုအချိန်၌ပင် သူ၏ မျက်လုံးများထဲတွင် အပြာရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာလသည်။ ထို့နောက် တုပိုင် ဝမ်းသာအားရဖြစ်သွားကာ အသည်းအသန် တူးလိုက်သည်။

“ဝုန်း... ဝုန်း...”

ရုတ်တရက် သူ၏ ရှေ့တွင် ပြင်းထန်သော ပြိုကျမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ၊ မရေမတွက်နိုင်သော ကျောက်တုံးကြီးများနှင့် ရွှံ့နွံများ လိမ့်ဆင်းလာ၏။

ထို့နောက် ချက်ချင်းပင် ၊ တုပိုင်၏ ခန္ဓာကိုယ်သည်လည်း အောက်သို့ ပြုတ်ကျသွားရသည်။ အောက်ဘက် မီတာ တစ်ထောင်ခန့်အထိ ပြုတ်ကျသွားပြီး ၊ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားလေသည်။ ဤနေရာတွင် လုံးဝ အမှောင်ထုသာ ကြီးစိုးနေ၏။

တုပိုင် မျက်လုံးများကို မှိတ်လိုက်ပြီး ၊ သူ၏ စိတ်စွမ်းအင်များကို မျက်လုံးများဆီသို့ စုစည်းလိုက်ကာ ၊ အမှောင်ထဲတွင် မြင်နိုင်ရန်အတွက် မျက်လုံးများကို ပြန်ဖွင့်လိုက်လေသည်။

နောက်တစ်စက္ကန့်တွင်မူ ၊ သူ လုံးဝ ကြက်သေသေသွားရလေတော့သည်။ သူသည် ယခင်က အပြာရောင်ကျောက်သလင်း ကျင်းတစ်သန်း လိုချင်ခဲ့ပြီး ၊ နောက်ပိုင်းတွင် ကျင်းတစ်သိန်းအထိ လျှော့ချခဲ့ကာ ၊ နောက်ဆုံးတွင် သူ၏ အလင်းတန်း သံဓား ၅,၀၀၀ ပြုလုပ်ရန် လုံလောက်စေမည့် ကျင်း တစ်ထောင့်ငါးရာမျှသာ လိုချင်တော့သည်။

သို့သော် ဤနေရာတွင် အပြာရောင်ကျောက်သလင်း မည်မျှ ရှိနေသနည်း။ နတ်ဘုရားများသာ သိပါလိမ့်မည်။ သန်းနှင့်ချီ၍လော။ ထိုထက်ပင် ပိုသေးသည်။

ထို့အပြင် ယူနစ်မှာ ကျင်းမဟုတ်ဘဲ ၊ တန် ဖြစ်သည်။

ဤနေရာရှိ အပြာရောင်လျှပ်စစ်ကျောက်သလင်း သိုက်များမှာ နက္ခတ္တဗေဒ ကိန်းဂဏန်းများကဲ့သို့ များပြားလှပြီး ၊ မည်မျှရှိသည်ကို တုပိုင် ခန့်မှန်း၍ပင် မရနိုင်ချေ။

အတိုချုပ်ပြောရလျှင် အလင်းတန်း သံဓား ၅,၀၀၀ ပြုလုပ်ရန် လုံလောက်ရုံသာမက ၊ ၅၀,၀၀၀ ဆိုလျှင်ပင် ပြဿနာမရှိပေ။

သေချာပေါက်ပင် ထိုမျှ အများအပြား ပြုလုပ်ရန်မှာ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်မိစ္ဆာ သွေးကျောက်သလင်းက မလုံလောက်သောကြောင့် ဖြစ်၏။

အတိုချုပ်ပြောရလျှင် ၊ ဤအပြာရောင်ကျောက်သလင်းများသည် ကူးပြောင်းမှုများကို အောင်မြင်စေရန်နှင့် စွမ်းအင်ယဉ်ကျေးမှု တစ်ခုလုံးကို စတင်ရန်အတွက် အပြည့်အဝ လုံလောက်နေပြီဖြစ်လေသည်။

(ဒီမာ တစ်ဖြတ်ရှင်းပြမယ်။ တစ်ကျင်းကို ၀.၅ ကီလိုရှိတယ်ဗျ။ ပေါင်နဲ့ဆို ၁.၁ ပေါင်။ တစ်တန် = ကျင်းနှစ်ထောင်။ ဆိုတော့ကာ တုပိုင်ရဲ့ အတွေးအရ အပြာရောင်ကျောက်သလင်းက တန်ချီသန်းနဲ့ချီဆိုရင် ကျင်းနဲ့တွက်ရင် အနည်းဆုံး ဘီလီလျံနဲ့ချီမယ်ဗျ။ အတိအကျ​တော့ ရေးမထားလို့ တွက်မရပါ။)

ထို့နောက် တုပိုင်သည် အလေးချိန် ကျင် ၂,၀၀၀ ရှိသော အပြာရောင်လျှပ်စစ်ကျောက်သလင်းကို တိုက်ရိုက်တူးဖော်လိုက်ပြီးနောက် တွင်းထဲမှ တရွေ့ရွေ့ဖြင့် တွားသွားကာ ထွက်လာခဲ့သည်။

ပိုမို အဆင်ပြေစေရန်အတွက် စစ်ခုန်းယဲ့နှင့် ရှာမန်တို့၏ လျှို့ဝှက်ဓာတ်ခွဲခန်းကို စိချွမ်းရှိ မြေအောက်ဂူတစ်ခုသို့ ပြောင်းရွှေ့ထားခဲ့ပြီ ဖြစ်၏။ ထိုနေရာတွင် လူပေါင်း တစ်ထောင်ကျော်မျှ ရှိနေပြီဖြစ်သည်။ အဆိုပါ ဓာတ်ခွဲခန်းကို အချိန်မရွေး ၊ နေရာမရွေး ကာကွယ်ပေးရန်အတွက် မဟာဆရာသခင်တစ်ဦးလည်း ရှိနေ၏။

ထို့အပြင် ဤရှာမန်အုပ်စုသည်လည်း အားကောင်းသည့် တိုက်ခိုက်ရေးစွမ်းရည်များကို ပိုင်ဆိုင်ထားကြသေးသည်။

တုပိုင် ယူဆောင်လာသော ကျင်နှစ်ထောင်ရှိ အပြာရောင်ကျောက်သလင်းများကို မြင်လိုက်ရသောအခါ ၊ စစ်ခုန်းယဲ့မှာ စိတ်လှုပ်ရှားလွန်း၍ ရူးသွပ်လုမတတ်ပင် ဖြစ်သွားရ၏။

စမ်းသပ်မှုများကြောင့် အပြာရောင်ကျောက်သလင်းများမှာ လွန်စွာ ပြတ်လပ်နေပြီဖြစ်ပြီး ၊ စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်ရန် လုံးဝ မဖြစ်နိုင်သလောက်ပင် ရှိနေခဲ့ပြီ ဖြစ်လေသည်။

ယခုမူ ကျင်နှစ်ထောင်ခန့် တစ်ပြိုင်နက်တည်း ရောက်ရှိလာသောကြောင့် စစ်ခုန်းယဲ့ အတော်ဝမ်းသာသွားရသည်။

“အရှင်... နောက်ထပ် ရှိသေးလား” စစ်ခုန်းယဲ့က မေးလိုက်၏။ “အပြာရောင်ကျောက်သလင်းတွေသာ လုံလုံလောက်လောက် ရှိမယ်ဆိုရင် ကျွန်တော်တို့ တစ်ကမ္ဘာလုံးကို ပြောင်းလဲပစ်နိုင်တယ်”

တုပိုင်က ပေါ့ပေါ့ပါးပါး အပြုံးဖြင့် ပြန်ဖြေသည်။ “ရှိတာပေါ့။ မရေမတွက်နိုင်အောင်ကို အများကြီးပဲ”

စစ်ခုန်းယဲ့နှင့် ရှာမန်များမှာ ပို၍ပင် ဝမ်းသာရူးသွပ်သွားကြတော့၏။

တုပိုင်က ပြောသည်။ “မင်းတို့ နှစ်ဖွဲ့ခွဲလိုက်။ တစ်ဖွဲ့က အလင်းတန်း သံဓားတွေကို ထုတ်လုပ်... နောက်တစ်ဖွဲ့က အနီရောင်ကျောက်သလင်းကို ဆက်ပြီး လေ့လာစမ်းသပ်ကြ”

“ဟုတ်ကဲ့ပါ”

**--**--**--**--**--**--**--**

အချိန်များက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားလေ၏။

လေမရှိဘဲ မြေအောက်အနက် မီတာ ၂၀,၀၀၀ ကျော်အထိ ဝင်ရောက်နိုင်သူမှာ သူတစ်ဦးတည်းသာ ရှိသောကြောင့် တုပိုင်သည် အပြာရောင်လျှပ်စစ်ကျောက်သလင်းများကို အဆက်မပြတ် သယ်ယူပို့ဆောင်နေခဲ့ရသည်။

နောက်ဆုံးတွင်တော့ အပြာရောင်လျှပ်စစ်ကျောက်သလင်း တန်ရာနှင့်ချီ၍ သယ်ယူပို့ဆောင်နိုင်ခဲ့လေသည်။

ထိုအခိုက်အတန့်မှာပင် စစ်ပွဲ၏ ခြေသံများက တရားဝင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

လီကျန့်က သတင်းပို့သည်။

“သခင်... နောက်ဆုံးရ သတင်းတွေအရ အရှေ့ဘက် ပြည်ထောင်စုက အန်နမ်နိုင်ငံကို စစ်တပ်အင်အား ၃၃၀,၀၀၀ ချထားလိုက်ပြီ။ အခုဆို တပ်တွေ စုစည်းပြီးသွားပြီမို့ ကျွန်တော်တို့ရဲ့ နယ်မြေကို တိုက်ခိုက်ဖို့ မကြာခင် မြောက်ဘက်ကို တက်လာတော့မယ်”

“အရှေ့ဘက် ပြည်ထောင်စုက ကွမ်တုံပြည်နယ်မှာလည်း စစ်တပ်အင်အား ၃၃၀,၀၀၀ ကို ချထားပြီး တပ်တွေ စုစည်းထားပါတယ်တဲ့”

“ထောက်လှမ်းရေး သတင်းတွေအရဆိုရင်... သေနတ်အသစ် အရေအတွက်က ၂၅၀,၀၀၀ ထက် ကျော်လွန်ပြီး အလွန်ကြီးမားတဲ့ အမြောက်ကြီးတွေကလည်း ဒါဇင်နဲ့ချီပြီး ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီအမြောက်တွေ တစ်ခုစီတိုင်းက လီဆယ်ချီ အကွာအဝေးအထိ ပစ်ခတ်နိုင်ပြီး မြို့ရိုးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်စွမ်း ရှိပါတယ်”

“ဒါ့အပြင် ခွန်လွန်ကျွန်စစ်သည်တွေကလည်း ၈၀,၀၀၀ ကျော်တောင် ရှိနေသေးတယ်လို့ ဆိုပါတယ်”

လီကျန့်၏ သတင်းပို့ချက်အဆုံးတွင် အစည်းအဝေးခန်းမ တစ်ခုလုံးမှာ သေမင်းတမန် တိတ်ဆိတ်မှုကြီး လွှမ်းမိုးသွားတော့၏။

လီကျန့်က ဆက်လက် သတင်းပို့သည်။ “ကျွန်တော်တို့ စစ်ပွဲသရုပ်ဖော်မှုတစ်ခု လုပ်ကြည့်ပြီးပါပြီ။ အရှေ့ဘက် ပြည်ထောင်စုရဲ့ စစ်တပ်အင်အား ၈၀,၀၀၀ က ကျွန်တော်တို့ရဲ့ စစ်တပ်အင်အား ၃၀၀,၀၀၀ ကို အသာအယာ အနိုင်ယူသွားနိုင်ပါတယ်”

၈ သောင်းတည်းဖြင့် လုံလောက်သော်လည်းဘဲ အရှေ့ဘက် ပြည်ထောင်စုသည် တုပိုင်၏ နယ်မြေကို တိုက်ခိုက်ရန် စစ်တပ်အင်အား ၆၆၀,၀၀၀ အထိ စေလွှတ်လာ၏။

“ရန်သူ့စစ်တပ်အင်အား ၆၆၀,၀၀၀ က ကျွန်တော်တို့ကို မျက်နှာစာ နှစ်ဖက်ကနေ တိုက်ခိုက်လာလိမ့်မယ်။ ပထမဆုံး တိုက်ခိုက်ခံရမယ့် မြို့သုံးမြို့ကတော့ ဝူကျိုးမြို့၊ လျန်ကျိုးမြို့နဲ့ ပိုင်ဆယ်မြို့တွေပဲ” လီကျန့်က ပြောသည်။ “ကျွန်တော်တို့ဆီမှာ အလင်းတန်း သံဓား ၅,၀၀၀ ရှိလာတော့မယ်။ ဒါက အနီးကပ်တိုက်ပွဲတွေမှာ ကျွန်တော်တို့ကို ကြီးမားတဲ့ အားသာချက်တစ်ခု ပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အဝေးပစ် အမြောက်တွေက တစ်ခေတ်စာလောက် နောက်ကျကျန်နေခဲ့တဲ့အတွက် ဒီတိုက်ပွဲမှာ အနိုင်ရဖို့ အခွင့်အရေးက လုံးဝနီးပါး မရှိသလောက်ပါပဲ”

အရှေ့ဘက် ပြည်ထောင်စုသည် ကမ္ဘာကြီးကို ပြောင်းလဲပစ်လိုက်ပြီ ဖြစ်၏။ အမြောက်များနှင့် သေနတ်များသည် စစ်ပွဲ၏ အဓိက လက်နက်များ ဖြစ်လာပြီဖြစ်သည်။

တုပိုင်၏ အမြောက်များသာ် လွန်စွာခေတ်နောက်ကျကျန်နေသောကြောင့် ဤတိုက်ပွဲတွင် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိဘဲ ၊ ရှုံးနိမ့်ရန် သေချာသလောက်ပင် ဖြစ်နေ၏။

အရှေ့ဘက် ပြည်ထောင်စု၏ မိုးမွှန်နေသော အမြောက်တပ်မီးဟုန်းဟုန်းတောက်မှုနှင့် ရင်ဆိုင်ရချိန်တွင် အပြတ်အသတ် ချေမှုန်းခံရရန်သာ ရှိတော့သည်။

ဗိုလ်ချုပ်ဖူဟုန်ပင်းက ပြော၏။ “ကျွန်မနဲ့ ဗိုလ်ချုပ်ကျီရှီတို့ နောက်ချန်တပ်အဖြစ် နေခဲ့ဖို့ အကြံပြုချင်ပါတယ်။ အရှင်က အရှင်မင်းကြီးနဲ့တကွ တခြား အဓိကတပ်မကြီးတွေ ၊ ကျွန်မတို့ရဲ့ ဓာတ်ခွဲခန်းကို ဦးဆောင်ပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ဆီကို အပြီးတိုင် ဆုတ်ခွာသွားလိုက်ပါ”

ဗိုလ်ချုပ်ကျီရှီကလည်း ပြောသည်။ “ဗိုလ်ချုပ်ဖူဟုန်ပင်းရဲ့ အကြံပြုချက်ကို ကျွန်တော် သဘောတူပါတယ်။ အရှေ့ဘက် ပြည်ထောင်စုရဲ့ တပ်တွေကို ထိန်းချုပ်ထားဖို့ တောင်ဘက်ကို ကျွန်တော် ဦးဆောင်သွားပါ့မယ်။ ဗိုလ်ချုပ်ဖူဟုန်ပင်းကတော့ အရှေ့ဘက်စစ်မျက်နှာက တပ်တွေကို ထိန်းချုပ်ထားပါလိမ့်မယ်။ အရှင်နဲ့ အရှင်မင်းကြီးက ကျွန်တော်တို့ရဲ့ စစ်တပ် ၊ အရေးကြီးတဲ့ ရိက္ခာပစ္စည်းတွေနဲ့ အရေးကြီးတဲ့ အဖွဲ့ဝင်တွေကို ဦးဆောင်ပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ဆီကို ချက်ချင်း ပြောင်းရွှေ့သွားကြပါ”

လွန်ခဲ့သည့်အကြိမ်က တုပိုင်သည် လီမိသားစု၏ စစ်တပ်နှင့် ရင်ဆိုင်ခဲ့ရစဉ်က ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သို့ သွားရောက် ခိုလှုံခဲ့ရဖူးသည်။

ယခုတစ်ကြိမ်တွင်လည်း ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သို့ ထပ်သွားရမည်လော။

အနောက်တောင်ပိုင်း ပြည်နယ်ငါးခုကို အပြီးတိုင် စွန့်လွှတ်လိုက်ရတော့မည်လော။ ခက်ခက်ခဲခဲ ကြိုးပမ်းတည်ဆောက်ထားခဲ့ရသော အုပ်ချုပ်ရေးစနစ်သစ်၏ အောင်မြင်မှုများကို လုံးဝ စွန့်လွှတ်လိုက်ရတော့မည်လော။

မိဖုရားလီက ပြော၏။ “ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို ဆုတ်ခွာဖို့ ကျွန်မ သဘောတူတယ်။ တောင်တန်းစိမ်းစိမ်းတွေ ကျန်နေသေးသရွေ့ ထင်းမရှိမှာကို မကြောက်ရဘူးလေ။ ကျွန်မ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို တစ်ခေါက် ရောက်ဖူးတယ်။ ရန်သူ့ရဲ့ အလွန်ကြီးမားတဲ့ အမြောက်တပ်ကြီးက တောအုပ်ကြီးနဲ့ မြေအောက်အက်ကွဲကြောင်းတွေကို ဖြတ်ကျော်ပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ဆီ ရောက်လာဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ မြေအောက်မြို့တော်ရဲ့ တံခါးဝကိုလည်း နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ရေနဂါးကြီးက စောင့်ကြပ်နေတာဆိုတော့ ရန်သူတွေ ဖောက်ဝင်နိုင်ဖို့ လုံးဝ မလွယ်ကူပါဘူး”

ဖူဟုန်ပင်းက ပြောသည်။ “အရှင်... ကျွန်မတို့ အပြာရောင်လျှပ်စစ်ကျောက်သလင်း ကျင်တစ်သန်းကို တူးဖော်ရရှိထားပြီး စွမ်းအင်ယဉ်ကျေးမှုရဲ့ သော့ချက်ကို ရှာတွေ့ထားပြီးပါပြီ။ အချိန်အလုံအလောက်သာ ရှိမယ်ဆိုရင် ကျွန်မတို့ အစွမ်းထက်တဲ့ စွမ်းအင်ယဉ်ကျေးမှုတစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒီတိုက်ပွဲမှာ ကျွန်မတို့ဆီက အဆင့်မြင့်ပြီး အစွမ်းထက်တဲ့ အဝေးပစ် အမြောက်တွေ လိုအပ်နေလို့ သေချာပေါက် ရှုံးနိမ့်မှာပါ။ ဒါပေမဲ့ နောက်တိုက်ပွဲကျရင်တော့ ကျွန်မတို့ နိုင်နိုင်ပါတယ်။ အရှေ့ဘက် ပြည်ထောင်စုရဲ့ စစ်တပ်က ဘယ်လောက်ပဲ အားကောင်းနေပါစေ ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို ဖောက်ထွင်းဝင်ရောက်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်”

ကျီရှီကလည်း ပြော၏။ “မြေကို ကာကွယ်ရင်း လူကို စတေးလိုက်ရရင် လူရော မြေရော ဆုံးရှုံးရမှာပါ။ လူကို ကာကွယ်ဖို့ မြေကို စွန့်လွှတ်လိုက်မယ်ဆိုရင်တော့ လူရော မြေရော ပြန်ရလာမှာပါ”

တုပိုင် ထိုအမှန်တရားကို နားလည်သော်လည်း ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သို့ ထပ်မံ ထွက်ပြေးရမည်လော။

စတုရန်းကီလိုမီတာ တစ်သန်းကျော် ကျယ်ဝန်းသော အနောက်တောင်ပိုင်း ပြည်နယ်ငါးခုနှင့် လူဦးရေ သန်းဆယ်ချီကို အပြီးတိုင် စွန့်ပစ်ခဲ့ရမည်လော။ နှစ်နှစ်တာ ကြိုးပမ်းခဲ့ရသည့် အုပ်ချုပ်ရေးစနစ်သစ်၏ ရလဒ်များကို လုံးဝ စွန့်လွှတ်လိုက်ရတော့မည်လော။

သူ တကယ်ကို မလုပ်နိုင်ပေ။

သို့သော် ဤတိုက်ပွဲတွင်မူ အရှေ့ဘက် ပြည်ထောင်စု၏ အဝေးပစ် ပစ်ခတ်နိုင်စွမ်းမှာ အလွန်တရာ အားကောင်းလွန်းနေသည်။

တုပိုင်တွင် လွန်စွာ အစွမ်းထက်သော သွေးမိစ္ဆာမြင်းတပ် ရှိနေပြီး ၊ အလင်းတန်း သံဓားများလည်း တပ်ဆင်ထားသောကြောင့် အနီးကပ်တိုက်ပွဲများတွင် ပြိုင်ဘက်ကင်းနေမည် ဖြစ်၏။

သို့သော် အရှေ့ဘက် ပြည်ထောင်စု၏ အလွန်တရာ အားကောင်းလှသော အဝေးပစ် ပစ်ခတ်မှုများရှေ့တွင် ၊ ရှေ့တန်းသို့ တိုးဝင်ရန်ပင် အခွင့်အရေးရမည် မဟုတ်ပေ။

ထို့ပြင် တုပိုင်ထံ၌ သွေးမိစ္ဆာစစ်သည် အရေအတွက် အလွန်နည်းပါးပြီး ငါးထောင်ခန့်သာ ရှိသည်။

ယခုတစ်ကြိမ် အရှေ့ဘက် ပြည်ထောင်စုမှ စေလွှတ်လိုက်သော ခွန်လွန်ကျွန်စစ်သည် အရေအတွက်မှာ ၈၀,၀⁠၀၀ အထိ ရှိနေ၏။

အလင်းတန်း သံဓားများ တပ်ဆင်မထားခြင်းမှလွဲ၍ ၊ ခွန်လွန်ကျွန်စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သွေးမိစ္ဆာစစ်သည်များနှင့် တစ်ထပ်တည်း တူညီသည်။

သူတို့အားလုံးသည် အစွမ်းထက်ပြီး သံချပ်ကာများ ဝတ်ဆင်ထားကြကာ ၊ အလွန်တရာ လျင်မြန်ဖျတ်လတ်ပြီး အရပ် နှစ်မီတာကျော် မြင့်မားသည့် ဧရာမစစ်သည်တော်ကြီးများ ဖြစ်ကြသည်။

“အရှင်... တောင်တန်းစိမ်းစိမ်းတွေ ကျန်နေသေးသရွေ့ ထင်းမရှိမှာကို မကြောက်ရပါဘူး” လူတိုင်းက တုပိုင်ကို ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သို့ ဆုတ်ခွာရန် ဖျောင်းဖျနေကြလေ၏။

တုပိုင် ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့သည့် အနီရောင်ကျောက်သလင်းမှာ ယခုအချိန်အထိ သုတေသန မအောင်မြင်သေးဘဲ ၊ လက်နက်အဖြစ် ပြောင်းလဲနိုင်ရန် မဆိုထားနှင့် ၊ ယင်း၏ စွမ်းအင်သဘာဝကိုပင် ရှင်းရှင်းလင်းလင်း မသိရသေးချေ။

ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ထံသို့ တကယ်ပဲ ဆုတ်ခွာရတော့မည်လော။ ယခု ဆုတ်ခွာရန် အချိန်နှောင်းနေပြီ ဖြစ်သော်လည်း ၊ ထပ်မံ အချိန်ဆွဲနေရန်လည်း လုံးဝ အချိန်မရှိတော့ပေ။

ထိုအချိန်လေးမှာပင် စစ်ခုန်းယဲ့က တုန်တုန်ယင်ယင်ဖြင့် ပြေးထွက်လာ၏။ “အရှင်... မြန်မြန်၊ မြန်မြန်... ကျွန်တော်တို့ အောင်မြင်သွားပြီ”

“အရှင် ယုံမှာ မဟုတ်ဘူး။ ဘယ်လိုမှ ယုံနိုင်မှာ မဟုတ်ဘူး... တကယ်တော့ အနီရောင်ကျောက်သလင်းက သူ့ချည်းသက်သက် အလုပ်မလုပ်နိုင်ဘူး”

“ကျွန်တော်တို့ရဲ့ ဓာတ်ခွဲခန်းက အလွန်ကြောက်စရာကောင်းတဲ့ သေမင်းတမန် လက်နက်ကြီးတစ်ခုကို ဖန်တီးလိုက်နိုင်ပြီ”

“ကျွန်တော်တို့ အဲဒါကို ကျောက်သလင်း မှော်အမြောက်လို့ နာမည်ပေးထားတယ်။ သူ့ရဲ့ စွမ်းအားက မယုံနိုင်စရာပဲ။ ကျွန်တော်တို့ကိုတောင် လုံးဝ အံ့သြမှင်တက်သွားစေတယ်။ အရှင် လုံးဝ ယုံနိုင်မှာ မဟုတ်ဘူး”

စစ်ခုန်းယဲ့သည် တုပိုင်အား မြေအောက်ဓာတ်ခွဲခန်းဆီသို့ ရူးသွပ်နေသည့်အလား ဆွဲခေါ်သွားပြီး ၊ လမ်းလျှောက်ရင်းဖြင့် တတွတ်တွတ် ပြောဆိုနေ၏။

“အရှင်... အရင်တုန်းက အရှင်ပြောခဲ့ဖူးတယ်လေ ၊ ပါရမီဆိုတာ ကြိုးစားမှု ၉၉ ရာခိုင်နှုန်းနဲ့ ဉာဏ်ကွန့်မြူးမှု ၁ ရာခိုင်နှုန်း ပေါင်းစပ်ထားတာလို့” စစ်ခုန်းယဲ့က ပြောသည်။ “ဒီစကားက တကယ်ကို မှန်ပါတယ်။ ဘာလို့လဲဆိုတော့ စမ်းသပ်မှု အကြိမ် ၉၉ ကြိမ်က ကျရှုံးလိမ့်မယ်။ အကြိမ် ကိုးရာကိုးဆယ့်ကိုးကြိမ်တောင် ကျရှုံးနိုင်တယ်။ အဲဒီနောက် ရုတ်တရက် အရှင့်ရဲ့ ဉာဏ်ကွန့်မြူးမှုတစ်ခု ရောက်လာတဲ့ အခိုက်အတန့်မှာတော့ ၊ ရှင်းပြလို့မရနိုင်လောက်အောင်ကို အောင်မြင်သွားတတ်တယ်”

တကယ်တမ်းတွင် ဤသည်မှာ စမ်းသပ်ခြင်းနှင့် အမှားပြင်ဆင်ခြင်းသာ ဖြစ်၏။

သိပ္ပံနည်းကျ စမ်းသပ်မှုများသည် ထိုအတိုင်းပင်ဖြစ်ပြီး ၊ စွမ်းအင်သုတေသန စမ်းသပ်မှုများသည်လည်း သေချာပေါက် အတူတူပင် ဖြစ်သည်။

မရေမတွက်နိုင်သော ကျရှုံးမှုများ ၊ မရေမတွက်နိုင်သော စမ်းသပ်ခြင်းနှင့် အမှားပြင်ဆင်ခြင်းများ ပြုလုပ်ပြီးနောက် ၊ မှန်ကန်သော အရာကို ရှာတွေ့ရန် အခွင့်အရေးတစ်ခု ရရှိလာခြင်း ဖြစ်၏။

ထို့ကြောင့် သိပ္ပံ သို့မဟုတ် စွမ်းအင်သုတေသန ပညာရပ်များမှာ ကမ္ဘာပေါ်တွင် စိတ်အဝင်စားဆုံး အရာများ ဖြစ်ပေသည်။ သို့သော် သိပ္ပံပညာရှင်များနှင့် စွမ်းအင်ပညာရှင်များ၏ ဘဝမှာမူ အလွန် ပျင်းရိငြီးငွေ့ဖွယ်ကောင်းကြောင်း အာမခံနိုင်သည်။ မှန်ကန်သော အရာတစ်ခုကို ရှာဖွေတွေ့ရှိရန်အတွက် စမ်းသပ်မှုများကို အကြိမ်တစ်ရာ၊ တစ်ထောင်၊ တစ်သောင်းခန့် ထပ်ခါတလဲလဲ ပြုလုပ်နေရပြီး ၊ တစ်ခါတစ်ရံတွင် ယင်းတို့ လုပ်နေသည်မှာ မှန်ကန်မှု ရှိမရှိကိုပင် မသိကြချေ။ လမ်းကြောင်း လုံးဝ မှားယွင်းနေနိုင်သလို ၊ ဆန့်ကျင်ဘက်လည်း ဖြစ်နေနိုင်ပေသည်။

ယခုတစ်ကြိမ် တုပိုင် ရွေးချယ်ခဲ့သော မြေအောက်ဓာတ်ခွဲခန်းမှာ သဘာဝ မြေအောက်လိုဏ်ဂူတစ်ခု ဖြစ်ပြီး ၊ အလွန်တရာ ကြီးမားကျယ်ဝန်းလှလေ၏။

စစ်ခုန်းယဲ့သည် လမ်းတစ်လျှောက်လုံး ထူးဆန်းသည့်အရာများအား တတွတ်တွတ် ပြောလာခဲ့သော်လည်း ၊ ကံကောင်းထောက်မစွာဖြင့် တုပိုင်က သူ၏ စကားများကို နားလည်နေသည်။

နှစ်ယောက်သား မြေအောက်ဓာတ်ခွဲခန်း၏ အနက်ရှိုင်းဆုံး အပိုင်းသို့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရောက်ရှိလာကြလေ၏။

စစ်ခုန်းယဲ့ ပထမဆုံး ထုတ်ယူပြသလိုက်သည်မှာ အနီရောင်ကျောက်သလင်း ကိရိယာတစ်ခု ဖြစ်သည်။

“ဒီကိရိယာက အရမ်းသေးငယ်တယ်လို့ မထင်ပါနဲ့။ သူ့ရဲ့ အတွင်းပိုင်းက လွန်စွာမှ ရှုပ်ထွေးလှပါတယ်”

“တကယ်တော့ ဒါက သေးငယ်တဲ့ စွမ်းအင်အစီအရင် တစ်ခုပဲ” စစ်ခုန်းယဲ့က စိတ်လှုပ်ရှားစွာ ပြော၏။ “စွမ်းအင်အစီအရင် တစ်ခုလုံးမှာ အနည်းငယ်လေးတောင် အမှားအယွင်း ရှိလို့မရဘူး။ အဲဒီလိုမှမဟုတ်ရင် အနီရောင်ကျောက်သလင်းရဲ့ စွမ်းအင်တုံ့ပြန်မှုကို လှုံ့ဆော်နိုင်မှာ မဟုတ်ဘူး”

စစ်ခုန်းယဲ့က လက်သီးဆုပ်အရွယ်ရှိသော အနီရောင်ကျောက်သလင်း ကိရိယာကို တုပိုင်အား ကမ်းပေးရင်း ပြောလိုက်သည်။ “အရှင်... ဒီပေါ်က ခလုတ်က အဖွင့်အပိတ် လုပ်တဲ့ဟာပါ။ အရှင် နှိပ်ပြီး စမ်းကြည့်လို့ ရပါတယ်”

တုပိုင်သည် လွန်စွာ ရှုပ်ထွေးလှသည့် အနီရောင်ကျောက်သလင်း ကိရိယာကို ဟင်းလင်းပြင်ဘက်သို့ လှည့်ကာ ခလုတ်ကို နှိပ်လိုက်၏။

“ရွှီး”

ရုတ်တရက် အနီရောင် အလင်းတန်းတစ်ခု ပစ်ထွက်သွား၏။

အလွန်တရာ ဝေးကွာသော နေရာအထိ ပစ်ခတ်သွားပြီး ၊ ကီလိုမီတာ အနည်းငယ်မျှ ဝေးသော လိုဏ်ဂူနံရံပေါ်သို့ အနီရောင်အစက်လေး တိုက်ရိုက် ထင်ဟပ်သွားသည်။

ထိုအရာသည် လေဆာကြီးပင်ဖြစ်၏။

ထို့ပြင် ယင်းမှာ လွန်စွာ အားကောင်းသော စွမ်းအားရှိသည့် လေဆာတစ်ခုဖြစ်ပြီး ၊ ကီလိုမီတာ အနည်းငယ် အကွာအဝေး၌ပင် ပြန့်ကျဲသွားခြင်း သို့မဟုတ် အားပျော့သွားသည့် အရိပ်အယောင် မရှိချေ။

သို့သော် လေဆာတွင် သေစေနိုင်လောက်သော စွမ်းအား မရှိပေ။ ရုပ်ရှင်များထဲမှ လေဆာများကဲ့သို့ ၊ သံကို ရွှံ့လို လှီးဖြတ်နိုင်လောက်သည့် အစွမ်းထက်သော စွမ်းအားမျိုး မရှိချေ။

တုပိုင်က မေးလိုက်၏။ “အကယ်လို့ ဒီအနီရောင်ကျောက်သလင်း ကိရိယာကို အဆပေါင်း ဒါဇင်နဲ့ချီ၊ ရာနဲ့ချီပြီး ကြီးအောင် လုပ်လိုက်မယ်ဆိုရင်ရော... ပစ်ခတ်လိုက်တဲ့ လေဆာက သေစေနိုင်တဲ့ အစွမ်း ရှိလာနိုင်မလား”

စစ်ခုန်းယဲ့က ခေါင်းယမ်းကာ ပြော၏။ “လက်ရှိမှာတော့ နည်းလမ်းမှ မရှိသေးဘူး။ ဒီအနီရောင်ကျောက်သလင်းက အနီရောင်အလင်းတန်း ထုတ်လွှတ်နိုင်တဲ့ စွမ်းအင်သဘာဝကို ကျွန်တော်တို့ ခုလေးတင် ရှာတွေ့ထားတာလေ”

“ကျောက်သလင်း ကိရိယာ အကြီးပဲဖြစ်ဖြစ် ၊ အသေးပဲဖြစ်ဖြစ် ထွက်လာတဲ့ လေဆာစွမ်းအင်ပမာဏက အတူတူပဲ။ ဒီလေဆာကို သေစေနိုင်လောက်တဲ့ အစွမ်းရှိလာအောင် လုပ်ဖို့ဆိုရင် ဒီလိုလေဆာမျိုး တစ်သောင်းလောက်ကို တစ်နေရာတည်းမှာ အပြည့်အဝ စုစည်းပစ်ဖို့ လိုအပ်တယ်။ ဒါက အရမ်းကို မိုက်မဲတဲ့ အတွေးတစ်ခုဆိုပေမဲ့ လက်ရှိ ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ တစ်ခုတည်းသော နည်းလမ်းပဲ”

“ဒါပေါ့... လပေါင်းများစွာ ပြင်းပြင်းထန်ထန် ကြိုးစားပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှာ အနီရောင်ကျောက်သလင်းရဲ့ စွမ်းအင်သဘာဝကို ကျွန်တော်တို့ ရှာတွေ့ခဲ့ပါပြီ” ယခင် လူပုပရောဖက်ဟောင်း စစ်ခုန်းယဲ့က ပြောသည်။ “ဒါက အမြည်းသဘောလောက်ပါပဲ။ အရှင်... အခု ကျွန်တော်တို့ရဲ့ တကယ့် သေမင်းတမန် လက်နက်ကြီးဖြစ်တဲ့ ကျောက်သလင်း မှော်အမြောက်ကို ဆက်ပြီး ကြည့်လိုက်ပါဦး”

စစ်ခုန်းယဲ့သည် တုပိုင်အား နေရာတစ်ခုသို့ ခေါ်ဆောင်သွားပြီး ၊ အခမ်းအနားတစ်ခုကဲ့သို့ လေးလေးနက်နက်ဖြင့် ဖုံးအုပ်ထားသော အနက်ရောင်အဝတ်ကို ဖယ်ရှားလိုက်၏။

ပုံစံကို ကြည့်ရသည်မှာ ယင်းသည် သာမန် အမြောက်တစ်လက်သာ ဖြစ်နေပြီး ၊ ခေတ်နောက်ကျနေသော ပြောင်းချောအမြောက်တစ်လက် ဖြစ်နေဆဲပင်။

သို့သော် အမြောက်ကို ပြုပြင်မွမ်းမံထားပြီး ၊ အမြောက်၏ အနောက်ဘက်တွင် ခလုတ်တစ်ခု အပိုပါနေ၏။

ရှာမန်တစ်ဦးက သံခဲအမြောက်ဆန်တစ်ခုကို ကောက်ယူကာ ပြောင်းဝထဲသို့ ထည့်လိုက်သည်။

“အရှင်... ပစ်လို့ရပါပြီ” စစ်ခုန်းယဲ့က ပြောသည်။ “အမြောက်နောက်က ခလုတ်ကို နှိပ်လိုက်ရုံပါပဲ”

တုပိုင်က ရှေ့သို့တိုးကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခလုတ်ကို နှိပ်လိုက်၏။

“ရွှီး...”

ရုတ်တရက် အမြောက်ထံမှ အပြာရောင်အလင်းတန်းတစ်ခု လက်ကနဲ ထွက်ပေါ်လာပြီး ၊ အနက်ရောင် အရိပ်တစ်ခု ပစ်ထွက်သွားသည်။

“ဝုန်း”

ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာ၏။

ထိုသည်မှာ အမြောက်၏ အသံထက်မြန်သော အရှိန်ကြောင့် ဖြစ်ပေါ်လာသည့် ပေါက်ကွဲသံပင် ဖြစ်သည်။ ယင်းမှာ အသံထက်မြန်သော အရှိန်ဖြစ်နေခဲ့၏။

ထို့နောက် တုပိုင်အား လုံးဝ အံ့သြမှင်တက်သွားစေသည့် အရာမှာ ၊ အမြောက်ဆန်၏ ပျံသန်းရာ လမ်းကြောင်းသည် ဆွဲငင်အား၏ သက်ရောက်မှုကို ခံရသော်လည်း ၊ အလွန်တရာ မြန်ဆန်လွန်းလှသောကြောင့် မျဉ်းဖြောင့်တစ်ကြောင်းကဲ့သို့ ဖြစ်နေခြင်းပင် ဖြစ်၏။

ဤသည်မှာ အသံ၏ အမြန်နှုန်းထက် ငါးဆမျှပင် မြန်နေခဲ့ပြီ ဖြစ်သည်။

ဤအမြန်နှုန်းမှာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်လှပြီး ၂၁ ရာစုရှိ အဆင့်အမြင့်ဆုံး အမြောက်များ၏ အမြန်နှုန်းနှင့် တိုက်ရိုက် ညီမျှနေလေသည်။

မူလ ပြောင်းချောအမြောက်များနှင့် ယှဉ်လျှင် ပျံသန်းမှု အမြန်နှုန်းမှာ မည်မျှ ပိုမြန်နေမှန်းပင် မသိနိုင်တော့ချေ။ အရှေ့ဘက် ပြည်ထောင်စု၏ ဟောင်ဝစ်ဇာအမြောက်များနှင့် ယှဉ်လျှင်ပင် အများကြီး ပိုမို မြန်ဆန်နေဆဲ ဖြစ်၏။

“ဝုန်းးးး”

ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။

နှစ်စက္ကန့်မျှသာ ကြာပြီးနောက် ၊ အမြောက်ဆန်သည် သုံးကီလိုမီတာ အကွာအဝေးရှိ ပစ်မှတ်ကို ထိမှန်သွားတော့သည်။

ယင်း၏ စွမ်းအားမှာလည်း အလွန်တရာမှ အံ့မခန်း ဖြစ်နေ၏။ ယင်းက သံခဲအမြောက်ဆန် ဖြစ်သောကြောင့် ပေါက်ကွဲမည် မဟုတ်ပေ။

သို့သော် လူတိုင်းသိကြသည့်အတိုင်း ၊ သေစေနိုင်သော စွမ်းအားဆိုသည်မှာ ဒြပ်ထုနှင့် အမြန်နှုန်းတို့၏ ရလဒ်ပင် ဖြစ်သည်။

ဥပမာအားဖြင့် အရှိန်ပြင်းပြင်းဖြင့် ပျံသန်းနေသော လေယာဉ်တစ်စင်းသည် အားနည်းသော ငှက်ငယ်လေးတစ်ကောင်နှင့် ဝင်တိုက်မိလျှင်ပင် ၊ လေယာဉ်ပေါ်၌ ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းများနှင့် အပေါက်များ ဖြစ်သွားနိုင်သည်။

ထိုသို့ဆိုလျှင် ၊ အသံ၏ အမြန်နှုန်းထက် အဆပေါင်းများစွာ မြန်သော ဤအမြောက်ဆန်ဆိုလျှင် မည်သို့ ရှိမည်နည်း။

ထို့ကြောင့် မာကျောသော ကျောက်ဆောင် လိုဏ်ဂူနံရံကြီးတွင် အလွန်ကြီးမားသော အပေါက်ကြီးတစ်ခု တိုက်ရိုက် ပွင့်ထွက်သွားခဲ့သည်။

တုပိုင် အံ့သြချိန်ပင် မရလိုက်ခင် ၊ စစ်ခုန်းယဲ့က ပြော၏။ “အရှင်... နောက်တစ်ခါ ထပ်စမ်းကြည့်ပါဦး”

ထို့နောက် သူက သံခဲအမြောက်ဆန် တစ်ခုကို ပြောင်းဝထဲသို့ ထပ်ထည့်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ တုပိုင်သည် သူ၏ စိတ်စွမ်းအင်များကို မျက်လုံးများဆီသို့ စုစည်းလိုက်ပြီး ၊ အမြောက်ကို သေချာ စိုက်ကြည့်ကာ ခလုတ်ကို နှိပ်လိုက်၏။

“ရွှီးးးး”

အပြာရောင် အလင်းတန်းတစ်ခု ပစ်ထွက်သွား၏။ ယင်းမှာ မီးရောင် မဟုတ်ဘဲ လျှပ်စစ်အလင်းရောင်ပင် ဖြစ်သည်။

ထို့အပြင် ပစ်ခတ်မှု လုပ်ငန်းစဉ် တစ်ခုလုံးတွင် ယမ်းပေါက်ကွဲမှု မရှိသောကြောင့် ၊ နောက်ကန်အားလုံးဝနီးပါး မရှိဘဲ အမြောက်မှာ အလွန် ငြိမ်သက်နေ၏။

“ရွှီးးးးး”

သံခဲအမြောက်ဆန်သည် အသံ၏ အမြန်နှုန်းထက် ငါးဆကျော်မျှ မြန်သော အရှိန်ဖြင့် မျဉ်းဖြောင့်နီးပါး ပစ်ထွက်သွား၏။

နှစ်စက္ကန့် ကြာပြီးနောက်။

“ဝုန်း”

ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။

လိုဏ်ဂူနံရံရှိ ထိုနေရာကိုပင် နောက်တစ်ကြိမ် ထပ်မံ ထိမှန်သွားခဲ့ပြီး ၊ မူလ ပွင့်ထွက်နေသော အပေါက်ကြီးမှာ နှစ်ဆကျော်မျှ ပိုမို ကြီးမားသွားတော့သည်။

တုပိုင် တစ်ခုထူးခြားနေသည်ကို သတိပြုမိလိုက်သည်။

ယင်းမှာ အမြောက်နှစ်ကြိမ် ပစ်ခတ်မှုသည် တူညီသော နေရာကိုသာ အတိအကျ ထိမှန်သွားခြင်းပင် ဖြစ်သည်။

ဤသည်မှာ အလွန်တရာမှ ကြောက်မက်ဖွယ်ကောင်းသော ကိစ္စပင် ဖြစ်၏။

မည်သည်ကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ အမြောက်၏ တိကျမှုသည် အံ့မခန်း အဆင့်တစ်ခုအထိ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို ဆိုလိုခြင်းပင် ဖြစ်သည်။

ယခင် အမြောက်များ၏ နောက်ကန်အားကြောင့်ဖြစ်စေ ၊ အသုံးပြုရသည့် ယမ်းပမာဏ အကြိမ်တိုင်းတွင် အနည်းငယ် ကွဲပြားနေသောကြောင့်ဖြစ်စေ ၊ အမြောက်ဆန် နှစ်ခုကို တစ်နေရာတည်း တိတိကျကျ ထိမှန်စေရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

တုပိုင်သည် လင်းပိုဝေပု သိုင်းကွက်ကို အသုံးပြုကာ ၊ လိုဏ်ဂူနံရံ ထိမှန်သွားသည့် နေရာဆီသို့ သွားလိုက်သည်.

သံခဲအမြောက်ဆန် နှစ်ခုတည်းဖြင့် ၊ အနက် တစ်မီတာ နှင့် အချင်း ခြောက်မီတာ ၊ ခုနစ်မီတာခန့် ရှိသော တွင်းကြီးတစ်ခု တိုက်ရိုက် ဖြစ်ပေါ်စေသည်။

ဤစွမ်းအားသည် မြို့ရိုးများကိုပင် ဆွဲဖြဲပစ်နိုင်လောက်သည်။

“အရှင်... နောက်ထပ် အံ့ဖွယ်အရာတစ်ခုကို ပြသပေးပါဦးမယ်” စစ်ခုန်းယဲ့က စိတ်လှုပ်ရှားစွာဖြင့် ပြော၏။

ထို့နောက် သူသည် ယခင် အနီရောင်ကျောက်သလင်း ကိရိယာကို အမြောက်ပေါ်တွင် တပ်ဆင်လိုက်ပြီး ၊ တွက်ချက်မှု အချို့နှင့် တည်နေရာ ချိန်ညှိမှုများကို ပြုလုပ်လိုက်၏။

အနီရောင်ကျောက်သလင်း ကိရိယာ၏ ခလုတ်ကို နှိပ်လိုက်သောအခါ ၊ အနီရောင် လေဆာတစ်ခုက ကီလိုမီတာ အနည်းငယ် အကွာအဝေးအထိ ပစ်ထွက်သွားပြီး လိုဏ်ဂူနံရံပေါ်တွင် အနီရောင် အစက်လေးတစ်ခု ဖြစ်ပေါ်သွား၏။

သံခဲအမြောက်ဆန် တစ်ခုကို ပြောင်းဝထဲသို့ ထည့်လိုက်ပြီးနောက် စစ်ခုန်းယဲ့က ပြောသည်။ “အရှင်... အမြောက်ကို ပစ်လိုက်ပါ”

တုပိုင် ခလုတ်ကို နှိပ်လိုက်သည်။

“ရွှီးးးးးးးး”

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၅၅ + ၇၅၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

(၆ ပိုင်းပဲယူဦးနော် ၊ မနက်ဖြန်ကြမှ ၁၄ ပိုင်းလာမယ်ဗျ။ ခေါင်းအများကြီး ကိုက်နေလို့ 😭😭😭)

All Chapters