တာအို အရည်အချင်းစစ် ပြိုင်ပွဲ
Vol. 4 Ch. 353
စိုကျင့်မှလွဲပြီး ကျန်သည့် တပည့်များက ကျောက်စစ်မင်ကို ကြောက်ရွံ့ကြလေသည်။
ကျားယိလီ ဘာမှ မပြောခင်မှာပင် စိုကျင့်က ဝင်ပြောလိုက်သည်။
"မင်းက ဘာကို မိုက်မဲတယ်လို့ ပြောချင်တာလဲ"
"သာမန် လူသားတွေကတော့ တန်ခိုးစွမ်းအား ရှိတဲ့လူတွေကို ကြောက်ကြမှာပေါ့၊ ဒါပေမဲ့ တရားမျှတစွာ ဆက်ဆံခံရတာကိုတော့ နားမလည်သလို တန်ဖိုးလည်း ထားကြမှာ မဟုတ်ပါဘူး၊ ကျုပ်တို့ ချင်းရွှမ်နတ်တံခါးဆိုတာ အဓိကနတ်ဘုရား ကျောင်းတော်ကြီး လေးခုမှာ တစ်ခုအပါအဝင်ပဲ၊ ဘာလို့ သာမန်လူတွေအပေါ်မှာ မှီခို အားထားနေစရာ လိုသလဲ၊ မင်းတို့အားလုံး ကျားယိလီကို မြှောက်ပင့် နေကြတာ၊ မင်းတို့က သူ့ဆီက အကျိုးအမြတ်တွေ လိုချင်လို့ မဟုတ်လား၊ သူများဆီက အလကား အကျိုးအမြတ်တွေ လိုချင်တယ်ဆိုတာ မစိုက်ပျိုးဘဲ ရိတ်သိမ်းချင်တဲ့ သူမျိုးတွေပဲ"
ကျောက်စစ်မင်ထံမှ ထွက်ပေါ်နေသည့် လူသတ်လိုသည့် အငွေ့အသက်များမှာ ပြင်းထန် လွန်းလေသည်။ မြောက်မြားလှစွာသော သတ္တဝါပေါင်းများစွာကို သတ်ဖြတ်ထားသည့် အတွက် ထွက်ပေါ်နေသည့် သွေးရနံ့ကဲ့သို့ ဖြစ်လေသည်။
ကျားယိလီက ကျောက်စစ်မင်နှင့် ပြဿနာ မဖြစ်ချင်မိပေ။ သူက ကျောက်စစ်မင်၏ ထူးခြားသည့် စိတ်ထားကို သိထားသူ ဖြစ်လေသည်။ ထို့ပြင် ချင်းရွှမ်နတ်တံခါးတွင် တပည့်အချင်းချင်း ရန်ဖြစ် တိုက်ခိုက်ကြခြင်းမပြုရန် တင်းကျပ်စွာ တားဆီး ထားလေသည်။ ထို့ကြောင် ကျောက်စစ်မင်လို လူမျိုးနှင့် ခပ်ကင်းကင်းနေနိုင်လေ ကောင်းလေ ဖြစ်လေသည်။
"ဂိုဏ်းတူညီလေး ကျောက်စစ်မင်၊ ယွိယန်တောင်ဆိုတာ စန့်ယွမ့်အဆောင်က တပည့်တွေနေတဲ့ နေရာလေ၊ မင်းက ချင်းလျန်တောင်ကနေ ဘာလို့ ဒီထိလာပြီး ပြဿနာ ရှာရတာလဲ"
ကျားယိလီက ပြောလိုက်သည်။
ယွိယန်တောင်မှ စန့်ယွမ့် အဆောင်တည်ရှိရာ တောင်ဖြစ်ပြီး တပည့်များစွာ ရှိကြလေသည်။
ချင်းလျန်တောင်မှာတော့ ရှယွမ့် အဆောင်တည်ရှိပြီး ရှယွမ့် အဆောင်တပည့်များ နေထိုင် ကြလေသည်။ ရှယွမ့်အဆောင်တွင် တပည့်များ နည်းပါးသည့်တိုင် အရည်အချင်း ရှိသူများ ထွက်ပေါ်လေ့ ရှိလေသည်။
မည်သို့ပင်ဆိုစေကာမူ စန့်ယွမ့်အဆောင်နှင့် ရှယွမ့်အဆောင်မှာ သဘောထား ကိုက်ညီခြင်း မရှိကြပေ။
ကျောက်စစ်မင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း....
"ကျုပ်ကရော လာချင်လို့လာတယ်များ ထင်နေသလား၊ ကျုပ်က ဂိုဏ်းချုပ်ရဲ့ အမိန့်နဲ့ မင်းတို့ကို စကားတစ်ခုပြောဖို့ လာတာ"
စိုကျင့်က...
"ဘာကိစ္စများရှိလို့လဲ"
သူက ဂိုဏ်းချုပ်၏ အမိန့်ဆိုသည့် စကားကို ကြားလိုက်ရသည့် အတွက် စကားမလွန်စေရန် ထိန်းပြီး ပြောလိုက်လေသည်။
ချင်းရွှမ် နတ်တံခါးတွင် ဂိုဏ်းချုပ်ကို မရိုမသေလုပ်ရဲသူ တစ်ယောက်မှ မရှိပေ။
"ဂိုဏ်းချုပ် ပြောလိုက်တာက နောက်ခြောက်လကြာရင် မင်းတို့အားလုံးကို ဆယ့်နှစ်နှစ်မှ တစ်ကြိမ် ပြုလုပ်တဲ့ တာအို အရည်အချင်းစစ်ပြိုင်ပွဲ ပြုလုပ်မယ်တဲ့၊ ကျင့်စဉ်လမ်း သက်တမ်း ခြောက်ဆယ်အောက် ရှိတဲ့ ဘယ်တပည့်မဆို တာအိုကျင့်စဉ် အကဲဖြတ် စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်း ရမယ်တဲ့၊ ပထမအဆင့်မှာ တပည့်နှစ်ယောက်က တန်ခိုးစွမ်းအား ယှဉ်ပြိုင်မှုကို ပြုလုပ်ရမယ်၊ ပထမအဆင့်မှာ အနိုင်ရရင် ဒုတိယအဆင့်ကို တက်ရောက်ရမယ်၊
နောက်ဆုံးအဆင့်မှာ အနိုင်ရတဲ့သူ ရှစ်ဦးကို ရွေးချယ်ပြီး မိုးကောင်းကင် ဆေးအိုးကရတဲ့ ရတနာ ပစ္စည်းရှစ်မျိုးကို ဆုချမယ်တဲ့၊ ပြီးတော့ ဂိုဏ်းချုပ်နဲ့အတူ လင်ထိုင်တာအို ပြိုင်ပွဲကို လိုက်ပါ ခွင့်ပြုမယ်တဲ့"
တပည့်များအားလုံးမှာ ကျောက်စစ်မင် ပြောသည့် ဂိုဏ်းချုပ်၏ အမိန့်ကို စိတ်ဝင်တစား နားထောင် နေကြလေသည်။
ချင်းရွှမ်နတ်တံခါးတွင် တာအို အကဲဖြတ်စစ်ဆေးပွဲကို ဆယ့်နှစ်နှစ်တစ်ခါ ကျင်းပလေ့ ရှိလေသည်။
အခြားသော နတ်ဘုရား ဂိုဏ်းများကလည်း ဂိုဏ်းအတွင်း တာအိုပြိုင်ပွဲများကို ကျင်းပလေ့ ရှိကြသော်လည်း ချင်းရွှမ်နတ်တံခါး၏ တာအိုအရည်အချင်း စစ်ပြိုင်ပွဲကတော့ သမားရိုးကျ မဟုတ်ခဲ့ပေ။
ချင်းရွှမ်နတ်တံခါး၏ သက်တမ်း တစ်လျှောက်လုံးတွင် တာအို အရည်အချင်း စစ်ပြိုင်ပွဲကို ပုံစံမျိုးစုံဖြင့် ကျင်းပ ပြုလုပ်ခဲ့လေသည်။ သို့သော် ယခုကဲ့သို့ အချင်းချင်း ပညာပြိုင်ရသည့် ပြိုင်ပွဲမျိုး မဟုတ်ခဲ့ဘဲ တာအို သဘောသဘာဝကို စစ်ဆေးသည့် ပွဲမျိုးကိုသာ ကျင်းပခဲ့ကြလေသည်။ ထို့ကြောင့် ယခုတစ်ကြိမ် တာအို အရည်အချင်း စစ်ပြိုင်ပွဲကို အားလုံးက စိတ်လှုပ်ရှား နေကြလေသည်။
ထို့ပြင် ထိပ်တန်းအဆင့် တပည့်ရှစ်ဦးကို ချီးမြှင့်မည့် ဆုများနှင့် အခွင့်အရေး များမှာလည်း စိတ်ဝင်စားဖွယ်ရာ ဖြစ်လေသည်။
"ပထမရတဲ့သူကရော ဘယ်လို အပိုဆုတွေ ထပ်ရဦးမှာလဲ"
ယခုတစ်ခါဝင်မေးလိုက်သူက စိုကျင့်၏အစ်ကို စိုရွှမ် ဖြစ်လေသည်။
စိုကျင့်နှင့် စိုရွှမ်သည် အမြဲတမ်း တတွဲတွဲ နေလေ့ရှိလေသည်။ သို့သော် သူတို့နှစ်ယောက်၏ စရိုက်က လုံးဝတူညီမှု မရှိပေ။ စိုရွှမ်က အမြဲတမ်း အေးစက်သည့် မျက်နှာထားရှိပြီး စကားလည်း နည်းသူ ဖြစ်လေသည်။
သို့သော်... ပထမဆု၏ ထူးခြားချက်ကို သိချင်သောကြောင့်သာ သူက မေးလိုက်ခြင်း ဖြစ်လေသည်။
ကျောက်စစ်မင်က...
"ထိပ်တန်း အောင်မြင်သူ အတွက်တော့ ကျွန်တော်အခု ပြောခဲ့တဲ့ အရာတွေ အပြင် လျှို့ဝှက်ဆန်းကြယ်တဲ့ ဆုလည်း ရှိပါတယ်"
"ဘာဆုလဲ၊ အမြန်ပြောစမ်းပါဟ..."
တပည့်များက ဝိုင်းဝန်း အော်ဟစ်ကြလေသည်။
ကျောက်စစ်မင်က အေးစက်စွာ ပြုံးလိုက်ရင်း....
"ဘာဆုလဲဆိုတာကိုတော့ ဂိုဏ်းချုပ်က ကျုပ်ကို ပြောမပြခဲ့ဘူး၊ ဒါပေမဲ့ သိတော့ရော မင်းတို့က ဘာလုပ်မလို့လဲ၊ မင်းတို့အထဲမှာ ကျုပ်ကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး"
ကျောက်စစ်မင်သည် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ဖြင့် ရဲရင့်စွာပြောလိုက်လေသည်။
ကျောက်စစ်မင်မှာ မာနကြီးရုံသာမက ဓားသိုင်းပညာတွင်လည်း တစ်ဖကမ်းခတ် ကျွမ်းကျင် လွန်းလေသည်။ သူ၏ပုံစံမှာ ဓားတန်ခိုးရှင် ချန်ကျန့်မေနှင့်ပင် ဆင်တူလေသည်။
ထို့ကြောင့် တပည့်များမှာ ကျောက်စစ်မင်၏ မောက်မာ လွန်းသည့် စကားကို ပြန်လည် ချေပနိုင်ခြင်း မရှိဘဲ ငေးကြည့်နေခဲ့ကြလေသည်။
ချိုးရှီတစ်ယောက်ကတော့ ကျောက်စစ်မင် ပြောသည့် စကားများကို အလေးအနက် စဉ်းစား နေလေသည်။ သို့သော် သူကလည်း အခြားသူများကဲ့သို့ ကျောက်စစ်မင်ကို ငေးကြည့် နေလေသည်။ သို့သော်... ကျောက်စစ်မင်ကတော့ ချိုးရှီ၏ အကြည့်များကို မရိပ်မိခဲ့ပေ။
သူက ချိုးရှီသည် ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ရှစ်ဆင့်ဖြင့် တက်ရောက်ထားသည့် ဟိုင်သန်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်ကိုပင် သိရှိခြင်းမရှိပေ။
စိုကျင့်က ကျောက်စစ်မင်၏ စကားကို ပြန်လည် ချေပရန် ပြင်ဆင်လိုက်သော်လည်း စိုရွှမ်က သူ့ကို တားဆီး လိုက်လေ၏။
ကျောက်စစ်မင်မှာ ဝိညာဉ် စွမ်းအား ပစ္စည်းများရှာဖွေသည့် ခရီးစဉ်မှ ပြန်လာပြီးသည့် နောက်ပိုင်း ပို၍ပင် ထောင်လွှား မောက်မာလာလေသည်။
ထို့ကြောင့် ကျောက်စစ်မင် ပြောသမျှ ဘာမှ ပြန်မပြောကြတော့ဘဲ တာအိုအကဲဖြတ် စစ်ဆေးပွဲကျမှသာ ပညာပြ တော့မည်ဟုတွေးကာ အံကြိတ် သည်းခံ နေကြလေသည်။
သို့သော်... ကျားယိလီကတော့ မနေနိုင်ဘဲ ဝင်ပြောလိုက်လေသည်။
"ဂိုဏ်းတူညီလေး ကျောက်စစ်မင်၊ ကျုပ်တို့အားလုံးက တစ်ဂိုဏ်းထဲသားတွေပဲ၊ မင်းဆိုရင် ချင်းရွှမ်ကို ရောက်တာ အနှစ်သုံးဆယ်တောင် မရှိသေးဘူး၊ ဒီက လူတွေအားလုံးက မင်းထက် အကြီးတွေချည်းပဲ၊ ဒီလောက်အထိ မောက်မာဖို့ လိုလို့လား၊ ပြီးတော့ ချင်းရွှမ်နတ်တံခါးမှာ အရည်အချင်းရှိတဲ့ သူတွေ တစ်ပုံကြီးပဲ၊ အဲဒီလူတွေ အကုန်လုံးကို အနိုင်ရမယ်လို့ မင်းက ထင်နေတာလား"
ကျားယိလီမှာ သဘောကောင်းသူ တစ်ယောက် ဖြစ်သော်လည်း ကျောက်စစ်မင်က အခြားသူများကို အရေးမစိုက် လွန်းခြင်း အတွက် သည်းမခံနိုင်ကာ ပြောလိုက်ခြင်း ဖြစ်လေသည်။
သူ့စကား ဆုံးသွားသည်နှင့် သူ၏ လက်ချောင်းထိပ်ဖျားမှ အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ် လာလေသည်။ ထိုအလင်းတန်းသည် လေထဲတွင် လွင့်မျောသွားပြီး ဆယ်ပေခန့်ရှည်သည့် လျှပ်စီးမြွေကြီး တစ်ကောင် ဖြစ်ပေါ်လာလေသည်။ ထိုမြွေကြီး၏ ခန္ဓာကိုယ်ဖြင့် အနီးရှိ ကျောက်တုံးကြီးကို ထိခိုက်မိလေရာ ကျောက်တုံးကြီးမှာ ချက်ချင်းပင် အမှုံ့ဖြစ်သွားလေသည်။
ယွိယန်တောင်ထိပ်မှ ကျောက်တုံးများမှာ သဘာဝအတိုင်း မိုးမြေစွမ်းအားများနှင့် ပြည့်ဝနေပြီး သံမဏိအလား မာကျော လွန်းလှလေသည်။
သို့သော် ကျားယိလီ၏ မိုးကြိုးလက်ဝါးသိုင်းနှင့် တွေ့သွားသည့် အခါတွင်တော့ အမှုန့်ဖြစ်သွားရလေသည်။
ကျောက်စစ်မင်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲ သွားလေသည်။ ထို့နောက် သူက အေးစက်စွာဖြင့် တစ်ချက် ပြုံးလိုက်သည်။
တပည့်များ၏ မျက်လုံးများ ရုတ်တရက် ဝေဝါး သွားကြပြီး သူတို့၏ နားထဲတွင် မိုးကြိုးသံများ ကြားလိုက် ကြရလေသည်။
ထို့နောက် ကျားယိလီ၏ ဆံပင်များနှင့် နားရွက်တစ်ဖက်မှာ မြေပေါ်သို့ ပြတ်ကျသွားသည်ကို မြင်လိုက်ကြရလေသည်။
မိုးကြိုးဓားဝိညာဉ်ကို ကျောက်စစ်မင် အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။
ကျားယိလီ၏ မျက်နှာတစ်ခုလုံးမှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားပြီး သူ၏လက်များမှာ အနည်းငယ် တုန်ခါနေလေသည်။
လူ့လောကသို့ သုံးနှစ်မျှ ခရီးထွက်ခဲ့ပြီး နောက်ပိုင်း ကျောက်စစ်မင်၏ ဓားသိုင်းပညာမှာ အလွန်တရာမှပင် ကြောက်စရာ ကောင်းနေခဲ့ပြီ ဖြစ်လေသည်။ ချင်းရွှမ်မှ ဂိုဏ်းတူ အစ်ကိုများသည် သူ့ကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်တော့ပေ။
ကျောက်စစ်မင် ထိုမျှမောက်မာပြီး မာနကြီးနေသည်မှာ အံ့သြစရာ မဟုတ်တော့ပါ။
ကျောက်စစ်မင်၏ ဓားဝိညာဉ်မှာ အလွန်လျင်မြန် လေသည်။ ကျားယိလီ၏ မိုးကြိုး လက်ဝါးသိုင်းမှာ တန်ခိုးစွမ်းအား ကြီးမားလွန်းသည့်တိုင် ထိုဓားဝိညာဉ်ကို မတားဆီးနိုင်ခဲ့ပေ။
ကျောက်စစ်မင်က ဓားကို ဆွဲထုတ်လိုက်ပြီးသည်နှင့် နောက်သို့ ဆုတ်သွားခြင်းမရှိပါ။ ဓားခြိမ်းသံ တစ်ခုထွက်ပေါ်လာပြီး အဖြူရောင် အခိုးအငွေ့များ အဖြစ် ပြောင်းလဲ သွားလေသည်။ ထို့နောက် တိမ်များကြားဆီသို့ တိုးဝင် ပျောက်ကွယ် သွားလေတော့သည်။
တပည့်များအားလုံးမှာ ထိတ်လန့်တုန်လှုပ်လျှက် ကျန်ရစ် ခဲ့ကြလေသည်။
တပည့်တစ်ယောက်က ပြောလိုက်သည်။
"ဆရာသခင် ကယ်ယွမ်းရဲ့တပည့် ကျောက်ဝူကျိဟာလည်း တကယ့် ပါရမီရှင် တစ်ယောက်ပါပဲ၊ သူနဲ့ ကျောက်စစ်မင် ယှဉ်မယ်ဆိုရင်တောင် ဘယ်သူနိုင်မလဲဆိုတာ မသေချာဘူး"
ထိုစကားကို ပြောလိုက်သူမှာ ကျောက်ဝူကျိကို တစ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးသော တပည့်တစ်ယောက် ဖြစ်လေသည်။
သူတို့သည် ကျောက်စစ်မင် အကြောင်းကို တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီးနောက် တာအိုအကဲဖြတ် စစ်ဆေးပွဲ အကြောင်းကို ဆက်လက် ပြောဆိုကြပြန်လေသည်။
ပထမဆုမရသည့်တိုင် ထိပ်တန်းရှစ်ယောက် နေရာတွင် ပါဝင်လိုကြလေသည်။ အဘယ်ကြောင့်ဆိုသော် ရတနာပစ္စည်းများကို ရယူချင်သောကြောင့် ဖြစ်လေသည်။ ထို့ပြင် ဂိုဏ်းချုပ်နှင့် အတူ လင်ထိုင်တာအိုပြိုင်ပွဲသို့လည်း တက်ရောက်ခွင့်ရမည် ဖြစ်လေသည်။
လင်ထိုင်တာအိုပြိုင်ပွဲတွင် အဆင့်မြင့် ကျင့်ကြံသူပေါင်း များစွာနှင့် လောက နတ်ဘုရားများကို ဆုံတွေ့ရမည် ဖြစ်လေသည်။ တစ်ဂိုဏ်းတည်းမှ မဟုတ်ဘဲ ဂိုဏ်းပေါင်းစုံမှ ရောက်ရှိလာကြမည် ဖြစ်လေသည်။ အလွန်မှ စွဲဆောင်မှုရှိသည့် ပြိုင်ပွဲပင် ဖြစ်လေသည်။
သူတို့သည် ဟိုင်သန်း အဆင့်ကျင့်ကြံသူများ မဟုတ်သေးသည့် အတွက် လင်ထိုင် တာအိုပြိုင်ပွဲတွင် ပါဝင် ဆွေးနွေးခွင့်တော့ ရရှိမည် မဟုတ်ပေ။
သို့သော်ဂိုဏ်းချုပ်နှင့် အတူလိုက်ရန်နှင့် ထိုကဲ့သို့သော ခမ်းနားသော မြင်ကွင်းတစ်ခုကို ထိုးထွင်း သိမြင်နိုင်စွမ်း ရှိရန်လည်း တကယ်ကို ကြီးမြတ်ဖြစ်ခဲ့သည်။
ချိုးရှီ၏ မျက်နှာမှာ တည်ကြည် လေးနက်နေလေသည်။ ကျောက်စစ်မင်သည် မိုးကြိုးဓား ဝိညာဉ်ကို ကျင့်ကြံထားလိမ့်မည်ဟု သူလုံးဝ မျှော်လင့် မထားခဲ့မိပေ။
ထို့ပြင် သူစိုးရိမ်သည့် အချက်မှာ သူသာ ဟိုင်သန်း အဆင့် တက်ရောက်သွားခြင်းကို ဂိုဏ်းချုပ် သိရှိသွားပါက ဂိုဏ်းချုပ်က သူ့ကို တာအို အရည်အချင်း စစ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခိုင်းတော့မည် မဟုတ်ပေ။ သို့သော်... သူက ပထမဆုရရှိမည့် ဆုများကို စိတ်ဝင်စားလျက် ရှိလေသည်။
***