အတွေး တစ်ချက်ဖြင့်ပင် အကောင်းလည်း ဖြစ်နိုင်သလို အဆိုးလည်း ဖြစ်နိုင်သည်
Vol. 4 Ch. 348
"ဆရာတော်၊ ကျမ်းစာအုပ် ကျုပ်ကို ပြန်ပေးပါ"
ဟွေ့မင်ဆရာတော်က စကားပြောလို့ ရသွားသည်နှင့် ချက်ချင်းပင် ကျမ်းစာအုပ်ကို ပြန်တောင်း လိုက်လေသည်။
"ဒီ မိုးကောင်းကင် နတ်မိစ္ဆာကျင့်စဉ် ကျမ်းကို ကျုပ်သိမ်းထားမယ်၊ မင်းကတော့ ကျုပ်နဲ့ လိုက်ခဲ့စမ်း"
သူက ဟွေ့မင်ကို ဆွဲခေါ် လာခဲ့လေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့နှစ်ယောက် ကျင်းကွမ်းဝတ် ကျောင်းတော် အနောက်ဘက်သို့ ရောက်လာခဲ့လေသည်။
ဖားဟိုင်ဆရာတော်က ကျမ်းစာအုပ်ကို သူ၏သင်္ကန်းထဲတွင် သိမ်းထားလိုက်လေသည်။ ထို့နောက် ဟွေ့မင် ဆရာတော်ကို ကျောင်းတော် အနောက်ဘက်တွင် ထားပစ်ခဲ့လေသည်။
သူက ဟွေ့မင် ဆရာတော်ကို အရေးစိုက်ခြင်း မရှိပါ။
သူက ကျင်းကွမ်းဝတ် ကျောင်းတော်မှ အခြားသော ဘုန်းတော်ကြီးများကိုလည်း အရေးစိုက်ခြင်း မရှိသလို ကျင်းကွမ်းဝတ် ကျောင်းတော်တွင် သူရယူထားသည့် ကျောင်းထိုင် ဆရာတော် ရာထူးကိုလည်း ဂရုစိုက်ခြင်း မရှိပါ။
လူပြန်ဝင်စားသည့် ပေါင်ယွဲ့ ဆရာတော်ကြီးကိုသာ ပြန်ရှာတွေ့လျှင် ကျင်းကွမ်းဝတ် ကျောင်းတော်အတွက် စိတ်ပူစရာမရှိတော့ဟု သူက တွေးထင်ထားလေသည်။
ည….
ဖားဟိုင် ဆရာတော်သည် သူ၏ အခန်းထဲတွင် တရားထိုင်နေလေသည်။ သူ၏ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်းများ ဖြာထွက်နေလေသည်။ သူက ယွဲ့ကွမ်း ဗောဓိသကျ၏ ကျင့်စဉ်များကို ကျင့်ကြံနေခြင်း ဖြစ်လေသည်။
သို့သော် လူသားများသာ ကျင့်ကြံလေ့ရှိသည့် ယွဲ့ကွမ်းဗောဓိသကျ၏ ကျင့်စဉ်များသည် နတ်မိစ္ဆာ တစ်ပါးဖြစ်သည့် ဖားဟိုင် ဆရာတော်အတွက်တော့ ကျင့်ကြံရသည်မှာ လွယ်ကူခြင်း မရှိလှပေ။ ပေါင်ယွဲ့ ဆရာတော်ကြီးကတော့ ယွဲ့ကွမ်းဗောဓိသကျ၏ ကျင့်စဉ် အသေးစိတ်ကို သူ့ကို သင်ကြား ပြသပေးသွားခဲ့လေသည်။
သို့သော် နတ်မိစ္ဆာ တစ်ပါးဖြစ်သည့် ဖားဟိုင် ဆရာတော်အတွက် စိတ်ဝိညာဉ် ငြိမ်းအေးခြင်း အဆင့်သို့ ရောက်ရှိနိုင်ရန် အလွန်မှ ခဲယဉ်းလေသည်။
ကျင့်စဉ်များ ကျင့်ကြံမရသည့် အဆုံး သူက မိုးကောင်းကင် နတ်မိစ္ဆာ ကျင့်စဉ်ကျမ်းကို ထုတ်ကြည့် လိုက်လေသည်။
ထိုကျမ်းစာအုပ်ကို ပေါင်ကွမ်း ဆရာတော်ကြီး မည်သို့ ရရှိခဲ့သည်ကို သူမသိခဲ့ပါ။
သို့သော် ဤကျမ်းစာသာ ကျင့်ကြံသူ လောကထဲသို့ ပျံ့နှံ့သွားလျှင် ဒုက္ခအကြီးအကျယ် ရောက်မည်ကို ပေါင်ကွမ်း ဆရာတော်ကြီးက သိရှိခဲ့လေသည်။ သို့တိုင်အောင် ပေါင်ကွမ်း ဆရာတော်သည် ထိုကျမ်းစာအုပ်ကို မဖျက်ဆီး ပစ်ခဲ့ရက်ပေ။ သူပျံလွန်တော်မူသည့် တိုင်အောင် ကျမ်းစာကို ဖျက်ဆီးပစ်ရန် အတွက် သူ့စိတ်များမှာ မတင်မကျ ဖြစ်နေခဲ့လေသည်။
ထို့ကြောင့် ထိုကျမ်းစာအုပ်ကို တောင်ပေါ်ရှိ မိုးမြေ စွမ်းအားမြင့်မားသော နေရာတစ်ခုတွင် မြေမြှုပ် ထားလိုက်ရန် ဟွေ့မင်ဆရာတော်ကို ပြောကြားခဲ့ခြင်း ဖြစ်လေသည်။
မိုးကောင်းကင် နတ်မိစ္ဆာကျမ်းစာသည် စိတ်နှလုံးနှင့် ပတ်သက်သည့် နက်နဲမှုများကို ကျင့်ကြံရခြင်း ဖြစ်လေသည်။ ကျင့်ကြံမှု အနည်းငယ် လွဲချော်သွားပါက နတ်မိစ္ဆာ နယ်ပယ် အတွင်းသို့ ကျရောက်ကာ မိမိကိုယ်ကို ဆုံးရှုံး သွားနိုင်လေသည်။ ထိုအခါ အသိဉာဏ်ကင်းမဲ့သည့် နတ်မိစ္ဆာကြီးလုံးလုံး ဖြစ်သွားမည် ဖြစ်လေသည်။
လောဘ၊ ဒေါသ၊ မောဟ များ ကင်းစင်ကာ ကြီးမားသော ဉာဏ်ပညာရှိပြီး ပင်ကိုစိတ်ထား သန့်စင်သည့် လူတစ်ယောက်သာလျှင် မိုးကောင်းကင် နတ်မိစ္ဆာကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်မည် ဖြစ်လေသည်။
ပေါင်ကွမ်းဆရာတော်သည် ကျမ်းစာအုပ်ကို မြေမြှုပ်ထားပြီး ရေစက်ပါသူက ရရှိသွားရန် မျှော်လင့် ထားခဲ့လေသည်။
ကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်မည် မကျင့်ကြံနိုင်မည်ကတော့ ကံတရား အတိုင်းသာ ဖြစ်လေသည်။
တစ်စုံတစ်ဦးက ဤကျမ်းချက်ကို ထပ်မံတွေ့ရှိပါက သူသည် မိမိစိတ်ကို ထိန်းနိုင်စွမ်း ရှိလိမ့်မည်။
ထိုသူအောင်မြင်မည် မအောင်မြင်မည်ကတော့ ကံတရား အတိုင်းသာ ဖြစ်လေသည်။
ဖားဟိုင် ဆရာတော်သည် နှစ်ပေါင်း တစ်ထောင်ကျော် ကျင့်ကြံခဲ့သည့် နတ်မိစ္ဆာဘုရင် တစ်ပါးဖြစ်သည့် အတွက် သူ့ကိုယ်သူ အလွန်အထင်ကြီးသူ ဖြစ်လေသည်။ မိုးကောင်းကင် နတ်မိစ္ဆာ ကျင့်စဉ်ကျမ်းကြောင့် သူ့စိတ်ထဲတွင် မည်သို့မှ ခံစားရခြင်း မရှိပေ။
သူက တန်ခိုးစွမ်းအား ကြီးမားသည့် အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်အတွက် မိုးကောင်းကင် နတ်မိစ္ဆာကျင့်စဉ် ကျမ်းလောက်ကို အထင်ကြီးမိခြင်း မရှိခဲ့ပါ။
သို့သော် ယနေ့ညတွင်တော့ ကျင့်စဉ်ကျင့်ကြံ မရနိုင်သည့် အဆုံး မိုးကောင်းကင် နတ်မိစ္ဆာ ကျင့်စဉ်ကျမ်းကို ဖတ်ကြည့်ရန် ဆုံးဖြတ် လိုက်လေသည်။
သူက ကျမ်းစာကို ဖွင့်ပြီး ဖတ်လိုက်မိသည်နှင့် အလွန်နက်ရှိုင်းသော ကျင့်စဉ်ကို မှတ်တမ်း တင်ထားခြင်း ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်ရလေသည်။ သို့သော် ထိုကျမ်းစာသည် တာအို ကျင့်စဉ်များနှင့် ဗုဒ္ဓဘာသာ ကျင့်စဉ်များကဲ့သို့ အဆင့်မီခြင်း မရှိပေ။
သို့သော် ကျမ်းစာအုပ်၏ အနောက်ဘက်တွင် မိုကောင်းကင် နတ်မိစ္ဆာ၏ တာအိုကျင့်စဉ် အကြောင်း ဖော်ပြထားသည့် စာပိုဒ် တစ်ပိုဒ်ကို တွေ့လိုက်ရလေသည်။
သူက ပေါင်ယွဲ့ဆရာတော်ထံမှ အဆင့်မြင့် တရားဓမ္မများကို သိရှိခွင့်ရခဲ့သလို တာအို ကျင့်စဉ်များ အကြောင်းကိုလည်း တီးမိခေါက်မိသူ တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် မိုးကောင်းကင် နတ်မိစ္ဆာ၏ တာအိုကျင့်စဉ်ကို သူအလွန် စိတ်ဝင်စား သွားခဲ့မိလေသည်။
မိုးကောင်းကင် နတ်မိစ္ဆာ၏ တာအိုကျင့်စဉ်သည် တာအိုဝါဒနှင့် ဗုဒ္ဓဘာသာ နှစ်ခုလုံးနှင့် ခပ်ဆင်ဆင် တူလေသည်။
မိုကောင်းကင် နတ်မိစ္ဆာ၏ တာအိုကျင့်စဉ်သည် မိမိကိုယ်တိုင်၏ အတွေးအခေါ်ကို အာရုံစူးစိုက်ပြီး ကိုယ်ပွားများကို ဖန်ဆင်းရန် ရည်ရွယ်လေသည်။
ဖားဟိုင် ဆရာတော်သည် ထိုကျမ်းစာကို စိတ်ဝင်စားသွားခဲ့ပြီး ဖတ်ရှုရင်းနှင့် အကောင်းနှင့် အဆိုးသည် ခြားနားခြင်းမရှိ အတူတူပင် ဖြစ်သည်ဟု သဘောပေါက် သွားလေသည်။
အကောင်းနှင့် အဆိုးကြားတွင် ခြားနားခြင်းမရှိ။
သူသည် ထိုသို့ တွေးမိခြင်းသည် သူ၏ကျင့်စဉ်လမ်းတွင် မိစ္ဆာအတားအဆီး ဝင်ရောက် လာခြင်း ဖြစ်သည်ကို ဖားဟိုင် ဆရာတော် သိရှိခဲ့ခြင်း မရှိပါ။
ကျမ်းစာအုပ် အဆုံးထိ ဖတ်ပြီးသွားသည်နှင့် ထိုကျမ်းစာအုပ်မှာ လူသားများကို ကိုယ်ပွား အဖြစ် ဖန်တီးခြင်းကို ဖော်ပြထားသည့် ကျမ်းစာဖြစ်မှန်း ချက်ချင်း သိရှိလိုက်လေသည်။
ဖားဟိုင်ဆရတော်သည် မနေနိုင်တော့ဘဲ ထိုကျင့်စဉ်ကို ကျင့်ကြံလိုက်လေတော့သည်။
သေစေခြင်းကျောင်းတော်…
ဆန်းလျန်သည် တရားထိုင်နေရာမှ သူ၏ မျက်ဝန်းများကို ဖွင့်ကြည့်လိုက်လေသည်။
ချန်ပေသို၏ သွေးနီရောင် ဓားရှည်ကို သူ၏ မျက်ဝန်းထဲတွင် မြင်ယောင် နေမိလေသည်။ ဝန်မခံချင်သည့်တိုင် သူသည် ချန်ပေသိုကို မည်သည့်နည်းနှင့်မျှ ယှဉ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သွေးနီရောင်ဓားရှည်ကို မေ့ပျောက် သွားစေရန် အတွက် သူက တရားထိုင်နေခြင်း ဖြစ်လေသည်။
သို့သော် မည်မျှပင် တရားထိုင်ထိုင် ထိုသွေးနီရောင် ဓားရှည်ကို သူ၏ စိတ်အာရုံထဲမှ ဖယ်ထုတ်၍ မရနိုင် ဖြစ်နေရလေသည်။
ဖန်းယန်ယင်းသည် ဆန်းလျန် တရားထိုင်နေသည့် အခန်းအပြင်ဘက်တွင် ရှိနေလေသည်။
သူမ၏ ဆရာ မည်သည့် နေရာသို့ ရောက်ရှိ သွားသည်ကို သူမ စဉ်းစား နေမိလေသည်။ သူမ၏ ရင်ထဲတွင်လည်း မေးခွန်းပေါင်း များစွာဖြင့် ပြည့်နှက်နေလေသည်။ သို့သော် ဆန်းလျန် တရားထိုင်နေသည်ကို သူမက အနှောင့်အယှက် မဖြစ်စေလိုပါ။
ထိုနေ့ညတွင် သေစေခြင်း ကျောင်းတော်သည် ခါတိုင်းညများထက် ပိုပြီး တိတ်ဆိတ် ငြိမ်သက်နေလေသည်။ ငှက်ကလေးများ အော်သံလည်း မကြားရတော့သလို ပိုးကောင်မွှား ကောင်လေးများ၏ အော်သံကိုပင် ကြားရခြင်း မရှိပေ။
သေစေခြင်း ကျောင်းတော် အတွင်းမှ လူသတ်လိုသည့် အငွေ့အသက်များကို ဆန်းလျန်က သန့်စင် ပေးလိုက်သည့်တိုင် သတ္တဝါများ၏ ပင်ကို သိစိတ်က သေစေခြင်း ကျောင်းတော်ကို အန္တရာယ် ရှိသည်ဟု ယူဆကာ ကျောင်းတော် အတွင်းသို့ ဝင်ရောက်လာခြင်း မရှိကြတော့ပေ။
သေစေခြင်း ကျောင်းတော် အတွင်းတွင် ရှိနေသည့် သက်ရှိဟူ၍ ဆန်းလျန်နှင့် ဖန်းယန် ယင်းသာလျှင် ရှိလေသည်။
ထို့ကြောင့်ပင် ဖန်းယန်ယင်းသည် ပိုပြီး ဝမ်းနည်းနေသလို ခံစားနေရလေသည်။
သူမ၏ မျက်လုံးများကို မမှိတ်လိုက်ရဲပေ။ အဘယ်ကြောင့် ဆိုသော် မျက်လုံး မှိတ်လိုက်တိုင်း ဂိုဏ်းတူ အစ်ကိုများကို မြင်ယောင် နေမိသောကြောင့် ဖြစ်လေသည်။
သူမသည် ဂိုဏ်းတူ အစ်ကိုများကို ရင်မဆိုင်ရဲပေ။ အဘယ်ကြောင့်ဆိုသော် သူမ တစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ဂိုဏ်းတူအစ်ကိုများ သေဆုံးသွားရသည်မှာ တရားမျှတမှုမရှိဟု ခံစားနေရသောကြောင့် ဖြစ်လေသည်။
ဆန်းလျန်က မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
ဆန်းလျန်သည် ချန်ကျန့်မေ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို စိတ်ပူနေမိလေသည်။ ထို့ပြင် ချန်ကျန့်မေ၏ တပည့်များ အသတ်ခံလိုက်ရသည့် ကိစ္စမှာလည်း သူ့အတွက် ပဟေဠိ တစ်ခုသဖွယ် ဖြစ်နေရလေသည်။
ချန်ပေသိုကဲ့သို့သော် လူမျိုးပင်လျှင် စက္ကန့်ပိုင်းအတွင်း သေစေခြင်း ကျောင်းတော်အတွင်းမှ သက်ရှိ အားလုံးကို သတ်ဖြတ် ပစ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
ဤသို့ဆိုလျှင် ရန်သူသည် မည်သူဖြစ်ပါသနည်း။
အရှေ့ဆီမှ အရုဏ်ဦး ရောင်ခြည် ထွက်ပေါ်လာပြီ ဖြစ်လေသည်။
နံနက်ခင်း အလင်းရောင်သည် အခန်းအတွင်းသို့ ဝင်ရောက် လာလေသည်။ ဆန်းလျန်သည် ဖြည်းညင်းစွာဖြင့် အခန်းထဲမှ ထွက်လာခဲ့သည်။
ဖန်းယန်ယင်းက ဆန်းလျန်ကို လှမ်းကြည့်လိုက်သည်။
ဆန်းလျန်သည် ချက်ချင်းပင် သူမနံဘေးသို့ ရောက်ရှိလာပြီး နံရံကိုမှီကာ ရပ်နေလေသည်။
သူ၏ ပုံစံက စိတ်အေး သက်သာရှိနေသော မင်းညီမင်းသား တစ်ပါးနှင့် ဆင်တူလေသည်။ နွေးထွေးသော နေရောင်ခြည်သည် ဆန်းလျန် အပေါ်သို့ ဖြာကျနေလေသည်။
ဖန်းယန်ယင်းက ဆန်းလျန်ကို စကားပြောချင်နေမိသည်။
သို့သော် ဆန်းလျန်က သူမကို စကားမပြောရန် အကြည့်တစ်ချက်ဖြင့်ပင် တားဆီး လိုက်သည်။ သူ၏ အကြည့်များက "ဒီနေ့ ရာသီဥတု သာယာတယ်၊ ပျော်ပျော်ရွှင်ရွှင် နေရအောင်" ဟု ပြောနေသကဲ့သို့ ရှိလေသည်။
နံနက်ခင်းနေရောင်ခြည်၏ နွေးထွေးမှုနှင့် ဆန်းလျန်၏ နူးညံ့သိမ်မွေ့သည့် ဟန်ပန်တို့ကြောင့် ဖန်းယန်ယင်း၏ စိတ်ထဲတွင် အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။
သို့သော် သူမ ကြာကြာ စိတ်သာသာမှုမရလိုက်ရပါ။
အနက်ရောင် တိမ်တိုက်တစ်ခုသည် အဝေးဆီမှ ပျံသန်းလာပြီး သေစေခြင်း ကျောင်းတော် တည်ရှိရာ တောင်တစ်ခုလုံးကို ဖုံးလွှမ်း သွားလေတော့သည်။
အနက်ရောင် တိမ်တိုက်ထက်တွင် မရေမတွက် နိုင်အောင် များပြားသည့် နတ်ဆိုး စစ်သည်တော်များကို တွေ့မြင် လိုက်ရလေသည်။ မည်မျှ များပြားပါသနည်း ဆိုလျှင် နတ်ဆိုးစစ်သည်များ၏ အဆုံးသတ်ကိုပင် မြင်တွေ့နိုင်စွမ်းမရှိပေ။
တောင်တစ်ခွင်မှ ကြေးငှက်များသည် ထိတ်လန့်စွာဖြင့် တဝုန်းဝုန်း ထပျံ ကုန်ကြ လေတော့သည်။
***