ဝမ်းနည်းဖွယ် သတင်း
Vol. 12 Ch. 111
ပြင်းထန်သည့် တိုက်ပွဲမှာ အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ မြေပြင်၌ အလောင်းကောင်များ ပြည့်နေပြီးဖြစ်၏ ။
ပုံသွင်းကောင်းကင် ရဲတိုက်မှ တပည့်များက ချွေးများ ရွှဲစိုနေကြပြီး ချီစွမ်းအင်လည်း ကုန်ဆုံးနေပြီ ဖြစ်သည်။ နတ်အသွင်ပြောင်း အဆင့်ဖြစ်သည့် အကြီးအကဲလျိုပင် ပင်ပန်းမှုအား ခံစားမိနေသည်။ အနက်ရောင် မကောင်းဆိုးဝါးများမှာ အဆင့်နိမ့် ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ စွမ်းအားသာ ရှိကြသည်။ သို့သော်လည်း မည်သို့ဖြစ်စေကာမူ ရွှေအမြုတေအဆင့် တိုက်ခိုက်စွမ်းအားပင် မဟုတ်လော။
ထိုမကောင်းဆိုးဝါးများ၏ ကိုယ်မှ အနက်ရောင် အကာအကွယ်များက ချီတိုက်ကွက်အား ခံနိုင်ရည် ရှိသေးသည်။ မကောင်းဆိုးဝါး ရာချီအား ရှင်းပစ်ပြီးချိန်၌ သတ်ဖြတ်ခြင်းအား ကျွမ်းကျင်သူ မဟုတ်ကြသည့် ပုံသွင်းကောင်းရန် ရဲတိုက်မီ တပည့်များမှာ အင်အားကုန်သွားသည်။
မြိုအတွင်းသို့ ဆက်လက်ဝင်ရောက်ရန် ဖြစ်နိုင်ချေ မရှိတော့ပုံရနေသည်။
အကြီးအကဲလျိုကလည်း တပည့်များ၏ အခြေအနေကို သတိထားမိသည်။ သို့သော်လည်း ဘေးပတ်လည်မှ မကောင်းဆိုးဝါးများ ထွက်လာနေသည်ကိုလည်း မြင်နေရ၏ ။
ထိုသို့သော အကြောင်းပြချက်များကြောင့် နောက်ဆုတ်ရန် စိတ်ပိုင်းဖြတ်ကာ လက်အတွင်းမှ မီးအိမ်အား ကိုင်မြောက်လိုက်သည်။ ရှေးဟောင်းမြို့၏ ဂိတ်တံခါး၌ မီးပင်လယ် ပေါ်လာကာ မကောင်းဆိုးဝါးများအား တားဆီးထားသည်။
"နောက်ဆုတ်ကြတော့…"
အကြီးအကဲလျိုက တပည့်များအား ညွန်ကြားလိုက်၏ ။
တပည့်များက လက်ကျန်စွမ်းအား အသုံးပြု၍ ဓားပျံများ ဆင့်ခေါ်လိုက်ကြ၏ ။ အပြင်တွင် ကျန်နေသည့် ရွှေအမြုတေအဆင့် တပည့်များက တွန့်ဆုတ်မနေဘဲ တန်ဖိုးကြီးလှသည့် ရုပ်သေးများအား မီးပင်လယ်ဆီသို့ ချီတက်စေသည်။ မီးပင်လယ်အား ထိုးဖောက်လာသည့် မကောင်းဆိုးဝါး တချို့မှာ ရုပ်သေးများကြောင့် နောက်ဆုတ်သွားကြ၏ ။ ထို့နောက် တောင်တန်း တခုလုံး လှုပ်ရမ်းကာ ပေါက်ကွဲသံများအား ဆက်တိုက်ကြားနေရသည်။
မီးခိုးများ ထွက်လာသည်ကို မြင်နေရသော်လည်း ရှေးဟောင်းမြို့ကြီးမှာ ဘေးမသီ ရန်မခဘဲ ရှိနေသေးသည်။
အကြီးအကဲလျိုက အခွင့်အရေး အမိအရယူကာ တပည့်များအား ခေါ်ယူ၍ ကောင်းကင်သို့ ပျံတက်သည်။
"ဒေါင်…"
သို့သော်လည်း ထိုအချိန်၌ ရှေးဟောင်းမြို့မှ ခေါင်းလောင်းသံ ထွက်ပေါ်လာကာ စိတ်ဝိညာဉ် တိုက်ခိုက်မှု ပြုပြန်သည်။ တပည့်များက ခုခံရန် ပြင်ဆင်ကြသည့်အတွက် ထွက်ပြေးရာ၌ အချိန်အနည်းငယ် ကျန့်ကြာသွားသည်။
ခေါင်းလောင်းသံကြောင့် တပည့်များက မူးဝေသွားကြသည်။ ထိုခဏ၌ ဒုတိယမြောက် ခေါင်းလောင်းသံအား ကြားရပြန်သည်။ ထို့နောက်တွင် ခေါင်းလောင်းသံများ ဆက်တိုက်ပေါ်လာ၏ ။ တပည့်များ၏ စိတ်ဝိညာဉ် ထိခိုက်ကာ ခြေလှမ်းများပင် တုံ့ဆိုင်းသွားတော့သည်။
အကြီးအကဲလျိုက အံကြိတ်၍ မီးအိမ်က ကိုင်မြောက်သည်။ သို့သော်လည်း မီးအိမ်၏ ကိုယ်ထည်၌ အက်ကြောင်းများ ပေါ်လာကာ ပေါက်ကွဲထွက်သွားတော့သည်။
မီးအိမ်အတွင်းမှ မီးတောက်မှာ ကောင်းကင်မီးကြာပန်းမှ ယူထားသည့် အရာဖြစ်၏ ။ သို့ဖြစ်ရာ လွင့်စင်လာသည့် မီးပွားများကြောင့် တပည့်များအနေဖြင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုမှ ခဏတာ ကင်းလွတ်သွားသည်။ သို့သော်လည်း မှော်လက်နက် ပျက်စီးသွားသည့် အကြီးအကဲလျိုမှာ သွေးအန်လိုက်ရသည်။
"အကြီးအကဲ…"
ပုံသွင်းကောင်းကင် ရဲတိုက်မှ တပည့်များက စိုးရိမ်တကြီး ရေရွတ်မိကြသည်။
"အဆင်ပြေတယ်…"
အကြီးအကဲလျိုက နှုတ်ခမ်းထောင့်စွန်းမှ သွေးသုတ်လိုက်ကာ…
"မြန်မြန်ပြေးကြတော့ ဒီပြဿနာက ငါတို့ ပုံသွင်းကောင်းကင်ရဲတိုက် တခုတည်း ကိုင်တွယ်နိုင်မယ့်အရာ မဟုတ်နေဘူး… ငါတို့ အမှန်တရား မဟာမိတ် အဖွဲ့အစည်းကို သတင်းပေးမှ ဖြစ်မယ်…"
အကြီးအကဲ၏ ညွန်ကြားမှုအရ တပည့်များက စုဝေးလိုက်ကြသည်။ ထို့နောက် မီးကြာပွင့်၏ အကာအကွယ်၌ စတင်ပျံသန်းသည်။
သို့သော်လည်း ထိုခဏ၌ ရှေးဟောင်းမြို့ အထက်မှ မီးခိုးများ ပျောက်ကွယ်သွားပြန်သည်။ အမှောင်ထုက လှုပ်ရှားသွားကာ အနက်ရောင် ဓားအလင်းများစွာ ထွက်လာသည်။
ဓားအလင်းများက လျင်မြန်စွာ ပျံသန်း၍ ကောင်းကင်ထက်၌ ကွန်ယက်တခု ဖန်တီးကာ ကြာပွင့်အား ချုပ်နှောင်ထားသည်။
"ဒါ… ဓားကွန်ယက်လား…"
တပည့်များက အခြေအနေမကောင်းသည်ကို ရိပ်မိသွားကြသည်။ ခန္ဓာကိုယ်၌ ထူးဆန်းသည့် မျဉ်းများ ရှိနေသော အနက်ရောင် မကောင်းဆိုးဝါး ဒါဇင်ကျော်ခန့်က ဓားပျံများ စီးနင်းကာ ဝိုင်းထားကြသေးသည်။
ထိုအရေအတွက်မှာ ပျောက်ဆုံးနေသည့် အခြေတည်အဆင့် ကျင့်ကြံသူ အရေအတွက်ဖြင့် ထပ်တူညီနေသည်။ ထိုသူများထံမှ ထွက်ပေါ်နေသည့် စွမ်းအင်မှာ စိတ်ဝိညာဉ်အဆင့် ဖြစ်၏ ။ ဓားပျံထက်မှ မကောင်းဆိုးဝါးများက မီးကြားပန်းအား စတင်တိုက်ခိုက်ကြသည်။
တပည့်များက အလျင်အမြန် ပြန်လည် ခုခံတိုက်ခိုက်ကြ၏ ။ သို့သော်လည်း တဖက်မှာ အားအင်အပြည့်ဖြစ်ပြီး ကျန်တဖက်မှာ အားအင်ကုန်ခမ်းနေပြီ မဟုတ်လော။ ထို့ကြောင့် ပုံသွင်းကောင်းကင်ရဲတိုက်၏ တပည့်များက အခြေအနေမကောင်းဘဲ ဖြစ်သွားသည်။ ဓားအလင်းများက မီးကြာပန်းအား ထိုးဖောက် ဝင်ရောက်ကာ တပည့်များအား ပေါက်ကွဲထွက်စေသည်။