လျှို့ဝှက်ကျမ်းစာ
Vol. 4 Ch. 347
ဖားဟိုင်ဆရာတော်မှာ ဆန်းလျန်ကို ဒေါသထွက်စ ပြုလာလေသည်။
သို့သော် ဆန်းလျန်က စကားဆက်ပြောလိုက်သည်။
"ကျုပ်က ဆရာတော်ကို နောက်နေတာပါ၊ ကျုပ်က ထိုက်ရွှီးနတ်ဘုရား တန်ခိုးစွမ်းအားကို အသုံးပြုပြီး ဖြစ်ပေါ်လာတဲ့ စာလုံးအက္ခရာကို အခြေခံပြီး လောကထဲက အရာအားလုံးကို ခန့်မှန်းကြည့် နိုင်ပါတယ်၊ ရှစ်ဆယ်ရာခိုင်နှုန်း၊ ကိုးဆယ်ရာခိုင်နှုန်း ယုံကြည်စိတ်ချလို့ ရပါတယ်၊ ခင်ဗျား စိတ်ဝင်စားလို့ သင်ယူချင်တယ် ဆိုရင် တောင် သင်ပေးလို့ ရသေးတယ်"
ဖားဟိုင်ဆရာတော်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း…
"ဒါက… ဟွန်း… ကျုပ်ဘုန်းကြီး လောကတစ်ခွင် လှည့်လည် သွားလာနေတဲ့ အချိန်မှာ မင်းရဲ့ ဆရာဘွားဘွားတောင် မွေးသေးတာ မဟုတ်ဘူး၊ မင်းရဲ့ ကျင့်စဉ်တွေကို ဘယ်သူက စိတ်ဝင်စားမှာလဲ"
ထိုစကားကို ပြောသည့်အချိန်တွင် ဖားဟိုင်ဆရာတော်က သူ့ကိုယ်သူ "ကျုပ်ဟိုင်သခင်ကြီး" ဟု နာမ်စား အသုံးပြုပြီး ပြောမိတော့မလို ဖြစ်သွားပြီးမှ သင်္ကန်း ဝတ်ထားသည်ကို သတိရကာ "ကျုပ်ဘုန်းကြီး" ဟု ပြင်ဆင်ပြောလိုက်ခြင်း ဖြစ်လေသည်။
သူ၏ ပြဿနာမှာ နတ်မိစ္ဆာဘုရင် တစ်ပါး၏ အကျင့်စရိုက်များကို မစွန့်လွှတ်နိုင်သေးခြင်း ဖြစ်လေသည်။ သူက မာန်မာနကြီးလွန်းသူ တစ်ယောက်လည်း ဖြစ်လေသည်။ သူက ပေါင်ယွဲ့ ဆရာတော်ကြီးကို မလွန်ဆန်နိုင်သည့် အတွက် ဘုန်းကြီး ဝတ်ခဲ့ရသည့်တိုင် စိတ်ထားကတော့ မပြောင်းလဲနိုင်သေးပေ။
ထို့ပြင် သူက ဆန်းလျန်၏ ပညာကိုလည်း စိတ်ဝင်စား နေမိလေသည်။ ချင်းရွှမ်နတ်တံခါးမှ အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုတွင် တစ်ခုအပါအဝင် ဖြစ်သည့်အတွက် ချင်းရွှမ် နတ်တံခါးမှ ပညာများသည် အခြားသော ကျင့်ကြံသူ ဂိုဏ်းငယ်လေးများမှ ပညာများနှင့် မတူဘဲ တစ်မူ ထူးခြားလေသည်။
ဆန်းလျန် အသုံးပြုသည့် ခန့်မှန်းသည့် ပညာရပ်သည် သာမန်နေ့ရက်များ အတွက်တော့ အသုံးမဝင်လှပေ။ သို့သော် အကြပ်အတည်း ကြုံတွေ့နေသည့် အချိန်တွင်တော့ အသုံးဝင်လေသည်။ ထို့ကြောင့် ထိုသို့သော ပညာမျိုးကို သင်ယူထားနိုင်လျှင် ကံဆိုး မိုးမှောင်ကျခြင်းများမှ လွတ်မြောက်နိုင်မည် ဖြစ်လေသည်။
"တာအိုကျင့်စဉ် များများ တတ်မြောက်လေ၊ အကျိုးရှိလေ" ဟု ပြောလေ့ရှိကြလေသည်။ ထိုစကားကို ဖားဟိုင်ဆရာတော်က လုံး၀ သဘောတူလေသည်။
သို့သော် ဆန်းလျန်က သူ့ကို တကယ်တမ်း သင်ပေးမည် မဟုတ်ဘဲ နောက်ပြောင် ပြောခြင်းမျှသာ ဖြစ်သည်ကို သိလိုက်ရသည့် အတွက် စိတ်ပျက် သွားရသည့်တိုင် ထိုကောင်လေး သူ့ကို အထင်သေးသွားမည်ကိုလည်း သူက မလိုလားပေ။
ထို့ကြောင့် သူက ရှက်ရမ်းရမ်းကာ ထိုစကားမျိုးကို ပြောလိုက်ခြင်း ဖြစ်လေသည်။
သို့သော် ဆန်းလျန်ကတော့ ဖားဟိုင်ဆရာတော်၏ အတွေးများကို ဂရုမစိုက်ပါ။
သူ၏ လက်ချောင်းများသည် လေထဲတွင် ရွေ့လျားနေပြီး သန့်စင်သည့် မိုးမြေ စွမ်းအားများက သူ၏ လက်ချောင်းများဆီတွင် ဝန်းရံ နေကြလေသည်။ သူ၏ လက်ချောင်းလေးများမှာ ပိုးသားလေး အလား နူးညံ့ သိမ်မွေ့လွန်းလှသည်ဟု ထင်မှတ်ရလေ၏။
တဖြည်းဖြည်းနှင့် ဆန်းလျန်၏ လက်ချောင်းများဆီမှ ဒြပ်စင်စွမ်းအား ရှစ်မျိုး ဖြာထွက်လာပြီး ပုံရိပ်တစ်ခု ပေါ်လာလေသည်။
လေထဲတွင် ပေါ်လာသည့်ပုံရိပ်မှာ တံလျှပ်တစ်ခုအလား ထင်မှတ်ရလေသည်။
ပုံရိပ်ထဲတွင် လူအများ ဥဒဟိုသွားလာ လှုပ်ရှားနေကြသည့် မြို့ကြီးတစ်မြို့ကို တွေ့မြင်ရလေသည်။
ထို့နောက် ရေကန်တစ်ခုကို တွေ့မြင်ရသည်။
ရေကန်မှာ အလွန်လှပသည့် ရေကန်တစ်ခု ဖြစ်လေသည်။
ထိုအချိန်တွင် ကလေးငယ် တစ်ယောက်၏ အော်ဟစ် ငိုကြွေးလိုက်သံ ထွက်ပေါ် လာလေသည်။ ကလေးငယ်၏ ငိုသံသည် ကောင်းကင် တိမ်တိုက်များ အထိ ထိုးဖောက် သွားလေသည်။
ထို့နောက် လေထဲမှ ပုံရိပ်များ ပျောက်ကွယ် သွားလေတော့သည်။
ကလေးငယ်၏ ငိုသံကို ကြားလိုက်ရသည်နှင့် ထိုကလေးငယ်မှာ ပေါင်ယွဲ့ဆရာတော်ကြီး လူပြန်ဝင်စားသည့် ကလေးငယ်မှန်း ဖားဟိုင်ဆရာတော်က ချက်ချင်း သိလိုက်လေသည်။ သို့သော်... မြင်ကွင်းထဲမှ မြို့တော်ကြီးမှာ မည်သည့်နေရာမှ မြို့တော်ကြီး ဖြစ်ကြောင်း ဖားဟိုင်ဆရာတော် သိရှိခြင်း မရှိပေ။
ထို့ကြောင့် သူက ဆန်းလျန်ကို မေးလိုက်သည်။
"အဲဒါ ဘယ်နေရာလဲ"
"အရှေ့ဘက် အရပ်ကို သွားရှာရင် တွေ့လိမ့်မယ်"
ဆန်းလျန်က ပြန်ဖြေ လိုက်လေသည်။
ဖားဟိုင်ဆရာတော်သည် ဆန်းလျန်ကို နှုတ်ဆက်ကာ ကျင်းကွမ်းဝတ် ကျောင်းတော်သို့ ပြန်သွား လေတော့သည်။
သူက ပေါင်ယွဲ့ဆရာတော်ကြီးကို သွားရောက် မရှာဖွေမီ ကျင်းကွမ်းဝတ် ကျောင်းတော်တွင် လုပ်စရာရှိသည့် အလုပ်များကို လုပ်ပေးသွားရဦးမည် ဖြစ်လေသည်။
သူက ကျင်းကွမ်းဝတ် ကျောင်းတော်တည်ရှိရာ တောင်တံခါးသို့ ဝင်ရောက်မိသည်နှင့် တောင်တစ်ခွင်လုံးကို သူ၏ တော်ကပသော မျက်လုံးများဖြင့် ကြည့်ရှု စစ်ဆေးလိုက်လေသည်။
ထိုအခါ တောအုပ် တစ်နေရာတွင် ဘုန်းတော်ကြီး တစ်ပါးသည် တွင်းတစ်တွင်း တူးနေသည်ကို သူမြင်တွေ့ လိုက်ရလေသည်။ ထိုဘုန်းတော်ကြီးသည် ပစ္စည်းတစ်ခုကို မြေမြှုပ်ရန် အတွက် တွင်းတူးနေခြင်း ဖြစ်ဟန်ရှိလေသည်။
ခြေတစ်လှမ်းဖြင့်ပင် ဖားဟိုင် ဆရာတော်သည် ထိုဘုန်းတော်ကြီး အနားသို့ ရောက်သွားပြီး ထိုဘုန်းတော်ကြီး မြှုပ်နှံနေသည့် ပစ္စည်းကို ကြည့်လိုက်သည်။
ထိုဘုန်းတော်ကြီးမှာ ပေါင်ယွဲ့ ဆရာတော်ကြီး၏ ဂိုဏ်းတူညီ ဖြစ်သည့် ပေါင်ကွမ်း ဆရာတော်ကြီး၏ တပည့်ဖြစ်လေသည်။ ထိုဘုန်းတော်ကြီး၏ အမည်မှာ ဟွေ့မင်ဆရာတော် ဖြစ်လေသည်။
ဟွေ့မင်ဆရာတော် ဘုန်းကြီးမဝတ်ခင်က ယွဲ့ထော်တိုင်းပြည်တွင် စစ်သူကြီး တစ်ယောက် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်လေသည်။ ထို့ကြောင့် သူက သိုင်းပညာ အလွန်တော်လေသည်။
တစ်ချိန်တုန်းက ပေါင်ကွမ်း ဆရာတော်သည် ယွဲ့ထော် တိုင်းပြည်နန်းတွင်း၏ မင်းဆရာ တစ်ပါးဖြစ်လေသည်။ ဟွေ့မင်သည် ပေါင်ကွမ်းဆရာတော်ကို စောင့်ရှောက် ပေးရသည့် ကိုယ်ရံတော်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရသည်။ သူက ဆရာတော်နှင့် နှစ်ပေါင်းများစွာ အတူတူ ဖြတ်သန်းခဲ့ရသူ တစ်ယောက် ဖြစ်လေသည်။
လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ပေါင်ကွမ်းဆရာတော်ကြီးနှင့် ဓားတန်ခိုးရှင် ချန်ကျန့်မေတို့၏ ဟန့်ဟိုင် ပင်လယ်တိုက်ပွဲတွင် ဆရာတော်ကြီးသည် ဒဏ်ရာ အပြင်းအထန် ရခဲ့လေသည်။ ထို့နောက် ဆရာတော်သည် သူ၏ တန်ခိုးစွမ်းအားများကို ဆုံးရှုံးသွားကာ သာမန် လူသားပမာ ဖြစ်သွား ခဲ့ရလေသည်။
ထို့ကြောင့် ပေါင်ကွမ်း ဆရာတော်ကြီးသည် ယွဲ့ထော်တိုင်းပြည်၏ မင်းဆရာဘွဲ့ကိုလည်း စွန့်လွှတ်ခဲ့ကာ ကျင်းကွမ်း ဝတ်ကျောင်းတော်တွင်ပင် အေးအေးချမ်းချမ်းဖြင့် တရားစာပေများကို လေ့လာရင်း နေထိုင်ခဲ့လေသည်။
ဟွေ့မင်မှာ ဆရာတော်ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့ရသည့် ကိုယ်ရံတော် ဖြစ်သည့်အတွက် ဆရာတော် နန်းတွင်း မင်းဆရာရာထူးကို စွန့်လွှတ်လိုက်သည့် အခါ သူကလည်း စစ်သူကြီးရာထူးကို စွန့်လွှတ်ပြီး ပေါင်ကွမ်းဆရာတော်ထံတွင် တပည့် ခံလိုက်လေသည်။
လွန်ခဲ့သည့် ငါးနှစ်ခန့်ကတော့ ပေါင်ကွမ်းဆရာတော်ကြီးသည် ကျင်းကွမ်းဝတ် ကျောင်းတော် အတွင်းတွင် နေထိုင်ရသည်ကို ငြီးငွေ့ လာခဲ့လေသည်။ ထို့ကြောင့် ခရီးထွက်ရန် ဆုံးဖြတ်ခဲ့လေသည်။
ဆရာတော်သည် တန်ခိုးစွမ်းအားများ ဆုံးရှုံးခဲ့ရပြီ ဖြစ်သည့်အတွက် ခရီးသွားလာရန် မလွယ်ကူလှပေ။ ဟွေ့မင်သည် ဆရာတော်နှင့် အတူလိုက်ပါပြီး ဆရာတော်၏ ဝေယျာဝစ္စများကို ပြုစုပေးနေခဲ့လေသည်။
ဟွေ့မင်က ဖားဟိုင်ဆရာတော်ကို မြင်သည်နှင့် ချက်ချင်းပင် နှုတ်ဆက်လိုက်သည်။
"ဆရာတော်၊ ဘာလို့ ဒီကိုရောက်လာတာလဲ"
ဟွေ့မင်မှာ ခရီးမှပြန်လာသည့် လမ်းတွင် ပေါင်ယွဲ့ဆရာတော်ကြီး ပျံလွန်တော်မူသွားပြီး ဖားဟိုင်ဆရာတော်မှာ ကျောင်းထိုင် ဆရာတော် ဖြစ်လသည်ဆိုသည့်သတင်းကို ရရှိခဲ့လေသည်။
ဖားဟိုင်ဆရာတော်မှာ နတ်မိစ္ဆာ တစ်ပါးဖြစ်သော်လည်း သူ၏ တန်ခိုးစွမ်းအားများမှာ နတ်ဘုရား တစ်ပါးအလား မြင့်မားလွန်းလေသည်။ ထို့ပြင် သူက ပေါင်ယွဲ့ဆရာတော်ကြီး၏ တပည့်လည်း ဖြစ်သ်ည့အတွက် ကျင်းကွမ်း ဝတ်ကျောင်းတော်တွင် သူ့ကို ဆန့်ကျင်ရဲသည့်သူ မရှိပေ။
ဖားဟိုင် ဆရာတော်က နတ်ဘုရား စိတ်အာရုံဖြင့် အာရုံခံကြည့်လိုက်ရာ ပေါင်ကွမ်း ဆရာတော်ကြီးမှာ တောင်ပေါ်တွင် မရှိကြောင်း သိလိုက်ရလေသည်။ တောင်ပေါ်သို့ ဟွေ့မင် ဆရာတော် တစ်ပါးတည်းသာ ပြန်လာခြင်း ဖြစ်လေသည်။
ဖားဟိုင်ဆရာတော်က....
"မင်းရဲ့ဆရာကို မပြုစုဘဲ မင်းက ဘာလို့ တောင်ပေါ်ကို တစ်ယောက်တည်း ပြန်လာရတာလဲ၊ ပြီးတော့ ဒီနေရာမှာ တွင်းတူးပြီး ဘာတွေလုပ်နေတာလဲ"
ဖားဟိုင် ဆရာတော်က မေးလိုက်သည်နှင့် ဟွေ့မင်ဆရာတော်၏ မျက်နှာတွင် ဝမ်းနည်းသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာလေသည်။
"ကျုပ်ရဲ့ဆရာ ပျံလွန်တော် မူသွားခဲ့ပါပြီ၊ သူပျံလွန်တော် မမူခင် ဆရာ့ရဲ့ အရိုးပြာနဲ့အတူ မြှုပ်နှံပေးဖို့ ဒီသေတ္တာလေး ကျုပ်ကိုပေးခဲ့တာ၊ ဆရာက ဒီသေတ္တာလေးကို ဒီနေရာမှာ မြှုပ်နှံထားဖို့နဲ့ ကျင်းကွမ်းဝတ်ကျောင်းတော်မှာပဲ တရားရတဲ့အထိ ကျင့်ကြံရင်း အမြဲတမ်း နေထိုင်သွားဖို့ ကျုပ်ကို မှာကြားခဲ့တယ်"
ဟွေ့မင် ဆရာတော်က သူ၏ လက်ထဲမှ အထုပ်လေးကို ဖွင့်လိုကလေသည်။ အထုပ်ထဲတွင် ပေါင်ကွမ်း ဆရာတော်၏ အရိုးပြာအိုးနှင့် သေတ္တာလေး တစ်လုံးကို တွေ့ရလေသည်။
သေတ္တာမှာ ကျောက်စိမ်း သေတ္တာလေး တစ်လုံးဖြစ်ပြီး ကျောက်စိမ်းသားက ကြည်လင် နေလေသည်။ သို့သော် သေတ္တာထဲတွင် မည်သည့်ပစ္စည်းရှိသည်ကို မြင်တွေ့ရခြင်း မရှိပေ။
ဖားဟိုင်ဆရာတော်၏ နတ်ဘုရားစိတ်အာရုံဖြင့် အာရုံခံကြည့်သည့်တိုင် သေတ္တာလေး အတွင်းမှ ပစ္စည်းကို မည်သို့မျှ အာရုံခံ၍မရပေ။
ဖားဟိုင်ဆရာတော်က...
"ပေါင်ကွမ်း ဆရာတော်က ဘာလို့ အဲဒီပစ္စည်းကို ဒီနေရာမှာ မြှုပ်ခိုင်းရတာလဲ၊ အဲဒါ ဘာပစ္စည်းလဲဆိုတာ ကျုပ်ကို ပြစမ်း"
ဟွေ့မင်က တစ်ချက် တုံ့ဆိုင်းသွားပြီး...
"ဆရာတော်၊ ဆရာက ဒီသေတ္တာကို ဖွင့်မကြည့်ဖို့ သေသေချာချာမှာ လိုက်တယ်၊ ဖွင့်ကြည့်မိတာနဲ့ အကြီးအကျယ် ကံဆိုးမိုးမှောင် ကျလိမ့်မယ်တဲ့"
ဟွေ့မင်၏ စကားကြောင့် ဖားဟိုင်ဆရာတော်က အော်ဟစ် ရယ်မောလိုက်သည်။
"ပေါင်ကွမ်းက မင်းကိုပဲ အရူးလုပ်လို့ရမယ်၊ ကျုပ်ကိုတော့ မရဘူးကွ၊ ကျုပ်ဘုန်းကြီးက လောကမှာ အရာအားလုံးကို သိမြင်တဲ့ ပုဂ္ဂိုလ်ပဲ၊ ကျုပ်ကိုတောင် ကံဆိုးမိုးမှောင် ကျအောင် လုပ်နိုင်မယ်ဆိုရင် အဲဒီပစ္စည်းက ဘာပစ္စည်းလဲ သိပ်သိချင်သွားပြီ"
ဟွေ့မင်ဆရာတော်က ဖားဟိုင် ဆရာတော်ကို ထိုသို့မလုပ်ရန် တားဆီးဖို့ ကြိုးစားလိုက်သည်။ သို့သော် ဟွေ့မင်ဆရာတော်သည် စကားလည်း မပြောနိုင်တော့သလို လှုပ်လည်း မလှုပ်နိုင်တော့ပေ။
ဟွေ့မင်ဆရာတော်မှာ ဒေါသများ ထွက်လာလေသည်။
ဤနတ်မိစ္ဆာကောင်ကို ဆရာဦးလေးသည် အဘယ့်ကြောင့် သာသနာ့ဘောင်သို့ ဝင်ခွင့် ပေးလိုက်သည်ကို သူ နားမလည်နိုင်ပေ။
ဤနတ်မိစ္ဆာကောင်မှာ မာနလည်း ကြီးသလို ဒေါသလည်းကြီးသူ ဖြစ်သည့်အတွက် ဉာဏ်အလင်းရှိသော ဘုန်းတော်ကြီး တစ်ပါးနှင့် တူသောအချက် တစ်ချက်မှ မရှိသောသူ ဖြစ်လေသည်။
ဟွေ့မင်ဆရာတော်မှာ ဒေါသ ထွက်နေသည့်တိုင် ဖားဟိုင်ဆရာတော်ကို မဆန့်ကျင်နိုင်ခဲ့ပေ။
ဖားဟိုင်ဆရာတော်က ကျောက်စိမ်း သေတ္တာလေးကို ယူလိုက်သည်။
ကျောက်စိမ်း သေတ္တာလေးဆီမှ မရေမတွက်နိုင်သော "ဝမ့်" စကြာ သင်္ကေတများ ထွက်ပေါ်လာပြီး ကျောက်စိမ်း သေတ္တာလေးကို ဖားဟိုင်ဆရာတော် မဖွင့်နိုင်ရန် တားဆီး ထားလိုက်လေသည်။
သို့သော် ထိုမျှလောက်သော အရံအတားလေးသည် ဖားဟိုင် ဆရာတော်အတွက်တော့ ရယ်စရာပင် ဖြစ်လေသည်။
ဖားဟိုင်ဆရာတော်က ပါးစပ်ကိုဟကာ "ဝမ့်" စကြာများ အားလုံးကို မျိုချ ပစ်လိုက်လေသည်။
ထို့နောက် သူက ကျောက်စိမ်း သေတ္တာလေးကို ဖွင့်လိုက်လေသည်။ သေတ္တာထဲတွင် ရှေးဟောင်း စာအုပ်လေး တစ်အုပ် ရှိနေလေသည်။
"မိုးကောင်းကင် နတ်မိစ္ဆာကျင့်စဉ်ကျမ်း"
စာအုပ်ထက်တွင် စာအုပ်အမည်ကို ရေးသားထားလေသည်။
ဖားဟိုင်ဆရာတော်မှာ အံ့သြသွားရလေသည်။ ပေါင်ကွမ်း ဆရာတော်ကြီးမှာ ကျင်းကွမ်းဝတ်တော်မှ ကျင့်စဉ်များကို ကျင့်ကြံသူ ဘုန်းတော်ကြီးတစ်ပါး ဖြစ်လေသည်။ ကျင်းကွမ်းဝတ် ကျောင်းတော်မှ ကျင့်စဉ်များမှာ ယွဲ့ကွမ်းဗောဓိသကျမှ ဆင်းသက်လာသည့် ဗုဒ္ဓဘာသာ ကျမ်းစာများ ဖြစ်လေသည်။
သို့သော် မိုးကောင်းကင် နတ်မိစ္ဆာ ကျင့်စဉ်ကျမ်းသည် ပေါင်ကွမ်း ဆရာတော်ကြီးထံသို့ အဘယ်ကြောင့် ရောက်ရှိနေရပါသနည်း။
မိုးကောင်းကင် နတ်မိစ္ဆာကျင့်စဉ်ဆိုသည်မှာ "မိစ္ဆာလမ်းစဉ် အစစ်အမှန်" ဖြစ်လေသည်။
မိုးနှင့်မြေတွင် မတူကွဲပြားသော ကျင့်စဉ် လမ်းပေါင်းများစွာ ရှိသည့်တိုင် တာအိုဝါဒနှင့် ဗုဒ္ဓဘာသာကိုသာ ကျင့်စဉ်လမ်းအမှန်ဟု မှတ်ယူကြလေသည်။
တာအိုဝါဒမှ လောကနတ်ဘုရားများ ထွက်ပေါ်လာကြသလို ဗုဒ္ဓဘာသာမှလည်း ဗောဓိသကျများစွာ ထွက်ပေါ်လာလေ့ရှိလေသည်။ ထို့ကြောင့် လူအများက အခြားကျင့်စဉ် လမ်းများထက် တာအိုဝါဒနှင့် ဗုဒ္ဓဘာသာကို စိတ်ဝင်စားကြလေသည်။
သို့သော် ကျင့်စဉ်လမ်းကို လျှောက်လှမ်းရန်မှာ လွယ်ကူခြင်းမရှိလှပေ။ ထို့ပြင် ကျင့်စဉ်လမ်း အောင်မြင်ရန် အတွက်လည်း ငွေ့ဖြင့် ဝယ်ယူ၍ရနိုင်မည် မဟုတ်ပေ။
ဖားဟိုင်ဆရာတော်က မိစ္ဆာကျင့်စဉ် အစစ်အမှန်ဖြစ်သည့် မိုးကောင်းကင် နတ်မိစ္ဆာ ကျင့်စဉ်ကျမ်းကို လုံး၀ စိတ်ဝင်စားခြင်း မရှိခဲ့ပေ။
"ကျုပ်က ဘာပစ္စည်းများလဲလို့ စိတ်ဝင်စားပြီး ဖွင့်ကြည့်တာ၊ ဒါကြီးက တကယ့် မိစ္ဆာကျင့်စဉ် စာအုပ်ကြီးပဲ"
ဖားဟိုင်ဆရာတော်က မိုးကောင်းကင် နတ်မိစ္ဆာ ကျင့်စဉ်ကျမ်းဖြင့် ဟွေ့မင်ကို တစ်ချက် လှမ်းရိုက်လိုက်ရင်း ပြောလိုက်လေသည်။
ထိုအခါ ဟွေ့မင်ဆရာမှာ ကိုယ်လက်များ လှုပ်ရှား၍ ရလာပြီး စကားလည်း ပြန်ပြော၍ ရသွားလေတော့သည်။
***